တစ်စစီ ကျိုးပဲ့သွားသော

“သူ ဒီလောက် မြန်မြန်ဆန်ဆန် ဆောင်ဖြစ်မယ်လို့ ဘယ်ထင်ပါ့မလဲ၊ ခုလို ဆောင်ဖြစ်ဖို့ မပြောနဲ့ ရည်းစားရှိတယ်လို့တောင် သတင်းမကြားမိဘူး”
“ဟုတ်ပါ့တော်၊ ကင်မရာမင်းဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့”

“သတို့သမီးကို မိတ်ကပ်ဆရာပြင်ပေးလိုက်တာ တောသူမှန်းတောင် မသိတော့ဘူး၊ ကုသိုလ်ကံကောင်း လိုက်ပုံများ အံ့ရော၊ သည့်ထက် အံ့သြစရာကောင်းတာကတော့ မောင်ဝင်းကျော်ရဲ့မိဘတွေပဲ၊ ဘယ့်နှယ့် ဆင်းရဲနှုံချာတဲ့ ဒီတောသူမနှင့် ပေးစားရတယ်လို့”
“ဟုတ်ပါ့”
မင်္ဂလာဆောင်ခန်းမအတွင်း ဒေါင့်နားမှာရှိတဲ့ ဂုဏ်ရှင်၊ ဓနရှင်အမျိုးသမီးတွေချည်း စုမိတဲ့ထမင်းဝိုင်းက တီးတိုးပြောကြတဲ့ စကားသံအချို့။ သတို့သားက ခေါင်းပေါင်းအဖြူရောင်နှင့် ဆင်စွယ်ရောင်ကွက်ကြားပုဆိုးကို ၀တ်ဆင်ပြီး သတို့သမီးက ဆင်စွယ်ရောင်ဝမ်းဆက်ကို ၀တ်ဆင်ကာ လည်ပင်းပေါ်မှာလည်း လက်ဝတ်ရတနာတွေက အရောင်တ၀င်းဝင်း တောက်ပလျက် ဧည့်ခံကျွေးမွေးထားတဲ့ ဆွေမျိုးဧည့်ပရိသတ်များကို တစ်ဝိုင်းပြီးတစ်ဝိုင်း လိုက်လံနှုတ်ဆက်နေကြသည်။ မင်္ဂလာဆောင်ခန်းမ၏ မုခ်ဦးမှာ “မောင်ဝင်းကျော် နှင့် မနွယ်နီဝင်းတို့၏ မင်္ဂလာဧည့်ခံပွဲ”ဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ထားသည်။ ရန်အောင်နှင့်ဟေမာနေ၀င်း သီဆိုထားတဲ့ “တူနှစ်ဖြာ ရွှေဂဟေ ဆက်ဖို့…”အစရှိတဲ့ မင်္ဂလာတေးကို ဖွင့်ထားလျက်ပေါ့။
………………………………………
မောင်ထွန်းလှိုင်သည် ရန်ကုန်မှာ စာမေးပွဲဖြေပြီးသွားလို့ ရွာပြန်ဖို့ တောင်ကြီးမြို့မှာ ရောက်ရှိနေခိုက် ကျောပိုးအိတ်ကို လွယ်ကာ ရွာမှာ သိပ်ချစ်ရတဲ့ ဖွားဖွားအတွက် အထူးလက်ဆောင်ဝယ်ပြန်ဖို့ ကားဂိတ်ကနေ မြို့မဈေးကြီးသို့ လမ်းလျှောက်သွားသည်။ မင်္ဂလာခန်းမဆောင်ရှေ့ဖြတ်သွားမိတော့ မင်္ဂလာသီချင်းသံ အေးအေးမြမြလေးက သူ့နားထဲ ၀င်ရောက်လို့လာသည်။ သူ လှည့်ကြည့်လိုက်သည်။ ဆိုင်းဘုတ်ကိုဖတ်ပြီးတော့ “ဟာ ရွာက ကိုယ့်နွယ်နီဝင်းလေးနဲ့ နာမည်တူနေပါလား၊ သူ မဟုတ်ပါစေနဲ့”ဟု ဆုတောင်းမိနေတော့သည်။
ခန်းမထဲကို ချောင်းကြည့်လိုက်သည်။ သတို့သားနဲ့သတို့သမီးကို ခပ်လှမ်းလှမ်းမှာ ရှိတာကြောင့် ထင်ထင်ရှားရှား မမြင်ရ။ သတို့သမီးကို အထူးစိုက်ကြည့်ပြန်သည်။ နာမည် တူရုံသာမက၊ ရုပ်ချင်းကလည်း အတော်ဆင်သည်။ ‘အို လူသူမရှား၊ နာမည်တူမရှားပါလေ’လို့ သူ့ကိုယ်သူ အားတင်းပြီး ရှေ့ဆက်လျှောက်သည်။ သူ ရွာနဲ့အဆက်အသွယ်ပြတ်နေတာလည်း တစ်နှစ်တောင်ပြည့်လုနီးနီး ရှိပြီ။ ဈေးမှာ ၀ယ်စရာရှိတာ ၀ယ်ပြီး ရွာပြန်သွားသည်။ သူ့ရွာနဲ့ တောင်ကြီးမြို့နဲ့က ကားနဲ့ပြန်လျှင် တစ်နာရီနီးပါးလောက်သာ ကြာ၏။ မောင်ထွန်းလှိုင် ရွာရောက်ပြီး ကားပေါ်က ဆင်းတာနဲ့ ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ တစ်နှစ်အတွင်း ထွေထွေထူးထူး ပြောင်းလဲသွားတယ်လို့ သူ မထင်။ သို့သော် သူ လုံးဝမျှော်လင့်မထားတဲ့ ပြောင်းလဲမှုလေးတွေ ရှိသည်။
“ဟာ မောင်ထွန်းလှိုင် မင်း စာမေးပွဲပြီးသွားပြီလား”
“ပြီးသွားပြီ ဦးလေး၊ ပြီးပြီးချင်း ပြန်လာတာပဲ၊ ဦးလေးကော နေကောင်းတယ်နော်”
“ အေး နေကောင်းပါတယ်”
“ကျနော့်ဖွားဖွားနဲ့ ကျနော့်မိဘတွေရော နေကောင်းကြလားတယ်မလား”
ပေါက်တူးထမ်းပြီး အလုပ်ခွင်ကပြန်လာသော အိမ်နီးနားချင်း ဦးလွန်းမောင်နဲ့ ရွာထိပ်မှာ ကြုံဆုံမိတော့ အတူတူ လမ်းလျှောက်ရင်း အပြန်အလှန်နှုတ်ဆက်ကြခြင်းဖြစ်သည်။ ကျနော့်ဖွားဖွားရော နေကောင်းလားဆိုတဲ့ မေးခွန်းအတွက်ဖြေဆိုဖို့ ဦးလွန်းမောင် အင်တင်တင်ဖြစ်နေတော့…
“ဦးလေး ကျနော်မေးနေတယ်လေ၊ ဖွားဖွားတို့ နေကောင်းကြလားလို့”
မပြောမပြီး၊ မတီးမမြည်ဆိုတဲ့အတိုင်း ဇွတ်တရွတ်မေးနေလေတော့…
“နင့် မိဘတွေက နေကောင်းကြပါတယ်”
“ဒါဆို ဖွားဖွားက နေများမကောင်းလို့လား ဦးလေး”
“နင့် အဖွား မရှိတော့ဘူး၊ ပြီးခဲ့တဲ့ လကပဲ ရုတ်တရက်ဆုံးသွားရှာပြီ၊ နင် စာမေးပွဲ မပြီးသေးတာနဲ့ မင်းကို ပြောပြလိုက်ရင် စိတ်ထိခိုက်သွားမှာစိုးလို့ မပြောပြကြတာ”
“ဗျာ အဖွားမရှိတော့ဘူး၊ ဟုတ်လား”
မောင်ထွန်းလှိုင်တစ်ယောက် ခြေလှမ်းတွေ နှေးကွေးပြီး လေးတိလေးကန်ဖြစ်သွားသည်။ ဖွားဖွားရဲ့စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရသူမို့ မျက်ရည်ကို ထိန်းထားနိုင်ဖို့ အားအင်တွေ မရှိတော့။ ရိုးသားစွာ ၀န်ခံရမည်ဆိုပါက ဖွားဖွားကို သူ့အမေရင်းထက်တောင် အချစ်ပိုသေးသည်။ ‘ဖွားဖွားအတွက် လက်ဆောင်တွေ ကျနော်ဝယ်ခဲ့သေးတယ်လေ၊ ဖွားဖွားက ဘာလို့ ကျနော့်ကို ထားခဲ့ရတာလည်းဗျာ’လို့ မျက်ရည်တွေ တဖြိုင်းဖြိုင်း ကျလာတော့သည်။ ဖွားဖွားက သူ့ကိုမြေးဦးယောက်ျားလေးမို့ အချစ်ပိုတယ်ဆိုတာကို ဦးလွန်းမောင် ကောင်းကောင်းသိနေတာကြောင့်လည်း…
“မင်း စိတ်ကို ထိန်းထားပါ၊ သွားတဲ့လူလည်း သွားပြီးပြီပဲ၊ ငိုနေလို့လည်း ပြန်လာမှာမှ မဟုတ်တာ”
ပြောင်းလဲမှုတွေက ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲဖြစ်ချင်တိုင်းဖြစ်နေပါရောလား။ ပြောင်းလဲမှုတွေ ဆန်းကြယ်လွန်းလှတယ်၊မြန်ဆန်လွန်းလှတယ်လို့ သူ ထင်နေသည်။ နောက်ထပ် ဘယ်သူတွေ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြောင်းလဲနေဦးမလဲဟု သူ ဆက်ပြီး သိချင်နေသည်။ ၀မ်းနည်းပူဆွေးမှုလှိုင်းတွေ ရိုက်ခတ်နေစဉ်မှာပဲ ရွာက အသက်တမျှ ချစ်ခင်ရပါသော၊ တစ်သက်တာအတွက် ရည်မှန်းထားသော နွယ်နီဝင်းအကြောင်းကို သူ မေးကြည့်လိုက်သည်။
“နွယ်နီဝင်းကော နေကောင်းတယ်မလား ဦးလေး”
“အင့် သူ နေကောင်းလောက်ပါတယ်၊ သူ ဒီနေ့ပဲ တောင်ကြီးမှာ မင်္ဂလာဆောင်တာလေ၊ ဦးလေးတို့လည်း ဖိတ်စာရတယ်၊ မအားတာနဲ့ မတက်ဖြစ်ဘူး”
“ဦးလေး ဦီးလေး ဘာတဲ့လဲ ပြန်ပြောစမ်းပါဦး၊ နွယ်နီဝင်းက မင်္ဂလာဆောင်သွားပြီ ဟုတ်လား”
သူ အံ့သြဘနန်းဖြစ်ပြီး ဦးလွန်းမောင်ရဲ့မျက်နှာကို သေချာကြည့်ကာ မေးလိုက်သည်။
“မင်း ဒီအကြောင်း တကယ်မသိသေးတာလား”
ဒါဆို သေချာပြီပေါ့။ တောင်ကြီးမှာ တွေ့ခဲ့တာက နွယ်နီဝင်းတို့ မင်္ဂလာဆောင်ဧည့်ခံပွဲပဲ။ အပူပေါ် အပူထပ်ဆင့်ပြန်သည်။ အနာဂတ်အိပ်မက်လှလှလေးတွေ၊ အငွေ့ပျံစိတ်ကူးလေးတွေ တစ်စစီ ကြေမွ၊ အစိတ်စိတ်အမြွာမြွာ ပြိုလဲကုန်ပြီ။  ယောက်ျားအများစုတို့ စိတ်ညစ်လာလျှင် ထွက်ပေါက်ကို အရက်သောက်ခြင်းဖြင့် ရှာဖွေတတ်ကြ၏။ အပေါင်းအဖော်တွေကြောင့်  ရှောင်လွဲလို့မဖြစ်တဲ့ တစ်ခါတစ်ရံ ဘီယာလေးသာ သောက်တတ်တဲ့ မောင်ထွန်းလှိုင်အဖို့ အိမ်ကို တန်းမပြန်သေးဘဲ ရွာထိပ်ရှိ အရက်ဆိုင်ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဦးလွန်းမောင်ကိုလည်း…
“ဦးလေး ကျနော် အိမ်ကို မပြန်ချင်သေးဘူး။ အရက်ဆိုင်သွားပြီး အရက်သွားသောက်လိုက်ဦးမယ်။ ဦးလေးလည်း ကျနော်နဲ့လိုက်ခဲ့ဗျာ။ ကျနော် ဦးလေးကို တိုက်ပါ့မယ်။ သောက်ရင်းနဲ့ ကျနော့်ကို နွယ်နီဝင်းအကြောင်း ပြောပြ”
ပါးစပ်ကလည်းပြော လက်ကလည်း ဦးလွန်းမောင်ကို ဆွဲခေါ်သွားသည်။ ဦးလွန်းမောင်လည်း ဒီကောင်လေးကို တားလို့လည်း ရမှာမဟုတ်ဘူး။ သူ့ဆန္ဒကို လိုက်လျောတာမှ ပိုကောင်းဦးမယ်ထင်တယ်လို့ တွေးပြီး…
“အေး အေး သွားကြတာပေါ့ကွာ”
အရက်ဆိုင်တွင် တစ်ငုံစီ မော့လို့အပြီးမှာ ဦးလွန်းမောင်က…
“ဖြစ်ပုံက ဒီလိုကွ…………..”
………………………………………
လွန်ခဲ့သည့် နှစ်ပတ်ခန့်က…
‘ဖေဖေလည်း ချမ်းမြေ့ပါစေ မေမေလည်း ချမ်းမြေ့ပါစေ သားသမီးလည်းချမ်းမြေ့ပါစေ’
ရွာဦးကျောင်းက ရှင်ပြုပွဲအလှူတစ်ခုမှာ တောဓလေ့အတိုင်း အော်လန်ကြီးထဲက ထွက်လာတဲ့ စိုးသန္တာထွန်းရဲ့ ချမ်းမြေ့ပါစေသီချင်း။ စေတနာလည်းကောင်း၊ ပစ္စည်းလည်းချမ်းသာတဲ့ ရွာမျက်နှာဖုံးဖြစ်တဲ့ မိသားစုတစ်ခုရဲ့ ရှင်ပြုပွဲအလှူဖြစ်သည်။ ထိုရှင်ပြုပွဲသည် ရိုးရိုးရှင်ပြုပွဲမဟုတ်၊ ရှင်လောင်းတွေမြင်းစီးပြီး ကြီးကြီးကျယ်ကျယ် ကျင်းပတဲ့ ရှင်ပြုပွဲကြီးဖြစ်ပြီး မီးခိုးတိတ်အလှူ၊ သို့မဟုတ် ထမင်းရည်ချောင်းစီးအလှူ ဖြစ်၏။
တောရွာဆိုပေမယ့် တိုးတက်လာတဲ့ ခေတ်နှင့်အညီ ဗွီဒီယိုကင်မရာများဖြင့် မှတ်တမ်းအဖြစ် ကျန်ရစ်စေရန် ရိုက်ကူးဖို့ စီစဉ်ထားသည်။ ရွာက ကင်မရာမင်းကို အသုံးမပြုချင်။ တောင်ကြီးမြို့ပေါ်က ကင်မရာမင်းကို ခေါ်ထားသည်။ ကင်မရာမင်းက မောင်ဝင်းကျော် ဖြစ်၏။ ပွဲခင်းတွင် မောင်ဝင်းကျော်တစ်ယောက် ကင်မရာကို ထမ်းသင့်ထမ်း၊ ကိုင်သင့်ကိုင်ပြီး အဓိကရိုက်ရမည့် နေရာတော်တော်များများကို ရိုက်ကူးပြီးစီးသွားပြီမို့ ပန်းကန်ဆေးတဲ့နေရာပါမကျန် ရိုက်ကူးဖို့ သွားလိုက်သည်။ ရွာက အပျိုလေးတွေ ပန်းကန်ဆေးနေကြသည်။
ဟိုရိုက်ဒီရိုက်ရင်းနဲ့ အပျိုလေးတွေထဲက အနီရောင်နှင်းဆီပန်း ပန်ထားပြီး သနပ်ခါးပါးကွက်ကလေးနဲ့ အနီရောင်ဝမ်းဆက် ၀တ်ဆင်ထားတဲ့ မိန်းခလေးတစ်ဦးကို သတိပြုမိသွားသည်။ သူ အနီးကပ် ဆွဲကြည့်လိုက်သည်။ သူ မြင်ဖူးသမျှ မိန်းခလေးတွေထဲမှာ သူမသည် အလှပဆုံး။ သူ့ရင်ထဲတွင် အချစ်မိုးတွေ သဲကြီးမဲကြီး ရွာချလာပြီး ရင်ခုန်သံတွေ မြန်လာသည်။ ထိုအချစ်မိုးသည် ဘယ်သောအခါမှ စဲမည် မဟုတ်တော့။ မိန်းခလေးက သူ့ကို သတိမပြုမိဘဲ သူငယ်ချင်းတွေနဲ့ ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက်နဲ့ ဆေးကြောစရာရှိတာ ဆေးကြော၊ သိမ်းဆည်းစရာရှိတာ သိမ်းဆည်းနေသည်။ သူ့ဘေးတွင် ရစ်သီရစ်သီ လုပ်နေသော လူငယ်တစ်ယောက်ကို တိုးတိုးလေး အနားကပ်မေးသည်။
“ညီလေး ဒီရွာကလား”
“ဟုတ်ပါတယ်၊ ဘာဖြစ်လို့တုန်း”
“နာမည် ဘယ်လိုခေါ်လဲ”
“ဖိုးတုတ်”
“ဖိုးတုတ်ကို ကျနော် တစ်ခုလောက် မေးချင်လို့ပါ”
“အင့် မေးလေ”
ကိုဝင်းကျော် အပျိုလေးတွေ ထိုင်တဲ့နေရာကို အမူအရာနဲ့ညွန်ပြပြီး…
“ဟိုမှာကြည့်စမ်း အနီရောင်ဝမ်းဆက်ဝတ်ထားတဲ့ မိန်းခလေးကို သိလား”
နွယ်နီဝင်းသည် နာမည်နဲ့လိုက်အောင်ကို အနီရောင်ကိုမြတ်နိုးသူတဲ့ အနီရောင်ချစ်သူဖြစ်သည်။ ခေါင်းမှာ ပန်ထားတဲ့နှင်းဆီပန်းလည်း အနီရောင်၊ နှုတ်ခမ်းလည်း အနီရောင် ဆိုးထားသည်။ ရှင်ပြုပွဲတွင် ၀တ်ဆင်ထားသော အနီရောင်ဝမ်းဆက်ကို သူ အချိန်တော်တော်ကြာကြာ ငွေကြေးစုဆောင်းပြီးမှ ၀ယ်လိုက်ရသည်။
“သိပ်သိတာပေါ့၊ နွယ်နီဝင်းလေ၊ ဒီနှစ်ထဲမှာတော့ ဒီရွာမှာ သူ အလှဆုံးလို့ ပြောလို့ရတယ်၊ ဒါပေမယ့် သူက ဆင်းရဲရှာတယ်”
“ပွဲပြီးသွားရင် နွယ်နီဝင်းတို့အိမ်ကို ကျနော့်ကို ခေါ်သွားလို့ ရမလား၊ ညီလေးကို မုန့်ဖိုးပေးမယ်”
“အင့် ရတယ် ခေါ်မယ်လေ”
ကင်မရာမင်း အိတ်ကပ်ထဲက ပိုက်ဆံငါးထောင်ကို ထုတ်ယူပြီး…
“ရော့ မင်းအတွက် မုန့်ဖိုး ငါးထောင်၊ ပြီးရင် ငါ့ကို ခေါ်သွား၊ ဟုတ်ပြီလား”
“စိတ်ချပါ”
ကိုဝင်းကျော်သည် ပွဲပြီးသွားသော်လည်း တောင်ကြီးသို့ တန်းမပြန်နိုင်တော့ဘဲ နွယ်နီဝင်းတို့အိမ်ကို သွားလည်ဖို့ ဖိုးတုတ်နောက်က လိုက်သွားသည်။ နွယ်နီဝင်းကို ချစ်မိတဲ့အကြောင်းကို အနည်းဆုံးတော့ ဖွင့်ပြောလိုက်ရမှ သူ ကျေနပ်နိုင်မည်ဟု တွက်ထားသည်။ သူ့လို ရုပ်ချောပြီး ဥစ္စာပေါတဲ့သူအဖို့တော့ သူမရဲ့အချစ်ကို ရယူဖို့ မခဲယဉ်းလောက်ဘူးလို့လည်း သူ့ကိုယ်သူ ယုံကြည့်မှုအပြည့် ရှိသည်။ မှန်၏၊ သူ့ ကင်မရာမင်းအလုပ်သည် ပရောဖက်ရှင်နယ်အဖြစ် လုပ်နေရတဲ့အလုပ်မဟုတ်။ ၀ါသနာအရကြောင့်သာ လုပ်ရတဲ့ အလုပ်ဖြစ်သည်။ သူ့မိဘတွေက တောင်ကြီးမြို့မှာ ကြက်သွန်ဖြူ၊ သနပ်ဖက်၊ ပဲ ပွဲစားတွေ ဖြစ်ကြသည်။ ဒေါ်မြတို့အိမ်ရှေ့ရောက်တော့…
“ဒေါ်မြရှိလား”
ဖိုးတုတ်ရဲ့ခေါ်သံကို ဒေါ်မြ ကြားလိုက်ရသည်။ တစ်ရွာတည်းသားလည်းဖြစ်၊ အိမ်နီးနားချင်းလည်း ဖြစ်တာမို့ မည်သူမည်ဝါဆိုတာကို ဒေါ်မြ သိနေသည်။ အပြင်ဘက်ထွက်ကြည့်လိုက်သည်။
“ရှိပါတယ် ဘာပြောစရာရှိလို့လဲ”
“ပွဲမှာ ဓာတ်ပုံရိုက်ပေးတဲ့အစ်ကိုကြီးက အဒေါ်တို့အိမ်ကို အလည်လာချင်တယ်ဆိုလို့ ကျနော် ခေါ်လာတာ”
ဒေါ်မြ ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူတို့နှင့်မသိတဲ့ မြို့က ဓာတ်ပုံဆရာတစ်ယောက်က အိမ်ကို အလည်လာချင်တယ်ဆိုလို့ အံ့အားသင့်သွားသည်။ ဒီဓာတ်ပုံဆရာ ဘာများပြောချင်လို့ပါလိမ့်ဆိုပြီး ဒေါ်မြ ဇဝေဇ၀ါ ဖြစ်နေပြီး သိချင်စိတ်တွေ ခုလုခုလု ဖြစ်နေသည်။ သူတို့ရဲ့ဝါးအိမ်လေးထဲမှာ မြို့က သူဌေးလေးကို ဧည့်ခံဖို့ အားနာသလိုလို ခံစားရသည်။
“အစ်ကို နွယ်နီဝင်းတို့အိမ်က ဒီအိမ်ပဲ”
“ကျနော် သွားတော့မယ်နော်”
“အေး ဟုတ်ပြီ၊ ကျေးဇူးပဲ ညီလေးရာ”
ကိုဝင်းကျော် အိမ်ထဲ ၀င်ထိုင်လိုက်သည်။ နွယ်နီဝင်းက ရေနွေးကြမ်းနဲ့ ဆေးပေါ့လိပ်တွေ လာချပေးပြီး သူ့အခန်းထဲပြန်ဝင်သွားလိုက်သည်။ လမင်းကြီး တိမ်တွေကြားထဲ တိုးဝင်သွားသည့်ပမာ ကိုဝင်းကျော် ခံစားရပြီး စိတ်လှုပ်ရှားနေရပြန်သည်။ ကိုဝင်းကျော်နဲ့  ဒေါ်မြတို့က အချင်းချင်း မိတ်ဆက်ကြပြီး ပွဲအကြောင်း၊ အလှူ့ရှင်အကြောင်း၊ ရွာအကြောင်း၊ ဒေါ်မြတို့ မိသားစုအကြောင်း၊ စီးပွားရေးအကြောင်းတွေ ပြောဖြစ်ကြသည်။ ပြောရင်းပြောရင်းနဲ့ နောက်ဆုံးတော့ နွယ်နီဝင်းအကြောင်းကို ပြောဖြစ်ကြသည်။ ကိုဝင်းကျော်က…
“ကျနော် အခုတစ်ခါတည်း နွယ်နီဝင်းကို တောင်ကြီးကို ခေါ်သွားလိုက်တော့မယ်”
နွယ်နီဝင်း အခန်းထဲကနေ ကြားနေရသည်။ ရင်တွေ တဒိတ်ဒိတ်ခုန်နေပြီး ညောင်းညာမှုမရှိတဲ့ လက်ကို ချိုးနေမိတော့သည်။ တစ်ယောက်ထဲ ဟက်ဟက်ပက်ပက်ကြီး ပြုံးနေသည်။
“သမီးနဲ့ ကျောင်းမှာ ဒီအကြောင်းကို ပြောပြီးကြပြီလား”
“မပြောရသေးပါဘူး၊ ကျောင်းမှာက လူတွေအများကြီးပဲ၊ ပြောခွင့်မသာခဲ့ဘူး၊ အိမ်ရောက်မှ အေးဆေးပြောတော့မယ်လို့ ဆုံးဖြတ်ပြီး အိမ်ကို လာခဲ့တာပါ”
“အို ဒါနဲ့များ ဘယ်လိုလုပ် ခေါ်သွားမှာတုန်း၊ ကာယကံရှင်ကို မေးကြည့်ပါဦးမယ်၊ သမီးရေ အမေ့ဆီ လာပါဦးကွယ်”
နွယ်နီဝင်း အခန်းထဲကနေ ခေါင်းငုံ့လျက် ထွက်လာသည်။ သူ့အမေဘေးနားမှာ လာထိုင်သည်။ ရှက်သလိုလို၊ ကြောက်သလိုလိုနဲ့ ငြိမ်ငြိမ်စိမ်စိမ်လေး ထိုင်နေသည်။
“ဒီကင်မရာမင်း မောင်ဝင်းကျော်က သမီးကို တောင်ကြီးခေါ်သွားတော့မလို့တဲ့၊ သမီး ဘယ်လိုသဘောရတုန်း”
နွယ်နီဝင်း ဗြုန်းစားကြီး ဘယ်လိုပြန်ပြောရမှန်း မသိ။ ငြင်းပယ်ဖို့တော့ ဆန္ဒလုံးဝမရှိ။ ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ ပြုံးစိစိနဲ့ လုပ်နေပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်း တစ်မျိုးမဟုတ်ပါလား။ အမေလုပ်သူက…
“ဟဲ့ ဘာပြုံးစိစိ လုပ်နေတာတုန်း၊ လိုက်သွားမယ်ဆိုတဲ့သဘောလား”
နွယ်နီဝင်း ခေါင်းညိတ်ပြသည်။ ဒေါ်မြ အတန်ငယ် စဉ်းစားသည်။ သမီးကို ရော့အင်းဆိုပြီး ကလေးကို မုန့်ဖိုးပေးသလိုမျိုး လွယ်လွယ်နဲ့ ပေးလို့တော့ မဖြစ်ချေဘူး။ လွယ်လွယ်လေးနဲ့ ပေးလိုက်ရင် တန်ဖိုးမရှိသလိုဖြစ်သွားမည်။ ရုပ်ရည်လှပတာထက် လိမ္မာရေးခြားရှိတဲ့ သမီးလေးမို့ တန်ဖိုးကြီးသည်။ ယောက်ျားပေးစားဖို့လည်း အချိန်တော့ တန်နေပါပြီ။ ရွာမှာ သူနဲ့ ချစ်ကြိုက်နေတဲ့ မောင်ထွန်းလှိုင်တော့ ရှိသည်။
မောင်ထွန်းလှိုင်တို့ မိသားစုက တောအလိုက် ငွေကြေးပြည့်စုံသည်။ ဒါ့ကြောင့် နွယ်နီဝင်းက ရုပ်ရည်ချောပြီး ဘယ်လောက်ပဲ လိမ္မာနေပစေ ဥစ္စာမရှိဆင်းရဲလို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့သာ မောင်ထွန်းလှိုင်အမေက သူ့သားနဲ့ ဘယ်နည်းနှင့်မှ သဘောမတူနိုင်။ သဘောမတူနိုင်လို့လဲ မောင်ထွန်းလှိုင်ကို ရန်ကုန်မှာ သွားနေခိုင်းပြီး သူတို့ရဲ့ချစ်ခြင်းကို ခွဲပစ်လိုက်တာပေါ့။ ဒေါ်မြက…
“အခု တစ်ခါတည်း ခေါ်သွားလို့တော့ မဖြစ်သေးဘူး၊ နောက်မှ မောင်ရင့်မိဘတွေနဲ့ လာတောင်းလိုက်ရင် ပိုကောင်းမယ် ထင်ပါတယ်”
မောင်ဝင်းကျော် အတန်ငယ် စဉ်းစားပြီး…
“ကျနော် နောက်သုံးရက်နေပြီးရင် ရွာက အလှူ့ရှင်တွေရဲ့ဗီစီဒီခွေကို လာပို့ရင်းနဲ့ တစ်ခါတည်း လာတောင်းလိုက်မယ်”
မောင်ဝင်းကျော် နာရီကြည့်လိုက်သည်။ ပြန်ချိန်တန်ပြီမို့…
“ဒါဆို ကျနော် ပြန်လိုက်ဦးမယ် ဒီနေ့က ဗုဒ္ဓဟူးနေ့၊ လာမည့် စနေနေ့ကြရင် ကျနော် ပြန်လာခဲ့မယ်”
“အေး အေး ကောင်းပါပြီ”
စနေနေ့ မနက် ၉း၀၀ နာရီအချိန်။ ဒေါ်မြတို့အိမ်မှာ ခုနစ်တန်းအရွယ် မောင်ဖိုးလုံးတစ်ယောက် သူ့အစ်မနဲ့ ခွဲရတော့မှာကို တွေးပြီး ငိုနေသည်။ နွယ်နီဝင်းသည် အဖေဆုံးပြီးတာနဲ့ လေးတန်းတက်ပြီးတာနဲ့ ကျောင်းထွက်လိုက်ရပြီး မိခင်အလုပ်ကို ၀င်ကူလုပ်ရသည်။ မောင်လေးကို ကျောင်းထားနိုင်ဖို့ ကြိုးစားရသည်။
“မမက မောင်လေးတို့ကို ခွဲသွားတော့မှာ၊ ဟီး ဟီး”
“မမ အပြီးခွဲမသွားပါဘူး၊ မကြာမကြာ မောင်လေးနဲ့ မေမေ့ကို ပြန်လာတွေ့မှာပေါ့၊ မောင်လေး မငိုနဲ့တော့နော်၊ တိတ်တော့ တိတ်တော့ မောင်လေး သိပ်လိမ္မာတာပဲ”
နွယ်နီဝင်းသည် သူ အခလို ကံကောင်းနေခြင်းသည် အနီရောင်ဝတ်စုံကြောင့် ဖြစ်မည်ဟု ထင်မှတ်ပြီး ထိုနေ့လည်း အနီရောင်ဝမ်းဆက်ကို ၀တ်ဆင်ပြီး သနပ်ခါးပါးကွက်လေးနဲ့ မောင်ဝင်းကျော်တို့အလာကို စောင့်မျှော်နေရှာသည်။ သူ့မောင်လေး ဖိုးလုံးကို ဖက်ထားပြီး ချော့သိပ်နေသည်။ ဖက်ထားနေစဉ်မှာပဲ အိမ်ရှေ့မှာ အနက်ရောင် Land Cruiser တစ်စီး၏ တွန်းတီးသံကို ကြားလိုက်ရသည်။ ရင်ခုန်စွာနဲ့ ထွက်ကြည့်လိုက်သည်။ ကင်မရာမင်း မောင်ဝင်းကျော်က သူ့မိဘတွေနဲ့ လက်ဆောင်အထုပ်အပိုးတွေ ကိုင်ပြီး ကားပေါ်က ဆင်းလာကြသည်။
ရှေးရေစက်ကြောင့်ပဲလို့ ဆိုရလေမလား ကိုဝင်းကျော်ရဲ့ မိဘတွေကလည်း နွယ်နီဝင်းကို မြင်တာနဲ့ ချွေးမ-တော်ချင်နေကြသည်။ ဒေါ်မြကို ပေးစရာရှိတာပေး၊ ပြောစရာရှိတာပြောပြီး နွယ်နီဝင်းကို ကားပေါ်တက်ခိုင်းလိုက်သည်။ နွယ်နီဝင်းသည် မောင်ထွန်းလှိုင်အတွက် ရေးထားသော စာတစ်စောင်ကို မောင်ထွန်းလှိုင် ရွာပြန်လာရင် ပေးပေးဖို့ သူ့အမေဆီမှာ အပ်ထားလိုက်သည်။ ကားပေါ်တက်ပြီး အိမ်မှာ ကျန်ရစ်ခဲ့သော သူ့မောင်လေးနဲ့အမေကို လက်ယမ်းနှုတ်ဆက်နေစဉ် ကားဘီးတွေ ရှေ့သို့ တဖြည်းဖြည်း လိမ့်လို့နေပြီ။
………………………………………
“ဖြစ်ပုံက အဲဒါပဲ၊ သူ့အမေဆီမှာ မင်းအတွက် ရေးထားတဲ့စာတစ်စောင် ရှိတယ်”
မောင်ထွန်းလှိုင် မူးနေတာကြောင့် နှုတ်ခမ်းတွေ လေးလံပြီး မပီဝိုးတ၀ါးနဲ့…
“တော်…တော်…ပါပြီ ဦးလေး…ရာ၊ သူ့…စာလည်း မဖတ်…မဖတ်ချင်တော့ပါဘူး၊ သူ့စာ ဖတ်…ဖတ်နေလို့ကော ဘာ….ထူးခြားလာမှာမို့လို့…လဲ”
ဦးလွန်းမောင်နှင့် မောင်ထွန်းလှိုင်တို့ သောက်ရင်းစကားပြောရင်းနဲ့ ဘေးကလူတွေ ပြန်ကုန်ပြီး ဆိုင်ရှင်က ဆိုင်ပိတ်တော့မယ် လာပြောမှ ပြန်ဖို့ ဟန်ပြင်နေကြသည်။ လူကြီးပီပီ သတိနှင့်ယှဉ်ပြီး အလွန်အကျွံ မသောက်မိတဲ့ ဦးလွန်းမောင်က မူးအောင် သောက်ထားတဲ့ မောင်ထွန်းလှိုင်ကို ဘေးကနေ ထိန်းပေးပြီး ယိုင်တိယိုင်တိုင်နဲ့ အိမ်သို့ ပြန်သွားကြတော့လေတော့သည်။
………………………………………
မောင်ထွန်းလှိုင် မူးနေတုန်းကတော့ မဖတ်ချင်ဘူးလို့ပြောနေပေမယ့် သူ အမူးပြေသွားတဲ့အခါမှာတော့ သူ ဖတ်လိုက်သည်။ စာလွှာလေးက…
သို့
ကိုထွန်းလှိုင်
မောင့်အတွက် နွယ် စာလွှာလေးတစ်စောင် ရေးခဲ့ပါတယ်။ အခုဆိုရင် မောင်လည်း နွယ့်အကြောင်းကို အကုန်သိပြီးရောပေါ့။ နွယ် ဒီစာကို မျက်ရည်နှင့်ရေးခဲ့တယ်ဆိုတာကို မောင် သိနေမှာပါ။ မောင် နှင့် နွယ်တို့ လမ်းခွဲကြရတာ နွယ် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။ မောင့် အမေကိုလည်း အပြစ်မမြင်ပါဘူး။ ကံကြမ္မာကိုပဲ အပြစ်တင်ချင်ပါတယ်။ နွယ် မောင့်ကို ဘယ်လောက်ထိချစ်လဲဆိုတာ ရွာထိပ်က ချယ်ရီပင်က အသိဆုံးပါ။ ပြီးတော့ လမင်းကြီးရယ်၊ ကြယ်လေးတွေရယ် သိကြပါတယ်။ နွယ်လည်းဒီရွာနဲ့ ကင်းလို့မရတဲ့အတွက် နောင်လည်း ပြန်ဆုံကြဦးမှာပါ။ အဲဒီအခါကျရင် သူငယ်ချင်းသံယောဇဉ်နှင့် ဆက်၍…
သိပ်ချစ်ရတဲ့
မောင့်ရဲ့ နွယ်…

မေတ္တာဖြင့်
ဘုန်းဘုန်းတောက် (တောက်ပကြယ်စင် )

0 comments: