အတောင်ပံတွေဖြုတ်သိမ်းထားတဲ့ ပိုးဖလံ


လွတ်မြောက်ခွင့်ကိုစာလုံးပေါင်းကြည့်တဲ့အခါ ကိုယ်ဟာ ဘယ်သူ့အတွက်မှ ခလုတ်ကန်သင်း မဖြစ်ချင်ခဲ့သလို ဘယ်သူ့ အတွက်မှ ငါးမျှားချိတ်မဖြစ်ချင်ခဲ့ဘူး။
'သမီးက ခုချိန်ထိ ငဖျင်းတစ်ကောင်ပါ ဖေဖေ'
'ကိုယ်က တစ်ကိုယ်တော်အတ္တသမားနော် သူငယ်ချင်း'
'တကယ်တော့ ချစ်က နူးညံ့ချင်ယောင်ဆောင်နေတဲ့ ချစ်သူတစ်ယောက်ပါ မောင်'
'ညီမလေးက မိန်းမဆိုး တစ်ယောက်ပါ ကိုကို'
အဲဒီလိုအကန့်အသတ်တွေနဲ့ကိုယ့်ကိုယ်ကို ခွေခေါက်သိမ်းဆည်းခဲ့ဖူး..အေးစက်မှုတွေ ၀ရုန်းသုန်းကားဖြစ်အောင် ဖန်တီး သူဟာ ကိုယ်ကိုယ်တိုင်ဖြစ်ပြီး စိမ်းကားမှုတွေကို အချဉ်ရည် ခပ်ရွှဲရွှဲ လောင်းပြီး မီးမြှိုက်ပစ်ခဲ့ချင်သူဟာလည်း ကိုယ် ပဲဖြစ်တယ်။ မဖြေနိုင်တဲ့စာမေးပွဲမှာ ကျရှုံးတဲ့ ကျောင်းသားတစ်ယောက်လို ငိုကြွေးဖို့ကိုခပ်ပေပေ မေ့လျော့နေခဲ့ဖူးတယ်..။ ဒါမှမဟုတ် ၀င်ခွင့် စာမေးပွဲတစ်ခု ကျရှုံးတဲ့ ရည်ရွယ်ချက်ကြီးကျောင်းသားတစ်ယောက်လို ပြင်းပြင်းထန်ထန် ငိုကြွေးခဲ့ဖူးတယ်။
အပေအတေရွက်လွှင့်ဖို့ပြင်တဲ့အခါ အားလုံးနဲ့ဝေးရာကိုထွက်သွားချင်ခဲ့ပြီး နာကျင်မှုတွေ ခံစားရတဲ့အခါ ဘယ်သူကိုယ့် အနားမှာရှိသလဲလို့ အရူးအမူးရေတွက်မိပြန်တယ်။
တစ် နှစ် သုံး လေး....မိဘ-မောင်နှမ၊ ချစ်သူ၊ မိတ်ဆွေသူငယ်ချင်း...... မရေတွက်နိုင်အောင်များပြားလှတဲ့ ပတ်သက်မှု တွေကြား လက်ချောင်းလေးတစ်ချောင်းချိုးအချ...သရီးအင်ဝမ်း..ဖိုးအင်ဝမ်း...အားလုံးအင်ဝမ်းပေါ့ (....in 1)။
တစ်စုံတစ်ယောက်က ကိုယ့်ဘေးမှာရှိမနေရင်တောင်  တစ်စုံတရာက ကိုယ့်ဘေးမှာကျန်နေရစ်ခဲ့မှာပဲ။
မိသားစုဆိုတဲ့စာအုပ်တစ်အုပ်ကိုပြန်ပြန်ဖတ်တိုင်း ကောင်းကင်ဟာပိုမိုမြင့်တက်ခဲ့ပြီး မြေပြင် ဟာ ပိုမိုနိမ့်ဆင်းလာခဲ့တယ်။ ငြင်းဆန်ဖို့ခက်ခဲတဲ့ ကျေးဇူးအသိတွေထဲမှာ ပြောသမျှစကားလုံးတိုင်း အတွက် နုတ်ခမ်းတွေလေးလံလို့ အဖြေကတိုးတိတ်စွာ 'ဟုတ်ကဲ့' ဖြစ်ရတယ်။ အဲဒီကောင်းကင် ပေါ်မှာ ချွန်မြမြစကားလုံးတွေရှိနေသရွေ့ ကိုယ်ဟာတဖြည်းဖြည်းတွန့်လိမ်ပြားကပ် ရှုံ့တွ လာတဲ့ လေကုန် ပူဖောင်းတစ်လုံးပဲ။ ဘာမှဖြစ်မလာခဲ့လည်း ဘယ်လိုတွေဖြစ်သွားတဲ့အတွက် ကျေနပ်ရမယ်။
ရေကြည်ရာမြက်နုရာကြောင့် ဘ၀အဓိပ္ပါယ်အမျိုးမျိုးဖွဲ့ဆိုနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကြား ကိုယ်ချစ်တဲ့သူတို့ဟာလည်း မျက်မှန်ကိုပါဝါထပ်တိုးကြည့်မှမြင်ရသလို စမ်းတ၀ါးဝါးတို့ထိခွင့်ရတယ်။
သူတို့ရဲ့ နုတ်ခမ်းတွေကြားမှာ ကြားနာလို့ရတဲ့နားသက်သက်ဟာ ကိုယ်ပဲ။ငြိမ်သက်တိတ်ဆိတ် ခွေ ခေါက်သိမ်းဆည်းမှု တွေဟာ ပိုမိုရှုပ်ထွေးလာတဲ့ ခဲပန်းချီခြစ်ကြောင်းတွေလို ဖြစ်ခဲ့။ 'ကိုယ်ချင်း စာ ပါ တယ်လေ' ပြောပြီးလှည့်ပြန်ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်း ကမြောက်မြားစွာ...။ တစ်ချို့များ အဲဒီကျောကို နာကျင်အောင်ကုတ်ဖဲ့တတ်ကြသေးပြန်တဲ့အခါ တစ်ကိုယ်တော်ရွက်လွှင့်မှုဟာ ကမ်းမကပ်နိုင်တဲ့ အိမ်လွမ်းနာလိုမျိုး။ ဓါးဒဏ်ရာနက်နက်တွေကိုတော့ ဘ၀တစ်သက်တာချန်လှပ်ပစ်ခဲ့တယ်။
ဝင်လာလိုက်ထွက်သွားလိုက် နာကျင်လိုက်ပျော်ရွှင်လိုက်...ခဏခဏကိုယ့်နှလုံးသားသည်းပွတ်တွင်းကို ချဉ်းနင်းဝင် ရောက်ခဲ့တဲ့ ချစ်သူ...။
ဘ၀မှာအတွေဝေဆုံးအရာတစ်ခုဖြစ်တဲ့ ကိုယ့်ရဲ့ကောက်ရိုးလေးတစ်မျှင်...အချစ်ထက်မေတ္တာကို ဦးစားပေးလို့နွေးထွးစေ ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်။
ချည်နှောင်မှုတွေကိုမေ့လျှော့ချင်ခဲ့တဲ့သူဟာ ကြိုးတွေကိုကောင်းကောင်းအသုံးမချတတ်ခဲ့....မဆန်းပါဘူး။
'ဘယ်တော့မှ မနာကျင်စေရဘူး' စကားသံတစ်ချို့ဟာလည်း အိပ်ပျက်ညတွေရဲ့ ခြေလှမ်းဆီတဖြည်းဖြည်းရောက်ရှိလာခဲ့။
ကိုယ့်မှာ တံလှပ်တွေမှမရှိခဲ့ဘဲ....သွားပါ....သွားလိုက်တော့...ကိုယ့်အတွက်လို့ မသေချာတဲ့လက်တစ်ဖက်ကို ဆုပ်ကိုင် ထားဖို့ ကိုယ့်ရဲ့ကန့်သတ်ချက်တွေက ခွင့်မပြုခဲ့ဘူး။
ဒီအတိုင်းပဲ ငေးကြောင်ရပ်ကြည့်ရင်း ဝေးကွာသွားခဲ့...။ ကိုယ်ပေးလိုက်တဲ့ နားလည်မှုကိုသူအပြည့်အ၀ရရှိနိုင်ကောင်းပါရဲ့။
မျှော်လင့်ချက်တွေ စိုက်ပျိုးပေးခဲ့သူဟာ ကိုယ့်ကိုချစ်မြတ်နိုးတဲ့သူဖြစ်ပြီး ခူးယူပန်ဆင်သွားခဲ့သူဟာ ကံကြမ္မာလား...ကိုယ် လား။ အချစ်မှာ သာတူညီမျှမှုတွေပျောက်ဆုံးတိုင်း တစ်ဖက်ဖက်ကတော့နာကျင်နေရဦးမယ်။ 'စစ်မှန်ရဲ့လား' ဖြေသူ မဲ့မေးခွန်းတွေ ဦးနှောက်ဆီပြေးဆောင့်တိုင်း နှလုံးသားကပဲ့တင်ထပ်ကြွေကျသံတွေ နားထဲမှာဆူညံရစ်ဝဲသွားတဲ့ အဆုံး... ကိုယ့်မျက်ဝန်းတွေဟာ သူ မဖတ်တတ်တော့တဲ့ မာယာထောင်ချောက်တွေဖြစ်ခဲ့ပြန်တယ်။
နာကျည်းလိုက်ပါ မုန်းလိုက်ပါ....နာကျည်းပစ်လိုက်ပါ မုန်းပစ်လိုက်ပါ....ရင်ထဲကစကားတွေနဲ့ စိတ်မှာ ကိုယ့်ပါး ကိုယ် အခါခါ ဆွဲလှည့်ပြီး ရိုက်ဖူးတယ်။ အချိန်တွေကြာရှည်မှုနဲ့အတူ ကိုယ်ကြောင့်ကျမယ့် မျက်ရည်တွေအတွက် ၀ဋ်ကြွေးသစ်တွေ ထပ်မလုပ်ချင်တော့တာ နားလည်ပါ။
ငါထင်တာမှန်တယ်ဆိုတဲ့ယူဆချက်တွေနဲ့ ကိစ္စရပ်တိုင်းအပေါ်မှာ ကြိုတင်ပြဌာန်းထားတတ်တာ ဘ၀လား.... ဘယ်တော့မှ လဲမကျတတ်တဲ့ ခပ်မာမာလူတစ်ယောက်ကို ဖြစ်ပျက်တရားတွေက ခဏခဏခလုတ်တိုက်တတ်တယ်။ သစ်ငုတ်မဟုတ်တော့လည်း မယိုင်နဲ့ခဲ့ဘူးပေါ့...ရင်နာတာမနာတာ ခေါင်းအုံးပေါ်ကကိစ္စ...တိတ်တဆိတ်ငိုကြွေးရတာကိုက အရသာတစ်ခုပါ။
လူအားလုံးဟာ ၀မ်းတွင်းရူးတွေလို့ ကိုယ်ကြားဖူးခဲ့တယ်။
ကိုယ်မပျော်ဘူး.............အဲဒါနဲ့အတူ.............၀မ်းမနည်းတတ်တော့ဘူး။

စောယုမောင်

0 comments: