ပိန်းကောလှေသူကြီး(တျာချင်း) ၀န်ကြီးပဒေသရာဇာ




 မိုးဦးကာလ ချောင်းကျပြီဆိုလျှင်၊
ပန်းလောင်ကြောမှာ ပိန်းကောလှေငယ်ရှင်၊
တောင်ဘက်ကယ်တစ်ခွင် ထွက်ဝင်ဖောက်ကား၊
ပဲ့ပါမည်သူ မပါလူ၊
ထိုးသူတစ်ယောက်သားငယ်နှင့်လေး။

ငါးပိဆားပြား ဖောက်ကားရအောင်၊
ပဲလွမ်းပဲကြီး သီးသီးယူကြဉ်းဆောင်၊
တက်မကိုမြှောင် ကွမ်းပေါင်နီကြောင်း
နဘူးခက်ညို ကိုင်းညွတ်ယို၊
ပင်ကိုနှီးသား ပေါင်းငယ်နှင့်လေး။

ခမောက်မှာကောင်း အုပ်ဆောင်းငယ်မပါ၊
သိုးလည်းမစပ် ဝါးပပ်ကယ်တစေသာ၊
ထိုးဝါးကိုယ်မှာ ဘယ်ညာပခုံး၊
ခြေနှင့်ကျောက်ကန် တွန်းလိုက်လှန်၊
အားအန်လွန်ကြီးဆုံးငယ်နှင့်လေး။

ခါးတောင်းကျိုက်လုံး ပခုံးခဲတွေ၊
ချွေးကလည်းစီး ဒီဒီးကျသည့်ရေ၊
စဖိုမှာပေ ချက်လေထမင်း၊
မနပ်နိုင်ပြီ တစီစီ၊
နန်းနီသာ မီးအိုးကင်းငယ်နှင့်လေး။

ဝမ်းလိုင်တွင်းငယ်မှာ သွတ်သင်းမြဲပင်၊
အငွေ့ချောင်းချောင်း၊ စလောင်းနှင့် ငါးပိကင်၊
လှေဆိုက်တည့်လျှင် ကြေးလင်နှင့်ကျင်း၊
ရိုးရွက်ကယ်ဖူးခေါင် အာပါးကိုလောင်၊
ချဉ်ပေါင်ပူလှသည့်ဟင်းငယ်နှင့်လေး။

တစ်ယောက်ချင်းသည် ထမင်းခူးသော်
တစ်ဆုပ်ကယ်နေ့တိုင်း လမိုင်းရှိပူဇော်၊
သွေးသောက်ကယ်ခေါ် အဖော်အပေါင်းညှိ၊
ငုံ့ကာငုံ့ကာ ဝပ်၍သာ၊
ဆုပ်ကာလွေးလိုက်ဘိသည်နှင့်လေး။

စားမိစားရာ ဝမ်းမှာကျင့်တော့သည်။       ။
ပိန်းကောသူကြီးမှာ ချမ်းသာမြင့်တော့သည်။    ။

ဝန်ကြီးပဒေသရာဇာ(ညောင်ရမ်းခေတ်)

0 comments: