မာနနဲ့ အပြိုင်


"လှဝင်းရေ ဟဲ့ လှဝင်း"

မနက်မိုးလင်းလင်းချင်း သူများတွေအတွက် ဘယ်လိုသာယာနာပျော်ဖွယ် စကားသံတွေ တရားသံတွေနဲ့ နိုးထတယ် မသိပေမယ့် မလှဝင်းအတွက်ကတော့ လင်ယောက်ျားရဲ့ ခေါ်သံဆူသံများနှင့် များသောအားဖြင့် နိုးထရတက်ပါတယ်။

အခုလည်း အိပ်ချင်မူးတူးအသံနှင့် ဘာခိုင်းဖို့ ခေါ်နေသည်မသိ။ အရင်လည်း ဒီယောက်ျားအတွက် ဝေယျာဝစ္စလုပ်ပေးခဲ့ရတာပဲ ဒါပေမယ့် အခုဝေယျာဝစ္စလုပ်ပေးရတာနဲ့ကျတော့ ခံစားချက်ချင်းတော့ မတူတာ သေချာနေပါပြီ။ အရင်ကတော့ အိမ်ဦးနတ်ကြီးပေါ့။ သူ့ခမျာ နေ့နေ့ညည ကိုယ့်အတွက် ပင်ပင်ပန်းပန်းလုပ်ကျွေးနေရရှာတာ ဆိုပြီး မူးမူးနဲ့ ဆဲလည်းဆိုလည်း အပြုံးမပျက်ခဲ့ပါဘူး။ ကိုယ်ကလည်း ပင်ပင်ပန်းပန်း မလုပ်ရတော့ မငြူစူမိဘူးပေါ့။ အခုတော့ သူလည်း အလုပ်မလုပ်နိုင်တာ ကြာပြီ။ ကိုယ်ကပဲ နေပူစပ်ခါး ပန်းရံလိုက်လုပ်နေရတော့ပြန်လာရင် မောလှပြီ။ နားချင်လှပြီ။ အရင်လို ဖွယ်ဖွယ်ရာရာ မလုပ်ကျွေးနိုင်တော့ပြီ။ငြူစူမိပြီ။ လုပ်ပေးနေရတာကို စိတ်ပျက်လှပြီ။ သူ့ကိုယ် စိတ်ကုန်လို့ရယ်မဟုတ်ပဲ စီးပွားရေးယိုင်နဲ့လာတဲ့ ကိုယ့်ဘဝကိုယ်ပဲစိတ်ကုန်မိတာပါ။ ဒါကိုပဲ ယောက်ခမတွေက တစ်ပြစ်ရယ်လို့ ပြောကြပြန်တယ်။ အရင်က သူတို့သား ရှာသမျှ ဖွေသမျှ ကိုယ်သာ သုံးဖြုန်းပြစ်ခဲ့လို့ အခုသူတို့သား အလုပ်မလုပ်နိုင်တာနဲ့ ရှိပစ္စည်းကုန်တယ်ဆိုတာမျိုးဖြစ်ရပါလေရော။ ကိုယ်အစုအဆောင်းမတက်လို့ဆိုပြီး ပုဒ်မအကြီးကြီးတက်ပြီး သူ့သားနဲ့မြေးတွေသာ ကြည်ဖြူတာ။ ကိုယ့်ကျတော့ သိပ်ပြီး ကြည်ဖြူလှတယ်မဟုတ်ဘူး။ ကိုယ်ကလည်းအစကတည်းက ဖာသိဖာသာနေလာတာဆိုတော့ အခုလို စီးပွားရေးကျမှ ကပ်ရပ်စားတယ်ကလည်း အပြောမခံချင်ဘူး။ မရှိမာနဆိုတာမျိုးပေါ့။ ပတ်ဝန်းကျင်ကလည်းပြောကြပါတယ်။ ညည်းအေ ပင်ပန်းလိုက်တာ။ ယောက်ခမတွေက မကြည့်ဘူးလားနဲ့။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတာမျိုးပေါ့။ ရုပ်ဆိုးတာ ရွာလည်မပြတော့ပါဘူးလေ။ ကိုယ့်ကုသိုလ်ပေါ့။ အော် ငါ့နှယ် ခေါ်သံကြားက အတွေးတွေ ဝေစီလိုက်တာ ထမင်းအိုးတောင် ပွက်ပါပေါ့လား။ ကြိုက်သလိုသာခေါ် အားမှသွားနိုင်မှာပေါ့။ မနက်မိုးလင်းကတည်းက မီးဖိုချောင်လည်း ကိုယ်ပဲ၊ သားသမီး ဝေယျာဝစ္စလည်းကိုယ်ပဲ။ ဒီကြားထဲ ပန်းရံသွားမလုပ်ခင် စပ်ကြား ဟိုအိမ်ဒီအိမ်က အဝတ်လေး ကြားပေါက်လေးရရဆိုပြီး လျှော်ရသေးတယ်။ ဒါတွေကိုတော့ နားမလည်ကြဘူး။ ဒီကြားထဲ ယောက်ခမက ပင်ပင်ပန်းပန်းလုပ်ရတယ်ဆိုပြီး မစာနာချင်ဘူး။ သူ့ရေကို မောင်းပြီး လျှော်လို့ဆိုပြီး မီတာခ ဆောင်ခိုင်းပြန်ဦးမယ်။ မဖြစ်သေးပါဘူးလေ။ ရေတွင်းသွားလျှော်ဦးမှပါ။
"မအဲရေ အမေထမင်းအိုးနှပ်ထားခဲ့တယ်။ နပ်သွားရင် ချပြီး ရေနွေးအိုးတည်ထားလိုက်။ ပြီးရင် လမ်းထိပ်သွားပြီး အကြော်နှစ်ရာဖိုးဝယ်ပြီး နင့်အဖေနဲ့ နင်တို့မောင်နှစ်မ မနက်စာစားလိုက်တော့။ ပြီးရင် အမေ့နောက် နှစ်ယောက်လုံး လိုက်လာပြီး ရေလိုက်ချိုး ကြားလား။"
သမီးဖြစ်သူဆီက စကားပြန်လည်း မစောင့်နိုင်ဘူး။ လျှော်ရမယ့် အဝတ်ထုပ်ခေါင်းပေါ်တင်ပြီး အထွက်ရှိသေး ယောက်ျားဖြစ်သူက အနောက်ကနေ လှမ်းအော်မိအောင် အော်လိုက်သေးတယ်။ တကယ်ပါ ဘဝတစ်ခု မွေးမြူဖို့ ဒီလောက်တောင် ခက်ခဲသလား။
**********************************************************
"မလှဝင်း စောလှခြည်လား"
"အေးအေ။ ဒီနေ့ ဆိုက်က နည်းနည်းဝေးတော့ စောစောလေး အိမ်ကထွက်ချင်လို့ စောစောထလျှော်တာအေ့။ ဒါနဲ့ ညည်းကော ဘယ်ဆိုက်တုန်း"
အလုပ်အတူတူဖြစ်တဲ့ မယုနဲ့ ရေတွင်းမှာ တွေ့တော့ စပ်မိစပ်ရာပြောရင်း အလုပ်ကလေး စပ်ထားရတယ်။ ဆိုက်တစ်ခုကနေ တစ်ခု မပျက်အောင် ဒီလိုပဲ စကားထောက်ထောက်ကြည့်ရတာပေါ့။ အခုဆိုက်က ဝေးကလည်း ဝေးတယ်။ ပင်ပင်ပန်းပန်းလည်း ခိုင်းသေးတယ်။ အဖိတ်နေ့ဆိုလည်း ငွေက ရှင်းပေးချင်တာမဟုတ်ဘူး။ ပြီးတော့ ပန်းရံဆရာကလည်း ပြီတီတီလုပ်ချင်သေးတယ်။ အလုပ်မရှိလို့ မဖြစ်လို့သာ ဒီဆိုက်မှာ လုပ်နေရတာ။ ခေါ်မယ့်လူရှိရင် နောက်ဆိုက်ပြောင်းလုပ်ချင်ပါ့။ ရေသာခိုချင်လို့ရယ် မဟုတ်ပေမယ့် နေပူစပ်ခါးလုပ်ရတဲ့ အတူတူ စိတ်ပျော်ရွှင်တဲ့ ဆိုက်ပဲ လုပ်ချင်တာ လူ့သဘာဝကိုး။
"မထူးပါဘူး မလှဝင်းရယ်။ ကျုပ်လည်း ကလေးကျူရှင်ခလေးပေးစရာ ရှိလို့သာရယ်။ နို့မို့ နားချင်လှပြီ။ ဈေးထွက်မလား စိတ်ကူးနေတာ။"
"ဈေးရောင်းတော့ ကောင်းတာပေါ့အေ။ ကိုယ့်ခြေကိုယ့်လက်ပဲ။ ငါတောင် ရောင်းချင်ပါ့။ အရင်းအနှီးမရှိလို့သာအေ။"
"မထင်ပါနဲ့အစ်မရယ် ဈေးရောင်းတာကလည်း သိပ်ကိုက်လှတယ်မဟုတ်ပါဘူး။ ကလေးတွေ အပို့အကြိုလုပ်မယ့်လူ မရှိလို့သာ။ ဈေးရောင်းတော့ မနက်ဆို လိုက်ပို့၊ ညနေ လိုက်ကြိုလုပ်လို့ရတယ်လေ။"
"အေးပေါ့။ လုပ်စားရတာလည်း မလွယ်ပါဘူးအေ။"
ဒီလိုနဲ့ စကားစ ပျက်သွားပြန်ကော။ ကိုယ့်အဝတ်ကိုအမြန်ပြီးချင်ဇောနဲ့ကုန်းလျှော်လိုက်တာ မယုရေတွင်းက ဘယ်အချိန်ပြန်မှန်းတောင်မသိလိုက်ပါဘူး။ သူတို့ကမှ လုပ်ကျွေးမယ့် ယောက်ျားရှိသေးတယ်။ ငါ့နှယ် ယောက်ျားကြီးငုတ်တုတ်ရှိတာတောင် တကယ့်ကို ဘာမှအကူအညီမရဘူး။ ငုတ်တုတ်ဆိုမှ ငုတ်တုတ်ရယ်။ ညဘက် အရက်သောက်ဖို့ ပေးရတာပိုသေး။ အရင်ကတော့ မလှဝင်းမှာ ပန်းရံလုပ်ဖို့၊ သူများအိမ် အဝတ်လျှော်ဖို့ ဆိုတာ စိတ်ကူးထဲတောင် မရှိခဲ့တဲ့ အဖြစ်မျိုးပေါ့။ လူ့ကံကြမ္မာများ သိပ်ဆန်းကြယ်တာ။
မလှဝင်းက မလှိုင်ဇာတိ။ အခုနေတဲ့ မန္တလေးက အဒေါ်တွေဆီ စက်ချုပ်လေးသင်ဖို့ အလည်ရောက်ရင်း စက်ချုပ်တောင် ဘာမှ မတက်ခင်မြင်းလှည်းမောင်းတဲ့ ကိုလှသန်းနဲ့ အကြောင်းပါတော့တာပဲ။ အကြောင်းပါတုန်းက သူက အသက် ၂၀ ကိုယ်က ၁၈ နှစ် ငယ်တုန်း သန်တုန်းမြန်တုန်းအရွယ်ပေါ့။ လှတော့ မလှပါဘူး။ နှစ်ယောက်လုံးကတော့ မည်းတူးတူးနဲ့ပါပဲ။ ဒါပေမယ့် အဲအချိန်တွေတုန်းက ကိုလှသန်းက အရက်တွေဘာတွေ မသောက်တက်သေးဘူး။ ကြိုးကြိုးစားစားမြင်းလှည်းမောင်းတုန်း။ ညဘက်ဆို ဘေးအိမ်က ဝပ်ရှော့မှာ အကူလုပ်ရင်း ကားမောင်းသင်လေရဲ့။ ဝပ်ရှော့ကလည်း သဘောကောင်းရှာပါတယ်။ ညာခါစ လင်မယားလေးဆိုတော့ ကူညီရှာတယ်။ လင်မယားနှစ်ယောက် အိမ်ငှားနေရင်း ကိုလှသန်း မြင်းလှည်းမောင်းတဲ့ လစာလေးနဲ့ စားလို့လည်း လောက်ခဲ့ပါတယ်။ အကျပ်အတည်းလည်း မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သမီးဦးလေး မွေးပြီးတဲ့နောက် ကိုလှသန်းက ဝပ်ရှော့က အကူအညီနဲ့ မူဆယ်- မန္တလေး ကားဒရိုက်ဘာ ဖြစ်လာတယ်။ မြင်းလှည်းမောင်းတုန်းကထက် အများကြီးအဆင်ပြေလာသလို ကိုလှသန်းမှာလည်း အရက်လေးစပြီးသောက်တက်လာတယ်။ ညဘက် အိပ်ရေးပျက်လို့ ခရီးပန်းလို့ အတိုက်အခိုက်များလို့ အပေါင်းအသင်းကောင်းလို့ ဆိုတဲ့အကြောင်းပြချက် အမျိုးမျိုးနဲ့ ခရီးကပြန်လာတိုင်း နည်းနည်းဖြစ်ဖြစ်တော့ အနံ့က ပါလာတက်ခဲ့ပြီ။ ကွမ်းစားတက်လာပြီ။ ပင်ပန်းလို့ နေရှာမယ်ဆိုတဲ့ စိတ်လေးနဲ့ ခွင့်လွှတ်ပေးခဲ့တာချည်းပဲ။ အဲတုန်းကတော့ ယောက်ခမတွေက လှဝင်း သမီး သမီးနဲ့ပေါ့လေ။ ကိုယ်က ရွှေတွဲလဲ ငွေတွဲလဲနဲ့ ပေးနိုင်ကမ်းနိုင် ထောက်ပံ့နိုင်တာကိုး။ ဆန်ဆိုဆန်အိတ်လိုက်၊ ဆီလိုရင် ပုံးလိုက် ကန်တော့လာခဲ့တာကိုး။ အိမ်ငှားလည်း မနေခိုင်းတော့ပဲ သူတို့ ဝယ်ထားတဲ့ မန္တလေးမြို့သစ်ဘက်က အိမ်မှာ ရွှေ့နေခိုင်းကြတယ်။ အဲတုန်းက ကိုယ်က ငွေပို ငွေလျှံလေးလည်း ရှိတော့မြေဝယ်ချင်ခဲ့တာ။ ယောက်ခမတွေများ အဲတုန်းက ပြောခဲ့ဖူးတာ အခုနေပြန်မေး ငါမပြောခဲ့ပါဘူးအေလို့တောင် ဗြောင်ငြင်းမှာ သေချာနေသေးတယ်။
"ညည်းနဲ့အေ အမေ့အိမ်ရှိနေတာပဲ သမီးရယ် ဘာလို့သက်သက်ဝယ်နေမှာလဲ။ ဒီမှာပဲနေ.... ဒီအိမ်က သမီးတို့အိမ်ပဲပေါ့တဲ့"
အဲတုန်းက ယောက်ျားကလည်း မိုးလင်းက မိုးချုပ် အလုပ်သွားနေရတာ။ ပြန်လာတော့လည်း မူးလာနဲ့ တိုင်ပင်ချိန်မရှိခဲ့ဘူး။ ကိုယ်ကလည်း တစ်သက်လုံး ဒီစည်းစိမ်မြဲမယ် ထင်ခဲ့တာကိုး။ ယောက်ခမကလည်း မဝယ်နဲ့ တားပြန်တော့ မလှဝင်းတစ်ယောက် ကိုယ်ပိုင်ဝိုင်းလေးတောင် မဝယ်ဖြစ်ခဲ့ဘူး။ ဒီလိုနဲ့ ကိုလှသန်းတစ်ယောက် ကားမောင်းသက်ကြာလာလေ အရက်ကို ပိုပိုသောက်တက်လာလေ။ ခရီးက ပြန်လာတိုင်း အိမ်မှာ အပေါင်းအသင်းခေါ်ပြီး ဝိုင်းဖွဲ့ပြီးတောင် သောက်ဖြစ်လာတယ်။ အခုထိ ပတ်ဝန်းကျင်က ပြောကြတုန်း လှသန်းတို့များ အဲတုန်းကဆို ကားဆင်းလာတိုင်း မူးလာပြီး "လှဝင်း..........လှဝင်းရေ" ခေါ်တာ သတိရမိသေးဆိုပြီးတော့ပေါ့။ ပြောလိုက်ပါတယ်။ အခုထိ မာန်မချဘူးလို့ အဲလေသံတိုင်း ခေါ်တုန်းလို့။ တစ်ရက်ပေါ့ အဲတစ်ရက်က နေသိပ်မဝင်ခင်လေး မလှဝင်း ဖုန်းလာတယ်ဆိုပြီး ဖုန်းဆိုင်က လာခေါ်တော့ ကမန်းကတန်းလိုက်သွားခဲ့တာပေါ့။ ကိုလှသန်းများ မူဆယ်ကနေဖုန်းဆက်တာလားလို့ပေါ့။ မူဆယ်ကနေတော့ ဖုန်းဆက်တာ ဟုတ်ပါရဲ့ ကိုလှသန်းတော့ မဟုတ်ဘူး။ ကိုလှသန်းတို့ ဂိတ်မှူးပေါ့။
"မလှဝင်းလား။ ခင်ဗျားယောက်ျား ကိုလှသန်း မူဆယ်ရောက်ခါနီးလေးမှာပဲ ကားမောင်းရင်း တက်သွားလို့ အခု မူဆယ်မှာ ဆေးခန်းပြထားရတယ်။ သက်တော့သက်သာပါပြီ။ ဒါပေမယ့် ခရီးသည်တွေတော့ တော်တော်လန့်သွားကြတယ်။ သိပ်တော့ စိတ်မပူပါနဲ့ သေချာကုရင် ပျောက်သွားမှာပါ။ အိပ်ရေးပျက်တာတွေ များလို့နေမယ်။ နာမည်တော့ နည်းနည်းပျက်သွားတာပေါ့ဗျာ။ ဝက်ရူးပြန်တယ်ဆိုပြီးတော့ ခရီးသည်တွေက ပြောကြတယ်။"
မလှဝင်းတစ်ယောက် ဖုန်းခွက်ကိုင်းရင် ရင်တုန်ပန်းတုန်ဖြစ်ရပြန်တယ်။ ကိုယ့်ယောက်ျား သက်သာတယ် ပြောပေမယ့် ခရီးသည်တွေနဲ့ ကားအတွက် ပူရသေးတယ်။ ဘာဖြစ်သွားသေးလည်းမေးတော့ ဘာမှမဖြစ်ပါဘူးဗျာတဲ့ အချိန်မှီ ဘရိတ်နင်းပြီး ရပ်လိုက်နိုင်တယ်တဲ့။ အခုမှ သက်မချနိုင်တယ်။ ကိုလှသန်းတစ်ယောက် မန္တလေးပြန်လာပြီး အရက်လည်းဖျက်ပြီး ဆေးလည်းကုလိုက်တော့ တော်တော်လေး သက်သာသွားတယ်။ ဆရာဝန်ကလည်း အားနည်းလို့ဖြစ်တာဆိုတော့ မလှဝင်းတစ်ယောက် ယောက်ျားကို အားဆေးတွေတိုက် အားရှိစာတွေ ကျွေးနဲ့ပေါ့။ သိပ်မကြာဘူး ကိုလှသန်းတစ်ယောက် ကားပြန်မောင်းပြန်တယ်။ ကားပြန်မောင်းတော့ အပေါင်းအသင်းဟောင်းနဲ့ ပြန်တွေ့ပြီး ပြန်သောက်တယ်။ ပြောလည်းမရဘူး။ နေမြဲတိုင်းနေတယ်။ စားမြဲသွားမြဲ ကားမောင်းမြဲ မူးမြဲပေါ့။ အရက်ပြန်သောက်ပြီး သိပ်မကြာဘူး ကိုလှသန်းတစ်ယောက် လေဖြတ်သွားတယ်။ မလှဝင်းလည်း မရှိရှိတာ ရောင်းချကုခဲ့ရပြန်တယ်။ ကိုလှသန်းတစ်ယောက် လေဖြတ်ရာကပြန်သက်သာ  ပြန်ကောင်းလာတော့လည်း အလုပ်မလုပ်တော့။ မလှဝင်းတစ်ယောက် အစကတည်းက ယောက်ျားလုပ်စာထိုင်စားလာတာ အခုမှ အလုပ်ထလုပ်ရမယ်ဆိုတော့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ သားသမီးတွေကလည်း ကျောင်းသားကြည့် အရွယ်မရောက်တရောက်တွေ။ ခိုင်းစားလို့လည်း မဖြစ်သေး။ အခုမှ မလှဝင်းတစ်ယောက် ဒုက္ခပင်လယ်ဝေပြီ။ ယောက်ျားကလည်း လေဖြတ်သွားတာ အကြောင်းပြပြီး အလုပ် လုပ်မကျွေးတော့ပြီ။ သားသမီးတွေအတွက် သူက နေစိမ့်ပေမယ့် ကိုယ်က မနေနိုင်ဘူးဆိုပြီး ထလုပ်ရပြန်တော့ ကိုယ့်ပညာအရည်အချင်း ကိုယ့်အသက်အရွယ်နဲ့ ပန်းရံလုပ်ခေါ်ခိုင်းတာတောင် ကံကောင်း။ လင်သော မုဆိုးမဆိုရင်တောင် လေးစားကြဦးမယ်။ အခုတော့ ကိုယ့်မှာ ယောက်ျားကြီးငုတ်တုတ်က လုပ်ကိုင်မကျွေးတော့ သွေးတိုးစမ်းမယ့်လူတွေများလာပြီ။ ငွေရရင် ဘာမဆိုလုပ်မယ်ဆိုပေမယ့် ကိုယ့်အိမ်ထောင်ရေးအပေါ် သစ္စာမဲ့မယ် အလုပ်မျိုးတော့ စိတ်ကူးတောင် မရှိခဲ့ဘူး။ ပတ်ဝန်းကျင်ကလည်း အမျိုးမျိုးဝေဖန်ကျ ပုတ်ခတ်ကြပေါ့။ "ဆန်မရှိ အစားကြီးနေတယ်ပေါ့"။ ပြောချင်ရာ ပြောကြပါစေ။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ပါဘူးဆိုပြီး ကျိတ်မှိတ်နေလာရတာ ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်ရော့မယ်။
"အမေ အမေ ဒီမှာ အမေ့သား ရေမချိုးချင်ပါဘူးဆိုပြီး အတင်းငိုနေလို့ သမီးဆွဲခေါ်လာခဲ့တယ်" ဘယ်လောက်များ အတွေးလွန်နေတယ်မသိဘူး အကြီးမ မိအဲအသံကြားမှ သတိပြန်ဝင်လာတယ်။
"ဒီကောင်လေးဟာလေ ရေချိုးပေးရ တကယ်ခက်တယ်။ လာစမ်း...ဖြန်း...........ဖြန်း"
စီးပွားရေး အဆင်မပြေတော့လည်း စိတ်ကလည်း အမြဲတမ်းတိုတောင်းနေတော့တာပေါ့။
*****************************************************************************
"မလှဝင်းရေ ဒီခဏ"
ပန်းရံဆရာခေါ်ပြန်ပြီ။ လက်ဖက်ရည်သောက် နားနေတုန်း ဒီလိုခေါ်တဲ့ အသံကြားရင်ကို စိတ်ထဲ မသထီဘူးဖြစ်ဖြစ်နေတယ်။ "မချစ်သော်လည်း အောင့်ကာနမ်းပေါ့။ အသားပဲ့ပါသွားတာကျလို့" ဆိုပြီး ဘဝတူ ခကျွေးမ(ပန်းရံနောက်လိုက်) တွေက တွန်းတွန်းတိုက်တိုက် လွှတ်လိုက်လို့သာ ထလာရတယ်။ မလာချင်ဘူး။ တကယ်ပါ မရှိလို့ လုပ်စားပါတယ်ဆို ဒီလိုအသားယူတက်တဲ့ ပန်းရံဆရာနဲ့များတွေ့လို့ကတော့ စိတ်ပင်ပန်းလိုက်တာ။
"လာလာ မလှဝင်း။ ဒီမှာ ကွမ်းယာတွေ ဝယ်ထားတယ်။ လာစား။ ဆမူစာတွေလည်း အများကြီးပဲ စားစား ဗိုက်ဆာနေမှာပေါ့။"
လူကောင်သေးသေးနဲ့ မလိုက်ဖက်စွာ နှာအိုးကြီးတဲ့ ပန်းရံဆရာက ဘေးမှာ ချထားတဲ့ ထိုင်ခုံကို ပုပ်ပြရင်း လက်ဆွဲမတက်ဝင်ထိုင်ခိုင်းတယ်။ စိတ်ပျက်လက်ပျက်နဲ့ ဝင်ထိုင်ရင်း စိတ်မပါလက်မပါနဲ့ ဆမူစာတစ်ခုယူစားလိုက်မိတယ်။ နေကလည်း ပူလိုက်တာ။ ဒီလိုနွေရာသီများ အလုပ်လုပ်ရတာ တကယ်ပင်ပန်းတယ်။ စိတ်ကူးနေတာကိုများ သိသလားမသိဘူး ဘေးကနေ ပန်းရံဆရာက ပြီတီတီညှောင်နာနာနဲ့ စကားပြောပြန်တယ်။
"လှဝင်းလေး ပင်ပန်းနေပြီလား။ တကယ်ဆို မခိုင်းချင်ပါဘူးဗျာ။ တော်ကြာ ခကျွေးမတွေ ပါးစပ်က လွယ်တာမဟုတ်ဘူးလေဗျာ။ လှဝင်းလေးကြည့် ကွက်မခိုင်းရင် သူတို့က ကျေနပ်မှာမဟုတ်ဘူးမလား။ ဒါကြောင့် ခိုင်းရတာပါ။ ကိုလှသန်းတို့များနော် ကိုယ့်မိန်းမ နေပူစပ်ခါး လုပ်စားနေရတာကို ကြည့်ရက်ပါ့။ လှဝင်းလေးသာ ကိုယ့်မိန်းမဖြစ်ကြည့် ဒီလို မခိုင်းပါဘူးဗျာ။ အရိပ်မှာ သနပ်ခါး အဖွေးသားနဲ့ကို ထားဦးမှာ။"
အနှောင့်အသွားမလွတ်တဲ့စကားမျိုးပြောနေတဲ့ ပန်းရံဆရာကို စိတ်ပျက်လက်ပျက်ကြည့်လိုက်မိတယ်။ ခက်ပါ့ ယောက်ျားတွေများ ပိုက်ဆံနည်းနည်းရှိတယ်ဆိုပြီး မရှိတဲ့ မိန်းမများတွေ့ရင် ဒူးတင်ပေါင်တင် သိပ်လုပ်ချင်တာပဲ။ ကိုယ်က စကားတင်မခံလို့သာ။ အခုလို စကားတင်မခံတာတောင် မနာလိုတဲ့ ခကျွေးမတွေ ပါးစပ်ဖျားမှာ ကိုယ်က ပန်းရံဆရာနဲ့ ဘာလိုလိုညာလိုလိုပြောခံရတာတော်တော်ကြာပြီ။ တော်ပါပြီ။ ဒီဥပုသ်ပတ်ပြီးရင်တော့ အလုပ်မလုပ်ရလည်း နေပါစေတော့ ထွက်တော့မယ်။
*****************************************************************************
"ဒါက မလှဝင်းရဲ့ ဒီဥပုသ်ပတ်စာ လုပ်အားခ။ ဒဲ့ပဲပြောမယ်ရှင် မလှဝင်းဒီအပတ်ပြီးရင် အလုပ်ဆင်းစရာမလိုတော့ဘူး။ အလုပ်ထဲမှာ မတွေ့ရလို့ ဆိုပြီး ကျွန်မယောက်ျားနဲ့ ကွယ်ရာမှာလည်းတွေ့စရာမလိုဘူးနော်။ ကျွန်မလက်ဖဝါးက ပါးမရွေးဘူး။"
ဆိုးဝါးလှတဲ့ ပန်းရံဆရာကတော်ရဲ့ မိန်းမချင်းမစာနာတဲ့ သတိပေးစကား။ လှဝင်းတို့ကို ဒီလိုလာကျောလို့ ရရောလား။ သမာအာဇီဝလုပ်စားတာ။ မဟုတ်တာ လုပ်စားတာ မဟုတ်ပဲနဲ့။ အသားလွတ်တော့ အစော်ကားမခံနိုင်ပါဘူး။
"ဒီမယ် အစ်မ လှဝင်းတို့က ငွေသာ မရှိရင်နေမယ် သိက္ခာတော့မမဲ့ဘူး။ သူများယောက်ျားမြူစွယ်မှ စားရမယ်ဆို လျှာပေါ်မြက်ပေါက်ခံလိုက်မယ်။ အခုကိစ္စကလည်း ကျွန်မ စိတ်ပါချင်ရင် အမအခုလိုတောင် သတိပေးရမယ့်အချိန်ရှိမှာ မဟုတ်ဘူး။ အခုကျွန်မက အမနေရာ ရပ်နေလောက်ရောပေါ့။ စကားကို ကြည့်ပြောပါ။ ငွေမရှိတိုင်း မဟုတ်တာ လုပ်စားတာမဟုတ်ဘူး။ မရှိတဲ့လူမှာလည်း မရှိတဲ့ မာနဆိုတာရှိသေးတယ်။ စကားကို လက်လွတ်စပယ် အကြားနဲ့ မပြောပါနဲ့။ ကိုယ့်ယောက်ျားကိုယ်မနိုင်တိုင်း လိုက်ပြီး မမဲပါနဲ့။ မိန်းမချင်း ကိုယ်ချင်းစာပါ။ အစ်မရိုင်းသလို ကျွန်မ မရိုင်းချင်ဘူး။ အလုပ်ကလည်း အစ်မ ထုတ်စရာမလိုပါဘူး။ ကျွန်မဘာသာထွက်တယ်။"
ပြောပြီးပြီးချင်း လှည့်ထွက်လာခဲ့တယ်။ ဘယ်နှယ့် ငွေမရှိဘူးဆိုတိုင်း မာန မရှိရရော့တဲ့လား။ ငွေရှိတဲ့လူမှ မာနရှိတာလား။ လူမသေ အလုပ်မရှားပါဘူး။ လုပ်နိုင်ဖို့ပဲ လိုတာ။ လှဝင်းမှာ ဒီမာနလေးပဲ ချမ်းသာတာ။ ဒီမာနလေးတော့ အထိပါးမခံပဲ မွေးမြူထားရမယ်။ ဒါမှ သူများအစော်ကား မခံရမှာ။ အခုပဲ လှဝင်းမှာဒီမာနကြောင့်ပဲ သူများကို ပိုင်ပိုင်နိုင်နိုင် ပြန်ပြောနိုင်ခဲ့တာမလား။ ရှေ့ဆက်လည်း မရှိမာနကို ထားထားဦးမှာပဲ။ ဒါလေးနဲ့ ကိုယ့်ဘဝလုံခြုံအောင်ကာကွယ်ထားရတာ။ မရှိတဲ့ လူမှာလည်း မရှိတဲ့မာနရှိတယ်ဆိုတာ အခုဆို ပန်းရံဆရာကတော် တစ်ယောက် သိသွားလောက်ပါပြီ။ မလှဝင်းတစ်ယောက် ကိုယ့်ကိုကိုယ် အားပြန်ပေးရင်း ဟက်ဟက်ပက်ပက်ကို ရီလိုက်မိပါတော့သည်။
မိန်းမသားအားလုံးပဲ ထားသင့်ထားထိုက်တဲ့ မိန်းမသား မာန၊ မိန်းမသိက္ခာတရားအတွက် မာန၊ မဟုတ်တာ မလုပ်ဖူးဆိုတဲ့ မာနများရှိကြပါစေလို့။                              ။

ခေးဟေသာ

0 comments: