Showing posts with label စင်တင်ကဏ္ဍ. Show all posts

အမှားများနှင့် ခလုတ်တိုက်မိခြင်း



ကျွန်တော် သည် `မှားတဲ့ အခါလဲ မှားပေမပေါ့´ ဟူသော စကားကို ပေါ့ပေါ့ပါးပါး အပြောင်အပျက်သဘောနှင့် လွတ်လပ်စွာ ပြောခဲ့ဖူးသလို ဘ၀ကြီးနဲ့ ချီသော သက်ပြင်းမောကြီးများ အထပ်ထပ် အခါခါချ၍ လေးပင်ချိနဲ့စွာလဲ ပြောခဲ့ဖူးပါသည်။
ဆိုလိုချင်တာက ကျွန်တော်သည် မကြာခဏ အတွေး အမှားများ၊ စကားအမှားများ၊ ဆုံးဖြတ်ချက် အမှားများ ကို တွေးခေါ် ပြောဆို ပြုလုပ်တတ်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ မှားယွင်းမှု၊ လွဲချော်မှုတို့သည် ကျွန်တော်နှင့် သူစိမ်းဆန်မနေခဲ့ခြင်းသည် ကျွန်တော့် အားနည်းချက်တစ်ခု ဖြစ်နေလိမ့်မည်ဟု တွေးတောမိပါသည်။

တစ်ချို့ အမှားများသည် အထက်တွင် ကျွန်တော် ပြောခဲ့သော `မှားတဲ့ အခါလဲ မှားပေမပေါ့´ ဆိုသည့်စကားကို တိုးတိုး ငြီးတွားလိုက်လျှင် ပြီးဆုံးပျောက်ကွယ်သွားလေ့ ရှိသည်။ ထိုမျှနှင့် မပြီးဘူး ဆိုလျှင်တောင် ခဏတာ လှောင်ရယ်စရာတစ်ခု သို့မဟုတ် ပြုံးစရာ လွဲချော်မှုတစ်ခု ဖြစ်သွားတတ်ပါသည်။ မှန်ပါသည်။ ထိုအမှားများကို `အလွဲလေးတွေ´ ဟု တင်စားခေါ်ဝေါ်တတ်ကြပါသည်။ အချို့ အမှားများသည် နောင်တစ်ကြိမ် မှန်သွားလျှင် ထိုအမှားကို ချေဖျက်နိုင်သွားလေ့ရှိသည်။ နောင်တွင် တခုတ်တရ ပြန်ပြောင်းပြောပြစရာ၊ အခြားသူတို့ ဆင်ခြင်နိုင်ရန် ပြန်လည် လမ်းညွှန်နိုင်သောအရာ၊ သို့မှ မဟုတ်လျှင် ပြန်တွေးရယ်စရာ ဟာသတစ်ပုဒ် ဖြစ်သွားတတ်ပါသည်။ `အဆိုးထဲက အကောင်းပေါ့´ ဟု သက်ပြင်းချ ဖြေသိမ့်၍ သင်ခန်းစာယူစရာ အကောင်းဆုံး အမှားများဖြစ်ပါသည်။
အချို့ အမှားများ ကတော့ ပြန်ပြင်၍ မရတော့သော၊ ဖျောက်ဖျက် ပြင်ဆင်ရန် မဖြစ်နိုင်တော့သော၊ အသက်နှင့်ထပ်တူ ထာဝရတည်မြဲနေတော့မည် ဖြစ်သော အမှားကြီးများ ဖြစ်နေတတ်သည်။ ထိုအမှားများသည် ဘ၀တစ်လျှောက်လုံး နောက်ကျောတွင် အရိပ်မဲကြီးများအဖြစ်နှင့် တွယ်ကပ်လိုက်ပါနေတတ်သည်။ ပြန်ပြောင်းတွေးမိတိုင်း တစ်ကိုယ်လုံး စိမ့်ဝင် သိမ်ငယ်သွားအောင် ခြောက်လှန့်တတ်သည်။ ထိုအမှားများသည် လူတစ်ယောက်၏ တက်နေသော အညွန့်တစ်လူလူကို ရိုက်ချိုး ဖျက်ဆီး ပစ်နိုင်သော အစွမ်း ရှိသည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် ဆွံ့အ ညှိုးငယ်စေသော အစွမ်းရှိသည်။ ရည်မှန်းချက်ပန်းတိုင်တို့ကို ချေမွ ဖျက်ဆီး ပစ်နိုင်သော စွမ်းအားများ ရှိနေတတ်သည်။ ပြုသင့်သည်ကို မပြုမိ၊ မပြုသင့်သည်ကို ပြုမိသည့်အတွက် အချိန်လွန်မှ ပူပန်ခြင်း တည်းဟူသော `နောင်တ´ ကို ပိုက်ထွေး ပူဆွေး ငိုကြွေးရုံအပြင် မည်သို့မျှ ပြုလုပ်ပြင်ဆင်၍ မရနိုင်တော့သော အမှားကြီးများပင် ဖြစ်ပါသည်။

သင် မှားယွင်း လွဲချော်သော အတွေးမျိုး တွေးခဲ့ဖူးပါသလား။ `နှုတ်၍ မရ´ ဟု လူပြောသူပြောများသော စကားအကျွံ (စကားအမှား) တို့ကို ပြောဆိုခဲ့ဖူးပါသလား။ ရည်ရွယ်မျှော်လင့်ထားသည်နှင့် ဆန့်ကျင်သော ခြေလှမ်း၊ မှားယွင်းသော ကိစ္စများကို ပြုလုပ် ဆောင်ရွက်ခဲ့ဖူးပါသလား။ `လူပဲ၊ အမှားနဲ့ ဘယ်ကင်းပါ့မလဲ´ ဟူသော စကားကို ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ပြောဆို ခဲ့ဖူးပါသလား။ ကျွန်တော် အမျိုးမျိုးသော အမှားများစွာနှင့် ကြုံကြိုက် ဆုံတွေ့ခဲ့ရဖူးပါသည်။ ကျွန်တော် လျှောက်သောလမ်း၊ ကျွန်တော် သွားသော ခရီးတွင် ကြုံတွေ့ခဲ့ရသော `သွားပါများ၍ ခလုတ်တိုက်ခဲ့ရခြင်းများ´ ကို ပြန်ပြောင်း တွေးတော ဆင်ခြင်ခြင်းသည်ပင်လျှင် ကျွန်တော့်ဘ၀ စာအုပ်စင်တွင် ကျွန်တော့် အတွက် သင်ခန်းစာ များအဖြစ် ပြဌာန်းပုံနှိပ်ထားခြင်း ဖြစ်ပါတော့သည်။


ကျွန်တော်သည် လူမှန်းသိတတ်စအရွယ် ငယ်ငယ်ကတည်းက `ကမ္ဘာကြီးသည် လုံးဝန်းသော သဘော ရှိသည်´ ဟူသော အဆိုကို လက်ခံခဲ့သူ ဖြစ်ပါသည်။ ကမ္ဘာလုံးလုံးကြီး တွင် ကျွန်တော်နေထိုင်သည်ကိုလဲ လက်ခံယုံကြည်ခဲ့ပါသည်။ သို့သော် ထိုစဉ်က ကျွန်တော် ယုံကြည်လက်ခံထားသော `ကမ္ဘာကြီးတွင် နေထိုင်မှု´ ကို ပြောပြလိုပါသည်။ ကျွန်တော်တို့ လူသားများသည် ကမ္ဘာကြီးထဲတွင် နေထိုင်ကြသည်။ ကမ္ဘာလုံးလုံးကြီး၏ အတွင်းထဲတွင် ကျွန်တော်တို့ ခြေချရပ်တည်နေသော မြေပြင်ကြီးကို ထည့်ထားသည်။ ထိုမြေပြင်ကြီးသည် ကမ္ဘာလုံးလုံးကြီး၏အတွင်း အလယ်တည့်တည့်တွင် ကန့်လန့် တင်ထားသကဲ့သို့ ရှိသည်။ ထိုမြေကြီးပေါ်တွင် ကျွန်တော်တို့ ရပ်တည်ကြသည်။ ထို မြေပြင်၏ အောက်ဖက်တွင် ရေများရှိသည်။ မြေပြင်ကို ဖောက်ပြီး တူးလိုက်လျှင် ရေရလိမ့်မည်။ ကျွန်တော်တို့ နေ့စဉ် မော့ကြည့်၍ မြင်နေရသော ကောင်းကင်သည် ကမ္ဘာလုံးလုံးကြီး၏ အပေါ်ဖက်ခြမ်းဖြစ်သည်။ လ နှင့် နေ သည် နှစ်ခု မဟုတ်ပါ။ ကမ္ဘာ့အပေါ်ခြမ်းတွင် ကပ်နေသော တစ်ခုတည်းသောအရာဖြစ်သည်။ ညဖက်တွင် နေ သည် လ အဖြစ် ပြောင်းလဲသွားသည်။ မိုးကုတ်စက်ဝိုင်းသည် ကမ္ဘာကြီး၏ အပေါ်ခြမ်း (ကောင်းကင်) နှင့် အလယ်တွင် တင်ထားသော မြေကြီး ထိတွေ့ရနေရာဖြစ်သည်။ မိုးကုတ်စက်ဝိုင်းနေရာမှ ကမ္ဘာကြီး၏ အပေါ်ခြမ်း (ကောင်းကင်)ကို လှီးထုတ်လိုက်လျှင် အောက်တွင် ရေများထည့်ထားသော ဒယ်အိုးကြီးကို မြေကြီးဖြင့် အုပ်ထားသည်နှင့် အလားသဏ္ဍာန်တူသော ကမ္ဘာကြီး၏ အောက်ဖက်ခြမ်းကို ရရှိပေမည်။ `ငရဲပြည်´ ဟူသော နေရာသည်လဲ မည်သည့်နေရာတွင် ရှိနေသည်ဟု မခန့်မှန်းတတ်သော်လဲ ထိုအောက်ဖက်ခြမ်းထဲတွင် ရှိနေနိုင်သည် ဟု ကျွန်တော် ယုံကြည်ခဲ့ပါသည်။

ကျွန်တော် ပြောခဲ့သည်များကို ဖတ်၍ စူးစမ်းလေ့လာခဲ့သော ပညာရှင်တို့အား သံသယ ဖြစ်မသွားပါနှင့်။ ကျွန်တော့် တွေးထင်မှုတို့ကိုလဲ `ဖြစ်နိုင်သည်´ ဟု လိုက်ပြီး မစဉ်းစားပါနှင့်။ ထိုတွေးထင်မှုသည် ကျွန်တော် မှတ်မှတ် ရရ ရှိခဲ့သော အမှားတွေထဲက အစောဆုံး အမှား ဖြစ်ပါသည်။ လွမ်းဆွတ်ဖွယ် ကလေးဘ၀၏ အစောဆုံးအတွေးကလေးတစ်ခုဖြစ်၍ ရှည်လျားစွာ ရေးလိုက်မိခြင်းသာ ဖြစ်ပါသည်။ နောင်အခါ ကမ္ဘာ့ ပထ၀ီ သင်ရ၍ ကျွန်တော့်မှားယွင်းမှုကို ကျွန်တော်ကိုယ်တိုင်သိလိုက်ရချိန်တွင် မနေတတ်မထိုင်တတ် အောင် ရှက်သွားသော ကျွန်တော့် မျက်နှာကို ခေါ်ပြ၍ရလျှင် ပြချင်ပါသည်။

မြန်မာဖတ်စာမှ `ဦးပေါင်းကျားနှင့် မြင်းကျားရှင်´ ကို မသင်ရခင် ထိုခေါင်းစဉ်ကို ကြားဖူးစဉ်က `ဦးပေါင်းကျား´ က လူတစ်ယောက်၊ `မြင်းကျားရှင်´က လူတစ်ယောက်ဟု တွေးထင်မိဖူးပါသည်။ လကမ္ဘာသို့ သွားသောသူများသည် ပီနံအိတ်ကြီးများကို လေမှုတ်၍ စွပ်သွားကြသည်ဟု ထင်ခဲ့ဖူးပါသည်။ ထိုသို့ အလားတူ အတွေးမှားများကို ကလေးအတွေးဖြင့် တွေးတောခဲ့ဖူးပါသည်။ ဘ၀တွင် အမှတ်တရ ဖြစ်နေသော အတွေးမှားလေးများသည် ပြန်ပြောင်းတွေးမိလေ ပြုံးမိလေ မို့ ကြည်နူးစရာ အမှားကလေးများဖြစ်သည်။ နောင်တွင် အချို့ အမှားများသည် ဤသို့ ကြည်နူးလွမ်းဆွတ်ဖွယ် မကောင်းကြောင်းကို  ကျွန်တော် တစ်ဖြည်းဖြည်း သိလာပါသည်။



ကျွန်တော် မူလတန်းနှင့် အလယ်တန်း အစောပိုင်း (ငါးတန်း၊ ခြေက်တန်း) အရွယ်က နွေရာသီ ကျောင်းပိတ်ရက်တိုင်း မေမေနှင့် ဖေဖေက ပြင်ဦးလွင်၊ မန္တလေး စသည့်နေရာများသို့ လေ့လာရေးခရီးများ လိုက်ပို့ခဲ့ဖူးပါသည်။ ခရီးသွားလျှင် ရှိစုမဲ့စုကလေးများဖြင့် ကျွန်တော်နှင့် ညီမလေး အတွက် ရည်ရွယ်၍ ၀ယ်ထားသော ရွှေထည်များကို ထုတ်၍ ဆင်တတ်ပါသည်။ နွေကာလ တစ်ရာသီတွင် စစ်ကိုင်းသို့ ဘုရားဖူးသွားစဉ်က ကျွန်တော့်လက်မှာ ရွှေဟန်းချိန်း တစ်ခု ရှိနေခဲ့သည်။ ဘာရယ်မဟုတ်၊ ကလေးသဘာဝ ထိုဟန်းချိန်းလေး လက်မှာ ရှိနေတာကို ကျေနပ်သည်။
ညဖက် တည်းခိုသည့်နေရာတွင် မေမေက `ဟန်းချိန်းလေး ချွတ်အိပ်ပါ သားရယ်´ ဟု ပြောစဉ်က ကျွန်တော် ချွတ်၍ ဖေဖေ့အိတ်ထဲ ထည့်ထားလိုက်ပြီး မေမေ့ အလစ်တွင် ကျွန်တော် ပြန်ဝတ်အိပ်သည်။ မနက်မိုးလင်းတော့ ကျွန်တော့် လက်မှာ ဟန်းချိန်း မရှိတော့ပါ။ အအိပ်ကြမ်းသော ကျွန်တော့် လှုပ်ရှားမှုကြောင့် ချောင်၍ ပြုတ်ကျနေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ မည်သူမျှ ခိုးယူခဲ့တာ မဖြစ်နိုင်သော်လည်း ချောင်ကြိုချောင်ကြား ကပ်နေဟန်တူသော ထိုဟန်းချိန်းကို ပြန်ရှာ၍ မတွေ့တော့ပါ။ မေမေဆူတာ ခံရသည်ကို နာကြည်းခြင်းမရှိခဲ့သော်လည်း ထိုအချိန်မှ စ၍ ယနေ့အထိ ကျွန်တော့် ကန့်သတ်ချက်နှင့်ကျွန်တော် `ရွှေ လုံးဝ မ၀တ်တော့´ ဟု ဆုံးဖြတ်ခဲ့လိုက်ပါသည်။ ထိုဟန်းချိန်းကလေးသာ မပျောက်ခဲ့လျှင် ကျွန်တော်တို့ မိသားစု စီးပွားရေး ကျဆင်းချိန်တွင် တစ်ထောင့်တစ်နေရာမှ အသုံးတည့်ကောင်း တည့်နိုင်ပါသည်။ ညီမလေး ကျောင်းစရိတ်၊ သို့မဟုတ် ကျွန်တော့် အဆောင်နေစရိတ်၊ သို့မဟုတ် ဖေဖေနှင့် မေမေတို့၏ သွားစရိတ်၊ လာစရိတ်၊ စားစရိတ်၊ သောက်စရိတ် တစ်ခုခုကို ဖာထေးနိုင်ခဲ့လိမ့်မည်။ ထိုအမှားတစ်ခုသည် အထက်တွင် မှားခဲ့သော ကမ္ဘာလုံးအမှားကဲ့သို့ ရယ်စရာတစ်ခု ထက် ပိုခဲ့ပြီး သတိထားဆင်ခြင်စရာတစ်ခု ဖြစ်ခဲ့ရပါသည်။ သို့သော် ကြာတော့လဲ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားခဲ့ရသည်။ ရွှေထည် ကိုတော့ ယနေ့အထိ လုံးဝ မ၀တ်ဖြစ်တော့ပါ။

အရွယ်မရောက်မီ ဆိုင်ကယ်စီးချင်ခဲ့သော ကျွန်တော့်ကို ဖေဖေ တားသည့်ကြားမှ ဆိုင်ကယ်စီးသင်ခဲ့သည်။ ထိုမှားယွင်း တောင့်တမှုကြောင့်ပင် သင်စအချိန်မှာ မနိုင်မနင်း အက်ဆိဒင့် အကြီးအကျယ် ဖြစ်ခဲ့ရပါသည်။ ဆေးလိပ်ဖွာရှိုက်ခြင်းသည် စိတ်ဖြေသိမ့်စရာ စိတ်မောပြေစရာ ကောင်းသည်ဟူသော အယူအဆ လွဲမှားမှုကြောင့် ဆေးလိပ်စွဲလန်းခဲ့ဖူးပါသည်။ ကျွန်တော် ဘယ်လောက်စားစား ၀မလာခြင်း၊ ပိန်လှီသော လူဖလံလေး ဖြစ်နေခြင်းမှာ ထို ဆေးလိပ်စွဲလန်းမှုကြောင့်ပင် ထင်ပါသည်။


ကျွန်တော့် ဘ၀ တစ်ဆစ်ချိုး လို့ပဲ အများ ပြောသလို ပြောရရင် ကျွန်တော် ဆယ်တန်းနှစ် ကပေါ့။ ကျွန်တော်က အဆင့် (၁)၊ (၂) နေရာတွေ မှာ အမြဲမရှိနေသော်လည်း စာတော်ခဲ့ပါသည်။ နောက် အပျင်းကြီးပါသည်။ ထို့ကြောင့်ပင် အပျင်းကြီးသော လူတော်လေး အဖြစ် နာမည် ကြီးပါသည်။ အမှန်အတိုင်းပြောရလျှင် ထိုစဉ်က ကျွန်တော်သည် ကိုယ့်ကိုကိုယ် စိတ်ကြီးဝင် နေသော လူငယ်လေး တစ်ဦး ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေသော ကျောင်းသားလေး တစ်ဦးဖြစ်ပါသည်။ နှစ်စဉ် ဆုတွေ ဆွတ်ခူး ရယူခဲ့သော ကျွန်တော့်ကို ကျွန်တော့် ဖေဖေနှင့် မေမေ က အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ကြပါလိမ့်မည်။ ဘော်ဒါဆောင်မှ ကျွန်တော့်ကို လက်သပ်မွေးခဲ့သော ဆရာက ကျွန်တော့် အောင်ချက်ကို ပိုပိုသာသာ မှန်းမျှော်ခဲ့ပါလိမ့်မည်။ ကျောင်းမှ ဆရာတွေ ဆရာမတွေ ကရော ကျွန်တော့်ကို အရိပ်တကြည့်ကြည့် နေခဲ့ကြပါလိမ့်မည်။ ဘော်ဒါဆောင် နေနိုင်သော ကျွန်တော့် ယုံကြည်မှုကြောင့် ကျောင်းချိန်များတွင် ကျွန်တော် အမြဲ ကျောင်းလစ်ခြင်း၊ ဂိမ်းကစားခြင်းတို့ကိုသာ မှားယွင်းစွာ ပြုလုပ်ခဲ့ပါသည်။ ကျောင်းခေါ်ကြိမ် မမှန်၍ မိဘအခေါ် ခံရချိန်မှာလဲ ကျွန်တော် စိုးရွံ့မှု နည်းနည်းမျှ ရှိမနေ။ ကျောင်းလစ်၊ ရန်ဖြစ်ပြီး ရုံးခန်းသို့ တစ်ခေါက် ရောက်စဉ် ကျွန်တော့်ကို ကျောင်းတက်ခွင့် ပိတ်ပင်ပြီး စာမေးပွဲသာ လာဖြေတော့ရန် ကျောင်းမှ ဒဏ်ခတ်ခံခဲ့ရပါသည်။ စာမေးပွဲဖြေရန် (၂) လ ခန့်သာ လိုတော့ချိန်မို့ စိတ်ဖိစီးမှု ဒဏ်များကြောင့် ဆယ်တန်းစာမေးပွဲကြီးတွင် ကျွန်တော်ကိုယ်တိုင်၊ ကျွန်တော့် မိဘ နှင့် ကျွန်တော့် ဆရာ တို့ မျှော်လင့်ထားသည့် ရလာဒ် နှင့် တက်တက် စင်အောင် လွဲပြီး ဂုဏ်ထူးအနည်းငယ်ဖြင့်သာ အောင်မြင်ခဲ့သည်။ ကျွန်တော့် ဘ၀တွင် နောက်တစ်ကြိမ် ပြန်လည်တည်ဆောက်ခွင့် မရတော့သော အောင်မြင်မှု အတွက် နောင်တ ရခဲ့ပါသည်။

ကျွန်တော့်ကို မျှော်လင့်ထားသော ဖေဖေနှင့် မေမေ၏ မျက်နှာ လူပုံအလယ်မှာ မ၀င့်ကြွားနိုင်ကြတော့ပါ။ ကျွန်တော်သည်လည်း ကျွန်တော့်ကိုယ် ကျွန်တော် စိတ်ကြီးဝင်ခြင်း အမှုကို ကြောက်ရွံ့ထိတ်လန့်စွာ ဆင်ခြင် ဖျောက်ဖျက်ပစ်ရုံမှတပါး ဤ ရလာဒ်ကို ပြန်ပြင်၍ မရနိုင်တော့။ စိတ်ကြီးဝင်တတ်သော အကျင့် တဖြည်းဖြည်း ကွယ်ပျောက်၍ အလွန်အကျွံ စိတ်ဓါတ်ကျဆင်းကာ ယုံကြည်ချက်များ တဖြည်းဖြည်း ယိုင်နဲ့ပျက်စီးခဲ့ရသည်။

နောက်ပိုင်း တက္ကသိုလ်သို့ ရောက်ချိန်တွင် ထပ်၍ လွဲချော်မှုများနှင့် ကြုံရသောအခါ ဖေဖေနှင့် မေမေ ကျွန်တော့် ဂုဏ်ပုဒ်များ၊ ကျွန်တော့် ကောင်းသတင်းများကို အာပေါင် အာရင်းသန်သန် မပြောနိုင်တော့ပါ။ ကျွန်တော်သည် လူပေလူတေလေးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ စိတ်လေခြင်းဟူသော ခေါင်းစဉ်အောက်မှာ ကျွန်တော် မြောင်းထဲရောက်သွားသည်။ ပြန်စိုက်လျော်ရန် မတတ်နိုင်သော အဖိုးတန် ပစ္စည်းတစ်ခု ကိုယ့်ကြောင့် ပျက်စီးသွားသကဲ့သို့ `တန်ဖိုးကြီးသော မှားယွင်းမှုများ´ ဖြစ်သည်။

ကျွန်တော့် ပျက်စီးယိုယွင်းမှုများ နလန်မထူနိုင်တော့ချိန်မှ စဉ်းစားတွေးခေါ်နိုင်စွမ်းတို့ကို တစ်ဖြည်းဖြည်းချင်း ပြန်လည် မွေးမြူရင်း ကျွန်တော့်ဘ၀ ကို ကျွန်တော် ပြန်လည်ထူထောင်ရန် ပြင်ဆင်ရပါတော့သည်။ ကိုယ့်အမှားတွေကို မြင်တတ်လာပြီ၊ ဆင်ခြင်တတ်လာပြီ၊ ပြုပြင်ပြောင်းလဲ တတ်လာပြီ ဆိုသော အချိန်သို့ ရောက်ရှိလာမှ ကျွန်တော် လမ်းကြောင်းတစ်ခုပေါ်ကို ပြန်လည် ခြေချနိုင်ခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် `စိတ်ဓါတ်ကျဆင်းနေသူတစ်ယောက်´ မှ `မိမိ စိတ်ဓါတ်ကို မိမိကိုယ်တိုင် ပုံသွင်း တည်ဆောက်နိုင်သူတစ်ယောက်´ ဖြစ်နေခဲ့ပါပြီ။ `စိတ်ကြီးဝင်သူ တစ်ယောက်´ အဖြစ်မှ `ကိုယ့်ကိုကိုယ် ယုံကြည်မှု´ ဆိုသော အရာတစ်ခုကို ပြောင်းလဲ မွေးမြူနိုင်ခဲ့ပါပြီ။


လူမှုဆက်ဆံရေးနယ်ပယ်သို့ ဖြည်းဖြည်းချင်း ရောက်လာချိန်တွင် ကျွန်တော့် ဖိနပ်ထိပ်လေး တွေ ပါးနေပြီဖြစ်သည်။ ကျွန်တော်သည် အမှားများစွာနှင့် ခလုတ်တိုက် ငြိစွန်းခဲ့ပြီးပြီ။ ရှက်ရွံ့ဖွယ်ကောင်းလှသော အမှားများကိုလဲ အကြိမ်ကြိမ် ကြုံခဲ့ပြီးနေပြီဖြစ်သည်။ ယခုလဲ လူမှုဆက်ဆံရေး နယ်ပယ်မှ အမှားများနှင့် ထပ်မံကြုံတွေ့နေပါသေးသည်။ သို့သော် လူများနှင့် နေရလေ၊ ပိုဂရုစိုက်ရလေ ဖြစ်ကြောင်း ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက် ခဲ့ပြီး ဖြစ်ပါသည်။ ရှေ့က အမှားများက ကျွန်တော့်ကို သင်ပြ လမ်းညွှန်ပေးထားပြီး ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော့် ဘ၀ မှတ်စုတွင် မင်နီ ရဲရဲနှင့် ကြက်ခြေခတ် သင်္ကေတ များစွာ ရှိနေခဲ့ခြင်းသည် ကျွန်တော့် အားနည်းချက် တစ်ခု ဖြစ်နေလိမ့်မည်ဟု ကျွန်တော် တွေးထင်ထားခဲ့တာ မှားယွင်းကြောင်း ထပ်မံ တွေ့ရှိလိုက်ပြန်သည်။
အမှန်တော့ တစ်ချိန်က ကျွန်တော့် အမှားများသည် ရှေ့ဆက်လှမ်းမည့် ခြေလှမ်းများစွာအတွက် ကျွန်တော် ပိုင်ဆိုင်ထားသော အားသာချက်များသာ ဖြစ်ပါသည်။ ရှောင်ဖယ် ကွေကွင်း သွားသင့်သော နေရာများကို ထိုအမှားများက သတိပေးလိမ့်မည်။ မသွားသင့်သော လမ်းကို ထိုအမှားများက တားဆီးပေးလိမ့်မည်။ သွားသင့်သွားထိုက်သော လမ်းကို ထိုအမှားများက လမ်းညွှန်ပြလိမ့်မည်။ ထိုအမှားများကပင် ကျွန်တော်ရောက်ရှိမည့် ရည်ရွယ်ချက်၊ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်အောင် ထွန်းလင်းတောက်ပ ပေးသော မီးရှူးတန်ဆောင်များ ဖြစ်နေပေလိမ့်မည်။

အကယ်၍ ကျွန်တော်သာ ကျွန်တော့် အမှားများကို မေ့မေ့ပျောက်ပျောက် ထားပစ်ခဲ့ပါလျှင် ထိုအချိန်က အမှားမျိုးကို ယခု ထပ်မှားကောင်း မှားနေပါလိမ့်မည်။ သိသိနှင့်လည်း မှားနိုင်သလို မသိပဲလဲ မှားနိုင်သည်။ မည်သို့ပင် ဖြစ်စေ အမှားအယွင်း တစ်ခုတည်းကို အကြိမ်ကြိမ် မှားခြင်းမှာ အလွန်ပင် ရုပ်ဆိုးသည်ဟု ကျွန်တော်ယူဆသောကြောင့် ဆင်ခြင်သုံးသပ်ပြုပြင်ခြင်း ဖြင့် အချိန်တိုင်း အချိန်တိုင်းတွင် အမှားများကို အနိုင်ယူလျက်ရှိပါသည်။
`မည်သို့ပင်ဖြစ်စေ ယနေ့ မားမားမတ်မတ် ရပ်နေသော ကျွန်တော်သည် ဤနေရာတွင် မနေ့က ခလုတ်တိုက် လဲကျခဲ့ဖူးပါသည်။´




လေးစားလျက်
လက်ဝဲ

ကျိုးကြေသွားသော အတ္တရဲ့ ခေါင်းလောင်းကွဲစ


“ ဆရာမ သမီး မခိုးပါဘူး......”
“နင်မခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် နင့်လွယ်အိတ်ထဲ ရောက်နေတာလဲ”
“သမီးတကယ် မခိုးခဲ့ပါဘူးရှင်.....စာအုပ်က ဒီထဲဘယ်လိုရောက်နေတာလဲ ဆိုတာ သမီးတကယ်မသိပါဘူး။ ဘုရားပေးပေး ကျမ်းပေးပေး သမီးမခိုးခဲ့ပါဘူး....ဟီး...ဟီး...ဟီး”
“အေး......။ ငိုပြမနေနဲ့တော့ ။ အခုက လက်ပူးလက်ကြပ် သက်သေနဲ့တကွ မိတာ။ ငြင်းချက်ထုတ်ချင်ရင် မနက်ဖြန် အုပ်ထိန်းသူတွေ ခေါ်လာပြီး ကျောင်းအုပ် နဲ့တွေ့ပြီး ပြော။ ခုတော့ ဆရာမ စာသင်မယ်။ စာအုပ် ပိုင်ရှင်ကလည်း စာအုပ်ပြန်ရပြီ ဆိုတော့ ကျေနပ်လိုက်တော့။ အားလုံး မှတ်ထားကြပါ ။ သူတစ်ပါး ပစ္စည်းခိုးရင် ငရဲရောက်တာ နောက်မှ ခံစားရမယ်။ လက်ရှိမှာ ခုလို ဖမ်းမိသွားလို့ကတော့ ရှက်တတ်လို့ရှိရင် နှစ်ခါ ပြန်သေနေပြီ။ အကျင့်ပျက်တာ ဆရာမ အတန်းထဲမှာ မရှိရဘူး။ ကဲ....စာဆက်သင်ရ အောင်။  သမိုင်းစာအုပ် စာမျက်နှာက ၅၉ ကိုလှန်။ အားလုံးမြန်မြန်လုပ်ကြ
“ဟုတ်....ဆရာမ”
ဒီနေ့ ကျွန်မအတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများ စောင့်ကြိုနေသည်။ တစ်နေ့တာ၏ စာသင်ချိန်တစ်ဝက် ကုန်ဆုံးပြီး အားလပ်ချိန်ဆင်းပြီးနောက် စာသင်ခန်းပြန်ဝင်ချိန်တွင် အခန်းထဲမှ ကျောင်းသူတစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်တန်းသည်။ ကျွန်မ ကိုင်တွယ်နေသည့် အတန်းသည် ခြောက်တန်း၊တန်းခွဲ အားလုံးတွင် အတော်ဆုံးဖြစ်နေရမည်။ စာရိတ္တကောင်းသော၊ ယဉ်ကျေးလိမ္မာသော၊ စာတော်သော၊ စည်းကမ်းသေသပ်သော စံနမူနာများ တသော   သော နှင့် ပြည့်နေရမည်။ ကျွန်မ လိုချင်သော ပုံစံခွက်တွင် ကလေးများအားလုံးကို လိုရာပုံသွင်းချင်သည်။ ဒါကြောင့် ကျွန်မ အနု နည်း၊ အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့သည်။
ထိုကျောင်းသား/သူများကြားတွင် ကျွန်မဟာ နာမည်ကျော်ကြားခဲ့ပါသည်။ ဆရာမ ဒေါ်ဂျမ်းပုံ သည် ကျွန်မ နာမည်အရင်း မဟုတ်သည့်တိုင် တိုးတိုးနှင့်ကြားနေရသော ကျွန်မနာမည်ပြောင်ပင်။ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအရာတွင် ထိပ် ဆုံးရောက်နေ မည့် ကျွန်မ အတန်း၏ ဒီနေ့ တိုင်တန်းမှုသည် ခိုးမှု ။ ကျွန်မလုံးဝ လက်မခံနိုင်ပါ ။ ကျွန်မ အတန်းတွင် ဆိုဆုံး မ၍ မရသော အကျင့်ပျက် ကျောင်းသူ/သားများ မလိုပါ။ သေချာ ကိုင်တွယ် ကြီးကြပ်ရမည့် ဒီကိစ္စကို သာမာန် သင်ပြဆုံးမ သလို ဆိုဆုံးမလိုက်ရင် ရပြီထင်ခဲ့သော်လည်း ဒီလောက် ထိမလွယ်ကူခဲ့မှန်း ကျွန်မ မသိခဲ့ပါ။
စာအုပ်ပျောက်လာတိုင်တုန်းက အခိုးခံရသည့် ကျောင်းသူက မျက်ရည်လည်ရွဲနှင့် ပျောက်သွားသော စာအုပ်သည် သူမ၏ နိုင်ငံခြားရောက်နေသော အကို လက်ဆောင်ပေးလိုက်သည့် စာအုပ်ဖြစ်ကြောင်း ငိုရင်းပြောပြ သည်။ သူမ တန်ဖိုးထားရ သည့်အတွက် ပြန်လိုချင်ပါကြောင်း ထပ်ပြောသည်။ တန်ဖိုးထားအပ်သော အမှတ်တရ ပစ္စည်းတို့သည် လွယ်လွယ်နှင့်   ပျောက်ဆုံးသွားတိုင်း ပြန်လိုချင်တတ်သည်မှာ လူသဘာဝ။ အခုလည်း အခိုးခံရသော ကျောင်းသူလေးရဲ့ အမှတ်တရ စာအုပ်ကလေးသည် သူမအတွက်တော့ အရေးပါ လှသည်မဟုတ်ပါလား။ ဒါထက် အကျင့်ပျက်သော စာအုပ်ခိုးသူ ကိုလည်း ကျွန်မဒီအတိုင်း လွှတ်မထားနိုင်ပါ။ အကျင့်ပြင်တန်ပြင်၊ မပြင်ပါက အုပ်ထိန်းသူခေါ်ခိုင်းပြီး ကျောင်းအုပ် ရုံးခန်းသို့ပို့ရမည်။
တစ်တန်းလုံးကို လွယ်အိတ်ကိုယ်စီ  စာရေးခုံတန်း ပေါ်တင်ခိုင်းလိုက်ပြီးနောက် ထိုင်ခုံတန်းပေါ်တွင် မတ်တပ် ရပ်ခိုင်းထား လိုက်သည်။ စာအုပ်ပျောက်သွားသော ကျောင်းသူအား တစ်ယောက်ချင်းလွယ်အိတ်ကို လိုက်လံ စစ်ဆေးခိုင်းလိုက် သည်။ ကျောင်းသူသည် တစ်တန်းပြီး တစ်တန်း စစ်သွားပြီးနောက် အလယ်တန်း ခုံတန်းရေ ၃ ခုံမြောက်တွင် စာအုပ်ပျောက် ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။ ပန်းနုရောင် ဒိုင်ယာရီ စာအုပ်ကလေးကို လက်တွင်ကိုင်ပြီးထွက်လာသည်။ ကြားရသည့် နားပင် မယုံချင်ပါ။ ဒီစာအုပ်အား “ နှင်းနွယ်အောင်” လွယ်အိတ် မှ တွေ့ခဲ့သည်လို့ ပြောပါသည်။
ဒီကျောင်းသူသည် အတန်းတွင် အလွန်အေးပြီး စာတော်သော ကလေးတစ်ယောက်ပင်။ သူမတွင် မိဘမရှိဟု ကျောင်းလာ အပ်သည့် မိဘမဲ့ မိန်းကလေးကျောင်းကဆရာမကြီး ပြောခဲ့သည်။ ဆရာမကြီးသည်လည်း စည်းကမ်းထိန်း သိမ်းရေးဝါဒ ကိုလက်ကိုင်စွဲထားသူ တစ်ဦးပင်။ ဘာအတွက်ကြောင့် ဒီကောင်မလေး အကျင့် ပျက်သည် ကိုမတွေးတတ်ပါ။
ကျွန်မမေးမြန်းသမျှ “စာအုပ်ကို ကျွန်မ မခိုးပါ” ဟုသာ အကြိမ်ကြိမ်ထွက်ဆိုနေသဖြင့် စိတ်လည်းတိုလာသည်။ ခိုးသည့် အပြင် ဝန်မခံတတ်သော လူတန်းစားမျိုးသည် အကျင့်မကောင်းသော သူများဖြစ်သည်။ သက်သေ ထောက်ထား လည်း ပြည့်စုံနေ တာတောင် ဝန်မခံသေးသော ကျောင်းသူအား ကျွန်မ နောက်ဆုံး warning (သတိပေးခြင်း) အနေဖြင့် သူမ အုပ်ထိန်းသူအား ကျောင်းအုပ်ကြီးဆီ ခေါ်လာခိုင်းလိုက်သည်။
ကျွန်မ ပြဿနာအား ရေငြိမ်းလိုက်ပြီးနောက် စာဆက်သင်ရန် ပြင်ဆင်လိုက်သည်။ တရှုပ်ရှုပ် နှင့် ငိုနေသော ကျောင်းသူ သည် ကျွန်မ၏ စာသင်နေချိန်အတွင်း မျက်ရည် တဒီးဒီးကျလျှက်ရှိပြီး မျက်နှာကို ဖတ်စာ အုပ်တွင် ပို့ထားသော်လည်း အာရုံမရောက်ကြောင်း ကျွန်မကောင်းကောင်းသိသည်။ စိတ်လည်းမကောင်းပါ။ ကျွန်မ စည်းကမ်းကိုသာ အကောင်းဆုံး ထိန်းသိမ်းခဲ့သည်။ ကျွန်မစေတနာသည် ပန်းကလေးများအားရောက် သည့်အရပ်တွင် ကောင်းစွာခြေချနိုင်ရန် ရည်မှန်း လျှက် ပြုစုပေါင်းသင်သော်လည်း ပန်းကလေးတစ်ပွင့် နွမ်း နေသည် ကို မသိကျိုးကျွန် ပြုခဲ့သည်။
XXXXXXXXXXXXXXXXxXXX
“ဆရာကြီး......။ ကျောင်းသူတစ်ယောက် ကျောင်းပေါ်က ခုန်ချသတ်သေတယ်။ အလံတိုင်အောက်က သွေးအိုင်ထဲ မှာ ဗျ.....”
ကျောင်းစောင့်ကြီးရဲ့ အသံသည် အစည်းအဝေးခန်း ကိုလွှမ်းလိုက်သည်။ ကျောင်းလွတ်ပြီး၍ ကျောင်းအုပ်ကြီးက အစည်း အဝေးခေါ်သောကြောင့် ဆရာအားလုံးလည်းစုံနေသော အခန်းထဲတွင် အာမေဋိတ်များ သံပြိုင် ကိုယ်စီနှင့် ဆရာများအားလုံး ဝရုန်းသုန်းကား အပြင်ပြေးထွက်တော့သည်။ ကျွန်မရင်ထဲ မှာလည်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ တုန်လှုပ်စွာဖြင့် Meeting room (အစည်းအဝေးခန်း)မှ ပြေးထွက်လာသည်။ ကျွန်မ ရင်မောစွာ ဆရာအုပ်ကြီးကြား တိုးဝှေ့ဝင်ကြည့်လိုက် သည်။
သွေးအိုင်ထဲတွင် ကျောင်းစိမ်းတို့ အရောင်ပြောင်းကုန်ပြီ ဖြစ်သော ကျွန်မ၏ ကျောင်းသူလေးသည် အရောင် စွန်း စက္ကူ တစ်ရွက်ကို လက်တွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သေဆုံးနေသည် ကိုတွေ့လိုက်ရသည်။ ကျွန်မသွေးများပြောင်းပြန် စီးဆင်းလျှက် ခေါင်းတွင် မိုက်ခနဲဖြစ်သွားသည်။ ကျွန်မ ယူကြုံးမရ အော်ငိုချမိသည်။ ကျွန်မ စိုက်ခင်းထဲက ပန်းပွင့်လေး ရုတ် ချည်း ကြွေလွင့်သွားပါလား ။ ကျွန်မရဲ့ ခေါင်းပေါ်မှာ တည်ရှိနေသော ကောင်းကင်ပြာတွင်လည်း သွေးရောင်ပြည့် လွှမ်းနေသော နေကြတ်ခြင်း ဝင်ရောက်လာသည်ဟု ထင်မိသည်။
ကျွန်မဆိုသော အတ္တဘော ဆရာမသည် စည်းကမ်းသေသပ်မှု ဆိုသော ခေါင်းစဉ် အောက်တွင် ရိုးသားဖြူစင်သော ကျောင်း သူလေးတစ်ယောက်၏ ဘဝတစ်ခု ပျက်သုဉ်းသွားစေခဲ့သည်။  စည်းကမ်းသာ အဓိက၊ ပဓါန ထင်မိသော ကျွန်မသည် စိတ်ဓါတ်ရေးရာတွင်လည်း တယူသန်ခဲ့မိသည်။ ကျွန်မ ရင်မှာလာစိုက်နေ သော ခေါင်းလောင်းကွဲစတစ်ခုသည် တစစ်စစ်နှင့် ထိုးနှက်နေသည်။ ကျောင်းသူလေး၏ နောက်ဆုံးစာဟု ထင်ရသော ညာလက်ထဲမှ စာရွက်ညစ်ညစ်ကို အသာအယာဖြေ ထုတ်ဖတ် ကြည့်လိုက်သည်။ မျက်လုံးပေါင်း များစွာက မျက်ရည်များ တစိမ့်စိမ့် ယိုစီးလာသည်။ အချိန်မတန်ဘဲ ရင့် ကျက်ခြင်းသို့ မရောက်နိုင်ခဲ့သော စိတ်နု ကိုယ်နု ကျောင်းသူကလေး၏ နောက်ဆုံးစာသည် ကျွန်မအတွက် ယူကြုံးမရ နိုင်သော နုတ်ဆက်စာ ဖြစ်လာခဲ့ သည်။
“ ဆရာမရှင်........
တပည့်မိုက် တစ်ယောက်ကို ခွင့်မလွတ်ပါနဲ့။
ဆရာမ နဲ့ သက်ဆိုင်ရာ ကျောင်းဆရာ၊ ဆရာမ များအပေါ် သမီး ကံငါးပါးနှင့် ပြစ်မှားမိခဲ့တာ ရှိသော် .... သမီး အားခွင့် လွှတ်ပေးပါ။
သမီး.....နောက်ဆုံး အကြိမ်ထိ ရိုးသားခဲ့တာကြောင့် သမီး ဒီစာအုပ်လေးကို လုံးဝမခိုးခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဆရာမ သမီးလုံးဝ မယူခဲ့ပါဘူး။
ငယ်ငယ်ကတည်းက မိဘမရှိခဲ့တာကြောင့် ဆရာမက သမီးကိုအကျင့်ပျက်သူ လို့ထင်ကောင်းထင်မယ်။
သမီး ဂေဟာစရောက်ကတည်းက ဆရာမကြီးရဲ့ လမ်းညွန် အုပ်ထိန်းမှု အောက်မှာ စာရိတ္တ လုံးဝမဖောက် ပြားခဲ့ပါဘူး။
ကျောင်းတက်နေတဲ့ တစ်လျှောက်လုံးလည်း သူများ ခဲသွားတိုလေးတစ်ချောင်း တောင်မှ မယူခဲ့ဖူးပါဘူး။
ဒီနေ့ သမီးရိုးစွပ်ခံရတော့ အရမ်းနာကျင်တာပဲ။
ဆရာမ အခန်းထဲက ထွက်သွားတော့ တစ်ခန်းလုံးက သမီးက စတိုးလင်း စတုဒင့်( stolen student ) လို့ ခေါ်တယ် ။
သမီးအရမ်းရှက်တာပဲ။
သမီးလေ ...ဒီလိုဖြစ်ရတာ အရင်ဘဝက ဝဋ်ကြွေးကြောင့်ထင်ပါတယ်။
သူတို့ကိုလည်း ပြောပေးပါ။ သမီး လုံးဝမခိုးခဲ့တာ သမီးအသက်နဲ့ရင်းပြီး သက်သေပြသွားပါတယ်လို့။
သမီးရဲ့ ဆရာမကြီးကိုလဲ ပြောပေးပါ ။
ဆရာမက သမီးကို အုပ်ထိန်းသူ ခေါ်ခဲ့ခိုင်းတာလေ။
ဆရာမကြီးကို ဒီလို အရှက်မခွဲချင်လို့ပါ။ ဆရာမကြီး ကို မပူပန်စေချင်လို့ပါ။
သမီး ကိစ္စကို သမီး ရှင်းအောင်လုပ်သွားခဲ့ပါတယ် ။
ဆရာမရဲ့ စည်းကမ်းအောက်မှာ အမဲစက် ခနထင်ခဲ့တဲ့ သမီး အဖြစ်ကိုလဲ ဆရာမရင်ထဲက ဖျက်ပေးပါနော်။
သမီး နောက်ဆုံးအကြိမ် ဖြူစင်မှုကို သက်သေပြသွားပါတယ်။
သမီး ဒီလို မလုပ်သင့်ပေမယ့် ကြံမိကြံရာ ကြံသွားလို့ ဒီစာ ဖတ်နေတဲ့ ဆရာမ သမီးကို ခွင့်လွှတ်ပေးဖို့ မတောင်းဆိုတော့ ပါဘူး။
သမီးလေ......အရမ်းကြောက်နေတယ် ။
သမီးခြေထောက်တွေ မခိုင်တော့ဘူး ဆရာမရယ်။
သမီးနားမှာ ဒီစာရေးတဲ့အချိန်ရော ခုန်ချတော့မယ့် အချိန်ရော တစ်ယောက်မှအနားမှာမရှိဘူး။
သမီးမသေချင်သေးဘူး ဆရာမရယ်................
တပည့်မိုက်
နှင်းနွယ်အောင်”
ကျွန်မ နှလုံးအိမ်တို့ ပွက်ပွက်ဆူပြီး အရည်ပျော် ကုန်ခဲ့ရသည်။ နှလုံးသားမရှိသော ဆရာမ၊ စည်းကမ်းကို ပထမတန်း တင်မိသော ဆရာမ ၊ သိက္ခာတရားတို့နှင့်ပတ်သက်သော အကြောင်းအရာတို့၌ ညံ့ဖျင်းခဲ့သော ဆရာမ ။ တစ်ခု မကောင်းသော ဂုဏ်ပုဒ်တွေ နှင့် ကျွန်မ စာတစ်စောင်ကြောင့် နှလုံးသားကွဲကြေရပါပြီ။
ရိုးသားသော ကလေးကို မှ သူခိုးဖြစ်စေခဲ့သည်။ ဒဏ်ရာနှင့် အတောင်ကျိုးငှက်ငယ် ကိုမှ ရိုက်သတ်မိသည်။ ကျွန်မအား ဆရာမ လို့ခေါ်ထိုက်စရာ တစ်ကွက်မှမရှိတော့။ ကျွန်မကို ခွင့်မလွတ်ခိုင်းခဲ့သော ကလေးက ကျွန်မ တပည့်မဟုတ်ပါ။ ကျွန်မ သာ သူမကို ခွင့်လွှတ်ခိုင်းရမည့် ကျွန်မ ဆရာပါ။ စာညစ်ညစ်ကိုလက်တွင်း တင်းတင်းဆုပ်ပြီး အရူးတစ်ပိုင်း ပြေး ထွက်မိ သည်။ ကျွန်မ နားတွင် ဘေးကနေပြီး ကပ်လာပြောနေသည်။
“သမီးကို ခွင့်မလွှတ်ပါနဲ့” ၊ “သမီး..မသေချင်သေးဘူး ဆရာမရယ်” ။
ကျွန်မနားတွေ အူနေခဲ့သည်။ ကျွန်မ မျက်လုံးတွေ မျက်ရည်ကြောင့် ဝေဝါးနေသည်။ တစ်ခါတစ်လေ စာအုပ်ပေါ် မျက်နှာ အပ်နေလည်း စာပေါ်အာရုံရောက်မနေတဲ့ သူမ ပုံရိပ်လေးတွေ အား မြင်လိုက်ရသည်။ ကျွန်မ ဘာမှမသိတော့ပါ။ ကောင်း ကင်ကြီးကို မပွင့်တပွင့် ကြည့်ရင်း ကတ္တရာ လမ်းထက်မှာ လဲလျောင်း လိုက်သည်။

XXXXXXXXXXXXXXXXXXXX
“ဆရာမ သမီး မသေချင်သေးဘူး ဆရာမရယ်။ သမီးလေး စာအုပ် မခိုးခဲ့ပါဘူး။ သမီး ကြောက်နေတယ် ။ မှောင်နေတာဘဲ့။ ဘယ်နေရာရောက်မှန်းမသိဘူး။ သမီးကို ခွင့်မလွှတ်ပါနဲ့.....”
“ သမီးရေ.....ဆရာမကိုခွင့်မလွှတ်ပါနဲ့ကွယ်။ ဆရာမ စည်းကမ်းကို ရှေ့တန်းတင်မိတဲ့ အမှား သမီးကို ဘဝခြား လိုက်သလို ဘဲ့ကွယ်။ ဆရာမလေ ။ ဆရာမ မဟုတ်တော့ဘူး။ လူသတ်မိတဲ့ အမိုက်မ။ ဆရာမ မှားပါပြီကွယ်...။ နောက်ဘဝဆိုတာ ရှိများရှိရင် ဆရာမဆီလာခဲ့ပါဦးကွယ်။ ဆရာမ ဒူးထောက်တောင်းပန်ချင်တယ်။ သမီးကျေနပ်အောင် ဆရာမတောင်းပန်ပါ့ မယ်။”
“ဆရာမ....သမီးကို ကတိတစ်ခုပေးပါ။ ဆရာမ စာဆက်သင်ဦးမယ်လို့။ ပန်းကလေးတွေကို လွတ်လွတ် လပ်လပ် အလေ အလွင့်မရှိအောင် လွတ်လွတ်လပ်လပ်ပြုစုပျိုးထောင်ပေးဦးမယ်လို့ သမီးကို ကတိပေးပါ။ ဆရာမ ကတိပေးရင် သမီးလွတ် လွတ်လပ်လပ်နဲ့ ခရီးဆက်သွားတော့မယ် ။ ဆရာမ ကတိပေးမယ် မဟုတ်လား”
“ သမီးရယ်။ ဆရာမ လူမှမဟုတ်တာ စာဆက်သင်လဲမထူးတော့ပါဘူး။ ဒါပေမယ့် သမီးကို ဆရာမ ကတိပေး ပါတယ် ။
သမီးပြန်လာတဲ့အချိန်ထိ ဆရာမ စာသင်နေဦးမယ်ဆိုတာကိုပေါ့။ ကတိပေးပါတယ်”
“သမီးသွားတော့မယ်။ ဆရာမ အားတင်းထားပါနော်”
“သမီး .....သမီး.......။ ”
ကျွန်မ လန့်နိုးလာခဲ့သည်။ အိမ်မက်ထဲမှာ ကျောင်းသူလေး ကိုကျောင်းစိမ်းနီလေးနှင့်တွေ့လိုက်သည်။ မောပန်းစွာ တဒိတ် ဒိတ် ခုန်နေသော ရင်အစုံသည် ဘေးမှ အမေကမ်းလာပေးသည့် ရေအေးတစ်ခွက်နှင့် ငြိမ်သက် လိုက်ရသည်။ ရင်တုန်လို့   နေသေးသည်။ ခေါင်းလောင်းကွဲစလေး နှင့်ကတိတစ်ခုပြုထားမိပြီးနောက် ကျွန်မ နှလုံးသားတို့ ရှတ မနေတော့ပါ။
စည်းကမ်းဖြင့် အတင်းဘောင်ခတ်နေတတ်သော ကျွန်မသည် ပျိုးပင်တို့ကို ဘောင်ဖွင့်ပြီး စိုက်ပျိုးကြည့်မည်။ ကျွန်မအား သတ္တိခွန်အားများကို  ကျောင်းသူလေးက  အဆုံးစွန်ထိ လာပေးသွားခဲ့သည်။ ကျွန်မအတွက် နေ့ သစ်တိုင်းမှာ မျှော်လင့် ချက်ပျက်သုဉ်းခဲ့ပြီ ထင်ခဲ့သည်။အခုတော့ ဘဝသစ်ပြန်စမည့် ခြေလှမ်းသစ်တွေတိုင်း တွင် လက်ထဲက စာရွက်ညစ်ညစ်လေး က အားအင်ပြုပေးနေတော့သည်။

XXXXXXXXXXXXXXXXXXXX
“ဒို့ကျောင်း"
ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း
ကလေးများ သံပြိုင်ရွတ်ဆိုတော့ သူငယ်တန်း ကဗျာလေးသည် မနက်အရုဏ်တွင် ပီယဝါစ တေးဆိုနေသော ငှက်ကလေး များနှယ်။ ကျွန်မ ပြုံးပျော်နေသည်။ ရွာတစ်ရွာ၏ မူလတန်းစာသင်ကျောင်းတွင် ပြောင်းလဲ တာဝန် ချခံရသော်လည်း  ကျွန်မ ထူးပြီး စောဒက မတက်နေတော့ပါ။ အခုဆိုရင် ကျွန်မ ဘောင်မခတ်ပဲ ပန်းကလေး တွေ ပျိုးတတ်ခဲ့ပြီ။ ကလေးများ အပြုံးကို စားသုံးပြီး တစ်နှစ်ပြီး တစ်နှစ်ကျော်လွန်ခဲ့သည်မှာ သုံးနှစ်တိုင် တိုင်ပြည့်တော့မည်။ စိတ်များလည်း အတော်ပင်ငြိမ်ခဲ့သည်။
သုံးနှစ်ဆိုသော ကာလသည် အတိတ်ကကွဲသွားဖူးသည့် ခေါင်းလောင်းလေးအကြောင်းမှာ တွေးမိတိုင်း တစ်ဖန် ပူနွေးလာ စမြဲ။ နောက်ဆုံး ကျောင်းမပြောင်းခင် ကျောင်းတက်လိုက်ရသည့် နေ့တွင် အတန်းထဲက စာအုပ်ပျောက် တိုင်သော ကျောင်း သူလေးက သူ့အပြစ်ကို လာဝန်ခံခဲ့သည်။ သူမရဲ့ မနာလိုဝန်တို မစ္ဆိယ စိတ်ကြောင့် သေရသည်ဟု ငိုရင်း ရှိုက်ရင်းပြော ရှာပါသည်။ အတန်းထဲတွင် လတိုင်း အဆင့် တစ်စွဲတတ်သော နှင်းနွယ်လေးကို သူမ ကြည့်မရလို့ အားလပ်ချိန် မုန်စား ဆင်းချိန်တွင် သူမလွယ်အိတ် ထဲမှ စာအုပ်ကို နှင်းနွယ် လွယ်အိတ်ထဲကို သွားထည့်ထားပြီး လုပ်ကြံချောက်ချလိုက်သည် ဟုဝန်ခံခဲ့သည်။ ထောင်းထောင်းကြေနေ သော စိတ်ဖြင့်သာ သူမကို စည်းမျဉ်းအရ ကျောင်းထုတ်လိုက်ပါသည်။ ကျွန်မလည်း ထိုကျောင်းနှင့် ဝေးရာတွင် ဇာတ်မြုပ်နေထိုင်ခဲ့သည်။ အခုဆိုရင် ကျွန်မ သေချာပျိုးခဲ့သော ပန်းပွင့်ငုံများ ခုတွင်လန်း ဆန်းလျှက် ရှင်သန် နေကြသည်။ကျွန်မ အတွေးတွေ ဖြန့်ကျက်နေဆဲတွင်
“ဆရာမ..... သားကို အဘဘုန်းကြီးပေးထားတဲ့ စာအုပ်။ အဲဒါ သာဂိခိုးလိုက်တယ်”
အာရုံတွေ စုဝေးလျှက် ။ ကျွန်မ ဒီတစ်ခါတွင် ကိုင်တွယ်မှု မမှားချင်တော့ပါ။ လွန်ခဲ့သော သုံးနှစ်လောက် က ကျောင်းသူအား ဖျတ်ခနဲ သတိရလိုက်သည်။ ဒိုင်ယာရီ စာအုပ်ထဲက သွေးစွန်းနေသော စာရွက် ညစ်ညစ် ကိုဖွင့်ကြည့်လိုက်ရင်း။

ချစ်ခင်လေးစားစွာဖြင့်
ပျူမခ (ကော့သောင်း)

အီရေးဇား



“အမှားတစ်ကြောင်း ၊ပျက်စေကြောင်းဆို
ငါ့ကိုသုံးပါ၊ အားမနာနဲ့  (နှင့်)
အမှားတစ်လုံး၊ ပျက်ကြွေပြုန်းဖို့ 
အသုံးပြုလေ၊ မတွေဝေဘူး
ငါလေရှိသား၊ မင်းအပါးမှာ။
လုံးပါးပါးခု၊ ငါမမှုဘူး
ပေလူးညစ်နွမ်း၊ ငါမပန်းဘူး
စွမ်းအားပြည့်ထား၊ မင်းအပါးမှာ
မင်းသာလမ်းမှန်ရောက်ပါစေ။”
မြင်ကွင်းမှတစ်ဆင့် နှလုံးသားဆီသို့ ထိမှန်လာသော ပခုက္ကူမောင်သုတ၏ “ခဲဖျက်တစ်ခု၏ နိယာမ” ကဗျာလေးအား အကြိမ်ကြိမ် ရေရွတ်နေမိသည်။ ခဲဖျက်တစ်ခု၏ နိယာမဆိုသည့်အတိုင်း ခဲဖျက်နှင့်ပတ်သက်သည့် အမှန်တရားတစ်ခု ကို ဖော်ကျူးထားသည်။ အမှားတစ်ခုကို ပြင်ပေးချင်သော စေတနာ၊ အမှားကိုသိပြီး အမှန်ပြင်ရင်းမှ မိမိဘ၀နစ်မွမ်းချင်နစ်မွမ်း ပါစေ ကူညီဖေးမချင်သော အနစ်နာ စသည့် နိယာမများသည်ကား ခဲဖျက်၏ အမှန်တရားတစ်ခုပင်ဖြစ်သည်။

ခဲဖျက်နှင့်ပတ်သက်ပြီး ကျွန်မတွင် ထူးခြားသော စိတ်ခံစားမှုများ၊ ဖြစ်ရပ်များစွာရှိလေသည်။ ငယ်စဉ် ပထမတန်းကျောင်းသူ ဘ၀ကတည်းက အီး-အာ-အေ-အက်စ်-အီး-အာ (အီရေးဆား) ခဲဖျက်ဟု  အင်္ဂလိပ်စာ မီးနင်းကို ငပိသံတစ်တစ်ခွခွနှင့် ကျက်ခဲ့ ရသည်ကို မက်မက်မောမောရှိခဲ့ဖူးသည်။ ပထမတန်း အရွယ်အနေဖြင့် ၄င်းအီရေဆားဆိုသော စာလုံးပေါင်းသည် ခက်ကောင်း ခက်မည်မှန်သော်လည်း ကျွန်မအဖို့ တော့ ထိုမီးနင်းလေးကို ကျက်မှတ်တိုင်း စိတ်ထဲမှ အမျိုးအမည်မသိသော ခံစား ချက်လေး ခံစားရစမြဲပင်။ တစ်ခြားစာလုံးပေါင်းများကို မကြာခဏ မေ့တတ်သော်လည်း ၄င်းအီရေးဆားဆိုသော ခဲဖျက် ကလေး၏ စာလုံးပေါင်းကိုတော့ ဘယ်သောအခါမှ ကျွန်မ မမေ့တတ်ချေ။ ကွက်လပ်ဖြည့်သည့်အခါတိုင်းလည်း အမြဲလိုလို မှန်အောင်ဖြည့်တတ်သည်။ တစ်ဆက်တည်း ၄င်းအီရေးဆားနှင့်တွဲဖက် အာတီကယ်စာလုံးမှာ အေ-အန် (အန်) ဆိုသည်ကို လည်း တွဲမှတ်ထားတတ်သေးသည်။ ထိုမှတစ်ဆင့် အတန်းတစ်ဆင့်ပြီးတစ်ဆင့် တက်လာသောအခါတွင်လည်း ၄င်း အီရေး ဆားသည် ဗာဝယ်လ်(သရ)နှင့် စသည်ကိုပါ သိမှတ်လာရသည်။ ၄င်းအပြင် ထိုအီရေးဆားလေးသည် ကျွန်မ ကျောင်းသူ ဘ၀ သက်တမ်းတစ်လျောက်လုံးတွင် အကောင်းဆုံးသူငယ်ချင်းအဖြစ် ကျွန်မဘေးမှ ရပ်တည်လာခဲ့လေသည်။ မူလ တန်းကျောင်းသူမှ အလယ်တန်းကျောင်းသူဘ၀သို့ ရောက်သည့်အခါတွင်လည်း ထိုခဲဖျက်ကလေးသည် ကျွန်မနှင့် တစ်ဖ၀ါး မှ မခွာကပ်ပါလာစမြဲပင်ဖြစ်သည်။ အမှန်တရားတစ်ခုသို့ ဦးတည်ရင်း အမှားတွေ့ သည့်အခါတိုင်း ထိုအီရေးဆားလေး သည် ကျွန်မအတွက် အကောင်းဆုံး လမ်းပြပေးသူတစ်ဦးလည်းဖြစ်လေသည်။ မိမိလိုအပ်နေချိန်တွင် မိမိအား ဖေးမညှာတာ လမ်းညွှန်သူတိုင်းကို လိုလားသော လူ့ စိတ်၏ သဘာဝအရလည်းကောင်း၊ ထိုအရာနှင့်ပတ်သက်လျှင် ထူးခြားသောစိတ်ခံစား ချက်ရှိသည်ကလည်းကောင်း ခဲဖျက်ကလေးသည် ကျွန်မ တန်ဖိုးအထားဆုံးသော ကျောင်းသုံးပစည်း တစ်ခု ဖြစ်လာလေ သည်။

ထိုသို့ နှစ်ခြိုက်စွဲလမ်းရာမှ ကျောင်းသုံးပစည်းရောင်းသည့်ဆိုင်ရောက်တိုင်း ကျွန်မ အမြဲလိုလိုဝယ်ဖြစ်သည့် အရာမှာလည်း  ခဲဖျက်ပင်ဖြစ်သည်။ ပုံစံမျိုးစုံ ကာလာစုံ ခဲဖျက်ကလေးများသည် ကျွန်မဆီတွင် အသစ်အတိုင်း အများကြီးရှိလေသည်။ ကျွန်မ အကြောင်းကိုသိသော သူငယ်ချင်းများကပင် ခဲဖျက်တွေပြန်ရောင်းစားမလို့ လားဟု ပြောယူရသည်အထိ ကျွန်မ၏မုန့်ဖိုး   တော်တော်များများသည် ခဲဖျက်ကလေးအတွက် ရင်းနှီးထားခဲ့မိလေသည်။
တစ်ခါကတည်း ကျွန်မချစ်သောခဲဖျက်နှင့်ပတ်သက်သည့် အမှတ်တရအဖြစ်အပျက်တစ်ခုက ဖြစ်ပျက်လို့ လာခဲ့လေသည်။ စင်္ကာပူမှပြန်လာသော ကျွန်မဦးလေး (ကျွန်မအမေ၏အစ်ကို)က မေမေ့ဆီမှသိလို့ ပဲလားတော့မသိ သူပြန်လာသောအခါ တစ်ခြားသူတွေအတွက် အ၀တ်အစား၊နာရီအစရှိသဖြင့် လက်ဆောင်များပါသော်လည်း ကျွန်မအတွက် ထူးထူးခြားခြား ခဲဖျက်ကလေးဝယ်လာလေသည်။ ခဲဖျက်လေးသည် အနီ၊အ၀ါ၊အပြာစသည့် ကာလာသုံးမျိုးဖြင့်စပ် ထားသော လေယာဉ် ပျံပုံစံ ဖြစ်သည်။ ကျွန်မ ထိုခဲဖျက်လေးကို အင်မတန်ကြိုက်သည်။ ထို့ကြောင့် မဖျက်ရက် မသုံးရက်ဘဲ အမှတ်တရ ဒီတိုင်းလေးပဲ ထားခဲ့မိသည်။ သို့ သော် အိမ်မှာတော့ မသိမ်းဆည်းခဲ့မိ။ ကလေးသဘာဝ သူငယ်ချင်းများကို ကြွားချင်သည် မို့ ကျောင်းသို့ ထည့်လာခဲ့မိသည်။ ထိုစဉ်ကတော့ နိုင်ငံခြားက ပစည်းဆိုရင် အကောင်းစားဟု ဂုဏ်ယူဝံ့ကြွား ချင်သောစိတ် က အပြည့်မို့  သူငယ်ချင်းများကြားတွင် “ ဒါ ငါ့ဦးလေး စင်္ကာပူက ၀ယ်လာတာ”ဟု ခပ်မော့မော့ကလေး ကြွားချင်စိတ်သာ ကြီးစိုးနေလေသည်။ ထိုကြွားဝါချင်သောစိတ်ကြောင့်ပင် ကျွန်မဘ၀တွင် ဘယ်တော့မှ မမေ့နိုင်သည့် ဖြစ်ရပ်တစ်ခု ဖြစ် ခဲ့လေသည်။ထိုနေ့ က ကျွန်မတို့ ကို ပထ၀ီဆရာမက မြန်မာပြည်မြေပုံဆွဲခိုင်းလေသည်။ အတန်းတွင်းစစ်ဆေးခြင်းတစ်မျိုးမို့  အချိန် ကန့် သတ်ထားသည်။ သေသေသပ်သပ်နှင့် လှလှပပဆွဲနိုင်သူကို ဆုပေးမည်မို့  ကျွန်မတို့  စာနှင့်ပတ်သက်သည့် စွာတေး လန်အုပ်စု သူ့ ထက်ငါအပြိုင်ဆွဲနေကြလေသည်။ ကျွန်မလည်း အကြိမ်ကြိမ်လေ့ကျင့်ထားပြီးသားမို့  အလွယ်တကူ ဆွဲနေမိ သည်။ ထိုသို့ ဆွဲနေတုန်း ကျွန်မဘေးမှ သူငယ်ချင်းလက်နှင့် တွန်းတိုက်မိသွားသောကြောင့် ကျွန်မခဲခြစ်ရာသည် ယိုင် သွားလေသည်။ တစ်နည်းဆိုရသော် ကျွန်မ ပုံမှာ မှားသွားလေသည်။ ထို့ ကြောင့် ခဲဖျက်နှင့်ဖျက်ရန် ကျွန်မဘေးမှ သူငယ် ချင်း၏ ခဲဖျက်ကို ကောက်ယူလိုက်မိသည်။ သို့ ရာတွင် ထိုခဲဖျက်သည် ကျွန်မလက်ထဲသို့ ပါမလာခဲ့ချေ။ အကြောင်းမှာ ကျွန်မလှမ်းယူလိုက်သော ခဲဖျက်သည် ကျွန်မသူငယ်ချင်းလက်ထဲတွင်ရောက်ရှိနေသောကြောင့်ဖြစ်သည်။

ကျွန်မလည်း ကျွန်မသူငယ်ချင်းကို နားမလည်နိုင်သည့်မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်မိသည်။ ထိုအခါ ကျွန်မ သူငယ်ချင်း က “နင့်မှာလည်း နင့်ဦးလေးပေးလိုက်တဲ့ခဲဖျက်ရှိနေတာပဲ ငါ့ခဲဖျက်ဘာလို့ လာဖျက်တာလဲ မပေးနိုင်ပါဘူး”ဟုဆိုလာသည်။ အတန်းထဲတွင် စာပြိုင်ဖက်ချင်းမို့ ထိုသို့ ပြောလာသည်မှာ ဆန်းတော့မဆန်းပါချေ။ ခက်တာက ကျွန်မလည်း ထိုနေ့မှ တစ်ခြားသုံးနေကျခဲဖျက်က ပါမလာခဲ့ချေ။ အိမ်မှာကျန်ခဲ့တာလား ပျောက်တာပဲလားတော့မသိ။ ယခုအရေးကြီးတဲ့အချိန်ကျမှ ကျွန်မတော်တော်လေးအခက်တွေ့ နေသည်။ ဒီလိုဆိုရင် ကျွန်မဦးလေးပေးထားတဲ့ ခဲဖျက်လေးကို ထုတ်သုံးလိုက်ရ မလား။ ဟင့်အင်း ကျွန်မခဲဖျက်လေး ကုန်သွားမှာစိုးတယ်။ ကျွန်မသူငယ်ချင်းတွေကြားမှာ နိုင်ငံခြားကခဲဖျက်ကိုင်သုံးနိုင်တယ် ဆိုပြီး ဂုဏ်မယူရဘဲနေမှာပေါ့။ အတွေးများနဲ့  ကျွန်မသူငယ်ချင်းကို ပြန်ပြောမည်အလုပ် သူမဆက်ပြောလာသည်က
“ ဘာလဲ နင်နှမျောနေတာလား။ လုပ်မနေနဲ့  အဲဒါလည်း ခဲဖျက်ပဲ ၊ နိုင်ငံခြားကလာလာ ဘယ်ကလာလာ ခဲဖျက်က ခဲဖျက်ပဲ ၊ သူ့ သဘာဝကိုက အမှားလုပ်ရင် ဖျက်ရမှာပဲ၊ ခဲဖျက်ဖြစ်ပြီး အမှားမဖျက်ရင် ဘယ်လိုလုပ် ခဲဖျက်တန်ဖိုးရှိတော့မှာလဲ”  ။
ကျွန်မလည်း ဘယ်လိုမှ လုပ်မရတော့တာမို့  (သူမဆီက ခဲဖျက်ငှားလို့  ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ သိတာမို့  ကျွန်မ ခဲဖျက်လေးကို နှမျောမျောနှင့် ထုတ်သုံးလိုက်ရလေသည်။ အရာအယွင်းပျက်မှာစိုးသည်မို့  ခပ်ဖွဖွလေး ဖျက်ခဲ့မိသည်။ ထိုနေ့  က ဆရာမပေးသောဆုကို ကျွန်မရခဲ့သည်။ သို့သော် စိတ်ဝယ်သိပ်တော့ မပျော်မိချေ။အကြောင်းမှာ ကျွန်မ ခဲဖျက်လေးကို မသုံးချင်ဘဲ ထုတ်သုံးလိုက်ရသောကြောင်ပင်။
ဒီလိုနှင့် အတန်းတွေ တစ်တန်းပြီးတစ်တန်းတက်လာရင်း ခဲဖျက်ကလေးကို မသုံးတော့သည့်အချိန်ထိ ကျွန်မ ဘောပင်အိတ် ထဲတွင် နေရာယူခိုင်းရင်း ကျွန်မသည်လည်းပဲ လူပီသသောစိတ်ထားလေး အနည်းငယ်ပိုင်ဆိုင်လို့ လာခဲ့လေသည်။ ကျွန်မ ငယ်စဉ်က ကျွန်မသူငယ်ချင်းပြောသော စကားများသည် ယခုအချိန်တွင် အင်မတန်မှ တန်ဖိုးရှိနေလေပြီ။ ထိုစကား အတိုင်း ကျင့်ကြံနေထိုင်နိုင်ရင် ကျွန်မ အားထုတ်နေမိပြီဖြစ်သည်။
အကယ်၍ ကျွန်မတို့ လူသားများကို ခဲဖျက်တစ်ခုနှင့် နှိုင်ယှဉ်မည်ဆိုပါစို့။ခဲဖျက်သည် မိမိအကျိုးအတွက် ခဲဖျက်ဟူသော ဝေါ ဟာရကိုပိုင်ဆိုင်ထားခြင်းမဟုတ်။ သူတစ်ပါး၏ အမှားများကို အမှန်ပြင်ပေးရင်း မိမိဘ၀ နစ်မွမ်းနေပါစေ ဂုဏ်ယူစွာနေ ထိုင်ရင်း အချိန်များကို ကုန်လွန်နေသည်မှာ ခဲဖျက်ပင်ဖြစ်သည်။ ဒီလိုဆိုလျှင် ခဲဖျက်တစ်ခုပမာပြုထားသော ကျွန်မတို့ လူသားများသည်လည်း မိမိတို့ ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ အလှဆင်ရင်း…၊လျှောက်လှမ်းနေသော လမ်းခုလတ် တွင် တွေ့လာရသော အမှားဟူသမျှကို တတ်နိုင်သမျှ တတ်စွမ်းသမျှ အမှန်ပြင်ပေးရင်း မိမိ၏ အချိန်၊ မိမိ၏ဘ၀ကို ရင်းနီးပေး ဆပ်ထားသင့်သည်မဟုတ်ပါလော။ အမှားတစ်ခုကို ပြင်ပေးဖို့ အသုံးပြုပါမှ ခဲဖျက်တစ်ခုက နိယာမ ပီပြင်မည်ဖြစ်သကဲ့သို့  မိမိနေထိုင်ရာ ၀န်းကျင်ကို တတ်စွမ်းသမျှ အလင်းပေးပါမှ လူသားဟူသော ဝေါဟာရ ပီပြင်မည်ဖြစ်ပေမည်။
အတိတ်ဆီသို့ ကွန်းခိုနေသော အတွေးများက လက်ရှိအချိန်သို့ ကပ်မိသည်နှင့် မျက်စိရှေ့ မှ ကဗျာလေးကို နောက် တစ်ခေါက် ထပ်ဖတ်မိသည်။
“ခဲဖျက်တစ်ခု၏ နိယာမ”
အမှားတစ်ကြောင်း ၊ပျက်စေကြောင်းဆို
ငါ့ကိုသုံးပါ၊ အားမနာနဲ့  (နှင့်)
အမှားတစ်လုံး၊ ပျက်ကြွေပြုန်းဖို့ 
အသုံးပြုလေ၊ မတွေဝေဘူး
ငါလေရှိသား၊ မင်းအပါးမှာ။
လုံးပါးပါးခု၊ ငါမမှုဘူး
ပေလူးညစ်နွမ်း၊ ငါမပန်းဘူး
စွမ်းအားပြည့်ထား၊ မင်းအပါးမှာ
မင်းသာလမ်းမှန်ရောက်ပါစေ။
(ပခုက္ကူမောင်သုတ)

ဆုဂျေ

စင်တင်ကဏ္ဍသုံးသပ်ချက် ၂၀၁၃ ဇူလိုင်


စင်တင်ကဏ္ဍဟူ၍ဖွင့်လှစ်ခဲ့သည့် နှစ်လတာကာလအတွင်းမှာပင် စိတ်ဝင်တစား စာမူများစွာပေးပို့ကြသည့်အတွက် စာမူရှင်များအား ဦးစွာကျေးဇူးတင်စကားဆိုချင်ပါသည်။ အချို့က ဒိုင်ယာရီသဖွယ်ရေးသား၍ ပေးပို့ကြသည်။ အချို့က အက်ဆေး၊ ၀တ္တုမခွဲခြားတတ်ပါဟု အောက်ခြေမှတ်စုရေးကာ ပေးပို့ကြသည်။
စာစီသပ်ရပ်မှုရှိသည့်စာမူတွေလည်းပါသည်။ စာစီမှုကစဥ့်ကလျား ဖြစ်နေသည့်စာမူတွေလည်းပါသည်။ အွန်လိုင်းသုံးစွဲနေသူများ ဟုတ်မှဟုတ်ပါလေစဟု အတွေးပေါ်မိသည်အထိ ဇော်ဂျီဖောင့်ကို ဆန်းကြယ်စွာရိုက်ထားသော စာလုံးများကိုလည်း မြင်တွေ့ရပါသည်။ မည်သို့ဖြစ်စေ ရိုးသားဖြူစင်မှုအပြည့်ရှိသော စာမူများအားလုံး ကို ကျွန်မ ချစ်ခင်ပါသည်။ အစ သည် ဤသို့ပင်..။ ထို အ စ ကလေးများအတွက် သွားလမ်း၊ လာလမ်း ဖြောင့်ဖြူးစေရန် တံတား တစ်စင်းအသွင်ဖြင့် လက်တွဲခေါ်ယူလိုပါသည်။ တစ်နေ့သောအခါ စာပေကောင်းကင်ယံထက် လင်းလက်သော ကြယ်ပွင့်ကလေး များအဖြစ် မြင်တွေ့လိုပါသည် ဟု ဆုမွန်ပြုရင်း ဇူလိုင်လ စင်တင်ကဏ္ဍကို ရေးသားအပ်ပါသည်။
ဇူလိုင်လအတွက် အက်ဆေးနှစ်ပုဒ် နှင့် ၀တ္တုတိုတစ်ပုဒ်ရွေးချယ်ထားခဲ့ပါသည်။ ခင်သက်နွယ်ဆွေ၏ “တိမ်ကြည့်သူ” ၊ ဂျွန်မိုး၏ “ကြိုး”၊ဆုဂျေ၏ “မျက်ရည်ခြယ်သော စာပန်းချီ” တို့ဖြစ်သည်။
အမှန်စင်စစ် ရသစာတမ်းနှင့်အက်ဆေး ဟူသည် တူသယောင်နှင့် မတူသယောင်ရှိရာ ခင်သက်နွယ်ဆွေ၏ “တိမ်ကြည့်သူ” မှာ ရသစာတမ်းတစ်စောင်ဖြစ်ပြီး၊ ဆုဂျေ၏ “မျက်ရည်ခြယ်သော စာပန်းချီ” မှာ အက်ဆေးတစ်ပုဒ်ဖြစ်ပါသည်။
တိမ်ကြည့်သူ
(ရသစာတမ်း)
ရေးသားသူ = ခင်သက်နွယ်ဆွေ
တိမ်စိုင်လိမ်လိပ်တွေကိုကြည့်ရင်း ဘ၀အဓိပ္ပာယ်၊ အမြင်၊ ခံစားမှုတို့ကို ပုံဖော်ကာ သဘာဝ၏ အရှိအတိုင်း လှပမှု အောက်တွင် ငြိမ့်ညောင်းစွာစီးဆင်းသွားသော အတွေးပုံရိပ်တို့ကို အေးဆေးညင်သာစွာ ရေးဖွဲ့ထားသည့် ရသစာတမ်း တစ်ပုဒ် ဖြစ်သည်။
မိန်းကလေးတစ်ယောက်၏အဇ္ဈတ္ထသွင်ပြင်ကို ပုံဇော်ထားခြင်းဖြင့် အစပြုပါသည်။ စာသားအနည်းငယ်ထောက်သော်လည်း ပုံရိပ်တော့ပေါ်လွင်ပါသည်။ သို့သော် ရသစာတမ်းတစ်စောင်သည် အဖွင့်မှ စ စိတ်ဝင်တစားစီးမျောခံစားသွားရန်မှာ အရေးကြီးလှ သည် ဖြစ်ရာ စာကြောင်းတိုင်းသည် အားမာန်ပြည့်ဝစွာ ချောမွေ့နေရန်လိုပါမည်။
ဥပမာ-“သူမသည်” ဟူသော စကားလုံးကို ၀ါကျတိုင်း၏ အစ တွင် အသုံးပြုရန် မလိုအပ်လှဘဲ အကြိမ်ထပ်နာမ်စားများကို ကျစ်လျစ်စေကာ ပုဒ်ဆက်သမ္ဗန္ဓများနှင့် နာမ၀ိသေသနများကို ဆီလျော်အောင် ထည့်သွင်းအသုံးပြုလျှင် ချောမွေ့ပါလိမ့်မည်။ တစ် ပိုဒ်လုံးဖြစ်သည့်အတွက် နမူနာပြင်ဆင်ချက်မထည့်တော့ပါ။
ညနေခင်းတစ်ခုတွင် လမ်းလျှောက်ထွက်ရာမှ တောင်ထိပ်မြင်ကွင်းတစ်ခုမှနေ၍ လှပသောတိမ်လွှာတို့ကို မြင်ရသည့်မြင် ကွင်း ကို ခံစားမှုရှုထောင့်မှနေ၍ ရေးသားသွားသည်။ စကားပြေ ပြေပြစ်သေသပ်ပါသည်။ သို့သော် စကားလုံးအင်အားကောင်းမှု အနည်းငယ်လျော့ရဲပါသည်။ ယင်းမြင်ကွင်းကို မြင်လိုက်ရသည့် အချိန်ခံစားချက်ကို ပိုမိုပီပြင်အောင် ရေးဖွဲ့လျှင် လှပအသက်ဝင် လာပါလိမ့်မည်။
ရသစာတမ်းဟူသည် ဇာတ်လမ်း၊ ဇာတ်ကွက်ရှိစရာမလို၊ အကြောင်းအရာ၊ သတင်းပေးမှုခိုင်မာချင်မှလည်း ခိုင်မာမည်။ ပညာရှင်ကြီး ဟပ်စလေ ခွဲခဲ့သည့်မူအရ
(၁) စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေးကို အကြောင်းပြု ရေးဖွဲ့သည့်အက်ဆေး၏နယ်
(၂) ကြုံတွေ့ရသည့် အတွေ့အကြုံကို အရှိအတိုင်း ဖော်ပြသည့်အက်ဆေး၏နယ်
(၃) လောကသဘာဝနှင့် သဘောတရားများကို ဖော်ပြသည့်အက်ဆေး၏နယ် ဟူ၍ရှိမည်ဆိုလျှင် “တိမ်ကြည့်သူ” သည် လောကသဘာဝနှင့် သဘောတရားကို ဖော်ပြသည့်နယ်ထဲ အကြုံးဝင်သည်ဟု ဆိုလိုက ဆိုနိုင်သည်။
ဆရာဇော်ဂျီက ကျေနပ်နှစ်သိမ့်မှုကိုပေးသည့်စာ၊ ဆရာမြသန်းတင့်က ပီတိဖြစ်စေသည့် စာ၊ ဆရာဇော်ဇော်အောင်က အက်ဆေးဆိုတာ အပွင့်ဆုံး Open၊ အလွတ်လပ်ဆုံး Free ရေးဖွဲ့ထားသည့် စာပါပဲ စ သဖြင့် အက်ဆေး ခေါ် ရသစာတမ်းကို ဖွင့် ဆိုမှုပေးခဲ့ကြသည်။ မည်သို့ဆိုစေ ၀ါကျတိုင်း၏ လှပမှု၊ ရသပေးစွမ်းနိုင်မှုတို့ကြောင့် ရသစာတမ်းသည် တိုတိုလေးနှင့် အများကြီး တာ သွားနိုင်ပါသည်။ ရသစာတမ်းတစ်စောင်မှနေ၍ အတွေးပုံရိပ်၊ ဘ၀ပုံရိပ်ခပ်ပါးပါး၊ ခံစားမှု အနိမ့်အမြင့်တို့ကို သိရှိခံစားနိုင်လျှင်၊ ကြည်နူးနှစ်သက်မှု ရသ ကို ရရှိစေလျှင် လှပသောအက်ဆေးတစ်ပုဒ် ဖြစ်လာနိုင်ပါသည်။
မည်သို့ဖြစ်စေ အားနည်းချက် အနည်းငယ်ရှိသော်လည်း လူသစ်တန်းကလောင်ရှင်အနေဖြင့် လှပသော အရေးအသားငြိမ် သည့် အက်ဆေးတစ်ပုဒ်ဖြစ်ပါသည်။ ဆက်လက်၍ အတွေးသစ်၊ အမြင်သစ်၊ အကြောင်းအရာပုံပေါ်လွင်အောင် ဖော်ညွှန်းရေးသား နိုင်သော ရသစာတမ်းများစဉ်ဆက်မပြတ်ရေးဖွဲ့သွားရန် အကြံပြုလိုက်ရပါသည်။
(စာရိုက်ခြင်းနှင့်ပတ်သတ်၍ မေတ္တာရပ်ခံလိုသည်မှာ ဇော်ဂျီဖောင့်ရိုက်ရာတွင် အောက်ကမြစ်အတွက် Y, U and h တို့ကိုသာအသုံးပြုပေးရန်နှင့် အစက် (doc) မချရန်ဖြစ်ပါသည်။)
မျက်ရည်ခြယ်သောစာပန်းချီ
(အက်ဆေး)
ရေးသားသူ = ဆုဂျေ
ကျောင်းဆရာမလေးတစ်ယောက်နှင့် သူ၏ တပည့်ငယ်လေးများအကြားချည်နှောင်ထားသော အဖြူရောင်မေတ္တာ သံယောဇဉ်ကို ရေးဖွဲ့ထားခြင်းဖြစ်သည်။ ဆရာမလေးနှင့် ခွဲခွာရတော့မည်ဖြစ်သော ကျောင်းသားငယ်လေးများ၏ ကြေကွဲခံစားမှု တို့ကို တစ်နေ့တာဖြင့် ပုံပေါ်အောင်ရေးသားသွားသည်။
အချက်အလက်အနေနှင့် အနည်းငယ်ထောက်ပြစရာရှိသည့် စာမူဖြစ်ပါသည်။
ဒုတိယပိုဒ် (( တစ်မနက်လုံး LPC အတွက် T.E.O ရုံးမှာ လုပ်စရာရှိတာလုပ်နေတာမို့ နေ့လည်ထမင်းစားချိန်ကျမှ ကျွန်မ ကျောင်းသို့ ရောက်သွားခဲ့သည်။))
န၀မပိုဒ် (( ကဗျာတစ်ပုဒ်လုံးဆုံးသွားတော့ သူတို့လေးတွေ မျက်ရည်များ တစစ နှင့် ပျောက်ကွယ်ကုန်သည်။ ကျွန်မ လည်း ပျော်လာသည်။ ခဏကြာတော့ မုန့်စားကျောင်းခေါင်းလောင်းထိုးသည်မို့ မူလအစီအစဉ်အတိုင်း ဆရာမကြီးက ဦးဆောင်ပြီး တပည့်လေးများကို ကျွန်မအား ကန်တော့ခိုင်းသည်။))
တစ်နေ့တာအတွင်း ပုံဖော်ရေးသားထားသည့်စာမူဖြစ်သည့်အတွက် မည်သည့်ကျောင်းဖြစ်စေ နေပလည်ထမင်းစားချိန် (သို့) မုန့်စားကျောင်းဆင်းချိန် အတူတူပင်ဖြစ်ပါသည်။ ဆရာမလေးနေ့လည်ထမင်းစားချိန်မှ ရောက်သည်ဟုဆိုလျှင် Unit တစ်ခု Poem တစ်ပုဒ်သင်ပြီးချိန်သည် ညနေသို့သာရောက်ပါလိမ့်မည်။
The Calendar သည်လည်းကောင်း၊ The Brodges ဟူသော Poem သည်လည်းကောင်း တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ ၏ ကနဦးသင်ခန်းစာဖြစ်ရာ တပည့်များနှင့် တစ်နှစ်တာတွေ့ဆုံရင်းနှီးခဲ့သည်ဟု ဆိုထားမှုသည် မသေသပ်မှုတော့ ဖြစ်ပါသည်။ သို့ သော် “ကိုးတန်းကတည်းက ထိုသို့ရွတ်ဆိုလျှင် သူတို့အင်မတန်ပျော်သည်” ဟူသောတစ်ကြောင်း ထည့်သွင်းထားရာ ကိုးတန်း၊ ဆယ်တန်း အင်္ဂလိပ်စာပြဆရာမတစ်ဦးတည်းဟု ခန့်မှန်းရပါသည်။ သတိပြုရန်မှာ မည်သည့်သင်ခန်းစာကိုမဆို (အထူးသဖြင့် အင်္ဂလိပ်စာဘာသာရပ်တွင်) စာသင်ချိန်တစ်ချိန်တည်းနှင့် Unit တစ်ခု၊ Poem တစ်ပုဒ် ပြီးအောင် သင်ကြား၍မရပါ..။ စာပိုဒ်တိုင်း တွင် ကျောင်းသားတိုင်းအတွက် မသိနားမလည်သော ဝေါဟာရများ၊ သဒ္ဒါအထားအသိုများ မေးနိုင်သော မေးခွန်းများ၊ အဓိပ္ပာယ် အနှစ်သာရများ ပါဝင်နေရာ မြင်သာထင်ရှားအောင် ရှင်းလင်းရမည်ဖြစ်၍ အချိန်ယူရပါလိမ့်မည်။
စကားပြေနှင့် စကားပြောရောယှက်နေသော စာမူဖြစ်ပါသည်။ စာကြောင်းများကို ထုတ်နှုတ်မဖော်ပြတော့ပါ။ စာရေးခြင်း အနုပညာရှိသည့်အတွက် သေချာစွာဆန်းစစ်လျှင် တွေ့မြင်ပါလိမ့်မည်။ မည်သို့ဖြစ်စေ ခံစားမှုပုံရိပ်တို့ကို ရိုးသားစွာရေးသားသွား၍ ချစ်စရာကောင်းသော အက်ဆေးတစ်ပုဒ်တော့ ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာကို ငိုရှိုက်မှု၊ မျက်ရည်သွင်သွင်ကျနေသည့် ခပ်စင်းစင်း ဖော်ပြချက်များထက် သိမ်မွေ့လှပစွာ ပုံဖော်သွားနိုင်လျှင် ပိုမိုကောင်းမွန်လာနိုင်ပါသည်။
ဆက်လက်၍ အသစ် အသစ်သော ဖန်တီးအားထုတ်မှုများကို စောင့်ကြိုနေပါသည်။
ကြိုး
(၀တ္တုတို)
ရေးသားသူ = ဂျွန်မိုး
နှောင်ကြိုးမျိုးစုံတို့ဖြင့် တွယ်နှောင်ကြသည့် လောက၀ယ်ဖြူစင်သော မေတ္တာဖြင့် သံယောဇဉ်တွယ်ငင်ကြသည့် သူငယ်ချင်း နှစ်ဦးအကြောင်းရေးသားထားခြင်း ဖြစ်သည်။ စရိုက်သဘာဝမတူညီမှုက ပတ်ဝန်းကျင်၏ အမြင်ကို အရောင်ဆိုးစေသည်။ တွေ့ဆုံ ရင်းနှီးရာမှ အ စ ပြု၍ အဖြစ်အပျက်တို့၏ နိဂုံးဆီသို့ ညင်ညင်သာသာဆွဲခေါ်ရေးသားနိုင်သည်။ လောကတွင် ဖြတ်တောက်ရ အခက်ဆုံး “ကြိုးတစ်မျှင်” အကြောင်း ပေါ်လွင်အောင် ရေးသားသွားပါသည်။
ဆရာထက်မြက်ရေးသားသော ၀တ္တုအနုပညာမှ ကောက်နှုတ်တင်ပြချင်ပါသည်။
“၀တ္တုရေးသူက သူ့ဇာတ်ကောင်များကို ဖန်တီးရာတွင် တချို့ဇာတ်ကောင်များကို နိုင်နိုင်နင်းနင်းဖန်တီးနိုင်သလို တချို့ ဇာတ်ကောင်ကို မနိုင်ဘဲ စာရေးဆရာက အတင်းလိုက် ဆွဲခေါ်ရသည်မျိုးလည်း ရှိသည်။”
“လူတို့၏ သဘောသဘာဝများ၊ လူတို့၏ပြဿနာရပ်များ၊ ဘ၀များကို ၀တ္တုရေးဆရာ ဖန်တီးချင်၊ ဖော်ပြချင်သော ရှုထောင့် မှနေ၍ စာဖတ်သူကို သိသာစေပါသည်။ ၀တ္တု၏ အနီးကပ်ဆုံးမှာ ဘ၀ဖြစ်ပြီး ထို ဘ၀မှာ အားရှိဖို့လိုပါသည်။”
“ကြိုး” တွင် နှောင်တွယ်မိသော သံယောဇဉ်ကို ဖော်ပြသည်ဖြစ်ရာ အဓိက ဇာတ်ဆောင်နှစ်ယောက်၏ ပုံရိပ်မျှတရန်လို ပါသည်။ First Person အနေနှင့် ရေးသားထားသည့်တိုင် ထို ပြောပြနေသူ၏ စကား၊ အတွေးပုံရိပ်၊ အဖြစ်အပျက် တို့မှနေ၍ ဒုတိယ ဇာတ်ဆောင်၏ ပုံရိပ်ကို ပီပြင်ကျနအောင် ဖန်တီးလျှင်ပိုမိုလှပပါလိမ့်မည်။ တစ်နည်း သံယောဇဉ်ပြသမှုသည် ဟန်ချက်မညီ သော အခါ နောက်ဆုံးချိုးချလိုက်သော အခန်းသည် ဘောင်ကျော်လွန်သွားသော ခံစားမှုများဖြစ်သွားပါသည်။ ရုပ်ရှင်စကားဆိုရသော် Over Acting ပင်။ ခပ်ပါးပါးရေးဖွဲ့မှုမှ နေ၍ သေသပ်စွာရေးသားသွားလျှင် စာဖတ်သူ၏ နှလုံးအိမ်သို့တိုက်ရိုက် ထိခိုက်ခံစားမိပါ လိမ့်မည်။
အရေးအသားအနေနှင့် အထူးပြောစရာမရှိလှသည့်စာမူဖြစ်သည်။ စာလုံးပေါင်းအမှားအယွင်းနည်းသော၊ စာရိုက်သေ သပ်သော၊ တစ်ခန်းနှင့် တစ်ခန်း အကူးအပြောင်းလှပသေသပ်သည့် လက်ရာရှင်ဖြစ်ပါသည်။
ဂျွန်မိုးသည် ဒုတိယအကြိမ်မြောက် စင်တင်လက်ရာရှင်ဖြစ်ရာ အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်နိုင်ပြီး များစွာ သော အနုပညာမြောက်သည့် စာပေများ ဆက်လက်ရေးသားနိုင်ပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

ကလောင်သစ်များအားချစ်ခင်စွာကြိုဆိုလျှက်
အယ်ဒီတာအဖွဲ့
ရွှေဒေါင်းတောင်အွန်လိုင်းမဂ္ဂဇင်း

ကြိုး



စာရေးနေတဲ့လက်တွေ တုန်ယင်လာတာနဲ့အမျှ မျက်ဝန်းအိမ်က ပြည့်လျှံနေတဲ့ မျက်ရည်တွေက စာရွက်ပေါ် တစ်ပေါက်ပြီး…တစ်ပေါက်….။ ရင်ထဲက တင်းကျပ်မှုတွေ ပြေလျော့သွားမယ်ဆိုရင် အံသေသွားပါစေ… ဆက်ပြီး ရေးနေမိဦးမှာ….။ ခုတော့…….။
ရင်ထဲက သံယောဇဉ်အတိမ်အနက်ကို စကားလုံးတွေအဖြစ် ပြောင်းလဲလိုက်တယ်ဆိုရင်တောင် အဲဒီစကားလုံးတွေက ခံစားရသမျှကို ထုတ်ဖော်ပြနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာနေတယ်။ စာရွက်ပေါ်က စကားလုံးတစ်လုံးစီမှာ ဖြူစင်တဲ့ သံယောဇဉ်ကြိုးတွေ ရစ်ပတ်နှောင်ဖွဲ့ထားတယ်ဆိုတာကို တစ်နေ့နေ့ သူ ဒီစာကို ဖတ်ချိန်မှာ သိနိုင်ကောင်းပါရဲ့…။ နောက်ဆုံးအနေနဲ့ နှလုံးသားတစ်ခုလုံး ထုပ်ပိုးပြီး ရေးခဲ့တဲ့ စာပေါ်မှာ ကျွန်မရဲ့ သံယောဇဉ်ကြိုးနဲ့ သူ့နာမည်လေးကို မြဲမြံအောင် ချည်နှောင်လိုက်ပါတော့တယ်။
*          *          *
"လူ" ဆိုတဲ့ နာမ်နဲ့ လောကကြီးမှာ ရှင်သန်နေထိုင်သူတိုင်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ၊ အကောင်းအဆိုးတွေနဲ့ အမြဲ ဒွန်တွဲနေရလေ့ရှိတယ်။ မှတ်တိုင် (၂၇) တိုင် ကျော်ဖြတ်ပြီးချိန်မှာ တချို့မှတ်တိုင်တွေမှာ လူကောင်းတွေနဲ့ တွေ့ခဲ့သလို တချို့မှတ်တိုင်တွေမှာ ဆိုးတဲ့သူတွေလည်း ကြုံခဲ့ရတယ်။ အပေါ်ယံ ဟန်ဆောင်သဘောကောင်းပြီး နောက်ကျောဓားနဲ့ ထိုးတတ်တဲ့ လူတွေနဲ့လည်း တစ်မှတ်တိုင်အောက်တည်း အတူနေခဲ့ဖူးတယ်။ မြွေမြွေချင်း ခြေမြင်တတ်တဲ့သူတွေလည်း ဆုံခဲ့ရသလို သာပေါင်းညာစားတွေနဲ့လည်း လည်ပင်းဖက်ခဲ့ရဖူးတယ်။
မျက်လုံးနှစ်လုံးပွင့်တာနဲ့ ကိုယ်တိုင်လည်း အတ္တမီးတွေရှို့… အတ္တမီးတွေ လောင်မြိုက်နေတဲ့ သကာရည် ချိုမြမြ မျက်နှာပေးတွေနဲ့ ထွေးရောယှက်တင်နေခဲ့ရတော့…. လူ ထဲက လူဖြစ်တဲ့ ကျွန်မဟာ လူတွေကို ကြောက်တတ်လာသလို ယုံကြည်မှုလည်း တဖြည်းဖြည်း နည်းပါးလာခဲ့တယ်။ အရာရာကိုလည်း သံသယနဲ့ ချဉ်းကပ်တတ်သူ ဖြစ်လာခဲ့တယ်။
မောင်နှမသားချင်းထဲ အကြီးဆုံးဖြစ်တဲ့ ကျွန်မ အမျိုးမျိုးသော ဆန္ဒတွေကို အလိုလို မြိုသိပ်ခဲ့ရတယ်။ ငဲ့ညှာခြင်းဆိုတာကို အဘိဓာန်မှာရှာရင်တောင် ဖွင့်ဆိုရှင်းလင်းချက်က ကျွန်မအတွက် ပြည့်စုံလုံလောက်မှာ မဟုတ်။ ရယူခြင်းဆိုတာကို မသုံးစွဲတတ်ခင်ကတည်းက ပေးဆပ်ခြင်းဆိုတာကို မြည်းစမ်းခဲ့ဖူးပြီးပြီ။ ယုံကြည်ရာ ရွက်လွှင့်ချင်တဲ့ မျှော်လင့်ချက် အိပ်မက်တွေကို အရင်ကရော…အခုရော အသာရုပ်သိမ်းလို့ ပုံစံခွက်ငယ်အတွင်းမှာပဲ အသက်ရှူသံတွေ ကြီးရင့်လာခဲ့တယ်။ ဒီလိုပုံစံ ဒီလိုအနေအထားနဲ့ ကျွန်မရဲ့ ဘဝထဲကို ဝင်ရောက်လာသူက "သွန်း"။
*          *          *
"သွန်း" ဆိုတဲ့ လူငယ်ကလောင်တစ်ချောင်းကို မဂ္ဂဇင်းစာမျက်နှာတွေထက်မှာ ခုနောက်ပိုင်း ခပ်စိပ်စိပ်တွေ့လာရတယ်။ လူငယ်လက်သစ်ကဗျာကနေ မြေစမ်းခရမ်းပျိုးခဲ့တဲ့ "သွန်း" ဟာ နောက်ပိုင်းမှာတော့ ဝတ္ထုတိုကဏ္ဍတွေမှာ အများဆုံး နေရာယူလာခဲ့တယ်။ နာမည်ကလည်း ဆန်းသလို ရေးလက်လည်း ဆန်းတာမို့ ကျွန်မ သတိထားမိနေတဲ့ စာရေးမလေးတစ်ဦးလည်းဖြစ်တယ်။ ကဗျာလည်း အရေးကောင်းသလို ဝတ္ထုတိုမှာလည်း ထက်တဲ့ သူ့လက်ဟာ ဆောင်းပါးရေးတဲ့အခါမှာလည်း ရသပါ တွဲထည့်ရေးလေ့ရှိတယ်။ ပွင့်လင်းရိုးသားပြီး ဟန်ဆောင်မှုကင်းတဲ့ သူ့ဟန်ကို အနုပညာမြောက်တဲ့ စကားလုံးတွေပေါ်ကနေတစ်ဆင့် ကျွန်မ ခံစားရရှိခဲ့တယ်။ ဒီလိုနဲ့ မထင်မှတ်တဲ့တစ်နေ့မှာ သူနဲ့ ခင်မင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအကြောင်းတရားကို ကျွန်မ ကိုယ်တိုင် ဖန်တီးခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။
မဂ္ဂဇင်းတစ်အုပ်ရဲ့ စာမျက်နှာထက်က "သွန်း" ရဲ့ ဝတ္ထုတိုတစ်ပုဒ်ဖတ်နေချိန်မှာပဲ စိတ်ထဲမှာ သူ့နဲ့ စကားပြောချင်လာမိတယ်။ သူ့ဝတ္ထုလေးက အကြောင်းအရာရိုးရိုးလေးကို ခပ်ဆန်းဆန်းလေး တင်ပြထားတယ်။ ဒါဟာ သူ့ရဲ့ အတတ်ပညာပဲပေါ့။ ကျွန်မဘက်က မိတ်ဆက် မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ပြီးချိန်မှာ သူ့ဆီက ဖုန်းလက်ခံရတော့ ရင်တွေခုန်လိုက်တာလေ။
"ဟယ်လို… သွန်းပါ… ခု ပြောနေတာ ဘယ်သူပါလဲ"
ရင်းနှီးခင်မင်မှုရှိတဲ့ အသံစာစာလေးအောက်မှာ စကားလုံးတွေ ထစ်အနေခဲ့ပါတယ်။
"ဟုတ်…ဟုတ်ကဲ့… ကျွန်မ နာမည် မိုး ပါ… ဟို… ဆရာမရဲ့ စာဖတ်ပရိသတ်တစ်ယောက်ပါ"
ကြိုးစားပမ်းစားနဲ့ စကားတစ်ခွန်းထွက်သွားချိန်မှာ လူကလည်း တုန်တုန်ယင်ယင်နဲ့။ တစ်ခါမှလည်း ခုလို စကားပြောခွင့်ရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့အတွက် ဒါဟာ ကျွန်မ အတွက်တော့ အိပ်မက်တစ်ခုလိုပါပဲ။
"သွန်းကို သွန်း လို့ပဲ ခေါ်ပါနော်" တဲ့…။
နာရီဝက်ကြာ ဖုန်းပြောပြီးချိန်မှာတော့ ကျွန်မနဲ့ သူ့အကြားမှာ မမြင်နိုင်တဲ့ ရင်းနှီးမှုတစ်စွန်းတစ်စ ရရှိခဲ့တယ်။
*          *          *
အချိန်ခဏအတွင်းမှာပဲ စာရေး၊စာဖတ် ဝါသနာပါတဲ့ ကျွန်မနဲ့ သူ ဟာ မိတ်ဆွေအဆင့်ကနေ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ လက်စမ်း ကလောင်သွေးနေတဲ့ ကျွန်မကို သူက အတတ်နိုင်ဆုံး ဘေးကနေ ပံ့ပိုးကူညီတယ်။ (၂၈)ဆိုတဲ့ မှတ်တိုင်သစ်ကို သူနဲ့အတူ ဖြတ်ကျော်ခွင့်ရခဲ့တာ ကျွန်မဘဝအတွက် ထာဝရ အမှတ်ရ  နေဖြစ်မယ့် နေ့လေးတစ်ရက်ပါပဲ။ သူက ကျွန်မထက် (၃)နှစ်ကြီးပေမယ့် မျက်ခုံးပါးပါးလျလျလေးအောက်က ထက်မြက်စူးရှတဲ့မျက်ဝန်း၊ နှုတ်ခမ်းပါးလေးတစ်စုံနဲ့ ဆံပင်မရှည်တရှည်လေးက သူ့ကို ပိုပြီး နုငယ်စေတယ်။ ကျွန်မက စိတ်ကြီးသလောက် သူက အေးဆေးညင်သာစွာနဲ့ အရာရာကို သည်းခံပြီး လုပ်ဆောင်တတ်တယ်။
မိသားစုတစ်စုအတွက် ဦးဆောင်မှုပြုနေရတဲ့ ကျွန်မက နည်းနည်းတော့ ယောက်ျားလေးဆန်တယ်။ အဝတ်အစား ဝတ်ဆင်ပုံကအစ ပြောပုံဆိုပုံအဆုံး မိန်းကလေးတစ်ယောက်ရဲ့ စရိုက်အသွင် တစ်စက်မှ မရှိခဲ့ဘူး။ စိတ်မြန်လက်မြန်ရှိသလို ဒေါသလည်းကြီးတတ်တယ်။ စိတ်ရှည်သည်းခံမှုနည်းပါးတဲ့ ကျွန်မက ဆိုင်ကယ်မောင်းရာမှာလည်း ခပ်ကြမ်းကြမ်းမောင်းလေ့ရှိတယ်။ ဒါဟာ ကျွန်မရဲ့ သူနဲ့မတွေ့ခင်အချိန်အထိ ရှိနေခဲ့တဲ့ စရိုက်တွေပေါ့။
"မိုး… ဆိုင်ကယ်မောင်းတာ အရမ်းကြမ်းတာပဲ… နီးမှကပ်ပြီး ဘရိတ်မအုပ်နဲ့လေ… ရှေ့က ဆိုင်ကယ်နဲ့ ကပ်ပြီး မမောင်းပါနဲ့ဆို… နမ်းမိတော့မှာပဲ"
နမ်းမိတော့မှာပဲ…တဲ့။ စာရေးသူပီပီ သူပြောလိုက်တဲ့စကားအသုံးကို သဘောကျလွန်းလို့ ရယ်လိုက်ရတာလေ။ ကျွန်မ သူနဲ့အတူရှိနေချိန်မှာ စိတ်ချမ်းမြေ့ရသလို သူ့ဆီက စကားအသုံးတွေ၊ စာရေးသူတစ်ယောက်ထားရမယ့် စိတ်ထားတွေ၊ စာရေးတဲ့အခါမှာလည်း စာရေးသူက အနေတတ်ရမယ်ဆိုတာတွေ စတဲ့ အရာတွေကို သင်ယူတတ်မြောက်လာခဲ့တယ်။ ဆိုင်ကယ်နောက်က ထိုင်လိုက်တိုင်း ပွစိပွစိပြောတတ်တဲ့သူ့ကို စိတ်မဆိုးတဲ့အပြင် အဲဒီလိုပဲ အမြဲပြောစေချင်ခဲ့မိတယ်။ ကျွန်မရဲ့ဘေးမှာ အစဉ်ရှိနေပေးပြီး ကျွန်မရဲ့ ချို့ယွင်းချက်တွေ၊ အပြစ်တွေ၊ သဘောမကျစရာတွေကို နားလည်မှုအပြည့်နဲ့ ဆုံးမတတ်တဲ့ "သွန်း" ကို ဘယ်တော့မှ မပျက်ပြယ်နိုင်တဲ့ အဖြူရောင်ကြိုးတွေနဲ့ ရစ်ပတ်နေမိပြီဆိုတာ တဖြည်းဖြည်း သိလာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ မငြင်းဆန်ခဲ့ဘူး။ အလိုလို ဖြစ်တည်လာတဲ့ ကြိုးတစ်ချောင်းရဲ့ ခေါ်ဆောင်ရာကို ဆန္ဒရှိစွာနဲ့ ညင်ညင်သာသာလေး လိုက်ပါသွားခဲ့မိပါတော့တယ်။
*          *          *
စိတ်ခံစားမှုကို အလေးပေးပြီး စိတ်ရဲ့စေရာအတိုင်း နေထိုင်တတ်တဲ့ ကျွန်မ… တစ်ခါတလေမှာ သူ့ရဲ့ အပြစ်တင်မှုတွေ ခံရလေ့ရှိတယ်။ သူက ပိုက်ဆံကို စနစ်တကျ ကျစ်ကျစ်လျစ်လျစ် သုံးစွဲတတ်ပေမယ့် ကျွန်မကတော့ သူနဲ့ ဆန့်ကျင်ဘက်။ စိတ်ရှိသလို သုံးတတ်တဲ့ ကျွန်မ အကျင့်ကို သူ မကြိုက်။ တစ်ခါတလေမှာ သူ့အတွက် ရည်ရွယ် ဝယ်ပေးလိုက်တဲ့ ပစ္စည်းတချို့ဟာ အပိုတွေလည်း ဖြစ်နေတတ်တယ်။ သူက စ,သလို နောက်,သလိုနဲ့ ပြောလိုက်တဲ့ စကားအပေါ်မှာ ကျွန်မက အတည်ယူပြီး လုပ်ပေးမိပြန်တော့လည်း အရွဲ့တိုက်မိသလို ဖြစ်တတ်ပြန်တယ်။ တစ်ရက်တုန်းကပေါ့….။
ကျွန်မ အိမ်ပြန်ခါနီး နောက်နေ့ ဘာစားချင်လဲ မေးတော့…
"မုန့်လက်ကောက်စားမယ်… ထန်းလျက်ရည်ရောနော်… နွားနို့လည်း ပါပစေ" လို့ ဖြေတယ်။
တကယ်တော့ သူက နို့နဲ့ လုပ်တဲ့ အစားအစာတွေကို မနှစ်သက်ဘူးဆိုတာ သိတာမို့ နွားနို့မှာတာ နည်းနည်းတော့ ဆန်းနေသလိုပဲလို့ ထင်မိတယ်။ နောက်ရက် မှာတာတွေ သွားပေးမိချိန်မှာ သူ ရှိမနေခဲ့ဘူး။ ခဏအကြာမှာ "ဝယ်လာတဲ့မုန့်တွေကလည်း အများကြီး… နွားနို့မကြိုက်ဘူးဆိုတာ မသိဘူးလား… ဘာလို့ အဲ့လောက် အများကြီးဝယ်လာတာလဲ… ရွဲ့ဝယ်လာသလိုပဲ" ဆိုတဲ့ မက်ဆေ့ခ်ျတစ်စောင်က ကျွန်မရင်ကို သိပ်ကို ဝမ်းနည်းသွားစေခဲ့တယ်။ ချက်ချင်းပဲ မျက်ရည်တွေလည်း ဝေ့ဝဲတက်လာခဲ့တယ်။ သူ ဆုံးမသမျှ နားထောင်ပြီး ကြမ်းတမ်းတဲ့ အကျင့်တွေကို ပြုပြင်လာခဲ့တာ ကျွန်မ သူ့အပေါ် သိပ်တွယ်တာလို့ဆိုတာ သူ တကယ်ပဲ မသိတာလား။ တမင် မသိယောင်ဆောင်နေတာများလား။ တကယ်တော့ ကျွန်မ ဘဝမှာ ကျွန်မကို နားလည်စာနာပေးနိုင်တဲ့ တစ်ဦးတည်းသောသူက "သွန်း" ဆိုတဲ့ အချစ်ဆုံး သူငယ်ချင်းလေးပါ။ ကျွန်မရင်ထဲက သံယောဇဉ်အတိမ်အနက်ကို ဘေးလူတွေ ဘယ်လိုပဲပြောပါစေ… သူတို့မသိဘူးပဲထား… "သွန်း" ကိုတော့ သိနားလည်စေချင်မိတာ ကျွန်မရဲ့ အဖြစ်ချင်ဆုံး ဆန္ဒ တစ်ခုပါ။
*          *          *
ဆန့်ကျင်ဘက် ကျွန်မတို့နှစ်ယောက်ဟာ အမြဲတမ်း တပူးတွဲတွဲ သွားလာလေ့ရှိတယ်။ ကျွန်မတို့နှစ်ယောက်မှာ ရှားရှားပါးပါး တူတဲ့နှစ်ချက်က စာရေး၊ စာဖတ် ဝါသနာပါတာနဲ့ ဝိုင် ကြိုက်တာရယ်ပေါ့။ နှစ်ယောက်အတူ လည်ပတ်တဲ့ ရက်တွေဆို အပြင်မှာပဲ တစ်ခုခုစားပြီးမှ ပြန်လေ့ရှိတယ်။ သောက်စရာ ဝိုင် ကတော့ တွဲဖတ်ပါတတ်စမြဲ။
မပြင်းမရှ ချိုမြမြ ဝိုင်တွေက စိတ်တွေကို တက်ကြွစေတယ်။ ရင်ထဲခံစားရသမျှကို ပွင့်အန်ထွက်စေတယ်။ ဟန်ဆောင်မှုမရှိ ပြောလိုတဲ့စကားတွေကို အရိုးသားဆုံး ပြောဖြစ်စေတဲ့အတွက် ကျွန်မတို့နှစ်ယောက် ဆုံတွေ့မှုကို သူက "ဝိုင်စက်" တဲ့လေ။ တကယ်လည်း ခင်မင်မှုသက်တမ်း သိပ်မကြာခင်မှာ နှလုံးသားချင်း နီးခဲ့ကြတယ်။ စိတ်တူကိုယ်တူ ပေါင်းခဲ့ကြတယ်။ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေကို ဝေမျှ ခံစားခဲ့ကြတယ်။ ဝိုင်တစ်ခွက်ကြောင့် ကျွန်မတို့ကြားက ကြိုး ခိုင်သထက် ခိုင်လာခဲ့တယ်။ သာမန်အချိန်မှာတော့ "သွန်း" ဟာ အေးဆေးတည်ငြိမ်ပြီး ရင်ထဲရှိသမျှ ဖွင့်ထုတ်မပြောတတ်တဲ့ သူတစ်ယောက်ပေါ့။ ကျွန်မကတော့ စိတ်ကို အလွယ်တကူ လွှင့်ပစ်ပေါက်ကွဲလွယ်သလောက် သူက ထိန်းချုပ်သိမ်းထားနိုင်စွမ်းရှိတယ်ဆိုတာကို တစ်နေ့သောရက်မှာ သိခဲ့ရပြန်တယ်။
တစ်နေ့လုံး ဖုန်းအဆက်အသွယ်လည်းမရ၊ မက်ဆေ့ခ်ျလည်း ပြန်မလာကြောင့် လူက ဂဏာမငြိမ်နိုင်။ စိတ်လည်း အရမ်းပူပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ခါတိုင်း သူ ဘယ်သွားသွား ပြောလေ့ရှိသလို ခုလိုလည်း တစ်ခါမှ အဆက်အသွယ်မပြတ်ခဲ့ဘူးတော့ ရင်ထဲမှာ ဗလောင်ဆူ လှုပ်ခတ်လို့…။ မတတ်သာတဲ့အဆုံး အိပ်ရာထဲမှာပဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ တစ်နေ့တာကို ခက်ခဲစွာ ဖြတ်ကျော်ခဲ့ရတယ်။ ညနေစောင်းချိန်မှာ မင်းကွန်းရောက်နေတယ်ဆိုတဲ့ မက်ဆေ့ခ်ျရတော့မှ သက်ပြင်းချနိုင်တော့တယ်။
သူနဲ့တွေ့တော့လည်း ပြောချင်တဲ့စကားတွေက တစ်ခွန်းမှ ထွက်မလာဘဲ ရင်ထဲမှာ ဆို့ဆို့နစ်နစ်နဲ့။ ကျွန်မ စိတ်တွေ သိပ်ပင်ပန်းနေပြီဆိုရင် လုပ်လေ့လုပ်ထရှိတာက ကျုံးဘေးမှာ ဆိုင်ကယ်ကို အရှိန်နဲ့ ပတ်မောင်းပြီး သီချင်း အော်ဆိုခြင်းပဲ။ အဲလိုချိန်မှာ ကျွန်မ ဘယ်သူ့ကိုမှ ရှက်လေ့မရှိဘူး။ အရေးကြီးတာက ကိုယ်စိတ်သက်သာရာ ရဖို့ပဲ မဟုတ်လား။ ရင်ထဲမှာ တစ်ဆို့ဆို့ကြီးနဲ့ ပြန်လာခဲ့တဲ့ ကျွန်မ "ကျုံးဘေးမှာ ဆိုင်ကယ်ပတ်မောင်းမလို့" ဆိုတဲ့ တစ်ခွန်းပဲ ပြောဖြစ်ခဲ့တယ်။ ဒါပေမဲ့ သက်သာရာမရတဲ့အဆုံးမှာ အလိုလိုပဲ ဖုန်းခွက်ပေါ်က သူ့နံပါတ်ကို နှိပ်မိပြန်တယ်။
"ပြော… မိုး"
"…………………"
"ဟဲလို……."
ကျွန်မဆီက စကားသံထွက်မလာတော့ သူက ထပ်ခေါ်တယ်။
"သွန်း… မိုး ဒီနေ့ ဘာဖြစ်နေတယ်ဆိုတာ သိရဲ့လား"
တစ်ခုခုဖြစ်ရင် ဟန်မဆောင်တတ်တဲ့၊ ဟန်ဆောင်လို့လည်းမရတဲ့ ကျွန်မမျက်နှာကို မြင်ကတည်းက ဂရုတစိုက်နဲ့ မေးသင့်တာပေါ့ ဆိုတဲ့ အတွေးတွေနဲ့ပဲ မကျေမချမ်းအသံနဲ့ ရန်တွေ့မိလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဘယ်လောက်ပဲ စိတ်တွေ လှုပ်ရှားပြီး ပူလောင်နေပါစေ "သွန်း" က အေးအေးဆေးဆေး လေသံလေးနဲ့ပဲ ပြန်ပြောခဲ့တယ်။
သူပြောတဲ့ စကားတွေထဲက "တကယ်ဆို မိုးနဲ့သွန်းကြား ဒါတွေ ဖြေစရာမလိုအောင် Understood ရှိလိမ့်မယ်လို့ ထင်ခဲ့တာ" ဆိုတဲ့ နောက်ဆုံးစကားတစ်ခွန်းနဲ့တင် ကျွန်မ ကြေကွဲဝမ်းနည်းသွားခဲ့ရတယ်။
"သွန်း" အပေါ်မှာ ကျွန်မ နားလည်မှု မရှိခဲ့တာများလား…။ ဟင့်အင်း…။ မဟုတ်ပါဘူး။ ကျွန်မဲ့သူ့ကြားမှာ စိတ်ချင်းနီးသလို နားလည်မှုဆိုတာလည်း အလိုလို ဖြစ်တည်နေခဲ့ပြီးသားလေ။ အဆုံးသတ်စကားတစ်ခွန်းနဲ့တင် သူ့အပေါ်မှာ ကျွန်မ နားလည်မှုရှိတယ်ဆိုတာကို သူ ယုံကြည်ဖို့၊ ရှေ့ဆက် ပိုပြီး နားလည်ပေးနိုင်အောင် ကြိုးစားရတော့မယ်ဆိုတာကို အလိုလို သဘောပေါက်သွားခဲ့ပါတယ်။ မကျေမချမ်းနဲ့ ပို့လိုက်တဲ့ မက်ဆေ့ခ်ျတွေကလည်း သူ့အတွက် အနှောင့်အယှက်ဖြစ်သွားစေတယ်ထင်ပါရဲ့။ အဲဒီဖြစ်ရပ် ဖြစ်ပြီးနောက်မှာ တချို့ကိစ္စတွေမှာ သူ မပြောဘဲ ဘာကိုမှ ထပ်မမေးမိအောင် နေတတ်လာခဲ့တယ်။ ကျွန်မ ဘဝရဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ကို ဘယ်နည်းနဲ့မျှ အဆုံးရှုံးမခံနိုင်ဘူးလေ။
*          *          *
သူ့ကျန်းမာရေးအတွက် ကျွန်မ အမြဲစိုးရိမ်တတ်သလို ကျွန်မ တစ်ခုခုဖြစ်ရင်လည်း သူ မနေတတ်ခဲ့ဘူး။ ကျွန်မ စအိုကနေ သွေးကျတုန်းက သူကိုယ်တိုင် ဆေးခန်းလိုက်ပို့ပေးခဲ့တယ်။ လူနာတွေများလို့ "ပြန်တော့… သွန်းမှာ အလုပ်တွေရှိသေးတယ်" လို့ ပြောမိတော့ "သူများအလုပ်ကိစ္စကို ဝင်မပြောနဲ့… မရှည်နဲ့… ရတယ်" ဆိုပြီး သူ့ကို အတင်းနှင်လို့ စိတ်ဆိုးပုံလေးက ချစ်ဖို့ကောင်းလိုက်တာလေ… သူ့မျက်နှာကြည့်ပြီး ရယ်ချင်သွားမိတယ်။
ကျွန်မအပေါ် သူ့ရဲ့ ဂရုစိုက်တတ်မှုလေးတွေက သူ့အပေါ် ပိုပြီးတွယ်တာလာစေခဲ့တယ်။ တစ်ခါတလေ တုပ်ကွေးဖြစ်လို့ နေမကောင်းဖြစ်ရင် ကိုယ်တိုင် ဆိုင်ကယ်မောင်းပြီး ဆေးခန်းသွားရတဲ့ ကျွန်မအတွက် "သွန်း" ရဲ့ ဂရုစိုက်မှုတွေက သိပ်ကိုကြည်နူးစေခဲ့သလို ဘာနဲ့မျှ တန်ဖိုးဖြတ်လို့မရတဲ့ အရာတွေပါ။ ကျွန်မ အဲဒီအရာတွေကို တသက်လုံး ရရှိခံစားသွားချင်တယ်ဆိုရင် သိပ်ကို အတ္တကြီးရာ ရောက်သွားမလား။ ဒါပေမယ့်လည်း အဲဒီ အတ္တတွေဟာ မမြင်နိုင်တဲ့ ကံကြမ္မာတစ်ခုရဲ့အောက်မှာ ကျရှုံးသွားလိမ့်မယ်ဆိုတာ ကြိုတင်သိနိုင်ခဲ့ရင် "သွန်း" နဲ့ပတ်သက်တဲ့ ကျွန်မရဲ့ အတ္တတွေကို စောစီးစွာ ခဝါချခဲ့မိမှာပါပဲ။
*          *          *
"မိုး… သွန်း အရေးကြီးကိစ္စရှိနေလို့ ဒီရက်အတွင်း အိမ်မလာနဲ့ဦး… စိတ်လည်းရှုပ်နေလို့ မိုးအတွက် အချိန်ပေးနိုင်မှာမဟုတ်ဘူး… ဒီရက်ပိုင်း သွန်းကို နားလည်ပေးပါ"
လွန်ခဲ့တဲ့(၃)ရက် သတိရလို့ ဖုန်းဆက်ချိန်မှာပဲ ကျွန်မကို သူ ပြောခဲ့တာ။ ကိုယ်ယုံကြည်ရင် ဘာကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်တဲ့ "သွန်း" ရဲ့ အကျင့်ကိုသိနေတော့ စိတ်တွေ ပူပန်နေခဲ့မိတယ်။ စိတ်ပင်ပန်းလွန်းပြီး နေထိုင်မကောင်းဖြစ်နေမလားဆိုတဲ့ စိုးရိမ်စိတ်တွေကလည်း နေ့စဉ်နဲ့အမျှပါပဲ။ အဝေးကနေပဲ ပူပန်နေရသူတစ်ယောက်ရဲ့ စိတ်ကို "သွန်း" မြင်ရဲ့လား…။ ကိုယ်ချင်းစာမိရဲ့လား…။ ကျွန်မအတွက်ကတော့ သူ့ဆန္ဒကို လိုက်လျောပေးရုံမှတစ်ပါး အခြားမရှိပြီ။
"သွန်း" ဟာ ကျွန်မအတွက် အဖော်မွန်ကောင်းတစ်ယောက်ပါ။ သူပြောခဲ့ဖူးတဲ့ "သွန်း အတွက် ဘာလို့အဲ့လောက် ခံစားပေးနေရတာလဲ" ဆိုတဲ့ စကားဟာ ရင်ထဲမှာ တံဆိပ်ခတ်ထားသလိုပါပဲ။ ဘဝလက်တွဲဖော်ကိုမှ အဖော်လို့ သတ်မှတ်လို့ရတာမှမဟုတ်တာလေ။ ကျွန်မအတွက်တော့ အဖော်ဆိုတာ ကိုယ့်ကို နားလည်ခံစားပေးနိုင်သူ၊ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ထောက်ပြပြောဆိုပေးနိုင်သူ၊ အမုန်းခံပြီး စေတနာထားနိုင်သူ၊ ရင်ဘတ်ချင်းနီးသူ.. ဒါတွေနဲ့ပြည့်စုံတဲ့သူဟာ အဖော်ပဲပေါ့။ ကျွန်မနဲ့ "သွန်း" ကြား အဖော်ဆိုတဲ့ အဓိပ္ပါယ်ကို ယူဆပုံချင်း မတူညီကြဘူးဆိုတာ သိလိုက်ရတဲ့ တစ်နေ့မှာတော့….။
Café Brolly ဆိုတဲ့ ဒီ Café ဆိုင်လေးမှာပဲ ကျွန်မနဲ့သူ စတင်ဆုံစည်းခဲ့ကြသလို…
ရှေ့မှာရှိနေတဲ့ ဝိုင်ခွက်တွေကို မမှိတ်မသုန် စိုက်ကြည့်နေကြရင်း…….
"သွန်း… လက်ထပ်တော့မယ် မိုး"
"ဘာ….."
"ခွမ်း…"
ကျွန်မရဲ့ လက်ထဲက သောက်လက်စ ဝိုင်ခွက်က ခြေရင်းမှာ တစ်စစီ ပြန့်ကြဲလျက်…။
"ဟုတ်တယ်…မိုး… မိုးကို သွန်း မပြောပြခဲ့တာ တစ်ခုရှိတယ်… အဲဒါက သွန်းမှာ ချစ်သူရှိတယ် ဆိုတာပဲ… သူက ကိုရီးယားမှာ အလုပ်လုပ်နေတယ်… သူပြန်လာတဲ့အခါ သွန်း တို့လက်ထပ်ဖို့ ရည်ရွယ်ထားတယ်… လကုန်ရင် သူ ပြန်လာတော့မယ်… သူ့မှာ အရှုပ်အရှင်း နည်းနည်းရှိတယ်ကြားလို့ စိတ်ညစ်ခဲ့ရသေးတယ်… ဒါမဲ့ ခု အဲဒါတွေ ပြေလည်သွားပြီ… အဲဒီကိစ္စအတွက် ပြီးခဲ့တဲ့အပတ်က အလုပ်တွေရှုပ်နေခဲ့တာ… မိုး သွန်းရဲ့ မင်္ဂလာပွဲကို ဆက်ဆက်လာပေးပါ"
စကားသံတွေက နားထဲဝင်တစ်ချက် မဝင်တစ်ချက်နဲ့…။ ဘာဆိုဘာမျှ နားမလည်နိုင်တော့…။ ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ပွတ်ရင်း…
"သွန်း ရယ်… မိုး.. မိုး… ဘယ်လိုနားလည်ပေးရမှာလဲ သွန်း ကို… ဟင်…. ဒီကိစ္စ သွန်း မိုးကို ဖုံးထားရက်တယ်… ဒါလား အဖော်ဆိုတာ… ပြောစမ်းပါ သွန်း… သွန်း နားလည်တဲ့ အဖော်ရဲ့ အဓိပ္ပါယ်က ဘာလဲ… မိုး အပေါ်မှာရှိတဲ့ သွန်း ရဲ့ သံယောဇဉ်က လျှို့ဝှက်ချက်တွေနဲ့ပါလားကွာ… မိုး သွန်းကို ဘယ်လောက်ထိ တွယ်တာခဲ့လဲဆိုတာ သွန်း မသိဘူးလား… အခု ဒီကိစ္စကို မိုး…မိုး က ရုတ်တရက် ဘယ်လိုလုပ်ပြီး………."
ကျွန်မ စကားသံ ဆက်ထွက်မလာနိုင်တော့…။ ထိတ်လန့်တကြား ရပ်ခဲ့တဲ့ ခြေအစုံ ဒူးညွတ်ခွေအကျ ဘယ်ဘက်ရင်အုံတစ်ခုလုံး အောင့်တက်လာခဲ့တယ်။
"မိုး ရဲ့ သံယောဇဉ် အနှောင်အဖွဲ့တွေက သွန်း အတွက် တစ်ခါတလေ အနှောင့်အယှက်ဖြစ်စေခဲ့တယ် ဆိုတာရော မိုး.. သိရဲ့လား… ပတ်ဝန်းကျင်ကလည်း သွန်း တို့ကို အမျိုးမျိုးပြောကြတယ်… သွန်း လက်ထပ်ပြီးသွားရင်တော့ အားလုံးရှင်းသွားမှာပါ… သွန်းကို မိုး နားလည်ပေးနိုင်ပါစေ"
ကျောခိုင်းသွားတဲ့ "သွန်း" ကို လှမ်းတားဖို့အင်အား ကျွန်မမှာ လုံးဝရှိမနေခဲ့…။ အနိမ့်အမြင့် မမှန်တော့တဲ့ ရင်အုံကို လက်နဲ့ဖိရင်း မျက်ရည်ကြားကနေသာ လှမ်းကြည့်နေခဲ့မိပါတော့တယ်…။
"တကယ်ဆို ကိုယ်တို့က ရင်ဘတ်ချင်းနီးခဲ့ကြတဲ့သူတွေပါ သွန်း ရယ်… တို့နှစ်ယောက်ကြားက အဖြူရောင်ကြိုးကိုမှ အရောင်ဆိုးချင်သူတွေကို အပြစ်မတင်ချင်ပေမယ့် သွန်း ကိုယ်တိုင်ရော ဘာကြောင့်များ နားမလည်နိုင်ခဲ့တာလဲ..။
ကိုယ့်ဘဝရဲ့ ပျော်ရွှင်မှုတွေ မျှဝေခံစားပေးတဲ့သူ၊ နွေးထွေးမှုတွေ ဖြည့်စွက်ပေးတဲ့သူ အဖြစ် သွန်းကို သံယောဇဉ်တွယ်ခဲ့မိတာ မှားလား… ဒီသံယောဇဉ်တွေကို သွန်းကိုယ်တိုင်ရော ကြည်ဖြူခဲ့တယ် မဟုတ်လား… ခုချိန်မှ ဘာကြောင့်များ အရောင်တွေ ဆိုးပြီး အဆိုးတွေ မြင်သွားရတာလဲ…။
ကိုယ်တို့ ရင်ဘတ်ချင်းနီးခဲ့ကြတယ်ဆိုတာကို ခုချိန်မှာ သွန်း ငြင်းချင်ငြင်းလိုက်နိုင်ပါတယ် သွန်း ရယ်"
ဂျွန်မိုး