ဘ၀ ဆိုတဲ့ ပျိုးဥယျာဉ်


ဓာတ်ပုံ  အိမ့်ချမ်းမြေ့

-(၁) -
ပထမနှစ် အဝေးသင်များ ရောက်ပြီး တစ်လခန့် အကြာမှာပင် ကျနော်သည် ထို ၀မ်းနည်း စိုးရွံ့ရိပ်များ စွန်းထင်းနေသော မျက်ဝန်းကျယ်ကျယ်များကို  ပိုင်သည့် ကောင်မလေး နှင့် သူ စတင် ဆုံတွေ့ခဲ့ရခြင်း ဖြစ်လေသည်။ သူ တို့ သူငယ်ချင်း တစ်စုနှင့် စတင် ဆုံတွေ့ခဲ့တာက ကျောင်း Canteen ထဲက အအေးဆိုင် တစ်ခုတွင် ဖြစ်သည်။

“ဟဲ့ .. ကောင်တွေ … နင်တို့ကို ငါ ကြိုပြောထားတဲံ့ ငါ့ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးမယ်၊ သူက ဇာခြည်လွင်၊ သူက နော်သန့်ကြည်၊ သူက “အမရာ မေ” .. ဟဲ့ .. နင်တို့လည်း မှတ်ထား .. ဒီကောင်က ငယ်သွေး၊ ဟို ဘက်က မျက်မှန် နဲ့ လေးလုံးက သက်နိုင်ထွန်း၊ ဒီကောင် က ခွက်ကြီး၊ နာမယ်ရင်းက ဇင်မောင်သန့် … ဟိုကောင်တွေ နင်တို့က ဒီမြို့ခံတွေဆိုတော့ ငါ့ သူငယ်ချင်းတွေ လိုအပ်တာရှိရင် ကူညီလိုက် ကြားလား ….. ”

“အေးပါဟာ .. မေဂျာ တူချင်း Roll နံပါတ်ကပ်လျက်တွေကို ငါ တို့ ကူညီမှာပေါ့၊ နင်ကလည်း … ပြောနေစရာ လား”

အတူတူထိုင်နေသော သူငယ်ချင်းများ ကြားမှာ မျက်လွှာလေး ပင့် ၍ အသိအမှတ်ပြုသလို ခေါင်းငြိမ့်ပြသည် အမရာ မေ ၏ မျက်ဝန်း တစ်စုံ၊ ပိရိသေသပ်သော နှုတ်ခမ်းပါးလေးများ၊ နှာတံ ပေါ်ပေါ်လေးနှင့်  ဆံရှည် ဖြောင့်ဖြောင့်စင်းစင်းများကို ကျစ်ဆံမြီး နှစ်ဖက်ခွဲခြပြီး သနပ်ခါးရည်ကျဲ ပါးပါးလေးများ လူးထားသည့် ရိုးရှင်းသည့်ဟန်သည် သူ့ အတွက်တော့ တဒင်္ဂအတွင်းမှာပင် တစ်သက်တာ စွဲထင်စေမည့် ပုံရိပ်တစ်ခု ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတော့သည်။

ပါတိတ် ၀မ်းဆက်များကိုသာ အမြတ်တနိုးဝတ်ဆင်တတ်သည့် မြန်မာဆန်သော မေ သည် .. အခြား ခေတ်မီမီ ၀တ်စား ဆင်ယင်တတ်သည့် မိန်းကလေးများနှင့် နှိုင်းယှဉ်လျှင် ဘာမှ မထူးခြားသော်လည်း သူ့ရင်ကို ဆန်းပြားစွာ လှုတ်ခတ်စေနိုင်သော မိန်းကလေး တစ်ယောက်လည်း ဖြစ်လေသည်။


-(၂)-

ခပ်ပျော်ပျော် နေတတ်ပြီး သဘောကောင်းပုံရသော ထို အုပ်စုထဲတွင် မေ သည် ထို “ငယ်သွေး” ဆိုသော ကောင်ကလေးကိုတော့ တော်တော် ခင်မင်မိသည်။ သူ့ကို ကြည့်ရသည်မှာ ကူညီတတ်ပုံရပြီး အမြဲတမ်း လန်းဆန်းတတ်ကြွနေတတ်သည်။ လူ တစ်ဖက်သားကိုလည်း ခင်ခင်မင်မင် ပေါင်းသင်းတတ်ပြီး အခြား ကျောင်းသားများကဲ့သို့ အတန်းလစ်ခြင်း၊ ညဘက် မိန်းကလေးဆောင်ဘက် ဂစ်တာတီးခြင်းများ မရှိပဲ .. စာအုပ်များဖတ်ခြင်း၊ သစ်ပင်များ အကြောင်းဆွေးနွေးခြင်း များဖြင့်သာ အချိန်ကုန်နေတတ်သည်။

သူ ဘာကြောင့် Botany မေဂျာ ရွေးယူခဲ့ရပုံကို သူမအား ရှည်ရှည်ဝေးဝေး ရှင်းပြတော့ သူ့ ရဲ့ ရည်ရွယ်ချက် နှင့် ၀ါသနာကို သူမ လေးစားမိသည်။

“ မေ .. သိလား၊ သစ်ပင်တွေ က အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ သူတို့တွေကလည်း ကျနော်တို့ လူသားတွေလို သက်ရှိတွေပဲလေ။ ကျနော်တို့လူသားတွေ အသက်ရှင် ရပ်တည်မှု့ နဲ့ သူတို့နဲ့က ဆက်စပ်နေတယ်။ အပြန်အလှန် မှီခိုနေတယ်။ ကျနော် တိုမှာ Metabolism ဆိုတဲ့ ဇီဝကမ္ပ ဖြစ်စဉ်တွေ ရှိသလို၊ အပင်တွေမှာလည်း Plant Biology ဆိုတာ ရှိတယ်။

ကျနော်က သစ်ပင် စိုက်ရတာ ၀ါသနာပါတယ်၊ ၀ါသနာ ပါရုံတင် မကဘူး၊ လူတွေကို တတ်နိုင်သလောက် သစ်ပင်တွေ စိုက်ဖို့ လိုက်ပြီး တိုက်တွန်း နှိုးဆော်ချင်တယ်၊ မေ ယုံမလားတော့ မသိဘူး။ လူတွေ ကြားမှာ စိတ်ချင်းဆက်သွယ်မှု့ တယ်လီပသီ ဆိုတာ ရှိသလို၊ လူနဲ့ သစ်ပင်တွေ ကြားထဲမှာလည်း ရှိတယ်။ မေ မယုံရင် သစ်ပင်တစ်ပင်ကို ရှင်သန်အောင် စိုက်မယ်ဆိုတဲ့ စိတ်မျိုးထားပြီး စိုက်ကြည့်၊ အဲဒီ သစ်ပင်က သေချာပေါက် ရှင်ကို ရှင်ရမယ်။ ရေခံ မြေခံ နဲ့ အညီစိုက်ပျိုးနိုင်တဲ့ အပင်မျိုးလည်း ဖြစ်ရမယ်။ ပြီးတော့  Science of Plants Life ကို နားလည်ဖို့လည်း လိုတာပေါ့။

ကမ္ဘာကြီးမှာ နှစ်စဉ်  သစ်တောဟက်တာတွေ အများကြီး တောပြုန်းနေကြတယ် ဆိုတာ BBC က လွှင့်တဲ့ Global warming  အစီအစဉ် မှာ ကြည့်လိုက်ရတယ်။ အခုနောက်ပိုင်း ဖြစ်လာတဲ့ မြေလွှာပြတ်ရွေ့မှု့တွေ၊ ငလျှင်တွေ၊ မုန်တိုင်းတွေက သစ်တောပြုန်းတီးခြင်းတွေရယ်၊ ဖန်လုံအိမ် ဓါတ်ငွေ့ ပမာဏဆိုတာတွေ နဲ့ ဆက်စပ်နေတယ်လေဗျာ။ ဒါကို သိလို့ ဖန်လုံးအိမ် ဓါတ်ငွေ့လျှော့ချရေးဆိုင်ရာတို့၊  သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တို့မှာ ဥပဒေတွေပြုဖို့နိုင်ငံတော်တော်များများက ကြိုးစားနေကြတာပေါ့…… “

သူက အသက်တစ်ချက် ပြင်းပြင်းရှု့လိုက်ပြီး မေ့ကို တစ်ချက် ငဲ့ကြည်သည်။ မေ စိတ်ဝင်တစား နားထောင်နေတာကို မြင်တော့  .. တစ်ချက်ပြုံးပြီး ဆက်ပြောသည်။

“များများမကြည့်နဲ့ ကျနော်တို့ ဧရာဝတီတိုင်းမှာ နာဂစ်ဖြစ်ပြီး သစ်တောတွေ တော်တော် များများ ပြုန်းတီးသွားတော့ အခုနောက်ပိုင်း ကြည့်၊  … ပင်လယ်နဲ့ နီးတဲ့ မြစ်ချောင်း အင်းအိုင် ပေါတဲ့ ဒေသဖြစ်ပေမဲ့ ကျနော်တို့ ဒေသမှာ အပူ အအေး မမျှတတော့ဘူး၊ မိုးများချင် များလာတယ်၊ ပူချင်ရင်လည်း စင်တီဂရိတ် အမြင့်ဆုံးထိ ရောက်လာတတ်တယ်၊

ဟိုး တလောက ဂျပန်ပညာရှင် တစ်ချို့ရဲ့ အကူညီနဲ့ လပွတ္တာဘက်မှာ လမုတောတွေ ပြန်စိုက်မယ် Survey လုပ်နေပြီ တဲ့၊ အဲဒီ သတင်းကြားရတော့ ကျနော် တော်တော်ဝမ်းသာမိတယ်၊ ကူညီမဲ့သူ ရှိရင် ကျနော်တို့က ရှင်သန်အောင် ထိန်းသိမ်းရမယ်၊ တောင်ကိုရီးယား ရဲ့ သစ်တောကြိုးဝိုင်း ထိမ်းသိမ်းမှု့ကို ကျနော်တို့ နမူနာ ယူသင့်ရင် ယူရမယ်။ လိုအပ်လာရင် သူတို့လို ဘေးမဲ့ သစ်တောကြိုးဝိုင်းတွေ လုပ်ရမယ်။ အဲလိုပဲ သဘာဝ ပါတ်ဝန်းကျင် တစ်ဖက်က ထိမ်းရင်း တစ်ဖက်ကလည်း စွမ်းအင် အရင်းအမြစ် ပြန်ရှာရမယ်။  ဒါမှ ကျနော်တို့ နောက်မျိုးဆက်တွေ အတွက် စိတ်ချရတဲ့ သဘာဝ အမွေအနှစ် တစ်ခု အဖြစ် ချန်ထားနိုင်မယ် မဟုတ်လားဗျာ …

အဲဒီတော့ ကျနော့် ရည်ရွယ်ချက်ကဗျာ .. ကိုယ်တိုင်လည်း စိုက်မယ်၊ ပျိုးဥယျဉ် ကြီး တစ်ခု ပိုင်အောင် ကြိုးစားမယ်၊ သစ်ပင်စိုက်ခြင်းနဲ့ ပါတ်သတ်တဲ့ Knowledges တွေ ဝေမျှမယ်၊ ကြီးကြီးကျယ်ကျယ်ပြောရရင် မေ ရယ် .. ကျနော်လုပ်နိုင်တဲ့ ဘောင်လေးထဲကနေ … Keep the World Alive” ပေါ့ .. “

သူက သူ့ စိတ်ကူးတွေ ပြောရင်း အားတတ်နေပုံရသည်။ သူ မျက်ဝန်းမှာ အရောင်တွေ တဖျပ်ဖျပ် လက်လို့ … သူ့ စိတ်ကူး၊ ၀ါသနာ အပေါ်မှာ လေးစားအားကျရင်း သူ ဆက်ပြောသော ပဟေဠိ ဆန်သော စကားတစ်ချို့ အတွက် သူမ အဖြေမရှာရဲအောင် ဖြစ်ခဲ့ရသည်။

“အခုတော့ ကျနော့်မှာ သစ်ပင်တွေထက် ဂရုစိုက်ရမဲ့သူ တစ်ယောက် ရှိလာပြီ ထင်ပါရဲ့”

လေးဖြူ ရဲ့ မျှော်လင့်ခြင်းလေး သီချင်းက လမ်းဘေး လဘက်ရည်ဆိုင်တွင်းမှ ပျံ့လွင့်လာသည်။ နှစ်ဦးသား ကိုယ်စီ တိတ်ဆိတ်ရင်း စကားမဆက်ဖြစ်ကြ ….

“~~ မြင်နိုင်ရင်လေ ကိုယ့် ရင်ထဲ .. တားဆီး ကြည့်မနေနဲ့ .. အုံ့ပုန်း ရဲ့ ချစ်စိတ်ရိုင်း … လေထုထဲမှာ လိုက်ရှာလိုက် .. ကြာရှည်ရင်ဆိုင် သိပ်မလွယ်ဘူး .. တစ်ယောက်ထဲ ဘ၀က အထီးကျန်လို့ … ရှေ့တိုးရင်းနဲ့ နောက်ပြန်လှည့် … ”

-(၃)-


အဝေးသင်ရက်များအတွင်း သူ နဲ့ ကျနော့် ကြား သံယောဇဉ်က ပိုပို ခိုင်မာလာခဲ့သည်။ သူ့ လိုအပ်ချက်တွေကို လိုက်ပြီး ဖြည့်ဆီးပေးနေရတာ၊ အဲဒီ မေ ဆိုသော ကောင်မလေးကို အရိပ်တကြည့်ကြည့် ဂရုစိုက်နေရတာ ကိုက ကျနော့်အတွက် ဘ၀ ဖြစ်လာခဲ့သည်ထင်သည်။ တစ်ခြား မိန်းကလေးများလို လွတ်လပ် ပျော်ရွှင်စွာ ပညာသင်ကြားနေရမည့် အရွယ်မှာ သူမသည် မိသားစု တာဝန်ကြီးကြီးမားမား တစ်ခုကို အိမ်ထောင် ဦးစီး တစ်ယောက်လို ထမ်းဆောင်နေခဲ့ရသည်။

“ကျမ က အိမ်မှာ ဒုတိယ သမီးဆိုပေမဲ့ အကြီးဆုံး တစ်ယောက်လိုပဲ ..  အိမ်က အစ်မ က သူ့ အိမ်ထောင်နဲ့ အဆင်မပြေဘူး၊ သူတို့ မွေးတဲ့ ကလေးနှစ်ယောက်က လူမမယ်လေးတွေ၊ အိမ်ခွဲနေတယ် ဆိုပေမဲ့ ကလေးတွေက ကျမ တို့နဲ့ အတူနေတာ၊ လူမမယ် ကလေးနှစ်ယောက်ရယ်၊ ကျောင်းတတ်နေရတဲ့ လူပျိုပေါက် မောင်လေး တစ်ယောက်ရယ်၊ ဆွေမကင်း၊ မျိုးမကင်း အိမ်မှာ ခေါ်ထားတဲ့ကောင်မလေး တစ်ယောက်ရယ် ..အားလုံးက ကျမ တာဝန်ပဲလေ။ အဖေ ကျန်းမာရေး မကောင်းတော့တဲ့ နောက်ပိုင်း အိမ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဦးစီးဖို့ ကျမ မရှိရင် မဖြစ်ဘူး။ အခု ဒီမှာလာနေတဲ့ အချိန်မှာတောင် အိမ်ကို သိပ် စိတ်မချဘူး”

ဒီ စကားတွေကို ရင်းနှီးခင်မင်လွန်းသော သူ့ အပေါ်တွင်သာ သူမ ပြောပြခဲ့ခြင်း ဖြစ်လေသည်။


-(၄)-

“ မေရယ် … မေရယ် .. ကျော်တော့ လှေသူကြီးပါကွယ် .. ညားတော့လည်း လှေထိုးသားနဲ့ရယ် .. ဖြစ်နေမယ်နော် မောင်ငယ် .. မင်း … မေ့ ကို ဘယ်တော့ ဖွင့်ပြောမှာလည်း၊ မင်းတို့ နှစ်ယောက်ကြားမှာ ဒီလောက် နားလည်မှု့တွေ ရှိနေတာပဲ ကွာ …”

နားလည်မှု့များစွာရှိရုံဖြင့် အချစ်တစ်ခုတည်ဆောက်ရန် လုံလောက်သည်လား .. ကျနော် မတွေးခဲ့မိသော မေးခွန်းတစ်ခု ဖြစ်ပါသည်။

“သူ့ အပေါ်မှာ ငါ တကယ် Serious ဖြစ်တာ မှန်ပေမဲ့ အခုအချိန်မှာတော့ ဖြူဖြူစင်စင် နဲ့ပဲ သူ့ကို ကူညီစောင့်ရှောက်ချင်တယ်ကွာ”

“အေး .. မင်းကသာ ဖြူစင်နေ … ဟိုဘက် မေဂျာက တစ်ကောင် မေ ကို အီနေတယ်နော် .. ပါသွားမှ မောင်ကျန်ရစ် ကြီး ဖြစ်လိမ့်မယ်။”

“ဟူး….”

မေ ကို သူ အပြည့်အ၀ ယုံကြည်စိတ်ချပါသည်။ ဒါပေမဲ့ ချစ်ခင်မြတ်နိုးမှု့နှင့်အတူ ယောက်ကျားတစ်ယောက်မှာ တွဲဖက်ဖြစ်တည်လာတတ်သည့် လက်လွှတ်ဆုံးရှုံးရမှာ ကြောက်တဲ့စိတ် ဆိုတာကိုရော .. မေ က သူ့အတွက် စာနာ နားလည်ပေးနိုင်ပါ့မလား။ မနက်ဖြန်တို့ကို ရင်မောစွာ ဖြတ်သန်းရပေဦးမည်။

-(၅)-


“မေ ရေ .. ကျနော် စကားပြောချင်လို့ ၀ရန်တာ ခဏ ထွက်ခဲ့ပါဦး …”
“ဟဲ့ကောင် .. ဘာတွေ လာအော်နေတာလည်း .. မနက်ထဲက မေ က မွေးနေ့အတွက် ဘုရား ဆွမ်းကပ်တာနဲ့ .. ငါတို့ အုပ်စုကို လိုက်ကျွေးရတာနဲ့ .. အခု ခဏ အိပ်နေတယ်၊ နင် ဘာပြောမလို့လည်း …”
“အေး ..ငါ နားလည်ပါတယ်။ မနက်က လက်ဆောင် မပေးရလို့ အခုမှ ငါ လက်ဆောင်ပေးမလို့ သူ့ကို လာခေါ်တာ”

မေသည် အိပ်ရာထဲမှ နေ၍ အသံတွေကို နားထောင်ရင်း သူ့ အသံကို ကြားနေရသည်။ ကြည့်ရတာ သူမ ထွက်မလာမချင်း ပြန်မည့်ပုံ မပေါ်။

“ဘာလို့ အဲလောက် အော် နေတာလည်း၊ ပေးစရာရှိ မနက်ထဲက တစ်ခါထဲ ပေးပေါ့”
“အာ .. အဲလို ထုတ်ပိုးပြီး ပေးလို့ရတဲ့ လက်ဆောင်မျိုး မဟုတ်ဘူးဗျ။အဲဒါကြောင့် တစ်ကူးတစ်က လာခေါ်တာပေါ့၊ လာပါ လိုက်ခဲ့ .. ကျနော် မမှောင်ခင် ပြန်ပို့ပေးမယ်၊ ကျနော်တို့ မင်းဧရာ တံတားဘက် ခဏ သွားရအောင်”

မင်းဧရာ တံတားက၊ ထွေအုပ်ရုံးရှေ့တွင် ရှိပြီး သူမ တို့အဆောင်နှင့် သိပ်မဝေးပါ။ စက်ဘီး နှင့် ခဏ သွားလိုက်ရုံနှင့်ရောက်သည်။ တံတားပေါ်မှာ ထူးထူးခြားခြားလူရှင်းနေပြီး တိုးမြစ်ကို ဖြတ်တိုက်လာသော လေနုအေး တစ်ချို့က သူ နှင့် မေ အကြား ကျီစယ်သွားသည်။ လေ နှင့် အတူ လွင့်ဝဲလိုက်ပါလာသော ဗာဒံရွက်ကြွေ အချို့က တံတားပေါ်မှာ ပြန့်ကြဲနေသည်။

“ခဏနော် .. ကျနော် ဂစ်တာ သွားယူဦးမယ်” သူက ကလေးတစ်ယောက်လို လှစ်ကနဲ ပြေးထွက်လာပြီး သိပ်မကြာခင် ဂစ်တာ တစ်လက်နှင့် ပြန်ရောက်လာသည်။

“လာ .. ဒီမှာ ထိုင် .. မေ့ကို ကျနော် သီချင်းဆိုပြမလို့ ….”

သူ ဂစ်တာတီးပြီး သီချင်းဆိုတာ တစ်ခါမှ မမြင်ဖူးခဲ့သော မေ့ အတွက်တော့ အထူးအဆန်းတစ်ခုဖြစ်သည်။

“ဒီနေ့ မေ့ မွေးနေ့အမှတ်တရအတွက် ကျနော် လက်ဆောင်နှစ်ခု ပေးမယ်၊ ပထမ တစ်ခုက သီချင်းဆိုပြမှာ ..
မေ Santa Esmeralda  ရဲ့ You're my everything ဆိုတာ သိလား .. ကျနော် အဲဒါ ဆိုပြမယ်နော် ..”

သူက ဂစ်တာကို ခေတ္တကြိုးညှိပြီး မကြာခင် … ငြိမ့်ညောင်းသော သံစဉ်တစ်ခုနှင့် အင်္ဂလိပ်သီချင်း တိုးတိုးက သူ့ နှုတ်မှ ထွက်ကျလာသည်။

Na na na na …….
You're my everything …..The sun that shines above you makes the blue bird sing
The stars that twinkle way up in the sky

Tell me I'm in love, when I kiss your lips  … I feel the rolling thunder to my finger tips
And all the while my head in a spin … Deep with in I'm in love ….


သူမကို မကြည့်ဘဲ .. ခေါင်းလေး အသာ ဘယ်ညာရမ်း ၍ သူ သီဆိုနေသောပုံမှာ တစ်လောကလုံးမှာ သူ တစ်ယောက်ထဲ ရှိသည့်အလား အေးဆေး တည်ငြိမ်လွန်းလှသည်။ သူ သီဆိုနေသော သီချင်းမှာ ခံစားရင်း မေ ရင်ထဲမှာ အမျိုးအမည်မသိသော ခံစားချက်တစ်မျိုးနှင့် ကြည်နူး နှစ်သက်လာမိသည်။ သူကပဲ သီချင်းဆို ကောင်းသည်လား .. သီချင်းကပဲ ကောင်းလွန်းသလား မသိပါ .. သူမ ကိုယ်တိုင်ပင် သီချင်းထဲမှာ နစ်မြောနေမိသည် ..

You're my everything and nothing  …. Really matters but the love you bring
You're my everything  .. To see you in the morning with those big brown eyes
You're my everything  … Forever and the day  … I need you close to me

You're my everything  … You never have to worry never fear
For I am near when I hold you tight  … there's nothing that can harm you in the lonely night
I'll come to you and keep you safe and warm  .. Yes, so strong my love

မြစ်ပြင်ကို ဖြတ်၍   တိုက်ခတ်လာသော လေသည် သူ့ သီချင်းသံများကို သူမ နှလုံးသားဆီသို့ သယ်ဆောင်သွားပြီ ထင်ပါရဲ့။ အခုလို ညနေခင်း တစ်ခုမှာ တစိမ်းအမျိုးသား တစ်ဦး ၏ သီချင်းသံကို အခုလို နီးနီးကပ်ကပ် နားထောင် ရလိမ့်မည်ဟု ဘယ်တုန်းကမှ  မေ  ထင်မထားခဲ့ …

You're my everything  …. I live upon the land and see the sky above
I'll swim within oceans sweet and warm  …There's no storm my love

You're my everything ….I live upon the land and see the sky above
I'll swim within oceans sweet and warm  …There's no storm my love


သီချင်း ပြီးဆုံးသွားချိန်မှာ နှစ်ယောက်သား အတန်ငယ် တိတ်ဆိတ်နေခဲ့မိသည်။

“ သီချင်း Chord တွေ ဘယ်လို သိတာလည်း …”

“ ကျနော် အရမ်းကြိုက်ခဲ့တဲ့ သီချင်းလေ .. ပြီးတော့ ဒီသံစဉ်အတိုင်း ကို စိုးသူ ပြန်ဆိုထားတာ ရှိတယ်။ သီချင်း နာမယ်က “အရာရာ မင်းပါ မေ” တဲ့”

သူ့ စကားအဆုံးမှာ သူက ဂစ်တာကို ဘေးသို့ချ ၍ သူမ ပုခုံလေးများကို တင်းတင်းဆုပ်ကိုင်းရင်း မေ ဆံစလေးများကို ရုတ်တရက် ငုံ့နမ်းလိုက်သည်။ ထို တဒင်္ဂသည် သူမ ဘယ်လိုမှ တွေးထင်မထားခဲ့သည့် ..  တိမ်းမူးဖွယ် … နူးညံ့ရီဝေသော ခံစားချက်များနှင့် ပြည့်သိပ်နေသည့် အချိန်ခဏလေးလည်း ဖြစ်သည်။ သူမ ကြည်နူးသာယာစွာ သူ့ ရင်ခွင်အတွင်း အချိန် အနည်းငယ် မှီတွဲနေလိုက်ပြီး သတိ ပြန်ဝင်လာမှ ဆတ်ကနဲ တွန်းဖယ်ပစ်လိုက်သည်။

“အို .. ဘယ်လို လုပ်လိုက်တာလည်း .. ကျမ ကို အဲဒီလေလာက် လျှော့တွက်ထားတာလား .. သီချင်း တစ်ပုဒ် ဆိုပြပြီး ရှင့် စိတ်ထဲရှိသလို ပြုမူလို့ ရမယ်လို့များ ရှင်ထင်နေသလားဟင် .. ရှင် ပေးမဲ့ လက်ဆောင်ဆိုတာ ဒါလား”

သူမ ရှက်ရွံ့ဒေါသထွက်စွာပြောတော့ သူ ပြာပြာသလည်း ငြင်းသည်။

“ဟာ .. မဟုတ်ပါဘူး မေ ရယ်၊ ကျနော် စိတ်က လွှတ်ကနဲ ဖြစ်သွားလို့ပါ။ ကျနော် ပေးမဲ့ ဒုတိယ လက်ဆောင်ဆိုတာ ကျနော် ပျိုးထားတဲ့ ပန်းအိုးလေး တစ်ခုပါ၊ အရမ်း ဒေါသထွက်သွားပြီ ထင်တယ်၊ ကျနော် တောင်းပန်ပါတယ်၊ မေ ကျေနပ်တဲ့ အထိ တောင်းပန်ပါတယ်။ ကျနော့်ကို တစ်ခုခု ပြန်ပြောပါဦး”

“အခုတော့ ဘာမှ ကို ပြောချင်စိတ်မရှိတော့ဘူး။ ကျမ ကို ပြန်ပို့ပေးပါတော့”

“အခု ပြန်ပို့ပေးမယ်နော် .. စိတ်တော့မဆိုးပါနဲ့ မေ ရယ် .. ကျနော် တစ်ကယ်ကို အနူးအညွတ် တောင်းပန်ပါတယ်။ မနက်ဖြန် ပန်းအိုးလေးကို ကျောင်းသွားရင်းနဲ့ ကျနော် ယူလာခဲ့မယ်နော်”

နေလုံးသည် တိုးမြစ်ကမ်းနဖူးတွင် မေးတင်ရင်း .. တစ်နေ့တာကို လက်ပြနှုတ်ဆက်လို့နေသည်။ ဗာဒံရွက်အကြွေတွေပေါ် လမ်းလျှောက်ရင်း နှစ်ဦးသား ကိုယ်စီ နှုတ်ဆိတ်နေခဲ့ကြသည်။

-(၆)-

အချိန်ဟူသည် အမြဲမပြတ်လည်ပါတ်နေသော အဆုံးမရှိသည့် ရပ်ဝန်းကြီးဟု ဒသန ဆရာတို့က ဖွင့်ဆိုကြသည်။ ကျနော် နှင့် မေသည် အဝေးသင် တက္ကသိုလ်ရက်များအတွင်း ထိုရပ်ဝန်းကြီးတွင် အတူတကွ ဖြတ်သန်းရင်း နောက်ဆုံးနှစ် သို့ ရောက်ရှိလာခဲ့ကြသည်။

“ဟေ့ကောင် … မေ နယ်ကို ပြန်သွားတာ .. နှစ်ပါတ်လောက်ရှိပြီနော်။ မင်း ဖုန်းလေး ဘာလေး ဆက်မကြည့်ဘူးလား”
“သူ့ အဖိုးကြီး လေဖြန်းသလို ဖြစ်သွားလို့တဲ့ကွာ .. ပထမ တစ်ခေါက်တုန်းက သူကိုယ်တိုင် လာခေါ်ပြီး ပြောတယ်၊ နောက် တစ်ခါ ထပ်ခေါ်တော့ ဈေးသွားနေလို့တဲ့ … ကောင်မလေး တစ်ယောက်လာကိုင်တယ်။ ငါ နဲ့ မပြောချင်လို့ ရှောင်နေတာလား မသိပါဘူး”

နှလုံးသားကို လောင်ကျွမ်းစေသော အပူမီးများထဲတွင် အချစ်ကြောင့် ဖြစ်ရသော အပူသည် အရှိန်အပြင်းဆုံး ဖြစ်မည်ထင်သည်။

-(၇)-

နယ် ပြန်၍  ဖခင် ကို ပြုစုနေရသော ရက်များအတွင်း မေသည် သူ့ ပုံရိပ်များကို ဘယ်လိုမှ ဖျောက်မရနိုင်အောင် ဖြစ်ခဲ့ရသည်။ သူက ညင်သာနူးညံ့စွာ သူမ ဘ၀ထဲ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်လာနိုင်သူတစ်ယောက် ဖြစ်သည်။ ဆန္ဒ နှင့် ဘ၀ ထပ်တူ မဖြစ်နိုင်သော မေ ရဲ့ ဘ၀ သည် အချစ်ကို ဦးစားမပေးနိုင်သည့် ဘ၀မျိုးပါလား။ အိမ်ထောင်ပြု၊ ဘ၀တစ်ခု တည်ဆောက်ဖို့ အဆင်သင့် မဖြစ်သည့် အရာများစွာက ချည်နှောင်ထားသည့် သူမ ဘ၀ကို ငယ်သွေးနားလည်ပေးနိုင်ပါ့မလား။ မေသည် သူ့ပုံရိပ်များကို မြင်ယောင်ရင်း သက်ပြင်းသာ အခါခါ ချနေမိခဲ့သည်။

မေ ကျောင်းတတ်ဖို့ ပြန်ရောက်လာတော့လည်း အပျော်ဆုံးလူမှာ ငယ်သွေး ဆိုသော ထိုသူပင် ဖြစ်သည်။

“ဟာ .. မေ ပြန်ရောက်လာတာ ဖုန်းတောင် ကြို မဆက်ဘူးဗျာ ..ကျနော် ကားဂိတ်မှာ လာကြိုမှာပေါ့။ ဦးလေးကော သက်သာသွားပြီလား .. မေ .. အိမ်ပြန်သွားတဲ့ ရက်တွေ ဘာမှအတွက် မပူနဲ့နော် ..  ကျနော် Lecture တွေ အကုန် လိုက်ကူးပေးထားတယ်၊ မေ့ အတွက် assignment တွေလည်း ကူလုပ်ပေးထားတယ်။ မေ ဘာမှ စိတ်မညစ်နဲ့နော်”

သံယောဇဉ် နွံအတွင်း ရုန်းထွက်ရ ခက်လှချည့်။ သူ မေတ နှင့် သံယောဇဉ် သည် မေ့ကို လှုပ်လေ မြုပ်လေ ရေသေအိုင်ကြီးတွင်း ဆွဲသွင်းရစ်ပါတ်နေသည့်အလား။

“ကျေးဇူးတင်ပါတယ်။ ကျမ နောက်ဆုံးနှစ် ကုန်ခါနီးမို့သာ သည်းခံပြီး နေ နေရတယ်။ အိမ် ရယ်၊ အဖေ ရယ်၊ ကလေးတွေ ရယ်၊ မိသားစု စီးပွားရေးက တစ်ဖက်နဲ့ အားလုံးကို ပစ်ထားရတာ ဘယ်လိုမှ စိတ်မချဘူး။ ကျောင်းကို အပြီး ထွက်ပစ်ချင်တာ”

“ဟာ .. အဲလိုတော့ မလုပ်ပါနဲ့ မေ ရယ် … လူတိုင်းမှာ အခက်အခဲ ကိုယ်စီ ရှိကြတာပဲလေ။ မေ အားတင်းထားစမ်းပါ။ ကျနော် ပြောဖူးတယ်လေ မေ ရဲ့ .. Life is a journey.But it is not over a level road. Sometimes, it is rough and at the other time, it is smooth ဆိုတာလေ … ကျနော်တို့ သူငယ်ချင်းတွေလည်း ရှိတယ်လေ။”

“ကျောင်းပြီးအောင်တော့ ကျမ ဆက်တတ်မှာပါ။ စာမေးပွဲကလည်း သိပ်မလိုတော့ဘူးလေ။ ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကို ကျမ အမြဲ ကျေးဇူးတင် သတိရနေမှာပါ”

-(၈)-

နောက်ဆုံးနှစ် စာမေးပွဲများသည် ကျနော် နဲ့ သူမ ကို ခွဲခွာပစ်ဖို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ပုံရသည်။ စာမေးပွဲ နောက်ဆုံးနေ့တွင် မေ ဖြေနိုင်ရဲ့လား၊ စာမေးပွဲကာလတစ်ခုလုံးအတွင်း မတွေ့ခဲ့ရသော အချိန်များအတွက် မေ ရှိရင် အပြေးလာခဲ့မိသည်။

“ကိုငယ် .. ကျမ မနက်ဖြန် နယ် ပြန်တော့မှာမို့ စောင့်နေတာ .. စကား အေးဆေးပြောရအောင်လေ ..  မင်းဧရာ တံတားပေါ် သွားရအောင်”

မေ ရယ် .. စာမေးပွဲအပြီး လျှောက်လည်ဖို့တောင် .. အချိန်ခဏလေး မရတော့ဘူးတဲ့လား။ မေ့ကို စက်ဘီးနှင့် တင်ခေါ်လာခဲ့သော အချိန်အတွင်း ကျနော့် ရင်ထဲမှာ ပြည့်သိပ်နေသော စကားတို့ကို ကျိတ်မှိတ်မြိုချရင်း အချိန်တစ်ချို့ကို ခက်ခက်ခဲခဲ ဖြတ်ကျော်နေခဲ့ရသည်။

“ကျမ ကို ကူညီပေးခဲ့တာတွေ၊ စောင့်ရှောက်ပေးခဲ့တာတွေ .. အဝေးသင် လာတတ်တဲ့ ရက်တွေတိုင်းမှာ အဖော်ကောင်း တစ်ယောက်လို ရှိနေပေးခဲ့တာတွေ အားလုံးအတွက် ကိုငယ့်ကို ကျေးဇူးအမြဲ တင်နေမှာပါ။ ကျမ မနက်ဖြန်ဆို နယ်ပြန်တော့မှာမို့ ဒီတစ်ခါတော့ အပြီး နှုတ်ဆက်တာပါ”

“ မေ ”

“ကျနော့် ရင်ထဲမှာ မေ့ကို ပြောချင်တဲ့ စကားတွေ အများကြီးရှိတယ်။ “

“ကျေးဇူးပြုပြီး မပြောပါနဲ့၊ ကျမ နားမထောင်ချင်ဘူး၊ နား မထောင်ချင်တာထက် .. ကျမ မှာ နားထောင်ပေးဖို့ အင်အား မရှိဘူး။ တစ်ချို့ စကားတွေက ထုတ်ပြောလိုက်တာထက် … ရင်ထဲမှာ ထားတာက ပို တန်ဖိုးရှိပါတယ်”

“ ပြောမဲ့သူရဲ့ ရင်ထဲမှာ အဲဒီ တန်ဖိုးရှိပါတယ် ဆိုတဲ့ စကားတွေက ပြည့်သိပ်ပြီး မီးတောင် တစ်ခု ပေါက်ကွဲသလို ချော်ရည်ပူတွေလို  စီးဆင်း ပေါက်ကွဲသွားနိုင်တယ်ဆိုတာကိုရော မေ သိ ရဲ့လားဟင် … ကျနော်လေ .. မေ ကို …”

မေ က စကားဖြတ်ပြီး လမ်းကြောင်းလွှဲတာ အလွန်ကျွမ်းကျင်သော မိန်းကလေး တစ်ယောက် ဖြစ်ပေလိမ့်မည်။

“ကျမ ဘ၀မှာ ဟိုး သိတတ်စ ထဲက ကျမ ဆန္ဒအတိုင်း ဘာမှ မဖြစ်ခဲ့ဘူး။ သူများတွေ ပြည့်စုံဖို့ အတွက် ဖြည့်ဆီးပေးခဲ့ရတဲ့ သူပဲ ဖြစ်ခဲ့ရတယ်။ ကျမ မိသားစု ကို ကျမ မျက်နှာမလွဲချင်ဘူး။ ကျမ မရှိရင် မဖြစ်တဲ့ အခြေအနေမျိုးမှာ သူတို့ကို ဘယ်လိုမှ မျက်နှာလွှဲမသွားရက်ဘူး ဆိုတာ ကိုငယ် နားလည်ပေးပါ။ ဒါဆို ကိုငယ် ပြောချင်တဲ့ စကားတွေကို မေ ဘာလို့ နားမထောင်ချင်လည်း ကိုငယ် သိမှာပါ”

“ဒါပေမဲ့ မေ ရယ် .. ကျနော့်ဘက်က ..”

“ကျမ အတွက်ကတော့ Life is a journey ဆိုရင်တောင် it was never been smooth, and it will always be rough ဖြစ်နေဦးမယ် ထင်ပါရဲ့ ကိုငယ်၊ ကျမကို အဆောင် ပြန်ပို့ပေးပါတော့”

ထုထည်ကြီးမားစွာ တည်ဆောက်ခဲ့ရသော မျှော်လင့်ချက် အစိုင်အခဲသည် ထို တဒင်္ဂမှာပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ ရင်ထဲမှာ နာကျင်ခြင်း၊ စာနာ နားလည်ခြင်း၊ သနားခြင်း၊ ကိုယ်ချင်းစာခြင်းတို့ ရောပြွမ်းပြည့် နှက် နေသည်။ စိတ်ညစ်စရာတွေများတဲ့ မေ ဘ၀မှာ ကျနော့်ကြောင့် ထပ်ပြီး စိတ်မညစ်ပါစေနဲ့တော့ ….

“ကျနော် သတိရရင် ဖုန်း ခေါ်မယ်နော်”

“အကြောင်းထူး မရှိရင် မခေါ်ပါနဲ့၊ ပြီးတော့ မြို့ကလူတွေ တမျိုးမထင်ရအောင် ကျမ ဆီလည်း ဘယ်တော့မှ လိုက်လာပြီး လာမတွေ့ပါနဲ့၊ ကျမ တောင်းပန်တာပါ”

မေရယ် …  ဘ၀မှာ တစ်စုံတစ်ယောက်ထဲကိုသာ ရည်ရွယ်ပြီးး  အချစ်ကြီး ချစ်ခဲ့မိတယ်ဆိုရင် ..  ထို သူ တစ်ယောက်ရဲ့ ရက်စက်စွာ ဖြတ်တောက် စွန့်ပါယ်မှု့ကိုတော့ ဘယ်သူမှ မျှော်လင့်ခဲ့ကြမှာ မဟုတ်ပါဘူး။ ကျနော်ကတော့ မေ ဆီက ဒီလိုမျိုးတွေ တစ်နေ့နေ့ တစ်ချိန်ချိန် မှာ ကြုံတွေ့နိုင်တယ် ဆိုတာ သိသိလျက်နဲ့ မျော်လင့်ပြီး ရူးသွပ်နေခဲ့တဲ့သူပါ။

-(၉)-

ဝေဒနာ တစ်ခုကို ကုစားဖို့ အချိန်ဘယ်လောက် ကြာမြင့်သည် မသိပါ။ ကျနော့်အတွက်တော့ စိတ်ကြောင့် ဖြစ်သော ထို ဒါဏ်ရာက အတွင်းလှိုက်စားနေသဖြင့် အပေါ်ယံ အရေပြားမှာ အရာမထင်သည့်တိုင်  အတွင်းမှ တဆစ်ဆစ်ဖြင့်  လှိုက်စားနေသည့် ဒါဏ်ကို နာကျင်ခံစားနေလိမ့်ဦးမည် ထင်သည်။ အလွမ်းဆိပ်တတ်လျှင် ဖြေဆေးမရှိ ဆိုတာ ဒီလို ခံစားချက်မျိုးလား ကျနော်ကိုယ်တိုင်လည်း မသိတော့ပါ။ အရိုးရှင်းဆုံး ပြောပြရလျှင် …

ကျနော် မေ ကို အရမ်းလွမ်းနေခဲ့သည်။

------------ +++ ------------

(၅) နှစ်ခန့် ကြာသော် ………
_______________________ +++ _________________________


(……..) မြို့ကို မဖြစ်မနေ အကြောင်း ကိစတစ်ခုနဲ့ လာရမည်ဆိုတော့ မေသည် သူ့ကို သာ အရင်ဆုံး သတိရမိသည်။ အချိန်တွေ ကြာခဲ့ပေမဲ့ မနေ့တစ်နေ့ကလို အတွေးထဲမှာ ရှိနေခဲ့တယ်ဆိုတာ ကျမ ပြောရင် ရှင်ယုံနိုင်ပါ့မလား။ သူမ သည် သူ့ကို တစ်နေ့လေးမှ မေ့လို့မရ။ သူ့ အကြောင်း မစဉ်းစားဖြစ်ခဲ့သည့် နေ့ရက် ရယ်လိုပင် မရှိခဲ့။ သူ ခေါ်ခဲ့သော ဖုန်းများကို မကိုင်၊ သူ့ ကို ဘာမှ အဆက်သွယ် မလုပ်ဘဲ နေခဲ့ရပေမဲ့ စိတ်ထဲတွင် အတော် နာကျင်ခဲ့ရသည်။ ငယ်သွေး Qualified ၀င်သော်လည်း မာစတာ ဆက် မတတ်ဖြစ်တာ၊ ပရဟိတ အဖွဲ့တွေနှင့် ခရီးတွေ ထွက်တဲ့အခါ လိုက်ပါသွားတတ်တာ စသည့် သတင်းများကို ပြန်ကြားရသည်။သူ့ဆီ အပြေးလိုက်သွားပြီး တွေ့ချင်စိတ်ကို ချိုးနှိမ်ရင်း အထီးကျန်ရက်စွဲများကို မိသားစုအား အချိန်ပေးပြီး ဖြတ်ကျော်ခဲ့ရသည်။

(………) မြို့လေးကတော့ သူမ ကျောင်းတတ်စဉ်ကလိုပင်အေးအေးချမ်းချမ်း၊ မင်းလမ်း တစ်လျှောက် နုပျိုသစ်လွင် သော ကျောင်းသား ကျောင်းသူများ၏ တတ်ကြွသော အပြုံးတို့ဖြင့် ပြည့်နှက်လျှက် …

“ဟာ .. မေ၊ ကြည့်စမ်း .. ကျနော် အဝေးကြီးထဲက မေ ပါလားလို့ ကြည့်နေတာဗျာ၊ မေ ဘယ်တုန်းက ရောက်လည်း၊ ဒီကိုလာတာကို ကျနော့်ကိုတောင် အကြောင်းမကြားဘူးဗျာ”

သူ နှင့် သူမကြားရှိ တိုက်ပဲ တိုက်ဆိုင်လွန်းစွာ ဆုံတွေ့ခွင့်ပေးသော ကံကြ(မာ)ကို အပြစ်ပဲ တင်ရမည်လား၊ ကျေးဇူးတင်ရမည်လား မသိပါ။  စပို့ရှပ် နက်ပြာ တစ်ပါတ်နွမ်းနှင့် သူ့ အသားတွေ အနည်းငယ် ညို သွားသည်မှာ လွဲ (ရွေ့) သူ့ပုံစံက ကျောင်းတတ်တုန်းကလို လန်းဆန်းလတ်ဆတ်လို့နေသည်။ သူ့ အပေါ် အားကျ အထင်ကြီးခဲ့ရသည့် အထဲတွင် ထို အချက်လည်း ပါသည်။ သူသည် မည်သည့်နာကျင်မှု့မျိုးကို မဆို ကုစားနိုင်ပြီး ဘ၀ ကို လက်တွေ့ကျကျ ရင်ဆိုင်ရဲသော ယောက်ကျားတစ်ယောက်လည်း ဖြစ်လေသည်။

“ အရေးကြီး ကိစ တစ်ခုနဲ့ လာတာပါ။ ချက်ခြင်း မပြန်ဖြစ်တာက တည်းတဲ့ အိမ်က ကလေးမ တစ်ယောက် မင်္ဂလာဆောင်နဲ့ တိုးနေလို့လို့ .. အဲဒါပြီးမှ ပြန်ပါဆိုလို့ အဲဒါပြီးအောင် စောင့်နေတာ .. မနက်ဖြန် ပြန်ဖြစ်မယ် ထင်တယ်”

“ဟာ .. ချက်ခြင်းကြီးပဲလား မေ ရဲ့၊ ကျနော် အခု ခြံ တစ်ခြံ ၀ယ်ပြီး သစ်ပင်တွေ စိုက်ထားတယ်ဗျ။ ပျိုးဥယျာဉ်လေးပေါ့။ မေ့ကို ပြချင်နေတာ .. မေ ကြည့်စေချင်တယ်။ အချိန်ပေးပြီး ခဏလောက် လာကြည့်ပါလားဗျာ။ မေ တစ်ယောက်ထဲ မလာချင်ရင် အဖော် တစ်ယောက်ယောက် ခေါ်လာခဲ့ပါ”

ငြင်းဖို့ စိတ်က ဟန်ပြင်မိပေမဲ့ သူမ ကိုယ်တိုင်လည်းသစ်ပင်များနှင့် ပါတ်သတ်ပြီး ရည်ရွယ်ချက်ကြီးသော သူ့ ခြံကို ကြည့်ချင်နေမိသည်။

“ဒါဆို မေ သန်ဘက်ခါ ပြန်ဖြစ်မယ်ထင်တယ်။ မနက်ဖြန် လာကြည့်မယ်နော်၊”

“ကျေးဇူးတင်လိုက်တာဗျာ။ ကျနော် အခု မြေသြဇာ လာဝယ်တာလေ၊  ကြုံတုန်း မေ့ကို တစ်ခုခု လိုက်ကျွေးဦးမယ်၊ အချိန်ရတယ် မဟုတ်လား”

“မရတော့ဘူး ကိုငယ် ရဲ့၊ ရုံး လုပ်ငန်းတွေနဲ့ ချိန်းပြီး လုပ်ရတာဆိုတော့ ကျမ သွားရတော့မယ်၊ ”
“ဟုတ်ကဲ့ .. ဒါဆို မနက်ဖြန် ကျနော် စောင့်နေမယ်နော်၊ ဒါနဲ့ မေ .. အမျိုးသားက မေ နဲ့ အတူ လိုက်မလာဖူးလားဟင် ”

သူ စကားနှိုက်မေးလိုက်တာ ကို သိလို့ မေ ပြုံးမိသည်။

“ကျမ အိမ်ထောင်မပြုဖြစ်သေးပါဘူး ကိုငယ် ရဲ့၊ ကျမ သွားတော့မယ်နော်”



--------------- +++ --------------

(နိဂုံး)



သူ ပြောခဲ့သော လိပ်စာက မြို့စွန် ပေါ်တော်မူ တာ ဘက်မှ ဖြစ်ပြီး အတော်ရှာရလေသည်။ မတွေ့၊ လမ်းမှာတွေ့သော လူ တစ်ယောက်ကိုပင် မေးရတော့မည်။

“သြော် .. အစ်မ က ကိုငယ် ခြံ သွားမလို့လား၊ ဒီနားတင်ပဲ အစ်မ၊ ကျနော် လိုက်ပြမယ်”

ရည်မွန်ပုံရသော လူငယ်လေးက သူမ ကို သူ့ခြံလိုက်ပို့ရင်း စကားတွေ ဖောင်ဖွဲ့ပြောလာခဲ့သည်။

“ကိုငယ်က သစ်ပင်စိုက်တာ အရမ်းတော်တာ အစ်မ ရဲ့၊ သူ့ ခြံက ဒီမြို့မှာ နာမယ်ကြီးပဲ၊ သူက စီးပွားဖြစ် ပြန်ရောင်းတာ အနည်းအကျဉ်းရှိပေမဲ့ အလကားပေးတာများတယ်၊ သူ့ ခြံထဲက ထွက်တဲ့ မျိုးကွဲတွေ ပြန်စိုက်ကြတာကို မနည်းဘူး။ ကျနော်တောင် သူ့ဆီမှာ နေ့စား ဆင်းပေးဖူးတယ်”

“ဟင် .. သူ့ ခြံက အဲလောက်ထိ လုပ်ငန်းကြီးလား”

“ဟုတ်တယ် အစ်မ .. ခြံကြီးက နဂိုထဲက အကျယ်ကြီး၊ အပင်တွေလည်း စိုက်ထားတာ စုံလို့၊ ကိုငယ် ၀ယ်ပြီးတော့ အဲနားကပ်လျက်မြေကွက်တွေပါ ကိုငယ်က လိုက်ဝယ်တာ .. အခု အဲမှာ အလုပ်သမားတွေကို အယောက် နှစ်ဆယ် နီးပါး လောက်ရှိမယ်၊ အမ ဟိုရောက်ရင် တွေ့ပါလိမ့်မယ်။”

သာမန် ပျိုးဥယျဉ် (Nursery) သေးသေးလေး တစ်ခုလို့ ထင်ထားခဲ့သော သူမ သည် ထို ကောင်လေး ပြောသော စကားများ ကြောင့် အတော်လေး အံ့အားသင့်မိသည်။

ပုဏ္ဍားရိပ်ပင်တွေ နှင့် အရိပ်ရပင်တွေ ကပ်စိုက်ထားသော ဘေး မြေလမ်းလေးမှ လျှောက်ရင်း
“လာ အစ်မ .. ဒီ ဘေးဘက်မှာ ရေတင်လို့ အဆင်မပြေတဲ့ အခါ  ရေတွင်းဘက်ကို သွားဖို့ ဖောက်ထားတဲ့ ဘေးပေါက်ရှိတယ်။ အဲဒီက ၀င်မယ်။ ရှေ့ကဆို အတော် လျှောက်ရဦးမယ်။”

ပဏ္ဍားရိပ်ပင်ကြားထဲတွင် လူနှစ်ယောက်ဝင်ရုံ ကျယ်သော နေရာတစ်ခုမှာ သစ်သားတံခါးတစ်ခုကို စေ့ရုံသာ မှီ ကာထားသည်။

“ကိုငယ် .. ရေ၊ ဒီမှာ ဧည့်သည် ပါလာတယ် ခင်ဗျ”
ထို ကောင်လေးနှင့် အသက်အရွယ် မတိမ်းမယိမ်း ကောင်လေး တစ်ယောက် တံခါးလာဖွင့်သည်။

“ဘယ်သူ ပါလာတာလည်း အောင်ကြီးရ၊ သြော်… အမ လေး တစ်ယောက်လာမယ်လို့ အကိုပြောထားတယ်ဗျ။ လာ အမ ၀င်ပါ။ အကိုက သစ်ခွတွေဘက်ရောက်နေတယ်၊ ကျနော် လိုက်ပို့ပါ့မယ်”

သူ့ခြံသည် အတော်ကို ကျယ်ပါသည်။ ခြံထဲတွင် အရိပ်ရပင်များ၊ ပန်းပင်များ၊ မြေအိုးလေးများနှုင့် စနစ်တကျ ပျိုးယူထားသည့် ပန်းပင်ပေါက်လေးများ၊ သီးပင်စားပင်များ၊ စဉ် ထိုးစိုက်ရသည့် နွယ်ပင် အမျိုးအစားများ၊  .. အပင်ပေါက် သေးသေးလေးများကို သူ့ နေရာနှင့်သူ စနစ်တကျခွဲစိုက်ထားသည်။ ခြံထဲတွင် ရေလောင်း ပေါင်းသင်းလုပ်နေသော ကောင်လေး၊ ကောင်မလေးများကိုလည်း တွေ့ရသည်။

သစ်ခွမျိုးစုံကို အုန်းပင်များတွင် ချည်ကပ်စိုက်ထားသည့် … နေရာတစ်ခုမှာ သူက အပင်ကြားထဲသို့ ပိုးသပ်ဆေးဗူးလေးကို ဖြန်းနေသည်မို့ သူမတို့လာသည်ကို သူ မြင်ဟန် မတူ …

“ကိုငယ် .. ဒီမှာ ဧည့်သည်”
“ ဟော … မေ .. တစ်ယောက်ထဲလား၊ ကျနော် မနက်ထဲက စောင့်နေတာ၊ လာ .. မေ .. နေပူနေဦးမယ်၊ ဒီ ၀ါးထုပ်ဦးလေး ဆောင်းထား၊ နည်းနည်းပူတယ်”

သူသည် ယခုအချိန်ထိ သူမ ကို ကလေးတစ်ယောက်လို … ဂရုစိုက်နေတုန်းပင်ဖြစ်သည်။

“အကိုကြီး .. ဒါဆို ကျနော် အမလေး အတွက် သင်္ဘောသီး သွားစိတ်လိုက်ဦးမယ်နော်” ကောင်လေးက သူ့ကို ခွင့်တောင်းသလို ပြောတော့ သူ တချက် ခေါင်းငြိမ့်ပြလိုက်ရင်း …

“ လာ .. မေ့ကို အရင်ဆုံး ဒီ သစ်ခွတွေ ပြရမယ်။ ဒါ ကျနော် ကရင်ပြည်နယ် ဘက်က ကို သွားမှာပြီး တကူးတက စောင့်ယူရတာ၊ ပင့်ကူသစ်ခွမျိုးနဲ့တော့ ဆင်တယ်။ ဒါပေမဲ့ အဲဒီ အမျိုးအစားတော့ မဟုတ်ဘူး။  စစ ချင်းတုန်းက ကျနော်က အုန်းဆံခွံထဲ ထည့်ပြီး အရိပ်ရတဲ့ နေရာမှာ စိုက်တာ .. မရှင်ဘူး။ သူက အပင်တွေမှာပဲ တွယ်ကပ်ပေါက်တဲ့ သဘာဝ ထင်တယ်။ ကျနော် အုန်းပင်တွေမှာ ချည်စိုက်တော့ ပင်စည်တွေကို အမြစ်တွေက တွယ်ပြီး ရေစုပ်တာထင်တယ်ဗျ။ ပြီးတော့ နေရောင်ထိမှလည်း ရတယ်။ မျိုးပွားပြီး ခွဲစိုက်လို့လည်း ရတယ် ”

ဟုတ်ပါရဲ့ သစ်ခွတွေက လှ လိုက်တာ။ အုန်းပင်လေးတွေမှာ မြေပြင်ကနေ အကွာအဝေး အတိအကျ တိုင်းပြီး စနစ်တကျ စိုက်ထားလိုက်တာ .. အပင်များအကြောင်း ပြောနေသော သူ့ပုံစံသည် တ(က)သိုလ် ကျောင်းသားဘ၀ က သူ့ အိပ်မက်များကို ပြောပြခဲ့သော ငယ်သွေး ဆိုသည့် ထို ကောင်လေးအတိုင်းပင် ဖြစ်လေသည်။

“ဒီ သစ်ခွတွေကိုတော့ မေ သိမယ်။ Paphiopedilum villosum လို့ ခေါ်တယ်။ ဒီ သစ်ခွမျိုးတွေက နိုင်ငံခြားသားတွေ အရမ်း သဘောကျတာ မေရဲ့။ (၂၀၀၈) တုန်းက  တိုင်ဝမ် မှာ နိုင်ငံတကာ သစ်ခွပန်းပြပွဲ (၁၀) ရက်လုပ်တယ်။ လာရောက် လည်ပါတ်တဲ့သူ (၂) သိန်းနီးပါးကို သစ်ခွ ရောင်းရငွေဟာ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ (၆၄) သန်း ရှိတယ် တဲ့ .. အဲလို ဈေးအရမ်းကြီးတဲ့ ရှားပါးသစ်ခွတွေဟာ ကျနော်တို့ နိုင်ငံရဲ့ ကရင်ပြည်နယ် တောနက်တွေထဲက သစ်ပင်ကြီးတွေရဲ့ အကိုင်းအခတ်တွေ၊ ခွ ကြားတွေမှာ အများကြီး တွယ်ကပ်ပေါက်ရောက်နေတယ် ဆိုတာ မေ သိရဲ့လား …. ”

ပျိုးဘောင်လေးတွေ ကြားထဲ လမ်းလျှောက်လာရင်းမှ သူက ဆက်ပြောသည်။

“ အရိပ်ရ ပင်တွေကိုတော့ ခြံစည်းရိုးဘက် ကပ်စိုက်ဖြစ်တယ်။ ဒီဘက် ခြမ်းမှာတော့ ကျနော် ပန်းတွေ စိုက်တယ်။ ဂန္ဓမာ၊ စိန်ချယ်၊ နှင်းဆီ အစုံပဲ၊ စံပါယ်၊ ဇီဇ၀ါ က အစ ပါတယ်။ ရွာက ကလေးတွေ ကျောင်းတတ်ရင်း သူတို့ ကျောင်းပိတ်ရက်တွေမှာ လာ ကူလုပ်ပေးတာရှိတယ်။ သူတို့က စေတနာလည်းပါတော့ အလုပ်ဖြစ်တယ်။ ကျနော်က မုန့်ဖိုး၊ ပဲဖိုး စာရေး ကိရိယာဖိုး ပြန်ပေးတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်လေ၊ စီးပွားရေးအရ လုပ်တာထက် ..
စေတနာ၊ မေတ္တာ အရင်းခံလုပ်လို့ ရတဲ့ ပီတိ က ပိုပါတယ် မေရယ်”

ဟုတ်မှာ .. သူ့ ပုံစံသည် ဟိုး တကသိုလ် ကျောင်းသားဘ၀တုန်းကလိုပဲ နုပျိုလတ်ဆတ်နေဆဲဖြစ်သည်။

“ကိုငယ် ကိုတော့ အားကျတယ်သိလား၊ အမြဲ နုပျိုလန်းဆန်းနေတာပဲလေ”

“မေလည်း ကြားဖူးမှာပေါ့၊ တစ်ရက် ပျော်ချင်ရင် အရက်သောက်၊ တစ်လ ပျော်ချင်ရင် မိန်းမယူ၊ တစ်သက်လုံး ပျော်ချင်ရင် သစ်ပင်စိုက်တဲ့။ ကျနော်က တစ်သက်လုံး ပျော်ရတဲ့ အလုပ်ကို ရွေးခဲ့တာလေ။ ဒါပေမဲ့လည်း မေ ရယ် … အရာရာ ပြည့်စုံပျော်ရွှင်နေတယ်လို့ ထင်ရတဲ့ လူတစ်ယောက် ဆီမှာ အကြီးမားဆုံး လိုအပ်ချက်ကြီး တစ်ခုက လွယ်လွယ် အစားထိုးလို့ မရတဲ့ ကွက်လပ်ကြီး တစ်ခု အဖြစ်ရှိနေတယ်ဆိုတာ ဘယ်သူမှ သိနိုင်မယ် မထင်ဘူးလေ”

သူ့ စကား ဘာကို ဆိုလိုချင်လည်း မေ သိပါသည်။ သူ့ ရင်ထဲက မေတ္တာသည် လေးနက် ခိုင်မာလွန်းတာကို  မေ အံ့သြကြည်နူးမိသလို၊ သူမ ကိုယ်တိုင် အပြစ်ရှိသူ တစ်ယောက်လိုလည်းခံစားနေရသည်။

“အပင်လေးတွေက စိမ်းစိမ်းစိုစို နဲ့ အရမ်း အောင်မြင်တာပဲနော်၊ ကိုငယ်က ဒီ အလုပ်နဲ့ အကျိုးပေးတယ် ထင်တယ် ..”  စကားမြန်မြန်လွဲမှ ဖြစ်မည်။ သူ ခံစားချက်များကို မေ နားလည်သည့်တိုင်အောင် သူ့ ထံမှ မေ ကြေကွဲ နာကျင်စရာတွေကို မကြားချင်တော့ .. ထပ်ကြားနိုင်စွမ်း မရှိတော့ ..…

“အကျိုးကို မျှော်ကိုးပြီး လုပ်တာ မဟုတ်ရင် ဘယ်အလုပ်မဆို အောင်မြင်တာပဲ မေရဲ့ …Liberty Hyde ဆိုတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်က ပြောဖူးတယ်  …  “A garden requires patient labor and attention. Plants do not grow merely to satisfy ambitions or to fulfill good intentions. They thrive because someone expended effort on them. ” -  ဥယျာဉ်တစ်ခုမှာ စိတ်ရှည်တဲ့ လုပ်သားတွေနဲ့ အာရုံစိုက်မှု့တွေ လိုတယ်။ အပင်တွေဟာ ရည်ရွယ်ချက် ကောင်းတွေကို ဖြည့်ဆီးပေးဖို့၊ ဒါမှမဟုတ် အလို ဆန္ဒတွေကို ဖြည့်ဆီးပေးဖို့ ရှင်သန်လာတာ မဟုတ်ဘူး။ တစ်စုံတစ်ယောက် ရဲ့ သူတို့ အပေါ် ကျယ်ပြန့်တဲ့ အားစိုက်ထုတ်မှု့(ကရုဏာ) ကြောင့်သာ ရှင်သန်ကြီးထွားလာကြတယ် တဲ့….. ”

ဟုတ်တာပေါ့၊ ရှင့် ၀ါသနာနဲ့ စိတ်ဓါတ်ကို ဟိုး   ကျောင်းသားဘ၀ထဲက ကျမ သိနေခဲ့တာပဲ ကိုငယ် ရယ် ..

“ဒါနဲ့ ဒီခြံကြီးကို ဘယ်လို ၀ယ်ဖြစ်သွားတာလည်း”

“ကျနော် အလုပ်လုပ်ပြီး စု ရတာ၊ ဖေဖေ့ဆီကလည်း တောင်းတယ်၊ အဆောင်ပိုင်ရှင် အဒေါ်ဆီကလည်း တောင်းတယ်၊ အဲ ပိုက်ဆံတွေ စုပြီး ၀ယ်ဖြစ်တာ … ဒီခြံကြီးက ကျနော် ကလေး ဘ၀ထဲက လိုချင်ခဲ့တဲ့ ခြံကြီးလေ၊ အရင်ထဲက နေရာလည်း သန့်၊ လေကောင်းလေသန့်လည်းရတော့ ကျနော် လိုချင်နေခဲ့တာ .. သူတို့က ရောင်းမယ်ဆိုပေမဲ့ ဈေးအရမ်း တင်ခဲ့တာမျိုး မဟုတ်ဘူး။ ကျနော့်အကြောင်းလည်း သိထားတော့ ၀ယ်လက်တွေကြားထဲမှာ ကျနော့်ကိုပဲ ပေးခဲ့တာ၊ ဘေးခြံကတော့ ကျနော် ပြန်ဝယ်လိုက်တာ သိပ်မကြာသေးဘူး၊ နှစ်ခြံပေါင်း ဖြစ်သွားလို့ ပိုကျယ်သွားတယ်။ ဒီက လှမ်းကြည့်ရင် … လယ်ကွင်းတွေကို ဖြတ်ပြီး ဖျာပုံ၊ ကျိုက်လတ် ဘက်ကို သွားတဲ့ အဝေးပြေးလမ်းမ ကို မြင်ရတယ်။  တစ်ဖက်မှာက တာကို ကျော်လိုက်ရင်  တိုးမြစ် ရှိတယ်။ ရှေ့နည်းနည်း ဆက်သွားရင် ပံတပွတ်ချောင်း နဲ့ ရွာရှိတယ်၊ ”

“ဒါဆို … အခု ငယ်သွေးက ငယ်သွေးဖြစ်ချင်တဲ့ ခြံ ပိုင်ရှင် ကြီး ဖြစ်နေတာပေါ့ …” ပြုံးစစ ဖြင့် သူမ မေးတော့ .. သူ ပြုံးရင်း တွေသွားသည်။

“ခြံပိုင်ရှင် … ဟုတ်လား၊ ဒါဆို ခြံပိုင်ရှင်က ကျနော် မဟုတ်ဘူးဗျ .. မေ ရဲ့၊ မေ လာတုန်းက ခြံ ဘေးပေါက်က ၀င်လာတာ ဆိုတော့ ခြံပိုင်ရှင်ကို ဘယ်မြင်ခဲ့မလည်း … လာ .. လာ ကျနော် ပြမယ်။ ကျနော်က ဒီခြံမှာ Gardener ဥယျာဉ်မှုးပါ၊”

သူ ဦးဆောင် ခေါ်ရာ ခြံရှေ့သို့လိုက်လာရင်း မေ့ စိတ်ထဲ ဇဝေဇ၀ါ ဖြစ်သွားသည်။ ဘယ်လို လူပါလိမ့်။ သူ့ ၀ါသနာအတိုင်း၊ သူ ကိုယ်တိုင် အလုပ်လုပ်ရင်း ပိုက်ဆံစုပြီး ၀ယ်ခဲ့သော ခြံ ပါဟုလည်း ပြောသည်။ ခြံပိုင်ရှင်က သူ မဟုတ်ပါတဲ့။

“မေ .. ဟိုးမှာ တွေ့လား .. ခြံဝ က ပျိုးဥယျဉ်ဆိုင်းဘုတ်လေး .. ပေါ်လစ်သုတ်ထားတဲ့ ကျွန်းသာလေးပေါ်မှာ ပိုင်ရှင် နာမယ်ရှိတယ် … မေ ဖတ်ကြည့်လိုက်”

မေသည် ခြံဝမှာ ထုံးဖြူသုတ်ထားသော သံတိုင်လေးဖြင့် တွဲရရွဲ ချိတ်ထားသော သစ်သားချပ်လေးပေါ်မှ စာသားတစ်ချို့ကို ဖတ်ကြည့်လိုက်သည်။

“မေ - ပျိုးဥယျဉ်
(May - Nursery)”

တဒိတ်ဒိတ် ခုန်လာသော ရင်ခုန်သံကို ထိမ်းချုပ်မဲ့စွာ သတိပြုနိုင်ဖို့ ကြိုးစားရင်း မေ သည် … ဆိုင်းဘုတ်လေး အောက်ရှိ ကွပ်ပြစ်လေးပေါ် အင်အားမဲ့စွာ ထိုင်ချလိုက်သည်။ အစွဲအလမ်းကြီးလှချည်လား ငယ်သွေး ရယ် ….

“ဟုတ်တယ် .. မေ၊ အဲဒါ ဒီ ခြံပိုင်ရှင်ပဲ .. သူ့ အတွက် ရည်ရွယ်ပြီး ကျနော် ဒီ ခြံကို ၀ယ်ခဲ့တာ၊ သူ့ အတွက်ပဲ ဒီ အပင်တွေ များစွာကို  ကျနော် ပျိုးထားခဲ့တာ၊ သူ ဘယ်တော့ ဒီခြံကို လာမယ်ဆိုတာ မသိပေမဲ့ ကျနော် အမြဲတမ်း မျှော်လင့်တကြီးနဲ့ စောင့်နေခဲ့တယ်။ ဧ၀ မရှိတဲ့ ဧဒင် ကြီးပေါ့ မေရယ်။  ကျနော်က ဒီ ခြံရဲ့  အမြဲတမ်း ဥယျာဉ်မှုးပေါ့။”

မေ သည် သူ့ စကားတွေကို နားထောင်ရင်း ကြည်နူးကြေကွဲစိတ်ဖြင့် မျက်ရည်တွေ ဝေ့သီလာခဲ့သည်။ ကိုငယ် ရယ် .. ရှင် ကျမ အပေါ် ဒီလောက်ထိ ချစ်ခဲ့သည်လား … သူသည် မေ ဘေးကပ်လျက်မှာ ၀င်ထိုင်ရင်း …

“မေ့ ကို ကျနော် တဂိုလ်း ရဲ့ ကဗျာ အပိုင်းအစလေး တစ်ပုဒ် ရွတ်ပြမယ်နော် … မေ နားထောင်ကြည့်ပါ။ ကဗျာ နာမယ်က ဥယျာဉ်မှူး တဲ့”


[အမှုထမ်း ။ အရှင့် ပန်းဥယျာဉ်မှာ
အကျွန့်ကို ဥယျာဉ်မှူး ခန့်တော်မှုပါ ။

ဧကရီ ။           ။ ကြံကြီးစည်ရာကွယ်။

အမှုထမ်း ။         ။အကျွန့်ရဲ့တခြားအလုပ်တာဝန်တွေကို စွန့်လွှတ်ပါရစေ ။
အကျွန့် ဓားလှံတွေ မြေပေါ် ချလိုက်တော့မယ်။
တိုက်ပွဲသစ်တွေလည်း မတိုက်ခိုက်ပါနဲ့တော့ ။
အရှင့်ပန်းဥယျာဉ်မှာ ဥယျာဉ်မှူးအဖြစ်သာ
အကျွန့်ကို ခန့်ထားတော်မူပါ ။

ဧကရီ ။           ။အလုပ်ဝတ္တရားတွေကို ဆိုပါဦး ။

အမှုထမ်း ။      ။ အရှင် ငြီးငွေ့တဲ့နေ့တွေမှာ အမှုတော် ထမ်းဖို့ပါ။
မနက်ဖက် အရှင် ထွက်တောမှုမယ့် မြက်ခင်းလမ်းကို
စိမ်းစိုအောင် အကျွန့်ထားမယ်။
အရှင့်ခြေလှမ်းတော်တိုင်းကို ဂုဏ်ပြုရင်း
အသေခံ ကြွေဆင်းဖို့ ၀န်မလေးတဲ့ ပန်းပွင်တွေနဲ့
အရှင့်ခြေအစုံကို ကြိုဆိုစေမယ် ။
စရည်ပင်ကိုင်းတွေမှာ ဒန်းဆင်လို့ အရှင့်ကို လွဲပေးပ့ါမယ် ။
အဲဒီမှာ အရှင့်ခါဝတ်တော်စကို နမ်းရအောင် ဆိုပြီး
ညည့်ဦးယံ ဖိုးရွှေလဟာ သစ်ရွက်တွေကြားက
အတင်း အလုအယက် တိုးထွက်လာလိမ့်မယ်။
အရှင်စက်ရာ သလွန်ဘေးမှာ ထွန်းလင်းတဲ့ မီးအိမ်ကို
ဆီမွှေးနဲ့သာ ထပ်ကာ ဖြည့်ပါ့မယ်။
အရှင့် ခြေနင်းခုံကိုလည်း အကျော် ကရမက်တွေ အိုင်အိုင်သွေးပြီး
ရှုမောစရာ ပုံအသွယ်သွယ် လိမ်းခြယ်ပေးပါ့မယ် ။

ဧကရီ ။ အဖိုးအခ အနေနဲ့ သင်ဘာကို လိုချင်သလဲ ။

အမှုထမ်း ။          ။ ညံ့သက်ညွှတ်နူး ကြာမုံဖူးနဲ့တူတဲ့
အရှင့် လက်ဆုပ်ကလေးတွေကို ကိုင်ပြီး
လက်ကောက်ဝတ်မှာ ပန်းကုံးတွေ ဆင်မြန်းပေးခွင့် -
အရှင့် ခြေဖ၀ါးအစုံကို အသောက ပွင့်ဖတ်လွှာတွေရဲ့
ပန်းဆီနီနီနဲ့ ခြယ်သခွင့် - ဒါပြင်
ဖုန်စ ဖုန်နတွေ ကပ်နေအုံးမည်ဆိုရင်
နမ်းပစ်ခွင့်ကို ပေးသနားပါ ။]

ကဗျာကို သူ ဆက်ရွတ်ဖို့ အားယူနေသည်လား၊ သူမ ကို စိုက်ကြည့်နေသလား မကွဲပြားပါ။ သူ့ အသက်ရှုသံ ပြင်းပြင်းကို ကြားနေရသည်။ သူသည်လည်း နာကျင် ထိခိုက်နေသည့် အခြေအနေကို ကြိုးစားထိန်းချုပ်နေရသည် နှင့် တူသည်။ မေသည်လည်း နာကျင် ကြေကွဲမှု့များ နှင့် ထိရှနေသော စိတ်အစုံကြောင့် အသက် ၀ိဥာဉ်ကင်းမဲ့နေသူ တစ်ယောက်လို ဖြစ်နေသည်။

“မေ …..”  သူက ညင်ညင်သာသာ ခေါ်သည်။

“ကျနော်ကတော့ ဥယျာဉ်မှုး တစ်ယောက်ပေမဲ့ ဘာ အဖိုးအခမှ မတောင်းဆို၊ မရယူခဲ့ပါဘူး မေ ရယ် …  ကျနော့် ဘ၀မှာ မေ ဆိုတဲ့ ဧကရီတစ်ယောက် အပေါ် ဘယ်လောက်ထိ ယစ်မူး ရူးသွပ်ခဲ့ရတယ်ဆိုတာ သူ သိရင် ကျနော် ကျေနပ်ပါပြီ။ ကျနော် တစ်ခါ ဆိုပြခဲ့ဖူးတဲ့ “အရာရာ မင်းပါ မေ” သီချင်းလိုပါပဲ .. ကျနော် နဲ့ ပါတ်သတ်သမျှ အရာရာတိုင်းဟာ “မေ” ပါပဲ။ ”

“တော်ပါတော့ ကိုငယ်သွေး ရယ် .. ကျမ လေ …”

မေသည် ကလေးတစ်ယောက်လို ငယ်သွေးရင်ခွင်ထဲသို့ တိုးဝင်၊ ငယ်သွေး လည်ပင်းများကို သိုင်းဖက်ရင်း ခန္ဒာကိုယ်လေး တသိမ့်သိမ့် တုန်အောင် ရှိုက်ကြီး တငင် ငိုကြွေးလေသည်။  ငယ်သွေးသည် ရုတ်တရက် မေ့ကို ဘယ်လို နှစ်သိမ့်ရမည်ကို မသိ၊ မေ ပုခုံးလေးများကို ပွတ်သွပ်ရင်း ပြန် ချော့နေမိသည်။

“တိတ်ပါ မေ ရယ်၊  ကျနော်တို့ နှစ်ယောက်စလုံး လူချင်း မနီးစပ်ခဲ့ပေမဲ့ စိတ်ချင်းတော့ အမြဲ နီးနေခဲ့တာပဲ မဟုတ်လား၊ မေ့ကို ကျနော် နားလည်ပါတယ်။   ဘ၀ ဆိုတာ ဆန္ဒရှိသလို ပုံဖော် ပျိုးထောင်လို့ရတဲ့ ပျိုးဥယျာဉ်တစ်ခုမှ မဟုတ်တာ … အဲလို သာ ဖြစ်ခဲ့ရင် မေ ဆိုတဲ့ ပန်းလေးကို ကျနော့် ပန်းဥယျာဉ်ထဲမှာ တစ်သက်လုံး မညိုးနွမ်းအောင် ကျနော် ထိမ်းသိမ်း စောင့်ရှောက်မှာပေါ့၊ တိတ်ပါမေရယ် …. တိတ်ပါတော့နော် .. ”

မေသည် .. ထိုနေ့က ငယ်သွေးကို နှုတ်ဆက်ပြီး နောက်တစ်နေ့ နယ်သို့ ပြန်လာခဲ့လေသည်။ သို့သော နှလုံးသားမပါသော စက်ရုပ်ကဲ့သို့ မေ အဖြစ် ပြန်လာခဲ့ခြင်းသာ ဖြစ်လေသည်။ သူမ၏ နှလုံးသားသည် (……….) မြို့စွန် ခြံကျယ်ကြီးတစ်ခုရှိ ပျိုးဥယျာဉ်ထဲတွင် အပြီး မြုပ်နှံပစ်ခဲ့ခြင်း ဖြစ်ပါတော့သည်။

ဝဏ္ဏသန်းထွန်း

0 comments: