ကိုမဲကြီး


'ကိုမဲကြီး' ဆိုလျှင် တစ်ရပ်ကွက်လုံး ကလေးနှင့်ခွေးကအစ သိကြသည်။ သူနှင့် ဆက်ဆံဖူးသူတိုင်းက ချစ်ခင်ကြ၏။ အစောပိုင်းဆိုလျှင်တော့ 'ကိုမဲကြီး' ကိုဘယ်လိုလူပါလိမ့်ဟု တွေးကြမည်ဖြစ်သော်လည်း သူ့စရိုက်၊ သူ့အပြုအမူ အပြောအဆိုတို့ကို လေ့ကျက်မိသွားသူများ အဖို့တော့ 'ကိုမဲကြီး' သည် ခင်မင်နှစ်လိုဖွယ်ရာဆိုသည်ထက် ချစ်ခင်ဖွယ်ရာ လူတစ်ဦးပင်။
'ကိုမဲကြီး'သည် အမည်နာမနှင့် လိုက်ဖက်စွာ အသားအရေမှာလည်း ညိုသည်ဆိုတာထက် မည်းသည့်ဘက်သို့ကဲသည်။ ဇရာကိုဖော်ညွှန်းပြနေသည့် အဖြူကျဲကျဲဆံစတို့ကိုလည်း မဖြီးမသင်၊ ဆီလိမ်းသည်ဆိုခြင်းမှာ သူ့အတွက် ခက်ခဲသောအရာတစ်ခုလို။ တစ်ခါတလေ စိတ်လိုလက်ရရှိမှသာ မီးဖိုချောင်အတွင်း ကြောင်အိမ်ပေါ်မှ ဆီပုလင်းထဲ လက်နှိုက်သည်။
ဆံပင်တင်ဖိုသီဖတ်သီမဟုတ်။ အဝတ်အစားများကိုလည်း ကပိုကရိုဝတ်လေ့ရှိ၏။ သူ့အဝတ်အစားဝတ်ဟန်သည် အဝေးမှမြင်လျှင်ပင် 'ကိုမဲကြီး'ပဲဟု သိစေနိုင်သည်။ ဆောင်းတွင်းဆိုလျှင် စွပ်ကျယ်ချိုင်းပြတ်၊ ပုဆိုးနှင့်နေတတ်သော 'ကိုမဲကြီး'သည် နွေရောက်ပြီဟေ့ဆိုလျှင် ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်နှင့်။ ဖိနပ်စီးလျှင်လည်း အမြဲတစေ ညာဘက်တွင်အရောင်တစ်မျိုး၊ ဘယ်ဘက်တွင်တစ်မျိုး စီးတတ်သည်၏။ စတိုင်လ်လုပ်ခြင်းမဟုတ်။ သူ့စိတ်ထဲ စိတ်ကူးပေါက်သည့်အတိုင်း လုပ်တတ်ခြင်းပင်။ တစ်ခါတစ်ရံ မိန်းမဖိနပ် ကောက်စီးချင် စီးသွားတတ်သည်။ ဖိနပ်အမျိုးအစားကိုလည်းမကြည့်။ ခြေထောက်စွပ်၍ တော်သည်ဆိုလျှင် စီးချသွားတတ်သည်။
* * * * *
စင်စစ် 'ကိုမဲကြီး'သည် မှတ်ဥာဏ်အနည်းငယ်ချို့ယွင်းနေသူဖြစ်သည်။ ငယ်စဉ်ကတည်းက မေ့တတ်၏။ အသက်အရွယ်ရလာသည့်နှင့်အမျှ မှတ်ဥာဏ်စွမ်းရည်လျော့လာရာမှ တဖြည်းဖြည်းနှင့် ချို့ယွင်းသည့်ဘက်သို့ ရောက်လာခဲ့သည်။
'ကိုမဲကြီး' ငယ်စဉ်က ဝါသနာအရ လူရွှင်တော်အဖြစ် အသုံးတော်ခံဖူးသည်။ မိဘမောင်နှမများလည်း သဘင်မျိုးရိုးဖြစ်သည့်အပြင် သူကိုယ်တိုင်တွင်လည်း အပျော်အပြက်လုပ်တတ်သောဥာဉ်ရှိခြင်းကြောင့် လူရွှင်တော်ဘဝအား ခြေလှမ်းစခဲ့သည်။ သို့သော် သူ၏မေ့တတ်သောရောဂါသည် သူ့အား လူရွှင်တော်ဘဝအား အပြီးတိုင်စွန့်ခွာစေခဲ့သည်။ ဇာတ်ခုံပေါ်ရောက် ပြက်လုံးပြက်ချိန်မှ ကိုယ့်အလှည့်ပြောရမည့်ပြက်လုံး မေ့ကုန်သည်မှာ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ်။ သည်လိုနှင့် ကျန်သောမောင်နှမများ သဘင်မျိုးဆက် ထိန်းသိမ်းနိုင်သော်လည်း 'ကိုမဲကြီး'မှာ သူချစ်သည့် အနုပညာကို သူ့ရင်တွင်း၌သာ စတေးလိုက်ရတော့သည်။
'ကိုမဲကြီး' သည် ကြောက်လွန်း၍ ဆိုင်ကယ်စီးလည်းမသင်။ သင်ပေးလည်းမတတ်။ သူ့တစ်ကိုယ်တော် စက်ဘီးစုတ်လေးကိုသာ သ,နေတတ်သည်။ သူတစ်ခုခုလိုပြီဆိုလျှင် အမေ့ဆီ လက်ဖြန့်လိုက်ရုံသာ။ သူ့ကိုစိတ်မချသဖြင့် အိမ်သားများက ဘာမှမလုပ်စေဘဲထားသည်။ သူ့အတွက်ကလည်း အကုန်အကျများလှသည်မဟုတ်။ ကွမ်းဖိုးနှင့် လ္ဘက်ရည်ဖိုးသာ သူ့အတွက်လိုသည်။ 'ကိုမဲကြီး'အားလောဘနည်းသူ၊ လောဘမရှိသူဟု ပတ်ဝန်းကျင်က ဆိုကြ၏။ သို့ပေမယ့် 'ကိုမဲကြီး' တွင် တစ်ပတ်(၅)ရက် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လောဘရှိသည်။ အခြားမဟုတ်။ တစ်နေ့နှစ်ကြိမ်ဖွင့်သော ထိုင်းထီ(ခေါ်)နှစ်လုံးကစားခြင်းပင်။ နှစ်လုံးဖွင့်ရက်များတွင် တော့ 'ကိုမဲကြီး' တစ်ယောက် တနေကုန်အလုပ်ရှုပ်နေတတ်သည်။ များများစားစား ထိုးသည်လည်းမဟုတ်။ သူထိုးဖို့ပိုက်ဆံမရှိလျှင် အမေ့ထံ၊ မောင်နှမတွေထံ 'ရိုက်ဒုတ်လေးများ မစကြပါ' ဟုတောင်းတတ်သည်။ သူ နှစ်လုံးပေါက်ပြီဆိုလျှင်တော့ ရပ်ကွက်တွင်းရှိကလေးများအား မုန့်များဝယ်ကျွေး၍ ပိုသည့်ငွေအား သူ့အမေအားပေးသည်။ သူ့ဘဝနောင်ရေးကိုလည်း စိတ်မပူ။ ဘာလိုအင်မှလည်းမရှိ။ တစ်ရက် တစ်ရက် နှစ်လုံးတွက်၊ အချိန်တန် လ္ဘက်ရည်လေးသောက်၊ ကွမ်းစားနေရလျှင် ကျေနပ်နေသောသူပင်။ သူတကာထက် အကုသိုလ်ကင်းသောသူ၊ လောဘနည်းသောသူဖြစ်သောကြောင့်ဖြစ်မည်။ ကံအကျိုးပေးလည်းကောင်းသည်။ ပေး၊ ကျွေးမည့် သူများနှင့် ချစ်ခင်သူများလည်း ပေါသည်။
တစ်ခါက လ္ဘက်ရည်သွားဝယ်ရာ လူတစ်ဦးမှ စက်ဘီးချင်းမှားယူသွားသည်။ ထိုစဉ်တုန်းက သူ့စက်ဘီးလေးသည် တန်ဖိုးအနည်းငယ်ရှိသော ဖီးဆင့်အမျိုးအစား။ 'ကိုမဲကြီး' အိမ်ပြန်ရောက်တော့ ဝိုင်းမေးကြ၊ ကရုဏာဒေါသနှင့် ပြောဆိုကြရာ 'ကိုမဲကြီး' ပြန်ပြောလိုက်တာက -'ကျွန်တော်လည်း အညံ့မခံပါဘူး။ သူ ကျွန်တော့်ဘီးယူသွားတော့ ကျွန်တော်လည်း သူ့ဘီး ပြန်ယူလာတာပဲလေ။ ကျွန်တော်လည်း မရှုံးပါဘူး' တဲ့။ ယူလာသည့်ဘီးက အတော့်ကိုအိုဟောင်းနေသည့် တရုတ်ဖြစ်ဘီး။ အိမ်ကဖိနပ်တွေပျောက်လျှင်လည်း 'ကိုမဲကြီး' ပင်။ အိမ်ကအထွက်စီးသွားသော ဖိနပ်အား တခြားအိမ်တွင်ချွတ်ထားခဲ့၍ ခြေဗလာနှင့်ပြန်လာတတ်သည်။ သူကိုယ်တိုင်လည်း ဖိနပ် စီးထားသလား၊ မစီးထားသလား မသိပေ။ ထမင်းစားပြီးလျှင်လည်း စားပြီး၊မပြီး မေ့နေတတ်ပြန်၏။ သို့ပေမယ့် 'ကိုမဲကြီး' က သူကိုယ်တိုင်ဝန်ခံထားသည်မှာ 'ကျွန်တော် အရမ်းမရူးပါဘူး' ဟူ၍။
* * * * *
'ကိုမဲကြီး' တစ်ယောက် အလုပ်ရလေပြီ။ အိမ်သားများက မလုပ်စေလိုသော်လည်း သူကလုပ်ချင်နေသည်။ အလုပ်ကညစောင့်။ ညစောင့်ဆိုသော်လည်း နေ့ဂျူတီသမား ဖျားနာလျှင် အစားစောင့်ပေးရသည်။ 'ကိုမဲကြီး'ကတော့ သူ့အလုပ်နှင့်သူပျော်နေသည်။ လကုန်ရက်ဆိုလျှင် မျက်နှာထားက မသိမသာပြောင်းနေတတ်၏။ 'ဟွန်း… လက်ထဲပိုက်ဆံကလေး ငါးသောင်းလောက်ရတာကိုများ အရှုတော်ခံနေလိုက်တာ' ဟု မောင်နှမများက စ,ကြသည်။ သူရသည့် လစာအကုန်လုံးအမေ့အားအပ်သည်။ မောင်နှမများအတွက်လည်း အကြီး၊အငယ်ဟူ၍ မခွဲခြား၊ သူလုပ်ပေးနိုင်သမျှ အတတ်နိုင်ဆုံးလုပ်ပေးသည်။
'ကိုမဲကြီး' အလုပ်ဝင်ပြီး တစ်နှစ်အကြာ အမေ့အားအပ်ထားသည့်ငွေများဖြင့် ငယ်စဉ်ကနေခဲ့သည့်ရွာကျောင်းမှ ဦးဇင်းတစ်ပါးအား ကံထပ်မင်္ဂလာပြုသည်။ အလှူ့ဒါယိကာဆိုတော့ ခါတိုင်းမဖြီးမသင်သည့် ဆံပင်အား ဆီရွှဲရွှဲလိမ်း၊ တိုက်ပုံအင်္ကျီ၊ ပုဆိုးအသစ်နှင့် 'ကိုမဲကြီး' တစ်ယောက် မြောက်ကြွမြောက်ကြွနှင့်။ အလှူကလည်း ရွာလုံးကျွတ်ဖြစ်၍ အင်မတန်စည်ကားသည်။ တစ်နှစ်ပတ်လုံး စုဆောင်းထားသည့် ချွေးနဲစာလေးဖြင့် ခုလိုအလှူကြီးလုပ်နိုင်သည့်အတွက် 'ကိုမဲကြီး' တစ်ယောက် ကြည်နူးလို့မဆုံးနိုင်။
ရေစက်ချမည့်အချိန်ရောက်တော့ 'ကိုမဲကြီး' အားရှာမတွေ့။ ကျောင်းပေါ်လည်းမရှိ၊ အလှူမဏ္ဍပ်မှာလည်းမတွေ့၊ ရွာထဲတွင်လည်း ရှာမရ။ အလှူ့ဒါယိကာက ပျောက်ချင်းမလှ ပျောက်နေလေပြီ။ ရှာမတွေ့သည့်အဆုံး အမေနှင့် မောင်နှမများစုပေါင်း၍ ရေစက်ချ အမျှဝေလိုက်ကြတော့သည်။
နေ့ခင်း(၁၂)ကျော်မှ 'ကိုမဲကြီး' တစ်ယောက် ပြန်ရောက်လာသည်။ အားလုံးကဝိုင်းမေးကြရာ '၉နာရီ ဘာဂဏန်းထွက်လဲသိချင်လို့ စလောင်းလိုက်ရှာရင်း ဟိုဘက်ရွာရောက်သွားတာ။ နေ့ခင်းထိုးဖို့ ဂဏန်းထိုင်တွက်နေတာ။ ဘာဖြစ်လို့တုန်း'
'ဟဲ့… ဘာဖြစ်ရမှာတုန်း… အလှူရေစက်ချခါနီး နင့်ရှာမတွေ့လို့ ငါတို့ပဲ ရေစက်ချလိုက်ရတယ်'
အမေ့စကားအဆုံး 'ကိုမဲကြီး' တစ်ယောက် ခေါင်းကုတ်စဉ်းစားရင်း စပ်ဖြဲဖြဲလေး ပြောလိုက်တာကတော့ -
'အဲ… ဟုတ်သားပဲ… ကျွန်တော့်အလှူကိုမေ့ပြီး နှလုံးတွက်နေတာ… စဉ်းတော့စဉ်းစားနေသား… ဒီအင်္ကျီတွေ ဘာဖြစ်လို့များ ဝတ်ထားမိပါလိမ့်လို့… ခုမှ သတိရတယ်…. ဟီး…'
ထိုကဲ့သို့သော 'ကိုမဲကြီး' ပင်။
* * * * *
'ကိုမဲကြီး' အိမ်ထောင်ပြုမည်ဆိုတော့ ကြားသူတိုင်းအံ့အားသင့်ကြ၏။ 'သူ့လိုလူမျိုး ယူတဲ့ မိန်းကလေးရှိသေးတယ်ပေါ့'၊ 'ကိုမဲကြီးကို ထင်တောင်မထားဘူး' စသဖြင့် 'ကိုမဲကြီး' ကိစ္စသည် အားလုံးအတွက် အထူးအဆန်းတစ်ခုဖြစ်နေသည်။
သူပြောပြောချင်း အမေနှင့်အိမ်သားတွေပင် မယုံ။ ဟုတ်ရောဟုတ်ရဲ့လား။ မဲကြီး စိတ်ဖောက်ပြီးများပြောဆိုနေတာများလားဟု ထင်ကြသည်။ ဘယ်သူတွေဘာပြောပြော၊ ဘယ်လိုပဲထင်ထင် 'ကိုမဲကြီး' တစ်ယောက်ကတော့ စင်စစ်အိမ်ထောင်ကျလေပြီ။
'ကိုမဲကြီး' တစ်ယောက် မင်္ဂလာဦးညဖြစ်သော်ငြား တစ်စွန်းတစ်စပင်မသောက်ဖူးသော အရက်ကို တစ်တို့မျှပင် မတို့ချေ။ ဇနီးအသစ်စက်စက်လေးနှင့် စောစီးစွာ အိပ်ရာဝင်သည်။ အသက်ကြီးခါမှ အိမ်ထောင်ကျသည့်သူ့အတွက် ရင်ခုန်ခြင်းဆိုတာကို ခုမှခံစားရခြင်းပင်။ ပတ်ဝန်းကျင်သည်လည်း တိတ်ဆိတ်မှောင်မဲလျက်…။
'ကိုမဲကြီး' စိတ်ညစ်နေသည်။ သည်နေ့ တွေ့သမျှလူတိုင်းက သူ့ကို ခပ်ပြုံးပြုံးကြည့်သွားကြသည်။ 'လူတွေဘာလို့များ ကြည့်ကြည့်သွားပါလိမ့်' ဟုတွေးတော့လည်း စဉ်းစားမရ။ 'ကိုမဲကြီး' ပြန်လာချိန် မိန်းမဖြစ်သူ မရီက မီးဖိုချောင်ဝင်နေလေသည်။
'မိန်းမရေ… မိန်းမ… ခဏလာဦး'
အော်သံကြောင့် ပြေးထွက်လာသော မိန်းမဖြစ်သူကိုကြည့်၍
'ငါ့ကိုလူတွေ ဒီနေ့ ပြုံးပြုံးပြီးကြည့်သွားကြတယ်ဟ… နောက်ပြီး လမ်းထိပ်က အုပ်စုကလည်း မေးလိုက်သေးတယ်… ညက အိုကေလားတဲ့… အဲ့ဒါ ငါ နားမလည်ဘူး… ဘာကိုအိုကေတာလဲ'
သူ့စကားသံအဆုံး မိန်းမဖြစ်သူက ရှက်ရယ်ရယ်၍
'တော်ကလည်း… အဲ့ဒါ တော့်ကို လူပျိုဘဝကျွတ်ပြီလားလို့ မေးတာ တော်ရေ့…' ဟု ပြောဆိုရင်း မီးဖိုထဲပြန်ဝင်သွားလေသည်။
အိမ်ရှေ့ခန်းတွင်တော့ 'ကိုမဲကြီး' တစ်ယောက် မိန်းမပြောသွားသောအဖြေကို စဉ်းစားရင်း၊ ခေါင်းကုတ်ရင်းနှင့် ကျန်နေခဲ့ရင်း နောက်ဆုံး ရေရွတ်လိုက်တာကတော့ -
'ကျွတ်ပြီထင်ပါရဲ့… ဟုတ်မှာပါ… ငါ မေ့နေတာပဲဖြစ်မှာပါ'
* * * * *
'ကိုမဲကြီး' တစ်ယောက် အိမ်ထောင်ကျသော်လည်း မပြောင်းလဲ။ အလုပ်သွားမြဲ၊ ထိုင်းထီထိုးမြဲ၊ ကလေးများအား မုန့်ကျွေးမြဲ။ မရီကလည်း အလိုက်သိသည်။ သူ့ယောက်ျားဘာလုပ်လုပ် ဘာတစ်ခုမျှ အပြစ်မဆို။ တစ်အိမ်လုံး၏ ကိစ္စအဝဝကိုလည်း သိမ်းကျုံးလုပ်သည်။ 'ကိုမဲကြီး' ၏ စိတ်ထင်ရာ လုပ်တတ်သည်ကိုလည်း ခွင့်လွှတ်သည်းခံရှာသည်။
လအနည်းငယ်ခန့်အကြာတွင် 'ကိုမဲကြီး' တစ်ယောက် ပြောင်းလဲလာသည်။ အိမ်ပြန်ချိန်တို့ သည် မိုးချုပ်လာတတ်သည်။ တစ်ခါတစ်ရံ သန်းခေါင်ကျော်ချိန်မှ ပြန်ရောက်လာ၏။ တစ်ရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ်။ အိမ်သားများမေးလျှင်လည်း 'ဘုရားက ပြန်လာတာ' ဟုသာဖြေသည်။ ရက်အနည်းငယ်အကြာတွင် 'ကိုမဲကြီး' တစ်ယောက် ပျောက်သွားသည်။ ရှာ၍လည်းမတွေ့။ ၂ ရက်အကြာ ယခင်နေခဲ့ဖူးသော ရွှေပေါ်ကျွန်းမှ သတင်းကြားရသည်။
* * * * *
ယောဂီဝတ်စုံနှင့် 'ကိုမဲကြီး' ကိုမြင်လျှင် မရီ သည် ဝမ်းသာရမလို၊ ဝမ်းနည်းရမလိုနှင့်။ အမေကတော့ သားဖြစ်သူကို မျက်ရည်အဝဲသားနှင့် ကြည့်နေ၏။
'ဒကာမကြီးသားက အပြီးနေပြီး တရားအားထုတ်တော့မယ်လို့ ပြောနေတယ်။ စိတ်ချမ်းသာသလောက် နေပါစေ။ တရားအလုပ်လုပ်တယ်ဆိုတာ ဝမ်းသာစရာပါ။ သူ မပျော်လို့ ပြန်ချင်တယ်ဆိုရင်လည်း ဘုန်းကြီး ကိုယ်တိုင် သေချာပြန်ပို့ပေးလိုက်ပါ့မယ်။'
ရွာဘုန်းတော်ကြီး၏ စကားကို 'တင်ပါ့' ဟု ပြောရင်း 'ငါ့သား စိတ်ချမ်းသာသလိုနေနော်။ အမေ့ကို မပူနဲ့ သိလား။ သား ညီ၊ ညီမတွေနဲ့ မရီလည်း ရှိတယ်။ အမေ့အတွက် နောက်ဆံမတင်းနဲ့။ ငါ့သား တရားအလုပ်သာ ဖြောင့်ဖြောင့်တန်းတန်း လုပ်နော်'
'ကိုမဲကြီး' က ဘာတစ်ခွန်းမှ မပြော။ သူ့အမေနှင့် ဘုန်းတော်ကြီး၏ အပြန်အလှန်ပြောစကားများအား ငြိမ်သက်စွာ နားထောင်ပြီးနောက်၊ သူ တရားအားထုတ်ရာ အဆောင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလေတော့သည်။
* * * * *
ပြက္ခဒိန်ပေါ်ရှိ နေ့ရက်တို့သည် ဒီရေတိုက်စားသလို တဖြုတ်ဖြုတ်နှင့်။
မရီသည်လည်း အိမ်အလုပ်များနှင့် လုံးချာလည်ရင်း ယောက်ျားဖြစ်သူကို သတိရလွမ်းမိသည်။ တန်ခူးရောက်လျှင်တော့ ရွှေပေါ်ကျွန်းသို့သွားရန် အမေတို့နှင့် တိုင်ပင်ဦးမည်ဟု တွေးနေ၏။
ခွေးမ မိနီသည်လည်း မီးဖွားပြီး၍ သူ့ကလေးငယ်များအတွက် လုံခြုံသည့်နေရာအား ရှာဖွေနေသည်။
ကျောင်းဆင်းချိန်ဖြစ်၍ ဘကြီးငွေ၏ အိမ်ဆိုင်လေးသည် ကလေးငယ်များဖြင့် စည်ကားနေသည်။
'ဦးမဲကြီးကို လွမ်းတာကွာ'
'အေးလေ… ခါတိုင်းဆို ငါတို့ မုန့်ဖိုးမကုန်ဘူး… ဦးမဲကြီးကပဲ ခဏခဏ ဝယ်ကျွေးနေတာ'
'အောင်မယ်… ညည်းလေးတို့ကသာ လွမ်းနေ… ဟိုကဖြင့် သူ့မိန်းမကိုတောင် ထားသွားတာ.. ညည်းလေးတို့ကို သတိရနေပါလိမ့်မယ်..ဝေးစွ'
ဘကြီးငွေသည် ပြောပြောဆိုဆို ကလေးများ ဆွဲဖြုတ်၍ ကျသွားသော မုန့်ထုပ်အချို့ကို ပြန်ချိတ်ရင်း လမ်းထိပ်ဆီသို့ အကြည့်ရောက်သွားရာ…။
* * * * *
ဆံပင်များက ဖွာလန်ကြဲ၊ ကြယ်သီးမတပ်ထားသဖြင့် ဖရိုဖရဲဖြစ်နေသော အင်္ကျီလက်ရှည်၊ ပုဆိုးခပ်တိုတိုနှင့် ကားယားလျှောက်လာသော လူတစ်ယောက်။
ထိုလူကို ကလေးများမြင်လျှင် 'ဟေး' ဟုအော်၍ ပြေးဖက်ကြသည်။ ခွေးမ မိနီကလည်း ကိုက်လက်စ ခွေးပေါက်စလေးကို ကိုက်ချီထားရင်း အမြီးလေးတနံ့နံ့နှင့် ကြို၏။ ဘကြီးငွေ၏ အော်သံကြောင့် အမေတို့ မိသားစု အိမ်ရှေ့သို့ အပြေးထွက်လာကြသည်။ ခဏကြာလျှင် ကလေးများအား တွန်းဖယ်၍ ထိုသူအား မျက်ရည်များဖြင့် ဆီးကြိုပွေ့ဖက်နေသော မရီ၏ နှုတ်ခမ်းဖျားတွင် လှပသောအပြုံးပန်းလေး ဝေဆာ ပွင့်လန်းနေလေသည်။
ဂျွန်မိုး
21022014 (8:44 PM)

0 comments: