Showing posts with label ဂန္တ၀င်ကဗျာ. Show all posts

ဗူ ကြောက်လိမ့်တုန်း


" ဗူ ကြောက်လိမ့်တုန်း"
ဗူသုန်၊ ဗူခ၊ ဗူစလို့  ဗူနေရာ
ဗူလာလိမ့်တုန်း။
ဗူလှဲ၊ ဗူထူလို့ 

ဗု၊ ဗူ၊ ဗူထောက်တယ်

ဗူကြောက်လိမ့်တုန်း

( ဖိုးသူတော်ဦးမင်း)
ခု ဖတ်နေရတဲ့ ကဗျာလေးကတော့  ကုန်းဘောင်ခေတ် ကဗျာတွေထဲက တစ်ပုဒ်ဖြစ်တဲ့ " ဗူ" ကဗျာလေးပဲ ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ်မှာ မင်း ၁၁ ဆက် စိုးစံခဲ့ကြတယ်။ အဲဒီထဲက မင်း ရှစ်ဆက်မြောက် ဖြစ်တဲ့ သာယာဝတီမင်း(ခ) ကုနုးဘောင်မင်း(ခ) ရွှေဘိုမင်းရယ်လို့ သုံးမည်ရခဲ့တဲ့ ဘုရင်လက်ထက်တော်မှာ မင်းတရားရဲ့ မိဖုရား အနောက်နန်းမတော် မမြလေး၊ အမတ်ကြီး ဦးပေါ်ဦး၊ စာဆိုတော်ဦးမင်း၊ ဝက်မစွတ်မြို့စား ဒုတိယ န၀ဒေးတို့နှင့်အတူ ထင်ရှားကျော်ဇောခဲ့တဲ့ စာဆိုတော် ဖိုးသူတော်ဦးမင်း ရေးသားခဲ့တဲ့ ပေါ့ပေါ့ပါးပါး ကဗျာတိုလေးတစ်ပုဒ်ပါပဲ။
တစ်နေ့မှာ ဝန်စာရေးလေးတစ်ယောက်ရဲ့ ချစ်သူက စိတ်ကောက်ပြီး မျက်နှာထားတော် သုန်မှုန်နေပြီး သူ့ချစ်သူကို မခေါ်ပဲနေတယ်။ ၀န်စာရေးလေးကတော့ သူ့ချစ်သူကောင်မလေး စိတ်အလိုတော်မကျ စိတ်ကောက်နေတာကို ခခယယ မချော့ချင်ရှာတော့ အခက်တွေ့နေသတဲ့။
အဲဒီတော့ ဖိုးသူတော်ဦးမင်းဆီရောက်လာပြီး အကျိုးအကြောင်းပြောပြတယ်။ သူတော်ရယ် ကျုပ်ချစ်သူလေးက မျက်နှာထားတော် သုန်မှုန်နေတာ၊ ကျုပ်ကလည်း မချော့ချင်လေတော့ မထေ့တထေ့ စာလေးများ ရေးပေးပါလို့  တောင်းဆိုလိုက်တယ်။

ဒါနဲ့  ဖိုးသူတော် ဦမင်းက "ဗူ" ကဗျာလို့  အမည်တွင်ခဲ့တဲ့ " ဗူ ကြောက်လိမ့်တုန်း" ကဗျာတိုလေးကို ရေးပေးလိုက်လေသတဲ့။

ကဗျာလေးက ချစ်စရာကောင်းလှသလို ကုန်းဘောင်ခေတ်က ဂန္တဝင်ကဗျာလည်းဖြစ်နေပြန်တယ်။ ဒီကဗျာလေးကို ရွတ်ဆိုမိလိုက်တိုင်း ကုန်းဘောင်ခေတ်က ချစ်စရာ လုံမပျိုလေးရဲ့  စိတ်ကောက်ပြီး နှုတ်ခမ်းစူ၊ သုန်မှုန်နေတဲ့ မျက်နှာနဲ့  သူ့ ချစ်သူ ၀န်စာရေးလေးတို့ကို မျက်စီထဲ မြင်ယောင်ရင်း ပြုံးမိစေတဲ့ ကဗျာတစ်ပုဒ်ဆိုရင် မှားမယ်မထင်ပါဘူး။
ကမာနီလာ

မောင့်ပန်းဦး



မောင့်ပန်းဦး
ခူးမယ့်အာရုံ။
နောက်နောင်ကို
သံလှောင်ကြီးရယ်နှင့်
မီးဒုက္ခအုံ။

ဒွိဟမြုံ ချတုံချဆဲ။
ကျွန့်မျက်ပျံ
ခွန်းဆက်ဟန်
တစ်ခါမပြုံးခင်က
ဘုန်းငိုက်စိုက်လဲ။ ။

ဆရာဇော်ဂျီ
ဒီ မောင့်ပန်းဦးဆိုတဲ့ ကဗျာလေးဟာ ကျွန်တ်ာနှစ်သက်ခဲ့ရတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာတွေထဲကတစ်ပုဒ်ပါ။ ဒီ ကဗျာလေးကို ဖတ်ရင် အိမ်ထာင်ရက်သားကျဖို့ စိတ်ကူးနေတဲ့ လူပျိုလေးတွေ၊ လူပျိုကြီးတွေအဖို့ တွန့်ဆုတ်သွားစေတဲ့ ကဗျာလေးမို့ မိတ်ဆွေသူငယ်ချင်းတွေထဲက ချစ်ခင်ရတဲ့သူတွေ အိမ်ထောင်ပြုချင်တဲ့ စကားလေးများပြောလာရင် နောက်ရင်းကြည်စယ်ရင်း ရွတ်ဆိုပြခဲ့တဲ့ ကဗျာတွေထဲက တစ်ပုဒ်ဆိုရင်လည်းမှားမယ်မထင်ပါ။
ကဗျာတွေကို ရွတ်ပြီဆိုကတည်းက ကဗျာစာဆို က၀ိတွေရဲ့ ဂုဏ်ကျေးဇူးကိုလည်း မေ့လို့ရမယ်မထင်ပါဘူး။ ဆရာဇော်ဂျီလို့ လူသိများခဲ့ ဆရာဦးသိန်းဟန်ဟာ ခေတ်စမ်းစာပေတွေကို ရေးသားခဲ့ကြတဲ့ ဆရာတွေထဲမှာ အဓိက ဦးဆောင်ခဲ့ကြသူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
“မောင့်ပန်းဦး” ကဗျာကို ဆရာကြီးဇော်ဂျီက ရေးသားခဲ့တာ နှစ်ဆယ်ဝန်းကျင်လောက်ကပါ။ လူငယ်သဘာဝ အချစ်ရေးကိုစဉ်းစားမိသော်လည်း ရှေ့ရေးစဉ်းစားမိရင်ဖြင့် မီးလိုပူလောင်မူတွေနဲ့ သံလှောင်အိမ်ထဲ ထည့်ခံထားရသလို ဒုက္ခများမယ့်အရေးကိုလည်း တွေးတောမိရင်း ချစ်သူကို ချစ်သော်လည်း ဖွင့်ဟမပြောပဲ မျိုသိပ်နေလိုက်တာလေးကို လှလှပပလေး ဖွဲ့ဆိုသွားခဲ့တာပါ။ ဒီကဗျာကို ၁၉၂၈ ခုနှစ်၊ ဒီဇင်ဘာလထုတ်၊ ယူနီဗာစီတီ ကောလိပ်မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတာမို့ ဆရာဇော်ဂျီ အသက် ၂၁ နှစ်သာရှိသေးပါလိမ့်မယ်။ လူငယ်ဘ၀ရင်ခုန်သံ ကဗျာတွေထဲက တစ်ပုဒ်ဆိုရင်လည်း မမှားဘူးလို့ ဆိုနိုင်မှာပါ။
ဒီကဗျာလေးကို ၁၉၉၈ခုနှစ်က စာပေလောက စာအုပ်တိုက်ကနေပြီး မှတ်မှတ်ရရ စာပေလောကရဲ့ စာအုပ်ထုတ်ဝေတဲ့ အုပ်ရေ (၂၄၀ ) ပြည့်မြောက် အဖြစ်နဲ့ ထုတ်ဝေခဲ့တဲ့ “ဇော်ဂျီ ကဗျာပေါင်းချုပ်” စာအုပ်မှာပါဝင်ခဲ့ပါတယ်။ အဲဒီစာအုပ်မှာ အခန်း  ( ၅) ခန်း ခွဲဖော်ပြထားပြီး ကဗျာ ၂၁၆ ပုဒ် ပါဝင်ပါတယ်။ “မောင့်ပန်းဦး” ကဗျာကိုတော့ ဆရာရဲ့ ငယ်လက်ရာတွေကို စုစည်းထားတဲ့ ရှေ့ပြေးကဗျာစု ကဗျာများထဲမှာ ပါဝင်ထည့်သွင်းထားတာကို တွေ့ရပါတယ်။ စီစဉ်သူတွေရော ထုတ်ဝေသူတွေရဲ့ ကြိုးပမ်းအားထုတ်မူတွေရဲ့ စေတနာဟာ ဒီစာအုပ်လေးက သက်သေပြနေတာမို့ ပိတီဖြစ်စရာ  ကောင်းလှပါတယ်။




“ဇော်ဂျီ ကဗျာပေါင်းချုပ်”မှာပါဝင်တဲ့  “မောင့်ပန်းဦး” ကဗျာ


ကမာနီလာ

ဗြိစ္ဆာရာသီ-တန်ဆောင်မုန်းလဘွဲ့လူးတား(ဦးယာ)

ဗြိစ္ဆာရာသီ-တန်ဆောင်မုန်းလဘွဲ့လူးတား(ဦးယာ)

နှင်းဖွဲ့မှိုင်းရီ၊ ရာသီဗြိစ္ဆာ၊ ကွေးလာမလုံ၊ လွှမ်းခြုံချမ်းစ၊ လွမ်းလှလေ။ ။
တိမ်ခြေရစ်သန်း၊ မင်းလွင်ဖျန်း၍၊ စက်ခန်းသုံးသိန်း၊ ဓာတ်ကိန်းအာပေါ၊
ကျယ်ပြောတိန၊ သို့သည့်လကို၊ မာသဗြိစ္ဆာ၊ နေ့မှာနာရီ၊
စွန်းညီအပြား၊ ရှစ်ခုသား၍၊ ရင်းအားနှစ်ဆယ်၊ ညဥ့်ဝယ်ဗီသ၊
တြိန္နနှင့်၊ ထွန်းပနက္ခတ်၊ ငွေပြဿာဒ်နှင့်၊ ကြယ်ကြိတ္တိကာ၊
ကျီးတာရာတို့၊ ပြည့်လှာကုန်ကျ၊ ဂြိုဟ်သူရနှင့်၊ ညီမျှတူစွာ၊
ဝိသာခါလျှင်၊ နေ့မှာလှည့်သွား၊ ဘ၀ါးစတု၊ ချမ်းစပြုသား၊
ငွေဥစိုစို၊ မိုးလုံးညို၍၊ မောက်မိုဖြိုးမြင့်၊ ရွှေပွင့်ခ၀ဲ၊
ဝတ်မှုံကြဲလျက်၊ ထွတ်ကဲစိန္တေ၊ ရှင်တော့်မွေကို၊ ရိုသေညွှတ်ကျိုး၊
မသိုးသင်္ကန်း၊ လှူဒါန်းရောင်ရှိန်၊ ကထိန်ပွဲခင်း၊ ကြိုင်သင်းပန်းမာလ်၊
ဆုပန်မြွတ်ဟ၊ သံချိုမြနှင့်၊ အလှပြောင်းအိ၊ သတိရွှေသား၊
သည်အလားသို့၊ ငါးပါးအင်စုံ၊ ဆူကြုံနိမ့်မြင့်၊ ပြစ်မျိုးလွင့်လျက်၊
မြပွင့်စိမ်းနီ၊ ပြာရီရောင်စု၊ ကျီးဥလိုလို၊ ယဉ်ပျိုနုနယ်၊
နတ်နှင့်ဆွယ်သို့၊ လည်ဝယ်ရွှေညှင်း၊ လဲ့ဝင်းပြာဖြူ၊ ဟန်ယူယိမ်းနွဲ့၊
ခ၀ဲပွင့်တုန်း၊ တန်ဆောင်မုန်းဟု၊ ခွေနှုန်းခန်းလယ်၊ ဇာခြယ်အုံးပေါ်၊
မွှေးပေါင်းဖျော်၍၊ ကြင်ဖော်မစုံ၊ ပိုက်ခြုံကွာဝေး၊ ခြူးကွေးဝန်းယှက်၊
လယ်ဗွေထက်၌၊ မြရွက်ကေသာ၊ လွမ်းမူရာနှင့်၊ သန္တာညွန့်သစ်၊
သရစ်ပေါ်ဖူး၊ လျှပ်ရောင်မြူးလျက်၊ ဆောင်းဦးဆည်းဆာ၊ လေပြေလာ၍၊
သောကြာရပ်က၊ ဆွတ်ဖျန်းပြသော်၊ မြိုင်ဝပတ်လည်၊ ပင်တိုင်းစည်လျက်၊
သံမြည်ရင့်ကျူး၊ ကျေးငှက်မြူးသား၊ ဆန်းထူးဝေေ၀၊ မြောက်လေသွင်းချီ၊ ရာသီဗြိစ္ဆာ၊ လမှာတန်ဆောင်၊ မြူမှောင်မသန်း၊ သော်တာဆန်းသည်။
တိမ်ပန်းထက်ကောင်းကင်ကလေ။ ။
စင်ကြယ်တည့် ညစ်ကြေး မြူမထွေး။ ။ ချမ်းအေးမိမယ်ကို။ ။
ဘုန်းမိုမှာပျော်ဘဲ မယ်ဝမ်းနဲ။ ။ နှင်းပွဲဝန်းလည်ဝေ။ ။
သည်းကြွေတည့် တုန်ချမ်း မျှော်မိလွမ်း။ ။

လူးတား-ဦးယာ

မောင့်ကြောင့် (အိုင်ချင်း)


မောင့်ကြောင့် (အိုင်ချင်း)

ချစ်တဲ့သူငယ်လေ ...
သူငယ်ချင်းကောင်း ယောက်မတို့လေ ... ။

ငါ့ကိုလွယ် အမယ်ကြီးနှင့် ဘကြီးဖျက်လို့၊
အိမ်လေးထောင့်မှာ ဆူးတွေချလျက်၊
ဖျက်နဲငယ်မှ စေ့စုံ။
လှေကားခုံမှာ
ဂဠုန် မောင့်ကြောင့် စောင့်တော့တယ်။
လှေကားဦးမှာ
ဘီလူးမောင့်ကြောင့် စောင့်တော့တယ်။
လှေကားခြေမှာ
ဆူးလေမောင့်ကြောင့် ကြဲတော့တယ်။
အိမ်တိုင်တိုင်းမှာ
နွားရိုင်းမောင့်ကြောင့် ချည်တော့တယ်။
ထရံကြားမှာ
ဓားသွားမောင့်ကြောင့် ထားတော့တယ်။
အိမ်ကြမ်းကြားမှာ
အပ်သွားမောင့်ကြောင့် စီတော့တယ်။
အိမ်မိုးခေါင်မှာ
လှံထောင်မောင့်ကြောင့် စိုက်တော့တယ်။

မောင်လဲ ဘယ်က တက်ပါ့မယ်။
မယ်လဲ ဘယ်က ဆင်းပါ့မယ်။
ကြွက်ကဲ့အယောင် ကြောင်ရဲ့အလား၊
ထုတ်နှင့်ယောက်ကို ထိုးဖောက်သွားက၊
ထုတ်သားငယ်မှ မခိုင်၊
ထုတ်တိုင်ငယ်မှ ပိုးထိုး၊
အလယ်ခေါင် ဖောင်ဖောင်ကျိုးက၊
သူခိုးဆိုညွှန်း မီးတင်ထွန်းလို့ ဝန်းကြသောအခါ၊
ဆင်းချခုန်   လမ်းဆုံရောက်ပါလိမ့်မယ်လားရှင်။

ညီမအထွေး ရွှေတလေးကို
ပြေး၍ ကြည့်ချေ စေလေသော့ခါ
အမယ် မမ ကျွန်မခဲအို မြင်ငဲ့ပါတို့
ရွာလယ်ခေါင်တွင် ခုတင်ကြီးမှာ
စောင်းတီးလို့လေး။

(အမည်မသိရှေးစာဆို)

ပင်လယ်ခရု (ဦးကြင်ဥ)


ပင်လယ်ခရု (ဦးကြင်ဥ)

ကြုံစဖူး

မြင်ဖူးမှ ယုံစဖွယ်။



ဖြူနီဝါပြာတစုနှင့်

ခရုထွေလာဆန်း

ကမ်းကွေ့ပတ်လည်။



ရွှေမင်တံ သံပခြုပ်နှင့်

ဟန်ရုပ်ပြသွယ်သွယ်

နတ်မယ်လျဆံထိုး။



ဝင်ကစွပ်

မြင်ဆွတ်ကကြည်ဖို့ရာ

ဟိုသို့လာ သည်သို့သွားနှင့်

အငှားခန္ဓာမြှောင်ရတယ်

ဆန်းခေါင်ထိမျိုး။ ။



ဦးကြင်ဥ

ဝဋ်လိုက်တတ်တယ် (လှိုင်ထိပ်ခေါင်တင်)


ဝဋ်လိုက်တတ်တယ် (လှိုင်ထိပ်ခေါင်တင်)



မြခဲရောင်နွယ် ရွှေကျေးငယ်ကို
မွေးချင်တယ်မပူဆာနှင့်
နန်းညာ ရွေမြင့် နတ်ကယ်လေး။ ။



ရှေးဝဋ်ကျန်အောင် မဖန်သာသင့်
မြိုင်လုံးတင့်တဲ့ ပင်မြင့်သဇင်
ဂမုန်းအင် တော်ဝင်တဲ့မြတ်လေး
မောင်ဆွတ်ပေးမယ်ပ ..
ပျံ့မွှေးငယ်ချိုချို
ငိုမာန်ဖွဲ့လို့ အနွဲ့တော်ပိုလှချည့်
ကွန်းခိုတဲ့ရွှေဘုံပျော်မှာ
အမူတော် သည်မယ်များလှချည့်
ချုံရိပ်နေ ဟိုရွှေကျားက
စားတတ်တယ်လေး ။ ။

(လွမ်းချင်း)
(လှိုင်ထိပ်ခေါင်တင်)




သစ္စာတိုင်ပတ်ပျိုး ( ချစ်သမျှကို) - အနောက်နန်းမတော် မမြကလေး




ချစ်သမျှကို မြင်းမိုရ်ရွှေတောင်လုံးသာပလေ
လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့လေး
အို ဘယ်မမုန်းပါတော့နိုင် ကပ်လုံးဆုံးတိုင်တိုင်
ရုံးညှာပိုင် အုန်းလှိုင်သဉ္ဇာကြွေ့မှာလှလေ
ကြိုးမည့်နောင်ခါ ကမ္ဘာမြေငယ် မြေ့စေတော့လေ

မှန်သရွေ့ကိုလ ဖန်စေ့ငယ်ရေရေ
ကိုးဂုဏ်ရှင့် ဂူတော်မွေ တူမသွေပါစေ မယ်နှင့်သား
လှစ်ကျူးမြွက်ကြား ဝှက်မထား မြတ်ရှင်ပင် တန်ခိုးအား
မခြားသိစေကြောင်း ပန်ထွာတည့် ခဝပ်ညောင်း။

တူပြိုင် ဂူလှိုဏ် စကားသစ္စာတိုင်
သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးမယ်
ဆုထူးငယ် ပန်ရွယ်သွန်း
ချစ်လို့ငယ်မကုန် ဝသုန်ဤမြေ သိကြားစေသက်သေညွှန်း

ပျံ့မွှန်းမွှေးလှိုင် ကျူလေတည့်မှ
သုံးလူထွတ်မှန်ကူ မတူလေ ပြိုင်နှုန်းကင်း
ခြောက်ဖြာစုံ ရောင်မျိုးငယ်လင်း။

သဖြန်။
ချစ်ခြင်းငယ်ပြိုင် မြစ်မင်းပိုင် အဏ္ဏဝါက ပြန်မသာကဲ
ယွန်းစေဝသုန် ငွေဝန်းသော်တာယုန်သို့
ကမ္ဘာကုန်ကျယ်သရွေ့ငယ်ကို ဘယ်မေ့လိမ့်မလဲ။

အနောက်နန်းမတော် မမြကလေး

မိုးဘွဲ့ (ဦးကြင်ဥ)




အော် - မှုံတနွဲ့နွဲ့ လွမ်းနယ်ချဲ့လို့

စုံသဲ့ကန္တာ မြေထရံဆင့်

ကမ်းခုံမြင့်က စွင့်စွင့်ငယ်ညာသည်

ဘုတ်ဝါရွှေချိုးက ကူတော့တယ်။

သဇင်ဆော်လွင့် ပင်တံမြင့်မှာ

ပွင့်ပန်းရည်စုပ်

ခါသံသဲသဲ ညံမစဲ

ပဲတောင့်ပြုတ်တို့

ရွှေစာလုတ်ချီ ခွန်းသံငယ်စီသည်

ပြည်သည်ခေါင်ပိုး

လူလိုကပတ် နုတ်ခွန်းဆက်တယ်

ငှက်မယ်မျိုးတို့ ဆော်နိုးငယ်ခေါ်သည်

မြိုင်မော်သစ်နန်းကလဲဆူတော့တယ်။

ကသယ်မြေမွ

ကြေပွပွနှင့် မြသလင်းပြင်

မိုးနွေမခန်း ယိုစိမ့်စမ်းနှင့်

အိုင်ကမ်းခွင်မှာ ရွှေသမင်တောက်

စာမရီငွေ တိုးအောင်းချေ

ရေမိုးသောက်လို့ တောမျောက်ကယ်ငြာ

ကန္တာမြိုင်ကြီးကလည်း ပူဖို့ဘွယ်။

 
(လေးချိုးသဖြန်)

ပူဖို့ညွှန်း

လွမ်းလိုက်ကပါဘိတယ်…..။

တောင်းစောင်းထရံကွေ့မှာ

မိုးဝေ့လို့လယ်…..။

ရော်လို့သာဆွေးလိုက်ကဲ့

မအေးနိုင့်ပူနယ်ကို

ခြယ်ဖန်လဲ့ တဘုန်း……။

ဆင့်ဆင့်သာ ကဲတော့တယ်

ဖော်နဲသူကြေကြွေရန်ဖို့

ကိုးတန်ဖွဲ့ချုန်း…………….။ ။

**** ဘုတ်ဝါ၊ ပဲတောင့်ပြုတ်၊ သီခေါင်ဖိုး = ငှက်အမည်များ
ကပတ် = ကဲ့သို့
ကသယ် = မြေမှုန့်
ငြာ = ဟစ်ကြွေးသည်
ထရံ = မတ်စောက်သောနံရံ
ကိုးတန် = အရပ်ကိုးမျက်နှာ (၈+အထက်)

ပိန်းကောလှေသူကြီး(တျာချင်း) ၀န်ကြီးပဒေသရာဇာ




 မိုးဦးကာလ ချောင်းကျပြီဆိုလျှင်၊
ပန်းလောင်ကြောမှာ ပိန်းကောလှေငယ်ရှင်၊
တောင်ဘက်ကယ်တစ်ခွင် ထွက်ဝင်ဖောက်ကား၊
ပဲ့ပါမည်သူ မပါလူ၊
ထိုးသူတစ်ယောက်သားငယ်နှင့်လေး။

ငါးပိဆားပြား ဖောက်ကားရအောင်၊
ပဲလွမ်းပဲကြီး သီးသီးယူကြဉ်းဆောင်၊
တက်မကိုမြှောင် ကွမ်းပေါင်နီကြောင်း
နဘူးခက်ညို ကိုင်းညွတ်ယို၊
ပင်ကိုနှီးသား ပေါင်းငယ်နှင့်လေး။

ခမောက်မှာကောင်း အုပ်ဆောင်းငယ်မပါ၊
သိုးလည်းမစပ် ဝါးပပ်ကယ်တစေသာ၊
ထိုးဝါးကိုယ်မှာ ဘယ်ညာပခုံး၊
ခြေနှင့်ကျောက်ကန် တွန်းလိုက်လှန်၊
အားအန်လွန်ကြီးဆုံးငယ်နှင့်လေး။

ခါးတောင်းကျိုက်လုံး ပခုံးခဲတွေ၊
ချွေးကလည်းစီး ဒီဒီးကျသည့်ရေ၊
စဖိုမှာပေ ချက်လေထမင်း၊
မနပ်နိုင်ပြီ တစီစီ၊
နန်းနီသာ မီးအိုးကင်းငယ်နှင့်လေး။

ဝမ်းလိုင်တွင်းငယ်မှာ သွတ်သင်းမြဲပင်၊
အငွေ့ချောင်းချောင်း၊ စလောင်းနှင့် ငါးပိကင်၊
လှေဆိုက်တည့်လျှင် ကြေးလင်နှင့်ကျင်း၊
ရိုးရွက်ကယ်ဖူးခေါင် အာပါးကိုလောင်၊
ချဉ်ပေါင်ပူလှသည့်ဟင်းငယ်နှင့်လေး။

တစ်ယောက်ချင်းသည် ထမင်းခူးသော်
တစ်ဆုပ်ကယ်နေ့တိုင်း လမိုင်းရှိပူဇော်၊
သွေးသောက်ကယ်ခေါ် အဖော်အပေါင်းညှိ၊
ငုံ့ကာငုံ့ကာ ဝပ်၍သာ၊
ဆုပ်ကာလွေးလိုက်ဘိသည်နှင့်လေး။

စားမိစားရာ ဝမ်းမှာကျင့်တော့သည်။       ။
ပိန်းကောသူကြီးမှာ ချမ်းသာမြင့်တော့သည်။    ။

ဝန်ကြီးပဒေသရာဇာ(ညောင်ရမ်းခေတ်)

ပျော်ပုံကသစ်သနှင့်(ဦးကြီး)

ပျော်ပုံက သစ်သနှင့် ငယ်ချစ်ကယ်လိုက်ခဲ့တော့၊

အကြိုက်ကတဲ့ တို့တောရွာမှာ၊

မိုးအကာ ပင်ယံထက်ဆီက၊

ထန်းရွက်နှင့်ဆင်သည့်အိမ်၊

ခြုံတင်းတိမ် နွားရေခင်းလို့

ညဉ့်တွင်းကို ပုလွေကျော်နှင့်၊

ဖျော်ပမယ်လေး။

ကိုက်ဖူးငယ်ညွန့်စီ ချဉ်ပေါင်နီကို၊

ရာသီဓလေ့ ပုစွန်လုံးခွံဖုံးထေ့လို့၊

တောလေ့ငယ်တဆင် လယ်ကြွက်ကင်နှင့်၊

တို့ခွင်ဖရုံ ဟင်းဘက်စုံလှ၊

မင်းပုံထယ်ထယ် နေစာပျို့အစ်ကို့ကိုတယ်ပမယ်၊

ဆောင်းနယ်ဝင်သည်ချိန်ကို ယစ်စီးစိမ်အဆီဖိန်းလို့၊

မှိန်းစေ့မယ်လေး။        ။

           ဦးကြီး-ကုန်းဘောင်ခေတ်

ဆောင်းဖွဲ့  (လေးဆစ်)





သဉ္စာလီ ဗွေပြဒုမှာဖြင့်၊
ခင်သာကီ တမေပု ကိုလ၊
ဖေယခု ပိုက်လှဲ့ ဆို။
မလုံသေးနိုင်ဘု၊
တုန်အေးရှာ တင်တမေငဲ့၊
ရင်ရွှေကို လေပြေခတယ်၊
သြွဲကစိမ့်ဖို။
တသန်းတန်ရတီဖို့ သော်လဲ၊
ကြငှန်းပျံ ကတီမို့ မှာတော့၊
မဒီပျို့ ဆောင်းရိပ်ခိုငယ်၊
အချမ်းပိုပါလို့ ငိုချင်ဆဲ။
ငွေနှင်းငယ်ထန်၊
ချွေညှင်းတညံညံနှင့်၊
ရေကင်းသံ တဖန်ကြားရင်လ၊
လွမ်းအားတော် ပွေဗျာလှိုင်လို့၊
ကေညာခိုင် စုခင်လေးမှာ၊
(ကိုယ်တော်ရေ) မှေးစက်နိုင်ဘဲ။ ။

(အချုပ်တန်းဆရာဖေ)