Showing posts with label ကဗျာ. Show all posts
ဘုရားသခင် လျစ်လျူရှုခံထားရသော ပန်းသီးတစ်ခြမ်း
ရပ်တန့်နေသောနာရီတစ်လုံးရဲ့ရင်ခွင်ထဲမှာ
အိပ်မက်တချို့နစ်မြှပ်ပျော်ဝင်နေလေရဲ့
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝပါစေ။
ဘုရားသခင်လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းမှာလည်း
အိပ်မက်ရက်ဆက်တတ်တဲ့ ချိုမြိန်ခြင်းတွေရှိလေရဲ့
တည်ရှိနေသည် ၊ ရရှိလာသည်။
ရုန်းကန်ခြင်းကိုသူတို့နားမလည်
ထောင့်ချိုးတွေရဲ့ ကြမ်းတမ်းမှုကိုသူတို့နားမလည်
လိုအပ်နေလိမ့်မည်ဟုလည်း သူတို့နားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝစေချင်သည် ။
သုံးချိုးတစ်ချိုးရောတဲ့ခန္ဓာကိုယ်ကလည်း
ခပ်ကြမ်းကြမ်းအိပ်မက်တွေနဲ့ကာမယှက်စပ်ရင်း
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝနိုင်သည်။
အခါးတို့နဲ့ပြည့်သော ဆေးတစ်ခွက်ဟာလည်း
နှလုံးသားကို အာဟာရဖြစ်စေပြန်သည်။
ဘုရားသခင် လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းဟာလည်း
ငှက်ကိုက်ခံရလေပြီ
တည်ရှိနေသည် ၊ ဖြစ်တည်နေသည်။
ပေးဆပ်ခြင်းကို သူတို့နားမလည်
နှလုံးသားနဲ့ရင်းတဲ့ လိုအပ်ခြင်းကိုသူတို့နားမလည်
ကုတင်ပေါ်က ချိုမြိန်ခြင်းဟာ မပြည့်ဝခြင်းကိုလျစ်လျူမရှုနိုင်မှန်း သူတို့နားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝစေချင်သည် ။
စေတနာအကြောင်းလာမပြောနဲ့  ဒီအရပ်ဟာမိုးခေါင်ရပ်ဝန်း
အပေး နဲ့ညီမျှသော အယူ
စိုက်ပျိုးသမျှရိပ်သိမ်းခွင့်ရှိတယ် မေတ္တာတရားမပါကြေး
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝပါစေ။
ဘုရားသခင်လျစ်လျူရှုခံထားရတဲ့ ပန်းသီးတစ်ခြမ်းကတော့
အိပ်မက်တချို့အတွက်  နေ့ဘက်မှာနစ်မြှပ်ပျော်ဝင်
ညဘက်မှာ မပြည့်ဝခြင်းကိုလျစ်လျူရှုရင်း
တိတ်ဆိတ်ခြင်းကို ကိုယ်တိုင်နားမလည်
ပေးဆပ်ခြင်းကို ကိုယ်တိုင်နားမလည်
ဖြစ်တည်ခြင်းကို ကိုယ်တိုင်းနားမလည်
အရာခပ်သိမ်းတို့၏ အလိုဆန္ဒပြည့်ဝရန် ဆုတောင်းနေလေသည် ။   ။
ဆုမြတ်မိုး
အသားကျနေသော အရှုံးနှင့် အသေစားတတ်သော အစာအိမ်ကင်ဆာ
ဖန်တီးချက်မှာ ပုံပျက်သွားတဲ့ ရှေးရှေးတုန်းက ပုံပြင်
ဒဏ်ရာချက် ဝိရောဓိကို ဈာန်ဝင်စားရင်း တရားရှာချင်
အာရုံမလာ အမိုက်မှောင်တွေ ဖုံးလွှမ်းတဲ့ ဂျပ်ပင်တွေကြားမှာ
လူးရင်းလှိမ့်ရင်း နပိန်ကန်မလား နသိုးကန်မလား
ကြက်ခါးသီး ထမင်းနှယ်စားနေမိသည်။
လူ့အောက်ကျို့ရင် မသေနိုင်ပေမယ့်
လူအောက်ပိနေတော့ သေချင်စော်နံနေပြီ
လူပေါ်လူဆင့် လူဇော်ကဲ လူဗိုလ်ကျဲ
လူ့ဆိုရှယ်မှာ အမှားမှားအယောင်ယောင်
ကီးကြောင်ကြောင် နဲ့ လူနိပါတ်တွေ ဘာသာပြန်ပြီ
စမ်းရင်း ဝါးရင်း ရာသီတွေ ဖောင်းကားလာတယ်။
တစ်ပြီးတော့ နှစ်ကိုဆက်တက်တယ်
ဆက်ပြီးသုံးကိုချဉ်းကပ် ပါးနပ်စွာ အလှည့်ခံရတော့
နှစ်...တစ် ...သုံည မရပ်တန့်ပဲ အနုတ်ပါပြတဲ့ လ
နေပူမှာ လေပူထမ်းပြီး ခြေပူကို ဗျပ်ထိုး
အခင်းမရှိ အကာမရှိ လမ်းဘေးမှာ ထိုးရောင်းရင်း
တစ်ထည် အစိတ် နှစ်ထည်ငါးကျပ် ။
အကြွေးသီးခံပါ ဘေထုပ်သည် အရှုံးခံပြီး
အသည် လုပ်နေတာ ဈေးဆစ်ရင် လှည့်ပြန်ပါ။
တရိပ်ရိပ် ကျဆင်းနေတဲ့ စတော့ဈေးကွက်တော့မဟုတ်
အနုတ်တွေ တစ်ပွေ့တစ်ပိုက်နဲ့
အတိတ်တွေ နိမိတ်တွေ အာရုံခံရင်း
ဇယားကွက်ကို ထိပ်ဆုံးတင်မိတယ်
အရှုံးက ပက်ပက်စက်စက်နဲ့
ခွေးကျ ဝက်ကျ ကျတယ်။
ကုန်ရှုံးတဲ့လ
လင်ကုန်ရှုံးတဲ့ နှမ
ဘယ်သူက ပိုနစ်နာလဲ
သိသိနဲ့ ဘုံဘေမှာ ကော်ပတ်ကောက်စားတယ်
စားရင်း ဝါးရင်း ဗိုက်က ဖောင်းကားလာတယ်
ဒေါက်တာ ပြောတဲ့ အစာအိမ်ကင်ဆာက ဂျိုနဲ့လား...
.ဟေးလာ မောင်တို့ ထပ်ဝါး ။              ။
ပျူမခ (ကော့သောင်း)
သင်္ကြန်- ၂
ပိတောက်ကိုင်းကလေးတွေဟာ
သင်္ကြန်မိုးလောက်နဲ့ မဖြုံကြတော့ဘူး။ 
ဦးနေအောင်ကြီး ရှိနေသေးတယ်
စန္ဒယားဆရာလေးကိုငြိမ်းမောင်သေပြီ။
ကိုငြိမ်းမောင်ဟာ ပြီးပါပြီ လို့ စာတန်းမထိုးခင်သေနှင့်ပြီ။
သူသေတော့ အကုန်လိုက်သေပြီ။
ငွေငန်းကြီးလည်း ငွေငမ်းတွေရဲ့ အနောက်ခပ်လှမ်းလှမ်းမှာ ကျန်ခဲ့ပြီ။
ဒီဇာတ်ကြောင်းတွေ ပြန်လှန်ကြစို့။
မိဖုရားစောလုံက သူသာ အတာမင်းသမီးအစစ်ဖြစ်ကြောင်းပြောတယ်
"ငါ့အကြောင်း နင်တို့ဖတ်ကြသလို ၊
နင်တို့အကြောင်း ဖတ်ကြမယ့် လူတွေရှိသေးသဟေ့"ဆိုတော့
ငါတို့ဟာ အရက်ပုလင်းထဲ ကံစမ်းမဲရှာရာကနေ
ငါတို့ဟာ မဏ္ဍပ်ရှေ့ အိုပါးဂမ်းနန်းဆွဲရာကနေ
ငါတို့ဟာ တည်းခိုခန်းရှေ့ ကွန်ဒုံးထွက်ဝယ်ရာကနေ
အလန့်တကြား ခေါင်းထောင်ကြည့်မိ။
ရေစိုခံအိတ်ထဲက ဖုန်းနဲ့
ဘာအစိုမှမခံတဲ့ ဘ၀ထဲက ပုလင်းခွံတွေကို အော်အော်ပြောနေမိ
ခေါင်းကို စိတ်ပျက်လက်ပျက်ခါနေတဲ့ သိကြားမင်းဆီ
မက်ဆေ့တစ်စောင်ပို့မိ
"ခွေးရေပုရပိုဒ်ထဲ တစ်ခေတ်လုံးသာ မောင်းသွင်းလိုက်ပေရော့"။
ကားတွေဟာ ငါတို့ကို မမောင်းတော့ဘူး။
ပိတောက်တွေဟာ ငါတို့ကို မမွှေးတော့ဘူး။
ရေတွေဟာ ငါတို့ကို မရွှဲတော့ဘူး။
လမ်းတွေဟာ ငါတို့ကို မလျှောက်တော့ဘူး။
မုန့်လုံးတွေဟာ ငါတို့ရေပေါ်ကို မပေါ်တော့ဘူး။
နှစ်သစ်ကူးမှာလွှတ်တဲ့ငါးတွေ၊ငှက်တွေလိုပါ
သိပ်မကြာခင်မှာ ပြန်ပြန်အဖမ်းခံရ
သံသရာအကြောင်းမတွေးမိကြဘူး
ဒါမျိုးတွေပြောနေတာ
မင်းကဘာလူမျိုးလဲဆိုတော့
အညိုအမည်းစွဲနေတဲ့ ကိုယ့်ပေါင်ကိုပဲ
လှန်ပြလိုက်ရုံပေါ့။
ဟိန်း
ဘူး သီး မ သီး ဘူး
ကမ္ဘာမြေကြီးသည် မိမိကိုယ်တိုင် လှည့်ပတ်နေသည် ။
ကြည့် တော် တော် တော် ကြည့်
ကြည့်မှ မြင် ၊ မြင်မှ သိ ၊ သိမှ ပွား
အပွားခပ်ဖို့ ဘ၀ကို ချလောင်းပြရမှာလား။
ကုလသမဂ္ဂမှာ လက်နက်ရောင်းချမှု စာချုပ်ကို သဘောတူညီ
စစ်ရေး ၊ နိုင်ငံရေး ၊ ဘာသာရေး ၊ အရေးများ အရေးမမှားစေရန်
လူသားအရင်းအမြစ်များ စိုက်ပျိုးရေး ... ဒို့အရေး
သဘောတရားကို တရားသဘောနဲ့ ညှိရန် ...
လူတို့သည် မိမိကို ငါနှင့် ပစ်ပေါက်ကြကုန်၏ ။
တွန်း တိုက် အောင် လုပ် ဖို့ လုပ် အောင် တိုက် တွန်း
တွန်း၍ရွှေ့ရန် အားလုံးပါဝင် ၊ သူဝင် ၊ ကိုယ်ဝင်
အ၀င်အထွက်မှန်မှ ကစားပွဲကြည့်ကောင်းမယ်
ဘယ်လိုပြောရမလဲ ၊ H1N1 မှ H7N9 သို့အပြောင်းမှာ
ပြောင်းရန် ၊ ဆောင်ရန် ၊ ရှောင်ရန် ၊ သန့်ရန် ၊ ဖြည့်ရန်  ...  ရန် များ
အမှားတစ်ရံဟာ အမှန်တရားလား ၊ တရားအမှန် သိရန် ...
အချိန်နှင့်တပြေးညီ ဒီမိုကရေစီ လိုက် ( like ) ကြသည် ။
စား သာ ရင် အ ရင် သာ စား
စားမှ ၀ ၊ ၀ရှိလို့ ၀ိ လုပ် ၊ ၀ိ ၀ိ ၀ိ ၀ိ
ဆန်ပြတ်လို့ ဆန်ခပ်တဲ့အခါ ၀ီ ၀ီ မြည်အောင်လှုပ်
လှုပ်လို့ တောကြောင်တွေက ပျုားပန်းခပ် ၊ အလန်း ( alarm )
လမ်းများ အားလုံး ဦးတည်ရာ ဘယ်မှာ
ပညာခေတ်မှာ ငြိမ်းချမ်းဖို့ ပညာရေး နဲ့ ငြိမ်းချမ်းရေး
ဦး စား ပေး လို့ ပေး စား ဦး။            ။
ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( April ; 9 ; 2013 )
ကျကွဲခဲ့သော ခြေရာ
လရိပ်ဖြင့် ရက်ဖောက်အပ်သမျှသော ဝိညာဉ်အခွံ္ပ၌
တွယ်ငြိဖွယ်အတ္တ မရှိ, အသက် မရှိ, နတ္ထိအခန်းသို့ပမာ
ချစ်ခြင်းမေတ္တာဟာ ငါ သူ မည်မျှ
နာကျင်စွာ ပယ်ခွာရမည့် လက်ဖဝါးများအား ငုံ့ယူနမ်းရှိုက်လျက်
ထုဆစ်အံ့သော ဘဝအသစ်များစွာအတွက်
မျက်ဝန်းမြစ်ကို အားတုံ့အားနာမိရသည် အထိ။
ဖြစ်ခဲ့သည် ဟု အတည်ပြု မှတ်တမ်း မတင်ဝံ့
အပျက်သဘောကို နာကြားလိုသော နားတစ်စုံလည်း မရှိခဲ့
ငဲ့ကွက်ရန် စာရင်း၌ ငါ၏ အမည်နာမသည် ကမ္ဗည်းထိုးထွင်းခတ်ရန် မလို ဟု
မွေးရာပါအမှတ်အသားဖြင့် ဖော်ပြလျက်
ထို့အတွက်.. သေချာမှုအတွင်းသို့ စီးဝင်နေသော မသေချာမှု သွေးကြောများ
တစ်စုံတရာ အကွာအဝေးမှ ငါ၏ ဖြစ်တည်မှုတွင် ခိုနားစေ။
ပညတ်ချက်များစွာနှင့် ချေမွရန် အသင့်ဖြစ်ပစေ..
ကန့်သတ်မှုများအကြား သွယ်လျပြေပြစ်နေသော မေတ္တာတရားတို့
ရုန်းကန်ထမြောက်ရန် အသင့်၊ ကျောက်သားအထပ်ထပ် ဖြတ်သန်းခဲ့ စမ်းရေ
စီးဆင်းဆဲ စီးဆင်းမြဲ… ထာဝရဆိုသည့်တိုင်
ဤရင်းမြစ်မှ စတင်ခဲ့သော နေ့စွဲများ။
၏,သည် မရွေး ရွတ်အံကြရန် စာ- မရှိ
အရှုံးအမြတ် တွက်ချက်ရန် ဈေးကွက် မဝင်ခဲ့
ကာလယန္တရားဖြင့်လည်း သက်သေသက္ကာယ မပြုနိုင်
သို့တစေ.. ခိုင်မာပါ၏ ခိုင်မြဲနေပါ၏.. မြဲမြံလွန်းလှပါ၏
အပြန်အလှန် ဖြစ်တည်ပြီး ပြကတေ့မျက်ဝန်းကိုယ်စီမှ
လောက်ငှကုံလုံသော ယုံကြည်မှုအသီးအပွင့်များအကြောင်း။
မနိုင်=မရှုံးသော ပေးဆပ်မှုများသာ ခိုဝင်လျက်
မနက်ဖြန်များစွာအတွက် သတ်မှတ်ရည်ညွှန်းသမျှ
ဒီကနေ့ လျှောက်ခဲ့ကြသည့် ဝန်းကျင်လမ်းမများအတိုင်း
သွေးစက်လက် ကျပါစေ.. ငါ၏ ဖဝါးအစုံဖြင့် အပ်နှံ၍
ဦးတိုက်လျှောက်လှမ်းခဲ့ပြီး မျှော်လင့်ရာ ရောက်ရှိခြင်းများ။
ငါ၏ အသားစများ ပွန်းပဲ့နာကျင်ခဲ့သည်နှင့် အမျှ
အာငွေ့ခြုံ၍လည်း လုံခဲ့ရဖူးသည့် မိန်းမူးဖွယ့်နာရီများ..၊ သို့နှင့်တိုင်
ဘဝအဆက်ဆက်က ကျကျန်ရစ်ပြီးသည့် ကျိန်စာအတိဖြင့်
ကြင်နာယုယမှုများအကြား အလွမ်းဖြင့် အဆာသွပ်ခံရ
ကဗျာမဆန်လိုက်ပုံက ကာရန်အဖွဲ့မှာ အထီးကျန်ရသည်အထိ။
တစ်ဦးသည် အခြားတစ်ဦး၏ လေပြည်ထွေးပိုက်သောပန်း ဖြစ်ခဲ့သော်
ပန်းနှင့်လေပြည်အကြား မေတ္တာတရားဖြင့် ချိတ်ဆက်ခွင့်ရှိစေ
ထိုသို့ချိတ်ဆက်ခြင်းသည်လည်း ဘဝတို့ဖြင့် လွန်ကျစ်ခြင်း ဖြစ်စေ
သိမ်းရုပ်ခြင်းမဲ့ ရင်ပြင်တစ်ထပ်တည်း ဖွဲ့ဆိုရာ ခြေရာများနှင့် အတူအမျှ
ချစ်ခြင်းတရားဖြင့်သာ ဖန်ဆင်းပြည့်ဝပြီး ကမ္ဘာအထပ်ထပ် သံသရာတိုင်
ဤကဗျာ၌ သိမ်းဆည်း၍ လျှောက်ရဖွယ့် ခရီး.. အလျားရှည်ပါစေ။
.............
သျှိုင်းယုဝေ
သရုပ်ဖော်ပုံ စဆို၇ီ
ငမူး
ေ မ့ သ ာ း ေ လ း ရ ယ္
ေ စ ာ ေ စ ာ ၿပ န် လာ ခဲ့  ပါ ကွ ယ် 
ဆို ေ တ ာ ့
မိုး လ င်း မှ ပြ န် လာ တ ယ်
န င့် ရု ပ်
န င့် ရ ည် နဲ့ 
န င့်ေ ခါ င်း အိ မ် ပြ န် ပါ လာ ဖို့ 
ငါ့  မှာ
ခု ထိ
သံ ဗုေ ဒ္ဓ ရွ တ်ေ န ရ တု န်း ... ။
ဘို ဟ န်
ဟိုအကြောင်း သည်အကြောင်း
နေ့ တွေကတိတ်ဆိတ်လွန်းတယ် ၊
မနက်ခင်းကလဲ ဖျားနေရဲ့ ၊ အတွေးသက်သက် စီးကရက်တွေ
လေစားလွန်းတယ် ၊
ဖောက်ပြန်မှုထဲက ဒိဌိကို မဖယ်နိုင်သေးတဲ့ 
မနုသပင်လယ်ထဲမျော မောတယ် ။
စိတ်မှန်းနဲ့ လွမ်း  ခမ်းပစ်လိုက်ရတဲ့   သံယောဇဉ်အကြွင်းအကျန်လေးကို လွမ်းရဲ့ ၊
ငြိမ်ဝပ်ဝပ် မီးငြိမ်းတောင်ဟာ  ငါ
ငဆွံ့  တကောင်လို ဂူထဲအသားကျသွား နေတတ်ခဲ့ပြီ ၊
ပင်လယ်တွေအော်နေတယ်
ငါ့ကိုခေါ်ကြပါ ၊ ငါ့ကိုသယ်ဆောင်ကြပါလေ ။
အတွေးတွေ လှောင်နေတုန်း စိတ်ကိုလဲ ချွန်းမတို့ နဲ့  ၊
ညီမလေးရေ ..
ငါ့အသံအိုးထဲ စကားလုံးတွေပြည့်ကျပ်နေလို့ ပါ
ခန္စာဥာဏ်ရောက်စေဘို့   ငါ့အမှောင်ကို မီးထွန်းပေးပါ ၊
ဘယ်လမ်းကလျှောက်လျှောက် လမ်းကတော့ဆုံးမှာပဲ ၊
အတွေးနဲ့  ယက်တဲ့ ပလိုင်းတလုံးထဲ
ဒဏ်ရာဖင်စီခံအတိုတွေ သိပ်များတယ် ၊
အငွေ့ ပျောက် ရှိုက်သွင်းလိုက်ရတဲ့  မာယာအငွေ့ တွေ က ကလူသလိုလို ၊ မြူသလိုလို
လာမခြောက်ကြနဲ့  …   မရတော့ဘူး …
ဟန်ဆောင်ကကြိုးထဲ မပျော်တော့တာကြာပီလေ … ။
ပြန်တွေးတိုင်း ငါ့ရင်တွေခုန်နေတုန်းပါပဲ  ညီမလေးရယ် ၊
တစ္ဆေတွေ ငါ့ကို လိုက်ဖမ်းတုန်းက ရက်တွေဟာ
ဒီနေ့ တွေလိုမဟုတ်ဘူး …
မှောင်ပြီးတော့ နက်တယ်  ၊ ဖွေးပီးထက်တဲ့ အစွယ်တွေနဲ့ 
ငါတို့ ယုံကြည်ချက်တွေကို ကိုက်ဘို့  ၊ မြိုဘို့ 
အကြိုးစားခံရဘူးတယ်ကွယ် ၊
သင်ပုန်းချေစို့ တော့ မပြောပါနဲ့  မေမေ …
ဘယ်သူပြုလုပ်သူ ၊ ဘယ်သူအပြုလုပ်ခံရသူ
ဒါတွေတော့ ရှင်းလင်းဘို့ လိုမယ်
မဟုတ်တဲ့ အရာတွေ ငြင်းရဲဘို့  ကျနော်ကောင်းကင်မှာ မေမေဟာ ဓူဝံကြယ်တစင်း..
မေမေ နုတ်ဆိတ်နေတာလား ၊  ဆို့ နစ်နေတာလား  ၊
မေမေ့ ရိုးရာအထည်လေး ပျက်စီးသွားမှာ စိုးရွံ့ နေတာလား ၊
ဟင် …မေမေ ကျနော်ကြောင့် ငိုနေတာလား …
ခွင့်လွှတ်ပါမေမေ ….
လူမိုက်တယောက်ကို မေမေမချစ်မှာ စိုးတယ်လေ ။
ဒီလိုပါပဲ ညီမလေး …
ငါကလဲ ငါသန်ရာငါပြော  ၊ သမိုင်းထဲမှာ လက်ခဲ့ တဲ့  ကြယ်အမှုန်လေးဖြစ်ခဲ့ဘူးတယ် ၊
နှလုံးသွေးတွေ စွေးစွေးနီဘူးတယ် ၊
ငါတို့ ဆောက်တဲ့ အဆောက်အအုံထဲ အုတ်လေးတချပ်
သဲလေးတပွင့်ဟာ ငါ။
သံမဏိတုံးကြီးကို တူနဲ့  “ဒေါင်” ခနဲ ထုခဲ့တာ ငါ ။
အဲ့ဒီတုန်းက လမ်းတွေဟာ သိပ်မှောင်တယ် ညီမလေးရယ်
တချို့ လဲ နဲနဲခက်တယ်လို့  ထင်ကြတယ် ၊
အမိုက်တွင်းကို တူးကြတယ် ၊  တချို့ ကဘယ်လို ၊ တချို့ ကဘယ်သူ
ဒါတွေတော့ ငါမသိဘူး ၊  ကိုယ့်သက္ကာရ ကိုယ်ထုဆစ်
ယုံကြည်ရာကို လျှောက်ခဲ့ကြတာပဲ ။
ထသွားထလာအတွေးတွေ နဲ့  တကိုယ်ရေ အိမ်အလွမ်းတွေအကြောင်း၊
အမှောင်ထဲ စုန်းစုန်းမြှပ်ခံလိုက်ရတဲ့  ငါတို့ သူငယ်ချင်းတွေအကြောင်း
ဝပ်ကျင်းထဲက ချောင်းချောင်းကြည့်ခဲ့ ရတဲ့ ငါ့ ညတွေအကြောင်း
သူဟာဘာလဲ ၊ ငါကရောဘာလဲ ဆိုတဲ့ အတွေးတွေအကြောင်း
ဟင်းအမယ်စုံတဲ့  သောကထမင်းဝိုင်းလို  ငါခဏခဏ အံကြိတ်
တိတ်တိတ်လေး ဆွေးခဲ့ ရဘူးတယ် ။
အဲဒီတုန်းက ငါတို့ အိမ်မက် အပိုဒ်(၁၃) ဟာ အရိုးမဲ့ တဲ့ ဓါးတစင်း ၊
မဲမဲမြင်ရာ ငါခုတ်တုန်းက ငါ့လက်တွေလဲ  ပြက်ရှခဲ့တယ် ၊
ငါ့ကျောင်းလွယ်အိတ်လေးထဲက အိမ်မက်တွေလဲ အပိုင်းပိုင်းပြက်တယ် ၊
ဒဏ်ရာတွေ   ချခင်းပြနေတာမဟုတ်ပါဘူး  ၊
ငါတို့  ရာသီထဲက လောကဓံဟာ သိပ် အထိအရှများလွန်းတာကို သိစေရုံပါ  ။
ညီမလေးရေ …
အသံကြားရာနားစွင့် ၊ မြင်ရာကိုကြည့်ငေး အတွေးတွေလဲ ခဏဗြောင်းဆန်သွားတယ်
ငါ့သန်ရာ ငါပြော ၊ သူစိမ်းတွေကြားထဲ ငါမမျှောချင်တော့ဘူး ..
၊ ခရီးဆောင်အိတ်လေး ငါလွယ်သွားတုန်းက  အဖေကငါ့ကိုလွမ်းတယ် ၊
ညီမလေးက ငါ့ကိုနမ်းတာ ၊
အဲ့ဒီနေ့ လေး သတိရလို့  ငါပြန်ခဲ့ပြီ ။
ဒါပါပဲ ညီမလေး …
သံသရာဆိုတာ လည်နေတဲ့ 
လှည်းဘီးဝန်ရိုးတခု ဆိုတာ နင့်မှတ်စုထဲ ထည့်မှတ်ထားပါ။
ကမ္ဘာကလဲ အချိန်တိုင်းလည်နေတာပဲ
ဒါပေမဲ့  …
ခုထိတော့  ငါ့မှာ နေ့ ညမကွဲသေးဘူး ……  ။
လင်းနောင်
ငြိမ်းချမ်းရေး
မခံနိုင်တဲ့အဆုံး အပြုံးချင်း
ဖလှယ်ကြတာပေါ့
ငါတို့ မထင်မှတ်ထားတဲ့ 
သမိုင်းတွေက တစ်နေ့ ကျရင်
သူတို့ ကိုပြန်ပြောပြပါလိမ့်မယ်...။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
အဝေးမျှော်သင်္ကြန်
ပိတောက်မှ အ၀ါ အစစ်
ရင်ဘတ် စစ်စစ်ကြီးထဲကို
အ၀ါရောင် အတုတွေ ထိုးသိပ်
တစ်နှစ်လုံးနွေရှိတဲ့ တိုင်းပြည်မှာ
တန်ခူး ကို ဒီမှာ  အတုလုပ်
ပိတောက်ကို  ဒီမှာ အတုလုပ်
သင်္ကြန်ကို ဒီမှာ  အတုလုပ်
လူစက်ရုပ်တွေလေ အမေ
နှလုံးခုန်သံ တူးပို့ ... တူးပို့
ငါတို့ မြန်မာဆိုတာကိုတော့
အတု မလုပ်ကြစတမ်း ... ။
ငါတို့မြေ ...
ငါတို့ရေ ...
ငါတို့လေ နဲ့ မထိ မတွေ့သမျှ
ငါတို့ သင်္ကြန်ဆိုတာ အတုပေါ့
ရေကြည်ရာ ... မြက်နုရာဆိုလို့ ရှာခဲ့တယ် အမေ
ရေကလည်း ကြည်သပေါ့
မြက်ကလည်း နုသပေါ့
တစ်ခုတော့ ရှိတာပေါ့ .... အမေ
မချိုဘူး ....၊
သူစိမ်းတွေရဲ့
ခြေကြိုခြေကြားက
ကုန်းရုန်းထပြီး
ကွေးနေအောင် ကကြရတဲ့ အဝေးသင်္ကြန်
ပိတောက်ပန်းတွေတော့ ပန်လို့မရဘူး ... အမေ
ရွှေမန်းတောင်ရိပ်လည်း
သီချင်းတွေထဲမှာပဲ ခိုနေရတာ
နှစ်တွေ ကြာပေါ့ ... ၊
ပြန်ခဲ့ချင်ပြီ
မြေသင်းနံ့ လွင့်လွင့်ပျံ့တဲ့
ကိုယ့်မြေပေါ်မှာ ကိုယ့်လေကို ရှိုက်ပြီး
သင်္ကြန်သီချင်းတစ်ပိုဒ်ကို
အပြုံးတွေပိုက်ပြီး
ပိတောက်ဖူးတွေ ငိုက်နေအောင် ဆင်မြန်းထားတဲ့
အမေ့အနမ်းတွေအောက်မှာ
သားတို့ ....
သမီးတို့ ....
တူးပို့ ... တူးပို့ သီချင်းသံခင်းပြီး
ကိုယ့်မြေကို ကိုယ် နင်းချင်ပြီ .... အမေ ။      ။
သုထက်မှူး
အယားဖျောက်ချင်သလား....မိတ်
ခင်ဗျား သူ့ကို သိလား ။ ဘယ်သိမှာလဲ ။ ကျွန်တော်မှ မပြောပြရသေးတာ ။
ပြောပြလည်း သိချင်မှ သိမှာပါ ။ သူက လူတစ်ယောက်ပဲလေ ။
လူရဲ့ စိတ်မှာ စစ်ပွဲပြီးရင် အိမ်ကိုပြန်လို့ မိသားစုနဲ့ တွေ့ရမယ် ။
အဆိုစိတ်နဲ့ စစ်ပွဲတွေ ဆက်တိုက် ။ ဆက်တိုက် ။ အတိတ်နဲ့ ခံနိုင်ရည်နဲ့ သတိနဲ့
... နဲ့ နဲ့ ... နဲ့ ။
လူတွေက အခြားလူတွေထက် ကိုယ်က လူဖြစ်တဲ့အကြောင်း သိပ်ပြောချင်ပေါ့ ။
ထူးခြားတာလား မသိဘူး ။ တိရစ္ဆာန်တွေကို အတုယူကြတာတွေလည်း ရှိပြန်ရော ။
တိရစ္ဆာန်တွေကို ခိုင်းစားလို့လည်း ရတယ် မဟုတ်လား ။
သေသေချာချာ နားလည်ပြီး တစ်ခုခုတော့ လုပ်ဖို့ လိုလိမ့်မယ် ။
ပျားကိုပုံပြု လုံ့လပြုဆိုသလို ကျင့်ရင် နောက်မကျတန်ပါဘူး ။
ဗျိုင်းကို အတုယူပြီး ဓား လှံတွေနဲ့ ကစားကြပါတယ် ။
ကြိုးကြာရေသောက် ၊ ကျားလက်ဝါး ၊ ဆက်ရက်ခုန်တွေနဲ့ သတ်ပုတ် ။
ဝံပုလွေတွေ တောခွေးတွေလို အုပ်စုဖွဲ့ အနိုင်ကျင့် ။
ဘုရင်တွေက ခြင်္သေ့ ၊ ဒေါင်း ၊ ခွေး စတာတွေလို ကျင့်ရပါသတဲ့ ။
ကျွန်တော်ကတော့ ဆော်လမွန်ငါးတွေ ၊ ကြိုးကြာတွေ ၊ ယုန်တွေလို
အိမ်ကိုချစ်တဲ့ စိတ်ကို သဘောကျနေမိပြန်ပါတယ် ။
သူကတော့ ပညာတွေသင်ယူပြီး ကိုယ့်အတွက်
လူတွေအတွက် ၊ သဘာဝပတ်ဝန်းကျင်အတွက်လို့ မပြောဘဲ
အလုပ်တွေကို လုပ်နေတတ်သူပါ
လူယောင်ဆောင်ပြီး ကိုက်လည်း မယားတတ်တဲ့ လူ
အနာတွေကို ထုပ်ပိုးထားပြီး အစာတွေကို စုဆောင်းဖြန့်ဝေသူပါ
အလင်းအောက်မှာ လမ်းလျှောက်တဲ့အခါ သူ့ကို တွေ့နိုင်ပါတယ် ။
ခင်ဗျား သူ့ကို သိလား ။
ငြိမ်းစိုးဦး
မတ်လ၊ ၁၀ ရက်၊ ၂၀၁၃
ခေတ်တခုနှင့် စကားစမြည်ပြောဆိုကြည့်ခြင်း
အို... ခေတ်ကြီး
ဖေဖော်ဝါရီ (၁၄)အတွက် အချစ်ကဗျာတပုဒ်ထဲ
အာဏာရှုးကြီး မှူးကြီးသန်းရွှေလို့ 
ကဗျာတပုဒ်ရေးစပ်မိတော့
ကဗျာကို မှင်နီခြစ်
ကလောင်ကို အမှောင်တိုက်ထဲ ဆွဲသွင်းလိုက်ကြတာ
ဘယ်သူတွေလဲ ... ?
ဘယ်သူတွေကလဲ ... ?
ဖြေပါ ခေတ်ကြီး...
ရဲရဲဖြေ ကြည့်ပါ ခေတ်ကြီး.. ။
ရေငတ်လို့  ရေတခွက်ရဲ့  ချိုမြမှုအကြောင်း ပြောမိတာ
အပြစ်ရှိကြောင်း ၊ ပုန်ကန်မှုဖြစ်ကြောင်း ဘာအတွက်ဆိုတာ
သိပ်နားမလည်ပေမဲ့  မွေးရာပါ စွဲကပ်နေတဲ့ ငယ် အကျင့်အတိုင်း ကျုပ်တို့ က
ဖြည့်ပီး နားလည်ပေးခဲ့တယ် ခေတ်ကြီး... ။
အိုခေတ်ကြီး ...
အရာရာဖြည့်တွေး ကျုပ်တို့  က နားလည်လွန်းခဲ့တာပေါ့..
မီးမလာတုန်းကလဲ နားလည်ပေးခဲ့တာပဲ ..
ရေပြတ်တော့လဲ နားလည်ခဲ့တာပဲ ..
စကားလုံးတွေ ကဗျာလို လှ
ကိုယ်ထူပြီး ကိုယ်ထခဲ့ရတာ နှစ်ပေါင်းများစွာ ... ။
အို..ခေတ်ကြီး
ဘဲဥတလုံး တစ်ကျပ်ခွဲဖြစ်ရာကစ
ဆီဈေးကြီးလို့  ဘတ်စကားခတွေ ဈေးတက်သွားရာကအဆုံး
ပြတ်တောင်းတောင်းဂီတ နဲ့  တစ်ချို့  အလံထောင်တော့
ဆူပူတယ်သမုတ်
အဟုတ်တကယ် အပြတ်နှံ ကျုပ်တို့ မျိုးဆက်ကို
လောင်တိုက်သွင်းခဲ့တာလဲ အတေးအမှတ်မထား
ဘုရားဟောတဲ့ အကျိုးအကြောင်းတရားကို အဲ့ဒီ အဖြစ်အပျက်ထဲ သွပ်သွင်း ၊ ကံစီမံရာဆိုတဲ့ အတွေးနဲ့ 
ဒီလိုဖြည့်ပြီး တွေးခဲ့တယ်... ။
ရေငတ်လို့  ရေတခွက်ရဲ့  ချိုမြမှုအကြောင်း ပြောမိတာ
အပြစ်ရှိကြောင်း ၊ ပုန်ကန်မှုဖြစ်ကြောင်း ဘာအတွက်ဆိုတာ
သိပ်နားမလည်ပေမဲ့  မွေးရာပါ စွဲကပ်နေတဲ့ ငယ် အကျင့်အတိုင်း ကျုပ်တို့ က
ဖြည့်ပီး နားလည်ပေးခဲ့တယ် ခေတ်ကြီး... ။
အို ...ခေတ်ကြီး
ကျုပ်တို့  ကပေးခဲ့တယ် ခေတ်ကြီး ...
ကျုပ်တို့ က တောင်းသမျှ အကုန်ပေးဘူးပါတယ် ခေတ်ကြီး..
ကျုပ်တို့ က ရေငုံ ၀ဇီပိတ် အကျင့်ကိုလဲ ဆောင်နိုင်ခဲ့တယ် ခေတ်ကြီး..
မြတ်နိုးခဲ့ရပါသော ခေတ်ကြီး..
ခင်ဗျားမပြဋ္ဌာန်းချင်တဲ့ သင်ရိုးညွှန်းတမ်းမှာ လူ့ အခွင့်အရေး
စကားလုံးရေးရေး ကျောင်းမှာ အံရတုန်းက
ကျုပ်တို့  ဆရာကြီး အတန်းရှေ့ ကျောက်သင်ပုန်းပေါ်မှာ
(လခူအွင့်ရ့ေး) ဆိုတာ ဒီလိုရေးကြလို့  သင်တုန်းကရော
ဘာများ အထွန့် တက်ခဲ့ကြလို့ လဲ ။
ချစ်ကြောက် ရိုသေခဲ့ရပါသော ခေတ်ကြီး
ကျောက်သင်ပုန်းကြီး ဗြန်းခနဲ
ကြိမ်လုံးနဲ့ 
မြည်အောင်ရိုက်ပြီး ကျောင်းသင်ခန်းစာကို
အချောတဘက် အကြမ်းတဘက်
ဗလာစာအုပ်ထဲမှာ
လိုက်ကူးရေးခဲ့ ရတုန်းကလဲ ကျုပ်တို့ က ဘာများပြောခဲ့ကြလို့ လဲ ... ။
ဒီမယ် ခေတ်ကြီး
ကျုပ်တို့ က ခင်ဗျားကိုကြောက်တာပေါ့ ..။
ခင်ဗျားကို အသွေးအသားထဲကကို ကြောက်နေခဲ့ရတာပေါ့ ..
ခင်ဗျားကြောင့် တချို့ ဆို
အရိုးထိဆူးခနဲ စစ်ခနဲ ကိုက်ခဲ့တဲ့ရောဂါဆိုး ဖြစ်ခဲ့ရတာပေါ့ …
အရာရာကျပ်တည်းလွန်းတဲ့ ခင်ဗျားရဲ့ ရွာဇနပုဒ်မှာ
ဘာစိုက်စိုက် မအောင်မြင်တဲ့  လယ်ယာမြေမှာ
အကျိုးမဲ့  အချိန်ဖြုန်း ကျုပ်တို့ က ဘာထိုင်လုပ်နေရမတုန်း…
ရွေ့ မှဖြစ်မှာပေါ့ ၊ ပျံနိုင်ဘို့  ကြံစည်မှ ဖြစ်မှာပေါ့ ခေတ်ကြီး
တ၀မ်းတခါးအတွက် ၊ မိသားစုအတွက်၊ ချစ်သူအတွက် ၊
ရွာက ကျမ္မာရေးမကောင်းတဲ့  ကျုပ်အဘဆေးကုဘို့ အတွက် ၊
ကျုပ်အတွက် ၊သူ့ အတွက်
ကျုပ်တို့  နေ့ စဉ်လိုအပ်နေတဲ့  အတွက်အတွက်တွေ ခင်ဗျားကိုထိုင်ပြောပြရရင်
ဒီစကားဝိုင်း မိုးလင်းသွားလိမ့်မယ် ခေတ်ကြီး ။
ထားလိုက်တော့ ခေတ်ကြီး ။
အတွက်တွေအကြောင်း စုံအောင်မပြောတော့ဘူး ခေတ်ကြီး ။
ရေကြည်ရာ မြက်နုရာပါ ခေတ်ကြီး ..
အဲ့ဒီတော့ ခေတ်ကြီး ..
ကျုပ်တို့ ရွာကလူငယ်တွေအကုန်
ဂျင်းဘောင်းဘီ ဖင်မှာစွပ်ပြီး မလေးရှားတိုင်းပြည်ကို အလုပ်အကျွေးသွားပြုကြရတယ် ခေတ်ကြီး ...
ဖင်ချင်းပေါက် ထိုင်းနိုင်ငံတော်ထဲ အိမ်နောက်ဖေးအပေါက်က ခိုးဝင် လယ်ကူလီကျွန်အလုပ်လုပ်ရဘို့ 
ငါးလှေပေါ် လိုက်ရဖို့  ၊ ငါးမျိုးစိတ်တွေ ခွဲခြားရတဲ့ အလုပ်လုပ်ရဘို့ ၊ အောက်ခြေအလုပ်အစုံကျုပ်တို့  မြန်မာ
ငွေရမယ်ဆို အကုန်လုပ်ကြတယ် ခေတ်ကြီး … ။
တချို့ အပျိုမတွေကတော့ ရွာကယူလာတဲ့  ထမီစလေးတွေပတ်ပြီး
အထည်ချုပ်စခန်းမှာ သတို့ ဘ၀ကို ထိုးအပ်ကြရတယ်ခေတ်ကြီး …။
အမျိုးယုတ်တဲ့  အိမ်နီးချင်း တိုင်းပြည်အကြီးကြီးတခုမှာ ရွာက တိုင်းရင်းသူအမျိုးကောင်းသမီးတွေ 
ဖာသည်အလုပ်ကို
စီးပွားရေးလို လုပ်စားတတ်နေကြပြီ ခေတ်ကြီး …။
အလိုတူ အလိုမတူမှု တွေနဲ့ မယားအရာမြှောက်စား
အပျိုစင် စစ်စစ်ဘ၀တွေကို သူတို့ သွေးနဲ့ နှော
အမျိုးယုတ်ကလေးတွေ ထပ်မွေးနိုင်ဘို့ 
ကျုပ်တို့ တိုင်းရင်းသူ အပျိုမတွေက
လူထုတ်လုပ်တဲ့ စက်ကြီး ဖြစ်ပေးလိုက်ရပြီ ခေတ်ကြီး …။
သိပ်ရှိတာပေါ့ ခေတ်ကြီး ..
စင်ကာပူမှာ စကတ်တိုတိုဝတ်ပြီး ကျင်လည်နေရတဲ့ 
ရွာမှာနေတုန်းက စတိုင်နဲ့  လုံးဝမတူတော့တဲ့
ဂိုက်စပေါက်လေးတွေ ပိုတည့်လာပြီး
နဲနဲကလေး ပိုလှလာတဲ့
ကျုပ်တို့ ရွာကအပျိုမတွေ
ရိုက်သတ်လို့ တောင်မကုန်ဘူး ခေတ်ကြီး … ။
"ဘာ" ခင်ဗျား ဘာပြောလိုက်တာလဲ ခေတ်ကြီး …
ပညာရှင်တွေဟုတ်လား ၊ ခင်ဗျားဟာ ရယ်စရာသိပ်ပြောတတ်တဲ့
ခေတ်ကြီး တကောင်ပဲ ၊
သူတို့ လဲ ရေကြည်ရာ မြက်နုရာပဲပေါ့ ခေတ်ကြီး ။
သိပ်လွမ်းသွားပြီလား ခေတ်ကြီး ..
ကျုပ်တို့ လို ကောင်တွေဆီမှာ
စားဝတ်နေရေး ပြသနာ နေ့ စဉ်ရှိသလို
သူတို့ လို
ပညာရှင်မှာက မာန်မာနခပ်ကြီးကြီးရှိတယ် ဗျ
ဂုဏ်ဒြပ်ရှိတယ်ဗျ …
ခင်ဗျားသွား တားမနေနဲ့ တော့ .
မမှီတော့ဘူး . အပိုပဲခေတ်ကြီး
ခင်ဗျား ရွာဇနပုဒ်မှာ ပညာအလင်းကို
သူတို့ ကလွတ်လပ်စွာ လင်းခွင့်ရလို့ လား …
သူတို့ လား ! သိပ်ပျော်နေတယ်လို့ တော့
ကျုပ်လဲ အတပ် မစွပ်စွဲရဲဘူး ခေတ်ကြီး..
ခင်ဗျားကိုယ်တိုင်ပဲ သူတို့ ကိုသေချာမေးမြန်းစုံစမ်းကြည့်လိုက်ပါ ခေတ်ကြီး..
နောက်ဆုံး ကုန်ကုန်ပြောပလိုက်မယ် ခေတ်ကြီး..
အာရှတိုက် တခုလုံး ဖွ့ံဖြိုးတဲ့ တိုင်းပြည်အသီးသီးမှာ
မြန်မာ မရှိတဲ့  အရပ်မရှိဘူးလို့ တောင်
ပြောလို့ ရတယ် ခေတ်ကြီး..
ဒါကြောင့် ကမ္ဘာအရပ်ရပ်က လူ့ စွမ်းအားအရင်းမြစ်လိုအပ်နေတဲ့  တိုင်းပြည်တိုင်းဆီကို
ကျုပ်တို့ မြန်မာတွေရောက်ခဲ့ရတယ် ခေတ်ကြီး..
ကျုပ်တို့ ကိုလား !
ကျုပ်တို့ ကိုတော့
ပျော်သလားတော့ မမေးနဲ့  ခေတ်ကြီး ။
ပျော်တာပေါ့ အမေရယ် သီချင်းနဲ့ 
ရွာက အိမ်ပေါင် ၊ လယ်ပေါင်ပေးလိုက်ရတဲ့ 
အမေနဲ့  အဖေကို အဲ့ ဒီသီချင်းပဲ ရယ်သံလေးစွက်ပြီး
ဆိုပြနေကြရတယ် ခေတ်ကြီး… ။
ဒီလောက်ဆို လုံလောက်ပြီလို့  ကျုပ်ထင်တယ် ခေတ်ကြီး ။
သိပ်မရှင်းတာ ရှိခဲ့ရင်တော့ မေးကြည့်ပါ ခေတ်ကြီး …
ကျုပ်သိသလောက် အကုန်ထပ်ပြောပြနိုင်သေးတယ်ခေတ်ကြီး..
သိပ်ဟုတ်တာပေါ့ ခေတ်ကြီး…
ခင်ဗျား သိပ်မဝေးတော့ဘူး ခေတ်ကြီး …
ဦးနှောက်ယိုစီးမှု ရောဂါ ပိုးက ခင်ဗျားကိုယ်ထဲစွဲကပ်သွားတာပေါ့
တန်ဖိုးရှိတဲ့  လူ့ စွမ်းအားအရင်းမြစ် ကျန်းမာရေးကြီး
ခင်ဗျားမှာ ချို့ ယွင်းသွားတာပေါ့ ..
ခံတွင်းချဉ်နေပြီလား ခေတ်ကြီး
ဒါဆို စီးကရက်ဖွာရင်း စကားဆက်ပြောကြရအောင် ခေတ်ကြီး ..
အပြင်မှာ နေပူတယ် ခေတ်ကြီး …
ခင်ဗျားရင်ပူနေရင်တော့ ရေနွေးကြမ်းပူပူပဲ မှုတ်သောက်လိုက်ပေါ့ ..
မကုန်သေးဘူး ဦး ခေတ်ကြီး..
ကျုပ်တို့ မှာဒီထက်ပိုနာခဲ့ရတဲ့ဇာတ်တွေပြောဘို့ ကျန်နေသေးတယ် ဆိုရင် ခင်ဗျား ယုံနိုင်ပါ့မလား …။
ခင်ဗျားနဖူးစမှာ ချွေးစတွေနဲ့ ပါလား
ဘူးထဲက တစ်ရှုးစနဲ့  ခင်ဗျားချွေးအစအနတွေ
သုတ်ပစ်လိုက်ပါလား ခေတ်ကြီး …။
အေးဆေးပါ ခေတ်ကြီး …
ကျုပ်တို့ က ခုထိ အေးဆေးပဲ ခေတ်ကြီး
ကျုပ်တို့ က ခုထိ ဖြည့်ပြီး တွေးပေးတတ်တုန်းပဲ ခေတ်ကြီး ..
အစကပြောခဲ့သလိုပဲ ခေတ်ကြီး
ထပ်ပြောမယ် ခေတ်ကြီး
ကျုပ်တို့ က ..
ကိုယ်ထူ ကိုယ်ထပါ ခေတ်ကြီး…
ခုထိလဲ ကိုယ်ထူ ကိုယ်ထပဲ ခေတ်ကြီး
ကျွမ်းကျင်ရာ လိမ္မာသွားခဲ့တာပေါ့ ..
မှော်ရုံတောကို တကယ်ကျွမ်းသွားတာပေါ့ ..
လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်
လုပ်ပစ်တတ်တဲ့ အကျင့်ဆိုးလေးပဲ
ကျုပ်တို့ သားမြေးတွေအထိ ရလာ ၊
ဒီအကျင့်ဆိုးဟာ ၊ကင်ဆာဆဲလ်တွေလိုအမြစ်တွယ်
သတ်ပြစ်ဘို့  ဆေးမမှီတော့ဘူး ခေတ်ကြီး …
အဆင်မပြေမှုကို ကိုယ့်ဘာသာကြိတ်ပြီး ကုတတ်တယ် ခေတ်ကြီး..
အနာနဲ့  ဆေးမတည့် လို့  မပျောက်တဲ့ အခါတွေတော့
ခင်ဗျားကို နဲနဲတော့ ကျိန်ဆဲမိတယ် ခေတ်ကြီး..
ဒီအတွက်တော့ ခွင့်လွှတ်ပါ ခေတ်ကြီး …
နောက်ဆုံးမတော့
အကျိုးအကြောင်းတရားနဲ့  ခင်ဗျားကို
ဖြည့်ပီးထပ် ပဲနားလည်ခဲ့ပါတယ် ခေတ်ကြီး….။
လင်းနောင်
စကြာဝဠာကြီးတစ်ခုလုံးရဲ့ နောက်ဆုံးသော သံမဏိနှင်းဆီ
ဘယ်လိုခေါင်းစဉ်နဲ့မဆိုပေါ့ ကိုယ့်အဝိဇ္ဇာနဲ့ကိုယ် သိုသိုသိပ်သိပ်ငွေ့လောင်နေရတာဖြစ်စေ
မီးကျည်ခဲဆမ်းထားတဲ့ ကောင်းကင်အောက်မှာ အသားစိုင်တစ်ခုလုံး ဖျစ်ဖျစ်မြည်နေတာဖြစ်စေ
ဘယ်လိုနိဒါန်းမျိုးနဲ့မှ အမှန်တရားကို မတော်လှန်မိဖို့ မှာချင်တယ်
အဲဒီ သံမဏိနှင်းဆီဟာ သူ့တစ်သက်တာလုံး မှန်ကွဲစတွေနဲ့ခင်းကျင်းထားတဲ့လမ်းပေါ်ကနေ
အမှောင်မျိုခံထားရတဲ့ ဘဝတွေအတွက်
အမှန်တရားမီးအိမ်ကို သူ့ဘဝ သူ့ခန္ဓာနဲ့ လောင်မြိုက်လင်းချင်းစေခဲ့တာဖြစ်တယ်
ငါတို့ ခံတွင်းထဲက အဆိပ်ခတ်ခံထားရတဲ့ ဆာလောင်မှုဆိုတာ သူ့ရင်နဲ့ထွန်းညှိပစ်လိုက်မှ
ရဲရဲပွင့်လာခဲ့ရတဲ့ နေ့စဉ်သတင်းစာ
အခု ရဲရဲဝံ့ဝံ့ ကိုယ့်စိတ်ကလေး ကိုယ်ခြုံပြီး ငါတို့ လျှောက်နေရတဲ့ လမ်း .....
ဘယ်လိုဆူးတစ်ချောင်းမှ ထပ်ထွက်မလာနိုင်အောင်
သူ့အသားစိုင်တွေနဲ့ သေသေသပ်သပ်ခင်းထားတာကိုကြည့်
စကြာဝဠာတစ်ခုလုံးရဲ့ အမိုက်တရားကို အမှန်တရားဒိုင်းတစ်လက်ထဲနဲ့ အိနြေ္ဒမပျက်
လင်းလက်စေခဲ့တာကိုကြည့်
သူ့အကျဉ်းသားဘဝမှာ ငါတို့ ထမင်းစားမပျက်ခဲ့ကြတာကို မမေ့နဲ့ စီးပွားရှာမပျက်ခဲ့ကြတာကို မမေ့နဲ့
သူ့အတွက် ကဗျာတစ်ပုဒ် မရေးဖြစ်ခဲ့ပေမယ့် ကိုယ့်မိသားစုအတွက် ကိုယ်စီကိုယ်ငှ
ဝတ္တရားမပျက်ခဲ့ကြတာကို မမေ့နဲ့
သူ့ကျန်းမာရေးအတွက် သတင်းမေးဖို့တောင် အပင်းဆို့ခံထားခဲ့ရတဲ့ ငါတို့နူတ်ခမ်းကို
သူ့ဘဝလှောင်အိမ်ကြီးထဲကနေ သံတိုင်တွေ အမျိုခံပြီး လင်းပွင့်လာစေခဲ့တာကို မမေ့နဲ့
သူ့ကြောင့် လင်းပွင့်ခဲ့ရတဲ့ နူတ်ခမ်းတွေနဲ့ သူ့ခြေဖဝါးအောက်က မြေတစ်မှုန်စာကိုတောင် မပစ်မှားမိစေနဲ့
ငါတို့ဘဝတွေအပေါ် စိတ်တစ်ခုလုံး ဝကွက်အပ်ထားတဲ့ အဲဒီ စကြာဝဠာမီးအိမ်ကြီးကို
ဘယ်လိုဆေးလိပ်မီးမျိုးနဲ့မှ ခြေရာမတိုင်းမိစေနဲ့
အဲဒီတော်ဝင်နှင်းဆီက ခေတ်ကြီးတစ်ခုလုံးကို တင်ဆောင်ပြီး သွေးပြောင်းပြန်စီးပစ်ခဲ့တာကို မမေ့နဲ့
ငါတို့တန်ဖိုးထားနေတဲ့ ချစ်ခြင်းတရားဆိုတာ ငါတို့သားသမီးကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်တဲ့ အချစ်မျိုး
သူ့ရင်နဲ့ခတ်ပြီးထွင်းထားတဲ့ မေတ္တာတရားက အမိုက်တရားမှန်သမျှကို စုန်းစုန်းချုပ်စေမယ့်
သံသရာတစ်ဆုံးနေမဝင်နိုင်တဲ့ အလင်း
ငါတို့အပေါ် ကျရောက်ခံစားနေရတဲ့ ဒုက္ခဆိုတာ တစ်ကိုယ်စာ လောင်မြိုက်နေတဲ့ မီးတစ်စ
သူ ထမ်းရွက်ထားရတဲ့ ဒုက္ခဆိုတာက ခေတ်အဆက်ဆက်ကတည်းက အလျှံတညီးညီးစွဲလောင်လာခဲ့တဲ့ ကမ္ဘာဦးမီး
ကြယ်တွေ ဖွေးဖွေးလှုပ်နေတဲ့ ကောင်းကင်အောက်ကနေ သရဖူတက်ခူးလာခဲ့သူ မဟုတ်ဘူး
လရောင်ဆမ်းထားတဲ့ ပန်းခင်းထဲကနေ ရနံ့ခူးယူလာခဲ့သူ မဟုတ်ဘူး
ရာဇဝင်အဆက်ဆက်ရဲ့ နက္ခတ်ဆိုးတွေကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်လာခဲ့တဲ့
စစ်ဘီလူးတွေလက်ထဲကနေ
ဝီရနှင်းတွေ ရွှဲရွှဲစိုနေတဲ့ မေတ္တာတရားနဲ့ ရာဇဝင်တွေကို အကြိမ်ကြိမ်ဖူးပွင့်စေခဲ့တဲ့သူ
ငါတို့အပေါ်မှာ အကြည့်တစ်ဝက်စာလောက်တောင် ဒေါသမဖိတ်စင်ခဲ့ဖူးတဲ့
အဲဒီမေတ္တာဘဏ်တိုက်ကြီးအပေါ်
ငါတို့သတ္တိ / ဒေါသ ဆိုတာကြီးကို သွားမပြမိစေနဲ့
သူဟာ ခေတ်ရဲ့ အမှန်တရား သူဟာ ခေတ်ရဲ့မိခင် သူဟာ ခေတ်ရဲ့ အလင်းရောင်
သူဟာ ဘယ်တော့မှ ငါတို့ထပ်မရနိုင်တော့မယ့်
တစ်ခုတည်းသောစကြာဝဠာရဲ့ဘုရားချီးမြှင့်ခဲ့တဲ့ နောက်ဆုံးသော မီးအိမ်။
ညီလင်းနိုင်
မစဉ်းစားချင်ဘူး
လခြမ်းကွေးကွေး….တိမ်တိုးပြေးနေ
ကိုယ်ပြေးသူပြေး….လိုက်လေ ဝေးလေ
ဘယ်တော့နီးမလဲ….ဘယ်တော့မီမလဲ
ချစ်မိစေသူ….မကြည်ဖြူသော်ငြား
ကိုယ်တည်း ဖက်သတ်…ချစ်နေရသော်
မတင်းတိမ်သည်မို့…ပြေးလိုက်မိသည်
နောက်ဆုံးရလဒ် ခုံဖိနပ်တည်း။
စိမ်းကြည်အေးလှ…တိမ်မည်ထင်သည်
စိတ်များယွင်းယို….ပင်လယ်ကွန်းခို
ခုန်ချမိသည်….အံမလေးရေကနစ်သည်မို့။
နောက်ဆုံးဘဝနာ…ချစ်သူပစ်ခွါ
နောက်တစ်ခါ ထပ်ဘုမထွက်ချင်ဘူး
သာသနာဘောင်သွင်း…သံမျှင်းဖြတ်သည်
တောထွက်ရင် ကောင်းမည်လောာာာာာာာ။
ပျူမခ
မြစ်ဝင်စား .... သူမ
စိတ်လိုလက်ရ
ခုန်ချလိုက်တဲ့ " မြစ် " ပါ
သူ့အလိုအတိုင်း ....
ကောက်ကွေ့ခွင့်တော့ ရှိပါတယ်
သူက .... မြစ် " ... လေ ...
ခရီးဆုံးရင်တော့ ....
ရင်ခွင်ထဲအထိ ... စီးဆင်းဖို့ပဲ မဟုတ်လား၊
အသင့်ဖြန့်ခင်းထားတဲ့
ဒီရင်ခွင်နက်နက်ထဲ
မြစ်က ....
ငါ့ကို သယ်ဆောင်ပြီး
စီးဆင်းလာနိုင်မလား
မသေချာခဲ့ ....
ကောက်ကွေ့တဲ့ သဘောတွေနဲ့
သူ ...မ ...
ဘယ်ကို စီးဆင်းမယ်
..... ငါ ....
အတိအကျ မသိခဲ့၊
မြစ်က မြစ်လို စီးဆင်းရမယ်
ရင်ခွင်က ရင်ခွင်လို
ဖြန့်ခင်းထားရုံ မဟုတ်လား
အလိုအတိုင်း ....
တို့တတွေ .... စောင့်ဆိုင်းကြရဦးမယ် ။    ။
သုထက်မှူး
စစ်
အဖေက သမီးကိုရှာတယ်
မျက်ထောင့်နီကြီးနဲ့ …။
အမေက သားကိုရှာတယ်
မျက်ထောင့်နီကြီးနဲ့ …။
အဲဒီတုန်းက
ကမ္ဘာကြီးဟာ နေ့ မရှိတဲ့ ကမ္ဘာအဖြစ်
ညမရှိတဲ့ ကမ္ဘာအဖြစ်
ရုတ်တရက်မှတ်တမ်းတင်ခြင်းခံလိုက်ရတယ်……။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
မဆိုဖြစ်ခဲ့တဲ့ သီချင်း ၂
စိတ်အကွဲကြီးရဲ့ ကြေကွဲဂီတကို ချွန်းနဲ့ပေါက်သတ်ထားလိုက်ချင်တယ်
သန့်စင်တဲ့မနက်ခင်းမှာ ရနံ့ဟောက်ပက်တွေကိုချည်းမော့သောက်နေရတာ ငြီးငွေ့စရာ
ပိပိရိရိခပ်ထုတ်ခံလိုက်ရတဲ့ မြစ်တစ်စင်း ဘယ်လိုအကြောင်းတရားနဲ့ ဆက်စီးဆင်းရမလဲ
အခန်းနံပါတ် ၃၈ အလိုအရ မဖြစ်မနေ လောင်ကျွမ်းခံရကြေးဆိုရင်
တိမ်မျိုထားမိတဲ့စိတ်လို မနက်ဖြန်တိုင်းမှာ ဝေ့ဝေ့ဝဲဝဲ စိုစိုရွှဲရွှဲလေးပဲ ကျွမ်းလောင်ချင်တာပေါ့
အခုတော့ ဆည်းဆာအရင့်အမာနဲ့ ညနေခင်းလို နက်နက်ကျင်ကျင်
အမှောင်တွေသာ တခမ်းတနား
မေးခွန်းတွေစိုက်ဝင်လာတိုင်း ရင်တစ်အုံလုံးတော်လဲခဲ့တာ ဘဝတစ်သက်စာ မီးခိုးမဆုံးမိုးမဆုံး
ခန်းလုံးပြည့်အနက်စထဲက မျက်ဝန်းတွေအတွက် ရှုမျှော်ခင်းတွေ မလိုအပ်တော့ဘူးလား
ကိုင်းဖျားစပ် ချိတ်ဆွဲထားတဲ့အတိတ်မှာ ကြေကွဲရောင်ဟာ တဖျတ်ဖျတ်ခါနေတယ်
ဝင်းလက်ဖြိုးပတဲ့နက္ခတ် အမှောင်တစ်ရာ ခြံရံပြီးကြွေကျသွားတာကို အိပ်မက်တယ်
နတ်ဆိုးလက်နဲ့ရေးခြစ်တဲ့ပုရပိုက်မှာ ကြည်မွေ့ဖွယ်ရာအခန်းဆိုတာ
နိဒါန်းကတည်းက ပါမလာခဲ့ဘူး
အသိတွေနောက်ကျ ဘဝတွေနောက်ကျတာထက်
ပြင်ဆင်ခွင့်မရှိတဲ့ဇာတ် ညဉ့်နက်လွန်းခဲ့တယ်
အစွယ်ချင်းတူရင်တောင် မြင့်မြတ်တဲ့ဆင်စွယ်ဖျားမှာပဲ ကားစင်တင်ခံချင်တာပေါ့
အခုတော့ အရေဆုတ်ခံထားရတဲ့ ဘဝဟာ ဝံပုလွေအစွယ်ကြားမှာ ပိုးစိုးပက်စက်
ခရုလိုတအိအိတက်နေရသလောက် အဆင်းဟာ
အလင်းတန်းလို ဝုန်းကနဲ မျက်တောင်တစ်မှိတ်စာ
ဘဝဆိုတာမျက်လှည့်ပွဲရဲ့ ပြယုဒ်လို့ ကင်ပွန်းတပ်ပါမယ်
မြို့တော်ထဲကလွတ်ကျကွဲသွားတဲ့ စာနာတရားရဲ့ ဈာပနမှာ
ရွက်ကြွေတွေသာ ဖွဲဖွဲခြိမ့်ခြိမ့်
ကျောက်ခေတ်ရဲ့ ရိုးသားမှုဟာ ဒီခေတ်မှာ မြုံသွားတဲ့ပန်းတစ်ပွင့်
တစ်နပ်စာအတွက် အသက်တာကို လောင်းကြေးထပ်နေရတာ အရာရာဟာ ရင်သပ်ရှုမော
အဆင်းဘီးတပ်ထားပုံများ စိုက်လိုက်မတ်တပ်သာလျှောက်ပါ လမ်းဆုံးရင် ချောက်ရှိသတဲ့
တစ်ကိုယ်စာ ပြောရေးဆိုခွင့်ရှိကြေးဆို
ဘုရားသခင်စိုက်ခင်းထဲ အမိုက်တရားပန်းတွေ ပွင့်ဝေနေလိမ့်မယ်လို့ ထင်ကိုမထားတာ။
ညီလင်းနိုင်
အဖိုးရေ
ဗြိတိသျှနှင့် ချစ်တီး
ကျုပ်တို့ မြေကြီးပေါ် ကျူးကျော်
ဂုတ်သွေးစုတ် အမြတ်ထုတ်သူတို့ အား
အမိမြေမှ မောင်းထုတ်ပြစ်ဖို့ 
နဂါးကို ဂဠုန်သုတ်ဟန်
တော်လှန်ရေးအောင်လံလွှင့်မိုးခဲ့...။
အာဏာရှင်နှင့် စီးပွါးရေးနယ်ချဲ့
ကြိုးပေးကွပ်မျက် ကြောက်လန့် စေခဲ့လည်း
သမိုင်းစာမျက်နာ ပြောင်မြောက်စေ
ဖါးရွှေကျော်ဟေ့...လယ်သမားတော်လှန်ရေး.....။
ခေတ်ပြောင်း..စနစ်ပြောင်း
အဟောင်းတွေ ဟောင်းခဲ့ပြီမို့ 
ကျွဲ-နွားတွေ အနားပေး
ဂျွန်ဒီးယား လေးနဲ့ 
လေကလေး တချွန်ချွန်
ခေတ်မီတဲ့ စပါးကျီ
မြွေ-ကင်း အနားမသီရလေအောင်
ဆန္ဒက ဘဝမဟုတ်လေတော့...
ဥပဒေဆိုတာတွေက ယိမ်းထိုး က ခုန်
ကြောက်စရာကောင်းလောက်အောင် ရင်တုန်
လယ်သိမ်း..ယာသိမ်း..ခြံမြေသိမ်းနဲ့ 
လယ်သမားတွေ လယ်ယာပျောက်
ခရိုနီနှင့် တပ်မြေတွေထဲရောက်
အဖိုးဂဠုန်ဆရာစံ ခင်ဗျား....
လှိုင်ဇာမှာ စစ်ပွဲတွေ မရပ်သေးသလို
မင်းတာရာ
ငါတို့မြို့ ပြထဲဝင်မွှေသွားတဲ့ ည
ငါတို့ မြို့ ပြလေးရဲ့ မှောင်နက်နက်ပြဇာတ်လေးထဲမှာ
မျှော်လင့် ချက်အတွေးပုံရိပ်တွေ ဖြတ်သန်းကူးစက်နေတယ်
မျိုသိပ်ခဲ့ ရတဲ့ အိပ်မက်တွေကို
အသက်ပြင်းတဲ့ ပကာသနတွေ စိုက်ထိုး
စိုက်ပျိုးခဲ့ တဲ့ ရေတွေက
သက်မဲ့ နာမ်လေ....။
ပရမ်းပတာ လမ်းတွေထဲ
ငါ့ ပျံကျ ခြေလှမ်းတွေကိုဖက်တွယ်လို့ 
ဝင်ရောက်သွားမိ တယ် ဆိုရင်ပဲ
စကားတစ်ခွန်းအတွက်ပြားတစ်ရာမက
ထောင်တန်ပေးမှ Demo version ကို
download လုပ်လို့ရတာမဟုတ်လား
ငါတို့ မြို့ ပြနံနက်ခင်းလေးတွေထဲ
အာဏာစက် ရွှံ့ ဗွက်တွေဘောင်ဘင်ခတ်ထပွက်နေတယ်
ဗလာမဲတွေ တန်းစီစနစ်နဲ့ ရပ်နေကြရတယ်
ကန်ရေပြင်တွေကတော့ ညစ်ပတ်ငြိမ်သက်နေဆဲ
မှန်အိမ်ငယ်ငယ်လေးထဲက ငါတို့ မြို့ ကလေးဟာ
နာရီနေ့ စွဲတွေ လွဲမှားလို့ ဆို့ နင့် ကြေကွဲစွာ
ခုတ်မောင်းဝင်လို့ လာနေတယ်
သွေးဆောင်နှလုံးသား နွံခဲတွေထဲ
လက်ပစ်တွေ အခါခါကူးဖြတ်လို့ နေတယ်
အိမ်ပြန်ချိန်တွေ မှာ ငါ့ မြို့ ပြလေးငါ့ ကိုစောင့် လို့ နေတော့ မယ် ......
အမှောင်ထုရဲ့ သိပ်သည်းဆတွေ
အတင်းဖိချထားတဲ့ ညတစ်ခုထဲက
ငါတို့ မြို့ ပြလေးရေ.....
ဖြူစင်တဲ့ ငါတို့ မြို့ သားတွေရဲ့ တေးသွားတွေနဲ့ အတူ
မရိုးနိုင်အောင်ဟောင်းနေတော့ မယ်လေ...............။
နေမိုးလူ
အတ္တစုမှတ်တမ်း
ကျွန်တော့်ကိုကျွန်တော်လားချစ်လိုက်တာများ တုန်လို့ ပေါ့ဗျာ
ကျွန်တော့်ကိုစွန့် ခွာသွားတဲ့ကောင်မလေးကိုမမုန်းဘူး
အချစ်ရှိရင်အမုန်းဆိုတာရှိတတ်တာပဲ…
ခေတ်ပေါ်ကဗျာတွေကိုမမုန်းဘူး ပေါက်ကွဲကဗျာတွေကိုမမုန်းဘူး
အကျိုးဆိုတာအကြောင်းရှိမှဖြစ်လာတာပါ
မွဲခြောက်ခြောက်ဘ၀တွေကိုမမုန်းဘူး
စိုထိုင်းထိုင်းအရေခွံတွေကိုတော့မုန်းတယ်
လေထဲမှာကာဗွန်ဒိုင်အောက်ဆိုဒ်တွေများလာတာ အပြစ်မပြောဘူး
ရာသီဥတုအခြေနေမပေးလည်း ထွက်သွားတဲ့သူကထွက်သွားတယ်
ခွင့်မတောင်းဘဲဝင်လာတဲ့သူက၀င်လာတယ်
အဲဒီအတွက် ကမ္ဘာကြိးကတာဝန်ပေးဖို့ အသင့်ပဲ
လောဘတွေက ဟိုလူ့ ကိုကူးစက် ဒီလူ့ ကိုကူးစက်
သက်ပြင်းတွေက၀င်ချည်ထွက်ချည်
အကန့် အသတ်မရှိ အဲဒီထဲမှာပဲ
ပျော်တဲ့သူကပျော်တယ် သေတဲ့သူကသေတယ်
အပြုံးတွေဆိုတာ တခဏတာငြိမ်းချမ်းစေပေမဲ့
တစ်ဘ၀စာအတွက် စိတ်မချရဘူးဆိုတာလူတိုင်းသိတယ်
ဒါပေမဲ့လူတိုင်းလွယ်လွယ် ပြုံးလိုက်ကြ ငိုလိုက်ကြ
အဲဒီကြားမှာ ဂရုဏာဆိုတာကိုဘယ်သူမှမသိလိုက်
ကျော်သွားလိုက်ကြတာများ
ဒီလိုနဲ့ ပဲ လွယ်လွယ်မှားလိုက်ကြ
အချိန်တွေကိ ဖျက်ဆီးလိုက်ကြ
ဘ၀တစ်ခုလွယ်လွယ်လေးတည်ဆောက်ကြ
အဆင်မပြေမှုတွေနဲ့လည်ပတ်ကြ
ဟိုကောင်လေးပြောတာ ကျွန်တော်ဆေးစွဲနေပြီ
ဟိုကောင်မလေးပြောတာ ကျွန်မဆေးစွဲနေပြီ
တစ်စုံတစ်ရာက အဖြေအတွက် သက်ပြင်းချခဲ့တယ်
ကျွန်တော်အမုန်းဆုံးတစ်ခုပြောပါလားဆိုရင် အခွံတစ်ခု
အဲဒီအခွံတစ်ခု ကျွန်တော်သိပ်မုန်းတာပဲဗျာ
ဒါပင်မယ့်ကျွန်တော့်ကိုကျွန်တော်သိပ်ချစ်လိုက်တာများ တုန်လို့…………။
ဆလိုင်းမြတ်နိုးသူ(တောင်ဇလပ်မြေ)
ရွှေရောင်အိပ်မက်
သံသာပျံဝဲ ဝေဟင်ထဲမှာ
သာယာပျော့ပျောင်း သတင်းကောင်းတွေ
ချိုးဖြူခမျာ အားငယ်ရှာပေါ့..။
တောကြောင်တွေ လက်ခမောင်းခတ်ဖို့ 
တို့ တွေ ပြည်တွင်းစစ်ဖြစ်ရတာကြာပြီ
ကြည့်လော့...
မီးလောင်တိုက်ထဲက ငြိမ်းချမ်းရေး
ဂီတတခြား တေးသံတခြားနဲ့ ..။
ပြည်တွင်းစစ်က အဆုတ် အတက် အတွက်
ကျားကွက်ရွေ့ ကစားခုံတစ်ခုလေလား..
ပြားပြားမှောက် လူမှုဒုက္ခအောက်က ငါ့တို့ မှာ
မြေဇာပင်ကို အသနားကြီးသနားတယ်...
သေနတ်သံတိတ်ဆိတ် ရွာလမ်းထိပ်ကမူလတန်းကျောင်းကို
ပြန်တက်ချင်တဲ့ ကျုပ်သားလေးကိုလည်း သနားတယ်..။
ပက်ပက်စက်စက်လောင်ကျွမ်းခဲ့ စစ်မီးလျှံအောက်
တဖြုတ်ဖြုတ်ကြွေ ကြယ်စင်တွေဆို ရေတွက်မရတော့ဘူး
သောကတွေပါရဗွနဲ့  မိဘများရဲ့  ငိုကြွေးသံ
ကောင်းကင်နံရံမှာ ပဲ့တင်ထပ်လို့ ..
"အနာဂတ်သခင်တွေ အသက်ချွေ 'စစ်' ကြောင့်ကြွေ.." တဲ့။
မင်းတာရာ