လီယိုနာဒို ဒါဗင်ချီ၏ ရင်သပ်ရှုမောဖွယ်လက်ရာ ခန္ဓာကိုယ်ကောက်ကြောင်းများ



၁၅၁၉ ခုနှစ်မှာ သေဆုံးသွားခဲ့တဲ့ အီတလီပန်းချီဆရာကြီး လီယိုနာဒို ဒါ ဗင်ချီ ဟာ သူဆုံးပါးမသွားခင်အထိ ပန်းချီကားပေါင်း ၂၀ ကျော် ရေးဆွဲခဲ့ တယ်ဆိုတဲ့ သမိုင်းနဲ့ အတူ ကျနော်တို့ ဟာ ကြီးပြင်းလူလားမြောက်ခဲ့ရတာပါ။
သူ ကွယ်လွန်သွားခဲ့တာ ရာစုနှစ်တ၀က်လောက် ကြာရှည်ခဲ့ပေမယ်လို့ သူ့ကိုလေးစား ကြည်ညိုသူတွေက သူ့ကို အမှတ်ရ၊ သတိရနေကြဆဲပါ။ ဖြတ်သန်းခဲ့ရတဲ့ သူ့ ဘ၀တလျှောက်မှာ သူ့ ကိုလေးစားကြည်ညိုသူတွေဟာ သူနေထိုင်တဲ့မြို့ မီလန်မြို့စားက သူ့ကို ရှုပ်ထွေးများမြောင်လှတဲ့ “လူဒိုဗီချို မာရီယာ ဆဖေါ်ဇာ”တူးမြောင်းစနစ်တွေနဲ့  ပါတ်သက်ပြီး သူ့ ကို ပုံဆွဲဖို့  အကူအညီတောင်းခဲ့တယ်ဆိုတာ အမှတ်ရကြပါတယ်။ သူ့ ဘ၀တလျှောက်လုံးမှာ လီယိုနာဒို ဒါ ဗင်ချီ ဟာ သူ့စိတ်ထဲပေါ်လာတဲ့အတိုင်း ဆေးစက် ချပြီးတာနဲ့  သင်္ချာဗေဒ ရဲ့ ဂရပ်ဆွဲတဲ့နည်းအတိုင်း တခြားဘာကိုမျှ မစဉ်းစား၊ မတွေးတော့ပဲ စ ဆွဲခဲ့တာပါ။ သူ့ ပန်းချီကားတွေဟာ လေထဲမှာလွင့် လာနေတဲ့ ပုံစံမျိုးလို့  လူတွေက ခံစားကြပါတယ်။ ကမ္ဘာအနှံ့က သူ့ပန်းချီကားတွေကို လေ့လာကြတဲ့ပုဂ္ဂိုလ်တွေကလည်း တသဘောထဲရှိကြပါတယ်။
ဘာမှမဟုတ်တဲ့၊ ပျောက်ဆုံးကွယ်ပျောက်ခဲ့တဲ့ အရာတခုကို ပြန်လည်အသက်ဝင်လာအောင် လူသားတွေ ဖန်တီးထားခဲ့ကြတာဟာ Renaissance  ရီနေဆန်းလို့ ခေါ်တဲ့ ခေတ်ထဲမှာ နာမည်ကြီးလာခဲ့တာပါ။“ပြန်လည်ရှင်သန်နိုးထလာတဲ့ခေတ်”လို့  လူအများက နာမည်ခေါ်ဝေါ်သတ်မှတ်ခဲ့တဲ့ ကာလထဲမှာ အထူးရေပန်းစား၊ လူကြိုက်များခဲ့တဲ့ အနုပညာရှင်လို့ အများကသူ့ ကို ခေါ်ဝေါ်ကြပါတယ်။ ဗြိတိသျှအနုပညာဆိုင်ရာ သမိုင်းပညာရှင် ကက်နက် ကလာ့က် Kenneth Clark က “ရီနေဆန်း” ခေတ်လူသားလို့  ပညတ်ထားခဲ့သလို လီယိုနာဒို ဒါ ဗင်ချီ ဟာ  သမိုင်းတွေထဲမှာ ဒီနေ့  အချိန်အထိ အထင်အရှား ဆက်လက်တည်ရှိနေပါသေးတယ်။

အင်္ဂလန်နိုင်ငံ အီဒင်ဘတ်မြို့ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “အီဒင်ဘတ် နိုင်ငံတကာ ပွဲတော်” မှာ ပြသခဲ့တဲ့  “လီယိုနာဒို ဒါ ဗင်ချီ။ ။ သက်ရှိလူသားတဦးရဲ့ လုပ်နည်းလုပ်ဟန်” လို့  အမည်ပေးထားတဲ့ အနုပညာပြပွဲမှာ လီယိုနာဒို ဒါ ဗင်ချီ ရဲ့ သက်ရှိလူသားခန္ဓာဗေဒကို အလွန်အင်မတန် စိတ်ဝင်စားတဲ့ အကြောင်း၊ အခြားသက်ရှိတွေထက်ပိုပြီး လူသားတွေဟာ ချက်ချင်းတုံ့ ပြန်တတ်တဲ့သဘောသဘာဝရှိတာကို သူ့ အတတ်ပညာနဲ့  တင်ပြသွားခဲ့ပါ တယ်။
လီယိုနာဒို ဒါ ဗင်ချီ ဟာ အီတလီနိုင်ငံ မီလန်မြို့မှာရှိတဲ့ “လူဒိုဗီချို” ပြတိုက်မှာ အလုပ်လုပ်စဉ်ကတည်းက ခန္ဓာဗေဒကို စတင်စိတ်ဝင်စားလာခဲ့တယ် လို့  သိရှိရပါတယ်။ အဲဒါကြောင့် သူ ပြုစုခဲ့တဲ့ “On the 2nd day of April 1489 (၁၄၈၉ ခုနှစ် ဧပြီလ ၂ ရက်နေ့ မှာပေါ့)” ဆိုတဲ့ စာအုပ်ရဲ့ စာမျက်နှာတိုင်းရဲ့ထိပ်ပိုင်းမှာ “လူသားရဲ့ အသွင်သဏ္ဍာန် ကျမ်းစာအုပ်” လို့  ရေးသားထားခဲ့တာပါ။ နောက်ပြီး လူတဦးတယောက်ရဲ့ ပုံကိုဆွဲတော့ မယ်ဆိုရင် လူသားတဦးရဲ့ အရိုးစုကောက်ကြောင်းတွေကို အရင်ဦးဆုံးဆွဲခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒါပြီးမှ အပြင်ကအမြင်တွေကို ဆက်လက်ရေး ဆွဲခဲ့တာလို့  သိရပါတယ်။ အဲဒီအချိန်တုန်းက လူသေအလောင်းတခုကို လက်တွေ့ ခွဲစိတ်လေ့လာဖို့  အခွင့်အရေးက မရှိခဲ့လို့ လည်း ဖြစ်နိုင်ပါတယ်။

လူ့ကိုယ်ရဲ့ ခန္ဓာဗေဒလူသားရဲ့ ခန္ဓာဗေဒအကြောင်းရေးထားတဲ့စာအုပ်ကို ထုတ်ဝေဖြန့် ချိဖို့  ဆန္ဒရှိပေမယ့် ခန္ဓာဗေဒနဲ့ သက်ဆိုင်တာတွေ ဆက်လက်လေ့လာနေရ တာကြောင့် ဆယ်စုနှစ် နှစ်စုလောက်နောက်ကျပြီးမှ ဆက်လက်ရေးသားနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အရင်ကရေးထားတဲ့ လက်ရေးမူကြမ်းတွေကို ပြန်လည်ရှာယူပြီး အဲဒီဟာတွေကို စုပေါင်းပြီး “ခန္ဓာဗေဒ လက်ရေးမူ ဘီ” လို့  အမည်ပေးထားပြီး အခုအချိန်မှာ ၀င်ဆာမြို့ရဲတိုက်စာကြည့်တိုက်ထဲမှာ သိမ်းဆည်းထားတဲ့အတွက် ရှာဖွေလေ့လာလို့ ရနေပါပြီ။ အဲဒီလို ရေးမှတ်နိုင်ဖို့ အတွက် လီယိုနာဒို ဒါ ဗင်ချီ ဟာ ဖေါင်တိန်တွေနဲ့  မင်တွေ အများ ကြီးကို အသုံးပြုခဲ့ရတယ်လို့  သိရပါတယ်။ အဲလိုလုပ်နိုင်ဖို့ အတွက် ၁၅၀၇ ခုနှစ်နဲ့ ၁၅၀၈ ခုနှစ်တွေမှာ သူဟာ ဖလောရင့်မြို့ မှာရှိတဲ့ ဆေးရုံတရုံက လူသေအလောင်းတလောင်းကို တောင်းခံပြီး ခွဲစိတ်လေ့လာခဲ့ရတာပါ။

နောက်နှစ်ထဲမှာ လီယိုနာဒို ဒါ ဗင်ချီ ဟာ အရင်ကနဲ့  လုံးဝမတူတော့ပဲ လူသားရဲ့ ခန္ဓာဗေဒကို အထူးပြုပြီးလေ့လာခဲ့ပါတယ်။ သူ့ အသက်ကြီးလာတဲ့ အချိန်ကျတော့ သူကိုယ်တိုင် လူသေအလောင်းပေါင်း ၃၀ ကျော်ကို ခွဲစိတ်ပြီး သုတေသနတွေပြုလုပ်ခဲ့ပြီးပါပြီ။ သူဟာ ၁၅၁၀ -- ၁၅၁၁ ခုနှစ်ဆောင်း ရာသီအတွင်း University of Pavia ပါဗီယာ တက္ကသိုလ်ရဲ့ Marcantonio della Torre မာရ်ကန်တိုနီယို ဒယ်လာ တိုရယ် သုတေသနဌာန မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီမှာ သူ သုတေသနပြုခဲ့တာတွေအပေါ် အခြေခံပြီး သရုပ်ဖေါ်ပုံ စုစုပေါင်း ၂၄၀ ကျော်၊ စာလုံး ရေ စုစုပေါင်း ၁၃ ၀၀၀ ကျော် ပါဝင်တဲ့ ကျမ်းတစောင်ကိုပြုစုခဲ့ပါတယ်။ အဲဒီကျမ်းကို “ခန္ဓာဗေဒ လက်ရေးမူ အေ” လို့ အမည်ပေးထားပါတယ်။ အဲဒီ ကျမ်းကိုလည်း ၀င်ဆာမြို့ရဲတိုက်စာကြည့်တိုက်မှာပဲ သိမ်းဆည်းထားတယ်လို့ သိရှိရပါတယ်။ ခန္ဓာဗေဒ လက်ရေးမူ အေ နဲ့  ဘီ ကျမ်းတွေဟာ လူသားရဲ့ ခန္ဓာဗေဒကို အရှင်းလင်းဆုံးနဲ့  အလွယ်ကူဆုံးရေးသားထားတဲ့ ကျမ်းစာအုပ်တွေဖြစ်တယ်လို့  သိရှိရပါတယ်။

လီယိုနာဒို ဒါ ဗင်ချီ ဟာ သိပ်အရေးကြီးတဲ့ သုတေသနတွေကို တစိုက်မတ်မတ် ပြုလုပ်ခဲ့ပါတယ်။ ဥပမာဆောင်ရရင် လူသားရဲ့ကျောရိုးကို အသေ အချာ၊ အတိအကျ ဖေါ်ပြနိုင်ခဲ့ပါတယ်။ သူ သုတေသနပြုခဲ့တဲ့စာတမ်းတွေထဲမှာ ရှာရင်တွေ့ နိုင်တယ်လို့  သိရပါတယ်။ အဲဒီမှာပဲ အရက်အလွန် အကျွံသောက်လို့ ဖြစ်တဲ့ cirrhosis ဆီရိုးဆစ်လို့ ခေါ်တဲ့ အသည်းရောင်၊ အသည်းခြောက်ရောဂါကို “ဖလောရင့်တိုင်း” မြို့ က အသက်ရာကျော် လူတွေလည်းခံစား ခဲ့ရတယ်လို့  သူ့ သုတေသန ပြုလုပ်ချက်တွေအရ သိရှိခဲ့ပါတယ်။ သုတေသနတွေ့ ရှိတာတွေကို စာအုပ်အဖြစ် ရေးသားပြီး ပုံနှိပ်ဖြန်ချိခဲ့ပါတယ်။ သူ့ သုတေသနတွေဟာ ဘယ်လ်ဂျီယံက နာမည်ကြီး ခန္ဓာဗေဒပညာရှင် "Andreas Vesalius အန်ဒရီယာ ဗဲဆာလီယပ်" ရဲ့ ၁၅၄၃ ခုနှစ်တုန်းက ရေးသားထုတ်ဝေခဲ့တဲ့ “De Humani Corporis Fabrica” (“On the Fabric of the Human Body”) "လူ့ခန္ဓာကိုယ်ရဲ့ တစ်ရှူး မျှင်များ" ဆိုတဲ့စာအုပ်အပေါ် အလွန်သြဇာသက်ရောက်ခဲ့တယ်လို့  ပညာရှင်အတော်များများက သတ်မှတ်ထားကြတာပါ။ ဒါပေမယ့် သူကိုယ်တိုင်က အဲဒီလောက်ထိ မအောင်မြင်ခဲ့ဘူးလို့  ပြောဆိုနေခဲ့ပါတယ်။

လူ့ နှလုံးနဲ့ ပါတ်သက်တဲ့လေ့လာမှု

၁၅၁၁ ခုနှစ်မှာ ပုလိပ်ရောဂါနဲ့  Marcantonio မာကန်တိုနီယို သေဆုံးသွားခဲ့တာကြောင့်၊ အီတလီနိုင်ငံ မီလန်မြို့ မှာ  နိုင်ငံရေးအရှုပ်အထွေး တွေကြောင့်နဲ့  နိုင်ငံမတည်မငြိမ်ဖြစ်နေတာတွေကြောင့် သူနဲ့ သူ့ မိသားစုဟာ မီလန်ရဲ့ အရှေ့ ဖက် ၁၂ မိုင် (၂၄ ကီလိုမီတာ) အကွာရှိ ဖရန်ချက်စကို မယ်လ်ဇီမြို့ကို ယာယီပြောင်းရွှေ့ ခိုလှုံခဲ့ကြရပါတယ်။ အဲဒီလို ယာယီနေထိုင်ခိုက်မှာ သူဟာ လူ့ နှလုံးဆိုတာကို အသေးစိတ်လေ့လာနိုင်ခဲ့တာပါ။

နှလုံးခွဲစိတ်ကု သမားတော်ကြီး Francis Wells ဖရန်စစ် ၀ဲလ်စ် အလုပ်လုပ်ကိုင်နေတဲ့ ကင်းဘရစ်မှာရှိတဲ့ ပက်ပ်ဝါ့သ် ဆေးရုံမှာပဲ သူ့ ရဲ့ စာအုပ် “The Heart of Leonardo လီယိုနာဒိုရဲ့ နှလုံးလေ့လာချက်” ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ထဲမှာ သူ ပထမဆုံး ဆေးကျောင်း စတက်တုန်းက အကြောင်းတွေကို ရေးသားဖေါ်ပြထားပါတယ်။ “နောက်ဆုံးထွက် ဇီဝဗေဒ စာအုပ်ဆိုတာမျိုးနဲ့ သင်ရမယ်ဆို အများကြီးပိုကောင်း လိမ့်မယ်။ စာအုပ်က ပိုခန့် ၊ ပိုပြီးတိကျပြီး၊ စာအုပ်ကိုမြင်တာနဲ့  ဖတ်ချင်စိတ်ဖြစ်လာမှာပဲ။ ခေတ်အမီဆုံး ဇီဝဗေဒ ကျမ်းစာအုပ်ကြီးတအုပ်လို အသုံး ချနိုင်ပြီး တခြားစာအုပ်တွေထဲ ရှာမတွေ့ နိုင်တဲ့ ဇီဝဗေဒနဲ့ ဆိုင်တာတွေ အများကြီးတွေ့ ကြရမှာပါ” လို သူက ပြောဆိုခဲ့ပါတယ်။

သူ သုတေသနပြုလုပ်နေစဉ်မှာ နှလုံးသားတခုရဲ့ သမရိုးကျမဟုတ်တဲ့ အလုပ်လုပ်ပုံတွေကို လီယိုနာဒို ဟာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ “အခုအချိန်အထိ သူ့ သင်တန်းချိန်ပြီးသွားတဲ့အခါ သူတွေ့ တဲ့ဟာတွေကို စာတမ်းတွေ၊ ဘာတွေထဲမှာလည်း ထည့်မရေးခဲ့ဘူး။ မဟုတ်မှလွဲရော၊ သူ လေ့လာတဲ့နှလုံး ဟာ အခန်းနှစ်ခန်းထဲပဲရှိလိမ့်မယ်။ ဒါပေမယ့် လီယိုနာဒို ကတော့ နှလုံးမှာ အခန်းလေးခန်းရှိတယ်လို့  အသေအချာကို ပြောနေတာ။ ဒါတွင်မက သေးဘူး။ သူ လေ့လာလို့ ရတာတွေထဲမှာ နှလုံးထဲကို သွေးလွှတ်ကြောအဆို့ ရှင်နဲ့ နှလုံးရဲ့အခန်းတွေထဲ၊ တခြားအခန်းတွေထဲ သွေးတွေ မ၀င်ရောက်နိုင်အောင် အဆို့ ရှင်က သွေးကြောကို ပိတ်ထားလိုက်နိုင်တယ်တဲ့။ အဲဒါမျိုးတွေပေါ့ဗျာ” လို့  Francis Wells ဖရန်စစ် ၀ဲလ်စ် က ရှင်းပြခဲ့ပါတယ်။
အဲဒါအပြင် လီယိုနာဒို ဟာ နှလုံးလှည့်လည်ပုံကိုလည်း ရှာဖွေတွေ့ ရှိခဲ့သေးတယ်။ “နှလုံးတခုကို ကြည့်လိုက်စမ်းပါ။ နှလုံးဆိုတာ ခပ်ဝိုင်းဝိုင်းရှိတဲ့ ကတော့ပြားပုံစံမျိုးလေ။ ဒါပေမယ့် ဂျီသြမေထြီထဲက ဦးချွန်ပုံစံ ကတော့လိုပုံမျိုးပါ။ သူ့ ကိုကြည့်လိုက်ရင် ၀င်ရိုးကလည်နေသလိုမျိုးနဲ့ ပါ။ ၀င်ရိုး လည်နေရင် နှလုံးကလည်း လိမ်ဖည်လိမ်ဖည်နဲ့  လိုက်လည်ရတာပေါ့။ အဲလို လိုက်လည်ရင်းနဲ့  တဘက်ရေစိုကို ညှစ်လိုက်တဲ့အခါ ရေတွေထွက် လာသလိုမျိုး နှလုံးကလည်း ညှစ်တဲ့အတွက် တခါတရံမှာ နှလုံးကပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပဲ ဖြစ်တဲ့အတွက် ရင်တုန်တာတွေ၊ ဘာတွေ ဖြစ်လာကြတာပါ။ တခါတရံ နှလုံးခုန်တာ ပုံမှန်မဟုတ်တော့တာမျိုးနဲ့  တခါတရံမှာ နှလုံးခုန်ရပ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်” လို့  ဖရန်စစ် ၀ဲလ်စ် က ဆိုပါတယ်။

လီယိုနာဒို ဟာ နှလုံးခုန်တာနဲ့ ပါတ်သက်လို့ အပြည့်အ၀ နားမလည်သေးဘူးလို့  ဖရန်စစ် ၀ဲလ်စ် က ပြောဆိုပါတယ်။ “ဒါပေမယ့် နှလုံးဟာ တနေရာ ရာမှာ ခုန်တော့ခုန်နေပါလိမ့်မယ်။ နှလုံးနဲ့ ဆက်သွယ်ထားတဲ့ သွေးစီးတဲ့ပြွန်လမ်းကြောင်းတွေဟာ ပုံမှန်လည်ပါတ်မှုမရှိနိုင်တော့တဲ့အတွက် လမ်း ကြောင်းဟာ မချောမွေ့ တော့ပဲ၊ ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့  သွေးစီးဆင်းမှုတွေ မရှိစေနိုင်တော့ပဲ တောင်စောင်းတခုကနေ တိရိစ္ဆာန်တကောင် ဒလိမ့် ကောက်ကွေးပြုတ်ကျသလို အသားတခြားအရိုးတခြားဖြစ်စေသလိုမျိုး ဖြစ်စေမှာပါ။ ခင်ဗျားရော၊ ကျနော်ရော ၀က်သားဟင်းနဲ့ ဝိုင် အနီကိုကြိုက် တာချင်းတူပေမယ့် လီယိုနာဒို ကတော့ အဲဒီအချိန်မှာ အဲဒီ့အကြောင်းကို တွေးကောင်းမှတွေးနေနိုင်ပါလိမ့်မယ်။
သူတို့ က ရဲတင်းတွေနဲ့ ဝက်ကို ပေါက်သတ်တယ်လို့  တွေးကောင်းတွေးနေနိုင်ပေမယ်လို့  လီယိုနာဒိုကတော့ ရဲတင်းဟာ ၀က်ရဲ့နှလုံးကို နည်းနည်းတော့ ထိသွားစေခဲ့တယ်လို့  တွေးချင်တွေးနေနိုင်တာပဲလေ” လို့  ဖရန်စစ် ၀ဲလ်စ် က ဆက်ပြောပြပါတယ်။
လူသားအားလုံးဟာ လူသားတွေရဲ့ ဖြစ်တည်နေမှုတွေအပေါ် နှလုံးရဲ့ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေကို အဓိကထား သုတေသနပြုလုပ်ခဲ့ပါ တယ်။  နှလုံးကနေ သွေးလွှတ်ကြောမကြီးအဆို့ ရှင် အဖွင့်အပိတ်ကတဆင့် ခန္ဓာကိုယ်တခုလုံးကို သွေးတွေဘယ်လိုလည်ပတ်လဲဆိုတာကို နွား ထီးကြီးတကောင်ရဲ့ နှလုံးကို နမူနာထားပြီး လေ့လာခဲ့တာပါ။ အဓိက သွေးလွှတ်ကြောရဲ့ အဆို့ ရှင်ပွင့်နေခိုက်မှာ သွေးတွေဘယ်လို စီးဆင်းလှည့် လည်သလဲဆိုတာကို သုတေသနပြုလုပ်ခဲ့ပါတယ်။ နွားနှလုံးနဲ့ ပါတ်သက်တာ၊ သူသိချင်တာတွေအကုန်သိပြီးမှ လီယိုနာဒို ဟာ ကျွဲတွေ၊ ဆိတ်တွေရဲ့ နှလုံးတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကိုပါ ဆက်လက်လေ့လာခဲ့ပါသေးတယ်။ အဲလောက်နဲ့ တွင် သူ မကြေနပ်သေးပဲ ပျားကောင်တွေဟာ ပျားအုံကို ဘယ်လို ဆောက်သလဲဆိုတာတွေကို ဆက်ပြီးလေ့လာခဲ့ပါတယ်။ ဖန်ခွက်လွတ်တခုသဏ္ဍာန်ဖန်တီးပြီး အဲဒီထဲကို မြက်စေ့ခြောက်နဲ့ ရေ ကိုရောထာတဲ့ အရည်ကိုလောင်းထည့်ရင် ပျားအိမ်ခြောက်ကို အရည်ဖြတ်ပြီးစီး၊ မစီး လေ့လာခဲ့တာပါ။ အခုလို လေ့လာသုတေသနပြုခဲ့တာဟာ သက်ရှိသတ္တ၀ါတွေရဲ့ ကိုယ်ခန္ဓာထဲ ဘယ်လိုနည်းနဲ့ သွေးတွေ လှည့်လည်စီးဆင်းသလဲဆိုတာ သိချင်တာကြောင့်ဖြစ်ပါတယ်။ သူ အဲဒီလို လေ့လာခဲ့ တာတွေကြောင့် သွေးလွှတ်ကြောနဲ့  သွေးပြန်ကြောတွေရဲ့ အလုပ်လုပ်ပုံတွေကို မှန်မှန်ကန်ကန် လေ့လာနိုင်ခဲ့တာပါ။ အတိအကျမသိသေးပဲနဲ့  ဘယ် ကျမ်းတစောင်တလေမှ လီယိုနာဒို ဟာ မပြုစု၊ မရေးသားခဲ့ဖူးပါဘူး။ သူ မရေးသားခဲ့တဲ့အတွက် လီယိုနာဒို ဒါ ဗင်ချီ ဟာ ဘယ်လိုအကြောင်းအရာ တွေကို သုတေသနလုပ်ခဲ့တယ်ဆိုတာ ရာစုနှစ်တွေနဲ့ ချီပြီး မသိရှိခဲ့ကြတဲ့အတွက် ကြိုးစားကြဖို့ လိုနေသေးတယ်။

“သူ သုတေသနလုပ်ခဲ့တာတွေကို ၂၀ ရာစုထဲရောက်တဲ့အထိ အပြည့်အစုံ ကျနော်တို့  မသိရှိရသေးပါဘူး။ ဒါကိုကြည့်ရင် သဘာဝသိပ္ပံနဲ့  ပတ်သက် လို့  (သိပ္ပံဂျာနယ်) တွေဟာ ၁၉၆၈ ခုနှစ်မှာ အောက်စဖို့ တက္ကသိုလ် သုတေသီအင်ဂျင်နီယာ နှစ်ယောက်က ဖွင့်ထုတ်ပြောပြသွားမှ လီယိုနာဒို ဒါ ဗင်ချီ ရဲ့ လေ့လာသုတေသနလုပ်ခဲ့တာတွေသိရှိခဲ့ရတာပါ။ လီယိုနာဒို ဒါ ဗင်ချီ ရဲ့ လေ့လာသုတေသနတွေ မရှိပဲနဲ့ အဲဒီလို ပြောနိုင်မှာ မဟုတ်ပါဘူး။ သာမန်နဲ့ မတူတဲ့ အဓိကအချက် နှစ်ချက်ရှိပါတယ်။ ပထမအချက်က အကိုးအကားပြုလုပ်တာနဲ့  ဒုတိကအချက်က လွန်ခဲ့တဲ့ အနှစ် ၅၀၀ ကျော်တုန်း က ဆိုတဲ့ အချက်နှစ်ချက်က အင်မတန် ထူးခြားလှပါတယ်”
အဲဒါတွေကိုကြည့်ပြီး လီယိုနာဒို ဒါ ဗင်ချီ ဟာ အင်မတန် ထူးချွန်ပြောင်မြောက်တဲ့ ခန္ဓာဗေဒပညာရှင်တယောက်ဖြစ်တယ်ဆိုတာ သိရှိနိုင်ကြပါတယ်။ “လီယိုနာဒို ဒါ ဗင်ချီ ရဲ့ သုတေသနပြုလေ့လာခဲ့တာတွေအားလုံး မသိဘူးဆိုရင် သူဟာ ဘယ်လိုလူဆိုတာ အတိအကျ သတ်မှတ်နိုင်မှာ မဟုတ်ပါ ဘူး” လို့  စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့ မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး အနုပညာပွဲတော်ကြီးရဲ့ ထိန်းသိမ်းရေးတာဝန်ခံ Martin Clayton မာတင် ကလေတန် က ပြောဆိုခဲ့ပါတယ်။ “ဒီ ကမ္ဘာကြီးပေါ်မှာ ခန္ဓာဗေဒနဲ့ ပါတ်သက်လို့  လေ့လာသုတေသနပြုသူတွေ ဒုနဲ့ ဒေး ရှိကြပေမယ့်၊ ခန္ဓာဗေဒကို စိတ်ဝင်စားကြတဲ့ အနုပညာရှင်တွေ အများကြီးရှိကြပါတယ်။ ဒါပေမယ့် လီယိုနာဒို ဒါ ဗင်ချီ တယောက်ပဲ အရေးကြီးတဲ့ အချက်နှစ်ချက်ကို တပြိုင်နက်တည်း သုတေသနပြုလုပ်နိုင်ခဲ့တာပါ။ အဲဒါကြောင့် လီယိုနာဒို ဒါ ဗင်ချီ ဟာ အလွန်အင်မတန် ထူးချွန်ပြောင်မြောက် တဲ့ ခန္ဓာဗေဒပညာရှင်တယောက်အနေနဲ့ သာမကပဲ အဖြတ်အတောက်တွေလုပ်ရတဲ့ ခွဲစိတ်ကုသမားတော်တယောက်ဖြစ်သလို အနုပညာရှင် တယောက်လည်း ဖြစ်ပါတယ်။ အဲဒီလို အင်မတန် ထင်ရှားတဲ့ သုတေသနလေ့လာချက် နှစ်ခုကို တပြိုင်နက်တည်း လုပ်ကိုင်သွားနိုင်တာဟာ လီယိုနာဒို ဒါ ဗင်ချီ ရဲ့ ထူးခြားမှုတခုပါပဲ။”

(Alastair Sooke  အလာ့စတယ် ဆူ့ကေး  ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်။ စကော့တလန်နိုင်ငံ အီဒင်ဘတ်မြို့ မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး အနုပညာပွဲတော်ကြီးရဲ့ နောက်ဆုံး သတင်းတွေအရ ထွက်ပေါ်လာတဲ့ရလဒ်တွေပေါ်မူတည်ပြီး ဒီဆောင်းပါးကို ရေးသားထား တာလို့  သူက ဆိုထားခဲ့ပါတယ်။ ဒီဆောင်းပါးရေးသူ အလာ့စတယ် ဆူ့ကေး  ဟာ အင်္ဂလန်နိုင်ငံက ဒေးလီး တယ်လီဂရပ် The Daily Telegraph သတင်းစာရဲ့ ပင်တိုင် ဝေဖန်ရေးသမားတဦးလည်းဖြစ်ပါတယ်)

မောင်ဖေသက်နီ

0 comments: