ရေချိုးပြီး ဧည့်ခန်းကိုထွက်လာတော့ မိုးငွေ့အရိပ်အသက်ပါသည့် လေအေးက ခပ်သဲ့သဲ့ တိုက်ခတ် နေ တာ သတိပြုမိသည်။ မိုးနှောင်းကာလပေမယ့် အစိုးမရသောမိုးကြောင့် ရွာတော့မှာလားမသိဟု ကြောင့်ကြစိတ် နှင့် ကောင်းကင်ကို မော့ကြည့်မိသည်။ မှိုင်းညို့မနေသော်လည်း သိပ်ကြည်ကြည်စင်စင်တော့ မရှိလှ။
မိုးရွာလျှင် ဘယ်လိုနေမှာပါလိမ့်။
ပြတင်းတံခါးကိုမီရပ်ရင်း ပတ်ဝန်းကျင်ကို တစေ့တစောင်းအကဲခတ်နေမိသည်။ ဒီ ၀န်းကျင်သည် မိ အတွက် အစိမ်းသက်သက်ပင်။ သွားလာလှုပ်ရှားနေသူတို့ကို ကြည့်ရသည်မှာ သက်တောင့်သက်သာ ရှိလှ သည်။ လမ်းမထက်ဝယ် အသွားအလာလည်း ပျားပန်းခတ်လှုပ်ရှား၍ မနေ။ ရုံးအပြန်၊ ကျောင်းအပြန် ခြေလှမ်း တို့ကို အများဆုံးတွေ့ရသည်။ ဈေးဆွဲခြင်းဆွဲလာသည့်သူတို့ကိုလည်း တွေ့ရသည်။ ဒီ အနီးအနားမှာပဲ ညနေ ဈေးရှိသည်ထင်သည်။ မိ တော့ သေချာမသိသေး။ နောက်များတော့ မေးမြန်းရဦးမည်။ ခွင့်ရက်ရှည်ကုန်သွား လျင် မနက်စောစောသွားရမည့် လုပ်ငန်းတာဝန်တို့အတွက် ညနေဈေးက ပိုအဆင်ပြေပေလိမ့်မည်။
ကြည့်စမ်း မိ သည် ချက်ချင်းလက်ငင်း လူကြီးသူမတစ်ယောက်နှယ် ဖြစ်သွားပါရောလား။ တစ်ကိုယ် တည်းတွေးမိရင်း ပြုံးမိပြန်သည်။ ဒီလို ရှေ့နောက်စီကာစဉ်ကာတွေ မစဉ်းစားတတ်ခဲ့တာ ကျန်ခဲ့သော သက် တမ်းတလျောက်ပင်။ ယခုတော့ မိ သည် ယခင်က မိ မဟုတ်တော့ပြီ။ မေမေက ‘လိမ်မာလိုက်တာ သမီးလေး ရယ်’ ဟု ခပ်တိုးတိုးဆိုကာ မိ နဖူးပြင်ကို ဖွဖွနမ်းခဲ့သေးသည်။ ထိုအနွေးဓာတ်သည် ယခုတိုင်ကျန်ရှိဆဲလို ခံစား မိသည်။
မိ သည် လိမ်မာပြီထင်သည်။
******
ဆောင်းဝင်ကာစမို့ပေလားမသိ။ ညနေခင်းက လျင်မြန်စွာမှောင်ရိပ်ဆင်သွားသည်။ နီယွန်မီးရောင်စုံဖြင့် ပတ်ဝန်းကျင်မှာ အသားကျခဲ့သော မိ သည် တိတ်ဆိတ်ငြိမ်သက်သွားသောဝန်းကျင်ကို ယောင်ကန်းကန်းလေး ငေးကြည့်နေသည်။ ရောင်းဝယ်ဖောက်ကားသော သူတို့မရှိ၊ ကားတ၀ီဝီတို့မရှိ။ အသံစာစာအော်မြည်သံတို့မရှိ။ တစ်နေ့တာ လုပ်ငန်းခွင်များဆီမှ ပြန်လာ၍ အနားယူနေကြသော ပတ်ဝန်းကျင်ကအေးချမ်းငြိမ်သက်လျက် တစ်မျိုးတော့ နှစ်လိုဖွယ်ကောင်းလှသည်။
မိ ကြီးပြင်းခဲ့ရာသည် လူစည်ကားသောမြို့လယ်ခေါင်မှကန်ထရိုက်တိုက်ခန်းများသာ ဖြစ်သည်။ တိုက် ခန်းနှစ်ခန်းတွဲကို ယူကာအလယ်တံတိုင်းကို ဖြိုစေလျက် အိမ်အသွင်ဖန်တီးပေးခဲ့သော ဖေဖေကြောင့် မိ တို့ တွေနေရတာ ကျဉ်းမြောင်းကြပ်တည်းလှသည်တော့ မဆိုသာပါ။ ဖေဖေနှင့်မေမေက အိပ်ခန်းကျယ်တစ်ခန်း။ မိ တို့ မောင်နှစ်မသုံးယောက်က တစ်ယောက်တစ်ခန်းနှင့် စုစုပေါင်း အိပ်ခန်းလေးခန်းဖွဲ့စည်းနိုင်ကာ မီးဖိုခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ဧည့်ခန်းတို့နှင့် သက်တောင့်သက်သာအိမ်တော့ မည်ခဲ့သည်ပင်။
သို့ပေမယ့် လေးလွှာတွင်ရှိသော မိ တို့ တိုက်ခန်းအထိ လမ်းမထက်မှပျားပန်းခတ်အသံတို့က အစဉ် ပျံ့ လွင့်လို့လာလေ့ရှိတတ်သည်။ ပြတင်းတံခါးဖွင့်ကြည့်လျင် ကားတ၀ီဝီ၊ အသံတစီစီတွေ မြင်၊ တွေ့၊ ကြားရမှာပင်။ မိ နေသော မြို့တော်သည်အိပ်မှအိပ်ကြပါလေစ ဟုပင် အတွေးရောက်ခဲ့မိသေးသည်။ သန်းခေါင်ယံ တရေးနိုး ထကြည့်လျင်လည်း လမ်းမသည်ယခင်နှယ်။ မနက်စောစောအာရုံတက်ချိန်လည်း ဒီ အတိုင်းသွားလာမပြတ် ရှိ လှသည်။ သဘာဝအလင်းရောင်မှိန်ဖျော့တာနှင့် တောက်ပတာသာကွာမည်။ နီယွန်မီးရောင်ကတော့ ထိန်ထိန် သာတောက်ပပေးလျက်ပင်။
ဒီလိုဝန်းကျင်မှာ နှစ်ပေါင်း နှစ်ဆယ့်သုံးနှစ်ရှင်သန်ခဲ့သော မိ သည် ယခုကာလကို ငေးမောမင်တက် လျက် ဘာရယ်မသိသောခံစားချက်ကို တသိမ့်သိမ့်ခံစားလျက်ရှိသည်။ တကယ်တော့ ၀န်းကျင်အပြောင်းအလဲ က မိ ကို ခံစားငေးမောစေသည်လား။ ညနေခင်းဆီက အပြောင်းအလဲတစ်ခုက ခပ်လှပ်လှပ်ခံစားမိစေသည် လား။ မိ သေချာရေရာစွာမသိ။
မိ အတွက်တော့ အရာအားလုံးကစိမ်းသက်နေသည်ပင်။ မိ ရှုရှိုက်လိုက်သော လေထုကစိမ်းသက် သည်။ မိ ငေးမောသော ပစ္စက္ခ၀န်းကျင်က စိမ်းသက်သည်။ မိ ရပ်တည်နေသောကြမ်းပြင်က စိမ်းသက်သည်။ မိ ထိုင်ရန်စိတ်မကူးမိသေးသော ဆိုဖာထိုင်ခုံတွေက စိမ်းသက်သည်။ ပြတင်းတံခါးမှ အသစ်တပ်ဆင်ထားသော မွှေးရနံ့တစ်မျိုးပါသည့် ခန်းဆီးစက စိမ်းသက်သည်။ အိမ်ရှေ့လမ်းမနှင့် သိပ်မကွာဝေးသော ခြံထဲမှ ပန်းရောင်စုံ လှလှလေးများက စိမ်းသက်သည်။ ဆိုရလျင် ပတ်ဝန်းကျင်တစ်ခုကိုမဆိုထားနှင့် တစ်အိမ်လုံးကိုပင် စေ့ငှစွာ သေချာကြည့်ရသေးခြင်း မရှိသေး။ ရေချိုးပြီးအ၀တ်လဲစဉ်ကပင် အိပ်ခန်းကို မိ သည် သေချာစေ့စေ့ မကြည့် ဖြစ်ခဲ့။
စင်စစ်တော့ မိ သည် အပြောင်းအလဲကိုသိရှိရမှာ ရှက်ရွံ့နေသလိုပင်။ ဘ၀ကနှစ်ပိုင်းရှိသည်ဆိုလျင် မိ ၏ ပထမတစ်ပိုင်းကကျန်ရစ်ခဲ့ပြီ။ ဖေဖေနှင့် မေမေ၏ အိမ်မှာ ကလေးဆန်သော၊ တဇွတ်ထိုးဆန်သော မိ က ကျန်ရစ်ခဲ့ပြီ။ ယခု မိ ကတော့ ဘ၀တစ်ခုကိုစတင်ရတော့မည့် မိ သာ။ မိ ဘ၀တလျောက်လက်တွဲသွားရမည့် သတို့သားကိုပင် သေချာစွာမရင်းနှီးမကျွမ်းဝင်သေး။ ထို ထို သောအတွေးများနှင့် မိ သည် ဘ၀အစကိုစိုးရွံ့နေ သည်လား။ ဘာရယ်မမှန်းဆနိုင်သော စိုးထိတ်မှုနှင့် သက်ပြင်းဖွဖွတစ်ခုကိုသာ ချဖြစ်သည်။
******
လေအေးတစ်ချက်အဝှေ့နှင့်အတူ မိုးစက်မိုးမှုန်အချို့က မိ မျက်နှာကိုထိခတ်တော့ အပြင်ကိုအလန့် တကြားကြည့်ဖြစ်သည်။ မိုးရွာစ ပြုနေပြီ။ ရာသီဥတုမမှန်တော့သော ကမ္ဘာမြေသည် ဆောင်းရယ်၊ မိုးရယ် မပီ ပြင်လှတော့။ ပြတင်းတံခါးကိုပိတ်ကာ ဧည့်ခန်းတွင်ထိုင်ကာ တီဗီကြည့်ရမလား စဉ်းစားမိသော်လည်း ချက်ချင်း နှယ်ခေါင်းယမ်းကာ ခုံပုလေးတစ်ခုံကိုသာယူလျက် ပြတင်းတံခါးအနီးတွင်သာထိုင်ဖြစ်သည်။ ခေါင်းထုတ်ငေး မောရုံနှင့်တော့ မိုးများစွာမစိုလောက်ဘူးထင်သည်။ ခပ်ဖွဲဖွဲကျဆင်းနေသော မိုးစက်တွေကို လမ်းမီးတိုင်မှိန်ဖျဖျ အောက်ဝယ် ငေးမောနေရင်း မိ ၏ ယောင်ချာချာနိုင်သော စိတ်ကိုအတန်သင့် ပြေ ပျောက်နိုင်စေရန် ကြိုးပမ်း မိလေသည်။
နံရံထက်ရှိ နာရီမှ ခုနှစ်နာရီထိုးသော တီးလုံးသံထွက်ပေါ်လာတော့ မိ သည်ဆတ်ခနဲဖြစ်သွားသည်။ ‘နောက်ကျနေရင် ညစာစားထားနှင့်နော်…အဆာခံစောင့်မနေနဲ့’ ဟု သတို့သားက သူငယ်ချင်းတစ်အုပ်တစ်မ အလစ် ခေါင်းကိုအသာပုတ်ကာ ခပ်တိုးတိုးဆိုသွားခဲ့သည်။ အဆင်သင့်ပြင်ထားသော စားဖွယ်ရာများရှိသော် လည်း မိ တစ်ယောက်တည်းမစားလိုလှ။ ၀မ်းကဆာနေသော်လည်း ထမင်းစားခန်းဆီသွားဖို့ ၀န်လေးနေသော မိ သည် ပြတင်းတံခါးအနီးမှ မခွာပေ။
တကယ်ဆို ဒီနေ့မှ အိမ်ကိုစတင်ရောက်ဖူးတဲ့ သတို့သမီးတစ်ယောက်ကို ဒီလိုပစ်မထားသင့်ဘူး။ မိ သည် ၀မ်းပန်းတနည်းတွေးတောကာ ငေးငိုင်လျက်ရှိသည်။ ၀န်းကျင်ကစိမ်းသက်ရသည့်အထဲ အခါကာလက စိုစွတ်မှောင်မိုက်တိတ်ဆိတ်တော့ အားငယ်စိတ်က ပြူရီလျက်ရှိသည်။ ပြုစုပါဦးဆိုကာ တွန်းထိုးခေါ်ငင်သွား သည့် သူငယ်ချင်းဆိုသူများကကော အိမ်တွင် မိ တစ်ယောက်တည်းကျန်ရစ်ခဲ့ရသည်ကို နည်းနည်းလေးမှ မစာ နာဘူးလားရယ်မသိ။ မှောင်မိုက်ချိန်မှာတော့ ပြန်ပို့သင့်လှသည်။ နေစမ်းပါဦး..ဆွဲသူက ဆွဲစေဦး.. ပြန်လို သူက ပြန်မည်ဆိုလျင် ဖြစ်နိုင်တာပဲ။ အဆုံးတွင်တော့ သတို့သားကိုယ်တိုင် ပျော်ပါးသောက်စားနေမှာကိုပင်။
မိ သည် တစစ်စစ်နာသော ရင်ဖြင့် ပြတင်းတံခါးကိုတိုးလို့သာ မှီနေသည်။ ‘သူစိမ်းပဲ……သူစိမ်းဟာ သူစိမ်းပဲ..’ ဟုလည်း တတွတ်တွတ်ရေရွတ်လျက်ရှိသည်။ ခန်းမထက်လှလှပပ ၀င့်ကြွားကာ သတို့သား လက် မောင်းကိုခိုလျက် ဧည့်ပရိသတ်တွေကို လိုက်လံဧည့်ခံနေတုန်းက သာယာပျော်ရွှင်မိသည့်ခံစားမှုလည်း ပျောက် ကွယ်လျက်ရှိသည်။ သေချာစွာ ရင်းရင်းနှီးနှီးစကားမဆိုဖူးသော်လည်း ဖေဖေ၊ မေမေတို့ကိုရိုသေ ချိုသာစွာ ဆက်ဆံပုံများကို ခိုးကြည့် အမှတ်ပေးခဲ့ရသည်ကိုလည်း မေ့ပစ်ချင်ပြီ။ မိ ကို တွေ့တိုင်း ကလေးတစ်ယောက် နှယ် သဘောထားကာ ပြုံးကြည့်နွေးထွေးစွာ စကားဆိုတတ်သောအမူအယာတွေကိုလည်း သတိမရချင် တော့ ပြီ။
သိပ်တော်တဲ့သူတစ်ယောက်က အိမ်ကဇနီးမယားအပေါ် မကြင်နာတတ်သူလည်း ဖြစ်နိုင်တာပဲ။ အို ဇနီး….။ မိ သည် တစ်ကိုယ်တည်းတွေးတောရင်း သူ့ဘာသာရှက်ရွံ့သွားပြန်သည်။
ရုတ်တရက် ဖုန်းမြည်သံကြားတော့ လန့်ထိတ်သွားပြီးမှ အပြန်နောက်ကျလို့ ဆက်လေပြီဟု ကျေနပ် စိတ်နှင့် ဖုန်းကိုလိုက်လံရှာဖွေသည်။ ရေချိုးပြီး ဧည့်ခန်းစားပွဲထက် ပစ်တင်ထားခဲ့သော မိ ၏ လက်ကိုင်ဖုန်း လေးက မီးရောင်တဖျပ်ဖျပ်လင်းလျက် ရှိသည်။
လက်ကိုင်ဖုန်းမှ နံပါတ်ကိုမြင်လိုက်တော့ မိ သည် slide ကိုတွန်းကာနားထောင်လိုက်ဖို့ ကြောင်တွေနေ သည်။ မိ ၏ သတို့သားဆက်ခြင်းမဟုတ်။ သို့သော် ဒီ နံပါတ်ကို မိ ကောင်းကောင်းသိပါသည်။ သိရုံမက တစ် ချိန်တုန်းက မိ မကြာခဏဆက်ခဲ့သော၊ မိ ဆီ နေ့တစ်ကြိမ်..ညတစ်ကြိမ်ဆက်ခဲ့သော နံပါတ်လည်း ဖြစ်၏။ ယခု Contact List ထဲ မရှိတော့သော်လည်း ဤကိုးလုံးသော နံပါတ်တို့ကို မေ့လျော့လောက်အောင်အထိတော့ မိ မှတ်ဥာဏ်က မချို့ယွင်းသေး။
ဖုန်း သည် ငယ်သံပါနေသလို အကြိမ်များစွာ အော်မြည်ပြီးနောက် ငြိမ်ကျသွားသည်။ ထိုအခါမှ မိသည် သတိဝင်လာသလို ဖုန်းကို ကောက်ယူကာ ပြတင်းတံခါးအနီးပြန်လာလျက် ခုံပုလေးပေါ် ခပ်လျော့လျော့ထိုင် သည်။
ဘာအတွက် ဖုန်းဆက်ရပါသလဲ…။ တကယ်တော့ ထိုနံပါတ်က မိ ဆီ မဆက်တော့တာ (ဆက်ခွင့်မရှိ တော့တာ) ကာလတစ်ခုကို ကျော်လွန်ခဲ့ပြီးပြီ။ သူ သည် ဒီ ရေမြေမှာမရှိတော့ဟုသည့် သတင်းတောင် ကြားခဲ့ ရ ပြီးပြီ။ ယခုမှ မည်သို့ဆက်သွယ်လာသည်လဲ။ သူ ကော ဟုတ်ပါရဲ့လား။ မိ သည် စိတ်ရှုပ်ထွေးလှစွာ ခေါင်း ယမ်းမိလေသည်။
******
မိုးသည် ခပ်ကျဲကျဲရွာနေရာမှ အနည်းငယ်သည်းစ ပြုလာသည်။ လေအသဲ့မှာ မိုးစက်အနည်းငယ် ဖျန်း ပက်တော့ မိ ကိုယ်ပါ စိုစွတ်တော့လေမလား စိုးမိသေးပေမယ့် လေကထင်သလောက် မထန်တော့ ထိုင်နေရာမှ မရွေ့ဖြစ်သေး။ ညမီးရောင် ခပ်ဖျော့ဖျော့အောက်မှာ တဖွဲဖွဲကျဆင်းနေသည့် မိုးစက်တို့ကို ကြည့်နေရတာ တစ် မျိုးကောင်းလှသည်။ မိ အတွေးတွေကို မိုးစက်တွေထဲ မြှပ်နှံထားလို့ရသည်။ ဒီလို အချိန်မှာ သီချင်းသံလေး နား ထောင်ရလျင်ပိုကောင်းမည်။ သီချင်းသံထက် တီးလုံးသံဆိုလျင်ကော။ ဥပမာ- တယောသံ..။
မိ သည် ရုတ်ချည်းဆွတ်ပျံ့လွမ်းမောသွားသလိုဖြစ်ပြီးမှ ကိုယ့်အတွေးကို ကိုယ် ရွံမုန်းမိသွားသည်။ မိ လိမ်မာသင့်ပြီ။ အနုပညာကိုချစ်ခင်မြတ်နိုးသောစိတ်နှင့် လက်တွေ့ဘ၀ကို ခွဲခြားနိုင်သင့်ပြီ။ အရာရာကို မှန်ကန် စွာဆုံးဖြတ်နိုင်ခဲ့ပြီးပါလျက် ယခုမှတော့ ဒီလိုလွမ်းမောနေတာ မသင့်လှပေ။
ကိုယ့် ကိုကိုယ်ဆုံးမရင်း စိတ်သက်သာရာရသလို ဖြစ်သွားသည့် မိ သည် နောက်တစ်ကြိမ်ထပ်မံမြည် လာသော ဖုန်း ကြောင့် တဖန်ပြန်လည် စိတ်ရှုပ်ထွေးသွားပြန်သည်။ ဒီတစ်ခါတော့ ဖွင့်ကာကိုင်လိုက်မည် စိတ် ကူးသည်။ ယနေ့ပင် မိ လက်ထပ်ခဲ့ပြီဖြစ်ကြောင်း ပြောရမည်။ မိ ကို ထပ်မံမနှောက်ယှက်ဖို့ ပြောကိုပြောရတော့ မည် ဖြစ်သည်။
‘မိ ပြောနေပါတယ်’
‘မိ…’
သူ့ အသံသည် ဟိုးအဝေးကြီးမှ လာသလို ခြောက်သွေ့ကြမ်းရှရှိလှသည်။ အသက်ရှုသံခပ်ပြင်းပြင်းကို တောင် မိ ကြားမိလေသလားပဲ။
‘ ကိုယ် အရောက်ပြန်လာပေမယ့် မမီတော့ဘူး။ ဒီနေ့ပဲ မိ လက်ထပ်သွားပြီ’
တစ်လုံးချင်းပြောနေသည့် သူ့စကားသံများကို နားထောင်ရင်း မိ လက်ထပ်တာ သူ သိသားပဲဟု မျက် မှောင်ကြုတ်လျက် ဘာစကားမှတော့ ပြန်မပြောဖြစ်။
‘ အခု မိ တို အိမ်နားမှာ ရောက်နေတယ်’
မိ သည် ခေါင်းနပန်းကြီးသလို ဖြစ်သွားသည်။ ဘုရား ဘုရား သူ ဘာလာလုပ်ပါလိမ့်။ ချက်ချင်းနှယ် ခြံရှေ့ဝဲယာကိုဝေ့၀ဲကြည့်တော့ မိုးစက်မှုန်ဝါးများအောက်မှာ အရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ စိုးထိတ် သော စိတ် တို့နှင့် မိ သည် ကြောင်တွေငြိမ်သက်သွားသလိုပင်။
‘မိ ကို အရမ်းလွမ်းတယ်…ကိုယ် တကယ်ချစ်တာ မိ ကိုပဲဆိုတာ မိ နဲ့ ဝေးနေရမှ ပို သိလာတယ်။ ကိုယ့် အမှားတွေကို ပြုပြင်ဖို့၊ မိ ခွင့်လွှတ်အောင်တောင်းပန်ဖို့ မိ ဆီကို အရောက်ပြန်လာခဲ့တာပဲ…ဒါပေမယ့်နောက်ကျ သွားတယ် မိ ရယ်..။ ကိုယ့်ကို နည်းနည်းလေးမှ သတိရမနေဘူးလားဟင်။ ကိုယ်တို့တွေ အချိန်မီပါသေးတယ်။ ကိုယ့် အတွက် မိ ဟာ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် အချိန်မီတယ် သိလား။ မိ သာ ကိုယ့်ကိုအရင်လိုပြန် ချစ်ပေး။ ကိုယ်တို့ ဘ၀တစ်ခုကို အသစ် စ လိုက်ကြရအောင်လေ မိ နော်’
မိ သည် တဆတ်ဆတ်တုန်ယင်ကာ ခွန်းတုံ့မပြန်နိုင်။ ခံပြင်းခြင်းဒေါသနှင့် ကြောက်ရွံ့သည့်စိတ်က မိ တစ်ကိုယ်လုံးကို လွှမ်းခြုံလျက်ရှိသည်။ လက်ထပ်ပြီးသော သတို့သမီးတစ်ယောက်ကို ဒီလိုစကားဆိုရက်လေ သော သူ့ကို ရွံမုန်းမိလှသည်။ အေးလေ စကတည်းက ကိုယ်ကျင့်တရားကောင်းခဲ့သူကော ဟုတ်ပါရဲ့လား။ သူ့အတွက်က ထိုအရာမျိုးက ပြုကျင့်နေကျ ကျင့်ဝတ်လိုပင် ဖြစ်လို့နေသည်။
သူ့ကြောင့် ဖေဖေ၊ မေမေတို့၏ မျက်ရည်ကျခဲ့ရဖူးသည်။ သူ့ကြောင့် မိ မောင်ဘွားများ၏ ခံပြင်းဒေါသ များ လှိုင်းထန်ခဲ့ရဖူးသည်။ မိ တင်မက မိ တို့၏ အေးချမ်းဖြူစင်လှသော မိသားစုများကို ပူလောင်စေခဲ့သော သူ။ စင်စစ် သူ့အကြောင်းကို မသိဘဲ ချစ်စိတ်ဝင်ခဲ့မိသော မိ ၏ အမှားက ပို၍ကြီးခဲ့သည်။ ချစ်နေစဉ်တွင်တော့ သူ ဟာဘယ်လို လူစားပါဆိုတာလဲ မိ နားမ၀င်လှပေ။ သတင်းစကားဆိုခဲ့သူကိုပင် ဆိုရက်လေခြင်းဟု မျက်မိ သေးသည်။ မိ ကို နူးညံ့ညင်သာစွာချစ်မြတ်နိုးတတ်သော၊ မိ ၏ စိတ်ကိုနားလည်သိမြင်သော၊ မိ ချစ်သော ဂီတတွေဖန်တီးပေးနိုင်သော သူ သည် မိ အတွက် မင်းသားတစ်ပါးတော့ တစ်ချိန်က ဖြစ်ခဲ့ဖူးသည်ပင်။
ဖုန်းကို ပါဝါအော့ဖ်လိုက်ပြီး ပြတင်းတံခါးမှ ချောင်းကွယ်ကြည့်တော့ သူ ရှိနေမြဲ။ မိုးက ပိုမိုသည်းထန် စွာ ရွာလာသည်။ မိုးသံတွေကြားမှ ချွဲချွဲနွဲ့နွဲ့ဆွဲငင်တီးခတ်လိုက်သော တယောသံက ပျံ့လွင့်ထွက်ပေါ်လာသည်။ သူ သည် အခါများစွာကနှယ် ဂီတသံဖြင့် မိ ကို ဖြားယောင်းရန်ကြိုးပမ်းချေပြီ။ မိ လို အခြေအနေကိုဖြားယောင်း ခြင်းကို အပြစ်တစ်ခုလို့ သူ မထင်တတ်တော့ပြီ။ သူ့ဘ၀တလျောက်လုံး အပြစ်တို့များလှသည်ကို တွေးမိကာ စိတ်ကမကောင်းသေးပြန်။ အမှားကို အမှားလို့၊ အပြစ်ကို အပြစ်လို့ထောက်ပြပြောဆိုမည့်သူသည် သူ့ဘ၀မှာ မပေါ်တော့ပြီထင်သည်။
မိ တွင်ချစ်သူရှိပြီဆိုတာ သိရတော့ မိသားစုတွင်းမှာ ဘာပူလောင်မှုမှ မရှိသေး။ ဖေဖေနှင့် မေမေသည် သားသမီး၏ ရွေးခြယ်ပိုင်ခွင့်ကို အလေးထားသော မိဘများသာဖြစ်သည်။ အစ်ကိုနှစ်ယောက်ကတော့ဆိုးသည် ကောင်းသည် အလျင်မပြောသေးဘဲ သူ့အကြောင်းကို တိတ်တဆိတ်စုံစမ်းကြသည်။ ကုမ္ပဏီကြီးတစ်ခုတွင် ကြီးကြပ်သူရာထူးဖြင့် အလုပ်လုပ်ကိုင်နေသော ကိုကိုကြီးနှင့် ခြောက်လတစ်ကြိမ် သဘောင်္လိုင်းလိုက်သူ ကိုကို လေးတို့၏ စုံစမ်းတွေ့ရှိမှုက ထပ်တူထပ်မျှဖြစ်နေသောအခါ အစ်ကိုနှစ်ယောက်လုံး တောက် တခေါက်ခေါက် ရှိ လှသည်။
မိ သည်အစ်ကိုများ၏ ချစ်လှစွာသော နှမအငယ်လေးပေပဲ။ မိ အတွက် စိတ်မကောင်းဖြစ်ကြကာ သူ့ အကြောင်းကို တော်တော်နှင့်လည်း ပြောမထွက်ခဲ့ကြ။ နောက်တော့ ဖေဖေနှင့် မေမေကို အသိပေး…မိ ကို ပါ ပြောပြ ပြုလုပ်ကြရတော့သည်။
‘သူ့ရဲ့ အဓိကအသက်မွေးဝမ်းကြောင်းက သူငယ် ပဲ မိ’
ထိုစကားကို ကြားကြားချင်းလည်း မိ တော်တော်နှင့်နားမလည်။ မိ သည် အမိအဖရင်ငွေ့အောက်မှာ ငြိမ်းအေးချမ်းသာစွာနေခဲ့သော ကလေးမပင်ဖြစ်ရာ ပြင်ပလောက၏ ရှုပ်ထွေးမှုတို့ကို တော်ရုံနှင့် နားမလည် တတ်ပြန်။ အဲဒါ ဘာဖြစ်သလဲ ဟုပင်မသိဆိုးရွားစွာ ပြန်မေးခဲ့မိသေးသည်။ ဒါကိုပင် ဒေါသပေါက်ကွဲကာ ကိုကို လေးက ကရားရေလွှတ် ရှင်းပြတော့ စကားလုံးကြမ်းတမ်းမှုများအတွက် မေမေ ကပင် ဟန့်တားယူရသည်။
‘ဘာဖြစ်သလဲ ဟုတ်လား..။ နင် ကလေးလို လုပ်မနေနဲ့ မိ..။ သူငယ်ဆိုတာ ပိုက်ဆံချမ်းသာတဲ့ကတော် တွေရဲ့ ဖျော်ဖြေခံပဲ။ လင်ယောကျာ်းမရှိခိုက်၊ လင်ယောကျာ်းဆီက သုခကိုအပြည့်အ၀မရခိုက် ပိုက်ဆံကြေးကြီး ပေး ခေါ်တဲ့ အဖော်၊ ယောကျာ်းဖော် ရှင်းပြီလား…’
မိ သည် မိုက်ခနဲတောင်ဖြစ်သွားသည်။ ဒါ ကာမေသုလေ ဘုရား ဘုရား..။ပြီးတော့ ဒါ ယောကျာ်း တစ် ယောက်ရပ်တည်သင့်တဲ့ အနေအထားမျိုးတောင် မဟုတ်။ သူ လုပ်ပါ့မလား..။ သန့်စင်ချောမွတ်သော သူ့ သွင် ပြင်ကို မြင်ယောင်မိတော့ ရင်က တနင့်နင့်..။
မိ ချစ်သော ဂီတသံတွေဖန်တီးကာ မိ အပေါ် နွေးထွေးညင်သာစွာချော့မော့ဆက်ဆံတတ်မှုက သူ၏ ကျင့်သားရနေသော အမူအကျင့်များပေပဲလား။ အမေအရွယ်၊ အဒေါ်အရွယ် အိမ်ထောင်ရှိအမျိုးသမီးကြီးများကို ဒီလိုပင်ချိုသာနွေးထွေးစွာ ပြောဆိုတတ်ခဲ့မှာပင်။ ပိုက်ဆံအတွက် ရပ်တည်မှုရှားလေသလားကွယ်။
လူတစ်ယောက် ရှင်သန်ရပ်တည်ဖို့အတွက် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ချနင်းစရာ လိုလောက် မည်တော့ မိ မထင်လှပါ။ မည်မျှခက်ခဲကြမ်းတမ်းပါစေ သန့်စင်သောထမင်းတစ်လုတ်တော့ ဖန်တီး၍ ရနိုင်သည် ပင်။
ထို့နောက်တွင်တော့ မိ ကမ္ဘာသည်ပြိုကွဲနာကျင်ရခြင်းများနှင့်သာ ပြည့်နှက်ခဲ့ပါလေသည်။
******
မိုးသည် သည်းသည်ထက်သည်းထန်လာသည်။ ပြတင်းအကွယ်မှ ကြောင်တွေငြိမ်သက်လျက်ရှိသော မိ ကို မိုးရေတို့ကဖြန်းပက်ကာ ကိုယ်ခန္ဓာသည်မိုးရေတို့ဖြင့် စိုစွတ်စပြုလာသည်။ တယောသံက ဆွဲဆွဲငင်ငင် ထွက်ပေါ်နေဆဲ။ သူ ဘာလို့မပြန်သေးပါလိမ့်။ မိ ဖုန်းပိတ်လိုက်ခြင်းကို သဘောပေါက်နားလည်သင့်လှသည်။ မိ တစ်ယောက်တည်း အိမ်မှာရှိနေတာများ သူ သိနေရော့သလား။
ခြံတံခါးတွေသည် ခိုင်ခန့်ပါရဲ့လား။ မိ သည် အတွေးကိုရုတ်တရက်အားနာသလိုတန့်သွားပြန်သည်။ သူ ဟာ ဒီလောက်တော့ ဆိုးသွမ်းနိုင်သူ မဖြစ်နိုင်ဘူးထင်တယ်ကွယ်။ မိ ထွက်လာနိုးမျှော်လင့်တာလား၊ သူ့ စိတ် ထွက်ပေါက်အဖြစ် လုပ်မိလုပ်ရာလုပ်နေသည်လား။ ဘယ်လိုအဓိပ္ပာယ်ပဲဖြစ်ဖြစ် မိ အတွက်မသင့်လျော်လှတာ တွေးမိသင့်လှသည်။ သူ ဟာ မိ ဘ၀ကို ပြိုကွဲအောင်ဖန်တီးကာ သူ့ဘ၀ထဲ ၀င်ရောက်လာအောင် အားထုတ်ချင် သည်လား။
မိ သည် နံရံကိုမှီတွယ်ထားရတာကိုပင် မောဟိုက်သလို ထိုင်ချလိုက်သည်။ ခုံပုကလေးက မိ မှီတွယ် ခိုငင်ရာဖြစ်သွားခဲ့ပြီ။ အစောလေးကမှ ဒီ ခုံပုက မိ ထိုင်ရာခုံဖြစ်ခဲ့သေးသည်။ ယခုအားယုတ်လျော့တော့ သူ့ကို မှီတွယ်ရသူက မိ ဖြစ်သွားခဲ့ပြီ။ မိ သည် တဆတ်ဆတ်တုန်ယင်နေသော ကိုယ်ခန္ဓာကို ထိန်းချုပ်ရန်ကြိုးစား သော်လည်း မအောင်မြင်ဘဲ တစွန်းတစငိုညည်းသံဖြင့် တသိမ့်သိမ့်ရှိုက်ငိုလျက်ရှိသည်။
သူသည် စပွန်ဆာတစ်ဦး၏ အကူအညီဖြင့် အနောက်နိုင်ငံတစ်ခုသို့ထွက်သွားခဲ့ပြီဆိုတာ မိ သေချာ ကြားခဲ့ရသည့် သတင်းပဲ။ ဘာကြောင့်များ ပြန်ရောက်လာပါလိမ့်။ ကိုယ်ရပ်တည်ရာကို ခိုင်မာစွာ ရွေးခြယ်ခဲ့ပြီး မှတော့ ‘အချစ်..အချစ်’ မြည်တမ်းနေဖို့ မသင့်လှတော့ပါ။ ကိုယ် လျောက်သောလမ်းကိုသာ တည့်မတ်အောင် လျောက်သင့်လှသည် မဟုတ်လား။ မိ သည်ပင် သင်ထားသောပညာရပ်နှင့် အလုပ်ဝင်လုပ်ရင်း ယခု ဘ၀တစ်ခု တောင် ထူထောင်ခဲ့ပြီးပြီ။
တုန်ယင်နေသော ကိုယ်ခန္ဓာကိုကြိုးစားထိန်းချုပ်၍ ခြံဝင်းအပြင်ကိုကြည့်တော့ မိုးကသည်းကြီးမည်း ကြီး မှောင်ကျအောင်ရွာလျက်ရှိသည်။ တယောသံသည် တိတ်သွားတာလား၊ မိုးသံကိုမဖောက်ထွင်းနိုင်တော့ တာလား မသိ။ လေကလည်း မကြာခဏဝှေ့ရမ်းကာ မိ ကိုယ် သည် မိုးရေတို့ဖြင့် စိုစိုရွှဲလျက်ရှိသည်။ ခိုက်ခိုက် တုန်လှသည့်တိုင် သူ ပြန်သွားပြီဆိုလျှင် မိ စိတ်အေးနွေးထွေးပါလိမ့်မည်။ ဟိုသည် ဝေ့ ၀ဲ ရှာဖွေရင်း လျှပ်ရောင် က ၀င်းခနဲပြိုးပျက်သွားသည်။ လျှပ်ရောင်၏ အလင်းတစ်ချက်တွင် ဘိုးတံကိုဆွဲငင်လျက်ရှိသော သူ့ကို မြင်တွေ့ လိုက်ရစဉ် မိ ၏ စိတ်နှလုံးသည် ဟိုးအောက်ဆုံးအထိနိမ့်ဆင်းသွားသလိုပင်။
တွယ်ခဲ့ဖူးသော သံယောဇဉ်ဖြင့် သူ့ကို ဆိုးဆိုးဝါးဝါးတစ်စုံတစ်ရာ မဖြစ်စေချင်လှသလို မိ ၏သတို့သား ပြန်လာသည်နှင့်တိုး၍ ပြဿနာအထူးထူးဖြစ်မှာလည်း စိုးရွံ့လှသည်။ မိ သည် မိဘသဘောမျှ စီစဉ်ပေးသော အိမ်ထောင်ကိုအစပြုခဲ့ရပေမည့် ချမ်းမြေ့သာယာအောင် တည်ဆောက်လိုသော မိန်းမပျိုမျှသာ ဖြစ်သည်။ ချစ် ခြင်းဆိုတာ ဘ၀မှာ ပုံစံအမျိုးမျိုး၊ အကြောင်းအရာအမျိုးမျိုးတို့နှင့် ရှိခဲ့ဖူး၊ ရှိနေနိုင်ကြသည်ပဲ။ ထူထောင်မိသော ဘ၀ကိုကား ဘ၀တလျောက်လုံးအတွက် တည်တံ့ခိုင်မာအောင်၊ သာယာအောင် ကြိုးစားသင့်သည်သာ။ ဒါ သည် လည်း ဘ၀အနှစ်သာထဲမှ တစ်ခုပင် မဟုတ်လားကွယ်။
မိ သည် ပတ်ဝန်းကျင်ကိုလည်း မကြည့်ချင်၊ မတ်မတ်ရပ်နိုင်ရန်လည်း ခဲယဉ်းစွာ ဒူးပေါ်မေးတင်၍ ကျုံ့ ကျုံ့ထိုင်လျက် ရှိုက်ငင်နေသည်။ ပြတင်းတံခါးကိုတောင် ပိတ်ချင်စိတ်မရှိတော့။ ရွှဲရွှဲစိုပြီးမှတော့ ထပ်မံကျလာ သော မိုးစက်တွေကိုလည်း ရှောင်ဖယ်ရန် မကြိုးစားချင်တော့။ ဘ၀ကိုတော့ မိုးရေအနည်းငယ်မျှ စိုအောင် မိ မဖြစ်စေချင်လှပါ။ ပြတင်းတံခါးမပိတ်မိသလို မိုးစက် ပေါင်းများစွာနှင့် တစ်ကိုယ်လုံးရွှဲရွှဲစိုမှာ စိုးရွံ့လှသည်။ မိုးခါးရေစက်တို့ကို ခေါင်းငုံ့စွာငြိမ်သက်ရင်း ခိုက်ခိုက်တုန် မှာ ကြောက်ရွံ့လှသည်။
မိ ကား ရှိုက်ငိုမြဲ၊ မိုး သည် သည်းထန်မြဲ၊ လျှပ်ရောင်သည် တစ်ချက် တစ်ချက် ပြက်မြဲပင် ရှိသည်။
******
အိမ်ရှေ့သို့ထိုးဆိုက်လာသော ကားမီးရောင်ကိုအတွေ့ မိ သည် ဆတ်ခနဲတုန်ယင်သွားသည်။ စကားဆို သံ၊ နှုတ်ဆက်သံများ ကြားရပြီးနောက် အိမ်တံခါးမကို သော့ဖွင့်လျက် သတို့သားက ၀င်လာလေသည်။ ပြတင်း တံခါးအနီး မိုးရေတွေစိုစိုရွှဲလျက် ခိုက်ခိုက်တုန်နေသော မိ ကို မြင်ရသည်တွင် ‘ဟင်..မိ….မိ’ ဟု အာမေဋိတ်သံ ပြုလျက် မိ ထံပါးခပ်သွက်သွက် လှမ်းလာသည်။
မိ သည် ၀မ်းနည်းနာကျင်ရခြင်းတို့ပျောက်ကွယ်၊ ထားခဲ့ရကောင်းလားဟု မြည်တမ်းရန်လည်း မေ့လျော့ လျက် ထိတ်လန့်တုန်လှုပ်အားကိုးမဲ့ခြင်း အခြေအနေဆိုးမှ ပစ္စက္ခတွင်း ရုတ်ချည်းလွတ်မြောက်လာသူနှယ် ငြိမ်း အေးရာရရင်း သူ့သတို့သားကို မော့ကြည့်လျက် လက်ကမ်းမိတော့သည်။
ကြင်သူ၏ ထွေးပွေ့ချော့ငင်သော ရင်ခွင်တွင်မျက်နှာအပ်လျက် ငြိမ်သက်စွာ ရှိနေရင်း အန္တရာယ်အမျိုး မျိုးမှ လုံခြုံလေပြီ စိတ်ဒုန်းဒုန်းချလေသော တစ်ခဏ ၀င်းခနဲပြက်သွားသော လျှပ်ရောင်ကိုပင် မိ သည် မမြင် လေတော့ပြီ။ ။
ရွှေအိမ်စည်မေ