မျဉ်းဖြောင့်တစ်ကြောင်းရဲ့ သီအိုရီ




အေးစက်မည်းမှောင်ကာ ကျဉ်းမြောင်းလွန်းသည့် လမ်းသွယ်လေးထက်တွင် စမ်းတ၀ါးဝါးဖြင့် သူလျှောက် လှမ်းနေခဲ့မိ၏။ အပြင်ပိုင်းတွင် အေးစက်နေခဲ့သော်လည်း သူ့ရင်အတွင်းပိုင်းမှာတော့ ပူလောင်မှုတစ်ခုကို ပြင်းရှ စွာ ခံစားနေခဲ့ရသည်။ ရင်တွင်းဝေဒနာ၏ လှုံ့ဆော်မှုဖြင့် ငတ်မွတ်တမ်းတစွာ၊ မွတ်သိပ်စွာ သူတောင့်တမိလိုက် တာက... ‘ရေ’။
သို့သော် သူ့ပတ်ဝန်းကျင်တွင် ရေမပြောနှင့်၊ ဘာကိုမှ သည်းသည်းကွဲကွဲ မမြင်ရနိုင်ခဲ့။ အရာအားလုံးကို မှုန်ရီဝိုး တ၀ါးအနေဖြင့်တောင်မှ တွေ့ခွင့်ရဖို့ မလွယ်ကူလှ။ အလင်းရောင် သဲ့သဲ့လေးမျှတောင် မရှိ။ ခြောက်ခြား ဖွယ်ရာ အမှောင်လွင်ပြင်က အတိပြီးနေခဲ့လေ၏။ ရေကိုတွေ့နိုးနိုးဖြင့် လျှောက်လှမ်းနေခဲ့ရသော သူ့ခြေထောက် များသည် အခုတော့ ခွေယိုင် လဲကျချင်နေခဲ့ရပြီ။ ရင်တွင်းမှ နွမ်းဖျဖျဖြင့် တလှပ်လှပ် တုန်ယင်မှုကလည်း ပိုမိုအား ကောင်း လာခဲ့ကြသေးသလိုလို။ နေစမ်းပါဦး၊ သူဘာဖြစ်လို့များ အားမရှိသလို ချိနဲ့နဲ့ ခံစားနေခဲ့ရတာပါလိမ့်။
အဖြေရှာရင်း အားတင်းကာ သူဆက်လျှောက်မိခဲ့သည်။ တော်တော်ကြာ ဆက်လျှောက်မိခဲ့ပြီးနောက် စိမ်း လန်းသော မြင်ကွင်းတစ်ခုက ရုတ်တရက်ဆိုသလို သူ့မျက်စိရှေ့တွင် ဘွားခ,နဲ ပေါ်လာခဲ့၏။ ကြည့်စမ်း...၊ လှ လိုက်တာ။ ရေရဲ့ အခြားသော သင်္ကေတတစ်ခုဖြစ်တဲ့ စိမ်းလန်းစိုပြေခြင်းတွေ။ မြက်ခင်းစိမ်းစိမ်း၊ သစ်တောအုပ် စိမ်းစိမ်း၊ မိုးကောင်းကင်က ပြာလွင်လွင်၊ ဟော... ကျေးငှက်လေးတွေကလည်း လေထုထဲမှာ ဟိုဟိုဒီဒီ ၀ဲပျံကြလို့။
ပတ်ဝန်းကျင်ကို မျက်စိကစားရင်း အငမ်းမရနိုင်သော မျက်ဝန်းများဖြင့် ရေကို ရှာမိသည်။ တွေ့ပြီ၊ သူ့ရှေ့ ခပ်လှမ်းလှမ်းမှာ တသွင်သွင် စီးဆင်းမနေပဲ အေးချမ်းတည်ငြိမ်စွာ ရှိနေခဲ့သော ကြည်ကြည်လင်လင် ကန်ရေပြင် လေးတစ်ခု။ ရေကန်လေးကိုငေးရင်း ခြောက်သွေ့အက်ကွဲနေသော နှုတ်ခမ်းများအား လျှာဖြင့်တစ်ချက် သပ်မိ၏။ နောက်... ခွေယိုင်ကျလုလု ခြေထောက်များကို တရွတ်ဆွဲကာ ရေကန်လေးရှိရာဆီသို့ အားတင်းလျှောက် သွား လိုက်သည်။
“ဟင်”
ရေကန်လေးနားမရောက်သေးခင် မြင်လိုက်ရသော ပုံရိပ်တစ်ခုကြောင့် သူ့ရင်တွင်းမှနေပြီး တီးတိုးရေရွတ် လိုက်မိခြင်းသာ။ ဒါ ဘယ်သူလဲ၊ ဘာကြောင့် ငါသောက်မယ့် ရေကန်ဘေးနားမှာ ရပ်နေရတာလဲ။
အတွေးဖြင့် ဝေသီချင်နေသော မျက်ဝန်းများအား သေချာပွတ်လိုက်ရင်း ရေကန်ဘေးနားမှ ပုံရိပ်ကို သူစူး စိုက် ကြည့်လိုက်မိ၏။ ကြည့်ရင်း... သူ့အမြင်အာရုံထဲမှာ ထင်ရှား၊ ပြတ်သားစွာ မြင်လာရသည်က...
“ညီထွေး”
ခေါ်သံက သူ့နှုတ်ဖျားမှနေ အပြင်သို့ထွက်ကျမသွား။ သို့သော် သူ့ရင်အတွင်းပိုင်းမှာ ပဲ့တင်ထပ်သွားခဲ့ရ၏။ ညီထွေးကလည်း ရေကန်ဘေးနားမှနေ သူ့ခေါ်သံကို ကြားသွားသည့်အလား၊ အပြုံးလဲ့လဲ့ မျက်ဝန်းတစ်စုံဖြင့် ပြန် လည်စိုက်ကြည့်ရင်း သူ့ကို ခေါ်လိုက်ခြင်းအား နှလုံးသားဖြင့် သူကြားလိုက်ရ၏။
“ကိုကြီး”...
သူ့အား ညီထွေးခေါ်လိုက်သံကြောင့် ရင်တွင်းမှရေဆာမှုတို့က ကြက်ပျောက်ငှက်ပျောက်ဆိုသလို ပျောက် ရှ သွားကြရသည်။ သူ့ရင်ထဲမှာ အေးချမ်းသွားရ၏။ ဟုတ်သည်၊ ညီထွေးရဲ့ ‘ကိုကြီး’လို့ ခေါ်တတ်တဲ့ ဒီလိုအသံ လေးကို သူမကြားခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ နောက်ပြီး ညီထွေးရဲ့မျက်နှာလေးကို နောက်ဆုံး မြင်ခဲ့ရတာကရော၊ ဘယ်အချိန်တုန်းကပါလိမ့်။ တစ်နှစ်လား၊ နှစ်နှစ်လား။ ဟင့်အင်း..၊ မဟုတ်သေးပါဘူး၊ အဲ့ဒါ ထက်တော့ ကျော်နေလိမ့်မယ်။ ဒါဆို.. ဘယ်နှနှစ်ပါလိမ့်။ နေဦး..တွက်ကြည့်ရအောင်။ ဝေေ၀၀ါးဝါး နိုင်လှသော အတွေးဖြင့် သူစဉ်းစားမိတော့ တိကျသည့်အဖြေတစ်ခုက ထွက်ကျမလာခဲ့။ သို့သော်လည်း သေချာတာ တစ်ခုက သူတို့ ညီအစ်ကိုနှစ်ယောက် အနေဝေးခဲ့ရတာ နှစ်တွေ တော်တော်ကြာခဲ့ပြီဆိုတာပင်။
“ကိုကြီး... သားဆီလာခဲ့လေ”
ညီထွေးက မျက်ဝန်းတောက်တောက်လေးများဖြင့် ပါးချိုင့်လေးများပေါ်အောင်ပြုံးရင်း သူ့ကို လက်ကမ်း ကာ ထပ်ခေါ်၏။ သူခေါင်းကို အငမ်းမရငြိမ့်ရင်း မျက်ရည်များ ကျဆင်းလာမိသည်။ ညီထွေး၊ ကိုကြီး အရမ်းလွမ်း နေခဲ့ရတာ ညီလေးရယ်။ တို့ညီအစ်ကိုတွေ အဝေးကြီးဝေးနေခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ လာခဲ့ မယ်၊ ကိုကြီး မင်းဆီကို လာခဲ့မယ်။ မင်းကို တစ်ခါလောက် အားရပါးရဖက်ထားနိုင်ဖို့ မင်းဆီ ကိုကြီးလာခဲ့ပါ့မယ်။
စကားသံတွေက ရင်ထဲမှာ ပလုံစီနေသော်လည်း လည်ချောင်းဝမှတစ်ဆင့် အပြင်သို့ ထွက်ကျမလာခဲ့။ သို့ သော် ညီထွေးက နားလည်ခံစား သိရှိနေသည့်အလား ခေါင်းကိုငြိမ့်ပြရင်း သူ့ကို လက်ကမ်းကြိုလင့်နေဆဲ။ ရှိသမျှ ခွန်အားတို့ကို စုစည်းရင်း ညီထွေးဆီ သူရွေ့လျားမိ၏။ တဖြည်းဖြည်းဖြင့် ညီထွေးနှင့် သူနီးကပ်လာသည်။ ညီထွေး ၏ အပြုံးလေးအား ပိုမို ရှင်းလင်းပြတ်သားစွာ မြင်နေရပြီ။ ဒီတစ်ခါတော့ ညီထွေးက သူ့သွားတက်လေးများပေါ် အောင် ပြုံးနေခဲ့၏။ နေရာကနေ ဘယ်မှထွက်မသွားနဲ့နော်... ညီထွေး။ ကိုကြီး မင်းဆီလာခဲ့မယ်။
ထိုစဉ် စူးရှသည့် အလင်းတန်းကြီးတစ်ခုက ညီထွေးကိုယ်ပေါ်သို့ ဖြာကျလာတာကို သူမြင်တွေ့လိုက်ရ၏။ သူ့မျက်လုံးတွေ ပြာဝေသွားသလိုရှိတာမို့ မျက်စိအစုံအား ယောင်ကမ်းစွာ ပိတ်လိုက်မိသည်။ မလုပ်ပါနဲ့၊ မသွားပါ နဲ့ ညီထွေးရယ်။ ကိုကြီးကို ခဏလောက်စောင့်ပါဦး။ အလင်းတန်းကြီးရယ်...ကျွန်တော့် ညီလေးကို ဒီလိုပုံစံမျိုးနဲ့ ဖုံးကွယ်မသွားပါနဲ့။ ကျွန်တော့်ညီလေးကို တစ်ခါလောက် ထွေးဖက်ထားပါရစေ။ ဝေးခဲ့ရတာ... ကြာတော့ လွမ်း လွန်လွန်းလို့ပါ။
သွေးရူးသွေးတမ်းနိုင်စွာ သူပြေးသွားမိသော်လည်း စောစောက ညီထွေးရှိနေခဲ့ရာ နေရာလေးသို့အရောက် တွင် ညီထွေးရော အလင်းတန်းကြီးရော ရှိမနေခဲ့ကြတော့။ သူ ဒူးတွေ ခွေညွှတ်ကျသွားရ၏။ ရင်ထဲမှ အက်ကွဲစွာ ဖြင့် သူအော်ခေါ်မိလိုက်သည်။
“ညီထွေး”...
~~~@~~~
“ညထွေး”...
ခေါ်ရင်း အိပ်ယာမှ သူလန့်နိုးလာမိ၏။ သူ့ရင်ဘတ်တစ်စုံသည် ဖားဖိုတစ်ခုလို အရှိန်ပြင်းစွာ နိမ့်လိုက်၊ မြင့် လိုက် ဖြစ်နေခဲ့ရသည်။ အသက်ရှူသံတွေကလည်း ပြင်းရှရှနိုင်လွန်းလှစွာဖြင့်။ မျက်ဝန်းတစ်ဝိုက်ကို သတိတရ စမ်းကြည့်လိုက်မိတော့ စိုစွတ်စွတ် အထိအတွေ့ကို ခံစားလိုက်ရသည်။ မျက်ရည်တွေပါလား၊ ဒါဆို... အိပ်မက်ထဲ မှာတင် မဟုတ်ပဲ အပြင်မှာပါ သူငိုမိခဲ့တာပေါ့။ ကြည့်စမ်း...၊ မသိစိတ်တွင်းကနေပြီး ညီထွေးကို သူဘယ်လောက် တောင်မှ လွမ်းဆွတ်နေမိခဲ့ပြီလဲ။ အသက်သုံးဆယ့်ငါးနှစ်အရွယ် ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်လျှက် အ ခုလို ငိုမိသည့်အဖြစ်အား မရှက်နိုင်တော့ပဲ ညီထွေးကို သတိရလာသောစိတ်ဖြင့် သူ့ရင်တစ်ခုလုံး နာကျင်အောင့် မျက်လာရလေတော့၏။ မျက်ဝန်းမှ မျက်ရည်စ,များကိုလည်း မသုတ်မိ။
ဘာဖြစ်လို့များ အချိန်တွေအကြာကြီး ဝေးနေခဲ့ရသော ညီထွေးအကြောင်းအား သူအိပ်မက် မက်ရတာပါ လိမ့်။ မအိပ်ခင် ညီထွေးအကြောင်းလည်း သူမစဉ်းစားမိခဲ့တာအမှန်။ ဒါဆို မဟုတ်မှလွဲရော၊ ညီထွေးတစ်ယောက် မြန်မာပြည်မှာ တစ်ခုခုများ ဖြစ်နေခဲ့ပြီလား။ စိုးရိမ်ပူပန်စွာဖြင့် အိပ်ယာထက်မှ ငေါက်ခ,နဲ ထ,ထိုင်လိုက်မိ၏။ ထို အခါ သူ့ဦးခေါင်းထဲမှ မိုက်ခ,နဲ တစ်ချက်ဖြစ်သွားရသည်။ ခေါင်းပေါ် လက်ဝါးနှစ်ဖက်ဖြင့်ဖိထားရင်း မျက်လုံးကို စုံ မှိတ်မိလိုက်တော့ အပြာရောင်၊ အဖြူရောင် အလင်းစက်များက ပိတ်ထားသော သူ့မျက်ခွံနှင့် မြင်လွှာများအကြား လူးလားခေါက်တုံ့၊ ပျံသန်း ပြေးလွှားနေခဲ့ကြသလိုလို။
ခေါင်းထဲမှနေ တရိပ်ရိပ်ဖြင့် မူးဝေလာတာကို သူခံစားလိုက်ရ၏။ အိပ်ယာပေါ်တွင်ထိုင်နေရင်း လူက တ ရွေ့ရွေ့ဖြင့် ချာချာလည်နေခဲ့သလိုမျိုး။ ခုမှ သူကိုယ်သူ ပြန်သတိရမိလာ၏။ ဟုတ်သည်၊ သူမှ နေလို့မကောင်းခဲ့ သည်ပဲ။ နားတွင်းရှိ နားစည်နောက်မှ အရည်များ လည်ပတ်မှုမမှန်၍ မူးဝေနေတတ်သည့်ရောဂါ၏ ဖိစီးနှိပ်စက်မှု ဖြင့် သူအိပ်ယာထဲလဲနေခဲ့တာ တစ်လကျော်ကျော် ကြာမြင့်ခဲ့ရပြီ။ ဆရာဝန်များကတော့ သူ့ရောဂါကို Meriere’s Diseases ဟု အမည်တပ်ခဲ့ကြသည်။
ဒီရောဂါကို သူရရှိခဲ့ရခြင်းမှာ အမြဲတစေ ဆူညံလွန်းနေခဲ့သော လုပ်ငန်းခွင်တွင် နှစ်ရှည်လများ အလုပ်လုပ် ခဲ့ရခြင်းကြောင့်လားတော့ မပြောတတ်ပါ။ ပြောရမည်ဆိုလျှင် အခုလောလောဆယ် အချိန်အထိ သူနေထိုင်ရဆဲ ဖြစ်သော မလေးရှားနိုင်ငံမှ သူအလုပ်လုပ်ရသည့် စက်ရုံ၏လုပ်ငန်းခွင်မှာ စက်သံများဖြင့် အမြဲတမ်းလိုလို ဆူညံ နေတတ်ခဲ့လေတာ။ ထိုကဲ့သို့ လုပ်ငန်းခွင်တွင် နားကို အကာအကွယ်မဲ့စွာဖြင့် ရှစ်နှစ်ကျော်ကျော် အလုပ်လုပ်မိ ခဲ့ခြင်းက ဒီရောဂါဆိုးကို သူ့ထံမှာ စွဲကပ်လာခဲ့စေရော့သလား မပြောတတ်တော့။
ဒါဆို စောစောက ညီထွေးကို သူအိပ်မက်မက်ခဲ့တာဟာ နေမကောင်းဖြစ်ချိန်မှာ သူ့ရဲ့မသိစိတ်က တမ်းတ မိနေခဲ့တာကြောင့်များလား။ ဘာပဲဖြစ်ဖြစ်၊ ညီထွေးနေကောင်းပါစေ။ ကိုကြီးရဲ့ လိမ္မာတဲ့ညီလေး နေကောင်းပါစေ။
ရင်တွင်းမှ လှိုက်လှဲစွာ သူဆုတောင်းမိသည်။ နောက်...ရေသောက်ချင်လာတာမို့ အိပ်ယာနံဘေးရှိ စားပွဲခုံ လေးပေါ်မှ ရေဘူးကို မမီမကမ်းဖြင့် သူလှမ်းယူလိုက်မိ၏။ တကယ့်ကို မမီမကမ်းနှင့်မို့ သူ့လက်နှင့် အစီအစဉ်မ ကျစွာတင်ထားသော စားပွဲပေါ်မှပစ္စည်းတချို့တို့ အမှတ်တမဲ့ ထိခိုက်မိသွားရသည်။ ထိုအခါ တချို့က အောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားကြပြီး အချို့က သူ့အိပ်ယာ ခေါင်းအုံးနံဘေးသို့ ပြုတ်ကျလာခဲ့၏။ ရေဘူးကိုဖွင့်ကာ အားရပါးရ မော့သောက်ရင်း ခေါင်းအုံးဘေးနားသို့ ကျလာသော ပစ္စည်းများကို တစ်ခုချင်းကောက်ကာ စားပွဲပေါ် ပြန်တင်မိသည်။ ကြမ်းပြင်ပေါ်ကဟာတွေကိုတော့ နောက်ကျမှပဲ ကောက်တော့မည်ဟု စိတ်ထဲ တွေးမိ၏။
ပစ္စည်းတွေကောက်တင်ရင်း သူ့လက်က ဓာတ်ပုံထည့်သော ဖိုတိုစတန်းလေးကို ကောက်ကိုင်မိသည်။ ဖို တိုစတန်းလေးထဲမှ ဓာတ်ပုံလေးအား အမှတ်မထင် ကြည့်မိလိုက်တော့ သူ့ရင်ခွင်တစ်ခုလုံး ခါးသက်သွားသလို ခံ စားလိုက်ရသည်။ ဖိုတိုစတန်းလေးအတွင်းမှ နှစ်ယောက်အတူတူတွဲရိုက်ထားသည့် ဓာတ်ပုံလေးထဲတွင် သူ့ရင်ခွင် ထက်မီခိုကာ နွဲ့လျစွာ ပြုံးနေခဲ့သော နွယ်နီက သိပ်ကို အပြစ်ကင်းစင်နေခဲ့သလိုလို။
ဒဏ်ရာရ ကျားနာတစ်ကောင်လို တက်,တစ်ချက်ကို ပြင်းထန်စွာခေါက်ရင်း လက်ထဲမှ ဖိုတိုစတန်းအား အ ခန်းနံရံသို့ သူပစ်ပေါက်မိလိုက်သည်။ ထိုအခါ ဖိုတိုစတန်းလေးက အခန်းနံရံနှင့် အရှိန်ပြင်းစွာ ရိုက်ခတ်သွားရတာ မို့ မြည်တမ်းသံ ခပ်ကျယ်ကျယ်ပေးလျှက် အခန်းထောင့်တွင် ကပိုကရို လဲပြိုသွားခဲ့ရတော့၏။ သို့သော် ဖိုင်ဘာ သား ကော်အကြည်ဖြင့် ပြုလုပ်ထားတာမို့ အစိတ်စိတ်အမွှာမွှာတော့ ကွဲရှမသွားခဲ့။
အခန်းထောင့်တွင် ပုံပျက်စွာ ပြိုလဲနေခဲ့သော ဖိုတိုစတန်းလေးကိုကြည့်ရင်း စိတ်ထဲမှနေ ပေါက်ကွဲစွာဖြင့် သူအော်ဟစ်မိ၏။ အလကားမိန်းမ၊ တန်ဖိုးမရှိတဲ့ မိန်းမ၊ အကျင့်စာရိတ္တ မကောင်းတဲ့မိန်းမ။ သစ္စာမရှိတဲ့ မိန်းမ။
နောက်ပြီး ထိုမိန်းမကြောင့် သူမလေးရှားသို့ ရောက်ခဲ့ရသည်။ ထိုမိန်းမကြောင့် သူချစ်သော ညီထွေးနှင့် ဝေးခဲ့ရသည်။ ဝေးခဲ့ရတာတောင် ရိုးရိုး ဝေးခဲ့ရခြင်းမဟုတ်။ ညီထွေးအပေါ်မှာ အကြီးတစ်ယောက်အနေဖြင့် ဘယ် လိုမှ မလုပ်သင့်သော အမှားမျိုးတွေကို သူကျူးလွန်ခဲ့မိရင်း ဝေးခဲ့ကြရခြင်းသာ။
~~~@~~~
ဖေနှင့်အမေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားခဲ့ကြချိန်တွင် တစ်ယောက်နှင့်တစ်ယောက် ခုနှစ် နှစ်ကွာသော သူတို့ညီအစ်ကိုနှစ်ယောက်သာ ကျန်ရစ်ခဲ့ရသည်။ ထိုအချိန်တွင် သူကကျောင်းပြီးကာစ နှစ်ဆယ့် နှစ်နှစ်၊ ညီထွေးက ဆယ်တန်းကျောင်းသားအရွယ် ဆယ့်ခြောက်နှစ်။ ညီအစ်ကိုနှစ်ယောက်သာ ကျန်ခဲ့ရတာမို့ ညီထွေးက သူ့အပေါ် အစစအရာရာ အားကိုးတွယ်တာခဲ့၏။ သူကလည်း ညီထွေးရှေ့မှနေပြီး တစ်ဦးတည်းသော အစ်ကိုကြီးပီပီ မားမားမတ်မတ်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့မိသည်။
ဘယ်အမျိုးကိုမှ အိမ်ပေါ်သို့ အတက်မခံ၊ အအုပ်အစီးမခံ၊ လက်မခံခဲ့ပဲ အဖေနှင့်အမေ ထားသွားသော အိမ်နှင့်အတွင်းပစ္စည်းလေးများကို သေချာစွာ စီမံရင်း ညီထွေးအား သူကျောင်းဆက်တက်စေခဲ့၏။ သူကတော့ အိမ်စားရိတ်ရရန် မြို့ထဲမှ ကုမ္ပဏီလေးတစ်ခုတွင် ရုံးဝန်ထမ်းဝင်လုပ်ဖြစ်ခဲ့သည်။ ထိုစဉ်အချိန်တုန်းက သူတို့ညီ အစ်ကိုနှစ်ဦး၏ ဘ၀လေးမှာ (မိဘနှစ်ပါး မရှိတော့တာကလွဲပြီး) သာယာစိုပြေခဲ့ဖူး၏။
နေ့စဉ်နေ့တိုင်း ညီထွေးက စောစောထ,ပြီး ကျောင်းမသွားခင် သူတို့နှစ်ယောက်စာ ထမင်းဘူးများအတွက် တတ်သလောက်မှတ်သလောက် ချက်၏။ နောက်... သူ့ကို အိပ်ယာနှိုး၊ ညီအစ်ကိုနှစ်ယောက် မနက်စာ အတူတူ စား၊ ပြီးလျှင် အိမ်ကိုသော့ခတ်ကာ တစ်ယောက်တစ်ချောင်းစီယူပြီး ညီထွေးက ကျောင်းသွား၊ သူက အလုပ်ရှိရာ ကုမ္ပဏီသို့ သွားဖြင့်။
ညနေကျလျှင် စောစောပြန်ရောက်သော ညီထွေးက အ၀တ်အစားအကုန်လုံးကို လျှော်ဖွတ်၊ တစ်အိမ်လုံး ကို သိမ်းဆည်း၊ လှည်းကျင်း၊ ညစာအတွက် ချက်ပြုတ်ပြင်ဆင်ပြီး အလုပ်မှပြန်လာမည့်သူ့ကို စာကျက်ရင်း စောင့် နေတတ်သည်။ သူ ပြန်ရောက်လာလျှင် ညီထွေးက ရေအေးအေးလေးတစ်ခွက် အရင်တိုက်တတ်သည်။ ပြီးမှ ရေ ချိုးစေ၏။ ရေချိုးပြီး သူထွက်လာလျှင် သဘက်ဖြင့် ရေချိုးခန်းအပြင်မှနေ စောင့်နေတတ်သေးသည်။ နောက်... ကြားဖူးနားဝဖြင့် အဆုတ်ထဲရေ၀င်မှာ စိုးရတယ်...ဟု ပါးစပ်မှနေ မရိုးနိုင်စွာ တတွတ်တွတ်ပြောရင်း သူ့ကျောပြင် အား သေသေချာချာ အားရပါးရ ပွတ်သုတ်ပေးတတ်ပြန်၏။ ပြီးမှ ကျန်သည့်နေရာများအား သူ့ဘာသာသူသုတ်ဖို့ သဘက်ပေးပြီး စိတ်ချလက်ချ ထွက်သွားတတ်၏။ သူက တစ်ခါတစ်လေ စ,ချင်စိတ်ဖြင့် “ကိုကြီးနေမကောင်းမှာ ညီထွေး သိပ်စိုးရိမ်သလား”...ဟု မေးတိုင်း...
“စိုးရိမ်တာပေါ့ ကိုကြီးရာ။ ခု အဖေရော အမေရော မရှိတော့ဘူးလေ။ သားအတွက် ကိုကြီးတစ်ယောက်ပဲ ရှိတော့တာ။ ကိုကြီးမရှိရင် သားဘယ်သူနဲ့ သွားနေရမှာလဲဗျာ”ဟု မျက်နှာညှိုးညှိုးလေးနှင့် ပြန်ဖြေတတ်၏။ ငယ် ငယ်လေးကတည်းက အသက်ခုနှစ်နှစ်လောက် ကွာခဲ့တာမို့ ညီထွေးက သူနှင့်စကားပြောတိုင်း သူ့ကိုယ်သူ ‘သား ကလေ’...ဟု နာမ်စားသုံးကာ ပြောတတ်တာ ကြီးသည့်အထိ အကျင့်မပျောက်တော့။ သူကလည်း ထိုကဲ့သို့ နာမ် စားလေးကိုသုံးကာ ညီထွေးပြောလိုက်တိုင်း ရင်ထဲမှာ အချစ်ပိုရစမြဲ။
နှစ်ယောက်အတူတူ ထမင်းစားချိန်တွင်တော့ ညီထွေးက သူ့ပန်းကန်ထဲသို့ ချက်ထားသမျှဟင်းတွေ အ များကြီး ရောက်စေခဲ့ပြန်တာ။ သူက အကြီးပီပီ...
“ညီထွေးလည်း စားပါဦးကွာ။ ကိုကြီး ပန်းကန်ထဲမှာ အများကြီးဖြစ်နေပြီ”...ဟုပြောတိုင်း ညီထွေးက...
“စားပါ ကိုကြီးရာ၊ သားက ငယ်ငယ်လေးပဲရှိသေးတာ၊ ဘာနဲ့စားစား စားလို့ကောင်းနေတာပဲ။ ပြီးတော့ ကို ကြီးက နေ့တိုင်း သူများဆီမှာ အလုပ်လုပ်နေရတာ ဘယ်လောက်ပင်ပန်းထားသလဲ။ ပင်ပန်းတဲ့လူဟာ အစား ကောင်းကောင်းကို များများစားရတယ်ဗျ။ သားက ကျောင်းတက်၊ စာကျက်ရတာ ဘယ်လောက်မှ မပင်ပန်းဘူး လေ။ အဲ့ဒါကြောင့် ကိုကြီးပဲ များများစားစမ်းပါဗျာ”...
ဟု လူတတ်ကလေးလုပ်ကာ ပြောတတ်သေး၏။ ထို့ကြောင့် တစ်ခါတစ်ခါတော့ သူတွေးမိသည်။ သူသည် အကြီးပီပီ ညီထွေးကို စောင့်ရှောက်ရသော်လည်း ညီအစ်ကိုနှစ်ယောက်၏ အပြန်အလှန်ဂရုစိုက်မှုတွင်တော့ ညီ ထွေးက သူ့ထက် သာလွန်နေခဲ့လေလိမ့်မလားဟု။
ဟုတ်သည်။ သူသည် အိမ်၏ရှေ့ရေးကို စီမံ၊ မျှော်မြင်စွာဖြင့် ညီထွေးကို ကျောင်းဆက်တက်ခိုင်းကာ၊ သူ ကိုယ်တိုင် အလုပ်ထွက်လုပ်ဖြစ်ခဲ့သော်လည်း ညီထွေးအပေါ် သူဂရုစိုက်မိသည်ထက် သူ့အပေါ်မှာ ညီထွေးရဲ့ဂရု စိုက်မှုများက ပိုမို သာလွန်နေခဲ့လေတော့တာ။
သို့သော် သူအပြည့်အ၀ ဂရုမစိုက်နိုင်ခဲ့သည့်တိုင်အောင် ညီထွေးက လိမ္မာခဲ့၏။ ကျူရှင်မယူပဲ ဆယ်တန်း ကို နှစ်ချင်းပေါက် အောင်မြင်ခဲ့၏။ ဂုဏ်ထူးတော့ တစ်လုံးမှ မပါရှာခဲ့။ ဒါကို အပြစ်လုပ်ဖို့အတွက်လည်း သူကိုယ် တိုင် သတိမရနိုင်ခဲ့မိ။ အဖေနှင့်အမေမရှိတော့သည့်နောက်ပိုင်း ညီထွေးအတွက် သူတာဝန်တစ်ခု ကျေခဲ့ပြီဟုပင် ကျေနပ်ပီတိ ဖြစ်ခဲ့ရပါသည်။
ဆယ်တန်းအောင်ပြီးနောက် ညီထွေးနှင့်သူ ပြသနာနည်းနည်း တက်ရသေး၏။ အခြားတော့မဟုတ်၊ သူ က ညီထွေးအား နေ့ကျောင်းတက်စေချင်သော်လည်း၊ ညီထွေးက အဝေးသင်တက်ရင်း သူဝါသနာပါသည့် ကား ၀ပ်ရှော့လုပ်ငန်းတစ်ခုတွင် အလုပ်သင်လုပ်ကာ ပညာသင်ချင်သည်ဟု ဆိုလာခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ သူ့ ဘက်က ဘယ်လိုမှ ချော့မော့ပြောလို့ မရခဲ့သလို၊ ခြောက်ပြောလို့လည်း မရနိုင်ခဲ့။ ထို့ကြောင့် နောက်ဆုံးတော့ ညီထွေး၏ဆန္ဒတို့အား သူလိုက်လျောမိခဲ့ရတော့သည်။
နောက်ပိုင်း ညီအစ်ကိုနှစ်ယောက်အတူတူ ကိုယ်စီအလုပ်ထွက်လုပ်ကြရတာ မှန်သော်လည်း သူ့အပေါ်မှာ ညီထွေး၏ဂရုစိုက်မှုများက ဟိုးအရင်ကအတိုင်း လျှော့မသွားခဲ့။ အိမ်မှုကိစ္စများကိုလည်း မလစ်ဟင်းစေခဲ့ရပြန်။ ညီအစ်ကို နှစ်ယောက်တည်းသာနေရသော သူတို့အိမ်လေးက ညီထွေး၏ထိန်းသိမ်းစောင့်ရှောက်မှုအောက်မှာ သန့်ရှင်းသပ်ရပ်မြဲ၊ သူတို့ထမင်းဝိုင်းလေးက စားချင်စဖွယ်ဖြစ်နေမြဲ။
အဝေးသင်တက္ကသိုလ်မှာ ပထ၀ီမေဂျာဖြင့် ဒုတိယနှစ်ရောက်ခဲ့ချိန်တွင် အလုပ်သင်လုပ်နေခဲ့သော ၀ပ်ရှော့ လုပ်ငန်းခွင်မှာလည်း ညီထွေးက ပိုမိုကျွမ်းကျင်လာခဲ့သည်။ ထို့ကြောင့် အလုပ်ရှင်က ညီထွေးအား ပုံမှန်လစာကို စ,တင်ခံစားစေခဲ့တော့၏။ ညီထွေးပထမဦးဆုံး လစာရသည့်နေ့ကို သူမမေ့သေးပါ။
ထိုနေ့ညနေတွင် အလုပ်မှနေ သူအိမ်ပြန်ရောက်ခဲ့တော့ ညီထွေးက ပေရေမည်းတူးနေသော အ၀တ်အစား များကိုပင် မလဲနိုင်သေးပဲ၊ ခါတိုင်းလို ချက်ပြုတ်မနေခဲ့ပဲ ခြံဝမှာ သူ့ကိုရပ်စောင့်နေခဲ့လေတာ။ သူ့ကိုမြင်တော့ ၀မ်း သာအားရ ပြေးဖက်၏။ ရုတ်တရက် ကျစ်ကျစ်ပါအောင် အဖက်ခံလိုက်ရတာမို့ သူအံ့သြစွာဖြင့်...
“ဘာဖြစ်တာလဲ ညီထွေးရယ်။ ကိုကြီးအင်္ကျီအဖြူတွေ ပေကုန်ပါဦးမယ်ကွာ”
“ဟာ...ဟုတ်သားပဲ။ ဆောရီး ကိုကြီး။ သားဝမ်းသာလွန်းလို့ပါဗျာ”
“ဘာဝမ်းသာစရာ ရှိလို့တုန်းကွ”
ညီထွေးက သူ့ကို ဖြေလွှတ်ရင်း မည်းညစ်ပေရေ စုတ်ပြဲနေသော စက်ပြင်အင်္ကျီအိတ်ထောင်ထဲမှ ပိုက်ဆံ တစ်ထပ်ကို ထုတ်ယူကာ သူ့လက်ထဲသို့ အကုန်ထည့်ပေးရင်း တုန်တန်ရီရီလေသံဖြင့်...
“သား ဒီနေ့ လစာရပြီကိုကြီးရဲ့။ နောက်လတွေကျရင်လည်း ပုံမှန်ရဦးမှာ။ အဲ့ဒါဝမ်းသာလွန်းလို့ပါ။ နောက် ဆို ကိုကြီးတစ်ယောက်တည်း ပင်ပင်ပန်းပန်း ရှာစရာ မလိုတော့ဘူးလေ။ အိမ်စားရိတ်ကို သားလည်း တစ်ဖက် တစ်လမ်းကနေ ထောက်ပံ့နိုင်ပြီဗျ”
ညီထွေးက ကလေးလေးတစ်ယောက်လို ဂုဏ်ယူဝံ့ကြွားသော မျက်နှာလေးဖြင့် ပြောနေ၏။ ဒါကို ချစ်စနိုး ဖြင့် ညီထွေး၏ခေါင်းလေးအား သူလှမ်းပွတ်မိတော့ ညီထွေးက ကျေနပ်စွာဖြင့် သွားတက်လေးများပေါ်အောင် ရယ်လေသည်။ နောက် ထိုညနေက ညီထွေးပထမဦးဆုံး လုပ်အားခရသည့် အထိမ်းအမှတ်အဖြစ် သူတို့ညီအစ် ကိုနှစ်ယောက် အပြင်မှာ ညစာထွက်စားဖြစ်ခဲ့ကြ၏။
ညစာစားရင်း ညီထွေးအား တိုင်ပင်စွာဖြင့် သူပြောမိသည်။
“ကိုကြီး အိမ်ထောင်ပြုတော့မယ်”
“ဗျာ”...
သူ့စကားကြောင့် ပါးစပ်ထဲသို့ သွင်းခါနီး ထမင်းလုပ်ကိုပင် မသွင်းနိုင်ပဲ ညီထွေးမှာ တစ်အံတစ်သြဖြင့်။ သူ ခေါင်းငြိမ့်ပြမိတော့ ညီထွေးထံမှ မေးခွန်းတွေက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့၏။
“သူက ဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ နာမည်ကရော ဘယ်သူတဲ့လဲ၊ အသက်ကရော ဘယ်နှစ်နှစ်လဲ။ ပြီးတော့ ကိုကြီးနဲ့ရော ဘယ်မှာတွေ့တာလဲ၊ ချစ်သူဖြစ်တာရော ကြာပြီလား”
“ဖြည်းဖြည်းပေါ့ကွာ၊ ညီထွေးမေးခွန်းတွေကလည်း များပါ့”
နည်းနည်းအနေရခက်စွာ သူပြောမိတော့ ညီထွေးက ဟက်ဟက်ပက်ပက်ရယ်၏။ ညီထွေး၏မျက်ဝန်းတွေ ထဲမှာ သူအိမ်ထောင်ပြုမည့် ကိစ္စအတွက် ကန့်ကွက်ဟန်မရှိတာမို့ အနည်းငယ် စိတ်အေးသွားရပါသည်။ အမှန်အ တိုင်း ပြောရလျှင် ဒီစကားအား ညီထွေးကို ဖွင့်ပြောဖို့ သူတော်တော်အချိန်ယူခဲ့ရပါသည်။ ညီအစ်ကိုနှစ်ယောက် သာ ရှိခဲ့သော သူတို့ဘ၀ထဲတွင် သူ့ကြောင့် ညီထွေးစိတ်မကောင်းဖြစ်ရမှာ သူမလိုလားခဲ့တာအမှန်။
“သူ့နာမည်က နွယ်နီတဲ့။ ကိုကြီးအလုပ်လုပ်တဲ့ ကုမ္ပဏီကို လွန်ခဲ့တဲ့ခြောက်လလောက်ကမှ ရောက်လာတဲ့ ရုံးဝန်ထမ်းကောင်မလေးပါပဲ။ နေတာကတော့ တာမွေဘက်မှာ။ ကိုကြီးနဲ့ ချစ်သူတွေဖြစ်တာတော့ ငါးလလောက် ရှိပြီ။ အသက်ကတော့ ကိုကြီးထက် နှစ်နှစ်လောက်ငယ်တယ်”
“ကောင်းတယ်၊ ကောင်းတယ်။ သားက ကိုကြီးကို မစွံဘူးလို့ထင်နေတာ။ အသက်အစိတ်မှာ ပုခက်ချိတ် လို့ ဆိုကြသတဲ့။ အခု ကိုကြီးအသက်အရွယ်နဲ့ဆို ကွက်တိပဲ”
ညီထွေးက ၀မ်းသာအားရဖြင့် သူအိမ်ထောင်ပြုမည့်ကိစ္စအား လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့၏။ အရာရာ တွင် သူ့အပေါ် နားလည်သိတတ်လွန်းသော ညီထွေးကြောင့် သူ့ရင်အတွင်းမှ သောကတချို့က အဝေးဆီသို့ လွင့် စင်သွားခဲ့ကြရသည်။ ဟုတ်သည်၊ ညီထွေးသဘောမတူမှာကို သူအနည်းငယ် စိတ်ပူနေခဲ့သည်ပဲလေ။
နောက်တော့ နွယ်နီနှင့်သူတို့ လက်ထပ်ဖြစ်ခဲ့ကြ၏။ ဘုန်းကြီးကျောင်းတစ်ခုတွင် ပြုလုပ်ကျင်းပခဲ့သော သူ တို့မင်္ဂလာပွဲသို့ နှစ်ဖက်မှ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် နွယ်နီ့မိဘနှစ်ပါးတို့ တက်ရောက်ခဲ့ကြသည်။ မင်္ဂလာ ဧည့်ခံပွဲတွင် အတက်ကြွဆုံး၊ အရွှင်လန်းဆုံးသော မျက်နှာလေးဖြင့် ယောက်ယတ်ခတ်ကာ အောက်ခြေသိမ်းအ လုပ်များအား အကုန်သိမ်းကြုံးလုပ်နေသူမှာ အခြားသူတော့မဟုတ်။ ညီထွေးပင် ဖြစ်ခဲ့ပါသည်။
~~~@~~~
“ဒေါက်.. ဒေါက်”
အခန်းတံခါးခေါက်သံကြောင့် အိပ်ယာပေါ်တွင်ထိုင်ရင်း အရင်တုန်းကအဖြစ်အပျက်များအား ပြန်တွေးနေ မိသော သူ့စိတ်တို့ လက်ရှိအချိန်သို့ ပြန်ရောက်လာခဲ့ရ၏။
“လော့ခ်ချမထားဘူး”...
အတွင်းမှနေ တုန့်ပြန်လိုက်သော သူ့အသံကြောင့် အခန်းတံခါးက ဖြတ်ခ,နဲ ပွင့်လာသည်။ တံခါးနောက်မှ မျက်နှာအား လှမ်းကြည့်လိုက်တော့ အခုနေရသော မလေးရှားတွင် သူနှင့် တစ်အိမ်တည်း၊ တစ်စက်ရုံတည်း အ လုပ်လုပ်သူ ကိုကျော်သောင်းကို တွေ့လိုက်ရ၏။ ကိုကျော်သောင်းက တံခါးကို အသာဟ,ရင်း အခန်းတွင်းသို့ ၀င် လာကာ တံခါးကို အသံမမြည်အောင် ပြန်ပိတ်သည်။
“ဒီနေ့ သက်သာရဲ့လား ကိုမိုးအောင်”
အိပ်ယာပေါ်မှ သူ့ဘေးတွင် ၀င်ထိုင်ရင်း မေးလာသော ကိုကျော်သောင်းကို ခေါင်းငြိမ့်ပြမိ၏။ ရေခြားမြေ ခြားမှာ အလုပ်လုပ်ရင်း ခင်မင်ခဲ့ရသော သူငယ်ချင်းဖြစ်သော်လည်း ကိုကျော်သောင်းက သူ့အတွက် တကယ့်ကို အားကိုးအားထားပြုစရာ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ပါသည်။ နေမကောင်း၍ အလုပ်မဆင်းနိုင်သော သူ့အတွက် စက်ရုံမှ လူကြီးများကို သေချာပြောပြကာ ဆေးခွင့်တင်ပေးခြင်း၊ ဆေးရုံသို့ ရက်ချိန်းမှန်မှန် သွားပြရာ တွင် အဖော်အဖြစ် လိုက်ပေးခြင်း၊ သူစားချင်မည်ထင်သော အစားအစာလေးများအား အလုပ်မှပြန်လာလျှင် သေ ချာ ချက်ပြုတ်ကျွေးတတ်ခြင်းတို့အပြင် အလုပ်မှ ပြန်ရောက်ပြီဆိုတာနှင့် သူ့အခန်းအတွင်းသို့ အရင်ဦးဆုံးဝင်လာ ကာ ရောဂါသက်သာ၊ မသက်သာကို နေ့စဉ်လိုလို ၀င်မေးတတ်၏။ အခုလည်း ကိုကျော်သောင်းတစ်ယောက် အ လုပ် ၀တ်ယူနီဖောင်းကိုတောင်မှ မလဲရသေးပါ။
“ဟော... ကြမ်းပြင်ပေါ်မှာ ဘာတွေကျနေတာလဲဗျ”
ပြောပြောဆိုဆိုဖြင့် ကြမ်းပြင်ပေါ်မှ ပစ္စည်းများအား လိုက်ကောက်ရင်း ကိုကျော်သောင်း၏ လက်တစ်ဖက် က စောစောက သူလွှင့်ပစ်ထားသော အခန်းထောင့်မှ ဖိုတိုစတန်းကို ကောက်ယူရန်ပြင်လေ၏။
“ကိုကျော်သောင်း၊ အဲ့ဒီဟာကို ကောက်ပြီး မီးဖိုချောင်မှာရှိတဲ့ အမှိုက်ပုံးထဲ တစ်ခါတည်း ထည့်ပေးပါဗျာ”
သူ့စကားကြောင့် ကိုကျော်သောင်းက ကွဲအက်နေသော ဖိုတိုစတန်းကို ကောက်ယူရင်း တစ်ချက်ငုံ့ကြည့် ကာ နားလည်စွာဖြင့် ခေါင်းငြိမ့်ပြ၏။ နောက် ဖိုတိုစတန်းအား အခန်းထောင့်တွင်ပြန်ထားကာ သူ့ဘေးနား ပြန်လာ ထိုင်ရင်း...
“နွယ်နီနဲ့ ပတ်သတ်လို့ ခင်ဗျား ဘာဆက်လုပ်မလဲ ကိုမိုးအောင်”
“ဘာဆက်လုပ်ရမှာလဲဗျာ၊ ကျွန်တော့်ကိုပစ်ပြီး တစ်ခြားယောက်ျားတစ်ယောက်နောက် လိုက်သွားတဲ့မိန်း မတစ်ယောက်ကို”...
သူစကားမဆက်နိုင်တော့။ ရင်ထဲတွင် နာကျင် ခါးသီးလာမိသည်။ ကိုကျော်သောင်းက သက်ပြင်းတစ်ချက် ချရင်း သူ့ပခုံးတစ်ဖက်အား နှစ်သိမ့်စွာဖြင့် ထွေးဖက်လာ၏။
“ကျွန်တော်လည်း ဘာမှ အကြံမပေးတတ်တော့ပါဘူး ကိုမိုးအောင်ရာ။ ခင်ဗျားခေါ်လို့ နွယ်နီ ဒီကိုရောက် လာကာစ,က သူ့ပုံလေးကိုကြည့်ရတာ ဒီလိုလုပ်သွားမယ်လို့တောင် မထင်မိခဲ့ဘူး”
“ဟုတ်တယ်.. ကိုကျော်သောင်း၊ ပြောရမယ်ဆို ရှက်စရာပါဗျာ။ ဒါပေမယ့် ခင်ဗျားနဲ့ကျုပ်က ညီအစ်ကိုတွေ လို ခင်နေကြတဲ့ အချင်းချင်းမို့ အခုကျွန်တော်ပြောပြပါ့မယ်။ သူ့ကို ကျွန်တော် ဘာဖြစ်လို့ မြန်မာပြည်ကနေပြီး မ လေးရှားကို လှမ်းခေါ်လိုက်ရသလဲဆိုတာ ခင်ဗျားသိလား”
ကိုကျော်သောင်းက ခေါင်းခါပြ၏။ သူနာကျင်စွာဖြင့် တစ်ချက်ပြုံးလိုက်ကာ...
“ကျွန်တော်ဒီမှာ အလုပ်လုပ်ရင်း ငါးနှစ်လောက်ကြာတော့ သူ့အဖေ၊ ကျွန်တော့်ယောက္ခမကြီးက ကျွန်တော့် ဆီ တိတ်တိတ်လေး ဖုန်းဆက်လာတယ်။ မင်းမိန်းမကို မင်းရှိတဲ့ဆီ ခေါ်ထားပါတော့ မိုးအောင်ရာတဲ့။ မင်းမရှိတဲ့ မြန်မာပြည်မှာ ငါတို့ သူ့ကိုမနိုင်ဘူးတဲ့။ မင်းပို့တဲ့ငွေတွေလည်း ဘာမှ အဖတ်မတင်ပဲ အဲ့ဒီငွေတွေနဲ့ တစ်နေ့တစ် နေ့ သူ့ကိုယ်သူပြင်ဆင်ပြီး လမ်းများနေတာပဲတဲ့။ တစ်ခြားယောက်ျားလေးတွေနဲ့လည်း သတင်းသန့်သန့် ထွက် နေသလိုပဲတဲ့။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော် သူ့ကို ဒီလှမ်းခေါ်လိုက်ရတာ”
“သြော်”...
ကိုကျော်သောင်းက သူ့ကို စာနာစွာဖြင့် ကြည့်ရင်း ခေါင်းတဆတ်ဆတ် ငြိမ့်၏။ ရင်ဖွင့် ပြောပြလိုက်ရလျှင် သူခံစားနေရသမျှထဲမှ တချို့တလေ ပေါ့ပါးသွားမည်ဟုထင်ကာ ကိုကျော်သောင်းအား သူဆက်ပြောမိသည်။
မင်္ဂလာဆောင်ပြီးတော့ သူတို့ညီအစ်ကိုနှစ်ယောက်အိမ်မှာ နွယ်နီက လိုက်နေ၏။ သူကိုယ်တိုင် အလုပ်ထွက် ခိုင်းလိုက်တာမို့ နွယ်နီက အလုပ်မလုပ်ရတော့။ နေ့စဉ် သူတို့ညီအစ်ကိုနှစ်ယောက် ကိုယ်စီအလုပ်သွားတိုင်း အိမ် မှာ နွယ်နီတစ်ယောက်တည်း ကျန်ရစ်ခဲ့ရသည်။
အိမ်မှာအမြဲနေသော အိမ်ရှင်မတစ်ယောက် ရှိလာခဲ့ပြီဖြစ်သော်လည်း ပြောကြစတမ်းဆိုလျှင် နွယ်နီသည် အိမ်ရှင်မပီသသော မိန်းမတစ်ယောက်မဟုတ်ခဲ့။ ဒါကို အတူနေရင်း တစ်လလောက်အကြာမှာ သူရိပ်မိလာခဲ့ရ၏။
နွယ်နီသည် မီးဖိုချောင်ကိစ္စများအား မနိုင်နင်း၊ အ၀တ်လျှော်လျှင်လည်း မဖြူစင်၊ အိမ်သန့်ရှင်းရေးလည်း စိတ်မ၀င်စားပဲ သူ့ကိုယ်သူသာ လှပအောင် ပြင်ဆင်ချယ်သရင်း နေတတ်သည်။ အားလျှင် မဂ္ဂဇင်းများ၊ ၀တ္ထုစာ အုပ်များအား တစ်အုပ်ပြီးတစ်အုပ် ငှားဖတ်တတ်၏။ စာအုပ်ဖတ်ရတာ ညည်းငွေ့လာလျှင် ဧည့်ခန်းရှိ ဗီစီဒီစက်ဖြင့် ကိုရီးယားဇာတ်လမ်းတွဲများအား တမေ့တမော ထိုင်ကြည့်နေတတ်သည်။ အပျိုဘ၀က အလုပ်လုပ်ခဲ့ရခြင်းများကို အတိုးချ စည်းစိမ်ခံနေသည်ဟု ထင်ချင်စရာပင်။
ဒါကို နှစ်ယောက်တည်းရှိချိန်များတွင် သူပြောချင်ခဲ့သော်လည်း နွယ်နီ၏ အနုအရွ၊ ခရာတာတာ စကားလုံး များ၊ အချွဲအနွဲ့များကြားတွင် အမြဲတမ်း ကြက်ပျောက်ငှက်ပျောက် ဖြစ်ခဲ့ရ၏။ အချစ်ဦး၊ အိမ်ထောင်ဦးကာလမို့ လည်း သူ့အချစ်စိတ်တို့က ငယ်ထိပ်တက်နေခဲ့သည်။
သို့သော် နွယ်နီချက်သော အစပ်အဟပ်မတည့်သည့် ဟင်းများကို သူမစားနိုင်သောအခါ ညီထွေးက စိတ် မကောင်း။ ထမင်းစားတိုင်း သူ့မျက်နှာကို တကြည့်ကြည့်။ အလုပ်သွားခါနီး နွယ်နီပြင်ပေးသော သူ့ထမင်းဘူးကို လာလာဖွင့်ကြည့်ပြီး သက်ပြင်း တချချဖြင့်။ နောက်ဆုံးတော့ မနေနိုင်သော ညီထွေးက ခါတိုင်းလိုပင် မနက်စော စောနှင့် ညနေ၀ပ်ရှော့မှ ပြန်လာချိန်များတွင် သူကိုယ်တိုင် ၀င်ချက်လေတော့သည်။ အိမ်သန့်ရှင်းရေးလည်း ထို နည်းတူစွာပင်။
ထိုအခါ နွယ်နီတစ်ယောက် ပိုပြီး အငြိမ်းစားရသွားလေတော့၏။ အကုန်သိမ်းကြုံးကာ လုပ်ပေးနေသော ညီထွေးကြောင့် အိမ်မှုကိစ္စများအား လုံးဝ လစ်လျှူရှုလာခဲ့တော့သည်။ ရံဖန်ရံခါ ဟင်းချက်ရင်း ညီထွေးအိမ်သာ ၀င်ချိန်များမှာတောင် ဟင်းအိုးကို တစ်ချက်တစ်လေ ကူကြည့်မပေးတော့။ တစ်ခါတစ်လေ ဧည့်ခန်းတွင် ညီထွေး တံမြတ်စည်းလှဲနေချိန်များမှာ နွယ်နီက ရုပ်ရှင်ကြည့်မပျက်သလို၊ နေရာမှပင် အလိုက်တသိ ဖယ်မပေးတတ်။
ညီထွေးကတော့ ဒါတွေကို တစ်ချက်မှ မငြူစူခဲ့။ နွယ်နီ့အပေါ်တွင် အစ်မတစ်ယောက်လို သဘောထားကာ အမြဲ တပြုံးပြုံးဖြင့်။ ထို့ကြောင့် ညီထွေးနှင့် နွယ်နီ့ကြားမှာ သူစိတ်သက်သာရာ ရခဲ့၏။ ချစ်သောသူနှင့်အတူနေရ ပြီး အိမ်တွင်လည်း ပြဿနာ တစ်စုံတစ်ရာမရှိတာမို့ ညီထွေး၏အလိုက်သိတတ်မှုများအား သူ့စိတ်ထဲမှာ မေ့မေ့ ပျောက်ပျောက်ဖြစ်ခဲ့ရသည်။
“ကျွန်တော့်ညီလေးက အဲ့ဒီလိုမျိုး အလိုက်သိတတ်၊ ကျွန်တော့်အပေါ်မှာ ယုံကြည်အားကိုးတတ်ခဲ့ပေမယ့် ကျွန်တော်က သူ့ကို ရက်စက်ခဲ့မိတယ် ကိုကျော်သောင်းရာ”
ပြောရင်း သူ့အသံတွေ တုန်ယင်လာမိ၏။ ကိုကျော်သောင်းက သူ့ပခုံးကို ခပ်ဖွဖွတစ်ချက်ဖျစ်ကာ နှစ်သိမ့် ရင်း...
“ပြောစမ်းပါဦးဗျာ၊ ဘယ်လိုလဲဆိုတာ”
“ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ပိုင်တဲ့ အိမ်နဲ့၊ အတွင်းပစ္စည်းတွေအားလုံးထဲက နည်းနည်းလေးတောင် ညီထွေးကို ခွဲမပေးခဲ့ပဲနဲ့ သူကိုအိမ်က နှင်ထုတ်မိခဲ့တာပါပဲဗျာ”
သူ့စကားကြောင့် ကိုကျော်သောင်းက သက်ပြင်းတစ်ချက်ချပြီး ပြော၏။
“ခင်ဗျားနဲ့ကျွန်တော် ဒီမှာ နှစ်တွေအကြာကြီး လက်တွဲခဲ့တာမို့ ခင်ဗျားအကြောင်းကို ကျွန်တော်သိပါတယ် ကိုမိုးအောင်ရာ။ ခင်ဗျားစိတ်ရင်းအတိုင်းဆို ခင်ဗျားရဲ့ ညီလေးကို အဲ့ဒီလိုလုပ်လိမ့်မယ်လို့ ကျွန်တော်မထင်မိဘူး”
“မဟုတ်ဘူး ကိုကျော်သောင်း။ ကျွန်တော့်အပြစ်တွေလည်း ပါပါတယ်”
ခေါင်းခါပြောနေရင်း သူ့အသံတွေ တိမ်ဝင်သွားရသည်။ သူ့အမှားက အခြားတော့မဟုတ်၊ အိမ်ထောင်သက် နှစ်နှစ်နီးပါး ရလာခဲ့သည့်အချိန်တွင် လောင်းကစားခြင်းကို ခုံမင်လာခဲ့သော နွယ်နီ့အား ချစ်စိတ်တစ်ခုတည်းဖြင့် သေသေချာချာ ကြပ်ကြပ်မတ်မတ် မတားမြစ်နိုင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့အတွက် ရှိတာထက်ပိုသုံးချင်သော၊ ဖြတ်လမ်းနည်းဖြင့် ငွေပိုငွေလျှံလိုချင်သော နွယ်နီ့ကြောင့် သူတို့ညီအစ်ကိုနှစ်ယောက်ပိုင် အတွင်းပစ္စည်းလေးများ တတိတိဖြင့် ကုန်ခမ်းခဲ့ပြီးနောက် သိပ်မကြာမီ အိမ်ဂရံကိုပါ ထိပါးလာခဲ့လေတော့တာ။
“အဲ့ဒီအခြေအနေထိ မေ့မေ့လျော့လျော့၊ မပြတ်မသားနဲ့ အရောက်ခံခဲ့တာ၊ ရောက်ခဲ့ရတာတွေဟာ ကျွန် တော့်အပြစ်မဟုတ်လို့ ဘယ်သူ့အပြစ်လဲ ကိုကျော်သောင်းရာ”
“ထားလိုက်ပါတော့ဗျာ။ ကိစ္စတွေက ဖြစ်ခဲ့ပြီးပြီပဲ”
ကိုကျော်သောင်းက စာနာသလိုပြော၏။ သူခေါင်းကို သွက်သွက်ခါရင်း...
“ထားခဲ့လို့ရရင် ထားခဲ့လိုက်ချင်ပါတယ်ဗျာ။ ဒါပေမယ့် အခြေအနေက အဲ့ဒီထက် ပိုပိုဆိုးလာပြီး အိမ်ဂရံကို ပြန်မရွေးနိုင်တော့တဲ့ အနေအထားကို တဖြည်းဖြည်းနဲ့ ရောက်လာတယ်။ အဲ့ဒီတော့ ကျွန်တော့်မှာ ကိစ္စတွေကို ညီထွေးမသိအောင် ဖုံးဖိထားရ၊ နွယ်နီ့ကိုလည်း စိတ်ဆိုး ဒေါသထွက်ရုံအပြင် ဘာမှမတတ်နိုင်၊ တစ်ဖက်မှာလည်း ငွေကြေးကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းဖို့ အစွမ်းအစကလည်းမရှိနဲ့ တော်တော် ပူလောင်ခဲ့ရတာ”
“ခင်ဗျား အဲ့ဒီလို မူပျက်နေတာကို ခင်ဗျားညီကရော မရိပ်မိဘူးလား”
“မရိပ်မိပဲ နေမလားဗျာ၊ ညီထွေးက ကျွန်တော့်မျက်နှာကို မှန်တစ်ချပ်လို အမြဲတမ်းကြည့်နေတဲ့သူပဲ”
ဟုတ်သည်။ ထိုအချိန်က သူတစ်ယောက်တည်း စိတ်တွေအညစ်ကြီးညစ်ကာ ညတိုင်း အရက်တွေသောက် ဖြစ်ခဲ့ပြီး နွယ်နီနှင့်လည်း စကားမပြော၊ ညီထွေးကိုလည်း ရင်ဆိုင်ဖို့ စိတ်မလုံတာမို့ ရှောင်ဖယ်နေမိခဲ့တာ။ ဒါကို ညီထွေးက ရိပ်မိသလိုရှိသော်လည်း သူ့အား ဘာမှဖွင့်မမေးခဲ့။ မမေးရဲတာဆိုလျှင် ပိုမှန်လိမ့်မည်။ တစ်နေ့တစ်နေ့ သုန်မှုန်လွန်းနေခဲ့သော သူ့မျက်နှာထားကြောင့် ညီထွေးခမြာ သူအိမ်ပြန်ရောက်လာလျှင် အသံတောင် သိပ်ပြီး မ ထွက်ရှာတော့။ သို့သော် ညဥ့်နက်မှ မူးယစ်ရီဝေကာ သောက်စားပြီး သူပြန်လာတိုင်း ညီထွေးက တံခါးစောင့်ဖွင့် ပေးခြင်း၊ အိပ်ယာထဲအထိ တွဲပို့ခြင်းများကို မညည်းမညူ ဆောင်ရွက်ပေးခဲ့ပါသည်။
“အဲ့ဒီလိုနေလာရင်းနဲ့ တစ်ရက်မှာ နွယ်နီနဲ့ကျွန်တော် ပြဿနာ အကြီးအကျယ်တက်ကြတယ်”
“ပိုက်ဆံကိစ္စကြောင့်ပဲလား”
“ဟုတ်တယ် ကိုကျော်သောင်း။ ပိုက်ဆံကိစ္စပဲပေါ့ဗျာ။ သူ့ကြွေးရှင်က ပိုက်ဆံတွေမဆပ်နိုင်ရင် အိမ်ဂရံကို သိမ်းမယ်ဆိုပြီး ကျွန်တော့်အလုပ်လုပ်နေတဲ့ရုံးကို လာပြောတဲ့နေကပေါ့ဗျာ”
“အဲ့ဒီတော့”
ကိုကျော်သောင်းက စကားထောက်၏။ ပြန်ပြောဖို့အားယူရင်း ထိုနေ့ကအဖြစ်အပျက်များအား ရင်နာစွာ ဖြင့် သူသတိရလာမိသည်။
ထိုနေ့ညနေက ရုံးမှအပြန်တွင် အရက်ဆိုင်သို့ သူတန်းသွားဖြစ်ခဲ့သည်။ ရင်ထဲမှ ဒေါသများ၊ သောကများ အား မူးယစ်ပြင်းရှစေသော ပယင်းရောင်အရည်များဖြင့် ငြိမ်းသက်ဖို့ကြိုးစားခဲ့သော်လည်း မူးလာလေလေ၊ သူ့ရင် ထဲမှ သွေးတို့က ပိုမိုဆူပွက်လာလေလေ ဖြစ်ခဲ့ရ၏။ ထို့ကြောင့် အိမ်ရောက်တော့ နွယ်နီနှင့်သူတို့ စကားများမိကြ လေတော့သည်။
နွယ်နီကလည်း ကိုယ့်အမှားကို ကိုယ်တိုင်ဝန်မခံသည့်အပြင် နေ့တိုင်းအရက်သောက်နေပြီး သူမအားလစ် လျူရှုထားမိခဲ့သော သူ့အပေါ် မကျေနပ်ချက်များစွာဖြင့် ကြက်ခေါင်းဆိတ်မခံ ပြန်ပြောလာခဲ့၏။ ထို့ကြောင့် သူတို့ နှစ်ယောက်၏ရန်ပွဲက တဖြည်းဖြည်းနှင့် အရှိန်မြင့်လာခဲ့လေတော့သည်။ ဒေါသထွက်လွန်းသောကြောင့် နွယ်နီ့ကို သူရိုက်ဖို့ကြိုးစားမိတော့ ဧည့်ခန်းထောင့်တွင် တစ်ချိန်လုံး ငြိမ်ကုပ်နေခဲ့သော ညီထွေးက ၀င်ဆွဲ၏။
ညီထွေးက ကြားထဲမှနေပြီး ရုတ်တရက် ၀င်ဆွဲတာမှန်သော်လည်း သူ့အားတွန်းလိုက်သလို ဖြစ်သွားတာမို့ သူလဲကျသွားခဲ့ရ၏။ နဂိုကတည်းက မူးပြီး ယိမ်းယိုင်နေခဲ့တာမို့ ကိုယ့်ကိုယ်ကို သူမထိန်းနိုင်ခဲ့ခြင်းကြောင့်သာပင်။ သို့သော် သူကတော့ နွယ်နီ့အား မရိုက်လိုက်ရသည့်အတွက် ဒေါသများက ဘာမဆိုင်ညာမဆိုင် ညီထွေး အပေါ်စု ပြုံ ပုံချမိတော့၏။ ရှင်းရှင်းပြောရလျှင် နွယ်နီ့ကို မနိုင်ရသမျှ၊ ညီထွေးအား သူမဲမိခြင်းသာတည်း။
“ငါ့မိန်းမကို ငါရိုက်တာ မင်းကမကျေနပ်ဘူးလား။ ဘာလဲ မင်းက ငါ့မိန်းမကို ကြိုက်နေလို့ ငါ့ကိုအသေ သတ်ချင်တာလား။ ငါသေမှ ငါ့မိန်းမကို မင်းအပိုင်ယူမယ်ပေါ့။ လာလေ... လာစမ်းပါ”...ဟု လဲကျနေရာမှမထ,ပဲ အာလေးလျှာလေးဖြင့် သူပြောမိတော့ မျက်ရည်များဝိုင်းလာသော မျက်ဝန်းလေးများဖြင့် ညီထွေး၏မျက်နှာက စ က္ကူအဖြူတစ်ချပ်လို ဖြစ်သွားလေတော့တာ။ နောက်.. သူက ‘သွား၊ ငါ့မိန်းမကို ကြာခိုချင်တဲ့ကောင်၊ မင်း အိမ်ပေါ် ကဆင်း’...ဟု နှင်ထုတ်မိတော့ ညီထွေးက ဘာမှပြန်မပြောတော့ပဲ ခေါင်းလေးငုံ့ကာ လှည့်ထွက်သွားခဲ့လေတော့ တာ။
“အဲ့ဒါတော့ ခင်ဗျား တော်တော်ကြီးကို မှားတာပဲ ကိုမိုးအောင်ရာ။ တကယ်မပြောသင့်တဲ့ စကားပဲ”
“ဟုတ်ပါတယ်ဗျာ။ ကျွန်တော်လည်း မရည်ရွယ်ပဲ မူးမူးနဲ့ အဲ့ဒီလို ပြောလိုက်မိတာကို အခုထိ တွေးမိတိုင်း နောင်တရမိပါတယ်။ ဒါပေမယ့် လွန်ခဲ့ပြီလေ”
“အဲ့ဒါနဲ့ ခင်ဗျားညီလေးက အိမ်ကဆင်းသွားပြီး ဘယ်မှာသွားနေလဲ”
“သူ့ဝပ်ရှော့မှာပဲ သွားနေတော့တယ်ဗျာ။ အိမ်ပြန်မလာတော့ဘူး။ ဒါပေမယ့် ဆွေမျိုးထဲက တချို့က ညီ ထွေးဘက်ကနေ အမွေကိစ္စအတွက် မခံမရပ်နိုင်ဖြစ်ကြပြီး ကျွန်တော့်ကို တရားစွဲမယ်ဘာညာလုပ်ကြတော့ ညီ ထွေးက တားရှာတယ်လို့ ကျွန်တော်ပြန်ကြားရတယ်။ ဒါပေမယ့် ညီထွေးနဲ့ကျွန်တော် အဆက်အသွယ်ပြတ်သွား တာ အဲ့ဒီတုန်းကနေ ခုချိန်ထိပဲ။ သူက ကျွန်တော့်ကို စိတ်နာသွားလို့ မဆက်သွယ်တော့တာလား မသိပေမယ့် ကျွန်တော်သူကတော့ သူ့ကို ရင်မဆိုင်ရဲလို့ မဆက်သွယ်ခဲ့တာပါ ကိုကျော်သောင်းရာ”
“နောက်တော့ရော”
“နောက်တော့ ကျွန်တော်တို့လည်း အိမ်ပေါ်က ဆင်းပေးရတာပေါ့။ ကျွန်တော့်မိန်းမကို သူ့မိဘအိမ်ပြန်ပြီး ထား၊ ကျွန်တော်လည်း အလုပ်ကထွက်ပြီး ပိုက်ဆံပိုရမယ့် ဒီမလေးရှားကို ထွက်လာခဲ့မိတော့တာပဲလေ။ ခု ဒီကို နွယ်နီလိုက်လာပြီး သုံးနှစ်လောက်ကြာတော့ ခင်ဗျားတို့ရှေ့တင်ပဲ ကျွန်တော့်ထက် ငွေရှာကောင်းတဲ့ တစ်ခြားမြန် မာကောင်တစ်ကောင်နဲ့ ကျွန်တော်ခုလို နေမကောင်းဖြစ်နေတုန်း လိုက်ပြေးသွားတော့တာ”
“တော်သေးတယ်ဗျာ၊ ခင်ဗျားတို့ သားသမီးတွေ ဘာတွေ မယူထားကြလို့”
“ဟုတ်တယ် ကိုကျော်သောင်း၊ မြန်မာပြည်မှာ အိမ်ထောင်ကျကာစ,တုန်းကလည်း လွတ်လွတ်လပ်လပ် နေချင်သေးလို့၊ ဟော...နောက်ကျတော့လည်း အဆင်မပြေဖြစ်လို့၊ ကျွန်တော်မလေးရှားထွက်ဖြစ်လို့၊ သူဒီလိုက် လာတော့လည်း တိုင်းတစ်ပါးမှာ ဒုက္ခရောက်ကြမှာစိုးလို့ဆိုပြီး ကလေးမယူဖြစ်ခဲ့ကြတာ။ အဲ့ဒါလည်း တစ်ခုတော့ ကောင်းပါတယ်ဗျာ။ အခုလို သူလုပ်သွားတော့ ကျွန်တော့်ဘက်ကလည်း ထောက်ထားငဲ့ညှာစရာ မရှိတော့ဘူး ပေါ့၊ သံယောဇဉ်ကင်းကင်းနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်သွားတာပေါ့”
သူ့စကားအဆုံးတွင် ကိုကျော်သောင်းက သက်ပြင်းချ၏။ နှစ်ယောက်စလုံး ခေတ္တခဏမျှ ငြိမ်သက်သွားမိ ကြသည်။ ကိုကျော်သောင်းငြိမ်သွားရခြင်းမှာ သူ၏ဖြစ်ကြောင်းကုန်စင်ကို ကြားလိုက်ရတာမို့ စိတ်မကောင်းဖြစ် သွားတာကြောင့်လားတော့ မသိ။ သူကတော့ မြန်မာပြည်မှ နွယ်နီ့မိဘများထံ ဖုန်းဆက်အကြောင်းကြားဖို့ စကား လုံးများအား စဉ်းစားနေမိခြင်းကြောင့်သာ ဖြစ်ပါသည်။
~~~@~~~
ဖြည်းဖြည်း နိမ့်ဆင်းလာလေလေ ပိုမိုရှင်းလင်းစွာမြင်လာရလေလေဖြစ်သော မြင်ကွင်းကို သေသေချာ ချာ သူစိုက်ကြည့်နေမိခဲ့၏။ သူစီးလာသော လေယျာဉ်ပြတင်းပေါက်ငယ်ဆီမှနေပြီး လှမ်းမြင်နေရသော မြေပြင်မှ မြင်ကွင်းများက သူ့အကြည့်များကို လွှဲဖယ်မသွားနိုင်စေဖို့ ညှို့ငင်ထားကြသည်။ သူ့မြင်ကွင်းထဲတွင်တော့ ညနေ ခင်းနေရောင်ခြည်အောက်မှ စေတီငယ်လေးများ၊ အဆောက်အဦးများ၊ လယ်ကွက်များ၊ စိမ်းလန်းနေသောသစ်ပင် များနှင့် သူရှင်သန်မွေးဖွားကြီးပြင်းခဲ့ရာအမိမြေက လှပလွန်းနေခဲ့လေသယောင်။
မကြာသေးသော နာရီအပိုင်းအခြား ကာလတစ်ခုက သူစွန့်ခွာခဲ့သည့် ပြည်ပနိုင်ငံငယ်တစ်ခုမှ မြင်ခဲ့ရသော မြင်ကွင်းများနှင့် မတူညီခဲ့တာမှန်သော်လည်း သူ့ရင်ထဲတွင် ဘာရယ်မှန်းမသိသော ခံစားမှုတစ်ခုက လျှပ်တိုက် ဖြတ်ပြေးနေခဲ့သလိုပင်။
“ကိုကြီးတစ်ယောက်တည်းမနေပါနဲ့၊ သားဆီပြန်လာခဲ့ပါတော့ ကိုကြီးရယ်”...
ဖုန်းထဲမှ ညီထွေး၏အသံလေးကို ပြန်ကြားယောင်မိလာတော့ သူ့နှုတ်ခမ်းတွေ ပြုံးမြမြဖြစ်သွားရ၏။ တိုက် တိုက်ဆိုင်ဆိုင် ညီထွေးအား သူအိပ်မက်မက်ပြီး နောက် နှစ်ရက်လောက် အကြာတွင် ညီထွေးက သူ့ဆီဖုန်းဆက် လာခဲ့ခြင်းပင်ဖြစ်၏။
‘ဒီရက်ပိုင်း ကိုကြီးကို သားခဏခဏအိပ်မက်မက်တယ်။ အရမ်းလည်း သတိရနေမိတယ်။ အရင်က ကိုကြီး ကို သတိရပေမယ့် အဆက်အသွယ်မလုပ်ခဲ့တာ သားကြောင့်ကိုကြီး စိတ်အနှောက်အယှက်ဖြစ်မှာ စိုးလို့ပါဗျာ။ ဒါ ပေမယ့် ဒီတစ်ခါကျတော့ သားမနေနိုင်တော့ဘူး။ သတိရတာအပြင် ရင်ထဲမှာပါ ပူနေမိတာ နေ့တိုင်းပဲ။ အဲ့ဒါ ကြောင့်မို့လို့ ကိုကြီးရဲ့ ယောက္ခထီးကြီးဆီသွားပြီး ကိုကြီးကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကို တိတ်တိတ်လေး သွားတောင်းပြီးတော့ မရဲတရဲနဲ့ ဆက်ကြည့်တာ။ ကိုကြီးရဲ့ယောက္ခထီးက ပိုပြီး သဘောထားကောင်းတယ်လေ။ ယောက္ခမကြီးဆီမှာ သွားတောင်းရင် ကိုကြီးဆီက ငွေလိုချင်လို့နေမှာထင်ပြီး ဖုန်းနံပါတ် မပေးမှာစိုးလို့။
အဲ့ဒီမှာမှ ကိုကြီးနေမကောင်းဖြစ်နေတာရယ်၊ မနွယ်နီ့ကိစ္စရယ်ကို ကိုကြီးရဲ့ ယောက္ခထီးကြီးဆီက သားသိ လိုက်ရတာ။ ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ ကိုကြီးရယ်။ သားဆီကိုသာ ပြန်လာခဲ့ပါ။ အဲ့ဒီမှာလည်း ဆက်မနေပါနဲ့ တော့။ မြန်မာပြည်မှာ အေးအေးဆေးဆေး အနားယူပြီး နေကောင်းမှ အလုပ်တစ်ခုခု လုပ်ချင်လုပ်ပေါ့။ သားအခု တောင်ဥက္ကလာဘက်မှာ တစ်ယောက်တည်း အိမ်ငှားပြီးနေတယ်။ မိန်းမလည်း မယူရဲသေးပါဘူး။ ကိုကြီးတို့ကို ကြည့်ပြီးကတည်းက သားကြောက်သွားတာလေ။ မြန်မာပြည်မှာ သားလုပ်ကျွေးပါ့မယ်။ သားရဲ့ ၀ပ်ရှော့ အလုပ် လည်း အဆင်ပြေနေပါတယ်။ အဲ့ဒါကြောင့် အခုလောလောဆယ်တော့ သားဆီမြန်မြန်ပြန်ခဲ့ပါတော့ ကိုကြီးရယ်။ သားစိတ်ပူလွန်းလို့ပါ။ အရင်လို သားတို့ညီအစ်ကိုနှစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်နေကြရအောင်နော်။”
သူ၏ရက်စက်ခဲ့မှုများအား အမှတ်မထားပဲ အားတက်သရောပြောနေခဲ့သော ညီထွေးအသံလေးကြောင့် သူ့ မှာ ၀မ်းသာစွာဖြင့် မျက်ရည်ကျခဲ့ရသေးသည်။ ညီထွေး၏စကားလေးများကြောင့် တိုင်းတစ်ပါးတွင် တစ်ယောက် တည်း နေမကောင်းဖြစ်ကာ စိတ်ဒဏ်ရာပါရနေခဲ့သောသူ့မှာ အားသစ်တွေဝင်လာခဲ့ရသည်။ ထို့ကြောင့် နည်း နည်း ထူထူထောင်ထောင် ဖြစ်လာခဲ့သည်နှင့် မြန်မာပြည်သို့ အပြီးပြန်ဖို့ သူစီစဉ်ဖြစ်ခဲ့၏။ ထိုအတောအတွင်း မျက်နှာပြောင်တိုက်စွာဖြင့် ပေးပို့လာသော နွယ်နီ့တို့ထံမှ လက်မှတ်ထိုးပြီးသား ကွာရှင်းစာချုပ်ကိုလည်း သူအပြီး အပိုင် လက်မှတ် ရေးထိုးပေးခဲ့ပါသေးသည်။
လေယျာဉ်ဘီးများ ပြေးလမ်းပေါ်သို့သက်ဆင်းပြီး အရှိန်သတ်ချိန်တွင်မူ သူ့စိတ်တို့ ပြီးပြည့်စုံသွားခဲ့ရသလို လို။ နောက်ပြီး တစ်ခုခုကို ငြိမ်ချမ်းစွာ ခံစားလိုက်ရမိသလိုလို။
အဆင့်ဆင့်သော စစ်ဆေးမှုများကို ဖြတ်သန်းကျော်လွန်ခဲ့ပြီးနောက် လေဆိပ်အပြင်သို့သူထွက်ခဲ့လိုက်၏။
လေဆိပ်အပြင်ဘက် ပလက်ဖောင်းပေါ်အရောက် ဆောင်းနှောင်းရာသီမို့ ညနေခင်း၏ကောင်းကင်က ရင့် ရော်ရာမှ မည်းမှောင်စ,ပြုလာခဲ့လေပြီ။ ညဦးချိန်မရောက်ခင် တိုက်ခတ်လာသော အေးစက်စက်မြောက်ပြန်လေ တို့က သူ့ကို တိုးဝှေ့လာကြ၏။ လာကြိုမည်ဟု သေချာပြောထားခဲ့သော်လည်း ခုထိတော့ လူတွေကြားထဲမှာ ညီ ထွေးအား သူရှာမတွေ့သေးပါ။ အထုတ်အပိုးများကို အနားချရင်း ညီထွေးအား ဟိုဟို ဒီဒီ ခေါင်းလှည့်ကာ ရှာနေမိ ဆဲခဏ ရုတ်တရက်ဆိုသလို သူ့ကျောပြင်တစ်ခုလုံး နွေးခနဲ ဖြစ်သွားရ၏။
“ကိုကြီး”
ငိုသံပါကြီးဖြင့်ခေါ်ရင်း နောက်မှနေ သိုင်းဖက်လိုက်သူမှာ ညီထွေးဆိုတာ သိလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ့မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝဲလာရမိတော့၏။ တခဏအတွင်းမှာပင် သူ့ကျောပြင်ကို ပါးအပ်ထားသော ညီ ထွေးထံမှ ရှိုက်သံသဲ့သဲ့အား သူနားနှင့်ဆတ်ဆတ် ကြားလိုက်ရသည်။ထိုအခါ သူ့မျက်ဝန်းမှ မျက်ရည်စ,တို့က ပါး ပြင်ပေါ်သို့ ခုန်ဆင်းလာခဲ့ကြတာ အလုအယက်နိုင်လွန်းလှစွာဖြင့်။ နောက်ပြန်မလှည့်သေးပဲ ညီထွေး၏ လက်ဖမိုး နှစ်ဖက်ပေါ်တွင် သူ့လက်များဖြင့်ပြန်ပြီး ခပ်တင်းတင်း အုပ်မိုးကိုင်ထားလိုက်ရင်း ရင်ထဲမှာ ဆို့နင့်လာရကာ သူ့ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ယင်လာမိသည်။ ညီထွေးအား ကျောပေးထားသော အနေအထားမှ သူ,မရွေ့လျားမိသေး။
ဖြစ်နိုင်လျှင် ဒီအတိုင်းလေးပဲ သူခဏဆက်နေချင်ပါသေးသည်။ ဘာကြောင့်မှတော့ မဟုတ်။ အပြင်ဘက် တွင် ရာသီဥတုက အေးစက်စက်နိုင်လွန်းနေခဲ့သော်လည်း၊ ဒဏ်ရာအနာတရများစွာဖြင့် အဝေးကြီးမှ ပြန်လာခဲ့ရ သည့်သူ့အတွက် ညီထွေး၏ ရင်ခွင်လေးက နွေးထွေးလွန်းနေခဲ့သောကြောင့်သည်သာ...။ 
~ ဏီလင်းညို ~

0 comments: