မြစ်တစ်စင်းရဲ့ချစ်ခြင်းအလင်္ကာ


(၁)

နံနက်မိုးသောက်ရဲ့ လေပြည်ညင်းနဲ့အတူ သတင်းတစ်ခုက အနံ့ပြင်းပြင်းနဲ့ ပျံ့လွင့်နေတယ်။ အဲဒီသတင်းကြောင့် ဖားချောင်းတစ်ရွာလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ “ မယ်မြိုင်တစ်ယောက် ရွာကပျောက်သွားပြီ ”  ဆိုတဲ့သတင်းကို ကြားရသူမှန်သမျှ အံ့သြသွားကြတယ်။ စိုးရိမ်တုန်လှုပ်သွားကြတယ်။

“ ရွာထိပ်ကဇရပ်မှာလည်းမတွေ့ဘူး၊ ဘုန်းကြီးကျောင်းမှာလည်း ထမင်းလာမစားဘူး ”
“ ဒုက္ခပါပဲဟယ်၊ ဘယ်ကိုများထွက်သွားတာပါလိမ့်”

ဆိုတဲ့ ဂရုဏာသံတွေက နေရာအနံ့ပြန့်ကျဲနေတယ်။ တစ်ရွာလုံးမှာ မယ်မြိုင်ကို မုန်းတဲ့သူရယ်လို့ တစ်ယောက်မှမရှိ ဘူး။ မယ်မြိုင်က အရူးသာဆိုတယ်။ တစ်ရွာလုံးကို ဒုက္ခပေးနေတာမှ မဟုတ်တာလေ။           သူ့ဟာသူ ရွာထိပ်ကဇရပ်မှာနေ ဇရပ်မှာအိပ်။ ပြီးတော့ ဗိုက်ဆာရင် ဘုန်းကြီးကျောင်းမှာစား။ ရွာကလူတွေလည်း မယ်မြိုင့်ကို ဂရုဏာသက်ပြီး ပေးကမ်း စွန့်ကြဲကြတာပါပဲ။
အခုတော့ မယ်မြိုင် ပျောက်သွားပြီတဲ့။ ဒီဇာတ်ထုပ်က သူကြီးခေါင်းပေါ်အလိုလိုရောက်လာတယ်။ မယ်မြိုင်က အရူးဆိုပေမယ့် ဖားချောင်းရွာသူပဲလေ။ ကိုယ့်ရွာသူတစ်ယောက် လုံးပျောက်သွားတာကို ဘယ့်နှယ့် စိတ်အေးလက်အေး နေနိုင်ပါ့မလဲ။

“ ဒူ .. ဒူ .. ”

သူကြီးအိမ်က မောင်းသံကကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။ မကြာပါဘူး ရွာသားတွေတစ်ယောက်ပြီး တစ်ယောက် တစ်ဖွဲဖွဲရောက်လာကြတော့တယ်။ ရွာသားတွေစုံပြီဆိုတာနဲ့ သူကြီးက ကွပ်ပျစ်ပေါ်ကနေပြီး အားလုံးကြားရ အောင်အော်ပြောတော့တာပဲ။
“ ကဲ အားလုံးသိကြတဲ့အတိုင်းပဲ .. အခု မယ်မြိုင်ပျောက်သွားပြီ၊ မယ်မြိုင်က လူကောင်းမဟုတ်လေတော့ ပိုပြီးစိုးရိမ် ရတယ်၊ ဒါကြောင့် မယ်မြိုင်ကို အမြန်ဆုံးတွေ့အောင် လိုက်ရှာကြမယ်၊ အားလုံးသဘောပေါက်ကြရဲ့လား ”

“ ဟုတ်ကဲ့ပါ သူကြီး ”

အားလုံးက အားတက်သရော ဝိုင်းအော်ကြတော့ သူကြီးကျေနပ်သွားတယ်။ တစ်ရွာလုံးက တက်ညီလက်ညီ ဖြစ်နေ တာက သူကြီးအတွက်အားတက်စရာမဟုတ်ပါလား။

မနက်ကတည်းက မယ်မြိုင် ရှာပုံတော်ဖွင့်နေလိုက်တာ ညနေစောင်းတဲ့အထိ သတင်းမထူး။ ဖားချောင်းနဲ့ အနီး တစ်ဝိုက်ကရွာတွေမှာလည်းရှာတာနှံ့နေပြီ။ မယ်မြိုင်ရဲ့ အရိပ်ယောင်ကိုပင်မတွေ့ရ။ နတ်ဝှက်တာများလားဆိုပြီး နတ်ကန္နား ပေးကြည့်တယ်။ ဒါလည်းမထူးပါဘူး။ မယ်မြိုင်က ဘယ်အရပ်ဒေသကိုများ ကြွမြန်းတော်မူနေတာလဲမသိ။ ရှာမတွေ့ကြတာ တော့အမှန်ပဲ။

လိုက်ရှာနေတဲ့သူတွေလည်း စိတ်ဓာတ်ကျစပြုနေပြီ။ နောက်ဆုံး ညခုနှစ်နာရီထိုးမှ ရှာဖွေရေးရပ်စဲလိုက်ကြတယ်။ လိုက်ရှာတဲ့နေရာလည်းစုံနေပြီလေ။ ဘယ်မှာမှရှာမတွေ့တော့ အားလုံးလက်လျှော့လိုက်ကြတော့တယ်။ ဒါပေမဲ့ မယ်မြိုင် အတွက် စိုးရိမ်စိတ်လေးကတော့ အားလုံးရင်မှာရှိကြတယ်။ မယ်မြိုင် ဘယ်ပျောက်သွားလဲဆိုတာ သိချင်ကြတယ်။ မယ်မြိုင် ရဲ့အစွဲကြောင့်လည်း အားလုံးစိတ်ပူမိကြတယ်။

မယ်မြိုင်ရဲ့အစွဲက မွေးကင်းစကလေးတွေကိုမြင်ရင်မနေနိုင်။ လူအလစ်ကိုစောင့်ပြီး ကလေးကိုခေါ်သွားတတ်တယ်။ ဒါပေမဲ့ အန္တရာယ်မပေးဘူး။ ဘာလုပ်လဲဆိုတော့ ကလေးကိုချော့မြူတယ်။ နို့ချိုတိုက်ကျွေးတယ်။ အဲဒီလိုလုပ်ရတဲ့ အကြောင်းအရင်းကလည်းရှိတယ်။ မယ်မြိုင် ဘဝရဲ့ အနာတရကြီးပေါ့။

မယ်မြိုင့် ဘဝအကြောင်းပြောပြရင် မျက်ရည်မကျတဲ့သူမရှိဘူး။ အားလုံးဝမ်းနည်းကြတယ်။ မယ်မြိုင်ကို သနားကြ တယ်။ မယ်မြိုင်ရဲ့ဘဝ ကံဆိုးမိုးမှောင် ကျခဲ့တာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီပဲလေ။

(၂)
မယ်မြိုင်ရဲ့အဖေဦးသာမြိုင်က အုန်းပင်တက်သမား။ ရွာမှာအုန်းသီးချတာတို့ အုန်းပင်လှဲတာတို့ဆို ဦးသာမြိုင်တို့ပဲ လုပ်ရတာ။ ဒီတော့ ဦးသာမြိုင်ရဲ့အမွေကို သမီးမယ်မြိုင်က ဆက်ခံလာရတာပေါ့။ ဒါပေမဲ့ လွယ်လွယ်ကူကူတော့မဟုတ်ဘူး။ ဦးသာမြိုင်က မယ်မြိုင့်ကို အုန်းပင်တက်မသင်ပေးဘူး။ မိန်းကလေးဖြစ်နေလို့လေ။ ဒါကို မယ်မြိုင်က မသင်ပေးတဲ့အလုပ်ကိုမှ လုပ်ချင်လာတယ်။ မသင်ပေးရင် အရက်သမားကြွက်ကြီးကိုယူမယ်လို့ ခြိမ်းခြောက်တော့တာပဲ။ ဒီတော့မှ ဦးသာမြိုင်က ကြွက်ကြီးလို လူကိုယူတာ ထက်စာရင် အုန်းပင်တက်တာကမှ မြတ်သောအလုပ်ဆိုပြီး သင်ပေးလိုက်ရတော့တယ်။
မိတဆိုးသမီးလေးဆိုပြီး အလိုလိုက်ထားတော့ မယ်မြိုင်က တစ်ဇွတ်ထိုးလုပ်တတ်တယ်။ မယ်မြိုင်ကို အုန်းပင် တက်သင်ပေးခဲ့ပေမယ့် အုန်းပင်တက်ဖို့လာငှားရင်တော့ ဦးသာမြိုင်ပဲတက်တယ်။ မယ်မြိုင်ကို မတက်ခိုင်းဘူး။ ဦးသာမြိုင် ဆုံးမှပဲ မယ်မြိုင်က အုန်းပင်တက်သမဖြစ်လာခဲ့တယ်။

ဦးသာမြိုင်ဆုံးတော့ မယ်မြိုင်က အသက်နှစ်ဆယ်ရှိနေပြီ။ အုန်းပင်တက်တဲ့အလုပ်နဲ့ပဲ အသက်မွေးတယ်။ နောက် တော့ ဖိုးခွားဆိုတဲ့ ကရင်လေးနဲ့အကြောင်းပါတယ်။ ဖိုးခွားကလည်း အုန်းပင်တက်သမားတစ်ယောက်ပဲ။မယ်မြိုင်တို့မှာ သား သမီးမထွန်းကားလာခဲ့ဘူး။ 

လင်မယားနှစ်ယောက်လုံး ကလေးလိုချင်လိုက်တာမှ အရူးအမူးပဲ။ ကံတရားကဖေးမလို့လား မသိ။ ကိုးနှစ်ကြာမှ မယ်မြိုင်မှာ သားဦးကိုယ်ဝန်ဆောင်လာရတယ်။ ဒီတော့ အုန်းပင်တက်တဲ့အလုပ်ကို ဖိုးခွားကပဲလုပ်တော့ တယ်။ မယ်မြိုင်က မပေါ့မပါးမို့ အိမ်မှာပဲနေစေတယ်။

ဒါပေမဲ့ မယ်မြိုင်က ဒီအတိုင်းမနေပါဘူး။ အိမ်နောက်ကမြေကွက်လပ်မှာ ဟင်းရွက်စုံစိုက်တယ်။ ပြီးတော့ အိမ်ရှေ့မှာ ချရောင်းတယ်။ ရတဲ့ငွေကို ခြစ်ခြစ်ကုပ်ကုပ်စုပြီး မီးဖွားစရိတ်အတွက်သီးသန့်ထားတယ်။ ကိုယ်ဝန်ရှစ်လလောက်နေတော့ ကလေးအတွက် အကျီလေးတွေ အနှီးပိုင်းလေးတွေစုရတာနဲ့ လင်မယား နှစ်ယောက်စလုံး မမောနိုင်မပန်းနိုင်။ မွေးလာမယ့် ရင်သွေးလေးအတွက် မဆုံးနိုင်တဲ့မေတ္တာတွေနဲ့ပေါ့။ ဒါကို ကံကြမ္မာဂြိုလ်ဆိုးက အရိပ်မိုးဖို့ ဘယ်အချိန်ကတည်းကချောင်း နေတာလဲမသိဘူး။ မယ်မြိုင့်ဘဝတစ်ခု လုံးစုတ်ပြတ်သွားခဲ့တာပဲ။

အဲဒီနေ့က ဟိုဘက်ရွာမှာအလှူရှိလို့ ဖိုးခွားကို အုန်းသီးချဖို့လာငှားသွားတယ်။ မယ်မြိုင်ကလည်း ကိုယ်ဝန်နေ့စေ့ လစေ့ကြီးနဲ့။ မကြာပါဘူး မယ်မြိုင် ဗိုက်နာလာတယ်။ မယ်မြိုင်အော်သံကြောင့် အိမ်နီးချင်းတွေ လက်သည်ခေါ်လာပြီး မီးဖွားဖို့ပြင်ဆင်ကြရတယ်။ သားဦးလေးမို့ထင်တယ်။ ကလေးကတော်တော်နဲ့မွေးမလာဘူး။ မယ်မြိုင်ရဲ့နာကျင်တဲ့အော်သံ ကလည်း အဆက်မပြတ်ထွက်ပေါ်လို့။ အချိန်အတော်ကြာမှ ကလေးမွေးလာတယ်။

“ ကလေးက အသေလေးတော့ ”

ဆိုတဲ့ အသံကို မယ်မြိုင်ကြားပြီး ငိုကြွေးလိုက်တာမှ အသည်းခိုက်မတတ်။ သွေးနုသားနုမှာ မငိုဖို့ အားလုံးကနှစ်သိမ့် နေကြတယ်။ ဒါပေမဲ့ ကိုယ့်သွေး ကိုယ့်သားမို့လား။ မယ်မြိုင်မှာ ဖြေမဆည်နိုင်အောင်ကိုဖြစ်လို့။

“ မယ်မြိုင်ရေ .. နင့်ယောကျာ်း အုန်းပင်ပေါ်ကပြုတ်ကျလို့ ဆုံးပြီတဲ့ ”

အိမ်အပြင်ဘက်ကထွက်လာတဲ့ အသံတစ်သံက မယ်မြိုင့်ကို သွေးပျက်သွားစေတာပဲ။ လာပြောတဲ့ သူကလည်း အရေးကြီးသုတ်ပျာမို့ မယ်မြိုင် မီးဖွားနေတာကိုမသိဘူး။ ပြောပြီးမှ သိလိုက်တာတဲ့။ လင်လည်းဆုံး သားလည်းဆုံးနဲ့ မယ်မြိုင် တစ်ယောက် မပဋာမြေလူးသလိုပါပဲ။ ငိုလိုက်တာမှ မစားမသောက်ပဲငိုတာ။ မြင်ရသူတိုင်း စိတ်မချမ်းသာဖြစ်ရတယ်။

အဲဒီအချိန်ကစပြီး မယ်မြိုင် အပြောင်းလဲကြီးပြောင်းလဲသွားတော့တယ်။ စကားလည်းမပြောတော့ဘူး။ အိမ်မှာလည်း မနေတော့ဘူး။ အားအားရှိ လျှောက်သွားနေတော့တာပဲ။ ဗိုက်ဆာရင် ဘုန်းကြီးကျောင်းကိုသွားတယ်။ သွက်သွက်ခါအောင် ရူးတာမဟုတ်ပေမဲ့ စိတ်မနှံ့တော့ဘူး။ ယဉ်ယဉ်လေးနဲ့ရူးသွားသလိုပဲ။

ရွာမှာမီးဖွားတယ်လို့သတင်းကြားရင် မယ်မြိုင်ရောက်လာတယ်။ ကလေးကိုကြည့်ပြီး ရှိုက်ကြီးတငင်ငိုတယ်။ မယ်မြိုင်က စိတ်မနှံ့တဲ့သူမို့ ကလေးမိဘတွေက စိုးရိမ်ကြတယ်။ ဒါပေမဲ့ မယ်မြိုင်က ကြည့်ရုံအပြင် ဘာမှမလုပ်ဘူး။ နောက် တစ်နေ့ကျတော့ ကလေးကပျောက်ချင်းမလှပျောက်သွားတယ်။ အားလုံးဝိုင်းရှာကြတော့မှ ရွာထိပ်ကဇရပ်မှာ သွားတွေ့ တယ်။ မယ်မြိုင်ရယ်လေ ကလေးကိုနို့တိုက်ပြီး ချော့မြူလို့။ မယ်မြိုင်ကိုကြည့်ပြီး အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ မိခင် ဖြစ်ခွင့်မရလိုက်တဲ့ မယ်မြိုင့်အဖြစ်ကိုစာနာကြတယ်။ ဘယ်လိုပဲ ရူးနေတယ်ပြောပြော သူလည်းမေတ္တာစိတ်ရှိတဲ့ လူသား တစ်ယောက်ပဲလေ။ ဒီတော့ အပြစ်မဆိုသာဘူးပေါ့။
(၃)
“ မယ်မြိုင် ပြန်ရောက်လာပြီဟေ့ ၊ ရွာထိပ်ကဇရပ်မှာပဲ ”

ဒီသတင်းက နံနက်ခင်းကို ပိုပြီးအသက်ဝင်လှုပ်ရှားသွားစေတယ်။ မယ်မြိုင်အတွက် စိုးရိမ်နေကြသူတွေအားလုံး ဝမ်းသာသွားကြတယ်။ မယ်မြိုင် ရွာကနေပျောက်သွားတာ ဆယ်ရက်လောက်ရှိပြီလေ။ ဘယ်သွားလို့ ဘယ်ရောက်နေလဲမှ မသိတာ။ အခုပြန်လာပြီဆိုတော့ ဝမ်းသာကြတာပေါ့။

“ မယ်မြိုင့်လက်ထဲမှာ အနှီးပိုင်းနဲ့ထုပ်ထားတဲ့ မွေးကင်းစကလေးတစ်ယောက်နဲ့ ” 

ဆိုတဲ့ နောက်ဆက်တွဲထွက်ပေါ် လာတဲ့သတင်းကတော့ အားလုံးကို အံ့အားသင့် တုန်လှုပ်သွားစေတော့တယ်။

“ ဒုက္ခပါပဲဟယ် ..ဘယ်သူ့ကလေးကိုသွားယူလာတာပါလိမ့် ”

“ ကလေးပျောက်တဲ့မိဘတွေတော့ အရမ်းစိတ်ပူနေကြတော့မှာပဲ ”

မယ်မြိုင်နေတဲ့ဇရပ်အနားကို လူတွေတဖွဲဖွဲရောက်လာကြတယ်။ မယ်မြိုင်ကတော့ ဇရပ်ပေါ်မှာထိုင်ပြီး ကလေးကို ပွေ့ပိုက်ထားတယ်။ ညစ်နွမ်းနေတဲ့အနှီးပိုင်းကြီးနဲ့ထုပ်ထားလိုက်တာ ကလေးကိုတောင်မမြင်ရဘူး။ ကလေးသက်ရှူရကြပ်ပြီး သေသွားရင် ဒုက္ခ။ ပါးစပ်ကလည်း သားချော့တေးတွေကိုအဆက်မပြတ်ဆိုနေတယ်။ နောက်ဆုံး ဒီပြဿနာက သူကြီး ခေါင်းပေါ်ပဲရောက်လာတယ်။ သူကြီးက ကလေးယူဖို့ ဇရပ်ပေါ်ကိုလှမ်းတက်လိုက်တာနဲ့ မယ်မြိုင်က တုတ်တစ်ချောင်းကို ဆွဲယူလိုက်တယ်။ ပြီးတော့ တက်လာတဲ့ သူကြီးကို ကြည့်ပြီး အသံကုန်အော်တယ်။

“ တက်မလာနဲ့နော်၊ တုတ်နဲ့ရိုက်ပစ်လိုက်မယ်၊ ငါ့ကလေးကိုလာမလုနဲ့ ”

မယ်မြိုင်ရဲ့အသံကြောင့် သူကြီးခြေလှမ်းတွေ နောက်ပြန်ဆုတ်သွားတယ်။ မယ်မြိုင်က သားဇောနဲ့မို့ထင်ရဲ့။ အော်လိုက်တာ ငယ်သံတောင်ပါတယ်။ ရှိနေတဲ့သူတွေကို ကလေးလာလုတယ် လို့ထင်နေလားမသိဘူး။ တုတ်တရမ်းရမ်းနဲ့ ဂနာမငြိမ်ဖြစ်နေတယ်။ ဘယ်သူမှလည်း မယ်မြိုင့်အနားကိုမဝင်ရဲကြဘူး။ ကလေးကိုထိဖို့မပြောနဲ့ အကြည့်တောင်မခံဘူး။ ဒီတော့လည်း အားလုံး ကိုယ့်နေရာကိုယ်တပ်ဆုတ်ပြီးပြန်လာရတော့တယ်။

ရွာနီးစပ်တစ်လျှောက် ကလေးပျောက်တဲ့သတင်း စုံစမ်းကြတယ်။ ဒါပေမဲ့ အကြောင်းမထူးဘူး။ ကလေးပျောက်တယ် ဆိုတဲ့ သတင်းလည်းမကြားရဘူး။ အဲ .. မယ်မြိုင်က အရူးဆိုပေမယ့် လည်တယ်။ ဘုန်းကြီးကျောင်းမှာထမင်းလာစားတဲ့အခါ ကလေးကိုခေါ်မလာဘူး။ ဘယ်မှာထားခဲ့သလဲဆိုတာလည်း ဘယ်သူမှမသိကြဘူး။

မယ်မြိုင် ဘုန်းကြီးကျောင်းမှာ ထမင်းလာစားပြီဆိုတာနဲ့ သူကြီးတို့အဖွဲ့က ကလေးရှာဖွေရေးလုပ်ကြတော့တယ်။ အဲဒီအချိန်မှာဆို တစ်ယောက်က မယ်မြိုင် အလာကိုကင်းစောင့်ရတယ်။ မယ်မြိုင်လာပြီဆိုတာနဲ့ တစ်နေရာမှာပုန်းကြတယ်။ မယ်မြိုင်က အကင်းပါးတယ်။ ပြန်ရောက်တာနဲ့ ဇရပ်အနီးတစ်ဝိုက်ကနေရာတွေကို တုတ်တစ်ချောင်းနဲ့ လိုက်ကြည့်တယ်။ မယ်မြိုင် လက်ထဲကတုတ်ကိုကြည့်ပြီး ပုန်းနေတဲ့သူကြီးတို့လူတစ်စု ဘုရားတနေကြရတယ်။ မကြာပါဘူး။ သူကြီးတို့ပုန်း နေတဲ့နေရာကို မယ်မြိုင်ရောက်လာပါလေရော။ သူကြီးတို့ကိုတွေ့တယ်ဆိုရင်ပဲ မယ်မြိုင်က တုတ်နဲ့လိုက်ရိုက်တော့တာ။ သူကြီးတို့အဖွဲ့ ပြေးလိုက်တာများ တန်းနေတာပဲ။

ဒီအကြောင်းပြောတိုင်း ရယ်လို့တောင်မဆုံးကြဘူး။ အရူးက တစ်မူးသာသွားတယ်လို့ပြောရမလားပဲ။ နောက်ဆုံး  ကလေးရှာဖွေရေးရပ်စဲလိုက်ရတော့တယ်။ မယ်မြိုင်ကတော့ ဇရပ်မှာပဲ အချိန်ပြည့်နေတယ်။ ဇရပ်အနားကဖြတ်သွားတဲ့ လူတွေလည်း မယ်မြိုင်ရဲ့ အဆီ အငေါ်မတည့်တဲ့ သားချော့တေးသံတွေကိုကြားနေရတယ်။ မယ်မြိုင်က သူ့ကလေးကို လက်ထဲကချထားတာတောင်မတွေ့ရဘူး။ အမြဲထွေးပွေ့ထားတာပဲ။ ကလေးအတွက် လိုအပ်တာလာပေးတဲ့သူတွေတောင် ဝေးဝေးမှာချပေးရတယ်။ လူတွေရှိ နေရင်လာမယူဘူး။ လူတွေသွားမှ လာယူတာ။

အရင်ကဆို မယ်မြိုင်က လူတွေနဲ့မစိမ်းလှပါဘူး။ အခုမှ သားဇောနဲ့မို့ထင်ရဲ့။ လူတိုင်းကို သူ့ကလေးလုမယ်ထင်ပြီး ကင်းကင်းနေတာ။ တုတ်ကိုတောင် အနားမှာထားတာ ကြည့်ပေတော့။ ဒါကြောင့် မယ်မြိုင်ကို ဒီအတိုင်းလွှတ်ထားလိုက်ရ တော့တယ်။ ဒါပေမဲ့ ကလေးကိုဘယ်မှာဝှက်ထားခဲ့သလဲဆိုတဲ့ သိချင်စိတ်လေးတော့ အားလုံးရဲ့ရင်ထဲမှာ ကိန်းအောင်းနေ ခဲ့တယ်။

မွန်းတည့် ဆယ့်နှစ်နာရီလောက်ရှိပြီ။ ဖိုးလူတစ်ယောက် ရွာထိပ်ဇရပ်ကနေ အရေးတကြီးပြေးလာတယ်။ ပြီးတော့ ဒီအတိုင်းပြေးလာတာမဟုတ်ဘူး။  “ သိပြီဟေ့ .. ကလေးထားတဲ့    နေရာသိပြီ ” ဆိုပြီး တစ်လမ်းလုံးအော်လာတာ။ ဒီတော့ သိချင်လွန်းလှသူတွေ ဖိုးလူ နောက်ကနေတစ်သီတစ်တန်းကြီးလိုက်ပါလာကြတယ်။ သူကြီးအိမ်ရောက်မှ ဖိုးလူ အပြေးရပ် တယ်။ သူကြီးက အိမ်ထဲကနေ အလန့်တကြားနဲ့ပြေးထွက်လာတယ်။

“ ဟေ့ကောင် ဖိုးလူ၊ ကလေးထားတဲ့နေရာသိပြီဆိုတာ အမှန်ပဲလား ”

“ ဟုတ်တယ်သူကြီးရဲ့၊ ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာ ”

ဖိုးဘ စကားကို အားလုံးစိတ်ဝင်တစားနားထောင်နေကြတယ်။ ကလေးကိုဘယ်မှာ ဝှက်ထားလဲဆိုတာသိချင်နေကြ ပြီ မဟုတ်ပါလား။

“ ဒါဆို ကလေးကိုဘယ်မှာဝှက်ထားတာလဲ ”

“ ဇရပ်နောက်က ကုက္ကိုပင်ကြီးပေါ်မှာ ”

“ ဘာ ”

သူကြီးရဲ့ ဘာဆိုတဲ့ အသံကြီးက အလန့်တကြားထွက်လာတယ်။ ကြားလိုက်ရတဲ့သူတွေလည်း ရင်ထိတ်သွားကြ တယ်။ ကလေးကို သစ်ပင်ပေါ်ထားရတယ်လို့။ ကုက္ကိုပင်ကြီးက သက်တမ်းကြာရှည်နေပြီ။ အလုံးအထည်ကြီးပြီး အပင်က မြင့်တယ်။ အကိုင်းအခက် အခွတွေ များတယ်။ မယ်မြိုင်က အုန်းတက်သမဆိုတော့ ကုက္ကိုပင်ကြီးကိုတက်နိုင်တာမဆန်း။ ဒါပေမဲ့ ကလေးတစ်ဖက်နဲ့တက်တယ်ဆိုတာ အရမ်းအန္တရာယ်များတဲ့အလုပ်။ မယ်မြိုင်တစ်ယောက် ကလေးကို သူများ လုသွားမှာစိုးပြီး မလုပ်သင့်တာလုပ်နေပြီ။ အင်း .. သူလည်း လုပ်သင့် မလုပ်သင့်ဆိုတာ ခွဲခြားတတ်သူမှမဟုတ်တာ။

“ အခုချိန်ဆို မယ်မြိုင် ထမင်းသွားစားနေပြီ၊ မြန်မြန်သွားကြရအောင်၊ မဟုတ်ရင် ကလေးဒုက္ခရောက်လိမ့်မယ် ”

သူကြီးတို့အားလုံးဇရပ်ကို မာရသွန်ပြေးလာခဲ့တယ်။ အချိန်ဆွဲနေလို့မှမရတာ။ မယ်မြိုင် ရောက်လာရင်အားလုံး ဒုက္ခ ရောက်ကုန်မှာ။ ဒီလိုနဲ့ ကုက္ကိုပင်အောက်ရောက်လာခဲ့တယ်။ အပင်ပေါ်မော့ကြည့်လိုက်ကြတော့ အမြင့်ဆုံးအကိုင်း အခွကြား မှာတင်ထားတဲ့ ညစ်နွမ်းနွမ်းအနှီးပိုင်းလေးကိုမြင်လိုက်ရတယ်။ အကိုင်းအခွက ကြီးမားလှတာမို့ ကလေးတော့မကျနိုင်ဘူး။ မယ်မြိုင်က ဥာဏ်တော့အကောင်းသားလို့တွေးလိုက်ကြတယ်။ မယ်မြိုင်မလာခင် ကလေးကိုယူချဖို့ ဖိုးလူကို အပင်ပေါ်တက် ခိုင်းတယ်။ ဖိုးလူ အပင်ပေါ်တက်ဖို့လုပ်နေတုန်းမှာပဲ တစ်ယောက်ကထအော်တယ်။

“ မယ်မြိုင်ရောက်လာပြီဟေ့ ”

အားလုံးရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ ပုန်းဖို့နေရာရှာသူကရှာ။ ပြေးတဲ့သူက ပြေးနဲ့ ပတ်ချာလည်သွားကြတယ်။ မယ်မြိုင်ကတော့ လူများနေတာကိုတွေ့လို့ထင်ရဲ့။ ပြေးလာလိုက်တာ ခလုတ်တိုက်လဲသွားတယ်။ အရှိန်နဲ့ ပြေးလာတာမို့ မြေပေါ်မှာ နှစ်ပတ်လောက်လိမ့်သွားတယ်။ ဒါပေမဲ့ ကပျာကယာထပြေးလာပြီး ကုက္ကိုပင်ကိုကျောနဲ့ ကပ်ထားလိုက်တယ်။

“ သွား .. သွားကြ .. ငါ့ကလေးကိုလာမလုနဲ့ .. မပေးဘူး .. မပေးဘူး ”

ဆိုပြီး မယ်မြိုင် ငယ်သံပါအောင်အော်တယ်။ ကလေးအတွက် စိုးရိမ်စိတ်နဲ့ ငိုရှိုက်နေရှာတယ်။ အဝတ်တွေလည်း စုတ်ပြဲလို့။ လဲကျလို့ရတဲ့ ဒဏ်ရာက သွေးတွေထွက်နေတယ်။ မယ်မြိုင်ကိုကြည့်ပြီး အားလုံးမျက်ရည်ဝိုင်းကြတယ်။ သွေးမ တော် သားမစပ်တဲ့ကလေး တစ်ယောက်ကိုယူလာခဲ့ပြီး မေတ္တာအပြည့်နဲ့စောင့်ရှောက်နေလိုက်တာ။ အရူးဆိုပေမဲ့ အရူးလို့ မထင်ရက်အောင်ပါပဲ။

“ ကဲ .. အားလုံးကိုယ့်နေရာကိုယ် ပြန်ကြရအောင်၊ သူ့ကိုအနှောက်အယှက်မပေးကြနဲ့တော့ ”

သူကြီးရဲ့ စကားအဆုံး အားလုံးစိတ်မကောင်းစွာနဲ့ လှည့်ထွက်လာခဲ့ကြတယ်။ သွားရင်းနဲ့ မနေနိုင်လို့နောက်ပြန် လှည့်ကြည့်လိုက်တော့ ကုက္ကိုပင်ပေါ်ပြေးတက်သွားတဲ့ မယ်မြိုင်ကိုတွေ့လိုက်ကြရတော့တယ်။
(၄)
“ မယ်မြိုင် ဆုံးပြီ ”

ဆိုတဲ့ သတင်းက အားလုံးကိုလှုပ်လှုပ်ရှားရှားဖြစ်သွားစေတာတော့အမှန်ပဲ။ သိလိုက်ရတဲ့အချိန်ကလည်း ညနေ ငါးနာရီခွဲ။ သတင်းလာပေးတဲ့သူက နွားကျောင်းသွားတဲ့ နီတွတ်။ နေ့လည်ကပဲ အကောင်းအတိုင်းရှိနေသေးတဲ့ မယ်မြိုင်။ အခုတော့ ဆုံးပြီတဲ့လေ။ ဘယ်လိုဖြစ်တာလဲဆိုပြီးမေးတော့မှ ကုက္ကိုပင်ပေါ်ကပြုတ်ကျတာတဲ့။

သွားကြည့်ကြတော့ အသက်ဝိညာဉ်ချုပ်ငြိမ်းနေတဲ့ မယ်မြိုင်ကိုတွေ့ကြရတယ်။ သွေးတွေလည်း မြင်မကောင်း အောင်စီးကျလို့။ အပင်ပေါ်ကပြုတ်ကျတဲ့အပြင် အပင်အောက်ကကျောက်တုံးကို ခေါင်းနဲ့ဆောင့်မိသေးတယ်။

“ ကလေးကရော .. မယ်မြိုင်ယူလာတဲ့ကလေး ”

တစ်ယောက်ကထအော်တယ်။ ဒီတော့မှ ကလေးကို သတိရလိုက်ကြတယ်။ ကုက္ကိုပင်ပေါ်ကြည့်လိုက်ကြတော့ အနှီးပိုင်းလေးနဲ့ထုပ်ထားတဲ့ ကလေးကိုတွေ့လိုက်ရတယ်။ အခုမှအားလုံးသဘောပေါက်သွားကြတယ်။ မယ်မြိုင် ခမျာ သူချစ်တဲ့ ကလေးဆီတောင် ရောက်အောင်တက်မသွားနိုင်ခဲ့ပါလား။ မယ်မြိုင်ကိုသနားပြီး ငိုတဲ့သူက ငိုနေကြတယ်။ သူကြီးတောင် မျက်ရည်တွေလည်လို့။

“ သူကြီး ”

ခေါ်သံကြားလို့ကြည့်လိုက်ကြတော့ ဖိုးလူက အနှီးပိုင်းနဲ့ထုပ်ထားတဲ့ကလေးကိုထွေးပွေ့ပြီး အပင်ပေါ်ကဆင်း လာတယ်။ ဖိုးလူ မျက်ဝန်းမှာတော့ မျက်ရည်တွေတရစပ်ကျဆင်းလို့။

“ သူကြီး .. ဒီကလေးကို မယ်မြိုင်နဲ့ ခွဲမထားရက်ဘူးဗျာ ”

ဖိုးလူက ကလေးကို မယ်မြိုင်ရဲ့ ရင်ခွင်ထဲထည့်ပေးလိုက်တယ်။ မယ်မြိုင်နဲ့ ကလေးကိုလှမ်းကြည့်လိုက်မှ ငိုသံတွေ ပွက်ပွက်ညံသွားတော့တယ်။ သနားစရာကောင်းလိုက်တဲ့ မယ်မြိုင်။ မေတ္တာတရားကြီးမားလှတဲ့ မယ်မြိုင်။ အရူးဆိုပေမယ့် အရူးလို့မထင်ရက်ပါဘူး မယ်မြိုင်ရယ်။
အားလုံးမျက်ရည်ကျပြီး တစ်နေရာတည်းကိုလှမ်းကြည့်နေကြတယ်။ အဲဒါက မယ်မြိုင်ရဲ့ရင်ခွင်ထဲက အနှီးပိုင်းနဲ့ အသေအချာထုပ်ထားတဲ့  ဘယ်အရပ်ဒေသကယူလာခဲ့လဲမသိတဲ့ သစ်ဆွေးတုံးလေးတစ်တုံး။

နတ်ရဲ (ရူပဗေဒ)

1 comment:

  1. အလွန်လှတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ လို့ပြောချင်ပါတယ်..။ အွန်လိုင်းလင်းရောင်ခြည်မှာလည်း ပြောပြထားပြီးပြီမို့ ထပ်မပြောတော့ပါဘူး။ အားပေးလျှက်

    ReplyDelete