Showing posts with label အထူးကဏ္ဍ - စာရေးဆရာများ. Show all posts
စာရေးဆရာ မောင်မောင်သိန်းလှိုင်ရဲ့ စာအုပ်ထွက်ရှိမည်။
စာရေးဆရာ မောင်မောင်သိန်းလှိုင်ရဲ့ “ တစ်စစီပြန်ကောက်ခဲ့ရသော ထွေးမရ၊ မြိုမရသည့် နုလုံးသားအပိုင်းအစများ “ စာအုပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ
မျိုးဆက်သစ်စာပေ ဖုန်းနံပါတ် ၀၉ ၄၂၀၀ ၈၃၆၈၈ ကနေဖြန့်ချီသွားမှာဖြစ်ပါသည်။
စာရေးအလွန်ကျဲပြီး တစ်နှစ်နေမှ တစ်အုပ်ထွက်ခဲလှတဲ့ သူ့စာအုပ်တွေကို ထုံးစံအတိုင်း စာပေ၊ ဂီတ၊ရုပ်ရှင်၊ သတင်းဂျာနယ်နှင့် အနုပညာအလွှာအသီးသီးက မည်သူ့ကိုမဆို
လက်ဆောင်အလှူပေးဝေသွားမှာဖြစ်ပြီး  စာရေးဆရာဟိန်းလတ်( ပေါ်ပြုလာဂျာနယ်) ထံသို့ဆက်သွယ်၍ ထုတ်ယူနိုင်ကြောင်း လည်း သိရှိရပါသည်။
စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်ခြင်း (၁) လပြည့် အမှတ်တရ ကျင်းပမည်။
၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။
၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ အ့ထ့က(၁)တွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ယူခဲ့။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့။
၁၉၆၃ - ''သိန်းဇံ'' ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် ''မှတ်ဥာဏ်နှင့် အတွေးအခေါ်'' (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘ၀)ကို စတင်ရေးခဲ့။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် ''နန္ဒသိန်းဇံ''အမည်သို့ ပြောင်းလဲရေးသားခဲ့။
၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ၀ိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။
၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့်ရတနာမွန်အပါအ၀င် အခြားစာနယ် ဇင်းအမျိုးပေါင်း(၄)ခုတွင် ဘာသာရေး၊ လူမှုရေးဒဿနနှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့။
၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။
၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ဖြစ်သည်။
၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်။
၁၉၇၀ - ၇၂ - (၂၄ရက် သြဂုတ် ၁၉၇၀မှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့။
၁၉၇၇၂ - ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ်အမှုထမ်းခဲ့။
၁၉၇၉ - (၁၉ရက် သြဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ''ဘ၀ခရီးအတွက် အတွေးအမြင်များ'' ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ''ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း'' စာအုပ်သည် ထင်ရှား လူကြိုက်များ။
၁၉၇၉ - ၈၀ - (၁၅ရက် ဖေဖော်ဝါရီ ၁၉၇၉မှ ၇ရက် ဖေဖော်ဝါရီ ၁၉၈၀ထိ) ထားဝယ်ကောလိပ်ဌာနမှုး။
၁၉၈၀ - သြဂုတ် (၂)ရက်မှ အောက်တိုဘာ(၁၀)ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ။
၁၉၈၀ - ၈၆ - (၁၁ရက် အောက်တိုဘာ ၁၉၈၀မှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိက။
၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိကဌာနမှုး။
၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်န၀ါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် အမှုထမ်း။
၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖေါ်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉၇ထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် အမှုထမ်း။
၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉၇မှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်း။
၁၉၉၈ - ဒီဇင်ဘာလတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ရင်း ထေရ၀ါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရ၀ါဒဗုဒ္ဓဘာသာမှပြန်လည်ချေပချက်များနှင့်စိန်ခေါ်မှုကိုတုန့်ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက်အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရ၀ါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စာတမ်းများ စသည့်ပညာရပ်များကို ယခုတိုင် အချိန်ပိုင်းကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်လျက်ရှိ။
၂၀၀၄ - ဧပြီ(၁)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရ။
၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှုးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်။ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ။ ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ။ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့သည် ကွယ်လွန်ချိန်အထိ စာနယ်ဇင်းများတွင် ပါ ၀င်ရေးသားခဲ့ပြီး (၁၄-၈-၂၀၁၁) ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ်သည်။
''ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ''
၁။ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ
၂။ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်
၃။စိတ်အဆင့်ဆင့်မြင့်တက်ခြင်းသဘာဝ
၎။အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ
၅။စီးပွားရေးနှင့် စစ်ရေးဗျူဟာ
၆။ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
၇။မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ
၈။မြန်မာ့ယဉ်ကျေးမှု သင်္ကေတ''ကြာ''
၉။ဖြေဆည်ရာ
၁၀။ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ
၁၁။နက္ခတ်ဗေဒင်နှင့်မြန်မာ့အတွေးအမြင်အစဉ်အလာ
၁၂။မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း
၁၃။အသွင်သဏ္ဍာန်တို့ နောက်ကွယ်၌
၁၄။အရိမဒ္ဒ္ဒနမှ တွေးမြင်ရနံတို့ ဝေ့ပျံနေဆဲ
၁၅။မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ
၁၆။တွေးချိန်ချင့်စရာ
၁၇။Through Life}s Perils
၁၈။ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ
ကိုကား www.myanmarbookshop.com/ နှင့် google
Written by ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် Thursday, 08 September 2011 01:19 
ဧည့်သည်ကြီး
“ဧည့်သည်ကြီး”
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။
ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲ ၀င်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။
၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသားကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်း အရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီးနေကြတယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာ စာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။
ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေ နေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီထင်ပါရဲ့။
ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေးမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူကမန္တလေး ဥယျာဉ်တန်း မှာနေတယ်။ ကြည်အောင်က အင်းဝနဲ့မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း)နေတယ်။
ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။
တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက် ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။ ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။ စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။
ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ်တလှည့်စီ ကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့ နှစ်ယောက်ကို ငေးကြည့်နေသလိုလို။
ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။ ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။
အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။
ဆေးလိပ်လည်းတို
နေလည်းညိပြီ
ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့
ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။
ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။
“ဧည့်သည်ကြီး” ကဗျာကို တွေ့တော့ မောင်စွမ်းရည်က …
“ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့ တောင်းဆိုတယ်။
မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။
“ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။
ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။
ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။
“ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။
“လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူက ဖွင့်တယ်။ ဘ၀ရဲ့ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။
“ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။
ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲ မနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည် ဦးဝင်းတင်က မြင်တယ်။
ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။
တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ)
၂၇၊ ၇၊ ၂၀၀၀
ရွှေမော်ကွန်းမဂ္ဂဇင်း
သူတို့ နှစ်ယောက်
သားတို့သမီးတို့
ဥတုရာသီရော၊နေရေးထိုင်ရေးရာ လုပ်ခွင် လုပ်ခရော အစစအဆင်ပြေကြရဲ့ လား။ အမေတို့ ဆီမှာတော့  ပြင်းထန်ကြမ်းတမ်း တဲ့ ဥတုရာသီကြီးတွေကို ရင်မဆိုင်ကြရပေမယ့် အမေတို့ ဒေသမှာ မိုးခေါင်တဲ့ ဒဏ်ကိုတော့ ခံနေကြရတယ် ။ မိုးခေါင်တော့ အသီးအပင်တွေ မရကြ ၊ မထွက်ကြ ၊ ဆွံ့ ကြ အ,ကြဖြစ်ကုန်တာပေါ့ ။ ဥတုက ဖောက်တယ်လေ ။ ငါ့သား သမီးတို့  ဂျပန်နိုင်ငံကလည်း ပစိဖိတ်နိုင်ငံတစ်ခုဆိုတော့ပြီးခဲ့တဲ့ အယ်နီညိုရဲ့ဖောက်ပြန် မှုကိုအထိုက်အလျောက်ခံစား ရတဲ့နိုင်ငံမို့  ဥတုရောကောင်းပါရဲ့ လားလို့  အမေက မေးရတာ ။ အမေတို့ ဆီမှာ ဒီနှစ်ဆောင်းရာသီကို ရောက်လာပေမယ့် တော်တော်နဲ့ မချမ်းဘူး။ မချမ်းတော့ဆီးတွေ နှင်းတွေလည်း မကျဘူးပေါ့ ။
ရန်ကုန်ကလူတွေက ဒီဇင်ဘာထဲရောက်ပြီ ၊ ဆောင်းတွင်းကလည်း နေထွက်နောက်ကျပြီး နေဝင်စောတာကလွဲလို့ ချမ်းလည်း မချမ်းဘူးတဲ့ ။ အယ်နီညိုဆိုတဲ့ ဖောက်ပြန်တဲ့ ဥတုရာသီ ဖြစ်ပွားပြီးရင် သူ့  ညီမ လာနီညာဆိုတဲ့ ဥတုဖောက်ပြန်မှုတစ်ခု လာလိမ့်ဦးမယ် ။ သူကအယ်နီညိုနဲ့ ပြောင်းပြန် ၊ ပူနွေးခဲ့ရင် ချမ်းအေးလိမ့်မယ်လို့ ဆိုသလေ ။ ဘာတွေဖြစ်ဦးမယ် မသိဘူး
အမေတို့  လူဆိုတဲ့ သတ္တဝါကလည်း ပတ်ဝန်းကျင် အနေအထားအရပ်ရပ်မျာ နေလို့ ဖြစ်ရုံ ၊ အသက်ရှင် တည်နေနိုင်ရုံကလေး အသာမှေးပြီး ပြုမူနေထိုင်ကြရတာမဟုတ်လား ။ အဲ့ဒီတော့ ပတ်ဝန်းကျင် အနေအထား တစ်ခုခု သိပ်ပြောင်းလဲတယ်ဆိုရင် အဲ့ဒီအပြောင်းအလဲနဲ့ အညီ ပြုပြင်ပြီး ရှင်သန်ဖို့  လုပ်ကြရတယ် ။ ဒီလိုဖြစ်တဲ့အခါ ဆင်းရဲတဲ့ နိုင်ငံ ၊ ဆင်းရဲတဲ့လူတွေ တော်တော်ခံကြရတယ် ။ သိပ်ပြင်းထန်ရင် ချမ်းသာတဲ့ နိုင်ငံတွေလည်း ခံရတာပါပဲ ။ မလွယ်ပါဘူး ။
ပြီးခဲ့တဲ့ အောက်တိုဘာလထဲတုန်းက ဒို့ စာရေးဆရာကြီး ဗန်းမော်တင်အောင် ကွယ်လွန်တာ အနှစ် (၂၀) ပြည့်တာမို့ အောက်မေ့ဖွယ်ဆုတောင်း အခမ်းအနားကလေး လုပ်မှာပါဆိုပြီး ကိုတင်အောင်ရဲ့ သားတစ်ယောက်ဖြစ်တဲ့ မောင်ဗဟိန်းအောင်က အမေ့ ကိုဖိတ်စာကလေးလာပို့ တယ်။ ဒါနဲ့  အမေက " သြော်-ကိုတင်အောင် ဆုံးတာ အနှစ် ( ၂၀ )ကြီးများတောင်ရှိသွားပကိုး" လို့ အောက်မေ့ရင်းနဲ့ ဦးလှ ထက် ကိုတင်အောင်က ( ၃ )နှစ်စောတာ ကိုလည်းသတိရလိုက်တယ်။ ကိုတင်အောင်ဆုံးတော့ ကိုယ်က ထောင်ထဲ ရောက်နေတာကိုလည်း သတိရလိုက်တယ်။ ပြီးတော့ မှ "သားရယ် အမေတော့ လာနိုင်မှာ မဟုတ်ဘူးနော်၊ခွင့်လွှတ်"  လို့ ပြောတော့ မောင်ဗဟိန်းအောင်က အမေလာဖို့ ဖိတ်တာမဟုတ်ပါဘူး ။ ကျွန်တော်တို့ က သတင်းပေးတာပါ ဆိုပြီး သူဝယ်လာတဲ့ သစ်သီးခြင်းကြီးနဲ့  အမေ့ကို ကန်တော့သွားတယ်။ အမေ့စိတ်ထဲ သတိရလို့ တွေးလိုက်မိရင် မကျေမချမ်းရှိရတဲ့ စာရေးဆရာနှစ်ယောက်ရှိတယ်။ ကိုတင်အောင်နဲ့ ကိုမြသန်းတို့ ပေါ့ ။
စာရေးဆရာဗန်းမော်တင်အောင်ဆိုပြီးပေါ်လာ ၊ သူ့ စာတွေထွက်လာတော့ လူငယ်လူရွယ်တွေရဲ့ လောကမှာ ကိုတင်အောင်က သိပ်ကို မြန်မြန်ကြီး ပေါ်ပြူလာဖြစ်လာတယ်။စာရေးဆရာတစ်ယောက်ကို လူလတ်လူငယ်တွေ အရူးအမူးအကြိုက်ခံရတဲ့ စာရေးဆရာ များများမရှိဘူး။အမေတွေ့ ဖူးသလောက် ကိုတင်အောင်တစ်ယောက်ပဲရှိပါ
ဘာတို့ ဆိုတာ လူငယ်တွေရေးတဲ့စာတွေထဲ ပါတာပေါ့။ ကိုတင်အောင်စတိုင်လ်တဲ့လေ။ ကိုတင်အောင်ရဲ့ ဇါတ်လိုက်က ဆေးတံသောက်တယ်ဆိုလို့  ဆေးတံသောက်ပြီး သူ့ ဇါတ်လိုက်ပုံဖမ်းကြသူတွေကလည်းမနည်း။ တကယ်လို့ များ ကိုတင်အောင် လွတ်လွတ်လပ်လပ်ရေးခွင့်ရလို့ ရေးသွားရမယ်ဆိုရင်သူနဲ့ သူ့ စာဖတ်ပရိတ်သတ် ဘာတွေဖြစ်ကြဦးမယ်တောင် မပြောတတ်ပါဘူး။ကိုတင်အောင်ဟာ လူငယ်တွေအပေါ် ဒါလောက် သြဇာကြီးပါတယ်။
ဒါပေမယ့် ကိုတင်အောင်ခမျာ သူ့ စာရေးသက်နဲ့ သူ့ ကိုဖမ်းဆီးပြီး ထောင်ထဲထည့်ထားတဲ့ ထောင်သက်နဲ့ ယှဉ်ကြည့်မိတိုင်း
နှမျောမဆုံးဖြစ်မိပါရဲ့ သူ့ မှာအမေ့ခင်ပွန်း လူထုဦးလှ နဲ့ လည်း ထောင်ထဲအတူ နေဖူးလိုက်တာပဲ၊ဗိုလ်တထောင် အယ်ဒီတာ ဗိုလ်ထိန်ဝင်းတို့ နဲ့ လည်း ထောင်ထဲအတူတူ နေဖူးလိုက်တာပဲ။ လေထီး ဦးအုန်းမောင် တို့ နဲ့ လည်း ထောင်ထဲ အကြာကြီးဆုံဖူးတာပဲ။ကိုတင်အောင် တစ်ယောက် အပြင်မှာနေရတယ်လို့  တယ်မရှိဘူး။
ကိုတင်အောင် သေသွားတော့ အမေကအပြင်မှာမရှိဘူး၊ မသိဘူး ၊ အပြင်ရောက်လာမှ နောက်မှသိရတာ။
သိတော့ စာတွေသိပ်ရေးနိုင်တဲ့လူ ၊ သိပ်ရေးစွမ်းရှိတဲ့လူ ၊ နို့ ပေမယ့် သူ့ ခမျာရေးရတယ်မရှိဘူး ၊ အဖမ်းအဆီး
အချုပ်အနှောင်နဲ့ ပဲ နှစ်တွေအများကြီးနေသွားရတဲ့လူဆိုပြီး သူသေဆုံးစက မကျေနပ်ဘူး ။ပြီးတော့တစ်ခါ သူ့ 
လောက်လူကြိုက်များတဲ့ စာရေးဆရာတယောက်သေသွားလို့ မှ သူ့ အကြောင်း လွမ်းလွမ်းဆွတ်ဆွတ် ရေးခွင့်မရ
လေခြင်း ၊ ယနေ့ ထက်တိုင် ရွက်ပုန်းသီးလုပ်နေရလေခြင်းလို့ လည်း တနုံ့ နုံ့  မကျေမနပ်ဖြစ်ရပြန်တယ် ။အမေတို့ 
ဗမာစကားမယ် လူဆိုတာရှင် တစ်ကံ သေတစ်ကံတဲ့လေလို့ ၊ လူတန်တော့ ကံချလိုက်မှ စိတ်ထဲနည်းနည်း ခံသာတယ် ။
မြသန်းတင့် နဲ့  ပတ်သတ်လို့ လည်း အမေ့ရင်ထဲ မကျေနပ်တာတွေရှိပါသေးတယ်။ ကိုမြသန်း ဟာ ရေး
အားအင်မတန် ကောင်းတဲ့လူပါ။ အမေတွေ့ ဖူးတဲ့ သိတဲ့ စာရေးဆရာတွေထဲမှာ ကိုမြသန်း လိုရေးနိုင်တဲ့ လူမရှိပါ
ဘူး။ ဒါပေမယ့် သူ့ ခမျာ သူများရေးတာတွေ ၊ ဘာသာပြန်ရတာနဲ့  အချိန်ကုန်သွားရှာရတယ် ။သူဘာသာပြန်တာ
တွေ ကောင်းတယ်မှုတ်လား ။ စာဖတ်သူတွေ အကျိုးရှိတယ် မှုတ်လား ၊ ဂန္တဝင်ဝတ္ထုရှည် ကြီးတွေသူဘာသာပြန်
သွားပေလို့ ပဲ ၊ ဘယ်လောက်တန်ဖိုးရှိသလဲလို့  မေးစရာ ပြောစရာရှိပါတယ်။ ဒီလိုမေးရင် ဟုတ်ပါတယ် ၊ ကောင်း
ပါတယ် ၊ အဖိုးတန်ပါတယ်လို့ ပဲဖြေရမှာပါ။
ဒါပေမယ့် အမေ့ရင်ထဲမှာ ကိုမြသန်းဟာ “ဓါးတောင်ကိုကျော် ၍ မီးပင်လယ်ကို ဖြတ်မည်”ဆိုတဲ့ ကိုယ်ပိုင်
ရေးဝတ္ထု ၊ဂန္တဝင်မှာ ရှိနေရစ်မယ့် ဝတ္ထုမျိုးတစ်ပုဒ်မက အများကြီးရေးနိုင်စွမ်းတဲ့ စာရေးဆရာ၊ အဲ့ဒါမျိုးတွေ ရေးမ
သွားရပဲ အန္တရာယ်ကင်းဘေးရှင်းဆိုပြီး သူများရေးသွားတာတွေ ဘာသာပြန်ပြရင်းနဲ့ သူ့ အချိန်တွေ ကုန်ဆုံးသွားရ
ရှာတယ် ဆိုပြီးနှမြောနေတာပါ။ သူ့ အသက် ဒီ့ထက်ရှည်ရင်လည်း သူရေးချင်တာတွေရေးဖို့  အချိန်တွေရချင်ရလာ
မှာပေါ့။ ခုတော့ အမေတို့ မန္တလေးက မောင်စောလွင် (တက္ကသိုလ် စောလွင်) လိုပဲ မသေသင့်ပဲ သေရတာ ၊
ဒါကြောင့်ရင်ထဲ ဖြစ်ရလေခြင်းလို့  အမြဲတမ်း အောက်မေ့မိတယ်။
ကိုမြသန်း သေသွားတော့ ကိုတင်အောင်လိုတော့ မဟုတ်ဘူး ၊ သူ့ အကြောင်း ၊ သူ့ ကိုနှမြောပုံတွေ စာနယ်ဇင်းတွေမှာ တော်တော်ရေးကြပါတယ်။ဝမ်းသာစရာပါပဲ ။ဒါပေမယ့် ကိုမြသန်း ဘယ်လိုလူဆိုတာကိုတော့ အပြည့် အဝ သိတဲ့လူက နည်းနည်းရယ် ။
ကိုတင်အောင် နဲ့  ကိုမြသန်းတို့ သေတာနှစ် ( ၂၀ )ကွာခြားကြပေမယ့် ရေးချင်ရာ မရေးရတာ ၊ ရေးနိုင်
ကဲ ငါ့သား ငါ့သမီးတို့  အစစအဆင်ပြေကြပါစေ။ လိုအင်ဆန္နပြည့်ဝကြပါစေ။
အမေ လူထု ဒေါ်အမာ
ရွှေမော်ကွန်း ၁၉၉၉ခုနှစ်၊ မတ်လထုတ် အမှတ်၂၁
အမေ့အမှတ်တရ စာတွေအဖြစ်ေ၇ွှမော်ကွန်းမှာ ပြန်ပြောင်းတင်ပေးသွားပါ့မယ်။ ပြည်တွင်းက အထင်ကရ စာရေးဆရာကြီးတွေဖြစ်တဲ့ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ ဒေါ်အမာ၊ ပါရဂူ၊ ဒေါက်တာသန်းထွန်း၊ လင်းယုန်မောင်မောင်၊ အံ့မောင်၊ မြသန်းတင့်၊ အောင်သင်း၊ မောင်စွမ်းရည်၊ တင်မိုး၊ အောင်ဝေး၊ တို့နှင့် စာရေးဆရာ၊ဆရာမ တွေရဲ့ တန်ဖိုးဖြတ်မရမရတဲ့ စာကောင်းပေမွန်တွေကို ရွှေမော်ကွန်းမှာ အသုံးပြုခဲ့တာဖြစ်လို့  စာဖတ်သူမိတ်ဆွေတွေကို ပြန်လည်ဖော်ပြပေးသွားမှာဖြစ်သလို အသစ်တွေကိုလည်း ဖော်ပြပေးသွားနိုင်အောင် ကြိုးစားပေးသွားပါ့မယ်။
အမေလူထုဒေါ်အမာဟာ ပြည်တွင်းကသားသမီးတွေကိုမှချစ်တာမဟုတ်ပါဘူး၊ ပြည်ပတိုင်းတစ်ပါး ရေခြားမြေခြားရောက်နေကြရှာတဲ့ အိမ်မပြန်နိုင်ကြတဲ့ သားသမီးတွေ အပေါ်မှာလည်း အမြဲ စိုးရိမ်ပူပန်မူတွေနဲ့ နောက်ဆုံး ဆုံးပါးကွယ်လွန်သွားသည်အထိ ချစ်ခြင်းမေတ္တာတရားတွေ အပြည့်ပေးခဲ့သူပါ။
လူထုကချစ်တဲ့ လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့နံနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိပြီဖြစ်သည်။