Showing posts with label အထူးကဏ္ဍ - အမှတ်တရများ. Show all posts

ပြောလိုက်ပါဘိ၊ ဟောပါဘိ


"ပြောလိုက်ပါဘိ၊ ဟောပါဘိ"

မိုးကစိုစို၊ ကျီးအုပ်ပြို၍

ထိုမှဤမှ၊ တို့လမ်းမတွင်

ပျံကြ၀ဲကြ၊ ငရဲထသို့

အုံကြွမြည်အာ၊ မသာယာကို

ငါကြားခဲ့၏၊ မှတ်မိ၏။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏

သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်

ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏။


မြေခသတင်း၊ မီးကြိုးခွင်းသို့

အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌

မချင့်မရဲ၊ ၀မ်းနည်းခံခက်

မျက်စိမျက်နှာ၊ ညှိုးကြရှာသည်

ရွာဦးပိုင်းမှ၊ သချိုင်းထိ။


ဇော်ဂျီ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး နံနက် ၁၀နာရီ ၃၇ မိနစ်တွင် လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ယနေ့ထက်တိုင် အောက်မေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။
မြန်မာ့သမိုင်းတွင် အရေးကြီးသည့် သမိုင်းဆိုင်ရာ လှုပ်ရှားမှုများ၊ အာဇာနည်ပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို အာဏရှင်လက်ထက် ခေတ်အဆက်ဆက်တွင် ဖျောက်ဖျက်မူများရှိခဲ့သောကြောင့် သမိုင်းဝင်နေ့ရက်များကို မမေ့မလျော့အောင် နိုင်ငံသားတစ်ယောက်အနေနှင့် သတိပေးနိုးဆော်ခြင်းသာဖြစ်သည်။

တိုင်းပြည်အတွက် အသက်ပေးခဲ့သော အာဇာနည် သူရဲကောင်း ကိုးဦး

၁။ ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန

၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန

၃။ ဦးဘ၀င်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊

၎။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန

၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊

၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊

၇။ မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊

၈။ ပျော်ဘွယ် ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေး ဌာန၊

၉။ ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန တို့ဖြစ်တယ်။


အမေ့အမွေ တာဝန်ကျေအံ့
























အမေ့အပြုံး

တို့နှလုံးမှာ ကြည်ပြာလ၀န်း

အေးရိပ်စမ်းနှင့် ပန်းပွင့်ပမာ။

အမေ့စကား

တို့ရင်ကြားမှာ တရားသစ္စာ

ခိုင်မာသတ္တိ သံမဏိပမာ။

အမေ့မျက်နှာ

မြင်သောခါတွင် ပမာစမ်းရေ

သောက်သုံးလေသို့ ငွေလကြယ်သွင်

အေးသန့်စင်နှင့် ကြည်လင်ရွှန်းကာ

ဂုဏ်သိက္ခာနှင့် မေတ္တာမိခင်

ပညာရှင်သို့ တို့ရင်တွင်းမှာ

ချမ်းမြေ့သာခဲ့ ရှာမှရှားသည့်

ငါတို့၏ စာပေမိခင်။

မြန်မာစာပေ
ကမ္ဘာ့အမွေအဖြစ် ရှင်သန်ရစ်စေ

အားသစ်ဖြည့်လောင်း ပင်စည်ကောင်းပမာ။

ကမ္ဘာ့စာပေ

မြန်မာ့အမွေအဖြစ် ရှင်သန်ရစ်စေ

အားသစ်ဖြည့်လောင်း ပင်စည်ကောင်းပမာ။

အမေ….

ငါတို့အားလုံးရဲ့ စာပေမိခင်

ငါတို့ချစ်ခဲ့ကြ

ငါတို့လေးစားကြ

ငါတို့ရိုသေကြ။

အမေ့အမွေ

တို့တွေဆက်ခံ ပန်းကောင်းပန်လျက်

နိုင်ငံအနာဂတ် လှစေအံ့။          ။

ရိုးဝေထက်

( ၇ ရက်၊ ဧပြီလ၊ ၂၀၀၈တွင် ကွယ်လွန်သွားခဲ့သော စာပေမိခင်
လူထုဒေါ်အမာ တစ်နှစ်ပြည့် အမှတ်တရ အဖြစ် ကဗျာဆရာ ရိုးဝေထက် ရေးဖွဲ့ခဲ့တဲ့ ကဗျာဖြစ်ပြီး မဟေသီမဂ္ဂဇင်း အမှတ် ၂၉၂၊ ဧပြီလ၊ ၂၀၀၉ခုနှစ်မှာ ပုံနှိပ် ဖော်ပြခဲ့တဲ့ ကဗျာကို ပြန်လည်ကူးယူဖော်ပြသည်။

တာရာမင်းဝေ ကွယ်လွန်ခြင်း (၅) နှစ်ပြည့် အမှတ်တရ ကျင်းပပြုလုပ်မည်။

တာရာမင်းဝေ ကွယ်လွန်ခြင်း (၅) နှစ်ပြည့်  အမှတ်တရ
လူငယ်စာဖတ် ပရိတ်သတ်တွေရဲ့ အသည်းစွဲ ကဗျာဆရာရွှေဘုန်းလူ ( ခ ) တာရာမင်းဝေ ကွယ်လွန်သွားခဲ့တာ သြဂုတ်လ ( ၅ )ရက်နေ့ ဆိုရင် ( ၅ )နှစ်တင်းတင်း ပြည့်သွားခဲ့ပါပြီ။
“သေသောသူ ကြာရင်မေ့” ဆိုတဲ့ စကားရှိသော်ငြားလည်း ဆရာ တာရာမင်းဝေ အတွက် အဲဒီစကားက မမှန်ခဲ့ပါဘူး။
လူသေသွားပေမယ့် တာရာမင်းဝေ ဖန်တီးခဲ့တဲ့ ကဗျာ၊ စာပေအနုပညာတွေ ကတော့ ယနေ့အချိန်ထိ အောင်မြင်လူကြိုက်များနေတုန်းပဲ ဖြစ်သည်။
ဆရာတာရာမင်းဝေ ရဲ့ ကွယ်လွန်ခြင်း အမှတ်တရ ( ၅ )နှစ်ပြည့် အဖြစ် ၂၀၁၂ခုနှစ်၊ သြဂုတ်လ၊ ( ၄ )ရက်
(စနေနေ့) နေ့လည်( ၂ )နာရီမှ ( ၄ ) နာရီအထိ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မှာရှိတဲ့ CITY STAR HOTEL မှာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး
အမှတ်တရ ကဗျာရွတ်ဖတ်ခြင်း အစီအစဉ်များကိုလည်း ထည့်သွင်းထားရှိကြောင်း သိရှိရသည်။

~ ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် ~

တာရာမင်းဝေ

တာရာမင်းဝေ၏ အမည်ရင်းမှာ ချစ်ညီညီ ဖြစ်ပြီး၊ ၁၉၆၆ စက်တင်ဘာ (၁၃) ရက်နေ့တွင် ရန်ကုန် တောင်ဥက္ကလာ၌ (သတင်းထောက်) ဦးကျော်ရှိန်နှင့် ဒေါ်လှကြည် တို့မှ မွေးဖွား ခဲ့သည်။ မွေးချင်း ၃ ဦးအနက် ဒုတိယမြောက်သား ဖြစ်သည်။

ငယ်ဘ၀ သူငယ်တန်း မှ စတုတ္ထတန်း အထိ တောင်ဥက္ကလာ အမက (၁ဝ) တွင်၎င်း၊ ပဉ္စမတန်းမှ ဒဿမတန်း အထိ ရန်ကင်း အထက (၂)တွင်၎င်း ပညာသင်ကြားခဲ့ပြီး၊ ၁၉၈၆-ခုနှစ်မှာ အခြေခံ အထက်တန်းကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် (လှိုင်)ကို အင်္ဂလိပ်စာ အဓိကနှင့် တက်ရောက် သင်ကြားခဲ့ပြီး အရေးအခင်းနှင့်အတူ ကျောင်းမပြီးခဲ့ပေ။ မြောက်ဒဂုံ (၄၅) ရပ်ကွက်၊ ပီမိုးနင်း(၁) လမ်းမှာ နေထိုင်သူ ဖြစ်သည်။

ရွှေဘုန်းလူ ဆိုသည့် နာမည်နှင့် ဗကသ အဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များတွင် ကဗျာများ စတင် ရေးသား ခဲ့ပါသည်။ ရှစ်လေးလုံး လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သလို၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှာလည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုနှစ်၊ ဗကသ ပြန်ဖွဲ့ချိန်တွင် ဗကသ ခေါင်းဆောင် တစ်ယောက် အဖြစ် တာဝန် ယူခဲ့ပြီး၊ ဗကသ ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ဒုဥက္ကဋ္ဌတွေ ဖြစ်သည့် ကိုကိုကြီးနှင့် ကိုအောင်ဒင်တို့ အဖမ်း ခံရချိန်တွင် ဗကသ ခေါင်းဆောင်မှုကို တာဝန်အပြည့်ယူကာ ဒေါင်းအလံကို ဆက်ကိုင်ခဲ့သည်။

၁၉၉ဝ-ခုနှစ်မှာ အဖမ်း ခံရပြီး၊ ၁၉၉၄-ခုနှစ် အထိ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရသည်။ အင်းစိန်၊ သာယာဝတီနှင့် သရက် ထောင်များတွင် ချုပ်နှောင်ခံခဲ့ရပြီး၊ ထောင်က လွတ်လာ ပြီးသောအခါ စာပေလောက ထဲကို ခြေစုံပစ် ဝင်ရောက် ခဲ့ပါသည်။ ထင်ရှားသော ကဗျာများမှာ အကျဉ်းထောင်များ အတွင်း၌ ရေးစပ်ခဲ့သော ကျောင်းဖွင့်ချိန် ၊ ဥဒါန်း နှင့် ကျောင်းသား အတ္ထုပ္ပတ္တိ တို့ပဲ ဖြစ်သည်။

၁၉၉၄ ခု မေလထုတ် ရင်ခွင်သစ် မဂ္ဂဇင်းတွင် လေစီးကြောင်းထဲမှ လူများ ဝတ္ထုတိုမှ တာရာမင်းဝေ ဆိုသော ကလောင် အမည်ကို စတင် အသုံးပြု ခဲ့ပါသည်။ ၁၉၉၅-ခုနှစ်တွင် တာရာမင်းဝေ ကလောင် အမည်နှင့် 'ပန်းခေတ်က လမင်း' ဆိုသော သူ့၏ ပထမဆုံး လုံးချင်း ဝတ္ထု ထွက်ရှိပြီးချိန်မှာ လူငယ် စာဖတ် ပရိသတ် တွေ၏ အားပေးမှုကို ရရှိ ခဲ့ပါသည်။

၁၉၉၆ - ၉၇ ထုတ် သရဖူ မဂ္ဂဇင်း များတွင် မောင်ယော ကလောင် အမည်နှင့်၎င်း ၊ စုဖွဲ့ ကလောင် စန်တီယာဂို ကလောင် အမည်နှင့် ၎င်း စာပေ ဝေဖန်ရေးများ၊ စာပေ သဘောတရား၊ သီဝရီများ ရေးသားခဲ့သည်။ မောင်ဓား အမည်နှင့် ဘောလုံးဆောင်းပါးများ ရေးခဲ့ဖူးပြီး၊ အံ့ဘွယ် ဆိုသော ကလောင်အမည်နှင့်လည်း အိုင်ဒီယာမဂ္ဂဇင်း က ထူးခြားသော အမေးအဖြေများကို ရေးခဲ့ပါသည်။ မီးခိုးဖြူ ၊ ညီလေးမွန် စသော ကလောင် အမည်များနှင့်လည်း ရေးသားခဲ့သည်။ စုစုပေါင်း လုံးချင်း ဝတ္ထု (၄၂) အုပ် ရေးသားခဲ့ပြီး၊ ဝတ္ထုတိုများ၊ ကဗျာများလည်း ရေးသား ခဲ့ပါသည်။

၁၉၉၅-ခုနှစ်၊ စာပေဂျာနယ် မဂ္ဂဇင်းပါ အားလူး စားသူများ ဝတ္ထုတိုနှင့် ဖြူးမိတ်ဆွေများ စာပေဆုကို ရရှိခဲ့သည်။ အားလူး စားသူများ ဝတ္ထုတိုနှင့် တာရာမင်းဝေ အား လူသိများခဲ့ပါသည်။ စာပေ အပြင် ပန်းချီ ဆွဲခြင်း၊ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်းများနှင့် သီချင်းများကိုလည်း ရေးသားခဲ့သည်။ တာရာမင်းဝေ အမည်နှင့် ရေးခဲ့သော ပထမဆုံး ဗီဒီယို ဇာတ်ညွှန်းမှာ ရွှေရောင် ဖိနပ်မှာ အစိမ်းရောက် ကြက်ခြေခတ်နဲ့ ကောင်မလေး ဖြစ်သည်။ အဲဒီ မတိုင်ခင်ကလည်း ကိုသူရ(ဇာဂနာ)တို့နဲ့ အတူ ဇာတ်ညွှန်းများကို ရေးသားခဲ့ပါသေးသည်။

တာရာမင်းဝေ၏ ဝတ္ထု အချို့ကို ဗီဒီယို ရုပ်ရှင် ရိုက်ကူး ခဲ့ရာမှာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူး၍ ဒွေး၊ နန္ဒာလှိုင်တို့ သရုပ်ဆောင်ထားသော "ကောင်းကင်အကြွေ ကောက်တဲ့လက်"၊ ဒါရိုက်တာ လွင်မိုး ရိုက်ကူး၍ နေတိုး၊ အိန္ဒြာကျော်ဇင်တို့ သရုပ်ဆောင်ထားသော "တစ်ကိုယ်တော်ရေးတဲ့ ကကြီး ခခွေး"တို့သည် ထင်ရှားခဲ့သည်။ ဒါရိုက်တာ မောင်သူရ (ဇာဂနာ) ရိုက်ကူးခဲ့သော "မြင်းစီးထွက်သော အိပ်မက်များ" ရုပ်ရှင် မှာ ပြည်တွင်းတွင် ပြသခွင့်မရခဲ့ပေ။

၁၉၉၈-ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၄)ရက်တွင် မခင်မေဝင်း (စာရေး ဆရာမ မနော်ဟရီ)နှင့် လက်ထပ်ခဲ့ပြီး၊ သား တစ်ဦး ထွန်းကားခဲ့သည်။ ဘဝနိဂုံး လူနံပါတ် (၁၃) ဝတ္ထုတို စုစည်းမှုနှင့် နက္ခတ် ရစ်သမ်ကဗျာ စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေရန် စီစဉ်နေဆဲ၊ ၂ဝဝ၇ ခု၊ သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄ဝ တွင် မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။ ကွန်လွယ်ချိန်တွင် ဇနီး ဖြစ်သူ စာရေး ဆရာမ မနော်ဟရီ နှင့် သားဖြစ်သူ ခေတ်နေ(ခ) ကြယ်စင်မင်းဝေ တို့ကျန်ရစ်ခဲ့ပါသည်။ တာရာမင်းဝေ ကွယ်လွန်ပြီးမှ လူနံပါတ် (၁၃) စာအုပ်အား နောက်ဆုံးထုတ်ဝေခဲ့သည်။
Source : မှတ်စုစာအုပ်

Written by ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် Friday, 03 August 2012 09:59 

ငှက်တစ်ကောင်၏ ခြေရာတစ်ပိုင်းတစ်စ


“ သူ ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်)ရင် ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်တွေရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ ” ပါ။


အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။

လူတွေသိပ်မသိသေးတဲ့ ငှက်ကြီး ခြေရာတချို့ကို ရေးပြချင်ပါတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စက်များကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂ သောင်းကျော်နဲ့ ဝယ်လိုက်တာပါ၊ နောက် မောင်မောင်ကျော်က တခြား တယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်။

ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။

၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ အဲဒီ “အရေးကြီးပြီ” ဆိုတဲ့ သီချင်းကို ကိုမွန်းအောင်က သီဆိုခဲ့တယ်၊

ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့် သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့ပါတယ်။

အာဏပိုင်ဆိုတဲ့ လူတွေက လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။

ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၈ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။

သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။


… အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့
… အမေ …..
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ ..အမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

“ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။

ကမာနီလာ

ထောင်တွင်းတရားပတ်များ ကျင်းပပြုလုပ်မည်



ဆရာ ကြီး ဦး ဂိုအင် ကာ ဦးစီးပြီး အနုပညာမောင်နှမတွေရဲ့ စုပေါင်းကြိုးစားမူနဲ့ ထောင် တွင်း တ ရား ပတ် တွေ စဉ် ဆက် မ ပြတ် ကျင်း ပ နိုင် ဖို့ အတွက် စီ စဉ်လျှက်ရှိပါသည်။
တ နှစ်ပတ်လုံး ကို တ ရား ပတ် ပေါင်း ( ၄၀ ) နဲ့ စ တင် မှာဖြစ်ပြီး  ကျင်း ပပြုလုပ်မယ့် အ ကျဉ်း ထောင် တွေ ကတော့ .အင်းစိန်ထောင် ၊ မန္တလေးထောင်၊ အိုးဘိုထောင်၊ သာယာဝတီထောင် တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါသည်။
ထောင် တွင်း တ ရား ပတ်တွေ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားနိုင်ဖို့ ယောဂီတွေရဲ့ ဆွမ်းစားရိတ်တွေအတွက် အလှူငွေလိုအပ်လျှက်ရှိပြီး ယောဂီ တယောက်အတွက် တရက် ကို (၇၀၀ - ခုနှစ်ရာကျပ် )ကျသင့်မှာဖြစ်ပြီး၊ တရားပတ် တခုမှာ ယောဂီ က (၁၀၀) ခန့် ရှိမှာဖြစ်တယ်လို့ ခန့်မှန်းထားပါသည်။  တနေ့ စာဆွမ်းစားရိတ်ကို (၇၀၀၀၀ - ခုနှစ်သောင်းကျပ် ) ကုန်ချမှာဖြစ်ပြီး တရားပတ်တပတ်မှာ ကြာမြင့်ချိန် (၁၀) ရက်ရှိပြီး တရားတပတ်စာအတွက်  အလှုငွေ (၇၀၀၀၀၀ - ခုနှစ်သိန်းကျပ် )လို အပ် လျှက်ရှိပါသည်။
ထောင်တွင်းတရားပွဲတွေ အဆက်မပြတ် ကျင်းပပြုလုပ်ပေးသွားနိုင်ဖို့  အလှူရှင်များ လိုအပ်လျှက်ရှိတာကြောင့် မိမိတို့တတ်နိုင်သည့်ဘက်က သဒ္ဒါတရားနည်းများမဆို ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြပါသည်။
အောက်ပါ ဖုန်းနံပတ်များ မှ တ ဆင့် ဆက်သွယ် လှု ဒါန်း နိုင် ကြ ပါသည်။

ဖုန်း နံပါတ် များ

ဦးစန်းဝင်း ( ဥက္ကဌ ) ... ၀၉ ၅၀၂ ၅၆၂၆

ဦးသန့်စင် ( ဒု -ဥက္ကဌ ) ... ၀၉ ၇၃၀ ၁၆၆၅၀

သျှီ ( အတွင်းရေးမှုး ) ... ၀၉ ၅၀၁ ၉၃၃၉

ဦးဝင်းမင်းထွေး ( အထွေထွေအတွင်းရေးမှုး ) ... ၀၉ ၅၁၈ ၅၅၄၅

ဦးမင်းချစ်သူ ( တွဲဖက် - အထွေထွေအတွင်းရေးမှုး ) ... ၀၉ ၅၁၄ ၅၆၇၉

Written by သျှီ Saturday, 03 November 2012 17:00 

မောင်ချောနွယ်ကို လွမ်းလို့ရေးတဲ့စာ

မောင်ချောနွယ်သို့
"အဖေရေ . . .

ကမ္ဘာကျော်မြေပိုင်ရှင် . . . မရှိဘူး

ကမ္ဘာကျော်တိုင်းမင်းကြီး . . . မရှိဘူး

ကမ္ဘာကျော် စာရေးဆရာ ၊ ကဗျာဆရာရှိတယ်

အဖေရေ"

မဟေသီမဂ္ဂဇင်း ၊ ၁၉၉၅ ၊ ဖေဖော်ဝါရီ

တတ်သိလို့ရေးတာမဟုတ်ဘူး၊ မနေနိုင်လို့ မွေးရာပါ အကြောကြီးကြောင့် ကဗျာတွေကို ရေးခဲ့တဲ့သူပါလို့ ဟစ်ကြွေးခဲ့သူ.. မောင်ချောနွယ်….။

ကဗျာဆိုတာ ကံနာဝဋ်နာပါလို့ နာနာကြည်းကြည်းပြောခဲ့သူ……။

အော်တိုလက်မှတ်ရေးထိုးရတာ မုန်းတဲ့သူ….။

ညီမလေး မမမြင့်ကို အရူးအမူးချစ်ခဲ့သူ……

သူ့ကိုသူမသေပါဘူးလို့ ပြောခဲ့သူ….

မောင်ချောနွယ်အတုကို ရှာခဲ့သူ…..

တလောကလုံး ကျုပ်လုပ်စာကိုထိုင်စားနေကြတဲ့

လူတွေချည်းပဲဆိုပြီး ကမ္ဘာကြီးကို ကြိမ်းဝါးခဲ့သူ..

သူ့ကိုသူမသေဘူးလို့ပြောပြီး အခက်ကြီးထဲခုန်ဆင်းချပြသူ…..

”မောင်ချောနွယ် မသေဘူးတဲ့”

မောင်ချောနွယ်သေပြီ

သူ့အလောင်းကို မီးသဂြိုဟ်စက်ထဲထည့်တာ

ငါကိုယ်တိုင်မြင်လိုက်တယ်။

အခက်ကြီးထဲခုန်ချ

ကဗျာကို ဘ၀ထက်ပိုချစ်ခဲ့သူ။

ကဗျာတွေနဲ့ ပဲ၇စ်၊ ဗင်းနစ် နဲ့ မြေကမ္ဘာအနှံ ခြေဆန့်ပြီး

ကမ္ဘာကျော် အရက်တွေထက် တောအရက်နဲ့ မြို့ပြကို ခံစား နာကျဉ်းခဲ့သူ…။

မောင်ချောနွယ် အသုဘ

ကဗျာဆရာတွေ ပို့ကြတယ်။

ကဗျာဆရာတွေ ငိုကြ၊ တစ်ယောက်တစ်ယောက် လှမ်းကြည့်ကြ

တစ်ယောက်နဲ့ တစ်ယောက် တားကြ၊ ဆွဲကြ၊ တွဲထူကြ

တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ကြ

သွေးထွက်သံယိုဖြစ်ကြ

နောက်ဆုံးမှာ ဘာသံကြီးလဲမသိ

ဝိုင်းအော်လိုက်ကြတယ်။

ကိုချောရေ…. ခင်ဗျားကြောင့် ကမ္ဘာကျော်အရက်တွေထက် တောအရက်ကို ကျွန်တော်တို့ကြိုက်နှစ်ခဲ့ကြတယ်။

ပဲ၇စ်၊ဗင်းနစ် နှင့် တောအုပ်နဲ့တောင်တန်းတွေဆီလည်းရောက်ခဲ့ကြရတယ်။

ညီမလေး မမမြင့်ကို ချစ်ခဲ့ကြတယ်။
အခုလေ ….ကျွန်တော်တို့ ရောက်နေတဲ့ အရပ်တွေဆီက ပွင့်တဲ့

ပန်းတွေကိုတောင် ညီမလေးမမမြင့်လို့ပေးခဲ့ကြတယ်။

အခု ကျွန်တော်ရောက်နေတဲ့အရပ်မှာ တောအရက်မရှိပေမယ့် တောအရက်လို ချိုအီမွှေးနေတဲ့

ဆာကေး(ဆန်အရက်ဖြု) တွေတော့ရှိတယ်။

ဒီနေ့ ခင်ဗျားကိုတိုက်ချင်လွန်းလို့ ၀ယ်လာခဲ့တဲ့ ဆာကေးနဲ့

ခင်ဗျားပုံလေး ရှေ့ချ ကျွန်တော် တစ်ခွက် ခင်ဗျားတစ်ခွက် …

ရီဝေ…ရီဝေ…

အမြင်တွေ ၀ိုးတ၀ါးဖြစ်လာပေမယ့် ကိုချောပုံရိပ်တွေက ကြည်လင်ပြတ်သားလာခဲ့တယ်။

ကဲ..စလိုက်ကြစို့ဗျာ…………

သားလေးကို အားပေးပါဦးကွယ်

ကန့်လန့်ကာကြီးရယ် နေပါဦး

ကလို့ ကောင်းနေတုန်း

ရွာစားကြီးရယ် တီးလိုက်ပါဦး

ဆိုလို့ကောင်းနေတုန်း

မိုးမိုးချစ်လို့လား

မိုးမိုးလှလို့လား
မောင်ချောနွယ် ကွယ်လွန်ခဲ့တာ ၂၀၁၂ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့က ၁၀ နှစ်တင်းတင်းပြည့်ခဲပါပြီ။ ကိုချောကိုချစ်တဲ့ ကဗျာဆရာတွေ၊
ကဗျာချစ်သူတွေအတွက် ၁၀ နှစ်တိုင်ခဲ့ပေမယ့် မေ့ပျောက်လို့မှမရသေးတာတော့အမှန်ပါ။
ဒီနေ့ ကျွန်တော် ကိုချောနဲ့ အရက်သောက်ပါတယ်။ ပြီးတော့ ကွေးနေအောင် ကလိုက်ကြတယ်ပေါ့ဗျာ။

ကမာနီလာ
၂၀၁၂ခုနှစ်၊ စက်တင်ဘာ ၃ ရက်နေ့
(ခေတ္တ-စိတ္တဇဆေးရုံ _ဂျပန်)

ဆရာ ဗန်းဗော်တင်အောင် အမှတ်တရ



မှတ်မှတ်ရရ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ၊ ၂၃ ရက် နေ့က ဆရာဗန်းမော်တင်အောင် ကွယ်လွန်ခြင်း ၃၄ နှစ်မြောက် ပြည့်ခဲ့ပြီဖြစ်သည်။  ဆရာဗန်းမော်တင်အောင်အတွက် အမှတ်တရကို ဆရာ ဒဂုန်တာရာမှ ”နရသိမ်ထောင်မှ အကျဉ်းသား” ဆောင်းပါးဖြင့် ဂုဏ်ပြုခဲ့ဖူးသည်၊ ဆရာမြသန်းတင့်က ”မုန်တိုင်းထဲက လူ” အဖြစ်နှင့်လည်းဂုဏ်ပြုခဲ့ဘူးသည်။ ဆရာကြီး ဒေါင်းနွယ်ဆွေ မှလည်း ”မဆန်းသော သေခြင်းမှ ထာဝရ မပျောက်ဆုံးသူ” ဟူသော ခေါင်းစဉ်ဖြင့် ကဗျာရှည်ကြီးဖြင့် ဂုဏ်ပြုခဲ့ဖူးသလို၊ ကျနော်တို့ စာပေချစ်မြတ်နိုးကြတဲ့ လူငယ်စာပေသမားတွေက ချစ်စနိုးနဲ့ ခေါ်ဝေါ်ခဲ့ကြတဲ့ ဆရာဂျမ်း ( ကဗျာဆရာကြီး ဦးတင်မိုး) ကလည်း ”ကြယ်နီရောင်ကဗျာ”ဆိုတဲ့ ကဗျာလေးဖြင့် ဂုဏ်ပြုခဲ့ဖူး ကြသလို တခြားသော စာရေးဆရာကြီးများ လူငယ်မျိုးဆက်သစ် စာပေသမားများကလည်း ဂုဏ်ပြု မှတ်တမ်းတင်ခဲ့ဖူးကြသည်။


ဆရာဗန်းမော်တင်အောင်သည် ၁၉၃၈ခုနှစ်တွင် အလုပ်သင်သတင်းထောက်၊ ၁၉၃၉-၄၀ စတီးဘရားသား သစ်ကိုယ်စားလှယ်၊ ၁၉၄၆-၄၉ သစ်ကိုယ်စားလှယ်၊ သစ်အ၀ယ်တော် လုပ်ငန်းများကိုလုပ်ကိုင်ခဲ့ပြီးနောက် သတင်းစာ၊ စာရေးဆရာဘ၀ဖြင့် ကွယ်လွန်သည်အထိ စာပေတာဝန်ကို ကျေပွန်ခဲ့သူဖြစ်ပါသည်။
ဆ၇ာသည် ၁၉၃၈ တွင် မောင်တင်အောင်ကလောင်အမည်ဖြင့် ”ဘုန်းမေ့နိုင်ဘူး” ၀တ္ထူဖြင့် စာပေလောက သို့ စတင်ဝင်ရောက်ခဲ့ပြီး..မြန်မာ့ရုပ်ရှင်၊ ဘားမားဂျာနယ်၊မြန်မာ့တာဝန် မဂ္ဂဇင်းများတွင် ၀တ္ထူ များရေးသားခဲ့ရာ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလထုတ် ဂျာနယ်ကျော်တွင်ပါသော ”နောမူဝေး” ၀တ္ထူတိုမှစတင်၍ ဗန်းမော်မြို့တွင် ၇ တန်းအထိ ပညာသင်ကြားခဲ့သည်ကို စိတ်စွဲကာ ”ဗန်းမော်တင်အောင်” ဟူသော ကလောင်ကို ယူခဲ့ခြင်းဖြစ်သည်။ ၁၉၄၉ တာရာမဂ္ဂဇင်းတွင် တွဲဖက်အယ်ဒီတာ၊ ၁၉၅၀ လင်းယုန် ဂျာနယ် အယ်ဒီတာနှင့် ထုတ်ဝေသူ၊ ထိုမှ ၁၉၅၁ တွင် လင်းယုန်သတင်းစာကိုပါ ပူးတွဲထုတ်ဝေခဲပသည်။ ၁၉၄၇ တွင် ရေးသားခဲ့သော ”ဘုန်းမောင့် တစ်ယောက်တည်းရယ်” ၀တ္ထူသည် စစ်ပြီးခေတ်စာပေလောက၌ ဗန်းမော်တင်အောင်ကို အထူးထင်ရှားအောင်မြင်စေခဲ့သော မှတ်တိုင်ဖြစ်ခဲ့သည်။ လုံးချင်းဝတ္ထူပေါင်း ၄၅ အုပ်နှင့် ၀တ္ထူတိုပေါင်းများစွာ၊ ဆောင်းပါးများစွာ၊ ၀တ္ထူတိုပေါင်းချုပ်၊ မဂ္ဂဇင်းအခန်းဆက်ဝတ္ထူရှည်၊ သိပ္ပံကျမ်း၊ နိုင်ငံရေးသဘောတရားကျမ်း၊ စသည့်စာအုပ်ပေါင်းများစွာ ရေးသားခဲ့သည်။ ဆရာသည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးချိန်မှစတင်၍  ခေတ်ပေါ်မြန်မာစာလောက၌  အထူးထင်ရှားခဲ့ပါသည်။ ၁၉၇၈ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် နံနက် ၇း ၁၀ မိနစ်တွင် အဆုတ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ခင်ဦးနှင့် သားသမီးခြောက်ယောက်တို့ ကျန်ရစ်ခဲ့သည်။

စာရေးဆရာ ဗန်းမော်တင်အောင်သည် စီးပွားရေးသမား အနေနှင့် ချမ်းချမ်းသာသာပြည့်စုံစွာ  နေနိုင်ခဲ့သော်လည်း ပြည်သူလူထုကောင်းစားရေးအတွက် သူယုံကြည်သည့်စာပေနှင့် လူထုဘက်က ရပ်တည်ခဲ့ပြီး..ခေတ်ကာလနိုင်ငံရေးအခြေအနေတွေကို အမှန်တိုင်းဝေဖန်ရေးသားသည့်အတွက် ထောင်အကြိမ်ကြိမ် ကျရောက်ခဲ့ပြီး ဆင်းရဲဒုက္ခခံခဲ့ရသည်။ ဆရာ ဗန်းမော်တင်အောင် မကွယ်လွန်မီ ၁၉၇၈ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးပေါ်တွင် “လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံး ပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” ဟု နောက်ဆုံးပြောကြားခဲ့သည်။
ဆရာကဲ့သို့ တိုင်းပြုပြည်ပြုစာရေးဆရာ တစ်ယောက်အား မျိုးဆက်သစ် လူငယ်များအနေဖြင့်  မမေ့မလျှော့ အစဉ်ထာဝရ သတိရဂါဝရ ပြုလျှက်ရှိနေသင့်ကြောင်းပါ။

ရွှေဒေါင်းတောင် အွန်လိုင်း မဂ္ဂဇင်း

ကိုးကား( ရှုမ၀မဂ္ဂဇင်း၊ မိုးဝေမဂ္ဂဇင်း နိုဝင်ဘာ၊၁၉၇၈)
ဗန်းမော်တင်အောင်အမှတ်တရစာစုများ

Written by ကမာနီလာ Saturday, 27 October 2012 10:20 

နန္ဒသိန်းဇံ ကွယ်လွန်ခြင်း တစ်နှစ်ပြည့်ခဲ့ပြီ


စာရေးဆရာကြီး နန္ဒသိန်းဇံ ၂၀၁၁ခုနှစ် သြဂုတ်လ၊ ၁၄ ရက်( တနင်္ဂနွေနေ့ ) တွင် ကွယ်လွန်သွားခဲ့သည်။ ၂၀၁၂ခုနှစ်၊ သြဂုတ်လ၊ ၁၄ ရက်နေ့တွင် ဆရာကြီးဆုံးပါးသွားသည်မှာ တစ်နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်ပါသည်။

အတွေးအခေါ် စာပေများနှင့် ဒဿနစာပေများကို ရေးသားပြုစုခဲ့ပြီး လူငယ်များ၏ အတွေးအခေါ်များတိုးတက် ကျယ်ပြန့်လာအောင် ရှေ့ဆောင်လမ်းပြခဲ့သူဖြစ်သည်။ ဆရာကြီး နန္ဒသိန်းဇံ၏ ငယ်အမည်ရင်းဖြစ်သော “သိန်းဇံ” ဖြင့်ပင်ရေးသားသော ၁၉၆၃ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်း (အတွဲ - ၁၊ အမှတ် - ၄) တွင် “မှတ်ဥာဏ်နှင့် အတွေးအခေါ်” ဆောင်းပါးမှာ ပုံနှိပ်ဖော်ပြ ခြင်းခံရသည်။
မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းကို ''ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာ'' အမည်ဖြင့် ၁၉၆၉ ခုနှစ်တွင် လုံးချင်းအဖြစ် ထုတ်ဝေခဲ့သည်။ ကလောင်အမည်တူ ရှိနေသည့်အတွက် နောက်ပိုင်းတွင် “နန္ဒသိန်းဇံ”ဟုပြောင်းလဲခံယူခဲ့ပြီး ဘ၀ဒဿနများနှင့် ဗုဒ္ဓဘာသာဆိုင်ရာစာပေများကို ကွယ်လွန်ချိန်အထိရေးသားသွားခဲ့သည်။ ဆရာကြီး နန္ဒသိန်းဇံ ကွယ်လွန်သွားခြင်းသည် မြန်မာ့စာပေလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ပင် ဖြစ်တော့သည်။

Written by ကမာနီလာ Tuesday, 14 August 2012 16:40 

စကားဆိုတာ

စကားဆိုတာ ပျားလိုသင်းတဲ့ စကားရှိသလို
မြားလိုခွင်းမယ့် စကားလည်းရှိ
ဓါးလို စင်းမယ့် စကားလည်းရှိတယ်။
မြားနဲ့သတ်လို့ သေနိုင်သလို
ဓါးနဲ့သတ်လို့  သေနိုင်သလို
စကားနဲ့သတ်လို့လည်း သေနိုင်ပါတယ်။
ဒါကြောင့်…
သူ့စကား၊ကိုယ့်စကား၊ပြီးတော့ ကြားစကား

စကားအားလုံးကို သတိထား။



ဖလော်ဆော်ဖီဆရာကြီးတစ်ယောက်ကို ပုံခဏခဏလာပြောခိုင်းတဲ့ ကလေးလေးကို ပြောတဲ့ပုံလေးပါ။ ရေကန်လေးတစ်ခုထဲမှာ ငါးလေးတွေရယ်၊ ပုစွန်လုံးတစ်ကောင်ရယ်၊ ဗျိုင်းတစ်ကောင်ရယ် ရှိသတဲ့။ နေအလွန်ပူတဲ့ နွေတစ်ခုမှာ ကန်ရေခမ်းတော့ ငါးလေးတွေကြောက်စိတ်ဝင်တာကို ဗျိုင်းက အခွင့်ကောင်း ယူပြီး ဟိုးဘက်နားမှာ ဘယ်တော့မှ ရေမခမ်းတဲ့ စမ်းချောင်းလေးရှိတယ်၊ ငါ့နှုတ်သီးနဲ့ ချီပြီး တစ်ကောင်ပြီး တစ်ကောင် ခေါ်သွားမယ်လို့  စည်းရုံးတယ်။

ငါးတွေက လက်ခံကြတယ်။ ငါးတစ်ကောင်စီ သစ်ပင်ပေါ်ချီသွားပြီး စားလိုက်၊ တစ်ကောင်ပြန်လာခေါ်လိုက်နဲ့  အပင်အောက်မှာ ငါးအရိုးတွေ ပွကြဲလို့ပေါ့။ ဒါကို ပုစွန်လုံးကကောင်းကောင်းရိပ်မိတယ်။ ဒီလိုနဲ့ ငါးတွေ ကုန်သွားတဲ့အခါ ပုစွန်လုံးရေ…မင်းဘဲကျန်တော့တယ်၊ ဟိုကောင်တွေတော့ စမ်းချောင်းလေးမှာ မြူးတူးပျော်ရွှင်နေကြပြီ ဆိုပြီး ပုစွန်လုံးကို လေပြေထိုးပါတော့တယ်။

ကျုပ်က ခန္ဓာကိုယ်ကြီးတော့ ခင်ဗျားနှုတ်သီးနဲ့ ဆန့် မှာ မဟုတ်ဘူး၊ ခင်ဗျားလည်ပင်းကို ကိုက်ပြီး လိုက်ခဲ့မယ် ဘယ်လိုလဲ သဘောတူလား…လို့ ဗျိုင်းကို ညှိတဲ့အခါ ဗျိုင်းက သဘောတူလိုက်တယ်။ ဒီတစ်ခါတော့ စမ်းချောင်းလေးနားအထိ ပုစွန်လုံးကိုခေါ်သွားပြီး ငါ့လည်ပင်းလည်း နာလာပြီ မင်းဆင်းတော့ လို့ ပြောလိုက်တယ်။ ဆင်းတာနဲ့ သူ အစားခံရတော့မှာ သိတဲ့ ပုစွန်လုံးက မဆင်းတော့ဘဲ ဗျိုင်းလည်ပင်းကို ညှပ်ပြီး ဖြတ်ချပစ်လိုက်တော့တယ်။

လည်ပင်းပြတ်ပြီး ဗျိုင်းလည်းသေပါရော။ ပုစွန်လုံးလည်း တလှုပ်လှုပ်နဲ့ စမ်းချောင်းလေးထဲ ဆင်းသွားပါတော့တယ်။ ဒီပုံပြင်လေးကိုပြောပြီး ဖလော်ဆော်ဖာကြီးက ကလေးလေးကို မေးခွန်းထုတ်တယ်။ သူများပြောတိုင်း ယုံတဲ့ ငတုံးငအ ငါးတွေဘ၀မျိုး ကြိုက်လား…. တပါးသူဒုက္ခရောက်တာကို အခွင့်အရေးယူ၊ လိမ်ညာကိုယ်ကျိုးရှာတဲ့ ဗျိုင်းလို လုပ်မှာလား…. အင်မတန် ဂျင်ခြေလည်ပြီး သတ်ရဲဖြတ်ရဲတဲ့ ပုစွန်လုံးကို အတုယူမှာလား….တဲ့။
ကလေးလေးက ဟောဒီလို ပြန်ဖြေတယ်။
ဆရာကြီး မတရားဘူး။
ဒါတွေအားလုံးဟာ ရေခမ်းလို့ ဖြစ်တာ….
ကန်ရေ ဘာ့ကြောင့် ခမ်းတာလဲ….  ။              ။

နန္ဒသိန်းဇံ

ဆရာကြီး နန္ဒသိန်းဇံ ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အမှတ်တရ တင်ဆက်သည်။
Written by နန္ဒသိန်းဇံ Tuesday, 14 August 2012 17:48