Showing posts with label နှစ်သက်မိသော စာများ. Show all posts

ရှတတမိတော



မိတောနှင့် စတင်သိကျွမ်းရသည်မှာဆန်ပိုးများဖြစ်သည်။ ယခင်က မလေး (အိမ့်ချမ်းမြေ့) မိတော ဇာတ်လမ်းများစွာကို ရေးခဲ့သည်ဟုဆိုသည်။ သို့သော် ကျွန်မ မဖတ်ဖူးခဲ့။ အင်တာနက်ဘလော့ဂ်စာမျက်နှာကို နောက်ကျမှ ရောက်ရှိလာခြင်းကြောင့် ယခင်ရေးနှင့်ကြပြီးသော ဘလော့ဂ်စာများကို မဖတ်ရှုဖူးခဲ့ပေ။ အချိန်ရှားပါးမှုနှင့် မျက်လုံးပြဿနာကြောင့် စာစုံဖတ်ရှုနိုင်ဖို့၊ ရှာဖွေဖို့ခဲယဉ်းနေခဲ့သည်။ 'မိတောနှင့်ဆန်ပိုးများ' ကိုဖတ်ရှုမိချိန်တွင် သဘောတကျနှင့် အစမှ အဆုံးတိုင် ပေါ့ပါးရွှင်သာစွာ ဖတ်ရှုဖြစ်သွားသည်။ ဆန်ပိုးများကို တွေ့ရှိကာရှင်းလင်းဖြစ်ရာမှ ၎င်းဆန်ပိုးလေးများအကြောင်း စပ်စပ်စုစုရှာဖွေလေ့လာသည့် အကြောင်းမျှသာ ဖြစ်သော်လည်း ရေးသားပုံသွက်လက် အရွှင်ဓာတ်ပါကာ ခေတ်ကိုပါ မထိတထိသရော်စာလေးများဖြင့် ရိပ်ဖမ်း သံဖမ်းထည့်ရေးသွားသည်။

မိတောခမျာ သူ့ဆန်ပိုးများအကြောင်း ပြောပြရန် ကိုရင်သာအေးကိုလိုက်ရှာနေချိန်တွင် တွေ့မြင်လိုက်ရသောအဖြစ် သနစ်ကိုရေးပြသွားသည်မှာ တစ်ပိုဒ်ထဲနှင့် မျက်မှောက်ခေတ်ကို သိမ်းကြုံးသရော်သွားနိုင်သည်။
'အင်တာနက်စာမျက်နှာများပေါ်တွင်မြန်မာပြည်အရေးများဖတ်ပြီး မျက်နှာတည်တည်ကြီးဖြစ်နေသော ကိုရင်သာအေး ကိုလှမ်းမြင်လိုက်သည်။ သူ့မျက်နှာရိပ် မျက်နှာကဲကိုကြည့်ခြင်းဖြင့်မြန်မာပြည်တစ်နေရာရာမှာမြစ်ရေလျှံပြန်ပြီလား၊ မီးပျက်ပြန်ပြီလား၊ မီးလောင်ပြန်ပြီလား၊ လက်ကိုင်ဖုန်းတွေ ဈေးတက်ပြန်ပြီလား၊ ဆည်တွေဆောက်ကြပြန်ပြီလား၊ တောင်တွေ ဖြိုပြန်ပြီလား၊ ဘယ်သူက ဘယ်သူ့ကိုနမ်းပြန်ပြီလဲ…တစ်ခုခုတော့ ဖြစ်နေပြန်ပြီကို ရိပ်မိလိုက်ရပြန်သည်။ဒါကြောင့် ဘာမှ မပြောဝံ့တော့ဘဲ အိမ်ပေါ်သို့ အသာလေးတက်လာလေသည်။'
မိတောရေးသားပုံမှာ အရွှန်းဖောက်နေခြင်းမဟုတ်သော်လည်း သူမ၏ပြုမူလှုပ်ရှားပုံကလေးများ၊ စကားများ၊ ပတ်ဝန်း ကျင်မှ လူများနှင့် ကူးလူးဆက်နွယ်သော အဖြစ်သနစ်များက ပြုံးစရာ၊ ရယ်မောစရာဖြစ်နေသည်။ တစ်နည်း လူ့စရိုက်၊ လူ့ သဘာဝကို အသော့လေး ဖော်ဆောင်နေသည့်နှယ်။ 'ဆန်ပိုးများ' ကို ဖတ်ပြီးပြီးချင်း မိတော၏ပုံရိပ်ကို အသေအချာမြင် ယောင်လာမိသည်။ အလားတူ မိတော စာစုများရှိနေသေးကြောင်း သိရှိရချိန်တွင် တစ်ပုဒ်အကြောင်းအရာတစ်မျိုးစီနှင့် လူနေမှုဝန်းကျင်၏ ကမောက်ကမ၊ ခေတ်၏ ယိုင်နဲ့မှုတို့ကို ဖော်ပြသွားလိမ့်မည်ဟု ခန့်မှန်းသိရှိခဲ့သည်။
မိတောစာစုများ စုစည်းထုတ်ဝေမည်ကြားရသောအခါ ၀မ်းသာမိသည်။ မိမိ မဖတ်ရသေးသော မိတောစာစုများကို တစ်စုတစည်းတည်း ဖတ်ရတော့မည်။ သို့သော် တော်တော်နှင့် မိတောက စာအုပ်အဖြစ်ရောက်ရှိမလာ။ စာရေးသူက ဝေးလံ လှသော ကနေဒါနိုင်ငံတွင် အခြေချနေထိုင်ခြင်းကြောင့် စာအုပ်တစ်အုပ်အဖြစ်ပုံဖော်ရန် လွယ်ကူချောမွေ့မှုရှိမည်တော့ မဟုတ်။ ထိုသို့ဖြင့် မေလလယ်ခန့်တွင် 'မိတောရဲ့ရှတတနေ့စွဲများ' အဖြစ်စာအုပ်ထွက်ရှိလာလေသည်။
ဦးစွာ စာအုပ်အပြင်အဆင်ကို နှစ်သက်သဘောကျစွာ သတိပြုမိခဲ့သည်။ နံ့သာရောင်ဖျော့ဖျော့နောက်ခံတွင် ရှေ့မျက် နှာဖုံးရှိ ကွန်ပြူတာတစ်လုံးနှင့် အလုပ်ရှုပ်နေသော ဆံရစ်ဝိုင်းလေးနှင့် မိတော သရုပ်ဖော်ပုံက ပြုံးမိစေသည်။ မိတော ဘာတွေများ အလုပ်ရှုပ်၊ ဘယ်လိုအရာတွေ ကြုံတွေ့ပြုံးမိစေဦးမည်လဲ..။
နောက်ကျောဖုံးတွင်
'ဖြစ်လေ့ဖြစ်ထရှိတဲ့
အဆီအငေါ်မတည့်မှုများ
ကပေါက်တိကပေါက်ချာများအတွက်
အမြဲရှိနေမယ့် မိတောရယ်ပါ'
ဟု မိတောကို တိုတောင်းစွာ ဖွင့်ဆိုထားသည်။ ဖလင်ပြားအတွန့်အလိပ်များထက်မှ မိတော ဇာတ်ဝင်ခန်းများက စိတ် ၀င်စားမှုကို အရှိန်မြင့်စေသည်။ လောကသဘာဝအတွင်းမှ မသိလိုက်၊ မသိဘာသာ သတိမထားမိကြသော အဆီအငေါ် မတည့်မှုများ၊ အံဝင်ခွင်ကျမဖြစ်မှုများ, များစွာ ရှိနေပါသည်။ ဒါတွေကို သတိပြုမိသော စာရေးဆရာမကတော့ 'မိတော' ကိုဖြစ်တည်စေခဲ့ပြီ။ ဆံရစ်ဝိုင်းလေးနှင့် မိတော မည်သို့သော အဖြစ်အပျက်တွေကြားမှာ မြင်တွေ့ရမည်လဲ…။
*******
မိတောကို 'မိတောနှင့် နွယ်ရီ၊ သဲတဖြစ်လဲ မိတော၊ မိတောနှင့် ကနေဒီယန် ကန်စွန်းရွက်၊ မိတောရဲ့ နံနက်ခင်း၊ မိတောနှင့် ပုရွတ်ဆိတ်သိုင်းလေပွေရိုင်း၊ မိတောနှင့် အညိုရိပ် (၅၀)၊ မိတောနှင့် ၀ါးမီးတိုင်များ၊ မိတောနှင့် အမြွှာတံတားကြီး၊ မိတောနှင့်ဘဲဆီ၊ မိတောနှင့် ဆန်ပိုးများ၊ မိတောနှင့် ငါးပုပ်ခြောက်၊ မိတောနှင့် နွေရက်များ၊ မိတောနှင့် နှင်းမုန်တိုင်းတစ်နေ့၊ မိတောနှင့် ရန်ကုန်'စသဖြင့်ခေါင်းစဉ် (၁၄) ခုနှင့်မြင်တွေ့ရပါသည်။ ကနေဒါနိုင်ငံတွင် အခြေပြုနေသော ဇာတ်ကောင်မိတော၏ မြန်မာဆန်သော အတွေးအမြင်၊ အငွေ့အသက်ကို ရရှိခံစားမိသည်။ ဇာတ်လမ်းတစ်ခုစီ၏ ပီပြင်ကျန သော သရုပ်ဖော်ပုံများက မိတောသရုပ် ကို ပိုမိုပီပြင်စေပါသည်။ မှတ်မှတ်ရရဖြစ်မိစေသော၊ စွဲထင်နေသည့် မိတော၏ ပုံရိပ် အချို့တစ်ဝက်ကို ဖော်ပြလိုက်ပေသည်။
မိတောနှင့်နွယ်ရီ
မိတော သူငယ်ချင်း နွယ်ရီဟူသော အမည်လှလှကို ကနေဒါမှ ကားလိုင်စင်ရုံးဝန်ထမ်း၏ မပီသစွာ ခေါ်လိုက်ပုံ က 'နွားကြီး' တဲ့..။ မအီမလည် နွယ်ရီ့ ရုပ်သွင်ကိုပါမြင်ယောင်ကာပြုံးမိစေသည်။ ဘာသာစကား အကူးအပြောင်းသည် မိတော ၏ ပတ်ဝန်းကျင်ဝယ် ပေါ့ပါးရယ်မောစရာအဖြစ် ဖြစ်တည်သွားလေသည်။ ချိုသဲခင်၏ အဖြစ်သနစ်ကလည်း မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ချင်စရာ။ စက်မဖွင့်ရသေးသည့် မျက်စိစမ်းသပ်စက်ထဲ ၀င်ကြည့်ကာ မမြင်ရတော့ဘူး ဟူသည့် သူငယ်ချင်းမ ချိုသဲခင်ကို မိတောကလည်း ကပေါက်တိကပေါက်ချာအားပေးနေပြန်ပါသေးသည်။ ထိုသို့သော မိတော…..။
သဲတစ်ဖြစ်လဲ မိတော
နာမည်တွင် သဲ မပါလေသော မိတောကို သဲ ဟု တသွင်သွင်ခေါ်လေ့ရှိသည့် အန်တီကြီးများနှင့် အဖြစ်သနစ် များက ပြုံးချင်စရာ။ အန်တီကြီးများ၏ဖြစ်ပျက်မှုအလွဲများ၊ အတွေးအလွဲတွေကြား မိတောခမျာ အူလည်လည်ဖြစ်နေရှာသည်။ ခမ်းနားလှပသော အေးချမ်းသာယာသည့် အဆောက်အဦးကြီးကို ငှားနေကြမည်ဟု အတိုင်အဖောက်ညီနေကြသည့် အန်တီကြီး တို့ကို အရူးထောင်ဟု ကပျာကယာရှင်းလင်းပြောပြရသေးသည်။ ဆံပင်ညှပ်ဆိုင်လမ်းညွှန်လိုက်သည်ကို ရှာမတွေ့လေသော လူငယ်တစ်ဦး၏ အဖြစ်သနစ်က ရယ်စရာ။ The Bay ဟူသည့် ဆိုင်ကိုရှာမတွေ့ဘဲ ပန်းပွင့်ကြီးနှင့်ဆိုင်သာ တွေ့ခဲ့သည်တဲ့။ ဆိုင်၏ ဆိုင်းဘုတ်ရုပ်ပုံကို ထည့်သွင်းဖော်ပြထားသည်ကို ကြည့်မိပါက ရယ်ချင်စရာအမှန်ဖြစ်ပါလိမ့်မည်။
မိတောနှင့် ကနေဒီယန်ကန်စွန်းရွက်
ရှားပါးလှသည့် ကနေဒီယန်ကန်စွန်းရွက်များ အစ်မ၀မ်းကွဲ၏ အိမ်နားရေမြောင်းထဲမှာ တောထအောင်ပေါက်နေ သည့် သတင်းကြားရ၍ ခူးယူရန် နေ၀င်ရီတရော အချိန်ကို ရွေး၍ ၀မ်းသာအားရသွားလေသည့် မိတော…။ သူ့နှယ် ကန်စွန်း ရွက်ခူးထွက်ကြလေသော ရွှေမြန်မာများအား အုန်းအုန်းကျွတ်မျှ တွေ့လိုက်ရ၍ ရှက်အားပို နောက်ပြန်လှည့်မိလေသော မိတော…။ မြူးကြွသော အရေးအသားက မိတောကို ပုံပေါ်မြင်ယောင်လာစေသည်..။
မိတောနှင့် ပုရွက်ဆိတ်သိုင်း လေပွေရိုင်း
ညနေခင်းကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သော အဖြစ်သနစ်မှာ ပြုံးချင်စရာမက ဒေသတွင်း ပြုလေ့ ရှိသည့် ပုံရိပ်များကိုပါမြင်သာစေပါသည်။ တရုတ်အဘိုးကြီးတစ်ဦးပြုလုပ်သလို သဘာဝဓာတ်တွေ စီးမျောလာအောင် လိုက်လံ တုပလေ့ကျင့်ခန်းပြုလုပ်ကြည့်ပါလေသော မိတော…သူ့အလှည့်ကျကာမှ ပုရွတ်ဆိတ်အုံနှင့် တိုးမိ၍ ပုရွတ်ဆိတ်သိုင်း ဖြစ်သွား ရတော့သည်။ ထိုစာပုဒ်ကလေးတွင်တော့ မိတော မိသားစု၏ ဘ၀နေထိုင်မှု၊ ကူးလူးဆက်နွယ်မှု ပုံရိပ်ကလေးများကိုပါ ခပ်လွန့်လွန့်မြင်ရလေသည်..။
မိတောနှင့် ၀ါးမီးတိုင်များ
အစိုးရ ရုံးတစ်ရုံး၏ ဧည့်ကြိုနေရာတွင် အများပြည်သူကြည့်ရန်ထားပေးသည့် ကွန်ပြူတာခုံကလေးမှာ ထိုင်ရန်ကြိုးစားသည့် တရုတ်အဘိုးကြီး၏ အဖြစ်ကိုဖတ်ရသည်တွင် အသံထွက်ရယ်မောမိတော့သည်။ ကွန်ပြူတာခုံမှာ အရှင်မို့ လိုသလိုညှိယူရသည်ဖြစ်ရာ ထိုအရာနှစ်မျိုးကို အခါခါညှိယူနေရာမှ ချွေးတလုံးလုံးဖြစ်နေရှာသည့် တရုတ်အဘိုးကြီးကိုမြင်ယောင်လာသည်အထိ အရေးကောင်းခဲ့သည်။ မိတော ကူညီပေးလိုက်၍ အဆင်ပြေသွားသော် တပြုံးပြုံးနှင့် သုံးစွဲမည်ပြင် ကာမှ နှစ်မိနစ်လောက်ပဲ ရှိသေးသည့်အချိန် ချိန်းထားသည့် သူ ရောက်လာ၍ မထချင်ထချင် ထလိုက်ရသည်ကို ရေးထားရာ ရယ်မောသဘောကျမိသည်။
'ကွန်ပြူတာ ကြည့်တော့မည်ဆိုကာမှ လာခေါ်သော အမျိုးသမီးနောက်သို့ မကျေမနပ်လိုက်ပါမသွာခင် စိတ်တိုပြီး မောက်စ်ကို တစ်ချက်မသိမသာ ဆောင့်ချလိုက်သည်'
ထို့နောက် ရာသီဥတုသာသာယာယာရှိလေတုန်း ကဗျာဆန်ဆန် ၀ါးမီးတိုင်လေးတွေ ထွန်းကာ ညအလှကို ရှုစားခံစားချင်ပါလေသည့် မိတော..။ နောက်ဆုံးတော့ ပတ်ဝန်းကျင်မှ လူအများ အိပ်မောကျလေမှ ကြယ်ရောင်ပြိုးပျက် ညလေသာသာယာယာက တိုက်ခတ်ချိန်တွင် သူမ၏ ငါးမူးတန်ဝါးမီးတိုင်အလှများကို အေးအေးချမ်းချမ်း ရှုစားခွင့်ရတော့သည်။ အနုပညာဖြင့် ပျော့ပြောင်းနူးညံ့လှပါလေသော မိတော……။
မိတောနှင့် အမြွှာတံတားကြီး
ခမ်းနားလှပပါလေသော အမြွှာတံတားကြီး၏ ပုံရိပ်ကိုပါ ထည့်သွင်းဖော်ပြထားသည်။ သူ နေ့စဉ်ဖြတ်သွားနေရ သည့် တံတားကြီးအကြောင်း ရေးသားထားခြင်းဖြစ်သည်။ ဆောင်းပါးဆန်သော အပုဒ်တစ်ပုဒ်ဖြစ်ကာ ဒေသတွင်းဗဟုသုတများ၊ ဖွံဖြိုးပြီးနိုင်ငံများ၏ လက်ရှိလူနေမှုတို့ကို မသိမသာခပ်ပါးပါး ဖော်ပြသွားသည်။ နေ့စဉ်ဖြတ်သန်းသွားလာနေကျ ယာဉ်ကြော ငါးလိုင်းပါ တံတားဘေးမှာ ယာဉ်ကြောဆယ်လိုင်းပါ တံတားကြီးလာဆောက်နေသည်ကိုပင် သတိမပြုမိသည့် မိတော၏ စကားများက ပြုံးချင်စဖွယ်..။
'မိတောလည်းညာဘက်က တောင်တန်းကုန်းမြင့်များကိုသာ ငေးပြီး စာရေးဖို့လောက်ပဲ စဉ်းစားနေသောကြောင့် လည်းကောင်း၊ ကိုယ့်တိုင်းပြည်လည်း မဟုတ်သဖြင့် ၁၀ လိုင်းမပြောနှင့် လိုင်း ၄၀ လမ်းကြိးဖောက်လည်း ရင်မခုန်သောကြောင့် လည်းကောင်းသတိမထားမိ'
ဒီမိုကရေစီနိုင်ငံများတွင် ကောင်းကွက်ရှိသလို စိတ်ပျက်ဖွယ်များလည်း များစွာရှိသည့်အကြောင်း ထိုအမြွှာ တံတားကြီးဖြင့် ဥပမာပေး ပြောသွားသည်။ လူဦးရေ သုံးဆယ့်ငါးသန်းသာရှိသော ကနေဒါနိုင်ငံတွင် နှစ်ပေါင်းသုံးဆယ်ကျော် ငြင်းခုံကြ၊ ဆန္ဒပြု၊ မဲထည့်ကြပြီးမှ ထိုတံတားကြီးကို အကောင်အထည်ဖော်နိုင်ခဲ့တော့သည်။ တိုးတက်လှပါသော ခေတ်မီနိုင်ငံကြီးများ နောက်ကွယ်မှ အခွန်အတုတ်များကိုလည်း ထည့်သွင်းရေးဖွဲ့သွားခဲ့သည်။
မိတောနှင့် နွေရက်များ
ပူပြင်းလှသော နွေရက်အချို့ကိုဖြတ်ကျော်နေရခြင်းကို ဟာသနှော ရေးသားသွားခြင်းဖြစ်သည်။ သရုပ်ဖော်ပုံ အထိမိဆုံးအပုဒ်တစ်ပုဒ်ဖြစ်သည်။ ကနေဒါ၏ နွေရာသီအပူရှိန်အောက်တွင် ဒဏ်မခံနိုင်တော့သည့်နောက်ဆုံး ခုံတစ်လုံးကို ရေခဲသေတ္တာရှေ့ချ ပန်ကာကို ရေခဲသေတ္တာဘက်လှည့်၍ မိုင်ကုန်ဖွင့်ကာ ရေခဲသေတ္တာထဲ အရှိန်ဖြင့် ၀င်သွားသည့် လေတွေက အရှိန်ဖြင့် ပြန်ထွက်လာကာ ထို တဟူးဟူးအေးမြသည့်လေကို နှစ်သက်ကြည်နူးစွာ ခံယူနေပုံလေးက တစိမ့်စိမ့်ချစ်ခင်မိကာ ပြုံးမိစေသည်။ အို ဘယ့် ကြံကြံဖန်ဖန် မိတော….။
မိတောနှင့်ရန်ကုန်
ရန်ကုန်လူနေမှုစနစ်နှင့် ခေတ်ကာလသရုပ်ကို ဖြူစင်သော ရှုထောင့်အမြင်မှ ခပ်ပါးပါးသရော်သွားသည်ကို မြင်တွေ့ရသည်။ လိုင်းမမိပါသော ဖုန်းလိုင်းများ၊ ပတ်ဝန်းကျင်သို့ ထိခိုက်လွင့်ပါးကျယ်လောင်သော အသံချဲ့စက်သံများ၊ ဆယ့်တစ်နာရီအချိန်ဝန်းကျင်မှာမှ အမှိုက်ပစ်ရန် ကြေငြာသည့် လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား အစချီသည့် စည်ပင်ယာယာမှ လော်စပီကာသံ..။
'မိတောလည်း လေးစားအပ်သော လူကြီးမိဘပြည်သူများထဲတွင် တစ်ယောက်အပါအ၀င်ဖြစ်သဖြင့် သူတို့ ဘာပြောမလဲဟု ဆက်ပြီးနားထောင်နေလိုက်သည်'
- ဟူသော အဖွဲ့က ပြုံးချင်စရာ။ ဆယ်လနီးပါး လူအများစည်းကမ်းမရှိမှုကို သည်းခံခွင့်လွှတ်နေနိုင်သည့် စည်ပင်သာယာကို မိတောက ကျေနပ်စွာ ရှိနေပြီးမှ အကြိမ်ကြိမ်မေတ္တာရပ်ခံနေသဖြင့် နားမခံသာတော့သည့် မိတော
'တော်ပြီလေ၊ တော်လောက်ပြီလေ….လူကြီးမိဘတွေ ဒီလောက်ဆို သဘောပေါက်ပြီလေ'
ခေါင်းအုံးနဲ့ ခေါင်းကို ဖိကာ ခပ်တိုးတိုးအော်ဟစ်နေသည့် မိတောကိုပါ မြင်ယောင်လာတော့သလို…။
မိတောစာစုများကိုအကုန်အစင်ဖတ်ရှုပြီးချိန်တွင် နှစ်သက်သဘောကျရုံသာမကပြုံးပျော်ရွှင်မြူးစေသည်။ မိတောသည် သာမာန်မိန်းမပျိုတစ်ဦးမျှသာ…။ သို့သော် မိတော၏ အတွေး၊ ကြုံတွေ့ရသည့် ပုံရိပ်များက မျက်မှောက်ခေတ် လူမှုအဖွဲ့အစည်း၊ ခေတ်စနစ်၏ ကောင်းမွေ၊ ဆိုးမွေကို သေသပ်ကျနစွာ မီးမောင်းထိုးဖော်ပြသွားနိုင်ခဲ့သည်။ မိတောသည် မြန်မာစာပေတွင် ရှားပါးလှသော အဆင့်မီသရော်စာတစ်အုပ်သာ ဖြစ်ပါတော့သည်။                   ။

ရွှေအိမ်စည်
30.5.2013
PM:11;15

ကြယ်စင်ကောက်ကြောင်း



(အစ)

ငြိမ်သက်အိနြေ္ဒရသော နက်ပြာရောင်နောက်ခံတွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေး များကို နှစ်သက်သဘောကျစွာကြည့်နေမိသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်ပါသည် လဲ။ တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်….။ အနည်းငယ်မျှသာ။ သို့သော် ထိုကြယ်ပွင့်ကလေးတွေ လက်နှင့် ခပ်ဖွဖွ ထိသပ်မိသည်။ အီလက်ထရောနစ်ဝေ့မှ စာလုံးလေးများ စာရွက်ဖြူလွလွထက် ရောက်ရှိလာခဲ့ပြီ။ လွယ်ကူ သော၊ ချောမွေ့သော၊ ဖြောင့်ဖြူးသော၊ တံတားခင်းသော လမ်းကားမဟုတ်။ သို့သော်..သူတို့ ရောက်ရှိ လာကြ ပြီ။ စာအုပ်ကလေးကသေသေသပ်သပ်၊ ကြယ်ပွင့်ကိုယ်စီ၏ အရိပ်အငွေ့တစ်မျက်နှာစီ။ ၎င်းတို့အနီးသို့ တဖြေး ဖြေးစီ……………..။

(ကြယ်စင်တစ်)
စာရေးသူ = နှင်းပွင့်
ကောက်ကြောင်းများ = အမြဲစိမ်းတော၊ လမိုက်ည
အမြဲစိမ်းတောကို အရင်ဖတ်ဖြစ်သည်။ သူ့ဝတ္တုအဖွင့်တွင် ရည်ညွှန်းထားသည့် “သည်းခံဖို့ကြိုးစားရင်း၊ ရုန်းကန်ဖို့ကြိုးစားရင်း၊ တင်းခံဖို့ကြိုးစားရင်း၊ မပြင်းထန်ဖို့ကြိုးစားရင်း တဖြည်းဖြည်း အထီးကျန်ဆန်လာတယ်။ ကျွန်မ ရည်ရွယ်ချက်တို့ ယုံကြည်ချက်တို့ မှုံဝါးလေပြီလား” စာသားကို စိတ်ဝင်တစားနှင့် အမြဲစိမ်းတော ကို ဆက်ဖတ်ဖြစ်ပါသည်။ စာရေးသူဆိုလိုရင်းကို ကျွန်မ အရိပ်အငွေ့တော့ ဖမ်းမိပါသည်။ သို့သော် စကားပြေနှင့် စကားပြောရောနှောသည့် အသုံးအနှုန်းများကို အပိုဒ်တိုင်းတွင်တွေ့နေရသည်။ သူဆိုလိုသည့် အမြဲစိမ်းတော သည် အချစ်၊ ဘ၀၊ ကျင်လည်ရာဝန်းကျင်များကိုခြုံငုံပြလိုရင်း၊ ပူလောင်မှုတွေကြားမှ အမိုက်မှောင်လိုအင်ဆန္ဒ၊ အတ္တများကင်းဝေးသော အဇ္ဈတ္တဘ၀ပုံရိပ်ကို ရည်ညွှန်းဟန်တူပါသည်။ သို့သော် အကြောင်းအရာသည် ဟန် ချက်မညီမပါ။ အချစ်အကြောင်းသယ်လာသော စာမျက်နှာတွေနှင့် ၀တ္တုပြီးလုပြီးခါနီးမှ ဘ၀၊ လူနေမှု ပုံရိပ်ကို ချိုးကွေ့သွားသောအခါ အနည်းငယ်မညီမညာမှုကို ခံစားရပါသည်။ သို့သော် ခံစားမှုတစ်ခုတော့ ခပ်နွေးနွေးရရှိ စေလိုက်သည့် ရသတစ်ပုဒ်ဖြစ်ပါသည်။
လမိုက်ည ကို ဖတ်မိသောအခါ ကျွန်မ စိတ်တို့ကြမ်းရှရှ..။ မိန်းမငယ်၏ ခံစားမှု၊ နာကျင်မှုတွေကိုမြင်တွေ့ကာ မချင့်မရဲ။ ဒီလိုအဖြစ်တွေမျိုးလဲ ရှိသေးသားဟုမှတ်ချက်ချမိသေးသည်။ ရေးသားဟန်မှာ သွက်၍ ဆို လိုသည့်အကြောင်းအရာကို ခပ်စိပ်စိပ်တစ်ချက်ချင်းပြောသွားနိုင်သည်။ ပြန်လှန်မေးခွန်းထုတ်သော အမေး စကားများပြားနေခြင်းကတော့ ၀တ္တု၏အရသာကို အနည်းငယ်ထိခိုက်ပါသည်။ ထို့ထက်ပို၍ ပြေပြစ်သော စကားပြေများဖြစ်လျှင် သိပ်လှပသည့်ဝတ္တုလေးတစ်ပုဒ်ဖြစ်သွားနိုင်ပါသည်။ စိတ်ခံစားမှု အတက်အကျကို သရုပ်ဖော်သွားသည်က နှစ်သက်စဖွယ်။ ဇာတ်အဆုံးသတ် စာကြောင်းလေးက ၀တ္တုတစ်ပုဒ်လုံး၏ အရှိန်ကို အမြင့်ဆုံးထိ ညွှန်ပြနိုင်ခဲ့သည်။
‘ကိုကို မလာသော ညက အထီးကျန်လွန်းလှသည်။ လ ကလည်းမသာ။ ညဥ့်ကလည်းနက်လုပြီ။ လပြည့်ညကျလျှင်တော့ အဖြေရှာတွေ့ကောင်းပါရဲ့’
လပြည့်ညများကို ရှာတွေ့နိုင်ပါစေဟု တိတ်တဆိတ်ဆုတောင်းမိသည် အထိ ၀တ္တုလေးက ဆွဲဆောင် နိုင်ခဲ့သည်။
(ကြယ်စင်နှစ်)
စာရေးသူ = ချစ်ကြည်အေး
ကောက်ကြောင်းများ = မကြင်စော အုန်းစတိုင်၊ အပူစာ
ရေးသားဟန်ခပ်သွက်သွက်ကို မြင်တွေ့ရပါသည်။ ပထမ ဖတ်ဖြစ်သည်မှာ မကြင်စော အုန်းစတိုင်။ပြေပြစ်သော အရေးအသား၊ အတွေးခပ်သွက်သွက်တို့က ဆွဲဆောင်သွားသည်။ မကြင်စောက အနွဲ့အကြောင်း ကို အပြောနဲ့ဇာတ်ကိုသယ်သွားတာ ဖြစ်ပေမယ့် အနွဲ့ရုပ်လုံးသာမက မကြင်စောရုပ်လုံးကို ပါမြင်ယောင်လာ အောင် ရေးသားသွားသည်မှာ နှစ်သက်စဖွယ်။ သူ အနွဲ့ကိုမြည်တွန်တောက်တီးကာ အပြစ်စကားဆိုနေပေမယ့် အနွဲ့ပေါ်မှာပင် ချစ်ခင်နေတာ သူ့ကိုယ်သူပင် မကြင်စောသတိထားမိဟန်မတူ။ ထို့ပြင် သူ့ကိုယ်သူလည်း မမြင်။ပြုံးစရာ။ အိုမင်းမစွမ်းသူတွေ၏ ခံစားချက်၊ လစ်ဟာမှုကို ခံစားရရှိလိုက်သည်။ နှစ်သက်ဖွယ် ၀တ္တုတစ်ပုဒ်ပင်။
အပူစာ ကို ဖတ်ဖြစ်သောအခါ လူသားတို့၏ အတောမသတ်နိုင်သော လောဘ၊ အတ္တ၊ မာန်မာနတို့ကို မြင်လာသည်။ ပိုင်ဆိုင်မှုတွေတိုးလာတိုင်း ဒီပိုင်ဆိုင်မှုတွေအပေါ် မက်မောသထက်မက်မောသော တပ်မက်မှု များ၊ ရသထက်ရလိုသော လူ့လိုအင်ဆန္ဒများ၊ ခံယူချက်ခြင်းမတူသော ဘ၀နေထိုင်မှုမှပြယ်လွင့်ရသောချစ်ခြင်း မေတ္တာ..။ ပိုင်ဆိုင်မှုတွေကို ကိုယ်ကျင့်သိက္ခာနှင့်လဲလှယ်ရမှတော့ ဆရာမ ဆိုခဲ့သလို တကယ့် အပူစာပင်။
ရေးသားဟန်သွက်လက်ကာ ရိုးရှင်းသောစကားပြေအရေးအဖွဲ့တို့ဖြင့် ဆွဲဆောင်နိုင်ခဲ့သည့် ၀တ္တုနှစ်ပုဒ် ဖြစ်ပါသည်။
(ကြယ်စင်သုံး)
စာရေးသူ = အိန်ဂျယ်လှိုင်
ကောက်ကြောင်းများ = စုန်၍စီးဆင်းနေသော မြစ်တစ်စင်း၊ မြတ်နိုးခဲ့ဖူးသည်
စုန်၍စီးဆင်းနေသော မြစ်တစ်စင်း သည်ခေါင်းစဉ်နှင့်ထိမိကာ တသိမ့်သိမ့်ခံစားစေရသည့် ၀တ္တုတစ်ပုဒ် ဖြစ်သည်။ ထွန်းအောင်၏ အတွေးပုံရိပ်မှ ထွန်းအောင်၏မိသားစု လူနေမှုဘ၀၊ ထွန်းအောင်နှင့် ဖခင်ကြားထဲမှ ကူးလူးဆက်နွယ်မှု မေတ္တာတရားတို့ကို သရုပ်ဖော်ပုံမှာ ပိရိသေသပ်ပါသည်။ စာအရေးအသားချောမွေ့ပြေပြစ် သလို ဖခင်၏ချစ်ခြင်းမေတ္တာကို တစိမ့်စိမ့်သရုပ်ဖော်ပြသသွားပြီးမှ မိမိတပြန် မိဘနေရာရောက်သွားသည့်အခါ ဖြစ်ပေါ်လာသည့်ခံစားမှုကို ညင်ညင်သာသာလေးရေးသွားသည်မှာ လှပပါသည်။
‘သား ဆိုသော အသိလေးနဲ့ ထွန်းအောင်ရင်ထဲ တသိမ့်သိမ့်တိုးဝင်လာသော ချစ်ခြင်းမေတ္တာတရား တို့ဖြင့် မိုးစက်တို့ကြောင့် အေးစက်နေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသွားစေခဲ့ရသည်ဟု ဆိုပါလျှင်..’
ထိုအဆုံးသတ်ကလေးက တသွင်သွင်စီးဆင်းနေသော မေတ္တာကိုမြင်ယောင်လာအောင် စွမ်းဆောင် နိုင်ခဲ့ပါသည်။
မြတ်နိုးခဲ့ဖူးသည် ကို ၀တ္တုဆိုတာထက် အက်ဆေးတစ်ပုဒ်ဟုရည်ညွှန်းချင်သည်။ ညင်သာညက်ညော သော အရေးအသားက လှပသည့်အက်ဆေးတစ်ပုဒ်အဖြစ် ပုံဖော်နိုင်ခဲ့သည်။ ဟိုတစ်စသည်တစ်စ အတွေးများ မှ အဖြစ်အပျက်၊ ဇာတ်လမ်းလေးတစ်ပုဒ်ကို ခပ်ပါးပါးရေးသားသွားသည်မှာ နှစ်သက်ဖွယ်ကောင်းလှသည်။ ခပ်စင်းစင်းလွမ်းမောခြင်းက ပြေပြစ်ချောမွေ့သော အရေးအသားကြောင့် ဆွဲဆောင်မှုရှိသွားစေသည်။ အတွေးစ တွေပါသော စာသားအများစုကို ကျွန်မ သဘောကျလှသည်။
‘ထို့ထက်ပို၍လည်း ကျွန်မ သူ့ထံမှ အလိုမရှိတော့ပါ။ ယခုအချိန် ကျွန်မ ပိုင်ဆိုင်ရရှိနေသော သူနှင့် ပတ်သတ်ခဲ့သော အကြောင်းအရာတို့သည် ချိုသည်၊ ခါးသည် မမြည်သော သီးသန့်အဖြူထည်အဖြစ်သာ တည်ရှိနေသည်ပင်’
‘ကျွန်မနှင့်သူ ပြန်လည်ဆုံတွေ့ခြင်းကို ဆုံမှတ်တစ်ခုအဖြစ် သတ်မှတ်မည်ဆိုပါလျှင် ထိုဆုံမှတ်သည် အဖြေမရှိသော မသိကိန်းတစ်ခုအဖြစ်ဖြင့်သာ တည်ရှိနေနိုင်သည်’
‘ကျွန်မဘ၀အတွက် ဆုံးဖြတ်ချက်ဟူသမျှသည် ကျွန်မအပေါ်တွင်သာ မူတည်သည်ပဲ ဖြစ်ရမည်ပင်။ တစ်ခန်းရပ်သွားပြီးမှ ဆက်ရန်မရှိသော အကြောင်းကို တရားဝင်ခေါင်းစည်းတပ်ကြေငြာဖို့ဆိုတာ မလိုအပ် တော့သည်ပဲလေ’
(ကြယ်စင်လေး)
စာရေးသူ = အိမ့်ချမ်းမြေ့
ကောက်ကြောင်းများ = နာနေသောလူများ၊ သွေ့လွင်ပြင်
နာနေသောလူများ ကိုဖတ်ရသည့်အတွက် ပထမကျေးဇူးတင်ရသည်မှာ နယ်ပယ်သစ်၊ အရသာသစ်ကို ရရှိခံစားမိစေ၍ဖြစ်သည်။ ရသ၀တ္တုဟူသည် ခေါက်ရိုးကျိုးဇာတ်လမ်းများရေးဖွဲ့နေရမှ မဟုတ်ပါ။ ဆရာမရေးပြ သွားသော အကြောင်းအရာသည် စိတ်ဝင်စားဖွယ်လုပ်ငန်းအတွေ့အကြုံတစ်ခုကို အခြေပြုကာ သူတွေ့ရှိရသော သူများနှင့်ပတ်သတ်၍ အတွေးစ၊ အမြင်၊ အဖြစ်အပျက်ခပ်ပါးပါးတို့ကို ရိုးရိုးငြိမ်ငြိမ်လေးရေးသားသွားသည်။ နာ နေသောသူချင်းတူပေမယ့် နာပုံနာရခြင်း၊ ခံစားနေထိုင်ရခြင်းတွေ မတူကြပေ။ နေရာဒေသများကိုမြင်ယောင် လာအောင် တစ်ချက်ချင်းသရုပ်ဖော်ရေးသားသွားသည်မှာလည်း နှစ်သက်စရာကောင်းလှသည်။ သူရေးပြမှ လူအိုရုံ ဟူသည်ကို ဂဃနဏနားလည်မိသည်။ လူအိုရုံဟူသည် စွန့်ပစ်ခံထားရသည့်နေရာတစ်ခုမှ မဟုတ်ပေပဲ။ ကျွန်မတို့နိုင်ငံက ဘိုးဘွားရိပ်သာတွေမှာကော အဘယ်သို့ရှိနေကြသည်လဲ။ စိတ်ဝင်စားဖွယ်အကြောင်းအရာ နှင့်ပြေပြစ်ရှင်းလင်းသောအရေးအသားတွေက အရသာသစ်ကို ပေးစွမ်းနိုင်ခဲ့ပါသည်။
သွေ့လွင်ပြင် သည်နူးညံ့လှပသော အချစ်ဝတ္တုလေးတစ်ပုဒ်ပင်။ လွင်ပြင်ငယ်နှင့် အက္ခရာတို့၏ သိမ်မွေ့ တိတ်ဆိတ်သော ချစ်ခြင်းမေတ္တာ၊ နုနယ်လှသော လွင်ပြင်ငယ်၏ နှလုံးသားအရောင်လွန့်လွန့်များ၊ ဆုံမှတ်မရှိသော သူတို့နှစ်ယောက်၏ ချစ်ခြင်းကိုအဆုံးသတ်မှမြှုပ်ကွက်လေးဖော်ကာ ဖတ်ရှုသူနင့်မောသွားအောင်ရေး သားသွားခဲ့ပါသည်။ တဂိုး၏ ကဗျာကို အဖွင့်အပိတ်တွင်နေရာကျနစွာထည့်နိုင်ခြင်းက ၀တ္တုကို ပိုမိုလှပကြွစေ ခဲ့သည်။
(ကြယ်စင်ငါး)
စာရေးသူ = ကိုဇော်
ကောက်ကြောင်းများ = မာရ်နတ်ရဲ့ရုပ်သွင်ပြင်၊ မိုးခါးသောက်သူများ
မာရ်နတ်ရဲ့ရုပ်သွင်ပြင်သည် အတွေးသွက်သွက်၊ အရေးသွက်သွက်နှင့် စိတ်ဝင်စားစရာဖြစ်အောင် ဆွဲ ဆောင်သွားပါသည်။ အန်ကယ်ညွန့်တစ်ယောက် ခွေးနှစ်ကောင်နှင့် နိစ္စဓူဝပတ်လည်ရိုက်နေပုံက ပြုံးချင်စဖွယ်။ ခွေးက ကြွက်နံ့ရ မြေတွင်းတူး၊ ဒါကို သူက မြေပြန်ဖို့နှင့် မနက်တိုင်းကြွက်ျနှင့်ခွေးတွေကို မေတ္တာပို့၊ မောင်းမဲနေ သည်ကို ခပ်မြူးမြူးအရေးအသားနှင့် သယ်သွားပါသည်။ ကွန်ကရစ်လောင်းဖို့ရာ အောက်ခံမြေ မမာ၍ အခက် အခဲတွေ့နေသည်မှ စာဖတ်သူပင် တွေးမိမည်မထင်သော အချိုးကို ရုတ်တရက် သူ ကွေ့ချပြသွားခဲ့သည်။
‘ဘယ်အရာ၊ ဘယ်ပစ္စည်း၊ ဘယ်ဥစ္စာ၊ ဘယ်သူဘယ်ဝါ၊ ဘယ်လူ၊ ဘယ်တိရိစ္ဆာန်၊ ဘယ်သတ္တ၀ါမှ လုံးဝမကောင်းဘူးဆိုတာ မရှိပါဘူးဗျာ။ အဲဒီလို မကောင်းဘူးဆိုတာကိုတောင်မှ ကိုယ်က မြင်တတ်ရင် ကိုယ့် အတွက် ကောင်းကွက်လေးတွေ ဖြစ်လာတော့တာပါပဲ’
သူကွေ့သွားသော အချိုးက လှပလွန်း၍ မဖော်ပြတော့ပါ။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြစေချင်ပါသည်။
မိုးခါးသောက်သူများ သည် မူလပင်ကို၏ ဖြူစင်မှုသည် အခြေအနေ၊ အကြောင်းအရပ်ရပ်တို့ကြောင့် တစစအရောင်နှောလာရသည့် အကြောင်းတင်ပြလိုခြင်း ဖြစ်သည်။ လူသား၏ ကူညီဖေးမလိုခြင်း စာနာမှု တရားသည် လူသားကြောင့်ပင် ပျက်ပြယ်ရသည်ကတော့ တရားကျစရာကောင်းလှသည်။ ဘတ်စ်ကားပေါ်တွင် ထိုင်ခုံရလူတန်းစားက မတ်တပ်ရပ်ရသည့် အားနွဲ့သူ၊ အသက်ကြီးရင့်သူတွေကို ဦးစားပေးကြသည့်အလှကို အများစုကရေးဖွဲ့ကြသော်လည်း သူကတော့ ထိုင်ခုံပေါ် မြဲမြဲထိုင်သွားရသူ တစ်ယောက်အကြောင်း ရေးပြသွား သည်။
‘လူတွေသည် သာမာန်အားဖြင့်တော့ ကောင်းကြပါသည်။ သို့သော် အခြေအနေတစ်ရပ်ကို ခက်ခဲစွာဖြတ်သန်းခဲ့အပြီးမှာတော့ တချို့လူများသည် ပြောင်းလဲသွားတတ်ကြပါသည်’
အဆုံးသတ်သွားသော စာပိုဒ်ကလေးက စာဖတ်သူကို တွေးစရာတွေ အများကြီးကျန်ရစ်စေခဲ့ပါသည်။
(ကြယ်စင်ခြောက်)
စာရေးသူ= နန်းအသင်္ခယာ
ကောက်ကြောင်းများ = Let it be…..Honey၊ ၂၁ ရာစုအန္ဓ၀န်
Let it be……….Honey ကို ၀တ္တုတိုမမည်၊ အက်ဆေးမမည်သော ရသစာစုတစ်ခုအဖြစ်သာ ဖတ်ရှုခဲ့ပါသည်။
၂၁ ရာစုအန္ဓ၀န် သည် ပြကွက်တစ်ကွက်စီနှင့် မိသားစုတစ်ခုအတွင်းမှ ခြစားနေမှုကို သရုပ်ဖော်သွား ပါသည်။ မိသားစုဝင်တစ်ယောက်ချင်းစီ၏ အကျင့်စာရိတ္တရိုယွင်းမှုနှင့်အတူ ခေတ်ကို သရော်ကာ ရေးသားသွား သည်။ ရုပ်ဝတ္တုပစ္စည်းတိုးတက်လာမှုနှင့်အတူ လူ့ဘောင်သည် ကောင်းကျိုး၊ ဆိုးကျိုးများ ဒွန်တွဲနေပေရာ ဆိုးကျိုး၏အမွေကို သိသာမြင်သာအောင် ထိမိစွာဖော်ပြသွားပါသည်။
(ကြယ်စင်ခုနှစ်)
စာရေးသူ = သတိုး
ကောက်ကြောင်းများ = ဆေးမင်ကြောင်၊ စီးတဲ့ရေ
ဆေးမင်ကြောင် သည် ဆေးမင်ကြောင်ကို နှစ်သက်မြတ်နိုးစွာ ရေးထိုးခဲ့သောသူတစ်ယောက် အကြောင်းရေးသားထားသည်။ ဟိုးယခင်ခေတ်များက ဆေးမင်ကြောင်များ အကြောင်းပါ တစွန်းတစ ရေး သားထားရာ စိတ်ဝင်စားဖွယ်။ ယခုခေတ် တက်တူးများကိုပင် စိတ်ဝင်စားခြင်းမရှိလှသည့် ကျွန်မအဖို့ ဇာတ် ကောင်ရေးထိုးသော ဆေးမင်ကြောင်လေးများကို စူးစမ်းချင်စိတ်နှင့် ဇာတ်ကောင်နောက် မျောပါသွားခဲ့ရ သည်ကိုတော့ ၀န်ခံရပေမည်။ သူ ရေးထိုးသော ဆေးမင်ကြောင်ကလေးများသည် အတိတ်ပုံရိပ် ကိုယ်စီနှင့် ဆွတ်ပျံ့ဖွယ်ရာ ကောင်းလှသည်။ သို့သော် ထိုဆေးမင်ကြောင်လေးများကို ဖျက်ဆီးချင်စိတ်ဖြစ် တည်လာ အောင် အခြေအနေ၊ အကြောင်းအရပ်ရပ်တို့က ဖန်တီးလာသည်ဖြစ်ရာ ဟိုယခင်က ဆွတ်ပျံ့ဖွယ်ရာများကို သူနှင့်အတူ ကျွန်မပါ နှမျောတသစိတ်နှင့် လွမ်းတသသ။ ထိုအခြေအနေ၊ အကြောင်းတရားတို့တွင် ကိုယ်တိုင်ပါ အတ္တအချို့နှင့်ပါဝင်ကူညီအားဖြည့်မိခဲ့သည်ဆိုသည်ကိုတော့ အဘိုးအိုသိပါလေစ..။
စီးတဲ့ရေ သည် တစစပြောင်းလဲဖြစ်တည်လာသော ခေတ်ကာလသဘောတရားကို သိမ်မွေ့ညင်သာစွာ တရိပ်ရိပ်ရေးပြသွားခြင်းဖြစ်သည်။ ခေတ်စနစ်သည်ပြောင်းလဲတိုးတက်လာခြင်း မည်သလို အယူအဆ၊ အမြင် တွေကလည်း တစ်ခေတ်နှင့်တစ်ခေတ် မတူညီစွာခြားနားတည်ရှိနေကြသည်။ ရှေးရိုးစွဲ အစဉ်အလာတွေ တွင် မွန်းကြပ်လှောင်ပိတ်မှုများရှိနေနှင့်ခြင်းဖြစ်သလို ၂၁ ရာစု၏ ပွင့်လင်းမြင်သာမှုများတွင်လည်း လိုက်မမီသောမြန်ဆန်မှုများလည်း ရှိနေကြသည်။ ဒါက လူလတ်ပိုင်းအရွယ်ခံစားမှုနှင့် ကျွန်မ၏ ရှုထောင့်လည်း ဖြစ်နေနိုင် ပါသည်။ ခေတ်သုံးခေတ်ကို ယှဉ်တွဲလျှက်ရေးသားဖော်ပြသွားပုံမှာ နှစ်သက်စရာကောင်းလှသည်။
(ကြယ်စင်ရှစ်)
စာရေးသူ = ကိုကိုးအိမ် (မန္တလေး)
ကောက်ကြောင်းများ = ရွက်ကြွေတို့ရဲ့ဒိုင်ယာရီ၊ စိမ့်စမ်းရေ
ရွက်ကြွေတို့ရဲ့ဒိုင်ယာရီ သည် ချစ်ခြင်းဖွဲ့ဝတ္တုတစ်ပုဒ်ဖြစ်သည်။ အရေးအသား ညက်ညောကာ ဇာတ်ကို သိမ်သိမ်မွေ့မွေ့ဆွဲဆောင်သွားနိုင်သည်။ သို့သော် Third Person အနေနှင့် ၀တ္တုအဖွင့်မှ နောက်ပိုင်းတွင် First Person နှင့် Third Person တလှည့်စီရောထွေးနေသည်က ၀တ္တုကို အနည်းငယ်ထိခိုက်စေပါသည်။ ဇာတ် အဆုံးသတ် နိဂုံးပိုင်းသည် Blogger တစ်ဦးရေးသားသော ၀တ္တုအဆုံးသတ်နှင့် အနည်းငယ်မဆိုစလောက် ဆင်တူနေသည်ကို သတိပြုမိစေချင်ပါသည်။ ဇာတ်အိမ်အနေနှင့် စိတ်ကူးယဉ်ရုပ်ရှင်ဆန်သော အပြဖြစ်နေ သော်လည်း ညင်သာသောအရေးအသားက ဖတ်ပျော်သော သိဂါင်္ရရသတစ်ပုဒ်အဖြစ် ဖြစ်တည်စေခဲ့ပါသည်။
စိမ့်စမ်းရေ သည် အရေးအသား၊ အဖွင့်အပိတ် သေသပ်လှပသည့် ၀တ္တုတစ်ပုဒ်ဖြစ်သည်။ မိခင်တစ် ယောက်၏ ချစ်ခြင်းအင်အားကို အပြောတွေဖြင့် ရုပ်လုံးဖော်သွားသည်။ ရိုးရိုးစင်းစင်းစကားတွေကြားမှ ဒေါ်မြရင် ၏ စရိုက်၊ စိတ်ဓာတ်၊ ဘ၀ကိုသိသာမြင်သာအောင် ရေးသားသွားသည်မှာ နှစ်သက်စရာ ကောင်းလှသည်။ အချို့သောစကားပြောနှင့် စကားပြေရောယှက်သွားသော်လည်း ဇာတ်ကိုထိခိုက်လောက်အောင် မပြောပ လောက်ပါပေ။ အခန်းမဖြတ်ဘဲ တောက်လျှောက်ရေးပြသွားသော်လည်း အိုင်မနေဘဲ စိတ်ဝင်တစားဖြစ်အောင် ရေးဖွဲ့နိုင်ခဲ့ပါသည်။ စိမ့်စမ်းရေ ဟူသည့်ခေါင်းစဉ်နှင့်လိုက်ဖက်စွာ အေးမြမြခံစားလိုက်ရသည့် ၀တ္တုတစ်ပုဒ်ပင်။

(ကြယ်စင်ကိုး)
စာရေးသူ = မြသွေးနီ
ကောက်ကြောင်းများ = စီးဆင်းခဲ့သော၊ လိပ်ပြာ
ကျွန်မတို့တွေ သွေးလှူသောမြင်ကွင်းများစွာ ကြုံခဲ့ဖူးပါလျှက် အမှတ်မထင်မေ့မေ့ပျောက်ပျောက် ရှိနေတတ်ကြသည်။ သွေးလှူရသည့်ပီတိအကြောင်း သိရှိကြားဖူးပါလျှက် သိရှိခြင်းသက်သက်သာရှိခဲ့ဖူးကြ သည်။ ဆရာမ ရေးပြလိုက်သော စီးဆင်းခဲ့သောတွင်မူ ထိုပီတိလေး၏အနှစ်သာရကို စာဖတ်သူပါ ကိုယ်တိုင် ခံစားပါဝင်လာအောင် သွက်လက်သောအရေးအသားတို့နှင့် ဆွဲခေါ်သွားခဲ့သည်။ နောက် သွေးလှူခံလူနာ၏ အလှူရှင်ပေါ်ထားရှိသော လေးစားအားကိုးချစ်ခင်မှု စိတ်စေတနာ။ မေတ္တာဖြင့်အပြန်အလှန် ကူးလူးဆက်ဆံကြ သည့် အလှူရှင်နှင့် အလှူခံတို့၏ မေတ္တာပေါင်းကူးများ။ သွေးလှူခွင့်ရခဲ့သည့် တစ်နေ့တာကို ပီပြင်ကျနစွာ သရုပ်ဖော်သွားပါသည်။
လိပ်ပြာ သည်ဇာတ်အဖွင့်မှစ၍ စိတ်ဝင်တစားဆွဲဆောင်သွားခဲ့သည်။ မြင်ကွင်း၊ ပစ္စက္ခအခြအနေကို သရုပ်ပေါ်မြင်သာအောင် ရေးဖွဲ့ထားသည်။ အမေအိုတစ်ယောက် ဆုံးပါးသွားခြင်းနှင့်နောက်ဆက်တွဲ လိုချင် ရမ္မက်များကိုမြင်တွေ့ရသည့်အခါ စိတ်မသက်မသာ။ ပရိဒေ၀မီးထက် လောဘမီးတောက်လောင်တတ်ပုံ က သံဝေဂယူစရာပင်။ အစ်မကြီး၏ အတွင်းအဇ္ဈတ္တကို သူ ခွဲဝေနေပုံမှတဆင့်မြင်တွေ့ရသည်။ ဘာကိုမှ မက်မော တွယ်တာခြင်း မရှိလှသည့် သမီးကြီးအတွက် အမေအိုစီစဉ်သွားသည်မှာ ကြည်နူးစရာကောင်းလှသည်။
‘အခန်းထဲရှိ လူတိုင်း၏စိတ်ထဲတွင် မိမိခံစားချက်များနှင့်ထပ်တူ မိမိ၏ အတွင်းမနောလိပ်ပြာလေးများ ကိုယ်စီကိုယ်ငှဝဲပျံနေကြသော်ငြား ထိုစိတ်လိပ်ပြာလေးများ၏ အရောင်အဆင်းများကတော့ဖြင့် တစ်ယောက်နှင့် တစ်ယောက် မတူညီ၊ ကွဲပြားခြားနားနေပေလိမ့်မည်’
စာရေးသူ ဆိုလိုချင်သော လိပ်ပြာကို ပီသရှင်းလင်းစွာမြင်တွေ့လိုက်ရပါသည်။
(ကြယ်ဆယ်တစ်ဆယ်)
စာရေးသူ =သက်တန့်ချို
ကောက်ကြောင်းများ = ခရေတစ်ပွင့်နှင့် ချစ်ခြင်းသံစဉ်၊ စံတင်
ခရေတစ်ပွင့်နှင့် ချစ်ခြင်းသံစဉ် သည် ဘ၀ယုံကြည်ချက်၊ စိတ်စေတနာ၊ နယ်မြေဒေသတို့ကိုရောစပ်ပါင်းယှက်ထားသော ချစ်ခြင်းဖွဲ့ဝတ္တုတစ်ပုဒ်ဖြစ်သည်။ပြေပြစ်ရှင်းလင်းသော အရေးအသားနှင့်အတူဆေးပညာဆိုင်ရာဗဟုသုတအချို့ကိုပါ ခပ်ပါးပါးဖော်ပြသွားရာ ဖတ်ရသူကိုနှစ်သက်ကျေနပ်မှုရရှိစေပါသည်။ ရှည်လျားသောကာလကို အိုင်မနေဘဲ ၀တ္တုတိုတစ်ပုဒ်တွင်း အံဝင်အောင် ရေးသားသွားသော အတတ်ပညာမှာ ချီးကျူးဖွယ်ဖြစ်သည်။ ကြည်နူးဖွယ်စာသားလေးအချို့ကို ထုတ်နှုတ်ဖော်ပြချင်ပါသည်။
‘စိုးစီ စိုးစီအော်ဟစ်နေသော ကျေးငှက်များလည်း ကမ္ဘာမြေ၏ကြည်နူးဖွယ် ပန်းချီကားတစ်ချပ်ကို တွေ့လိုက်ရသည်ထင့်။ တိတ်ဆိတ်သွားကြ၏။ အချစ်ဆိုသည်မှာ ဖွင့်မပြောဘဲနဲ့လည်း နှလုံးသားချင်းခံစားသိရှိ နိုင်သော အရာဖြစ်ပေသည်’
စံတင် သည် တစ်ညတာကာလအတွင်းမှာပင် ဦးစံတင်၏ဘ၀၊ ကြုံတွေ့နေရသောအခက်အခဲများကို သူ၏ အသိ၊ မသိခြင်း (ဇွတ်မှိတ်ခြင်း) များနှင့် အားပြိုင်မှုမှတဆင့် ပုံဖော်ပြသသွားခဲ့သော ၀တ္တုတစ်ပုဒ်ဖြစ်သည်။ ကျဉ်းထဲကျပ်ထဲရောက်နေလျှင် ကျွန်မတို့တွေ မည်သို့ဆုံးဖြတ်ကြပါမည်လဲ။ ဦးစံတင်သည် ကျွန်မတို့တွေ ချိန်ထိုးသော စံသတ်မှတ်ချက်များမှ လွဲဖယ်ခဲ့ရသော်လည်း ကရုဏာသက်မှုကိုတော့ ရရှိစေပါသည်။ သူ့ခံစားချက်ကိုပါ အရှင်းသားမြင်နေရသလို စိတ်မသက်မသာမှုကိုပါ ခံစားရပါသည်။
(ကြယ်စင်တစ်ဆယ့်တစ်)
စာရေးသူ = ရွှေစင်ဦး
ကောက်ကြောင်းများ = ပျားရည်တစ်ပေါက်ချိုဖို့လုံလောက်ပါရဲ့လား၊
ပန်းကြွေပေမယ့်မွှေးရနံ့တွေဝေနဆဲပါ
ပျားရည်တစ်ပေါက်ချိုဖို့လုံလောက်ပါရဲ့လား ကို ဖတ်မိသည်တွင် မက်မောစရာမရှိပါလျှက် ယခုထိခုံမင် နေသေးသော ကိုယ့်ကိုကိုယ်ငဲ့စောင်းကြည့်မိနေသလိုပင်။ ဇာတ်ကောင်၏ ဘ၀နေထိုင်မှုကို သူ့အပြောတွေမှ တဆင့် တစစမြင်တွေ့ရသည်။ ဝေဒနာနှင့် ခန္ဓာဝန်၏ပင်ပန်းဆင်းရဲမှုကို ခံစားနေရသည့်ကြားမှ သူ့ဘ၀ကို မက်မောတွယ်တာနေသေးသော၊ ကြောင့်ကြဆန္ဒတွေမကင်းပြတ်နိုင်သေးသော သူ့ကိုကြည့်ကာ ‘ငါလည်း သူ့လိုပါပဲလား’ ဟူသော အတွေးတစကို ဖတ်ရှုသူတိုင်းခံစားမိမည်ထင်သည်။ ဝေဒနာသက်သာသည်၊ မသက် သာသည် အပထား၍ မက်မောမှုတစ်ခုရရုံနှင့် မသေချာသည့်ဘ၀ကို အစီအစဉ်ချနေပုံမှာ ဆရာမ ဆိုလိုသည့် ပျားရည်တစ်ပေါက်ချိုဖို့ လုံလောက်တော့နေသည်ထင်သည်။
ပန်းကြွေပေမယ့်မွှေးရနံ့တွေဝေနေဆဲပါ ကိုဖတ်အပြီး ကျွန်မရင်မှာ တွေတွေငေးငေး။ သာမာန် အကြောင်းအရာလေးပါပဲ။ ပျော့ပျောင်းနူးညံ့သော အဖွဲ့အနွဲ့တွေမပါ။ ရိုးရိုးရှင်းရှင်းနှင့် အေးဆေးစွာရေးသား ထားပုံက ကျွန်မ ရင်ကိုထိရှစေသည်။
‘တိုင်းတာလို့မရနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတရားတွေကို ပန်းလေးတွေနဲ့သာ တင်စားခဲ့ရင် ကျွန်တော့်ရင်ထဲက မောင်ငယ်လေးဟာဘ၀မှာ ပထမဆုံးကြွေလွင့်သွားတဲ့ ကျွန်တော်မြတ်နိုးတဲ့ ပန်းလေးတစ်ပွင့်ပါ’
ထိုစာသားကို ဖတ်အပြီး ရပ်တန့်နေသည်မှာ စက္ကန့်မည်မျှကြာသည်မသိ။ စာရေးသူကတော့ မာန ကြောင့်တဲ့။ ကျွန်မတို့ဘ၀တွေမှာ မာနကြောင့်၊ မဖြစ်သင့်ဘူးဟူသော အသိဆန္ဒကြောင့်၊ ကျင့်ဝတ်ကြောင့် စသဖြင့်ကြွေလွင့်ခဲ့ရသော ပန်းကလေးတွေ မည်မျှများနေခဲ့ပြီလဲ။ သူတို့မောင်နှစ်မတွေ။ ဖြူစင်သောမေတ္တာကို မြင်တွေ့ဖတ်ရှုနေရသော ကျွန်မရင်တွေ တနင့်နင့်။ သူဆက်ပြောသော သူငယ်ချင်းမအကြောင်းတွင် သူငယ်ချင်းမ၏ စိတ်နေစိတ်ထား၊ စရိုက်၊ အမူအကျင့်သာမက သူ၏ စိတ်ထား၊ အဇ္ဈတ္တကိုပါ တွဲဖက်မြင်နေရ သည်။ ဇာတ်ကြောင်းပြန်ပြောခြင်းဖြင့် 1st person နေရာမှ ရေးသားထားသည်ဆိုပေမည့် ဘ၀ပုံရိပ်အစိတ် အပိုင်း၊ တွဲဖက်ပါဝင်နေကြသောသူများ၏ ဘ၀ပုံရိပ်များကို တရိပ်ရိပ်မြင်ယောင်လာစေသည်။ အမှန်တရား ဆိုတောင် ခံသာအောင်ပြောသင့်တယ်ဟူသော အတွေးတစနှင့်အတူ မခံချင်စိတ်ကြောင့် ပန်းလေးတစ်ပွင့် ကြွေလွင့်ခဲ့ရပြီကို သိလိုက်သောအခါ ဒီပန်းတစ်ပွင့်အတွက်တော့ စာဖတ်သူကျွန်မ နှမြောတသ မဖြစ်မိတော့ပါ။
‘ကြွေလွင့်သွားတဲ့ ပန်းလေးနှစ်ပွင့်ကို မကြာခဏသတိရရင်း…တခါလောက်များပြောခွင့်ကြုံရင်..မင်း မှန်ပါတယ် သူငယ်ချင်း…ကိုယ် ဟာ တကယ်ဘဲရင့်ကျက်မှုမရှိခဲ့ပါဘူးလို့ ပြောလိုက်ချင်သလို… မောင်ငယ် လေးနဲ့များ တကွေ့ကွေ့မှာတွေ့ခဲ့ရင်လည်း…မကြာခဏ သတိရ လွမ်းဆွတ်ရပါတယ်လို့ ပြောချင်ပါသေးတယ်’
ဝတ္တုအဆုံးသတ်မှ ဖြတ်တောက်ရန်ခက်လှသည့် သံယောဇဉ်တစွန်းတစကို မြင်လိုက်ရသလို ကျွန်မ ကိုယ်တိုင်လည်းငေးမောသွားခဲ့မိပါသည်။
(အဆုံး)
အပြာရောင် ကောင်းကင်ဝယ် ကြယ်ပွင့်ကလေးတွေ တလက်လက်တောက်ပနေကြသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်လဲ…..တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်သာ..။ မည်သို့ဆိုစေ သူတို့ အနီးသို့ ကျွန်မ တိုးရွှေ့သွားခဲ့သည်။ ကျွန်မ မြင်တွေ့လိုက်ရသည်။ အလင်းရောင်တွေ တဖျပ်ဖျပ်။ ထို အလင်း ရောင်ကလေးတွေ ကာလရှည်ကြာစွာ တောက်ပသည်ထက် တောက်ပစေချင်လှပါသည်။           ။

ချစ်ခြင်းမေတ္တာဖြင့်
ရွှေအိမ်စည်

သက်တံ့များ၌ ပျော်ဝင်ခြင်း



ရေးသားသူ ရွှေအိမ်စည်
သရုပ်ဖော်ပုံ အိမ်ချမ်းမြေ့
“သက်တံ့ဆယ်စင်း”
လက်ဝယ်ရောက်မလာခင်ကတည်း အွန်လိုင်းမှကြေညာထားမှုကိုမြင်ခဲ့ပြီး ကြည်နူးပီတိဖြစ်နေခဲ့ရပြီး ဖြစ်သည်။ ဒီအထဲက နာမည် နှစ်ခု၊ သုံးခုလောက်သာ ကျွန်မရင်းနှီး ကျွမ်းဝင်ခဲ့သည်ဖြစ်ပြီး ကျန် အမည်နာမများကတော့ နာမည်ရဘလော့ဂ်ဂါများ အဖြစ်သာ သိရှိရုံ သိရှိထားခဲ့သည်သာ...။ ကျွန်မသည် အပြင်စည်းမှ သာမာန်လူတစ်ယောက်သာ   ဖြစ်ပါသည်။ အွန်လိုင်းတွင် အသိမိတ်ဆွေ မများလှသော ကျွန်မအတွက် သူတို့အများစုသည် သူစိမ်းပြင်ပြင်။ သို့သော် ကျွန်မ ၀မ်းသာသည်၊ ကြည်နူးပီတိဖြစ်သည်၊ အားကျဂုဏ်ယူသည်။ ဒါသည်ပင် စာပေကို အရင်းတည်သော ချစ်ခြင်းမေတ္တာဖြစ်လေသည်လား။ ထိုစာအုပ်ကလေးကတော့ စာမေးပွဲဖြေဆိုနေသည့် ရက်များအတွင်းတွင်ပင် ကျွန်မထံသို့ လက်ဝယ်ရောက်ရှိလာခဲ့လေပြီ။
မာတိကာကို ကြည့်လေ့မရှိသော၊ ကျေးဇူးတင်စကား၊ အမှာစာတို့ကို နောက်ဆုံးမှဖတ်လေ့ရှိသော ကျွန်မ...အဖွင့်ဝတ္တုတိုတစ်ပုဒ်ဖြစ်သည့် “ကတ်ကြေးတစ်ကိုက်” မှာ လွင့်ကနဲဖြစ်သွားရသည်။ “ညီလင်းသစ်” တဲ့...ဒါ ကျွန်မ အွန်လိုင်း စသုံးကာစမှာ ကြားဖူးခဲ့ရသည့် နာမည်..။ သို့သော် ကျွန်မ သူ့ကို မသိပါ။ သူ့ရဲ့ အရေးအသားတွေတွင် ရိုးရှင်းမှုနှင့် အတူ စကားလုံးကျစ်လျစ်မှုတွေ မြင်တွေ့ရ သည့်အခါ ကျွန်မ တအံ့တသြ။ ကျွန်မတို့ မဂ္ဂဇင်းလောကတွင် ရသစာပေများကို အာသာငမ်းငမ်း လိုက်လံ ရှာဖွေနေရချိန်တွင် အွန်လိုင်းစာပေလောကမှာ ဒီလို ၀တ္တုတိုရေးလက်တွေ ဘယ်လောက် တောင် ရှိနေကြပါလိမ့်။ ညီလင်းသစ် ရေးသွားတာ စ လယ် ဆုံး သေသေသပ်သပ်။ ကျွန်မ တို့ ဆရာ့ ဆရာကြီါ်များ မကြာခဏ ကျူးရင့်ကြသလို Target တစ်ခုကို ရောက်အောင်ရေးသွားနိုင်သည့် ၀တ္တု တစ်ပုဒ်ပင်။
“ကြမ်းပြင်ပေါ် တစွန်းတစကျနသည့် တစ်ဖက်ခန်းမှ မီးရောင်ဖြင့် သားရဲ့ မျက်နှာလေးကို သူတွေ့နေ ရသည်။ သူ့လက်ပေါ်မှာ အပူအပင်ကင်းမဲ့စွာဖြင့် အိပ်ပျော်နေသော မျက်နှာ ကလေး...။ စောစော တုန်းကတော့ ဗိုက်ဆာနေ၍ထင့်၊ မျက်နှာတွေ နီရဲလာအောင် တ၀ါးဝါးအော်ငိုနေခဲ့သေးသည်။”
အချိန်ကာလ၊ တည်နေရာ၊ ပတ်ဝန်းကျင်အခြေအနေ၊ ချစ်ခြင်းမေတ္တာတရားတို့ကို သူသည် စာကြောင်း သုံး လေးကြောင်းနှင့် ရက်ဖောက်နိုင်ခဲ့သည်။ သူ့ သားကလေးနိုး သွားမှာ စိုးသည့်အလား ကျွန်မပင် အသက်ရှုသံခပ်တိုးတိုးနှင့် စာရွက်ကို ဖွဖွလှန်လို့.....။ ရှေးရိုးဆန်သည်ပြောချင်ပြော... မော်ဒန်တွေ၊ နိမိတ်တွေ၊ နားမလည်အောင် ၀ှက်ရေးမှုတွေထက် ဒီလို ရိုးရှင်းသည့် အရေးအသားမျိုး ကို ကျွန်မ နှစ်သက်လှပါသည်။
ဖခင်တစ်ယောက်၏ သူ့သားကလေးအပေါ် ထားသည့်မေတ္တာ၊ သားကလေးရရှိချိန်တွင် ခံစားရသည့် နူးညံ့မှု၊ တုန်လှုပ်မှု၏ ၀မ်းသာမှုတို့အား သူ ဖော်ကျူးနိုင်ခဲ့သည်။ သားချက်ကြိုးကို ကတ်ကြေးဖြင့် ကိုက်စဉ်ခံစားမှု၊ ချက်ကြိုးပြတ်တောက်သွားစဉ် အရောင်စုံသွားသည့် ခံစားမှု၊ သားကလေး ရောက်ရှိ လာခြင်း အပေါ် ၀မ်းမြောက် ၀မ်းသာကြိုဆိုသော၊ သား အတွက် မားမာမတ်မတ် ရပ်တည်ပေး လိုသော၊ မိဘတာဝန် အပြည့်ထမ်းဆောင်ဖို့ တက်ကြွနေသော ဖခင်တစ်ယောက်၏ နှလုံးရိုက်ခတ် သံများ.....။ ၀တ္တုတို တစ်ပုဒ်လေးအတွင်းမှာပင် ပစ္စက္ခအခြေအနေ၊ အတိတ်၊ အနာဂတ် အလုံးစုံကို ရက်ဖောက်ရေးသွားနိုင်ခဲ့သည်။
“သေချာသည်ကတော့ ချစ်ခြင်းမေတ္တာဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်လေသည်”
ဝတ္တုကို အဆုံးသတ် ဖတ်ပြီးချိန်၌ ကျွန်မ အကြိုက်ဆုံး စာကြောင်းပင် ဖြစ်သည်။ ဒီတစ်ကြောင်း တည်းနှင့်ပင် ကျွန်မမျက်ဝန်းများခေတ္တမှေးမှိတ်ကာ သားကလေးနှင့် သူ့ ဖခင်လူငယ်ကလေးကိုမြင်ယောင်လာမိသည်အထိ “ကတ်ကြေးတစ်ကိုက်” က ဆွဲဆောင်နိုင်ခဲ့ပါသည်။ ညီလင်းသစ် စိုက်ပျိုး ခဲ့သော သစ်ပင်ပေါက်ကလေးကို ကျွန်မမြင်နေရသည်လား..။ သူ့ “ကတ်ကြေးတစ်ကိုက်”က လှပ လွန်းလှသည်။
မယ်ကိုး ၏ “ဖြူတစ်ကောင်ရဲ့ဖြောင့်ချက်” ကတော့ ရသစာတမ်းဆန်ဆန်ပင်။ မိန်းမငယ် တစ် ယောက်ရဲ့ ခံပြင်းနာကျင်မှု၊ သိမ်ငယ်ရှက်ရွံ့မှု၊ တမြေ့မြေ့လောင်မြိုက်မှုတွေကို ဖတ်ရင်း ဖတ်ရင်း မှ တစစ မြင်လာသလို...။ “သူမ ဘယ်သူလဲ...သူ ဘယ်သူလဲ.....ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ??? ” စသဖြင့် ဖွင့်ဆိုရှင်းပြ တန်ဆာဆင်ထားစရာ မလိုပဲနှင့် မိန်းမငယ်တစ်ဦး၏ စိတ်တွင်း အဇ္ဈတ္တခံစားမှု ရှုထောင့်မှ တရိပ်ရိပ်ရေးပြ သွားခြင်းမျိုး ဖြစ်သည်။
“အမျက်မိုးကြိုး၊ ထစ်ချုန်း အမုန်း နဲ့ ဒေါသလျှပ်စစ်တွေရယ်။ စာနာပါ။”
ဒီလို အရေးအဖွဲ့လေးများကို ဖတ်ပြီး ကျွန်မ ပြုံးမိတော့မလို။ မယ်ကိုး စကားလုံးတွေ သုံးသွားတာ လှသလို စာကြောင်းတွေကလဲ ချောမွေ့ပြေပြစ်လှပါသည်။ ခပ်တိုတို သူ့စာတမ်းကလေးက ခံစားမှု အရှိန်အဟုန်ကို ပေါ်လွင်အောင် ရေးသားသွားခဲ့သည်။
နောက် တစ်ပုဒ် ဖြစ်သည့် သတိုး ၏ “သစ္စာအထားအသို” ကို ဖတ်မိချိန်မှာ နောက်ထပ်  ၀တ္တုတို ရေးလက်ကောင်းသူ တစ်ဦးကို ထပ်မံမြင်တွေ့ရပါသည်။ သတိုး ဟူသည့် နာမည်ကိုတော့ ကျွန်မ သိနှင့်နေသလို။ မဂ္ဂဇင်းစာမျက်နှာထက်မှာ ရံဖန်ရံခါ တွေ့ဖူးသည်ထင်ပါသည်။
အခန်းအကူးအပြောင်း၊ ဇတ်ကြောင်း အချိတ်အဆက်၊ မြိုင့်ဘ၀၊ မြိုင့်စိတ်ဓာတ်၊ မြိုင့်ရဲ့ တာဝန်ယူလိုမှု၊ ကိုသွင် ရဲ့ ယိမ်းယိုင်လွယ်သော၊ မခိုင်ကျည်သော စိတ်ဓာတ်တို့ကို အထင်းသားပေါ်လွင်အောင် ရေးဖွဲ့ထားသည်။ လောကဓံကြမ်းကြမ်းကို တစ်ယောက်တည်း ရင်ဆိုင်အံတု ဖြေရှင်းနေသော မြိုင်။ ကိုသွင့် ထံမှာ အကူအညီတေင်းတာ မနှစ်မြို့လှပေမယ့် မြိုင့် အတွက် တခြားနည်းလမ်းလည်း ကူစဉ်းစားမပေးတတ်။ မိဘ လက်ငုတ်လက်ရင်းကို ကျားကုတ်ကျားခဲ ဆက်လက်ရှင်သန်စေလိုသောမြိုင်။မြိုင်နှင့်ကိုသွင် ချိန်းဆိုသောနေ့တွင်မှု ဘယ်လိုဖြစ်တော့မည်ဆိုတာ ကျွန်မ ရိပ်စားစပြုလာသည်။ ကိုသွင့်ထံက အကူအညီမတောင်းနဲ့လေ မြိုင် ရဲ့.....စိတ်တွင်းမှ အကြိမ်ကြိမ် သတိပေးရင်းကပင် မြိုင် ကိုသွင့်ကို ရင်ဖွင့်လိုက်သောအခါ ကျွန်မ နှမြောတသ....။
“ကိုယ့် အတွက် ကိုယ်ထက် သူများပေးစရာ မရှိတာက ရှက်စရာပိုကောင်းတယ် ကိုသွင် ရဲ့။ လျစ်လျူရှုလို့လည်း မရဘူးလေ။ အို...ကိုသွင်...”
ဒီအခန်းအဆုံးသတ်မှာ သက်ပြင်းတစ်ခုကို ခပ်သဲ့သဲ့ ချလိုက်မိသည်။မြိုင်ရယ်.......။ ကျွန်မ မလိုချင် သော အဆုံးသတ်ကို မြိုင်က ဖန်တီးခဲ့ပြီ။
“မြိုင့် လက်ထဲက အတန်အသင့်လေးနစ်သော ငွေထုတ်ကိုမြင်လျှင် လတ်တလော အခိုက်အတန့် တော့ မေမေ ပျော်ရွှင်သွားမည် ထင်ပါသည်။ ဒါပေမယ့်မြိုင်သိချင်တာက ထိုအပျော်တွေဟာ ဘယ် လောက်ကြာရှည် တည်တံ့နိုင်မလဲဆိုတာ...။”
မြိုင် သိချင်သလို ကျွန်မ လည်း သိချင်လှပါသည်။ ဒါဟာ အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ဘူး မြိုင်။ မြိုင့် လုပ်ငန်းပြန်လည်လည်ပတ်နိုင်ရဲ့လား။ နောက် တစ်ရာသီမှာ အဆင်ပြေပြေ လည်ပတ်သွားနိုင်ပါ့မလား။ ကိုသွင့်ရဲ့ ကျေးဇူးတရားတွေကော မြိုင် ဘယ်လိုဖြေရှင်းမှာပါလိမ့်..။ တကယ့်လက်တွေ့ဘ၀ထဲတွင် သစ္စာအထားအသိုတွေ မှန်ကန်မိစေဖို့ ကျွန်မ တို့ မိန်းမသားတွေ ကြိုးစားကြရမည်သာ။ သတိုး၏ “သစ္စာအထားအသို” က ကျွန်မကို ပင့်သက်တွေ၊ ရင်မောစရာတွေ၊ အားမလိုအားမရဖြစ်စေမှုတွေနှင့် ထားရစ်ခဲ့ပါသည်။ သတိုး ၀တ္တုတို အရေးကောင်းလှသည်။
မြသွေးနီ ကတော့ လူချင်းခင်မင် မရင်းနှီးသော်လည်း ကလောင်နာမည်ကိ သိကျွမ်း နှင့်ပြီးသည့် သူ တစ်ယောက်ဖြစ်သည်။ ကျွန်မ ဘက်မှ ဆိုပါတော့လေ..။ မဂ္ဂဇင်းစာမျက်နှာထက်မှာ တွေ့ဖြစ်သလို Teen Magazine နှင့် ပတ်သတ်၍လည်း သိနှင့်နေခဲ့ပြီး ဖြစ်သည်။ မြသွေးနီ၏ ရေးလက်ကို ကျွန်မ ကြိုက်နှစ်သက်ခဲ့ပြီးသားပင်..။
“သံသယ ကန့်လန့်ကာ” ကို ဖတ်ရှုရပါသည်။ ကွင်းစိမ်းတစ်ခုကို ရေးဖွဲ့ထားပါသည်။ ရေကူးကန်ကို လာရောက်ကြသူများနှင့် ရေကူးကန်မှ ၀န်ထမ်းမိန်းမငယ် နှစ်ယောက်၏ စိတ်နေစိတ်ထား၊ လုပ်ငန်း ဆောင်တာတွေကို စိတ်ဝင်စားဖွယ် ရေးပြသွားသည်။ ဇာတ်လမ်းရဲ့အဖွင့်အပိတ်၊ ဇာတ်ရှိန် အမြင့်အတက်ကို စာဖတ်သူစိတ်ဝင်စား သိချင်လာအောင် လှလှပပရေးဖွဲ့သွားပါသည်။ အကြောင်းအရာက သာမာန်ပင်...ထူးထွေဆန်းပြားမပါ။ သို့သော် လူ ဟူသည့် မာယာမျိုးစုံကို မြင် လိုက်ရသလိုရှိသည်။ “မမ” လို လူစားမျိုးတွေ တကယ့်ကို ကျွန်မတို့ လက်တွေ့ပတ်ဝန်းကျင်မှာ ရှိပါသည်။ အဆုံးမှ မြှပ်ကွက်ကို ဖော်လိုက်သော “သံသယကန့်လန့်ကာ” သည် လှပသေသပ်သော ၀တ္တုလေးတစ်ပုဒ်ပင်။
ဏီလင်းညို၏ “နိဂုံးမဲ့ တေးသွား” ကို ဆက်လက်ဖတ်ရှုရပါသည်။ ထူးထွေအကြောင်းအရာ မဟုတ်သော်လည်း တစ်ညနေခင်းတစ်ခုကိုပင် အခြေပြုပြီး ချစ်သူနှစ်ဦး၏ ပိုင်စိုးလိုမှု၊ ချစ်ခြင်းမေတ္တာ တရား၊ ၀န်တိုမှု၊ ခွင့်လွှတ်နားလည်ခြင်းတွေကို တသိမ့်သိမ့်မြင်လာစေပါသည်။ အတက်အကြွ သိပ်မရှိ လှသော်လည်း ပြေပြစ်သော အရေးအသား၊ အခန်းအကူးအပြောင်း သေသပ်မှုလေးတွေက စာဖတ် သူကို အဆုံးထိ ဆွဲဆောင်နိုင်ခဲ့ပါသည်။
ခင်လေးငယ် ၏ “သက်ငြိမ်၌ စီးမျောခြင်း” က ခေါင်းစဉ်နှင့် ဟပ်မိနေသော ကဗျာဆန်လှသည့် အက်ဆေးတစ်ပုဒ်ပင်။ နူးညံ့သိမ်မွေ့ခြင်းတွေနှင့် ဖွဲ့တည်ထားသည့် ချစ်သူနှစ်ဦး၏ လှပသော ချစ်ခြင်း မေတ္တာ၊ အဇ္ဈတ္တ၏ ရိုးတွင်းအထိ တိတ်ဆိတ်ငြိမ်သက်မှုတွေကို ရေးဖွဲ့ထားသည်။ စိတ်အလျဉ် သိမ်မွေ့ လှသည့် ကဗျာတစ်ပုဒ်နှယ့်...။ ချစ်စရာတော့ ကောင်းလှသည်။
မြစ်ကျိုးအင်း ၏ “အမေ့စိန်နားကပ်” တွင် မိခင်မေတ္တာကို လှစ်ကနဲ မြင်တွေ့လိုက်ရသည်။ သမားရိုး ကျဆန်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမည့် ရိုးရှင်းပြေပြစ်သော အရေးအသားက ဆွဲဆောင်နိုင် ခဲ့ပါသည်။
အိမ့်ချမ်းမြေ့ ၏ “ခရေရှင်” ကို ဆက်လက်ဖတ်ဖြစ်ပါသည်။ သူ သည်လည်း ကဗျာဆန်သည့် ၀တ္တုတို တစ်ပုဒ်ပင်။ ဇတ်လမ်း အကူးအပြောင်းလှပသည်။ ချစ်ခြင်းမေတ္တာနှင့် လွမ်းမောခြင်းတွေကို လှလှ ပပရေးဖွဲ့ထားသည်။ သို့သော် ဇာတ်အဖွင့်အပိတ် အနည်းငယ်တော့ ရုပ်ရှင်ဆန်ပါသည်။ လွမ်းမောခြင်း ကို စူးရှရှတော့ မရပါ။ သို့သော် လှပသေသပ်သော အရေးအသား၊ စကားလုံးနူးညံ့မှုတွေက အဆုံးထိဆွဲခေါ်သွားနိုင်ပါသည်။
“ရေလာမြောင်းပေးပြုခြင်း” “ပဲထုတ်ခြင်း” “ကြိုး ရှည်ရှည်နှင့် လှန်ထားခြင်း” စသည့် စကားလုံးများ ရှိမနေသည့် သူမ၏ အဘိဓာန်စာအုပ်အောက်မှာ လေ့ကျင့်ခန်း စာအုပ်တစ်အုပ်ရှိလေသည်။”
“ခရေ တို့ အကြိမ်ပေါင်းများစွာဝေ၍ အကြိမ်ပေါင်းများစွာ ကြွေခဲ့လေပြီ”
“စာမျက်နှာ သည် မစီးချင့်စီးချင် စီးဆင်းလာနေသော စမ်းရေတစ်စင်းနှယ် တထစ်ခြင်း ပြန်ပွင့်လာလေသည်”
အရေးအသားလေးများက ချစ်စဖွယ်။ ချစ်ခြင်းမေတ္တာ၏ လေးနက်ခိုင်ကြည်မှုကို လှစ်ကနဲ မြင်လိုက်ရပါသည်။
ရေခဲငှက် ၏ “မြင်းရိုင်း” တွင် လူငယ်တစ်ယောက်၏ အားမာန်၊မိသားစု၏ ချစ်ခြင်းမေတ္တာ၊ ဘ၀ကို ရင်ဆိုင် အံတုကျော်လွှားလိုသော စိတ်အင်အားတို့ကို မြင်တွေ့ရပါသည်။ ၀တ္တုတိုဟု ပြော၍ ရသလို ပုဂ္ဂလိကပေးစာ သဘောမျိုး ရသဆောင်းပါးလည်း ဆန်ပါသည်။
“အမေ့ အတွက် ကျွန်တော်က အမှောင်ကို ခွင့်မယ့် အလင်းတန်းလေး တစ်ခု ဖြစ်ချင်ခဲ့တာပါ အမေရယ်”
“အခက်အခဲတွေ တင်းကြမ်းပြည့်နှက်နေတဲ့တောအုပ်ကြီးထဲမှာ လွှားကနဲ ရိပ်ကနဲပြေးနှင်နေတဲ့ မြင်းရိုင်းတစ်ကောင်ရဲ့ အားမာန်မျိုးကို မဆုတ်မနစ် မွေးမြူပြီး ရှေ့ဆက်ရမယ့် ဘ၀ခရီး တစ်လျှောက်လုံး ခွန်အားအပြည့်၊ မာန်ဟုန်အပြည့် နဲ့ ဆက်လက် ခရီးနှင်သွားမှာပါ”
ဒီစာသားတွေက အဓိက ကျောရိုးဟု ထင်မြင်မိပါသည်။
မြတ်မွန် ၏ “မေတ္တာဖြင့်မိုး နှလုံးသားဖြင့်ကာ” ကို ဖတ်ရချိန်တွင် ရေမြေနေရာဒေသကို လိုက်၍ အပြောအဆို၊ ဓလေ့စရိုက် ပြောင်းလဲပုံ၊ ရေခြားမြေခြားရောက်   မြန်မာမိသားစုလေး၏ ဘ၀ အခြေအနေ၊ သားသမီး များအပေါ် လိမ္မာယဉ်ကျေးစေလိုသော၊ အနာဂတ် အတွက် အကောင်းဆုံး ကိုသာ ဖန်တီးပေးလိုသော မိခင်နှင့် ဖခင်၏ ချစ်ခြင်းမေတ္တာ ကို အထင်းသား မြင်နေရပါသည်။
“ရုပ်ဝတ္တုများ နောက်ကို လိုက်ရင်း နှလုံးသားများ လုံးပါးပါးရမည်ကို ကျွန်တော်တို့ မလိုလားကြတော့”
”ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစားတတ်သော နေရာတွင်သာ ကျွန်တော်တို့ မိသားစုဘ၀ အိမ်ကလေးတစ်လုံး အသစ်ပြန်ဆောက်ကြမည်။ ထို အိမ်ကလေးကိုတော့ မေတ္တာဖြင့် မိုး၍ နှလုံးသားနှင့် ကာရံထားမည်ဟု ကျွန်တော်တို့ ဆုံးဖြတ်ထားကြပါသည်။”
ဇာတ်ကို အရှိန်မြင့်စေဆုံး စာကြောင်းများပင်။ ကျွန်မ တို့ သားသမီးတွေကို ရုပ်ဝတ္တုပြည့်စုံစေရန် ဖန်တီးပေးရုံနှင့် မပြီးသေး ချစ်ခြင်းမေတ္တာတရားရှိဖို့၊ လိမ္မာယဉ်ကျေးမှုရှိဖို့ စိတ်နှလုံးလှပအောင်လည်း သင်ပေးဖန်တီးဖို့ လိုအပ်ကြောင်းမြတ်မွန်က အလင်းတန်းပြလိုက်ပြီ။ နိုင်ငံခြားရောက် မြန်မာ မိသားစုများသာမက၊ ပြည်တွင်းနေ မိသားစုများ အတွက်ပါ စဉ်းစားရမည့် ကိစ္စတစ်ခုကို ပြသလိုက် ပါသည်။ ၀တ္တတိုရေးသူ တစ်ယောက် အနေနှင့် မြတ်မွန် တာဝန်ကျေပါသည်။
ဝတ္တုဆယ်ပုဒ်ဖတ်ပြီးနောက်တွင် စာရေးသူ ဘလော့ဂါများ၏ ပရိုဖိုင်လေးများကို မြင်ရလေသည်။ စာရေးသူများ ၏ အတွေး၊အမြင်၊ ဖြတ်သန်းတည်ရှိရာ ဘ၀ပုံရိပ်ခပ်ပါးပါး တို့ကို ဖော်ပြထားသည်။ ဆရာ၊ ဆရာမများ၏ ကိုယ်ပိုင်ဒိုမိန်းများ၊ အီးမေးလ်လိပ်စာများ နှင့် စနစ်တကျ။ ကွန်ပျူတာနဲ့ အရိပ်အယောင်ပြထားသော ရုပ်ပုံလေး များကို ကြည့်ရင်း ဓာတ်ပုံလေးများတွဲရက် ဖော်ပြထားလျှင် ဘယ်လောက်ကောင်းလိုက်မလဲ ဆန္ဒဖြစ်ပေါ် မိသေးသည်။ သူတို့ ရေးသားခဲ့သည်များကို ဖတ်ရှုပြီးသွား၍လား ကျွန်မနှင့်တော့ အတန်ငယ် ရင်းနှီးလာကြ သလို..။ ရှေ့ဆက်၍ စာရွက်များကို မလှန်မိသေးဘဲ ကျွန်မအတွေးစတို့ ခပ်ပါးပါးလွင့်မြောနေသည်။ ဖတ်ခဲ့ပြီး သော ရသများနှင့် သူတို့၏ စိတ်ဝိညာဉ်များကို မရည်ရွယ်ဘဲ ဆက်စပ်ပုံဖော်မိနေသည်။ တချို့က နူးညံ့သည်။ တချို့က စူးရှသည်။ တချို့က လှပသည်။ တချို့က သိမ်မွေ့သည်။ တချို့က လျှို့ဝှက်ဆန်သည်။ ဘ၀အခြေ အနေ အမျိုးမျိုး၊ နယ်ပယ်အမျိုးမျိုးမှ အနုပညာချစ်စိတ်ထပ်တူညီမှုက သက်တံ့ရောင်စုံများကိုဖြစ်ပေါ်ခဲ့လေ ရော့သလား။ ရင်ထဲတွင်အမျိုးအမည်မသိသော ခံစားမှုက လှပ်ကနဲ။ ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုချင်သော အာသီသတို့က လှုပ်ရှားရုန်းကန်လာသည်။
မြတ်မွန် ၏ “မသိကိန်း၏တန်ဖိုး” ကို စတင်ဖတ်ရှုရပါသည်။ စတင်၍ ဖတ်ကာစတွင် ပထမတစ်ပုဒ်နှယ်ပင် ရေခြားမြေခြားရောက်မြန်မာမိသားစုအခက်အခဲအကြောင်း တင်ပြထား သည်ဟု ထင်မြင်မိသေးသည်။ရေမြေခြားတွင်မြန်မာမိသားစုလေးတစ်ခုအတွက် နားခိုရာအိမ်တစ်အိမ်ရရန် အခက်အခဲဖြစ်ပုံ၊ သူငယ်ချင်းဖြစ် သူ၏ အိမ်ခန်းကျဉ်းကျဉ်းလေး တွင် ခေတ္တတွဲလျက်နေထိုင်ကြရင်း အိမ်ခန်းတစ်ခန်းရရန် အပူတပြင်းရှာဖွေရပုံ တို့ကို ဖော်ပြထားသည်။ ဖတ်သူ ကျွန်မပါ သူတို့အတွက် အိမ်ခန်းလေးတစ်ခန်း အဆင်ပြေပြေ ရစေချင် လာ သည်။ သူတို့ အိမ်ခန်းလေးတစ်ခန်းရရှိသွားသော အခါမှ ကျွန်မ သက်မချကာ စိတ်သက်သာရတော့သည်။ သို့သော် ထိုနေရာတွင် ၀တ္တုက အချိုးအကွေ့တစ်ခုသို့ ရုတ်တရက် ကူးပြောင်း သွားသည်။ မိသားစုတွင်းမှာ နေမကောင်းဖြစ်မှု၊ အလုပ်အကိုင်အဆင်မပြေမှုတွေနဲ့ ရစ်ပတ်လာသည်။ ဒါကို လမ်းဦးတိုက်ဖြစ်နေ၍လားဟု သူတို့သံသယ ရှိလာသောအခါ ကျွန်မ မျက်ခုံးပင့်မိသည်။ ဂမ္ဘီရဘက်ကိုများ ရောက်သွားတော့မှာလား။ ၀ါးပင်ပေါက်ကလေးတွေစိုက်၍ တံခါးဝတွင်မှန်ကလေးချိတ်လိုက်ကြသောအခါ သူတို့ အဆင်ပြေသွားကြ တော့ မလား ကျွန်မတွေးမိသေးသည်။ သို့သော် ၀ါးပင်လေးခမျာလည်း အစွမ်း မပြရ ရှာပါ။ ထူးမခြားနား အခြေ အနေများနှင့် ကြုံကြိုက်လာရသောအခါ သူတို့ နောက်တစ်အိမ် ပြောင်းဖြစ်ကြ ရတော့သည်။ သို့ပေမယ့် လူဆိုသည့်အမျိုးအနွယ်သည် ကိုယ် သိချင်သည်များ၊ တအုံနွေးနွေး ဖြစ်နေသည်များကို သိလိုက်ရမှဖြစ်လေရာ အဆိုပါ လမ်းဦးတိုက်အိမ်ကလေးတွင် အရင်နေသွားသော လူမျိုးခြားမိသားစုထံဆက်သွယ်ကာ မေးမြန်းကြ သည်။ ဒီနေရာမှာ လီချန်ဖြေလိုက်သော အဖြေစကားကို ကျွန်မ သဘောကျ လှသည်။
“ခင်ဗျားပြောတာမျိုး အခုမှကြားဖူးတယ်။ ကျွန်တော်တို့ အဲဒီ့မှာနေခဲ့တာနှစ်နှစ်ကျော်ကြာတယ်။နေမကောင်းတာလည်း ရှိတာပဲလေ။ အလုပ်အကိုင်ဆိုတာလည်း အဆင်မပြေတဲ့ အခါမျိုး ရှိတာပေါ့။ ကျုပ်တို့ဖြင့် နေမကောင်းဖြစ်ရင် ဆေးခန်းသွားလိုက်တာပဲ။ တစ်ဘက်ကလည်း မဖျားမနာအောင် အနေအထိုင်တော့ ဂရုစိုက်ရတာပေါ့လေ။ အလုပ်အဆင် မပြေရင်လည်း ပြေတဲ့အချိန်ပြန်ရောက်အောင် ကြိုးစားဖို့ပဲတွေးတယ်။ အခုပြောင်းဖြစ်တာကလည်း အိမ်သစ်ဝယ်ဖြစ်လို့ပြောင်းဖြစ်သွားတာ၊ အရေးကြီးတာက ကိုယ့် လုပ်ရပ်ကောင်းနေဖို့ပဲ မဟုတ်လား”
လက်တွေ့ဆန်သော သိပ္ပံနည်းလမ်းမှ အမြင်ဟုထင်မြင်ယူဆဖွယ်ရှိသော်လည်း တကယ်တော့ စိတ်စွမ်းအင်နှင့်ပါ ပတ်သတ်ဆက်နွယ်နေပါသည်။ ကျွန်မတို့မြန်မာလူမျိုးများ၏ အရိုးစွဲအယူအဆများ၊ ဥပါဒါန်များက မသိစိတ်ကိုပါ အုံ့မှိုင်းစေကာ လက်တွေ့ဘ၀နေထိုင်မှုကိုပါ ထိခိုက်ပတ်သတ်စေပါသည်။ အယူအဆမရှိသောသူများ၏ စိတ်တွင်းတွင်မူ စိတ်သည်ထိုအရာများနှင့် ပတ်သတ်၍ငြိမ်သက်ကြည်လင်နေရာ လက်တွေ့ဘ၀သို့ ပတ်သတ်လာခြင်းမရှိတော့ပါ။ လီချန်၏ နောက်ဆုံးစကားက ၀တ္တု၏ အရှိန်ကို အမြင့်ဆုံးထိ   မြှင့်တင်နိုင်ခဲ့သည်။
“ကျွန်တော့် အဖေ ပြောနေကျစကားတစ်ခွန်းရှိတယ်။ တချို့ကိစ္စတွေက မသိတာက ပိုတန်ဖိုးရှိတယ်တဲ့ ”
မြတ်မွန်ပြလိုသော ရှုထောင့်ကို ကျွန်မ လက်ကနဲမြင်လိုက်ရသည်။မသိကန်းတစ်ခု၏ တန်ဖိုးကို ကျွန်မတို့တွေ ဘယ်လောက်အတိုင်းအတာ ပမာဏအထိ မြင်နိုင်ကြမှာ ပါလိမ့်..........။
ရေခဲငှက်၏ “တိမ်နဲ့ရေးတဲ့ အိမ်”ကိုနှစ်ကြိမ်လား၊ သုံးကြိမ်လားမသိ ကျွန်မ ပြန်ပြန်လှန်လှန်ဖတ်ဖြစ်ပါသည်။ တကယ်တော့ ပထမတစ်ကြိမ်တွင် သာမာန်အလွမ်းသိပ်သည်းဆ များနေသည့် အဝေးရောက်ဝတ္တုတစ်ပုဒ်သာ ထင်မြင်မိ၍ပင်..။ နောက်တစ်ကြိမ် ဖတ်ဖြစ်သောအခါတွင်မူ ကျွန်မ ရင်ထဲလှိုက်ကနဲ...။ သူပြောချင်တာ ရိုးရိုး အလွမ်းမဟုတ်ဘူး။ သူသွားနေတဲ့ တောလမ်း၊ တောင်လမ်းတွေဟာ ရိုးရိုးခရီးမဟုတ်ဘူး။ တဂိုး၏ “ခရီတထောက်နားခြင်း” ကို စွဲလမ်းခဲ့ဖူးသော၊ ငယ်စဉ် ဖတ်စာအုပ်မှ “ခရီးသည်” ကဗျာလေးကို   နှစ်သက် ခဲ့ဖူးသော ကျွန်မ အတွက် သူဖြတ်သန်းနေသော ထင်းရှုးရနံ့တောအုပ်များ၊ကျောက်ဆောင်ကျောက်သားများ၊ နှင်းခဲပြင်ကျယ်များက ရင်ကိုထိရှစေသည်။ ကျွန်မခြေဖ၀ါးအောက်က လမ်းသည်ဘာပါလိမ့်။ ကျွန်မ ဘယ်ကိုလျှောက်လှမ်းနေပါလိမ့်...။
“ဒီတိုက်ပွဲတွေ တစ်ချိန်ချိန်တော့ ရပ်သင့်တယ်လို့ တစ်ဆက်တည်းတွေးမိတယ်။ ဘယ်အချိန်မှာ ရပ်မလဲဆိုတဲ့ ပြဿနာက တစ်ဆက်တည်းတွဲ ပါလာခဲ့တယ်။တိုက်ပွဲပေါင်း များစွာကို ဆင်နွှဲရင်း တိုက်ပွဲအတွေ့အကြုံတွေ ရင့်ကျက်ပြည့်ဝလာတဲ့ စစ်သူကြီးတစ်ယောက်ပဲ ဖြစ်ချင်တယ်။ တစ်ချိန်တည်း မှာပဲ တစ်စုံတစ်ရာကို တွေးမိရင်း   ကြောင့်ကြပူပင် လာမိခဲ့တယ်။”
“ ငါ အမှန်တကယ်ပဲ ရပ်တန့်နိုင်ပါ့မလား...”
တိုက်ပွဲတွေကို ညည်းညူရင်း၊ငြူစူရင်း ကျွန်မတို့တွေ တိုက်ပွဲပျော်တွေများဖြစ်နေကြသလား။ ဘယ်သောအခါ ရပ်တန့်နိုင်မှာလဲ။ တစ်ခါတရံအောင်မြင်မှုများ၊ ချိုမြိန်မှုများက တိုက်ပွဲထံမှ သွေးစက်များ၊ နာကျင်မှုများကို မေ့လျော့စေသည် ထင်ပါသည်။ လိုအင်ဆန္ဒကြောင့်လား၊ ရည်မှန်းချက် အမည်ခံ တက်မက်မှုတွေ ကြောင့်လား၊ ငါ ဘာဆိုတာ သိစေ လိုစိတ် မခံချင်စိတ်များကြောင့်လား။ သူကတော့ ဆွဲခေါ်ခံရခြင်းကို ဒီလိုရေးဖွဲ့ထား ပါသည်။
“ဘေးဘီဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ သူ့လိုမျိုး တရွတ်တိုက်ဆွဲပါနေသူ တချို့ကို တွေ့ရတယ်။ တချို့က ပျော်ပျော်ပါးပါး၊ တချို့က မရေမရာ၊ တချို့က အိပ်မှုံစုတ်ဖွား၊ တချို့က ပြူးပြူးပျာပျာ။”
မဖြစ်သင့်ဘူး။ မဖြစ်ရဘူး ငြင်းဆန်နေရင်းက သူ့ ခြေလှမ်းတွေ ရှေ့ဆက်နေပါရော့လား...။ ကျွန်မ စိတ်တွေ မှိုင်းပြပြ၊ လွမ်းမောမော။ ဒက်ဖိုဒေးလ်ပန်းလေးများ၊ ထင်းရှုး ပင်လေးများ၊ နှင်းခဲပြင်ကြီး၊ စမ်းချောင်းလေး အနား သူ့ကို ပြန်ရောက်စေချင်သည်။
“ကမ်းဝေးမြစ်တစ်စင်းကတော့ ပင်လယ်ဆီကို ဦးတည်လို့ အရှိန်အဟုန်နဲ့ စီးလို့ မျောလို့ ကောင်းနေတုန်း.......”
သူကတော့ ၀တ္တုလေးကို အဆုံးသတ်သွားပြီ။ ကျွန်မ အတွေးစထဲတွင်တော့ အဆုံးမသတ်ချင်သေး။မြစ်တို့ မည်သည် တစ်နေ့သောအခါ အေးမြတဲ့တောရိပ်အောက်ရှိ စမ်းချောင်းလေးဆီ ပြန်လည်စီးမျောလာ ကောင်း ရဲ့လေ.....။
အိမ့်ချမ်းမြေ့၏ “အမွေအနှစ်” ကို ဖတ်ရပါသည်။ တန်ဖိုးရှိလှသော ဆောင်းပါးကောင်းတစ်ပုဒ်ပင်။ နိုင်ငံရပ်ခြား ရောက် မြန်မာစိတ်ပျောက်နေသူများသာမက ပြည်တွင်းနေ မြန်မာများပါ ဖတ်ရှုသင့်လှသည့် ဆောင်းပါးကောင်း တစ်ပုဒ်ဖြစ်ပါသည်။ လူမျိုးတိုင်း မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှုကို တန်ဖိုးထားကြပုံများ၊ မြန်မာလူမျိုးများ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ရိုးရာ၊ မိခင်ဘာသာစကားကို တန်ဖိုးထား သင့်ကြောင်း  အထူးပြုဖော်ပြထားသည်။ ပညာနောက်၊ ငွေနောက်ကို လိုက်ရင်း ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု ကိုအထင်မကြီးတော့သော၊ လူမျိုးခြား များရှေ့တွင်   နှိမ့်ချပြောရန် ၀န်မလေးသော လူတန်းစားတချို့အကြောင်းရေးပြသွားသည်တွင် အိမ့်ချမ်းမြေ့သာမက ကျွန်မပါ ခံစားနာကျင်လာသည်။ ဘာကြောင့်များပါလိမ့်..။
“မိမိအမျိုးနွယ်ကို ရွံရှာမုန်းတီးတတ်သူများ (သို့) စိတ်ပညာဆိုင်ရာ ဝေါဟာရတစ်ခုကို ယူသုံးရရင်တော့ Self-Haters တွေများဖြစ်သွားနိုင်မလား” ဟု စာရေးဆရာမညည်းညူသလို ကျွန်မ  လိုက်ညည်းညူချင်လာသည်။
“အိမ်မှာကလေ အင်္ဂလိပ်လိုပဲ ပြောတော့ မြန်မာစကား သိပ်ပြီးတော့လေ မတတ်တော့တာလေ၊ I know it's a shame ပါ။ ဒါပေမဲ့ သိတယ်မဟုတ်လား၊ မြန်မာတွေနဲ့ကလည်း မပေါင်းဘူးဆိုတော့လေ You know?”
သြော် ....ဖြစ်မှဖြစ်ရလေ..။ ကျွန်မ ရယ်ချင်စိတ်တစ်ဝက်၊ စိတ်ပျက်ခြင်းတစ်ဝက်။
“နိုင်ငံခြားဆိုတာကို လိုအပ်တာထက် ပိုအထင်ကြီးနေမိတဲ့ အခါ၊မြန်မာပြည်၊မြန်မာ့ ယဉ်ကျေးမှုနဲ့ မြန်မာ လူမျိုးတွေကို ရှိနေဖြစ်နေတာထက် ပိုမိုလျှော့ပေါ့ အထင်သေးနေမိ တဲ့အခါမှာ၊ ကျွန်မတို့ရဲ့ လူမှုပတ်ဝန်း ကျင်မှာ မိမိကိုယ်ကို ပြန်မုန်းတီးသူတွေ ပေါ်လာတတ်သလားဆိုတဲ့ မေးခွန်းကို မေးလာခဲ့မိပါတယ်”
ကျွန်မတို့ မြန်မာလူမျိုးများသည် နိမ့်ကျသိမ်ငယ်နေသူများ မဟုတ်ကြပါ။ အများအလယ်မဖွင့်ဟရဲ လောက် အောင် ယုတ်မာညစ်ညမ်းသောပြုမူကြသူများလည်း မဟုတ်ကြပါ။ ရိုးရာယဉ်ကျေးမှု၊ ရိုးရာ အစဉ် အလာတွေ နှင့် လူမျိုးတစ်မျိုး၏ ရှိသင့်သောအဆင့်အတန်းတွေနှင့် ဖြစ်ပါသည်။ ရုပ်ဝတ္တုမြင့်မားမှု နောက်လိုက်ရင်း မိမိ အမျိုး၊ မိမိစာပေ၊ မိမိ ယဉ်ကျေးမှုကို ရွံရှာမုန်းတီးကာ မေ့လျော့ကြသူများ မဖြစ်ကြပါ စေနှင့်။ မေ့ပျောက်ရင်း မေ့ပျောက်ရင်း မြန်မာဟူသောလူမျိုးစု တဖြေးဖြေးပျောက်ကွယ် လာပြီးမြန်မာ့မြေပေါ်တွင် မြန်မာမဟုတ်သော တခြားအမျိုးအနွယ်များက မြန်မာစကားများကို ပြောရင်း၊ ရှေးရိုးစဉ်ဆက် မိဘဘိုးဘွားတွေရဲ့ အမွေ အနှစ် တွေနဲ့ ပျော်မွေ့ရင်း၊ ဧရာဝတီမြစ်ပြင်ကျယ် တွင်    လင်းပိုင်များနှင့် မြူးတူးပျော်ပါးနေသော အခါမှ ခုနှစ်သံချီ ငိုချင်းမချကြပါတော့နှင့်။ မှောက်သွားသော နွားနို့အိုးကို ရွှေစည်းခုံကပ်လှူတယ်ဟူ၍လည်း ရသေ့ စိတ်ဖြေ ပြောချင်နေ၍ လည်း မရတော့ကြောင်း၊ ကိုယ်ရွေးတဲ့လမ်း ကိုယ် လျှောက်နေရတယ်ဆိုတာပဲ အမှတ်ရနေရ တော့မည် ဖြစ်ကြောင်း စာရေးသူက စူးစူးရှရှ တင်ပြ သွားပါသည်။
နိဂုံးချုပ်“မြန်မာ” ဟူသည့် ကဗျာလေးနှင့် အဆုံးသတ်သွားသော “အမွေအနှစ်” သည် တန်ဖိုးထိုက်တန် လှသော ဆောင်းပါးကောင်းတစ်ပုဒ်ပင်။
မြစ်ကျိုးအင်း ၏ “နှလုံးသား ရှိတဲ့ အရပ်” ကို ဆက်လက်ဖတ်ဖြစ်ပါသည်။ မြို့ပြ၏တိုးတက်မှုများတွင် သာယာ နစ်မြောရင်း မိသားစုအပေါ်မေ့လျော့ထားမိသော၊ အေးစက်မိသော လူငယ်လေးတစ်ယောက်၏ စိတ်ခံစားမှု ကို ရေးဖွဲ့ထားသည်။ သာမာန်ကြည့်လျှင် အပြစ်တင်စရာပေမယ့် တကယ်တော့ ဒါဟာ ယုံကြည် စိတ်ချ ထားမှု ကြောင့်လည်း ဖြစ်နိုင်သည်။ ဥပမာ-“ ငါ ဘယ် အချိန် ဆက်သွယ် ဆက်သွယ် ရတာပဲ” ဆိုတာမျိုး၊ “ငါ အမှား လုပ်လည်း ခွင့်လွှတ်မှာပါ” ဆိုတာမျိုး။ ရုန်းကန်ရင်း၊ အသစ်အဆန်းတွေမှာ ပျော်မွေ့ရင်း သတိရ လွမ်းဆွတ် စိတ်ကို တစ်နေရာမှာ ခေတ္တပုံထားမိတာလည်း ဖြစ်နိုင်သည်။ ၀တ္တုထဲမှ လူငယ်လေးသာမက ကျွန်မတို့ တွေလည်း ထိုအဖြစ်အပျက်မျိုးဆန်ဆန်မှ လွတ်ကင်းနိုင် လိမ့်မည် မထင်ပါ။
ဇာတ်ကောင်လူငယ်လေးသည် သူ့အစ်ကိုနှင့် ဖုန်းပြောနေရာမှ ထပ်ကာထပ်ကာပြောနေသော သူ့အစ်ကို၏ စကားများကိုငြီးငွေ့လာသည်။ ဖုန်းကဒ် ကုန်တော့မှာပဲဟု  ငြိုငြင်စ ပြုလာသည်။ နောက်ဆုံး သည်းမခံနိုင် တော့သည့် အဆုံးတွင် ဖုန်းခွက်ကို အသာချလိုက်သည်တဲ့..။ဖြစ်တတ်ပါသည်ဟုဖြည့်တွေးပေးနေသော ကျွန်မပင် ဟာကနဲ...။ မလုပ်ရဘူးလေ ကလေးရယ်..။ ဟိုခမျာ သတိရရှာလွန်းလို့လေ။ ခပ်ရိုးရိုးစကားလေး တွေကိုပဲ သည်းခံပြီး နားထောင်ပေးလိုက်ပါ။
တကယ်တော့ ထိုလူငယ်လေး မနေနိုင်ခဲ့ပါ။ လူငယ်စိတ်နှင့် တဒင်္ဂတုံ့ပြန်ခဲ့ပြီးမှ အတိတ်မှ အစ်ကိုနှင့် ပတ်သတ်သော ပုံရိပ်များ၊ ချစ်ခြင်းမေတ္တာများကို တရိပ်ရိပ်မြင်ယောင် လာသောအခါ သူ နောင်တတရားတို့နှင့် ပူလောင်လာသည်။ သူ ၀မ်းနည်းလာသည်။ ဖုန်းပြန်ခေါ်သောအခါ သူ့အစ်ကိုက အပြင်ထွက်သွားခဲ့ပြီ။ သူ့ မိသားစုလေးကတော့ ဖုန်းလိုင်း ကျသွားသည်ဟု သူ့အပေါ် ရိုးသားချစ်ခင်စွာတွေးပေးနေမြဲပင်။ လူငယ်လေး၏ မျက်ဝန်းမှ မျက်ရည်များ တလိမ့်လိမ့်ကျလာသလို ကျွန်မ ရင်ထဲ၍လည်း နင့်ကနဲ။ သူ့အစ်ကို အတွက်လား..၊ သူ့အတွက်လားတော့ သေချာရေရာ မသိလှချေ။ သူရေရွတ်သော စကားလေးများကိုတော့ ကျွန်မပြုံးလျက် ဖတ်ဖြစ်ခဲ့ပါသည်။
“ ဖြူစင်သောချစ်ခြင်း၊ အနစ်နာခံခြင်း၊ စနာဖေးမခြင်းတွေသည် မိစားစုထံမှသာ ရနိုင်ကြောင်း၊ ကျွန်တော်၏နောင်တတရားက သင်ပေးခဲ့ပြီ။ပြီးပြည့်စုံသော ခေတ်မီ အသုံး အဆောင်ပစ္စည်းများသည် မေမေညတိုင်း ဖက်အိပ်သော ကျွန်တော်၏ ခေါင်းအုံးလေးလောက်ပင် တန်ဖိုးမရှိတော့ပါ။”
“သည် အရပ်မှ အနေကြာလာလျှင် ချစ်ခြင်းမေတ္တာကို မခံစားတတ်လောက်အောင် ကျွန်တော့နှလုံးသား လွင်တီးခေါင်ဖြစ်သွားမှာ စိုးရိမ်မိသည်။ .........ထိုအရပ်တွင် ကျွန်တော်မှ ချစ်သော၊ ကျွန်တော့်ကို ချစ်သော နှလုံးသားများ တည်ရှိနေကြောင်း မမေ့မလျော့ အထပ်ထပ် သတိပေးနေမိတော့သည်”
ခင်လေးငယ်၏ “နေ၀င်ပုံပြင်” မှာ နေ၀င်ချိန်ကို ချစ်မြတ်နိုးသော ကောင်မလေးနှင့် နေ၀င်ချိန်ကို မုန်းတီးသော ကောင်ကလေးတို့ ချစ်သူနှစ်ဦး နေ၀င်ချိန်မှာပင် ကွဲကွာသွားခဲ့ရသည့်အကြောင်း ဖော်ပြ ထားသည့်အချစ်ဝတ္တုတိုလေး ဖြစ်သည်။ နေ၀င်ချိန်ကို လွန်လွန်ကဲကဲမုန်းတီးသော မောင်၏ အသွင် စရိုက်က လျှို့ဝှက်နက်နဲလှသည်။ နေ၀င်ချိန်ဟူသော အသံကြားရုံနှင့် ဖျော့တော့ ပျက်ယွင်း သွားလေ့ရှိသော သူ့မျက်နှာ၊နေ၀င်ချိန်သည် လူတစ်ယောက်၏ စိတ်ကို လေးပင်ထိုင်းမှိုင်းစေတတ်ကြောင်းပောလေ့ရှိသော သူ့စကားများ…..။ နေ၀င်ချိန်ကို နှစ်သက်လှပါသော မေ သည် သူ့မောင် ကို နေ၀င်ချိန်နှစ်သက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ရှာပေ။ မေ ချစ်သော မောင် သည် နေ၀င်ချိန် တစ်ခုဆီကို သွားသည့်တစ်ညနေခင်းမှာပင် ဘ၀နေ၀င်ချိန်ရောက်ခဲ့ရပြီ ဖြစ်သည်။ ချစ်သူအား တစ်ဘ၀စာ ဆုံးရှုံးမှုတွက် ကြေကွဲဝမ်းနည်းမှုတွေနှင့် နေ၀င်ချိန်ကို မုန်းတီးသွားရသည်ကတော့ မေ ပင်။
နေ၀င်ခြင်းအကြောင်းကို ပဟေဠိတစ်ပုဒ်နှယ် ဖွဲ့ဆိုရင်း ချစ်ခြင်းမေတ္တာ၏ သိမ်မွေ့နက်နဲမှုတို့ကိုပါ လှလှပပ ရေးဖွဲ့သွားသည်။ ချောမွေ့ပြေပြစ်သော အရေးအသားများကို သတိပြုမိရင်း ဆရာမ “ဂျူး” ၏ ၀တ္တုတိုများကိုပါ အမှတ်ရမိသေးသည်။
ဏီလင်းညို၏ “အသံများနှင့်…” က စာရေးသူနှင့် အဇ္ဈတ္တတို့ မေးခွန်းထုတ်အဖြေရှာမှုကို ဇာတ်ကောင် လူငယ် ကလေးနှင့် ဘူတာရုံလေးတို့ အပြန်အလှန် စကားဆိုကြပုံဖြင့် ရေးသားထားပါသည်။ ကျွန်မတို့ ငယ်စဉ်က သာယာသံ၊ ဆူညံသံ ဟူ၍အသံတွေအကြောင်း သင်ကြားခဲ့ရဖူးသည်။ ဏီလင်းညိုပြောပြချင်သော အသံတွေ မှာတော့ သာယာသံ၊ ဆူညံသံထက်မကတော့ပါ။ဖြစ်ရပ်တိုင်းရှိသော၊ ကျိုးကြောင်း ညီညွတ်နေကြ သော၊ မညီညွတ်နေကြသော အသံများ..။ ကျွန်မ တို့ ဘ၀သို့ ရိုက်ခတ်နေသမျှ အသံများကို တုံ့ပြန်ဖို့ လိုအပ်သည် လား၊ ခံစားဖို့ လိုအပ်သည်လား။ ကျွန်မတို့ ဘ၀တွေသည်လည်း တိတ်ဆိတ်ငြိမ်သက် နေသည် မဟုတ်ပါ။ ကိုယ်တိုင် သတိမပြုမိ (သို့) မသိနိုင်သည်သာ ရှိသည်။ အသံကတော့ ရှိနေနိုင်မှာပင်။ သို့တည်းမဟုတ် ဆိတ်ငြိမ်ခြင်းကပင် ဆိတ်ငြိမ်ခြင်းအသံတစ်ခုအဖြစ်ဖြစ်နေနိုင်သည်ပဲ။ ဘူတာရုံလေး၏ စကားတစ်ခွန်းကတော့ လေးနက်ဆင်ခြင်စရာကောင်းလှသည်။
“အသံတွေရဲ့အလယ်မှာ နေတတ်ထိုင်တတ်ဖို့ ဆိုတာ အပြောမှာ လွယ်ပေမယ့် လက်တွေ့မှာ ခက်ခဲရင် ခက်ခဲနေလိမ့်မယ်။ ဒါပေမယ့် ကြိုးစားရင် ဖြစ်နိုင်တဲ့ သူလိုငါလို လူတွေထဲမှာ တကယ်လုပ်ရင် အဟုတ်ဖြစ်လာ နိုင်တယ်ဆိုတာ ရင့်ကျက်လာတဲ့တစ်နေ့ မင်းသိလာပါလိမ့်မယ် ကောင်လေးရာ”
တကယ်တော့ အသံများကို အသံများဟု အသိအမှတ်ပြုလိုက်သည်နှင့် တပြိုင်နက် ကောင်းခြင်း၊ ဆိုးခြင်း ခံစားချက်များ ပေါ်ထွက်လာနိုင်ခြင်းရှိမှာ မဟုတ်ပေ၊ ထိုကဲ့သို့သာမာန် အသိအမှတ်ပြုလေးတစ်ခုအတွက်ပင် ကျွန်မတို့တတွေ မနည်းကြိုးစားနေကြရသည်။ ခံစားမှုများကြောင့်လား၊ ကောင်းတာကိုမှ လက်ခံလိုသည့် စိတ်ကြောင့်လား။ ဘူတာရုံလေးဆိုခဲ့သလို “လူပီသဖို့ အတွက်ဆိုရင်တော့ ကောင်းတာရော၊ ဆိုးတာကိုပါ ဝေမျှခံစားတတ်ဖို့လိုမယ်” ထင်ပါသည်။ လူဟူ၍ ဖြစ်တည်လာသည့် ဘ၀တွင်တော့ ကျွန်မ တို့ လူပီသသင့် ပါသည်။
မြသွေးနီ ၏ “နိုင်တဲ့အရှုံး” မှာ ဖခင်တစ်ယောက်၏ သားအပေါ်ထားသော ချစ်ခြင်းမေတ္တာဖြင့် လမ်းညွှန် တည့်မတ်ပြသမှုကို အခြေတည်ကာ ရေးသားထားခြင်းဖြစ်သည်။ ဇာတ်လမ်းနှင့် ဇာတ်ကောင် အသားပေး မဟုတ်ဘဲ စာရေးသူတင်ပြလိုသော ဒဿနကို ဇာတ်ကောင်၏ စကားတွေနှင့် ဖော်ကြူးသွားသည်။ “အရှုံးကို ကျော်ဖြတ်နိုင်မှ အနိုင်ဆိုတဲ့ အရာကို တွေ့နိုင်မယ်” ဆိုသည့်အကြောင်း မူလတန်းကလေးငယ်များ၏ ဘောလုံးယှဉ်ပြိုင်ပွဲတစ်ခုနှင့် သရုပ်ဖော်ကာ တင်ပြသွားသည်။ ရှုံးသည့်ကလေးမှာတော့ ငိုချင်မိမှာပဲ၊ ငိုမိမှာပင်။ ဒါပေမယ့် သူ့အတွက် ချစ်မြတ်နိုးစွာ ရပ်တည်ပေးနေသော ဖခင်၏ မေတ္တာက အနိုင်ကို တွေ့မည့်လမ်းကို ပြသခဲ့တာပင် ဖြစ်သည်။
ဖခင်ဇာတ်ကောင်ဖြစ်သူ ဦးဘုန်းကျော်၏ စကားက ၀တ္တုတစ်ပုဒ်လုံးအတွက် အထိရောက်ဆုံး Target ပင်။
“ သား…တစ်ခါတရံ ဘ၀မှာ ကိုယ် မျှော်လင့်ထားသလိုဖြစ်မလာတာတွေကို တွေ့ကြုံရမှာပဲ၊ ကိုယ် က ကြိုးစားပေမယ့်လည်း ဘယ်လိုမှ တားဆီးလို့မရဘဲ ခံလိုက်ရတာမျိုး၊ နေရာတစ်ခုမှာ နှစ်သိမ့်ကျေနပ်လိုက်ရ တာမျိုးလည်း ရှိမှာပဲ၊ ဒါပေမယ့် အဲဒါက အရေးမကြီးဘူး၊ ကိုယ့်ကို ချစ်ခင်သံယောဇဉ်ရှိသူတွေ ကိုယ့်ဘက်မှာ ရပ်တည်အားပေးမယ့်သူတွေ ကိုယ့်ဘေးနားမှာ ရှိနေဖို့က ပိုအရေးကြီးတယ်၊ အောင်မြင်တဲ့အခါ ၀မ်းသာ စိတ်ဖြစ်ရတာထက် အရှုံးကို ရင်ဆိုင်ရချိန်မှာလည်း ကျေကျေနပ်နပ်လက်ခံတတ်ဖို့က ပိုအရေးကြီးတယ်”
ဦးဘုန်းကျော်၏ ပြောစကားကြောင့် ကြွတက် အရှိန်မြင့်လာသော ၀တ္တုသည် ကျော်စွာ၏ “သား…ကြိုးစားပါ့မယ်” ဟူသော စကားနှင့် အဆုံးသတ်သောအခါ အနည်းငယ်အားပျော့သလို ဖြစ်သွားသည်။ အကယ်၍သာ ကျော်စွာ နှင့် ဦးဘုန်းကျော်ကြားဘာသာဗေဒမဲ့ အမူအရာနှင့် (သို့) စိတ်တွင်း အတက်အကြွ ခံစားမှု နှင့် အဆုံးသတ် လျှင်ပိုကောင်းမည်ဟု ထ်သည်။ ဒါကတော့ ဖတ်ရှုသူ၏ ရှုထောင့်အမျိုးမျိုး နှင့် သက်ဆိုင် လိမ့်မည် ထင်ပါသည်။
သတိုး၏ “ရိပ်ကြီးခိုလျှင်” သည် သဘာဝပတ်ဝန်းကျင်ကို လူတို့တစစဖျက်စီးပြုန်းတီးလာကြ၍ ပျက်စီးယိုယွင်း လာကြသည့် အကြောင်းတင်ပြထားခြင်းဖြစ်သည်။ အကြောင်းအရာမှန် ဆောင်းပါးကိုပင် ၀တ္တုသဏ္ဍန် ဖွဲ့တည်ထားသည့် အနုပညာမှာ လှပလှသည်။ သူတို့ ရပ်ရွာကလေး၏ ရေမြေဒေသအကြောင်း ရေးသွား သည်မှာ စိတ်ဝင်စားဖွယ်။ ပျင်းရိငြီးငွေ့စရာ မဖြစ်ဘဲ ရွာကလေးကို အလည်ရောက်နေသလိုပင် ခံစားရသည်။ ကျွန်မ နာမည်မကြားဖူးသော အသီးအရွက်တွေကိုလည်း သိရသည်။ ဗိုင်းတောင့်သီး၊ သမှည့်သီး၊ ကျီးသေရွက်၊ တောင်သလဲရွက်၊ ကြက်ဖသီး ခေါ် ခင်မွန်သီး တဲ့။ လမုဆိုတာ ကြားဖူးသော်လည်း ဘလဆိုတာပါ ရှိနေသေး ကြောင်း ဒီတော့မှ သိရသည်။ သင်ပေါင်းဖူးကတော့ ကြားဖူးသည်ထင်သည်။ သင်ပေါင်းပိုးကို ထမင်းအိုးထဲ ထည့်ပေါင်းကာ စားသည်တဲ့။ ဒီနေရာမှာတော့ မမြင်ဖူးသည့် သင်ပေါင်းပိုးကောင်လေးကို လှုပ်ရွရွမြင် ယောင်ကာ ကျွန်မ အူယားလှသည်။
သာယာလှပမှုများ၊ ပေါကြွယ်ဝမှုများကို ငယ်ငယ်တုန်းက ဟူ၍သာ အစချီနိုင်တော့သော ရွာကလေးသည် ယခုအခါမှာတော့ ပူပြင်းခြောက်သွေ့ကာ ချောင်းရေညိုညစ်ညစ်နှင့် မစိမ်းလန်းနိုင်တော့ပေ။ မီးသွေးဖိုတွေကို ရွာ၏ အဓိကလုပ်ငန်းအဖြစ်ရပ်တည်လုပ်ကိုင်ခဲ့သော ရွာကလေး၏ ၀န်းကျင်သည် နှစ်ကာတိုက်စား လာ သည့်အခါ သစ်တောကျိုးကျဲနှင့်ခြောက်ခြောက်သွေ့သွေ့သာ ကျန်တော့သည်။ ဒါကို သူရေးသွားသည်မှာ ထိမိလှသည်။
“ဘ၀စဉ်ဆက်မှီခိုနေသော သဘာဝတရားကြီးကို ကိုယ်တို့တွေ တစ်ကိုယ်စာသက်ရှင် ရပ်တည်နိုင်ရုံ မျက်တောင်တဆုံး အတွေးတိမ်တိမ်နှင့် တစ်ယောက်တစ်လက်ဝိုင်းဝန်းဖျက်ဆီးခဲ့လိုက်ကြတာ။ ကမ္ဘာကျော် ပင်လယ်လှိုင်းကြီးက အဆီးအတားမဲ့ ခဏအတွင်း ကျော်လွှားခုန်ပျံကာ ကုန်းမြေပေါ် အလွယ်တကူ လွှမ်းဖုံးလာလေမှ နောင်တရချင်မိတော့ နောက်ကျလွန်းခဲ့ပြီ”
ရှေးရိုးအစဉ်အလာတွေနှင့် ရွာကလေးကို သဘာဝတရားပျက်စီးမှု၊ ပိုမိုမပျက်စီးစေရန် ပြုပြင်ထိန်းသိမ်းရေးကို စာရေးသူလည်းပြောပြခြင်းငှာ မစွမ်းသာခဲ့ပါ။ သာမာန် မြင်လေ့ရှိကြသည့်အတိုင်း ရေတစ်ပေါက်နှင့်တော့ မိုးမဖြစ်နိုင် ဟူ၍ပင်။ ရေစက်ပေါင်းများလာလျှင် အေးမြလှသည့် မိုးဖြစ်နိုင်တာ ဘာကြောင့် မတွေးတော နိုင်ကြပါလိမ့်။ သဘာဝတရားကို ကယ်ဆယ်ထောက်မရေး စီမံကိန်းများ ပါဝင်သည့် အဖွဲ့အစည်းတစ်ခုမှ အလုပ်လုပ်နေသည့် ကျွန်မ.. သပ်မမောတို့ တနင့်တမောပင်။ စည်းရုံးနိုင်ဖို့၊ ပေါင်းစည်းနိုင်ဖို့ ကျွန်မ တို့ လက်တွေ အားအင်ပြည့်နေဖို့တော့ လိုပါသည်။
သည် အမောတွေကိုပင် သတိုးက သူ့စကားအရာမလုပ်ကြသော ဆွေမျိုးစုအလယ်မှ အဖြစ်သနစ်တို့ဖြင့် ဟာသဆန်ဆန် နိဂုံးချုပ်သွားသည်။ပြုံးချင်စရာပေမယ့် တကယ့်လက်တွေ့တော့ ပြုံးစရာမဟုတ်ခဲ့ပါ။ ပတ်ဝန်းကျင်ကို တစေ့တစောင်းပြန်လှည့်ကြည့်ဖို့ သတိုးက သူ့ဝတ္တုတိုအတတ်နှင့် ညွှန်ပြခဲ့လေသည်။
မယ်ကိုး၏ “လူယောင်ဆောင်သူများ” သည် သစ္စာမတည်တတ်သော ခင်ပွန်းဖြစ်သူနှင့် အကြောင်းစုံကို သိလျှက် သည်းခံမြိုသိပ်နေရသော၊ မျှော်လင့်ချက် တစစကင်းမဲံလာသည့် မိန်းမသားတို့ အိမ်ထောင်ရေးကို ခပ်ပါးပါးရေးဖွဲ့ထားခြင်း ဖြစ်သည်။
“ချွဲနွဲ့ပြောတတ်တဲ့ ကြောင်တွေလို နေစရာ၊ စားစရာနဲ့ သွေးသားလိုအင်တွေ အတွက်သာ ကျွန်မ ကို ခဏတာချစ်ယောင်ပြခဲ့တာ”
သည်လို စာသားလေးများကတော့ အနည်းငယ်ရင့်ရော်လှပါသည်။ သို့ပေမယ့် ထို ဇာတ်လမ်းမှ ထို ဇာတ်ကောင် အမြင်မို့ သိပ်စောဒကတက်စရာတော့ မရှိလှပါ။ ရေးသားဟန် ဆန်းသစ် ဖတ်ပျော်သော ၀တ္တုတစ်ပုဒ်တော့ ဖြစ်ပါသည်။
ညီလင်းသစ်၏ “အသိအမှတ်ပြုမှု” သည် ဆောင်းပါးတိုလေး တစ်ပုဒ်ဖြစ်ပါသည်။ လူသားဟူသမျှ အသိ အမှတ်ပြုမှု ခံချင်သူတိုင်း ဖြစ်ကြောင်း သတင်းတိုလေးတစ်ခုနှင့် အစပြုကာ ရေးသားထားသည်။ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်မြို့ရှိ လူတစ်ယောက်သည် သူ့မွေးနေ့ကို အများသတိပြုစေချင်လိုသော စိတ်နှင့် ကုန်တိုက်ကြီးတစ်ခုအတွင်း ဗုံး ရှိသည်ဟု သတင်းအမှားပေးခြင်း ဖြစ်သည်။ အများသူငှာငှာ ရုတ်ရုတ်သဲသဲ ဖြစ်ကာ သူလည်း အများပြည်သူထိတ်လန့်စေမှုနှင့် အရေးအယူခံရသည်။ ထိုသတင်းမှ အစပြုကာ “အသိအမှတ်ပြုမှု” ဟုသော ဆောင်းပါးလေးတစ်ပုဒ်ကို စာရေးသူက ကျယ်ကျယ်ပြန့်ပြန့် ရေးသား ထား လေသည်။
အသိအမှတ်ပြုမှု ဟူသောစကားလုံးလေးသည် တိုတောင်းကျစ်လျစ်နေသော်လည်း ကျယ်ပြန့်လှကြောင်း သူက တင်ပြသွားသည်။ အသိအမှတ်ပြုရုံလး ဆိုပေမယ့် သူ့အဓိပ္ပာယ်ကတော့ တာသွားလှသည်။ ထိုအရာက လူမှု ဆက်ဆံရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်တွေမှာ အောင်မြင်ရေးလမ်းစ၏ ပထမဆုံး တံခါးပေါက်ဟု စာရေးသူက တင်ပြသွားပါသည်။ ခင်မင်ခြင်း၊ ချစ်ခြင်းဟာ နွေးထွေးသည့် ချစ်စဖွယ် အိမ်ကလေးဆိုရင် ထိုအိမ်ကလေးထဲ ၀င်ရောက်ဖို့ အသိအမှတ်ပြုမှု ဟူသော တံခါးပေါက်ကို အရင်ဆုံး ခေါက်ရမည် ဖြစ်ကြောင်း ထိမိစွာတင်ပြသွားသည်။
“အသိအမှတ်ပြုမှု ရဲ့ ဆန့်ကျင်ဘက်က ဥပေက္ခာပါ” တဲ့။ ထိုစကားလေးကို ကျွန်မ လက်ခံပါသည်။ ဥပေက္ခာ ပြုခြင်း၊ လျစ်လျူရှုခြင်းကို ကျွန်မ ခံစားခဲ့ရဖူးသည်။ အသိအမှတ်ပြုမှု အပေါ် မျှော်လင့်နာကျင် ခဲ့ဖူး သည်။ တကယ်တော့ လူသားသည် လူသားဆန်သည်သာ ဖြစ်သည်။
“တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်အသိအမှတ်ပြုမှုတွေများလာတာနဲ့အမျှ ကျွန်တော်တို့နေထိုင်ရာ လူမှုအဆောက်အအုံဟာ ပိုမိုခိုင်ခန့်ပြီး၊ ဟန်ချက်ညီတဲ့ နေချင့်စဖွယ် အသိုင်းအ၀ိုင်းတစ်ခု ဖြစ်လာပါမယ်” ဟု ဆောင်းပါးကို နိဂုံးချုပ်ထားသည်။ ဆောင်းပါးလေးက ရိုးရှင်းပေမယ့် အကြောင်းအရာကတော့ ကျွန်မတို့ အားလုံးနှင့် တိုက်ရိုက်ပတ်သတ်ဆက်နွယ်နေပါသည်။ အတွေးစ၊ အသိမြင်တို့ လွန့်လူးစေသော ဆောင်းပါးတစ်ပုဒ်ပင်ဖြစ်သည်။
သက်တံဆယ်စင်း စာအုပ်ကလေး၏ ရသမျှဝေခံစားမှုကတော့ ပြီးဆုံးသွားလေပြီ။ ရသစာပေကိုမြတ်နိုး လှသော ကျွန်မ စာအုပ်စင်ကလေးတွင် ထိုစာအုပ်ကလေးက နေရာတစ်နေရာယူခဲ့ပြီ။ နောက်ကျောတွင် နောက်ထွက်ရှိမည့် စာအုပ်ကြေငြာများကိုလည်း တွေ့ရရာ မုဒိတာစိတ်နှင့် ၀မ်းသာကြည်နူးရပါသည်။ လူနည်းစုတင်မက သက်တံဆယ်စင်းပါ ဆရာ၊ ဆရာမများ အားလုံးရောက်ရှိသည့်နေရာတွင် ရပ်တန့်မနေဘဲ အသစ်အသစ်သော အနုပညာဖန်တီးမှုတို့ဖြင့် ထွန်းလင်းကြပါစေသည်း။ စာပေကောင်းကင်တွင် လင်းလက်တောက်ပသော ကြယ်ပွင့်များ ဖြစ်ကြပါစေသတည်း။      ။

ချစ်ခြင်းမေတ္တာဖြင့်
ရွှေအိမ်စည်

မှတ်ချက်
စာရေးသူ ရွှေအိမ်စည်က ယခု သက်တံ့များ၌ ပျော်ဝင်ခြင်း စာအုပ်အညွှန်းကို အပိုင်း ၃ ပိုင်းခွဲရေးထားတာဖြစ်ပြီး စာဖတ်သူများ အဆင်ပြေစွာ ဖတ်ရှူနိုင်အောင် တစ်ပေါင်းစည်းတည်း တင်ပေးခြင်းဖြစ်ပါတယ်။
အယ်ဒီတာ