မျက်နှာဖုံးများနဲ့ကကွက်

မျက်နှာဖုံးများနဲ့ကကွက်
မျက်နှာဖုံး………!!!

လူတိုင်း လူတိုင်းမှာ မျက်နှာဖုံး ကိုယ်စီ ရှိကြပြီး အဲဒီ မျက်နှာဖုံး ကိုယ်စီနဲ့ပဲ ကခုန်နေကြ ရတာပါ။ မျက်နှာဖုံး ကလည်း အမျိုးမျိုး ရှိကြလေတော့…… လူတဦးနဲ့ တဦးရဲ့ မျက်နှာဖုံး တွေလည်း တူနိုင်မယ် မထင်ပါဘူး။

တချို့က မင်းသား မျက်နှာဖုံး၊ တချို့က လူကြမ်း မျက်နှာဖုံး၊ တချို့က အပြုံး မျက်နှာဖုံး၊ တချို့က လူချမ်းသာ မျက်နှာဖုံး၊ တချို့က လူဆင်းရဲ မျက်နှာဖုံး၊ တချို့က ဘီလူး မျက်နှာဖုံး၊ တချို့က ဟန်ဆောင် မျက်နှာဖုံး၊ တချို့က အရူး မျက်နှာဖုံး၊ တချို့က အာဏာရ မျက်နှာဖုံး၊ တချို့က ပညာတတ် မျက်နှာဖုံး၊ တချို့က ပညာမဲ့ မျက်နှာဖုံး၊ တချို့က ရိုးသားတဲ့ မျက်နှာဖုံး၊ တချို့က လိမ်ညာတဲ့ မျက်နှာဖုံး၊ တချို့က အပြစ်ကင်းစင်တဲ့ မျက်နှာဖုံး၊ တချို့က အထင်ကြီးနေတဲ့ မျက်နှာဖုံး၊ တချို့က အားငယ်တဲ့ မျက်နှာဖုံး၊ တချို့က မျက်ရည်တွေ လွှမ်းမိုးနေတဲ့ မျက်နှာဖုံး၊ တချို့က ဒေါသတွေနဲ့ မျက်နှာဖုံး………။

များလွန်းလှတဲ့ မျက်နှာဖုံးတွေထဲမှာ ကိုယ်လည်း ဘယ်လို မျက်နှာဖုံးနဲ့ ပါလိမ့်……။

တချို့ကလည်း နေရာ ဒေသ ကိုလိုက်ပြီး မျက်နှာဖုံး အမျိုးမျိုးကို တပ်လို့ ကခုန်နေကြတယ်။ တချို့ကလည်း နေရာ ဒေသ ပြောင်းသွားပေမဲ့ မျက်နှာဖုံး တမျိုးထဲကိုပဲ တပ်ပြီး ကကွက်မျိုးစုံနဲ့ ကကြပြန်တယ်။ တချို့ကလည်း အချိန်ကာလ ကိုလိုက်ပြီး မျက်နှာဖုံး ပြောင်းသွားကြတယ်..။ ဘယ်လိုပဲ မျက်နှာဖုံး ပြောင်းလဲ သွားပါစေ…. အရေးကြီးတာကတော့ မိမိရဲ့ စိတ်နဲ့ တထပ်တည်း ကျနိုင်တဲ့ မျက်နှာဖုံးဖြစ်ဖို့ လိုပါတယ်။ မိမိရဲ့ စိတ်မပါပဲ သူတပါးရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ဖြစ်ဖြစ်၊ သူတပါးရဲ့ ထိန်းချုပ်မှုကြောင့်ပဲဖြစ်ဖြစ်၊ကြောက်စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ငွေအင်အားရဲ့ မလွန်ဆန်နိုင်မှုကြောင့်ပဲ ဖြစ်ဖြစ်၊ အတ္တကို ရှေ့တန်းတင်တာကြောင့်ပဲ ဖြစ်ဖြစ်… ဟန်ဆောင် မျက်နှာဖုံး ကိုတပ်ရင် မလှမပနဲ့ အကျည်းတန် မျက်နှာဖုံး ဖြစ်သွားမှာပါ။

မိမိရဲ့ စိတ်နဲ့ ညီမျှနိုင်မဲ့ မျက်နှာဖုံးကို ကိုယ်တိုင် ရွေးချယ်လို့ လှပသေချာ သပ်ရပ်တဲ့ မျက်နှာဖုံး တပ်ဖို့ပါပဲလေ။ တပ်နိုင်ဖို့ စိတ်လည်း ရှိရမှာပါ။ သူတပါး တပ်ခိုင်းတဲ့ မျက်နှာဖုံး ကို မတပ်ဖို့တော့ ကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိရမယ်…။ မိမိ ကိုယ်ပိုင် မျက်နှာဖုံး ကို ယုံယုံကြည်ကြည်နဲ့ တပ်ဖို့ လိုအပ်ပါတယ်.။

နေရာ ဒေသ ကိုလိုက်ပြီး မျက်နှာဖုံး ပြောင်းတပ်မယ် ဆိုရင်လည်း မိမိ ကိုယ်တိုင် လှပတဲ့ မျက်နှာဖုံး ဖြစ်ဖို့ကို သေချာ ရွေးချယ်နိုင်ပြီး အများရဲ့ ရှုံ့ချ ကဲ့ရဲ့မှုက လွတ်မှသာ သန့်ရှင်း စင်ကြယ်တဲ့ မျက်နှာဖုံးနဲ့ လူအဖြစ် ရပ်တည်နိုင်ပြီး လှပတဲ့ မျက်နှာဖုံးလူသားဖြစ်သွားမှာပါ…။

မြို့မျက်နှာဖုံး………!!!
မြို့မျက်နှာဖုံး ဆိုတာလည်း ရှိသေးတာပဲလေ။ မြို့ရဲ့ လူချမ်းသာ အထင်ကရ ပုဂ္ဂိုလ်မျိုး…၊ ဘာဖြစ်လို့များ မြို့မျက်နှာဖုံး လို့ ခေါ်ကြတာလဲ…၊ ဓန အင်အား ချမ်းသာတာဖြစ်ချင် ဖြစ်နိုင်မယ်၊ အာဏာ ရှိတာဖြစ်ချင်ဖြစ်နိုင်မယ်၊ လူချစ်လူခင် များပြီး အများအကျိုး ကူညီ ဆောင်ရွက် ပေးနိုင်တာ ဖြစ်ချင် ဖြစ်နိုင်မယ်၊ ဓန အင်အားလည်း ချမ်းသာပြီး အများအကျိုး ကူညီပေးနိုင်လို့ ကိုယ်ချင်းစာတရား ရှိတဲ့သူ တယောက်ဖြစ်ချင်ဖြစ်နိုင်မယ်၊ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ သူတယောက် ဖြစ်ချင် ဖြစ်နိုင်မယ်………..။

မြို့မျက်နှာဖုံး ဆိုပေမဲ့လည်း လူထုအများရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားနိုင်တဲ့ သူလား…. ဒါမှမဟုတ် အများရဲ့ ရွံရှာ မုန်းတီးမှုကို ပိုင်ဆိုင် ထားတဲ့ သူလား…….။ အများက မလွှဲသာ မရှောင်သာ ချစ်ခင်ချင်ယောင် ဆောင် နေကြရတဲ့ သူလား……။

တချို့ကလည်း အသိအမြင်တွေ ရပြီး ဟန်ဆောင် မျက်နှာဖုံး တွေကို ခွါချလို့ မိမိနဲ့ သက်ဆိုင်တဲ့ မျက်နှာဖုံးကို တပ်ပြီး ပျော်မြူးလို့………!
တချို့ကလည်း အသက်အရွယ် ကြီးလာပေမဲ့ ဟန်ဆောင် မျက်နှာဖုံးတွေ၊ တန်ဖိုးမရှိတဲ့ မျက်နှာဖုံးတွေကို တပ်လို့ မိမိရဲ့ အတ္တ ထဲမှာ နောင်တမရ ပျော်မြူး နှစ်ခြိုက် နေဆဲပဲ…….!
တချို့ကလည်း အသက်အရွယ် ငယ်ပေမဲ့ မိမိရဲ့ ကိုယ်ပိုင် မျက်နှာဖုံးနဲ့ မိမိရဲ့ စိတ်နဲ့ထပ်တူကျတဲ့ အများအတွက် တန်ဖိုး ရှိနိုင်မဲ့ မျက်နှာဖုံး တွေ တပ်ပြီး ဘ၀ရဲ့ ကြီးမြတ်မှုကို ခံယူနေလို့………..!
တချို့ကလည်း ပညာတတ်ပေမဲ့ သူတပါးရဲ့ ထိန်းချုပ်မှု အောက်က မလွတ်မြောက်နိုင်ပဲ တပါးသူရဲ့ မျက်နှာဖုံးနဲ့ ကပြ အသုံးတော် ခံလို့………..!
တချို့ကလည်း အခြေအနေ တခုကြောင့် အတတ်ပညာ မရှိပေမဲ့ အသိပညာ ကြွယ်ဝပြီး လူသားတွေ အတွက် အကျိုး ရှိမယ့် မျက်နှာဖုံး ကိုတပ်လို့ ကြည်နူး ရွှင်လန်း နှစ်ခြိုက်ပြီး လောက လမ်းကြောင်းကြီးပေါ်မှာ အကျိုးရှိရှိ လျှောက်လှမ်းလို့...........!

လူသား အားလုံးလည်း ကိုယ်စီ ကိုယ်စီ လှပ သပ်ရပ် သန့်ရှင်း စင်ကြယ်တဲ့ မျက်နှာဖုံးတွေ နဲ့သာ အလှဆင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း......။

သဒ္ဓါလှိုင်း

0 comments: