Showing posts with label ၀တ္ထု. Show all posts
အချစ်သည်
ဆုံစည်းဖို့ရာ မဖြစ်နိုင်သည့်ပြိုင်မျဉ်းနှစ်ကြောင်းကို တစ်ချိန်တွင်ဆုံစည်းလိမ့်မည်ဟုများ နှင်း မျှော်လင့်နေခဲ့မိသလား။ တကယ်ဆို မိန်းမသား တန်မဲ့ တစ်ဖက်သတ်ဆိုသည့် ချစ်ခြင်းနယ်ပယ်ထဲကျွံဝင်သွားမိခြင်းမှာ သေချာတွက်ဆကြည့်လျှင်မူ ရှက်ဖို့ကောင်းလွန်းလှသည်။ သို့သော် မချစ်ပဲလည်း မနေနိုင်ပြန်။
သူက အရာရာကို ဆုပ်ကိုင်နိုင်စွမ်းရှိသော လက်ဖဝါးဖြစ်လျှင် နှင်းက လက်ဖမိုးဖြစ်မည်ထင်သည်။ သူ့ အမြင်အောက်ဝယ် သက်ဝင်လှုပ်ရှားနေသော အရာတို့ကိုသာ သူမြင်နိုင်ပေလိမ့်မည်။ သူ၏ အနောက်ခြမ်းမှ နှင်းအား သူမြင်နိုင်မည်မဟုတ်ပေ။ တကယ်ဆို နှင်းသည်သာ စိတ်ကူးနှင့် ရူးနေမိသူမဟုတ်ပါလား။ သူ့အတွက် ထာဝရပျောက်ဆုံးနေမည့် နှင်း၏ ပုံရိပ်ကို  သိသိကြီးနှင့် မျှော်လင့်နေခြင်းပင်။
သူဆိုသည်က နှင်း၏ ချစ်ရသူ။
သူ့ပုံစံက ကြည့်လိုက်တိုင်း ရှပ်အိကျီ င်္ကွက်ကျဲနှင့် ဂျင်းဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားတတ်သည်။ ဆံပင်ကတိုသော်လည်း အမြဲပင် ဆီနှင့်ဝေးကွာနေသည့်ဟန်။ ပွယောင်းယောင်းနှင့်။ သူ့မျက်နှာက ချောသည်ဟု မဆိုသာ။ ယောင်္ကျားပီသသည်ဟု ပြော၍တော့ ရ၏။ တည်ငြိမ်သော သူ့ရုပ်သွင်က မြင်သူတိုင်းအား စိတ်အေးချမ်းစေသည်ကတော့ အမှန်ပင်။ သူ့စကားသံက သွက်ပေမယ့် လေသံက လေးသည်။ တကယ်တမ်းတော့ သူသည် နှင်းအတွက်တော့ ကောင်းကင်ထက်က တိမ်တစ်စလိုမျိုး ဖမ်းဆုပ်ခွင့်မရှိပဲ ငေးကြည့်ခွင့်သာရှိသည့်အရာ။ ဘာ့ကြောင့်များ ထိုအရာကိုမှ စွဲလမ်းတပ်မက်နေရပါသလဲ ဟုတွေးမိတော့ မချိပြုံးပြုံးမိလိုက်သည်။
စာအုပ်အရောင်းဆိုင်၏ ဝန်ထမ်းလေးမျှသာဖြစ်သော သူ့လစာက မက်မောဖို့ မကောင်းလွန်းလှစွာ နည်းပါးလွန်းလှသည်။ သို့သော် စာအုပ်များကြားထဲ ပျော်နေသည့်သူကတော့ဖြင့် နှင်း၏ အတွေးမျိုး တွေးမိဟန်မတူ။ အလုပ်အားလပ်ချိန်ဝယ် စာအုပ်ပုံကြားထဲ ခေါင်းထိုးကာ နှစ်သက်ရာစာကို ရှာဖွေဖတ်ရခြင်းကို သူနှစ်သက်သည်။ အသစ်ထွက်ပေါ်လာသော စာရေးဆရာတို့၏ စာတို့ကို ဝေဖန်ရင်း လက်ရာကောင်းသည့်စာရေးဆရာမျိုးတွေ့ရလျှင် သူ နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ တသသ ပြောတတ်သည်။ နှင်း မထင်မှတ်မိသော အရာတစ်ခုက သူသည် စာရေးဖို့ ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပြန်သေးသည် တဲ့လေ။ တခါတရံ သူ့ဝတ္ထုတိုလေး တစ်ပုဒ်တစ်လေမျှ အရွေးခံရရုံနှင့် ကြွားမဆုံးတော့။ မဂ္ဂဇင်းတွင် အရွေးခံရသည်မှာ သုံးပုဒ်သာရှိသေးသော်လည်း ရသစာရေးဆရာ ဟူသည့် မာန်လေးကတော့ဖြင့် ပြင်းထန်လှသည်။ ထိုကဲ့သို ရသ စာရေးဆရာဖြစ်ရခြင်းကိုလည်း သူ ဂုဏ်ယူနေမှန်း နှင်းမြင်နေရ၏။
သူနှင့် နှင်းအကြား ဆက်သွယ်ပေးခဲ့သည့် အရာကတော့ အနုစိတ်အတွေးသစ် ဆိုသည့် စာအုပ်ဆိုင်လေး။
ထိုစာအုပ်ဆိုင်လေးဝယ် ရဝေ ဆိုသော သူ့ကို မထင်မှတ်ပဲတွေ့ခဲ့ရသလို စိတ်ထဲတွင်လည်း အမှတ်ထင်ထင်မရှိခဲ့ပါ။ နှင်းကို စာအုပ်ကူရှာပေးဖူးသည့် ဆိုင်ဝန်ထမ်းတစ်ယောက်ဆိုသည့် အသိထက် ပို၍ ဦးနှောက်ဝယ် မှတ်မထားမိခဲ့ပါ။ တကယ်ဆိုသူသည်လည်း နှင်း၏ စိတ်ဝယ်မှတ်မှတ်ထင်ထင်ဖြစ်နိုင်လောက်အောင်ထိ ရုပ်ရည်ကထင်ရှားလွန်းမနေခဲ့ပါ။ ထိုရဝေဆိုသော ကောင်လေးသည် ဂျင်းဘောင်းဘီရှည်နှင့် တီရှပ်ကို ဝတ်ဆင်ထားသည်ဆိုသည့်အသိသည် ဆိုင်ဝန်ထမ်းများ၏ ယူနီဖေါင်းကို သတိတရ မှတ်သားမိခြင်းကြောင့်သာ မှတ်မိခဲ့သည်။ ထိုကောင်လေးသည် တချိန်ဝယ် နှင်းကို စွဲဆောင်နိုင်သော အစွမ်းရှိလာမည်ဟုများ သိခဲ့ပါလျှင်…………..။
အဲ့ဒီ့နေ့ကသာ သူနှင့် တွေ့ဆုံမည်မှန်းသိခဲ့ပါလျှင် သို့မဟုတ် နှင်းဘဝအတွက် အရေးပါလာမည့် သူတစ်ယောက်နှင့် ဆုံခဲ့မည်မှန်းသိလေလျှင် ထို စာအုပ်ဆိုင်လေးသို့ သွားဖြစ်ဦးလေမည်လား။ သို့မဟုတ် နောက်တစ်နေ့ဝယ် ရုံးတက်ဖြစ်ဦးမည်လား။
သူ၏ စိတ်ဓါတ်ကို လေးစားမြတ်နိုးသွားမိမည်မှန်းသာ သိခဲ့ပါလျှင်………….။ သူ့အတွက် အရာရာပေးဆပ်ချင်စိတ် ဖြစ်ပေါ်လာမည်မှန်းသာ သိခဲ့ပါလျှင်…………..။
ထိုဆိုင်လေးသို့ သွားမိဦးမည်လား။
ယခုတော့..........။ အပွင့်ခက်သည့်ပန်းသည် ငွါးငွါးစွင့်စွင့်ပွင့်မိပြီမို့ ပြန်လည် ဖူးငုံရန် ခက်ချေပြီ။ ထွက်ပြီးသားဆင်စွယ်သည် ပြန်ဝင်ဖို့ရာ အကြောင်းမရှိလေပြီ။
……………………………..
(၁)
ဒီဖြစ်ရပ်သည် ဘက်စ်ကားစီးသည့် အချိန်တိုင်း ကြုံနေကျ ဖြစ်သော်လည်း နှင်းသည်းညည်းမခံချင်ပါ။ ကားကျပ်သည်ကို အခွင့်ကောင်းယူ၍ မိန်းကလေးများအပေါ်၌ အသားယူတတ်သော လူယုတ်မာများကို မုန်းတီးလွန်းလှသည်။ ယခုလည်း ကြည့်ပါဦး။ နောက်နားဆီမှ သကောင့်သားက ကားကျပ်သလိုလိုနှင့် ကားလက်တန်းကို ခိုထားသည့် သူ့လက်သည် နှင်း၏ပုခုံးကို ဖက်သလိုလိုပင် ဖြစ်နေချေပြီ။ တစ်ချက်တစ်ချက် ကား၏ အကွေ့ဝယ် သူ့ခန္ဓာကိုယ်က နှင်းအပေါ် ပိပိကျလာတတ်ပြန်သေးသည်။ ဆွဲခြင်းတောင်းတစ်ဘက် ၊ လက်တန်းကို တစ်ဘက်ကိုင်ရသည်မို့ လက်ကလည်းမအား။ သို့မဟုတ်လျှင်ဖြင့်အပ်ချိတ်နှင့် ထိုသကောင့်သား၏ ခါးကို စွိခနဲ ထိုးပစ်ချင်လှသည်။
“ညီမ ဒီခုံမှာလာထိုင်လိုက်”
အမိန့်ပေးသံဆန်သော စကားကြောင့် ခေါင်းငုံ့ကြည့်လိုက်တော့ သူမနှင့်အသက်မတိမ်းမယိမ်းဖြစ်ဟန်တူသည့် ကောင်လေးတစ်ယောက်။ အမိန့်ပေးသံဆန်လှသော စကားသံကို မနာခံချင်သော်လည်း နောက်နားဆီမှ သကောင့်သားကြောင့် နှင်း ခေါင်းညိတ်ပြလိုက်မိသည်။ နှင်း၏ ခေါင်းအညိတ်ဝယ် ထိုကောင်လေးသည် ရုတ်ခနဲ မတ်တပ်ရပ်ကာ နှင်း၏ ဘေးနား လာရပ်တော့မှ နှင်းလည်း ထိုင်ခုံဝယ် ထိုင်လိုက်မိတော့သည်။
ယခုမှပင်စိတ်သက်သာရာ ရသွားတော့သည်။ ထိုသကောင့်သားကတော့ အခြားသော မိန်းကလေးတွေနားသို့ ကပ်ဖို့ပြင်နေသေးသည်ထင့်။ ဟိုကြည့်လိုက်ဒီကြည့်လိုက်နှင့်မိန်းကလေးများထံသို့သွားရန် လေ့လာနေသည်ကို တွေ့ရ၏။
ခြင်းတောင်းကို ပေါင်ပေါ်တင်ရင်း မျက်စိမှတ်ကာ လိုက်လာသည်မှာ “လမ်းလေးဆယ်ဆင်းမယ့်သူတွေ ပြင်ထားပါ” ဆိုသည့်အသံကြားမှပင် ကပျာကယာနှင့် ထဖို့ပြင်လိုက်ရတော့သည်။ သကောင့်သားကို မျက်စိဝေ့ဝဲကာ ရှာကြည့်တော့ ဘယ်ချိန်ကတည်းက ဆင်းသွားသည်မသိ။ နှင်းလည်းကားတံခါးရှိရာသို့ တွန်းထိုးထွက်လာခဲ့သည်။ ဒီတစ်ခါ ကားတံခါးရှိရာသို့ တိုးထွက်ရာတွင် အရင်ကားများတွင် တိုးထွက်ရသလောက် မခက်ခဲ။ အဘယ့်ကြောင့်ဆိုသော် နှင်း၏ ရှေ့ဝယ် ကောင်လေးတစ်ယောက်က အားကြိုးမာန်တက်နှင့် တိုးဝှေ့ကာ ထွက်နေသည်မှာ နှင်းအတွက်တော့ လမ်းရှင်းပေးနေသကဲ့သို့ပင်။ သူ၏နောက်မှ အသာအယာမျောလိုက်ရန်သာ။
ကားပြင်ရောက်တော့မှ အသက်ဝဝရှုရင်း နှင်း၏ အရှေ့မှ ကောင်လေးကို ကြည့်လိုက်တော့ နှင်းရင်ထဲ တုန်ခနဲ ဖြစ်သွားသည်။ ထိုကောင်လေးသည်လည်း နှင်းကို ငေးကြည့်နေသောကြောင့်ပင်။ ရိုးရိုးတန်းတန်းငေးကြည့်နေခြင်းပင်မဟုတ်။ ပြုံးကာ ငေးကြည့်နေခြင်းဖြစ်သည်။
“မှတ်မိလား ညီမ”
သူ့မေးသံကြောင့် နှင်းကိုယ်လေး တုန်ခနဲ ဖြစ်သွားရသည်။ မှတ်မိပါသည်။ ခုံနေရာဖယ်ပေးသည့်သူ ဟု။ ခုံနေရာလေးတစ်ခုဖယ်ပေးရုံနှင့် ဇာတ်လမ်းရိုက်ချင်တာလားဟု တွေးရင်းစိတ်ထဲ မျက်ခနဲ..။ သို့သော် ဘာစကားမျှ မဆိုမိပဲ သူ့ကိုသာ ငေးကြည့်ရင်း စဉ်းစားဟန်ပြုနေလိုက်သည်။
“မနေ့ကတောင် စာအုပ်တွေ ကူရွေးပေးသေးတယ်လေကွာ … အနုစိတ်အတွေးသစ် စာအုပ်ဆိုင်လေ”
ထိုသို့ပြောပြီးမှ မမှတ်မိသည့်နှင်း၏ဟန်ကို သတိပြုမိသွားဟန်နှင့်
“မမှတ်မိလည်း ဆက်မစဉ်းစားနဲ့တော့နော် ညီမ အစ်ကိုသွားတော့မယ်”
“မဟုတ်ဘူးအစ်ကို ရုတ်တရက်မို့ပါ မှတ်မိပါတယ်”
ထိုစကားကိုဘယ်အရာက တိုက်တွန်း၍များ အမေါတကောပြောလိုက်မိမှန်း နှင်းကိုယ်နှင်းပင် သတိမထားလိုက်မိ။ သတိထားမိချိန်ဝယ် နှင်းသည် ထိုသူ့အနားမှာ..။
“အစ်ကို့နာမည်က ရဝေ ပါ…….. ညီမက သတိမထားမိလို့သာ ညီမ စာအုပ်လာဝယ်တိုင်း ရွေးပေးရတာ အစ်ကိုပဲ များတယ်လေ.. ဒါ့ကြောင့်သတိထားမိနေတာ”
“ရှင်.. ဟုတ်ကဲ့.. စာအုပ်ရွေးနေချိန်ကျ နှင်းက ဘာကိုမှ သတိမထားမိဘူး”
ရှက်ပြုံးလေးနှင့်ပြုံးပြလိုက်၇င်း ဘာ့ကြောင့်များ ထိုသူနှင့် စကားလက်ဆုံကျနေရသလဲ ဟု စဉ်းစားဖို့ မေ့လျော့စွာ။
“ညီမ အလုပ်ကကော”
“အစ်ကိုတို့ စာအုပ်ဆိုင်ရဲ့ မျက်စောင်းထိုးနားမှာတင်ပါ..”
“သြော်” ဟုဆိုကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း လမ်းလျှောက်နေသော သူ့ကို ကြည့်၍နှင်းစကားတို့ မဆိုမိပြန်။
သူမသိပဲ တွေးလိုက်မိတွေးလိုက်မိသော နှင်းအတွေးကြောင့်သူ့အပေါ် အားနာခြင်းများစွာ ဖြစ်ထွန်းမိရရင်း တိတ်တဆိတ် တောင်းပန်နေမိ၏။
……………
(၂)
အချစ်ဆိုတာမမျှော်လင့်သည့်နေရာမှပေါ်ထွက်တတ်သလား။ နှင်း မသိပါ။ သို့မဟုတ် မြင်မြင်ခြင်းအချစ်ဆိုတာရှိသလား။ နှင်း မသိ။ သူ့ကိုစတွေ့သည့်အချိန်တုန်းကတော့ တချိန်တွင် နှင်း ချစ်လာမည့်သူဟု မမျှော်မှန်းခဲ့မိသည်မှာ သေချာပါသည်။ သို့သော် အချိန်အနည်းငယ်မျှ စကားပြောခွင့်ရရုံနှင့် သူ့ကို တန်ဖိုးထားလေးစားမိသွားသည့် နှင်းကိုယ်နှင်း အံ့သြရသည်။ နှင်းက မည်သူ့ကိုမျှ လွယ်လွယ်နှင့် တန်ဖိုးထားတတ်သူမဟုတ်ပေ။ လေးစားတန်ဖိုးထားခြင်းကို မျက်ကန်းအထင်ကြီးခြင်းနှင့် မနှိုင်းယှဉ်ချင်ပါ။ တချိန်တွင် နှင်း၏နှလုံးသားအား မြုပ်နှံမိမည့်သူ ဟု ကြိုမသိမိခဲ့သော နှင်း၏ ချစ်ရသူလေးသည် အမှန်တကယ်ကို လူအများအလယ်တွင်မထင်ရှားသော သာမန်လူငယ်လေးမျှသာ ဖြစ်သည်မဟုတ်ပါလား။
နှင်း ရုံးဆင်းချိန်တိုင်းသည် သူ့အလုပ်ဆင်းချိန်မဟုတ်သော်လည်း တစ်ပတ်လျှင် နှစ်ရက်လောက်တော့သူနှင့် ဆုံတတ်သည်။ နေ့လည်စာ စားချိန်တွင်မူ နှင်းနှင့်သူသည် လက်ဖက်ရည်ဆိုင်ဝယ် အတူထိုင်မိကြရင်း အလုပ်ကိုယ်စီမှ သက်ပြင်းမောတို့ကို ဖွင့်ချမိမြဲ။ ထို့ကြောင့်သာ သူ့အကြောင်းလေးတွေကိ တစတစနှင့် ပိုပို သိလာရသည်မဟုတ်လား။ ထို့ကြောင့်သာသူ့စိတ်ဓါတ်လေးကို လေးစားမြတ်နိုးသွားမိရသည်မဟုတ်လား။
မျက်လုံးအစုံကိုမှိတ်လိုက်မိတော့ နေ့လေးတစ်နေ့က အမြင်လွှာတွင် ထင်းခနဲ ပေါ်ပေါက်လာသည်။ ထိုနေ့သည် နှင်းအတွက် ရင်ကွဲစရာသတင်းလေးတစ်ခုကို နှင်း၏ ရှေ့မှောက်သို့ မျက်ဝါးထင်ထင် ကိုယ်ထင်အပြခံလိုက်ရသော နေ့ဖြစ်သည်။ နှင်းအတွက် ပြဿဒါးနေ့ဖြစ်ခဲ့သည်။
……..
နှင်း၏ မျက်နှာက စူပုတ်နေမည်မှာ သေချာလွန်းလှသည်။ နှင်းကိုယ်တိုင် သေချာမှာထားခဲ့ပါလျှက် ထိုရုံးပြာတာသည် နမော်နမဲ့ နိုင်လွန်းလှ၏ ရုံးအုပ်ကြီး၏ မောင်ဆိုတော့လည်း ပြောချင်ရာသာ ပြောလိုက်မိလို့ကတော့ နှင်းကို ရုံးအုပ်ကြီးက မဲဦးတော့မည်။ ထိုဖိုင်အထပ်လိုက်ကို ရှစ်စုံစီ ကူးဖို့ မနက်ကတည်းက မှာပြီးသား။ ခုတော့ နှစ်နာရီပင် ခွဲချေပြီ။ မကူးရသေး။ အစည်းအဝေး က နောက်တစ်နာရီဆို စတော့မည်မို့ ထိုပြာတာ ကူးဖို့ရာ မေ့နေသော ဖိုင်တွဲအထပ်လိုက်အား မရင်း မိတ္တူကူးဆိုင်ဆီသို့ အပြေး လာလိုက်မိ၏။ အစည်းအဝေးတွင် တင်ပြစရာ ဖိုင်တွဲများမို့ မနေ့တည်းက သေချာစစ်ခိုင်းကာ ရှစ်စုံစီမိတ္တူဆွဲထာူဟု ရုံးအုပ်ကြီးက မှာထားသည် မဟုတ်လား။
သြော်.. တခါတခါကျလည်း စာရေးမလည်း ပြာတာဖြစ်တတ်သားဟုတွေးလိုက်မိတော့ ပြုံးချင်မိသွားရသည်။
“ဟာ နှင်းရည် ဖိုင်တွဲအထပ်လိုက်နဲ့ ..ပါ့လား.. ဘာလဲ ကိုမောင်ညွန့် မအားဘူးလား”
ဆိုင်ထဲသို့အဝင် နာမည်ခေါ်ကာ အမေးခံလိုက်ရခြင်းကြောင့်မော့ကြည့်လိုက်မိတော့ သူ။ နှင်း၏ ချစ်ရသူ ရဝေ။ အပျော်တို့ကို ထိန်းသိမ်းရခက်စွာ ပြုံးလိုက်မိရင်း သွက်လက်စွာပြန်ဖြေလိုက်မိ၏။
“ထုံးစံအတိုင်းပဲလေ အဲ့ဒီ့လူက မေ့နေတယ် သူ့အစ်မမျက်နှာကြောင့်မို့ပေါ့ နို့မို့ နှင်း ကောပစ်လိုက်ပြီ သိလား”
“အဟက် ဟက်”
နှင်း၏ မျက်နှာကို ကြည့်ရင်း ရယ်လိုက်သော သူ၏ ရယ်သံသည် အတန်ငယ် သွက်လက်လွန်းနေလေသလား။ နှင်းပဲ စိတ်ထင်လေရော့သလား။ သူ့မျက်နှာကို မော့ကြည့်လိုက်စဉ်ခဏ
“နှင်းရည်နဲ့ မိတ်ဆက်ပေးရဦးမယ် ဒါက အစ်ကို့ချစ်သူလေ…….ကေသရီ တဲ့ နှင်းရည်နဲ့ အသက်တူတူပဲ”
ခေတ်မီသွက်လက်သော်လည်း မိန်းကလေးဆန်ဆန် လှပသော မိန်းမလှလေးတစ်ယောက် နှင်းရှေ့မှောက်သို့ ရောက်ရှိလာ၏။ သူ့ကိုသာမြင်၍ သူမကို မမြင်မိခဲ့သော နှင်း ယခုတော့ ထိုသူမနှင့် မိတ်ဆက်ရချေပြီ။ ရုတ်တရက်ဆို့နင့်သွားသော နှလုံးသားရှိရာကို လက်နှင့် ယောင်ရမ်းအုပ်လိုက်မိရင်း ရင်ကွဲတယ် ဆိုတာ ဒါမျိုးများလားဟု တွေးလိုက်မိ၏။ သို့သော် ပြုံးလက်စမျက်နှာကတော့ဖြင့် အခြေမယိုင်ခဲ့ပါ။ ဖေါ်ရွေလွန်းစွာ ဖက်လှဲတကင်းဖြစ်လွန်းစွာ လက်ဆွဲနှုတ်ဆက်လိုက်မိ၏။
“ဝါး… အစ်ကို က ချစ်သူ ချောချောလေး ရွေးထားတာပဲ တွေ့ရတာ ဝမ်းသာပါတယ်နော် ကေသရီ… ”
ကေသရီ၏ ရိုးသားစွာပြုံးနေသော အပြုံးတို့ကိုတော့ နှင်း ရင်မဆိုင်ရဲစွာ ခေါင်းငုံ့ပစ်လိုက်ရ၏ မျက်ရည်ကလည်း ကျလုလု ဖြစ်နေပြီမဟုတ်ပါလား။
(၃)
အချစ်ဆိုသည်မှာ နှင်း အတွက်တော့ အလှမ်းဝေးသည့်အရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ စစ်မှန်သည့်အချစ်ရှိသည်ဟု မယုံကြည်ဖူးခဲ့သလို ကြုံခဲ့ဖူးသည့် ချစ်ပါသည်ဆိုသော ယောင်္ကျားများအား ခေါင်းခါငြင်းကာ ၄င်းတို့၏အချစ်ဆိုသည်ကို မယုံကြည်ခဲ့သူတစ်ဦး။ သို့မို့ကြောင့်ပင် ကံတရားက ဒဏ်ခတ်လေသည်ထင့်။ စဉ်းစားမည်ဆိုသည့်စကားလေးပင်မပြောခဲ့ပဲ အမြဲငြင်းမိခဲ့သူ နှင်း ဝဋ်လည်လေပြီထင့်။
သို့သော် အသံမမြည်သော၊ တစ်ဖက်တည်းတီးနေရသော ဤလက်ခုပ်ကိုပင် နှင်း မြတ်နိုးလှပါသည်။
ထိုနေ့မှစ၍ သူ့ကို ရှောင်နေမိသော နှင်းကို သူ သတိပြုမိလေမလား တွေးမိတော့ ရင်ဝယ် နင့်ခနဲ။ သူနှင့် မတွေ့တာ ၁၆ ရက်ပင် ကြာမြင့်ခဲ့ပြီမဟုတ်ပါလား။ သူ့ကို ရှောင်ရုံမျှသာမက နှင်းအတွက် အဆင်ပြေနေသော အလုပ်မှပင်ထွက်လိုက်မိချေပြီ။
သူနှင့် ဆုံမိလေတိုင်း သံယောဇဉ်တို့ကို သူမသိအောင် ဖုံးကွယ်ထားရသည်မှာ ပင်ပန်းလှသည်။ သို့သော် နှင်းကသာ တမင်တကာ ဖုံးကွယ်နေခြင်းသာ။ သူကတော့ သတိပြုမိမည်မထင်ပါ။
သူ့အိကျီ င်္အိပ်ကပ်လေး၌ တွဲလဲ ခိုကာ ပုန်းအောင်းနေသော နှင်း၏ နှလုံးသားကို သူ မြင်သိနိုင်မည်မထင်။ အဘယ့်ကြောင့်ဆိုသော် သူသည် သူ၏ ချစ်သူမှလွဲ၍ တခြားမိန်းကလေးအား စိတ်နှင့်ပစ်မှားဖို့မပြောနှင့် အကြည့်ခြင်းတောင် မဆုံတတ်သူမဟုတ်လား။ လေအဝှေ့ဝယ် သူ့ဆံစလေးများ သွဲ့သွဲ့ခါယမ်းသွားတတ်သည့်အချိန်တိုင်း နှင်း၏ နှုတ်ခမ်းဝယ် အပြုံးတို့ တွဲခိုတတ်သည်ကို သူ သိမည်မထင်။ သူနှင့်ဆုံကာ စကားပြောဖြစ်တိုင်း သူ့အသံလေးများအား တရှိုက်မက်မက်နားထောင်တတ်ကြောင်းကိုလည်း သူ သိမည်မထင်။ သူ့အပြုံးလေးများ မြင်ရချိန်တိုင်း နှင်း၏ စိတ်ဝယ် လှိုက်ခနဲ ပြုံးပျော်တတ်ကြောင်းလည်း သူ သိမည်မထင်။ အမြဲလူကြီးဆန်စွာ(တခါတရံ လူတတ်ကြီးဆန်စွာ) ပြုံးတတ်သော၊ ရယ်တတ်သော သူ၏ တခါတရံအပြုံးလေးများသည် ကလေးဆန်စွာ ချစ်ဖို့ကောင်းလှကြောင်း သူ့ချစ်သူတောင် သိမည်မထင်။
နှင်းနှင့် ပတ်သတ်၍မူ သူ မသိတာတွေက များလွန်းလှသည်။ စကားဆက်စမ်မိသမျှထဲဝယ် နှင်းနေသည့်ဘော်ဒါဆောင်အကြောင်း မပါခဲ့။ နှင်းသည် ရန်ကုန်ဝယ် တစ်ယောက်တည်း လာနေသူဖြစ်ကြောင်း မသိခဲ့။
သို့သော် သူ့အမှားတော့ မဟုတ်ပါ။
တကယ်ဆို သက်ဆိုင်သူ ရှိသည့်သူကို တွယ်တာမိသည်ကိုက နှင်း၏အမှားမဟုတ်လား။ သက်ဆိုင်သူမရှိဟု ထင်မှတ်ချိန်တုန်းက တွယ်တာသင့်သည် မှန်သော်လည်း ယခုအချိန်မှာတော့ မေ့သင့်ပြီမဟုတ်ပါလား။ တွေ့ဆုံခွင့်ရသည့် ကံကြမ္မာကို ယိုးမယ်မဖွဲ့ချင်။ အပြစ်တင်ချင်စိတ်လည်း ကင်းမဲ့နေသည်။ ဟုတ်၏။ သမရိုးကျလည်ပတ်နေသော နှင်း၏ ဘဝထဲသို့ သူရောက်ရှိလာသည်ကိုက အကောင်းဆုံးလက်ဆောင်ဟု မှတ်ယူချင်မိသည်။ အချစ်ကို အံ့သြစရာဟုလည်း မသတ်မှတ်ချင်တော့။ မယုံကြည်သူကိုမှ နှိပ်စက်ရက်လေသည်ဟုလည်း အပြစ်မတင်ရက်။ ချစ်ခဲ့ဖူးသည် ဆိုသည့် ခံစားချက်တစ်ခုနှင့်ပင် အချစ်ကို ကျေးဇူးတင်လိုက်မိပါသည်။
သို့သော် ကြာလေနာကျင်ရလေ ဖြစ်သည့် ခံစားချက်သည် သူ့အား ထပ်မံတွေ့ဆုံဖို့ သတ္တိမရှိချေတော့ပြီ။ တွေ့လေတိုင်းဝယ် သူ့နှုတ်ခမ်းမှ ထွက်လာတတ်သည့် ကေသရီ ဆိုသည့်နာမည်အား ကြားဖို့ရာ သတ္တိမရှိတော့ပြီ။
(၄)
မနက်ခင်း အိပ်ယာမှ နိုးထလျှင် သူ့အကြောင်း တွေးမိသည်။ ညခင်း အိပ်ယာဝင်လျှင် သူ့အကြောင်းကို တွေးမိသည်။ ကျေနပ်ပါသည်။ နှင်း ကျေကျေနပ်နပ်ကို အရှုံးပေးမိပါသည်။ ချစ်ခြင်းဆိုသည်မှာ အရှုံးပေးခြင်း၌လည်း ပျော်ဝင်တတ်သည်ဆိုသော အဘိဓမ္မာအသစ်ကို နှင်း သိလိုက်ရလေပြီ။ လူတစ်ယောက်၏ အပြုံးအောက် ရင်တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည့် အရသာသည် မက်မောစရာကောင်းလွန်းလှသည် ။ လူတစ်ယောက်၏ မျက်နှာအညှိုးဝယ် ကိုယ့်နှလုံးသားတစ်ခုလုံးပါ အညိုရောင်ပြောင်းသွားသည်မှာ အံ့သြဖွယ်ရာ ကောင်းလွန်းလှသည်။
သူ့အပေါ် ချစ်ခင်နှစ်လိုမှုမဖြစ်ခင်ကဆိုလျှင် နှင်းသည် ကျောက်ရုပ်ဆန်စွာ အသက်ရှင်ခဲ့သည်။ ခံစားချက်ဗလာနတ္တိနှင့် စက်ရုပ်ဆန်စွာ နေထိုင်ခဲ့ရသည်။ ယခုတော့ နှင်းသည်လည်း လူပီသစွာ နှလုံးသားထက်က နာကျင်မှုကို တို့ထိဆော့ကစားနိုင်ပြီ ဖြစ်သည်။
တကယ်ဆို နှင်း၏ ဘဝသည် ယခုမှ အလွမ်း၊ကြေကွဲခြင်းတို့နှင့် သဘာဝအရောင် တွေ ခြယ်သလာဖြစ်ပြီ ဖြစ်သည်။ ယခင်လို အဖြူရောင်ကင်းဗက်စထက်တော့ သာပါသည်။ ယခင်ဘာတေးမှ မသီရသော နှင်း၏ ဘဝသည် ယခုမှ အလွမ်းဖွဲ့တေးတို့ဖြင့် စိမ်းလန်းလာသည် မဟုတ်လား။ ဒီချိန်မှာ အချစ်ဟာ ဘာလဲ ဆိုသည့်အမေးကို မေးလာလျှင်ဖြင့် နှင်း ဖြေနိုင်ပြီဖြစ်သည်။ “အချစ်ဆိုသည်မှာ သူ” ဟူ၍….။
ရည်ဝေ
ကြွေးဟောင်းဆပ်ကြသူများ
“နင်တို့ကလည်းလေ အဲဒီ့မှာ ပိုက်ဆံကို ဘယ်လိုများသုံးနေကြသလဲ၊ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူတွေကိုများ ငွေထုပ်ကြီးဖင်ခုထိုင်ထားတယ် မှတ်နေလား၊ ဘယ်လောက်ပို့ပို့ မလောက်နိုင်ဘူး၊ ဒီကြားထဲ နင်တို့အကြွေးတင်နေတဲ့ဟာပါ ကူဆပ်ပေးရဦးမယ်ဆိုတော့ စဉ်းစားသာကြည့်တော့၊ လွန်လွန်းတယ်”
“တော်ပြီ တော်ပြီ၊  အေး ဒါပဲ ဒါပဲ၊ ငါ ဒီလကုန် နိုင်သလောက် ပို့လိုက်မယ် ဟုတ်ပြီလား”
စုက ညီမအငယ်နှင့်ဖုန်းပြောအပြီး ခြေကုန်လက်ပမ်းကျသွားပုံနှင့် ဖုန်းကိုပိတ်ကာ အိပ်ယာပေါ် ပစ်လှဲလိုက် လေသည်။
ခုတစ်လော စုမှာ အိမ်ကဖုန်းလာတိုင်း မျက်ခုံးလှုပ်နေရသည်။  ဖုန်းတွေက ဗိုင်ဗာနှင့်လှမ်းခေါ်လို့ရနေပြီမို့ အရင်ကလောက် ဆက်သွယ်ဖို့မခက်ခဲတော့ဘဲ ရန်ကုန်နှင့်စကာင်္ပူက ပိုမိုနီးကပ်သွားသလားပင် ထင်ရသည်။ အမေ အလှူလုပ်ချင်လို့၊ အဖွား နေမကောင်းလို့၊ မိသားစု ဘုရားဖူးထွက်ချင်လို့၊  မောင်အငယ်ကောင် သင်တန်းတက်ချင်လို့၊ လည်ပင်းငါးရိုးစူးတာကိုပင် ဆေးခန်းပြချင်ပုံနှင့် နောက်ဆုံးတော့ ငွေပို့ပေးရန်သာ သံတူကြောင်းကွဲများသုံးပြီး ပြောလာခြင်းဖြစ်သည်။ ခုလည်း ညီမအငယ်မ သူတို့မိသားစု စီးပွားရေးအဆင်မပြေဘဲ ကြွေးတင်နေတာမို့ ငွေပိုရှိလျှင် ခဏလှည့်ဆပ်ပေးထားရန် ဆက်လာခြင်းပင်။ စုက စိတ်မောပုံနှင့် ကို့ကိုကြည့်လိုက်တော့ ကိုက ထုံးစံအတိုင်း သက်ပြင်းချကာ “ဘယ်တတ်နိုင်မလဲကွာ”ဟု ဆိုရှာလေသည်။
ကိုနှင့်စုတို့ရသော နှစ်ကုန်အပိုကြေး ဘောနပ်စ်လေးများသည်  ဘဏ်ထဲရောက်လို့မှ မပူသေးခင် ထုတ်ယူကာ အိမ်ကိုပို့လိုက်ရတာ ဘယ်နှစ်ကြိမ်မြောက်ပြီမှန်းပင် မသိတော့။ ကို့မိဘတွေရော၊ စုမိဘတွေပါ နှစ်ဘက်စလုံးက သာမန်ဝန်ထမ်းတွေမို့ ငွေပိုငွေလျှံရှိဖို့ ဝေးလို့၊ တစ်လတစ်လ အလျင်တောင် မမီချင်။ သည်တော့လည်း လစဉ်ပို့ငွေ မှန်မှန်ပို့နေသည့် အပြင် ကြားပေါက်လေးတွေပါ ပါလာတတ်တာမို့ နှစ်ကုန်လို့ အပိုဆုကြေးငွေလေးရပြီဆိုလျှင် မြန်မာပြည်ကဖုန်းသံကြားရမှာကို ကိုရော စုပါ ကြောက်နေတတ်ကြလေသည်။
XXXXXXXXXXX
“စုရေ အစ်မပါ၊ မမဝေပါ၊ ခါတိုင်းလိုပဲ ဒီနှစ် ဘုန်းကြီးကျောင်းကထိန်ခင်းဖို့ အလှူလှမ်းခံတာ ညီမလေး”
“ဟုတ်ကဲ့ပါ မမဝေ၊ ထည့်ရမှာပေါ့၊ ခါတိုင်းလိုပဲ မမဝေ ဘဏ်အကောင့်ထဲ လွှဲပေးလိုက်ရမှာ ဟုတ်၊ အင်း စု ၅၀ ထည့်မယ်နော်”
“အင်း ကျေးဇူးပါ ညီမလေး စုရေ၊ ဘဏ်ထဲ ငွေလွှဲပြီးရင် မမဝေကို မက်ဆေ့ခ်ျလေးတစ်ချက်ပို့လိုက်ဦးနော်”
“ဟုတ် မမဝေ စိတ်ချ”
“ကိုရေ စုတို့ ခါတိုင်းပို့နေကျ ပညာရေးအတွက် လစဉ်လှူငွေ ဆရာလေးဆီ လွှဲပေးပြီးပြီလား ဟင်”
“လွှဲပြီးပြီ စု၊ မနေ့ကပဲ ကို လွှဲခဲ့တယ်လေ၊ ဆရာလေးဆီ ဖုန်းဆက်ပြီး ငွေထုတ်ဖို့ ကုတ်နံပါတ်ပြောလိုက်ဦး”
“စုရေ ကိုယ်တို့ မြေကွက်ဝယ်တုန်းက ဘဏ်ကချေးထားတာလေ၊ အဲဒါလေးက နောက် ၆လလောက်ဆို ကျေပါပြီကွာ။  ကိုလည်း ဒီလပေးရမှာတွေများနေလို့ စုဆီက နည်းနည်းလောက် ကို့ကို ပြန်လွှဲပေးပါဦးကွာ။ ကို့လစာဝင်တော့ စုဆီ ပြန်လွှဲပေးပါ့မယ်”
“ကိုကလည်းကွာ စုလည်း မောင်လေးဒူဘိုင်းသွားဖို့ ဧဂျင့်ကို လေယာဉ်လက်မှတ်ဖိုး ဒီလ နောက်ဆုံးသွင်းပါ့မယ်ဆိုတာ အဲဒါ ပို့ရလိုက်ရပါရောလား။ ဘဏ်ကို အတိုးပေးချင်လည်း ပေးရပါစေကိုရာ၊  ဒီလတော့ ပေးနိုင်မယ် မထင်တော့ဘူး။ နောက်လ စု ငွေပိုမှာပါ၊ အဲဒီတော့မှ ကို ယူပါကွာ နော်”
“ဒီလထဲမှာ ရုံးကကောင်မလေး မင်္ဂလာဆောင်ရှိတယ်နော် စု၊ တရုတ်မင်္ဂလာဆောင်၊ ဟိုတယ်မှာဆိုတော့ အနည်းဆုံး တစ်စားပွဲကို ၈၀၀ ကျော် ၉၀၀လောက်ရှိမယ် ထင်တာပဲ၊ ကိုတို့ နှစ်ယောက်တက်မယ်ဆို ၁၅၀-၂၀၀လောက်တော့ လက်ဖွဲ့မှ ကောင်းမယ်ထင်တယ်နော် စု”
ဒီလိုနှင့်ပဲ ကျားကြီး ခြေရာကြီးဆိုသလို နှစ်ကြာလာသည်နှင့်အမျှ မိတ်ဆွေအပေါင်းအသင်းလည်း များ၊ လူမှုရေး၊ သာရေးနာရေးတွေလည်း များလာကာ ငွေထွက်ပေါက်ကြီးက ဝင်ငွေနှင့် ခြေရာချင်းတိုင်းရာက ကျော်လွန်ချင်ချင်ပင် ဖြစ်လာလေတော့သည်။
မတတ်နိုင်ပါ။ စုနှင့်ကို တစ်လတစ်လ ရသည့်လစာကလည်း မြန်မာပြည်က ဝန်ထမ်းတွေလိုပေ၊ တစ်လရ တစ်လသုံး ကုန်သည်သာ။ လကုန်သည်နှင့် အိမ်ဖိုးဖြတ်၊ ဖုန်းဘိုးသွင်း၊ ရေဖိုး မီးဖိုးပေး၊ အိမ်ကို ပို့၊ ဗာယီရအသုံးစားရိတ်များနှုတ်အပြီး ကျန်ငွေထဲမှ တစ်လအသုံးစားရိတ်ဖယ်သော် လက်ထဲ ကုန်သလောက်ပင်။ စီပီအက်ဖ်ဟုခေါ်သော လစာထဲမှ လစဉ် ၂၀ ရာခိုင်နှုန်းဖြတ်ကာ စုငွေအဖြစ် သိမ်းထားပေးသော စင်္ကာပူအစိုးရကိုပင် ကျေးဇူးတင်ရမလိုပေ။ မဟုတ်ပါက ဘယ်လိုမှ စုဆောင်းနိုင်မည် မထင်။  ဒီကြားထဲ စုရော ကိုပါ နှစ်ယောက်လုံးက သနားတတ်ကြသေးသည်။
“ကိုရေ ဟိုကောင်လေ၊ စုသူငယ်ချင်း ဝင်းမြတ်ကျော်ရယ်လေ၊ အလုပ်ပြုတ်လို့တဲ့၊ ခု အလုပ်သစ် ထပ်ရှာနေတာ။ ဒီကြားထဲ အိမ်ပို့ဖို့ ငွေလိုသတဲ့၊ သူမှ မပို့ရင် သူ့အိမ်က မိန်းမနဲ့ ကလေးတွေ ငတ်ရုံရှိတာ။ အဲဒါ လေး-ငါးရာလောက် ခဏချေးပါ၊ အလုပ်ရတော့ ပြန်ဆပ်ပါ့မယ် တဲ့”
အဲဒါမျိုးတွေကပင် စုတို့မှာ ခပ်များများ၊ နောက်တော့လည်း သူ့အလုပ် ကိုယ့်အလုပ်နှင့် မတွေ့ဖြစ်ကြတော့ ချေးငွေက တော်တော်နှင့် ပြန်မရတော့ပါ။ တစ်ခါတစ်လေ လမ်းမှာတွေ့လျှင်တောင် “ဟဲ့ ငါ့အကြွေး ပြန်ဆပ်ဦးလေ” ဟုပြောဖို့ရာ စုရော ကိုပါ နှုတ်မှ မထွက်ဝံ့ကြပါပေ။ သည်တော့ နောက်များမှာ ငွေချေးလာလျှင် အဆုံးခံနိုင်မည့်ပမာဏကိုသတ်မှတ်ကာ နိုင်သလောက်ကူညီတာပါဟုဆိုပြီး တစ်ခါထဲ အပြတ်ပေးလိုက်ကြတော့သည်။
“ကိုတို့မှာ ဟိုဘဝက သူများတွေဆီကယူလာခဲ့တဲ့ အကြွေးဟောင်းတွေ အတော်များတယ်ထင်ပါ့ကွာ”ဟု ကိုကပြောတော့ စုမှာ မချိတရိလေး ပြုံးနေရုံသာ။
XXXXXXXXXX
“စု လာယူလေ ဟင်းပွဲတွေမှ အများကြီးပဲ”
စုတို့ ကုမ္ပဏီညစာစားပွဲမှာ ဒီနှစ် အနှစ်(၂၀)ပြည့်ပွဲမို့ အတော်လေး ခမ်းနားလေသည်။ တက်ရောက်သူမှန်သမျှကို စားပွဲတင်လက်ဆောင်-Table Gift ပေးသည်ကပင် ဈေးအလွန်ကြီးလှသော Royal Albert ရွှေနားကွပ်ကြွေခွက်လှလှတွေဖြစ်ပြီး ကံစမ်းမဲမှာလည်း ဗလာမပါ၊ လူတိုင်းစေ့ တစ်ခုစီ ရမည်ဖြစ်၏။
စုတို့စားပြီးခဏမှာ ဂိမ်းကစားကြသော အစီအစဉ်၊ တစ်နှစ်လုံး ခွင့်ရက်မယူဘဲ လုပ်ရက်ပြည့်အလုပ်ဆင်းသူများကို လက်ဆောင်ပေးခြင်းများ၊ လုပ်သက် ဆယ်နှစ်နှင့် အထက်ဝန်ထမ်းများအား Long Service Award  ချီးမြှင့်ခြင်းအစီအစဉ်များ ဆက်တိုက်လာလေသည်။ နောက်ဆုံးမှ ကံစမ်းမဲဖောက်ခြင်း အစီအစဉ်စတင်လေရာ ကိုရော စုပါ ကိုယ့်ထိုင်ခုံနံပါတ်တွေပါသော လက်မှတ်ကို စိတ်လှုပ်ရှားစွာ တစ်ကြည့်ကြည့်နှင့် ရှိရ၏။
ပထမဆုံးဖောက်တာက နံပါတ်အကြီးပေါက်မဲတွေ၊ နောက်မှ နံပါတ်အသေးတွေဖြစ်ရာ ပထမပေါက်မဲနံပါတ်အကြီးတွေထဲ မပါပါစေနှင့် ဆုတောင်းရလေသည်။ စုတို့ ဆုတောင်းပြည့်သည်။ ပထမပိုင်းမှာခေါ်သော ပေါက်မဲနံပါတ်အကြီးတွေထဲ စုတို့ မပါ။ တစ်ဖြည်းဖြည်းနှင့် ခေါ်လာလိုက်သည်မှာ ဆုကြီး ၂၀သာ ခေါ်ရန်ကျန်တော့ပြီး ထိုဆုများသည် ဒေါ်လာ ၂၀၀နှင့် အထက် တန်ကြေးရှိသည့်ဆုမဲများသာ။
နောက်ဆုံး ဆုမဲ ၁၀ နှင့်အထက်အထိ စုတို့ လက်မှတ်များ မပါသေး။ သေချာပြီ၊ စုနှင့်ကိုတို့ ပေါက်မဲတွေ ၁ကနေ ၁၀အတွင်းမှာ ပါလေပြီ။ စုနှင့်ကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဝမ်းသာကြရသည်။ နံပါတ် ၁၀ ပေါက်မဲခေါ်တော့ စုထိုင်ခုံနံပါတ်၊ ရသောဆုက Shopping Vouchers ၃၀၀ဘိုးဖြစ်ကာ မြန်မာပြည်အလည်ပြန်ရန် လက်ဆောင်ပစ္စည်းများ ဝယ်ရမည်မို့ ၃၀၀ဘိုးတော့ သက်သာလေပြီဟု စု ဝမ်းသာသွားသည်။ ကို့အလှည့်ကျတော့ ကိုက ဆုမဲနံပါတ် ၇ ဖြစ်ကာ တန်ဘိုး ၅၀၀ရှိသော လျပ်စစ်ပစ္စည်းများ ဝယ်ယူခွင့် ဈေးဝယ်လက်မှတ်ဖြစ်သည်။ ဒါလည်းမဆိုးပါ၊ လက်ပတော့ဝယ်နိုင်သည်၊ ကင်မရာပစ္စည်းများ ဝယ်နိုင်သည် မဟုတ်ပါလား။
ဒီနှစ်တော့ ကုမ္ပဏီညစာစားပွဲလာရတာ တွက်ခြေကိုက်သွားသည်။ ကိုနှင့်စု နှစ်ယောက်ပေါင်း ဒေါ်လာ ၈၀၀ တန်ကြေးရှိသော ဆုမဲ ၂ခုရခဲ့ပြီမို့ပင်။ စု ဂါဝန်အသစ်ဝယ်တာမှ ၆၉ဒေါ်လာ၊ ဒေါက်ဖိနပ်ကိုတော့ ရှိတဲ့ဖိနပ်အဟောင်းပဲ စီးလာကာ ကိုကတော့ ဝတ်နေကျ မီးခိုးရောင်ရှပ်လက်ရှည်နှင့် စတိုင်ဘောင်းဘီ အနက်ကွမ်းရိုးစင်းလေးပင် ဝတ်လာတာမို့ အရင်းသိပ်မများလှ။
“တွေ့လား စု၊ ကိုယ့်စေတနာ ကိုယ် အကျိုးပေးပါတယ်ကွာ၊ တစ်နေ့က အိမ်က အရေးပေါ်လိုလို့ ကြားပေါက်ပို့လိုက်တာက ဒေါ်လာ ၄၀၀၊ ခု ကိုတို့ ပြန်ရတာက ဒေါ်လာ ၈၀၀ဆိုတော့ ၂ဆကြီးများတောင်ပြန်ရတာ၊ အဲဒါကြောင့် အဖေက အမြဲတမ်းပြောတယ်။ ငါ့သားတဲ့ လူတစ်ယောက်စီမှာ မွေးကတည်းက ဖလားတစ်လုံးစီပါပြီးသားကွ တဲ့၊ အတိတ်ကံအရ ဖလားထဲမှာ ပါသင့်သလောက် ပါလာမယ်၊ ကျန်တာက ခုလက်ရှိ ပစ္စုပ္ပန်ကံဆိုတဲ့ အလုပ်ပေါ် မူတည်တယ်။ ကံ ဉာဏ် ဝိရီယစိုက်ပြီး ပြည့်အောင်ဖြည့်ဖို့က ကိုယ့်တာဝန်ပဲ တဲ့။ ဒါပေမဲ့လည်း ဖလားပြည့်အောင်သာ ဖြည့်လို့ရမယ်၊ အပြည့်လွန်လာရင်တော့ လျှံကျမှာပဲ ငါ့သား တဲ့”
“ဒီနေ့ရလိုက်တဲ့ ၈၀၀ကို တစ်နေ့က လျော့သွားတဲ့၄၀၀အတွက် ပြန်ဖြည့်လိုက်တော့ ကိုတို့ဖလားကြီးထဲမှာ ၄၀၀တောင် အပိုပြန်ဆောင်းပြီး ဖြည့်နိုင်ပြီပေါ့ ဟုတ်ဘူးလား”
“အင်း ဟုတ်တယ်နော် ကို၊ ဒါပေမဲ့ စုတို့မှာပါလာတဲ့ ဖလားက ဆိုက်ဒ်ကြီးတယ်ထင်ပါရဲ့ ကိုရယ်။ ပြည့်တယ်ကို မရှိဘူး၊ ဖြည့်နေရတာ မောလှပြီ”
စုစကားအဆုံးမှာ ကိုရော စုပါ ပြိုင်တူရယ်မောမိကြလေ၏။ စုတို့ ညစာစားပွဲက ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ နောက်တစ်နေ့ ရုံးတက်ရမှာမို့ အိမ်ကို စောရောက်ချင်စိတ်နှင့် ကားမောင်းနှေးသော ကို့ကို “ရွာကနွားလှည်းနဲ့ အပြိုင်မောင်းရင်တောင် ကိုပဲရှုံးမှာ”ဟု စုက သရော်တော့ “အိမ် ဘယ်မှမပြေးပါဘူး စုရာ” ဟု ကိုက ခပ်ပြုံးပြုံးဆိုသည်။
ရုတ်တရက် ရှေ့ကကားမှာ အတည့်သွားမလိုလမ်းကြောင်းယူထားပြီးမှ ကွေ့သည့်ဘက်သို့ လမ်းကြောင်းပြောင်းကာ စုတို့ကားရှေ့မှ ဖြတ်အဝင်၊ အရှိန်နှေးသော်လည်း ကို့ကားက ထိုရှေ့ကားနောက်မြီးကို ခပ်သာသာ ဝင်ဆောင့်မိလေတော့သည်။
“ဘုရား ဘုရား၊ ဆင်းကြည့်ပါဦး ကို ၊ ရှေ့ကား ဘာဖြစ်သွားပြီလဲလို့”
ဥပဒေကြောင်းအရ နောက်မှတိုက်သောကားက အမှားဖြစ်ရာ ကိုလည်း မျက်စေ့ပျက်မျက်နှာပျက်နှင့် အောက်သို့ဆင်းကာ ရှေ့ကားပိုင်ရှင်နှင့် စကားပြောကြည့်ရလေသည်။
XXXXXXXXXXX
စာရင်းချုပ်သော် ရှေ့ကားပိုင်ရှင်က ကားကိုဆေးပြန်မှုတ်ဖို့နှင့် ဝပ်ရှော့ပို့ရန်အတွက် သူ့အလုပ်မှ ခွင့်လည်းယူရဦးမည်ဖြစ်ရာ ဆေးမှုတ်ခအပြင် သူ့နေ့တွက်ခကိုပါ ထည့်ပေါင်းတောင်းခံသည်မို့ စုစုပေါင်း ဒေါ်လာ ၈၅၀ လျော်လိုက်ရလေတော့၏။
“ဘယ်လိုတုန်း ကို၊ စုတို့ဖလားကြီးကိုလည်း အပေါက်ဖာဖို့ ဆိုင်ပို့ဦးမှ ထင်ပါရဲ့၊ ဖလားကြီးက ပြည့်မလာတဲ့အပြင် ပေါက်များနေသလားပဲ နော်”
“အေးကွာ ကိုနဲ့စုက ကံတူအကျိုးပေးတွေဖြစ်မယ်၊ ကိုတို့နှစ်ယောက်ဆပ်ဖို့ အကြွေးဟောင်းတွေက တယ်လည်း များတာကိုးကွ”
ကြွေးဟောင်းဆပ်ခြင်းသည်လည်း မင်္ဂလာတစ်ပါးဟု ကျေကျေနပ်နပ်ကြီး ခံယူထားကြသော စုတို့နှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောလိုက်မိကြသော်လည်း အရယ်ထက် အမောက အဆပိုနေမည်ဆိုတာ ပြောဖို့ရန်ပင် လိုအပ်လိမ့်မည်မထင်တော့။
ချစ်ကြည်အေး
(ဆရာမချစ်ကြည်အေးရဲ့ အတွေးအရေးတွေကို ထပ်မံဖတ်ရှူလိုသည့် စာဖတ်သူမိတ်ဆွေများအတွက် http://www.chitkyiaye.com/ ကို သွားရောက်လည်ပတ်ပြီး စာတွေ ဖတ်ရှူခံစားနိုင်ကြောင်းပါ။ )
တစ်ရံတစ်ခါဆီက
( ၁ )
ဂျီမေးလ် ဖွင့် လိုက် တယ်ဆိုရင် ပဲ  အကိုကြီး ဓါတ် ပုံ လေး ပို့ ထားတာတွေ့ လို့  ထိတ်ခနဲ နေအောင်  ဝေသီ ၀မ်းသာသွား တယ်။ အကိုကြီးကလေ နှစ်လတစ်ခါ အပြန်အလှန်ဓါတ်ပုံပို့ နေကျ အစဉ်အလာကို ချိုးဖောက်တာ   ခြောက်လနီးပါးရှိသွားပြီ။ သူ့ ဘက်က မပို့ လည်း ဝေသီကတော့  ၀တ္တရားမပျက်  ဓါတ်ပုံလှလှလေးတွေ ရိုက်ပြီးပို့ မြဲပါ။ဓါတ်ပုံရိုက်တဲ့ နေ့ ဆိုရင် ဝေသီ့ မျက်နှာ လေးက ကြည်ရွှင်နေပြီး  ကင်မရာကို ကြည့်နေတဲ့ မျက်လုံးလေးတွေ က အရောင်တောက် ပနေတာပဲ။ဒါကြောင့် လေအကိုကြီးက ပြောတာ ….ဝေသီ့ ပုံလေးတွေကြည့်ရတာ ဝေသီ့ကို အပြင်မှာ မြင်ရသလို ခံစားရတယ်တဲ့ ။
အကိုကြီးဆီ ကို ဒီလို အသက်ဝင်နေ တဲ့  ပုံလေးတွေပဲ ဝေသီ ပို့ ချင်တယ်။ဘာလို့ လည်းဆိုတော့  အကိုကြီး  နဲ့ ဝေသီ က ဒီဓါတ်ပုံလေးတွေကို  ကြည့် ရင်းပဲ သံယောဇဉ်တွယ်နေရတာလေ ….။
ဟော--ဒေါင်းလော့ ဆွဲ ပြီးသွားပြီ။ ရင်ခုန်စွာနဲ့  ပေါ်လာတဲ့ ဓါတ်ပုံလေးကို အကြည့်မှာ….။ အို … အကိုကြီးအသားတွေ မည်းပြီး ပိန်သွား လိုက်တာ၊ မျက်နှာကလည်းအိုမင်းရင့် ရော်သွားသလိုပဲ။ အရင် တောက်ပ ပြီး အားအင်ပြည့် နေတဲ့  သူ့မျက်လုံးတွေ ထဲမှာ စိတ်ပျက်ဝမ်းနည်းနေတဲ့ပုံပေါ်နေပါလား၊ ဒါကြောင့် ထင်တယ် ၊ ခုတလောအကိုကြီးက အွန်လိုင်း လည်းသိပ်မတက်ဘူး။ စကားလည်း မပြောရတာကြာပြီ။
အကိုကြီး ဘာတွေ ဖြစ်နေတာလဲဟင်--အကိုကြီး ခံစားနေရတာတွေ ဝေသီ့ ကို ဘာလို့ ပြောမပြတာလဲဟင်ဝေ သီ့ ကို လောက အကြောင်းမသိတဲ့ ကောင်မလေးဆိုပြီး မပြောချင်တာလား အကိုကြီးရယ်။ဝေသီကတော့ လေ အကိုကြီး ခံစားသမျှကို ရင် နဲ့ ရင်းပြီး လိုက်ခံစားမျှယူ ချင်တဲ့ သူပါ။ဒါတွေကို သိရဲ့ နဲ့  မသိချင်ယောင်ဆောင်နေတာလား ဟင် ။
အကိုကြီး မျက်နှာ  ကို ငေးကြည့်ရင်း  ၀မ်းနည်း စွာနဲ့ ဝေသီ တိုင်တည်ပြောဆိုနေမိပါတော့တယ်။
xxxxxxxxxxxxxxxx
( ၂ )
ဝေေ၀သီဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ဘ၀ဟာနာမည်နဲ့ လိုက်အောင် ပျော်ရွှင်စရာတွေ ဝေဆာ ပြီးပြည့်စုံမှုတွေ နဲ့ သီကုံးထား ခဲ့ပါတယ်။ရွှေကုန်သည် မိဘနှစ်ပါးရဲ့ တစ်ဦးတည်းသော သမီးလေး ဝေေ၀သီ ဟာ လှပ သိမ်မွေ့ ပြီး လိမ္မာရေးခြားလည်း ရှိပါ တယ်။ ကျောင်းပြီးတဲ့အထိ သူငယ်ချင်းတွေ နဲ့ မိဘ ကိုပဲ အချစ်ပိုခင်မင်ပြီး  ချစ်သူရည်းစားမရှိခဲ့ပါ။
ဟုတ်တယ် --ဝေသီ လည်း ခုခေတ် ကောင်လေးတွေ ကိုလေ  စိတ်တိုင်းကိုမကျပါဘူး။
သူတို့ ကို မကြိုက်ရလို့ ကိုယ့်ဘာသာ အပျိုကြီးဖြစ်လည်း ဖြစ်ပါစေလို့  စိတ်ပိုင်းဖြတ်ထားခဲ့ပေမယ့် ဝေသီ့ ရဲ့ စိတ်နှလုံသား ကိုလှုပ် ခတ်စေမယ့်  သူတစ်ယောက်ကို မထင်မှတ်ဘဲ ဆုံတွေ့ ခဲ့ပါတယ်။
xxxxxxxxxxxxxxxxxx
( ၃ )
မှတ်မှတ်ရရ အဲဒီနေ့ က  ဧပရယ် ဖူးလ် လို့ခေါ်တဲ့ ဧပြီလ ၁ ရက်နေ့ပါ။
အဲဒီနေ့ ဆို ဝေသီတို့ သူငယ်ချင်းတွေက ဘယ်လိုမှမထင်မှတ် ထားတဲ့ ကိစ္စတွေနဲ့ အချင်းချင်း အရူးလုပ်ပြီးနောက်ပြောင် တတ်ကြပါ တယ်။ဒီနေ့ ဟာ ဧပရယ် ဖူးလ် လို့ သိရဲ့ သားနဲ့တောင် သတိတစ်ချက်လစ်သွားတာနဲ့  အရူးလုပ် ခံရတော့တာပါပဲ။ဝေသီ လည်း အဲဒီနေ့ က သူငယ်ချင်းတွေ နောက်ပြောင်တာ မခံရအောင် သတိထားနေရင်း နေ့ ခင်း ၂ နှစ်နာရီကျော်တဲ့အထိ အနောက် မခံ ရလို့  ငါ တော့ ဒီနှစ် တော့ လွတ်သွားပြီ လို့ ကိုယ့် ကိုယ်ကို အထင်ကြီးကျေနပ်နေတုန်းမှာပဲ ၀င့် ဝါ က ဖုန်းဆက်လာပါတယ်။
“ ဝေသီ မ ရေ ၊ ငါ့ ကို တစ်ခုလောက် ကူညီပါလား ”
“၀င့် ဝါ နော် ၊ နင် ဘာလုပ်မလို့လဲ ဒီနေ့ ကို ”
“အာ … နင်ကလည်းဟယ် ၊နောက်ချင်ရင် ဒီမွန်း လွဲ ချိန်ထိ နေပါ့မလားဟဲ့ ၊ငါ့ အကြောင့် သိရဲ့ သားနဲ့  ဟီးး”
အင်း  ဟုတ်တော့ ဟုတ်သား …။
အရင်ကတည်းက အစအနောက်သန်တဲ့  ၀င့် ဝါ ကဒီလိုနေ့ ဆိုရင် မနက်မိုးမလင်းခင်ကတည်းက တစ်ယောက်ယောက်ကို အရူးလုပ်ပြီးလောက်ပြီ…။
“ကဲ --နင်ပြောမှာသာပြောစမ်းပါ”
“ဒီလို ပါဟယ်--ငါ နင့်ကို အကူအညီတစ်ခုတောင်းစရာရှိလို့  --နောက်တစ်နာရီ ဆို ငါ မေမေနဲ့ အပြင် သွားရတော့မယ်။
အဲဒါ နင့် ကိုအွန်လိုင်းကနေ လူတစ်ယောက်ကို တစ်ခုလောက် ပြောခိုင်းစရာရှိလို့ ”
“ဟယ်-ရှုပ်ရှုပ် ယှက်ယှက် ၊နင် ငါ့ အကြောင်းသိသားနဲ့  ၊ငါ အွန်လိုင်းကနေ ဘယ်သူစိမ်းကိုမှစကားပြောတာမဟုတ်ဘူး”
“သိပါတယ်ဟယ်၊ခု ငါ ပြောခိုင်းမှာကလည်း သူစိမ်းမဟုတ်ပါဘူး။ ငါ့ အဒေါ် အပျိုကြီးရဲ့ ချစ်ချစ် ဆီပါ။”
“အယ်--နင့် အဒေါ် မှာ ရည်းစားရှိတယ် လို့ ငါ မကြားဖူးပါလား၊ အန်တီ ဖြိုးကိုပြောတာလား”
“အေးလေ--ငါ့ မှာ အဒေါ် ဆိုလို့  ပွင့် နဲ့ ကိုယ်လုံးချင်း တူနေတဲ့ ဒီအပျိုကြီးပဲရှိတာကို ”
“ဟယ်--အန်တီဖြိုးက ရည်းစားရှိတယ်ဟုတ်လား၊ စွံလှချည်လား၊ငါ့ ထက်သာတယ်-ဟိ”
“ဟဲ့  - လူတိုင်းကို နင့် လို ထင်နေလား၊ လူတိုင်းအချစ်ရှိတယ်။ကဲပါ--ငါ အချိန်မရှိဘူး၊လိုရင်းပဲပြောမယ်။ အန်တီ ဖြိုး လည်း ငါတို့ နဲ့ လိုက်ရမှာ၊ခု မေမေ့ နား နေနေရလို့  သူ့ ချစ်ချစ်ကို ဒီအချိန် အွန်လိုင်း မတက်နိုင်ဘူးလို့ ပြောပေးပါဟယ် … နော် ”
“ငါ မပြောချင်ပါဘူးဟယ်--မသိတဲ့ သူစိမ်းကိုပြောရမှာ ”
“နင်ကလည်းသိပ်ရစ်တာပဲ--ငါ အချိန်မရှိတော့ဘူး။ ရော့ ဒါ အန်တီဖြိုးချစ်ချစ်အကောင့် ။ သူက အန်တီဖြိုးထက် ငယ်တယ်၊ ဒါကြောင့်  ငါ့ အံတီက သူ့ ရဲ့ မောင်တော်ဘုရားကို ဖူးဖူးမှုတ်ထားတာ ဟ ၊ စိတ်အငြိုငြင်မခံနိုင် ဘူးလေ။ တော်ကြာချိန်းထားပြီး အွန်လိုင်း မလာရင်သူ့ ချစ်ချစ် စိတ်ဆိုးမှာ စိုးလို့ဟေ့ ။-အဲဒါ နင်ပဲကြည့် ပြောထားလိုက်ပါဟယ်။ ဒါမျိုး ကူညီတာ ကုသိုလ်ရပါတယ် သူငယ်ချင်းရယ်။ ဒါပဲနော် ”
သူ ပြောခိုင်းတဲ့ အကောင့် တစ်ခု ထားပြီး ၀င့် ဝါက ထွက်သွားပါတယ်။
ဝေသီလည်း ဘာလုပ်ရမှန်းမသိတာနဲ့  ၀င့် ဝါအိမ်ကိုဖုန်းခေါ်ကြည့်တော့ ၀င့်ဝါက အမေနဲ့ ဒေါ်လေးနဲ့ အတူ  ထွက်သွားတယ် လို့ ပြောပါ တယ်။ အင်း---ဒါဆိုရင်တော့  ဟုတ်မှာပါလို့  တွေးရင်း  ၀င့် ဝါပေးတဲ့အကောင့်ကို အက်လိုက်ပါတယ်။အဲဒီလူကြီးက အွန်လိုင်း မှာ ရှိနေတာပဲကိုး၊ သူ့ ချစ်ချစ် အန်တီဖြိုး နဲ့ ချက်ဖို့ စောင် နေ့တာလား ပဲလို့ တွေးရင်း ပြုံးလိုက်မိပါတယ်။ ၀၀တုတ်တုတ်နဲ့ အစားပုပ်ပြီး စကားများလှတဲ့  အန်တီဖြိုးကိုမှ ချစ်သူတော်ထားတဲ့ ဒီလူကြီးကို လည်းရယ်ချင်မိပါတယ်။
နာမည်ကလည်း မိုးဝတီ  တဲ့ ..ကြည့်ရတာ သူကလည်း မိုးဒီ လို ခန္ဓာကိုယ်ကြီးလားပဲမသိဘူး--ဟိ..။ ဝေသီ အက်တာ သူ ချက်ချင်း လက်ခံပါတယ်။ဝေသီလည်း ပြောစရာရှိတာ မြန်ုမြန်ပြောဖို့  သူ့ကို လှမ်းခေါ်လိုက်ပါတယ်။
“ ကိုမိုးဝတီလား …ကျမ ဝေသီပါ၊ ၀င့် ဝါ မှာခဲ့လို့ပါရှင် ”
“အော်--၀င့် ဝါပြောတဲ့ သူ့ သူငယ်ချင်းဆိုတာလား  ”
“ဟုတ်ပါတယ်ရှင်၊ခုလေအန်တီဖြိုးကအပြင်သွားနေလို့အွန်လိုင်းမတက်နိုင်ပါဘူးတဲ့ ၊ စောင့် နေမှာစိုးလို့ပြောခိုင်းလိုက်ပါတယ်”
“အန်တီဖြိုးဆိုတာဘယ်သူလည်း၊ ကျွန်တော် မသိပါဘူးခင်ဗျာ၊ ”
“အာ--အကိုကြီးကလည်း ကိုယ့်ရည်းစားနာမည်တောင် မသိတော့ဘူးလား ”
“ဟေ့--ကလေးမမင်းဘာတွေလာပြောနေတာလဲ--ခုမှ အကောင့်လာအက်ပြီးလူကိုစွပ်စွပ်စွဲစွဲ”
“အမယ်--သူကပဲပြောရသေးတယ်၊  ကိုယ့်ရည်စား ကိုယ်မေ့ နေပြီး--ဟွန်း”
“မင်း လွန်လာပြီနော်--မင်းအကောင့် ကို လက်ခံတာ ၀င့် ဝါက မနဲပြောထားလို့ ၊ နို့မို့ဆို သူစိမ်းအကောင့် ဆို လက်ခံတာမဟုတ် ဘူး”
အမယ်--သူကပဲရာရာစစ ပြောနေသေးပါလား၊ဝေသီလည်းစိတ်တိုလာပါတယ်။
“ရှင်က အန်တီဖြိုးကို မသိဘူးဆိုပြီး  ၀င့် ဝါကို ဘာလို့ သိနေတာလဲလူညာကြီးရဲ့ ”
“ဟာ-မင်း စကားပြောတာကြည့်ပြောနော် ၊ -၀င့် ဝါ က ငါ့ တူ ရည်းစားပဲ။ဒီနေ့ ရည်စား မင်္ဂလာဆောင်သွားလို့  အသည်းကွဲပြီး ကိုယ့် ကိုယ် ကို သတ်သေဖို့ ကြိုးစာေးနတဲ့သူ့ သူငယ်ချင်းတစ်ယောက်ကို စကားလေးပြောပေးပါဆိုလို့ မင်းအကောင့်  ကို လက်ခံလိုက် တာ-မင်းနှယ် ကိုယ့် မချစ်တဲ့သူ အတွက်နဲ့ များ သတ်သေဖို့ လုပ်တယ်လို့ ၊မိုက်လိုက်တာ ”
“ဟင်--ရှင် မသိဘဲဘာတွေပြောနေတာလဲ၊ ခုပြောနေတာတွေတစ်ခုမှမဟုတ်ဘူး”
“ဘာမဟုတ်ရမှာလဲ၊ ၀င့်ဝါ  က သေသေချာချာ ပြောပြထားတာ ”
“အို--မှားနေတယ်--မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး”
ဝေသီလည်း ပြောပြာဆိုဆို မေးကိုပိတ်ချလိုက်ရင်း ၀င့်ဝါ စနက်ဆိုတာသိသွားပါပြီ။ ရှက်စရာကောင်းလိုက်တာဟယ်--၀င့် ဝါက တော့ တော်တော်ရက်စက်တာပဲ၊ နောက်စရာရှားလို့  ဝေသီကပဲ ကိုယ့်ရည်းစား က မင်္ဂလာဆောင်သွားလို့  သတ်သေရဦး မယ်။ ဝေသီ စိတ်တိုတို နဲ့  ၀င့် ဝါဆီဖုန်းခေါ်ပြီး ရန်တွေ့ ပစ်လိုက်တော့ --
“ဟေး--ဝေသီ  ကိုယ်ညံ့  လို့ ကိုယ် ခံရတာ ၊ငါတို့  သူငယ်ချင်းတွေ ကတိထားထားတယ်လေ၊ ဧပရယ် ဖူးလ် မှာ စ ရင် စိတ်မဆိုး ကြေးလို့ -- ဟီဟိ ”
“ဟဲ့ --စတာက ရိုးရိုး စ ပါလားဟဲ့ ၊ ဟိုလူကြီးအမြင်မှာ ငါကပဲ ယောင်္ကျားတစ်ယောက် အတွက် ကိုယ့်ကိုယ်ကို သတ်သေမယ့်သူ ဖြစ်သွားရပြီ”
“အာ--အဲဒီလူကြီး ကို ဂရုမစိုက်ပါနဲ့၊ အဲဒီ ကိုဖြိုး ဦးလေး က အလုပ်ကလွဲရင် ဘာမှမသိဘူး။သူ့ အကောင့် ကို သိတဲ့သူဆိုလို့  ငါနဲ့  ကိုဖြိုးပဲရှိတယ် ၊ နင် လည်း မကျေနပ်ရင် သူ့ ကိုဘလော့လုပ်ပစ်လိုက်ပေါ့ ၊ဒါလေးများ၊ဒါပဲနော် ငါနောက်မှပြန်ဆက်မယ် ၊တာ့တာ ”
ပြောပြောဆိုဆို ဖုန်းချသွားတဲ့ ၀င့်ဝါ ကိုစိတ်တိုရင်း ဧပရယ်ဖူးလ် နေ့ မှာ ဝေသီတစ်ယောက်ထူးထူးခြားခြားကို အရူးလုပ်ခံ လိုက်ရပါတယ်။
xxxxxxxxxxxxxxx
( ၄ )
ဝင့် ဝါ က သူ အကောင့် ကိုဘလော့လုပ်လိုက်ဆိုပေမယ့်  ဝေသီ မလုပ်ဘဲ သူ့ အခြေအနေ ကိုစောင့်ကြည့်နေလိုက်ပါတယ်။ သူ့ အကောင့်  က မီးအမြဲ နီ နေပြီး ဝေသီ့ကိုလည်း လာမခေါ်ပါဘူး။ နောက် ရက်တွေ ၀င့် ဝါပြောပြတာ ကိုဖြိုးက သူ့ ဦးလေးကို ၀င့် ဝါကဧပရယ်ဖူး လုပ်ချင်လို့ ဝေသီ့အကြောင်း မဟုတ်တာတွေ ပြောလိုက်တာ ပြန်ရှင်းပြ လိုက်ပါသတဲ့ ။
ဒါဆို သူ ဝေသီ့ကို မဟုတ်တာတွေ ပြောထားတာ အားနာလိုက်တာဆိုတဲ့ စကားလေးတော့ ပြောရမှာပေါ့။ သူပြောလာရင် ဝေသီ ကလည်းအဲဒီနေ့ကသူ့ကိုရန်တွေ့ခဲ့တာ တောင်းပန်မလို့စောင့်နေခဲ့ပေမယ့်  တစ်ပါတ်သာကျော်လာတယ်။ သူကတော့ ဝေသီ့ ကိုမခေါ် ပါဘူး။
တနေ့  ၀င့် ဝါ နဲ့ ဝေသီ အွန်လိုင်းမှာဆုံတော့
“ဝေသီရေ၊ ခု ဦးဝတီ ကပြောခိုင်းလို့ ၊သူ နင့်ကိုပြောခဲ့တာ အားနာပါတယ်..တဲ့  ”
“ကြည့်စမ်း၊ ဝေသီ ရှိနေရဲ့ နဲ့ သူက ၀င့် ဝါ ကနေ တဆင့် ပြောခိုင်းနေတာ မကျေနပ်ပါဘူး။သူက ဘာလို့  ငါ့ ကိုတွေ့ နေရဲ့ နဲ့  မခေါ်ရတာလဲဟဲ့  ”
“အော်--ငါပြောပြီးပါရောလား၊ သူက သူ့ အလုပ် နဲ့  သူ လို့ ၊ငါတို့လို ကောင်မလေးတွေကို အပျော်စကားပြောချိန်မရှိဘူး”
ဘယ်လိုပဲပြောပြော ဝေသီ့ ရင်ထဲမှာတော့  သူ လာမခေါ်လို့ မကျေနပ်ပါဘူး။သူ က ကြည့်ရတာ ရက်စက်ပြီး ပြတ်သားမယ့်ပုံပါ။ ဘာလို့လဲဆိုတော့ သူ တင်တတ်တဲ့ စာသားတွေက သူရဲကောင်းတွေရဲ့ အဆိုအမိန့်တွေ၊တိုက်ပွဲခေါ်သံ လို စာစုတွေ၊ နိုင်ငံရေး အကြောင်း တွေချည်းပဲ။
သူမခေါ်လည်းဘဲ အွန်လိုင်းပေါ်တက်တာနဲ့ သူ ရှိမရှိ အရင်ကြည့်မိတဲ့အထိ တစစနဲ့  ဝေသီ့ အာရုံ ထဲမှာ သူ့ အကြောင်းက နေရာ ယူလာပါတယ်။ အွန်လိုင်းမှာ သူ နဲ့ တစ်ခါလောက် စကားပြောချင်စိတ်ဖြစ်မိပါတယ်။ဝေသီ့ကို သူ သတိထားမိလာစေချင်တယ်။ဝေသီ လှတာ သူ သိစေချင်တဲ့စိတ်နဲ့  ဂျီတော့မှာလည်း  ကိုယ့်ပုံလေးတွေ တင် ထားမိပါတယ်။ဒါပေမယ့်  သုံးလကျော်ခဲ့ပေ မယ့် သူ့  အကောင့် ကတော့ မီးနီပြီးတိတ်ဆိတ်လျှက် ပဲမို့  ဝေသီ့ ရင်ထဲ ၀မ်းနည်းအားငယ်သလိုတောင် ခံစားရပါတယ်။
ဒီလိုနဲ့တနေ့ မှာတော့  ဝေသီ အွန်လိုင်းရောက်တာနဲ့ သူ့ အကောင့်ကိုကြည့်လိုက်တော့ ထူးထူးဆန်းဆန်း မီးစိမ်းနေလို့  အံ့ သြ နေတုန်း မှာပဲသူကဝေသီ့ကို ခေါ်လာပါတယ်။
“ညီမလေးရေ၊  အကိုတစ်ခုပြောချင်လို့ ပါ။”
“အော်--ဟုတ်ကဲ့၊ပြောပါ ”
“ညီမလေး ခုတင်ထားတဲ့ မင်္ဂလသုတ်က စာသားမှားနေလို့ပါအမှန်က အသေ၀နာစ ဗာလာနံ ဖြစ်ရမှာ  ”
သူပြောမှ ဝေသီ လည်းကိုယ်တင်ထားတဲ့ စာသားကိုပြန်ကြည့်တော့မှစာလုံးပေါင်းမှားနေတာတွေ့ လို့ပြင်လိုက်ပါတယ်။
“ဟုတ်တယ်၊ ညီမ ရေးတာမှားသွားလို့ ၊ကျေးဇူးပါပဲနော် ”
“ရပါတယ်၊ ညီမလေးက မင်္ဂလသုတ် က စာသားတွေ တင်ထားတတ်တယ်နော်၊ ”
“ဟုတ်ကဲ့ ၊ ဝေသီ ကြိုက်လို့ပါ ”
“ကောင်းတယ်၊ မင်္ဂလာတရားနဲ့ အညီ နေတယ်ဆိုတဲ့ သဘောပေါ့ ၊ ဒီလို တွေးပြီးဒီလို စာတွေ တင်တတ်တဲ့ မိန်းကလေး ခုခေတ် မှာရှားသွားပြီ၊ညီမလေးက ဘာသာရေးလည်းကိုင်းရှိုင်းတယ်လို့  ကြားတယ် ”
ကြည့်စမ်း၊ သူက ဝေသီ့ ကိုသာလာစကားမပြောတာ ဝေသီ့ အကြောင်းသိနေပါလား.. ။ ကြည့်ရတာ ၀င့် ဝါ စနက်ပဲဖြစ်ရမယ် လို့တွေးမိပါတယ်။
အဲဒီနေ့ ကစလို့  သူနဲ့  ဝေသီ စတင် ခင်မင် ရင်းနှီးလာပါတယ်။ ဝေသီ အွန်လိုင်းပေါ်ရောက်တာနဲ့   သူ့ အကောင့် ရဲ့ မီးနီလေး က စိမ်းလာပြီးစကားတွေပြောလာတတ်တာမို့ ရင်ထဲမှာ ကျေနပ်ပျော်ရွှင်ခြင်းနဲ့ အတူ ထူးဆန်းတဲ့ ခံစားမှုလေးတစ်ခု ရင်ထဲကို နူးညံ့  သိမ်မွေ့ စွာ တိုးလာပါတယ်။
တစ်စထက် တစ်စ မမြင်ရတဲ့ နှောင်ကြိုးလေးတစ်မျှင်ဟာ ဝေသီတို့ နှစ်ယောက်ကိုရစ်ပတ်လာခဲ့ပါတယ်။
xxxxxxxxxxxxxxx
( ၅ )
သူ က ဝေသီ့ ထက် ၉ နှစ်တောင်ကြီးတာမို့  အကိုကြီးလို့ ခေါ်မိတယ်။ ဂျီတော့ မှာ စာရိုက်ပြီး သူ ခေါ်တဲ့  ညီမလေး ဆိုတဲ့  အသံ ဟာ တလောကလုံးမှာ အသာယာဆုံးလို့  ထင်ပါတယ်။ ရှေးဘ၀ရေစက် ဆိုတာ ဒါမျိုးကိုပြောတာလားပဲ--။ သူစိမ်းယောင်္ကျားလေး တွေ ဆို သိပ် ရင်းရင်းနှီးနှီးနဲ့  မခင်တတ်တဲ့ ဝေသီလေ အကိုကြီး ကို တော့ အနှစ်နှစ်အလလ  ရင်းနှီးခဲ့ သူလို သဘောထား နေမိတယ်။ တစ်နေ့ တာ ဝေသီ့ အကြောင်းတွေ ၊ ဝေသီ ခံစားရတာတွေ တိုင် တည်ပြောဆိုနေမိတယ်။
ဒါပေမယ့် အကိုကြီး ကေ တာ့ သိပ်ကို လျှို့ ဝှက်လွန်းတယ်လို့ ဝေသီ ထင်ပါတယ်။ခုထိ အကိုကြီး ဘာအလုပ်လုပ်တယ်၊ ဘယ် နိုင်ငံ နေ တယ်ဆိုတာ တိတိကျကျ မသိပါဘူး။ အကိုကြီး ကိုမေးတိုင်း ပြောပြလို့ မရလို့ပါ ညီမလေးရယ်--လို့ ပဲပြန်ဖြေတတ်တယ်။ ၀င့် ဝါ ကိုတောင် သူ့ ကောင်လေး က မပြောပြဘူးတဲ့ --အန္တရာယ်များပြီး လူသိခံလို့ မရတဲ့ အလုပ်မို့  ပြောလို့မဖြစ်ဘူးတဲ့ ။ ဒါပေမယ့်  နိုင်ငံ အတွက် လုပ်နေတာတော့အမှန်ပဲတဲ့ --- ခု ဝေသီတို့ ကို ပြောပြထားတဲ့ နာမည်ကတောင် မှတ်ပုံတင်ထဲက နာမည်မဟုတ်ဘူးတဲ့ --။
ဘယ်လိုလဲ အကိုကြီးရယ်--ရှင်ဟာ ဘယ်လို လူစားလဲဟင်…။ ကိုယ့် ရဲ့ ကိုယ်ပိုင်ဘ၀ ကို အပျောက်ဆုံးခံပြီး လုပ်နေရသတဲ့ လား…။ အကိုကြီး နဲ့  စကားပြောရင်း ဝေသီ ခန့် မှန်းမိတာကတော့ သူနေရတာမြန်မာနိုင်ငံနဲ့ သိပ်မဝေးတဲ့  ကျွန်းဆွယ်လေးတစ်ခု လို့  ပဲထင်ရ တယ်။အကိုကြီးက သိပ်ပါးနပ်ပြီး သတိရှိတယ်။ဝေသီ က သူ နေတဲ့ နေရာ ကိုအချိန်တွက်ကြည့်ချင်လို့ ခု ဘယ်နှနာရီလဲလို့  အငိုက် ဖမ်းပြီးမေးတာတောင်   မြန်မာစံတော်ချိန် ကိုပဲဖြေတတ်တယ်။
တစ်ခါတစ်လေ တစ်ပတ်လောက်ပျောက်နေတတ်ပြီး တစ်ခါတစ်လေလည်း အွန်လိုင်းမှာ အမြဲရှိနေတတ်တဲ့  အကိုကြီး က ဘာတွေ လုပ်နေလဲ ဝေသီ မခန့် မှန်းတတ်တော့ဘူး။   သေချာတာတခုကတော့ အကိုကြီး အလုပ်ကခက်ခဲပင်ပန်းတယ်ဆိုတာ ခန့် မှန်း မိတယ်။
ဝေသီ နဲ့ တွေ့ တဲ့အချိန်  အကိုကြီးရေ --ဘာစားပြီးပြီ လဲလို့ မေးလိုက်ရင်ပေါင်မုန့်၊ ကော်ဖီ၊ ကြက်ဥပြုတ်၊ ခေါက်ဆွဲပြုတ် --ဒါတွေပဲ စားနေတယ်ပြောပါတယ်။ ထမင်းလည်းတစ်ခါတလေ မှချက်စားရတဲ့ပုံ ပေါ်တဲ့  အကိုကြီးကို ဝေသီ သနားလိုက်တာ။ အိမ်မှာ ဖွယ်ဖွယ်ရာရာ ဟင်းလေးတွေ ချက်တဲ့ နေ့ ဆို  တကူးတက ဓါတ်ပုံရိုက်ပြီး  မေးလ်နဲ့  ပို့ ပေးတတ်တဲ့ ဝေသီ့ ကို အကိုကြီးက ရယ်မော သဘောကျနေ တတ်တယ်။
အကိုကြီးကိုလေ ဝေသီ ကိုယ်တိုင် ချက်ကျွေးချင်လိုက်တာ--။
ဘယ်ကမှန်းမသိတဲ့  သူစိမ်းတစ်ယောက်အပေါ် ထားမိတဲ့ ဝေသီ့ သံယောဇဉ်တွေဟာ အချိန်ကြာလေ ပိုတိုးလေ ပါပဲ အကိုကြီးရယ်။
xxxxxxxxxxxxxxxxxxxxxx
( ၆ )
ဒီလိုနဲ့  ဝေသီ တို့ ခင်လာတာ ၆လ လောက်ရှိလာတဲ့အထိ အကိုကြီးကို မမြင်ဖူးပါဘူး။ တနေ့ တော့ ဝေသီ လည်း အကိုကြီး ကိုမြင်ဖူးချင်တယ်လို့ ပြောလိုက်တယ်။
“ဘာဖြစ်လို့ မြင်ဖူးချင်ရတာလဲညီမလေးရယ်၊ အကိုကြီးက ရုပ်ဆိုးပါတယ်”
“ဆိုးဆိုး ဘာဖြစ်လဲ၊ ကိုယ့်  အကို ပဲမြင်ဖူးချင်တာပေါ့  ”
“ဒီအတိုင်းပဲ ပြောစကားတွေကိုပဲပုံဖော်ကြည့်နော်”
“မရဘူး၊ အကိုကြီးဓါတ်ပုံ ပို့ မှာလား ၊မပို့ဘူးလား”
“မဖြစ်လို့ပါ ညီမလေးရယ်”
“တော်ပြီ၊ရတယ် --ဒီလောက်တောင်ပြောနေတာတောင် မပို့ ပေးရင်လည်းနေ ၊ ကိုယ် ကတော့ ကိုယ် အကိုကြီး ပုံမို့ တောင်းနေတာကို ၊ရတယ် ၊စိတ်ဓါတ်သိရတယ် ”
ဝေသီ လည်းဒီလောက် တောင်းနေတာတောင် မပြဘူးဆိုလို့  စိတ်တိုတို နဲ့ အကိုကြီးကို ဘလော့လုပ်ထားလိုက်ပါတယ်။ ရှက် လည်းရှက် ပြီး ခံပြင်းမိပါတယ်။ဝေသီ့ ဘ၀မှာ ပထမဆုံး  ရင်းနှီးပတ်သက်မိတဲ့ ယောင်္ကျားတစ်ယောက် ဟာ သာမန်လူတွေလို ဘ၀မျိုး မဟုတ်ပါလား--ဒီလို လူမျိုးကို သံယောဇဉ် တွယ်မိတဲ့ ကိုယ့်ကိုယ်ကို ပဲ အပြစ်တင်မိတယ်။
ဝေသီ အကိုကြီးကို ဘလော့ လုပ်ထားတဲ့  ၆ ရက်မြောက်နေ့ မှာပဲ ဝေသီ့ မေးလ် ထဲကို ဓါတ်ပုံလေးတစ်ပုံ ရောက်လာပါတယ်။
“သိပ်ဆိုးတဲ့ ကောင်မလေး
ဓါတ်ပုံ ပို့ လိုက်တယ်၊ ဘယ်သူ့ မှမပြဘဲ တစ်ယောက်တည်းကြည့်
အကိုကြီး”
အကိုကြီးရယ်…
ဒေါင်းလော့ဆွဲပြီးပေါ်လာတဲ့ မျက်နှာတစ်ခုကို ကြည့်ပြီး ရင်ခုန်ကြည်နူးစွာနဲ့ ဝေသီ့ မျက်ဝန်းထဲမှာ မျက်ရည်တွေ ၀ိုင်းလာမိတယ်။ ဖြောင့် မတ်ပြီး အမှန်တရားကိုမြတ်နိုးတတ် ပုံပေါ်တဲ့  လူတစ်ယောက်ရဲ့ ပုံရိပ်ကို ဝေသီမြင်နေရတယ်။ ခပ်သွယ်သွယ်မျက်နှာမှာ ပြတ် သားတဲ့ မေးရိုးတွေကခိုင်မာတယ်၊ မျက်ခုံးထူထူ၊ နှာတံဖြောင့် စင်းစင်းနဲ့  သာမန်ရုပ်ရည် မှာ ထူးခြားတာက တောက်ပစူးရှ တဲ့မျက်ဝန်း တွေပါ။အကိုကြီးမျက်လုံးတွေ က ပြတ်သားတိကျမယ့်ပုံပဲ။
အကိုကြီး၊ ဒါဟာ ဝေသီ့ ရဲ့ အကိုကြီးပါလား….။
ဝေသီ ချက်ချင်းပဲ အကိုကြီးကို ဘလော့လုပ်ထားတာပြန်ဖွင့်လိုက်ပါတယ်။အကိုကြီးကလည်း ဝေသီ့ ကိုစောင့် နေပုံရတယ်။
“အကိုကြီးပုံ ကြည့်ပြီးပြီသိလား၊ တို့ အကို က ကြည့်ကောင်းသားပဲ--အဟိ ”
“လူဆိုးမလေးရေ၊ ခင်ဗျားလေး စိတ်မကောင်းဖြစ်နေလို့ သာ ပို့ ရတာ ၊ တကယ်ဆိုအကိုကြီး ရဲ အလုပ်က  ဒီလိုကိုယ့်  ဓါတ်ပုံ ကို ပို့ ချင်သလို ပို့ ခွင့် မ၇ှိဘူး၊ ”
“အာ--ကိုယ့်ပုံကိုယ်ပို့ တာပဲ ၊ ဘာဆိုင်လဲ”
“ညီမလေးမသိလို့ ပါကွယ်၊ အကိုကြီးတို့ က ကိုယ့်ဘ၀ ကိုယ်မပိုင်ဘူး၊ အားလုံးပေးဆပ်ထားရတဲ့ ဘ၀ပါ။ ဒါလေးတော့ မှတ်ထားနော်”
“စိတ်ချပါအကိုကြီး၊ ဒီဓါတ်ပုံကိုဝေသီ တစ်ယောက်တည်းကြည့်မှာပါ၊၀င့် ဝါကိုတောင်မပြပါဘူး။”
“ညီမလေးပုံလေးလည်းပို့ ပေးပါလား၊ အကိုကြီး သိမ်းထားချင်လို့ ”
“ဟုတ်၊ ခု ပို့ ပေးမယ် နော်--ခဏလေး”
ဝေသီ ချက်ချင်းပဲ အကိုကြီးဆီကို ဓါတ်ပုံပို့ ပေးလိုက်ပါတယ်။
“ဟား--ငါ့ ညီမလေးက အချောလေးပဲ၊ ဆံပင်ရှည်လေးနဲ့ ကျက်သရေရှိလိုက်တာ”
အကိုကြီးအပြောကြောင့် ဝေသီ ကြည်နူးမိတယ်။ အဲဒီနေ့ ကစပြီး ဝေသီ နဲ့ အကိုကြီး ဟာ နှစ်လတစ်ကြိမ် ဓါတ်ပုံတွေ အပြန် အလှန် ပို့ ပေးကြပါတယ်ဝေသီ့ ပုံလေးတွေကတော့  ပိုပို ပြီး လှပမြူးကြွလာသလောက် အကိုကြီး က ပင်ပန်းပြီး ပိန်သွားတတ်လို့ ကျန်းမာရေးဂရုစိုက်ဖို့ ၊ အစားမှန်မှန် စားဖို့  ဝေသီ့ မှာ တတွတ်တွတ် မှာရပါတယ်။
ခင်မင်ခဲ့တဲ့ သက်တမ်း တစ်နှစ်ခွဲ အတွင်းမှာ ဒီတစ်ခါပို့ လိုက်တဲ့ အကိုကြီးပုံကိုကြည့်ရတာ ကျန်းမာရေးချို့ တဲ့ နေပုံရပါတယ်။ ဘာရောဂါ တွေ ခံစားနေရတာလဲ အကိုကြီးရယ်၊ 
xxxxxxxxxxxxxxxxxxxxxxx
( ၇ )
ဝေသီ့ ဘ၀ ရဲ့ အပြောင်းအလဲတစ်ခုကတော့ ဖေဖေ ရုတ်တရက် ဆုံးသွားတာကိုကြုံလိုက်ရခြင်းပါ။ ခရီးသွားရင်းရုတ်တရက် ကားမှောက်ပြီးဖေဖေ ဆုံးသွားတော့  ဝေသီ နဲ့ မေမေ တို့ ဖြေမဆည်နိုင်အောင် ၀မ်းနည်းကြေကွဲခဲ့ရပါတယ်။ ပုံမှန်အတိုင်းသားအမိ နှစ်ယောက် ရွှေဆိုင် ထွက်နေပေမယ့် ဖေဖေ ရှိတုန်းကလို မဟုတ်ဘဲရွှေအရောင်းအ၀ယ်လုပ်ငန်းက အရင်လို မဟုတ်တော့ပါဘူး။
နဂိုကတည်းက ဖေဖေ့ရဲ့ ဦးဆောင်မှုနောက် မှာ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းနေရတဲ့ မေမေကလည်း တခုခုဖြစ်ရင်ဆုံး သွား တဲ့ ခင်ပွန်းကို တမ်းတပြီး အားငယ်ဝမ်းနည်း   နေတတ်ပါတယ်။
ဒီလိုအခြေအနေ မှာ ဝေသီတို့ သားအမိရဲ့ ဘ၀လေးထဲတိုးဝင်လာတဲ့သူက သတိုးအောင်ပါ။သတိုးအောင်ရဲ့ မိဘတွေကလည်း ရတနာကုန်သည်တွေမို မေ့မေ တို့ နဲ့ ရင်းနှီးပါတယ်။      ကျောင်းမှာကတည်းက ဝေသီ့ ကို ချစ်ခွင့် ပန်ခဲ့ဖူးတဲ့ သတိုးအောင် က ကျောင်းပြီး ကတည်းကထက်ထက်မြက်မြက် နဲ့ မိဘ လုပ်ငန်းကို ဦးဆောင်ပေးနေတာ မေမေက သိပ်သဘောကျတာပါ။ သတိုးအောင်မိဘတွေ ကလည်း ဝေသီ နဲ့ဆို သဘောတူတဲ့အကြောင်း မေ့မေ့ကို ပွင့် ပွင့် လင်းလင်းပြောပြီးပါပြီ။မေမေ ကလည်း သတိုးအောင်လို အားကိုး ရတဲ့ သူကို သားမက်တော်ချင်ပါတယ်။
ခက်တာက ဝေသီ့  စိတ်နဲ့ နှလုံးသားပါ။ ကျောင်းမှာတုန်းက သတိုးအောင်ကို ပြန်လက်မခံတာက သူငယ်ချင်းတွေနဲ့ ပဲ ပျော်ရွင် နေုပြီးအချစ်ရေးကို စိတ်မ၀င်စားလို့ ပါ။ ခုကျတော့  သတိုးအောင်ကို လက်မခံနိုင်တာက ဝေသီ့ နှလုံးသားမှာ နေရာ မရှိတော့ လို့ ပါ။
ဟုတ်တယ်-- ခုလေ ဝေသီ့ နှလုံးသားထဲမှာ အကိုကြီးဆိုတဲ့  ဘယ်ကမှန်းမသိတဲ့  လူတစ်ယောက်က နေရာအပြည့်ယူထား ပါတယ်။ ခုတလောအကိုကြီးကို အွန်လိုင်းမှာ မတွေ့ လို့  မေးလ်ပို့ပြီးသတိုးအောင်ကိုလက်မခံချင်လို့  မေမေ့ ကိုဘယ်လိုငြင်းရင်ကောင်း မလဲ ဆိုပြီး မေးထားပေမယ့် အကိုကြီးဆီက ပြန်စာမလာသေးပါဘူး။ အွန်လိုင်းပဲ မတက်ဖြစ်တာလား၊ တမင် စာမပြန်ချင်လို့လား အကိုကြီးရေ--မေမေ ကလည်း ဝေသီ မျက်နှာမကောင်းတာရိပ်မိပြီးမေးလာပါတယ်။
“သမီးလေး--နေမကောင်းဘူးလား”
“ကောင်းပါတယ်မေမေ ၊ခေါင်းနဲနဲကိုက်ချင်သလို ဖြစ်နေလို့ ပါ”
“မေမေ ပြောတဲ မောင်သတိုးအောင် နဲ့ ကိစ္စကိုစဉ်းစားပေးပါဦးလားသမီးရယ်သူက သမီးကိုလည်းမေတ္တာရှိနေတယ်၊ မိဘချင်း ကလည်း ခင်မင်ပြီးသား--”
“သမီးလေ--သမီး အိမ်ထောင်မပြုချင်သေးဘူးမေမေ”
“သမီးအသက်လည်း မငယ်တော့ဘူး ၂၅ နှစ်ကျော်နေပြီနော် --နောက်ပြီးသမီးမှာ တိုင်ပင်အဖော်ပြုစရာ မောင်နှမတွေလဲမ၇ှိဘူး၊ မပြောကောင်းပြောကောင်း ခုနေ မေမေပါ ရုတ်တရက် ဆုံးသွားရင် လောကအလယ် ငါ့ သမီးလေး တစ်ယောက်တည်းကျန်ခဲ့မှာလည်းမေမေ စိတ်မချဘူးကွယ်”
“ မေမေရယ်--ဒီလိုမပြောပါနဲ့  ”
“မပြောလို့ မရဘူးသမီး၊ ကံကြမ္မာဆိုတာမမြင်ရဘူးလေ…ကဲ--သမီးက ဒီလောက်တောင် သတိုးအောင်ကိုငြင်းနေရတာ --သမီးမှာ ရည်ရွယ်ထားသူ ရှိလို့ လားပြော”
“သမီးလေ… သမီး …”
အကိုကြီးရေ… မေမေကမေးနေပြီ--ဝေသီ ဘယ်လိုဖြေရမှာလဲ
ဝေသီ့ ချစ်သူဟာ ဘယ်မှာနေပြီးဘာလုပ်မှန်းမသိရတဲ့ ကိုယ်ပိုင်ဘ၀ကို ဖျောက်ထားတဲ့ အမည်မသိ သူစိမ်းတစ်ယောက်ပါလို့ --မေမေ့ ကို ဝေသီ ဘယ်လိုပြောရပါ့မလဲ …
မေးသမျှ ပြန်မဖြေနိုင်ဘဲ စိတ်ထိခိုက်နေပုံရတဲ့ သမီးလေးကို ကြည့်ရင်းသနားလာလို့ မေမေ ကဘာမှမပြောဘဲထွက်သွားတဲ့အခါ ဝေသီ အကိုကြီးကို တမ်းတရင်း ရှိုက်ကြီးတငင် ငိုမိပါတော့တယ်။
xxxxxxxxxxxxxxxxxxxx
( ၈ )
ဒီ နေ့  အကိုကြီးကို ပြင်းပြင်းထန်ထန် သတိရလာလို့ ဝေသီ အွန်လိုင်းတက်ခဲ့ပေမယ့်  အကိုကြီးအကောင့် က မီးမလင်းပါ ဘူး။လူပဲမရှိတာလား--တမင်ပုန်းနေတာလား ဟင်…. .ဝေသီ လေ အကိုကြီး ကို ဝေသီ့ ရင်ထဲက ခံစားနေရတာတွေ ပြောပြချင်လိုက်တာ ရှင်။
အကိုကြီးရေ --အကိုကြီးရေ လာခဲ့ပါနော်…။စိတ်ထဲကနေ တမ်းတတိုင်တည်နေတုန်းမှာပဲ သူ့ အကောင့် မီးစိမ်းလာပါတယ်။
“ညီမလေးရေ--မတွေ့ ရတာကြာပြီနော်”
“အကိုကြီး--ပျောက်နေလိုက်တာ -နေရောကောင်းရဲ့ လားဟင်၊ဝေသီ စိတ်ပူနေတာ”
“ဟုတ်တယ် … အကိုကြီးနေမကောင်းဘူး ”
“ဟုတ်လား.. ဘာဖြစ်နေလို့လဲ ၊ ဝေသီ ဘာကူညီရမလဲ ၊ပြောပါ”
“ရတယ်ညီမလေး--အကိုကြီး အတွက် မပူနဲ့ ၊ ခု ညီမလေးကိုပြောစရာရှိလို့ ခဏ တက်လာတာ”
“ဟုတ်၊ပြောပါ ”
“ညီမလေး ပို့လိုက်တဲ့မေးလ် အကိုကြီးဖတ်ပြီးပါပြီ။သတိုးအောင်ဟာ ညီမလေးလက်တွဲသင့်တဲ့ အဖော်မွန်ကောင်းပါ ၊လက်ခံလိုက်နော်” 
အို--ပြောရက်လိုက်တာအကိုကြီးရယ်--သတိုးအောင်ကိုလက်ခံရမယ်တဲ့လား
“ဘာလို့ ဒီလိုပြောတာလဲအကိုကြီး၊ ဝေသီ မှ သူ့ ကိုမချစ်တာ။ ဝေသီ့ မှာလေ--ဝေသီ့ မှာ ချစ်တဲ့သူရှိတယ်” 
ဝေသီ လည်း အရဲစွန့်ပြီးပြောလိုက်ပေမယ့် …..
“ညီမလေးစိတ်ကို အကိုကြီးနားလည်ပါတယ်။ဒါပေမယ့် သိပ်စိတ်ကူးမယဉ်ပါနဲ့ ညီမလေးရယ်၊ လက်တွေ့ ဘ၀ ကို ဖြတ်သန်း ရင်ဆိုင်ရတဲ့ အခါ စိတ်ကူးတွေ အိပ်မက်တွေ ကို ဖျောက်ပစ်လိုက်ပါ။  ညီမလေးကို ဒီစကားပြောချင်လို့ အကိုကြီးစောင့်နေတာ၊ အချိန်သိပ် မရှိ ဘူး၊ အကိုကြီးတို့ နေရာပြောင်းရမယ်။ ပစ္စည်းတွေလည်းအကုန်သိမ်းပြီးပြီ၊  နောက်နေရာရောက်ရင် အကိုကြီး အွန်လိုင်းလည်း မတက်နိုင်တော့ဘူး-ဒါကြောင့် ညီမလေးကို အပြီး အပိုင် နှုတ်ဆက်ပါတယ်။”
“ဟင် --အကိုကြီး --ဒါဆို နောက် အကိုကြီးနဲ့ ညီမလေး ဘယ်တော့မှမတွေ့ ရတော့ဘူးပေါ့ ”
“၀မ်းနည်းပါတယ် ညီမလေး၊ အကိုကြီးဆိုတဲ့ လူတစ်ယောက်ကိုညီမလေးဘ၀တည်းက အပြီးအပိုင်ထုတ်လိုက်ပါတော့၊ ညီမလေး ဘ၀ သာယာချမ်းမြေ့ ပါစေလို့ ဆုတောင်းခဲ့ပါတယ်  ၊ အကိုကြီးသွားပြီနော်”
ပြောပြောဆိုဆို အကိုကြီး အကောင့် မီးပိတ်သွားတော့ ဝေသီ့ ရင်ထဲဟာကနဲဖြစ်သွားပါတယ်။
ဒါဟာ တကယ်ပဲလား… အိပ်မက်လား။ ရင်နဲ အမျှ  တွယ်တာ ချစ်ခင်လာရတဲ့ သူတစ်ယောက်ဟာ ခု ဝေသီ့ ကို တစ်ဘ၀စာ နှုတ်ဆက်သွားပြီ ၊ဒါဟာ ဖြစ်သင့် လား။
အကိုကြီးရေ--ဝေသီ့ရင်ထဲကခံစားချက်တွေကိုနားထောင်မပေးတော့ဘူးလားဟင်။ ဝေသီ့ နှလုံးသားထဲက ချစ်ခြင်းတွေ ကို တစ်စစီ လွှင့် ပစ်လိုက်ရမှာလား။ အကိုကြီးရော ဝေသီ့ ကို တယုတယ နဲ့ ခင်မင် အကြင်နာပိုခဲ့တာပဲမှတ်လား။ ခုမှ ဒီလိုလွယ်လွယ် လေးလက်ပြ နှုတ်ဆက် ထွက်ခွာသွားလို့ ရလား။
အကိုကြီးသိပ်ရက်စက်တယ်-အကိုကြီးရေ…..အကိုကြီးရေ
xxxxxxxxxxxxxxxxxxxxxxx
( ၉ )
“မေမေ --ဘုရားရှိခိုးရင်းဘာလို့ နိုနေတာလဲ  ၊ အဲလို နိုရဘူး  ၊ တိတ် တိတ် ”
သားသားရဲ့ အသံလေးကြားမှ ဝေသီတစ်ယောက် ပါးပြင်ပေါ်ကမျက်ရည်စတွေကိုသုတ်လိုက်ပါတယ်။ သုံးနှစ်ကျော်ပဲရှိသေးတဲ့  သားလေးက သိပ်စကားတတ်ပြီး ချစ်စရာကောင်းလို့   မေမေနဲ့ ကိုသတိုးရဲ့ အသည်းကျော်လေးပေါ့  ။
“မေမေ  -- တီတီဝါ ရောက်နေတယ် ”
သားလေးပြောနေတုန်းမှာပဲ ၀င့် ဝါ ဘုရားခန်းထဲဝင်လာပါတယ်။မျက်ရည်စတွေနဲ့ ဝေသီ့ ကို စိတ်မကောင်းသလိုကြည့်ုရင်း သက်ပြင်းချနေပါတယ်။
“ဒီနေ့ အကိုကြီးဆုံးတာ ၃ နှစ်ပြည့် နော် ၀င့် ဝါ ၊ ငါ သူ့ တွက် ဘုရားမှာ ဆွမ်းကပ်ပြီး အမျှဝေပေးနေတာပါ။သူ ရောက်ရာဘ၀က သာဓုခေါ်နိုင်အောင်ပါ။ နောက်ပြီးနောင်ဘ၀ဆက်တိုင်း  ဒီလို လူမသိသူမသိ သေဆုံးသွားရတဲ့ သူ မဖြစ်ပါစေနဲ့လို့  ဆုတောင်း ပေးနေ မိတယ်”
“အေးပါ..သူငယ်ချင်းရယ်၊ဒါပေမယ့်သူက နိုင်ငံအတွက် ပေးဆပ်ရင်းသူ့ ဘ၀ကိုစတေးသွားရတာမို့ မွန်မြတ်ပါတယ်ဟယ်။ သူကောင်း ရာမွန်ရာ ဘုံဘ၀ ရောက်မှာပါ ၊နင်သာ နင့် မိသားစု ဘ၀လေးကို သာယာအောင်တည်ဆောက်ပါ။ဒါမှ ရောက်ရာဘ၀ကနေ နင့်ကိုကြည့်ပြီး သူပျော်ရွှင်နိုင်မှာ”
သားသားကိုရင်ခွင်ထဲ ပွေ့ဖက်ထားရင်း ၀င့်ဝါ အပြောကို လက်ခံတဲ့အနေနဲ့ပြုံးပြီးခေါင်းညိတ်လိုက်မိပါတယ်။ဝေသီရဲ့ လက်ရှိ မိသားစုဘ၀လေးကို  ဝေသီတန်ဖိုးထားပါတယ်။ ကိုသတိုး  စိတ်ချမ်းသာစေရမယ့် အိမ်ရှင်မကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေ ပါတယ်။ ဘုံဘ၀တစ်ခုကိုရောက်နေမယ့်  တစ်ရံတစ်ခါဆီက  ဝေသီ့ ရဲ့ အကိုကြီးလည်း  ဝေသီ့ ရဲ့ သာယာချမ်းမြေ့ နေတဲ့ ဘ၀လေးကို မြင်ရင်ကျေနပ်စွာ ပြုံးနေလိမ့်မယ်ထင်ပါတယ်။
ခံစားနားလည်နိုင်ပါစေ
ကြာဖြူနွယ်
စရိုက် တဲ့လား
“စရိုက်” တဲ့လား။ တီးတိုးရေရွတ်ရင်း မဲ့ပြုံးတစ်ချက်ပြုံးမိလိုက်သည်။ အကယ်၍များ ထိုစဉ်က အဖြစ် အပျက်ကို ပြန်ရောက်နိုင်မည်ဆိုပါစို့။ ထိုသူ၏ ဆုံးဖြတ်ချက်ကိုလည်း သိမည်ဆိုပါစို့။ သေချာပါသည်။ သူမ ထိုအပြုအမှုကိုပင် ထပ်မံ ပြုလုပ်မိဦးမည် ဖြစ်သည်။
တအူတုံဆင်း မောင်နှမရင်း ဆိုသည့် သွေးစည်းခြင်းသည် မည်သည့်အရာနှင့်မျှ ပျက်မည်မဟုတ်မှန်း၊ ဖျက်၍ရမည် မဟုတ်မှန်း ထိုသူ့ကို တစ်ခါလောက်တော့ တွေ့ဆုံကာ အသေအချာ ပြောပြချင်မိပါသေးသည်။
ထိုသူ နှင့် တွေ့ဆုံခဲ့ပုံက မဆန်းလှပါ။ သူမ က သာမန် အေးဂျင့်ကုန်စုံဆိုင်တစ်ခု၏ အရောင်းဝန်ထမ်း ဖြစ်ပြီး ထိုသူက ဆိုင်ကို အမြဲလာရောက်ဝယ်ယူသော ဈေးဝယ်သူတစ်ဦးအဖြစ်သာ။ တဖြည်းဖြည်းနှင့် အဝယ် စိတ်လာကာ ဝယ်သည့်အခါတိုင်းလည်း သူမဆီသာ ရွေးချယ်မေးဝယ်တတ်သည်မို့ သူမ သတိထားမိခဲ့ခြင်း ပင်။
(၁)
ဟော သူလာပြီ။ သူလာပြီဆိုသည်နှင့် တခြား အရောင်းဝန်ထမ်းအားလုံးသည် သူမ ကိုသာ ပြုံးစိစိ ကြည့်နေကြသည်မှာ မုန်းစရာပင်ကောင်းတော့သည်။ တကယ်ဆို သူကလည်း တခြား ဝန်ထမ်းတွေဆီ မေး မည်မရှိ။ သူမ ဆီသာ အမြဲတမ်းမေးနေသည်။ တကယ်ပါပဲ ဟု စိတ်ထဲမှ မကျေနပ်လေဟန်နှင့် (တကယ်တော့ ကျေကျေနပ်နပ်နှင့်) ရေရွတ်လိုက်မိသည်။ သို့သော် ခြေလှမ်းတို့ကတော့ဖြင့် သူ့ဆီသို့ ရောက်သွားမိပြီ။
“Mild Seven တစ်ဗူးပေးပါ ငယ်လေး”
သူမကပင် မမေးရသေးပဲ ပြောလိုက်သော သူ့အား တစ်ချက်ပြုံးပြလိုက်ရင်း စီးကရက်ကောင်တာသို့ သွားကာ Mild Seven တစ်ဗူးထုတ်လိုက်၏။ ငယ်လေး ဟူသည် ခေါ်ဝေါ်သံကလည်း တကယ်ဆို သူမ က ခွင့်ပြုချက် မပေးပါပဲနှင့် သူ့ဘာသူ ခေါ်နေခြင်းပင်။ ထိုခေါ်ဝေါ်မှုကို သူမ ကလည်း တကူးတက တားမြစ်မနေ ခဲ့မိပါ။ သူ့ထက် အသက်ငယ်၍ ခေါ်တာပဲလေ ဟုသာ တွေးလိုက်မိရင်း..။ တကယ်တော့ ငယ်လေး ဟု ခေါ် သည့် အသံလေးအား နှစ်ခြိုက်မိသည်ကလည်း ပါပါသည်။
ဆေးလိပ်ဗူး ဖိုး ပေးလာသည့် ပိုက်ဆံသည် အနည်းငယ် ထူနေသည်။ သို့နှင့် ခေါင်းငုံ့ပိုက်ဆံရေကြည့် လိုက်စဉ်မှာ ပင် သူထွက်သွားသည်ကို တွေ့ရ၏။ ပိုက်ဆံက ဆေးလိပ်ဗူးဖိုး အတိအကျ။ သို့သော် ပိုနေ သည် က……….. စာလေးတစ်စောင်။
“မျက်လုံးရှေ့မှာ မြင်တိုင်း ကြည့်ခဲ့ဖူးတယ် မထင်ပါနဲ့….သူများအတွက် လှလွန်းသူတွေလည်း အမှတ် တမဲ့ပါပဲ အားလုံးထဲက မင်းကျတော့ ရေ့..ကိုယ်မျက်တောင် မခတ်ပဲနဲ့..တစ်နေကုန်ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့် နဖူးက ခြေဖျားထိအောင်ချစ်တယ်.. အသည်းထဲက စွဲညှို့သူရယ် မျက်စိအောက်က ပျောက်မသွားနဲ့ဦး တစ်နေ ကုန်ထိုင်ပြိးကြည့် ဒီမျက်စိက အသည်းထဲထိ စီးဝင် ဘယ်တော့ကြည့်ကြည့်ချစ်မိသူရေ ဒီလိုမျက်စိအောက်က ပျောက်မသွားနဲ့ဦး………….တစ်နေကုန်ထိုင်ပြီးကြည့်တစ်စိမ့်စိမ့်ကြည့်နေမယ်…တစ်နေကုန်ကြည့်နေဦးမယ်..တစ်စိမ့်စိမ့်ကြည့်နေမယ်……တစ်နေကုန်ထိုင်ပြီးကြည့်”
အင် ဘယ့်နှယ် ဖိုးကာ သီချင်းစာသားကို ပြန်ကူးထားတာ ပါ့လားလို့ တွေးမိစဉ်မှာပဲ အောက်ခြေနား က စာကြောင်းလေးတစ်ကြောင်းဆီ မျက်လုံးက ရောက်မိသွားသည့် ခဏ ..။ သူမ ပြုံးလိုက်မိသလား မသေချာ ပါ..။ ဟော ဆိုင်ရှင် ဦးလေးကြီးက သူမကို လှမ်းကြည့်နေချေပြီ။ ဦးလေးကြီးတို့ မမြင်အောင် စာရွက်ကို ကပျာ ကယာ သိမ်းလိုက်ရင်း စီးကရက်ဗူးဖိုး သွားပေးလိုက်၏။ လုပ်ဖေါ်ကိုင်ဘက်ဝန်ထမ်းများကတော့ သူမကို အကြောင်း သိဟန်နှင့် မျက်စပစ်ပြနေသည်။ ထိုစာရွက်ကို ကြည့်ချင်လို့ တောင်းနေကြသည်မှာလည်း ခဏ ခဏ။ သို့သော် သူမ မပြရက်ပါ။ ကိုယ်ကိုယ်တိုင်တောင် ကြည့်လို့ မဝသေးဘူးမဟုတ်လား။ ထိုနေ့ တစ်နေ့ လုံး သူမ၏ စိတ်သည် အလုပ်ထဲထက် စာရွက်ပေါ်က စာကြောင်းလေးတစ်ကြောင်းဆီမှာ နစ်ဝင်ချေပြီ။ ထိုစာ ကြောင်း လေးက……..။
“ငယ်လေးရေ ကိုယ်လည်း အဲ့ဒီလိုပဲ ဖြစ်နေပြီ ငယ်လေးရေ ငယ်လေးကို ချစ်တယ်” တဲ့လေ။ သူ့လက် မှတ် လေးကလည်း စွဲမက်ဖွယ်ရာ အတွန့်အတွန့်လေးတွေနှင့်။ ဆိုင်းထိုးရခက်သော နာမည်ကိုမှ သူမို့ လှ အောင်ဆိုင်းထိုးတတ်လွန်းသည်။ သူ့လတ်မှတ်ဆိုင်းလေးက HTAY တဲ့လေ။
(၂)
ဟူး….။
သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။ အဖေ စက်ဘီးလဲ၍ ခါးဆစ်ရိုးဝယ် စတီးချောင်းထည့်ဖို့ ဆေးရုံ တက်နေရတာ တော်တော်ကြာပြီ။ အမေကလည်း အဖေ့ကို ပြုစုဖို့ဟုဆိုကာ ရုံးနှင့် ဆေးရုံသာ ရှိနေရသည်။ ဆေးရုံနှင့် အမေ့ရုံးအလုပ်က နီးသည်မဟုတ်လား။ တစ်ပတ်မှ တစ်ခါသာ ပြန်လာကာ အိမ်အတွက် အသုံး စရိတ် ကို ပေးတတ်သည်။ နောက်နှစ်ပတ်လောက်နေလျှင်တော့ ဆေးရုံမှ ဆင်း၍ ရပြီဟုပြောသည်။ ထိုနေ့ ရက် မြန်မြန်ရောက်ပါစေ ဟုသာ ဆုတောင်းနေရသည်။ နို့မို့ ဒီအစ်ကို ကို ကြာလေကြာလေ စိတ်အချဉ် ပေါက် လွန်းကာ အိမ်မှ ထွက်ပြေးမိတော့မည် ထင်သည်။
ညီမအပျိုလေးတစ်ယောက်တည်း ရှိသည်ဟူသည့် အတွေးနှင့် အိမ်ကို စောစောပြန်လာဖို့ကောင်းပါ သည်။ ခုတော့ နေလိုက်ရင် ညဆယ်နာရီ၊ ဆယ့်တစ်နာရီမှ ပြန်လာသည်။ အမေလာလို့ တိုင်မယ်လုပ်တော့ လည်း သူက ဦးအောင်တိုင်သည်။ အမေ့သမီးက ထမင်းချက်မကျွေးဘူး ဟူ၍။ တကယ်ဆို မောင်နှမနှစ် ယောက်ရှိသည်မဟုတ်လား။ သူမ ပန်းကန်ဆေးလျှင် သူကတော့ ထမင်းချက်သင့်သည်။ သို့သော် အမေက သူ့သားလေး တိုင်တာနှင့် သူမကို ဆူတော့သည်။ ဒါ့ကြောင့်မို့ ဒီအစ်ကို ကို မျက်မုန်းကျိုးနေခြင်းပင်။ အမေနှင့် အဖေ့ ချစ်ခြင်းကိုခံရ၍ အိမ်၏ ဝန်ကို ကူထမ်းနေသလား ဆိုတော့လည်း မဟုတ်ပြန်။ အလုပ်မရှိအကိုင်မရှိနှင့် ဘိလိယက်ခုံမှာ ရှိရင်ရှိ၊ မရှိရင် ဖဲဝိုင်းနှင့် အရက်ဆိုင်တွင်သာ ရှိတတ်သည့် လူစားမျိုး။
အဖေ့ကိုလည်း အဲ့ဒီ မောင်ဗမာစက်ဘီးကြီးကို မစီးပါနှင့်ဟု ခဏခဏ ပြောခဲ့ဖူးသည်။ အဘယ့်ကြောင့် ဆိုသော် အဖေ့မျက်လုံးက သိပ်မကောင်းသလို တောင်ဒဂုံလမ်းတွေကလည်း ဆိုးလွန်းလှသည် မဟုတ်လား။ ခုတော့ အဖေ့ရုံးအလုပ်လည်း နားရပြီဟု မကျေမနပ် တွေးရင်းနာရီကြည့်မိတော့ ကိုးနာရီခွဲချေပြီ။ စိတ်တို့က တော်တော်ကို တိုလာချေပြီ။ အိမ်ပြင်သို့ အနည်းငယ် ချောင်းကြည့်လိုက်မိတော့..စုရုံးစုရုံးနှင့် ။
“စန်းသီ ရေ..စန်းသီ”
သူမ အမည်ကို အော်ခေါ်နေသည့် သူကို လမ်းမီးတိုင်၏ အကူအညီကြောင့် မြင်လိုက်ရသည်။ သူမ၏ အစ်ကို ကိုအောင်သွားထိုင်နေကျ အရက်ဆိုင်ရှင် ဦးဝကြီး။ သူမ အိမ်ပြင်သို့ထွက်ကာ အရိပ်အယောင်ပြ လိုက် တော့ ဦးဝကြီးက“နင့်အစ်ကို ငအောင်၇ယ် ဟိုဘက်လမ်းထဲမှာ ရိုက်ပွဲဖြစ်နေတယ် ..သွားဆွဲချေဦး”ထို စကား အကြား လူက ဘယ်လိုဖြစ်သည်မသိ။ အိမ်ထဲမှ တစ်ဟုန်ထိုး ထွက်လိုက်မိချေပြီ။ ထို့နောက်တော့ ဦးဝကြီး ညွှန်ပြလိုက်သော လမ်းဆီသို့..။ အိမ်နေရင်း အားကစားဘောင်းဘီတိုအပွလေးနှင့် ဆိုသည်ကိုလည်း သတိ မထားမိတော့။ တီရှပ်အရောင်က ဖျော့လွန်းနေသည်ဆိုတာကိုလည်း သတိမမူမိတော့။
(၃)
ဟော တွေ့ပါပြီ။ သူမ၏ အစ်ကို လူဆိုးကြီး။ လက်ထဲမှ တုတ်ဖြင့် တစ်ဘက်လူကို ရိုက်ရန်ပြင်နေ သည်။ တစ်ဘက်လူများကိုကြည့်လိုက်တော့ သုံးယောက်။ သို့သော် အရက်မူးနေကြသည်။ ပြန်လှန် ခုခံရန် မတတ်စွမ်းနိုင်သည့်ဟန်။ တဟုန်ထိုးပြေးသွားရင်း ကိုအောင့်ကို ဖက်ကာ တုတ်ကို ဆွဲလုပစ်လိုက်သည်။
“စန်းသီ နင်ဖယ်စမ်းဟာ မိန်းကလေးက မိန်းကလေးနေရာသွားနေစမ်း ဒီကောင်တွေ လူပါးဝလွန်း တယ် သူတို့ကြောင့် ကွမ်းတံတွေး ပေသွားတာကို တောင်းပန်မယ် မရှိဘူး.. ”
ပွစိပွစိ ပြောနေသော ကိုအောင့်အား လက်လွှတ်မပေးရဲပါချေ။ ဟော ဟိုလူများဘက်မှ ထောင်ထောင် မောင်းမောင်းလူတစ်ယောက် ထပ်မံရောက်ရှိလာပြန်သည်။ ကိုအောင့်အား တစ်ချက် ကြည့်ကာ သူ့လူများအား ဆွဲခေါ်ဖို့ လုပ်နေသည်။ ရုတ်တရက် သူမမှာ ဆောင့်တွန်းခံလိုက်ရပြီး ကိုအောင် သူမ လက်ထဲမှ လွတ်ထွက် သွား၏။ သူမလည်း ကပြာကယာထလိုက်ရင်း ရိုက်တော့မည့် ကိုအောင့် တုတ်ရှေ့ ခေါင်းခံပေးလိုက်သည်။ ရိုက်လိုကလည်း ရိုက်ပါစေတော့..သူများရိုက်လို့ ပြဿနာ ဖြစ်မှာထက် သူမ ကိုရိုက်လို့ ဆေးကုရသည်က ပိုလွယ်သည် မဟုတ်လား…။  တုတ်က နေရာလွဲသွား၏။
“နင်ဟာ..နင်” ဟု ကြိတ်မနိုင်ခဲမရဖြစ်နေသော ကိုအောင့်အား သူမလည်း ကြုံးအော်ပစ်လိုက်သည်။
“ဟ ပြဿနာ တက်မှာ နင်တစ်ယောက်တည်း မဟုတ်ဘူး အဖေက ဆေးရုံမှာ ဆိုတာလည်း သတိ ထားဦး”
ထိုစဉ်မှာပင် သူ့လူတွေကို ထိန်းသိမ်းပြီးပြီဖြစ်သော ထောင်ထောင်မေါင်းမေါင်းလူလည်း သူမတို့ အနားသို့ပြန်ရောက်လာသည်။ ထို့နောက်“ညီလေးရေ ကိုယ့်ညီတွေကိုယ်စားတောင်းပန်ပါတယ်ကွာ တကယ် တောင်းပန်ပါတယ်”ခုနက မုန်ယိုနေဟန်တူသည့် ကိုအောင်သည် ထိုတောင်းပန်စကားသံကြားလိုက်ရတော့ လည်း အတိုင်းသားငြိမ်သက်သွား၏။ ထို့နောက် သူနှင့် ထိုထောင်ထောင်မေါင်းမေါင်းလူတို့ စကား ပြောဆို နေကြ သည်ကို သူမ ခေတ္တရပ်စောင့်နေလိုက်သည်။ အိမ်သို့ တစ်ပါတည်း ခေါ်မှ စိတ်ချရပေမည်။ နို့မို့ ထပ်မံ ပြဿနာတက်နိုင်သည် မဟုတ်လား။
(၄)
အို..ဒါ သူတို့ အိမ်နားလား ဟု တွေးရင်း သူမ မျက်လုံးအဝိုင်းသား ဖြစ်သွားမိသည်။ ဒါ သူမကို ချစ်ပါ တယ် ဆိုထားသည့် သူ၏ အိမ်နားလား။ ဒါဆို စောနက အဖြစ်အပျက်တွေ သူမြင်သွားမှာပေါ့ ဟု တွေးမိတော့ ရှက်ရွံ့စိတ်က ရင်ထဲဝယ် လှိုက်တက်လာသည်။ စောနက သူမ ယောက်ယက်ခတ်နေပုံတွေ သူ မြင်သွားပြီ ဆိုသည့် အသိနှင့် ထိုနေရာတွင်လည်း ဆက်မနေချင်တော့။
“ကိုအောင် ငါပြန်ပြီ ..ချက်ခြင်းလိုက်လာခဲ့နော် ဒါမှမဟုတ်ရင် နက်ဖြန် အမေလာတဲ့အခါ နင့်ကို တိုင် ပစ် မယ်”
ကိုအောင့်ကို ခြိမ်းခြောက်ရင်း အိမ်ဘက်သို့ ပြန်လှည့်တော့ ခြေလှမ်းတို့က လေးလံလွန်းလှသည်။ ခုမှ သူမ၏ ဘောင်းဘီသည် တိုလွန်းနေမှန်း သတိထားမိသည်။ သူမ၏ အိကျီ င်္သည် လက်သုတ်ဝတ်သာသာ ဖြစ် နေ မှန်း ခုမှ… သတိထားမိတော့သည်။ မဝံ့မရဲဖြစ်စွာ လမ်းကိုသာ ခပ်မြန်မြန်လျှောက်မိနေသော်ငြား သူမအား ငေးကြည့်နေသော သူ့မျက်လုံးများကို မေ့မရ။ အိပ်မက်ထဲထိ လိုက်ပါလာမလား ဟုပင် တွေးလိုက်မိသေး သည်။ ထိုမျက်လုံးများသည် စိမ်းကားလွန်းလှသည် မဟုတ်လား။
(၅)
ဈေးဝယ် တစ်ခေါက်တစ်လေမျှပင် ပေါ်မလာတော့သော သူ့ကို  သူမ မျှော်မိသည်မှာလည်း အခါခါ။ ဟိုတစ်ချိန်ကဆိုလျှင် တစ်နေ့ကို ခြောက်ခေါက်ထက်မနည်း လာတတ်သည်မလား။ သူပေးထားသည့် စာလေး သုံးစောင်ကိုသာ ငေးကြည့်နေရင်း သူမအလွမ်းတွေ ဖြေဖျောက်ရသည်။ ပထမဆုံးစာက ဖိုးကာသီချင်းကို ကူး ပေး ထားခြင်း။ ဒုတိယစာတစ်စောင်ကတော့ အဖြေရဖို့ရာ တောင်းဆိုထားခြင်းပင်။ တတိယစာကလည်း တူ တူပင်။ အဖြေရဖို့ရာ တောင်းဆိုထားခြင်းပင်။ သို့သော် ထိုအဖြေကို သူယူရန် ဆန္ဒမရှိလေတော့ပြီထင့်။ သူမ၏ မြင်ကွင်းထဲမှ သူ ပျောက်ကွယ်ဖို့ ကြိုးစားနေလေပြီထင့်။
“အင် ဘာလဲ မင်းပြောတာ ဟိုကုန်စုံဆိုင်က ငတိမလေးလား အရပ်၇ှည်ရှည် ဆံပင်ရှည်ရှည် မျက်နှာ ဝိုင်းလေးလား”
“ဟုတ်တယ် သူ့နာမည်က စန်းသီ တဲ့လေ”
“အဟား ဟေ့ရောင် သွားမလုပ်နဲ့ကွ ငါသိတယ် အဲ့ကောင်မလေးကို ငါ့အစ်ကို ဆို တော်တော်ကြွေ သွား တာ ဒါပေမယ့် စရိုက်တွေကွ စရိုက်ကြမ်းတယ် သူ့စရိုက်ကို သေချာလည်း မြင်ပြီးရော ငါ့အစ်ကို ခမျာ အဖြေပေးမှာစိုးလို့ တာမွေက အမျိုးဆီ သွားပုန်းနေတဲ့ အဖြစ်ကို ရောက်ပါလေရော”
ကြားနေရသည့် စကားသံတို့အား သူမ သေချာနားစိုတ်စရာမလိုပါ။ ဒီကြေးအိုးဆိုင်လေး၏ တံခါး ထောင့် စွန်းတွင် ထိုင်နေသော သူမအား မြင်ကြမည်မဟုတ်သော လူငယ်လေးနှစ်ယောက်ကတော့ စကားကို အထိန်းအကွပ်မရှိ ပြောနေကြသည်မှာ တစ်ဆိုင်လုံး ဟိန်းနေသည်မဟုတ်ပါလား။ ဒီကြားထဲ လူကလည်း ရှင်း နေသည်။ သူတို့ဝိုင်းနှင့် သူမ သာ ရှိသည်မို့ ထိုစကားသံတို့အား သေချာတိကျစွာ နားဆင်နေရပါသည်။ ထိုစဉ်တွင်ပင်…။
“ညီမလေး ကြေးအိုးရပြီ”
ကြေးအိုးထုပ်ကို ဆွဲကာ ထွက်လာသော သူမကိုမြင်လျှင် ထိုသကောင့်သားနှစ်ယောက် မျက်လုံးပြူး ကြ လေ မည်လား။ မဲ့ပြုံးတစ်ချက်သာပြုံးလိုက်မိရင်း ထိုဝိုင်းဘက် စိုးစဉ်းမျှပင် ငဲ့မကြည့်ပါပဲ ထွက်လာမိပါပြီ။ ကိုယ့်ကိုယ်ကိုပြန်မေးမိသည်။
ခဏတာ အမြင်နှင့် ကောက်ချက်ချသွားသည့် သူ့ကို၊ ရန်ပွဲကို မြင်တွေ့သွားပြီး နောက်ဆုတ်သွား သော သူ့ ကို သူမ နှမြောတသနေပါသလား ဟုပင်။ ထိုအဖြေကို ရုတ်တရက်စဉ်းစားမရ။ သို့သော်ကြာကြာ မစဉ်းစားရပါ။ ဤကဲ့သို့သော စရိုက်မြင်ကွင်းမျိုးကို သူမြင်ပြီးနောက်ဆုတ်သွား မည် ကို ကြိုသိထားလျှင်ပင် ထိုနေ့က ကိုယ့်အစ်ကိုတစ်ယောက်ကိုကန့်သတ်နယ်မြေတစ်ခုအတွင်းသို့ပို့ဆောင်ပေးနိုင်မည့် ဒေါသမျိုးကို
လစ်လျူရှုကာ နေနိုင်လိမ့်မည်မဟုတ်ပါ။ ဤကဲ့သို့ သော မောင်နှမသားချင်း သံယောဇဉ်ဖြင့် ထွက်ပေါ် လာ သော ပူပင်သောကများကြောင့် ဣနြေ္ဒပျက်လောက်အောင် ယောက်ယက်ခတ်မှုကိုစရိုက်ကြမ်းခြင်း ဟု သတ် မှတ်ကာ ရှောင်ရှားသွားသူ သူ့ကိုတွေ့လျှင်ဖြင့် စကားတစ်ခွန်းတော့ ပြောခွင့်ရချင်ပါသေးသည်။ ထိုစကား မှာ မိမိဘဝဝယ် ဒီလိုစရိုက်မျိုးရှိခဲ့သည့်အတွက် ဘယ်သောအခါမှ နောင်တရမည် မဟုတ်ကြောင်းပင် ဖြစ်ပါတော့ သည်။။
……………
ရည်ဝေ
လွမ်းသူ့ ခေါင်းလောင်းသံ
“No man is island entire of itself;
Every man is a piece of the continent, a part of the main;
If a cold be washed away by the sea, Europe is the less,
As well as if a promontory were,
As well as any manner of thy friends or of thine own were;
Any man’s death diminishes me, because I am involed in mankind.
And therefore never send to know for whom the bell tolls;
It tolls for thee.”
ကိုယ့်စာသင်ခန်းသည် ကဗျာသီချင်းသံတို့ဖြင့် အစဉ် ညံစီနေတတ်သည်။ ကလေးငယ်တို့ကို ကဗျာလေးတွေသင်ကြားပေးရင်း သူတို့နှင့်အတူ သီချင်းကဗျာတွေဆိုနေရခြင်းကို ကိုယ် နှစ်ခြိုက်ကြည်နူးမိသည်။ ကိုယ့်ကျောင်းသားတို့သည်လည်း ဟန်ပန်မူယာ အမျိုးမျိုးနှင့် သီချင်းကဗျာလေးတွေသာ သီဆိုနေရလျှင် မျက်နှာလေးတွေ ချိုရွှင်နေပြန်သည်။ ပြုံးပျော်ရယ်မောနေနိုင်ကြသည်။ သီချင်းကဗျာတွေအပေါ် သူတို့  နှစ်လိုချစ်မက်ကြတာ သိရတော့ ကိုယ် အတိုင်းမသိ ၀မ်းသာကျေနပ်ရပါသည်။
သီချင်းကဗျာကို ချစ်မက်သူသည် နှလုံးသားနူးညံ့လှပသူ ဖြစ်လိမ့်မည်ဟု ကိုယ်ရဲရဲ ယုံကြည်မိပါ၏။
**********
သစ်သီးတန်းမှာ ပန်းသီးအလုံးခပ်သေးသေး၊ လှလှလေးတွေ အလုံးသုံး၊လေးဆယ် ၀ယ်လာမိခဲ့ပြီ။ တရုတ်ဇီးသီးတွေလည်း ပါသေးသည်။ ဟိုမေး၊ သည်စမ်းဖြင့် မဆလာအမှုန့် တစ်ပုလင်းရအောင် စိတ်ရှည်လက်ရှည် ထောင်းထုဖော်စပ်လာ ခဲ့ရသေးသည်။ ကျောင်းမုန့်ဈေးတန်းမှာ အတန်းထဲက မိန်းကလေးသုံး၊ လေးယောက်နှင့်အတူ နေ့လည်မုန့်စားကျောင်းဆင်းချိန် တစ်လျှောက်လုံး ထိုင်ပေးခဲ့ရပြန်သည်။ ပန်းသီးတွေ အခွံသင်ကြ၊ ခွဲစိတ်ထုတ်ပိုးပေးရနှင့် လက်မလည်နိုင်ကြသော်လည်း ဈေးရောင်းရသော အတွေကြုံသစ်မှာ ဆရာ၊ တပည့်တွေ ကြည်နူးပျော်ရွှင်ခဲ့ကြရသည်။ ဒါပေမယ့် ငြူစူစောင်းငဲ့ မျက်ဝန်းတချို့ကို  မျက်နှာရှောင်လွှဲထားရသော ၀ဋ်ဒုက္ခကိုတော့ စိတ်ပျက်စပြုခဲ့ပြီ။
တပည့်တွေက ရောင်းရသမျှ ငွေးကြေးတို့ကို ရေတွက်ကာ ငွေရင်း၊ ကုန်ပစ္စည်းလက်ကျန်၊ အသားတင်အမြတ်ငွေတို့ကို တွက်ချက် အလုပ်ရှုပ်နေကြကာ ပျော်ရွှင်မြူးကြွ နေကြပြန်မြဲ။ သူတို့ ပျော်တော့ ကိုယ်လည်း ကြည်နူးကျေနပ်သည်။ ကိုယ့်ကလေးတွေ လုပ်အားတန်ဘိုးကို နားလည်လာကြမည်။  ကိုယ်တိုင်ရှာကြည့်တော့ ငွေးကြေးဆိုတာ ထင်သလောက် ရှာဖွေရမလွယ်ကူလှတာ သူတို့သိကြမည်။ လိုအပ်တောင့်တသမျှ မညည်းမငြူ ရှာဖွေဖြည့်ဆည်းပေးကြသော အမိ၊ အဖတို့၏ ကျေးဇူးတရားကိုလည်း အကြောင်းတိုက်ဆိုင်လျှင် ပြောပြရဦးမည်။
နောက်တစ်နေ့အတွက် သစ်သီးပြန်ဝယ်ရန် ငွေအရင်းကို ဖယ်ချန်စေလိုက်သည်။ စားပွဲပေါ်ရှိ တိုက်အိမ်ပုံသဏ္ဍာန် စုဗူးစိမ်းစိမ်းလေးထဲသို့ အမြတ်ငွေတချို့ကို ထည့်စေရသည်။ တစ်ယောက်က စုဘူးထဲ အခေါက်လိုက်ဝင်သွားသော ငွေအချို့ကို နေရောင်မှာထောင်ကာ အရိပ်ကိုကြည့်ရင်း ကျေနပ်နေ၏။ သူက အတန်းဘက်သို့ လှည့်ကာ စုဘူးကလေးကိုကိုင်မြှောက်လျှက် ခလောက်ဆန်ပြပြန်လျှင် အတန်းသားအားလုံးက ၀မ်းမြောက်အူမြူးစွာ လက်ခုတ်ဝိုင်းတီးကြပြန်၏။
အောက်တိုဘာလလယ်၊ ပထမနှစ်ဝက် ကျောင်းပိတ်ရက်နီးမှ စုဗူးဖောက်ကြမည်ဟု ဆရာတပည့်တွေ သဘောတူညီထားခဲ့ပြီးပြီ။ အတန်းတွင်း ပညာရည်ချွန်ဆုပေးပွဲကလေးကို အမြတ်ငွေထဲကပဲ သုံးချင်သည်။ ပြီး.. ပုံပြင်စာအုပ်တချို့နှင့် စာစောင်၊ မဂဇင်းအဟောင်းတချို့လည်း သူတို့အတွက် ၀ယ်ပေးချင်သေးသည်။ ဖြစ်နိုင်လျှင် အတန်းပိုင် စာကြည့်တိုက်ကလေး ရှိလာစေချင်သည်။ တခြားအတန်းများက အတုခိုးပြီး လိုက်လုပ်လာကြလျှင် အတန်းတိုင်းမှာ စာကြည့်တိုက်ငယ် ကိုယ်စီရှိလာကြလိမ့်မည်။ သူ့အတန်း၊ ကိုယ်အတန်း စာအုပ်အလဲအလှယ်ပြုကြရင်း  အချင်းချင်း ရင်းနှီးချစ်ကြည်၊ စည်းလုံးလာကြသည့်အခါ စာကြည့်တိုက်ငယ်လေးတွေစုစည်းမိပြီး ကျောင်းစာကြည့်တိုက်ကြီး ဖြစ်လာနိုင်တော့မည်။
စိတ်ကူးတစ်ယဉ်ယဉ်နှင့် ပြဋ္ဌာန်းစာအုပ်ဖွင့်စေလျှင် တက်ကြွမျှော်လင့်တတ်သူတို့က စာအုပ်များကို တဖျတ်ဖျတ်လှန်လှောနေကြပြီ။
“ဒီနေ့ ဆရာမပေးတဲ့ သင်္ချာ ငါးပုဒ်ကို အမှားမရှိပဲ အရင်ဆုံးလာပြနိုင်တဲ့ အုပ်စုကို နက်ဖြန် သစ်သီးတန်းကို ဈေးဝယ်ထွက်ရင် ခေါ်မယ်”
ဟေးခနဲ သံပြိုင်ပြုကြကာ အလုအယက်၊ သူ့ထက်ငါ သင်္ချာပုစ္ဆာတွေကို ကုန်းတွက်နေကြပြန်သည်။
**********
“ဆရာမ လောဘ အနန္တတွေ…”
မကြားတကြား ကွယ်ရာပြောစကားပေမယ့် အကင်းပါသောနားက ကြားဖြစ်အောင် ကြားမိသေးသည်။ သို့သော် ဖက်ပြိုင်ပြောလို့ မဖြစ်နိုင်ကြောင်းတော့ အသိတရားက ဟန့်တားနေပြန်သည်။ ဥာဏ်သမာဓိလည်း မခိုင်တည်လှတော့ တနုံ့နုံတွေးလျှက် စိတ်မကောင်းတော့ ဖြစ်ရသေးသည်ပင်။
တကယ်ဆို ကိုယ့်သားသမီးအပါအ၀င် အတန်း၏ အကျိုးအတွက် သမီးတို့၏ဆရာမက စေတနာသက်သက်ဖြင့် ပြုမူနေတာဟု သူမ သိနားလည်ပေးသင့်ပါသည်။ ကျောင်းဈေးသည်အဖြစ် သူမ ရပ်တည်ခဲ့သော ကာလတစ်လျှောက်လုံး ကိုယ့်နှင့်လည်း အတန်အသင့်တော့ ရင်းနှီးနေခဲ့ဖူးသည်ပင်။ ကလေး၏ ပညာရေးကိစ္စနှင့် ပတ်သက်လို့လည်း ၀င်ထွက်ဆက်ဆံဖူးနေသည် မဟုတ်လား။ ပြီး ကျောင်းသား လေးရာနီးပါးရှိသော ဒီမုန့်ဈေးတန်းကလေးမှာ ကိုယ့်တို့ သစ်သီးဈေးဗန်းကလေး တစ်ဗန်းတလေ တိုးလာရုံနှင့် သူတို့ ရောင်းအားက ထူးခြားသိသာစွာ ထိုးစိုက်ကျဆင်းသွားရမည် မထင်။ သမုဒ္ဒရာရေပါ အစ်မကြီးရယ်ဟုတော့ ပြန်ပြောချင်မိသေးသည်။
“ပြောလည်း ပြောပါစေဟယ်။ တတ်နိုင်ဘူး။ အိမ်က ကျေးဇူးရှင်က ဒီနှစ် ဆယ်တန်းတက်ရပြီလေ။ ဘော်ဒါ မပို့ရကောင်းလားဆိုပြီး ဂဂျီဂဂျောင်ကျနေလို့ မနည်း ချော့မော့ဖြောင်းဖျပြောပြီး အချိန်ပိုင်း ကျူရှင် ပို့ပေးထားရတာ။ စားစရာ မရှိတာ နောက်၊ သူ့ကျူရှင်လခ မှန်မှန်မပေးနိုင်လို့ ဆန္ဒပြပြီး ထင်ရာစိုင်းမှာ ပူနေရတာ”
အစ်မကြီး ဒေါ်သင်းသင်းမြိုင်က ကိုယ်တို့ထက် လုပ်သက် အပုံကြီး ဦးသေးသည်။ သားအကြီးတစ်ယောက်၊ သူ့အောက်မှာ ညီမငယ်နှစ်ယောက်။ အားလုံး ကျောင်းသားချည်းမို့ အိမ် စားရိတ်က မသက်သာလှ။ ခင်ပွန်းသည်ကလည်း ရိုးအေးသည့် ၀န်းထမ်းတစ်ယောက်ဖြစ်နေပြန်သည်။ မိုးလင်းကတည်းက ကျူရှင်သင်ရင်း မျက်နှာသစ်ကာ ကျောင်းချိန်အမီ မုန့်ထုတ်တစ်ဖက်၊ ခြင်းတစ်ဖက်နှင့် ကျောင်းတက်ရသူ ဖြစ်သည်။ ညနေကျောင်းဆင်းလျှင် စာသင်ဝိုင်းသို့ ၀င်ပြန်ကာ ညရှစ်နာရီခွဲလေမှ အိမ်ပြန်ရောက်နိုင်တော့သည်။
အစ်မကြီး၏ အာလူးကြော်ထုတ်၊ ဇီးစပ်ထုတ်၊ နေကြာစေ့၊ ပီကေ၊ သကြားလုံး စသည့် ထွေထွေရာရာ၊ သွားရည်စာလေးတွေက ဘယ်လောက်မှ အမြတ်များများ မကျန်တတ်ပါ။ သို့ပေမယ့် စာနာတတ်သော ကျောင်းသားအများစုက ဆရာမကိုသာ အားပေးကြသည်။ များများရောင်းရတော့လည်း အမြတ်ကလေး မြိုးမျက်သည် ဆိုပါစို့။ သို့ပေမယ့် အရပ်ထဲမှ ၀င်လာရောင်းကြသော ကျောင်းဈေးသည်များက မသိမသာ ငြူစူစောင်းမြောင်းကြသည်နှင့် ကာမိမည် မထင်ပါ။
ကိုယ့်ကျောင်းသူမ၏ မိခင်ကတော့ သူတကာထက် ထူးကဲစွာလန်နေသည် ထင်မိ၏။ ကျိုးကြောင်းသင့် ပြောချင်မိခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် အထူးသတိထားနေပါသည်။ ကိုယ့် တပည့်မ၏ မျက်နှာကိုလည်း ထောက်ထားရပါမည်။ မိဘနှင့် ဆရာကြားမှာ စကားခြေတင်ဆိုရလျှင် ကလေးလည်း ကြားက အနေရခက်ရှာမည် ထင်၏။ ကိုယ့်ကလေးတွေ၏ စိတ်မှာ နာကျင်အရိပ်ထင်မည့် အကြောင်းကိစ္စတိုင်းကိုတော့ ကိုယ် အထူးသတိထား ရှောင်ကြဉ်လိုပါသည်။
***********
အတန်းတွင်းမှာ ကျောင်းသား၊ကျောင်းသူချင်း ငြင်းခုန်အော်ဟစ်၊ စကားများရန်ဖြစ်ကြခြင်းသည် ကိုယ်တို့ မူလတန်းကျောင်းကလေးတွေမှာ အဆန်းတကြယ် မဟုတ်ပါ။ သို့သော် ကလေးငယ်တွေ အချင်းချင်း သင့်မြတ်စည်းလုံးကြဖို့ ကိုယ် အခါအခွင့်သင့်တိုင်း ဆိုဆုံးမမှု မလျော့ခဲ့။ သူတို့၏ တစ်ဦးချင်းစိတ်အခြေအနေ၊ ခံစားချက်နှင့် အကျင့်စရိုက်များကိုသာမက မိခင်၊ ဖခင်တို့၏ နောက်ခံပတ်ပတ်ဝန်းကျင်ကိုပါ ကိုယ်က ရတတ်သမျှ စပ်စုတတ်သေးသူ ဖြစ်ပါသည်။ ပတ်ဝန်းကျင်နှင့် မသင့်မမြတ်၊ အသိလွဲ၊ ခံစားချက်လွန်ကဲကာ ရန်လိုချင်သော ကလေးငယ်တွေကို အထူး ဂရုပြုပါသည်။ စာသင်ချိန်ပြင်ပမှာ သီးသန့်တွေ့ဆုံခွင့်ကို သူတို့လေးတွေ မရိပ်မိအောင် ဖန်တီးယူကာ စည်းရုံးဆွဲဆောင် တည့်မတ်နိုင်ဖို့ ကိုယ် အမြဲကြိုးပမ်းခဲ့သည်ပင်။
နေရည်လင်းသည် စူးစွာသော မိခင်နှင့် ခြားနားလှစွာ ရန်လိုတတ်သူကလေး လုံးဝ မဟုတ်ခဲ့ပါ။ ကျောင်းစာမှာ တော်ထူးထက်မြက်သလို အတန်းတွင်း တာဝန်ပေးအပ်မှုတိုင်းတွင်လည်း တက်ကြွ နိုးကြားသူလေးပင်။ ပေါင်းသင်းဆက်ဆံရေးမှာ ပါးနပ်ချက်ချာသလောက် မိဘအပေါ်မှာလည်း လိမ္မာ၊ သိတတ်လှသည် ထင်မိ၏။
သူ့မိခင်၏ ကျောင်းမုန့်ဈေးတန်း ဆိုင်ခင်းရာမှာ ကူညီနေတတ်မြဲ။ မုန့်စားကျောင်းဆင်းလျှင် အမေ့ထံ တန်းမတ်စွာသွားကာ ဈေးရောင်းကူလေ့မြဲ။ ကိုယ်တို့ အတန်းသားတွေ အလှည့်ကျတာဝန်ဖြင့် ကျောင်းဈေးရောင်းသောအခါ …
“သမီးက မေမေ့ကို သွားကူရဦးမှာ မဟုတ်လား။ အလှည့် ယူ မနေနဲ့တော့လေ။ မေမေ့ဆိုင်မှာ ဈေးဝယ်ပါးချိန်ကျမှ ခဏလောက် ပြန်လာပြီး သူငယ်ချင်းတွေနဲ့နေ…”
နေရည်လင်း၏ စိတ်မှာချန်ထားခံရသူအဖြစ် မခံစားရစေဖို့ အငြင်သာဆုံး ပြောခဲ့ဖူးတာဖြစ်သည်။ 
သို့ပေမယ့်…
“တာဝန်ကျတဲ့နေ့က တစ်ပါတ်မှ တစ်ရက်လောက်ပဲဟာ။ သမီးလည်း ဈေးကူရောင်းချင်တယ်။ တာဝန်မယူရတဲ့နေ့တွေမှာ မေမေ့ဆီ သွားကူလို့ ရနေတာပဲ”
“သမီးမေမေ့ကို မေးပါဦး”
မေမေက ခွင့်ပေးလိုက်ပြီတဲ့။ သို့ပေမယ့် ခုတော့ နေရည်လင်းနှင့် သူ့ သူငယ်ချင်းများအကြား စိတ်ဝမ်းကွဲပြားကာ ငြင်းခုန်ရန်ဖြစ်ကြရပြီ။
**********
မမပြုံးသာ ၀င်မပါလျှင် ထိုအမျိုးသမီး ဒီမျှနှင့် ကျေနပ်ပြေအေးပေးလိမ့်မည် မထင်။
“အစ်မ အတွက်တော့ ကိုယ့်သားသမီးနဲ့ သူများသားသမီး ခွဲခြားနေလို့ ဖြစ်တာပေါ့။ ကျွန်မအတွက်က အားလုံးဟာ ကျွန်မတပည့်တွေချည်းပဲ။ ဘယ်သူမှန်မှန်၊ ဘယ်သူမှားမှား ၊ ကျွန်မအတန်းထဲမှာ ဖြစ်တဲ့ကိစ္စကို ကျွန်မ ဘာသာ ဆုံးဖြတ်မယ်”
ဆရာမကြီး ရုံးခန်းရောက်ရုံနှင့် ကိုယ့်သားသမီးဘက်က အသာစီးရတော့မည်ဟုများ ထိုအမျိုးသမီး မျက်စေ့မှိတ် တွေးနေသေးသလားမသိ။
“သူတို့က အများ၊ ကျွန်မ သမီးက တစ်ယောက်တည်း”
“ကလေးက ကလေးပါပဲ အစ်မရဲ့။ အချိန်တန် မေ့သွားမှာပဲ။ ပြန်တည့်မှာပဲ”
စကားတွေ အပ်ကြောင်းထပ်နေဆဲ မမပြုံးရောက်လာလေကာ…
“ကဲ.. အခု ရှင့်ကလေးက ထိပ်ပေါက်၊ ခေါင်းကွဲဖြစ်သွားလို့လား။ ဘယ်နေရာမှာ သွေးထွက် သံယိုဖြစ်သွားလဲ… ပြော။ ဆေးဖိုး ကျွန်မ စိုက်ပေးမယ်”
ဆိုရုံနှင့် ကိစ္စပြီးပြတ်သွားတော့သည်မှာ အံ့သြစရာ။ ကျောင်းဆရာမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတစ်ခုတည်းနဲ့ မတည်ဆောက်နိုင်သော သြဇာကို ငွေရှင်ဆိုသော အခွင့်အာဏာနှင့် ဖြည့်ပေါင်းကာ မမပြုံးက လှပစွာ လှစ်ပြခဲ့သွားခဲ့လေတာ။ ကိုယ် မရှုမလှ ပြိုကွဲတုန်လှုပ်မိတော့သည်။
မမပြုံးသည်လည်း ကိုယ်တို့ကျောင်းက ကိုယ်တို့၏ စီနီယာဆရာမ တစ်ယောက်ပါပင်။ အစ်မကြီး ဒေါ်သင်းသင်းမြိုင်တို့ထက်တော့ လုပ်သက်နုသေးသည်ပေါ့။ ဒါပေမယ့် မမပြုံးက အားလုံးသော ဆရာမတွေထက် ပြိုးပျက်လင်းလက်သည်။ ကျောင်းကိုလာလျှင် ဆိုင်ကယ်ကိုယ်တိုင်မောင်းသည်။ စာအုပ်နှင့် ဘောလ်ပန်၊ ခဲတံ၊ ခဲဖျက်စသော စာရေးကိရိယာလေးတွေ အိတ်ကြွတ်တစ်လုံးပါလာတတ်သူ ဖြစ်သည်။ အမေအိုကြီးရှိသူမို့  အမေ့မုန့်ဖိုးဟု အကြောင်းပြ၏။ ကျောင်းပိတ်ရက် ခရီးတစ်ခုက ပြန်လာလို့၊ အညာက ဆွေမျိုးတွေနဲ့ ပါလာလို့ စသော အကြောင်းပြချက်ဖြင့် သိုးမွေးခြုံထည်၊ မာဖလာ၊ အညာစောင်၊ သနပ်ခါးတုံး စသည်တို့ကို အခါအားလျော်စွာ ရောင်းလာတတ်သေးသည်။ သွားတိုက်ဆေး၊ ဆပ်ပြာမှအစ မိတ်ကပ်၊ နှုတ်ခမ်းနီ၊ လက်သည်းဆိုးဆေး စသော အလှကုန်များလည်း သူ့ ယူလာပေးသောကြာင့်သာ မြင်တွေ့ဖူးရသည်။ ပြီး… အရပ်ထဲမှာ ခင်ပွန်းသည်၏ အမည်ဖြင့် လိုင်စင်ရ အပေါင်ဆိုင်ဖွင့်ထားသူမို့ အရေးအကြောင်းရှိလျှင် အားကိုးတိုင်တည်ရာလည်း ဖြစ်လေသည်။
ကျောင်းပတ်ဝန်းကျင် ရပ်ကွက်တွေကလည်း မမပြုံးကိုတော့ ကျွမ်းဝင်ချစ်ခင်ဟန်ရှိကြကာ လေးစားမှု မလျော့။ ဘယ်သူမှလည်း ကင်းကင်းကွာကွာ မနေနိုင်ကြဘူး ထင်ပါသည်။
ကျောင်းအုပ်ဆရာမကြီးကတော့ မမပြုံး၏ လုပ်ငန်းစီးပွားကိစ္စထွေရာတို့ကြောင့် ကျောင်း၏ တာဝန်ဝတ္တရားများ ပျက်ကွက်ဖူးပေါင်းများလှပြီမို့  ခဏ..ခဏ သတိပေးနေရရင်း စိတ်ပျက်လှပြီထင့်။
“ကျုပ်သာ ရှင့်နေရာမှာဆို အလုပ်ကထွက်ပြီ”
သူ့အား ဆရာမကြီးမကြည်ဖြူနိုင်တော့တာ ရိပ်မိနေသော မမပြုံးကလည်း တကယ်ပင် အလုပ်မှ ထွက်သွားခဲ့တော့သည်။
************
“ပြုံးတို့များ ကျောင်းကို သံယောဇဉ် ကြီးလိုက်တာဟယ်”
အစ်မကြီး ဒေါ်သင်းသင်းမြိုင်က ညည်းညည်းညူညူပြုနေရင်း ပြုံးမဲ့မဲ့ကလေး အငေါ်တူးသည်။ 
ပြီး.. ရှေ့စကားနှင့် နောက်စကား မညီစွာ…
“သိပ် ရက်စက်တာပဲ”
..ဆိုရင်း ငြိမ်ငေးသွားပြန်တော့သည်။ 
အစ်မကြီးဒေါ်သင်းသင်းမြိုင်တင်မဟုတ်။ ကျောင်းမုန့်စားတန်းက ကျောင်းဈေးသည်အားလုံး အငိုက်မိ၊ အရှိုက်ထိကုန်ကြလျှက် ခေါင်းချင်းရိုက်ကုန်ပြီ။ မကျေမနပ် ပွစိ၊ပွစိ ပွက်လောညံကြပြီ။
“ဆရာမကြီးနဲ့ သွားတွေ့ကြည့်ကြမလား”
ပြောသူကိုယ်တိုင်က ကိုယ့်စကားကိုယ် အတိအကျ လိုက်နာနိုင်မည့်သူ မဟုတ်။ ကျန်အားလုံးကလည်း ကွယ်ရာထောက်ရာမှာသာ စကားဟောင်ဖွာတတ်ကြရုံ ရှိပြီး ဆိုရေးရှိလျှင်တော့ နောက်တွန့်လေ့မြဲသာ မဟုတ်လား။
ဆရာမကြီးက သူတို့အားလုံးကို စောစီးစွာ အသိပေးကြော်ငြာခဲ့ပြီးသား ဖြစ်သည်။ ဒီစာသင်နှစ်မှာ ဆိုင်ခန်းလေးတွေကို  သန့်ရှင်းသေသပ်အောင် ပြင်ဆင်ရမည်တဲ့။ အမိုးအကာပြုပြင်သည်သာမက မိမိဆိုင်ရှေ့မှာ ရေမ၀ပ်စေရအောင် မြေဖို့ကြဖို့လည်း ဆော်သြခဲ့သေးသည်။ အမှိုက်သရိုက်ကင်းစင်အောင် ဂရုပြုကြဖို့လည်းပါသည်။ အစားအသောက်များ သန့်ရှင်းရမည်၊ လတ်ဆတ်ရမည်။ ယင်မနားစေရအောင် အဖုံးအကာ ရှိရမည် ဆိုတာတွေလည်း အထပ်ထပ် မှာကြားခဲ့သေးသည်။ ပြောသမျှ ခေါင်းညိတ်ပြီးသည်နှင့် မေ့ပစ်လိုက်ကြသလားတောင် မသိ။ ဆိုင်ခန်းငယ်လေးတွေက အစဉ်အမြဲ ဖရိုဖရဲ။ လဲပြိုလု မတတ်ပေ။ ပြင်ဆင်စားရိတ် မတတ်နိုင်ကြတာလည်း တစ်ကြောင်းဖြစ်မည်။ ကျောင်းခြံဝန်းအတွင်းမှာ မိမိတို့၏ စုတ်ချာချာ ဆိုင်ခန်းငယ်များက အမြင်မတင့်တယ်၊ ကျန်းမာရေးနှင့်လည်း  မလျော်ညီဟု မသိတတ်ကြတာလည်း ပါမည်။ ထုံးစံအတိုင်း  ပြီးပြီးပျောက်ပျောက် ဖြစ်သွားမည်ဟု အခါများစွာကနှယ် အရိုးစွဲကာ လျော့ပေါ့ တွေးထင်ထားခဲ့သည် ထင်ပါသည်။ ခုတော့ ဆရာမကြီး၏ ရာဇမာန်ရှခြင်းကို ခံကြရပြီ။
သူတို့ မင်းမူနေကျနေရာမှာ မမပြုံး၏ သေသပ်လှပသော ချစ်စဖွယ် ဆိုင်ကလေးက သားနားသပ်ရပ်လှသည်။ အစားအသောက် အမည်စုံတို့လည်း ဖွယ်ရာသည်။ အမျိုးစားတူရာအလိုက် ဈေးဗန်းလေးတွေ စီစီညီညီမို့ စနစ်ကျလှတော့သည်။ ကျောင်းသားငယ်များ ထိုင်နားစားသောက်ရန် ချစ်စဖွယ် ထိုင်ခုံငယ်လေးတွေပင် ပါလိုက်သေးသည်။ နေ့စဉ် ကောက်ခံနေရသော ဈေးကောက်အတွက် မမပြုံးက စာသင်နှစ် ပြီးဆုံးချိန်အထိ တွက်ချက်ကာ ကြိုတင်ပေးချေထားနှင့်ခဲ့ပြီမို့ ကျောင်း၏ အထွေထွေ၊ အသေးသုံးစားရိတ်များအတွက် ဆုတ်ဆုတ်ခဲခဲ သုံးနိုင်တော့မည်။ ကန်ထရိုက်သဘောမျိုးလည်း သက်ရောက်နေမည် ထင်သည်။ ကျောင်းခြံဝန်းအတွင်း မမပြုံး တစ်ဦးတည်းကလွဲလျှင် ဘယ်သူမှ ဈေးမရောင်းကြရတော့ပြီတဲ့။ ကောင်းလေစွ။
=======
ကိုယ်တို့၏ အတန်းတွင်း ၀င်ငွေတိုးရေးလှုပ်ရှားမှုလေး ခါးပိုင်းပြတ်ခဲ့ရတာ မမပြုံးကြောင့်ဟု ကိုယ်က စွတ်စွဲချင်သေးသည်။ ငွေသာရမည်ဆိုလျှင် နတ်နေကိုင်းပင် မချန်တတ်သော မမပြုံးပေပဲ။
“ရှင်တို့ကျောင်းကလေးလည်း ကျုပ် ဆိုင်လေးကြောင့် ဘယ်လောက်လှပသွားလဲ ကဲ”
လှဖို့မလို၊ ၀မ်းဝဖို့သာ အဓိကဖြစ်နေရသော ဘ၀များစွာတို့ကတော့ ဟိုပြေး၊ သည်လွှား ဂျင်ခြေလည်နေရပြန်တာ မမပြုံး စာနာကြည့်တတ်ပါရဲ့လား။ ကျောင်းဈေးတန်းလေးမှာ အိနြေ္ဒရရ ဈေးရောင်းလာခဲ့ရသူတို့ ဟိုလမ်းထိပ်မှာ၊ ဒီဈေးထိပ်မှာ ဂဏှာမငြိမ်နိုင်ကြသေး။ နေရာ အခြေတကျ မဖြစ်နိုင်ကြသေး။ ၀င်ငွေ ပုံမှန်မရနိုင်သေးသော်လည်း ၀မ်းတော့ ဖြည့်ရဦးမည်မို့ မမပြုံး၏ အပေါင်ဆိုင်ဆီ ၀င်ချည်ထွက်ချည်ပြုကြရပြန်ပြီ။
“မေမေကတော့ ဆရာမ ဒေါ် ပြုံးပြုံးမြင့်ကို မေတ္တာပို့လိုက်၊ ငိုလိုက်ပဲ”
နေရည်လင်းက သူ့မိခင်အကြောင်း ပြန်ပြောလာတော့ စိတ်မကောင်း ဖြစ်ရပြန်သည်။
“တဖြည်းဖြည်းတော့ ပြန် အဆင်ပြေမှာပေါ့ သမီးရယ်”
ကိုယ်တိုင် ယုံကြည်ဖို့ ခက်ခဲနေသော နှစ်သိမ့်စကားကို ဆိုနေရတာ ခါးသီးလှသည်။ ဒါပေမယ့် ဒီလောက် ပြောတတ်ရုံသာ ကိုယ်တတ်နိုင်ခဲ့သည်။ နေရည်လင်းကတော့ ကိုယ့်ထက် စွမ်းနိုင်ခဲ့သည်ပင်။
*******
သူ့လွယ်အိတ်ကလေး ခပ်သေးသေးမှ ကျောပိုးအိတ်နွမ်းနွမ်းကြီး ဖြစ်လာတာ သတိပြုမိခဲ့သော်လည်း ကိုယ် အမှတ်မဲ့နေခဲ့မိသည်။
“ဆရာမ ပန်းသီးစားချင်ရင် နေရည်လင်းဆီမှာ ၀ယ်လို့ရတယ်”
တိုးတိုးတိတ်တိတ် ပြောလာကြသည့်တိုင် ကိုယ် ထခုန်မိမတတ် လန့်ဖြတ်သွားရတော့သည်။
“နေရည်.. သမီး ဘာတွေ လုပ်နေတာလဲ”
သူ့ စွမ်းဆောင်ချက်ကို လူမိခံလိုက်ရပြီမို့ သူမကလေး ထိတ်လန့်နေရှာသည်။ 
ငိုမဲ့မဲ့ကလေး ဖြစ်နေပြန်သေးသည်မို့ တိုးတိုးကြိတ်ကြိတ် ချော့မော့ရပြန်သည်။
“…… ညက ဖေဖေနဲ့ မေမေ ရန်ဖြစ်ကြတယ်။ ဖေဖေ အလုပ်ကပြန်လာတော့ မေမေက ထမင်းချန်မထားလို့ တဲ့”
သူမိခင်နှင့် ခေါ်တွေ့မိပြန်လေမှ ပိုလို့ စိတ်လေထွေးပြား ရတော့တာ ဖြစ်သည်။
“အရပ်ထဲမှာလည်း ချေးငှားဖို့ လူကုန်နေပြီ ဆရာမရေ။ ဘယ်သူကမှ အကြွေး မပေးချင်ကြတော့ဘူး။ ဈေးထွက်ရောင်းတော့လည်း တစ်ရက်ကွက်လုံးက မိန်းမတွေအားလုံး ဈေးရောင်းထွက်နေကြတော့ ၀ယ်မယ့်သူကို မရှိတော့ဘူး။ ရောင်းရတာကနည်းနည်း၊ အကြွေးကျတာက များများမို့ အရင်းက တစ်ရင်းပြီး တစ်ရင်း…ပြုတ်ပြီးရင်း ပြုတ် ဖြစ်နေပြီ”
“မမပြုံးသိရင် ဒီအရင်းပါ ပြုတ်ဦးမှာ”
မျက်ရည်တွေစီးကျလာကာ နှပ်တစ်ချက် ညှစ်လိုက်ပြန်ရင်း ငုံသံဗလုံးဗထွေးနှင့် ဆက်ပြောနေပြန်သည်။
“သူတို့အဖေ ညက ပိုက်ဆံနည်းနည်းရလာလို့သာ ဒီနံနက် ထမင်းချက်ရတာပါ ဆရာမရယ်။ ဒါပေမယ့် ညနေ အထိ တော့ ဘယ်လိုလုပ် လောက်ပါ့မလဲ …။ ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့ ပိုက်ဆံ အလုံအလောက်မပါရင် နေ့လည်ကျ ပြန်မလာနဲ့လို့ ပြောလွှတ်လိုက်တယ်”
“………..”
“သူ့ အလုပ်ကလည်း ဒီရက်တွေထဲ မကောင်းဘူးတဲ့။ လူတွေကလည်း ဆိုက္ကားမစီးတော့ပဲ ကုန်းကြောင်းပဲ လျှောက်နေကြသလား မသိပါဘူး။ ရသလောက်ပို့ပေးလိုက်မယ်။ အိမ် ပြန်မလာတော့ဘူးဆိုပြီး ထွက်ခတ် ခတ်သွားလို့ ပိုက်ဆံပို့ပေးရင် ရပြီ။ တစ်သက်လုံး ပြန်မလာချင်လည်း နေလို့ ပြန်အော်ပစ်လိုက်တယ်”
“…… ဒီနံနက်တော့ ဈေးမရောင်းလို့လည်း မဖြစ်သေးဘူးဆိုပြီး နံနက်အစောကြီး သစ်သီးတန်းမှာ ခေါက်ပြန်ပေးနဲ့ ယူလာတာ။ သမီးက ကျောင်းမှာ သူငယ်ချင်းတွေကိုရောင်းရင် အကြွေးမကျဘူး ဆိုပြီး ခွဲယူသွားမယ် ပြောတော့ ကျွန်မလည်း ထည့်ပေးလိုက်မိတော့တာ…”
************
ဆရာမကြီး ဆူကြိမ်းတာ ခံနိုင်သော်လည်း မမပြုံးက မျက်နှာထားချီကာ ခပ်တင်းတင်းကြည့်လာတာကိုတော့ အူယားလှသည်။
“ရှင် ရောင်းခိုင်းထားတာလို့ ကလေးက ပြောနေပါလား”
ပြင်ဆင်လာခဲ့သည့်အတိုင်း ခေါင်းညိတ်ပြမိတော့ ဆရာမကြီးပါ ရှူးရှူးရှားရှား ဖြစ်သွားသည်။ မမပြုံးလည်း မပြုံးနိုင်ရှာပဲ မျက်ထောင့်နီကြီးနှင့် ပြူးကြည့်နေလေသည်။ ခုလို အရေးကြုံလာလျှင် ထိုအတိုင်းပြောရန် နေရည်လင်းအား ကြိုကြိုတင်တင် သေချာသင်ထားခဲ့မိလို့ တော်တော့သည်။
“ရှင်က ကျွန်မ လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်တာပေါ့လေ”
ဆရာမကြီးအား အရိုသေတန်ရာတော့ မရောက်ချင်ပါ။ တောင်းပန်ရတော့မည်။
“ကျွန်မက ကလေးတွေကို အတန်းတွင်းဆုပေးပွဲလုပ်ဖို့ သေချာ ကတိပေးပြီးသားမို့ပါ ဆရာမကြီး။ ကလေးတွေကို ကတိ မပျက်ချင်ဘူး”
“အဲဒါနဲ့ ခုလို လုပ်တာ ဘာဆိုင်လို့လဲ”
“လိုတဲ့ငွေကို ကျွန်မ စိုက်မထုတ်နိုင်ဘူးလေ။ ဒါကြောင့် နှစ်စကတည်းက ငွေစုနေခဲ့တာပါ”
မမပြုံးမျက်နှာ မဲ့ပြလေသည်။ ကိုယ် မမပြုံးထံ ထီမထင် စိုက်ကြည့်ပစ်လိုက်ကာ…
“မမပြုံးနဲ့ ဆရာမကြီးတို့ အစီအစဉ်ကြောင့် ကျွန်မတို့ အားလုံး ကမောက်ကမ ဖြစ်ခဲ့ရတာ”
ဆရာမကြီး ရှေ့မှာသာ မဟုတ်လျှင် မမပြုံးတစ်ယောက် ဆွေ့ဆွေ့ခုန်နေပေတော့မည်။ ဒါပေမယ့် ကိုယ့်အပေါ် မမပြုံး၏ ကျေးဇူးတရား တစိုးတစ်စေ့မျှ မရှိခဲ့စဖူး။ မှုစရာမလိုဟု စိတ်ပိုင်းဖြတ်ထားမိပြီ။
“ကျောင်းဈေးသည်တွေလည်း စားကျက်ပျောက်ပြီး အကုန်ဒုက္ခရောက်နေပြီ ဆရာမကြီး။ အရင်းပြုတ်တဲ့သူနဲ့၊ အကြွေးတက်တဲ့သူနဲ့။ ထမင်းတောင် နပ်ကျော်စားနေရတဲ့သူတွေ ရှိနေပြီတဲ့။ ဆရာမကြီးရော..၊ မမပြုံးရော.. ပြန်စဉ်းစားပေးပါဦး။ ကျွန်မ… ကျွန်မ သူတို့ကိုယ်စားတောင်ပန်တာပါ”
ဆရာမကြီးကတော့ တွေတွေဝေေ၀ ငြိမ်ငေးသွားတော့ပြီ။ မမပြုံးကတော့ ခြေသံပြင်းပြင်းနှင့် ချာခနဲ နောက်လှည့်ထွက်ခွာသွားတော့သည်။
***********
“ဘယ်သူမှ ကျွန်းကလေးလို ထီးတည်းနေလို့ မရဘူး၊
လူတိုင်းဟာ တိုက်ကြီးတစ်တိုက်ရဲ့ တစ်ဖဲ့၊ ပြည်မကြီးတစ်ခုရဲ့ တစ်ပိုင်းတစ်စပဲ၊
ဥရောပတိုက်ကြီး လျော့နည်းသွားရင်လည်း သင် လျော့နည်းတာပဲ။
သင့်မိတ်ဆွေ မြေတစ်ကွက် လျော့နည်းသွားတော့လည်း သင်လျော့နည်းတာပဲ။
သင်ဟာလည်း လူသားထဲကလူမို့ အားလုံးနဲ့ပတ်သက်နေတာပဲ။
ဒီတော့ လွမ်းသူ့ခေါင်းလောင်း ထိုးသံကြားရင်
ဘယ်သူ့အတွက်လဲလို့ မမေးနဲ့၊
သင့်အတွက်
ထိုးတဲ့ ခေါင်းလောင်းသာလျှင် ဖြစ်တယ်”
ဂျွန်ဒွန်း (၁၅၇၃ - ၁၆၃၁)
ထိုကဗျာ၏ အဓိပ္ပါယ်ကို စတုတ္ထတန်းအရွယ်၊ အကလေးငယ်တို့ ခံစားနားလည်နိုင်စေရန်လည်း ကိုယ် အတတ်နိုင်ဆုံးကြိုးစားကာ ရှင်းလင်းသင်ပြခဲ့ပါသည်။ သူတို့၏ အသိနုနုလေးတွေမှာ စွဲမြဲနေစေရန်လည်း နံရံမှာရေးကပ်ထားကာ စာသင်ခန်းသို့အ၀င်၊ သင်ခန်းစာတစ်ခု မစတင်မီ ရွတ်ဆိုစေခဲ့သည်မှာ နေ့စဉ်အလေ့တစ်ခု ဖြစ်နေခဲ့ပြီ။ သူတို့လေးတွေ ခုနေခါမှာ ကဗျာ၏ အဓိပ္ပါယ်ကို နားမလည်နိုင်ကြသေးလည်းပဲ အားတော့ မလျော့ပါ။ နောင်တစ်ချိန် လူကြီးတစ်ယောက်အဖြစ် လူ့လောကအလယ်မှာ တွင်ကျယ်ဝင်ဆန့်လာသည့်အခါ ထိုကဗျာကလေးကို မမေ့သေးဘူးဆိုလျှင် ကဗျာ၏ အနက်အဓိပ္ပါယ်ကိုလည်း သူတို့ ဆင်ခြင်ဆပွားတတ်လာကြလိမ့်မည်ဟု ကိုယ် ယုံကြည်ပါသည်။ သူတို့လေးတွေ  လူ့လောကသို့ တိုးအ၀င်မှာ တစ်ကိုယ်ကောင်းစိတ်ကင်းသော၊ လူသားအချင်းချင်း ထောက်ထားစာနာ ညှာတာတတ်သူ၊ ဖေးမကူညီတတ်သူ ၊ စင်စစ်လူပီသသူလေးတွေ ဖြစ်လာကြစေဖို့ ပြင်းပြင်းပြပြ တောင့်တ မျှော်လင့်ချင်ပါသည်။
*********
“အစ်မကြီးကို သူ့ဆိုင်မှာပဲ ဈေးဗန်းတစ်နေရာစာလောက် ပေးဖို့ ပြုံးကို ကူပြောပေးပါဦးကွယ်”
အစ်မကြီး ဒေါ်သင်းသင်းမြိုင်ကလည်း မျက်ရည် တစမ်းစမ်းမို့ အိမ်ရှေ့ပူ၊ အိမ်နောက်မချမ်းသာရပြန်။
နေရည်လင်းကလည်း…
“အရင်ယူထားတဲ့ အကြွေးတွေ မကျေတော့ မေမေ့ကို နောက်ထပ် အသီးရောင်းမပေးတော့ဘူးတဲ့။ သစ်သီးတန်းတစ်တန်းလုံးက  ကြေငြာလိုက်ပြီ”
သူ့ မိခင်ကလည်း ခွင့်စာတစ်ရွက် စားပွဲပေါ်လာတင်ကာ…
“သူတို့ အဖေလည်း တကယ်ကို အိမ် ပြန်မကပ်ချင်တော့ဘူးဆရာမရေ..။ သူ့အပေါင်းအသင်းတွေနဲ့ ရွှေတူးတဲ့နောက် ပါသွားလေရဲ့။ သမီးက တစ်ဖက်တစ်လက် ကူဖော်လောင်ဖက်ရနေတော့  သူ့ကို ကျောင်းထုတ်လိုက်ရ ကောင်းမလားလို့။ အဲဒါ…”
အလန့်တကြား၊ ဆုံးဖြတ်မနိုင် ရှိနေစဉ်…
“ရှင် ဆုပေးပွဲအတွက် ငွေဘယ်လောက် သုံးမှာလဲ။ ကုန်ကျစားရိတ်အားလုံးကို ကျွန်မ လှူမယ်”
…တဲ့။ မမပြုံးက ခပ်ကြိတ်ကြိတ်ဆိုလာပြန်သော် နားထဲမှာ ခေါင်းလောင်းသံတွေ ဟိန်းညံနေတော့သည်။        ။
သတိုး