ငွေမျှားသော နွေဦး



ဆည်းလည်းသံ တချွင်ချွင်က ကုန်းတော်သာ စေတီတော် ပတ်လည်အတွင်း ပျံနှံ့နေသည်။ ဘုရားရိပ် တရားရိပ်ဆိုသည်မှာ ကိလေသာ သတ္တဝါတွေအဖို့ အေးမြလှသည် မဟုတ်ပါလား။ စေတီကြီးမှာ သာယာသော ကုန်းမြင့်၊ ပြေပြစ်သော ဆင်ခြေလျောအဆုံး မြို့အပူထုကြီးအား ငုံမိုးကြည့်နေဟန်နှင့်။ သဗ္ဗေသတ္တာ သတ္တဝါအပေါင်းတို့အား တတ်နိုင်သမျှ စိတ်နှလုံးအေးချမ်းဝမ်းသာအောင် အသံချဲ့စက်နှင့် လွှင့်ပေးထားသည့် ဓမ္မအမြိုက်ရည် တရားတော်များက ပတ်ဝန်းကျင်တွင် ကြဲပျံ့လျှက်ရှိနေသည်။ အရာအားလုံးသည် ဆိတ်ငြိမ်လျှက် ရှိနေ၏။
ဘုရားဖူးများ၏ စိတ်ရည်ဝမ်းတွင်းတွင်လည်း ခဏတဖြုတ် အေးချမ်းနေသည်။ စေတီမုဒ်ဦး အဝင်ဝတွင် ဘေးဘယ်ညာ စီတန်းနေသော နိဗ္ဗာန်ကုန် ပစ္စည်းဆိုင်များမှာ ပွဲတော်ကာလမဟုတ်၍ လူသူလေးပါးကင်းရှင်းကာ ရောင်းသူအချို့ပင် ငိုက်မြည်းနေကြ၏။

(က)
ပြာသိုလ ကုန်လွန်ပြီး တပို့တွဲလသို့ ချဉ်းနင်းဝင်ရောက်လာပြီ ဖြစ်သည်။ အနည်းငယ် ပူအိုက်စပြုလာပြီ ဖြစ်၏။ သို့သော် ဘုရားတရား အရိပ်မို့ အေးချမ်းနေသေးသည်။ မအေးချမ်းနိုင်အောင် ပျာယာခတ်နေသူ တစ်ဦးမှာ ဦးသာရင်။ အပြင်တွင် ပျာယာခတ်နေသည်မဟုတ်။ သူ့စိတ်မှာ ဂနာမငြိမ်ဖြစ်နေ၏။ စေတီတော် ဂေါပက ရုံးတွင်းတွင် ဦးသာရင် တစ်ယောက်မှ လွဲ၍ မည်သူမှ မရှိနေချေ။ သာမာန်အချိန်များတွင် တည်တည်ငြိမ်ငြိမ်နှင့် တဖက်သား၏ မျက်လုံးကို တည့်တည့်ကြည့်တတ်သော ဦးသာရင် မှာ အခုတွင် ကျီးကန်းတောင်းမှောက် ဖြစ်နေသည်။
ဂေါပက ရုံးရှေ့ အဖွဲ့ဝင် သန်းတင်၏ ဖိနပ်အပ်ဆိုင်ကို လှမ်းကြည့်လိုက်သည်။ အိပ်ရေးပျက်နေသော သန်းတင်တစ်ယောက် ပက်လက်ကုလားထိုင်တွင် အိပ်နေလိုက်သည်မှာ သိုးလို့။ ဦးသာရင် စိတ်ချလက်ချ အောက်သို့ ငုံကြည့်လိုက်သည်။ စိမ်းရွှေရွေတစ်မျိုး၊ ပန်းဆီရောင် အသွေးတကြွကြွ၊ နီသလိုလိုနှင့် ညိုသည့်ဘက်သို့လုနေသော အလှပဂေးလေးက တစ်မျိုး။ သူ့ကိုဆွဲဆောင်နေကြပါ၏။ ငွေစက္ကူများ ပျံထွက်လာသလိုပင် စိတ်က ထင်ရသည်။
ဘဏ္ဍာရေးမှူးဆိုသည့် ဂုဏ်သိက္ခာကို အစဉ်သဖြင့် သူ စောင့်ထိန်းခဲ့သည်။ သို့ပေမယ့် သူစောင့်ထိန်းခဲ့သည့် ဂုဏ်သိက္ခာထက် အရေးကြီးသည့် ပြဿနာက သူ့ကို ခပ်ပြင်းပြင်းမွှေနှောက်နေလေပြီ။ မျက်လုံးများကို အစိုးမရစွာနှင့် သန်းတင်ကို တစ်လှည့်ပြန်ကြည့်သည်။ ပြီးလျှင် လမ်းမဘက်ကို စောင်းငဲ့ကြည့်သည်။ နဖူးပေါ်ရှိ ချွေးစေးများကို လက်ခုံဖြင့် ပင့်သုတ်လိုက်ရင်း အနောက်ကို လှည့်ကြည့်မိသည်။ သူစိတ်မလုံပါချေ။ ပတ်ဝန်းကျင်ကို မပြတ်ကြည့်လျှက် အံဆွဲထဲမှ ငွေတစ်ထပ်ကို လှမ်းနိုက်ကာ အိမ်ကထည့်လာသော အနွေးထည် အိတ်ထဲသို့ ပြောင်းရွေ့ထည့်လိုက်သည်။
မသိုးမသန့်ဖြစ်နေသော စိတ်ကို အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက် ရှိုက်သွင်းလိုက်နှင့် ဖြေလျှော့နေရ၏။ မသောက်ချင်သော ရေကို ဟန်ဆောင်ပန်ဆောင် ထသောက်လိုက်ပြီး စားပွဲပေါ်တွင် ပြန်ထိုင်လိုက်သည်။ စာရင်းစာအုပ်ထူထူကြီးကို လှန်ပြီး မင်တံဖျားလေးကို ကိုက်ကာ ကိုက်ကာနှင့် နေလိုက်၏။ တစ်ယောက်ယောက်များ ဝင်လာရင် သာရင် စာရင်းလုပ်နေသည်ပေါ့။
မိမိအနေအထားကို ကျေနပ်သလိုလို၊ ကိုယ့်စိတ်ကိုပဲ နှစ်သိပ်သလိုလိုနှင့် အသက်မပါစွာ ရယ်ချလိုက်သည်။ ပိုက်ဆံပြောင်းထည့်လိုက်သော အိတ်ကို တဖန် ပြန်လှည့်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ နောက် စာအုပ်ကို ပြန်ငေးကြည့်သည်။ စာတစ်လုံးမှ မျက်လုံးတွင် မထင်လာပဲ အိမ်သူမယား၏ ပုံရိပ်သာ ပေါ်လာသည်။ ထိုအခါ ဦးသာခင် သက်ပြင်းကို ပိုပိုသာ ရှိုက်ရပြန်၏။

(ခ)
“နှလုံးအဆို့က ကောင်းကောင်းအလုပ်မလုပ်ဘူး။ သွေးတိုးတက်နေတဲ့ အခုချိန်မှာ ခွဲစိတ်လို့ မရဘူး။  ဖြစ်နိုင်ရင် နောက်တစ်ပတ်လောက် ခွဲစိတ်ရမယ်။ အမေကြီး ဘာမှ မကြောက်နဲ့နော်။ ခွဲစိတ်ပြီးသွားရင်တော့ ကောင်းသွားမှာပါ။”
တာဝန်ကျ ဆရာဝန်သည် ပြောစရာစကားများ မှာပြီးနောက် အရေးကြီးလူနာ ထားသည့်အခန်းမှ  ပြန်လည်ထွက်ခွာသွားသည်။ ဆေးရုံခုတင်ပေါ်တွင် မျက်လုံးဟောက်ပက်နှင့် လူနာဆိုသည့် သူ့ဇနီးကို ငေးကြည့်မိသည်။ လေတိုက်လျှင်တောင်  လဲကျသွားမတတ် ပိန်လှသော သည်ခန္ဓာကိုယ်မှာ ရောဂါပေါင်း သောင်းခြောက်ထောင်က မှီတည်နေသေးသည်။ ဦးသာရင် သည် အလကားရသော သက်ပြင်းများသာ တွင်တွင် ချနိုင်တော့၏။
ပင်စင်စား လခလေးနှင့် ရပ်တည်နေသည့် သူ့ဘဝတွင် တုံးလုံးစာအနည်းအကျင်းက ဆေးရုံတွင်းသို့ ဝင်ဝင်ချင်း ကုန်လေသည်။ ခေတ်အနေအထား တိုးတက်လာသည့် ကုန်ဈေးနုန်းအကြောင်းကို လိုအပ်သော ဂွမ်း၊ အရက်ပြန် သွားဝယ်မှ ကောင်းကောင်းသိရ၏။ လူနာအတွက် အားဆေးဆိုသည်က သူ၏အိတ်ကပ်နှင့် များစွာ အလှမ်းဝေးလျှက်။
သူလိုနေသည်မှာ ငွေ။ ဇနီးဖြစ်သူ ခွဲခန်းကို ရှောရှောရှုရှု ဝင်သွားဖို့က ငွေနှင့် ချူရပေမည်။ အပေါင်းအသင်းမိတ်ဆွေများဆီမှာ ငွေကို လည်း မချေးချင်။ သူဘာလုပ်ရမည်နည်း။ အနည်းငယ် ပျံချင်နေသော ချွေးတို့ကို အင်္ကျီလက်စနှင့် သုတ်ပစ်လိုက်သည်။
“သမီးငယ်။ နင်တို့ အမေကို ခဏ စောင့်ကြည့်ကျန်ရစ်။ အဖေ အိမ်ပြန်လိုက်ဦးမယ်။”
အငယ်ဆုံးသမီးကို လူနာဘေးတွင် စောင့်ကြည့်ခိုင်းထားလိုက်ပြီး ဦးသာရင် အိမ်သို့ ခပ်သော့သော့ ပြန်လာသည်။ ထိုင်နေကျ ပက်လက်ကုလားထိုင်ပေါ် ပစ်လှဲချလိုက်ပြီး ဘဝအမောကို ခဏတဖြုတ် ပြေတန်ကောင်းရဲ့ မျှော်လင့်ချက်ဖြင့် တရေးအိပ်လိုက်သည်။ တစ်ညလုံး လူနာဘေးတွင် အအိပ်ပျက်ခဲ့ရသည် မဟုတ်ပါလား။
(ဂ)
သားကြီး သြရသကို အားကိုးတကြီးတိုင်ပင်မိသူက ဦးသာရင်။ တိုင်ပင်လိုက်မိသည် ကိုက သူ့အမှား။ ကိုယ့်ဒုက္ခကို ပြဖို့ထက် သူ့ဒုက္ခကို အရင်ခင်းကျင်းလိုက်သည်မှာ ကိုယ်ကပင် ပြန်ကယ်ရတော့မလိုလို။ သားသမီးငါးယောက်ကအနက် ဒီကောင်က မသိတတ်ဆုံး ဟု ဦးသာရင် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
အငယ်ဆုံးသမီး၏ သမီး။ မိမိ၏ မြေးမ။ ငါးနှစ်သာရှိသေး၏။ စကားက တတ်လိုက်ပါဘိခြင်း။ အနားသို့ ကပ်လာပြီး မုန့်ဖိုးလာတောင်းသည်။ ဦးသာရင်သည် အိတ်ကပ်ကို စမ်းလိုက်ရာ မာတင်တင် ဖြစ်နေသည့်အတွက် ဝမ်းသာအားရ နိုက်လိုက်သည်။ စာရွက်ခေါက်များသာ အပါများပြီး ငွေဆို၍ ငါးဆယ်တန် ခပ်နွမ်းနွမ်းသာ ကြားညပ်ပါလာသည်။ ငါးဆယ်ရှိတော့ ငါးဆယ်လေးသာ ပေးလိုက်သည်ကို အပြစ်ဖြစ်ရပြန်သည်။
“ဘိုးဘိုးကြီးကလည်း။ ငါးဆယ်က သကြားလုံးပဲရတာကို။ ချောင်းဆိုးအောင် လုပ်နေတာလား။”
အမျိုးမျိုးလှည့်ပတ်ချော့လိုက်ရသည်။ အပူများက သေးသေးပဲဖြစ်စေ၊ ကြီးကြီးပဲစေ ပူစပ်လှောင်သည့် အာနိသင်တော့ ရှိကြပါလား။ ဦးသာရင် အသက်ခြောက်ဆယ်ကျော်သည့်အခါ ဗေဒင်ဆရာများက အိုဇာတာကောင်းမည် ဆိုပါလား။ ခုထိ အပူတောကမထ၊ လူလုံးမကြွ ဖြစ်နေရသည့် အဖြစ်ကို တွေးပြီး ထိုသူတော်ကောင်းများအား သတ်ချင်သည့် စိတ်က တဖွားဖွား ဖြစ်မိ၏။
“အဖေ။ သားဆိုင်က အမြတ်ခွန်ရှောင်ထားတာ နည်းနည်း ပြောပေးပါဦး။ မနေ့က ဒဏ်ရိုက်စာလာတယ်။ အဲဒါ အမြတ်ခွန် ဦးစီးက အဖေ့ သူငယ်ချင်းမဟုတ်လား။ ရက်နည်းနည်း ဆိုင်းပေးပါဦးလို့။ နော့် … ဖေ။”
“အေးကွာ…အေး။ အေး။ သွားပြောပေးမယ်။ ဒါပဲမဟုတ်လား။ ပြန်တော့ကွာ။”
မျက်နှာမကောင်းစွာနှင့် ထွက်သွားသော သား၏ ကျောပြင်ကိုငေးလျှက်။ သည်လို သားတွေ မွေးရတာပင် ဝမ်းရေးစပ်လှသည်။ မိဘအခက်အခဲကို သူတို့အခက်အခဲလောက် ထိပ်တင်ဦးချ မလုပ်တဲ့ အကောင်တွေ ဟု ခပ်ချဉ်ချဉ်ရေရွတ်ပြီးနောက် ထမင်းစားခန်းသို့ ဝင်လာလိုက်သည်။ အလတ်မ က မီးဖိုခန်းတာဝန်ကို ယူထားသည့်အတွက် အချိန်တန်ဝင်ကြည့်လိုက်၊ ထမင်းဟင်းတော့ ချက်ပြီးသား၊ ကျက်ပြီးသားပင်။
“အလတ်မ။ ဘာဟင်းချက်လဲ။”
“ငါးတစ်လုံးဟင်းနှင့် သုည ပတ် အဲ ငါးဟင်း၊ ဘူးသီးဟင်းခါး အဖေ။”
စပ်ဖြဲဖြဲနှင့် ရယ်ပြနေသော သည်ကောင်မကို ခပ်နာနာ အုပ်ထည့်လိုက်ချင်သည်။ သူက တစ်မျိုးတစ်ဖုံ ဒုက္ခပေးသေးသည်။ ဈေးဖိုး ငါးထောင်ပေးလိုက်လျှင် သုံးထောင်သာ အဖတ်တင်သည်။ ကျန်နှစ်ထောင်ကား ချဲဒိုင်သို့ ရောက်သွားသည်။ ကိုယ်မွေးထားသည့် မျောက်များက ခုထိ သူ့ကို ခြောက်ပြရုံကလွဲပြီး အုန်းသီးမခူးပေးသေး။ ထမင်းအသော့စားကာ ဘုရားပေါ်သို့ တက်လာလိုက်သည်။ ဆေးရုံကိုတော့ ညနက်မှ သွားတော့မည် ဟု စိတ်ကြံရွယ်လျှက်။
(ဃ)
အကြောင်းဖန်လာသောအခါ ဘုရားငွေမှန်း သိလျှက်နှင့် သူ ပစ်မှားမိပြီ။ ဘာမှ မတတ်နိုင်။ လောကီရေးရာ အရှုပ်အထွေး သပွတ်အူထဲမှ ရုန်းထွက် လွတ်မြောက်ကာ သတ္တဝါတို့အား ကြင်နာစွာ တရားပြသော မြတ်စွာ ဘုရားက သူအား ခွင့်လွတ်တန်ကောင်းပါရဲ့။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက မထင်မှတ်ပဲ ဆုံခဲ့ရသည့် သူငယ်ချင်း၏ စကားများက ပြန်ပေါ်လာသည်။ ဆယ်နှစ်နီးပါး မတွေ့ခဲ့သည့် သူငယ်ချင်းမှာ အရင်လို အခြေအနေမျိုးမဟုတ်တော့။ အပြောင်းလဲကြီး ပြောင်းလဲနေသော ငယ်သူငယ်ချင်းဖြစ်သူကို သူပင် မမှတ်မိနိုင်ခဲ့။ သူငယ်ချင်းက နုတ်ဆက်မှသာ မှတ်မိသည့်အဖြစ်။ တစ်ည သူနှင့် စေတီတော် ရင်ပြင်တွင် ထိုင်ပြီး စကားလက်ဆုံ ကျခဲ့သည်။
“မင်း ဂေါပကလုပ်နေတာလား။”
“အင်း။ ဘဏ္ဍာရေးမှူး ဆိုပါတော့။ မင်းရော အဆင်ပြေလား။”
“အေး။ ငါ့အကြောင်းက ထွေထွေထူးထူးမရှိပါဘူး။ သားသမီးတွေ ကောင်းလို့ အိုဇာတာကောင်းသွားတယ်ပေါ့ကွာ။ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။  ဒါနဲ့ နေပါဦး။  မင်း ဂေါပက လုပ်တာ လိပ်ပြာရော သန့်ရဲ့လား။”
“မင်း ဘာကို ဆိုလိုတာလဲဟ။”
“ဒီလိုလေ။ လူတွေက လူတစ်ယောက်ကို အကောင်းမြင်တာထက် အဆိုးကို အရင်မြင်တတ်ကြတယ် မဟုတ်လား။ ဘုရားရိပ်၊ တရားရိပ်မှာ နေပြီး ဘုရားကျွေးတာစား။ ဟိုလိုလေကွာ။ သားရေပေါ်အိပ် သားရေနား စား ဆိုပြီး အပြော မခံစေချင်ဘူး သိလား။ မင်းကိုတော့ ငါယုံပါတယ်။ ငယ်ကတည်းက မင်း ရိုးသား ထုံအ ခဲ့တာ ငါအသိဆုံး။”
“ဟေ့ကောင်။ ရိုးသားတယ် လုပ်စမ်းပါ။ ဘယ်နှယ် ထုံအတယ် ဆိုတာက ပါလားတာတုန်း။”
“အေးဟေ့။ တို့လည်း အသက်မငယ်တော့ဘူး။ အသက်ကြီးမှ တရားနီးရတယ်။ ဘဝကူးကောင်းအောင်လို့ဟေ့။”
သူငယ်ချင်းက ပြောလည်းပြော၊ ထလည်း ထထွက်သွားကား ဘုရားရှိခိုးနေလေပြီ။ ဦးသာရင် မှာ အတွေးနက်ကျန်ခဲ့ရ၏။ ဟုတ်သည်။ ငယ်စဉ်ကတည်းကအစ အစိုးရတာဝန်ထမ်းဆောင်စဉ်တစ်လျှောက် ရိုးသားသည် ဟုသော ဂုဏ်ပုဒ်ကို မပျက်မယွင်းအောင် ထိန်းသိမ်းခဲ့သည်။ သူတို့ခေတ် သူတို့အခါတုန်းက လစာလေးများဆိုလျှင် တစ်ရာမကျော်တတ်ပေ။ မိသားစု ငါးယောက်အတွက် ထိုငွေ ရှစ်ဆယ်၊ ကိုးဆယ်က လုံလောက်ခဲ့သည်။ အခုထိလည်း သတ်မှတ်ပေးထားသည့် ပင်စင်လစာလေးနှင့် လုံလောက်နေခဲ့သည်ဟု ထင်ခဲ့သည်လေ။
အခုချိန်မှာ သူငယ်ချင်း၏ စကားလုံးမှာ သူ့အတွက် လက်မခံနိုင်သော စကားလုံးများပင် ဖြစ်နေ၏။ စကားတိုင်းက သူ့ဆီချိန်ရွယ်ကာ ပစ်မှန်းနေသလို ခံစားနေရသည်။ လိပ်ပြာမလုံသော် အတိတ်ပါ မလုံ ဖြစ်နေသည့် သူမှာ နောက်ထပ်တစ်ချီ ချွေးများ သီးလာပြန်သည်။
(င)
ခွဲခန်းဝင်ပြီး သတိကောင်းစွာ ရလာပြီ ဖြစ်သော ဇနီးသည်ကို ဦးသာရင် ငေးကြည့်နေသည်။ အခုမှ မျက်နှာကလေး လန်းရွင်သွားသည်ဟု သူထင်မိသည်။ ခွဲစိတ်ခ၊ ဆေးဖိုးဝါးခ သွင်းနေစဉ်ကလည်း သူ စိတ်လက်ချမ်းသာခဲ့ပါသည်။ သြော်…. တကယ်လည်း ချမ်းသာခဲ့ပါ၏။ ငွေများ ဗုံးပေါလအော သုံးချလိုက်သည်ကို သားကြီးရော၊ သမီးလတ်၊ သမီးငယ်များပါ အံ့သြကုန်သည်။ သည်ငွေ ဘယ်က ရသည်ပေါ့။
“အဖေ့သူငယ်ချင်းဆီက ချေးလာတာ။”
သူ့စကားတွင် လိမ်ညာခြင်း တစိုးတစီမှမပါ။ သူ လိပ်ပြာသန့်စွာ ပြောချလိုက်ပါသည်။ မျက်နှာငယ်မှာထက် ဂုဏ်သိက္ခာ မပျက်မယွင်းဖို့သာ အဓိကမဟုတ်ပါလား။
“အဖေ။ အဖေ့သူငယ်ချင်းဆီမှာ သားကိုလည်း နည်းနည်းပြောပေးပါလား။ ဆိုင်လည်ပတ်ဖို့က အရင်းအနှီးထည့်စိုက်မှ ရတော့မယ်။”
သားကြီးကို စိတ်ပျက်စွာ စိုက်ကြည့်လိုက်သည်။ ကိုယ်အိုး ကိုယ့်အိမ်နှင့် နေလာသည့် သက်တမ်းတစ်လျှောက်လုံး အဖေဖြစ်သူက တောက်လျှောက် လိုက်ကြည့်နေရသည့်အဖြစ်။ သူ့အစား ဦးသာရင် ရှက်မိပါ၏။ အချိန်တိုင်း လက်ဖြန့်တောင်းနေတတ်သော သူ့သားသမီးများ သိတတ်လာမည့် အချိန်ကို မမျှော်လင့်ချင်တော့ပါ။ သို့ကြောင့် ခပ်ကြမ်းကြမ်းပင် ပြောပစ်လိုက်မိသည်။
“သားကြီး။ မင်းလည်း မင်းဘဝနဲ့ မင်းအခြေအနေနဲ့။ မိဘကို ထပ်ပြီး အပူဒုက္ခတွေ မပြောပါနဲ့တော့လား။ တို့လည်း အသက်ကြီးပြီ။ မင်းတို့ ကိစ္စတွေနဲ့ လိုက်ပြီး မပူပေးချင်တော့ဘူး။ အမှန်ပြောရရင် မင်းတို့ဆီက မရှက်မကြောက် လုပ်ကျွေးစာလေးကို မျှော်လင့်နေမိသေးတယ်။ အခုတော့ သိပြီ။ နောက်နောင် ဘာကိစ္စပဲဖြစ်ဖြစ် မင်းတို့ဆီက အကြံအဥာဏ်ရော၊ ပိုက်ဆံရော မယူရဲတော့ဘူး။ ယူပြီးရင်လည်း လိပ်ပြာသန့်သန့် မစားရဲတော့ဘူး။ ပြီးတော့ မင်းတို့ သိအောင် ငါပြောရဦးမယ်။ ငါ ဘုရားဂေါပက လုပ်တုန်းမှာ မင်းအမေက ဆေးရုံတက်ရတယ် မဟုတ်လား။”
“အေး။ ခွဲစိတ်ခ အတွက် ကြံရာမရတဲ့ အဆုံး ငါဘုရားငွေကို ခိုးဖို့ စိတ်ကူးလိုက်သေးတယ်။  မဟုတ်ဘူး။ အိတ်ထဲတောင် ထည့်နှင့်ပြီးပြီ။ ငါ့ဘဝတစ်လျှောက် ရိုးသားစွာ၊ ကိုယ်မှန်တာ ထင်တာပဲ လုပ်လာခဲ့တယ်။ မနေ့တနေ့က တဒင်္ဂမိုက်မိတဲ့ အမိုက်မှောင်လေး မလာခင်အထိပေါ့။ ဒါပေမယ့် ငါရုန်းထွက်နိုင်ခဲ့ပါတယ်။ ဘုရားငွေတွေ ပြန်ထားပြီး သူငယ်ချင်းတစ်ယောက်ဆီမှာ အောက်ကျို့ခံ ငွေချေးလိုက်တယ်။ ဒီငွေတွေက ငါပြန်ဆပ်ရမယ့်ငွေတွေ။ အချိန်မရွေးပြန်ဆပ်လို့ရတယ်။ မသေမချင်းပေါ့။ မင်းတို့ဆီက လျှာပဲ မြက်မပေါက်ခံပြီး မစားတော့ပါဘူး။ ကဲ…ကဲ။ ဒီကနေ့က စပြီး ကိုယ့်လမ်း ကိုယ်လျှောက်ကြကွာ”
သားကြီး မျက်နှာ စူပုပ်ကာ ခြေဆောင့်ထွက်သွားသည်။ စိတ်မကောင်းသော်လည်း ဘာမှမတတ်နိုင်။ ဦးသာရင် မိန်းမဖြစ်သူကို လှည့်ကြည့်လိုက်၏။ သူ့လက်ကို ဖျစ်ညစ်ကာ ပြုံးပြနေသော မိန်းမကို ပြန်လည် ပြုံးပြကာ အားတင်းပေးလိုက်သည်။
“ငါမမှားပါဘူးနော်။”
“ရှင်မမှားပါဘူး။ ကျွန်မတို့ ကလေးတွေ လူလား မမြောက်သေးလို့ပါ။”
“ဘိုးဘိုး။ မုန့်ဝယ်စားဖို့ ပိုက်ဆံပေးပါ။”
ဟော။ သည်အဘိုးအချစ် မြေးအနှစ်ကလေး အား ခပ်စူးစူး စိုက်ကြည့်လိုက်ပြီး တစ်ရာတန်တစ်ရွက် ထုတ်ပေးလိုက်သည်။ အခန်းအတွင်းမှာ လူနာ၏ နွမ်းလျလျ ရယ်သံ၊ သမီးငယ်၏ သူ့သမီးကို ချစ်စနိုးမာန်မဲသံ၊ သူ့ရယ်သံ ဟိန်းဟိန်းကြီးများက ရောထွေးပျံ့နှံ့နေတော့၏။

ပျူမခ(ကော့သောင်း)

0 comments: