လူသား



ပိတုန်းရောင်
အပြုံးယောင်ဆာင် အဆိပ်ပြည့်ဖုံး
တိမ်ညိုဖုံးရာ
အလင်းယောင်ဆောင်ဦးမှာလား
အလင်းအမှောင်တွေက တသွေးတည်းတသားတည်း
ကျဲကျဲပူ နေ့ တဓူဝမှာ
ဝမ်းဆူ ကျောပူလှပါပြီ...။ အပြောက်အကျားတွေနဲ့ 
ခြောက်ချားနေစေသလား...အတိတ်တစ္ဆေ!.။

အလင်းတစ်ပွင့်နှစ်ပွင့်က
အနာဂတ်တွေကို ထွန်းသစ်စေလေမလား
မာယာမများပါနဲ့ တော့ ကံကြမ္မာ
အမှန်တရားတွေနဲ့  မင်းပြန်လာခဲ့ပါတော့...
ကျောကော့ဘဝက လွတ်မြောက်ရေး..။

တတိယလှိုင်းဆိုတာမှာ.
ငါတို့ လည်းပျော်ပါးခွင့်ရှိပါစေ။


မင်းတာရာ

ငွေမျှားသော နွေဦး



ဆည်းလည်းသံ တချွင်ချွင်က ကုန်းတော်သာ စေတီတော် ပတ်လည်အတွင်း ပျံနှံ့နေသည်။ ဘုရားရိပ် တရားရိပ်ဆိုသည်မှာ ကိလေသာ သတ္တဝါတွေအဖို့ အေးမြလှသည် မဟုတ်ပါလား။ စေတီကြီးမှာ သာယာသော ကုန်းမြင့်၊ ပြေပြစ်သော ဆင်ခြေလျောအဆုံး မြို့အပူထုကြီးအား ငုံမိုးကြည့်နေဟန်နှင့်။ သဗ္ဗေသတ္တာ သတ္တဝါအပေါင်းတို့အား တတ်နိုင်သမျှ စိတ်နှလုံးအေးချမ်းဝမ်းသာအောင် အသံချဲ့စက်နှင့် လွှင့်ပေးထားသည့် ဓမ္မအမြိုက်ရည် တရားတော်များက ပတ်ဝန်းကျင်တွင် ကြဲပျံ့လျှက်ရှိနေသည်။ အရာအားလုံးသည် ဆိတ်ငြိမ်လျှက် ရှိနေ၏။
ဘုရားဖူးများ၏ စိတ်ရည်ဝမ်းတွင်းတွင်လည်း ခဏတဖြုတ် အေးချမ်းနေသည်။ စေတီမုဒ်ဦး အဝင်ဝတွင် ဘေးဘယ်ညာ စီတန်းနေသော နိဗ္ဗာန်ကုန် ပစ္စည်းဆိုင်များမှာ ပွဲတော်ကာလမဟုတ်၍ လူသူလေးပါးကင်းရှင်းကာ ရောင်းသူအချို့ပင် ငိုက်မြည်းနေကြ၏။

(က)
ပြာသိုလ ကုန်လွန်ပြီး တပို့တွဲလသို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။ အနည်းငယ် ပူအိုက်စပြုလာပြီ ဖြစ်၏။ သို့သော် ဘုရားတရား အရိပ်မို့ အေးချမ်းနေသေးသည်။ မအေးချမ်းနိုင်အောင် ပျာယာခတ်နေသူ တစ်ဦးမှာ ဦးသာရင်။ အပြင်တွင် ပျာယာခတ်နေသည်မဟုတ်။ သူ့စိတ်မှာ ဂနာမငြိမ်ဖြစ်နေ၏။ စေတီတော် ဂေါပက ရုံးတွင်းတွင် ဦးသာရင် တစ်ယောက်မှ လွဲ၍ မည်သူမှ မရှိနေချေ။ သာမာန်အချိန်များတွင် တည်တည်ငြိမ်ငြိမ်နှင့် တဖက်သား၏ မျက်လုံးကို တည့်တည့်ကြည့်တတ်သော ဦးသာရင် မှာ အခုတွင် ကျီးကန်းတောင်းမှောက် ဖြစ်နေသည်။
ဂေါပက ရုံးရှေ့ အဖွဲ့ဝင် သန်းတင်၏ ဖိနပ်အပ်ဆိုင်ကို လှမ်းကြည့်လိုက်သည်။ အိပ်ရေးပျက်နေသော သန်းတင်တစ်ယောက် ပက်လက်ကုလားထိုင်တွင် အိပ်နေလိုက်သည်မှာ သိုးလို့။ ဦးသာရင် စိတ်ချလက်ချ အောက်သို့ ငုံကြည့်လိုက်သည်။ စိမ်းရွှေရွေတစ်မျိုး၊ ပန်းဆီရောင် အသွေးတကြွကြွ၊ နီသလိုလိုနှင့် ညိုသည့်ဘက်သို့လုနေသော အလှပဂေးလေးက တစ်မျိုး။ သူ့ကိုဆွဲဆောင်နေကြပါ၏။ ငွေစက္ကူများ ပျံထွက်လာသလိုပင် စိတ်က ထင်ရသည်။
ဘဏ္ဍာရေးမှူးဆိုသည့် ဂုဏ်သိက္ခာကို အစဉ်သဖြင့် သူ စောင့်ထိန်းခဲ့သည်။ သို့ပေမယ့် သူစောင့်ထိန်းခဲ့သည့် ဂုဏ်သိက္ခာထက် အရေးကြီးသည့် ပြဿနာက သူ့ကို ခပ်ပြင်းပြင်းမွှေနှောက်နေလေပြီ။ မျက်လုံးများကို အစိုးမရစွာနှင့် သန်းတင်ကို တစ်လှည့်ပြန်ကြည့်သည်။ ပြီးလျှင် လမ်းမဘက်ကို စောင်းငဲ့ကြည့်သည်။ နဖူးပေါ်ရှိ ချွေးစေးများကို လက်ခုံဖြင့် ပင့်သုတ်လိုက်ရင်း အနောက်ကို လှည့်ကြည့်မိသည်။ သူစိတ်မလုံပါချေ။ ပတ်ဝန်းကျင်ကို မပြတ်ကြည့်လျှက် အံဆွဲထဲမှ ငွေတစ်ထပ်ကို လှမ်းနိုက်ကာ အိမ်ကထည့်လာသော အနွေးထည် အိတ်ထဲသို့ ပြောင်းရွေ့ထည့်လိုက်သည်။
မသိုးမသန့်ဖြစ်နေသော စိတ်ကို အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက် ရှိုက်သွင်းလိုက်နှင့် ဖြေလျှော့နေရ၏။ မသောက်ချင်သော ရေကို ဟန်ဆောင်ပန်ဆောင် ထသောက်လိုက်ပြီး စားပွဲပေါ်တွင် ပြန်ထိုင်လိုက်သည်။ စာရင်းစာအုပ်ထူထူကြီးကို လှန်ပြီး မင်တံဖျားလေးကို ကိုက်ကာ ကိုက်ကာနှင့် နေလိုက်၏။ တစ်ယောက်ယောက်များ ဝင်လာရင် သာရင် စာရင်းလုပ်နေသည်ပေါ့။
မိမိအနေအထားကို ကျေနပ်သလိုလို၊ ကိုယ့်စိတ်ကိုပဲ နှစ်သိပ်သလိုလိုနှင့် အသက်မပါစွာ ရယ်ချလိုက်သည်။ ပိုက်ဆံပြောင်းထည့်လိုက်သော အိတ်ကို တဖန် ပြန်လှည့်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ နောက် စာအုပ်ကို ပြန်ငေးကြည့်သည်။ စာတစ်လုံးမှ မျက်လုံးတွင် မထင်လာပဲ အိမ်သူမယား၏ ပုံရိပ်သာ ပေါ်လာသည်။ ထိုအခါ ဦးသာခင် သက်ပြင်းကို ပိုပိုသာ ရှိုက်ရပြန်၏။

(ခ)
“နှလုံးအဆို့က ကောင်းကောင်းအလုပ်မလုပ်ဘူး။ သွေးတိုးတက်နေတဲ့ အခုချိန်မှာ ခွဲစိတ်လို့ မရဘူး။  ဖြစ်နိုင်ရင် နောက်တစ်ပတ်လောက် ခွဲစိတ်ရမယ်။ အမေကြီး ဘာမှ မကြောက်နဲ့နော်။ ခွဲစိတ်ပြီးသွားရင်တော့ ကောင်းသွားမှာပါ။”
တာဝန်ကျ ဆရာဝန်သည် ပြောစရာစကားများ မှာပြီးနောက် အရေးကြီးလူနာ ထားသည့်အခန်းမှ  ပြန်လည်ထွက်ခွာသွားသည်။ ဆေးရုံခုတင်ပေါ်တွင် မျက်လုံးဟောက်ပက်နှင့် လူနာဆိုသည့် သူ့ဇနီးကို ငေးကြည့်မိသည်။ လေတိုက်လျှင်တောင်  လဲကျသွားမတတ် ပိန်လှသော သည်ခန္ဓာကိုယ်မှာ ရောဂါပေါင်း သောင်းခြောက်ထောင်က မှီတည်နေသေးသည်။ ဦးသာရင် သည် အလကားရသော သက်ပြင်းများသာ တွင်တွင် ချနိုင်တော့၏။
ပင်စင်စား လခလေးနှင့် ရပ်တည်နေသည့် သူ့ဘဝတွင် တုံးလုံးစာအနည်းအကျင်းက ဆေးရုံတွင်းသို့ ဝင်ဝင်ချင်း ကုန်လေသည်။ ခေတ်အနေအထား တိုးတက်လာသည့် ကုန်ဈေးနုန်းအကြောင်းကို လိုအပ်သော ဂွမ်း၊ အရက်ပြန် သွားဝယ်မှ ကောင်းကောင်းသိရ၏။ လူနာအတွက် အားဆေးဆိုသည်က သူ၏အိတ်ကပ်နှင့် များစွာ အလှမ်းဝေးလျှက်။
သူလိုနေသည်မှာ ငွေ။ ဇနီးဖြစ်သူ ခွဲခန်းကို ရှောရှောရှုရှု ဝင်သွားဖို့က ငွေနှင့် ချူရပေမည်။ အပေါင်းအသင်းမိတ်ဆွေများဆီမှာ ငွေကို လည်း မချေးချင်။ သူဘာလုပ်ရမည်နည်း။ အနည်းငယ် ပျံချင်နေသော ချွေးတို့ကို အင်္ကျီလက်စနှင့် သုတ်ပစ်လိုက်သည်။
“သမီးငယ်။ နင်တို့ အမေကို ခဏ စောင့်ကြည့်ကျန်ရစ်။ အဖေ အိမ်ပြန်လိုက်ဦးမယ်။”
အငယ်ဆုံးသမီးကို လူနာဘေးတွင် စောင့်ကြည့်ခိုင်းထားလိုက်ပြီး ဦးသာရင် အိမ်သို့ ခပ်သော့သော့ ပြန်လာသည်။ ထိုင်နေကျ ပက်လက်ကုလားထိုင်ပေါ် ပစ်လှဲချလိုက်ပြီး ဘဝအမောကို ခဏတဖြုတ် ပြေတန်ကောင်းရဲ့ မျှော်လင့်ချက်ဖြင့် တရေးအိပ်လိုက်သည်။ တစ်ညလုံး လူနာဘေးတွင် အအိပ်ပျက်ခဲ့ရသည် မဟုတ်ပါလား။
(ဂ)
သားကြီး သြရသကို အားကိုးတကြီးတိုင်ပင်မိသူက ဦးသာရင်။ တိုင်ပင်လိုက်မိသည် ကိုက သူ့အမှား။ ကိုယ့်ဒုက္ခကို ပြဖို့ထက် သူ့ဒုက္ခကို အရင်ခင်းကျင်းလိုက်သည်မှာ ကိုယ်ကပင် ပြန်ကယ်ရတော့မလိုလို။ သားသမီးငါးယောက်ကအနက် ဒီကောင်က မသိတတ်ဆုံး ဟု ဦးသာရင် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
အငယ်ဆုံးသမီး၏ သမီး။ မိမိ၏ မြေးမ။ ငါးနှစ်သာရှိသေး၏။ စကားက တတ်လိုက်ပါဘိခြင်း။ အနားသို့ ကပ်လာပြီး မုန့်ဖိုးလာတောင်းသည်။ ဦးသာရင်သည် အိတ်ကပ်ကို စမ်းလိုက်ရာ မာတင်တင် ဖြစ်နေသည့်အတွက် ဝမ်းသာအားရ နိုက်လိုက်သည်။ စာရွက်ခေါက်များသာ အပါများပြီး ငွေဆို၍ ငါးဆယ်တန် ခပ်နွမ်းနွမ်းသာ ကြားညပ်ပါလာသည်။ ငါးဆယ်ရှိတော့ ငါးဆယ်လေးသာ ပေးလိုက်သည်ကို အပြစ်ဖြစ်ရပြန်သည်။
“ဘိုးဘိုးကြီးကလည်း။ ငါးဆယ်က သကြားလုံးပဲရတာကို။ ချောင်းဆိုးအောင် လုပ်နေတာလား။”
အမျိုးမျိုးလှည့်ပတ်ချော့လိုက်ရသည်။ အပူများက သေးသေးပဲဖြစ်စေ၊ ကြီးကြီးပဲစေ ပူစပ်လှောင်သည့် အာနိသင်တော့ ရှိကြပါလား။ ဦးသာရင် အသက်ခြောက်ဆယ်ကျော်သည့်အခါ ဗေဒင်ဆရာများက အိုဇာတာကောင်းမည် ဆိုပါလား။ ခုထိ အပူတောကမထ၊ လူလုံးမကြွ ဖြစ်နေရသည့် အဖြစ်ကို တွေးပြီး ထိုသူတော်ကောင်းများအား သတ်ချင်သည့် စိတ်က တဖွားဖွား ဖြစ်မိ၏။
“အဖေ။ သားဆိုင်က အမြတ်ခွန်ရှောင်ထားတာ နည်းနည်း ပြောပေးပါဦး။ မနေ့က ဒဏ်ရိုက်စာလာတယ်။ အဲဒါ အမြတ်ခွန် ဦးစီးက အဖေ့ သူငယ်ချင်းမဟုတ်လား။ ရက်နည်းနည်း ဆိုင်းပေးပါဦးလို့။ နော့် … ဖေ။”
“အေးကွာ…အေး။ အေး။ သွားပြောပေးမယ်။ ဒါပဲမဟုတ်လား။ ပြန်တော့ကွာ။”
မျက်နှာမကောင်းစွာနှင့် ထွက်သွားသော သား၏ ကျောပြင်ကိုငေးလျှက်။ သည်လို သားတွေ မွေးရတာပင် ဝမ်းရေးစပ်လှသည်။ မိဘအခက်အခဲကို သူတို့အခက်အခဲလောက် ထိပ်တင်ဦးချ မလုပ်တဲ့ အကောင်တွေ ဟု ခပ်ချဉ်ချဉ်ရေရွတ်ပြီးနောက် ထမင်းစားခန်းသို့ ဝင်လာလိုက်သည်။ အလတ်မ က မီးဖိုခန်းတာဝန်ကို ယူထားသည့်အတွက် အချိန်တန်ဝင်ကြည့်လိုက်၊ ထမင်းဟင်းတော့ ချက်ပြီးသား၊ ကျက်ပြီးသားပင်။
“အလတ်မ။ ဘာဟင်းချက်လဲ။”
“ငါးတစ်လုံးဟင်းနှင့် သုည ပတ် အဲ ငါးဟင်း၊ ဘူးသီးဟင်းခါး အဖေ။”
စပ်ဖြဲဖြဲနှင့် ရယ်ပြနေသော သည်ကောင်မကို ခပ်နာနာ အုပ်ထည့်လိုက်ချင်သည်။ သူက တစ်မျိုးတစ်ဖုံ ဒုက္ခပေးသေးသည်။ ဈေးဖိုး ငါးထောင်ပေးလိုက်လျှင် သုံးထောင်သာ အဖတ်တင်သည်။ ကျန်နှစ်ထောင်ကား ချဲဒိုင်သို့ ရောက်သွားသည်။ ကိုယ်မွေးထားသည့် မျောက်များက ခုထိ သူ့ကို ခြောက်ပြရုံကလွဲပြီး အုန်းသီးမခူးပေးသေး။ ထမင်းအသော့စားကာ ဘုရားပေါ်သို့ တက်လာလိုက်သည်။ ဆေးရုံကိုတော့ ညနက်မှ သွားတော့မည် ဟု စိတ်ကြံရွယ်လျှက်။
(ဃ)
အကြောင်းဖန်လာသောအခါ ဘုရားငွေမှန်း သိလျှက်နှင့် သူ ပစ်မှားမိပြီ။ ဘာမှ မတတ်နိုင်။ လောကီရေးရာ အရှုပ်အထွေး သပွတ်အူထဲမှ ရုန်းထွက် လွတ်မြောက်ကာ သတ္တဝါတို့အား ကြင်နာစွာ တရားပြသော မြတ်စွာ ဘုရားက သူအား ခွင့်လွတ်တန်ကောင်းပါရဲ့။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက မထင်မှတ်ပဲ ဆုံခဲ့ရသည့် သူငယ်ချင်း၏ စကားများက ပြန်ပေါ်လာသည်။ ဆယ်နှစ်နီးပါး မတွေ့ခဲ့သည့် သူငယ်ချင်းမှာ အရင်လို အခြေအနေမျိုးမဟုတ်တော့။ အပြောင်းလဲကြီး ပြောင်းလဲနေသော ငယ်သူငယ်ချင်းဖြစ်သူကို သူပင် မမှတ်မိနိုင်ခဲ့။ သူငယ်ချင်းက နုတ်ဆက်မှသာ မှတ်မိသည့်အဖြစ်။ တစ်ည သူနှင့် စေတီတော် ရင်ပြင်တွင် ထိုင်ပြီး စကားလက်ဆုံ ကျခဲ့သည်။
“မင်း ဂေါပကလုပ်နေတာလား။”
“အင်း။ ဘဏ္ဍာရေးမှူး ဆိုပါတော့။ မင်းရော အဆင်ပြေလား။”
“အေး။ ငါ့အကြောင်းက ထွေထွေထူးထူးမရှိပါဘူး။ သားသမီးတွေ ကောင်းလို့ အိုဇာတာကောင်းသွားတယ်ပေါ့ကွာ။ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။  ဒါနဲ့ နေပါဦး။  မင်း ဂေါပက လုပ်တာ လိပ်ပြာရော သန့်ရဲ့လား။”
“မင်း ဘာကို ဆိုလိုတာလဲဟ။”
“ဒီလိုလေ။ လူတွေက လူတစ်ယောက်ကို အကောင်းမြင်တာထက် အဆိုးကို အရင်မြင်တတ်ကြတယ် မဟုတ်လား။ ဘုရားရိပ်၊ တရားရိပ်မှာ နေပြီး ဘုရားကျွေးတာစား။ ဟိုလိုလေကွာ။ သားရေပေါ်အိပ် သားရေနား စား ဆိုပြီး အပြော မခံစေချင်ဘူး သိလား။ မင်းကိုတော့ ငါယုံပါတယ်။ ငယ်ကတည်းက မင်း ရိုးသား ထုံအ ခဲ့တာ ငါအသိဆုံး။”
“ဟေ့ကောင်။ ရိုးသားတယ် လုပ်စမ်းပါ။ ဘယ်နှယ် ထုံအတယ် ဆိုတာက ပါလားတာတုန်း။”
“အေးဟေ့။ တို့လည်း အသက်မငယ်တော့ဘူး။ အသက်ကြီးမှ တရားနီးရတယ်။ ဘဝကူးကောင်းအောင်လို့ဟေ့။”
သူငယ်ချင်းက ပြောလည်းပြော၊ ထလည်း ထထွက်သွားကား ဘုရားရှိခိုးနေလေပြီ။ ဦးသာရင် မှာ အတွေးနက်ကျန်ခဲ့ရ၏။ ဟုတ်သည်။ ငယ်စဉ်ကတည်းကအစ အစိုးရတာဝန်ထမ်းဆောင်စဉ်တစ်လျှောက် ရိုးသားသည် ဟုသော ဂုဏ်ပုဒ်ကို မပျက်မယွင်းအောင် ထိန်းသိမ်းခဲ့သည်။ သူတို့ခေတ် သူတို့အခါတုန်းက လစာလေးများဆိုလျှင် တစ်ရာမကျော်တတ်ပေ။ မိသားစု ငါးယောက်အတွက် ထိုငွေ ရှစ်ဆယ်၊ ကိုးဆယ်က လုံလောက်ခဲ့သည်။ အခုထိလည်း သတ်မှတ်ပေးထားသည့် ပင်စင်လစာလေးနှင့် လုံလောက်နေခဲ့သည်ဟု ထင်ခဲ့သည်လေ။
အခုချိန်မှာ သူငယ်ချင်း၏ စကားလုံးမှာ သူ့အတွက် လက်မခံနိုင်သော စကားလုံးများပင် ဖြစ်နေ၏။ စကားတိုင်းက သူ့ဆီချိန်ရွယ်ကာ ပစ်မှန်းနေသလို ခံစားနေရသည်။ လိပ်ပြာမလုံသော် အတိတ်ပါ မလုံ ဖြစ်နေသည့် သူမှာ နောက်ထပ်တစ်ချီ ချွေးများ သီးလာပြန်သည်။
(င)
ခွဲခန်းဝင်ပြီး သတိကောင်းစွာ ရလာပြီ ဖြစ်သော ဇနီးသည်ကို ဦးသာရင် ငေးကြည့်နေသည်။ အခုမှ မျက်နှာကလေး လန်းရွင်သွားသည်ဟု သူထင်မိသည်။ ခွဲစိတ်ခ၊ ဆေးဖိုးဝါးခ သွင်းနေစဉ်ကလည်း သူ စိတ်လက်ချမ်းသာခဲ့ပါသည်။ သြော်…. တကယ်လည်း ချမ်းသာခဲ့ပါ၏။ ငွေများ ဗုံးပေါလအော သုံးချလိုက်သည်ကို သားကြီးရော၊ သမီးလတ်၊ သမီးငယ်များပါ အံ့သြကုန်သည်။ သည်ငွေ ဘယ်က ရသည်ပေါ့။
“အဖေ့သူငယ်ချင်းဆီက ချေးလာတာ။”
သူ့စကားတွင် လိမ်ညာခြင်း တစိုးတစီမှမပါ။ သူ လိပ်ပြာသန့်စွာ ပြောချလိုက်ပါသည်။ မျက်နှာငယ်မှာထက် ဂုဏ်သိက္ခာ မပျက်မယွင်းဖို့သာ အဓိကမဟုတ်ပါလား။
“အဖေ။ အဖေ့သူငယ်ချင်းဆီမှာ သားကိုလည်း နည်းနည်းပြောပေးပါလား။ ဆိုင်လည်ပတ်ဖို့က အရင်းအနှီးထည့်စိုက်မှ ရတော့မယ်။”
သားကြီးကို စိတ်ပျက်စွာ စိုက်ကြည့်လိုက်သည်။ ကိုယ်အိုး ကိုယ့်အိမ်နှင့် နေလာသည့် သက်တမ်းတစ်လျှောက်လုံး အဖေဖြစ်သူက တောက်လျှောက် လိုက်ကြည့်နေရသည့်အဖြစ်။ သူ့အစား ဦးသာရင် ရှက်မိပါ၏။ အချိန်တိုင်း လက်ဖြန့်တောင်းနေတတ်သော သူ့သားသမီးများ သိတတ်လာမည့် အချိန်ကို မမျှော်လင့်ချင်တော့ပါ။ သို့ကြောင့် ခပ်ကြမ်းကြမ်းပင် ပြောပစ်လိုက်မိသည်။
“သားကြီး။ မင်းလည်း မင်းဘဝနဲ့ မင်းအခြေအနေနဲ့။ မိဘကို ထပ်ပြီး အပူဒုက္ခတွေ မပြောပါနဲ့တော့လား။ တို့လည်း အသက်ကြီးပြီ။ မင်းတို့ ကိစ္စတွေနဲ့ လိုက်ပြီး မပူပေးချင်တော့ဘူး။ အမှန်ပြောရရင် မင်းတို့ဆီက မရှက်မကြောက် လုပ်ကျွေးစာလေးကို မျှော်လင့်နေမိသေးတယ်။ အခုတော့ သိပြီ။ နောက်နောင် ဘာကိစ္စပဲဖြစ်ဖြစ် မင်းတို့ဆီက အကြံအဥာဏ်ရော၊ ပိုက်ဆံရော မယူရဲတော့ဘူး။ ယူပြီးရင်လည်း လိပ်ပြာသန့်သန့် မစားရဲတော့ဘူး။ ပြီးတော့ မင်းတို့ သိအောင် ငါပြောရဦးမယ်။ ငါ ဘုရားဂေါပက လုပ်တုန်းမှာ မင်းအမေက ဆေးရုံတက်ရတယ် မဟုတ်လား။”
“အေး။ ခွဲစိတ်ခ အတွက် ကြံရာမရတဲ့ အဆုံး ငါဘုရားငွေကို ခိုးဖို့ စိတ်ကူးလိုက်သေးတယ်။  မဟုတ်ဘူး။ အိတ်ထဲတောင် ထည့်နှင့်ပြီးပြီ။ ငါ့ဘဝတစ်လျှောက် ရိုးသားစွာ၊ ကိုယ်မှန်တာ ထင်တာပဲ လုပ်လာခဲ့တယ်။ မနေ့တနေ့က တဒင်္ဂမိုက်မိတဲ့ အမိုက်မှောင်လေး မလာခင်အထိပေါ့။ ဒါပေမယ့် ငါရုန်းထွက်နိုင်ခဲ့ပါတယ်။ ဘုရားငွေတွေ ပြန်ထားပြီး သူငယ်ချင်းတစ်ယောက်ဆီမှာ အောက်ကျို့ခံ ငွေချေးလိုက်တယ်။ ဒီငွေတွေက ငါပြန်ဆပ်ရမယ့်ငွေတွေ။ အချိန်မရွေးပြန်ဆပ်လို့ရတယ်။ မသေမချင်းပေါ့။ မင်းတို့ဆီက လျှာပဲ မြက်မပေါက်ခံပြီး မစားတော့ပါဘူး။ ကဲ…ကဲ။ ဒီကနေ့က စပြီး ကိုယ့်လမ်း ကိုယ်လျှောက်ကြကွာ”
သားကြီး မျက်နှာ စူပုပ်ကာ ခြေဆောင့်ထွက်သွားသည်။ စိတ်မကောင်းသော်လည်း ဘာမှမတတ်နိုင်။ ဦးသာရင် မိန်းမဖြစ်သူကို လှည့်ကြည့်လိုက်၏။ သူ့လက်ကို ဖျစ်ညစ်ကာ ပြုံးပြနေသော မိန်းမကို ပြန်လည် ပြုံးပြကာ အားတင်းပေးလိုက်သည်။
“ငါမမှားပါဘူးနော်။”
“ရှင်မမှားပါဘူး။ ကျွန်မတို့ ကလေးတွေ လူလား မမြောက်သေးလို့ပါ။”
“ဘိုးဘိုး။ မုန့်ဝယ်စားဖို့ ပိုက်ဆံပေးပါ။”
ဟော။ သည်အဘိုးအချစ် မြေးအနှစ်ကလေး အား ခပ်စူးစူး စိုက်ကြည့်လိုက်ပြီး တစ်ရာတန်တစ်ရွက် ထုတ်ပေးလိုက်သည်။ အခန်းအတွင်းမှာ လူနာ၏ နွမ်းလျလျ ရယ်သံ၊ သမီးငယ်၏ သူ့သမီးကို ချစ်စနိုးမာန်မဲသံ၊ သူ့ရယ်သံ ဟိန်းဟိန်းကြီးများက ရောထွေးပျံ့နှံ့နေတော့၏။

ပျူမခ(ကော့သောင်း)

သဘာဝနဲ့ ဖီလာဆန့် ကျင်ဖြစ်တဲ့ အနုပညာ



၁၉၃၇ ခုနှစ်ထဲက နွေရာသီတနေ့ မှာ ဟစ်တလာသဘောအကျဆုံး အနုပညာရှင် အဒေါ့လ်ဖ်  ဆီအဲ့ဂလာ Adolf Ziegler ဟာ "ရိုင်းအနုပညာ ရှင်များအသင်း Reich Chamber of Fine Arts" မှာ အသင်းဥက္ကဌတယောက်အနေနဲ့  အနုပညာသမိုင်းနဲ့ ပါတ်သက်ပြီး မိန့် ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။
"ငါတို့ တွေရဲ့ ပတ်ပတ်လည်မှာ အရုပ်ဆိုးအကျည်းတန်မှုတွေပြည့်နှက်နေတာတွေ၊ ရုန့် ရင်းကြမ်းတမ်းမှုတွေ၊ ဒုက္ခိတတွေ၊ အင်အားယုတ်လျော့လာနေတာတွေ ပြည့်နှက်နေကြတယ်။ ဒီပွဲကို ကြည့်ခဲ့ရတဲ့ လူအားလုံးဟာ ခါးခါးသည်းသည်းနဲ့  အကြီးအကျယ် ဒေါသထွက်ခဲ့ ကြတယ်" လို့ ထည့်ပြောသွားခဲ့ပါတယ်။ (၁၉၃၇ ခုနှစ်ထဲမှာ မော်ဒန်အနုပညာတွေကိုစိတ်ဝင်စားတဲ့ နာဇီပါတီဝင် ဂျူလီယန် ဘရင်း Julien Bryan က ဂျာမဏီနိုင်ငံ မြူးနစ်မြို့ မှာ ‘Entartete Kunst’ လို ခေါ်တဲ့ 'လူမျိုးတုန်းစေတဲ့အနုပညာ' လို့ခေါ်တဲ့ အနုပညာပြပွဲတခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ နာဇီဂျာမန်တွေ သိမ်းယူထားခဲ့တဲ့ ပန်းချီကားတွေ၊ ပန်းပုရုပ်တွေ၊ ပုံနှိပ်ပန်းချီစာအုပ်တွေကို ပြသထားခဲ့ပါတယ်။ ပြသတာတွေထဲမှာ ၂၀ ရာစုနှစ် အနုပညာရှင်တွေဖြစ်တဲ့ မာ့က် ချာဂဲလ် Marc Chagall၊ ၀ါဆီလီ ကန်ဒင်စကီး Wassily Kandinsky၊ ပေါ်လ် ကလီး Paul Klee၊ အေမီလ် နိုးလ်ဒ် Emil Nolde၊ ဂျော့ ဂရို့စ် Georg Grosz နဲ့ အန့်စ် လုဒ်ဝစ် သျှီနာ Ernst Ludwig Kirchner တို့ရဲ့ လက်ရာတွေကို ပြသခဲ့ပါတယ်။ (ဘာသာပြန်သူ့ ဖြည့်စွက်ချက်။)

ပြခန်းထဲမှာ ညစ်ပတ်ပေရေနေတဲ့ ပလာစတာရုပ်တုတွေနဲ့ ပြည့်ကြပ်နေတာကြောင့် ရှေးဟောင်းဗိသုကာကျောင်းတော်တခုလိုမျိုးပါပဲ။ အဲဒီ့ပြခန်းဟာ မြူးနစ်မြို့ လယ်က ဟော့ဖ်ဂါတဲန်း Hofgarten လမ်းမှာရှိတဲ့အတွက်၊ ခေတ်ပေါ်ပန်းချီ၊ ပန်းပုပညာရှင်တွေဖြစ်ကြတဲ့၊ အမျိုးသားဆိုရှယ်လစ်ပါတီရဲ့ ၀ါဒသဘောတရားတွေကို အမြဲဝါဒဖြန့် ပေးနေခဲ့တဲ့ အနုပညာရှင်တွေဖြစ်ကြတဲ့ ၀ါဆီလီ ကန်ဒင်စကီး၊ ပေါ်လ် ကလီး နဲ့  အန့် စ် လုဒ်ဝစ် သျှီနာ တို့  ကို ဖိတ်ခေါ်ပြီး ဟောပြောပွဲလိုမျိုးတွေလုပ်လေ့ရှိတဲ့အတွက် လာရောက်ကြတဲ့ ဧည့်သည်တွေအတော်များများ လာရောက်လေ့ရှိကြပါတယ်။ အဲဒီမှာ ပြခန်းနဲ့ ပါတ်သက်တဲ့ ကက်တလောက်တွေ၊ ဘာတွေတော့ မရှိပေမယ့် ၀ါဒဖြန့် ကြွေးကြော်သံတွေ၊ အများစုကတော့ ဂျူးဆန့် ကျင်ရေးလှုံ့ ဆော်မှု တွေဖြစ်ပြီး နံရံတွေပေါ်မှာ ရေးသားသွားခဲ့ကြတာပါ။

လမ်းတွေပေါ်မှာ တပ်ဦးတေးသံတွေလွင့်ပျံနေပြီး ဂျာမန်ပြည်သူလူထုကြီးကလည်း လမ်းမတွေပေါ်ကနေ လက်တွေဝှေ့ယမ်းပြသနေကြပါတယ်။ အဲဒီ့ပြခန်းကို လေးလလောက်ဖွင့်လှစ်ပြသထားခဲ့တာပါ။ တရက်ကို စုစုပေါင်း ဧည့်ပရိတ်သတ် ၂ သောင်းကနေ ၂၄ ၀၀၀ (၂ သောင်း လေးထောင်) လောက် အထိ လာရောက်ခဲ့ကြတယ်လို့  သိရှိရပါတယ်။ လာတဲ့ထဲမှာ တချို့ဟာ နာဇီပါတီက အဓမ္မလာခိုင်းတဲ့အတွက် အနုပညာသမိုင်းပညာရှင် တွေ၊ သုတေသီတွေ လာရောက်ခဲ့ကြတာလို့ လူအများကယူဆနေကြတာပါ။ အဲဒီလောက်အထိ လူတွေလာကြတယ်ဆိုရင်တောင် ဂျူးလူမျိုးတုန်း စေချင်သူတွေဖြစ်ပြီး ပေါ်ပြူလာဖြစ်ချင်နေသူတွေပဲဖြစ်ကြပေလိမ့်မယ်။ မြူးနစ်မြို့ မှာ ပြပွဲပိတ်ပြီးတဲ့နောက်ပိုင်း ပြပွဲတွေကို ဘာလင်၊ ဒူဇယ်လ်ဒေါ့ဖ်၊ ဖရင့်ဖတ်၊ ဟမ်းဘတ်နဲ့  လိုက်ပဇစ် မြို့ တွေနဲ့  သြစတြီးယားနိုင်ငံက ဆားလ်ဘတ်ဂ် နဲ့  ဗီယင်နာမြို့ တွေထိ သွားရောက်ပြသခဲ့ရပါတယ်။

ဘယ်အနုပညာက အကောင်းဆုံးလဲလို့  ဂျာမန်တွေကို မေးတဲ့အခါ၊
ဘယ်အနုပညာက အစိုးရတွေအပေါ် သြဇာအရှိဆုံးလဲလို့ မေးကြည့်လိုက်စမ်း ပါ။
ဘယ်သူတွေက အသက်ရှင်ပြီး ဘယ်သူတွေက သေကြေကြလဲလို့  မေးကြည့်လိုက်စမ်းပါ"
ဘယ်လိုလူတွေက ဘယ်လိုလူတွေကို ဘယ်လိုအုပ်ချုပ်ရမလဲလို့ မေးကြည့်လိုက်စမ်းပါ။
ဘယ်ဘာသာတရားက ဘယ်ဘာသာတရားအပေါ် ဘယ်လိုကျင့်သုံးဆက်ဆံလဲလို့ မေးကြည့်လိုက်စမ်းပါ။” လို့  အမေရိကန် စီးပွားရေးသမားတယောက်လည်းဖြစ် နယူးယောက်မြို့ က "နျူး ပြခန်း Neue Galerie" ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ရော်နယ်လ် လောက်ဒါ Ronald Lauder က ပြန်လှန်မေးခွန်းထုတ်ခဲ့ပါတယ်။ "နျူး ပြခန်း Neue Galerie" မှာ အဓိက ပြသခဲ့တာဟာ 'လူမျိုးတုန်းစေတဲ့ အနုပညာ၊ ၁၉၃၇ ခုနှစ်အတွင်း နာဇီဂျာမဏီက ခေတ်ပေါ်မော်ဒန်အနုပညာကို ထိုးနှက်ခြင်း Degenerate Art: The Attack on Modern Art in Nazi Germany, 1937 လို့ ခေါ်တဲ့ ပြပွဲကို ဒီလထဲမှာ ပြသပါလိမ့်မယ်။
အဲဒီပြပွဲကို မီးရောင်မှိန်မှိန်လေးပဲ ထွန်းပေးထားမှာပါလို့ ပြပွဲကြီးကြပ်ရေးမှူး အိုလက်ဖ် ပီတာစ် Olaf Peters ကပြောပြပါတယ်။ ဟစ်တလာ ငယ်ရွယ်စဉ်အကြောင်းကိုပြတာ ၁၀ မိနစ်ထက်တောင် လျော့နည်းပါသေးပေမယ့် နာဇီပါတီရဲ့ ၀ါဒဖြန့် ချိရေးမှူးဖြစ်တဲ့ အိတ်စ်ပရက်ရှင်းဝါဒီ ဂျိုးဆက်ဖ် ဂိုအဲဘယ်လ် Joseph Goebbels အကြောင်းကို အဓိကပြသမှာပါ။ သူ့ အကြောင်းကို ပြသတာက တလထက်တောင်ကျော်ပါသေး တယ်။ တလကျော်ထဲမှာ အလောတကြီးလက်လွတ်ဆံပယ်လုပ်တာကများပါတယ်။

ဒီနေ့ ခေတ်မှာ အခုပြပွဲရဲ့ ရိုက်ခတ်မှုတွေဟာ အများကြီးပါပဲ။ မြူးနစ်မြို့ ကပြပွဲအပြီး တနှစ်အကြာထိ နာဇီဝါဒီကော်မရှင်ဟာ ဂျာမန်ရိုးရာပုံပြင်ထဲက ၁၈၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ မှာ အာလ်တိုနာ မြို့ မှာမွေးဖွားပြီး ၁၉၀၁ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ မှာ ကွယ်လွန်သွားခဲ့တဲ့ ကော်နဲလီယပ်စ် ဂူအာလစ် Cornelius Gurlitt ကအသုံးပြုခဲ့တဲ့ အနုပညာနည်းနာတွေဟာ လူသားတွေကိုမျိုးသုဉ်းစေနိုင်တယ်လို့ သတ်မှတ်ခံခဲ့ရတာဖြစ်ပါ တယ်။ မနှစ်တုန်းက ဂျာမန်အာဏာပိုင်တွေက နာဇီတွေဖန်တီးခဲ့တဲ့ ထောင်သောင်းချီတဲ့ အနုပညာလက်ရာတွေကို အိုမင်းဟောင်းနွမ်းနေတဲ့ မြူးနစ်မြို့က ကော်နဲလီအုစ် ဂူအာလစ် ရဲ့ သားပိုင်ဆိုင်တဲ့ အပတ်မင့်တခုမှာ သိမ်းဆည်းထားခဲ့တယ်လို့ သိရှိရပါတယ်။

နာဇီဂျာမန်တွေ သိမ်းဆည်းထားတဲ့ အနုပညာပစ္စည်းများ

ဂျူးလူမျိုးတုန်းအနုပညာပြပွဲဟာ ၁၉၃၇ ခုနှစ်တုန်းက ဂျာမဏီနိုင်ငံ မြူးနစ်မြို့ မှာ ကျင်းပတုန်းကလောက် နာမည်မကြီးတော့ပေမယ်လို့ အခုအထိ နာမည်ဆိုးနဲ့ ကျော်ကြားနေဆဲဖြစ်ပါတယ်။ ဟစ်တလာသဘောအကျဆုံး အနုပညာရှင် အဒေါ့လ်ဖ်  ဆီအဲ့ဂလာ က အနုပညာသမိုင်းနဲ့ ပါတ်သက်ပြီး မိန့် ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၁၈ ရက်နေ့ ကပြောခဲ့တဲ့မိန့် ခွန်းထဲမှာ ခေတ်ပေါ်အနုပညာတွေကို ခါးခါးသည်းသည်း ဆန့် ကျင်ခဲ့ တာဖြစ်ပါတယ်။ ဟစ်တလာကလည်း ကြီးကြယ်မြင့်မြတ်တဲ့ အဖဂျာမဏီနိုင်ငံတော်ရဲ့ အနုပညာပြပွဲ Great German Art Exhibition လို့  ခေါ်တဲ့ ပြပွဲတခုကို မြူးနစ်မြို့ က ဂျာမန်အနုပညာဌာန Haus der Deutschen Kunst (House of German Art) အနီးမှာပြုလုပ်ပေး ခဲ့ပါတယ်။ အဲဒီ့လို ပြုလုပ်ပေးခဲ့တာကို တတိယရိုင်းခေတ် Third Reich ခေတ်သစ်ဂန္တ၀င်အနုပညာတွေကို ပြန်လည်စုဆောင်းခြင်းလို့  လူအများ က နာမည်ပေးခဲ့ကြတာပါ။ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၄ ခုနှစ်အတွင်း နာဇီပါတီကထောက်ခံပေးထားတဲ့ ပန်းချီအနုပညာရှင်တွေရဲ့ အနုပညာလက်ရာ တွေ အဓိကပါဝင်တဲ့ အဲဒီလို တတိယရိုင်းခေတ်ရဲ့ ခေတ်သစ်ဂန္တ၀င်အနုပညာရှင် ၂၅၀၀ လောက်ဟာ ပါဝင်ပြသခဲ့ကြပါတယ်။ ဂျူးလူမျိုးတွေပျက် သုဉ်းရေး အတွေးအခေါ်ဟာ နာဇီတွေရဲ့ ဂျူးလူမျိုးတွေကိုမလိုမုန်းတီးမှုအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာခဲ့တာပါ။ နောက်ပြီး သူတို့  သဘောကျနှစ် ခြိုက်တဲ့ အနုပညာတွေနဲ့  အစားထိုးခဲ့ကြတာဖြစ်ပါတယ်။

အနုပညာတွေဟာ ဘယ်လိုဖြစ်လာကြလေမလဲ။ "အခုလိုဖြစ်လာတာက ၁၉ ရာစုနှစ်ရဲ့ သဘာဝတ္တဗေဒနဲ့  ခေတ်သစ်ဂန္တ၀င်ဝါဒတွေရဲ့ ပန်းချီဆွဲ မကျွမ်းကျင်မှုတွေကြောင့်နဲ့ မူရင်းပန်းချီတွေကို သတင်းစာတွေထဲမှာ ထပ်ခါထပ်ခါအသုံးပြုနေခဲ့ကြတာတွေကြောင့်လို့ ပြောဆိုနေကြပါတယ်" လို့  အိုလက်ဖ် ပီတာစ် က ပြောဆိုခဲ့ပါတယ်။ GDK လို့ ခေါ်တဲ့ ဂျာမန်အနုပညာဌာနမှာတောင် သူစုဆောင်းထားတဲ့ အနုပညာတွေကို ပြသတော့မှာလို့ ပြောကြားခဲ့ပါတယ်။ ပြသမှာတွေထဲမှာ ဟစ်တလာ အယုံကြည်ရဆုံး နာဇီပါတီဝင် အဒေါ့လ်ဖ်  ဆီအဲ့ဂလာ Adolf Ziegler ရဲ့လက်ရာတခုလည်း ဖြစ်တဲ့ ၁၉၃၇ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ အရာဝတ္ထုလေးမျိုး The Four Elements (1937) ဆိုတဲ့ ပန်းချီကားလည်းပါဝင်မယ်လို့ သူက ဆက်ပြော ပြခဲ့ပါတယ်။ အဲဒီ့ပန်းချီကားကို ဟစ်တလာက မြူးနစ်မြို့ က သူ့ အိမ်ရဲ့မီးလင်းဖိုကြီးအပေါ်မှာ နှစ်တွေအများကြီးချိတ်ဆွဲထားခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ့ပန်းချီကားဟာ နာဇီဂျာမဏီအကြောင်းပြောရင် မပါမဖြစ်တဲ့ အချက်သုံးချက်ထဲက တချက်ဖြစ်ပါတယ်။ အဲဒီ့ ပန်းချီကားဟာ မီး၊ ရေ၊ မြေ နဲ့  လေ တို့  ကို ကိုယ်လုံးတီး အမျိုးသမီးလေးယောက်နဲ့ခိုင်းနှိုင်းရေးဆွဲထားတာဖြစ်တယ်လို့သိရှိရပါတယ်။ ဟစ်တလာကိုယ်တိုင်နှစ်သက်သဘောကျတဲ့ နော်ဒစ်နိုင်ငံ (နော်ဝေနိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ ဖင်လန်နိုင်ငံနဲ့ ဒိန်မတ်နိုင်ငံ) တွေရဲ့ ၀စ်လစ်စလစ်ပုံတွေကို ခံစားမှုအတိအကျပေါ်အောင်ဖေါ်နိုင်ဖို့အတွက် ပန်းချီအနုပညာရှင်တွေက အသေးစိတ်လေ့လာခဲ့ကြရတယ်လို့ ဆိုပါတယ်။

"ဟစ်တလာစုဆောင်းထားခဲ့တဲ့ နာဇီတွေရဲ့ အကောင်းဆုံးအနုပညာလက်ရာတွေ ကျနော်တို့ ရရှိထားပါပြီ။ အနုပညာသမိုင်းထဲမှာ နာဇီအနုပညာရှင် တွေ ရှိခဲ့ဖူးတာကို လူတွေယုံကြည်ကြမှာ မဟုတ်ဘူး။ [ပန်းပုပညာရှင် အာနို] ဘရက်ကာ၊ [ပန်းချီပညာရှင် အဒေါ့လ်ဖ်] ဗီဆယ်လ်၊ ဆီအဲ့ဂလာ အပါအ၀င် လက်ရာအတော်အသင့်ကောင်းပေမယ့် လူသိမများလှတဲ့ အနုပညာလက်ရာရှင်တွေ အပါအ၀င်ပါပဲ" လို့  ခေတ်ပေါ်မော်ဒန်အနုပညာကို ထိုးနှက်ခြင်း Degenerate Art: The Attack on Modern Art in Nazi Germany, 1937 လို့ ခေါ်တဲ့ ပြပွဲကို ဦးစီးကျင်းပပေး ခဲ့သူ အိုလက်ဖ် ပီတာစ် Olaf Peters ကပြောပြပါတယ်။

GDK လို့ ခေါ်တဲ့ ဂျာမန်အနုပညာဌာန နှစ်ပတ်လည်အခမ်းအနား မိတ်ခွန်းထဲမှာ ဟစ်တလာက "သစ်လွင်တဲ့ တကယ့်ဂျာမန်အနုပညာ" လို့  ထည့်သွင်းပြောကြားသွားပါတယ်။ "အခု ဖွင့်ပွဲ အခမ်းအနားဟာ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ဂျာမန်အနုပညာကို ကျုပ်တို့ လူတွေကိုယ်တိုင်က ဖျက်ဆီးပစ် ကြရမှာပေါ့။ အခုကစပြီးတော့ ကျုပ်တို့ ဟာ ကြမ်းကြမ်းတမ်းတမ်းပြောဆိုဆက်ဆံပြီး ယဉ်ကျေးမှုကိုဖျက်လိုဖျက်ဆီးလုပ်တာတွေကို အပြီးသတ် နိဂုံးချုပ်လိုက်ကြရတော့မှာပါ" လို့ဆက်ပြောသွားခဲ့ပါတယ်။ သူ့စကားလုံးတွေဟာ တကယ့်သံမဏိတမျှ မာကြောခက်ထန်နေပါတယ်။ နောက်နှစ် လည်းရောက်ရော GDK ဟာ အပေါ်ယံကနေ သကာရည်လောင်းပြီး ခေတ်ပေါ်မော်ဒန်အနုပညာတွေကို ဘယ်တော့မှမထွန်းကားစေဖို့ တင်းတင်း ကြပ်ကြပ် ဖိနှိပ်ထားလိုက်ပါတယ်။ နောက်ဆုံးလည်းရောက်ရော ဂျာမန်အနုပညာဌာန Haus der Deutschen Kunst (House of German Art) ဟာ မြူးနစ်မြို့ လယ်က ဟော့ဖ်ဂါတဲန်း Hofgarten လမ်းမှာ တတိယရိုင်းခေတ်ရဲ့ ခေတ်သစ်ဂန္တ၀င်အနုပညာတရပ်အဖြစ်ပျံ့ နှံ့  ကြီးထွားသွားခဲ့ပါတယ်။

မောင်ဖေသက်နီ
၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့ ထုတ် ဘီဘီစီ အနုပညာဆိုင်ရာ ၀က်ဘ်ဆိုက်မှာ အလက်စတဲ ဆူကဲ Alastair Sooke ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။

ညဦးယံ



ရေချိုးပြီး ဧည့်ခန်းကိုထွက်လာတော့ မိုးငွေ့အရိပ်အသက်ပါသည့် လေအေးက ခပ်သဲ့သဲ့ တိုက်ခတ် နေ တာ သတိပြုမိသည်။ မိုးနှောင်းကာလပေမယ့် အစိုးမရသောမိုးကြောင့် ရွာတော့မှာလားမသိဟု ကြောင့်ကြစိတ် နှင့် ကောင်းကင်ကို မော့ကြည့်မိသည်။ မှိုင်းညို့မနေသော်လည်း သိပ်ကြည်ကြည်စင်စင်တော့ မရှိလှ။
မိုးရွာလျှင် ဘယ်လိုနေမှာပါလိမ့်။
ပြတင်းတံခါးကိုမီရပ်ရင်း ပတ်ဝန်းကျင်ကို တစေ့တစောင်းအကဲခတ်နေမိသည်။ ဒီ ၀န်းကျင်သည် မိ အတွက် အစိမ်းသက်သက်ပင်။ သွားလာလှုပ်ရှားနေသူတို့ကို ကြည့်ရသည်မှာ သက်တောင့်သက်သာ ရှိလှ သည်။ လမ်းမထက်ဝယ် အသွားအလာလည်း ပျားပန်းခတ်လှုပ်ရှား၍ မနေ။ ရုံးအပြန်၊ ကျောင်းအပြန် ခြေလှမ်း တို့ကို အများဆုံးတွေ့ရသည်။ ဈေးဆွဲခြင်းဆွဲလာသည့်သူတို့ကိုလည်း တွေ့ရသည်။ ဒီ အနီးအနားမှာပဲ ညနေ ဈေးရှိသည်ထင်သည်။ မိ တော့ သေချာမသိသေး။ နောက်များတော့ မေးမြန်းရဦးမည်။ ခွင့်ရက်ရှည်ကုန်သွား လျင် မနက်စောစောသွားရမည့် လုပ်ငန်းတာဝန်တို့အတွက် ညနေဈေးက ပိုအဆင်ပြေပေလိမ့်မည်။
ကြည့်စမ်း မိ သည် ချက်ချင်းလက်ငင်း လူကြီးသူမတစ်ယောက်နှယ် ဖြစ်သွားပါရောလား။ တစ်ကိုယ် တည်းတွေးမိရင်း ပြုံးမိပြန်သည်။ ဒီလို ရှေ့နောက်စီကာစဉ်ကာတွေ မစဉ်းစားတတ်ခဲ့တာ ကျန်ခဲ့သော သက် တမ်းတလျောက်ပင်။ ယခုတော့ မိ သည် ယခင်က မိ မဟုတ်တော့ပြီ။ မေမေက ‘လိမ်မာလိုက်တာ သမီးလေး ရယ်’ ဟု ခပ်တိုးတိုးဆိုကာ မိ နဖူးပြင်ကို ဖွဖွနမ်းခဲ့သေးသည်။ ထိုအနွေးဓာတ်သည် ယခုတိုင်ကျန်ရှိဆဲလို ခံစား မိသည်။
မိ သည် လိမ်မာပြီထင်သည်။
******
ဆောင်းဝင်ကာစမို့ပေလားမသိ။ ညနေခင်းက လျင်မြန်စွာမှောင်ရိပ်ဆင်သွားသည်။ နီယွန်မီးရောင်စုံဖြင့် ပတ်ဝန်းကျင်မှာ အသားကျခဲ့သော မိ သည် တိတ်ဆိတ်ငြိမ်သက်သွားသောဝန်းကျင်ကို ယောင်ကန်းကန်းလေး ငေးကြည့်နေသည်။ ရောင်းဝယ်ဖောက်ကားသော သူတို့မရှိ၊ ကားတ၀ီဝီတို့မရှိ။ အသံစာစာအော်မြည်သံတို့မရှိ။ တစ်နေ့တာ လုပ်ငန်းခွင်များဆီမှ ပြန်လာ၍ အနားယူနေကြသော ပတ်ဝန်းကျင်ကအေးချမ်းငြိမ်သက်လျက် တစ်မျိုးတော့ နှစ်လိုဖွယ်ကောင်းလှသည်။
မိ ကြီးပြင်းခဲ့ရာသည် လူစည်ကားသောမြို့လယ်ခေါင်မှကန်ထရိုက်တိုက်ခန်းများသာ ဖြစ်သည်။ တိုက် ခန်းနှစ်ခန်းတွဲကို ယူကာအလယ်တံတိုင်းကို ဖြိုစေလျက် အိမ်အသွင်ဖန်တီးပေးခဲ့သော ဖေဖေကြောင့် မိ တို့ တွေနေရတာ ကျဉ်းမြောင်းကြပ်တည်းလှသည်တော့ မဆိုသာပါ။ ဖေဖေနှင့်မေမေက အိပ်ခန်းကျယ်တစ်ခန်း။ မိ တို့ မောင်နှစ်မသုံးယောက်က တစ်ယောက်တစ်ခန်းနှင့် စုစုပေါင်း အိပ်ခန်းလေးခန်းဖွဲ့စည်းနိုင်ကာ မီးဖိုခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ဧည့်ခန်းတို့နှင့် သက်တောင့်သက်သာအိမ်တော့ မည်ခဲ့သည်ပင်။
သို့ပေမယ့် လေးလွှာတွင်ရှိသော မိ တို့ တိုက်ခန်းအထိ လမ်းမထက်မှပျားပန်းခတ်အသံတို့က အစဉ် ပျံ့ လွင့်လို့လာလေ့ရှိတတ်သည်။ ပြတင်းတံခါးဖွင့်ကြည့်လျင် ကားတ၀ီဝီ၊ အသံတစီစီတွေ မြင်၊ တွေ့၊ ကြားရမှာပင်။ မိ နေသော မြို့တော်သည်အိပ်မှအိပ်ကြပါလေစ ဟုပင် အတွေးရောက်ခဲ့မိသေးသည်။ သန်းခေါင်ယံ တရေးနိုး ထကြည့်လျင်လည်း လမ်းမသည်ယခင်နှယ်။ မနက်စောစောအာရုံတက်ချိန်လည်း ဒီ အတိုင်းသွားလာမပြတ် ရှိ လှသည်။ သဘာဝအလင်းရောင်မှိန်ဖျော့တာနှင့် တောက်ပတာသာကွာမည်။ နီယွန်မီးရောင်ကတော့ ထိန်ထိန် သာတောက်ပပေးလျက်ပင်။
ဒီလိုဝန်းကျင်မှာ နှစ်ပေါင်း နှစ်ဆယ့်သုံးနှစ်ရှင်သန်ခဲ့သော မိ သည် ယခုကာလကို ငေးမောမင်တက် လျက် ဘာရယ်မသိသောခံစားချက်ကို တသိမ့်သိမ့်ခံစားလျက်ရှိသည်။ တကယ်တော့ ၀န်းကျင်အပြောင်းအလဲ က မိ ကို ခံစားငေးမောစေသည်လား။ ညနေခင်းဆီက အပြောင်းအလဲတစ်ခုက ခပ်လှပ်လှပ်ခံစားမိစေသည် လား။ မိ သေချာရေရာစွာမသိ။
မိ အတွက်တော့ အရာအားလုံးကစိမ်းသက်နေသည်ပင်။ မိ ရှုရှိုက်လိုက်သော လေထုကစိမ်းသက် သည်။ မိ ငေးမောသော ပစ္စက္ခ၀န်းကျင်က စိမ်းသက်သည်။ မိ ရပ်တည်နေသောကြမ်းပြင်က စိမ်းသက်သည်။ မိ ထိုင်ရန်စိတ်မကူးမိသေးသော ဆိုဖာထိုင်ခုံတွေက စိမ်းသက်သည်။ ပြတင်းတံခါးမှ အသစ်တပ်ဆင်ထားသော မွှေးရနံ့တစ်မျိုးပါသည့် ခန်းဆီးစက စိမ်းသက်သည်။ အိမ်ရှေ့လမ်းမနှင့် သိပ်မကွာဝေးသော ခြံထဲမှ ပန်းရောင်စုံ လှလှလေးများက စိမ်းသက်သည်။ ဆိုရလျင် ပတ်ဝန်းကျင်တစ်ခုကိုမဆိုထားနှင့် တစ်အိမ်လုံးကိုပင် စေ့ငှစွာ သေချာကြည့်ရသေးခြင်း မရှိသေး။ ရေချိုးပြီးအ၀တ်လဲစဉ်ကပင် အိပ်ခန်းကို မိ သည် သေချာစေ့စေ့ မကြည့် ဖြစ်ခဲ့။
စင်စစ်တော့ မိ သည် အပြောင်းအလဲကိုသိရှိရမှာ ရှက်ရွံ့နေသလိုပင်။ ဘ၀ကနှစ်ပိုင်းရှိသည်ဆိုလျင် မိ ၏ ပထမတစ်ပိုင်းကကျန်ရစ်ခဲ့ပြီ။ ဖေဖေနှင့် မေမေ၏ အိမ်မှာ ကလေးဆန်သော၊ တဇွတ်ထိုးဆန်သော မိ က ကျန်ရစ်ခဲ့ပြီ။ ယခု မိ ကတော့ ဘ၀တစ်ခုကိုစတင်ရတော့မည့် မိ သာ။ မိ ဘ၀တလျောက်လက်တွဲသွားရမည့် သတို့သားကိုပင် သေချာစွာမရင်းနှီးမကျွမ်းဝင်သေး။ ထို ထို သောအတွေးများနှင့် မိ သည် ဘ၀အစကိုစိုးရွံ့နေ သည်လား။ ဘာရယ်မမှန်းဆနိုင်သော စိုးထိတ်မှုနှင့် သက်ပြင်းဖွဖွတစ်ခုကိုသာ ချဖြစ်သည်။
******
လေအေးတစ်ချက်အဝှေ့နှင့်အတူ မိုးစက်မိုးမှုန်အချို့က မိ မျက်နှာကိုထိခတ်တော့ အပြင်ကိုအလန့် တကြားကြည့်ဖြစ်သည်။ မိုးရွာစ ပြုနေပြီ။ ရာသီဥတုမမှန်တော့သော ကမ္ဘာမြေသည် ဆောင်းရယ်၊ မိုးရယ် မပီ ပြင်လှတော့။ ပြတင်းတံခါးကိုပိတ်ကာ ဧည့်ခန်းတွင်ထိုင်ကာ တီဗီကြည့်ရမလား စဉ်းစားမိသော်လည်း ချက်ချင်း နှယ်ခေါင်းယမ်းကာ ခုံပုလေးတစ်ခုံကိုသာယူလျက် ပြတင်းတံခါးအနီးတွင်သာထိုင်ဖြစ်သည်။ ခေါင်းထုတ်ငေး မောရုံနှင့်တော့ မိုးများစွာမစိုလောက်ဘူးထင်သည်။ ခပ်ဖွဲဖွဲကျဆင်းနေသော မိုးစက်တွေကို လမ်းမီးတိုင်မှိန်ဖျဖျ အောက်ဝယ် ငေးမောနေရင်း မိ ၏ ယောင်ချာချာနိုင်သော စိတ်ကိုအတန်သင့် ပြေ ပျောက်နိုင်စေရန် ကြိုးပမ်း မိလေသည်။
နံရံထက်ရှိ နာရီမှ ခုနှစ်နာရီထိုးသော တီးလုံးသံထွက်ပေါ်လာတော့ မိ သည်ဆတ်ခနဲဖြစ်သွားသည်။ ‘နောက်ကျနေရင် ညစာစားထားနှင့်နော်…အဆာခံစောင့်မနေနဲ့’ ဟု သတို့သားက သူငယ်ချင်းတစ်အုပ်တစ်မ အလစ် ခေါင်းကိုအသာပုတ်ကာ ခပ်တိုးတိုးဆိုသွားခဲ့သည်။ အဆင်သင့်ပြင်ထားသော စားဖွယ်ရာများရှိသော် လည်း မိ တစ်ယောက်တည်းမစားလိုလှ။ ၀မ်းကဆာနေသော်လည်း ထမင်းစားခန်းဆီသွားဖို့ ၀န်လေးနေသော မိ သည် ပြတင်းတံခါးအနီးမှ မခွာပေ။
တကယ်ဆို ဒီနေ့မှ အိမ်ကိုစတင်ရောက်ဖူးတဲ့ သတို့သမီးတစ်ယောက်ကို ဒီလိုပစ်မထားသင့်ဘူး။ မိ သည် ၀မ်းပန်းတနည်းတွေးတောကာ ငေးငိုင်လျက်ရှိသည်။ ၀န်းကျင်ကစိမ်းသက်ရသည့်အထဲ အခါကာလက စိုစွတ်မှောင်မိုက်တိတ်ဆိတ်တော့ အားငယ်စိတ်က ပြူရီလျက်ရှိသည်။ ပြုစုပါဦးဆိုကာ တွန်းထိုးခေါ်ငင်သွား သည့် သူငယ်ချင်းဆိုသူများကကော အိမ်တွင် မိ တစ်ယောက်တည်းကျန်ရစ်ခဲ့ရသည်ကို နည်းနည်းလေးမှ မစာ နာဘူးလားရယ်မသိ။ မှောင်မိုက်ချိန်မှာတော့ ပြန်ပို့သင့်လှသည်။ နေစမ်းပါဦး..ဆွဲသူက ဆွဲစေဦး.. ပြန်လို သူက ပြန်မည်ဆိုလျင် ဖြစ်နိုင်တာပဲ။ အဆုံးတွင်တော့ သတို့သားကိုယ်တိုင် ပျော်ပါးသောက်စားနေမှာကိုပင်။
မိ သည် တစစ်စစ်နာသော ရင်ဖြင့် ပြတင်းတံခါးကိုတိုးလို့သာ မှီနေသည်။ ‘သူစိမ်းပဲ……သူစိမ်းဟာ သူစိမ်းပဲ..’ ဟုလည်း တတွတ်တွတ်ရေရွတ်လျက်ရှိသည်။ ခန်းမထက်လှလှပပ ၀င့်ကြွားကာ သတို့သား လက် မောင်းကိုခိုလျက် ဧည့်ပရိသတ်တွေကို လိုက်လံဧည့်ခံနေတုန်းက သာယာပျော်ရွှင်မိသည့်ခံစားမှုလည်း ပျောက် ကွယ်လျက်ရှိသည်။ သေချာစွာ ရင်းရင်းနှီးနှီးစကားမဆိုဖူးသော်လည်း ဖေဖေ၊ မေမေတို့ကိုရိုသေ ချိုသာစွာ ဆက်ဆံပုံများကို ခိုးကြည့် အမှတ်ပေးခဲ့ရသည်ကိုလည်း မေ့ပစ်ချင်ပြီ။ မိ ကို တွေ့တိုင်း ကလေးတစ်ယောက် နှယ် သဘောထားကာ ပြုံးကြည့်နွေးထွေးစွာ စကားဆိုတတ်သောအမူအယာတွေကိုလည်း သတိမရချင် တော့ ပြီ။
သိပ်တော်တဲ့သူတစ်ယောက်က အိမ်ကဇနီးမယားအပေါ် မကြင်နာတတ်သူလည်း ဖြစ်နိုင်တာပဲ။ အို ဇနီး….။ မိ သည် တစ်ကိုယ်တည်းတွေးတောရင်း သူ့ဘာသာရှက်ရွံ့သွားပြန်သည်။
ရုတ်တရက် ဖုန်းမြည်သံကြားတော့ လန့်ထိတ်သွားပြီးမှ အပြန်နောက်ကျလို့ ဆက်လေပြီဟု ကျေနပ် စိတ်နှင့် ဖုန်းကိုလိုက်လံရှာဖွေသည်။ ရေချိုးပြီး ဧည့်ခန်းစားပွဲထက် ပစ်တင်ထားခဲ့သော မိ ၏ လက်ကိုင်ဖုန်း လေးက မီးရောင်တဖျပ်ဖျပ်လင်းလျက် ရှိသည်။
လက်ကိုင်ဖုန်းမှ နံပါတ်ကိုမြင်လိုက်တော့ မိ သည် slide ကိုတွန်းကာနားထောင်လိုက်ဖို့ ကြောင်တွေနေ သည်။ မိ ၏ သတို့သားဆက်ခြင်းမဟုတ်။ သို့သော် ဒီ နံပါတ်ကို မိ ကောင်းကောင်းသိပါသည်။ သိရုံမက တစ် ချိန်တုန်းက မိ မကြာခဏဆက်ခဲ့သော၊ မိ ဆီ နေ့တစ်ကြိမ်..ညတစ်ကြိမ်ဆက်ခဲ့သော နံပါတ်လည်း ဖြစ်၏။ ယခု Contact List ထဲ မရှိတော့သော်လည်း ဤကိုးလုံးသော နံပါတ်တို့ကို မေ့လျော့လောက်အောင်အထိတော့ မိ မှတ်ဥာဏ်က မချို့ယွင်းသေး။
ဖုန်း သည် ငယ်သံပါနေသလို အကြိမ်များစွာ အော်မြည်ပြီးနောက် ငြိမ်ကျသွားသည်။ ထိုအခါမှ မိသည် သတိဝင်လာသလို ဖုန်းကို ကောက်ယူကာ ပြတင်းတံခါးအနီးပြန်လာလျက် ခုံပုလေးပေါ် ခပ်လျော့လျော့ထိုင် သည်။
ဘာအတွက် ဖုန်းဆက်ရပါသလဲ…။ တကယ်တော့ ထိုနံပါတ်က မိ ဆီ မဆက်တော့တာ (ဆက်ခွင့်မရှိ တော့တာ) ကာလတစ်ခုကို ကျော်လွန်ခဲ့ပြီးပြီ။ သူ သည် ဒီ ရေမြေမှာမရှိတော့ဟုသည့် သတင်းတောင် ကြားခဲ့ ရ ပြီးပြီ။ ယခုမှ မည်သို့ဆက်သွယ်လာသည်လဲ။ သူ ကော ဟုတ်ပါရဲ့လား။ မိ သည် စိတ်ရှုပ်ထွေးလှစွာ ခေါင်း ယမ်းမိလေသည်။
******
မိုးသည် ခပ်ကျဲကျဲရွာနေရာမှ အနည်းငယ်သည်းစ ပြုလာသည်။ လေအသဲ့မှာ မိုးစက်အနည်းငယ် ဖျန်း ပက်တော့ မိ ကိုယ်ပါ စိုစွတ်တော့လေမလား စိုးမိသေးပေမယ့် လေကထင်သလောက် မထန်တော့ ထိုင်နေရာမှ မရွေ့ဖြစ်သေး။ ညမီးရောင် ခပ်ဖျော့ဖျော့အောက်မှာ တဖွဲဖွဲကျဆင်းနေသည့် မိုးစက်တို့ကို ကြည့်နေရတာ တစ် မျိုးကောင်းလှသည်။ မိ အတွေးတွေကို မိုးစက်တွေထဲ မြှပ်နှံထားလို့ရသည်။ ဒီလို အချိန်မှာ သီချင်းသံလေး နား ထောင်ရလျင်ပိုကောင်းမည်။ သီချင်းသံထက် တီးလုံးသံဆိုလျင်ကော။ ဥပမာ- တယောသံ..။
မိ သည် ရုတ်ချည်းဆွတ်ပျံ့လွမ်းမောသွားသလိုဖြစ်ပြီးမှ ကိုယ့်အတွေးကို ကိုယ် ရွံမုန်းမိသွားသည်။ မိ လိမ်မာသင့်ပြီ။ အနုပညာကိုချစ်ခင်မြတ်နိုးသောစိတ်နှင့် လက်တွေ့ဘ၀ကို ခွဲခြားနိုင်သင့်ပြီ။ အရာရာကို မှန်ကန် စွာဆုံးဖြတ်နိုင်ခဲ့ပြီးပါလျက် ယခုမှတော့ ဒီလိုလွမ်းမောနေတာ မသင့်လှပေ။
ကိုယ့် ကိုကိုယ်ဆုံးမရင်း စိတ်သက်သာရာရသလို ဖြစ်သွားသည့် မိ သည် နောက်တစ်ကြိမ်ထပ်မံမြည် လာသော ဖုန်း ကြောင့် တဖန်ပြန်လည် စိတ်ရှုပ်ထွေးသွားပြန်သည်။ ဒီတစ်ခါတော့ ဖွင့်ကာကိုင်လိုက်မည် စိတ် ကူးသည်။ ယနေ့ပင် မိ လက်ထပ်ခဲ့ပြီဖြစ်ကြောင်း ပြောရမည်။ မိ ကို ထပ်မံမနှောက်ယှက်ဖို့ ပြောကိုပြောရတော့ မည် ဖြစ်သည်။
‘မိ ပြောနေပါတယ်’
‘မိ…’
သူ့ အသံသည် ဟိုးအဝေးကြီးမှ လာသလို ခြောက်သွေ့ကြမ်းရှရှိလှသည်။ အသက်ရှုသံခပ်ပြင်းပြင်းကို တောင် မိ ကြားမိလေသလားပဲ။
‘ ကိုယ် အရောက်ပြန်လာပေမယ့် မမီတော့ဘူး။ ဒီနေ့ပဲ မိ လက်ထပ်သွားပြီ’
တစ်လုံးချင်းပြောနေသည့် သူ့စကားသံများကို နားထောင်ရင်း မိ လက်ထပ်တာ သူ သိသားပဲဟု မျက် မှောင်ကြုတ်လျက် ဘာစကားမှတော့ ပြန်မပြောဖြစ်။
‘ အခု မိ တို အိမ်နားမှာ ရောက်နေတယ်’
မိ သည် ခေါင်းနပန်းကြီးသလို ဖြစ်သွားသည်။ ဘုရား ဘုရား သူ ဘာလာလုပ်ပါလိမ့်။ ချက်ချင်းနှယ် ခြံရှေ့ဝဲယာကိုဝေ့၀ဲကြည့်တော့ မိုးစက်မှုန်ဝါးများအောက်မှာ အရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ စိုးထိတ် သော စိတ် တို့နှင့် မိ သည် ကြောင်တွေငြိမ်သက်သွားသလိုပင်။
‘မိ ကို အရမ်းလွမ်းတယ်…ကိုယ် တကယ်ချစ်တာ မိ ကိုပဲဆိုတာ မိ နဲ့ ဝေးနေရမှ ပို သိလာတယ်။ ကိုယ့် အမှားတွေကို ပြုပြင်ဖို့၊ မိ ခွင့်လွှတ်အောင်တောင်းပန်ဖို့ မိ ဆီကို အရောက်ပြန်လာခဲ့တာပဲ…ဒါပေမယ့်နောက်ကျ သွားတယ် မိ ရယ်..။ ကိုယ့်ကို နည်းနည်းလေးမှ သတိရမနေဘူးလားဟင်။ ကိုယ်တို့တွေ အချိန်မီပါသေးတယ်။ ကိုယ့် အတွက် မိ ဟာ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် အချိန်မီတယ် သိလား။ မိ သာ ကိုယ့်ကိုအရင်လိုပြန် ချစ်ပေး။ ကိုယ်တို့ ဘ၀တစ်ခုကို အသစ် စ လိုက်ကြရအောင်လေ မိ နော်’
မိ သည် တဆတ်ဆတ်တုန်ယင်ကာ ခွန်းတုံ့မပြန်နိုင်။ ခံပြင်းခြင်းဒေါသနှင့် ကြောက်ရွံ့သည့်စိတ်က မိ တစ်ကိုယ်လုံးကို လွှမ်းခြုံလျက်ရှိသည်။ လက်ထပ်ပြီးသော သတို့သမီးတစ်ယောက်ကို ဒီလိုစကားဆိုရက်လေ သော သူ့ကို ရွံမုန်းမိလှသည်။ အေးလေ စကတည်းက ကိုယ်ကျင့်တရားကောင်းခဲ့သူကော ဟုတ်ပါရဲ့လား။ သူ့အတွက်က ထိုအရာမျိုးက ပြုကျင့်နေကျ ကျင့်ဝတ်လိုပင် ဖြစ်လို့နေသည်။
သူ့ကြောင့် ဖေဖေ၊ မေမေတို့၏ မျက်ရည်ကျခဲ့ရဖူးသည်။ သူ့ကြောင့် မိ မောင်ဘွားများ၏ ခံပြင်းဒေါသ များ လှိုင်းထန်ခဲ့ရဖူးသည်။ မိ တင်မက မိ တို့၏ အေးချမ်းဖြူစင်လှသော မိသားစုများကို ပူလောင်စေခဲ့သော သူ။ စင်စစ် သူ့အကြောင်းကို မသိဘဲ ချစ်စိတ်ဝင်ခဲ့မိသော မိ ၏ အမှားက ပို၍ကြီးခဲ့သည်။ ချစ်နေစဉ်တွင်တော့ သူ ဟာဘယ်လို လူစားပါဆိုတာလဲ မိ နားမ၀င်လှပေ။ သတင်းစကားဆိုခဲ့သူကိုပင် ဆိုရက်လေခြင်းဟု မျက်မိ သေးသည်။ မိ ကို နူးညံ့ညင်သာစွာချစ်မြတ်နိုးတတ်သော၊ မိ ၏ စိတ်ကိုနားလည်သိမြင်သော၊ မိ ချစ်သော ဂီတတွေဖန်တီးပေးနိုင်သော သူ သည် မိ အတွက် မင်းသားတစ်ပါးတော့ တစ်ချိန်က ဖြစ်ခဲ့ဖူးသည်ပင်။
ဖုန်းကို ပါဝါအော့ဖ်လိုက်ပြီး ပြတင်းတံခါးမှ ချောင်းကွယ်ကြည့်တော့ သူ ရှိနေမြဲ။ မိုးက ပိုမိုသည်းထန် စွာ ရွာလာသည်။ မိုးသံတွေကြားမှ ချွဲချွဲနွဲ့နွဲ့ဆွဲငင်တီးခတ်လိုက်သော တယောသံက ပျံ့လွင့်ထွက်ပေါ်လာသည်။ သူ သည် အခါများစွာကနှယ် ဂီတသံဖြင့် မိ ကို ဖြားယောင်းရန်ကြိုးပမ်းချေပြီ။ မိ လို အခြေအနေကိုဖြားယောင်း ခြင်းကို အပြစ်တစ်ခုလို့ သူ မထင်တတ်တော့ပြီ။ သူ့ဘ၀တလျောက်လုံး အပြစ်တို့များလှသည်ကို တွေးမိကာ စိတ်ကမကောင်းသေးပြန်။ အမှားကို အမှားလို့၊ အပြစ်ကို အပြစ်လို့ထောက်ပြပြောဆိုမည့်သူသည် သူ့ဘ၀မှာ မပေါ်တော့ပြီထင်သည်။
မိ တွင်ချစ်သူရှိပြီဆိုတာ သိရတော့ မိသားစုတွင်းမှာ ဘာပူလောင်မှုမှ မရှိသေး။ ဖေဖေနှင့် မေမေသည် သားသမီး၏ ရွေးခြယ်ပိုင်ခွင့်ကို အလေးထားသော မိဘများသာဖြစ်သည်။ အစ်ကိုနှစ်ယောက်ကတော့ဆိုးသည် ကောင်းသည် အလျင်မပြောသေးဘဲ သူ့အကြောင်းကို တိတ်တဆိတ်စုံစမ်းကြသည်။ ကုမ္ပဏီကြီးတစ်ခုတွင် ကြီးကြပ်သူရာထူးဖြင့် အလုပ်လုပ်ကိုင်နေသော ကိုကိုကြီးနှင့် ခြောက်လတစ်ကြိမ် သဘောင်္လိုင်းလိုက်သူ ကိုကို လေးတို့၏ စုံစမ်းတွေ့ရှိမှုက ထပ်တူထပ်မျှဖြစ်နေသောအခါ အစ်ကိုနှစ်ယောက်လုံး တောက် တခေါက်ခေါက် ရှိ လှသည်။
မိ သည်အစ်ကိုများ၏ ချစ်လှစွာသော နှမအငယ်လေးပေပဲ။ မိ အတွက် စိတ်မကောင်းဖြစ်ကြကာ သူ့ အကြောင်းကို တော်တော်နှင့်လည်း ပြောမထွက်ခဲ့ကြ။ နောက်တော့ ဖေဖေနှင့် မေမေကို အသိပေး…မိ ကို ပါ ပြောပြ ပြုလုပ်ကြရတော့သည်။
‘သူ့ရဲ့ အဓိကအသက်မွေးဝမ်းကြောင်းက သူငယ် ပဲ မိ’
ထိုစကားကို ကြားကြားချင်းလည်း မိ တော်တော်နှင့်နားမလည်။ မိ သည် အမိအဖရင်ငွေ့အောက်မှာ ငြိမ်းအေးချမ်းသာစွာနေခဲ့သော ကလေးမပင်ဖြစ်ရာ ပြင်ပလောက၏ ရှုပ်ထွေးမှုတို့ကို တော်ရုံနှင့် နားမလည် တတ်ပြန်။ အဲဒါ ဘာဖြစ်သလဲ ဟုပင်မသိဆိုးရွားစွာ ပြန်မေးခဲ့မိသေးသည်။ ဒါကိုပင် ဒေါသပေါက်ကွဲကာ ကိုကို လေးက ကရားရေလွှတ် ရှင်းပြတော့ စကားလုံးကြမ်းတမ်းမှုများအတွက် မေမေ ကပင် ဟန့်တားယူရသည်။
‘ဘာဖြစ်သလဲ ဟုတ်လား..။ နင် ကလေးလို လုပ်မနေနဲ့ မိ..။ သူငယ်ဆိုတာ ပိုက်ဆံချမ်းသာတဲ့ကတော် တွေရဲ့ ဖျော်ဖြေခံပဲ။ လင်ယောကျာ်းမရှိခိုက်၊ လင်ယောကျာ်းဆီက သုခကိုအပြည့်အ၀မရခိုက် ပိုက်ဆံကြေးကြီး ပေး ခေါ်တဲ့ အဖော်၊ ယောကျာ်းဖော် ရှင်းပြီလား…’
မိ သည် မိုက်ခနဲတောင်ဖြစ်သွားသည်။ ဒါ ကာမေသုလေ ဘုရား ဘုရား..။ပြီးတော့ ဒါ ယောကျာ်း တစ် ယောက်ရပ်တည်သင့်တဲ့ အနေအထားမျိုးတောင် မဟုတ်။ သူ လုပ်ပါ့မလား..။ သန့်စင်ချောမွတ်သော သူ့ သွင် ပြင်ကို မြင်ယောင်မိတော့ ရင်က တနင့်နင့်..။
မိ ချစ်သော ဂီတသံတွေဖန်တီးကာ မိ အပေါ် နွေးထွေးညင်သာစွာချော့မော့ဆက်ဆံတတ်မှုက သူ၏ ကျင့်သားရနေသော အမူအကျင့်များပေပဲလား။ အမေအရွယ်၊ အဒေါ်အရွယ် အိမ်ထောင်ရှိအမျိုးသမီးကြီးများကို ဒီလိုပင်ချိုသာနွေးထွေးစွာ ပြောဆိုတတ်ခဲ့မှာပင်။ ပိုက်ဆံအတွက် ရပ်တည်မှုရှားလေသလားကွယ်။
လူတစ်ယောက် ရှင်သန်ရပ်တည်ဖို့အတွက် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ချနင်းစရာ လိုလောက် မည်တော့ မိ မထင်လှပါ။ မည်မျှခက်ခဲကြမ်းတမ်းပါစေ သန့်စင်သောထမင်းတစ်လုတ်တော့ ဖန်တီး၍ ရနိုင်သည် ပင်။
ထို့နောက်တွင်တော့ မိ ကမ္ဘာသည်ပြိုကွဲနာကျင်ရခြင်းများနှင့်သာ ပြည့်နှက်ခဲ့ပါလေသည်။
******
မိုးသည် သည်းသည်ထက်သည်းထန်လာသည်။ ပြတင်းအကွယ်မှ ကြောင်တွေငြိမ်သက်လျက်ရှိသော မိ ကို မိုးရေတို့ကဖြန်းပက်ကာ ကိုယ်ခန္ဓာသည်မိုးရေတို့ဖြင့် စိုစွတ်စပြုလာသည်။ တယောသံက ဆွဲဆွဲငင်ငင် ထွက်ပေါ်နေဆဲ။ သူ ဘာလို့မပြန်သေးပါလိမ့်။ မိ ဖုန်းပိတ်လိုက်ခြင်းကို သဘောပေါက်နားလည်သင့်လှသည်။ မိ တစ်ယောက်တည်း အိမ်မှာရှိနေတာများ သူ သိနေရော့သလား။
ခြံတံခါးတွေသည် ခိုင်ခန့်ပါရဲ့လား။ မိ သည် အတွေးကိုရုတ်တရက်အားနာသလိုတန့်သွားပြန်သည်။ သူ ဟာ ဒီလောက်တော့ ဆိုးသွမ်းနိုင်သူ မဖြစ်နိုင်ဘူးထင်တယ်ကွယ်။ မိ ထွက်လာနိုးမျှော်လင့်တာလား၊ သူ့ စိတ် ထွက်ပေါက်အဖြစ် လုပ်မိလုပ်ရာလုပ်နေသည်လား။ ဘယ်လိုအဓိပ္ပာယ်ပဲဖြစ်ဖြစ် မိ အတွက်မသင့်လျော်လှတာ တွေးမိသင့်လှသည်။ သူ ဟာ မိ ဘ၀ကို ပြိုကွဲအောင်ဖန်တီးကာ သူ့ဘ၀ထဲ ၀င်ရောက်လာအောင် အားထုတ်ချင် သည်လား။
မိ သည် နံရံကိုမှီတွယ်ထားရတာကိုပင် မောဟိုက်သလို ထိုင်ချလိုက်သည်။ ခုံပုကလေးက မိ မှီတွယ် ခိုငင်ရာဖြစ်သွားခဲ့ပြီ။ အစောလေးကမှ ဒီ ခုံပုက မိ ထိုင်ရာခုံဖြစ်ခဲ့သေးသည်။ ယခုအားယုတ်လျော့တော့ သူ့ကို မှီတွယ်ရသူက မိ ဖြစ်သွားခဲ့ပြီ။ မိ သည် တဆတ်ဆတ်တုန်ယင်နေသော ကိုယ်ခန္ဓာကို ထိန်းချုပ်ရန်ကြိုးစား သော်လည်း မအောင်မြင်ဘဲ တစွန်းတစငိုညည်းသံဖြင့် တသိမ့်သိမ့်ရှိုက်ငိုလျက်ရှိသည်။
သူသည် စပွန်ဆာတစ်ဦး၏ အကူအညီဖြင့် အနောက်နိုင်ငံတစ်ခုသို့ထွက်သွားခဲ့ပြီဆိုတာ မိ သေချာ ကြားခဲ့ရသည့် သတင်းပဲ။ ဘာကြောင့်များ ပြန်ရောက်လာပါလိမ့်။ ကိုယ်ရပ်တည်ရာကို ခိုင်မာစွာ ရွေးခြယ်ခဲ့ပြီး မှတော့ ‘အချစ်..အချစ်’ မြည်တမ်းနေဖို့ မသင့်လှတော့ပါ။ ကိုယ် လျောက်သောလမ်းကိုသာ တည့်မတ်အောင် လျောက်သင့်လှသည် မဟုတ်လား။ မိ သည်ပင် သင်ထားသောပညာရပ်နှင့် အလုပ်ဝင်လုပ်ရင်း ယခု ဘ၀တစ်ခု တောင် ထူထောင်ခဲ့ပြီးပြီ။
တုန်ယင်နေသော ကိုယ်ခန္ဓာကိုကြိုးစားထိန်းချုပ်၍ ခြံဝင်းအပြင်ကိုကြည့်တော့ မိုးကသည်းကြီးမည်း ကြီး မှောင်ကျအောင်ရွာလျက်ရှိသည်။ တယောသံသည် တိတ်သွားတာလား၊ မိုးသံကိုမဖောက်ထွင်းနိုင်တော့ တာလား မသိ။ လေကလည်း မကြာခဏဝှေ့ရမ်းကာ မိ ကိုယ် သည် မိုးရေတို့ဖြင့် စိုစိုရွှဲလျက်ရှိသည်။ ခိုက်ခိုက် တုန်လှသည့်တိုင် သူ ပြန်သွားပြီဆိုလျှင် မိ စိတ်အေးနွေးထွေးပါလိမ့်မည်။ ဟိုသည် ဝေ့ ၀ဲ ရှာဖွေရင်း လျှပ်ရောင် က ၀င်းခနဲပြိုးပျက်သွားသည်။ လျှပ်ရောင်၏ အလင်းတစ်ချက်တွင် ဘိုးတံကိုဆွဲငင်လျက်ရှိသော သူ့ကို မြင်တွေ့ လိုက်ရစဉ် မိ ၏ စိတ်နှလုံးသည် ဟိုးအောက်ဆုံးအထိနိမ့်ဆင်းသွားသလိုပင်။
တွယ်ခဲ့ဖူးသော သံယောဇဉ်ဖြင့် သူ့ကို ဆိုးဆိုးဝါးဝါးတစ်စုံတစ်ရာ မဖြစ်စေချင်လှသလို မိ ၏သတို့သား ပြန်လာသည်နှင့်တိုး၍ ပြဿနာအထူးထူးဖြစ်မှာလည်း စိုးရွံ့လှသည်။ မိ သည် မိဘသဘောမျှ စီစဉ်ပေးသော အိမ်ထောင်ကိုအစပြုခဲ့ရပေမည့် ချမ်းမြေ့သာယာအောင် တည်ဆောက်လိုသော မိန်းမပျိုမျှသာ ဖြစ်သည်။ ချစ် ခြင်းဆိုတာ ဘ၀မှာ ပုံစံအမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးတို့နှင့် ရှိခဲ့ဖူး၊ ရှိနေနိုင်ကြသည်ပဲ။ ထူထောင်မိသော ဘ၀ကိုကား ဘ၀တလျောက်လုံးအတွက် တည်တံ့ခိုင်မာအောင်၊ သာယာအောင် ကြိုးစားသင့်သည်သာ။ ဒါ သည် လည်း ဘ၀အနှစ်သာထဲမှ တစ်ခုပင် မဟုတ်လားကွယ်။
မိ သည် ပတ်ဝန်းကျင်ကိုလည်း မကြည့်ချင်၊ မတ်မတ်ရပ်နိုင်ရန်လည်း ခဲယဉ်းစွာ ဒူးပေါ်မေးတင်၍ ကျုံ့ ကျုံ့ထိုင်လျက် ရှိုက်ငင်နေသည်။ ပြတင်းတံခါးကိုတောင် ပိတ်ချင်စိတ်မရှိတော့။ ရွှဲရွှဲစိုပြီးမှတော့ ထပ်မံကျလာ သော မိုးစက်တွေကိုလည်း ရှောင်ဖယ်ရန် မကြိုးစားချင်တော့။ ဘ၀ကိုတော့ မိုးရေအနည်းငယ်မျှ စိုအောင် မိ မဖြစ်စေချင်လှပါ။ ပြတင်းတံခါးမပိတ်မိသလို မိုးစက် ပေါင်းများစွာနှင့် တစ်ကိုယ်လုံးရွှဲရွှဲစိုမှာ စိုးရွံ့လှသည်။ မိုးခါးရေစက်တို့ကို ခေါင်းငုံ့စွာငြိမ်သက်ရင်း ခိုက်ခိုက်တုန် မှာ ကြောက်ရွံ့လှသည်။
မိ ကား ရှိုက်ငိုမြဲ၊ မိုး သည် သည်းထန်မြဲ၊ လျှပ်ရောင်သည် တစ်ချက် တစ်ချက် ပြက်မြဲပင် ရှိသည်။
******
အိမ်ရှေ့သို့ထိုးဆိုက်လာသော ကားမီးရောင်ကိုအတွေ့ မိ သည် ဆတ်ခနဲတုန်ယင်သွားသည်။ စကားဆို သံ၊ နှုတ်ဆက်သံများ ကြားရပြီးနောက် အိမ်တံခါးမကို သော့ဖွင့်လျက် သတို့သားက ၀င်လာလေသည်။ ပြတင်း တံခါးအနီး မိုးရေတွေစိုစိုရွှဲလျက် ခိုက်ခိုက်တုန်နေသော မိ ကို မြင်ရသည်တွင် ‘ဟင်..မိ….မိ’ ဟု အာမေဋိတ်သံ ပြုလျက် မိ ထံပါးခပ်သွက်သွက် လှမ်းလာသည်။
မိ သည် ၀မ်းနည်းနာကျင်ရခြင်းတို့ပျောက်ကွယ်၊ ထားခဲ့ရကောင်းလားဟု မြည်တမ်းရန်လည်း မေ့လျော့ လျက် ထိတ်လန့်တုန်လှုပ်အားကိုးမဲ့ခြင်း အခြေအနေဆိုးမှ ပစ္စက္ခတွင်း ရုတ်ချည်းလွတ်မြောက်လာသူနှယ် ငြိမ်း အေးရာရရင်း သူ့သတို့သားကို မော့ကြည့်လျက် လက်ကမ်းမိတော့သည်။
ကြင်သူ၏ ထွေးပွေ့ချော့ငင်သော ရင်ခွင်တွင်မျက်နှာအပ်လျက် ငြိမ်သက်စွာ ရှိနေရင်း အန္တရာယ်အမျိုး မျိုးမှ လုံခြုံလေပြီ စိတ်ဒုန်းဒုန်းချလေသော တစ်ခဏ ၀င်းခနဲပြက်သွားသော လျှပ်ရောင်ကိုပင် မိ သည် မမြင် လေတော့ပြီ။        ။

ရွှေအိမ်စည်မေ