အနောက်ဖွဲ့အလွမ်းပြဇာတ်


စလျှောက်ကာစကတော့ ခပ်သွက်သွက်ပါပဲ။ တောင်နှစ်လုံးကို ကျော်ပြီးတဲ့အချိန်မှာတော့ ခြေလက်တွေလေးလံလာပြီ။ ဝါးရုံတောတွေကြားကနေ ရှာရှာဖွေဖွေကို ထိုးနေတဲ့နေရောင်ကြောင့်လည်း မျက်မှောင်ကိုယ်စီ ကုပ်ချည်လို့။ နဖူးကနေ စီးစီးကျလာတဲ့ ချွေးစက်တွေကို လက်နဲ့ခပ်ဆောင့်ဆောင့်သုတ်ရင်း မျက်နှာတစ်ခုလုံးလည်း အဆီတွေနဲ့ဝင်းပြောင်လို့။ သူတို့အုပ်စု စကားအတိုင်းဆိုရင် စုတ်ပြတ်သတ်နေပြီ။
အနက်ရောင် ဂျင်း(ပန်) နဲ့ တွဲဖက်ထားတဲ့ မာမာ့ရဲ့တီရှပ်အဖြူက ဟိုအကိုင်းတိုး၊ သည်အကိုင်းတိုးနဲ့ အညိုရောင် လုံးလုံးဖြစ်နေပြီ။ သူ့စကပ်မှာ ဆူးသီးတွေကပ်နေမှန်း မသိရှာတဲ့ လဲ့လဲ့သင်းက မာမာ့ရဲ့တီရှပ်ညစ်ပတ်ပတ်ကို ကြည့်ပြီး ခွီးကနဲရယ်တယ်။ ရှေ့ကနေ မြေကြီးကို အငြိုးနဲ့နင်းချနေတဲ့ မာမာက လဲ့လဲ့သင်းရယ်သံကြောင့် မဆီမဆိုင် ခင်မြတ်မွန်ကို မျက်စောင်းထိုးသွားတယ်။
“ဗုဒ္ဓေါ”
ခင်မြတ်မွန်လည်း ဒီတစ်ခွန်းပဲ အာမေဋိတ်ပြုရဲတယ်။ နောက်ထပ်အသံမထွက်ရဲဘူး။ သူ့သူငယ်ချင်းတွေရဲ့ စုတ်ပြတ် နေတဲ့ပုံစံနဲ့ အသားကုန်တင်းထားတဲ့မျက်နှာတွေကြောင့် ဒီခရီးကိုစတင်မိသူအဖြစ် သူ့မှာပဲအပြစ်ရှိသလို ခံစားရတယ်။ ဒါပေမယ့် သူကချည်း တရရခေါ်နေတာလည်း မဟုတ်ရပေါင်။ ဒီလေးကောင်စလုံး တရွရွလိုက်ချင်နေတာကြောင့် အိမ်ရှင်ဖြစ်တဲ့ သူက ပျော်စရာကောင်းတာတွေအပြတ်ပြောပြီး ဖိတ်ခေါ်လာခဲ့တာ။ပြီးတော့ ငါးယောက်ပြိုင်တူ သဘောညီခဲ့ကြတာပါ။ အခုတော့ ဒီလေးယောက်ရဲ့မျက်နှာတွေက ခင်မြတ်မွန်ကိုပဲ သေစားသေစေ အမိန့်ချမယ့် ပါးကွက်သားပုံတွေ ကျနေတာပဲ။
“မွန် အငြိုးတွေ ရှိရင်လည်း ကျေပါတော့ကွယ်”
ပျော်ပျော်နေတတ်တဲ့ ယုဆွေက ငိုသံပါကြီးနဲ့ ပြောတော့ ခင်မြတ်မွန်လန့်သွားတယ်။ ပြောပြောပြီးပြီး ယုဆွေက ထိုင်ချ လိုက်ပြီး တအီးအီးငိုတော့ လေးယောက်လုံးရယ်ချင်ပက်ကျိမျက်နှာတွေနဲ့ ယုဆွေကို ဝိုင်းချော့ကြတယ်။ ချော့သလိုနဲ့ သူတို့ပါ ဝိုင်းထိုင်ပြီး ခရီးကပ္ပတိန်ခင်မြတ်မွန်ရဲ့ စကားကိုစတင်ပြီး သပိတ်မှောက်ဆန့်ကျင်ကြတယ်။ ခင်မြတ်မွန်က ယောင်ယောင် တောင်တောင်နဲ့ ထိုင်မလိုလုပ်ပြီးမှ ချက်ချင်းလိုပြန်ထတယ်။
“ဟဲ့ ထကြ ထကြ”
စကားနည်းတဲ့ ဝါလေးက ခြေပစ်လက်ပစ်ထိုင်နေရာက ခင်မြတ်မွန်ကို မကျေမနပ်လှမ်းကြည့်တယ်။
“ငါးမိနစ်လောက် နောက်ကျရုံနဲ့တော့ ထူးပြီး နောက်မကျပါဘူး မွန်”
ဝါလေးရဲ့လေသံခပ်ဆတ်ဆတ်အဆုံးမှာ ထောက်ခံတဲ့မျက်နှာရိပ်တွေနဲ့ ကျန်သုံးယောက်က အစီအရီ။ ခင်မြတ်မွန် စိတ်ညစ်သွားတယ်။ ခရီးမစခင်ကတည်းက တောက်လျှောက်သွားမယ်။ ရွာတစ်ရွာမတွေ့မချင်း မနားရဘူး။ နားလိုက်လို့ အရှိန် ပျက်ပြီး ခြေလက်တွေကိုက်ခဲ ရှေ့ဆက်မသွားနိုင်ဖြစ်နေရင် တောလမ်းမှာဆို ဒုက္ခရောက်မယ်။ နောက်မနက် ၇ နာရီ ကနေ တောက်လျှောက်သွားမှ ဟိုကိုနေဝင်စ အချိန်ရောက်မှာ။ လမ်းမှာ ခဏခဏနားနေရင် မိုးချုပ်သွားမယ်။ ဒီတောလမ်းနဲ့ မှောင်ထဲ မည်းထဲ မိန်းမသားငါးယောက်သွားရတာ သိပ်သင့်တော်လှတဲ့ အစီအစဉ် မဟုတ်ဘူး။
ခင်မြတ်မွန် စပြောကာစကတော့ လေးယောက်လုံး ခေါင်းတွေညိတ် ထောက်ခံလိုက်တာမှ ခပ်သွက်သွက်။ အေးပေါ့.. သွားမှ မကြည့်ရသေးတာကိုး။ အခုတော့လည်း သူတို့ထောက်ခံတာကို သူတို့မေ့ကုန်ပြီ။ မေ့ချင်ယောင်ဆောင်နေတာလားတော့ မသိဘူး။ နားချင်တာကတော့ လူပဲ၊ ခင်မြတ်မွန်လည်း နားချင်တာပေါ့။ ဒါပေမယ့် ဒီခရီးအကွာအဝေးမှယ ဒီလိုသွားမှ ဖြစ်မယ် ဆိုတာကို ခင်မြတ်မွန်ပဲ ပြန်နေကျမို့သိတာ။ ငယ်ငယ်တုန်းက ရွာမှာနေတော့ တောတောင်လမ်းခရီးဆိုတာ သူ့အဖို့ သိပ် မထောင်းတာလှဘူး။ ဒါပေမယ့် မြို့မှာ ကျောင်းသွားတက်ရကတည်းက အကျင့်တွေ ပျက်ကုန်တာ။ ကျောင်းတစ်နှစ် တက်ပြီးလို့ ပြန်လာရင်ပဲ ဟိုက်လုမတတ်မောနေပြီ။ အဲဒါကို အမေက “ငါ့သမီး ပညာတတ်ဖြစ်ခါနီးလို့ နုလာတာတဲ့” ။ အဖေကတော့ ကွမ်းတပျစ်ပျစ်နဲ့ ဘာမှ မပြောဘူး။
ထားပါတော့ ဒါတွေက။ လောလောဆယ်မှာ ကတ်တီးကတ်ဖဲ့ ခွတိုက်နေတဲ့ ဒီလေးကောင်ကြောင့် ခင်မြတ်မွန် စိတ်ရှုပ် နေရပြီ။ မနားနဲ့ပြောရင် ပိုအရွဲ့တိုက်ပြီး တစ်နာရီလောက်နားမှာ ကြောက်တာကြောင့် သူပဲ ဝါးရုံပင်ခြေရင်းမှာ ထိုင်ချလိုက်ပြီး ဝါလေးတို့ကို ကျောခိုင်းထိုင်နေလိုက်တယ်။
ဝါလေးတို့ကတော့ အေးဆေးပဲ။ ငါးဆယ်တန် ဆီးချိုသီးထုပ်ကြီးကို တစ်ယောက်တစ်လှည့်စားရင်း လက်ကအစအန တွေကိုတောင်ပြွတ်ကနဲ စုပ်လိုက်သေး။ ဟွန်း… ဒီလောက် ဖုန်၊ သဲတွေနဲ့ ညစ်ပတ်နေတာ သူတို့မို့မရွံတယ်။ မာမာက နားသာ နားရတယ်၊ နည်းနည်းတော့ကြောက်ရဲ့။ ခင်မြတ်မွန်က ဟုတ်တာတွေရော။ မဟုတ်တာတွေရော လက်ချာရိုက်ထားတာမို့ မိုးချုပ် မှာကိုတွေးပူမိသား။ အခုလည်း နေ့ခင်းကြောင်တောင်ကြီးပေမယ့် ဟိုသည်ပတ်လည်ကြည့်ရင်း ကျောထဲက စိမ့်တက်လာတယ်။ လူသူ မမြင်ရတဲ့တောထဲမှာ သူတို့ငါးယောက်တည်းပါလားဆိုတဲ့အသိက မာမာ့ကို ပိုကြောက်သွားစေတယ်။
ဘယ်လို စိတ်ကူးမျိုးနဲ့များ ခင်မြတ်မွန်တို့ ရှောက်ချောင်းရွာကို သွားဖို့စိတ်ပါခဲ့တာပါလိမ့်။ အတွေ့အကြုံ၊ ဗဟုသုတတွေ ရချင်တယ်လို့ လေတစ်လုံး မိုးတစ်လုံးပြောခဲ့တာကို ကြားတဲ့သူတွေက အခု မာမာတို့ဖြစ်ပျက်နေပုံကို တွေ့ရင် ဗိုက်ကွဲအောင် ရယ်မှာပဲ။ လမ်းမှာ ချောင်းကျယ်ကြီးကို ဖြတ်ခဲ့ရတာလည်း နှစ်ခါရှိနေပြီ။ ကူးတို့သမားက ရေလယ်မှာ ငါးရှားနေလို့ လည်ချောင်း ကွဲလုမတတ် အော်ခေါ်ရသေးတယ်။
ခင်မြတ်မွန်ပြောတော့ ခရီးသုံးပုံနှစ်ပုံတွင်ပြီတဲ့။ အခုပဲ ၁၁ နာရီရှိနေပြီ။ ဘယ်လိုလုပ် ရှောက်ချောင်းရွာကို နေမဝင်မီ ရောက်ပါ့မလဲ။ အတွေးက အကြောက်ဘက်ဆတ်ကနဲလှည့်လာတော့ မာမာ ဗြုန်းဆို အိတ်ဆွဲပြီး ထရပ်တယ်။ မာမာ ထတော့ သူခိုးချောင်း ချောင်းနေတဲ့ ခင်မြတ်မွန်က ခပ်သွက်သွက်လိုက်ရပ်တယ်။ ဒီတော့ ကျန်တဲ့သုံးယောက်ကော ဘယ်နေနိုင်မတုန်း။ ကိုယ်စီ အိတ်ကလေးတွေဆွဲပြီး လိုက်ရတော့တာပဲ။ ငါးဆယ်တန်ဆီးချိုသီးထုပ်ကြီးကလည်း ကုန်သွားပြီလေ။
**************
မန္တလေးအခေါ် တစ်ပြ၊ ရန်ကုန်အခေါ် ဘလောက်တစ်ခု၊ ပုသိမ်အခေါ် ဓာတ်တိုင်ဆယ်တိုင်လောက်မှာ “စပယ်ချောင်” ဆိုတဲ့ရွာတစ်ရွာ ရောက်တယ်။ တစ်ရွာလုံးမှာတော့ စပယ်နဲ့တူတာဆိုလို့ ခံပွင့်တောင် မတွေ့ဘူး။ စပယ်ချောင်မှာ ရှားရှားပါးပါး မုန့်ဆိုင်ဆိုလို့ အာပူလျှာပူဆိုင်ပဲရှိတယ်။ သူတို့ခေါ်တော့ အနောက်မုန့်ဟင်းခါးတဲ့။ စားလိုက်ရတာတော့ ငရုတ်သီး အတောင့် လိုက်ထောင်းထည့်ထားတဲ့ ပူပူလောင်လောင် မုန့်ပါပဲ။ ပဲကြော်ထည့်ဆိုတော့ ပျင်းတွဲတွဲ ပဲကြော်တစ်ချပ်စီ ထည့်ပေး တယ်။  ဝါးလိုက်ရတာ ပါးကိုညောင်းလို့။ ဒါပေမယ့် ဆာနေတာဆိုတော့လည်း စားလို့ကောင်းတာပါပဲ။ တစ်ယောက်ကို နှစ်ပွဲစီ။ အလကားရတဲ့ ရေနွေးကတော့ တစ်အိုး။
အစားဝင်သွားလို့ စိတ်ကောက်ပြေသလို ရှိသွားတဲ့ ဝါလေးက ဒီတစ်ခါ သူက ဦးဆောင်ခေါ်တယ်။
“မွန် ရေ မြန်မြန်လုပ်၊ သွားကြရအောင်” တဲ့
စပယ်ချောင်က ထွက်လာတော့ ထုံးစံအတိုင်းပါပဲ။ ဝါးရုံတောတွေ အုပ်လိုက်ဖြစ်နေတဲ့ တောထဲကိုပဲ ဖြတ်ရတာပဲ။ ဒီလောက် ထူးထူးခြားခြား အမှတ်အသားမရှိတဲ့ တောလမ်းခရီးကို မှတ်မိတဲ့ မွန့်ကို ဝါလေး သြချချင်တယ်။ ဝါလေးတော့ အခုနေ ချောင်းသာဘက် ပြန်လှည့်ပါဆိုရင်တောင် မသွားတတ်တော့ဘူး။ အတွေးနဲ့ လျှောက်လာတဲ့ ဝါလေး မျက်နှာချင်းဆိုင် ဖြစ်နေတဲ့ ဝါးကိုင်းတစ်ကိုင်းကြောင့် အလျင်အမြန်ငုံ့ရှောင်လိုက်ရတယ်။ လမ်းကလည်း လမ်းရယ်သာပြောတယ်။ တစ်ယောက်စီသွားတာ တောင် ဟိုအကိုင်းတိုးမိ၊ သည်အကိုင်းမလွတ်နဲ့။ ချောင်းသာက အထွက် ပေါင်ဒါဖို့လာတဲ့ ဝါလေးမျက်နှာလည်း အခုတော့ မည်းညစ်ညစ်ဖြစ်နေလောက်ပါပြီ။
တောအုပ်ကထွက်တော့ လယ်ကွက်တွေကို တွေ့တယ်။ တရှိန်ရှိန်မြိုက်နေတဲ့ နေအောက်မှာ လယ်ကွက်တွေက ပတ်ကြားအက်တွေနဲ့။ ကန်သင်းဘောင်ပေါ်လျှောက်ကြတော့ ခြေလှမ်းတွေက ပိုမသွက်ကြတော့ဘူး။ ဟိုးးအဝေးက တောင်ကမူ လေးပေါ်မှာ တည်ထားတဲ့ စေတီဖြူဖြူကိုကြည့်ရင်း ခင်မြတ်မွန်ထိတ်ကနဲ ဖြစ်သွားတယ်။
ဘုရားရေ… ဒါ သုံးဘက်လှရွာရဲ့အစွန်နယ်နမိတ်ပဲ။ ခင်မြတ်မွန်ရင်တွေ တလှပ်လှပ်ဖြစ်သွားတယ်။ နေပူကျဲကျဲအောက် မှာ ချွေးစေးတွေနဲ့အတူ လက်ဖျားခြေဖျားတွေ အေးစက်သွားတယ်။ ခင်မြတ်မွန်ရဲ့ပျက်ယွင်းသွား တဲ့မျက်နှာကြောင့် မာမာတို့ တွေ ထိတ်လန့်သွားတယ်။ အဖြေကို စူးစမ်းဆဲ ခင်မြတ်မွန်ခပ်တိုးတိုးပြောလိုက်တဲ့ အသံကြောင့် သူတို့ကြက်သေသေသွား တယ်။
“တို့တွေ လမ်းမှားပြီ”
ကြောက်တတ်တဲ့ မာမာက တအီးအီးနဲ့ငိုတော့တယ်။ အုပ်စုထဲမှာ အကြီးဆုံးလဲ့လဲ့သင်းက မွန့်ကိုတွေးတွေးဆဆမေးတယ်။
“သေချာလား မွန်”
ခေါင်းကို လေးလေးပင်ပင် ညိတ်လိုက်တဲ့ မွန့်မျက်နှာမှာ အကြောက်တရားတချို့ခိုယှက်လို့။ ခပ်ကြာကြာမတွေးချင်တဲ့ ယုဆွေက မွန့်ကိုပြောသလိုနဲ့ အားလုံးကို လောဆော်တယ်။
“စပယ်ချောင်ဘက် ပြန်သွားကြတာပေါ့”
မွန် က ခေါင်းကိုယမ်းရင်း သက်ပြင်းချကာ စကားဆိုတယ်။
“မရတော့ဘူး ယုဆွေ။ စပယ်ချောင်ကနေ ထွက်လာခဲ့တာ နှစ်နာရီနီးပါး ရှိသွားပြီ။ ပြန်လှည့်ရအောင် လမ်းမမှတ်မိ တော့ဘူး။ ဟို တောအုပ်ထဲရောက်ရင် ငါတို့လမ်းမှားသွားမှာပဲ”
လဲ့လဲ့သင်းက ခပ်သွက်သွက်ဝင်မေးတယ်။
“ရှေ့ဆက်သွားရင်ကော မွန်”
“သုံးဖက်လှရွာ” လို့ပြန်ဖြေတဲ့ မွန့်အသံက ခြောက်ကပ်ကပ်နဲ့။ ယုဆွေက ဝမ်းသာအားရ ဝင်ပြောတယ်။
“အဲဒီ့ရွာကိုပဲ သွားကြမယ်လေ မွန်။ ဟိုမှာပဲ တည်းပြီး နောက်နေ့မှ လမ်းပြတစ်ယောက်နဲ့ ရှောက်ချောင်းကို ဆက်သွားကြတာပေါ့”
“အေး သုံးဖက်လှကို ရောက်ရင် နင်တို့တစ်စစီ ဖြစ်မှာပဲ”
“မြတ်စွာဘုရား”
မွန့်ရဲ့ခပ်ဆတ်ဆတ်ပြောလိုက်တဲ့ စကားကြောင့် သူတို့အားလုံး ဘုရားတကုန်တယ်။ လဲ့လဲ့သင်းက ဇဝေဇဝါနဲ့ မွန့်ကို အထစ်ထစ်အငေါ့ငေါ့မေးတယ်။
“ဘာ .. ဘာ ဖြစ်လို့လဲ မွန်”
“သုံးဖက်လှရွာက ဓားပြရွာ။ ယောကျာ်းတွေချည်းပဲ”

***********************
မာမာ က ကန်သင်းဘောင်ပေါ်ခြေဆင်းထိုင်လို့ တသိမ့်သိမ့်ရှိုက်ငိုနေပြီ။ ဝါလေးလည်း မျက်ရည်တွေဝိုင်းလို့ မွန့်ကို အားကိုးတကြီး ကြည့်တယ်။ မွန် ကိုယ်တိုင်က မျက်နှာမှာ သွေးဆုတ်နေပြီဆိုတော့ ဝါလေး အင့်ကနဲ တစ်ချက်ရှိုက်တယ်။ လဲ့လဲ့သင်းလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိကာ ငိုင်တွေတွေဖြစ်နေတယ်။ ယုဆွေက သုံးဖက်လှရွာဘက်မျှော်ကြည့်ရင်း ခပ်တောင့်တောင့်ငြိမ်သက်လို့။
ခဏကြာတော့ ထွက်လာခဲ့တဲ့ တောအုပ်လေးဘက် ပြန်သွားဖို့ပဲ မွန် ဆုံးဖြတ်လိုက်တယ်။ လမ်းဆုံးရင် ရွာတော့တွေ့ မှာပဲ။ နေ့လယ်နှစ်နာရီ ကျော်ကိုပြနေတဲ့ ဒိုင်ခွက်ကို ကြည့်ရင်းနေမဝင်မီတော့ ရွာတစ်ရွာတွေ့နိုင်ကောင်းရဲ့လို့ မွန် တွက်ဆ လိုက်တယ်။
နောက်ပြန်လှည့်ဖို့ ပြင်တော့ငိုကြွေးနေတဲ့ မာမာ့ကို ချော့ခေါ်ရသေးတယ်။ ဒီမှာက ကွင်းပြင်ကြီး။ ပုန်းစရာ၊ ခိုစရာ နေရာကမရှိနဲ့။ တောအုပ်ထဲမှာက ဘာပဲပြောပြောပုန်းစရာနေရာတော့ ရမှာပဲလို့ မွန် တွေးမိရဲ့။
ကြောက်စိတ်ကပဲ လွန်ကဲနေတာလား၊ပြန်လာတဲ့ နေရာကပဲ မဟုတ်တော့လို့လား မသိဘူး။ အခုတောအုပ်ဟာ အရင် တောအုပ်မဟုတ်တော့သလိုပဲ။ အခုပဲကြည့်လေ။ ဝါးရုံတောကြီးတွေအစား အပင်မြင့်မြင့်ကြီးကြီးတွေပဲ တွေ့နေရတယ်။ ခွေးနှစ်ကောင်ကိုက်ရင်တောင် ရယ်စရာ ကြံဖန်ရှာတွေ့တတ်တဲ့ ယုဆွေ မရယ်နိုင်တော့ဘူး။ အပင်ကြီးတွေရဲ့ အုံ့ဆိုင်းမှုကြောင့်တောလမ်းဟာနေမထိုးဘဲအေးစိမ့်နေတယ်။ အခက်အလက်တွေက လေအရှိန်ကြောင့် ယိမ်းနွဲ့နေတာကိုက ခြောက်ခြားစရာ ဖြစ်နေတယ်။
အပူအပင်မရှိရင် သာယာစရာလို့မြင်ရတဲ့ ဒီတောအုပ်ထဲမှာ သူတို့ကြည်နူးစရာကို ရှာလို့မတွေ့နိုင် ဖြစ်နေတယ်။ ငါးယောက်စလုံးရဲ့ မျက်နှာမှာ စိုးရွံ့မှုတွေနဲ့ ချွေးစေးတွေပြန်လို့။ တောကြောင်လေးတစ်ကောင် သူတို့ဘေးက   ဖြတ်သွား တာကို မာမာက ငယ်သံပါအောင် အော်လိုက်လို့ ထိတ်ထိတ်ပျာပျာ ဖြစ်ရသေးတယ်။ အခုတော့ သူတို့အဖြစ်က လေအဝေ့ကို တောင် ကြောက်ရွံ့နေတဲ့ ယုန်သူငယ်လေးတွေ့ ဖြစ်နေကြပြီ။ ကြာလာတော့ မြို့ပေါ်မှာ ဆိုင်ကယ်ပေါ်က မဆင်းတဲ့ ဝါလေး ဒဏ်မခံနိုင်တော့ဘူး။ ခြေဦးတည့်ရာ သွားနေရတဲ့ စိတ်အားငယ်မှုကလည်း ဖိစီးတော့ ဝါလေးမျက်ဝန်းမှာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။ ဝါလေးရဲ့ခြေဖဝါးပြင်တစ်ခုလုံး ရဲတွတ်လို့လမ်းဆက်မလျှောက်နိုင်တော့ဘူး။
မွန် အကြပ်ရိုက်သွားယ်။ အားတင်းပြီးလျှောက်လို့ ပြောရအောင်လည်း ဘယ်ရောက်မယ်မှန်း သေချာမသိဘူး။ ဆိုးဝါး တာက ပင်လယ်သံမကြားရတာပဲ။ ပင်လယ်သံကြားရရင် ကြားတဲ့ဘက် မှန်းဆလျှောက်လို့ပင်လယ်ကို တွေ့ပြီဆိုရင်ပဲ လမ်းမမှား နိုင်တော့ဘူး။ ကမ်းခြေတလျောက်သွားလိုက်ရင် ပြီးပြီလေ။ ချောင်းသာကတည်းက ကမ်းခြေကနေသွားဖို့ စဉ်းစားခဲ့မိပါရဲ့။ ဒါပေမယ့် ကမ်းခြေခရီးက ရွာသားယောကျာ်းခြေနဲ့တောင် မိုးမလင်းခင်သွား၊ ည ၉ နာရီလောက်မှ ရောက်တာ။ တောလမ်း ခရီးက ထက်ဝက်သာသာမို့ ဒါပဲရွေးလိုက်ရတာ။ အခုတော့ အရင်လိုလမ်းအိုလိုက် စကားကိုပယ်ရှားမိလို့ မွန် တို့ ဒုက္ခရောက်ပြီ။
ငယ်ငယ်ကတည်းက သွားလာနေတဲ့ လမ်းတွေမို့ မမှားဘူးထင်တာလည်း မှားနိုင်တာပါပဲလား။ မွန် စိတ်ရှုပ်ရှုပ်နဲ့ပဲ အပင်ကြီး တစ်ပင်အောက်မှာ ခဏနားဖို့ ပြင်ဆင်လိုက်ရတယ်။ သုံးဖက်လှရွာနဲ့ အတော်လေးဝေးသွားလို့ စိတ်သက်သာရာ ရသွားတာလည်းပါတယ်။
****************
ပင်ပန်းတဲ့အရှိန်နဲ့ ခြေပစ်လက်ပစ်မျက်လုံးတွေ မှေးစင်းနေကြတဲ့ ယုဆွေတို့တတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ လဲ့လဲ့သင်း မွန့်ကို စူးစမ်းသလိုလှမ်းကြည့်တော့ မွန့်အသွင်က ဝမ်းသာရမလို၊ ကြောက်ရွံ့ရမလို ယောင်နနဖြစ်နေတယ်။ ဟိုး အဝေးခပ်လှမ်းလှမ်းက လူသံခပ်အုပ်အုပ်ကြားလိုက်ရလို့ပဲ။ ဘာပဲဖြစ်ဖြစ် သူတို့လေးယောက် မတ်တပ်ရပ်လျက်သားတွေတော့ဖြစ်ကုန်ကြပြီ။ လဲ့လဲ့သင်းက လိုရမယ်ရလား၊ လုပ်မိလုပ်ရာလားတော့ မသိဘူး။ သစ်ကိုင်းခြောက်တစ်ခုကို လက်ကကိုင်လို့။
ဘုရားသိကြားမလို့ ရွာတွေသွားကြတဲ့သူတွေဖြစ်ပါစေ။ နှုတ်ခမ်းလှုပ်ရုံ ခပ်တိုးတိုးရွတ်ရင်း မွန် လည်တဆန့်ဆန့်ဖြစ်နေ တယ်။ ဝါလေးမျက်ဝန်းတွေလည်း မျှော်လင့်ချက်နဲ့တလက်လက်တောက်ပလို့။
လူသံတွေက တဖြည်းဖြည်းနီးလာသလိုနဲ့ တော်တော်လေးကြာတော့ ဘာသံမှ မကြားရတော့ဘူး။ ကြားဖူးနားဝ ဗဟု သုတတွေနဲ့ တောချောက်တာများလားလို့ တွေးမိရင်း လဲ့လဲ့သင်းခေါင်းနပန်းကြီးသွားတယ်။ မွန် က ဇဝေဇဝါနဲ့ ဟိုသည် နားစွင့် နေတယ်။ နွမ်းဖျော့နေတဲ့ ဝါလေးနဲ့ မာမာက သစ်ပင်ခြေရင်းမှာ ခပ်လျော့လျော့ပြန်ထိုင်တယ်။ ယုဆွေကတော့ စပ်စပ်စုစု ခပ်လှမ်းလှမ်းထိ လျှောက်သွားကြည့်တယ်။
ဟော…ဒီတစ်ခါတော့ စကားပြောသံပီပီသသပါပဲ။ အတွေးမဆုံးခင်ဘဲ ခပ်လှမ်းလှမ်းမှာ စက်ဘီးသုံးစီးကို ဘွားကနဲ တွေ့လိုက်ရတယ်။ မွန်တို့တတွေ ထိတ်ကနဲဝမ်းသာမိပြီးမှ ကြောက်ရွံ့စိတ်ကချက်ချင်းလွှမ်းသွားတယ်။ ယောကျာ်းသုံး ယောက်……။
“ ဟေ့ ဇာလားဖို့ရား..”
မွန် တို့ကို စူးစမ်းသလိုကြည့်နေတဲ့လူသုံးယောက်အနက် လူလတ်ပိုင်းအရွယ်ခပ်ကြီးကြီးတစ်ယောက်က မွန့်ကို အံ့သြသလို တစ်ချက်လှမ်းကြည့်ပြီး “နင်အနောက်သူလား”တဲ့။ မွန်လည်း ဦးခေါင်းကိုခပ်သွက်သွက်ညိတ်ရင်း ရှောက်ချောင်းရွာကဆိုတာရယ်၊ ကျောင်းပိတ်လို့ပြန်လာတာ သူငယ်ချင်းတွေပါအလည်လိုက်လာကြောင်း၊ အားလုံး တက္ကသိုလ် ကျောင်းသူတွေဖြစ်ကြောင်း၊ လမ်းလွဲသွားလို့တဆိတ်လမ်းညွှန်ပေးစေလိုကြောင်းခပ်မြန်မြန်ရှင်းပြရတယ်။
လူကြီးက မျက်မှောင်တချက်ကြုံ့တယ်။ ရှောက်ချောင်းရွာကတစ်ဖက်မှာကျန်ခဲ့ပြီ။ နင်တို့တော်တော်ဝေးသွားတာပဲ။ လမ်းလျှောက်ရင်မီပါတော့မလားတဲ့။ လဲ့လဲ့သင်းက ဒီအနီးအနားမှာရွာမရှိဘူးလားဆိုတော့ လူကြီးတစ်ခုခုပြောမလို ဟန်ပြင်ပြီး မှမရှိဘူးတဲ့။
ဇီးကင်းရွက်သာသာရှိတော့တဲ့ မွန်တို့မျက်နှာတွေကိုကြည့်ပြီး လူကြီးကသက်ပြင်းချတယ်။ နောက် သူနဲ့အတူပါလာတဲ့ လူငယ်နှစ်ယောက်ဘက်လှည့်ပြီး မွန်နားမလည်တဲ့ဒေသခံစကားနဲ့ တစ်စုံတစ်ခုပြောနေတယ်။ အတန်ကြာပြောပြီးတော့ မွန်တို့ ဘက်လှည့်လာတယ်။ ငါတို့လိုက်ပို့မယ်တဲ့။ စက်ဘီးနဲ့ဆိုတော့ နေ၀င်စတော့ နင်တို့ရွာရောက်မှာပေါ့တဲ့။
အားလုံးဝမ်းသာသွားကြပေမယ့် တစ်မျိုးဒုက္ခရောက်ရပြန်တယ်။ စက်ဘီးကသုံးစီး၊ မွန်တို့ကငါးယောက် ဆိုတော့        နှစ်ယောက်ကရှေ့ဘားတန်းကလိုက်ရမယ့် အဖြစ်ရောက်နေတယ်။ ကြာကြာမတွေဝေအားပါဘူး။ ဒီခရီးကိုဦးဆောင်ခေါ်လာ သူအဖြစ် မွန်ရယ်၊ ခြောက်လလောက်ကြီးပြီး အစ်မကြီးရာထူးရထားတဲ့လဲ့လဲ့သင်းရယ်ပဲ ရှေ့ဘားတန်းကလိုက်ဖို့ အစီအစဉ်ချ လိုက်ရတယ်။
ဒီတော့ဝါလေးက မျက်ရည်ဝဲပြီးလဲ့လဲ့သင်းအစား သူပဲလိုက်ပါ့မယ်တဲ့။လဲ့လဲ့သင်းမှာချစ်သူရှိတော့ သနားပါတယ်တဲ့။ ဘာတွေပြောမှန်းလဲမသိဘူး။ ကယောင်ချောက်ချားနဲ့။ မဆီမဆိုင်တွေ။ ဒါပေမယ့်လဲ့လဲ့သင်းက၀မ်းမြောက်ဝမ်းသာ သဘော တူရှာပါတယ်။ အဲဒါနဲ့စက်ဘီးကိုယ်စီနဲ့သူတို့ခရီးဆက်ဖြစ်ကြတယ်ဆိုပါရော။

**********************
စက်ဘီးကြောင့်လား၊ သူတို့ရဲ့ကျွမ်းကျင်မှုကြောင့်လားမဆိုနိုင်ဘူး။ သစ်ပင်ကြီးတွေ၊၀ါးရုံပင်တွေဟာ ရိပ်ခနဲရိပ်ခနဲ နောက်မှာကျန်ခဲ့တယ်။ လမ်းရယ်လို့တိတိပပမရှိလှတဲ့ တောထဲမှာ ကျွမ်ကျွမ်းကျင်ကျင်စက်ဘီးစီးနိုင်တဲ့ ဒီလူတွေကို ၀ါလေး တော့အံ့သြလို့မဆုံးဘူး။ စက်ဘီးအရှိန်မြန်ပုံများ ၀ါလေးပြုတ်မကျအောင်စက်ဘီးကိုက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားရတယ်။ ဟိုဘက်ကမွန်တို့၊ လဲ့တို့ယုဆွေနဲ့မာမာတို့တော့ဘယ်လိုလိုက်နေရတယ်မဆိုနိုင်ဘူး။
*****************
ပင်ပန်းတဲ့ဒဏ်ကြောင့် တစ်ချက်တစ်ချက်သတိလွတ်မလိုဖြစ်သွားတဲ့အဖြစ်ကို ၀ါလေးမနည်းထိန်းနေရတယ်။ တစ် ကိုယ်လုံးကိုက်ခဲနေတဲ့ကြားက ယင်ဖိုတောင်မသန်းခဲ့ဖူးတဲ့ဝါလေး တိုင်းရင်းသားယောကျာ်းပျိုရဲ့ရင်ငွေ့အောက်မှာ စိတ်တွေ လှုပ်ရှားလို့။ ကိုက်ကိုတင်းတင်းဆုပ်ရင်း ကိုယ်ကိုကျုံ့နိုင်သမျှကျုံ့ထားပေမယ့်လည်း သိပ်မထူးခြားလှပါဘူး။
စက်ဘီးလူငယ်ကတော့ ညိုမှောင်စူးရှတဲ့မျက်ဝန်းအကြည့်ကို လမ်းဆီပို့လို့ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဘာစကားမှ မဆိုဘူး။ သူ့မျက်နှာမှာခံစားချက်ရယ်လို့လည်း ရေရေရာရာမရှိလှဘူး။
စက်ဘီးသုံးစီးဟာ လေးတံကလွှတ်တဲ့မြားတွေလိုပဲတလှစ်လှစ်ပြေးလွှားလို့။ တောင်အတက်မှာတော့ ၀ါလေးတို့တစ်တွေ ဆင်းပေးရတယ်။ လူငယ်က၀ါလေးဆင်းလို့ရအောင် စက်ဘီးကိုစောင်းပေးတယ်။ ၀ါလေးတစ်ချက်ယိုင်သွားတော့ အသာထိန်း ပေးရင်း“ဖြည်းဖြည်း”တဲ့။ မာဆတ်ဆတ်ပြောတယ်။ ၀ါလေးက မွန့်နားကပ်ရင်း စက်ဘီးသမားရဲ့နာမည်မေးပေးဖို့ အပူကပ်နေ တယ်။
မွန်လည်းသူတို့စကားမဟုတ်ပေမယ့် သူတို့နားလည်တဲ့မွန်တို့ရွာစကားနဲ့ပဲ လေပစ်ရတယ်။
“ဟေ့ နင့်ဇာမည်လဲ”
လူငယ်က မွန့်ကိုစူးခနဲတစ်ချက်ကြည့်ရင်း ဘာဖြစ်လို့လဲမေးတယ်။ လူငယ်ရဲ့စူးရှပြောင်လက်တဲ့အကြည့်ကို ရုတ်တရက် ကြောက်ရွံ့သွားတဲ့မွန်က ၀ါလေးကိုလက်ညှိုးထိုးရင်း သူမေးခိုင်းတာလို့ တရားခံဖော်ထုတ်ရတယ်။ လူငယ့်မျက်နှာ ပြုံးယောင် သန်းပြီး “လိုင်ရမ်းခ”လို့ မပွင့်တပွင့်ဖြေတယ်။ ပြီးဝါလေးဘက်မေးထိုးပြီး မွန့်ကိုမေးဟန်ပြင်တော့ မွန်မဖြေခင်မှာပဲဝါလေးက ခပ်သွက်သွက်ဝင်ဖြေတယ်။
“၀ါဝါလေး”
ဝါလေးရဲ့နာမည်ကို အသံထွက်ရွတ်ဆိုကြည့်နေတဲ့လူရွယ်က ပီသအောင်ရွတ်ဆိုနိုင်ပုံမရဘူး။ သူအတည်ပြုရွတ်ဆို လိုက်တာက“၀ိုင်”တဲ့။

*********************
တောင်အဆင်းစက်ဘီးပြန်စီးကြတော့ မွန်တို့တွေစကားများများမပြောရဘဲရင်းနှီးကုန်ကြပြီ။ ၀ါလေးကိုဆိုလိုင်းရမ်းခက တိုင်းရင်းသီချင်းတစ်ပုဒ်ခပ်သဲ့သဲ့ဆိုပြလို့။ ၀ါလေးတို့စက်ဘီးနောက်က လိုက်ရတဲ့ယုဆွေကတခွီးခွီးနဲ့။ လူငယ်တစ်ယောက်ရဲ့ နောက်ကလိုက်ရတဲ့မာမာက စောစောကငိုတာသူမဟုတ်သလို ဆားငန်စေ့တွေစားနေတယ်။ မွန်တို့စက်ဘီးနောက်ကလဲ့လဲ့သင်း ကတော့ ငြိမ်ချက်သားကောင်းနေလေရဲ့။
မြေပြန့်ပိုင်းရောက်တော့ စက်ဘီးအရှိန်နှေးသွားတယ်။ မွန် ဒီနေရာရောက်တော့ သိလိုက်တယ်။ ရှောက်ချောင်းရွာ ရောက်ဖို့ တစ်မိုင်လောက်ပဲလိုတော့တယ်။ နေလည်းဝင်စပြုနေပြီ။ တောတန်းရဲ့နွားရိုင်းသွင်းချိန် ဆည်းဆာအလှမှာ မွန်တို့ ပင်ပန်းသမျှတွေလည်းပြေလျော့သွားသလိုပဲ။
စိုးရိမ်စိတ်တွေလျော့ပါးသွားမှ စောစောကမကြားရတဲ့ ကျေးငှက်သံကလေးတွေပြန်ကြားရတယ်။ ဟိုးအဝေးက မှိုင်းညို့ နေတဲ့ တောင်တန်းကြီးတွေကလည်း လွမ်းမောစရာကောင်းရဲ့။ သစ်ရွက်သစ်ခက်တွေရဲ့ အချင်းချင်း ရှပ်တိုက်သံက တော သီချင်းသံတစ်ပုဒ်ပမာပဲ။
ငါးယောက်တည်းစိတ်လွတ်လက်လွတ်သာဆိုရင် ခပ်မြူးမြူးသီချင်းတစ်ပုဒ်ကို ကျယ်ကျယ်လောင်လောင် ဟစ်ကြွေး လိုက်ပြီ။
ဝါလေးလည်း ဆည်းဆာအလှကိုယိုးမယ်ဖွဲ့လို့ ရင်တွေတသိမ့်သိမ့်တုန်အောင်ခံစားနေရရှာတယ်။ လိုင်ရမ်းခရဲ့ဦးခေါင်း ဟာ လိုတာထက်ပိုပြီး ငိုက်ကျနေတယ်။ စက်ဘီးဟာသဲလမ်းတစ်ခုကို ချိုးအကွေ့တုန့်ခနဲအရပ်မှာမွန်က“ဟော”တဲ့။ ၀မ်းသာ အားရအော်တယ်။
ရှေ့မှာရှောက်ချောင်းရွာ။
***************************
အလာတုန်းက မွန်နဲ့စကားပြောတဲ့လူကြီးက ရွာမြင်နေရပြီ။ နင်တို့သွားတတ်ပြီတဲ့။ ငါတို့ ဒီတောစပ်ကနေပဲပြန်တော့ မယ် တဲ့။ လဲ့လဲ့သင်းက ရွာထဲလိုက်ခဲ့ပါဦး။ ရွာမှာ တစ်ညလောက်တည်းပြီး မနက်မှပြန်ပါလားဆိုတာတောင် လက်ခံချင်ပုံမရ ဘူး။ သူတို့ခရီးဆက်စရာရှိသေးတယ် တဲ့။
မာမာ က အားတုံ့အားနာနဲ့ လူကြီးတို့ကိုခဏဆိုပြီး လက်ကာပြတယ်။ နောက် သူ့လည်တိုင်က ရွှေသားပျော့ပျော့ကြိုး လေး ကို ချွတ်လိုက်တယ်ဆိုရင်ပဲ မွန်က လက်စွပ်၊ လဲ့လဲ့သင်းက နားကပ်နဲ့ ယုဆွေက လက်ကောက်တစ်ကွင်း အသီးသီး ချွတ်ကြတယ်။ လူကြီးတို့ကို ပေးတော့ လိုင်ရမ်းခနဲ့ ကျန်တဲ့လူငယ်တစ်ယောက်က သက်ပြင်းချပြီး လူကြီးကပြုံးတယ်။ နောက် တိုင်းရင်းသားလူကြီးပြောလိုက်တဲ့ စကားကြောင့် မာမာတို့တွေကြက်သေသေသွားတယ်။
“ဒါ တွေလိုချင်ရင် နင်တို့ကိုအပင်ပန်းခံပြီး လိုက်ပို့စရာတောင် မလိုဘူး”
နောက် ဆက်ပြောပြန်တယ်။
“နင် တို့မြို့ကိုပြန်ရင် စက်လှေနဲ့ပြန်ကြ”
လူကြီးတို့ ချက်ချင်းလိုလှည့်ပြန်ဖို့ပြင်ပေမယ့် လိုင်ရမ်းခက တစ်စုံတစ်ခုပြောလိုက်လို့ ခဏရပ်စောင့်နေတယ်။ လိုင်ရမ်းခ က သူ့လက်က သားရေပတ်ကိုဖြုတ်ပြီး ဝါလေးကို လှမ်းခေါ်တယ်။
“ဝိုင်”
ဝါလေးက အလိုက်တသိပါပဲ။ သူ့လက်သွယ်သွယ်လေးကို လိုင်ရမ်းခဆီ ထိုးပေးတယ်။ သူ့လက်က ငွေရောင် Hand Chain လေးကိုလည်း လိုင်ရမ်းခကို ပတ်ပေးတယ်။ ဝါလေးရဲ့ဖြူဝင်းတဲ့ လက်ကလေးမှာ အနက်ရောင်သားရေပတ်ကလေးနဲ့။ လိုင်ရမ်းခရဲ့အညိုရောင်လက်ကောက်ဝတ်မှာ ငွေရောင် Hand Chain ကလေးနဲ့ဖြစ်သွားတယ်။ ဝါလေးက ဆို့ဆို့နင့်နင့် “လိုင်ရမ်းခ” လို့ခေါ်လိုက်တော့ လိုင်ရမ်းခ က ခေါင်းအသာညိတ်ပြီး ပြောလိုက်တာက “စာကြိုးစား” တဲ့။
ပြီးတော့လည်း တစ်ယောက်တစ်လမ်းစီပါပဲ။ လရောင်အောက်မှာ ရှောက်ချောင်းရွာက ငြိမ်သက်ဣနြေ္ဒရနေတယ်။ သဲပြင်မွမွပေါ်မှာ အတွေးကိုယ်စီလျှောက်နေရာက ဝါလေးက အင့်ကနဲတစ်ချက်ရှိုက်တယ်။ အနီးမှာရှိတဲ့ မွန်က ဝါလေးကျောပြင် ကို ခပ်ဖွဖွပုတ်ရင်း ဘာစကားမှတော့ မဆိုဘူး။
ငိုချင်လည်း ငိုချလိုက်ပေါ့ ဝါလေးရယ်။ တစ်နေ့မှာတော့ သေးငယ်မှုန်ဝါးတဲ့ အစက်အပျောက်အတိတ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါမှာပဲ။ အားလုံးဟာ ခဏတာပါပဲ။
ခြေလှမ်းတွေကို သွက်လိုက်ကြရင်း အရီးတင်ညွန့်အိမ်က နက်ကျော်မ ဟောင်သံကို သူတို့ကြားလိုက်ရတယ်။        ။


ရွှေအိမ်စည်
ဧပြီလ၊ ၂၀၀၂
ရွှေအမြုတေမဂ္ဂဇင်း

0 comments: