ကိုယ်ဝန်ဆောင်တို့ အတွက် သိမှတ်ဖွယ်များ



ကိုယ်ဝန်ဆောင်တဲ့ကာလ ဟာ အလွန်အရေးကြီးတဲ့ ကာလတစ်ခုပါ။ လူကြီးတွေအတွက် ရင်သွေး ရတနာလေး ၊ မိမိတို့ မျိုးဆက်လေး ရနိုင်ဖို့ကာလအခိုက်အတန့်လေး တစ်ခုဖြစ်သလို သန္ဓေသားကလေး တွေ အ တွက်လည်း ဘ၀သစ်တစ်ခု စတင်ဖို့အတွက် အရှိန်ယူနေတဲ့ စတင်တည်ဆောက် နေတဲ့ ကာလလေး ဖြစ်လို့ပါပဲ။
ဒီလို အရေးကြီးတဲ့ကာလလေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့အတွက် ပညာရှင်တွေက ဒီလို အချက် သုံးချက်နဲ့ အကြံပေးထားပါတယ်။
၁။ အခြေခံလိုက်နာရမည့် အချက်အလက်များ
၂။ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံ နှင့်
၃။ လေ့ကျင့်ခန်းတို့ပဲ ဖြစ်ပါတယ်။
အခြေခံလိုက်နာရမဲ့ အချက်အလက်တွေထဲမှာ ဆောင်ရန်ရှောင်ရန်လေးတွေကို အကြမ်းဖျင်း ပြောရ မည်ဆိုရင်တော့
၁။ ကိုယ်ဝန်စရှိပြီလို့သိတာနဲ့ စောနိုင်သမျှစောအောင် ကိုယ်ဝန်စောင့်ရှောက်ခြင်းနဲ့ အချိန်မှန်မှန် ကိုယ် ၀န်စစ်ဆေးခြင်းတို့ကိုပြုလုပ်သင့်ပါတယ်။ (အထူးသဖြင့် ကိုယ်ဝန်ပျက်ကျဖူးသူများ ဟာ ကိုယ်ဝန်ရှိပြီလို့ သံသယ ရှိတာနဲ့တပြိုင်နက် အစောဆုံးပြသပြီး စောင့်ရှောက်မှု ခံယူသင့်ပါတယ်။)

၂။ စီးကရက် ၊ ဆေးပေါ့လိပ် ၊ ခြင်ဆေး အစရှိတဲ့ အငွေ့ ၊ အနံ့အသက်များ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အငွေ့နှင့်အနံ့အသက်များ ၊ အရက် ၊ ဘီယာ ၊ ၀ိုင် အစရှိတဲ့ ယမကာများ ၊ အခြားမူးယစ်ဆေးဝါးများကို ရှောင် ကြဉ်ရပါမယ်။
၃။ ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံကို လိုက်နာပြီး ကော်ဖီသောက်သုံးမှုကို လျော့ချရပါမယ်။
၎။ နေ့စဉ်သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
၅။ အစာမစားနိုင်ဖြစ်နေပါက စားနိုင်သလောက် ပမာဏကို နည်းနည်းနဲ့အကြိမ်များများ စားပေးရမှာ ဖြစ်ပါတယ်။
၆။ဒေါက်မြင့်ဖိနပ်များ စီးနင်းခြင်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပြီးတော့ ကိုယ်ခန္ဓာအနေအထား မှန်စေဖို့ အမြဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။
၇။ မိမိသောက်နေတဲ့ ဆေးတွေကို ဆက်သောက်ဖို့အတွက် ကျွမ်းကျင်သူ သားဖွားမီးယပ် ဆရာဝန် တွေဆီ က အကြံဉာဏ်ယူရမှာ ဖြစ်ပါတယ်။
ဒီလို အကြမ်းဖျင်း အချက်အလက်လေးတွေကို လိုက်နာ တာနဲ့ အတူ ညီညွတ်မျှတတဲ့ အစားအ သောက် ပုံစံဟာလဲ ကလေးငယ် ကြီးထွားဖွံ့ဖြိုးမှု အတွက် များစွာ အရေးပါလှပါတယ်။ အပြန်အလှန်အားဖြင့် ကလေးငယ်အတွက် သာမက မိခင်အတွက်လဲ စားသောက်မှု ပုံစံက အရေးပါနေတာပါပဲ။
သန္ဓေသား ကလေးငယ်လေး ရဲ့ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရအားလုံးကို မိခင်ရဲ့ အစားအ သောက်ကပဲ ရရှိတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တဲ့ ကာလအတွင်းမှာ ညီညွတ်မျှတတဲ့ အစားအစာတွေကို ဂရုတစိုက်စားသောက် ပေးရမှာဖြစ်ပါတယ်။ အာဟာရ အုပ်စု ၃ ခု မှ အစားအစာတွေကို နေ့စဉ်ပုံမှန် စုံလင်အောင် စားသုံးဖို့ ၊ ထမင်း ၊ အဆာပြေမုန့်များ စားသောက်ဖို့ နဲ့ စိတ်ပျော်ရွှင်ချမ်းမြေ့အောင် နေဖို့က အရေးကြီးပါတယ်။

အာဟာရအုပ်စု ၊ စုံလင်အောင် စားရန်ပြောနေတာ အရှေ့ကတည်းကပေါ့။ ဘာတွေလဲ အဲဒါတွေ က ...
၁။ နှံစားသီးနှံများ ပါဝင်သောအစားအစာများ
ဆန် ၊ ဂျုံ ၊ ပြောင်း ၊ ခေါက်ဆွဲ ၊ ဆန် ဖြင့်ပြုလုပ်သော မုန့်မျိုးစုံ အပြင် ကွေကာအုပ် (မုယော) များကို စားသုံးရပါ မယ်။
၂။ ဟင်းသီးဟင်းရွက် နှင့် သစ်သီးများ
သီးနှံမျိုးစုံ နဲ့ ဟင်းသီးဟင်းရွက်တွေက နေ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓါတ် အများစုကို ရရှိပြီး ရောဂါကာကွယ် နိုင်စွမ်းကို တိုးမြှင့်စေနိုင်ပါတယ်။
၃။ နို့ နှင့် နို့ထွက် ပစ္စည်းများ
ကယ်လ်စီယမ်ဓါတ် ဟာ နို့နဲ့နို့ထွက်ပစ္စည်းတွေ က နေရရှိတဲ့ဓါတ်ဖြစ်ပီးတော့ ကလေး ရဲ့အရိုးနဲ့ သွားများ ဖြစ် ထွန်းဖို့ အတွက် အထူးလိုအပ်ပါတယ်။
၎။ အသားဓါတ် အုပ်စုများ
အမဲသား၊ ကြက်သား၊ ၀က်သား နဲ့ ငါး စသည်တို့ အပြင် ပဲ၊ ကြက်ဥ နှင့် အခွံမာသီး များလည်း စားသုံးပေး သင့် ပါတယ်။
၅။ အဆီဓါတ်
ကလေး ရဲ့ ဦးနှောက်တည်ဆောက် မှု အတွက် ကတော့ အဆီဓါတ် ကလဲ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင် ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ငါးမှရတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်ပြီး ဘေးအန္တရယ်မရှိတဲ့ ဆီ ဖြစ်လို့ စားသုံးသင့်ပါတယ်။
ဒါမှသာ မိခင်ကို မှီခိုနေတဲ့ ကလေးငယ်ဟာ အာဟာရပြည့်ဝစွာ ရရှိပြီး ကျန်းမာ ဉာဏ်ထက်တဲ့ ကလေး အဖြစ် မွေးဖွားလာမှာဖြစ်ပါတယ်။
မိခင်၊ ဖခင် ဖြစ်လာမဲ့ သူတွေအနေနဲ့ မိမိတို့ ရင်သွေးလေး ဘယ်လိုဖြစ်လာလဲ ဆိုတာကို သိဖို့ စိတ်ဝင် စားလိမ့်မယ်လို့ ထင်မိပါတယ်။
ပထမဦးစွာ မိခင်နဲ့ဖခင်တို့ ၂ ဦး ရဲ့ မျိုးသန္ဓေဆဲလ်လေး ၂ ခု အောင်မြင်စွာ ပူးပေါင်းမိပြီးနောက်ပိုင်း ဖြစ် ပေါ်လာပုံလေးဟာ အံ့အားသင့်စရာပါပဲ။
ပထမပိုင်း ၃ လ အချိန်ကာလ
ဒီအချိန်ကာလလေးဟာ သူ (ကလေးငယ်) အတွက် အရေးကြီးဆုံးလို့ ဆိုရမဲ့ ကာလလေးပါပဲ။ ဒီအချိန် မှာ ကလေးလေးဟာ အလျင်အမြန် ပဲ (သူ့ဘ၀မှာ အမြန်ဆုံးနှုန်း) နဲ့ ကြီးထွားပါတယ်။ ဒီလိုလျင်မြန်စွာ ဆန့်ထွက် ကြီးထွားနေရတဲ့ ကလေးငယ်အဖို့ ဆေးလိပ်ငွေ့၊ မိခင်ကို ရောဂါပိုးတွေကူးစက်ခြင်း၊ ဆေးဝါးတွေနဲ့ ဓါတ်ရောင် ခြည်သင့်မှုတွေဖြစ်မယ်ဆိုရင် လွယ်လင့်တကူ သူ့ကို ထိခိုက်စေနိုင်ပါတယ်။
ပထမရက်
ဖခင်၏သုတ်ပိုး နှင့် မိခင်၏မမျိုးဥတို့ ပေါင်းစည်းခြင်း
၇ ရက် မှ ၁၀ ရက်
သန္ဓေအောင်မြင်သော မျိုးဥ သားအိမ်တွင်းသို့ ရောက်ရှိ၊ သားအိမ်နံရံတွင် နေရာယူပြီး (သန္ဓေ တည်ပြီး) သားအိမ်တွင်းဆိုင်ရာ ဖွဲ့စည်းမှုများ ဖြစ်လာခြင်း
ရက်သတ္တပတ် ၂ ပတ်
သားအိမ်နံရံတွင် နေရာယူထားရာမှ အချပ်ပြားလေးသဏ္ဍာန် မျိုးဥတွယ်ကပ် ဖြစ်တည်လာပြီး မိခင်၏ ဓမ္မတာလုပ်ငန်းများကို ရပ်ဆိုင်းစေခြင်း။
ရက်သတ္တပတ် ၄ ပတ် (၀.၀၁ အောင်စခန့်)
မျက်စိ၊ နား၊ နှာခေါင်း၊ ကျောရိုး၊ အစာခြေလမ်းကြောင်း နှင့် အာရုံကြောစနစ်များ ထင်ရှားလာပြီး နှလုံး ဖြစ်တည်မည့်အင်္ဂါလေး လှုပ်ရှားလာခြင်း။
ရက်သတ္တပတ် ၈ ပတ် (၁.၃၆ အောင်စခန့်) - ၁ လက်မ ခန့် အရွယ်အစား
ဆိုင်ရာအင်္ဂါများ သန္ဓေသားတွင် ပြည့်စုံစွာဖြစ်ပေါ်လာ၊ နှလုံးစတင်အလုပ်လုပ်လာပြီး အရိုးများ ဖွဲ့စည်း မှု ဖြစ်လာခြင်း။
ရက်သတ္တပတ် ၁၂ ပတ် (၀.၅ အောင်စခန့်) - ၃ လက်မခွဲ အရွယ်အစား
လိင်အင်္ဂါများ ထင်ရှားလာ၊ သွား၊ လက်သည်း ခြေသည်းများ ဖွံ့ဖြိုးလာ၊ မပြည့်စုံသော ကျောက်ကပ် ကလေးများ စတင် အလုပ်လုပ်ပြီး သန္ဓေသားကလေး သားအိမ်အတွင်း စတင်ကူးလူးသွားလာနိုင်လာခြင်း။
ဒုတိယပိုင်း ၃လ အချိန်ကာလ
ဒီအချိန်ပိုင်းကလေးကတော့ သန္ဓေသားကလေး ရဲ့ ဦးနှောက် သိသိသာသာ ဖြစ်တည်လာတဲ့အချိန်ပါ။ တိုးတက်ဖွံ့ဖြိုးမှုကတော့ မီးဖွားပြီး ၁၈ လ ခန့်အကြာမှ သိသိသာသာ ဖြစ်လာတာပါ။ အသက်ရှူလမ်းကြောင်း နဲ့ နှလုံးသွေးကြောဆိုင်ရာ ဖွဲ့စည်းမှုတွေလဲ ဖြစ်တည်နေတဲ့ ကာလအပိုင်းအခြားလေးပါ။
ရက်သတ္တပတ် ၁၆ ပတ် - ၆ လက်မခွဲခန့် အရွယ်အစား
မျက်နှာ၊ ဆံပင်၊ နားရွက်များ ပိုထင်ရှားသိသာလာ ။
ရက်သတ္တပတ် ၁၇ ပတ်
မိခင်ထံမှ ပဋိလှုံဓါတ်ပစ္စည်းများ သန္ဓေသားမှ စတင်လက်ခံလာသည်။
ရက်သတ္တပတ် ၁၈ - ၂၀ ကြား
ဤအချိန်တွင် ကလေးနှလုံးလှုပ်ရှားသံကို နားကျပ်ဖြင့် စတင်ကြားနိုင်ပြီ။
ရက်သတ္တပတ် ၂၀ ပတ် (၁၀ အောင်စခန့်) ၁၀ လက်မ အရွယ်အစားခန့်
မျက်ခုံး၊ မျက်တောင်၊ မွေးညှင်း၊ အဆီအိတ်များ၊ သွားဖုံးများ ပေါ်လာ၊ အရေပြားလေးများ သေးငယ် တောက်ပြောင်ပြီး ခြေတံလက်တံကလေးများ ရှည်ထွက်လာပြီ။
ရက်သတ္တပတ် ၂၄ ပတ် - ၁၂ လက်မ အရွယ်အစားခန့်
ချွေးအိတ်ကလေးများ၊ အဆုတ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုများဖြစ်ပေါ်လာ၊ အသက်ရှုလှုပ်ရှားမှု စတင်၊ ခန္ဓာ ကိုယ် ပိန်သေးသေးလေး ဖြစ်လာပြီ ဖြစ်သည်။
ရက်သတ္တပတ် ၂၆ ပတ်
မိခင်၏ ၀မ်းကြာတိုက်တွင် ကလေးတည်နေပုံကို ပြင်ပမှ စမ်းသပ်သိရှိနိုင်၊ ကလေး မျက်လုံးများ ဖွင့်နိုင် ပြီဖြစ်သည်။
တတိယပိုင်း ၃ လ တာ အချိန်ကာလ
ဒီကာလ ကတော့ ကလေးငယ်ဟာ နေ့စေ့လစေ့ မဟုတ်ပေမဲ့ အခြေအနေအရ မွေးဖွားနိုင်တဲ့ ကာလ ပါ။ သို့သော် အထူးကြပ်မတ်ဂရုစိုက်ပြုစုစောင့်ရှောက်ကုသဖို့တော့ အထူးလိုအပ်ပါတယ်။ နေ့စေ့လစေ့ မွေးနိုင် လေ ကောင်းလေပါ
ရက်သတ္တပတ် ၂၈ ပတ် (၂.၅ ပေါင်ခန့်) ၁၄ လက်မ အရွယ်အစားခန့်
ကိုယ်ခန္ဓာကတော့ ပိန်သေးသေးပေါ့။ ခန္ဓာကိုယ် အရေပြားလေး ပြည့်တင်းလာတဲ့ ကလေးငယ်ဟာ သံ ဓါတ် ၊ ထုံးဓါတ်နဲ့ အခြား အာဟာရဓါတ်တွေကို ကိုယ်တွင်းမှာ သိမ်းထားနိုင်တဲ့ အခြေအနေပါ။
ရက်သတ္တပတ် ၃၂ ပတ် (၄ - ၄.၇ ပေါင်ခန့်) ၁၆ လက်မ အရွယ်အစားခန့်
အရေပြားအောက်မှာ အဆီအိတ်ကလေး တွေ ဖြစ်လာပြီမို့ ပိုပြီး ချောမွတ်လာပြီ။ အရသာကို ခံစားနိုင် ပြီ။ မိခင် ရဲ့ ၀မ်းဗိုက်အပြင်က အသံတွေကို သိနိုင်ပြီ ၊ မျက်စိသူငယ်အိမ်က အလင်းရောင်ကို စတင် တုံ့ပြန်နေပီ၊ ယောကျာ်းလေးဆိုရင် တော့ ဝှေးစေ့လေးတွေက ကပ်ပယ်အိတ်ထဲကို လျှောဆင်းစပြုလာပြီ။
ရက်သတ္တပတ် ၃၆ ပတ် (၄.၁၁ - ၆.၅ ပေါင်ခန့်) ၁၈ လက်မ အရွယ်
ခန္ဓာကိုယ်က လုံးတုတ်တုတ်လေး ဖြစ်လာပြီ။ မွေးညှင်းလေးတွေ ပျောက်စပြုလာပြီ၊ သွေးထဲမှာ ဟေမို ဂလိုဘင်တွေ များလာပြီ၊ ရောဂါခုခံနိုင်စွမ်းတွေ တက်လာပြီ။
ရက်သတ္တပတ် ၄၀ ပတ် (၇ပေါင်ခန့်) ၁၈-၂၂ လက်မ အရွယ်
ဦးခေါင်း မှာ ဆံပင်တွေ ပေါက်လာပြီ။ ယောကျာ်းလေး ဆိုရင် ဝှေးစေ့တွေ ကပ်ပယ်အိတ်ထဲ လုံးဝ ရောက်သွားပြီ။ မိန်းကလေးဆိုရင် ယောနိစပ်လေးတွေ ထင်ရှားလာပြီ။
ဒီလို အဆင့်ဆင့် ဖွံ့ဖြိုးနေတဲ့ သန္ဓေသားကလေး ဉာဏ်ရည်ဖွံ့ဖြိုးအောင် ဘယ်လို ပြုစုမလဲ..။

၁။ ပြည့်ပြည့်၀၀ အနားယူပါ။
အနားယူခြင်းဟာ မိခင်ရော သန္ဓေသား အတွက်ပါ ကျန်းမာလန်းဆန်းစေပါတယ်။ နေ့လည်ဘက်မှာ တရေးတမော အိပ်တာကိုလဲပြုလုပ်သင့်ပါတယ်။ အလုပ်တက်ရတဲ့မိခင်တွေဖြစ်ပါစေ နေ့လည်ဘက်ကို အချိန်ယူ အိပ်စက်သင့်ပါတယ်။ မွေးဖွားခါနီးရောက်လာလေ အိပ်ရခက်ခဲ့လာလေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ကိုတစောင်း လှဲ၍ အိပ်တာ၊ ဖက်ခေါင်းအုံး ကို ဖက်ပြီး အိပ်တာတွေက နေရထိုင်ရ သက်သာစေပါတယ်။
၂။ ၀မ်းဗိုက်ကို ပွတ်ပေးခြင်း။
မိခင်ရဲ့ဝမ်းဗိုက်ကို မိခင်ကိုယ်တိုင် ပွတ်သပ်ပေးခြင်း က လဲ သန္ဓေသားရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
၃။ အကြားအာရုံ တိုးတက်ခြင်း။
သန္ဓေသား ကလေး ဟာ အသက် ၅ လ အရွယ် မှ စ၍ အသံကိုကြားနိုင်ပါပြီ။ အသံကြားရပြီ ဆိုတော့ နားထောင်မှုစွမ်းရည်ရှိလာတာပေါ့။ နားထောင်တတ်ပြီ ဆိုတော့ သင်ယူတတ်ပြီပေါ့။ ကျွန်တော်တို့တွေလိုပဲ ၀မ်း ဗိုက်ထဲက ကလေးလေး ဟာလဲ မိခင်ရဲ့ အသံကို" ကားချင်တာပါပဲ။ ကလေး သန္ဓေသားလေးကို စကားပြော မယ်ဆိုရင် အမေဖြစ်သူ က တကယ့်ကလေးလေး လို သဘောထားပြီး ကြင်နာမှုအပြည့်ရှိတဲ့လေသံနဲ့ ညင်ညင် သာသာလေး "ဒီနေ့ နေလို့ကောင်းရဲ့လား ၊ ပျော်ရဲ့လား " စသဖြင့် မေးခွန်းလေးတွေ မေးတာတို့ ၊ သူ့ကို ချစ်ခင် နှစ်သက်ကြောင်း စသဖြင့်လည်း ပြောပေးလို့ရပါတယ်။ မိခင်သာမက ဖခင်ဖြစ်သူလည်း ပါဝင်ပြောဆိုခြင်း ပြုလုပ် ပါက ကလေးမှာ မိဘတို့ရဲ့အထိအတွေ့နဲ့အသံကို တဖြည်းဖြည်း မှတ်မိလာပါလိမ့်မယ်။
တေးဂီတကိုလည်း နားထောင်နိုင်ပါတယ်။ သာယာနူးညံ့တဲ့ သံစဉ်လေးတွေတော့ ရွေးချယ်သင့်ပါ တယ်။ အဲလို အနိမ့်အမြင့် အတက်အကျမှန်မှန်နဲ့သာယာ တဲ့ မဆူညံတဲ့ ဂီတ ကို တနေ့ (၁၀) မိနစ် မှ (၁၅) မိနစ် လောက် နားထောင်ပေးရင် ကလေး က ဉာဏ်ရည် ပိုကောင်းလာပါလိမ့်မယ်။ မိဘ များ က သားချော့တေးများ ဆိုပေးလျှင်လည်း ရပါတယ်။ ပြင်းထန် ကျယ်လောင်တဲ့ Rock တို့ ၊ Hip Hop တို့ ကိုတော့ ရှောင်ရှားသင့်ပါတယ်။ မိခင်ရော ကလေး အတွက်ပါ စိတ်ဖိစီးမှုတွေရနိုင်ပါတယ်။
ကလေးလေး ကို ပြုစုသလိုပဲ မိခင်လောင်းတို့မှာလဲ ကျန်းမာဖို့ လိုအပ်ပါတယ်။ ဒါမှ ကျန်းမာတဲ့ ကလေး လေး ကို မွေးဖွားနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှု က အရေးကြီးလှပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ နားနားနေနေနဲ့ အပန်းဖြေရင်း ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာအောင် ဘယ်လို လုပ်မလဲ။ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကိုရှောင်ရပါမယ်။ လမ်းများများ လျှောက်ပေးတာ က တော့ အသင့်တော်ဆုံး လှုပ်ရှားမှု တစ်ခုပါပဲ။
ကိုယ်ဝန်ဆောင်ကာလမှာ လဲလျောင်းခြင်း၊ ထိုင်ခြင်း၊ ထခြင်း တွေက အရေးပါပါတယ်။
မိခင်တွေ ဟာ ကြီးထွားလာတဲ့ ရင်သွေးလေး နဲ့ အတူ တိုးလာတဲ့ ကိုယ်အလေးချိန်ကြောင့် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းညှိနိုင်ဖို့ အရေးကြီးပါတယ်။ ရုတ်တရက် အထိုင်အထ မှာ မူးဝေတာတွေလဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ထတာဖြစ်ဖြစ် ထိုင်တာဖြစ်ဖြစ် သတိနဲ့ လှုပ်ရှားသင့်ပါတယ်။
ခန္ဓာကိုယ်လဲလျောင်းမယ်ဆိုရင်
ပထမဆုံး မတ်တပ်ရပ်နေတာက နေ ဒူးလေး နည်းနည်းကွေးလိုက်ပါ။ ဒါဆိုရင် ကျောရိုးအောက်ပိုင်း ကို အားသက်ရောက်မှု လျော့သွားပီး ဟန်ချက် မျှတလာမယ်။ ပြီးရင် လက်ကို ပေါင်လယ်လောက်မှာ ထောက် အား ပြုပြီးတော့ ဒူးတစ်ဖက်ကို ဖြည်းဖြည်းထောက်ပါ။ ကျန်ဒူးတစ်ဖက်ကို ထပ်ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို လက် ဖ၀ါး နှစ်ဖက် ဒူးနှစ်ဖက် ထောက်လျက်သား လေးဖက်ထောက် အနေအထား နဲ့ ရှိပြီဆိုမှ လက်မောင်းတစ်ဖက်ကိုအားပြုပြီးခန္ဓာကိုယ်ကို ၄င်းလက်မောင်းဖက်စောင်းပါ။ပြီးရင်လက်မောင်းတွေအားပြုပြီးပက်လက်အနေအထား ရောက်အောင်ပြုပြင်ပါ။
လှဲနေရာက မတ်တပ်ရပ်မယ်ဆိုရင်လဲပထမဆုံး လက်မောင်းတွေ ကို အားပြုပြီး ကိုယ်ကိုစောင်းပါ။ ပြီးရင်လှဲလျောင်းတုန်း က လေးဖက်ထောက်ပုံစံမျိုးရအောင်လုပ်၊ အဲပြီးမှ ဒူးတစ်ဖက်စီထောက် အားပြုပြီး ဖြည်း ဖြည်း လေး ရပ်ပါ။
ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မယ့် မိခင်လောင်းများ ၊ပြုစုမယ့် ဖခင်လောင်းများ ဘယ်လိုနေထိုင် ပြုမူရမလဲ သိလောက်ပြီထင်ပါတယ်။ ရှေ့လမှာတော့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေရဲ့ မေးလေ့မေ့ထရှိတဲ့ မေးခွန်းများကို ရေးပေးသွားပါ့မယ်။
Dr. ဇီဝက

0 comments: