Showing posts with label သုတအဖြာဖြာ. Show all posts

နေ့စဉ်ထဲမှ သူ့အလွဲများ


အရင်ကတည်းက ပူပင်တတ်တဲ့ ကျွန်မတို့ မိန်းမသားတွေဟာ ချစ်သူခင်သူတွေ နေမကောင်းဖြစ်တဲ့အခါ ပိုပြီးတောင် ပျာယာခတ်နေတတ်သေးတယ် မဟုတ်လား။ ကိုယ့်ချစ်သူမှာ ကျန်းမာရေးနဲ့ပတ်သတ်လို့ လွဲချော်တာလေးတွေ ရှိနေတယ်ဆိုရင် ဘယ်လောက်များ စိတ်ပူလိုက်ကြမလဲလို့ ကျွန်မ တွေးမိတဲ့အခါ သူတို့တွေလည်း ဖတ်မိပါစေလို့ဆိုတဲ့ ဆန္ဒလေးနဲ့ ချရေးဖြစ်ခဲ့ပါတယ်။

အများဆုံးလွဲချော်တတ်တာလေးတွေကတော့........
(၁) ဆရာဝန်နဲ့ တွေ့ရမှာ ၀န်လေးနေတတ်တာ…
ကျားကျားလျားလျား လို့ပဲ ပြောမလား ပစ်စလတ်ခတ်နေတယ်လို့ပဲပြောမလား ။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်ကို ဆရာဝန် နဲ့ တိုင်ပင်တဲ့နှုန်း ၂၅ ရာခိုင်နှုန်း နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အမျိုးသားတွေဟာ အမျိုးသမီးတွေထက် သက်တမ်းတိုတတ်တာ၊ ကင်ဆာရောဂါပိုဖြစ်တတ်တာလို့ ဆိုကြပါတယ်။

(၂) ဆေးစစ်ရမှာရော ဆေးစစ်ချက်အဖြေတွေကိုရော ကြောက်နေတတ်တာ…
ဆရာဝန်နဲ့ ပြသမှုနှုန်း နည်းတာတင် ဘယ်ကမလဲ။ဆေးစစ်မှုကိုလည်း အမျိုးသားတွေက တတ်နိုင်သမျှ ရှောင်ရှားတတ်ကြပါသေးသတဲ့။ အမျိုးသားတစ်ယောက်အနေနဲ့ ပုံမှန်ဆေးစစ်မှုတွေ လုပ်တဲ့အခါ လူလတ်တန်း အရွယ်တွေ မှာတောင် ဖြစ်လာတာ တွေ့ရတဲ့ ဆီးကျိတ်ကင်ဆာရောဂါ ကို ကြိုတင်ပြီးကာကွယ်နိုင်မှာပါ။ ဘယ်ကစလို့ ဆေးစစ်ရမှန်းမသိရင်တော့ ကျန်းမာရေး ဆိုင်ရာ ၀က်ဆိုဒ်တွေ ဒါမှမဟုတ် မိသားစု ဆရာဝန် တွေ ကဆင့် သိနိုင်ပါလိမ့်မယ်။

(၃) အရက်အလွန်အကျွံ သောက်သုံးမိတတ်တာ…
ရှေ့ဆောင်ဖြစ်နေတဲ့ အမျိုးသားဟာ လူနေမှုစနစ်ပြောင်းလဲလာတာ၊ လွယ်လင့်တကူရနိုင်တာ စတဲ့အကြောင်းအရာတွေ၊ စိတ်ဖိစီးမှုများနေတာ စတဲ့အကြောင်းတွေနဲ့ အရက်သေစာ အလွန်အကျွံ သောက်သုံးမိတာကြောင့် ဆိုးကျိုးတွေကို ပိုလို့ ခံနေရဆဲပါပဲ။ ရေရှည်ကျန်းမာရေး ပြသနာတင်မဟုတ်ပါဘဲ လတ်တလောရောဂါ ဖြစ်တဲ့ အ၀လွန်ခြင်းကိုပါ အရက်သေစာ အလွန်သောက်သံုးသူများ ကြုံတွေ့နေရတာပါ။ အမှန်တော့ လူမှုရေးအရ လူစုံလို့ သောက်တယ်ဆိုပေမယ့် ညနေစောင်းတိုင်း သူငယ်ချင်းတွေ စုံနေရင်တော့ သိပ်မကောင်းဘူးမဟုတ်လားဟင်။

(၄)တစ်ကိုယ်ရေ ကျန်းမာရေး
တချို့သုတသနတွေက အမျိုးသားတွေရဲ့နေ့စဉ် လုပ်ငန်းတွေကို လေ့လာတဲ့အခါ ၆၆% သော ပုရိသ တွေသာ တစ်နေ့ကို နှစ်ခါ ထက်ပိုပြီး သွားတိုက်တာ တွေ့ရပါတယ်။ အမျိုးသမီး တော်တော်များများကတော့ တစ်နေ့ကို နှစ်ခါနဲ့အထက် သွားတိုက်ပြီး သွားဆရာဝန် နဲ့လည်း မှန်မှန်ပြပါသတဲ့။ သွားနဲ့ သွားဖုံးရောဂါတွေဟာ နှလုံးရောဂါဖြစ်ပွားမှု၊ သတိမေ့လျော့တတ်တဲ့ဝေဒနာတွေကို ပိုမိုဖြစ်ပွားစေပြီး၊ ကျားပီသမှုကိုလည်း လျော့နည်းစေတယ်လို့ဆိုပါတယ်။

(၅)တိတ်တိတ်လေး ပေါက်ကွဲတတ်တာ…
အမျိုးသားတွေဟာ သူတို့ရဲ့ ခံစားချက်၊ စိတ်လှုပ်ရှားမှုတွေကို မျိုသိပ်ထားတတ်တာ များသလို လူတစ်ဖက်သားကို အကူအညီတောင်းရမှာ တခြားသူရဲ့ ငဲ့ညှာမှုကို ခံရမှာကို ခံပြင်းကြတတ်တာ ကို တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ ဒါတွေ ရဲ့  အကျိုးဆက်ကြောင့်ပဲ ကျန်းမာရေးနယ်ပယ်မှာ စိတ်ကျဝေဒနာဖြစ်ပွားမှုကို ဖော်ထုတ်နိုင်မှုဟာ မိန်းကလေးတွေ ထက် နည်းနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို သေကြောင်း ကြံစည်မှုမှာတော့ အမျိုးသားများဟာ ၇၇ % ပိုများနေတာ တွေ့ရပြန်ပါတယ်။ အမျိုးသား တစ်ယောက်ရဲ့ ဒေါသကြီးမှုပမာဏဟာ သူရဲ့ကျန်းမာရေး ကောင်းမွန်မှုနဲ့ တိုက်ရိုက်ဆက်နွယ်နေတာဖြစ်ပြီး ဒေါသအဖြစ်နည်းတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်းများလာတယ်လို့ သုတေသီများက ဆိုထားကြပါတယ်။

(၆) ရေနွေးကန် မှာ ရေချိုးတတ်တာ…
အမျိုးသား တော်တော်များများဟာ ရေနွေးနွေးမှာ စိမ်ချိုးရတဲ့ အရသာကို အနှစ်သက်ဆုံးလို့ လေ့လာသူများက ဆိုထားပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ် မှ သုံးနှစ်တာ သုတေသန ပြုလုပ်ချက်များအရ အဲဒီလို ရေနွေးနဲ့ ရေစိမ်ချိုးတာဟာ အမျိုးသားတွေရဲ့ မျိုးအောင်မှုနှုန်းကို ကျစေတယ် ဆိုတာတွေ့ရပါတယ်။ အဲဒီလိုအကျိုးဆက်တွေကို Jacuzzis သုံးသူတွေနဲ့ ကွန်ပြူတာကို အချိန်ကြာမြင့်စွာသုံးသူတွေမှာလည်း အလားတူတွေ့ရတယ်လို့ ဆိုပါတယ်။
(၇)Sun creem လိမ်းဖို့ အငြင်းအခုန် လုပ်နေတတ်တာ…
အရေပြားကင်ဆာဟာ အင်္ဂလန်မှာ အများဆုံးဖြစ်တဲ့ ကင်ဆာဖြစ်ပြီး လေ့လာချက်များအရ အမျိုးသားတစ်ချို့ဟာ sun cream လိမ်းဖို့ မေ့လျော့ ငြင်းဆန်ဆဲပဲလို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် အပြင်လောကမှာ နေ့စဉ် လှုပ်ရှားသွားလာနေရတဲ့ သူတွေ အနေနဲ့ သင့်တော်တဲ့ sun cream လိမ်းဖို့ရယ် အကျီလက်ရှည်ဝတ်ဖို့ရယ်ကလဲ အရေးကြီးတာပဲ မဟုတ်လား။


(၈) သူလည်း ကျန်းမာ ကိုယ်လည်း ကာကွယ်နိုင်တာပေါ့
အမျိုးသား သုံးယောက်ထဲက တစ်ယောက်ဟာ ရေအိမ်က ထွက်လာတဲ့အခါ လက်မဆေးတတ်ဘူးလို့အမေရိကန်ပြည်ထောင်စုက လေ့လာသူတွေက တွေ့ရှိကြတာကို မေတို့ အံ့သြကြမှာလား။ အဲဒီလိုပါပဲ လန်ဒန်က နာမည်ကြီးကျောင်းတစ်ခုရဲ့ သုတေသနပြုချက်များအရ လက်ဆေးတဲ့ အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံကသာ ဆပ်ပြာသုံးတတ်ပါသတဲ့။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတာ ကို နားလည်နေပြီးသား ဖြစ်နေမှာမို့ သတိထားပြီး လက်တွေ့ကျင့်သုံးတဲ့အခါ ကိုယ်လည်း ကျန်းမာ ကိုယ့်ချစ်တဲ့သူတွေကိုလည်း မကူးစက်နိုင်တော့ဘူးပေါ့။

(၉)ချိုင့်ဆွဲ ယဉ်ကျေးမှုတွေ ထွန်းကားလာတတ်တာ …
ပြေးပြေးလွှားလွှားခေတ်ကြီးကိုက ပါဆယ်ယူစားရတဲ့ ခေတ်ပဲလေ။ အမျိုးသားထုရဲ့ ၄၇ % ဟာ ဆိုင်ထမင်းဆိုင်ဟင်းနဲ့ ချိုင့်ဆွဲစားတာကိုအနည်းဆုံးတပတ်တခါ ပြုလုပ်လေ့ရှိပြီး အမျိုးသမီးထုရဲ့ ၃၅ % ကသာ ချိုင့်ဆွဲစားတတ်ကြပါသတဲ့။ ဆိုင်ထမင်းဆိုင်ဟင်းတွေ မှာ နေ့စဉ်လိုအပ်ချက်ထက် ပိုလွန်တဲ့ ကယ်လိုရီ၊ ဆားဓတ်တွေပါတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဆိုင် ထမင်းဟင်း ထက် အိမ်ထမင်းအိမ်ဟင်းကိုသာ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။

မွန်းသက်ပန် (ဆေး-၁ )
၀၀:၀၄ နာရီ၊ မတ်လ ၄ ရက် ၂၀၁၃ ခုနှစ်
ကင်ရှဆာမြို့
အလယ်ပိုင်း အာဖရိက။

အ၀လွန်နေသူတွေအတွက် မျှော်လင့်ချက် တစ်စ။


နှင်းငွေ့လေးတွေ ဝေသီပြီး အေးချမ်းလတဲ့  ဆောင်းရာသီထဲ ကိုတောင် ရောက်ခဲ့ပြန်ပါပြီ။ စာရေးသူနေတဲ့ သြစတြေးလျလိုနိုင်ငံမှာတော့ အစိုးရ ရုံးပိတ်ရက် ကျောင်းပိတ်ရက် မှာ လူတော်တော် များများက စိတ်အေးလက်အေးနဲ့ ပျော်ဖို့ရွှင်ဖို့ကို ပဲ စိတ်ထဲမှာထည့်ထားတတ်ကြပါတယ်။

အလုပ်ပိတ်ရက်ရှည်ရတဲ့ အချိန်တွေမှာဖြင့် သူငယ်ချင်းမိတ်ဆွေ တွေနဲ့ တကူးတက ကို ချိန်းပြီး ဆုံတွေ့ကြ သူတွေလည်း ရှိပါတယ်။  ကွဲကွာနေတဲ့ မိသားစုတွေ ဆိုရင်ဖြင့်လည်း ကျောင်းပိတ်ရက်ရုံးပိတ်ရက် မှာပြန်လည် ဆုံတွေ့ကြသည်ပေါ့ ။  ပြန်ဆုံကြပြန်တော့လည်း အတူတူ တပျော်တပါး စားကြသောက်ကြဖြင့် ပုံမှန်ရက်တွေ နှင့်စာရင်တော့ သည်ရက်ပိုင်းတွေမှာ  ပိုပြီး စားမိသောက်မိ တတ် ကြပါသည်။ သည်အခြေအနေမှာ  တစ်ချို့လည်း စဉ်းစားမိကောင်းစဉ်းစားမိကြပါလိမ့် မယ်။ မိမိတို့ သည်ရက်ပိုင်း ပိုစားမိလို့ တက်လာမယ့် အဆီတွေ တွေကို ဘယ်လိုများလျှော့ချကြမလဲပေါ့။

သတင်းကောင်းလေး တစ်ခု ကတော့ သြစတြေးလျ နိုင်ငံ မယ်လ်ဘုန်း တက္ကသိုလ် ကသုတေသီ တွေ က အ၀လွန်တာကို ကုသရာမှာ လိုအပ်တဲ့ အရးကြီးတဲ့ တွေ့ရှိချက်တစ်ခု ကို အောင်အောင်မြင်မြင် တွေ့ရှိခဲ့တာပါပဲ။  သို့သော်ငြားလည်း  အလုံးစုံ သက်သာ ပျောက်ကင်းအောင်  ကုသနိုင်တဲ့ ဆေးတစ်မျိုးကို ဖေါ်ထုတ်နိုင်ဖို့ ဆိုတာကတော့ ဆက်လက်သုသေသန တွေ လုပ်ဖို့ လိုနေဆဲပါလို့သူတို့ ကဆိုပါတယ်။  အ၀လွန်တာတို့  ကိုယ်အလေးချိန်တက်လာတာတို့နဲ့ ပက်သက်လို့ ပြောကြတဲ့ အခါ မှာ အလွယ်တကူ  အဆီ လို့ ပဲကျွန်တော်တို့ ပြောတတ်ကြပါတယ်။ အမှန်တကယ်ကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အဆီနှစ်မျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ ကျွန်တော်တို့ အများစု ရင်းနှီးတဲ့ အဖြူ ရောင်အဆီတစ်ရှုး (white fat tissue) တွေ ဖြစ်ပြီး ဒုတိယ တစ်မျိုးကတော့  အညိုရောင်အဆီ တစ်ရှုး (brown fat tissue) တွေဖြစ်ပါတယ်။  ကျစ်လျစ်ပြီး အဆီနည်း တယ် လို့ထင်ရတဲသူတွေမှာ တောင်မှ  အဲ့သည်အဖြူရောင် အဆီ တစ်ရှုး တွေဟာ  အညိုရောင် အဆီတွေထက်တော့များတာ ကိုတွေ့ရပါတယ်။  ဒါပေမယ့် Baker IDI Heart and Diabetes Institute)  က ဆေးသုတေသီတွေကတော့  အညိုရောင် အဆီ ( brown fat) ကိုပဲ တစိုက်မတ်မတ် လေ့လာနေကြပါတယ်။ သည်သုတေသန အဖွဲ့ မှDr.Carey ဆိုသူကတော့ အညိုရောင် အဆီ တစ်ရှုးတွေ ဟာ  အ၀လွန်မှု့ကို ကုသရာမှာ အရေးကြီးတဲ့ နေရာကနေ ပါဝင်လာလိမ့်မယ်  လို့ အခိုင်အမာပဲ ဆိုပါတယ်။  သည် တစ်ရှုးတွေရဲ့ လုပ်ဆောင်မှုကတော့ ကယ်လိုရီ တွေကို လောင်ကျွမ်းဖို့ ဖြစ်ပါတယ်။   အကောင်းဆုံးလုပ်ဆောင်နို်င်တဲ့ အချိန်မှာ ဆို သူတို့ရဲ့ ကယ်လိုလောင်ကျွမ်းနိုင်မှုဟာ အခြားသော ခန္ဓာကိုယ် အစိတ်အပို်င်းတွေရဲ့ကယ်လိုရီ လောကျွမ်းမှုထက်  များတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်ကတော့ သည်အညိုရောင်တစ်ရှုးတွေ စတင်လောင်ကျွမ်းပြီဆိုရင် အဖြူရောင် တစ်ရှုး တွေရဲ့လောင်ကျွမ်းမှု့ ကပါနောက်ဆက်တွဲအဖြစ် လိုက်လာလို့ပါပဲ။  သည်လို ဖြစ်ရတာကတော့ အညိုရောင် တစ်ရှုး တွေဟာ သူတို့ရဲ့လောင်ကျွမ်းဖို့ အတွက် လိုအပ်တဲ့ လောင်စာ ကို သူတို့ ရနိုင်တဲ့ နေရာ အကုန်လုံးကနေ ရယူတာကြောင့်ပဲဖြစ်ပါတယ်။ သည်လို လောင်ကျွမ်းခြင်းအားဖြင့် ခန္ဓာကိုယ်ထဲ က အဆီ ပမာဏ ကိုလျှော့ချပေးနိုင်ခြင်းဖြစ်ပါတယ်။  ကံမကောင်းတာကတော့ အ၀လွန်သူတွေမှာတော့ အညိုရောင်တစ်ရှုး ရဲ့လုပ်ဆောင်မှု့တွေ ဟာ သာမန် သူတွေ နဲ့မတူခြားနားတာကိုတွေ့ရခြင်းပါပဲ။  သာမန်  လူတွေမှာ ဆိုရင် အအေးဓါတ် သို့ အအေးနှင့် ထိတွေ့ခြင်းများ ဟာ အညိုရောင်တစ်ရှုး ကို အလုပ်လုပ်ဆောင်ဖို့  တိုက်တွန်းလှုံ့ဆော်ပေးနိုင်ပေမယ့် အ၀လွန်တဲ့သူတွေမှာတော့သည်လို  လှုံ့ဆော်ပေးနိုင်မှု့ဟာ  လျော့နည်း ပျောက်ဆုံး နေပါတယ်။

သို့သော် အ၀လွန်လာတဲ့ အခါမှာ အညိုရောင်တစ်ရှုး တွေရဲ့လုပ်ဆောင်ချက်တွေ ပျက်ဆီးသွားတာလား ။ ဒါမှမဟုတ် အညိုရောင်တစ်ရှုး တွေရဲ့လုပ်ဆောင်ချက်တွေကျလာခြင်းရဲ့ နောက်ဆက်တွဲ အဖြစ် အ၀လွန်ခြင်း ဖြစ် လာရသလား ဆိုတာကတော့ ယခု အချိန်အထိ တိတိကျကျ မသိသေးတဲ့ပုစ္ဆာ တစ်ပုဒ်ပါပဲ။  အဲသည်မှာ မေးစရာ ရှိလာတာ  တစ်ခုကတော့ အညိုရောင်တစ်ရှုးတွေ နဲ့ အ၀လွန်တာကို ကုသရာမှာ တွေ့ရှိခဲ့တဲ့ မျှော်လင့်ချက်တစ်ခု  မည်သို့မည်ပုံ ဆက်စပ်နေသလဲဆိုတာပါပဲ။

Dr.Carey တို့ဟာ  အအေးဓါတ် မဟုတ်တဲ့ အခြားအရာတစ်ခုနဲ့ အညိုရောင်တစ်ရှုးတွေကို နှိုးဆွ ပေးတဲ့ နည်းကို ရှာဖွေတွေ့ရှိခဲ့တာပါပဲ။ ဆေးတစ်မျိုးမျိုး ကိုအသုံးပြုပြီး အညိုရောင်တစ်ရှုး  ကို လှုံ့ဆော်ပေးတာ ဟာ အကောင်းဆုံးနည်းပါလို့ သူတို့ ကဆိုပါတယ်။သူတို့ စမ်းသပ်တဲ့ ဆေးတစ်မျိုးဟာ အညိုရောင်တစ်ရှုး တွေကို  လှုံ့ဆော်ပေးတာနဲ့ တစ်ပြိုင်နက်ထဲမှာပဲ အစား စားချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဦးနှောက်ရဲ့ ညွှန်ကြားမှု့တစ်ချို့ကိုပါ ပိတ်ဆို့ တားဆီး ပေးမှာဖြစ်ပါတယ်။

သည်သုတေသန မှာပါတဲ့ သူတွေကို သူတို့က ephedrine ဆိုတဲ့ ဆေး တစ်မျိုး ကို ပေးပါတယ်။ ဘေးထွက် ဆိုးကျိုး အနေနဲ့ကတော့ နှလုံးခုန်နှုန်းမြန်တာ ကို တွေ့ခဲ့ရပါတယ်။ သည်လို ဘေးထွက်ဆိုးကျိုးတွေကို တွေ့ခဲ့ရပေမယ့်  ဒါဟာ အ၀လွန်မှု့ကို ကုသရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။   ဘေးထွက်ဆိုး ကျိုးတွေကို လျှော့ချ ပြီိး ရေရှည် အသုံးပြုနိုင်မယ့်ဆေးမျိုးကို ဖေါ်ထုတ်နိုင်ပြီး အဲ့ဒီဆေးနဲ့ပဲ   ခန္ဓာ ကိုယ် အလေးချိန်ကို တကယ် ကျစေမယ့် ဆေးတစ်မျိုးဖေါ်ထုတ်နိုင်မယ့်အခြေအနေအထိ ရောက်အောင် ကြိုးစားသွား မယ်လို့ ဆိုပါတယ်။  သည်လို ဆေးမျိုးအမြန်ဆုံပေါ်ပေါက်လာလိမ့်နိုင်ဖို့ အတွက် ဆေးသုတေသီများမှ  ကြိုးစားရှာဖွေနေကြကြောင်း  သတင်းကောင်းပါးလိုက်ရပါတယ်။
Reference: ABC news
ရဲဝင့်ဦး (ဇီဝကမ္မဗေဒ)

မြန်မာ ဒါဗင်ချီကုဒ်


တစ်နေ့က အိမ်မှာ စီဒီအဟောင်းပုံထဲက Davinci Code ဇာတ်လမ်းလေး ပြန်တွေ့မိတယ်။ အကြိမ်ကြိမ် ကြည့်ပြီးသားပေမယ့် သဘောကျတာကြောင့် နောက်တစ်ခေါက် ထပ်ကြည့်လိုက်တာ ညနေ သုံးနာရီကျော်သွားပါရော။ အဲဒီမှာ ယေရှုခရစ်တော်နဲ့ ပတ်သက်တဲ့ လျှို့ဝှက် ကိစ္စတွေကို Code, Cryptogram, Cipher စတဲ့ ဝှက်စာရေးနည်းတွေနဲ့ ဖွက်ထားတာကို မင်းသားနဲ့ မင်းသမီးက လိုက်အဖြေရှာ ဖော်ထုတ်ကြတာပါ။ ဟိုးရှေးရှေးက ခရစ်တော်ရဲ့ မရှင်းမရှင်း ကိစ္စဆိုတော့ မင်းသားနဲ့ မင်းသမီးကို နှုတ်ပိတ်ဖို့ လိုက်ပြီးလုပ်ကြံတဲ့သူတွေကလည်း အများသားပေါ့။


အဲဒီကားလေး ကြည့်ရင်းကနေ မြန်မာရှေးတုန်းက ပဟေဠိတချို့ကို သွားသတိရမိတယ်။ သူတို့လည်းပဲ Davinci Code လို အသည်းအသန်ဖော်ရတာပါပဲ။ ခေတ်ကာလက မြန်မာနောက်ဆုံးမင်းဆက်ရဲ့ ကုန်းဘောင်ခေတ်ကာလ တုန်းကပါ။ မင်းတုန်းမင်းနဲ့ စကြာဒေဝီတို့ အပြန်အလှန်ပေးတဲ့ ဝှက်စာတွေ ဖြစ်ပါတယ်။

မင်းသားထံမှ ပေးသော သံဝေဂတေးထပ်

ကပ်ကမ္ဘာဦးအစ၊ အထူးပမှတ်ရာ၊ မြတ်မျိုးတို့ သိအပ်ပါသည်၊ နိပါတ်လာစကား၊ ပန်းသော်က မုခ်ခံမြင့်သည်၊ ရုပ်နံနှင့် ကင်းစို့မမှား၊ ငါဟူသည့် မာနတွေကို၊ ကွာပစေစိတ်ထား၊ မြဲစွဲစွာ ထူးခြား၍၊ ဦးတရားရဖယ်၊ ခါဖန်ဖန် ဓမ္မာပြ၊ စွာလှသည့် ဒေါသဖျောက်ပယ်၊ မိတ်ကောင်းရ ဂူလယ်မှာ၊ သူတော်နွယ်လိုပြည့်၊ တကိုယ်မွေ့ ဆိတ်ငြိမ်ရာ၊ မပြတ်ကျင့်ခွာ၊ ကိုင်လက်စွဲ ကျမ်းရွှေစာကို၊ လမ်းမကွာ ရှုစမ်းကွယ့်လေး။

မင်းတုန်းမင်းသားက အဲလိုရေးပေးတော့ စကြာဒေဝီမင်းသမီးကလည်း အောက်ပါအတိုင်း တေးထပ် တစ်ပုဒ် ပြန်ရေးပေးပါသတဲ့။

မင်းသမီးထံမှ ပြန်ပေးသော သံဝေဂတေးထပ်

နောက်နောင်ခါ ပျက်ပြားရ၊ တက်ကြွားလှမာန်ကို၊ ပူကျိုးနဲ့ ရန်မခိုအောင်၊ ပဟန်ဆို နောက်ဆုံး၊ ပန်းရင်ကပ် ရိပ်နွမ်းရော်ငယ်၊ အိပ်တန်းတော် ဆင်းသက်သည့်ထုံး၊ တော်မခ ရော်လျကြွေ၊ သော်ကငွေ နောက်ဆုံး၊ သည်ပမာ ကွဲပျက်ပြုန်းနေကြ၊ ပွဲတက်တုန်း သေကြေ၊ တော်ဝင်အောင် ကျော်ဆင်သ၊ ဇော်တင်ရ ထူးဂုဏ်မြင့်နေ၊ လင်သားနဲ့ ပြုံးနေစ၊ သုံးသေကြေ ခက်စတောင်းဟာမို့၊ မက်မကောင်း ပစ်ပယ်မှာ၊ ခြေရောလက်ပါ၊ တက်လှမ်း၍ နန်းအမတာကို၊ ဆန်းမကြာ မှီခိုဖို့လေး။

ငှက်မသိတော့ ဆက်ရက်ချိုးထင်သလိုပါပဲ။ ဒီလို အပြန်အလှန်ပေးကြတာကို သေချာမသိရင်တော့ အပြန်အလှန် တေးထပ်တွေ ရေးပေးတယ်လို့ပဲ ထင်ကြမှာပါ။ တကယ်က စကားဝှက်နဲ့ စာရေးတာပါ။ ဒီလိုဆိုတော့ Mindone Code, Satkyar Code စသဖြင့် ခေါ်ရတော့မှာပေါ့။ ဝှက်တာကို ဖော်ဖို့ ရာကတော့ Davinci Code ထက်တောင် ရှုပ်ပါသေးတယ်ဗျာ။ ပထမဆုံး မြန်မာသမိုင်းလေး နည်းနည်းလောက် ပြန်နွှေးကြတာပေါ့။ သမိုင်းသိတော့ ဘလိုင်းညှိဆော့ဖို့ မလိုတော့ ပိုစိတ်ဝင်စားဖို့ ကောင်းတာပေါ့ဗျာ။

ဟိုး မတိုမရှည်တုန်းကပေါ့ဗျာ။

ရွှေဘိုမင်း၊ ကုန်းဘောင်မင်းလို့ ခေါ်ကြတဲ့ သာယာဝတီမင်းမှာ မိဖုရားခေါင်ကြီးကနေ သားတော် ပုဂံမင်းနဲ့ သမီးတော် စကြာဒေဝီတို့ကို ရပါတယ်။ စကြာဒေဝီ မင်းသမီးဟာ ပိဋကတ်ဗေဒင်ပညာမှာ တစ်ဖက်ကမ်းခတ် တတ်မြောက်ကျွမ်းကျင်ရုံမက ရုပ်ဆင်းသွင်ပြင်ကလည်း နတ်သမီးတမျှ ထူးထူးခြားခြား လှပသတဲ့။ (အရင်ဘဝက နတ်ပြည်မှာ နတ်ဖြစ်ခဲ့လေသလား မသိ) ဒါကြောင့် မင်းညီမင်းသား အတော်များများက သဘောကျကျ နှစ်သက်ခြင်း ခံရသူပါ။ သူက ဣနြေ္ဒသိက္ခာကလည်း ကြီးတော့ မင်းညီမင်းသားတွေခမျာ ချစ်ကြိုက်ကြောင်းကိုလည်း အသိမပေးရဲကြပြန်ပါဘူး။

အခြားတစ်ဘက်မှာ သာယာဝတီမင်းဟာ စကြာဒေဝီရဲ့ မယ်တော်မိဖုရားခေါင်ကြီးအပြင် အရပ်လေးမျက်နှာမှာ အဆောင်ရတဲ့ မြောက်ဆောင်တော် မိဖုရား၊ တောင်ဆောင်တော် မိဖုရား၊ မြောက်ရွှေရေးဆောင် မိဖုရား၊ တောင်ရွှေရေးဆောင် မိဖုရား ဆိုပြီးတော့လည်း မိဖုရားလေးပါး ရှိပါသေးတယ်။ အဲဒီအထဲက တောင်ရွှေရေးဆောင် မိဖုရားမှာ သားတော် မင်းတုန်းမြို့စားနဲ့ ကနောင်မြို့စားဆိုပြီး သားတော်နှစ်ပါးရှိလေတယ်။ ခမည်းတော် သာယာဝတီမင်းလွန်တော့ ပုဂံမင်း မင်းတက်ပေမယ့် တိုင်းရေးပြည်ရေးထက် အပျော်အပါးကိုသာ စိတ်ဝင်စားလေတော့ သူ့နှမတော် စကြာဒေဝီ မင်းသမီးက သဘောမကျလေဘူး။

အဲလို အခါမှာ မင်းတုန်းစား (ထိုအချိန်က မင်းမဖြစ်သေး) က အစ်မတော် စကြာဒေဝီထံ အမြဲဝင်ထွက်ပြီး တိုင်းရေးပြည်ရေး ဆွေးနွေးတာတွေ၊ ဗေဒင် ယတြာတိုင်ပင်တာတွေ မကြာခဏလုပ်လေ့ ရှိသတဲ့။ (တခြားအကြောင်းတွေလည်း ပါချင်ပါမှာပေါ့...) အဲဒီတော့လည်း အိုးချင်းထား အိုးချင်းငြိဆိုသလို တစ်ဦးကို တစ်ဦး သံယောဇဉ်တွေ ကြီးလာကြတာပေါ့ကွယ်။

စကြာဒေဝီမင်းသမီးကလည်း မင်းတုန်းစားရဲ့ ဇာတာနဲ့ သူ့နောင်တော် ပုဂံမင်းရဲ့ ဇာတာကို နှိုင်းယှဉ်စစ်ဆေးကြည့်တဲ့အခါမှာ ပုဂံမင်းဟာ မင်းတုန်းစားရဲ့ ဘုန်းကံကို မယှဉ်သာဘဲ အရှုံးပေးရမယ်ဆိုတာကို သူ့ပညာနဲ့ တွက်ချက်ပြီး မြင်လေသတဲ့။ ဒီတော့ ရှေ့ရေးကိုမြော်ပြီး မင်းတုန်းစားကို အခွင့်အရေးပေးပါတယ်။ (ဗေဒင်ပညာလေလား မိန်းမမာယာလေလား)

အဲလိုနဲ့ နောက်ဆုံးမှာ မင်းတုန်းစားက စကြာဒေဝီရဲ့ နည်းပေးလမ်းပြ စီစဉ်ညွှန်ကြားမှုနဲ့ပဲ ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ယတြာတွေ လုပ်ပြီး နောင်တောင် ပုဂံမင်းကို ပုန်ကန်နိုင်ခဲ့ပါတယ်။ အဲဒီကနေ ကျေးဇူးတရားတွေကို လက်ခံရင်း မင်းတုန်းမင်းဟာ စကြာဒေဝီမင်းသမီးကို အားကိုးအားထားချင်တဲ့ စိတ်တွေ ဝင်လာတော့တာပေါ့ဗျာ။ မင်းတုန်းမြို့စားဘဝတုန်းက လက်ဆက်ထားတဲ့ ခင်သဲဆိုတာက မြန်အောင်မြို့သူကြီးရဲ့ သမီးဆိုတော့ သာမည အရပ်သူဖြစ်နေတော့ သူ့ကိုလည်း မိဖုရားခေါင် မြောက်ဖို့က မဖြစ်နိုင်ပြန်ဘူး။

အဲဒီအခါ မင်းတုန်းမင်းမှာ မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိ ဆိုတဲ့ အတိုင်း အစ်မတော် စကြာဒေဝီ မင်းသမီးကို မိဖုရားခေါင်ကြီး အပ်နှင်းလိုက်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ (ဟိုကလည်း အတော်လှတယ်ဆိုတော့...) ဒါပေမဲ့ မိဖုရားခေါင်နေရာကို အစ်မတော် ယူပါလို့ ပြောလိုက်ရင်ဖြင့် စိတ်များ ဆိုးတော်မူမှာလား တွေးမိတာကြောင့်လည်း မလျှောက်ဝံ့ မတင်ဝံ့ ဖြစ်နေမိတယ်။

နောက်မှ အစ်မတော်နဲ့ အတူ အဆောင်တော်ထဲမှာ စကားထာဝှက်လေ့ရှိတာကို သတိရပြီး သူ့ရဲ့ အကြံအစည်ကို အထက်က အတိုင်း တစ်ပါးသူတို့ ဖတ်မိလည်း တင့်စေ၊ အစ်မတော်လည်း အဓိပ္ပာယ်သိသွားရင် ခွင့်လွှတ်နိုင်ပါစေ ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်လို့ သံဝေဂ တေးထပ် အနေနဲ့ ရေးပို့လိုက်ပါတော့တယ်။

ကဲ... အဲဒီတော့ သံဝေဂတေးထပ်က ဘာတွေများ ထည့်ဝှက်ထားသလဲ ဆိုတာ ကြည့်ရအောင်ဗျာ။ အဲလို မဖော်ခင်မှာ ပဟေဠိဆန်တဲ့ မြန်မာစာပေ အရေးအသားတွေထဲက “ပိတုန်းပျံဝဲ ရေးသားနည်း” ကို ပြောပြချင်ပါတယ်။

ပိတုန်းပျံဝဲရေးနည်း ဟူသည် ရေးလိုသော စာလုံးစုစုပေါင်းသည် စုံဂဏန်း ဖြစ်ရမည်။ ယင်းစာလုံးစုစုပေါင်းကို (၂) ဂဏန်းဖြင့် စား၍ ပြတ်ရမည်။ အဖြောင့်ရေးသားထားသော စာတစ်ကြောင်းကို ပိတုန်းပျံဝဲရေးနည်းဖြင့် ရေးသားလိုလျှင် ရှေးဦးစွာ ပထမဆုံးစာလုံးကို ရေးရမည်။ ထို့နောက် စာလုံးတစ်လုံးကျော်စီ ကောက်ယူရေးရမည်။ စာကြောင်းဆုံးသွားလျှင် ဒုတိယစာလုံးကို ပြန်ကောက်ပြီး ထိုမှတစ်ဆင့် တစ်လုံးကျော် ပြန်ကောက်နည်းဖြင့် ဆက်လက်ရေးသား ရမည်ဖြစ်သည်။

“မြန်မာစာပေသမိုင်းတွင် မော်ကွန်းစာပေသည် အထင်အရှား ရပ်တည်လျက် ရှိနေသည်”ဟူသော ဝါကျကို ပိတုန်းပျံဝဲနည်းဖြင့် ရေးသားလျှင် “မြန်စာသတွင် ကွန်းပေအအ ရပ်လျက်နေ မာပေမိုင်းမော် စာသည်ထင်ရှား တည်ရှိသည်။” ဟူ၍ ရေးရမည်ဖြစ်သည်။  အကယ်၍ ပိတုန်းပျံဝဲရေးနည်းကို မူရင်းအဖြောင့်ဝါကျသို့ ပြန်လည် ရေးလိုလျှင် ဦးစွာ စာလုံးများကို အလယ်မှ ထက်ဝက်ပိုင်းပါ။

မြန် စာ သ တွင် ကွန်း ပေ အ အ ရပ် လျက် နေ
မာ ပေ မိုင်း မော် စာ သည် ထင် ရှား တည် ရှိ သည်။

ထို့နောက် အပေါ်ပိုင်း၏ ပထမစာလုံးကို ဦးစွာယူပြီးနောက်၊ အောက်ပိုင်းမှ ပထမစာလုံးကို ဆက်ယူ၍ ရေးရမည်။ ဤနည်းဖြင့် အထက်နှင့်အောက် စနစ်တကျ အစီအစဉ်အတိုင်း ကောက်ယူရေးသားမှု ပြုရမည် ဖြစ်၏။

အဲဒါကိုသိသွားရင်တော့ တေးထပ်တွေကို ကြည့်ပါမယ်။ မင်းတုန်းမင်းက ပေးတဲ့ တေးထပ်မှာ ပါတဲ့ အပိုဒ် ၁၈ ပိုဒ်ကို တစ်ပိုဒ်စီ ခွဲပြီး ချရေးလိုက်ရင် အောက်က အတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။

ကပ် ကမ္ဘာဦးအစ
အ ထူးပမှတ်ရာ
မြတ် မျိုးတို့ သိအပ်ပါသည်
နိ ပါတ်လာစကား
ပန်း သော်က မုခ်ခံမြင့်သည်
ရုပ် နံနှင့် ကင်းစို့မမှား
ငါ ဟူသည့် မာနတွေကို
ကွာ ပစေစိတ်ထား
မြဲ စွဲစွာ ထူးခြား၍

ဦး တရားရဖွယ်
ခါ ဖန်ဖန် ဓမ္မာပြ
စွာ လှသည့် ဒေါသဖျောက်ပယ်
မိတ် ကောင်းရ ဂူလယ်မှာ
သူ တော်နွယ်လို ပြည့်
တ ကိုယ်မွေ့ ဆိတ်ငြိမ်ရာ
မ ပြတ်ကျင့်ခွာ
ကိုင် လက်စွဲ ကျမ်းရွှေစာကို
လမ်း မကွာ ရှုစမ်းကွယ့်လေး

အဲဒီကနေ အပိုဒ်တစ်ခုစီရဲ့ ရှေ့ဆုံးအလုံးတွေကို ယူလိုက်မယ်ဆိုရင် “ကပ် အ မြတ် နိ ပန်း ရုပ် ငါ ကွာ မြဲ ဦး ခါ စွာ မိတ် သူ တ မ ကိုင် လမ်း” ဆိုပြီး ၁၈ လုံးရှိတဲ့ စာကြောင်း တစ်ကြောင်း ရလာပါမယ်။ အဲဒီစာကြောင်းက အထက်မှာ ပြောပြခဲ့တဲ့ ပိတုန်းပျံဝဲရေးနည်းဖြင့် ရေးထားတာကြောင့် ဝှက်စာကို အဲဒီနည်းနဲ့ ပြန်ဖော်ပြီး ကောက်ယူရပါမယ်။

အဲဒီအခါမှာ “ကပ်ဦးအခါ၊ မြတ်စွာနိမိတ်ပန်း၊ သူယုတ်တံငါ၊ မကွာကိုင်မြဲလမ်း” ဆိုပြီး ထွက်လာပါမယ်။ (ဒီနေရာမှာ “တငါ = တံငါ၊ သူရုပ် = သူယုတ်” ဆိုပြီး အသံထွက်ကို လိုက်ပြီး ထပ်ပြောင်းရပါသေးတယ်။ Davinci Code လောက်ကတော့ သနားတယ်လို့ပဲ ပြောချင်တယ်။)

အဲဒီအတိုင်းပဲ မင်းသမီး ပြန်ပေးတဲ့ သံဝေဂ စာကို ဖော်ကြည့်ကြတာပေါ့။

နောက် နောင်ခါ ပျက်ပြားရ
တက် ကြွားလှမာန်ကို
ပူ ကျိုးနဲ့ ရန်မခိုအောင်
ပ ဟန်ဆို နောက်ဆုံး
ပန်း ရင်ကပ် ရိပ်နွမ်းရော်ငယ်
အိပ် တန်းတော် ဆင်းသက်သည့်ထုံး
တော် မခ ရော်လျကြွေ
သော် ကငွေ နောက်ဆုံး
သည် ပမာ ကွဲပျက်ပြုန်းနေကြ

ပွဲ တက်တုန်း သေကြေ
တော် ဝင်အောင် ကျော်ဆင်သ
ဇော် တင်ရ ထူးဂုဏ်မြင့်နေ
လင် သားနဲ့ ပြုံးနေစ
သုံး သေကြေ ခက်စတောင်းဟာမို့
မက် မကောင်း ပစ်ပယ်မှာ
ခြေ ရောလက်ပါ
တက် လှမ်း၍ နန်းအမတာကို
ဆန်း မကြာ မှီခိုဖို့လေး။

အထက်က မင်းသားရဲ့ ပေးစာကို ဖော်သလိုမျိုး ဖော်လိုက်မယ်ဆိုရင်ဖြင့်... “နောက်ပွဲတက်တော်၊ ပူဇော်ပလ္လင်ဆန်း၊ သုံးအိပ်မက်တော်၊ ခြေတော်တက်သည်ဆန်း” ဆိုပြီး အဖြေရလာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း (ခြေသော် = ခြေတော် လို့ အသံထွက်အရ ပြောင်းယူရပါမယ်)

မင်းတုန်းမင်းသားက... “ကပ်ဦးအခါ၊ မြတ်စွာနိမိတ်ပန်း၊ သူယုတ်တံငါ၊ မကွာကိုင်မြဲလမ်း” လို့ မေးတာကို စကြာဒေဝီ မင်းသမီးက... “နောက်ပွဲတက်တော်၊ ပူဇော်ပလ္လင်ဆန်း၊ သုံးအိပ်မက်တော်၊ ခြေတော်တက်သည်ဆန်း” လို့ အဖြေပြန်ပေးပါသတဲ့။ အဲဒါကလည်း သူတို့ တကယ်ဆိုလိုရင်း မဟုတ်သေးပါဘူး။ (ဒါကြောင့် ဒါဗင်ချီကို သနားတယ် ပြောရတာ) ဒီတော့ ဘာတွေမေးလို့ ဘာတွေ ဖြေကြသလဲ ထပ်တွေးကြည့်ကြတာပေါ့။

“ကပ်ဦးအခါ မြတ်စွာ နိမိတ်ပန်း” ဆိုတာက ကျမ်းဂန်တွေထဲက “ကမ္ဘာအပြား မျိုးခြောက်ပါး” ရှိတဲ့ အထဲမှာ ကပ်ဦးကမ္ဘာတည်းက နိမိတ်ပန်းအဖြစ် ပွင့်လာတာက ကြာပန်းပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ခု ပျက်စီးသွားပြီးလို့ နောက်ထပ် ကမ္ဘာသစ်တစ်ခု ဖြစ်လာတိုင်း ရေ၊ မြေ၊ တော၊ တောင်တွေနဲ့အတူ ကြာပန်းပွင့်ဟာ ကမ္ဘာသစ် ဖြစ်လာပြီဆိုတဲ့ နိမိတ်အနေနဲ့ ပွင့်လာရပါတယ်။ ဒီတော့ “ကြာ” ဆိုတဲ့ စကားလုံး ရလာပါတယ်။

“သူယုတ်တံငါ၊ မကွာကိုင်မြဲလမ်း” ဆိုတာကို ဖော်ကြည့်ရင်... တံငါသည်တွေက အမြဲမကွာ ကိုင်လေ့ရှိတာဟာ... ပိုက်ကွန် ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီကနေ... “ပိုက်” ဆိုတဲ့ စကားလုံး ရပါတယ်။

ဒီတော့ မင်းတုန်းမင်းသားက စကြာဒေဝီကို ပေးတဲ့ ဝှက်စာဟာ... “ကြာပိုက်၊ ကြိုက်ပါ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။ (နောက်ဆုံးတော့ သူလည်း ဒီဘူတာ ဆိုက်တာပါပဲလေ... ဒါဗင်ချီရေ မင်းတို့လို သမိုင်းတွေ ချီမနေဘူးဟ... တို့ဘုရင်က ရင်ထဲက စကားပဲ ပြောတယ်...)

ဒီလောက်ဆိုရင် စကြာဒေဝီက ဘယ်လို ပြန်ဖြေမယ်ဆိုတာ နည်းနည်းတော့ ရိပ်မိကြမယ် ထင်ပါတယ်။“နောက်ပွဲတက်တော်၊ ပူဇော်ပလ္လင်ပန်း” ဆိုတာကို ဖော်ဖို့ ရှေးမြန်မာဘုရင်တွေရဲ့ နေရာတော် အသီးသီးကို သိရမှာ ဖြစ်ပါတယ်။ “ဇေတဝန်ဆောင်၊ ပေါင်းထော်ဆောင်၊ ပရိတ်နာတက်ဆောင်၊ အနောက်ပွဲတက်ဆောင်” ဆိုပြီး အဆာင်အသီးသီးရှိရာမှာ... ရာဇပလ္လင်ဟာ အနောက်ပွဲတက်ဆောင်မှာ ရှိပါတယ်။ ရာဇပလ္လင်ဥကင်ရဲ့ လက်ဝဲလက်ယာ နေရာတွေမှာ ပဒုမ္မာကြာပွင့်ခံပြီး ထုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် အဲဒီကနေ “ကြာ” ဆိုတဲ့ စကားလုံးကိုရပါမယ်။

“သုံးအိပ်မက်တော်၊ ခြေတော်တက်သည့်ဆန်း” ဆိုတာကို ဖော်ဖို့အတွက်တော့ ဗုဒ္ဓဝင်ကို သွားရပါမယ်။ ဂေါတမ မြတ်စွာဘုရား အလောင်းတော်ဟာ ဘုရားအဖြစ်ကို ရခါနီးဆဲဆဲ သက္ကရာဇ် (၁ဝ၃) ခု၊ ကဆုန် လဆန်း (၁၄) ရက် အင်္ဂါနေ့ညမှာ အိပ်မက်ကြီး ငါးပါးကို မြင်မက်ပါတယ်။ အဲဒီထဲက တတိယ (သုံးခုမြောက်) အိပ်မက်တော်က အရောင်အဆင်း ဖြူဖွေးနေတဲ့ပိုးကောင်တွေဟာ ခြေတော်ကနေ ဒူးပုဆစ်ထိအောင် ထူးထူးဆန်းဆန်း ဖုံးလွှမ်းတက်ရောက်တယ် လို့ မြင်မက်တာပါ။ အဲဒီတော့ “သုံးအိပ်မက်တော် ခြေတော်တက်သည့်ဆန်း” ဆိုတာကနေ... “ပိုး” ဆိုတဲ့ စကားလုံး တစ်လုံးရပါမယ်။

ဒီတော့ စကြာဒေဝီမင်းသမီးက မင်းတုန်းမင်းသားကို ပြန်ရေးလိုက်တာက... “ကြာပိုး၊ ကြိုးပါ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်ကို ချစ်မြတ်နိုးလို့ ရွှေဂဟေဆက်ချင်ရင်ဖြင့် ကြိုးစားပါ လို့ အားပေးတိုက်တွန်းတဲ့ အဖြေပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ နောက်ဆုံးမှာ မင်းတုန်းမင်းသားနဲ့ စကြာဒေဝီမင်းသမီးတို့ ညားသွားကြတာပေါ့ဗျာ။ မင်းတုန်းဘုရင်ဟာ သူ့ဆံတော်ကို ရှင်းလင်းထုံးနှောင်ပေးရတဲ့ တာဝန်ကို အစ်မတော် စကြာဒေဝီ မိဖုရားက လွဲရင် တခြားဘယ်သူ့ကိုမှ ကိုင်ခွင့်မပေးခဲ့ဘူးလို့လည်း ဆိုပါတယ်။ နောက်ဆုံးနတ်ရွာစံတဲ့အထိ “အစ်မတော်” လို့ ခေါ်ရင်း စကြာဒေဝီနဲ့ ပေါင်းဖက်သွားပါလေသတဲ့။ (မင်းတုန်းဘုရင်ရဲ့ အခြားသောကိစ္စတွေကိုတော့ အခြားသော နေရာမှာပဲ ခဏထားလိုက်ပေါ့ဗျာ)

အဆုံးသတ်မတော့ နန်းဓလေ့ နန်းဟန်နဲ့ ရေးပေးလိုက်တဲ့ ဆန်းပေ့ ဆန်းပြန်ဆိုတဲ့ ဝှက်စာကြီးက သမီးရည်းစားတွေ အပြန်အလှန်ပေးတဲ့ မေတ္တာစာတွေ ဖြစ်နေတာပေါ့ကွယ်။ ပုံပြင်လေးက ဒါပါပဲ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်
..............................................................................

မှီငြမ်း၊ ကိုးကား

  • ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား၊ လှမြင့် (ရန်ကုန်တက္ကသိုလ်)။ သူရဇ္ဇမဂ္ဂဇင်း၊ အတွဲ (၁ဝ) အမှတ် (၉) စက်တင်ဘာ ၂ဝ၁ဝ
  • မြန်မာ့ရိုးရာ စကားထာများ၊ ကြည်ဦး


(စာကြွင်း။ ။ ဒီဆောင်းပါးသည် စကားထာ ပဟေဠိ စသည်တို့အကြောင်းကိုသာ အဓိကဖော်ပြခြင်းဖြစ်ပါသဖြင့် သမိုင်း၊ ရာဇဝင်စသည့် အချက်အလက်များနှင့် ပတ်သက်သည်များကို မိမိဘာသာ တိုက်ဆိုင်လေ့လာဖို့ အကြံပြုချင်ပါသည်။)

နေ့စဉ်ဘ၀နှင့် နုပျိုခြင်း ခရီးစဉ်


တချို့သော ကိစ္စတွေဟာ နေ့တိုင်း လုပ်နေကျအလုပ်တွေ ဖြစ်ပေမယ့် အဲဒီအကျင့်ကလေးတွေက ရုပ်ရည်နုပျိုတာကို အဟန့်အတားဖြစ်စေမယ်ဆိုရင် ဘယ်လိုများ ပြင်ဆင်ထားရမလဲဆိုတာ တွေးမိတဲ့အခါ…
ရုပ်ရှင်ကြည့်ခြင်းနှင့် နုပျိုခြင်းခရီးစဉ်
တနေကုန်တနေခမ်း တီဗွီထိုင်ကြည့်တတ် သူတွေဟာ ခါးနာရောဂါရတတ်တယ်လို့ အသိများကြပေမယ့် တစ်နာရီကြာတီဗွီရှေ့မှာ အချိန်ဖြုန်းတိုင်း လူ့သက်တမ်းရဲ့ ၂၂ မိနစ်ကို တိုစေတယ်ဆိုတဲ့ University of Queensland တက္ကသိုလ်ရဲ့ ရှာဖွေတွေ့ရှိချက်ကို လူတိုင်းသိပါရဲ့လား။ အဲဒါအပြင် တီဗွီကြည့်ခြင်းဟာ မှတ်ဥာဏ်ချို့ယွင်းခြင်းရောဂါတစ်ခုဖြစ်တဲ့ Alzheimer’s disease ရောဂါကို ဖြစ်ပွားမှုနှုန်းများစေတာမို့ စာဖတ်သူရဲ့ တီဗွီကြည့်ချိန်ကို လျှော့ချဖို့ အချိန်တန်ပြီဆိုရင်ရော…

ပုလင်းလိုက်မော့သောက်တဲ့အခါ နှင့် နုပျိုခြင်းခရီးစဉ်
ဆေးလိပ်သောက်တဲ့သူတွေရဲ့ ပါးစပ်တ၀ိုက်မှာ အရေးအကြောင်းများ ထင်တတ်တာကို သတိထားမိပါရဲ့လား။ အအေးသောက်တဲ့အခါ ပုလင်းလိုက်မော့သောက်တာဟာ သိပ်မယဉ်ကျေးတဲ့ ထုံးစံဖြစ်ပြီး ပိုက်နဲ့စုပ်သောက်တာဟာ စတိုင်လည်းကျတယ် ဆိုနိုင်ပေမယ့် ပိုက်နဲ့စုပ်သောက်တတ်တာဟာ ဆေးလိပ်သောက်တတ်တဲ့ သူတွေမှာလိုပဲ အရေးအကြောင်းတွေ ပေါ်လာတတ်တာမို့  သင့်ရဲ့နုပျိုမှုနဲ့ အများကြီး သက်ဆိုင်နေမယ်ဆိုရင် သင်ဘာကို ရွေးချယ်မှာလဲ။ ဖန်ခွက်ကလေးနဲ့ အမြဲသောက်မယ်ဆိုရင်တော့ စတိုင်လည်း ကျမယ် လူလည်း နုပျိုနေမယ်ပေါ့။

အပြင်းအထန် ကိုယ်လက်လှုပ်ရှားမှုနှင့် နုပျိုခြင်းခရီးစဉ်
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာဟာ အဆီကျစေဖို့၊ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့၊ စိတ်လက်ပေါ့ပါးပြီး စိတ်ဖိစီးမှုဒဏ်ကို ကာကွယ်နိုင်ဖို့ စတဲ့ အရေးပါတဲ့အချက်တွေ ဖြစ်ပေမယ့် လေ့ကျင့်ခန်းအလွန်အမင်းလုပ်တဲ့သူတွေမှာ အဆစ်ယောင်ရောဂါ အဆစ်တောင့်တင်းတဲ့ရောဂါတွေ ဖြစ်တတ်တယ်ဆိုတာကိုပါ သတိထားဖို့လိုလာပါတယ်။

အဲကွန်းခန်းထဲက ဇိမ်ကျကျဘ၀နှင့် နုပျိုခြင်းခရီးစဉ်
လေအေးပေးစက်ကလေးနဲ့ ရုံးမှာ အေးအေးလူလူအလုပ်လုပ်ရတဲ့ သူတွေဟာ နေပူထဲ အလုပ်လုပ်ရတဲ့ သူတွေထက် အရွယ်တင်တယ်ဆိုတာ လူတိုင်းလက်ခံထားကြတဲ့အချက်ပါ။ တကယ်တော့ လေအေးပေးစက်ပဲဖြစ်ဖြစ် အနွေးဓတ်ကိုပေးတဲ့ ကိရိယာပဲဖြစ်ဖြစ် ကိုယ်အရေပြားကို ခြောက်သွေ့လွယ်စေတတ်ပြီး အရေးအကြောင်းများစွာကို ပိုမိုဖြစ်ပေါ် စေတတ်ပါတယ်။ ဒါကြောင့် အရေပြားကို သန့်ရှင်းစိုပြေအောင် ထားခြင်းဟာ အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။
အခန်းထဲမှာ ရေတစ်ခွက်ထားခြင်းဟာ စိုထိုင်းမှုကိုဖြစ်ပွားစေပြီး အခန်းခြောက်သွေ့မှုကို ကာကွယ်စေပါတယ်။ အရမ်းစွတ်စိုနေမယ်ဆိုရင်တော့ အခန်းတွင်းမှာ နံရံကပ်မှိုတွေ ပေါက်နိုင်တဲ့ အန္တရာယ်ကို ကြောက်ရတာမို့ချင့်ချိန်ဖို့ လိုပါတယ်။ မျက်နှာနဲ့ ကိုယ်မှာတော့ ခရင်မ်တစ်ခုခု ပုံမှန်လိမ်းခြယ်ထားသင့်တာပေါ့။
နေလောင်တဲ့အခါ သကြားဓတ်ထွက်ခြင်း နှင့် နုပျိုခြင်းခရီးစဉ်
သကြားနဲ့ သကြားဓတ်ပါတဲ့ အစားအစာတွေဟာ လိပ်တစ်ကောင်လို ခါးမျိုးဖြစ်လာဖို့ အကြောင်းအရာတစ်ရပ်ပါပဲ။ သကြားဓတ်ကို အလွန်အမင်းမစားထားတဲ့သူတွေမှာလည်း နေလောင်ဒဏ်ကို ခံရတဲ့အခါ၊ ဆေးလိပ်သောက်တဲ့အခါ သကြားဓတ်ပမာဏ တက်လာတတ်တာကို တွေ့ရပါတယ်။ အဲဒီအခါ အရေပြားမှာရှိတဲ့ ကိုလက်ဂျင်တွေ ပျက်စီးတာကြောင့် အရေးအကြောင်းတွေ ပိုပေါ်ဖို့အကြောင်းဖြစ်လာတာပဲပေါ့။


အလုပ်ဟူသမျှ ဂုဏ်ရှိစွ နှင့် နုပျိုခြင်းခရီးစဉ်

အလုပ်လက်မဲ့ပြသနာဟာ စိတ်ကျရောဂါဖြစ်စေဖို့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ အဲဒီလိုပါပဲ လက်ရှိအလုပ်လုပ်ကိုင်နေတဲ့သူတွေကလည်း အလုပ်နဲ့ဘ၀ကို အဆင်ပြေပြေဖြစ်နိုင်အောင် ချင့်ချိန်ဖို့ အရေးကြီးပြန်ပါတယ်။
အလုပ်ကြောင့် စိတ်ဖိစီးမှုတွေ များတဲ့အခါ ကိုယ်တွင်းမှာရှိတဲ့ ဆဲလ်တွေ ပျက်စီးမှုများလာတာတင်မက ကိုယ်ပိုင်အားလပ်ချိန်၊ ကျန်းမာမျှတတဲ့ အစာစားဖို့နဲ့ ကိုယ်လက်လှုပ်ရှားဖို့အချိန်တွေ နည်းလာသလို နှလုံးရောဖြစ်ပွားဖို့အခွင့်အရေးများလာတာ ကို တွေ့ရမှာပါ။
ဒါကြောင့် တနေကုန်တနေခမ်း အလုပ်လုပ်တာကိုလျှော့ပြီး ညနေပိုင်းတွေမှာ စနေတနင်္ဂနွေပိတ်ရက်တွေမှာ သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံဖို့ အချိန်ပေးခြင်းဟာ ကိုယ်ရောစိတ်ကိုပါ နုပျိုနေစေမှာပါ။

အလွန်အမင်း ဆပ်ပြာသုံးခြင်းနှင့် နုပျိုခြင်းခရီးစဉ်
အာဖရိကရဲ့ တောင်ပေါ် ဆေးရုံတစ်ခုမှာ သင့်ကျန်းမာရေးအတွက် ပထမဆုံးဆေးကတော့ ဆပ်ပြာပါလို့ ရေးထားတဲ့ ဆောင်ပုဒ်ကလေးကို အမှတ်တမဲ့သတိရမိပါတယ်။ ဆေးရုံရောက်ဖို့ ခြေခြင်ခရီး ကားတတန် နဲ့ လာရတဲ့ ပေတူးညစ်ပတ်နေတဲ့ သူတွေကို ကိုယ်လက်သန့်ရှင်းရေး အရင်လုပ်ပေးတာ ဟာ ကောင်းတဲ့ အလေ့အကျင့်ဖြစ်တာနဲ့အတူ ဆပ်ပြာနဲ့ပါ သန့်ရှင်းဖို့ရေးထားတာဖြစ်ပါတယ်။ ဒါဆို ဆပ်ပြာတိုက်ပြီးရေချိုးလေလေ သင့်အရေပြားအတွက် အကောင်းဆုံးဖြစ်လေလေ လို့ ဆိုချင်လို့လား။ မဟုတ်ပါဘူး။
အရေပြားဟာ သူ့ကိုယ်သူ သဘာဝဒါဏ်ကို ကာကွယ်အောင်လို့ ထိန်းသိမ်းထားတာ ရှိပါတယ်။ ဆပ်ပြာ အလွန်အကျွံ့သုံးတဲ့အခါ အပေါ်ယံကာကွယ်ထားတဲ့ အဆီဓတ် ပျက်ပျယ်သွားပြီး အရေပြားခြောက်သွေ့လာကာ နောက်တွဲ အရေပြားလျော့ရိလျော့ရဲ ဖြစ်လာတာ ၊ ပါးရေတွန့်လာတာအထိ ဖြစ်တတ်တာပါပဲ။

ဂီတကို တီးတိုးနားထောင်ခြင်း နှင့် နုပျိုခြင်းခရီးစဉ်
ဂီတဟာ ကိုယ်ကိုနုပျိုစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။။ ဒါပေမယ့် သီချင်းတွေကို အရမ်းကျယ်ကျယ်လောင်လောင် နားထောင်တတ်တဲ့သူတွေမှာတော့ အရွယ်မတိုင်ခင် အကြားအာရုံချို့တဲ့ တဲ့ ဝေဒနာကိုခံစားရမှာပါ။ သင့်တော်တဲ့ အသံ နဲ့ ဂီတကိုနားဆင်တာဟာ အကြားအာရုံကိုမထိခိုက်နိုင်ပေမယ့် မိုက်ခရိုဖုန်းနဲ့ နားထောင်ခြင်းဟာ  အသံချဲ့စက်နဲ့ နားထောင်တာထက်ပိုပြီး အကြားအာရုံကို ထိခိုက်စေနိုင်တာမို့ သီချင်းချစ်သူတွေ သတိထားနိုင်မယ့်အချက်ပဲဖြစ်ပါတယ်။

အိပ်စက်တဲ့ စတိုင်နှင့် နုပျိုခြင်းခရီးစဉ်
အိပ်စက်ချိန်တွေမှာ သင်ဟာ တစ်ဘက်တည်းကို စောင်းအိပ်တတ်တဲ့သူ ဖြစ်နေမလား။ ဒါဆိုရင်တော့ အဲဒီ သင့်ရဲ့ပါးပြင်နုနုတစ်ဘက်ဟာ ခေါင်းဦးနဲ့ အမြဲတစေ ထိတွေ့နေမှာမို့ တခြားတဘက်ထက်စာရင် ပါးရေတွန့်ဖို့ အခွင့်အရေး ပိုများနိုင်တယ်ဆိုတာပါပဲ။


အဆီဓတ်လျှော့ချခြင်း နှင့် နုပျိုခြင်းခရီးစဉ်

တချို့သစ်ဖုသစ်ဥနဲ့ ငါးကြီးဆီမှာပါတဲ့ omega-3 fatty acids ဟာ မှဲ့ခြောက်နဲ့ အရေးအကြောင်းတွေကို ကာကွယ်ပြီး နုပျိုကျန်းမာဖို့အတွက် အဟာရတစ်ခုဖြစ်တဲ့အပြင် ဦးဏှောက်၊ နှလုံးနဲ့ လူ့သက်တမ်းကိုပါ ရှည်စေဖို့ အထောက်အကူပြုတဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ အဆီရှောင်တာဟာ ကောင်းတဲ.အလေ့အထဖြစ်ပြီး နှလုံးနဲ့ သွေးတိုးရောဂါဖြစ်နှုန်းကို ကျစေတာမို့ အဆီအားလုံးကိုရှောင်လိုက်တဲ့အခါ အချို့သောအဆီဓတ်တွေရဲ့ ကောင်းကျိုးကိုပါမခံစားရဘဲဖြစ်တတ်ပါတယ်။
ဒါကြောင့် တချို့ အကျင့်ကလေးတွေကိုပြန်သုံးသပ်ပြီး နုပျိုခြင်းခရီးစဉ်အတွက် ဘယ်လိုပြင်ဆင်မယ်ဆိုတာ စဉ်းစားဖို့ စာဖတ်သူတွေ အချိန်ရပါစေလို့မျှော်လင့်ပါတယ်။

မွန်းသက်ပန် (ဆေး -၁)

ရောက်ခဲ့ဖူးတဲ့ ပြတိုက် များ



ခန့်ညားဝင့်ထယ် လှတဲ့ တိုင်လုံးကြီးတွေ နဲ့ ရောမဟန် ဆောက်လုပ်ထားတဲ့၊ လန်ဒန်မြို့ရဲ့ ကမ္ဘာကျော် ပြတိုက် ကြီး ထဲကို  ၀င်ဖို့၊  လှေကားကျယ်ကြီး တွေ ပေါ် အရင် မတက်နိုင်သေးပဲ၊ အရှေ့က နေပြီး၊ မော့ကြည့်နေမိ သည် ။ ဒီနေရာကြီး ကို ရောက်ဖူးချင် နေ ခဲ့တာ လေ။


ပြတိုက်၊ပြခန်းတွေကို၊ ကြည့်ချင်၊ ကြည့်တတ် လာခဲ့သည်မှာ၊ အသက်အရွယ်ကြောင့်ချည်း သက်သက်တော့ မဖြစ်နိုင်။ သမိုင်းတွေကို၊ စိတ်ဝင်စားလာလို့လည်း  ၊ ဖြစ်နိုင်သည်။ နေရာအသစ် တခုကိုရောက်ပြီ ဆိုတာနဲ့၊ အဲဒီ ဒေသ နေရာအရပ်က ၊ ပြတိုက်ကို၊ သွားကြည့် ဖြစ်အောင် ကြည့်ဖို့က၊ တာဝန် တခုလို ဖြစ်လာသည်။ အဲဒါမှ၊ ဒီဒေသ ၊ ဒီလူတွေရဲ့ နောက်ခံဇစ်မြစ်ကို သိရှိ နားလည်နိုင်မှာ မဟုတ်လား။

အခု ဗြိတိသျှ ပြတိုက်ကြီးကတော့၊ ဒီဒေသ ဒီနိုင်ငံအတွက်တင် မဟုတ်ပဲ၊ တကမ္ဘာလုံးက၊ လူသားဝန်းကျင် သမိုင်းဖြစ်စဉ် အထွေထွေကို၊ စုဆောင်းခင်းကျင်းထားလေတာမို့၊ ဘယ်လောက်တောင် စိတ်ဝင်စား ရင်ခုန်ဖို့ ကောင်းမလဲဆိုတာ၊ စဉ်းစားသာ ကြည့်ပေတော့။

အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ရင်း၊ လူတွေနဲ့ ပြည့်ကျပ်aနတဲ့၊ ၀င်ပေါက်ကြီးဆီ၊ လှေခါးထစ်aတွပေါ်၊ ခပ်မြန်မြန်တက်လိုက်သည်။ ဟုတ်သည်။ မြန်မှဖြစ်မည်။ အကြာကြီး မှင်သက် ငေးမောနေလို့ မဖြစ်။ လန်ဒန်ကို ၀င်လည်ခွင့်ရတဲ့၊ အချိန်လေး တရက်နှစ်ရက်ထဲမှာ... လက်ညိုးထိုးမလွဲ၊  ကြည့်စရာ ရှူစရာတွေ ၊ သွားစရာလာစရာတွေကို၊ အချိန်ဇယား ဆွဲတော့၊ လန်ဒန်ပြတိုက်ကြီးအတွက်၊ သုံးနာရီလောက်ပဲ အချိန်ရသည်။ အဲဒီတော့ “အိုကေ. .အီဂျစ်နဲ့အာရှပဲ ကြည့်ကြမယ်လို့..” အချိန်ဇယားကို ထပ်ချုံ့ရသည်။ နောက်မို့သာဆို၊  သူတို့အဆိုအရ ၊ ဒီပြတိုက်မှာ၊ လက်ရာပစ္စည်းပေါင်း ၆ သန်းခွဲရှိပြီး၊  တခုကို  စက္ကန့် ၆၀၊ တမိနစ်လေးပဲ၊ ကြည့်ဦးတော့၊  မနားတမ်းဆက်တိုက် ကြည့်ရင်တောင်၊  ၁၂ နှစ် ကြာသွားနိုင်တယ်တဲ့ လေ။

အာရှကိုတောင်၊ အရှေ့တောင်အာရှနဲ့တင်၊ အချိန်တော်တော်ပေးရသည်။ အရှေ့တောင်အာရှမှာတောင်၊မြန်မာပစ္စည်းတွေအနားမှ၊ ခွာမရနိုင် ။ ၀င်ဝင်ချင်းမှာကို ထီးထီးမားမား တွေ့လိုက်ရတဲ့၊ ရတနာတွေစီခြယ်ထားတဲ့၊ ကုန်းဘောင်ခေတ် ဗမာ့ဆွမ်းအုပ်ကြီးနဲ့တင်၊ ကျေနပ် ပီတိတွေက၊ တသိမ့်သိမ့်။ ဘာတွေကို သိမ့်နေမိပါလိမ့်။ တကယ်ဆို ဒီဆွမ်းအုပ်ကြီးက၊မြန်မာပြည်က အမျိုးသားပြတိုက်မှာ ရှိနေသင့်တာမဟုတ်လား ဆိုရင်တော့၊ ကိုယ်တိုင်လည်း အသေအချာ ငြင်းချက်မထုတ်နိုင်။ ဒါတွေက စစ်သိမ်း စစ်နိုင် ပစ္စည်းတွေ ။ ရခိုင်က စစ်သိမ်းလာတဲ့၊ မဟာမြတ်မုနိ ဘုရားကြီးတောင်၊ မန္တလေးမြို့လည်မှာ၊ တင့်တယ်စံပါယ် နေသည်မှာ၊ နှစ်တွေကာလတွေ ဘယ်လောက် ကြာခဲ့ပြီလဲ။ အခု ဒီမှာ လည်း၊   လော့ဒ်မောင့်ဘတ်တန် သာ၊ လက်ဆောင်အဖြစ် ပြန်မပေးခဲ့ရင်၊  သီဟာသန ပလ္လင်ကြီး ဘယ်နေရာမှာ ရှိနေလိမ့်မလဲလို့၊ အတွေးပို ကြည့်ဖြစ်အောင် ကြည့် လိုက်သေးသည်။

တနေရာမှာတော့၊ လှိုက်ကနဲ ဖြစ်သွားပုံက၊  ဆွေမျိုးသားချင်း တယောက်ကို မမျှော်လင့်ပဲ တွေ့လိုက်ရသလို ။ တွေ့လိုက်ရတာက၊ မုန်ဗုံးထဲမှာ ဘောင်ခတ်ထဲ့ထားတဲ့ ၊ ၀ိုင်းဝိုင်းစက်စက် မြန်မာစာလုံးလေးတွေ ။ ရေးထားတဲ့စာကလည်း၊ ငယ်ငယ်ကတည်းက၊ ကျက်မှတ် ရွတ်ဆို အလွတ်ရလာခဲ့တဲ့၊ မြန်မာ ရှေးကဗျာလေး။ အိန္ဒိယရဲ့ ပင်ရင်းအက္ခရာ စာလုံးများဆိုတဲ့ အုပ်စု အောက်မှာ၊ ယှဉ်တွဲပြီး မြင်လိုက်ရတဲ့၊ ၀န်းဝန်း ၀ိုင်းဝိုင်း အခက်အလက်အစုံ နဲ့၊ အရှေ့တိုင်း အက္ခရာလေးတွေ။  ဘင်ဂါလီ၊ တိဗက်၊ တမီးလ်၊ ဆင်ဟာလိ ၊မြန်မာ။ နေပါအုံး.. ထိုင်း စာအက္ခရာ တွေလည်း၊ အဲဒီလို ၀န်းဝန်း ၀ိုက်ဝိုက် ကလေးတွေနဲ့ ပါဌိပါဉ်သားတွေ သုံးတာပဲ မဟုတ်လား ။ ဘာလို့ မပါသလဲ မသိ ။ ထားတော့။ ကိုယ် နားလည်တဲ့ ပညာရပ်တွေ မဟုတ်။





မြကန်သာ၊ တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်၊ ရေအေးကြည်စွာ
ကန်ပိုင်မာလျက်၊ ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်၊ ဘုံဝတိံ သာ
နန္ဒာပေလော၊ တူစွဟုတ္တာ။
ကဗျာလေးကို၊ ပြန်ရွတ်ဆို ကြည့်မိသည်။ ရိုးရှင်းသလောက် ၊ ခမ်းနားသော ရှေးမြန်မာကဗျာကလေး။ စပ်တဲ့သူကို၊ အမည်မသိ။ ခေတ်က၊ ၁၁ ရာစု ဆိုတော့၊ ပုဂံခေတ် ထဲ က၊ ကျကျန်ခဲ့သော၊ စာတို ကလေး ဖြစ်မည်ပေါ့။ မှန်နန်းရာဇ၀င် ထဲမှာ ပါတဲ့၊ တူရွင်းတောင်ခြေ က၊ မြကန် ပဲ၊ဖြစ်လိမ့်မည်။ ဘေးက ကပ်ရပ် အင်္ဂလိပ် ဘာသာပြန် ကရော.. ဘယ်သူ ပြန်ဆို ထားသည် လည်းမသိ။

-Emerald lake-
fed by a mountain stream,
the waters enter running,
and circle cool and clear,
within unbreachable banks,

water lilies are fragrant
and all types of birds abound.
This is so like Nanda
that is in the heavens,
is this perhaps the self-same Nanda lake?

Unknown
11th century

အင်္ဂလိပ် ဘာသာပြန်ကလေးကို ဖတ်နေရင်း၊ အတွေးမှတ်ညဏ်တချို့၊ဖြတ်ကနဲ လင်းလာသည်။ ဒီအင်္ဂလိပ် ဘာသာပြန်ကလေး သည်၊  မြန်မာပြည် အိမ်က၊  စာအုပ်စင်ပေါ်မှာ ရှိတဲ့၊  စာရေးဆရာကြီး ဦးဝင်းဖေ(မြဇင်) ရဲ ‘ မြကန်သာ’ အင်္ဂလိပ် ဘာသာပြန် ကဗျာပေါင်းချုပ် စာအုပ်ကလေးထဲက၊ မဟုတ်လား။ ၊ ဒါတွေဟာ၊ တကယ်တော့၊  မြန်မာ ရှေးကဗျာ စာပေတွေ ကို၊ ခက်ခက်ခဲခဲ ထဲထဲဝင်ဝင် ၊ ဘာသာစကား ဆင့်ပွားပြန်ဆိုခဲ့ကြတဲ့၊ မြန်မာစာဆိုပညာရှင်ကြီးတွေရဲ့၊ နရီ ကာရန် အသံ ဖလှယ်မူ ဘာသာစကား အလှတွေပဲ ။ ဦးဖေမောင်တင်၊ မောင်ဖြူး၊ မောင်ထင်၊ မင်းသုဝဏ်၊ ဇော်ဂျီ က စလို့ ၊ အခု ဦးဝင်းဖေ တို့ ပါရဂူ တို့လို  ဘာသာစကား ကျွမ်းကျင်ပိုင်နိုင် တဲ့ စာဆို ပညာသည်တွေ အထိ ... သူတို့တွေ၊ ၀တ်မှုံ ထုံကူး လက်ဆင့်ကမ်း ခဲ့ ကြရင်းနှင့်ပင်၊  ရှင်မဟာ ရဌသာရ၊ လက်ဝဲသုန္ဒရ၊ နတ်သျှင်နောင်၊ မြ၀တီဦးစ ၊ မမြကလေး ၊ လှိုင်ထိပ်ခေါင်တင် စတဲ့၊ နန်းသုံးတော်ဝင် ရှေးမြန်မာ ကဗျာ စာဆိုကျော် တွေ ရဲ့ ၊  မြန်မာ စာလုံး ၀န်းဝန်း ၀ိုင်းဝိုင်း လေး တွေ သည်၊ ဘာသာဗေဒ စည်းဘောင်ကို လွန်မြောက် နိုင်ခဲ့ ကြသည်။ တဂိုး လို စာဆိုကြီးတွေရဲ့ ဘင်္ဂါလီ အက္ခရာ စာလုံး သွယ်သွယ်ယွန်းယွန်း တွေ က၊ မြန်မာအက္ခရာစာလုံး တွေ အဖြစ်၊ ပြည့်ပြည့် ၀န်းဝန်း ထွန်းလင်း ခဲ့ ရသည်။ လယ်တီဆရာတော် လို၊ ဦးဖေမောင်တင် လို ပညာရှိ တွေ ကြောင့်၊ အနတ္တလက္ခဏာကျမ်း လို မှန်နန်းရာဇ၀င် လို ၊ ပါဠိ စာပေ ၊ သင်သက်ကရိုက် အက္ခရာ တွေက ၊ ရောမအက္ခရာ အင်္ဂလိပ်စာ တွေ အဖြစ်၊ ကျယ်ပြန့်ခဲ့ရသည်။

စာပေ အက္ခရာ သင်္ကေတ တွေ ဆိုတာ၊ အသံ ဘာသာ စကား ထက် ပိုပြီး ထူးခြားနေတဲ့ အပြင်၊  အမြဲ တွဲလျက် လည်း မရှိ နိုင်ဘူး ဆိုတဲ့  အကြောင်းရင်း တွေ ကို၊ စေ့ငုံတွေးတော နေမိသည်။ အကြမ်းဖျင်း အားဖြင့်တော့၊ ယဉ်ကျေးမူ လူ့သမိုင်း တခု ရဲ့ အကျယ်အပြော အတိမ်အနက် ကို ချင့်တွက် ကြည့် နိုင်သည် မဟုတ်လား။ ဒါဆိုရင် ၊ သမိုင်း ဆိုတာ၊ စာပေပညာရှင်တွေက ဖော်ညွှန်းခဲ့ တာလား.. စစ်သေနာပတိ ကြီး တွေက ပုံဖော် ခဲ့တာလား... ရှင်ဘုရင် အကြီးအမှူး တွေက ကြံစည် ခဲ့တာလား..အနုပညာသည် တွေ ၀န်းရံ တည်ဆောက် ခဲ့တဲ့ ယဉ်ကျေးမူ တွေ ပဲ လား...။ ယဉ်ကျေးမူ နဲ့ သမိုင်း  ဆိုတာ ...ခွဲခြားလို့ မှ မရတာပဲ။

အဲဒီလို..ယဉ်ကျေးမူ နဲ့ သမိုင်း တွေ ဆင့်လောင်း ပေါင်းစပ် ထား တဲ့၊ အမျိုးသားယဉ်ကျေးမူ သမိုင်း ပြတိုက်ကြီး နောက်တခု ကို ၊ မနှစ်နွေ ကပင်၊ ရောက်ခဲ့ သေး သည်မဟုတ်လား...။

++++++++
ပြည်လမ်း ပေါ်မှာ ရှိတဲ့၊ ပြတိုက်သစ် ကြီး ရဲ့ အရှေ့က၊ ၀င့်ကြွားဟန်ပို လှ တဲ့၊ ယောင်တစောင်း နဲ့ အရုပ်ကြီး သည်၊ ဓါးကြီးကို ခါးကြားချိတ်လျက်...မြန်မာ့ အမျိုးသား ယဉ်ကျေးမူ တွေကို ၊ စောင့်ရှောက် နေ လေဟန်...။

သူကသာ ဓါးကြီး ခါးကြားချိတ်စောင့် နေပေမဲ့..ပြတိုက်ကို လာသူက၊  လောလောဆယ်၊ အ၀င်ပေါက်မှာ..ကိုယ် တယောက်ထည်း..။ အထဲမှာတော့..မိန်းကလေး တအုပ် ကို လှမ်းမြင် လိုက်သည်။ ခြောက်သွေ့ တိတ်ဆိတ်နေတဲ့..နွေနေ့လည်ခင်း တခု အောက်မှာ..သက်တောင့် သက်သာ ထိုင်ရင်း စကားပြောနေကြတဲ့ အစောင့် ၀န်ထမ်း သုံး -လေးယောက် ရဲ့  ခပ်အုပ်အုပ် ရီမောသံက လွဲလို့ သစ်ရွက် ခြောက်သံ တွေ သာပဲ   ခပ်ရှဲရှဲ ။ စိတ်ပျက်စရာ ကောင်းတာက  အထဲကို ကင်မရာ သယ်ခွင့်မရ ။ ဘာဆို ဘာမှ မသယ်ရ တဲ့ ။ အဲဒီတော့လည်း  ၀င်ကြေး ၅၀၀ ကျပ်ပေးပြီး လက်ဗလာ  မျက်စိကင်မရာ နဲ့သာ  ရိုက် ရ တော့ သည် ။

ဝင်ဝင်ချင်း အခန်းမှာ၊  မှန်ဘောင်အသီးအသီး ခတ်ပြီး ချိတ်ဆွဲပြသ ထားတဲ့ ၊ ခေတ်နှောင်း ၊ ခေတ်ဟောင်း၊ ခေတ်ပေါ်၊ ခေတ်ပြိုင် စာရေးဆရာ တချို့ ရဲ့ မြန်မာ စာ လက်ရေးမူ တွေက၊ ၀န်းပုံ ၀ိုက်ပုံ အမျိုးမျိုး၊ ဆွဲပုံ သတ်ပုံ အခြားခြား ။ မှတ်ချက် စာတို လေး တွေ တခုစီ နဲ့။ အဲဒါတွေ အားလုံး ရဲ့ ကြားထဲ မှာ၊ ထင်ထင်ရှားရှားကြီး ရှိနေတဲ့ ၊ ဆရာကြီး ဦးဖေမောင်တင် ရဲ့ ကြေးရုပ်တု က၊  မြန်မာ့စာပေ ကို ၊ ဘာသာဗေဒ အချုပ်အနှောင်က ၊ ဖြေလွှတ် နိုင်ခဲ့ ခြင်း ရဲ့ အစ ပေ ပဲ လား ။
အဲဒီအခန်း နဲ့ ကပ်ရပ် ၊ ၀ါညိုညို အလင်းရောင် ခပ်မှိန်မှိန်သာ ပေးထားတဲ့  အခန်းကြီးထဲကို ရောက်သွားတော့၊ ကျောထဲမှာ စိမ့်တက်သွား သည်။  နီကျင်ကျင် ဟင်္သာပြဒါး တွေ ပေါ်မှာ၊ ရွှေရောင်တွေ  လွင့်ပျယ်စ ပြုနေတဲ့  သီဟာသန ပလ္လင်ကြီး က၊ ခန်းလုံးပြည့် ။ လန်ဒန်ပြတိုက်ကြီး ဆီ သယ်ယူ သွားပြီး မှ ၊  မြန်မာပြည်ကို ပြန်ပြီး ၊ လက်ဆောင် ပို့ပေး ခဲ့တဲ့၊ ဘိလပ်ပြန် ပလ္လင်ကြီးလေ။ သီပေါဘုရင် စစ်မရှုံးခင်က တော့ အာဏာ စက် တွေ ထက်ရှ ခဲ့မဲ့ ၊ ထိုင်ခံ ကြီးပေါ့။   ဒီ ရာဇပလ္လင်ကြီးပေါ်ကနေ   တောင်စွယ်နေကွယ်မှာ သတ်စေ... လို့ ၊ အသက်တွေ ဘယ်လောက်များ သေခဲ့ ကြရ မလဲ ။ ဒီပလ္လင်ကြီးရဲ့ အောက်ကနေ ၊  အသနားခံနေတဲ့ မျက်နှာတွေ ၊  ပြုံးပျော်ကျေနပ်နေမဲ့ ချီးမြှင့် မြှောက်စားမူတွေ ၊ကွယ်ဝှက် ဖုံးဖိ မြိုသိပ်ထားတဲ့ ရွံရှာ စက်ဆုပ်မူတွေ ၊ မော်ဖူးနေတဲ့ အလိမ်အညာ လက်စုံမိုး တွေကို  မြင်ယောင် ခံစားကြည့် တော့.... သမိုင်း ရဲ့ အရသာ ဆိုတာ  ဒါပဲ ထင်ပါရဲ့။

နေအုံး .. အာရုံထဲမှာ စွဲထင်ကျန် နေခဲ့တဲ့ ၊ ဒီလို ပလ္လင်ကြီး နောက်တခု ရှိသေးသည်။ အဲဒီ တရုတ်နိုင်ငံ ပီကင်းမြို့တော် က၊ ပလ္လင်ကြီးဆီ ကိုတော့၊ လူကိုယ်တိုင် ရောက်ခဲ့ ခြင်း မဟုတ်။ နောက်ဆုံးဧကရာဇ်ကလေး ပုရီ က၊  အမြင်အာရုံတွေက တဆင့် ခေါ်သွားခဲ့ ခြင်းသာ။ စစ်တင်မက၊ စနစ်ပါ ရှုံးသွားခဲ့တဲ့၊ တရုတ် ပဒေသရာဇ် တွေရဲ့ နောက်ဆုံး ဘုရင် ကလေး ခမျာ၊ သူ ထိုင်ဖူး ခဲ့တဲ့၊ ပလ္လင်ကြီးဆီကို၊ စက်ဘီးကလေးစီးပြီး ၊ မကြခဏ လာကြည့် တတ်သည်။ လူလစ်တဲ့ အချိန်  ပလ္လင်ကြီးပေါ်ကို တက် ကြည့်ဖို့ ကြိုးစားနေတုန်း အနားကို ရောက်လာတဲ့ ကျောင်းသားငယ်လေး တယောက်ကို ဒါ သူ ငယ်ငယ်က ထိုင်ဖူးတဲ့ ပလ္လင်ကြီး လို့ ပြောတော့ ယုံကြည်စရာ ဘယ်မှာ ရှိမလဲ။
ပုရီ အတွက်တော့..သမိုင်းဆိုတာ...မယုံနိုင်စရာ လောကဓံ တရားရဲ့ အလှည့်အပြောင်းတွေ။

ဒုတိယ ထပ်က   မြန်မာ့ ဂီတ ပစ္စည်းတွေ  တိုင်းရင်းသားရိုးရာ အသုံးအဆောင်တွေက  စိတ်ဝင်စားစရာ မကောင်းလှ  ပြခန်း သက်သက် သာ ၊ ဆန်လှသည်။ လူခြေ လည်း ပိုပြီး တိတ်ဆိတ်နေသည်။  အခန်း အပြင် ထောင့်တနေရာ မှာ  အရောင်မှိန်မှိန် ရိုးရိုးအ၀တ်အစား သနပ်ခါးဘဲကြား နဲ့  ၀န်ထမ်း အမျိုးသမီး တယောက်  နေ့လည်စာ စားပြီးစ ထင်ရဲ့.... ထမင်းချိုင့်တွေကို စီရင်း လက်သုတ်ဝတ် တချို့ကိုပြတင်းသံဇကာမှာ နေလှမ်းနေသည်။ ခပ်လှမ်းလှမ်း  အတွင်းကျကျ  ထောင့်တခု ရဲ့  ခုံတန်းရှည်တခု ပေါ်မှာတော့   စွပ်ကျယ် ၀တ်ထားတဲ့ ၀န်ထမ်း အမျိုးသား တယောက် လဲလှောင်း အိပ်စက်နေလေရဲ့။

အသိတယောက်က  ဓါတ်လှေခါး မသုံးနဲ့ လို့  သတိပေးတာကြောင့်  တတိယထပ်ကို တက်ဖို့ လှေခါးနား အရောက်မှာ  နိုင်ငံခြားသား အဖွဲ့တဖွဲ့ တက်လာတာကို မြင်လိုက်သည်။ တချို့က အနားက သန့်စင်ခန်းထဲ ကို ၀င်သွားကြတယ်။ အဲဒီတော့မှ  “နိုင်ငံခြားသားများ အတွက်သာ” ဆိုတဲ့.. သန့်စင်ခန်း ရဲ့ ဆိုင်းဘုဒ်လေး ကို သတိထားလိုက် မိသည်။

တတိယထပ် မှာက   နန်းတွင်း အသုံးအဆောင်  ရတနာ စိန်ကြုပ်  ပချုပ် အုပ်ခွက် တွေ။ ကတ္တီပါခင်း မီးထိုး ထားတဲ့ ၊ ပြခန်း ပြတင်းလေး တခု ပေါ်က၊ အမျိုးအမည် မခွဲခြားတတ်တဲ့ ၊ ရတနာစိန်ကျောက်တွေ အပြည့် နဲ့ နန်းသုံးပစ္စည်း တခု ရဲ့ နောက်မှာ၊ ၀န်ထမ်း တယောက် ထင်ပါရဲ့ ..  မီးကြိုးတွေ အေးအေးလူလူ တယောက်တည်း ပြင်နေတာ တွေ့ရသည်။ ဒီပစ္စည်းတွေ ရဲ့ လုံခြုံရေးက ၊ ဒီလောက်တောင်ပဲ စိတ်ချ လွယ်ကူ စရာ ကောင်း နေ လို့လား... ဒါမှ မဟုတ်... စိတ်ချ လက်ချ ထားနိုင်တဲ့ ရတနာ စိန်ကျောက် တွေပဲ မို့လား   တော့ မသိလေ။

ဧပြီလလယ် ရဲ့ နေ့လည် နေ အပူရှိန် က ၊ ပြင်းလှသည်။   စတုတ္တထပ်ကို ရောက်တော့ ချွေးစီးတွေ ပြန်လာလို့ ၊ လေအေးပေးစက်ကြီး နားမှာ ခဏ သွားကပ်နေ ရ သည်။ ဒီ အထပ်မှာက ၊ ပန်းချီ လက်ရာတွေ ဆိုတော့ ၊ အချိန်ယူပြီး ကြည့် ချင်သည်။ ဦးဘကြည်  ဦးငွေကိုင် က စလို့   ခေတ်ပေါ် ပန်းချီလက်ရာတွေ အထိ အတော်တော့ စုံလှသည်။ အပူ ပြင်းထန်၊ စိုထိုင်းဆ မြင့်လွန်းတဲ့ ၊ ရန်ကုန် ရာသီဥတု နဲ့ ၊ ဒီလို ဒီလောက်ပဲ ထိန်းသိမ်းထားနိုင်မယ် ဆိုရင်တော့ ၊   ပန်းချီကား တွေ  ကြာရှည်ခံပါ့မလား လို့၊ ပူမိပြန်သည်။
အပေါ်ဆုံးထပ်ကို ဆက်မတက်ချင်တော့။ အောက်ထပ်ကိုပြန်ဆင်းလာခဲ့သည်။ အောက်ဆုံးထပ်က၊ လက်မူပစ္စည်း အရောင်းဆိုင်လေးထဲ မှာ၊ မြန်မာတီးလုံးသံ လေး ခပ်ငြိမ့်ငြိမ့် ပြန့်လွင့်နေသည်။  အခုန အပေါ်ထပ်မှာ ဖြတ်ကနဲသာ မြင်လိုက်ရတဲ့  နိုင်ငံခြားသား ခရီးသွားအုပ်စုက၊ ဟောဒီ အောက်က ဆိုင်မှာ ၊  ပစ္စည်းတွေ လျှောက်ကြည့် နေကြ တာပါလား။ သူတို့ အတွက်၊ အပေါ်ထပ်တွေ မှာ၊ ဘာမှ စိတ်ဝင်တစား အချိန်ပေး ကြည့်ရှုချင်စရာ မတွေ့ ကြဘူး ထင်ပါရဲ့။

++++++
အိတ်ထဲက ၊ ဖုံးမြည်လာတော့မှ၊ပြတိုက်ထဲက  ထွက်ဖို့ အချိန်တန် ပြီ ဆိုတာကို ၊ သတိ ထားလိုက်မိသည်။ ညနေ ၅ နာရီမှာ၊ လန်ဒန်က မိတ်ဆွေ တယောက်နဲ့ ပြတိုက် အထွက်မှာ ဆုံဖို့ ချိန်းထားသည်။  လေထုကို ထိန်းညှိ ထားတဲ့ စိမ့်အေး နေတဲ့ ပြတိုက်ထဲ မှာ၊ အခုမှ ချမ်းဖို့ သတိရ လာသည်။ ပခုံးပေါ်မှာ တင်ထားတဲ့ အနွေးထည် ကို၊ လက်လျှို ၀တ် လိုက်ရင်း ၊ မြကန်သာ ကဗျာ လေး ကို၊ ဓါတ်ပုံ ရိုက်ဖို့ကို လည်း၊ ကံကောင်းလို့ ၊ ခုမှ သတိရ တော့သည်။

လန်ဒန်ပြတိုက်ကပြန်အထွက်၊  အလည်ခေါင် ခန်းမကျယ်ကြီး ထဲ ကို အဖြတ် မှာ ၊ ဥဒဟို သွားလာနေကြတဲ့၊ပြတိုက်လာ ဧည့်သည် တွေ ၊ ခရီးသွားတွေ ၊ စားသောက်ဆိုင်တွေ ၊ လက်ဆောင်ရောင်းတဲ့ ဆိုင်တွေ ၊ နားနေဖို့ ဆိုဖာ ထိုင်ခုံ တွေ၊  လမ်းညွှန် ဆိုင်းဘုဒ် တွေ ကို ကြည့်ရင်း၊ ကျား နဲ့ မ သင်္ကေတ လေး ခွဲ ခြားတဲ့ ၊ သန့်စင်ခန်း သို့ ဆိုတာ လေးကို မြင်မှ ၊ အပေါ့အပါး သွားဖို့ သတိရ သည်။ ကျား နဲ့ မ  တင်မက၊ ကိုယ်လက်မသန်စွမ်းသူ တွေ အတွက်ပါ ၊ သီးသန့်ပြုလုပ်ပေးထားတဲ့ သင်္ကေတ အမှတ်အသားလေးကို မြင်တော့ ၊ နိုင်ငံခြားသားများ အတွက်သာ ဆိုတဲ့ မြန်မာပြည် အမျိုးသားပြတိုက်က ဆိုင်းဘုဒ်ကလေးကို မြင်ဖြစ်အောင် မြင်ယောင်လိုက်မိ သေးသည်။

အိတ်ထဲက ဖုံးက၊ ထပ်မြည်လာပြန် သည်။ အမြန် ထွက်မှ ဖြစ်တော့မည်။   လန်ဒန်ပြတိုက် ထဲ ကရော၊ ရန်ကုန် ပြတိုက်ထဲ ကရော.. ပီကင်းပြတိုက် ထဲ ကရော... ထွက်မှ ဖြစ်တော့မည်။

ကေသွယ်
၁၇ အောက်တိုဘာ ၂၀၁၂
( ၂၀၀၉ ခုနှစ်က http://kthwe.blogspot.jp/2009/07/blog-post_21.html တွင် ရေးခဲ့သော စာကို အနည်းငယ် ပြန်လည် ပြင်ဆင် ထားခြင်းဖြစ်သည်)

ဆေးလောက ရဲ့ စွန့်ဦးတီထွင်သူများ



Hippocrates (460 BC - 370 BC)
Hippocrates ဆိုတာ ရှေး ဂရိခေတ် က သမားတော်ကြီးတစ်ဦးလို့ ပြောလို့ရပါတယ်။ သူ့ကို အတော်များများ က တော့ အနောက်တိုင်း ဆေးပညာ ရဲ့ ဖခင်ကြီးလို့ သိကြပါတယ်။ သူ့ ခေတ် သူ့ အခါ နဲ့ တွက်ကြည့်ရင် အဲဒီအချိန်တုန်း က သူ့ အတွေးအခေါ်တွေ ဟာ အတော်လေး ခေတ်ရှေ့ပြေးနေခဲ့တယ်လို့ ဆိုရမှာပါ။ နတ်ဖုရားတွေ ကို ကိုးကွယ် ကြတဲ့ အဲဒီခေတ်မှာ ဘာပဲ ဖြစ်ဖြစ် နတ်ဖုရား လုပ်လို့၊ နတ်ဖုရား စိတ်ဆိုးလို့ ဖြစ်နေကြတဲ့ အချိန်မှာ သူ က မကြောက်မရွံ့ နဲ့ ရောဂါဝေဒနာ တွေ ဖြစ်တာဟာ နတ်ဖုရားတွေ လုပ်လို့ မဟုတ်ဘူး။ ဖြစ်ဖို့ အတွက် အခြေအနေ အကြောင်းအရင်း ရှိလို့ လို့ ထုတ်ပြောခဲ့တာပါ။ မကြောက်မရွံ့ လို့ ဘာလို့ ပြောရလဲ ဆိုတော့ အဲဒီအချိန်မှာ ကိုယ့်ထင်မြင်ချက် ကို ထုတ်ဖော်ပြီး အများနဲ့ ဆန့်ကျင်ပြောဆိုတာ ဟာ သေဒဏ် အထိ ဖြစ်သွားနိုင်လို့ပါ။ သူ က ဘာတွေ ပြောခဲ့လဲ ဆိုတော့ လူတွေရဲ့ နေထိုင်မှုပုံစံ ၊ အစားအသောက် နဲ့ ပတ်ဝန်းကျင် အခြေအနေ တွေ ဟာ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပေါ်လွှမ်းမိုးမှု ရှိတယ်လို့ ပြောခဲ့ပါတယ်။



Alexander Fleming (1881 - 1955)
Alexander Fleming ကတော့ ဇီဝဗေဒ နဲ့ ဆေးဝါးဗေဒ ပညာရှင် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူ့ကို ပဋိဇီဝဆေးတို့ရဲ့ ဖခင်ကြီး လို့ လဲ တင်စားခေါ်ဝေါ်ကြပါတယ်။ သူ က Penicillin ကို ရှာဖွေတွေ့ရှိခဲ့လို့ပါ။ အဲဒါ ဟာ မတော်တဆ တွေ့ရှိမှု တစ်ခုဖြစ်ခဲ့ပေမဲ့ သူရဲ့ စူးစမ်းလေ့လာ မှု ၊ စေ့စပ် မှု တို့ နဲ့ အတူ ၀ီရိယ နဲ့ ကြိုးစားခြင်း တို့ မပါဘဲတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ၁၉၄၅ ခုနှစ် မှာတော့ Fleming, Florey နဲ့ Chain တို့ဟာ Penicillin ကို ရှာဖွေတွေ့ရှိမှု နဲ့ ထုတ်လုပ်ဖြန့်ဖြူး နိုင်ပြီး အသက်ပေါင်း များစွာကို ကယ်တင်နိုင်မှု တို့ ကြောင့် Nobel Prize for Medicine ကို ထိုက်ထိုက်တန်တန် ရရှိခဲ့သူဖြစ်ပါ တယ်။


Louis Pasteur (1822-1895)
Louis Pasteur ကတော့ ပြင်သစ် ဓါတုဗေဒ နဲ့ အဏုဇီဝ ပညာရှင် တစ်ဦးဖြစ်ပြီး Dole မှာ မွေးဖွားခဲ့ပါတယ်။ သူ့ ကတော့ ကုသမှုထက်စာရင် ကာကွယ် တဲ့ နေရာမှာ နာမည်ကြီးခဲ့တာပါ။ ခုထိ လဲ သူ့ရဲ့ နာမည်ကို အစွဲပြုထားတဲ့ ပိုးသတ်တဲ့ လုပ်ငန်းစဉ်တွေ ရှိနေဆဲပါ။ ဥပမာ ဆိုရရင် Pasteurized Milk (ပိုးသတ်ထားသော နွားနို့) အဲဒီ လို မျိုး လုပ်ငန်းစဉ်တွေ မှာ သူ့နာမည်ကို ဂုဏ်ပြုထည့်သွင်း အသုံးပြုနေဆဲပါ။ သူ့ ရဲ့ ကာကွယ်မှု လုပ်ငန်းစဉ်တွေ ဟာ မွေးဖွားပြီးကာစ မိခင် တွေ ရဲ့ ပိုးမသန့်လို့ သေဆုံးရမှုတွေ ကို လဲ လျော့ချပေးနိုင်ခဲ့ပါတယ်။ ခွေးရူးပြန် ရောဂါ (Rabies) နဲ့ ဒေါင့်သန်း ရောဂါ (Anthrax) တွေ အတွက် ပထမဆုံး ကာကွယ်ဆေးကို လည်း ရှာဖွေ တွေ့ရှိခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ စမ်းသပ်မှုတွေ ကနေ ပြီးတော့ ပိုးမွှားတွေကြောင့် ဖြစ်တဲ့ ရောဂါ အတော်များများကို သိရှိခဲ့ကြပါတယ်။

Sir Archibald McIndoe (1900-1960)
Sir Archibald McIndoe ဟာ New Zealand က ဆရာဝန် တစ်ယောက် ဖြစ်ပါတယ်။ ၁၉၃၈ မှာ သူ ဟာ Consultant Plastic Surgeon တစ်ယောက် ဖြစ်နေခဲ့ပါပီ။ ဒုတိယ ကမ္ဘာစစ် အတွင်း မှာ သူ ဟာ လေယာဉ်မှူးတွေ ကို သူတတ်ထားတဲ့ ပညာနဲ့ ကုသပေးနိုင်ခဲ့ပါတယ်။ လေယာဉ်မှူးတွေ ဟာ တစ်ဖက်ရန်သူ နဲ့ တိုက်ခိုက်စဉ် အတွင်း လေယာဉ် ပျက်စီး မီးလောင်မှုတွေ နဲ့ အတူ ဒဏ်ရာများစွာ ၊ အထူးသဖြင့် မီးလောင် ဒဏ်ရာတွေ နဲ့ပါ။ အဲဒီ အချိန်မှာ ရုပ်ပျက်ဆင်းပျက် မီးလောင်ခံထားရတာတွေကို ပြန်လည်ပြုပြင်ပေးဖို့ ခွဲစိတ်မှု ဟာ အစပျိုးစပဲရှိပါသေးတယ်။ ဒါပေမဲ့ သူ ကြိုးစားပြီး ကုသနိုင်ခဲ့ပါတယ်။ အဲဒီ အချိန် မှာ သူဟာ UK မှာရှိတဲ့ Plastic Surgeon ၄ ယောက်ထဲ က ၁ ဦး ဖြစ်ခဲ့ပါတယ်။


Sigmund Freud (1856-1939)
Sigmund Freud ကတော့ Austria က ဦးဏှောက် နဲ့ အာရုံကြော အဖူးကု တစ်ဦးပါ။ သူ့ကို စိတ်ရောဂါခွဲခြမ်းစိတ်ဖြာမှု မှာ ဖခင်ကြီး အနေနဲ့ သိကြပါတယ်။ Hysteria လူနာများစွာ ကို ကုသပေးခဲ့ပါတယ်။ သူဟာ စိတ်ပညာ ကို များစွာ အထောက်အကူပေးခဲ့ပြီး ၊ စိတ်ရောဂါကုသခြင်း ကို ပိုမို ကောင်းမွန် အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ခုချိန်မှာတော့ သူ့ရဲ့ သီအိုရီ တွေဟာ စိတ်ရောဂါ ကုရုံတင် မဟုတ်တော့ ပဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြတဲ့ အထိ လူသိများ ထင်ရှားလာပါပီ။ အဲဒီလိုပဲ သူ့ရဲ့ ကုထုံးတွေ ဟာ လဲ စိတ်ရောဂါ ကုသမှု မှာ များစွာသော အကူအညီ ပေးနေခဲ့ပါတယ်။

Marie Curie (1867-1934)
Marie Curie ကတော့ Poland က သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူမ ဟာ ရေဒီယို သတ္တိကြွ ပစ္စည်း တွေ ကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးတော့ '' ရေဒီယို သတ္တိကြွ မှု'' (Radioactivity) ဆိုတဲ့ စကားလုံးကို စတင်အသုံးပြုခဲ့သူပါ။ သူမ ရဲ့ ခင်ပွန်း ဟာလဲ သိပ္ပံပညာရှင် တစ်ယောက် ဖြစ်ပြီးတော့ သူမ ကို ကူညီဖေးမခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာ ဇနီးမောင်နှံ ၂ ယောက်လုံး Nobel Prize ကို "Radiation Phenomenon" (ဓါတ်ရောင်ခြည် ဖြာထွက်မှု) အတွက် ရရှိခဲ့ပါတယ်။ Curie ဟာ Radium & Polonium တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၁၁ မှာ အဲလို ရှာဖွေတွေ့ရှိခဲ့တဲ့ ဒြပ်စင်တွေ နဲ့ ပတ်သက်ပြီးတော့ Nobel Prize for Chemistry ကို နောက်ထပ်တစ်ကြိမ် ရရှိခဲ့ ပြန်ပါတယ်။

James Blundell (1791 - 1878)
Blundell က တော့ ဗြိတိန် က သားဖွားဆရာဝန် တစ်ယောက် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သားဖွားမိခင် တွေဟာ မွေးဖွားစဉ် အချိန်မှာ အသေအပျောက် အင်မတန် များနေပါတယ်။ သူက ဘာကို သတိပြုမိလဲ ဆိုတော့ မိခင်တွေ ဟာ ကလေးမွေးဖွားစဉ်မှာ သွေးတွေ အများကြီးထွက်တယ်။ အဲလို ထွက်ရင်း နဲ့ သေဆုံးမှုတွေ များလာတာကို သတိထားမိတယ်။ အဲဒီမှာ သူက တခြားလူတစ်ယောက် ရဲ့သွေးကို ပြန်သွင်းပေးနိုင်ခဲ့ရင် အစားပြန်ပေးနိုင်ခဲ့ရင် သေဆုံးမှု ကျသွားမလား ဆိုပြီး တွေးမိ လို့ စမ်းသပ်ခဲ့တယ်။ အဲလို စမ်းသပ်ရင်းနဲ့ တစ်ယောက် ဆီက နေ နောက်တစ်ယောက် ဆီကို အန္တရာယ်ကင်းကင်း သွေးသွင်းကုသ မှုကို စတင်နိုင်လာတယ်။ ဒီအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို လဲ သူပဲ တီထွင်ခဲ့ပြီး သူတီထွင်ခဲ့တဲ့ ထဲက တချို့ပုံစံ ပစ္စည်းလေးတွေ ကို ခုထိ သုံးနေကြတုန်း ဖြစ်ပါတယ်။

Joseph Lister (1827-1912)
Joseph Lister ဆိုတာ ဗြိတိန် က ခွဲစိတ်ဆရာဝန် ပရော်ဖက်ဆာ တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို Asepsis (ရောဂါပိုးကင်းစင်မှု) အတွက် စတင် တွေ့ရှိသူ အဖြစ် သိကြပါတယ်။ အဲဒီအချိန်တုန်းက တော့ လူတွေဟာ အဏုဇီဝ ပိုးမွှားတွေ အကြောင်း သေချာမသိကြသေးပါဘူး။ အဲလိုပဲ အဲဒီ လို သတ္တ၀ါလေးတွေ ကနေ လူတွေ ဖျားတာ နာတာ ၊ ရောဂါဖြစ်တာ တွေ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်တတ်တယ် ဆိုတာတွေလဲ မသိကြသေးဘူး။ Lister က သိလိုက်တာက လူအများစု ဟာ ခွဲစိတ်မှု ပြီးဆုံး အောင်မြင် ပြီး နောက်ပိုင်းမှာ "Ward Fever" လို့ ခေါ်တဲ့ ဆေးရုံ မှာ ရတဲ့ ရောဂါ နဲ့ ကွယ်လွန် ကုန်ကြတာကို သတိထားမိတယ်။ အဲဒါကြောင့် ခွဲစိတ်ပြီးနောက်ပိုင်း Infection ရတဲ့ နှုန်း ဟာ အဲဒီအချိန်မှာ အရမ်းကို များပြားနေခဲ့တယ်။
သူ က သူ့ရဲ့ လက်အောက် က ခွဲစိတ်ဆရာဝန်တွေ ကို ခွဲစိတ်မှု မပြုခင်မှာ သေချာ လက်ဆေးကြော ဖို့ အတွက် တွန်းအားပေးတယ်။ အဲဒါတင်မကဘူး သန့်ရှင်းတဲ့ လက်အိတ်တွေ ကိုလဲ ၀တ်ဖို့ စီမံခဲ့တယ်။ သူ့ရဲ့ ခွဲစိတ်ကိရိယာတွေ ကိုလဲ သန့်ရှင်းဖို့ အထူးဂရုစိုက်ခဲ့တယ်။ ခွဲစိတ်မှု နဲ့ ပတ်သက်တဲ့ ခွဲစိတ်ခန်း နဲ့ ပစ္စည်းတွေ အားလုံး ရဲ့ သန့်ရှင်းရေးကို အထူးဂရုစိုက်ခဲ့တယ်။ အနာနဲ့ အနာပတ်တီး လဲ တာကိုလဲ သန့်ရှင်းမှု ရှိဖို့ အထူး ဂရုစိုက်ခဲ့တယ်။ အဲဒီလို ပြုလုပ်လိုက်တာနဲ့ ရောဂါဖြစ်မှု ၊ ခွဲစိတ်ပြီး သေဆုံးနှုန်းတွေ ဟာ မယုံနိုင်လောက်အောင် ကျဆင်းခဲ့တယ်။ အဲဒါကြောင့် Lister က သူ့ရဲ့ နည်းလမ်းတွေကို အားလုံး အသုံးပြုနိုင်အောင် ဖြန့်ဝေခဲ့တယ်။

Joseph Murray (Born 1919)
Joseph Murray က Plastic Surgeon ပါ။ သူ က အရေပြားအစားထိုးခြင်း နည်းပညာ ကို အသုံးပြုပြီး ဒဏ်ရာရ နေတဲ့ တစ်သျှူးတွေ ကို ပြုပြင်တယ်။ အဲ တစ်ချိန်တည်းမှာပဲ သူက အဲဒီ လို ခွဲစိတ် ပြုပြင်ခဲ့တဲ့ တစ်သျှူးတွေ ကို ခန္ဓာကိုယ် က ပြန်လည် တွန်းလှန် တိုက်ထုတ် တာကို လဲ စိတ်ဝင်တစား သုတေသန ပြုနေတာဖြစ်တယ်။

၁၉၄၅ မှာ "Richard Herrick" ဆိုတဲ့ လူတစ်ယောက် ဟာ ကျောက်ကပ် အသစ်တစ်လုံး လိုအပ်တဲ့အထိ အခြေအနေ ဆိုးခဲ့တယ်။ အဲဒါကြောင့် သူ့အတွက် သူ့ရဲ့ အမွှာ ညီ ဖြစ်တဲ့ Ronald က နေပြီးတော့ ကျောက်ကပ် ကိုလှူဒါန်းတယ် သူတို့ ၂ ယောက် ရဲ့ တစ်သျှူး အမျိုးအစားတွေ က လုံးဝ နီးပါး ထပ်တူကျနေတာကြောင့် ခန္ဓာကိုယ် ခုခံတိုက်ထုတ်မှု စနစ် ကို ရှောင်ကွင်း နိုင်ခဲ့တယ်။ Murry နဲ့ သူ့ အဖွဲ့သားတွေ ဟာ ဒီ အမွှာ ညီအစ်ကို ၂ ယောက် ကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးတော့ အဲဒီ ခွဲစိတ်မှု ဟာ ကမ္ဘာပေါ်မှာ လူတစ်ယောက် ကနေ တစ်ယောက်ဆီကို ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ကုသမှု ပထမဆုံး အောင်မြင်ခြင်းပဲ ဖြစ်ပါတယ်။
၁၉၉၀ မှာ Murry ဟာ E. Donnall Thomas နဲ့ အတူ ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုးကုသမှု အတွက် Nobel Prize ကို ထိုက်တန် စွာ ရရှိခဲ့ပါတယ်။

ဒေါက်တာ ဇီဝက (ဆေးလောက)

ကမ္ဘာမြေပေါ်က ကြယ်ကလေးတွေ

Photo ;  like stars on earth Movice

ကမ္ဘာမြေအတွက် နေရာမျိုးစုံကနေ ကြယ်ကလေးတွေ  သူ့ နေရာနဲ့သူ လင်းလက်နေကြပါတယ်။ တစ်ချို့ကတော့ သဘာဝအတိုင်း တောက်ပနိုင်ကြပေမဲ့၊ တစ်ချို့ကြယ်ကလေးတွေကတော့ အများသူငှာလို လှပစွာ မတောက်ပနိုင်ဘဲ …
တစ်စုံတစ်ခုသော အကြောင်းတစုံတရာကြောင့် မှေးမှိန် နေခဲ့ရပါတယ်။ အဲဒီကြယ်လေးတွေထဲက ကြယ်လေးတစ်ပွင့် အကြောင်းပေါ့။
သားသား နာမယ်က အီရှန်ပါ။ အပြည့်အစုံတော့ အီရှန် အ၀ါစသီ ပေါ့။ သားရဲ့ အသက်က (၈) နှစ်ပါ။ သားမှာ စီးပွားရေးအရ အောင်မြင်နေတဲ့ ဖေဖေရယ်၊ သားကို အရမ်းချစ်တဲ့ မေမေရယ်၊ အရမ်း ထူးချွန်တဲ့ အကိုတစ်ယောက်ရယ်ရှိတယ်။ သားက အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုရဲ့ အခြေခံပညာသင်ကျောင်းမှာ တတိယတန်း (Third Grade)  မှာ ပညာသင်နေပါတယ်။ မိသားစုထဲမှာတော့ သားက သိုးမည်းတစ်ကောင်ပါ။  အားလုံးက သတ်မှတ်ထားတာက အကျင့်မကောင်းဘူး။ အရှက်မရှိတဲ့ ကလေး တဲ့။ ပါတ်ဝန်းကျင်က သားကိုသတ်မှတ်တဲ့ ပညတ်ချက်တွေပေါ့။
လစဉ် စာမေးပွဲတွေကျတယ်။ အိမ်နီးချင်းကလေးတွေနဲ့ ရန်ဖြစ်တယ်။ အိမ်စာတွေ ပြီးအောင် မလုပ်နိုင်ဘူး။ သားရဲ့ ကျောင်းစာအုပ်တွေ အားလုံးမှာ မှင်နီရာတွေ အပြည့်နဲ့။ ဘာတွေပဲ သင်သင် သား ဘာမှ မမှတ်မိဘူး။ သား မလုပ်နိုင်တာကို နေ့စဉ်လုပ်နေရတယ်။ ကြာလာတော့ အဲဒီအရာတွေကို သား မလုပ်ချင်တော့ဘူး။ ခွင့်တိုင်စာ အတုကို ကိုကို ကို ရေးခိုင်းပြီး ကျောင်းလစ်တတ်လာတယ်။
လစဉ် ပညာရေး တိုးတတ်မှု့ မှတ်တမ်းတွေ အိမ်က မသိအောင်ဖြဲစုတ်ခဲ့တယ်။ အဲဒီလို လုပ်ခဲ့တာတွေအတွက် ဖေဖေ နဲ့ မေမေဟာ ကျောင်းအုပ်ဆရာမကြီး၊ အတန်းပိုင်ဆရာမတွေနဲ့ ကျောင်းမှာ လာတွေ့ရတယ်။ သားမှာ ပြစ်ချက်တွေ အများကြီးပေါ့။ သူတို့က ပြောကြတယ်။ သားက ပုံမှန်ထက် ဥာဏ်ရည်နိမ့်တယ်။ ဥာဏ်ရည် မမှီဘူး။ လိုက် မလုပ်နိုင်ဘူး။ အဲဒီအတွက် ဒီ တစ်နှစ်စောင့်ကြည့်ပြီး ဒီနှစ်မှာ ဆက်ကျနေဦးမယ်ဆိုရင် ကျောင်းထုတ်ပစ်ရတော့မယ်တဲ့လေ။
စိတ်ဆိုး ဒေါသထွက်နေတဲ့ ဖေဖေဟာ ပညာရေး နှစ်လယ်လောက်မှာပဲ သားကို … သားတို့ အိမ်နဲ့ ဝေးတဲ့ … ပုဂ္ဂလိက ဘော်ဒါဆောင်တစ်ခုမှာ ကျောင်းအိပ်ကျောင်းစား သွားထားဖို့ စီစဉ်တော့တယ်။ သား .. မသွားချင်ဘူး။ သား အိမ်နဲ့ ဘယ်လို လုပ်ခွဲနိုင်မှာလည်း။ သား အတွက် စိတ်ထိခိုက်ကြေကွဲစရာနေ့ရက်တွေပါပဲ။ သားကို အိမ်နဲ့ အဝေးကြီးမှာ ထားပြီး သူတို့ပြန်သွားကြတယ်။ တင်းကြပ်တဲ့ အဆောင်စည်းကမ်းတွေနဲ့ အိမ်ကိုလွမ်းတဲ့စိတ်ကြားမှာ သားအတွက် အားကိုးစရာမရှိ၊ ခြောက်ခြားစိတ်တွေနဲ့ အားငယ်ခဲ့ရပါတယ်။ ညအိပ်ချိန်တိုင်း တိတ်တခိုး ငိုကြွေးနေခဲ့ရတဲ့ သား အဖြစ်ကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးလေ။ သားကို သူတို့ ပစ်ထားခဲ့ကြတယ်။
ဒီ ကျောင်းမှာလည်း .. သား ဘာမှ လိုက်မလုပ်နိုင်ခဲ့ပါဘူး။ တခြားသူတွေ အတွက် လွယ်တဲ့ အရာတွေက သားအတွက်ကျမှ ဘာလို့ ခက်ခဲနေရတာလည်း။ သင်္ချာ၊ အင်္ဂလိပ်၊ ဟင်ဒီ စာပေ ဆရာတွေ ရဲ့ အပစ်ပေးခြင်းကို အချိန်တိုင်း ခံနေရတာပါပဲ။ စိတ်ပျက်အားငယ်ခြင်းတွေကို အဖော်လုပ်ရင်းနဲ့ ကြာလာတော့ ကိုယ့် ကို ကိုယ် သိမ်ငယ်လာတော့တယ်။ သား .. ဒီ ကမ္ဘာကြီးနဲ့ … လူတွေနဲ့ အဝေးဆုံးကို ထွက်သွားချင်လာမိတယ်။ သား .. အသက်ဆက် မရှင်ချင်တော့ဘူး။

__________ +++ ___________

Namaste ! (မင်္ဂလာပါ) ကျနော် နာမယ်က ရှန်ကာ နိကွမ်ဘ် ပါ။ ကျနော်က “Tulips” ဆိုပြီး အမည်ရတဲ့ ကျောင်းလေးမှာ ကိုယ်လက် အင်္ဂါချို့တဲ့နေတဲ့ကလေးတွေ၊ မွေးစထဲက ဥာဏ်ရည်နိမ့်ကျနေတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ စေတနာ ၀န်ထမ်း အလုပ် လုပ်ပါတယ်။ တနေ့တော့ အဆင့်မြင့် Private ဘော်ဒါ တစ်ခုမှာ ကလေးတွေကို အနုပညာနဲ့ ပါတ်သတ်တဲ့ ဘာသာရပ် တစ်ခုကို သင်ကြားပေးဖို့ ကမ်းလှမ်းခံရပါတယ်။ အဲဒီကျောင်း ပညာရေး ရဲ့ ရည်ရွယ်ချက်က ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်ရမယ်။ အောင်မြင်ရမယ်။ အနာဂါတ်ကို စိန်ခေါ်နိုင်ရမယ်တဲ့။ အဲဒီရည်ရွယ်ချက်တွေနဲ့ ကလေးတွေရဲ့ ပညာရေးကို စနစ်တကျပုံသွင်း ပျိုးထောင်ပေးကြပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ စိတ်ထဲက ဖြစ်ချင်တဲ့ ကိုယ်ပိုင်ဆန္ဒတွေဟာ အဲဒီပုံသွင်းမှု့တွေအောက်မှာ ငုပ်လျှိုးကွယ်ပျောက်ခဲ့ရတယ်ပေါ့။ Obedient, Discipline စတဲ့ အရာတွေနဲ့ ကလေးတွေရဲ့ ပညာရေးကို တင်းကြပ်စွာ ဘောင်ခတ်ထားကြတယ်လေ။
ကျနော် စာသင်ရတဲ့ အခန်းထဲက ကလေးတွေက ထက်မြက်ကြပါတယ်။ အဲဒီ ကလေးတွေထဲကမှ ထူးထူးခြားခြား အီရှန် လို့ ခေါ်တဲ့ ကလေးလေး တစ်ယောက်ကို ကျနော် သတိပြုမိတယ်။ သူဟာ တခြားကလေးတွေနဲ့ မတူဘူး။ စာသင်ခန်းထဲမှာ အမြဲလိုလို ခေါင်းငုံ့ထားတတ်ပြီး၊ တခြား ဆရာတွေ အချိန်တွေမှာလည်း အမြဲလိုလို အပစ်ပေးခံရတာ ကျနော် သတိထားမိတယ်။ ဒီကလေးရဲ့ အကြောင်းကို ကျနော်စိတ်ဝင်စားမိတယ်။ သူ့ ရဲ့ မျက်ဝန်းထဲမှာ ကြောက်ရွံ့စိတ်တွေ၊ ၀မ်းနည်း အားငယ်ရိပ်တွေ၊ နိမ့်ကျ သိမ်ငယ်မှု့တွေက အရွယ်နဲ့ မလိုက်အောင် ဖိစီးနေရာယူထားတယ်။ သူ့ကို ကြည့်ရင်း ငယ်ဘ၀က ကျနော့် ပုံရိပ်တွေကိုပြန်မြင်နေရသလို ခံစားရတယ်။ အဲဒီကလေးရဲ့သိမ်ငယ်စိတ်တွေကို ကျနော် ဘယ်လို ဖျောက်ပေးနိုင်မလည်း၊ သူ့ရဲ့ စိတ်ဒါဏ်ရာတွေကို ကျနော် ဘယ်လိုကုပေးနိုင်မလည်း၊ သူ့ ရဲ့ အရည်အသွေး၊ အစွမ်းအစတွေကို ကျနော်ဘယ်လို ဖော်ထုတ်ပေးနိုင်မလည်း ….
သူ့ရဲ့ မှတ်စုစာအုပ်တွေကို ကျနော် အသေးစိတ်လေ့လာပါတယ်။ အဲဒါတင် မကပါဘူး။ သူ့ မိသားစုအိမ်ကို ကျနော် လိုက်သွားပြီး သူ ကျောင်းတတ်တုန်းက မှတ်စုတွေ၊ သူ ဆွဲခဲ့တဲ့ပန်းချီကားတွေကို လေ့လာကြည့်တော့ .. ဒီ ကလေးဟာ ပါရမီရှိတဲ့ ဥာဏ်ရည်မီတဲ့ ကလေးတစ်ယောက်ဆိုတာ ကျနော်သိခဲ့ရတယ်။ သူဆွဲထားတဲ့ ပန်းချီကားတွေဟာ သူ့ အသက်အရွယ်နဲ့ မလိုက်အောင် ထူးချွန်လွန်းပါတယ်။ သူ့ စိတ်ခံစားမှု့တွေကို ဆွဲထားတဲ့ သူ့ မိသားစု ပုံရိပ်လေး ကို ကြည့်ရင်း ကျနော် နာကျင်ရပါတယ်။ သူဆွဲထားတဲ့ တစ်ချို့ပုံတွေဟာ ဘောင်အပြင်ဘက် ထွက်တွေးနည်း(out of the box thinking) နဲ့ ပုံဖော်ထားတာတွေတောင် ရှိပါတယ်။
သူဟာ ပြောမရ၊ ဆိုမရ၊ စာ လိုက်မလုပ်တဲ့၊ လူကြီးတွေစကားနားမထောင် တဲ့ ကလေးတဲ့။ ဘာလို့ ဒီလို ဖြစ်နေရတာလည်း။  သူ့ အဖေကတော့ ပြောပါတယ် ဒါဟာ အကျင့်မကောင်းတဲ့ ရောဂါပေါ့တဲ့။ ကျနော် နားလည် လိုက်ပါပြီ။ ဒါဟာ ကလေးရဲ့ မကောင်းတဲ့ ဗီဇတစ်ခု မဟုတ်ဘူးဆိုတာကို။ ကျနော် ပြန်ပြောလိုက်ပါတယ်။ ဒါတွေက ရောဂါ မဟုတ်ဘူး။ ရောဂါ လက္ခဏာတွေပါ။ သူ့မှာ တကယ်ဖြစ်နေတာက …
သူ့ကို ကျနော် တို့ ဒီအတိုင်း ပစ်ထားမယ်ဆိုရင် တန်ဖိုးရှိတဲ့ ကလေးတစ်ယောက်ကို ကျနော်တို့ ဆုံးရှုံးရပါတော့မယ်။ ကျနော် ဒီကလေးကို ကုစားပေးနိုင်မလား။ သူ့ ကို အဲဒီလို ကုသပေးနိုင်ဖို့ အချိန်မီသေးလား။ ကျနော် အစွမ်းကုန် ကြိုးစားကြည့်ချင်ပါတယ်။အဲဒီလိုဆုံးဖြတ်ပြီးတဲ့နောက်မှာ ကျနော်ဟာ ….

__________ +++ ___________

Like Stars on Earth (Taree Zameen Par) ဆိုတဲ့ အိန္ဒိယရုပ်ရှင် ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် (၂) နေရာက နေ ရေးသားလိုက်တာပါ။ (၂၀၀၇) ခုနှစ်ထဲက ထွက်ခဲ့တဲ့ ဒီ ရုပ်ရှင်ကို ဘာလို့ စောစောက မကြည့်ဖြစ်ခဲ့တာပါလိမ့်လို့ တွေးမိတယ်။ Bollywood ရုပ်ရှင်တွေဟာ ဟိုးအရင်က သစ္စာရှင် မြွေမင်းသမီး၊ နို့ကြွေး၊ ဆင်လိမ္မာ ၊ သျှီဝ၊ မဟာ ပိန္နဲ စတဲ့ ဇာတ်လမ်းတွေ ပေါ်ထွက်လာပြီး အခုနောက်ပိုင်းမှာ အနောက်ဥရောပ နဲ့ အမေရိက နိုင်ငံတွေမှာ အရိုက်များတဲ့ ဗလတောင့်တောင့် မင်းသား၊ ဘော်ဒီလှလှမင်းသမီး၊ လူကြမ်းတစ်အုပ်နဲ့ ဖိုက်တင်ခန်းတွေထဲက မူကွဲထွက်လာတဲ့ ဇာတ်ကွက်မျိုး 3 idiots နဲ့ ဒီ ဇာတ်လမ်းလေးပဲ ကြည့်ဖူးပါတယ်။ ဒီဇာတ်လမ်းထဲကို Aamir Khan က ရိုက်ကူးခဲ့ပြီး ဆရာဖြစ်သူ Nikumh အဖြစ် သူ ကိုယ်တိုင်ပဲ သရုပ်ဆောင်ထားပါတယ်။ Aamir Khan ဆိုတာ 3 Idiots ထဲက Genius ကျောင်းသား Rancho  ဖြစ်တယ်ဆိုရင် အားလုံး မျက်စိထဲ မြင်ကြမယ် ထင်ပါတယ်။
ကိုယ် သဘောကျတာ တစ်ခုကြည့်ရလို့ အခြားသူတွေလည်း သေချာပေါက် ကြိုက်နှစ်သက်လိမ့်မယ် အထင်နဲ့ ညွှန်းတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ကြည့်တဲ့သူတိုင်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ မိဘ နဲ့ သားသမီးကြား ယှက်နွယ်မှု့၊ ဆရာ နဲ့ တပည့်ကြား သံယောဇဉ်တွေ နဲ့ ပြည့်ဝတဲ့ ဖန်တီးမှု့ကောင်းတစ်ခုကို ပရိသတ်ထံ ချပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။  ပြီးတော့ သားသမီးတွေရဲ့ ဘ၀ ကို မိဘတွေ ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ပဲ တည်ဆောက်တော့မှာလား၊ သားသမီးကို ချစ်တဲ့ မိဘတွေရဲ့ အချစ်နဲ့ ဂရုစိုက်မှု့ (Caring) ဆိုတာ ကလေးတွေအတွက် တခါတရံ ဖိစီးလေးလံစေတတ်တဲ့ အရာမျိုးတွေလား၊ အဲဒီအရာတွေကြောင့်ပဲ ကလေးတွေရဲ့ ငယ်ဘ၀ အိပ်မက် (Childhood Dreams) တွေဟာ ပျောက်ကွယ်သွားနိုင်သလား၊ ဆရာတွေဖြစ်စေချင်တဲ့ တပည့်တွေ ရဲ့ ပညာရေးက ဘယ်လိုမျိုးလည်း စတဲ့ မေးခွန်းလေးတွေ ဖြစ်ပေါ်လာစေပါတယ်။
ဒါရိုက်တာ Aamir Khan ရဲ့ ပြောင်မြောက်တဲ့ ဖန်တီးမှု့ တစ်ခုအဖြစ် ရှု့မြင်ပါတယ်။ စကားမပြောဘဲ မျက်နှာရိပ် မျက်နှာကဲ နဲ့ သရုပ်ဆောင်တဲ့ အခန်းတွေ၊ ၀မ်းနည်းစိတ်နဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မျက်ရည်တွေ တပေါက်ပေါက် ကျနေတဲ့ ကလေး တစ်ယောက်ကို ကြည့်ရင်း ရင်ထဲမှာ သနား ဂရုဏာသက်တဲ့ စိတ်နဲ့ မျက်ရစ်ရည်ဝဲလာရတဲ့ ဇတ်ကွက်တွေ၊  ကလေးတွေကို နာကျင်အောင် ရိုက်နှက်စရာ မလိုဘူး၊ ဆောလမွန်ကျွန်းက သစ်ပင်တွေကို လူတွေ ကျိန်စာ တိုက်သလို ပါးစပ်က နစ်နစ်နာနာ ဆဲလိုက်ရုံနဲ့ သူတို့ ဘ၀ အညွန့်တုံးသွားနိုင်ပါတယ် လို့ ပြောတဲ့မှတ်ချက်တွေ၊  ငါတို့ သားသမီးတွေကို တော်စေ တတ်စေချင်ကြတယ်။ ဒါပေမဲ့ သူတို့က ပြိုင်မြင်းတွေ မဟုတ်ဘူးဆိုတဲ့ Dialogue တွေ … ဒါတွေ အားလုံးက ကြည့်သူတွေရဲ့ စိတ်ထဲမှာ စွဲထင်နေစေမှာပါ။
ကျနော်တို့တွေအားလုံးဟာ တစ်ချိန်မှာ သားသမီးလေးတွေရဲ့ လက်ဦးဆရာ ဖြစ်လာမှာ အမှန်ပါပဲ။ အဲဒီလို အချိန်မှာ ကိုယ့် သားသမီးတွေကို ကိုယ် ဖြစ်စေချင်တဲ့ အတိုင်း ပုံသွင်းမှာလား၊ ကိုယ့်ဆန္ဒတွေအတိုင်း သူတို့ဖြစ်မလာခဲ့တာနဲ့ သူတို့ အပေါ် မကောင်းဆိုးဝါး (Demon) တစ်ယောက်လို သတ်မှတ် ဆက်ဆံတော့မှာလား၊ သူတို့ လိုအပ်တာ ဖြည့်ဆီးပေးနေရုံနဲ့ စစ်မှန်တဲ့ ဂရုစိုက်မှု့လို့ ခေါ်နိုင်သလား၊  မိဘတွေရဲ့ အချစ် နဲ့ စစ်မှန်တဲ့ ဂရုစိုက်မှု့ (Real care) ဆိုတာဘာလည်း .. အဲဒီ အတွေးစတွေရဲ့ အဖြေတစ်ချို့ကို Like Stars on Earth ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်ရင်း ဆင့်ပွားခံစားကြည့်စေချင်ကြောင်းပါခင်ဗျာ … ။

ဝဏ္ဏသန်းထွန်း

စားမယ် ဝါးမယ်


A hungry man is an angry man.
(English Proverb)

ဒီခေါင်းစဉ် ပေးကတည်းက အစားအသောက်အကြောင်း ရေးတော့မယ်ဆိုတာ ရိပ်မိလောက်ပါရဲ့။ ဟုတ်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်တဲ့ ကြားဖူးနားဝ ထွေလီကာလီလေးတွေအကြောင်း ပြောချင်လို့ပါ။ ဟင်းချက်နည်းတော့ မပြောပြနိုင်ပါဘူး။ (ကိုယ်တိုင်လည်း ဘာဆိုဘာမှ မချက်တတ်လို့ပါ)

မြန်မာစကားမှာ “အစား” ဆိုပြီး ရှိသလို “အစာ” ဆိုပြီးလည်း ရှိပါတယ်။ နှစ်ခုလုံးကို တွဲပြီး “အစားအစာ” လို့လည်း သုံးတတ်ပါသေးတယ်။ အစားအစာကို တောင့်တငတ်မွတ်တာကိုကျ “ဆာသည်” လို့ ဆိုပြန်တယ်။ ဒီတော့... “အစာကိုဆာသည်” လို့ ဆိုရမှာပေါ့။ အင်္ဂလိပ်လိုကျတော့ Hungry, Starve စသည်ဖြင့် သုံးကြပြန်တယ်။

“Hunger is the best appetite ၊ ဆာလောင်ခြင်းဟာ အကောင်းဆုံးသော စားချင်စိတ်ပါပဲ” ဆိုတဲ့ စကားရှိတယ်။ အဲဒါဟာ အထိုက်အလျောက်တော့ မှန်မယ်လို့ထင်တယ်။ “One man’s meat is another man’s poison ၊ တစ်ယောက်ရဲ့ အစာဟာ တစ်ယောက်အတွက် အဆိပ်ပါ” ဆိုတဲ့ စကားလည်းရှိတယ်။ ဟုတ်လောက်ပါတယ်။ မြန်မာတွေစားလေ့ရှိတဲ့ ဒညင်းသီး၊ ငါးပိ စတာတွေကို အနောက်တိုင်းက လူတွေက အနံ့ရရုံနဲ့တင် ထွက်ပြေးကြတာ တွေ့ဖူးပါတယ်။ အဲလိုပါပဲ အနောက်တိုင်းက ခမ်းခမ်းနားနားပါတီတွေမှာ အမဲသားအစိမ်းတွေကို ဒီတိုင်းချည်း အစိမ်းချကျွေးတာမျိုး ကြုံဖူးပါတယ်။ လှီးလိုက်ရင်တောင် သွေးတွေက စီးကျလာသေးတဲ့ အသားတွေကို ဘယ်လိုကြိုက်တာလဲမသိဘူးဗျာ။ ကျွန်တော်တော့ မြင်ရုံနဲ့တင်လန့်တာမို့ အဲဒီစားပွဲနားကနေ ခပ်ခွာခွာလေး နေခဲ့ပါတယ်။

အဲဒါနဲ့ စကားစပ်လို့ အင်္ဂလိပ်စာသင်တုန်းက မှတ်သားဖူးတဲ့ ဟင်းချက်တဲ့ အဆင့်တွေကို သတိရမိပါတယ်။

Raw > Rare > Medium Rare > Medium > Medium Well Done > Well Done > Overcooked/ Overdone

အထက်ကအဆင့်တွေအတိုင်းပါပဲ။ အစိမ်းကနေ နောက်ဆုံး တူးခြစ်သွားတဲ့အထိပေါ့။ ခုနကပြောတဲ့ ပါတီက အသားတုံးကြီးကတော့ Raw သို့မဟုတ် Rare အဆင့်လောက်ပဲ ချက်ထားပုံ ရမယ်လို့ ထင်ပါတယ်။

လူတွေဟာ အတော်လေးကို တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေပါ။ အသား၊ ငါး စတာတွေကို ဒီတိုင်း အစိမ်းမစားတော့ပဲ နည်းလမ်းအဖုံဖုံနဲ့ ပြင်ဆင်ပြီး စားသုံးပါတယ်။ ချက်တယ်၊ ပြုတ်တယ်၊ ကြော်တယ်၊ ပေါင်းတယ်၊ ဖုတ်တယ်၊ ကင်တယ် စသည်ဖြင့် စုံလို့ပါပဲ။ ခုနောက်ပိုင်းမှာ မိုက်ခရိုဝေ့ဖ်စက်တွေနဲ့လည်း ချက်ပြုတ်ပြီး စားပြန်သေးတယ်။ အသီးအရွက်တွေကျတော့ ဒီတိုင်းစားလို့ တမျိုး၊ သုပ်စားလို့တဖုံ၊ အချဉ်ဖောက်လို့ တသွယ် နည်းလမ်းအစုံအလင်နဲ့ကို စားသုံးပါတယ်။ ဒါကြောင့်လည်း လူတွေဟာ တိရစ္ဆာန်တွေရဲ့ အထက်မှာ ရှိနေတာဖြစ်ပါတယ်။ (နောင်အနာဂတ်မှာ ခုမပေါ်ဖူးသေးတဲ့ ဘယ်လိုနည်းတွေနဲ့ ချက်ကြမယ် မသိပါဘူး)

အထက်တန်းတုန်းက ဇီဝဗေဒဘာသာမှာ Feeding Behavior ဆိုတဲ့ စားသောက်ပုံ နည်းလမ်းကိုလိုက်ပြီး သက်ရှိသတ္တဝါတွေကို အမျိုးအစားခွဲတာ သင်ရဖူးပါတယ်။


  • Carnivore = အသားစား သတ္တဝါ
  • Herbivore = အရွက်စား သတ္တဝါ
  • Omnivore = အစုံစားသတ္တဝါ
  • Fungivore = မှိုစသည်စား သတ္တဝါ
  • Bacterivore = ဘက်တီးရီယားစား သတ္တဝါ


စသည်ဖြင့် ကြားဖူးကြမှာပါ။ လူအများစုကိုတော့ အစုံစားသတ္တဝါ Omnivore အဖြစ်သတ်မှတ်ပါတယ်။ Vegetarian ဆိုတဲ့ သက်သက်လွတ်စားတဲ့သူတွေကတော့ Herbivore အုပ်စုထဲထည့်ရမှာ ဖြစ်ပါတယ်။

လူတွေ အစုံစားတာက အတော်လေးကို စုံတာပါ။ တလောက သူငယ်ချင်းတစ်ယောက် မေးလ်ကနေ ပို့လိုက်တာမှာ ဝတ်စုံဖြူတွေနဲ့ လူသားစားတဲ့ ထိုင်း (ယိုးဒယား) နိုင်ငံက အဖွဲ့တစ်ခုအကြောင်းကို ဖတ်ရပါတယ်။ (အရသာ ဘယ်လိုနေတယ် ဆိုတာတော့ သူတို့တွေ မေးကြည့်မှပဲ သိမှာ) ထိုင်ဝမ်၊ ဟောင်ကောင် စတဲ့နိုင်ငံတွေမှာ ကြက်အကောင်ပေါက်လေးတွေပါတဲ့ ဥတွေကို ချက်ပြီးစားတာ သတင်းတွေမှာ တွေ့ဖူးပါတယ်။ ဥကို ခွဲလိုက်တာမှာ အမွှေးတွေတောင် ရှိသေးတဲ့ အဲဒီကြက်အသေလေးတွေကို ဘယ်လိုအရသာ၊ ဘယ်လိုအတွေးတွေနဲ့ ခံစားပြီး စားသလဲတော့ မသိပါဘူး။ (အားရှိတယ်လို့တော့ ဆိုကြတာပဲ)

တရုတ်အိုလံပစ် ပြိုင်ပွဲတုန်းက စားသောက်တန်းတွေမှာ ပုရစ်ကျော်၊ ပိုးကောင်ကျော်တွေသာမက၊ ကင်းမြီးကောက်တွေ၊ ပင့်ကူကျော်တွေပါ တွေ့ရပါတယ်။ ကမ္ဘာဒီးယားနိုင်ငံမှာလည်း ပင့်ကူကျော်တွေ ရောင်းတာ တွေ့ဖူးပါတယ်။ စားတဲ့သူတွေတော့ ဘယ်လို သတ္တိတွေနဲ့ စားကြတယ် မသိဘူး။ ကျွန်တော်ကတော့ မြင်ယုံနဲ့တင် ကျောချမ်းမိပါတယ်ဗျာ။

ဗီယက်နမ်၊ တရုတ်တွေက ခွေးသားချက်စားတတ်ပါတယ်။ အထူးသဖြင့် အေးတဲ့ဒေသတွေမှာပါ။ ကျွန်တော်လည်း ငယ်ငယ်က အဖိုးစာဖိုမှူးကြီးက ဘုံကျောင်းက အလကားယူလာလို့ စားဖူးပါတယ်။ စားကောင်းသားဗျ။ ပူတော့အတော်ပူတယ်။ ဒါကြောင့် အေးတဲ့ရာသီဥတုတွေမှာ စားတာဖြစ်မယ်။ အရသာကတော့ ဝက်သားနဲ့ သိပ်မကွာလှပါဘူး။

ဝက်သားဆိုလို့ မြန်မာတွေ ပြောပြောနေတဲ့ စာချိုးလေးတွေကို သတိရမိတယ်... “အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်” ဆိုတာပါ။ ကျွန်တော့် မိတ်ဆွေတစ်ယောက်က... “အသောက်မှာ အရက်” ဆိုတာပါ ထည့်လို့ ပြောပါတယ်။ “မြန်မာစာအဖွဲ့က လက်ခံရင် ထည့်ကြတာပေါ့ဗျာ” လို့ ကျွန်တော် ပြန်ပြောဖူးတယ်။

နောက်ထပ် သတိရမိတာက “ပုစွန်အကွေး၊ ငါးအနွေး” ဆိုတာပါ။ ဟင်းချက်တဲ့အခါ ပုစွန်က ကွေးသွားရင် ကျက်တယ်လို့ သတ်မှတ်ပြီး၊ ငါးကတော့ နွေးရင် ကျက်တယ်လို့ သတ်မှတ်တာကို ဆိုလိုတာပါ။ အဲဒါ ကျွန်တော့်ရဲ့ ဆရာသမားတစ်ယောက်က... “ဂဏန်း မျက်ပြူးကြောင်” လို့ထပ်တိုးပြီး ပြောပါတယ်။ ဂဏန်းကိုချက်လို့ မျက်စိပြူးလာရင် ကျက်ပြီဆိုပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ “ဂဏန်းနီရောင်ပြေး” လို့လည်း ကြားဖူးတယ်။ (အိမ်ရှင်မတွေ၊ အိမ်ရှင်မ အလောင်းအလျာလေးတွေက ပိုသိမှာပါ။)

နိပါတ်တော် ထဲမှာတော့ အစားအသောက်နဲ့ ပတ်သက်ပြီးထင်ရှားတာက ဝေသန္တရာ ဇာတ်တော်ထဲက ဇူစကာပုဏ္ဏားပါ။ “လှူတာအကုန်စား၊ ဇူစကာပုဏ္ဏား” လို့တောင်ပြောစမတ်တွင်ရလောက်အောင် အစားသောင်းကျန်းတဲ့သူပါ။ အစားကြောင့်ပဲ ဒုက္ခရောက်သွားရသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “အစားမတော်တစ်လုတ်” ... “တန်ဆေး လွန်ဘေး” စသည်ဖြင့် ဆိုကြတာဖြစ်ပါလိမ့်မယ်။ “အဆီစားလို့ အသားမဖြစ်” ဆိုတဲ့ စကားလည်းရှိတယ်။ ဟန်သစ်ငြိမ်တို့လို ဝါးခြမ်းပြားကိုယ်ခန္ဓာတွေကို ပြောတာပါ။ အဆီတွေ စားပေမဲ့လည်း အသားမဖြစ်တာမျိုးပေါ့ဗျာ။

အစားရဲ့ ဆိုးကျိုးတွေရှိပေမယ့် အစားကို မစားဘဲနေလို့လည်း ဖြစ်မှ မဖြစ်နိုင်တာပါပဲ။ “ဆာလောင်မှုဆိုတာ ကုလို့မဆုံးတဲ့ ရောဂါပါပဲ” လို့ ဘုန်းတော်ကြီးတစ်ပါးက ဆိုပါတယ်။ ဟုတ်ပါတယ်။ နေ့တိုင်း ဆာလောင်မှုကို ကုနေရတာဟာဖြင့် မွေးကတည်းပါပဲ။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့စကားလည်း ရှိပါသေးတယ်။ “ကံ၊ စိတ်၊ ဥတု၊ အဟာရ” ဆိုတဲ့ စကားမှာပါတဲ့ အဟာရ ဆိုတာကလည်း အစားအစာကို ဆိုလိုတာပါပဲ။ “အစားကို ကုန်အောင်စား၊ စကားကို ကုန်အောင်မပြောနဲ့” ဆိုတဲ့ စကားကတော့ အစားဘက်ကို ထောက်ခံတဲ့ စကားပါပဲ။ (ငတ်ကြီးကျသူများ လက်ခုပ်တီးပါ)

အစားအသောက်အကြောင်း ကောင်းကောင်းသိတဲ့၊ အရသာကို ကောင်းကောင်းနားလည်တဲ့ အစားဘုရင်တွေကို Gourmet လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။ အသံထွက်က (ဂူအာမေး) လို့ ထွက်ရပါတယ်။ ပြင်သစ်စကားလုံးဖြစ်တာကြောင့် Buffet (ဘူဖေး) Parquet (ပါကေး) အဲဒါမျိုးတွေလိုပဲ အသံထွက်ရပါတယ်။ ကမ္ဘာကျော် အစားအသောက်ကုမ္ပဏီတွေ၊ ဘီယာ၊ အအေးကုမ္ပဏီတွေမှာ အဲလိုလူတွေ ရှိပါတယ်။ အစားအသောက်အသစ်တွေ စမ်းသပ်ထုတ်လုပ်ပြီးတဲ့အခါ အဲဒီလူတွေက အရင်ဆုံး မြည်းစမ်းပြီး ကောင်းမကောင်း မှတ်ချက်ပေးရသတဲ့။

နောက်ထပ် ဝေါဟာရတစ်ခုက Glutton ဆိုတာပါ။ အစားသောင်းကျန်းတဲ့သူ၊ အစားချန်ပီယံတွေကို ခေါ်တာပါ။ မြန်မာလို “အငတ်ကြီးတွေ” ပေါ့ဗျာ။ အဲဒီလို အငတ်တွေအတွက် World Glutton Contest ဆိုပြီး ကမ္ဘာ့ အစားပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပတာ တီဗွီအစီအစဉ်တွေမှာ တွေ့ဖူးပါတယ်။ ဘီယာသောက်ပြိုင်ပွဲတွေကတော့ နိုင်ငံတကာမှာ မကြာခဏကျင်းပနေကြပါ။

ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ နာမည်ကျော် စားစရာကတော့ အများသိပြီးသားဖြစ်တဲ့ မုန့်ဟင်းခါပါ။ အဲဒါကို နိုင်ငံခြားသားတစ်ယောက်က ဘာအဓိပ္ပာယ်လဲလို့ မေးတော့ ကျွန်တော် အတော် ဦးနှောက်စားသွားပါတယ်။ တိုက်ရိုက်ပြန်မယ်ဆိုရင်... A snack with bitter curry လို့ ပြန်ရမှာပေါ့။ သူ့ကိုတော့ “No meaning, Just the name” လို့ပဲ ပြောလိုက်ပါတယ်။ ထိုင်း (ယိုးဒယား) နိုင်ငံကို ရောက်တော့ သူတို့မှာ မုန့်ဟင်းခါလိုမျိုး ရှိပါတယ်။  “ခနုမ်ကျင်း” လို့ ခေါ်ပါတယ်။ သူတို့မှာက ဟင်းရည်က သုံးလေးမျိုး ရနိုင်ပါတယ်။ ငါးနဲ့၊ ဝက်သားနဲ့၊ အသားလုံးနဲ့ စသည်ဖြင့် ရှိပါတယ်။ “ခနုမ်” ဆိုတာ မုန့်လို့ ဆိုလိုပြီး “ကျင်း” ဆိုတာက တရုတ်ပြည်ကို ဆိုလိုတာပါ။ တရုတ်ပြည်က လာတဲ့ မုန့်လို့ ဆိုလိုတာပါ။

တစ်ရက် ထိုင်းတွေ၊ ကမ္ဘောဒီးယားတွေနဲ့ အဲဒီ ခနုမ်ကျင်းကို သွားစားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ “ကကြီးကောင်” လို့ ခေါ်တဲ့ ကမ္ဘောဒီးယားက တကယ်တမ်းဆို အဲဒီစားစရာဟာ သူတို့ နိုင်ငံက စတင်ခဲ့တာ ဖြစ်တာကြောင့် “ခနုမ်ကျင်း” လို့ ခေါ်တာဟာ သဘာဝမကျကြောင်း ပြောပါတယ်။ သူက... “ခနုမ်ခမာ” လို့ ခေါ်ချင်ပုံ ရပါတယ်။ (ခမာဆိုတာ ကမ္ဘောဒီးယား လူမျိုးကို ခေါ်တာပါ)

စကားစပ်လို့ ပြောရရင် အဲဒီ ကကြီးတွေဟာ အစားအသောက်နဲ့ ပတ်သက်ပြီး အတော့်ကို ဇီဇာကြောင် သွေးကြီးတဲ့သူတွေပါ။ ယိုးဒယားဆိုင်တွေမှာ ဘာသွားစားစား အဲဒီအစားအစာဟာဖြင့် သူတို့ဆီမှာ ရှိကြောင်း သူတို့ နိုင်ငံကဟာက အရသာ ပိုကောင်းကြောင်း အမြဲလိုလို ပြောပါတယ်။ ကြာတော့ ကျွန်တော်လည်း နားကြားပြင်းကတ်လှတာကြောင့် “အဲဒါဆိုရင်လည်း နေ့လည်စာ စားချိန်ကျရင် မင်းနိုင်ငံမှာ သွားပြန်စားချေကွာ။ ဒီက မကောင်းတဲ့ဟာတွေ စားမနေနဲ့ကွာ” လို့ ဘုတောဖူးပါတယ်။

တကယ်တမ်းပြောရင် ယိုးဒယား မုန့်တွေ အတော်များများ ကျွန်တော်တို့ဆီမှာလည်း ရှိပါတယ်။ တစ်ခုထူးခြားတာက သူတို့ မုန့်တွေက ပိုချိုပြီး အနုပညာပိုဆန်သလို အမျိုးအစားလည်း စုံပါတယ်။ သူတို့တွေ “ကုလားမဲ” လို့ ခေါ်တဲ့ မုန့်က ကျွန်တော်တို့ဆီက “မုန့်ကုလားမဲ” နဲ့ အတူတူပါပဲ။ မတူတာက သူတို့က သကြားလုံးတွေအရွယ် အတုံးလေးတွေ လုပ်ပြီး ပလတ်စတစ်နဲ့ ထုပ်ပြီးရောင်းတာပါ။ အရောင်ကလည်း အမဲရောင် တစ်ခုတည်း မဟုတ်ပါဘူး။ အနီ၊ အဝါ၊ အစိမ်း စသည်ဖြင့် အရသာကို လိုက်ပြီး ကွာပါတယ်။

ကျွန်တော်တို့ နိုင်ငံက အရှေ့နဲ့ အနောက်မှာ ကုလားနဲ့ တရုတ်နှစ်နိုင်ငံက ညှပ်ထားလေတော့ စားစရာတွေကလည်း သူတို့တွေဆီက အတော်လေးကို ဖြတ်ကျော်ရောက်ရှိပါတယ်။ “အီကြာကွေး” ဆိုတဲ့ တရုတ်စားစရာက မကွေးဘဲ ဖြောင့်နေပါတယ်။ “တိုရှည်” (မြန်မာအတွေးနဲ့ ကတ်သီးကတ်သတ်ပြန်ရင် Short and Long ပေါ့) ဆိုတဲ့ ကုလားစာက အပြားကြီးဖြစ်ပါတယ်။ “ပူရီ” ဆိုတဲ့ စားစရာက မြန်မာလိုဆိုရင် ရေခဲရေသည်ကိုပဲ ဂုဏ်ပြုထားသလားထင်ရပါတယ်။ (ပူတဲ့အခါ ရောင်းအားကောင်းလို့ ရေခဲရေသည်တွေ ရယ်ကြတယ်လေဗျာ။)

ရှိပါသေးတယ် “နံပြား” တဲ့။ ဘိုလို ပြန်လိုက်ရင်ဖြင့် “Stinky Plate” ဆိုပြီး ဖြစ်တော့မယ်။ “ဒန်ပေါက်” ဆိုတာကလည်း ဘယ်က ဆင်းသက်လာလို့ ဘယ်သူပေးခဲ့တဲ့ နာမည်မှန်းမသိပါဘူး။ ကုလားတွေက “Biryani” လို့ ခေါ်တာပါ။ အရင်တုန်းက မြန်မာပြည်မှာ စရောင်းတဲ့ ကုလားတွေက ဒန်အိုးအပေါက်နဲ့ ချက်ခဲ့လို့ ဖြစ်မှာပဲလို့ ကိုယ့်ဘာသာ အတင်းမှတ်ချက်ချလိုက်တယ်။ တခါ တရုတ်ပြည်မှာ မရှိတဲ့ မြန်မာတရုတ်စာ “ကြေးအိုး” ဆိုတာ။ သူလည်း ကုလားတွေက ဒန်အိုးနဲ့ ချက်တယ်ဆိုတော့ ငါတို့လည်း ကြေးအိုးနဲ့ ချက်ရောင်းရအောင်ဆိုပြီး ထွင်လိုက်တာလား မသိဘူး။

ဘုရားပွဲဈေးတွေမှာ ရောင်းတတ်တဲ့ “မုန့်လေပွေ” ဆိုတဲ့ မုန့်က နာမည်ကြမ်းသလောက် မုန့်က လေထိမခံတဲ့ မုန့်ပါ။ “မုန့်လင်မယား” ဆိုတာ ရှိပါတယ်။ အဲဒါကို ငုံးဥထည့်ပြီး လုပ်တဲ့အခါကျတော့ တစ်ခြမ်းတည်း လုပ်ပါတယ်။ အဲဒါကိုတော့ “မုန့်တစ်ခုလပ်” တို့ “မုန့်တစ်လင်ကွာ” တို့ စသဖြင့် မခေါ်ကြပြန်ပါဘူး။ ဦးနှောက်နဲ့ တူတဲ့ မုန့်ကိုကျတော့ “မုန့်ဦးနှောက်”... ကြာစေ့နဲ့ တူတဲ့ မုန့်ကိုကျတော့ “မုန့်ကြာစေ့”... နောက်... “မုန့်လိပ်ပြာ” ... “မုန့်လက်ညှိုး” ... “လမုန့်” စသည်ဖြင့် ဆင်တူရာပုံစံကို စွဲပြီး ပေးတာမျိုးလည်း ရှိပြန်တယ်။

“ပေါင်မုန့်” ဆိုတာဟာလည်း ကိုယ်အင်္ဂါထဲက “ပေါင်” နဲ့ ဆင်လို့ ပေါင်မုန့်လို့များ ပေးသလား မသိပါဘူး။ ကော်ရည်ကို ပြန့်အောင် လုပ်ရတဲ့ အဖတ်တွေနဲ့ လိပ်ပြီး ကြော်တဲ့စားစရာကို “ကော်ပြန့်လိပ်ကြော်” လို့ ခေါ်ပါတယ်။ ဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ရှိတယ် ကြီးပွားရေး မဂ္ဂဇင်းမှာ ပါတယ်ထင်တာပါပဲ။ ဘယ်သူရေးတယ်တော့ မမှတ်မိတော့ပါဘူး။ ကဗျာက တိုတိုလေးပါ။ ခေါင်းစဉ်က “ဝက်အူချောင်း” တဲ့။

“ဝက်အူချောင်း”
အကာကို ခေါ်သလား
အစာကို ခေါ်သလား
စားနေရင်းနဲ့ စဉ်းစား
တစ်ခုခုတော့မှား။

သူ့ကဗျာ ဖတ်ပြီးတော့မှ ကျွန်တော်လည်း စဉ်းစားမိတယ်။ တကယ်က ဆိတ်အူထဲမှာ ဝက်သားတွေ သွတ်ထည့်ထားတာကို ဝက်အူချောင်းလို့ ခေါ်တယ်ဆိုတာ။ ငါးအူချောင်း၊ ကြက်အူချောင်း စတာတွေလည်း ဒီတိုင်းပါပဲ။ နောက်ဆုံးတော့ ကိုယ့်ဘာသာ အတင်းကောက်ချက်ချလိုက်တယ်။ “ဝက်အူချောင်း” ဆိုတာဟာ... “ဝက်သားသွတ်ထားသော ဆိတ်အူချောင်း” ဆိုတာကို ခေါ်ရတာ ရှည်လို့ ဖြတ်ပြီး ခေါ်လိုက်တာ ဖြစ်မယ်လို့။ ဟုတ်မဟုတ်တော့ မသိဘူး။

“စားရကံကြုံလို့ မုတ်ဆိတ်ပျားဆွဲ”... “စားရမှာကလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာကလည်း အဆီတဝင်းဝင်း” ဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။ “စားရဝမ်းသာ၊ စေပါဝမ်းနည်း” ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။ အစားအသောက်များ စားရသည့်အခါ ဝမ်းသာပြီး၊ အလုပ်လုပ်ရန်ခိုင်းစေပါသောအခါ ဝမ်းနည်းသောသူများကို ဆိုလိုခြင်း ဖြစ်ပါသည်။ “မစားရအညှော်ခံ” ... “မစားရ ဝခမန်း”... “မစားရက်လောက်တက်” ... “မစားရသည့်အမဲ သဲနှင့်ပက်”... “မစားရတပူပူ စားရတဆူဆူ” စတဲ့ အစားနဲ့ မကင်းတဲ့ စကားပုံတွေကလည်း မြန်မာမှုနယ်ပယ်မှာ အများအပြား တွင်ကျယ်လို့ နေပါတယ်။

“ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဆိုသော စကားကလည်း အစားအသောက်၏ အရေးပါပုံကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။ အများကြီးစားလိုသောသူကို နည်းနည်းပဲ ကျွေးသောအခါမှာ... “ဆင့်ပါးစပ် နှမ်းပက်သလိုပဲ” ဟု ပြောတတ်ကြပြန်သည်။ အစားအသောက်ကြောင့် မလွှဲသာဘဲ လုပ်ရသည်ကို... “ငါ့ဝမ်းပူဆာ မနေသာလို့ လုပ်ရပြန်ပြီ” လို့လည်း ပြောတတ်ကြပြန်သည်။

အင်္ဂလိပ်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာလေး ပြန်မျှချင်ပါတယ်။

There is no nut in doughnut.
There is no ham in hamburger.
There is no dog in hotdog.
There is no sand in sandwich.

Ham ဆိုတာ ဝက်ပေါင်ခြောက်ကို ခေါ်တာပါ။ ဟိုရှေးတုန်းကတော့ ဝက်ပေါင်ချောက်နဲ့ လုပ်ခဲ့လို့ ခေါ်တာ မဟုတ်ပါဘူး။ Hamburger ဆိုတဲ့ စားစရာဟာ Germany နိုင်ငံ Hamburg မြို့ကနေ ပထမဆုံး လုပ်ရောင်းခဲ့လို့ခေါ်တာပါတဲ့။

အစားအသောက်နဲ့ပတ်သက်လို့ သမိုင်းမှာ ရာဇဝင်တွင်တဲ့သူက သူ့သခင် ငါးစီးရှင်ကျော်စွာက ခိုင်းလို့ စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကို လုပ်ကြံဖို့သွားတဲ့ ငခင်ညိုပါ။ တောထဲမှာ သုံးရက်ပုန်းနေရတာကြောင့် ထမင်းငတ်လို့ နန်းတော်ထဲက ရွှေစလောင်းနဲ့ နတ်တင်ထားတာကို စားလိုက်တဲ့ဖြစ်ရပ်ကို သိပြီးဖြစ်မှာပါ။ ထမင်းစားပြီးကာမှ ထမင်းရှင်ကို သတ်လျှင် အလွန်ပင် အပြစ်ကြီးလတ္တံ့ဆိုပြီး စစ်ကိုင်းမင်းကို မသတ်ဘဲ ဓားကြီးသာ ပြန်ယူလာတဲ့ ဖြစ်အင်ပါ။ ငါးစီးရှင်ကျော်စွာကလည်း “ထမင်းရှင်ကို ဒီလောက်တောင်မှတ်ရင်ဖြင့် ငါ့လိုသခင်ရဲ့ ကျေးဇူးဆိုလျှင် ဆိုဖွယ်ရာမရှိ” ဆိုပြီး ခွင့်လွှတ်တော်မူသတဲ့။

သူတို့အတွေးနဲ့ သူတို့တော့ ဟုတ်နေတာပါပဲ။ သူ့ဘာသာ ငတ်ကြီးကျလို့ ထမင်းစားပြီးကာမှ ဘုရင်ခိုင်းတဲ့ အလုပ်ကို မလုပ်ဘဲ ဓားကြီးယူပြီး ပြန်လာတဲ့သူကို ဘုရင်ကလည်း ခွင့်လွှတ်သတဲ့ဗျာ။ တခြားအခိုင်းအစေတွေပါ လိုက်လုပ်ကုန်မှဖြင့် မခက်ချေဘူးလား။ (ကျွန်တော့်အတွေးပါ)

ခုလောက်ဆိုရင်ဖြင့် “စားကြမယ်ဟေ့ကောင်းကောင်း” အစီအစဉ်လေးကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီမို့ ဒီတင်ပဲ ရပ်နားခွင့်ပြုပါရှင်... အဲ... ဗျာ။ တကယ်လို့ အစားကောင်း အသောက်ကောင်းလေးများ အလှူဒါန ပြုချင်သူများရှိပါလျှင် စေတနာရှေ့ထား သတင်းကောင်းလေးများ ပါးကြပါရန် မေတ္တာရပ်ခံ လိုပါသည်ခင်ဗျား။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်