Showing posts with label စာပေဆောင်းပါး. Show all posts

နိုင်ငံအုပ်ချုပ်ရေးနဲ့ ကဗျာအကြောင်းဆက်စပ်ဆွေးနွေးခြင်း



အမေရိကန်ပြည်ထောင်စု အနောက်ဖက်ခြမ်း၊ ၀ါရှင်တန်ပြည်နယ်ရဲ့ အရှေ့ ပိုင်းမှာတည်ရှိတဲ့ "ကူလီ" အရပ်ဘက်မှာနေထိုင်တဲ့ ကျနော့် သူငယ်ချင်း "ဆမ်" က ၂၀ ရာစုနှစ်အတွင်း သမ္မတရွေးကောက်ပွဲမဲဆွယ်တဲ့ မိန့် ခွန်းတွေပေါင်းစုထားတဲ့ စီဒီတချပ်ကို ကျနော့်ကို လက်ဆောင်ပေးခဲ့ပါတယ်။
အဲဒီ စီဒီ ထဲမှာ အမေရိကန်သမ္မတလောင်းအတွက် ၀င်ရောက်အရွေးချယ်ခံမယ့် အလာစကားပြည်နယ် အုပ်ချုပ်ရေးမှူး ဆာရာ ပေးလင်း က ဂရိတွေးခေါ် ပညာရှင်ကြီး အရစ္စတိုတယ်လ် အကြောင်းဟောပြောတာပါလာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကွယ်လွန်အနိစ္စရောက် သွားခဲ့တဲ့ နိုင်ငံရေးသိပ္ပံပညာရှင်လို့ ပဲခေါ်ခေါ်၊ အတွေးအခေါ်ပညာရှင်လို့ ပဲခေါ်ခေါ် ခေါ်လို့ ရတဲ့ အရစ္စတိုတယ်လ် အကြောင်း မဲဆွယ်စဉ်မှာ ထည့်သွင်းဟော ပြောသွားခဲ့တာပါ။
ကျောက်တောင်ကျောက်ကုန်းတွေနဲ့  ပြည့်နှက်နေတဲ့ အမေရိကန်နိုင်ငံအနောက်ဖက်ခြမ်းမှာ နိုင်ငံရဲ့တော်လှန်ရေးဖြစ်ပွားခဲ့တဲ့အတွက် ကျန်ရှိနေတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အမာရွတ်တွေအကြောင်းကို ဂီတသံတွေ၊ တေးသီချင်းတွေအဖြစ်နဲ့  ဖန်တီးခဲ့တာ ဒီနေ့ အထိ ကျန်ရှိနေပါသေးတယ်။ အနာ ဂါတ်ကာလမှာ မမျှော်လင့်တာတွေဖြစ်လာနိုင်တယ်လို့  အမေရိကန်နိုင်ငံရဲ့ ၂၆ ယောက်မြောက် သမ္မတဖြစ်ခဲ့တဲ့ (သား) သီအိုဒို ရုစဗဲ့လ် Theodore Roosevelt, Jr (တခါတရံ တက်၊ တခါတရံ အလွန်အင်မတန် ရင်းနှီးသူတွေက ချစ်စနိုးသဘောနဲ့ တက်ဒီ လို့  ပြောဆိုသုံးနှုန်းတတ်ပါတယ်။ ဘာသာပြန်သူ့ ဖြည့်စွက်စကား) ကတော့ ထောက်ပြပြောဆိုခဲ့ဖူးပါတယ်။ သူ့ ရဲ့ ညီတ၀မ်းကွဲတော်စပ်သူ ဖရန်ကလင် ရုစဗဲ့လ် ကတော့ အမေရိကန် နိုင်ငံရဲ့ လူနေမှုစနစ်နဲ့ ပါတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားပျက်ကပ်ကြောင့် ငွေကြေးအင်အားမဲ့သူတွေအတွက် ဆင်းရဲမွဲတေမှုကပ်ကြီးနဲ့  ရင်ဆိုင် ရနိုင်တယ်လို့  ဟောကိန်းထုတ်ထားခဲ့ဖူးပါတယ်။ အမေရိကန်သမ္မတဟောင်း ရော်နယ် ရေဂင် ကလည်း D-Day ဒီ ဒေး (လွန်ခဲ့တဲ့ ၁၉၄၄ ခုနှစ် တုန်းက အမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စီးပွားပျက်ကပ်ကြောင့် မဟာမိတ်တပ်တွေက နော်မန်ဒီဒေသကို သိမ်းပိုက်ထိမ်းချုပ်ခဲ့တာကို အောက်မေ့ ခေါ်ဝေါ် ခဲ့တဲ့နေ့ ။ ဘာသာပြန်သူ့ ဖြည့်စွက်စကား) ကို အထူးဂရုတစိုက်နဲ့  အမြဲသတိရနေကြဖို့  အတွက်ထည့်သွင်းပြောကြားသွားခဲ့ဖူးပါတယ်။ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ တက္ကဆက်ပြည်နယ်ထဲမှာ အလုပ်ကြံခံလိုက်ခဲ့ရတဲ့ အမေရိကန် သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီ ကလည်း သူ ဘာ အကြောင်းပဲပြောပြော ကဗျာနဲ့ နှိုင်းယှဉ်ပြောလေ့ရှိပါတယ်။
"အိမ်ဖြူတော်မှာ ကျနော် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ကျနော့်ကို အဓိက ရိုက်ခတ်သွားစေခဲ့တာက ဘာသာစကားကို နိုင်နိုင်နင်းနင်း အသုံး ပြုနိုင်မှုကိစ္စပါပဲ။ ကျနော့်ဘ၀တခုလုံးကို ပြောင်းလဲသွားစေခဲ့တာပါ" လို့  ဒီမိုကရက်ပါတီက အရွေးခံခဲ့ရတဲ့ နယူးယောက်မြို့ တော်ရဲ့ ၅၂ ယောက် မြောက် မြို့ တော်ဝန် မာရီယို မက်သရူး ကူအိုမို Mario Matthew Cuomo က နိုင်ငံအုပ်ချုပ်ရေးနဲ့ ပါတ်သက်လို့  ပြေပြစ်ချောမွေ့ တာမျိုး တော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်လို ပြောဆိုခဲ့ဖူးပါတယ်။ ကနေဒီက သူယူဆချက် မှန်ကန်တယ်လို့ ထောက်ခံခဲ့ပါတယ်။ "နိုင်ငံရေးသမားတွေဟာ ကဗျာအကြောင်းသိကြပါတယ်။ နိုင်ငံရေးနဲ့ ပါတ်သက်ရင် ကျနော်ကမ္ဘာ့အကြောင်းကို သိတာထက် ကဗျာဆရာတွေကပိုသိကြပါတယ်။ ကမ္ဘာကြီး ဟာ နေထိုင်ဖို့ ကောင်းလာတာမျိုး ပိုပြီးဖြစ်စေချင်တာပါ" လို့  မာရီယို မက်သရူး ကူအိုမို က ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ ဆိုရင် လက်ရှိသမ္မတ အိုဘားမားဟာ သူ့ သမ္မတသက်တမ်းကို ပိုရှည်လာအောင်ကြိုးစားနေပါတယ်။ သူဟာ စာလည်းရေးတတ်တယ်၊ စကားလည်းပြောတတ်တယ်။ ဒါပေမယ့် သူ့ အရည်အချင်းတွေကို သူ့ "သမ္မတ" ဆိုတဲ့ အံဆွဲထဲမှာ အသေပိတ်ထားလိုက်ပါတယ်။ အိုဘားမား ဟာ ကာရန်တွေနဲ့  အလှဆင်ထားပေမယ့် သိပ်အဓိပ္ပါယ်မကောင်းလှတဲ့ စကားလုံးတွေနဲ့ နောက် သမ္မတသက်တမ်းအတွက် နိမိတ်ပြစကားလုံးတွေနဲ့  လွန်ခဲ့တဲ့ သီတင်းပါတ်တွေတုန်းက ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပါတ်အနည်းငယ်တုန်းက အိုဘားမားဟာ ကဗျာတွေရေးဖွဲ့ တဲ့အခါ သုံးနှုန်းတဲ့ အသံနဲ့ ကာရန်တွေကို နဘေဆန်ဆန်သုံးပြီးပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်နဲ့  ပါတ်သက်လို့  သူ့ ကို သမ္မတ ထိုင်ခုံကနေ ဘေးကိုဆွဲချသွားမလားဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။
မိန့် ခွန်းပြောခဲ့တဲ့ သမ္မတရဲ့ နိုင်ငံတော်အခြေပြမိန့် ခွန်းထဲမှာ သမ္မတ အိုဘားမား ဟာ နယ်ဆင်မန်ဒဲလား ပြောဆိုခဲ့တဲ့ (နယ်ဆင် မန်ဒဲလား ဟာ  သူသက်ရှိထင်ရှားရှိစဉ် တချိန်တုန်းက လူထု အားကစားကွင်းထဲမှာ ပြောဆိုခဲ့တာပါ) အဓိပ္ပါယ်မျိုးအတိုင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ အိုဘားမား ဟာ အပြောအဆို လိမ်မာပါးနပ်တယ်ဆိုတာကို သက်သေပြနိုင်ဖို့  အဲဒီလို ထည့်သွင်းပြောကြားသွားခဲ့တာပါ။ တင်္ခနုပ္ပတ္တိညာဏ်ရှိတာကို ထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။
အသက် ၁၉ နှစ် အရွယ်တုန်းက သမ္မတ အိုဘားမား ဟာ အင်မတန် ကောင်းမွန်ပြောင်မြောက်တဲ့ ကဗျာတပုဒ်ကို ရေးသားခဲ့ပြီး သူတက်ရောက် ပညာသင်ကြားခဲ့တဲ့ ကောလိပ်ရဲ့ စာပေမဂ္ဂဇင်းမှာ ပုံနှိပ်ဖေါ်ပြခံခဲ့ရဖူးပါတယ်။ နိုင်ငံရေးသမားတယောက်အနေနဲ့  အမေရိကန်ဆီးနိတ်လွှတ်တော်မှာ တာဝန်ယူနေစဉ်မှာရော၊ သမ္မတ တာဝန်ထမ်းဆောင်နေစဉ်မှာပါ အိုဘားမား ဟာ စကားလုံးသုံးနှုန်းရာမှာ အင်မတန်ပြောင်မြောက်တဲ့ စကားလုံး တွေကို ရွေးချယ်သုံးနှုန်းသွားခဲ့ပါတယ်။ "ကျနော့်အထင်ပြောရရင် သူ့ စိတ်ထဲမှာ အိုင်းရစ်စိတ်ဓါတ်ရှိနေလို့ ပါပဲ။ လက်နက်တွေ ဆွဲကိုင်စရာမလိုပဲ၊ အိုင်ယာလန်တော်လှန်ရေး အဆုံးအရှုံးမရှိစေရပဲ၊ အိုင်ယာလန်မှာ နိုင်ငံသားတယောက်မှ အကျအဆုံးမရှိစေရစေပဲ ကဗျာဆရာတယောက်က ကြိုးစားလုပ်ကိုင်သွားခဲ့တာမျိုးကို ကျနော်က ဖြစ်စေချင်ခဲ့တာပါ" လို့  မာရီယို မက်သရူး ကူအိုမိုက ပြောဆိုခဲ့ဖူးပါတယ်။
ပြီးတော့ အားကောင်းလှတဲ့ သူ့ ရဲ့စကားလုံးတွေကို တလွဲအဓိပ္ပါယ်ကောက်ယူပြီး အိုဘားမား ကို ထိုးနှက်တိုက်ခိုက်လာကြပါတော့တယ်။ ကြီးကျယ် ခမ်းနားတဲ့ ရည်ရွယ်ချက်တွေနဲ့  စကားလုံးအသုံးအနှုန်းတွေဟာ မကောင်းတဲ့၊ ချေးအထပ်ထပ်တက်နေတဲ့၊ အညံ့စားပစ္စည်းတွေကို ကိုယ်စားလှယ် တွေက အရောင်းတွင်ကျယ်စေဖို့  မုသားတွေနဲ့ တန်ဆာဆင်ပြီး ကြော်ငြာနေကြပါတော့တယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲတုန်းက သူ့ ရဲ့ ကျမ်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ဝေဖန်မှုတွေ အများအပြားရှိလာခဲ့ပါတယ်။ အဲဒါကို အိုဘားမားက "ညဥ့်နက်ပိုင်းတီဗီ ကြော်ငြာအစီအစဉ်" တခုလို သဘောထားခဲ့ပါတယ်။ အဲဒီ့ ကြော်ငြာတွေက လူတွေကို သူတို့ ထွက်ကုန်တွေရောင်းရစေဖို့  မဟုတ်တန်းတရားတွေပြောပြီး အတင်း မြူဆွယ်နေကြတာလို့  အိုဘားမားက သဘောထားနေခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို အမြဲနှိမ့်ချပြီး နေထိုင်တတ်တဲ့ သူ့ ရဲ့စိတ်ဓါတ်ဟာ အင်မတန်လှပပါတယ်။ အဲဒီအကြောင်းကို အောက်လွှတ်တော်အမတ် ဂျွန် ဘိန်နာ John Boehner က အိုဘားမား စကားပြောရင် ဘာပြောပြော တည့်တည့်မပြောပဲ၊ ဝေ့လည်ကြောင်ပတ်ပြောတတ်တယ်လို့  စွပ်စွဲပြီး သူ့ ကို ဘာ ပြောပြော နာကျဉ်မှုမရှိပဲ၊ သူ့ ပါးစပ်ကိုလည်း အမြဲပိတ်ထားတတ်တဲ့သူလို့  စွပ်စွဲပြောဆိုခဲ့ပါတယ်။ တက္ကဆက်လွှတ်တော်အမတ် တက် ခရုဇ် Ted Cruz က ကလေးပုံပြင်စာအုပ် "ကြက်ဥနဲ့  ၀က်ပေါင်ခြောက် Green Eggs and Ham" ထဲက ပုံပြင်နဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ (အဲဒီပုံပြင် ဟာ ကြက်ဥနဲ့ ကြက် ဘယ်ဟာက အရင်ပေါ်လာခဲ့သလဲဆိုသလို မုန့်လုံးစက္တူကပ်သလို အစရှာလို့ မရတာကို ရေးသားထားတဲ့ ပုံပြင်တပုဒ်ပါ။ ဘာသာပြန်သူ့ မှတ်ချက်) နောက်ပြီး "အရာရာကို လိမ်ညာနေခဲ့တဲ့သူ"၊ "အမေရိကန်ရဲ့ ကွန်ဂရက်လွှတ်တော်ထဲမှာ စွပ်စွဲခံခဲ့ရသူနဲ့  အသံကောင်း ဟစ်နေသူ" လို့  တစိုက်မတ်မတ် ပြောဆိုဝေဖန်ခံနေခဲ့ရသူပါ။ အဲဒါဟာ အရိုးတခုနဲ့ တခုကို ဆက်ပေးထားတဲ့ ကြားကာလတခုလိုမျိုးပဲလို့  Republican ရီပတ်ဘလီကင်တွေဘက်က ယူဆနေကြပါတယ်။
အကောင်းဆုံးသမ္မတတွေဖြစ်ကြတဲ့ ဂျော့ ၀ါရှင်တန်လို၊ အေဘရာဟင် လင်းကွန်းလို သမ္မတွေဟာ ကဗျာကို ရေးရုံသက်သက်သာမကပဲ အဲဒီ့ ကဗျာ တွေထဲက သုံးထားတဲ့ စကားလုံးတွေရဲ့ စွမ်းအားကိုပါ အမှန်တကယ်နားလည်ပြီး ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်အသုံးပြုသွားတာတွေကို၊ စကား ပြောဆိုတဲ့အခါ စကားလုံးတွေကို အမှန်ကန်ဆုံး ရွေးချယ်သုံးသွားတာကို ဒီနေ့ အထိ တွေ့ မြင်နေရဆဲ ဖြစ်ပါတယ်။ တက်ဒီ ရုစဗဲ့လ် ဆိုရင် စာရေး ဆရာ အပ္ပတန် ဆင်ကလဲယား Upton Sinclair ရဲ့ "တော The Jungle" ဆိုတဲ့ ၀တ္ထုစာအုပ်က အမြဲအကူအညီတွေပေးခဲ့တဲ့အတွက် သူ့ စားပွဲပေါ်မှာ အမြဲ နေရာယူထားတယ်လို့  ပြောဆိုခဲ့ဖူးပါတယ်။ သူ သမ္မတရာထူး လက်မခံခင်ကဆိုရင် သူဟာ သူစိတ်ဝင်စားတဲ့ သဘာဝတရားနဲ့  ပါတ်သက်ပြီး "သက်ရှိသတ္ထ၀ါတွေ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားတယ်ဆိုတာ ကြားရရင် ကျနော်ဟာ စာရေးဆရာတယောက် အသတ်ခံ လိုက်ရသလိုမျိုး ထိခိုက်ခံစားခဲ့ရတာပါ" လို့  စာပေလက်ရာဖျက်ဆီးသူတွေဆိုပြီး ဆောင်းပါးတပုဒ်ရေးသားခဲ့ဖူးပါတယ်။
အမေရိကန်သမ္မတတွေထဲမှာ ဖရန်ကလင် ရုစဗဲ့လ် ဟာ ကြောက်တတ်သူ၊ ရော်နယ် ရေဂင် ကတော့ သတ္ထိရှိသူ၊ ဂျွန် ကနေဒီ ကတော့ စိန်ခေါ်ရဲသူ တွေ ဖြစ်ကြပါတယ်။ ရော်နယ် ရေဂင် ရဲ့ အပြောင်မြောက်ဆုံးစကားတွေကို စကားလုံးတွေကို ဟန်ကျပန်ကျ၊ လှလှပပသုံးနှုန်းတတ်သူ ပက်ဂီ နျူးနန် Peggy Noonan က ရေးသားပေးနေခဲ့တာဖြစ်ပါတယ်။ (ပက်ဂီ နျူးနန် က သမ္မလောင်း မစ် ရွမ်မနီ Mitt Romney ကို အနိုင်ရသွားအောင် ကြိုးစားအားထုတ်ပေးခဲ့သူ တယောက်လဲဖြစ်ပါတယ်) ဒါပေမယ့် D-Day ဒီ ဒေး အနှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ "ပွိုင့် ဒူ ဟော့ တံတားက ကလေးငယ်များ Boys of Pointe du Hoc" လို့ အမည်ပေးထားတဲ့ မိန့် ခွန်းကို ပြင်သစ်နိုင်ငံမြောက်ပိုင်းက နော်မန်ဒီ ကမ်းချေရဲ့ ကမ်းရိုးတန်း ကျောက်ဆောင်တခုပေါ်မှာ ဟောပြောခဲ့တာပါ။ ၁၉၈၆ ခုနှစ်တုန်းက "ချယ်လင်ဂျာ အာကာသ လွန်းပျံယာဉ်မှူး အနိစ္စရောက်သွား တုန်းက ဒီမနက်ပဲ ကျနော်တို့ ကြားလိုက်ရပါတယ်။ သူ့ မျက်နှာကို ဘုရားသခင်ရဲ့ အလိုတော်နဲ့  ဟောဒီ့ ကမ္ဘာမြေပေါ်ကနေ ဆွဲခေါ်သွားတဲ့အတွက် ကျနော်တို့ က သူ့  ကို နှုတ်ဆက်ပါတယ်ဆိုတဲ့ စကားတခွန်းကိုပဲ ပြောနိုင်လိုက်ပါတော့တယ်" လို့  ပက်ဂီ နျူးနန် ဟာ သမ္မတ ရော်နယ် ရေဂင် ရဲ့ နောက်နားကနေ သမ္မတကြားရရုံ လေသံတိုးတိုးလေးနဲ့  ပြောဆိုပေးနေခဲ့တာပါ။ အဲဒီစကားတွေကို ကဗျာဆရာလည်းဖြစ်၊ လေယာဉ်မှူးတဦးလည်း ဖြစ်တဲ့ ဂျွန် မဂ္ဂီး John Magee က ရွတ်ဆို ဂုဏ်ပြုပေးသွားခဲ့တာပါ။
ရစ်ချဒ် နစ်ဆင် ရဲ့ အသုဘ အခမ်းအနားမှာတော့ ဘယ်ကဗျာနဲ့ မှ ဂုဏ်ပြုခဲ့တာမျိုး မရှိခဲ့ပါဘူး။ သမ္မတဟောင်း ဂျင်မီ ကာတာ ကတော့ အခုဆိုရင် ကဗျာဆရာဆိုတဲ့ စာအုပ်တအုပ်ကို ထုတ်ဝေတော့မယ်လို့  ကြားသိရပါတယ်။ အဲဒီထဲမှာ သူ သမ္မတ တာဝန်ထမ်းဆောင်စဉ်က အချက်အလက်တွေ ဘယ်လောက်အထိ ပါလာမလဲဆိုတာ အခုထိ မသိရှိရသေးပါဘူး။ သမ္မတ တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဘုရှ် မိသားစု (ဘုရှ် မိသားစုထဲက အမေရိကန် သမ္မတအဖြစ် နှစ်ယောက်တာဝန် ထမ်းဆောင်ခဲ့ရပါတယ်) တွေမှာ အမေရိကန်နိုင်ငံ ကောင်းကျိုးချမ်းသာအတွက် ကဗျာ၊ လင်္ကာတွေ ထဲက လမ်းညွှန်ထားတာတွေကို ခံစားနားဆင်နိုင်ဖို့ အတွက် နားရွက်တွေပါမလာခဲ့တဲ့အတွက် အမေရိကန်နိုင်ငံအတွက် ကောင်းကျိုးချမ်းသာတွေကို ဖန်တီးမပေးနိုင်ခဲ့ကြပါဘူး။ "ကျနော့် နှုတ်ခမ်းကထွက်လာတဲ့ အခွန်အခသစ်တွေ မကောက်ခံရ" ဆိုတာနဲ့  "ကျနော်ဟာ ဆုံးဖြတ်ချက်ချမှတ်သူ" ဆိုတဲ့ ကက်ပီတိုမော်လ် (အမေရိကန်ကိုအုပ်ချုပ်နေတဲ့ ကက်ပီတို ဟီးလ် ကို နောက်ပြောင်ပြီး ကက်ပီတို ကုန်တိုက်လို့ နောက်ပြောင်ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတခု။ ဘာသာပြန်သူ့ မှတ်ချက်) လို့  ဘယ်တော့မှ ဖြစ်မလာနိုင်ကြောင်း ခြိမ်းခြောက် ပြောဆိုနေရုံနဲ့  ဘာတခုမှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။
ကွယ်လွန်အနိစ္စရောက်သွားခဲ့တဲ့ တောင်အာဖရိကရဲ့ သမ္မတ နယ်ဆင် မန်ဒဲလား ရဲ့ စကားလုံးတွေကို ခေတ္တငှားရမ်း အသုံးပြုရမယ်ဆိုရင် ကျောင်းသူ ကျောင်းသားတွေနဲ့  သူတို့ ရဲ့  မိဘတွေ၊ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့  နိုင်ငံရေးသမားတွေဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီး ကြိုးစားခဲ့ကြပါ တယ်။ သူတို့ ရည်မှန်ထားတာတွေ အခုထက်ထိ အောင်မြင်မလာကြသေးပါဘူး။ "မေတ္တာ" ဟာ "မလိုမုန်းတီးမှု" ထက် အဆပေါင်းများစွာ ပိုမိုခိုင်မာ သလို "ဆုံးရှုံးမှုကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု" ဟာ "ကျော်လွှားအောင်မြင်နိုင်မှု" ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲပါတယ်။ အဲသလိုမျိုးပဲ အပြောလွယ် သလောက်အလုပ်လုပ်ဖို့  ကသိပ်ခက်ခဲပါတယ်။ သမ္မတ တယောက်အနေနဲ့  သူ့ သက်တမ်းလေးနှစ်မှာ တနှစ်တာဝန်ထမ်းဆောင်ပြီးလို့  နောက်ထပ် သုံးနှစ်ပဲကျန်တော့တယ် ဆိုတာနဲ့  မိန့် ခွန်းတွေပြောဆိုတဲ့အခါ အရင်တုန်းကလို ဆွဲဆောင်မှုက သိပ်မရှိတော့ပဲ အားလျော့လာတတ်ပါတယ်။
မောင်ဖေသက်နီ
တီမိုသီ အဲဂဲန် Timothy Egan ရေးသားပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်
(ဆောင်းပါးရေးသားသူ တီမိုသီ အဲဂဲန် Timothy Egan ဟာ နယူးယောက်တိုင်းသတင်းစာမှာ ၁၈ နှစ်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒါမတိုင်ခင်က သူဟာ "အနောက်မြောက်ပစ္စိဖိတ် သတင်းဌာန" မှာ အလုပ်လုပ်ခဲ့ပါတယ်။ နောက်ပြီး သူ့ အကြောင်းကို "အခက်ခဲ ဆုံး ဒတ်စ်ကာလ" Dust Bowl,The Worst Hard Time လို့  အမည်ပေးထားတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီ့စာအုပ်ကို နယူးယောက်တိုင်းသတင်းစာကြီးက အရောင်းရဆုံးစာအုပ်လို့  ရေးသားခဲ့ပါတယ်)

အက်ပီဂရမ်ကဗျာ -Epigram


အက်ပီဂရမ်ကဗျာ (Epigram)
အက်ပီဂရမ် ကဗျာတွေက တိုတယ်။ အားပါတယ်။ ပုံမှန်အားဖြင့် ကာရံပါတယ်။ အဆုံးသတ်မတော့ သရော်ထားတဲ့ စာကြောင်းတွေနဲ့ ပိတ်လေ့ရှိတယ်။ အတွေးတစ်ခု(ဝါ) အဖြစ်အပျက်တစ်ခုကိုပဲ အခြေခံထားတယ်။ ဒီစကားလုံး Epigram ဟာ ဂရိဝေါဟာရ "Epigraphein" ကလာပြီး ထွင်းစာလုံး ရေးသားခြင်း လို့ အဓိပ္ပါယ်ရှိတယ်။
ဒါဟာ ရှေးဟောင်းဂရိ ကျောက်တုံး အမှတ်တရနေရာတွေမှာ ဆောက်ထွင်းရေးသားမှုနဲ့ ဆက်စပ်နေတယ်။ အက်ပီဂရမ်တွေရဲ့ ပထမရာစုဟာ ရောမကဗျာဆရာကြီး မာရှယ် (Roman Poet Martial) က တဆင့် မော်ဒန်အက်ပီဂရမ်ရယ်လို့ ဖြစ်လာခဲ့တယ်။ အက်ပီဂရမ်တွေဟာ ခြောက်ရာစု နဲ့ ခုနစ်ရာစုတွေမှာ ပိုပြီး ထင်ရှားလာတယ်။ ဂျွန်ဒုန်း (John Donne)၊ ရောဘတ်ဟားရစ် (Robert Herrick)၊ ဘင်ဂျွန်ဆင်၊ အလက်ဇန္ဒားပုတ် (Alexander Pope)၊ ဘိုင်ရွန်၊ ကိုးလားရစ် (Samuel Taylor Coleridge) တို့ရေးပြီး ပြင်သစ်တွေထဲက ဘော်လတဲလ်ယား(Voltaire) တို့ ရေးခဲ့တယ်။ ကိုးလားရစ်ရဲ့ အက်ပီဂရမ်လေး တစ်ပုဒ်ကို ကြည့်ပါ။

What is an Epigram? A dwarfish whole,
Its body brevity and wit its soul
အက်ပီဂရမ် ဆိုတာ ဘာလဲ ? သေးသေးငယ်ငယ် အပေါက်လေးတစ်ပေါက်ပေါ့
သူ့ရဲ့ ခန္ဓာက အကျဉ်းချုံ့ထားပြီး ထူးခြားတဲ့ ဝိဥာဉ်ရှိရဲ့။
ကိုးလားရစ်ရဲ့ အက်ပီဂရမ် နောက်ထပ်တစ်ပုဒ်ကို ဒီလိုရေးပြန်တယ်။
Sir, I admit your general rule,
That every poet is fool,
But you yourself may serve to show it,
That every fool is not a poet.
ကိုယ့်ဆရာရေ ၊ ကိုယ့်လူရဲ့ ယေဘုယျစည်းမျဉ်းကိုတော့ ကျုပ်ဖြင့် ထောက်ခံပါရဲ့
ဘာတဲ့….. ကဗျာဆရာတိုင်းဟာ အရူးတွေဖြစ်တယ်ဆိုတာ
သို့ပေမယ့် ကိုယ့်ဆရာကိုယ်၌ကတော့ တစ်ခုကို သက်သေပြဖို့ကြိုးစားပါဦး
အဲဒါက ….. အရူးတိုင်းကဗျာဆရာတွေ မဟုတ်ဘူးဆိုတာကိုပ။
ကိုးလားရစ်ရဲ့ အက်ပီဂရမ်ကို ကြည့်ရင် သရော်ထားတယ်။ ကဗျာဟာ တိုတယ်။ ဒါပေမယ့် အမြင်က စူးရှတယ်။ "အလှည့်" ဟာ တိုလွန်းတဲ့ ကဗျာရဲ့ ဆန့်ကျင်ဘက်ဝါကျနဲ့ မထင်ထားတဲ့ ရှုထောင့်ဆီကို သွားတယ်။ ကျွန်တော်တို့ဆီမှာပဲ ကဗျာဆရာတွေကို လူတွေက လှောင်တာမဟုတ်ဘူး။ သူတို့ဆီမှာလည်း ဒါမျိုးရှိတယ်။ မင်းတို့ ကဗျာဆရာတွေကတော့ ….ဘာဘာညာညာ ပြောတဲ့သူတွေ အများကြီး။ ရူးနေသလို ဒါမှမဟုတ် ခပ်ကြောင်ကြောင်လို့ ပတ်ဝန်းကျင်က ပြောမယ်။ ကိုးလားရစ်ဟာ ပတ်ဝန်းကျင်ကပြောတဲ့ ကဗျာဆရာတိုင်း ငကြောင်တွေဆိုတာကို မငြင်းခဲ့ဘူး။ အိုကေ။ ဒါဆို အဲဒီငကြောင်တိုင်း ကဗျာရေးလို့ ရသလား။ ကဗျာရေးနိုင်သလား။ ရေးလို့မရတဲ့အကြောင်းကို ကျုပ်တော့ သက်သေမပြတော့ဘူး။ ခင်ဗျားကိုယ်တိုင်သာ သက်သေပြပေတော့လို့ ဆိုတယ်။ အနုပညာရှင်နဲ့ အရပ်ဖက်လူသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ကိုးလားရစ်က လောဂျစ် အက်ပီဂရမ်တစ်ခု တည်ဆောက်ပြတယ်။ စ ကတည်းက ဒီအဆိုဟာ အဓိပ္ပါယ်မဲ့ အဆို (meaningless) မဟုတ်ဘူး။ မမှန်ကန်တဲ့အဆို (untruth) ဖြစ်နေတယ်။ မှန်ကန်မှုကို တိုင်းတာပြဖို့ ခိုင်မာတဲ့ အကြောင်းတရားမရှိဘူး။ ဒီနေရာမှာ ကြုံလို့ပြောရရင် ကိုးလားရစ်ဟာ ဒီလို လောဂျစ်မျိုးကို တည်ဆောက်ပြလို့ ကျွန်တော်ဝမ်းသာတယ်။ အနုပညာသမားဟာ နာမည်မကြီးခဲ့ရင် ပတ်ဝန်းကျင်ရိုက်ခတ်မှု ကို အများဆုံး ခံရရှာတဲ့သူကိုး။ အနုပညာကို တစိုက်မတ်မတ်လုပ်ခဲ့လို့ ရတဲ့ အကျိုးက ဘာလဲ။ ကဗျာဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါသလား။ ကဗျာစာအုပ်တစ်အုပ်ရဲ့ဈေးက နိုင်ငံရေးစာအုပ်ဈေးနဲ့ အတူတူပဲ။ ဒါပေမယ့် ကဗျာဆရာတစ်ယောက်ရဲ့ တန်ဖိုးဟာ မျှော်လင့်ထားတာထက် နည်းနေဆဲပဲ။ ကဗျာသမားတွေဟာ ကဗျာကိုရေးရင်း ဘာသာဗေဒအဆောက်အဦးထဲကို ဝင်ဖို့ကြိုးစားတယ်။ ဘာသာဗေဒကို ဦးဆုံးမြည်းခွင့်ရတာ ကဗျာဆရာပဲ။ "linguistic" ဆီက လူသားနဲ့ ဘာသာစကား ထိပ်တိုက်ဖြစ်မှုကို လူတွေ သတိထားလာတယ်။ အတွေးအခေါ်ရှုထောင့်ဟာ သင်္ချာအခြေခံကနေ ဘာသာစကားနဲ့ ဘာသာဗေဒ ဘက်ကိုရွေ့သွားတယ်။ ဒါရီရာ၊ ဖူကိုး၊ ခရုမ်းစကီး တို့ဟာ သင်္ချာပညာရှင်တွေ မဟုတ်ဘူး။ဒါပေမယ့် သူတို့အတွေးအခေါ်တွေဟာ ရှေ့ရောက်လာတယ်။ ကမ္ဘာ့ဘာသာစကား၊ ကမ္ဘာ့သဒ္ဒါ (Universal Language and Grammar) စကားလုံးတွေ ပေါ်လာတယ်။ ခင်ဗျားဟာ တစ်နေ့နေလို့ သင်္ချာတစ်ပုဒ်ကို မတွက်ဘဲ နေလို့ရတယ်။ စကားမပြောဘဲ၊ စာမရေးဘဲ၊ အမိန့်မပေးဘဲ နေလို့မရဘူး။ ဘဒ္ဒကမ္ဘာရဲ့ ဖြစ်ပျက်မှုတွေရဲ့ အစဟာ ဘာသာစကားပဲ။ လူတွေဟာ ဘာသာစကားနဲ့စဉ်းစားတယ်။ လှုံ့ဆော်တယ်၊ စည်းရုံးတယ်၊ မှတ်တမ်းတွေ ရေးတယ်၊ အတွေးအခေါ်တွေကို တည်ဆောက်တယ်။ ဘာသာစကားနဲ့ ကြော်ငြာတယ်။ လူသားတွေဟာ မထင်မှတ်ဘဲ ဘာသာစကားရဲ့ ခိုင်းစေမှုကို ခံလိုက်ရတယ်။ အဲဒီလူသားတွေကပဲ ဘာသာစကားနဲ့ ဆော့ကစားနေတဲ့ ကဗျာဆရာတွေကို အရူးတွေလို့ပြောတာ အံ့သြဖို့လည်းကောင်းတယ်။ စက်ဘီးနင်းနေသူက  လေယာဉ်ပျံမောင်းတဲ့သူကို ကျိန်ဆဲတာပဲ။ ဒါတွေထားတော့။ ကိုးလရစ်ကို ကျွန်တော့်ခန္ဓာကိုယ် ကျိုးပဲ့သွားသည်ထိ ကွေးညွတ်ဂုဏ်ပြုပစ်ဖို့ အသင့်ပါပဲ။ နောက်ထပ် အက်ပီဂရမ်တစ်ပုဒ်ကို ပြရရင်တော့ "အေးစက်မှုဖြိုဖျက်ခြင်း" "Ice Breaking" ဆိုတဲ့ကဗျာ။ နာမည်ကြီး အက်ပီဂရမ် တစ်ပုဒ်ပါ။ ရေးသူက အော့ဒန်နက်ရှ် (Ogdan Nash) ပါ။
Candy
Is dandy
But liquor
Is quicker
(သကြားလုံး ကန်ဒီ
ကတော့ ကောင်းပါတယ်
ဒါပေမယ့် ဗျစ်ရည်
ကတော့ ပိုပြီးမြန်ပါ့ဗျာ။) လို့ရေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်း အေးစက်စက် အနေအထားကို ဖြိုဖျက်ဖို့ ဗျစ်ရည်က အကောင်းဆုံးပါပဲ။ တကယ်တမ်းပြောရရင် သမိုင်းဆရာကြီး ဒရိုင်ဆင် (J.G. Droysen) အမည်ပေးခဲ့တဲ့ ဟယ်လန်နစ်စတစ်ခေတ် (Hellenistic Period) လို့ခေါ်တဲ့ အလက်ဇန္ဒားဘုရင် နယ်ချဲ့တဲ့ခေတ်မှာ ဂရိတွေသြဇာအာဏာ အာရှနဲ့ ဥရောပဆီကို ပျံ့နှံ့တဲ့ အချိန်မှာ "အက်ပီဂရမ်" တွေ ပိုရေးခဲ့တယ် လို့ဆိုတယ်။ အဲဒီ ဟယ်လန်နစ်စတစ်ခေတ်ဟာ ရောမတွေ ဂရိကို အောင်နိုင်တဲ့ ၁၄၆ ဘီစီ မှာ ပြီးတယ်။ ဂရိယဉ်ကျေးမှု ထွန်းကားချိန်မှာတော့  ဆိုင်ပိုဆီယမ် (symposium) ဓလေ့ ဆိုတာရှိခဲ့တယ်။ ဆိုင်ပိုဆီယမ် ဆိုတာ ဂရိဘာသာနဲ့ အတူတူသောက်စို့ (to drink together) လို့ ခေါ်တဲ့ သေသောက်ပါတီ ဓလေ့တစ်ခုပဲ။ သူကောင်းမျိုးဝင်တွေဟာ အဲဒီသေသောက်ပွဲမှာ စကားပြောမယ်၊ ငြင်းမယ်၊ လူသစ်တွေကို မိတ်ဆက်ပေးမယ်။ ပါတီတစ်ခု ကျင်းပတဲ့ ဓလေ့ပေါ့။ မကြာခဏ လုပ်တယ်ဆိုပဲ။ ကဗျာတွေဘာတွေလဲ ရွတ်တယ်။ စစ်ပွဲအောင်နိုင်ရင်လည်း လုပ်လေ့ရှိတယ် ဆိုပဲ။ အဲဒီမှာ ရွတ်လေ့ရှိတဲ့ အက်ပီဂရမ်တွေဟာ များသောအားဖြင့် (to drink and live for today because life is short) "ဒီနေ့တော့ တစ်ဝသောက်၊ ပျော်အောင်နေ၊ ဘဝဆိုတာ တိုတယ်" ဆိုတဲ့ အဓိပ္ပါယ်တွေ များတယ်။ မူရင်း ဂရိ အက်ပီဂရမ် တွေဟာ ရိုးရှင်းပြီး "အလှည့်" (punchline and satirical twist) မပါဘူး။ လက်တင်ကဗျာဆရာ မာရှယ်ဟာ သူ့ခေတ်ပြိုင် ဂရိတွေဖြစ်တဲ့ လူဆဲလီးယပ်(Lucillius) နဲ့ နီကားချီးယ်ပ်(Nicarchus) တို့ဆီက ကော်ပီလုပ်ရင်း ရောမရိုးရာ ခြောက်မီတာ အသွားနဲ့ သရော်ဟန်ကို ဖန်တီးခဲ့တယ်လို့ ဆိုတယ်။ မာရှယ်ရဲ့ အက်ပီဂရမ် နည်းစနစ်ဟာ (His technique relies heavily on the satirical poem with a joke in the last line) သူ့ရဲ့ နည်းစနစ်ဟာ သရော်ဟန်ကဗျာပေါ်တွင် လုံးလုံးမှီခို၍ နောက်ဆုံးအကြောင်းတွင် ဟာသ (သို့) ပျက်ရယ်ပြုမှု ပါဝင်သည် လို့ ပညာရှင်တွေ သုံးသပ်တယ်။မာရှယ် ဘယ်လိုရေးခဲ့သလဲ …..
"Mentula tam magna est quantus tibi, Papyle, nasus
ut possis , quotiens arrigis, olfacere"  အဓိပ္ပါယ်က နည်းနည်း ညစ်ညမ်းပါတယ်။
"ပါပလီ, မင်းရဲ့ လိင်အင်္ဂါဟာ မင့်နှာခေါင်းလောက်ရှိတော့ အလွယ်တကူ အနံ့ခံလို့ရတာပေါ့လေ" လို့ အဓိပ္ပါယ်ရှိတယ်။ အင်္ဂလိပ်စာပေထဲမှာ သတိထားမိလောက်တဲ့ အက်ပီဂရမ်တွေ ရှိတယ်။ ဥပမာ ရှိတ်စပီးယားရဲ့ ဆွန်းနက်အမှတ် (၇၆)ဟာ အတော်လေးကောင်းတဲ့ အက်ပီဂရမ် ဖြစ်တယ်။ အမ်မလီဒစ်ဆင်ရဲ့ ကဗျာအမှတ် "၁၅၃၄" ဟာလည်း ကောင်းတယ်ဆိုပဲ။
"Little strokes
Fell great oaks"
"သေးငယ်သော ဖြတ်ချက်များက သစ်ချပင်ကြီးများကို လဲပြိုစေ၏" ဆိုတာ ဘင်ဂျမင်ဖရန်ကလင် ရေးခဲ့တာ။ တချို့သော အက်ပီဂရမ်တွေဟာ စကားပုံလို ဖြစ်သွားတယ်။ လှောင်ပြောင်သရော်ရာကနေ အမှန်တရားဘက် ချဉ်းကပ်သွားတော့ အဆိုအမိန့်ဆန်ဆန်လည်း ဖြစ်သွားတယ်။ ဒါက ရေးတဲ့သူရဲ့ ဒဿန နဲ့ Statement ပေါ် မူတည်တယ်။ ကျွန်တော်ကြိုက်တဲ့ အက်ပီ တစ်ပုဒ်ရှိတယ်။ ရေးတဲ့သူက အလက်ဇန္ဒားပုတ် "Alexander Pope"။ ပဒေသရာဇ်စနစ်ကို သရော်ထားတာပါ။
I am his Highness dog at Kew
Pray tell me, sir, whose dog are you
"ကျွန်တော်မျိုးဟာ "Kew" နန်းတော်က အရှင့်ခွေးတစ်ကောင်ပါ
ကျွန်တော်မျိုးအား မိန့်ကြားတော်မူပါ အရှင်၊ အရှင်က မည်သူ၏ခွေး ဖြစ်ပါသနည်း" တဲ့
Kew ဆိုတဲ့ စကားလုံးပါတော့ သူပြောချင်တာက အင်္ဂလိပ်တော်ဝင်တွေကိုပဲ။ "Kew" ဟာ ဗြိတိသျှ တော်ဝင်နန်းပါ။ Kew ဥယျာဉ်မှာရှိပြီး သိမ်းမြစ် နဖူးပေါ်မှာ ရှိပါတယ်။ နောက်တစ်ပုဒ်က အော်စကားဝိုင်းရေးတာ။ "ထိမ်းသိမ်းရမယ့် အရာကလွဲပြီး ကျန်တာအကုန်လုံး ထိန်းနိုင်တယ်" ဆိုတဲ့ အော်စကာဝိုင်းရဲ့ အက်ပီဂရမ် "I can resist everything except temptation" ဟာ ကြော်ကြားတယ်။ အက်ဇရာပေါင်း နဲ့ ဝီလီယံဘတ်တလာယိစ်(တ) တို့လည်း ဒါမျိုးတွေရေးတယ်။ ထင်ရှားတဲ့     အက်ပီဂရမ်တွေ ကတော့
-       Underwoods by Robert Lousis Stevenson
-       The Stalin Epigram by Osip Mandelstam
-       Epigram on Rough woods by Robert Burns
-       On my First Son by Ben Jonson          တို့ ဖြစ်တယ်။
Ref: Poet.org (Poetic Forms & Techniques)

ဇော်ဇော်ထွန်း