Showing posts with label အတွေးအမြင်. Show all posts

ဘ၀ဇတ်ခုံပေါ်က မျက်နှာဖုံးများ



လူတို့ နေ့စဉ် ဖြတ်သန်းနေရသော ဘ၀များတွင်  မိမိစိတ်အတွင်းသဘော အစစ်အမှန်မပါဘဲ ရှင်သန်လှုပ်ရှားနေကြရသည်က များသည်။
မိမိ ပင်ကိုယ်စိတ်မပါဘဲ လုပ်ဆောင် ဆက်ဆံနေရသော အရာများအားလုံးအပေါ် ဟန်ဆောင်ရခြင်းသည် ပင်ပမ်းဆင်းရဲလွန်းလှသည်။
မိမိ မနှစ်မြို့ သောသူအား ဟန်ဆောင်၍ ပြုံးပြနှုတ်ဆက် ဆက်ဆံနေရသည်။ မိမိ စိတ်အတွင်းသဏ္ဍန်မှ မပါသော အလုပ်များကို စိတ်လက်မကြည်သာစွာ လုပ်ဆောင်နေရသော်လည်း  စိတ်ပါသယောင် လုပ်ဆောင်နေကြရပြန်သည်။ ထို ပုံစံအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံနေရသော အရာများစွာရှိသော်လည်း  ပင်ကိုယ် စိတ်နှလုံးဖြင့် ဆက်ဆံသော အခွင့်နှင့် အရှိကို အရှိအတိုင်း ဆက်ဆံနိုင်ခွင့်မရှိသော မနုဿ        ကမ္ဘာသည်  စစ်မှန်ခြင်းတို့ ပျောက်ကွယ်၍ မာယာများနှင့်သာ ပြည့်နှက်လျှက်ရှိနေတော့သည်။
နံနက်ခင်း မျက်လုံးနှစ်လုံးပွင့်သည်နှင့် မျက်နှာဖုံးများစွာကို အပြောင်းအလဲလုပ်၍ တပ်ဆင်အသုံးပြုနေကြသည်။ အိပ်စက်အနားယူသည့် အချိန်အခါမှသာ ထို မျက်နှာဖုံးများကို ခွာချခွင့်ရရှိကြပြီး အနားယူခွင့်ကြရတော့သည်။
သင်၏ တစ်နေ့တာအား သင့်စိတ်နှင့် သင့်ကိုယ်ဖြစ်စေပြီး၊ စိတ်ရှိသည့်အတိုင်းသာ နေထိုင်ပြောဆိုဆက်ဆံကြည့်ပါ။ အဆင်မပြေမူများစွာနှင့်သာ ကြုံတွေ့ရသော တစ်နေ့တာကို ဖြတ်သန်း ရင်ဆိုင်ရမည်ဖြစ်သည်ကို တွေ့ရှိရပေလိမ့်မည်။
ဟန်ဆောင်မျက်နှာဖုံးမတတ်ပဲ မကြခဏ နေထိုင်ဆက်ဆံ ပြုမူသောသူတို့အား မိတ်ဆွေတို့မှ စွန့်ခွာခြင်းကို ခံရမည်ဖြစ်ပြီး ရှည်ရှည်သွားပါက သင်သည် ရွာအပြင်သို့ထွက်နေရမည်မှာ အမှန်ပင်ဖြစ်သည်။
အမှန်တရားအား ချစ်မြတ်နိုးပါသလားဟု လူတိုင်းကို မေးကြည့်ပါက အမေးခံရသောလူတိုင်း အမှန်တရားကို ချစ်မြတ်နိုးသည်ဟူ ဖြေဆိုကြမည်ဖြစ်သည်။ ထို ဖြေသောသူသည် အမျိုးသမီးတစ်ဦးဖြစ်ပါက ထိုသူအား သင်တွေ့မြင်ရသော အခြေအနေမှန်ကို ပြောကြည့်ပါ။ ခင်ဗျားအရပ်ကပုလိုက်တာ၊ သွားကခေါလိုက်တာ၊ ရုပ်ဆိုးတယ် မချောဘူး။ ခင်ဗျား အသက်အမှန်က ဘယ်လောက်လည်း?  ထိုအမေးခံရသော အမျိုးသမီးသည် သင်၏မှန်သောစကားများကြောင့် သင့်အား ပါးရိုက်ခြင်းဖြင့်  ဂုဏ်ပြုဆုချခြင်းကို ခံရမည်ဖြစ်ပြီး၊ ရာသက်ပန် မိတ်ဆွေအဖြစ်မှ ရပ်စဲခြင်း အထူးဆုကိုပါ ပူးတွဲရရှိမည်ဖြစ်သည်။
ပေါင်းသင်းဆက်ဆံရေး အဆင်ပြေသည်၊ လူချစ်ခံရသော လူအများစု တို့သည် မာယာတစ်သိန်း မျက်နှာဖုံးများစွာကို ပိုင်ဆိုင်ထားရှိပြီး ထိုသူနှင့်ဆက်ဆံခံရသော သူများ၏ စိတ်အလိုတော်ကျစေမည့် အပြုအမူ၊ အပြောဆိုများကိုသာ ပြောဆိုဆက်ဆံပေးခြင်းများကြောင့် ထိုသူအား လူအများက ချစ်ခင်ကြခြင်းသာ ဖြစ်သည်။
အချုပ်ဆိုရသော် နေ့စဉ်ရှင်သန်လှုပ်ရှားဖြတ်သန်းနေရသော ဘ၀များတွင် မျက်နှာဖုံးများကို တပ်ဆင်ဖို့လိုသည်။ ထိုမျက်နှာဖုံးများအား တပ်ဆင်၍ သင်ရော ကျွန်ုပ်ပါ ဘ၀ဇတ်စင်ပေါ်တွင် လှုပ်ရှားကပြနေရဦးမည်ဖြစ်သည်။ မာယာတစ်သိန်းတစ်သန်းနှင့် မျက်နှာဖုံးများစွာကို အသုံးပြု၍ ကပြအသုံးတော်ခံရင်း ဘ၀ဇတ်ခုံပေါ်တွင် လှလှပပ ဟန်ဆောင်ကပြကြရင်းသာ ခရီးဆက်ကြပါဦးစို့။
ထိရ

သူငယ်ချင်းဆိုတာ



တစ်စုံတစ်ယောက် ဆင်းရဲဒုက္ခကြုံနေရတဲ့အခါ အားပေးမှုပြုပါ။ ကောင်းပါတယ်။
ပိုပြီးကောင်းတာကတော့ သူနဲ့အတူ ဆင်းရဲဒုက္ခကို ဝေမျှခံစားလိုက်ခြင်းပါ။
တစ်ခါတုန်းကပေါ့။ ပူပြင်းလွန်းတဲ့နေရောင်ခြည်အောက်မှာ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားနဲ့ ခင်မင်ကြတဲ့ သူငယ်ချင်းနှစ်ယောက်လမ်းလျှောက်လာကြတယ်။ သူတို့ခြေထောက်အောက်က ကတ္တရာလမ်းမကြီးက နေရောင်ခြည် ကြောင့် ပူခြစ်ပြီး အရည်ပျော်လုမတတ်ဖြစ်နေပြီ။ သူတို့ နင်းလိုက်တိုင်း ပျော့စိစိနဲ့ ခြိုင့်ဝင်သွားမလားအောက်မေ့ရတယ်။ အဲသည်လိုလျှောက်လာကြရင်းနဲ့ တစ်ယောက်ရဲ့ဖိနပ်ဟာ ပြတ်သွားတယ်။ ဒါနဲ့ သူတို့ခဏနားကြပြီး ပြတ်သွားတဲ့ ဖိနပ်လေးကို ပြင်ကြတယ်။ ပြင်စရာပစ္စည်းကိရိယာကအစုံအလင်မရှိဘူးဆိုတော့ ဖြစ်သလိုပြင်လိုက်တဲ့ ဖိနပ်လေးဟာ သိပ်ဝေးဝေးမလျှောက်ရခင်မှာပဲ ထပ်ပြတ်ပြန်တာပေါ့။ ဒီတော့ ဖိနပ်ပြတ်တဲ့တစ်ယောက်က လမ်းလျှောက် ရတာအခက်တွေ့သွားပြီ။ ပြတ်နေတဲ့တစ်ဖက်ကို တရွတ်တိုက်ဆွဲပြီးလျှောက်ပေမယ့်လည်း အဆင်မပြေဘူး။ ခရီးမတွင်ဘူး။ အဆိုးဆုံးကတော့ ခြေတစ်ဖက်လေဖြတ်သွားသလို တောင့်တောင့်တန်းတန်းကြီးနဲ့လျှောက်နေရတာပဲ။ နောက်ဆုံးတော့ သူလက်လျှော့လိုက်တယ်။ ပြတ်သွားတဲ့ ဖိနပ်ကလေးတစ်ဘက်ကို ကောင်းနေတဲ့တစ်ဘက်နဲ့ အတူယှဉ်ပြီး လမ်းဘေးတစ်နေရာမှာ စွန့်ထားခဲ့ရတော့တယ်။ ဒီအခါမှာ ခြေဗလာဖြစ်သွားတဲ့ သူငယ်ချင်းကိုကြည့်ပြီး ကျန်တဲ့သူငယ်ချင်းက သူ့ရဲ့ဖိနပ်အကောင်းကိုယူစီးဖို့ပြောလာတယ်။ နေကလည်း ကျဲကျဲတောက်ပူနေပြီး၊ လမ်းမကလည်း တရှိန်ရှိန်တောက်လောင်နေတဲ့ ကတ္တရာတွေနဲ့။ ဒါပေမယ့် ဖိနပ်ပြတ်သွားတဲ့သူငယ်ချင်းက လက်မခံဘူး။ သူဘာကြောင့် ငြင်းတာလဲဆိုတာကို သူတို့နှစ်ယောက်လုံး အချင်းချင်းသိကြပါတယ်။ ဒီတော့ တစ်ဘက်စီ စီးကြဖို့ပြောပြန်တယ်။ သူတို့နှစ်ယောက် တစ်ယောက်တစ်ဖက်စီးသွားလို့ ဘာထူးမှာလဲလို့ ခြေဗလာနဲ့သူငယ်ချင်းက အပြုံးလေးနဲ့ငြင်းပြန်တယ်။ ဒီတော့ ဖိနပ်စီးထားတဲ့သူငယ်ချင်းက အသာအယာပဲ သူ့ဖိနပ်လေးကိုချွတ်ပြီး လက်နဲ့ကိုင်လိုက်တယ်။ ပြီးတော့ သူကပြောသေးရဲ့။ သူငယ်ချင်းဆိုတာ ဆိုးအတူကောင်းအတူ၊ ဝေမျှရင်ဆိုင်သင့်တယ်တဲ့။
နေက တစ်ရှိန်ရှိန်ပူပြင်းနေတယ်။ လမ်းမမှာ အပူရဲ့အငွေ့တံလျပ်တွေကတစ်ရိပ်ရိပ်။ ကတ္တရာတွေက ပျော့စိစိ။ သူငယ်ချင်းနှစ်ယောက်ကတော့ ရင်ထဲမှာ အေးမြတဲ့မေတ္တာတွေကိုယ်စီနဲ့ တစ်လှမ်းခြင်းလျှောက်နေကြတယ်။ စကားလုံးတွေအများကြီးမလိုပါဘူး။ ဒီလိုမျိုး ဒုက္ခကိုမျှဝေခံစားပေးလိုက်တဲ့အပြုအမူလေးတစ်ခုဟာ ခင်မင်မှု၊ သစ္စာရှိမှု နဲ့ မိတ်ဆွေကောင်းရဲ့ ရဲဘော်ရဲဘက်စိတ်ကို ကျယ်ကျယ်ပြန့်ပြန့်လှစ်ဟပြသွားတာပါ။
သူငယ်ချင်းရေ …
ဒီအဖြစ်အပျက်လေးကနေ ငါသိလိုက်ရတာကတော့ နှုတ်ဖျားကနေ စာနာသနားမှုကိုဖော်ပြတာထက်၊ အားပေးနှစ်သိမ့်မှုကို တစ်ဖွဖွပေးရတာထက် အခုလိုမျှဝေခံစားလိုက်ရတာဟာ ဘာနဲ့မှမတူတဲ့ အားအင်တွေ၊ ကြည်နူးမှုတွေကိုပေးတယ် ဆိုတာပါပဲ။ အတူတူပေါ့ ဆိုတဲ့ငါတို့ပြောနေကျစကားလေးတစ်ခွန်းရှိတယ်လေ။ တစ်ယောက်က ပျော်ရွှင်ရယ်မော နေချိန်မှာ လိုက်ပါပြီးပျော်ရွှင်ရယ်မောပေးလိုက်တာဟာ ကောင်းတဲ့အလုပ်ဖြစ်သလို၊ တစ်ခါတစ်ရံမှာ တစ်ယောက်က ၀မ်းနည်းငိုကြွေးနေတဲ့အခါ နှစ်သိမ့်မှုပေးတဲ့အပြင် လိုက်ပါပြီးငိုကြွေးပေးလိုက်တာဟာလည်း အတိုင်းအတာတစ်ခုထိသက်ရောက်မှုရှိပါတယ်။
သူငယ်ချင်းရေ … ငါ့ကိုရောင့်တက်တယ်တော့မပြောပါနဲ့ကွာ။ တစ်ခွန်းလောက်တော့ထပ်ပြောလိုက်ချင်သေးလို့ပါ။ ငတ်မွတ်နေတဲ့သူတစ်ယောက်ကို ခြွေတာရေးတရားဟောတာဟာ သူ့ကိုစော်ကားတာနဲ့တူတူပဲ။ သူလိုအပ်နေတာ ခြွေတာရေးတရားမဟုတ်ဘူး။ အစာရေစာနဲ့နွေးထွေးလုံခြုံမှုပဲတဲ့။ ငါဖတ်ခဲ့ရဖူးတဲ့စာသားလေးတစ်ခုပေါ့ကွာ။ အဲသည့်လိုပဲ တစ်ချို့ဖြစ်ရပ်တွေမှာလည်း နှစ်သိမ့်အားပေးစကားမဟုတ်ဘဲ မျှဝေခံစားခြင်းကို လိုအပ်ပါတယ်သူငယ်ချင်း။
နီဟိန်းအောင်

အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး (အပိုင်း-၃)


မင်းသာေးလးနှင့် အကျွမ်းဝင်ခြင်း
ပြိုကွဲနာကျင်နေသောနှလုံးသားသည် “အကျွမ်းဝင်ခြင်း” ဟူသောအရာနှင့် ထိတွေ့ရသောအခါ အံ့သြထူးဆန်းမှု တွေနှင့် လောကကို ပိုမိုသိမြင်လာလေသည်။ ဒါကို သိမြင်အောင် ဖြစ်တည်စေခဲ့သည်က မြေခွေးပင်။
“ကျွန်တော် မိတ်ဆွေတွေကို ရှာနေတာပါ၊ ယဉ်ပါးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲဟင်”
“အဲဒါဟာ တစ်ဦးနဲ့ တစ်ဦး အကျွမ်းတ၀င်ဖြစ်အောင် နှောင်ကြိုးဖွဲ့ခြင်းကို ဆိုလိုတာပဲ”
နှောင်ကြိုးဖွဲ့ခြင်း….နှောင်ကြိုးဖွဲ့ခြင်း။ တဖွဖွ ရေရွတ်ရင်း ဂြိုဟ်ငယ်လေးပေါ်မှ သူ၏ ပန်းကလေးကို ပြန်ပြောင်း သတိရလာပြန်သည်။ အမှန်စင်စစ် အကျွမ်းဝင်ခြင်းဖြင့် နှောင်ကြိုးဖွဲ့မှု ပြုခဲ့သည်က သူ ကိုယ်တိုင်ပေပဲ။
“ခင်ဗျား အကျွမ်းတ၀င်နှောင်ကြိုးဖွဲ့ထားတဲ့ အရာအားလုံးအပေါ်မှာ ခင်ဗျားတာဝန်ရှိတယ်”
ပန်းကလေးအပေါ်မှာများ သူ တာဝန်မဲ့ခဲ့လေပြီလား။ ထိုသို့တွေးမိတော့ စိတ်မကောင်းလှစွာ တွေတွေငေးငေး။ အကျွမ်းဝင်ခြင်းကို ပြုမူခဲ့မှတော့ နှောင်ကြိုးဆိုတာ ဖြစ်တည်လာမှာပင်။ မာယာတွေများစေဦး၊ မဟုတ်မမှန်သော စကား ကို ဆိုစေဦး…နေ့စဉ်ရက်ဆက် အကျွမ်းဝင်အောင် ပြုမူခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသော နှောင်ကြိုးတို့ကိုကား သူ မစဉ်း စားခဲ့မိလေပြီလား။ မီးတောင် သုံးခုကိုတောင် အမြဲလိုလို ဆေးကြောသုတ်သင်နိုင်ခဲ့သော မင်းသားလေးသည် နှောင်တွယ် ရှုပ်ငင်သော ကြိုးတို့ကိုကား မရှင်းနိုင်ခဲ့လေပြီ။
မြေခွေးကတော့ သူ့ကို အကျွမ်းတ၀င်ပြုလုပ်ပါဟု တစာစာ တောင်းဆိုနေသည်။ သူ မည်သို့လုပ်ရပါမည်လဲ။ မင်းသားလေး အဖို့ရာ အချိန်က တိုတောင်းလှသည်။ မိတ်ဆွေတွေရှာဖွေဖို့ ဆက်လက်ခရီးထွက်ရပေဦးမည်။ သိနားလည် စရာတွေ ရှာဖွေဖို့လည်း အများသားပင်။ အကျွမ်းဝင်အောင် ပြုမူနေခြင်းဖြင့် အချိန်တွေ မကုန်ဆုံးစေလိုလှပါ။
“လူတစ်ဦးတစ်ယောက်ဟာ မိမိအကျွမ်းတ၀င်ပြုလုပ်ထားတဲ့ အရာကို မိမိသာလျှင် သိနိုင်ပါတယ်၊ လူတွေဟာ ဘာကိုမှ နားလည်သိရှိအောင် ကြိုးစားဖို့ရာ အချိန်မရှိကြတော့ဘူး၊ ဆိုင်မှာ အသင့်ပြုလုပ်ပြီးသားများကိုသာ သူတို့ဝယ်ကြ တယ်၊ ဒါပေမဲ့ ခင်မင်မှုကို ၀ယ်နိုင်တဲ့ဆိုင်တွေကတော့ မရှိပါဘူး၊ ဒီတော့ လူတွေဟာ မိတ်ဆွေကောင်းဆိုတာ မရှိကြတော့ ဘူးပေါ့၊ အကယ်၍ ခင်ဗျား မိတ်ဆွေလိုချင်တယ်ဆိုရင် ကျုပ်ကိုအကျွမ်းတ၀င်ဖြစ်အောင် ပြုလုပ်ပါ”
မိတ်ဆွေတိုးဖို့ အကျွမ်းတ၀င်ပြုခြင်သည်ဟာလည်း လိုအပ်သည်ပါပဲ။ သည့်နှယ် တွေးတောကာ “စကားမပြောပါ နဲ့၊ စကားတွေဟာ အမှားပါတတ်ပါတယ်” “လူတစ်ယောက်ဟာ လုပ်ရိုးလုပ်စဉ်ကိုတိကျအောင်သိရှိနားလည်ထားဖို့ လိုအပ် တယ်” စသဖြင့် မြေခွေး၏ အဆိုစကားများကို လက်ခံလိုကနာပေးကာ နှောင်ကြိုးဖွဲ့ပြီးတော့ အချိန်ကထွက်ခွာရန် ကျ ရောက်ခဲ့ပြီ။
အကျွမ်းဝင်ခြင်း၏ နောက်ကွယ်မှာ နှုတ်ဆက်ထွက်ခွာခြင်းဆိုတာလည်း တဆက်တည်းရှိနေသည်ပဲ။ အကျွမ်းဝင် ခြင်းကို ပိုမိုသိမြင်လာပြီးနောက် မြောက်များလှစွာသော နှင်းဆီပန်းများကိုလည်း သွားရောက်ကြည့်ရှုခဲ့သေးသတဲ့။ ယခု တော့ ထိုပန်းပွင့်ကလေးများသည် လှပရုံမှလွဲပြီး မည်သည့်အရာမှ ရှိမနေကြောင်း သိမြင်လာခဲ့ပြီ။ သူတို့အား မည်သူမှ လည်း အကျွမ်းတ၀င်ဖြစ်အောင် မပြုလုပ်နှင့် ဘာများအဓိပ္ပာယ်ရှိနေပါသနည်း။ အရောင်အသွေးနှင့် ပုံသဏ္ဍန်သာ တူ ကောင်းတူမည်၊ သူ၏ တစ်ပွင့်တည်းသော ပန်းကလေးနှင့် မတူညီခြားနားကြောင်း သူ့နှလုံးသားက သိရှိခဲ့ပြီ။
“မျက်လုံးသည် အရေးကြီးသော အကြောင်းအချက်ကို ဘယ်တော့မှမြင်လိမ့်မည်မဟုတ်ပေ၊ အသည်းနှလုံးနှင့် ခံစားပြီးမှ သာလျှင် အသည်းနှလုံးမှ မှန်ကန်စွာမြင်နိုင်ပေလိမ့်မည်”
မြေခွေးကိုနှုတ်ဆက်အပြီး ရှေ့သို့တူရှုနေသော ခြေလှမ်းများနှင့် အတွေးစကားလုံးတွေကို တဖွဖွရေရွတ်ရင်း ပုံရိပ် တို့က ဝေ့၀ဲနေသည်။
“အရေးကြီးသော အကြောင်းအရာများကို မျက်စိက မမြင်ပါကလား”
“ကျွန်တော်ဟာ ကျွန်တော့်ရဲ့နှင်းဆီပန်းအပေါ်မှာ တာဝန်ရှိတယ်”
******
ဖြတ်သန်းမှု၊ ဦးတည်ရာနှင့်သိမြင်သောနှလုံးသား
မီးရထားအလံချိုးအကူသမားနှင့် တွေ့သောအခါတစ်စီးပြီးတစ်စီး ဆိုက်ရောက်၊ ထွက်ခွာနေကြသည်ကို မင်းသား လေး တွေ့မြင်ရလေသည်။ ဘယ်လို…လူတွေ အစုလိုက်၊ အပြုံလိုက် သုတ်သုတ်ပြာပြာ..။ တစ်ချို့က ညာဘက်၊ တစ်ချို့က ဘယ်ဘက်။ ပြန်လာသူက ပြန်လာ၍ ထွက်ခွာသူတွေက ထွက်ခွာနေကြသည်။ ရောက်ရှိနေရာမှာများ မကေနပ်ကြရော့ ထင်..။
“ဘယ်သူမှ သူတို့ရောက်နေတဲ့ နေရပ်မှာ ရောင့်ရဲတင်းတိမ်မှု မရှိကြပါဘူး”
မီးရထားအလံချိုးသမားသည် အဖြေစကားဆိုနေစဉ်အတွင်းမှာပင် ရထားသည် နောက်တစ်စီးဖြတ်သန်းသွား လျှက်ပင်။ အရပ်မျက်နှာခွဲဖြာဦးတည်လို့ မည်သူက မည်သူ့နောက်ကိုများ လိုက်နေကြပါသည်လဲ။
“ဘယ်သူ့နောက်ကိုမှ သူတို့မလိုက်ကြပါဘူး၊ သူတို့ မီးရထားထဲမှာ အိပ်နေကြတယ်”
“ကလေးတွေသာပဲ သူတို့ ဘာကိုရှာနေတယ်ဆိုတာ သူတို့သိကြတယ်”
“လူတွေဟာ သူတို့ အမြန်ရထားနဲ့သာခရီးသွားနေကြတယ်၊ သူတို့ ဘာကိုရှာဖွေနေတယ်ဆိုတာ သူတို့ဟာ သူတို့ မသိကြဘူး၊ နောက်ပြီး သူတို့ အဆောတလျင် ဟိုပြေး ဒီပြေးနဲ့ အလျင်လိုနေကြပြီး သူတို့စိတ်လှုပ်ရှားနေကြတယ်၊ သူတို့ ချာလည်လည်နေကြတယ်”
ဘာကိုရှာဖွေနေတယ်ဆိုတာ မသိသလို၊ ဘယ်ကိုဦးတည်နေမှန်းလည်း မသိတဲ့ခရီးမှာ မည်သည့်အတွက်များ ပြေးလွှားနေကြရပါလိမ့်။ ဘာလို့များ မောပန်းနွမ်းနယ်လောက်အောင် အလျင်လိုနေကြရတာလဲ။ အဲ့တော့ စိတ်လှုပ်ရှားမှု တွေနဲ့ ပိုမိုမယုတ်လျော့ပေဘူးလား။ အတွေးများ၏အဆုံးမှာ မင်းသားလေး၏ နှလုံးသားသည် လှိုက်မောနာကျင်လာသည်။ သူ ကတော့ ဘာကိုရှာဖွေနေတယ်ဆိုတာ ကောင်းကောင်းသိမြင်ခဲ့သူပင်။ သို့ဆိုလျှင် မည်သည့်နေရာဦးတည်နေသည် ကိုကော…။ အဆုံးအစမဲ့သော ကောင်းကင်ပြင်ကို မော့ကြည့်ရင်း ၀မ်းနည်းစိတ်က မင်းသားလေးတစ်ကိုယ်လုံးကို ရစ်ပတ်လွှမ်းခြုံသွားသည်။
သဲကန္တာရအတွင်းမှ သူ နှင့် စကားပြောဖော်၊ ပြောဖက် လေယာဉ်မောင်းသမား၊ ဂြိုဟ်ငယ်ကလေးမှ ကျန်ခဲ့သော သူ၏ ပန်းကလေး၊ ဘုရင်ကြီး၊ ဘ၀င်မြင့်သောသူ၊ စီးပွားရေးသမး၊ အရက်သမား၊ မီးထွန်းသမား၊ ပထ၀ီဆရာ၊ မြွေ၊ မြေခွေး၊ မီးရထားအလံချိုးသမား…စသဖြင့် သူပအတွေးအာရုံဝယ် ပုံရိပ်တွေသည် တဖျပ်ဖျပ်။ သူ့ အသံတိုင်း လိုက်အော်တတ်သော ပဲ့တင်သံတွေပါသည်။ အကျွမ်းဝင်အောင်ပြုခဲ့ရသည့် ကာလတွေပါသည်။ ဖြတ်သန်းသွားလာခဲ့သော နေရာတွေပါသည်။ ကောင်းကင်သည်လည်းကောင်း၊ ကြယ်တွေသည်လည်းကောင်း၊ သဲကန္တာရသည်လည်းကောင်း တည်ရှိမြဲတည်ရှိလျှက်။ သို့သော် မြင်နိုင်သော နှလုံးသားကအရောင်ကို ပြောင်းစေခဲ့ပြီ။
“ကြယ်တွေဟာ သိပ်လှတာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ မမြင်နိုင်တဲ့ ပန်းတစ်ပွင့်ကြောင့်ပဲ”
“သဲကန္တာရဟာ သိပ်လှတာပဲ”
အလှတရားဆိုတာ စင်စစ်လက်ခံနိုင်သော နှလုံးသားပေါ်မှာသာမူတည်နေတာပါပဲလား။ သူ့ အကြောင်းအရာ တို့ကို သိရှိသူ တစ်ဦးတည်းသော လူသား လေယာဉ်မောင်းသမားအား တိုးညင်းစွာပြောလိုက်သည်။
“ခင်ဗျားသိပါတယ်၊ ကျွန်တော် မြေပေါ်ကို ဆင်းလာတာ နက်ဖြန်ဆိုရင် တစ်နှစ်ပြည့်ပြီ”
*****
အချိန်ဟူသည် ရပ်တန့်ထားနိုင်သောအရာမဟုတ်ရကား ရာသီစက်ဝန်းက တစ်ပတ်လည်၍ မူလနေရာကိုတော့ ပြန်ရောက်လာခဲ့ပြီ။ မင်းသားလေးမျက်နှာသည် ဖြူဖွေးဖျော့တော့ကာ ခြောက်သွေ့နေသည်။ အပြုံးတို့သည် ခပ်ယဲ့ယဲ့မျှ သာရှိလျှက် ရေရာစွာမပီပြင်လှ။ ဂြိုဟ်ပေါ်က စတင်ဆင်းသက်ကာစ နေရာလေးတွင် ခြေစုံရပ်လျှက် အဆုံးအစမဲ့သော ဝေးလံလှသည့်နေရာသို့ ငေးမောကာအတွေးပုံရိပ်တို့ဖြင့် အလေးအနက်ကြည့်နေသည်။ အနက်ရှိုင်းဆုံး ရင်တွင်းတစ်နေ ရာမှ စိမ့်ကနဲနိမ့်ဆင်းသွားခြင်းသည် ကြောက်ရွံမှုပေလား။ ၀မ်းနည်းစိတ်မကောင်းစိတ်ကတော့ တားမရအောင် ဖြစ်လှ သည်။
“သိပ်လည်း ဝေးတယ်…..သိပ်လည်းခက်တယ်”
ငိုကြွေးသံစွက်သောအသံကို ကြားမိလိုက်သလို။
ထိုပူဆွေးဝမ်းနည်းသံသည် နားထောင်နေသူ လေယာဉ်မောင်းသမားထံမှလား၊ ကျွန်မ ထံမှလား။ သိမြင်မှုတို့၏ နိဂုံးမှာ ကွယ်ပျောက်မသွားစေဖို့ အဘယ်အရာကိုတောင်းခံရမည်နည်း။
“လူတိုင်းမှာ ကြယ်တွေ ရှိကြတာပဲ။ ဒါပေမဲ့ ကြယ်တွေဟာ လူအမျိုးမျိုးအတွက် မတူကြဘူးပေါ့”
“ကြယ်လေးတစ်လုံးထဲမှာ ကျွန်တော်ရှိနေမှာပါ၊ ဒီ ကြယ်ထဲမှာ ကျွန်တော်ရယ်နေမယ်၊ ခင်ဗျားညအခါ ကောင်း ကင်ကိုမော့ကြည့်ရင် ကြယ်တွေအားလုံးရယ်နေကြသလို တွေ့ရပါလိမ့်မယ်”
“အချိန်ဟာ ၀မ်းနည်းမှုတွေကို ကုစားနှစ်သိမ့်စေတယ်”
ထိုအခါ ကြယ်တွေသည် ရယ်မောနေကြပါမည်လား မင်းသားလေး။ အရာအားလုံးစွမ်းဆောင်နိုင်သည် ဆိုခဲ့သည့် မြွေသည် ငြိမ်သက်စွာ။ ဂြိုဟ်ငယ်လေးရှိရာ အပြန်လမ်းသည် ဝေးလံလှချည့်။ လေးလံလှသော ခန္ဓာကိုယ်ကို သယ်ဆောင် ခြင်းငှာ မင်းသားလေး မတတ်နိုင်တော့ပါတဲ့။ သူ့နေရာသို့ လျင်မြန်စွာရောက်ရှိသွားနိုင်ဖို့ စွမ်းဆောင်ပေးနိုင်သည့်မြွေသည် စောင့်ဆိုင်းခြင်းအငွေ့ အောက်ဝယ် ငြိမ်သက်လျက်ရှိသည်။
*****
ကန္တာရသည် တစပြင်ပမာ တိတ်ဆိတ်ခြောက်သွေ့သွားသည်။ သို့သော် မျက်စိဖြင့် မြင်တွေ့နိုင်ဖွယ်မရှိသော ဖြစ်တည်မှုအရာတို့က နေရာဝန်းကျင်ဝယ် ယှက်မိုးလို့နေသည်။ကြည်လင်သော ရယ်မောသံကို ကြားလိုက်သလိုရှိ၏။  ထိုအရာသည်…………………….။

"Photo Cerdit:သရုပ်ဖော်ပုံများကို The little prince bookနှင့် ဆက်စပ်နေသော google မှ ရယူထားခြင်းဖြစ်ပါသည်။"

ရွှေအိမ်စည်
15.6.2013
AM:1;12
 

အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး ဆောင်းပါးကို အပိုင်း သုံးပိုင်းခွဲပြီး တင်ပြထားပါသည်။ အပိုင်းတစ်၊ အပိုင်းနှစ်မဖတ်ရသေးသူများအတွက် အောက်ပါ link တွင် အလွယ်တကူဖတ်ရှူနိုင်ရန် အတွက် လင့်များချိတ်ပေးထားပါသည်။
အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး အပိုင်း( ၁ ) Link
အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး (အပိုင်း-၂ )  Link
အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး ( အပိုင်း-၃ ) Link

အမှန်တရား၊ သစ္စာအလှ၊ ပကတိရိုးရှင်းမှုနှင့် မင်းသားလေး (အပိုင်း-၂)

 

မင်းသားလေးစာအုပ်ကို မဖတ်မနေရ အနေအထားမျိုးနှင့် ကျွန်မ စတင်ထိတွေ့ရပါသည်။ ကျွန်မတို့လုပ်ငန်းခွင်သည် လူမှုအဖွဲ့ အစည်းဖြစ်သည့် အလျောက်စိတ်ကို ပြုပြင်လေ့ကျင့်ပေးသည့် အစီအစဉ်များ၊ သင်တန်းများ မကြာခဏကြုံတွေ့ရသည်။ တစ်လတစ်ကြိမ် ပြုလုပ်မြဲဖြစ်သည့် တစ်ခုသောတွေ့ဆုံဆွေးနွေးပွဲတွင် “မင်းသားလေး” ဟူသောခေါင်းစဉ်တစ်ရပ်ကို ဆရာက သယ်ဆောင်လာခဲ့သည်။ ခပ်ပါးပါးစာအုပ်လေးဆယ်အုပ်ခန့်ကို စုဝိုင်းထိုင်နေရာသို့ ဆရာက အသာအယာချလိုက်စဉ် ကျွန်မတို့အားလုံး စူးစမ်းကြည့်ကြသည်။
“အဲ့ဒီ့စာအုပ်ကလေးတွေ တစ်ယောက်တစ်အုပ်ယူသွားပြီး နောက်ဆုံးနေ့မှာ ပြန်ဆွေးနွေးရအောင်”
မလုပ်မနေရ ခေါင်းစဉ်နှင့် အလုပ်သဘောဆန်ဆန်ထိတွေ့ရသောအခါ ကျွန်မတို့အားလုံးစိတ်မပါလှကြပါ။ ကလေးတစ်ယောက် ဂြိုဟ်တစ်ခု၏ အစွန်းတွင်ရပ်လျှက် ကြယ်တာရာတို့ကိုငေးကြည့်နေဟန် ကာတွန်းဆန်သော မျက်နှာဖုံးနှင့် စာအုပ်အပါးလေးကို ကြည့်ရင်း တွေ့ဆုံဆွေးနွေးပွဲနှင့် ဘာဆိုင်သနည်းဟု စိတ်တွင်းမှ စောဒကတက်မိသည်။ ကိုယ့်အလှည့်ရောက်လာ၍ ယူလိုက်ရသည့်တိုင် လုပ်ငန်း ဆိုင်ရာ စာရွက်စာတမ်းများစွာအောက်တွင် ထိုစာအုပ်ငယ်မှာ နစ်မြုပ်မေ့လျော့သွားရသည်။

သတ်မှတ်ရက်ရောက်သော် မဖတ်ရသေးသူ များစွာနှင့် ထိုစာအုပ်ငယ်ပြန်ပါမလာသူ လူကုန်ဖြစ်နေသောအခါ ဆရာ့မျက်နှာမကောင်းပါ။ ခပ်တည်းတည်းကျန်နေသေးသော မျှော်လင့် ချက်ဖြင့် “စာအုပ်ကလေးဖတ်ဖြစ်ကြတယ်မလား” ဟုမေးသောအခါ အားတုံ့အားနာဖြင့် ကျွန်မတို့ခေါင်းယမ်းကြရသည်။
ပိုပျက်သွားသောမျက်နှာဖြင့် ဆရာတစ်ခဏငြိမ်သက်သွားစဉ် ၀န်ထုပ်တစ်ခုပေါ့ပြီဟု မပျော်သင့်စွာ ပျော်မိခဲ့သေးသည်။ သို့ပေမယ့် ထိုဆရာဖြစ်သူမှာ အလွယ်တကူလက်လျော့သူ မဟုတ်လင့်ကစား၊ ရုံးစာအုပ်စင်အဖြစ် ထားရှိသော ကျန်ရှိသည့် မင်းသားလေးစာအုပ် တစ်အုပ်ကို ယူစေ၍ စာမျက်နှာအလိုက် ဆယ်စုခွဲကာ မိတ္တူဆွဲစေသည်။ ကိုယ့်လက်ထဲ ရောက်ရှိလာသည့် အခန်းအပိုင်းအစမိတ္တူစာရွက် ကလေးကို အားလပ်ချိန်ပေး၍ ဖတ်စေကာ အလုပ်တာဝန်များအပြီး ညပိုင်းအချိန်တစ်ခုယူ၍ ဆွေးနွေးရမည် ယတိပြတ်ဆိုသောအခါ ကျွန်မ တို့တွေ ရယ်ချင်စိတ်များနှင့် လက်ခံရတော့သည်။
ပြန်လည်တင်ပြဆွေးနွေးရမည်ဆိုသောအခါ ဂရုတစိုက်နှင့် ဖတ်ကြရပါသည်။ ထိုအခါ စိတ်ကူးယဉ်ပုံစံဖြင့် ရိုးစင်းသော ဇာတ်လမ်း ကလေး ဖြစ်သော်လည်း ကျင်လည်လှုပ်ရှားရာ လူသားကမ္ဘာအတွင်း မှ ဖြစ်   လေ့ဖြစ်ထ၊ ရှိနေကြသော အတ္တ၊ မာန်မာန၊ ဖုံးကွယ် ဟန်ဆောင်မှု စရိုက်၊ သဘောသဘာဝတို့ကို ဖော်ပြ ထားသည်ကို တဖြေးဖြေးမြင်တွေ့လာရသည်။ ကလေးငယ် ၏ ရိုးသားသော စကား၊ အပြုအမူများမှ နက်နဲ သိမ်မွေ့သော အတွေးအခေါ်များကို သိရှိခံစားမိလာသည်။ ကိုယ် ရရှိသော မိတ္တူ စာရွက်ကလေးသာမက တစ်ပါးသူ များ၏ မိတ္တူစာရွက် များ ကိုပါ ထိုနေ့အဖို့ လိုက်လံငှားရမ်းဖတ်ရှုမိတော့သည်။
ထိုဆွေးနွေးပွဲနောက်ပိုင်း ဆရာဖြစ်သူနှင့် ကျွန်မ မကြာခဏစကားပြောဖြစ်သည်။ အထူး သဖြင့် ကျွန်မ စိတ်တွင်း မှ လိပ်ခဲ တည်း လည်းအဖုအထစ်များ၊ညှိုးရော်မှေးမှိန်နေသော ဘ၀အနာဂတ် များ၊ နှစ်ခြိုက်လက်ခံနိုင်ခြင်းမရှိသော အချို့သော သိမြင်မှုများ… ထို အရာတွေ သည် စကားလုံးများအလယ် မှာ တဖြေးဖြေးပြေလျော့ညင်သာလာသည်ကို သိရှိခံစား ခဲ့ရသည်။ ဘ၀တွင် ပတ်သတ်ခဲ့ဖူးသည့် လူတစ်     ယောက်ကြောင့် ဇင်ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့်အချို့သော ဘ၀င်မကျမှုဒဿနများ သည်  ယောဂ   နေ့စဉ်ကျင့်ကာ စာပေ ကျွမ်းကျင်နှံ့စပ်မှု ရှိလှသည့် ဆရာနှင့် စကားပြောပြီးသည်တွင် အဆင်ပြေချောမွေ့ သွားရ သည်။ အကြောင်းအရာတစ်ခုတည်းအပေါ်မှာပင် Three Dimension ဟူသော သဘောတရားကို ကျွန်မ သိမြင်လာသည်။ ဘာသာရပ်တစ်ခုသို့ Positive အမြင်နှင့် Negative အမြင် ချဉ်း ကပ်ပုံ ချဉ်းကပ် နည်း ကွာခြားသည်နှင့် အမျှ ခံစားသိမြင် နားလည်နိုင်မှုတွေ ကွဲပြားသွားနိုင်ကြောင်း ကျွန်မမြင်တွေ့နိုင်ခဲ့ သည်။
မင်းသားလေးမှ အစပြုခဲ့ရသော သိမြင်မှုနှလုံးသားအတွက် မင်းသားလေးကို ပိုလို့ချစ်ခင်လာခဲ့ သည်။ မင်းသားလေး ကို နှစ်ကာလ အနည်းငယ်ကြာ ကိုယ်ပိုင်အဖြစ်သာ သိမ်းဆည်းထားမိလျှက် ဒါကို ဖန်တီးခံစား အသက်သွင်းရန် ကျွန်မ စိတ်ကူး မပေါ်ခဲ့ပါ။ သို့သော် မင်းသားလေးစာအုပ်နှယ် ကျွန်မ နှလုံး သား ကို နွေးထွေးစေကာ၊ ငြိမ်းချမ်းသော စိတ်ခံစားမှုကို ရရှိစေသည့် သူများနှင့် ကြုံတွေ့မိသောအခါ ကျွန်မ ၏ ခံစားသိရှိမှုတွေကို အသက်သွင်းဖန်တီးလိုစိတ် ပေါ်ပေါက်လာသည်။ ကျွန်မ၏ ဆရာများ ကို ချစ်ခင်စွာ ဂါရ၀ပြုခြင်းလည်း မည်ပါ သည်။ ကျွန်မ ရရှိခဲ့သော အလင်းရောင်၊ ကြည်လင်သော အတွေးပုံရိပ်၊ လောက သဘာဝ ကို ပကတိရိုးရှင်းစွာ မြင်တွေ့မှုများအတွက် သံသရာ ၀ဲဂယက်အတွင်းမှ ဆေးတစ်စက် ဘ၀ တစ်ခု ၀ယ် ကျွန်မ တတ်စွမ်းသော အနုပညာကလေးဖြင့် ရိုသေစွာကျေးဇူးဆပ်ခြင်းလည်း မည်ပါသည်။
ကျွန်မ ပြင်သစ်ဘာသာကို တတ်ကျွမ်းသူတစ်ယောက်မဟုတ်ခဲ့ပါ။ သို့အတွက် ‘မင်းသားလေး’ ကို ပြင်သစ်ဘာသာမှ တိုက်ရိုက်ပြန် ဆိုသော စာတစ်ပုဒ်မဖြစ်ခဲ့ပါ။ ဒေါက်တာခင်လေးမြင့် ပြန်ဆိုထားသော ‘မင်းသားလေး’ ကိုပင် ကျွန်မ အမြင်ဖြင့် ခံစားရှုမြင်ခြင်းသာဖြစ်သည်။ မင်းသားလေးသည် လူသားတို့၏ အတ္တမာနတရား၊ လောကသဘာဝကို ကလေးငယ်တစ်ယောက်၏ ရှုထောင့်ဖြင့် အရှိအတိုင်းရှုမြင်သည်။ ကျွန်မ က စကြ၀ဠာအတွင်းမှ ရိုးသားလွန်းစွာသော မင်းသားလေးကို ကျွန်မအမြင်၊ ကျွန်မ ခံစားမှုဖြင့် ခံစားသက်ဝင်ခြင်းပင်ဖြစ်သည်။ မည်မျှ အံ့ချီးဖွယ်ရာဟူ၍ မင်းသားလေးအား ရီဗျူးရေးသားထားခြင်းလည်း မဟုတ်ပါ။ မင်းသားလေးသည် စိတ်ကူးယဉ်ဇာတ်လမ်း၊ တင်စားဖော်ညွှန်း ထားသော ဇာတ်ကောင်လေးများဖြင့် ဖွဲ့စည်းအပ်သော ရိုးစင်းသော ဇာတ်လမ်းကလေးသာဖြစ်ပါသည်။
မင်းသားလေး အနီးသို့ ကျွန်မ ချဉ်းကပ်ခြင်းသည် စာတစ်ပုဒ်အနီးသို့ ချဉ်းကပ်ခြင်းနှင့် မတူပါ။ သူ၏ အမှန်တရားနှင့် သစ္စာအလှကို ကျွန်မ နားလည်သိမြင်နိုင်သော နှလုံးသားဖြင့်သာ အရင်းအတိုင်းချဉ်းကပ်ခဲ့ခြင်းသာ ဖြစ်သည်။ သူသည် နေ၀င်ချိန် ကို ငေးကြည့်သည် ဆိုပါစို့။ ကျွန်မက နေ၀င်ချိန်နှင့် နေ၀င်ချိန်ကို ငေးနေသော မင်းသားလေးကိုပါ သိမ်းကြုံးငေးကြည့်ခြင်းဖြစ် သည်။ ကျွန်မ အမြင်၊ ကျွန်မ ခံစားမှု ရှုထောင့်မှ ရိုးရိုးလေး မြင်တွေ့ခြင်းသာ ဖြစ်ပါသည်။
******************
(၂)
မင်းသားလေးနှင့် ချစ်ခြင်းမေတ္တာ
‘လူတို့သည် အရာတစ်ခုကို ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိခြင်း၊ သူ မတူခြင်း အကြောင်းတစ်ခုတည်းကြောင့် ချစ်ခင်စွဲလန်းခြင်းမဟုတ်။ မိမိစွဲလန်းခြင်းကြောင့် ယင်းအရာသည် သူမတူရခြင်းဖြစ်ပေသည်။’
M.DIDIER MAULE
Cultural Attache
Embassy of France
‘ ဒါ ပန်းပွင့်ကလေးတစ်ပွင့်ပါ’
‘ဟုတ်တယ်…ဒါပေမယ့် ကျွန်တော့်ရဲ့ပန်းပွင့်ကလေး ဖြစ်တယ်’
Photo Cerdit: favim.com/

မင်းသားလေး၏ တစ်ခုတည်းသော ပန်းကလေးအကြောင်း တစ်မနက်ခင်းမှာ ကျွန်မ မြင်တွေ့ခွင့် ရခဲ့သည်။ သူ သည် စိတ်လှုပ်ရှား တုန်ယင်နေသော အသွင်ဖြင့် မက်လင်ပင်မျိုးစေ့မှ လာဟန်တူသော ပန်း ကလေးကို ချစ်ခင်ယုယစွာ ရေလောင်း ပေါင်းသင်နေ သည်။ ကျွန်မ အမြင်တွင် မည်သို့မှ မထူးခြားသော သာမာန်ပန်းပွင့်ကလေးမျှသာပင်။ ချစ်ခင်ယုယမှုကြောင့် နိုးထရှင်သန်လာသော ပန်းကလေးမှာ ဟန်ပန် မူယာကြွယ်ကြွယ်ဖြင့် လောကကို နှုတ်ခွန်းဆက်ကာ အပေါ်ယံအလွှာဝတ်ရုံကို ဖုံးအုပ်လို့နေသည်။ မင်းသားလေး၏ ဖြူစင်မှုသည် သနား စဖွယ်…။ ရိုးသားစွာချစ်ခင်ခြင်းကို မထိုက်တန်သည့် မာယာလွှမ်း သဘာဝပေလား။   ဘေးလူက ကရုဏာသက်နေပေမယ့် မင်းသားလေး ကတော့ မမောမပန်းချစ်စိတ်တွေ တလက် လက်ဖြင့် ချစ်ခင်ယုယနေသေးသည်။ ရှေ့စကား၊ နောက်စကား အမြီးအမောက် မတည့်လှသော ပန်းကလေး ၏ စကားများအောက်ဝယ် မင်းသားလေးခမျာ လူးလာခေါက်တုံ့။
ကိုယ်ထင်လျှင် ခုတင်တောင်ရွှေနန်းပေ မဟုတ်လား။ စိတ်၏အလိုဆန္ဒစွဲလန်းခြင်းက အင်အားကြီးမားသည့်အခါ အပြစ် ဟူသမျှ မြူမှုန်တောင် မမြင်နိုင်သည်မှာ သဘာဝကျပါသည်။ ထိုပန်းပွင့် မျိုး ကမ္ဘာပေါ်တွင် မြောက်မြားစွာ ရှိကောင်းရှိနေပါမည်။ သို့သော် မင်းသား လေးအတွက်တော့ တစ်ပွင့် တည်းသော ချစ်ခင်ယုယဖွယ် ပန်းကလေးဖြစ်သည်။ သူမတူအောင် ပြိုင်ဘက် ကင်းသော အလှပိုင်ရှင်ကလေး လည်း ဖြစ်သည်။
သို့ပေမယ့် စွဲလန်းခြင်းဟူသည် ဒီရေအတက်အကျရှိစမြဲဖြစ်ရာ ‘သူ့ စကားတွေကို နားမထောင်ခဲ့ရင် အကောင်းသား’ ဟု မင်းသား လေး ညည်းညူစပြုလာသည်။
‘လူတွေဟာ ပန်းတွေရဲ့ စကားကို ဘယ်တော့မှ နားထောင်ဖို့ မသင့်ဘူး။ လူတွေဟာ သူတို့ရဲ့အလှတွေ ကိုသာ ငေးမောကြည့်ရှုပြီး သူတို့ရဲ့ရနံ့ကိုသာ ရှုရှိုက်နေဖို့ကောင်းတယ်’
အလိုဆန္ဒများတွင် သံသယဖြစ်တည်လာသော မင်းသားလေး၏ ခံစားချက်များပင်။ မွှေးရနံ့နှင့် ပွင့်ဖတ်လွှာနုနုလေးများ ကို နှစ်သက် မြတ်နိုးမိနေမှတော့ သူ့စကားကိုလည်း နားထောင်ရမည်သာ။ မယုံကြည်ခြင်း သံသယတွေနှင့် မင်းသားလေးကို သနားကြင်နာစွာ နှစ်သိမ့်ရန် သူ့ကို ပွေငင်သည်။ သို့သော် သူ သည် ပကတိတည်ရှိမနေ။ သံယောဇဉ်၊ အချစ်၊ မေတ္တာ၏   ပြယုဂ်များအောက် ၀ယ် မင်းသားလေးနှင့် ပန်း ကလေးသည် အခိုးအငွေ့များလို ဝေ့ဝေ့၀ဲဝဲ။
‘ကျွန်တော် အကြောင်းအရာတွေကို ဘယ်လို နားလည်ရမယ်ဆိုတာကို မသိဘူး၊ ကျွန်တော် သူ ပြော တာတွေကို နားထောင်ပြီး ဝေဖန်သုံးသပ်ခြင်း မပြုလုပ်ဘဲ အမူအယာ၊ အပြုအမူတွေဖြင့်သာ အကဲခတ် ဖို့ကောင်းပါတယ်’
တိုင်းတာရန်ခက်သည့် သံယောဇဉ်၊ ကောက်ချက်ချရန်ခက်သည့် ချစ်ခြင်းမေတ္တာတွေတွင်နားတစ်စုံ ထက်မက လိုအပ်လှသည်။ လူသား၏ ကူးလူးဆက်ဆံမှုများ၌သွင်ပြင်၊ ဟန်ပန်နှင့် အပြောအဆို မည်သည့် အရာက ယုံကြည်မှုကို ဦးဆောင်နေသနည်း။ ချိုသာစွာ ပြော ဆိုမှုတိုင်း ယုံကြည်ရန်မသင့်သလို၊ ခက်ထန် မပြေပြစ်မှုတိုင်းကိုလည်း လျစ်လျူရှု ရှောင်ဖယ်ရန် သင့်ပါမည်လား။ အမြင်တစ်မျိုးတည်းဖြင့် ကောက်ချက် ချ မစောသင့်လှပါပေ။ ကျွန်မတို့မှာ ကြားနာနိုင်သော နားတစ်စုံရှိသည်ဟူလျှင် မြင်နိုင်သော မျက်ဝန်း တစ်စုံ ရှိသလို၊ ခံစား သိမြင် နိုင်သော နှလုံးသားလည်း ရှိကြပါသည်။ မိမိလက်ခံသိမြင်သော အမြင်၌ ကြည်လင်   သော နှလုံးသားထပ်တူပါလာဖို့သာ အရေးကြီး လှသည်။
*************
(၃)
ပေါက်ကွဲတတ်သော မီးတောင်များ
မူယာ၊ မာယာကြွယ်လှသော ပန်းကလေးကို စွန့်ခွာသွားရန် မင်းသားလေး အားထုတ်ပြန်သတဲ့။ ဒါကို လွတ်မြောက်ခြင်း ဟု ခေါင်း စဉ်တပ်ရလေမည်လား။ နွံ ဟု သတ်မှတ်လျှင်တော့ တပ်၍ရသည်ပင်။ လူတိုင်း, လူတိုင်းဟာ ကိုယ့်နွံထဲမှ ကိုယ် လွတ်မြောက်အောင် ရုန်းနိုင် ဖို့ အစွမ်းသတ္တိရှိကြသည်ချည်းဖြစ်သည်။   ပြင်းပြသော စိတ်ဓာတ်နှင့် သေချာခိုင်မာသော ဆုံးဖြတ် ချက်တော့ လိုမည်။
ထွက်ခွာမည် ဟန်ပြင်တော့ သူ့ ဂြိုဟ်ကလေးကို ရှင်းလင်းဖို့ရာ လိုလာသည်။ အထူးသဖြင့် လှုပ်ရှား   ပေါက်ကွဲလျှက် ရှိသော မီးတောင်နှစ်ခု။ သူ သည် ထိုမီးတောင်နှစ်ခုကို သေချာစွာ သုတ်သင်ရှင်းလင်း ခဲ့ သည်။ မီးတောင်တို့ကို ရှင်းလင်းဖို့ဆိုတာ လွယ်ကူသည့် ကိစ္စမှမဟုတ် ပေပဲ။ မီးတောင်၏ အလျှံငြီးငြီး အပူရှိန်ကို သူနာကျင်စွာခံစားခဲ့ရပေမည်။ သို့ပေမယ့် ထိုကဲ့သို့ သုတ်သင်ရှင်းလင်းမှုက မီးတောင်၏ လောင် ကျွမ်းမှုကို ဖြေးညင်းညင်သာမှုသို့ သက်ရောက်အကျိုးရှိစေသည်။ ပေါက်ကွဲမှု   ဖြစ်စေတော့မည် မဟုတ်ပေ။

 ‘ဘယ်  သူ  မှ  မ  သိ နိုင်  ဘူး’
ထိုသို့ ရေရွတ်ရင်း သေနေသော မီးတောင်တစ်ခုကိုပါ ရှင်းလင်းပစ်လိုက်သည်။ ယခုတော့ မင်းသား   လေးသည် မီးတောင်သုံးခုလုံး သေသပ်ကျနစွာ သုတ်သင်ရှင်းလင်းပြီးသွားပြီ။
သူ့ကဲ့သို့ မီးတောင်တို့ကို စနစ်တကျရှင်းလင်းထားနိုင်ခြင်း မရှိ၍ ကျွန်မတို့ ဘ၀တွေမှာ မကြာခဏ   ပေါက်ကွဲခြင်းကို ကြုံတွေ့ကြရ သည်။ ပြင်းအားအနည်းအများအလိုက် ဘ၀အထွေထွေကို ပူပြင်းလောင်   မြိုက်စေသည်။ သေနေသော မီးတောင်သည်လည်း မသိလိုက်, မသိ ဘာသာဖြင့် ပေါက်ကွဲ သွားစေတတ်   ကြောင်း မေ့လျော့နေတတ်ကြသည်။ ဘ၀၀ဲဂယက် တွင် လူသားသည် သေးငယ်မှုန်ဝါးလှသော အပိုင်း အစလေးများသာ ဖြစ်သည်။ ဆထက်ထမ်းပိုး ကြီးမာလာသော မီးတောင်ကြီးတွေကို ဘယ်လိုအင်အားနှင့် ကျွန်မတို့တွေ နှိမ်နင်း ရှင်းလင်း နိုင်မှာပါလိမ့်..။ စနစ်တကျ သေချာစွာရှင်းလင်းထားမှသာ တငွေ့ငွေ့လောင်   သော အပူဒဏ်ဖြင့်သာ ပေါက်ကွဲခြင်းကို လျော့ပါး စေပါလိမ့်မည်။
ပန်းကလေးကို နောက်ဆုံးအကြိမ် ယုယခြင်း….မင်းသားလေးမျက်နှာဝယ် ကြေကွဲရိပ်တို့ မဖုံးနိုင်စွာ ဆွေးဆွေးမြည့်မြည့် ထင်ဟပ် လာသည်။ သူ ချစ်ခင်နှစ်သက်သည့် ပန်းကလေးပေပဲ။ သူ့ ဘ၀အတွက် တစ်ပွင့်တည်းသော ပန်းပွင့်ကလေးပေပဲ။
နောက်ဆုံးအကြိမ်မှာ မာယာတွေကြွယ်မနေတော့သည့် ပန်းကလေး၏ အပြုအမူအတွ့က် မင်းသားလေးခမျာ အံ့အားတသင့်။ ချစ်ခြင်း မေတ္တာဟူသည့် အမည်နာမမှာ တချို့မာယာတွေ ဖုံးကွယ်နေတတ်ကြောင်း မင်းသားလေးမှ မသိခဲ့သေး တာပဲ။ မာယာအလွှာကွာကျ သွား တော့ ပန်းကလေး၏ ပကတိအလှက ရိုးရှင်းကြည်လင်စွာ။ ပကာသနတွေလည်း မလိုအပ်တော့ ဘူး ပြောရဲ့။ ဒါကို စောစောက သိခွင့် ရလျှင် မင်းသားလေး ခမျာမ၀မ်းမြောက်ရပေဘူးလား။ အချိန်ကတော့ လွန်ခဲ့ပြီ..။

‘ဟုတ်တယ်၊ ရှင့်ကို ကျွန်မ ချစ်တယ်’
‘ရှင် ဒါကို တစ်ချိန်လုံး မသိတာ ကျွန်မ အပြစ်ပါပဲ၊ ဒါလည်း လုံးဝအရေးမကြီးပါဘူး။ ဒါပေမယ့် ရှင်ဟာ ကျွန်မ လိုပဲ မိုက်တာပဲ၊ ပျော်ပျော်ရွှင်ရွှင်သာနေပါ။ ဒီပေါင်းချောင်လေးလည်း ဒီလိုပဲ ရှိပါစေတော့၊ ကျွန်မ မလိုချင်တော့ဘူး’
ပန်းကလေးက သူ့ ငိုကြွေးမှုကို မမြင်တွေ့စေလိုသည့်အလား ‘ရှင် ထွက်သွားပါတော့’။ သံယောဇဉ်ကို လှစ်ဟပြပြီး သည့်နောက် အရှက်သည်းစွာ မာနနှင့် ဖုံးကွယ်ချင်နေသေးသည်။ အချိန်လွန်မှ ငိုကြွေးခြင်း သည် မြင်တွေ့ရလျှင်လည်း နာကျင်ခြင်းမှအပ ဘာမှ ဖြစ်တည် မလာ၍ ဒါ ဖြစ်တော့ ဖြစ်သင့်သည်ပင်။
မည်သို့ဆိုစေ ပြုလုပ်သင့်သည်များ ဆောင်ရွက်ပြီးစီးခဲ့၍ ထွက်ခွာရန်ခရီးက မင်းသားလေးရှေ့တွင် ဆီးကြိုစောင့်ငင် သည်။ နှုတ်ဆက် ထွက်ခွာရမည်ကို ဘယ်သူ မနာကျင်ရှိပါ့မလဲ။ မင်းသားလေး ခြေလှမ်းတို့ တုံ့ဆိုင်းဆိုင်း…။
သို့သော် ခရီးကတော့ အစ, ပြုခဲ့ပြီ။
*******
(၄)
ထူးဆန်းဖွယ်ရာ လူကြီးသူမများ

ခရီးလမ်းတလျှောက် သူ တွေ့ရှိရသောအရာများအတွက် မင်းသားလေးမှာ အံ့အားသင့်လို့ပဲနေသည်
ရာဇမာန် ရှလှသည့် ဘုရင်တစ်ပါးနှင့် တွေ့ခဲ့ရဲ့။ အပြုအမူ၊ ဟန်ပန်တွေအတွက် ကျုံ့နိုင်၊ ဆန့်နိုင်သော အမိန့်အာဏာဆိုတာ ဘုရင် တစ်ပါးမှာ ရှိကိုရှိနေရမည့်အ ရာပေလား။ သူ့ အာဏာတည်တံ့စေလိုသော အလိုဆန္ဒနှင့် သူ့ နှုတ်ထွက်စကား ဘာမဆိုဖြစ် စေရမည်တဲ့။
ဘာမဆို…..။ ဘာမဆို ဟူသည် နေ၀င်ချိန်၊ နေထွက်ချိန်များကိုပါ ဖန်တီးပေးနိုင်ပါသလား။ နေ၀င်ချိန်တွေကို ခုံလှည့်ထိုင်ရုံနှင့် မြင်တွေ့ရသည့် စွန့်လွှတ်ခဲ့သော ဂြိုဟ်ကလေးကို လွမ်းဆွတ်စွာ ဆွတ်ပျံ့ပျံ့။ လှိုက်မောစရာကောင်းသည့် နေ၀င်ချိန်တွေကို “ဘာမဆို” ဘုရင်ကြီးကများ ပေးစွမ်းနိုင်ခဲ့မည်ဆိုလျှင်။ သူ၏ အမိန့်အာဏာအောက်မှာ နေ၀င်ချိန်သည် ဘွားကနဲပေါ်လာရရင်ဖြင့် သူ ဆိုခဲ့သလို “အားလုံးကို အုပ်ချုပ်နေတယ်” ဟု ယုံကြည်ရမည်သာ။
“ကျွန်တော် နေ၀င်ချိန်ကို ကြည့်ချင်ပါတယ်။ ကျွန်တော် စိတ်ချမ်းသာစေရန် သနားညှာတာသောအားဖြင့် နေကို ၀င်ဖို့ အမိန့် ပေး, ပေးပါ”

ဒါက အမိန့်အာဏာဖြင့် စေခိုင်း၍မရကြောင်း ဥပမာတို့ဖြင့် ဘုရင်ကြီးဖြေရှင်းရရဲ့။ သူ ပိုင်တဲ့ည ဂြိုဟ်ကလေးကို ရောက်လာတဲ့ တစ်ဦးတည်းသော လူသားလေးကို လက်မလွတ်နိုင်ရှာ။ အမိန့်ဆိုတာတွေ ထွက်ရှိလာနိုင်ဖို့၊ ဘုရင်တစ်ပါး ဆိုတဲ့ အဆောင်အယောင်တွေ ပိုမိုတောက်ပဖို့ဆိုတာ လွှမ်းထားသည့် ၀တ်ရုံ၊ ထိုင်နေသည့် ကုလားထိုင်တစ်လုံးနှင့်သာ ပြီးပြည့်စုံတာမှ မဟုတ်သည်ပဲလေ။ သူ ချီးမြှောက်စရာ၊ သူ့ အမိန့်အာဏာတွေကို သဘောကျနှစ်ခြိုက်စွာ ရှိနေပေးမည့် လူသားလေးတစ်ဦးတော့ လိုကို လိုအပ်လှသည်သာ။
“လူတစ်ဦးတစ်ယောက်ကို သူ လုပ်နိုင်တဲ့ တာဝန်အလုပ်ဝတ္တရားကိုပဲ လုပ်ခိုင်းရမယ်၊ လက်ခံလိုက်တဲ့ တာဝန်အလုပ်ဝတ္တရားဟာ အဓိပ္ပာယ်ရှိပြီး စဉ်းစားဆင်ခြင်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်ရမည့် အလုပ်မျိုးသာ ဖြစ်ရပေမယ်”
သူ့ရဲ့အမိန့်အာဏာဟာ အဓိပ္ပာယ်ရှိ မှန်ကန်နည်းလမ်းကျကြောင်း ထပ်လောင်းအတည်ပြုကာ မင်းသားလေး၏ ချစ်ခင်ယုံကြည်မှုကိုရရှိဖို့ နေ၀င်ချိန်ပြနိုင်ဖို့၊ နေ့ရက်တွေကို တွက်ချက်နေပြန်သည်။ စိတ်ပျက်ငြီးငွေ့သော အရိပ်အယောင် တို့ မင်းသားလေးမျက်နှာဝယ် အထင်း သား။ သူ့မျက်နှာ နုနုလေးဝယ် ထွက်ခွာသွားရန် စိတ်စောမှုတို့ဖြင့်သာ….။
“မင်း မသွားပါနဲ့”
မည်သူတစ်ဦးတစ်ယောက်မျှ မရှိလေသည့် ဂြိုဟ်ငယ်လေးမှာ “တရားရေးဝန်ကြီး” ခန့်အပ်မည်ဆိုတာ ရယ်စရာ မကောင်းပေဘူး လား။ ဘုရင်ကြီး အတွက်ကတော့ မက်မောစရာဖြစ်အောင် ဆွဲဆောင်ပေးလိုက်တာပင်။ ဘယ်အရာမှ မရှိသည့်နေရာမှာ ဘာတွေကို တရား စီရင်ရမှာပါလိမ့်။
“ဘယ်သူမှ မရှိရင် မင်းကိုယ်မင်း ပြန်ပြီး တရားစီရင်ပေါ့၊ ဒါ ဟာ အခက်ခဲဆုံးပဲ မဟုတ်လား။ အခြားသူတွေကို စစ်ဆေး ဝေဖန်တာထက် ကိုယ့်ကိုကိုယ် ဝေဖန်စစ်ဆေးတာဟာ အခက်ခဲဆုံးပဲ မဟုတ်လား။ တကယ်လို့ ကိုယ့်ကို ကိုယ် မှန်မှန်ကန်ကန ဆန်းစစ် ဝေဖန်တတ်တဲ့သူဟာ ဥာဏ်ပညာရှိတဲ့ တကယ့်ပညာရှင်ပဲ”
မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ရာက မင်းသားလေးအတွက် နေရာဌာန၊ နာမည်တပ်ထားသည့် အဆောင် အ ယောင်တွေ မလိုအပ်လှပါ။ ဘယ်အတွက်ကြောင့် အမိန့်အာဏာတွေ၊ အခြံအရံရှိခြင်းကို မက်မောတမ်းတနေရပါသလဲ ဘုရင်ကြီး။ “ဆိုခဲစေ၊ မြဲခဲစေ” ခိုင်မာတိကျ မှန်ကန်လိုလျှင် တမဟုတ်ချင်း ထွက်ခွာစေ အမိန့်ကိုများ ပေးလိုက်ပါတော့ လား။ သွေးရူးသွေးတမ်းနဲ့ “သံအမတ်ကြီးခန့်မယ်” ပြောလားပြောရဲ့။ ဂြိုဟ်တစ်ခုလုံး ပြည့်နှက်နေတဲ့ ၀တ်ရုံကြီးရဲ့ အနား စနည်းနည်းကိုပဲ သိမ်းလိုက်ပါဦးကွယ်။ မင်းသားလေး ထွက်ခွာဖို့ လမ်း နည်းနည်းတိမ်းပေးပါ။
မင်းသားလေးအတွက်တော့ ဆန်းကြယ်လှတဲ့ လူကြီးသူမတစ်ယောက်ပင်..။
*****
ဆက်လက်ထွက်ခွာလာသောနေရာတွေမှာ ဘ၀င့်မြင့်သောသူ၊ အရက်သမား၊ စီးပွားရေးသမား တို့နဲ့လည်း တွေ့ခဲ့ပြန်လေသည်။ မြှောက်ပင့်၍ ပြောဆိုသော စကားမှလွဲ၍ အခြားစကားများကို မကြားသော ဘ၀င်မြင့်သူ အဖြစ်မှာ သနားစရာ။  “ငါ့ကို ကြည်ညိုလေးစားပါ”တဖွဖွရေရွတ်ရင်း သူ့ကိုယ်သူတော့ အကောင်းဆုံးလူသားဟု မှတ်ယူနေတာပင်။ ဒီလိုနှင့်ပင် အချိန်တွေ၊ ဘ၀တွေ ကုန်ဆုံးမည်ထင်ရဲ့။

“အရက်သောက်တာကို ရှက်လို့၊ ဒါ ကို မေ့ပစ်ဖို့ အရက်သောက်တယ်” ဟူသော အရက်သမားကြီး၏ စကားသံ မှာ မင်းသားလေး ကြောင်အအ။ ဘယ်လို  သူ  ဘာကို ပြောလိုက်တာပါလိမ့်။ ပတ်ပတ်လည်မှာ အရက်ပုလင်းပေါင်း မြောက်မြားစွာဖြင့် သူ့ဘာသူ ပိတ်မိနေ သော အရက်သမားကြီးကို ကြည့်ကာ ကောင်းလေသည်ဟု အတွေးစတို့ဖြင့် သက်ပြင်းတချချရှိနေသည်။

အလွန်တရာ အလုပ်များလှပြီး ကိန်းဂဏန်းတွေအလယ် ပိတ်မိနေသည့် စီးပွားရေးသမားကို မြင်တွေ့ရသည်မှာ သနားစရာ။ သန်းပေါင်းများစွာသော ကြယ်တွေကို ရေတွက်ရင်း များပြားလှသော ပိုင်ဆိုင်မှုတွေကို ရေတွက်နေရသည်မှာ စိတ်ပင်ပန်းဖွယ်ကောင်း လှသည်။
“ဒါဟာ အရေးကြီးဆုံးပဲလား” “ရယ်စရာကောင်းလိုက်တာ”
အမှတ်မထင်ရေရွတ်မိရင်း သူ ပိုင်ဆိုင်ခဲ့သည့် ပန်းကလေးအကြောင်း စဉ်းစားမိရက်သားဖြစ်သွားသည်။ ထို ပန်းကလေးကို နေ့စဉ် နေ့တိုင်း ရေလောင်းပေါင်းသင်နိုင်သည်။ ဟန်ဆောင်မူယာကြွယ်တယ်ပဲဆိုဆို ချစ်စဖွယ်စကားသံ တွေ ကြားရနိုင်သည်။ ပန်းကလေး၏ အလှ မှာ နှစ်သက်ကြည်နူးသောစိတ်ဖြင့် မေ့မူးသာယာနေနိုင်သည်။ မီင်္းတောင်သုံးခု ကိုလည်း ပိုင်ဆိုင်ခဲ့သေးသည်။ သီတင်းပတ်တိုင်း ဆေးကြော သုတ်သင်မှုတွေ ပြုလုပ်နိုင်သည်။ မီးတောင်များသည် သော် လည်းကောင်း၊ ပန်းကလေးသည်သော်လည်းကောင်း ပိုင်ဆိုင်ခြင်း၏ အသုံးဝင်မှုအဖြစ် အသုံးကျအောင် လုပ်နိုင်ခဲ့သည် သာ။ စီးပွားရေးသမား၏ သန်းပေါင်းများစွာသော ကြယ်တွေသည် ချမ်းသာကြွယ်ဝခြင်း အမည်နာမကိုသာ ပိုင်ဆိုင်လျှက် စင်စစ် ဘယ်အရာကိုမှ မပိုင်ဆိုင်ပါချေတကား။
မင်းသားလေး၏ ရိုးသားသော သဏ္ဍန်တွင် လူကြီးသူမများသည် ပိုကဲလွန်း၊ ထူးဆန်းဖွယ်ရာများ ဖြစ်ကြသည် ဟူ၍သာ တစိမ့်စိမ့်တွေးတောလျှက်ရှိသည်။
********
အမိန့်အာဏာကို နာခံတတ်သော မီးထွန်းသမားကို မြင်တွေ့သည့်အခါ၌မူ မိနစ်တိုင်း ပြောင်းလဲနေသည့် နေ၀င် ချိန်၊ နေထွက်ချိန်များနှင့် ကြုံတွေ့ရလေသည်။ သစ္စာရှိ ကျိုးနွံလှသော မီးထွန်းသမားသည် ဟိုးး ယခင်တွေတုန်းက အပြောင်းအလဲမမြန်သည့် နေ၀င်ချိန်တွေတွက် အိပ်ချိန်၊ နားချိန်တောင် ရခဲ့ဖူးသည်တဲ့။ နဖူးမှ ချွေးစက်တို့ကို သုတ်ရင်း နွမ်းနယ်စွာဆိုသည်။ အမိန့်အာဏာသည် ပြောင်းလဲတတ်ပါသလား။
“အမိန့်တွေက ဘာမှ မပြောင်းလဲဘူး၊ တစ်နှစ်ထက် တစ်နှစ် ဂြိုဟ်ဟာ ပိုပြီးအလည်မြန်လာတယ်”
ဂြိုဟ်တွေပိုပြီး အလည်မြန်လာလေလေ နေထွက်ချိန်တွေက ပိုပြီးစိပ်လာလေလေပေါ့။ နေထွက်ချိန် မီးထွန်း၍၊ နေ၀င်ချိန် မီးငြိမ်းရသောမီးထွန်းသမားကို ကရုဏာသက်ချစ်ခင်စွာကြည့်ရင်း နေ၀င်ချိန်ကို ရှာဖွေခဲ့သော ကာလများကို မင်းသားလေးပြန်ပြောင်းသတိရလာသည်။ နားချင်လျှင် နားနေနိုင်မည့် နည်းလမ်းကိုများ မလိုချင်ပေဘူးလား။
“နေရောင်ထဲမှာ အမြဲနေဖို့ ခင်ဗျား ဖြေးဖြေးကလေး လမ်းလျှောက်ရပေလိမ့်မယ်။ ခင်ဗျား နားချင်တဲ့ဆန္ဒရှိရင် ခင်ဗျား လမ်းလျှောက်ရမယ်၊ အဲဒီ့တော့ ….နေ့တာ ရှည်လိမ့်မယ်”
ပူနွေးလင်းဖြာသော နေရောင်ထဲမှာ ကြာကြာနေရဖို့၊ မီးငြိမ်းရတဲ့နေ၀င်ချိန်တွေ ရောက်မလာစေဖို့ ဖြေးဖြေး ကလေးလမ်းလျှောက်ရမည်သာ။ လောဖို့မလို။ ဆောလျင်စွာ ပြုမူဖို့မလို။ ပင်ပန်းလှပြီဖြစ်သော ပြုမြဲဆောင်တာတို့မှ အနား ယူလိုလျှင် လမ်းလျှောက်ရမည်သာ ဖြစ်သည်။ လမ်းလျှောက်နေခြင်းသည် နေ၀င်ချိန်ကို ရောက်မလာစေခြင်းဖြစ်သလို အနားရစေရန်အတွက်လည်း ရည်ရွယ်ပါသည်။ သို့သော် မီးထွန်းသမား၏ နှစ်သက်ခြင်းက “အိပ်နေခြင်း” ပဲ ဖြစ်သည်တဲ့။ မင်းသားလေးခေါင်းကို အသာရမ်းကာ ပြောစရာစကားလည်း မရှိတော့သလို..။ “အဲဒီလို လူစားမျိုး” အမှတ်မထင်ရေရွတ် ရင်း ဘုရင်မင်းမြတ်သော်လည်းကောင်း၊ ဘ၀င်မြင့်သူ၊ အရက်သမား၊ စီးပွားရေးသမားတို့လည်းကောင်း ရှုံ့ချကြမည်ကို အလိုလိုသိမြင်မိသည်။
သို့သော် သူ မီးထွန်းခြင်း၊ မီးငြိမ်းခြင်းသည် သစ္စာရှိကျိုးနွံစွာ တာဝန်ကိုထမ်းဆောင်နေခြင်းဖြစ်ကြောင်း ကိုယ်ရေး ကိုယ်တာထက်ဦးစားပေးနေသည်ကို သိနေသဖြင့် မင်းသားလေးက ၀မ်းနည်းစိတ်မကောင်းဖြစ်လှသည်။ “အဓိပ္ပာယ်တော့ မမဲ့လှပါဘူး”ခပ်တိုးတိုးရေရွတ်ရင်း မီးထွန်းသမားထံမှ ထွက်လာခဲ့ရခြင်းအတွက် အားနာစိတ်မကောင်းဟန်က မင်းသား လေးမျက်နှာဝယ် အထင်းသား။
တစ်နေ့လျှင် အကြိမ်ပေါင်း တစ်ထောင့်လေးရာလေးဆယ်ကြိမ် နေ၀င်နေခြင်းအတွက် မင်းသားလေးဘာမှ မတတ်နိုင်ခဲ့ပါချေ။ နေရောင်အောက်ဝယ် လမ်းလျှောက်ချင်စိတ်ရှိလာပါစေဟု ဆုတောင်းပေးခဲ့ရုံသာ ရှိတော့သည်။
ပထ၀ီဆရာနှင့် တွေ့သောအခါတွင်မူ မင်းသားလေးအတွက် လမ်းညွှန်ရာတစ်ရပ်ကို ရရှိခဲ့လေသည်။
“ကောင်းသော ဂုဏ်သတင်းရှိတဲ့ ကမ္ဘာမြေကြီးကိုသွားပါ”
*******
(၅)
ကမ္ဘာမြေပေါ် ရောက်ရှိသည့်အခါ ဘုရင်တွေများစွာ၊ ပထ၀ီဆရာတွေများစွာ စီးပွားရေးသမားတွေများစွာ၊ အရက် သမားတွေများစွာ၊ ဘ၀င်မြင့်နေသူတွေ များစွာ သိန်း , သန်းနှင့်ချီတွေ့ရသည်တွင် အံ့သြမှုများစွာ..။ ကမ္ဘာမြေဟာကြီးမား ကျယ်ပြန့်နေသည်ကလွဲလို့ အခြား,အခြားသော သူ ဖြတ်သန်းခဲ့သည့် ဂြိုဟ်ငယ်ကလေးတွေလို လူကြီးသူမတွေနဲ့ပါပဲလား။ သူ့ရဲ့ ကျယ်ပြောလှတဲ့မြေနေရာ အနှံ့အပြားမှာ လူကြီးသူမကုဋေ ၂၀၀ ခန့်ကို သိုသိုသိပ်သိပ်ထမ်းပိုးထားနိုင်သည်။ တိကျ မှန်ကန်လှတဲ့ မီးထွန်းသမား ၄၆ သန်းကျော်ရှိသော မီးထွန်းတပ်ဖွဲ့ကြီးများကိုလည်း တွေ့ခဲ့ရရဲ့။မြောက်ဝင်ရိုးစွန်းနှင့်တောင် ၀င်ရိုးစွန်းမှလွဲ၍ ကျန်နေရာဒေသအကန်ုလုံးတွင် အလှည့်ကျခြင်းစိပ်စွာ တစ်ချက်လေးမှ အမှားမခံဘဲ တာဝန်ကို ကျေပွန် စွာထမ်းဆောင်နေကြရသည်။ ၀င်ရိုးစွန်းနှစ်ခုကတော့ တစ်နှစ်လျှင်နှစ်ကြိမ်မျှသာ ထမ်းရွက်ကြရလျှက် တစ်နှစ်ပတ်လုံး အေးငြိမ်းချမ်းသာစွာနေကြရသည်သာ။
http://mubi.com/lists/philosophy-for-children

ပထမဦးဆုံး သက်ရှိဖြစ်သည့် “မြွေ” တစ်ကောင်နှင့်တွေ့သောအခါတွင်မူ သူ ရောက်နေသော ကမ္ဘာမြေကြီး နေ ရာမှာ အာဖရိကဖြစ်ကြောင်း သိရလေသည်။ လူသူမနေသော သဲကန္တရတွင်းဝယ် မျက်စိတဆုံးကြည့်တိုင်း ဟင်းလင်းပြင် ကြီးသာ။ နေရာသစ်ကိုခြောက်သွေ့အနေရခက်ကာ ကောင်းကင်ကိုယောင်ယမ်းမော့ကြည့်တော့ မင်းသားလေး၏ ဂြိုဟ် ငယ်ကလေးက တလက်လက်ဖြင့် မင်းသားလေးကို နှုဆ်ဆက်နေသည့်နှယ်..။
“ကြယ်ကလေးတွေကို အလင်းရောင် ပေးအပ်ထားခြင်းဟာ တစ်နေ့ ဒီ ကြယ်လေးတွေကိ မိမိပြန်လည်တွေ့နိုင်ဖို့ ရာ အလင်းရောင်ပေးထားခြင်းများလား”
တလက်လက်တောက်ပနေသော သူ့ ဦးခေါင်းပေါ်ရောက်နေပါလျှက် ဝေးလံလှသောနေရာမှဂြိုဟ်ငယ်ကလေးကို ငေးကြည့်ရင်း အထီးကျန်လွမ်းဆွေးစိတ်က ထိန်းမနိုင် တားမရ။ မြွေ  ကို ရုတ်တရက် ကောက်ကာ ငင်ကာ မေးမိသည်။
“သဲကန္တာရထဲမှာ အထီးကျန်ဘ၀နဲ့နေရသလား”
“လူတွေ အများကြားထဲမှာလည်း အထီးကျန်ဘ၀နဲ့နေရတာပဲ မဟုတ်လား”
မြွေတစ်ကောင်အတွက် ဖြေစရာအဖြေက မဆိုင်းမတွပင်။ အထီးကျန်ခြင်းဟူသည့် အဘယ်အရာနှင့်များ ဆက် စပ်နေပါလိမ့်….။ သေးသွယ်လှသည့် သတ္တ၀ါလေးတစ်ကောင်ပေမယ့် သူကများ ဒေါသတကြီး ထိမိလိုက်ရင် သူတို့လာတဲ့မြေကြီးထံသို့ပြန်ပို့နိုင်စွမ်းရှိသည်တဲ့..။မြေကြီးပေါ်တွင် ရှင်သန်ကြသောလူများအတွက်မြေကြီးထံမှာလဲလျောင်းအနားယူ ရတာ ဘယ်လိုဆုံးရှုံးကြေကွဲမှုရှိနိုင်မည်လဲ။ မြွေကတော့ အရာရာ တတ်နိုင်သူပမာ…။
“ကျုပ် အားလုံးကို ဖြေရှင်းတယ်”

******
လူသူလေးပါး တွေ့လို့တွေ့ငြား တောင်မြင့်ကြီးတစ်ခုအပေါ် ကြိုးစားတက်ခဲ့ရသော မင်းသားလေးသည် အရာအား လုံးနှင့် မတွေ့ရတော့ဘဲ ကြီးမားချွန်ထက်နေသော ကျောက်တောင်များကိုသာ တွေ့ရလေတော့သည်။ မင်းသားလေး၏ သေးငယ်လှသော ကိုယ်ခန္ဓာလွင့်မျောသွားမတတ် လေကတဟူးဟူး။ သည် တောင်မြင့်ကြီးထက် တက်လာသည်တွင်  ၀န်းကျင်သည် အရာရာခြောက်သွေ့အေးစက်သွားသလို ခံစားလိုက်ရသည်။ ခြောက်သွေ့မှုဒဏ်မှ ပျောက်လိုပျောက်ငြား “မင်္ဂလာရှိသော နံနက်ခင်းပါ” ဟု ခွန်းနှုတ်ဆက်မိတော့ ပဲ့တင်သံကချက်ချင်းနှယ် ထွက်ပေါ်လာသည်။ ထိတ်လန့်ကြောက် ရွံ့စွာ မေးခွန်းများဖြင့် ဆက်၍ ဆက်၍ အော်ဟစ်သော်လည်း သူ ရရှိသည်က သံတူဝါကျများသာ။ “ဟေး” ဆိုလျှင် “ဟေး” လိုက်၍ “ဟား” ဆိုလျှင် “ဟား” လိုက်သည်ပဲ။ စိတ်ပျက်စရာကောင်းလှချည့်။ ကြည့်လေ မြင်လေရာရာလည်း အားလုံးက ချွန်ထက်ပြီး ကြမ်းတမ်းလှသည်။ ရုတ်တရက် စကား စ ဆို နှုတ်ဆက်သော ဂြိုဟ်ငယ်ကလေးပေါ်မှ ပန်းကလေးကို သတိ ရသည်တွင် မင်းသားလေးသည် ဖျတ်ကနဲကြေကွဲသွားသည်။
“အားလုံးခြောက်သွေ့နေပါလား၊ အားလုံး ချွန်ပြီး ကြမ်းတမ်းနေကြပါကလား၊ လူတွေမှာလည်း တွေးတောတတ် တဲ့ ဥာဏ်မရှိတော့ပါလား၊ သူ တစ်ဦးတစ်ယောက်က ဘာပဲ ပြောပြော ဒါကိုပဲ ပြန်ပြောနေတတ်ကြပါကလား”
ထို ထို အရာတွေကို ကျော်ဖြတ်သွားလာပြီး ပန်းများဝေဆာစွာပွင့်နေသော ခြံတစ်ခြံရှေ့အရောက် မင်းသားလေး သည် မြောက်များလှစွာသော ပန်းပွင့်များကို ငေးကြည့်နေမိသည်။ ထို ပန်းပွင့်များစွာသည် တူညီစွာလှပပွင့်လန်းနေကြပြီ်း သူ၏ ပန်းကလေးနှင့် လွန်စွာတူနေကြသည်။ သူ၏ ပန်းကလေးများ ကိုယ်ပွားများစွာ ဖန်ဆင်းလျှက် မျက်လှည့်ပြနေပေ သလား။ သို့သော် ပန်းပွင့်များ၏ အငွေ့အသက်ကတော့ ရင်းနှီးနွေးထွေးခြင်း မရှိနေတာ သေချာသည်။
“သင် ဘယ်သူလဲ”
“ကျွန်မတို့ နှင်းဆီပန်းတွေ ဖြစ်ပါတယ်”
မင်းသားလေး၏ ကြေကွဲနာကျင်မှုသည် အနက်ရှိုင်းဆုံးချောက်နက်နက်ထဲ ရောက်ရှိသွားသလို..။ နှင်းဆီပန်းတွေ ……နှင်းဆီပန်းတွေ…။ သည် ပန်းကလေးတွေ၏ အမည်နာမက နှင်းဆီတဲ့လား။ စကြ၀ဠာမဆိုထားဘိ။ ကမ္ဘာမြေရဲ့ ခြံ ကလေး တစ်ခြံတွင်းမှာပင် ဆင်တူယိုးမှားနှင်းဆီပန်းပေါင်း ငါးထောင်ခန့်ရှိနေသည်။ လောကတစ်ခွင်မှာ သူ သာလျှင် တစ် ပွင့်တည်းဟု မင်းသားလေးကို ကြွားဝါမာန်ဝင့်ခဲ့သော ပန်းကလေး။ ယခုတော့ သာမာန်နှင်းဆီပွင့်ကလေးမျှသာပါလား။ သူ့ လို နှင်းဆီပွင့်ပေါင်း မြောက်မားစွာရှိနေသေးတာပါပဲလား။ နုညက်လှပသည့် ပန်းကလေးကို ပိုင်ဆိုင်ခွင့်ရ၍ ကံ အကောင်း ဆုံးသူ၊ တန်ဖိုးထိုက်တန်တာကို ပိုင်ဆိုင်ခွင့်ရတဲ့သူ ဟု သူ့ကိုယ်သူ မှတ်ယူထားခဲ့သည်ကို ပြန်ပြောင်းတွေးမိသောအခါ ၀မ်း နည်းမှုအလျင်က မင်းသားလေးကို ဖိစီးလေးလံလာသည်။

ယုံကြည်မှုကို ဖြိုလဲခံရ၍လား၊ တန်ဖိုးထားရာ အရာတစ်ခုပျက်ပြယ်ဆုံးရှုံးသွားသည့်အတွက်လား….မင်းသားလေး အတွက်တော့ နှလုံးအိမ်ကြေကွဲလှပါသည်။

ရွှေအိမ်စည်

အပိုင်း( ၁)မဖတ်ရသေးသူများ link ကို ကလစ်နှိပ်ဖတ်နိုင်ပါသည်။ link