မိုးမြင့်ထက်ဖျားဆီ


တစ်နေ့ကျတော့
စာသင်ခန်းထဲမှာ ဆရာမက
ကျောင်းသားတစ်ယောက်ကို ထခိုင်းပြီး
မေးခွန်းတစ်ခု မေးတယ်။
မင်း ကြီးလာရင်ဘာဖြစ်ချင်သလဲတဲ့
ကျောင်းသားလေးက ထရပ်ပြီးး
ဆရာမကို အကြာကြီးးစိုက်ကြည့်နေတယ်
ပြီးမှ လေသံတိုးတိုးလေးနဲ့ ဖြေလိုက်ပါရဲ့
(နားထောင်စမ်းပါ)
ကျွန်တော်...ခြေတစ်ဖက်ဆာနေတဲ့
ကောင်လေးတစ်ယောက်ဖြစ်ချင်ပါတယ်တဲ့
ဆရာမက တအံ့တသြနဲ့
ကျောင်းသားလေးကို ကြည့်ကာ
ဘာဖြစ်လို့လဲ သား တဲ့
ထပ်ပြီးမေးလိုက်ပေါ့
ဒီတော့ ကျောင်းသားလေးက
အရည်လဲ့နေတဲ့ မျက်လုံးးကိုပုတ်ခတ်ပြီးး
ဦးခေါင်းကို ငုံ့ကာ
ဆရာမ ကြားနိုင်ရုံ တိုးတိုးလေး
ပြောလိုက်တယ်
ကျွန်တော့် ညီမလေးက
ခြေတစ်ဖက်မသန်ဘူး ဆရာမ တဲ့

နေမျိုး

ခပ်ဝေးဝေးသက္ကရာဇ်များက ဖတ်ခဲ့ဖူးသောကဗျာတစ်ပုဒ်ဖြစ်ပါသည်။ ဖတ်ပြီးပြီးချင်း အဆုံးမဲ့နက်ရှိုင်းသော ချောက်ကမ်းပါး ထဲ လွင့်စင်သွားခဲ့ရသလို ခံစားမိခဲ့ရသော ကဗျာလည်းဖြစ်ပါသည်။ ကလေးငယ်၏ အဖြေစကားကို မေးသူဆရာမ ဆွံ့အသွားရလောက်အောင် မျက်ရည်ဝဲသွားခဲ့သည်လား။ ဖတ်သူ ကျွန်မမှာတော့ မျက်ရည်တွေစိုရွှဲလို့။ ကဗျာဆိုတာ ဒါပါပဲကွယ်။ နှလုံးသားတွေကို သိမ်းကြုံးညှို့ယူသွားခဲ့တာ..စာကြောင်းရေ မများလှသော စကားလုံးဆန်းဆန်းမပါလှသည့် ရိုးရိုးရှင်းရှင်းကဗျာလေးမှာ အစ်ကိုတစ်ယောက်၏ ညီမတစ်ယောက်အပေါ်ထားသော မေတ္တာတရားးကို အထင်းသားမြင်တွေ့နေရပါသည်။ ညီမလေးနဲ့ အတူတူညီတူညီမျှ မျှဝေခံစားချင်သတဲ့လား ကလေးရယ်...။

သက်ပြင်းဖွဖွ တစ်ချက်ချမိသည်။ လက်တွေ့၌ ကျွန်မခြေတစ်ဖက်ဆာမနေခဲ့ပါ။ ကျွန်မ ခြေတစ်ဖက်ဆာနေခဲ့လျှင် လိုက်လံခြေထောက်သိမ်နေချင်ခဲ့သော အစ်ကိုတစ်ယောက်ကော..အင်းးး မရှိခဲ့ပါ။ မျက်ဝန်းကို ယောင်ယမ်းမှိတ်မိစဉ် ပုံရိပ်တစ်ချို့ကို မြင်ယောင်မိသည်။ နှစ်ပေါင်း ၂၄ နှစ်ကြာမြင့်ပြီ ဖြစ်ရကားး စုတ်ချက်တို့က မပီမသပင်။

လေးနှစ်ပြည့်တတ် မပြည့်တတ် ကလေးမလေးတစ်ယောက်က စီးထားသော ဖိနပ်ကို ခြေဆောင့်ကာ လွှင့်ပစ်နေသည်။ဘေးမှ အဖြူအစိမ်းဝတ်လူငယ်လေးတစ်ဦးက ထိုဖိနပ်ကလေးတွေကိုပြန်ကောက်သည်။ ကလေးမလေးက အကောက်မခံဘဲ တဖန်ပြန်လွှတ်ပစ်ပြန်သည်။ သုံး လေး ကြိမ် ပဋိပက္ခဖြစ်ကြပြီးနောက် လူငယ်လေးက ထိုဖိနပ်လေးတွေကို သူလွယ်ထားသော လွယ်အိပ်ထဲသို့ သေသေသပ်သပ်ထောင်လျှာက် ထည့်သည်။ ထို့နောက် ကလေးမလေးကို စွေ့ကနဲ မချီကာ ကုတ်ပေါ်သို့တင်လိုက်လေသည်။ စူပုတ်ကောက်နေသော ကလေးမလေး၏ မျက်နှာ ချက်ချင်းလိုလိုပြုံးရွှင်သွားပြီး `ဟေးး´ ကနဲ အော်လိုက်သံကိုကြားလိုက်ရမှ စိတ်ရှုပ်ဟန်ပေါက်နေသော လူငယ်လေး၏မျက်နှာပါ ပြုံးယောင်သန်းသွားသည်။


ထိုနေ့မှစ၍ မနက်ကျောင်းသွားချိန်တိုင်း အိမ်ထဲမှ အတူတူလမ်းလျှောက်ထွက်လာကြသောမောင်နှစ်မနှစ်ယောက်သည် အိမ်၏အကွယ်လမ်းထောင့်ချိုးသို့ ရောက်သည်နှင့် တပြိုင်နက် အလုပ်များကြတော့သည်။ မူကြိုကျောင်းလေးသို့ရောက်သည်အထိ အစ်ကိုလုပ်သူ၏ လည်ကုပ်ပေါ် ၌ပြုံးပြုးရွှင်ရွှင်လိုက်ပါရင်းကျောင်းကြောက်သည့်စိတ်ကိုလည်း ညီမကလေးကဖျောက်ဖျက်နိုင်ခဲ့သည်။ သူတက်ရောက်ရမည့်အထက်တန်းကျောင်းသို့ ဆက်လက်ထွက်ခွာသွားသည့် အစ်ကိုလုပ်သူ၏ ကျောပြင်ကို ငေးကြည့်ရင်း လက်သေးသေးနှစ်ဖက်ကို ဝေ့ယမ်းကာ မမောနိုင်၊ မပန်းနိုင် တာ့တာပြရသည်မှာလည်း ညီမကလေးပင်။


ကြာတော့ကြာခဲ့ပါပြီ။ ယခုအခါ ထိုနေ့ကလေးထိန်းကျောင်းလည်း မရှိတော့ပြီ။ ကျွန်မတို့အိမ်သည်လည်း ယခင်လမ်းကလေး၌  မဟုတ်တော့ပြီ။ ကျွန်မတို့မောင်နှစ်မတွေ  အစဉ်အဆက်တက်ရောက်ခဲ့ကြသော အ.ထ.က (၂) အမျိုးသားကျောင်း ကြီးကတော့ ယခင်ကနှယ် ခံ့ခံ့ထည်ထည်ရှိနေဆဲ။ အသစ်အသစ်သော ပြင်ဆင်မွမ်းမံမှုတွေဖြင့် တောက်ပ၀ံ့ကြွားနေဆဲပင်။ ကျွန်မတို့ မိသားစုအတွင်း၌လည်း ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်ဖြင့် ယခင်ကအတိုင်း လှုပ်လှုပ်ရွရွရှိနေဆဲပင်။ သို့သော်...အစ်ကိုကတော့ ဟိုးးးးဝေးဝေးသို့ ထွက်ခွာသွားခဲ့ပြီ။ သူ့ဘ၀တိုးတက်ရာ၊ တိုးတက်ကြောင်း ရှာဖွေရင်း ကျောင်း ပို ကြို့ စရာမလိုတော့သော ညီမလေးကို သူမေ့လျော့သွားခဲ့ပြီ။ ထမင်းစားတိုင်း သူငါးအရိုးထွင်ပေးခဲ့ရသော၊ အိပ်ရာဝင်ခါနီးတိုင်း ပုံပြောပြပြီး ကျောပုတ်သိပ်ခဲ့ရသော၊ သူ အိမ်အပြန်နောက်ကျ၍ ဟင်းမရှိတော့သဖြင့် မြင်းခွာရွက်တွေ မညီမညာလှီးကာ သုတ်ပေးခဲ့ဖူးသော ညီမလေးကို သူ သတိရမည်မထင်တော့ပါ။

တစ်ခါတရံ၌ ငယ်သူငယ်ချင်းအချို့နှင့် ပြန်တွေ့ပါသည်။ တာဝန်တွေအသီးသီး လှုပ်ရှားရုန်းကန်နေရသော သူ့ဘ၀၊ ကိုယ့်ဘ၀ အပြန်အလှန်စပ်စုမေးမြန်းကြရင်း သူတို့အားလုံးထံမှ တူညီသော မေးခွန်းတစ်ခုကို ကျွန်မလက်ခံရရှိပါသည်။

“နင့်အစ်ကိုကော”

ထိုအချိန်တွင် အဓိပ္ပာယ်ဆင်ဆင်တူသည့် အဖြေများကိုသာ ထပ်ကာတလဲလဲ ကျွန်မပြန်ဖြေခဲ့ပါသည်။

“ဘယ်ရှိတော့မလဲ သူ့လမ်းသူလျှောက်တာပေါ့“

“နင်တို့ကို သတိမရဘူးလား...နင်တို့ကကော”

“သြော် ကိုယ့်ဘ၀နဲ့ ကိုယ်ပဲဟာ”

ထိုအချိန် ပြန်ဖြေခဲ့သော ကျွန်မစိတ်နှလုံးသည် အလွမ်းတချို့တလေမှ ကပ်ငြိမနေခဲ့ပါ။ ကျောင်းနှင့် အလုပ် လွန်းထိုးနေရသော ဘ၀သည်လွမ်းဆွတ်မှုတွေကိုလည်းကောင်း၊ သံယောဇဉ်တို့ကို လည်းကောင်း သတိမရစေရန် သင်ကြားလေ့ကျင့်ပေးခဲ့သည် ထင်ပါသည်။ ဘ၀က ကြမ်းတမ်းလာလေ အတ္တတွေများ ပိုမွေးဖွားလာလေ ဖြစ်နေခဲ့သည်လား။ ကျွန်မတော်ရုံမပြုံးတတ်ခဲ့သလို၊ မျက်ရည်လည်း မကျတတ်ခဲ့ပြန်။ မိုးကောင်းကင်အောက်တွင် ရှင်သန်ဖို့ ကျွန်မလက်အစုံ မနားတမ်းလှုပ်ရှားနေမှ ဖြစ်မည်ဟူ၍ပင် တထစ်ချသတ်မှတ်ထားခဲ့ပါသည်။ “တာဝန်” ဟူသည့် အသိတစ်ခုသာရှိသော ကျွန်မအတွက် မေတ္တာတရားသည်လည်းကောင်း၊ သံယောဇဉ်ဟူသည်လည်းကောင်း မေ့လျော့ချန်ထားခဲံမိသော ဘာသာဗေဒတစ်ခုသာ ဖြစ်ခဲ့ပါသည်။

ကျွန်မဖြတ်သန်းခဲ့ရာ အတိတ်တလျှောက်တွင် အလုပ်တွေနှင့်သာ ပြည့်နှက်လျှက်ရှိပါသည်။ ကိုယ်ပိုင်စာသင်ကျောင်းတွင် ဆရာမအဖြစ်တာဝန်မထမ်းဆောင်ခင် အချိန်က နေ့ခင်းဘက်တွင် စာအုပ်ခြင်းတောင်းကို စက်ဘီးနောက်တွင်တင်ကာ လမ်းတကာလှည့်၍ စာအုပ်ငှားသူ အဖြစ်လည်းကောင်း၊ ညဘက်ဈေးတွင်ပြက္ခဒိန်၊ ပိုစတာများရောင်းသူ အဖြစ်လည်းကောင်း လုပ်ခဲ့ဖူးပါသည်။ ညဘက်ဈေးသိမ်းပြီးပြန်လာချိန်သည် ၁၀း၃၀ နာရီ ၊ ၁၁း၀၀နာရီ ၀န်းကျင်သာဖြစ်သည်။ ထိုအခါခြောက်သွေ့သောရာသီဥတုများတွင် မိမိဘာသာအေးအေးသက်သာ ပြန်လာတတ်သော ကျွန်မသည် မိုးရာသီရောက်သော အခါတွင်မူ အနည်းငယ်ကသိကအောက် ဖြစ်လာသည်။ မိုးရွာလျှင် လမ်းပေါ်၌ လူရှင်းတတ်သော ထုံးစံအတိုင်း ကျွန်မ အိမ်ပြန်ချိန်များသည် ညည့်နက်လုလုဖြစ်သည့်အခါ အိမ်အပြန်လမ်းမတလျှောက်၌ တိတ်ဆိတ်မှောင်မိုက်နေသည်က များပါသည်။ “မိုးတွေညို့လာရင် လွမ်းရိပ်ဆင်သတဲ့”..ဟုတ်လေသည်လား မဟုတ်လေသည်လား မသိပါ။ သို့ပေမယ့် ကျွန်မအားငယ်တတ်လာပါသည်။

မိုးသည်းသည်းထန်ထန်ရွာကာ တစ်ကိုယ်လုံးချမ်းအေးလာလျှင် ငိုချင်သလို၊ ရယ်ချင်သလိုဖြစ်လာသည်။ နောက်တစ်ကြောင်းမှာ မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ တစ်ယောက်တည်းသွားလာနေတတ်သော ကျွန်မသည် မိုးခြိမ်းသံနှင့် လျှပ်စီးများကို အလွန်အမင်းကြောက်တတ်ခြင်းပင်။ မိုးတစ်ချက်ခြိမ်းလျှင် ထိတ်ကနဲဖြစ်ကာ လျှပ်စီးတစ်ချက်လက်လျှင် မျက်လုံးတွေပြာ၍ခြေဖျားလက်ဖျားအေးအောင် တုန်လှုပ်တတ်ပါသည်။ ကြောက်ရွံမှုတွေဆက်တိုက်လာသောအခါ မျက်ရည်က အလည်မခေါ်ဘဲ တသွင်သွင်ကျလာသည်။ ထိုအချိန် ကျွန်မအိမ်အပြန်လမ်းတလျှောက်၌သက်ရှိလူသား တစ်ယောက်တလေကိုမြင်တွေ့ရဖို့တောင့်တမိပါသည်။ မည်သူမှ မရှိသော လမ်းမထက်ဝယ် ကျွန်မတစ်ယော်ကတည်းဟူသော အသိက ပို၍ခြောက်ခြားစေသည်။ လူသည်တစ်ဦးတစ်ယောက်တည်းရှင်သန်ရပ်တည်၍ မရသည်ကို ထိုအခါမှ ကျွန်မစတင်သဘောပေါက်လာသည်။

ဘယ်ဆီရောက်နေပြီမှန်း မသိသော ကျွန်မအစ်ကိုကို ထိုအချိန်မှစတင်၍ ကျွန်မ လွမ်းဆွတ်စပြုလာသည်။ ကျောင်းနေစဉ်ကာလများက ကျွန်မကို သူ့ပခုံးထက်တင်၍ ကျောင်းအပို့အကြိုလုပ်ခဲ့သော အစ်ကိုသည် သူသာရှိနေခဲ့မည်ဆိုလျှင် ဤသို့ ကျွန်မကိုတစ်ယောက်တည်းသွားလာစေမည်မထင်ပါ။ ကျွန်မအဖေ၏ ကျန်းမာရေအခြေအနေကြောင့် လာမကြိုစေဖို့ ကိုယ်တိုင်ပိတ်ပင်တားမြစ်ခဲ့သော ကျွန်မသည် “အစ်ကိုသာရှိခဲ့လျှင်” ဟူ၍ တမ်းတတတ်လာသည်။ ကျွန်မ အားငယ်ကြောက်လန့်ချိန်များတွင် အစ်ကိုဟူသော အရိပ်ကို မားမားမတ်မတ် ရပ်တည်နေစေရန် တောင့်တမိပါသည်။ “လူဟူသည် အလိုရှိမှ တမ်းတတတ်သည်” လား မပြောတတ်ပါ။ သေချာသည်မှာ မိုးသည်းသောညများတွင် ၀မ်းနည်းအားငယ်စိတ်များနှင့် မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ပါသည်။ တစ်ခါတရံ တစ်ယောက်တည်းမိုက်ရူးရဲဆန်ဆန် ဖြေရှင်းရသော ကိစ္စများတွင်လည်း ဆုံးမပေးမည့်၊ ရှေ့က မတ်မတ်ရပ်တည်ပေးမည့် အစ်ကို ကိုကျွန်မ မျှော်လင့်တတ်လာပါသည်။ သို့ငြား အစ်ကိုကတော့ ဟိုးးဝေးဝေးမှာလား....မသေချာပါ...။

သက္ကရာဇ်တွေ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။ အလုပ်တစ်ခုမှ တစ်ခု ရွှေ့ပြောင်းကျင်လည်ရင်း ကျွန်မအိမ်ပြန်ချိန်တွေ နောက်ကျလိုက်၊ စောလိုက် ။ အရာရာကျင့်သားရလာသည့်တိုင် ကျွန်မနှလုံးအိမ်၌ စိတ်အင်အားကို လုံခြုံမှုပေးနိုင်မည့် အရိပ်တစ်ခုကို တမ်းတမြဲ။

တစ်ခုသော ဆောင်းရာသီ၏ ညနေခင်းတစ်ခုတွင်မူ ၂၄ နှစ်ကြာ ကွဲကွာခဲ့သော အစ်ကို့ကို ကျွန်မပြန်လည်တွေ့ဆုံရပါသည်။ပြန်ဆုံချင်တော့လည်း ရိုးရိုးလေးပင်...။ ငယ်စဉ်ကနေခဲ့သောလမ်းမှာ မဟုတ်သည့် ကျွန်မတို့အိမ်ကို အစ်ကို ရှာဖွေမေးမြန်းလာရပုံပေါ်ပါသည်။ ဒါက စဉ်းစားနေရန်သိပ်အရေးမကြီးလှပါ။ အစ်ကိုရောက်လာတော့ ကျွန်မတို့ တစ်အိမ်သားလုံးအံ့အားတသင့်။ ၀ဖိုင့်ကာ အသားတွေဖြူဖွေးနေသည့် အစ်ကို့ကို ကျွန်မ ခပ်တောင့်တောင့် ငြိမ်သက်ရင်း ငေးစိုက်ကြည့်နေမိသည်။ အဖေနှင့် ရယ်ကာမောကာ၊ ဖြတ်သန်းခဲ့ရာ ဘ၀တလျှောက်အကြောင်းပြောပြနေသော အစ်ကို့သွင်ပြင်သည် ကျွန်မတမ်းတခဲ့ရသော အစ်ကိုနှင့် မတူတော့ပြန်။အစ်ကို့ သွင်ပြင်သည် ကျွန်အတွက် အေးစက်စိမ်းသက်နေသည်။ ဧည့်သည်တစ်ယောက် အိမ်လာလည်နေသလိုပဲ။ ဒါ ကျွန်မ၏ အစ်ကိုလား...။

ယင်းအခိုက် အစ်ကိုက ကျွန်မကို မေးဆတ်ကာ “မိငယ်လေး” လား တဲ့။ ပြုံးချိုနေသည့် အစ်ကို့ကိုပြန်လည်ပြုံးပြဖို့ ကျွန်မကြောင်ငေးနေသည်။ အစ်ကို့အပြုံးတွေသည် ဟိုးးယခင်ကလို ရှင်းသန့်မနေတော့ပါ။ စိတ်ရောင်စုံ၊ ဘ၀ရောင်စုံတွေကြား အစ်ကိုသည် သွက်သွက်လက်လက် ကူးခတ်နိုင်ခဲ့ပြီထင်သည်။ဆက်လက်၍-

“ငယ်ရုပ်အတိုင်းပဲ၊ ကောက်တေးမလေးရုပ်ပဲ” ဟု

အစ်ကိုပြောသောအခါ ကျွန်မအနည်းငယ်ဝမ်းနည်းသွားပါသည်။ အစ်ကိုရေ..ဒီစကားမျိုးက သူစိမ်းဧည့်သည်တွေ ပြောလေ့ပြောထရှိကြတဲ့ စကားမျိုးလေ....။သက်ပြင်းတစ်ချက်နှင့်အတူ ကျွန်မ ”ဟုတ်ကဲ့” တစ်ခွန်းသာ လိုက်ပေးလိုက်ပါသည်။ နှစ်ပေါင်း ၂၄ ကျော်ကွဲကွာနေခဲ့သော မောင်နှစ်မတွေ၊ မိသားစုတွေပြန်လည်တွေ့ဆုံပွဲက ကျွန်မ မျှော်လင့်ခဲ့သလောက် နွေးထွေးကြင်နာမှု၊ လုံခြုံမှုအားအင်တွေ ဖြစ်တည်မလာပါ။ တမဟုတ်ချင်း လွမ်းဆွတ်တမ်းတမှုတွေကို ကျွန်မ သံသယရှိချင်လာသည်။ အချို့ လွမ်းဆွတ်မှုတွေသည် ဝေးဝေးကလွမ်းနေရတာမှ ပို၍အဓိပ္ပာယ်ရှိနိုင်မည် ဖြစ်နေရော့သလား...။

ဘ၀တလျှောက်လုံး အတမ်းတဆုံး၊ အတွေ့ချင်ဆုံးသူကို မျက်ဝါးထင်ထင် မြင်တွေ့ပြီးသည့် ကျွန်မရင်သည် လစ်ဟာမှုဖြင့် အေးစက်စိမ့်သက် သွားသည်။ လိပ်စာတစ်ခု၊ ဖုန်းနံပါတ်သုံးခု၊ အီးမေးလ်လိပ်စာ၊ ဓာတ်ပုံတွေတစ်ထပ်ကြီးနှင့် ကန်တော့ပစ္စည်း၊ လက်ဆောင်ပစ္စည်းတွေ ထားရစ်ခဲ့ပြီး အစ်ကိုပြန်သောအခါ ရင်းနှီးသော ဧည့်သည်များကို နှုတ်ဆက်သည့်အတိုင်း ကျွန်မပြုံးပြနှုတ်ဆက်နိုင်ခဲ့ပါသည်။ အစ်ကိုက ကျွန်မကို ရန်ကုန်မှာ အလုပ်လုပ်ရန်၊ သူအသစ်ရှာဖွေတည်ထောင်ထားသော မိသားစုနှင့် အတူနေရန်ပြောခဲ့သော်လည်း ကျွန်မအသာအယာ ခေါင်းယမ်းပြနိုင်ခဲ့ပါသည်။ အနေဝေးခဲ့ပြီဖြစ်သော အစ်ကို၏ အမျိုးသမီးသည် ကျွန်မအတွက် အစ်မတစ်ယောက် ဖြစ်လာနိုင်မည်မထင်တော့ပါ။ ကမာရွတ်မြို့နယ် ဟူ၍ အစ်ကိုပေးခဲ့သော ကျွန်မလက်ထဲရှိ လိပ်စာကဒ်ကလေးသည်လည်း ကျွန်မအသုံးပြုဖြစ်တော့မည် မဟုတ်ပါ။ ရန်ကုန်မြေသည် ရှေးမဆွကလိုပင်ကျွန်မအတွက် သူစိမ်းတို့၏ နေရာသာ ဖြစ်တော့သည်။ ဟိုစဉ်အခါက သူငယ်ချင်းများ မေးလာခဲ့လျှင် ပြန်ဖြေခဲ့မိသလို ကျွန်မအစ်ကိုကား အမှန်တကယ်ကိုပင် သူ့လမ်းသူလျှောက်ခဲ့လေပြီ တကား...။

မိုးကောင်းကင်သို့ မော့ကြည့်မိတိုင်း ကျွန်မညင်ညင်သာသာပြုံးမိပါသည်။ သဘာဝတရားကပေးသော ကောင်းကင်တစ်ခုကို အခြားသက်ရှိလူသားများနည်းတူ ကျွန်မပိုင်ဆိုင်ခွင့်ရခဲ့ပြီးပြီပဲ။ ကျွန်မကို သီးသန့် လုံခြုံနွေးထွေးမှု ပေးနိုင်မည့် ကောင်းကင်မျိုးကို မတမ်းတတတ်တော့ပါ။ အချိန်ကာလ၊ နေရာဒေသကို လိုက်၍ ကောင်းကင်၏ အရိပ်တွေ ပုံသဏ္ဍန်အမျိုးမျိုး၊ အရောင်အသွေး အမျိုးမျိုး ပြောင်းလဲတတ်ကြောင်း ယခုတော့ ကျွန်မ နားလည်ခဲ့ပါပြီ။

သူ့ဘ၀နှင့်သူ ပျော်ရွှင်နေခဲ့ပြီဖြစ်သော အစ်ကို၏ သွင်ပြင်သည်လည်းကောင်း၊ ကျွန်မအပေါ် ယုံကြည်အားကိုးကာ ချစ်ခင်နားလည်ပေးခဲ့ကြသော ကျွန်မ မိဘများ၏ သွင်ပြင်သည်လည်းကောင်း တလှည့်စီ မြင်ယောင်မိပါသည်။ မိန်းမငယ်တစ်ယောက်အဖို့ မိသားစုဟူသော အရိပ်အာဝါသရှိလျှင် လုံခြုံမှုအတွက် လုံလောက်ပြီဖြစ်သည်။ လောကဓံ၏လှိုင်းတံပိုးများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်ဆိုသည်မှာ မိမိကိုယ်တိုင်၏အားအင်ပင်ဖြစ်ကြောင်း ကျွန်မသိရှိသဘောပေါက်ခဲ့ပါပြီ။ မိသားစု ပြည့်စုံခြင်း၊ မပြည့်စုံခြင်း ဆိုသည်မှာ အခြေအနေ၊ အချိန်အခါတို့ပေါ်တွင်လည်း မှီတည်နေကြပါသည်။ ကျွန်မလိုအင်သော နွေးထွေးမှု၊ ကြင်နာမှု၊ လုံခြုံမှုတို့ရရှိဖို့ရာ ကြိုးစားရမည်မှာ ကျွန်မသာလျှင်....။

ယခုတော့ ဟိုးးဝေးးးး ဝေးးး က မိုးမြင့်ထက်ဖျားဆီ ကျွန်မ စောင့်   မျှော်   ငေး   မော   မ  နေ   တော့ ပါ   .        .               .။                           ။

ရွှေအိမ်စည်

ဒီဇိုင်းသရုပ်ဖော်ပုံ  Sasori jp

0 comments: