ခရမ်းရင့်ရောင် တယောသံ



ပွဲကြည့်ရုံကြီးတစ်ခုလုံး တိတ်ဆိတ်နေသည်။

ထုံးစံအတိုင်း ပွဲကြည့်သူပရိသတ်တွေ ဖွသွားသော.. ကပွဲရုံကြမ်းပြင်နဲ့ခုံတွေပေါ်က ပေါက်ပေါက်ဆုပ်တွေ၊ ပလတ်စတတ်အခွံတွေကို သူ.. အမှိုက်အိတ်အနက်ကြီးထဲထည့်ပြီး လေစုပ်စက်နှင့် အမှုန်အမွှားတွေကိုစုပ်နေသည်။ ဇက်ညောင်းလို့ ခေါင်းကိုမော့ကာ စင်မြင့်ပေါ်ကို မော့ကြည့်လိုက်တော့ အနီရောင်ကတ္တီပါ ကန့်လန့်ကာကြီးက ရောင်စုံမီးတွေ ချိတ်ဆွဲထားသည့် တန်းနောက်မှ အိနြေ္ဒရစွာ။



မျက်လုံးထဲမှာ လွန်ခဲ့သော သုံးရက်က မြင်လိုက်ရသည့် ကြည်လင်တဲ့အပြုံး၊ အိနြေ္ဒရတဲ့ မျက်လုံး၊ နဲ့ ပရိသတ်ကို ဖမ်းစားသွားသည့် သူမကို မြင်ယောင်နေမိသည်။ သူမ တစ်ကိုယ်လုံး အသားဆိုင်တစ်ခုမှ ပေါ်မနေခဲ့၊ အဖိုးတန် လွှာရုံအောက်က သူမ၏ ကောက်ကြောင်းတို့က အိနြေ္ဒရလွန်းနေ၏။ မိုက်ခရိုဖုန်းမှ သူမ အသံက တည်ငြိမ်စွာ ထွက်နေခဲ့သလို၊ သူမ၏ အသံက ကပွဲရုံတစ်ခုလုံး အပ်ကျသံကြားရမတတ် ငြိမ်သက်နေသည်အောင် ဆွဲဆောင်ထားခဲ့သည်ပင်။
ဒီကပွဲရုံထဲက စင်တွေပေါ်မှာ မီးရောင်တွေက ပျိုးပျိုးပြက်ပြက် လက်လွန်းသည်၊ တီးသံတွေက ကောင်းကင်အနှံ့ က တပြိုင်နက်ပစ်လွှတ်လိုက်တဲ့ မိုးကြိုးသွားတွေလို ပြင်းထန်လွန်းသည်၊ စင်အောက်က ပရိသတ်ကလဲ တဝေါဝေါ ဆူညံလွန်းနေသည်။ ရေမွှေးနံ့၊ ပေါင်ဒါနံ့၊ ယမကာနံ့တွေကိုတော့ ရမက်ခိုးဝေတဲ့ အကြည့်စူးစူးတွေက စင်ပေါ်ကို သယ်ဆောင်သွားတတ်ကြသေး၏။

စင်ပေါ်မှာ အသုံးချဖျော်ဖြေသူတွေကလည်း မီးသွေးခဲပေါ်က မီးကျည်မီးတောက်တွေလို အသံကုန်ဆူညံရင်း လောင်ကျွမ်းပြာကျတတ်သေး၏။
သူမကတော့ သူတို့နှင့်မတူ.. သူ့ရင်တွင်းမှာ စမ်းချောင်းငယ်လေးကို ဖောက်လို့… စမ်းရေတွေကို စီးဆင်းစေသူ....။
ဒါကြောင့်လည်း “ဆူးမဲ့စာမျက်နှာ” ဟု သူ၏ မြတ်နိုးစွာ တင်စားခံရသူ။
ထိုနေ့က…သူမကို စက်ထိန်းအဘရဲ့ အခန်းထဲကနေ ရုတ်တရက်လှမ်းမြင်လိုက်ရခြင်းဖြစ်သည်။
သူမ တစ်ကိုယ်လုံးက အိနြေ္ဒရစွာ လွန့်လူးနေသော ကန့်လန့်ကာ တစ်ချပ်နှယ် တေးသွားနှင့် အညီ ယိမ်းနွဲ့နေခဲ့သည်။ အေးမြကြည်လင်သော စမ်းရေတစ်စင်း သို့မဟုတ် မြစ်တစင်း ပွဲရုံကြီးကိုဖြတ်ပြီး သူ့ရင်ထဲထိ စီးဆင်းသွားခဲ့ပြီ။ သူ့ နှုတ်ခမ်းတွေက တင်းတင်းစေ့နေခဲ့သည်။ ရေခွက်ကို တင်းတင်းဆုပ်ထားရင်း.. သူ့ရင်တွေ တဆတ်ဆတ်ခုန်နေခဲ့သည်။ ရင်ခုန်နေသည်ဆိုရာဝယ် သာယာငြိမ့်ငြောင်းသော၊ အိနြေ္ဒရသော၊ နက်နဲသော၊ အနုပညာတစ်ခုကို မြည်းစမ်းကြည့်မိလိုက်လို့ ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ် ခုန်နေရသည့်အဖြစ်။ ဒီမြင်ကွင်း၊ သည်အဖြစ်အပျက် ပျောက်ကွယ်သွားမှာ၊ ဒီသိင်္ဂါရ ရသလေး ပျက်ပြယ်သွားမှာကို စိုးရိမ်ထိတ်လန့်နေမိသည့် အဖြစ်။
နောက်တော့လဲ.... သည်အသိုင်းအ၀ိုင်းထဲက ဟုတ်ဟန်မတူသော.. သူမ ကပွဲရုံထဲက တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်...။ သူမနှင့်သူ... ဘယ်တော့မှ ဆုံတွေ့နိုင်ကြလိမ့်မည်ဟုလည်း သူ.. မထင်သလို၊ မျှော်လည်း မမျှော်မှန်းခဲ့။
“ကျွီ
သူ အတွေးလွန်နေစဉ်.. စင်ဘေးပေါက်တခါးက ပွင့်လာသည်။ အနောက်ဘက်က မီးရောင်ကို ကျောပေးရပ်နေသော စက်ထိန်း အဘ။
မင်းကို မန်နေဂျာက တွေ့ချင်လို့၊ ပြီးရင် သွားလိုက်ဦး”
“ဟုတ်ကဲ့ “
အလုပ်တွေကို လက်စသတ်ပြီး မန်နေဂျာအခန်းထဲကို ၀င်သွားခဲ့သည်။
မန်နေဂျာအခန်းသည် ကပွဲရုံနဲ့ မလိုက်ဖက်လွန်းစွာ ကျဉ်းမြောင်းလှသည်။ စားပွဲပေါ်မှာလည်း စာရွက်စာတမ်းတွေက ပျံ့ကြဲလို့။ နံရံပေါ်မှာ ငိုက်မြည်းစွာလည်ပတ်နေသော ပန်ကာတစ်လက်က အသံတဂျစ်ဂျစ်မြည်လို့။
“မင်း.. တယော ထိုးတတ်တယ်..ဆို”
“ဟုတ်.. ဟုတ်ကဲ့ နည်းနည်းပါးပါး ထိုးတတ်ပါတယ် ခင်ဗျ”
“ဒါဆို ပွဲတွေ မစခင်နဲ့ နားနေချိန်စပ်ကြားမှာ မင်းတယော ထိုးရမယ်၊ အေး.. စင်ပေါ်တော့ မတက်နဲ့ပေါ့ကွာ... စင်နောက်မှာ မင်းအတွက် စီစဉ်ပေးမယ်၊ အချိန်ပိုင်း တယောသမားတစ်ယောက် အလုပ်ကထွက်သွားလို့၊ ငါတို့ နောက်တစ်ယောက် မရသေးခင်ပေါ့၊ ဟုတ်ပြီလား
ထိုနေ့က အိမ်ပြန်ရောက်တော့ အိပ်ခန်းထောင့်က ခရမ်းရင့်ရောင် တယောလေးကို ဖွဖွလေးကိုင်လို့ ပါးမှာ အပ်လိုက်မိသည်။
+ + +
ကန့်လန့်ကာနောက်က ခုံရှည်လေးပေါ်မှာ ထိုင်ပြီး သူ တယောထိုးလာတာ ရက်ချီလာခဲ့ပြီ။ ပရိသတ်တွေ တဖွဲဖွဲ စ၀င်လာသည့်အချိန်မှ ပွဲစသည့် အချိန် အထိ၊ နောက်ပြီး ပွဲစဉ်တွေကြားမှာ လိုရင်လိုသလို ….။
အနီရောင်ဖဲကန့်လန့်ကာကြီး၏ အရှေ့က ပုရိတ်သတ်ကို စင်ပေါ်က မြင်ကွင်းမှ သူ တစ်ခါမှ မမြင်ဖူးသေး။ သူတို့ရဲ့ မျက်နှာအမူအရာတွေ၊ အ၀တ်အစားအဆင်အပြင်တွေကို ကဇတ်ရုံကြီးထဲမှာ အမှိုက်လိုက်ကောက်သူတစ်ယောက်ရဲ့မြင်ကွင်းအနေနှင့်သာ နဘေးမှ၊ အနောက်မှ၊ အပေါ်ထပ်မှသာ မြင်ဖူးခဲ့သည်။ ရံဖန်ရံခါ ကဇတ်ရုံဘေးက လမ်းကြားထဲမှာ ဆေးလိပ်သောက်ရင်း၊ ဘိန်းစားအဘနှင့် စကားစမြည်ပြောရင်းနှင့် ကဇတ်ရုံထဲ ၀င်လာ၊ ထွက်သွား သူတို့၏ ရူးဖိနပ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေ၊ ရေမွှေးရနံ့တွေကို ဖျတ်ကနဲသာ ခံစားရဖူးသည်။
ကန့်လန့်ကာနောက်မှ သူ၏ ခရမ်းရင့်ရောင် တယောသံသည် ကြိုးတွေပေါ်မှာ အားအင်ချိနဲ့နေသော ပုရွက်ဆိတ်တစ်ကောင် မရဲတရဲ တက်လျှောက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
တစ်နေ့…..
သူ၏ ခရမ်းရင့်ရောင် တယောသံသည် ကတ္တီပါကန့်လန့်ကာ အနီကြီးပေါ်သို့ ကျားကုတ်ကျားခဲ တွယ်တက်နေသည်။ ထို့နောက် ကတ္တီပါကန့်လန့်ကာအနီကြီး၏ ကတ္တီပါအသားစတွေကို ဖောက်ထွက်ကာ စင်မြင်ပေါ်သို့ စီးယိုကျနေသည်၊ ထို့နောက် စင်ပေါ်မှာ ခရမ်းရင့်ရောင်တိရစ္ဆာန်တစ်ကောင်ကဲ့သို့ တွားသွားနေသည်။
သူ.. မျက်စိကို မှိတ်ထားလျှက်နေစဉ်က တယောကြိုးတွေပေါ်မှာ သူ့ လက်ချောင်းတွေက အရှိန်ပြင်းစွာခုန်ဆင်းလာနေသော မိုးသီးမိုးပေါက်တွေလို။ သူ အသက်မရှုတော့…။ လက်ချောင်းတွေကို ထိန်းမထားတော့၊ လွှတ်ပေးလိုက်သည်။ ထိုအချိန်မှာ တယောသံက ကန့်လန့်ကာတဘက်က စင်ပေါ်မှာ ခရမ်းရင့်ရောင်သိုးတစ်ကောင်လို တွားသွားနေရာမှ အနက်ရောင်ဝံပုလွေတစ်ကောင်လို တစ်ချက်တစ်ချက် ထထ ခုန်နေတော့၏။
ပရိသတ်ကြီးက စင်ပေါ်က အသွင်ပြောင်းနေသော တယောသံကို အံ့သြတကြီး ငေးကြည့်နေကြသည်။ ထိုတယောသံသည် စင်ပေါ်မှ စင်အောက်သို့ အဖြူရောင်သေရည်ငွေ့တွေလို တွားလို့ဆင်းလာနေသည်။ ကဇတ်ခုံကြမ်းပြင်ပေါ်မှာ ဘယ်မှ..ညာ၊ ညာ..မှ.. ဘယ်၊ ပျံ့နှံ့စီးမျော…. ကဇတ်ခုံတွေအောက်မှာ လျောလို့တိုးဝင်နေလေတော့သည်။
သူ့ရဲ့ ခရမ်းရင့်ရောင် တယောသံဟာ မယုံနိုင်လွန်းစွာ တန်ခိုးပြည့်နေခဲ့သည်လား။ ဒီခရမ်းရင့်ရောင် တယောသံတွေဟာ သူ တိတ်တိတ်လေးစွဲလန်းနေရသော၊ ပြန်ဆုံနိုင်လိမ့်မည်ဟု မထင်ခဲ့မိသော ဆူးမဲ့စာမျက်နှာလေးကို သူ့ထံသို့ ပြန်လည်ခေါ်ဆောင်လာတော့သည်။
သူကတော့… မထင်မှတ်ထားသော မျှော်လင့်ချက်ငွေ့ငွေ့လေးကို အဆင့်အတန်းချင်းမတူဘူး” ဆိုသည့် အတွေးတွေနှင့် အငွေ့ကုန်အောင် သတ်ပစ်ဖို့ အမြဲကြိုးစားနေ၏။ ဒါပေမယ့် အငွေ့ကုန်အောင် ရိုက်လေ .. တလူလူလွင့်လေ။
+ + +
လမ်းကြားလေးထဲမှာ အရင်ဆောင်းညတွေလိုပဲ မှောင်နေသည်။ သူ ဆေးလိပ်ကိုဖွာရှိုက်ရင်း ဘိန်းစားအဘနှင့် စကားစမြည်ပြောနေခဲ့သော ည။ ဘေးတံခါးက ပွင့်လာသည်။ သူ၏ ဆူးမဲ့စာမျက်နှာလေးက သူ့အနားကို ရောက်လာခဲ့သည်။ ဘိန်းစားအဘက အလိုက်သိစွာ စကားကိုဖြတ်ပြီး ဒုက္ခိတဘီးကို တဖြည်းဖြည်းလှိမ့်ကာ ထိုနေရာက ထွက်သွားသည်။
မအေးဘူးလား…”
“ဟင့်အင်း”
သူဆေးလိပ်ကို ခြေထောက်အောက်ချကာ ဖိနပ်ဦးနှင့်ခြေပစ်လိုက်သည်။
ဆေးလိပ်လေး သနားပါတယ်နော်.. ကျေနပ်တုန်းကတော့ နှုတ်ခမ်းပေါ်မှာတင်ပြီး ရသမျှ အဆီတွေကို စုတ်ယူခံရတယ်၊ အဆီငွေ့တွေ ကုန်သွားတော့လည်း ခြေထောက်နဲ့ နင်းခြေခံရတယ်”
သူ.. ဆေးလိပ်ငွေ့တွေကို မှုတ်ထုတ်ပြီး ဟက် ကနဲ တစ်ချက်ရယ်လိုက်မိသည်။ ပြီးတော့ အမှောင်ရိပ်ထဲက တိုက်ခေါင်မိုးချွန်ချွန်တွေကို မော့ငေးကြည့်နေလိုက်သည်။
“မအေးဘူးလား၊ အထဲဝင်လေ.. ချမ်းနေမှာပေါ့”
“အထဲမှာ လူငွေ့တွေ နဲ့ ငြီးစီစီဖြစ်နေတယ်၊ ဘာလဲ အနားမှာ မနေစေချင်ဘူးလား.. ဟင်”
သူမ မျက်လုံးလေးတွေက တောက်လက်နေသော ကြယ်လေးတွေလို။ သူမ အသံက တိုးတိတ်ညင်သာလွန်းနေသည်၊ သူမထံက စံပယ်နံ့သင်းသင်းကလေးက သူ့ပခုံးပေါ်မှာ ရစ်ဝဲနေသည်။ သူမ လက်ချောင်းလေးတွေကို မရည်ရွယ်ပါပဲ ဆုပ်ကိုင်လိုက်မိသည်။ သူတို့ မျက်နှာချင်းဆိုင်ကာ ရပ်လိုက်မိသည်။ ဆောင်းလေအေးအေးက သူတို့ကြားထဲသို့ တိုးဝင်ရန်ကြိုးစားသော်လည်း မအောင်မြင်တော့။
ထိုနေ့တွေမှ စပြီး…. သူ၏ ခရမ်းရင့်ရောင် တယောသံတွေဟာ အနက်ရောင်ဝံပုလွေတစ်ကောင်လို ကဇာတ်ရုံထဲမှာ အသံကျယ်ကြီးဖြင့် အော်ဟစ်နေလေတော့သည်။ သူမကတော့ သူ၏ ခရမ်းရင့်ရောင်တယောသံတွေကို မာရာဒီတောင်တန်းတွေပေါ်က နတ်သားတွေ၏ တေးသံကဲ့သို့ ဟု တင်စားလေသည်။
+++
သူမ၏ အိပ်ခန်းပေါက်ဝမှာ ရပ်ရင်း တစ်စုံတစ်ရာမှားယွင်းမှု တစ်ခုအတွက်၊ သူ့လက်တွေ တုန်ယင်နေတာကို ခံစားနေရသည်။ သူမက ကုတင်စောင်းမှာ ထိုင်ရင်း သူ့ကို မျှော်လင့်တကြီး ငေးကြည့်နေသည်။ သူမ အနားသို့ သူ တိုးကပ်သွားသည်၊ ကမ်းလင့်လာသော ပူနွေးစွတ်စိုသော လက်ကလေးကို သူလှမ်းကိုင်လိုက်သည်၊ သူမ ဘေးတွင် ထိုင်လိုက်ပြီး အခန်းကို ဝေ့၀ဲကြည့်မိ၏။ အခန်းထဲမှာ သူတစ်ခါမှ မမြင်ဖူးသော ပစ္စည်းတွေက သူ့ရင်ကမီးကိုပိုလို့မြိုက်နေ သယောင်။
ဆူးမဲ့စာမျက်နှာလေးက သူ့ကို တွန်းလှဲလိုက်ကာ အပေါ်မှ အုပ်မိုးကြည့်နေသည်။ သူမ၏ မျက်လုံးတွေက အရှိန်ပြင်းပြင်း လည်ပတ်တောက်လက်နေသော ဂလက်ဆီကြီးများကဲ့သို့။ သူမထံက စူးရှချိုအီသော ရေမွှေးနံ့တစ်မျိုးက အိပ်ခန်းတစ်ခုလုံးမှာ အော်ဟစ်ငြီးတွားလို့။ သူမ၏ နူးညံ့ငြင်သာခြင်းကင်းသော အပေါ်ဝတ်ရုံမှ ဘော်ကြယ်ပွင့်တွေက မြွေတွေလို တွယ်ရစ်လို့။
“မဟုတ်သေးဘူး၊ လိုချင်တာ ဒီဆူးတွေ မဟုတ်ဘူး”
သူ.. ခပ်တိုးတိုးပြောလိုက်သည်။
“ဘာလဲ…ဟင်”
သူမက ပြောပြောဆိုဆို သူ့ကို မိန်းမူးစွာနမ်းလေတော့သည်။ သူမ၏ နူးညံ့ညင်သာခဲ့လေသော နှုတ်ခမ်းပါးတို့သည် အသားလှီးဓားမ တစ်ချောင်းလို သူ၏ နှုတ်ခမ်းပေါ်မှာ ပြေးလို့လွှားလို့။ သူမ၏ နူးညံ့ပျော့ပျောင်းလေသော လက်ချောင်းလေးများသည် ဆူးချွန်ကြီးများကဲ့သော လက်သည်းကြီးများဖြင့် သူ၏ ရင်ဘတ်တို့ပေါ်မှာ ကုတ်တွယ်လျှက်…
“မဟုတ်ဘူး”
“ဟင်.. ဘာလဲဟင်.. ဘာတွေပြောနေတာလဲ..”
“မဟုတ်ဘူး၊ မဟုတ်ဘူး… ငါလိုချင်တာ အေးမြငြင်သာမှု တစ်ခု”
သူမကို သူဆောင့်တွန်းပြီး ကုတင်အောက်သို့ ခုန်ဆင်းလိုက်သည်။
သူမ မျက်နှာမှာ အံ့သြ ထိန်လန့် ၀မ်းနည်း ဒေါသ ကျရှုံးခြင်း တွေက ကဇတ်ရုံထဲက မီးရောင်တွေလို တဖျတ်ဖျတ်။ သူမ သူ့အနားကို တိုးကပ်လာသည်။ ပြီးတော့ သူမ လက်ကို အမြင့်ကြီးလွှဲမြှောက်လိုက်သည်ကို မြင်လိုက်ရသည်။
သူ၏ ပါးပြင်ပေါ်မှာ ပြင်းထန်သော ပူရှမှု တစ်ခု..
နောက်တော့…
သူ၏နောက်မှာ ကျယ်လောင်သော အိပ်ခန်းတံခါးပိတ်သံ နှင့် အလွန်ကျယ်လောင်သော ရှိုက်သံတစ်သံ။
+ + +
လောကကြီး၏ ကြောက်စရာကောင်းသော လျှို့ဝှက်နက်နဲချက်တွေက သူလို သာမန် အမှိုက်ကောက်သမား၊ အချိန်ပိုင်း တယောသမားတစ်ဦးအတွက် လိုက်လို့ မမှီအောင် ဖြစ်နေခဲ့သည်။
သူ၏ ခရမ်းရင့်ရောင်တယောသံတို့ကတော့ သူတို့ပြောတဲ့ မာရာဒီတောင်တန်းတွေပေါ်က နတ်သားတွေ၏ တေးသံ တွေလို ကဇတ်ရုံ၏ အပြင်ဘက်ထိတောင် လျှံကြလို့ နေသည်ဟု ပြောဆိုနေကြသံတွေကို ကြားနေရပြန်သည်။
မင်း.. ဒီနေ့ကစပြီး ကန့်လန့်ကာရှေ့ ဇတ်ခုံပေါ်မှာ တယောထိုးရတော့မယ်၊ မင်းရဲ့ တယောသံဟာ စင်နောက်က ထွက်လာရမယ့် တယောသံ မဟုတ်တော့ဘူး”
“ဗျာ”
သူ.. အံ့သြမှုဖြင့် ခဏတာ ဆွံ့အနေသည်
စက်ထိန်းအဘက အံ့သြ၀မ်းသာလွန်း၍ မျက်ရည်များပင် ၀ဲနေသည်။
“ဒါပေမယ့် မင်းတယောသံက ခရမ်းရင့်ရောင်လွှမ်းနေတယ်၊ အပြာရောင်လွှမ်းတဲ့ တယောသံ ရအောင်ဖန်တီးစမ်းကွာ၊ နောက်ပြီးတော့ ခပ်မြူးမြူးလေးလုပ်.. ဟုတ်ပြီလား”
“အဲ… အဲလို မရဘူး ဆရာ၊ ခရမ်းရင့်ရောင်လွှမ်းနေတဲ့ တယောသံကို အပြာရောင်လုပ်ပစ်လို့ မရဘူး၊ အဖြူရောင်လုပ်ပစ်လို့ မရဘူး၊ ကျတော်ဟာ ခရမ်းရင့်ရောင်တေးသွားတွေကို ဖန်တီးသူ၊ အပြာရောင်တေးသွား၊ အဖြူရောင်တွေ၊ အနီရောင်တွေကို ဖန်တီးသူမဟုတ်တဲ့အတွက် ခရမ်းရင့်ရောင်ဟာ ခရမ်းရင့်ရောင်ပဲ…”
“ဟကောင်ရ.. ခရမ်းရင့်ရောင်က ပရိသတ်နဲ့ သိပ်ဝေးနေတယ်၊ ပရိသတ်နဲ့ နီးတဲ့ အနုပညာကို ဖန်တီးဖို့ မင်းရဲ့ခရမ်းရင့်ရောင်တယောသံတွေကို အပြာရောင်ပြောင်းပစ်လိုက်ပေါ့ကွာ.. လွယ်ပါတယ်”
သူ ခေါင်းငိုက်စိုက်ကျသွားသည်။ သူ ဇတ်ရုံနောက်သို့ လမ်းကြားထဲသို့ ထွက်လာခဲ့သည်။ လမ်းကြားထဲမှာ ဒုက္ခိတဘိန်းစားအဘ ကို ရင်ဖွင့်ဖို့ လေးဖင့်သော ခြေလှမ်းများနှင့် ထွက်လာခဲ့ခြင်းပင်။
“တယောဆရာဖြစ်ချင်တာ မဟုတ်ဘူး၊ တယောထိုးချင်တာ အဘ၊ သိလား။ ကျနော်လေ… ကန့်လန့်ကာနောက်ကနေ ခရမ်းရင့်ရောင်တယောသံတွေကို ဖန်တီးနေချင်နေရုံ သက်သက်ပါဗျာ”
“မင်းဟာက သူများနဲ့ ပြောင်းပြန်ပါလား၊ သူများတွေ ဒီလိုမီးရောင်အောက်မှာ နေချင်လွန်းလို့
“ဒါပေမယ့် ကျနော် မနေချင်ဘူး အဘ၊ မီးရောင်က ကျနော့ခရမ်းရင့်ရောင် တယောသံကို တစ်ခုခုလုပ်ကြလိမ့်မယ်၊ ကျနော် သိနေတယ်”
“မင်း အရူး ပဲ”
ဘိန်းစားအဘက တစ်ခွန်းတည်း လေးပင်စွာပြောလိုက်တော့ ပိုးစားနေသော သွားမဲကြီးတွေက လရောင်အောက်မှာ တစ္ဆေတွေလို ကွန့်လို့မြူးလို့။
အကုန်လုံး တစ်ခုခုမှားနေတာလား……… ငါတစ်ယောက်ထဲကပဲ မှားနေတာလား….
သက်ပြင်းပူပူတွေက ရေငွေ့ကပ်ကာ အဝေးကိုလွင့်သွားတော့သည်။
+ + +
သူထိုင်ပြီး တယောထိုးရန် ကတ္တီပါခုံမြင့်ကို စင်၏အလယ်မှာ ထည်ဝါစွာ လှမ်းမြင်နေရသည်။ သူ၏ကိုယ်ပေါ်မှာ တောက်ပြောင်သော အ၀တ်အစားတွေ နဲ့ ရှုးဖိနပ်ထိပ်သည် ကဇတ်ရုံခေါင်မိုးက ရောင်စုံမီးရောင်တွေကို အရောင်ဟပ်ပေးနေသယောင်။ ကတ္တီပါကန့်လန့်ကာ အနီကြီးက အပေါ်ကို ပင့်မရန် အားယူနေပြီ။ သူ .. မမြင်ဖူးခဲ့သော ပရိသတ်ကြီးကို သူမြင်ရတော့မည်။ သူ၏ ခရမ်းရင့်ရောင်တယောသံတွေကြားမှာ မိန်းမူးခဲ့သော၊ ကျေနပ်ခဲ့သော၊ ချီးကျူးခဲ့သော၊ ပရိသတ်ကြီးကို သူ တွေ့ရတော့မည်။
ခရမ်းရင့်ရောင် တယော ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်တွယ်ပြီး ကတ္တီပါကန့်လန့်ကာအနီကြီးကို ဖြတ်ကာ မီးရောင်တွေ အောက်ကို သူထွက်ခဲ့သည်။
ခေါင်မိုးပေါ်ကထိုးကျနေသော မီးရောင်တွေက အရောင်စုံလှသည်။ ခရမ်း၊ အပြာ၊ အ၀ါ၊ အနီ၊ အစိမ်း၊ လိမ္မော်၊ အဖြူ။ ခေါင်မိုးပေါ်က မီးရောင်တွေက သူ့အပေါ်မှာ အရှိန်ဟုန်ပြင်းစွာ ထိုးကျနေသည်။ စူးစူးလက်လက် မီးရောင်တွေကြောင့် ပရိသတ်ကြီးကို သူ ချက်ချင်း မမြင်ရသေး။ မျက်စိကျင့်သားရအောင် သူ ပြင်ဆင်နေသည်။ သူ မမြင်ဖူးခဲ့သော ပရိသတ်ကြီးနဲ့ တည့်တည့်ကြီး သူရှိနေပြီ။ သူ့မျက်စိတွေ တဖြည့်းဖြည်း ကျင့်သား ရလာသည်။ သူ စက်ခန်းထဲကို အရင်ဆုံးလှမ်းကြည့်လိုက်သည်။ စက်ခန်းထဲမှာ စက်ထိန်းအဘနှင့် ဘိန်းစားအဘ။ သူ့နှုတ်ခမ်းထောင့်တွေ ဖြည်းဖြည်းလေး ကွေးတက်သွားသည်။
လူအုပ်ထဲမှာ.. နောက်တစ်ယောက်ကို သူ ရှာလိုက်မိသည်။ သူ့မျက်လုံးများက ရှာနေသည်ထက် သူ့နှလုံးသားက ရှာနေခြင်းဖြစ်သည်။
အို…… ဆူးမဲ့စာမျက်နှာ….”
ကဇတ်ရုံရဲ့ ဟိုးနောက်ဘက်တန်းမှာ အိနြေ္ဒရလှသော အဖြူရောင်ဝတ်စုံလေးနှင့် သူ စွဲလန်းရပါလေသော ဆူးမဲ့စာမျက်နှာ..။
“ခုလိုဆိုပြန်တော့လည်း သာယာငြိမ့်ပျောင်းလှပါလား ဆူးမဲ့စာမျက်နှာလေးရယ်..”
သူ… ပရိသတ်ကြီးကို ဝေ့၀ဲကြည့်လိုက်သည်။ သူ မမြင်ဖူးခဲ့သော၊ သူမြင်ဖူးချင်ခဲ့သော၊ သူ့ကို မမြင်ဖူးခဲ့သော၊ သူ့ကိုမြင်ဖူးချင်ခဲ့သော ပရိသတ်ကြီး။ ဤပရိသတ်ကြီးက အံသြဘွယ်ရာ ကြီးကျယ်ခမ်းနားလှပါတကား။ သူ ခရမ်းရောင်တယောကလေးကို ပခုံးပေါ်ကိုတင်လိုက်ပြီး ပါးပြင်ဖြင့် သိမ်မွေ့စွာ အပ်လိုက်သည်။ ဘယ်ဘက်လက်ချောင်းများဖြင့် တယောကြိုးတွေကို ဖိထားရင်း ညာဘက်လက်ဖြင့် ကိုင်ထားသော တယောတံကို တယောကြိုးတွေပေါ်ကို အသာအယာတင်လိုက်သည်။
သူ၏ လက်ချောင်းတို့ အေးခဲနေသည်၊ ရွေ့လျားမှု ကင်းနေသည်။ သူ့လက်ချောင်းတွေကို အတင်းလှုပ်ကြည့်သည်။ မရ။ အဆစ်တွေက သံချောင်းတွေထိုးထားသလို လှုပ်ရှား၍ လုံးလုံး မရတော့။ ဒီထက်ပိုဆိုးတာက သူ့နှလုံးသားထဲက သံစဉ်တွေ ….. ခြောက်သွေ့ကုန်ခမ်းအေးခဲမာကျောစွာ။
ထိုအချိန်မှာ….
ရေမွှေးနံ့၊ ပေါင်ဒါနံ့၊ ယမကာနံ့တွေက သူရှိနေရာ စင်မြင့်ပေါ်သို့ တရှိန်ထိုး ပြေးတက်လာကြသည်။ သူ မိုက် ကနဲ တစ်ချက်ဖြစ်သွားသည်။
သူတဲ့လား…. ခရမ်းရောင်တေးသွားတွေကို ဖန်တီးခဲ့သူဆိုတာ…”
“အရင်က ဒီကဇာတ်ရုံရဲ့ အမှိုက်ကောက် သမားလေး… တဲ့…”
“သူရဲ့ ခရမ်းရောင်တေးသွားတွေက တိရစ္ဆာန်တွေ ကခုန်နေသလို အသက်ဝင်လွန်းလှတယ်..”
“အို.. ဒီလောက်လည်း မဟုတ်ပါဘူး၊ သာမန်ပါပဲ”
“အင်းလေ.. အမှိုက်ကောက်သမားလေး ဖန်တီးတဲ့ တယောသံ ဆိုကာမှပဲ၊ ဒီလောက်ပဲပေါ့”
“ငါ့အတွက်ကတော့ ဒီတယောသံဟာ ကြီးကျယ်ခန်းနားလွန်းတယ်”
ပရိတ်သတ်ထဲက တိုးတိုးရိပ်ရိပ် အသံတွေက ကဇာတ်ရုံထဲမှာ ခပ်ဖြေးဖြေး ပဲ့တင်ထပ်နေသည်။
ဒါ့အပြင်… စိန်ရောင်ရွှေရောင်၊ ဘော်ငွေရောင်တွေ တောက်ပနေသော သူတို့၏ ခမ်းနားကြီးကျယ်မှုများ၊ သူတို့၏ စူးရှတောက်လက်လွန်းသော မျက်လုံးများ၊ ခွဲခြမ်း စိတ်ဖြာလေ့လာသော နှုတ်ခမ်းများ၊ ဝေဖန်ပိုင်းခြားနေလေသော ဦးနှောက်များကလည်း သူ့၏ လက်ချောင်းများနှင့် ခရမ်းရောင် တယောကြိုးတွေကို လုံးဝ ဆွံ့အသွားစေခဲ့ပြီ။
သူ.. ကန့်လန့်ကာအနောက်ကို ပြန်သွားချင်ခဲ့သည်။ ဖြစ်နိုင်လျှင် ဖြေခဲ့သော အထုံးတစ်ခုကို ပြန်လည် ချီနှောင်ချင်နေ စိတ်က သူ့ကို နောင်တတွေနှင့်အတူ တနင့်တပိုး ဖိသတ်နေလေသည်။ သူ၏ ခရမ်းရင့်ရောင် တယောသံတွေ သက်ဆိုးထပ်ရှည်ရန် ကတ္တီပါကန့်လန့်ကာနီနောက်မှ ဒီစင်ပေါ်သို့ သူ ထွက်မလာသင့်ခဲ့။ သူ့ခြေထောက်တွေကို လှုပ်ကြည့်သည်၊ လှုပ်၍မရ။ သူ့လက်ချောင်းတွေကို ကွေးကြည့်သည်၊ ကွေး၍မရ။ သူ့နှလုံးသားကို အော်ဟစ်၍ နှိုးကြည့်သည်၊ သူ့နှလုံးသားက နိုး၍မလာတော့….။
စက္ကန့်တံတွေ တရွေ့ရွေ့သွားနေသည်။
ကဇတ်ရုံကြီးတစ်ခုလုံးက တိတ်ဆိတ်နေသည်။
မျက်နှာကျက်က သူ့အပေါ်ထိုးကျနေတဲ့မီးရောင်တွေက သူ့ကိုယ်ကို မြွေတွေလို ရစ်ပတ်တွယ်လိမ်လာနေသည်။
ကပွဲရုံကြီးထဲမှာ သူ၏ ခရမ်းရင့်ရောင်တယောသံကို ငံ့လင့်နေသော မျက်လုံးများ၏ အရောင်တွေက ပို၍ပို၍တောက်ပလာနေသည်။
သူ.. ထိုနေရာမှာ မလှုပ်မယှက်ဖြင့် ကျောက်ဆစ်ရုပ်တစ်ရုပ်အလား ဆက်လက်ရပ်နေဆဲ ဖြစ်တော့သည်။
သူ၏ နှလုံးသားတို့သည်လည်း ….
ကျောက်ဆစ်နှလုံးသားသို့ အသွင်ကူးပြောင်းနေလေတော့ သတည်း။
အိမ့်ချမ်းမြေ့

အိမ့်ချမ်းမြေ့ရဲ့ အတွေးနဲ့အရေးတွေကို ဆက်လက်ခံစား ချင်တယ်ဆိုရင်ဖြင့်

http://www.ainchannmyay.com/ ကိုသွားရောက်ဖတ်ရှူနိုင်ပါတယ်။

0 comments: