Showing posts with label အယ်ဒီတာမှတ်စု. Show all posts

မြန်မာစာပေ မိခင်ကြီး ကွယ်လွန်ခြင်း ၅နှစ်ပြည့်




















လူထုဒေါ်အမာ ဒေါ်အမာ၊ ဒေါ်ဒေါ်၊ အမေ၊ မြန်မာစာပေမိခင် ဟု နာမ်စားအမျိုးမျိုးဖြင့်ခေါ်ဝေါ်ကြသည်။ လူထုဒေါ်အမာကို စာပေချစ်သူများနှင့် စာပေအသိုင်းအ၀ိုင်းတစ်ခုလုံးမှ ချစ်ခင်လေးစားကြပြီး မသိသူမရှိ ထင်ရှားခဲ့သည်။

လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ်ရှိ ပြီဖြစ်သည်။
ယနေ့ ၂၀၁၃ခုနှစ် ဧပြီလ၊ ၇ ရက်နေ့ဆိုလျင် မြန်မာစာပေမိခင်ကြီး ဆုံးပါးကွယ်လွန်ခဲ့သည့် ၅ နှစ်မြောက်ပြည့်ပြီဖြစ်သည်။
ဆရာမကြီးသည် ဂျပန်နိုင်ငံတွင် ပုံနှိပ်ထုတ်ဝေခဲ့ဖူးသော ရွှေမော်ကွန်း မဂ္ဂဇင်း တွင်လည်း အဝေးရောက်သားသမီးများသို့ ခေါင်းစဉ်ဖြင့် စဉ်ဆက်မပြတ် ဆောင်းပါးများရေးသားခဲ့ဖူးသည်။ စာရေးဆရာမကြီး လူထုဒေါ်အမာ၏ စာပေကျေးဇူးကား ကြီးမားလှသည်။ ဆရာမကြီး ကွယ်လွန်သွားသော်လည်း ဆရာမကြီး၏ အမည်ကား မြန်မာစာပေလောကတွင် မွှေးပျံ့သင်းကြိုင်သည့် ပန်းသဇင် ကဲ့သို့ တည်ရှိနေမည်ဖြစ်သည်။ မြန်မာစာပေကို ချစ်ခင်ကြသော လူအများ၏ နှလုံးအိမ်တွင်လည်း ဆရာမကြီးသည် အစဉ်နေရာယူတည်ရှိနေမည်ဖြစ်သလို ဆရာမကြီးလူထုဒေါ်အမာ ရေးသားခဲ့သော စာပေများသည်လည်း အလျှံညီးညီးတောက်ပနေသည့် ဆီးမီးတန်ဆောင်ပမာ မြန်မာစာပေလောကတွင် တည်တံ့နေဦးမည်ဖြစ်တော့သည်။
အမေမာ ကောင်းသောဘုံဝမှာ အေးစက်စွာအနားယူနိုင်ပါစေအမေ
ကမာနီလာ

ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်း ပြန်လည်စတင်



ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်းဆိုဒ်အား ပြုပြင်ရန်အတွက် ခေတ္တရပ်ဆိုင်းထားခဲ့ရာမှ စက်တင်ဘာလ၂ ရက် (စနေ) နေ့မှစတင်၍ ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။


၂၀၁၁ခုနှစ် ၊စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်အဖြစ်လုပ်ဆောင်ခဲ့ပြီး တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်မှ ရွှေဒေါင်းတောင် အွန်လိုင်း မဂ္ဂဇင်းအဖြစ် ပြောင်းလည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ဆိုဒ်ပြန်လည်စတင်လည်ပတ်နေသော်လည်း ယခင်ပို့စ်အဟောင်းများ နေရာမကျသေးခြင်းကြောင့် စာဖတ်သူများအတွက် စိတ်တစ်စုံတစ်ရာအနှောင့်အယှက်ဖြစ်ခဲ့ရင် ခွင့်လွတ်နားလည်ပေးကြစေလိုပါတယ်။

ပို့စ်အဟောင်းများ နေရာပြန်ချရင်း ပို့စ်အသစ်များကိုလည်း တင်သွားပေးသွားမည်ဖြစ်ကြောင်းနှင့် ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်းအား စာမူများရေးသားပေးပို့၍ ကူညီပေးခဲ့ကြသော စာရေးဆရာများနှင့် အစဉ်အဆက်မပြတ် လူအား၊ စိတ်ဓာတ်ခွန်အားတို့ဖြင့် အားပေးကူညီခဲ့ကြသူ ညီအကိုမောင်နှမများ အားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်။

ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်း

ရွှေဒေါင်းတောင်၏ နှစ်ဦးဆုမွန်



၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်ကို လွှင့်တင်ခဲ့ကြပါတယ်..။ပြည်ပရောက် စာပေမြတ်နိုးသူများနှင့် ပူးပေါင်းလက်တွဲရင်း ဆက်လက် ရွက်လွှင့် ချီတက်နေလျှက်ပါ..။
မိမိတို့ အွန်လိုင်း စာမျက်နှာမှာ ၂၀၀၇ ခုနှစ် နောက်ပိုင်း အားကောင်း မောင်းသန်ဖြစ်လာသော မြန်မာ့ဘလောဂ် စာမျက်နှာများ၌ စာရေးခြင်းကိုခုံမင် တပ်မက်သည့် ဘလောဂ္ဂါများ၏ စာများ၊ပြည်တွင်း စာပေလောကမှ စာရေးဆရာများ၏ စာပေများကို လေ့လာ ဖတ်ရှု့စရာ နေရာတစ်ခုအဖြစ် ရှိနေစေခြင်းငှာ ရပ်တည်ခဲ့ကြတာပါ။
အွန်လိုင်း စာပန်းခင်း တစ်ခုအဖြစ် ဆင့်ပွားထားခြင်းမျိုးသာဖြစ်ပါတယ်..။ ဥတုရာသီ ချိန်ခါ မညီသော၊ နေရပ်ဋ္ဌာနေ မတူကွဲပြားသည့် စာပေ ချစ်သူများဖြင့် ရသစုံ စီစဉ်တင်ဆက်ခြင်း ဖြစ်ပါ၍ အမှားအယွင်းများ ပါရှိခဲ့သည့် အခါများလည်း ရှိခဲ့မှာပါ။ ထိုအရာမျိုး ရှိခဲ့ခြင်းကိုလည်း စာဖတ်သူတို့ နားလည် ပေးနိုင်မည်ဟု ထင်မြင်မိပါသည်။ မိခင်ဘာသာမြန်မာစာပေ၏ ကဏ္ဍများစွာထဲသို့ အပိုင်းအစလေး တစ်ခုအဖြစ်မြူတစ်မှုံ နှမ်းတစ်စေ့ စာလေးမျှ ကွက်လပ် ဖြည့်စွက်ကာ ပါဝင်ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။
ရွှေဒေါင်းတောင်၏ စာဖတ် ပရိတ်သတ်များ၊ ဝိုင်းဝန်းကူညီ ကြသည့်ပြည်တွင်းပြည်ပမှ စာရေးဆရာများ၊ ဘလောဂါများ၊ သတင်းဂျာနယ်လစ်များ၊ ဒီဇိုင်းနာများ၊ ကိုးကားခွင်ပြုသည့် မူပိုင်ရှင်များအား ကျေးဇူး အထူးတင်ရှိပါတယ်.။
ဤနှစ်သစ်ကူး မင်္ဂလာရှိသော အခါသမယ၌ အမိမြန်မာပြည်နှင့်အတူ ကမ္ဘာ အရပ်ရပ်မှ မြန်မာပြည်သူ ပြည်သားအပေါင်း ဘေးဘယာ ဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကာ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်စုံနိုင်စေကြောင်း ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်မှ နှစ်ဦး ဆုမွန်အဖြစ် တောင်းဆုမေတ္တာ ပို့သလိုက်ပါတယ်..။


ရွှေဒေါင်းတောင် ဝိုင်းတော်သူ ဝိုင်းတော်သားများ