အလွမ်းရနံ့များ





 
 
 
 
 
 
 
 
 
 
 
 
 
 
 
ဆကုရ ပန်းတို့ ပွင့်ကြလေပြီ။ ပုံမှန်အားဖြင့် ဂျပန်တွင် ဆကုရ(Sakura) ပန်းတို့ဧပြီလဆန်းပိုင်းမှာသာ ပင်လုံးကျွတ် နေရာတိုင်းတွင် တစ်ပြိုင်တည်း ညီညွတ်လှပစွာ ပွင့်ကြသည်။ ဒီနှစ်မှာတော့ ပုံမှန်ထက်စောစီးစွာ အုံးအုံးကြွကြွနှင့် ပွင့်ကြသည်မို့ ဟနမိ( Hanami) ဟုခေါ်သော ပန်းကြည့်ပွဲကို ပြေးပြေးလွှားလွှား နှင့် သွားကြည့်ကြရသည်။
ဆကုရပန်းတို့သည် ဂျပန်လူမျိုးတို့၏ နှလုံးဘ၀င်ကို စွဲငြိစေသောပန်းဖြစ်သည်မို့ ဆကုရပန်းတို့ ပွင့်ပြီဆိုလျှင် ဂျပန်လူမျိုးတို့ ပန်းကြည့်ပွဲကို မသွားရမနေနိုင် ဖစ်ကြသည်။ နိုင်ငံခြင်းမတူ ရေမြေဒေသခြင်းမတူညီသည့် မြန်မာပြည်တွင်လည်း ဧပြီလဆိုလျှင် ပိတောက်တို့ ပင်လုံးကျွတ် ထိန်ထိန်ပွင့်ကြသည်။ ဂျပန်က ဆကုရနှင့် မြန်မာပြည်က ပိတောက်တို့သည် တစ်မြေစီခြား၊ တစ်ပြည်စီရှိနေကြသော်လည်း တစ်နှစ်မှာ တစ်ကြိမ်သာ ပွင့်ကြတာခြင်းတူညီကြ၏။ ပွင့်ြ့ပီးလျှင်လည်း အပင်ထက်မှာ ကြာကြာစံမြန်းမနေပဲ ပွင့်ဖတ်လေးများ ကြွေကျ၊ မြေခကြရတာလည်း မြန်ဆန်တာခြင်းတူကြပြန်သလို ဆကုရရော ပိတောက်ပန်းတို့သည် ဧပြီလတွင် ပွင့်ကြတာခြင်းပါတူနေကြပြန်သေးသည်။ ပန်းနှစ်မျိုးစလုံး၏ ပွင့်ဖတ်တို့သည် သေးသေးသွယ်သွယ်၊ နူးနူးညံ့ညံ့ ရှိကြတာလည်း တူနေကြသည်မှာ ထူးဆန်းလှသည်။
တစ်ခုပဲပြောစရာရှိသည်။ ချယ်ရီမှာရနံ့မရှိသော်လည်း မြန်မာပြည်မှ ပိတောက်ပန်းတို့တွင်ကား ရနံ့သင်းသင်းပြပြ မွှေးမြလှလေသည်။ ထိုသင်းပျံ့မွှေးမြသော သူ့ရနံ့ကြောင့်လည်း ပိတောက်တို့ ပွင့်ပြီဆိုလျှင် တစ်ပင်လုံး ခုတ်ထစ်၊ လှဲခံရသည်အထိ ရက်စက်မူကို ခံကြရတော့သည်။ အလှနှင့်ရနံ့ကြောင့် ပိတောက်တို့ အပျိုရည်ဖျက်ခံရသည်။ ချယ်ရီပန်းတို့ကား အပင်ထက်မှာ ပွင့်၍ အပင်ထက်မှ ဂုဏ်သိက္ခာရှိစွာ ကြွေကျမြေခကြရသော်လည်း  ပိတောက်တို့ကား အဆင်းနှင့် ရနံ့ကြောင့် အပင်ထက်မှာ ဂုဏ်သိက္ခာရှိစွာ ကြာရှည်မခံစားနိုင်ကြရရှာပဲ ဘ၀ပျက်ခံကြရသည်။
ဧပြီလရောက်တိုင်း ဂျပန်ရောက်မြန်မာတစ်ဦးအနေနှင့် ချယ်ရီပင်အောက်အရောက်သွား၍ ချယ်ရီပန်းတို့ကို ကြည့်မိသည်။ လေအဝှေ့မှာ ပင်မြင့်ထက်ဆီမှာ ညင်သာပြေလျောစွာ မြေခသက်ဆင်းလာသည့် ချယ်ရီပွင့်ဖတ်လေးများကို ကြည့်ရင်း ပိတောက်ပန်းတို့ကို တမ်းတရင်း မျက်ရည်ဝဲရသည်။ မျက်လုံးအစုံကို ဖြေးညင်းစွာ ပိတ်လိုက်ရင်း လတ်ဆတ်သည့် လေနုအေးတို့ကို ညင်သာစွာ ရှူရှိုက်လိုက်မိသည်။
ရှူရှိုက်လိုက်သည့် လေထုထဲတွင် ရနံ့တစ်ခုကိုရသည်။ ထိုရနံ့သည်ကား ပိတောက်ပန်းတို့၏ ချိုအီမွေးမြနေသော ရနံ့တစ်ခုသာဖြစ်တော့သည်။
“အရာဝတ္ထုတစ်ခုရဲ့တန်ဖိုးကို ကိုယ်နဲ့အနီးဆုံးမှာ ရှိနေစဉ်က သတိမပြုမိခဲ့သော်လည်း
ထိုအရာတို့နှင့် ဝေးကွာသွားသည်နှင့် တစ်ပြိုင်နက် တန်ဖိုးကို နားလည်တတ်လာသလို
ချစ်တတ်၊ မြတ်နိုထားတတ်ရမှန်းသိရှိလာခဲ့ရသည်။
အနီးမှာ ရှိမနေသော ကိုယ်နှင့် ဝေးကွာနေသော အရာတို့ကို တမ်းတရင်း တွေးတောငေးမောနေခြင်းကို အလွမ်းလို့ခေါ်လေမည်လား။
ထိုအရာတို့ကို အလွမ်းဟုခေါ်လျှင် ကျွန်တော်ဆွတ်ပျံ့ကြေကွဲစွာ တမ်းတမ်းတတကို လွမ်းဆွတ်နေပါသည်ဟုသာ ခေါင်းငုံ့ဝန်ခံလိုက်ပါတော့မည်။”
ကမာနီလာ

0 comments: