အမှောင်မှာ ကျွမ်းနေတဲ့ မီးလုံး

အမှားက မှားမှန်းသိရက်နဲ့
ဝန်မခံချင်တဲ့အမှား ။

ခွင့်လွှတ်တဲ့ တံခါးက
ငုံ့လျှိုးထွက်လာလို့ ရပေမယ့်
ထွက်မလာတဲ့ ခေါင်းမာမာ အမှား ။

အမှားက သန်းခေါင်ထက် ပို ည မနက်တော့တဲ့အမှား
အမှားက ပြာပူမကြောက်တဲ့ မျက်ကန်း
အမှားက အမှားချင်းချင်း သတင်းလွေ့လွေ့
အမှားက မှားရင်း မှားရင်းနဲ့ မှားရတာ နေပျော်သွားတဲ့ အမှား ။

အမှားတို့သဘာဝ အမှားကျမ်းတော်ကြီးတွေဖတ်လို့။
အမှားက အတွေ့အကြုံနည်းတဲ့ အမှားလေးကနေ
ဝါရင့်အမှားကြီးဖြစ်အောင် ကြိုးကုတ်လို့။

မှားမိမှတော့ ဘာ ထပ်ထူးမလဲ
ညစ်တွန်းတွန်းရင်း ရှေ့ဆက်နေတဲ့အမှား ။

အမှားက အရေခွံလဲတယ် ။
အမှားက အရောင်ပြောင်းတယ် ။
အမှားက ပညတ်ပြောင်းတယ် ။

အမှားက
အမှန်တရားကို တံတားလို
ခင်းရင်း နင်းရင်း
ပြောင်ပြောင်တင်းတင်း ။
လင်းဒီပ ( ၂၁.၀၉.၁၁ )

 

0 comments: