သေချာမ... မှားအောင်ဖြတ်... တောက်ကွာ…
မြန်မာစာ ရေးကြတဲ့အခါ အဖြတ်အတောက် အထားအသိုတွေကို အမှုမဲ့ အမှတ်မဲ့ ကြုံသလို သုံးလိုက်ကြတဲ့အခါ မထင်မှတ်ဘဲ ရယ်စရာတွေ ဖြစ်လာတတ်ပါတယ်။ “လေးညှင်း၊ ထန်းမြစ်၊ ယမ်း၊ ကတိုး၊ ရှိန်းခို၊ တောင်ကြာဥ၊ ဂျူး၊ ဆင်ချေးမို”ဆိုတဲ့ ဆေးညွန်းတောင် အဖြတ်အတောက်မှားလို့ `လေညှင်းထန်၊ မြစ်ယံကတိုး၊ ရှိန်းခိုတောင် ကြာဦး၊ ကျူးဆင်ချီမိုး´ ဆိုပြီး ကဗျာ ဖြစ်သွားတယ် ဆိုတာကို ကြားဖူးကြမှာပါ။
အဖြတ်အတောက်ဟာ အင်မတန် အရေးကြီးပါတယ်။ လူအချင်းချင်း နားလည်မှုတွေနဲ့ အလုပ်လုပ်ရတဲ့အခါ အဖြတ်တောက် မှားသွားခဲ့ရင် (ရေးတဲ့လူ ကိုယ်တိုင်ကတော့ သူ ဘာကို ဆိုလိုချင်တယ် ဆိုတာကို သိပေမယ့်) တခြားလူတွေမှာတော့ တော်တော်လေးကို စဉ်းစားရတော့ တာပါပဲ။ စဉ်းစားရင်း ရယ်စရာတွေတောင် ဖြစ်လာတော့တာပါပဲ။

တစ်ခါက ဆိုင်တစ်ဆိုင်မှာ အောက်ပါအတိုင်း ရေးထားပါသတဲ့
အများပြောတယ်
လီဖုန်း
လီဖုန်း
အဲဒီဆိုင်ရှေ့က ဖြတ်သွားတဲ့သူ အားလုံးနီးပါး အဲဒီဆိုင်းဘုတ်ကို နားလည်အောင် တော်တော်လေး ကြိုးစားလိုက်ရပါသတဲ့။ သူရေးထားတာက “အများပြော တယ်လီဖုန်း” ဆိုတာပါ။
ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ရတဲ့ စကားပုံ တစ်ခုရှိပါတယ်... အဲဒါက “ဆရာ မပြ၊ နည်းမကျ”ဆိုတာပါ။ ဒါကို ကျွန်တော်က ဖျက်ပြီး “ဆရာမ ပြ၊ နည်းမကျ” ဆိုပြီး လုပ်ခဲ့ဖူးပါတယ်။
အဖြတ်အတောက်နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ မြန်မာစကားပုံတစ်ခုကတော့ “ခွေးဖြူတောမတိုးဝံ့” ဆိုတာပါ။“ခွေးဖြူ တောမတိုးဝံ့” လို့ ဆိုလိုတာလား... “ခွေး ဖြူတော မတိုးဝံ့” လို့ ဆိုလိုတာလား ဆိုတာ စဉ်းစားစရာပါ။ မြန်မာစာအဖွဲ့က ထုတ်တဲ့ စကားပုံပေါင်းချုပ်စာအုပ်မှာတော့ နှစ်မျိုးစလုံးကို အမှန်လို့ ယူထားပါတယ်။
၁၂၅။ ခွေးဖြူ တောမတိုးဝံ့။ ။ ကြောက်ရွံ့တတ်သော ခွေးဖြူသည် တောမတိုးဝံ့ သကဲ့သို့ သတ္တိနည်းသူသည် အခက်အခဲကို ရင်မဆိုင်ဝံ့ချေ။
၁၂၆။ ခွေး ဖြူတော မတိုးဝံ့။ ။ ခွေးသည် ဖြူကောင်၏ဆူးကို ကြောက်သဖြင့် ဖြူကောင်များ အကြားသို့ မသွားဝံ့သကဲ့သို့ ကြောက်ရွံ့တတ်သူသည် အခက်အခဲကို ရင်မဆိုင်ဝံ့ချေ။
၁၂၆။ ခွေး ဖြူတော မတိုးဝံ့။ ။ ခွေးသည် ဖြူကောင်၏ဆူးကို ကြောက်သဖြင့် ဖြူကောင်များ အကြားသို့ မသွားဝံ့သကဲ့သို့ ကြောက်ရွံ့တတ်သူသည် အခက်အခဲကို ရင်မဆိုင်ဝံ့ချေ။
ငယ်ငယ်က စာအုပ် တစ်အုပ်ထဲမှာ “ဆရာမလာတို့တော့ပျော်သည်” ဆိုသော စာကြောင်း တစ်ကြောင်းတည်းကို အဖြတ်အတောက်ကို လိုက်ပြီး ၃ မျိုး ဖတ်လို့ရတယ်ဆိုတာကို ရှင်းပြထားတာ ဖတ်ရဖူးပါသည်။
ဆရာ မလာ တို့တော့ပျော်သည်။
- ဆရာဖြစ်သူ မလာသောကြောင့် ကျွန်တော်တို့ ပျော်သည်။
ဆရာမ လာ တို့တော့ပျော်သည်။
- ဆရာမ ဖြစ်သူ လာသောကြောင့် ကျွန်တော်တို့ ပျော်သည်။
ဆရာမ လာတို့တော့ ပျော်သည်
- ဆရာမ ဖြစ်သူက လက်ဖြင့်လာရောက် တို့ထိသောကြောင့် ပျော်သည်။

အလားတူ စာကြောင်းမျိုး နောက်တစ်ခု ရှိပါတယ်။ “ဆရာမကပြသဖြင့်ကျွန်တော်တို့ကြည့်သည်” ဆိုတဲ့ စာကြောင်းပါ။ ဒီစာကြောင်းကို အဖြတ်အတောက်နောက် လိုက်ပြီး အမျိုးမျိုး အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။
ဆရာမ ကပြသဖြင့် ကျွန်တော်တို့ ကြည့်သည်
ဆရာမက ပြသဖြင့် ကျွန်တော်တို့ ကြည့်သည်
ဆရာမက ပြသဖြင့် ကျွန်တော် တို့ကြည့်သည်
ဒါကို ကြည့်ခြင်းအားဖြင့် အဖြတ်အတောက်ဟာ အင်မတန်မှ အရေးပါတာကို သိနိုင်ပါလိမ့်မယ်။ ဒီဘက်ဘေးက ဓာတ်ပုံကတော့ ကျွန်တော်ရောက်နေတဲ့ မြို့မှာဖွင့်ထားတဲ့ စာကြည့်တိုက်ရဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။ သူတို့ရေးထားပုံအရ စာကို ကြည့်တိုက်ဖို့ လိုပါလိမ့်မယ်... :)
ငယ်ငယ်တုန်းက “မသာရထား ငှားရန်ရှိသည်” ဆိုတဲ့ ဆိုင်းဘုတ်ကို“မသာရ ဓားငှားရန်ရှိသည်” လို့ စာလုံးပေါင်းကော အဖြတ်အတောက်ပါ လွဲပြီး လူတစ်ယောက်က ဖတ်တဲ့အကြောင်း သင်ရဖူးပါတယ်။ အဲဒီလူက ဆိုင်းဘုတ်ကို ဖတ်ပြီးတော့... “အင်း... မသာရတို့များ ဓားတောင် ငှားစားသကိုး...” လို့ မှတ်ချက်ပြုပါသတဲ့။
တိုက်ဆိုင်လို့ ကျွန်တော့် ကောင်မလေး ပြောပြတာလေးကို ပြန်မျှချင်ပါတယ်။ သူ အလယ်တန်းလောက်တုန်းက အတန်းထဲမှာ စာအုပ်တွေကို နာမည်ခေါ်ပြီး အခန်းထဲကလူတွေကို ပြန်ဝေပေးရသတဲ့။ အဲဒီမှာ စာအုပ်တစ်အုပ်မှာ နာမည်တပ်ထားတာကို ဖတ်ပြီး... “သူ... ရခိုင်”လို့ အော်ပြီးခေါ်သတဲ့။ အဲဒီစာအုပ်ကို ဘယ်သူမှ ထွက်လာမယူဘူး။ ပိုင်ရှင်မရှိဘူးဆိုပြီး ဆရာမကို ပြန်ပေးတော့ ဆရာမက “သူရခိုင်” လို့ ခေါ်တော့မှ အဖြတ်အတောက်မှားဖတ်မိမှန်း သဘောပေါက်သတဲ့။ (အင်း... သူ ရခိုင်ဆိုတော့... ချင်းတို့ ကချင်တို့ မဟုတ်လို့ ထွက်မလာတာ နေမှာပေါ့ဗျာ)

အဖြတ်အတောက်နဲ့ ပတ်သက်လို့ အခုနောက်ပိုင်း လူပြောများနေတာလေးတွေ ရှိပါတယ်။
လာဘ်ပေးရန် မလို = လာဘ်ပေးဖို့ မလိုအပ်
လာဘ်ပေး ရန်မလို = လာဘ်ပေးလျှင် ရန်မလို
လာဘ်ပေး ရန်မလို = လာဘ်ပေးလျှင် ရန်မလို
ဘုရား ရှိခိုး = ဘုရားကို အရိုအသေပြုခြင်း
ဘုရားရှိ ခိုး = ဘုရားရှိလျှင် ခိုးခြင်း
ဘုရားရှိ ခိုး = ဘုရားရှိလျှင် ခိုးခြင်း
ကျွန်တော်နဲ့ ခင်တဲ့ အစ်မတစ်ယောက်က ပြောပြဖူးတာပါ။ သူတို့အဖွားရဲ့ မှတ်စုစာအုပ်ကို ယူကြည့်တော့ ထူးထူးဆန်းဆန်းတွေ ဖတ်ရသတဲ့... “ဦးလှမောင် သားအိမ်ဖုံး - ၀၀၇...” ဆိုပြီး တွေ့ရသတဲ့။ ဦးလှမောင်ဆိုတဲ့ ယောက်ျားကြီးက ဘယ့်နှယ်ကြောင့် သားအိမ်ဖုံးသွားရသလဲ ဆိုပြီး သူတို့ မောင်နှမတွေ စဉ်းစားဖူးသတဲ့။ နောက်မှ“ဦးလှမောင်သား၊ အိမ်ဖုံး - ၀၀၇” ဖြစ်မှန်းသိပြီး ရယ်ကြပါသတဲ့။
ဒီဘက်က ပုံကို ကျွန်တော် မယ်ဆိုင်မြို့ကို ရောက်တုန်းက ရိုက်လာတာပါ။ ရေးချင်တာက “အခမဲ့ မျက်စိ စမ်းသပ်သည်”ဆိုတာပါ။ ဒါပေမယ့် စာလုံးပေါင်းမှားပြီး... “အခန်းမဲ့ မျက်စိစမ်းသပ်သည်”လို့ဖြစ်သွားပုံ ရပါတယ်။ ဒါကို နောက်မှ သိပြီး နငယ်သတ်လေးကို ဆေးနဲ့ ပြန်ပြီး ဖုံးထားတော့ “အခ မဲ့မျက်စိစမ်းသပ်သည်” လို့ ဖြစ်သွားပါတယ်။ မဲ့နေတဲ့ မျက်စိကို ဖတ်ပြီးတော့ ပြုံးမိပါတော့တယ်။
မြန်မာစာမှာ အဖြတ်အတောက်က မလိုအပ်ဘူးလို့ ထင်ရနိုင်ပေမယ့် အင်မတန်မှ အရေးကြီးပါတယ်။ “မမ၊ မောင်ခေါ်ရာ လိုက်မှာလား”ဆိုရင် အသက်ကြီးတဲ့ မိန်းကလေးကို ယောက်ျားလေးက မေးတာ ဖြစ်ပြီး... “မမမောင်၊ ခေါ်ရာလိုက်မှာလား”ဆိုရင် အသက်ငယ်တဲ့ ယောက်ျားလေးကို မိန်းကလေးတစ်ယောက်က မေးတာ ဖြစ်သွားပါလိမ့်မယ်။
ဒုတိယ ကမ္ဘာစစ်တုန်းက သတင်းစာတစ်စောင်ရဲ့ ခေါင်းကြီးပိုင်းမှာဖြစ်ခဲ့တဲ့ အဖြတ်အတောက်အမှား လို့ဆိုပါတယ်။ တကယ့်အဖြစ်အပျက်လား ဟာသလားတော့ မသိပါဘူး။ အဲဒီသတင်းစာ ခေါင်းစီးမှာ ရေးချင်တာက...“ဟစ်တလာက... တော်လှန်ပြီဟုဆို” ... “Hitler Makes Revolution” လို့ ရေးချင်တာပါ။ ဒါပေမယ့် ဒီဇိုင်နာ အမှားပဲလား၊ အယ်ဒီတာအမှားပဲလား ဘယ်သူက လက်စွမ်းပြလွန်သလဲ မသိပါဘူး အောက်ပါအတိုင်း ဖြစ်သွားပါသတဲ့။
ဟစ်တလာကတော်
လှန်ပြီဟုဆို
လှန်ပြီဟုဆို
ဒီပို့စ်က အဖြတ်အတောက်နဲ့ ပတ်သက်ပြီး ကျွန်တော်သိသလောက်လေးတွေကို ပြန်လည် ဝေမျှတာပါ။ ဘာသာဗေဒ ပညာရှင်တချို့က မြန်မာစာဟာ အဖြတ်အတောက် မရှိတဲ့ ဘာသာစကားလို့ ဆိုပါတယ်။ အဲလို ဆိုသည့်တိုင်အောင် အဖြတ်အတောက်ဟာ အမှုမဲ့ အမှတ်မဲ့နဲ့ မေ့မထားသင့်တဲ့ အထဲမှာ ပါပါတယ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့်... “သေချာ မမှားအောင် ဖြတ်တောက်ကွာ...” လို့ သာ အော်ရင်းနဲ့ပဲ... ...။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 comments: