ကမ္ဘာမြေပေါ်က ကြယ်ကလေးတွေ

Photo ;  like stars on earth Movice

ကမ္ဘာမြေအတွက် နေရာမျိုးစုံကနေ ကြယ်ကလေးတွေ  သူ့ နေရာနဲ့သူ လင်းလက်နေကြပါတယ်။ တစ်ချို့ကတော့ သဘာဝအတိုင်း တောက်ပနိုင်ကြပေမဲ့၊ တစ်ချို့ကြယ်ကလေးတွေကတော့ အများသူငှာလို လှပစွာ မတောက်ပနိုင်ဘဲ …
တစ်စုံတစ်ခုသော အကြောင်းတစုံတရာကြောင့် မှေးမှိန် နေခဲ့ရပါတယ်။ အဲဒီကြယ်လေးတွေထဲက ကြယ်လေးတစ်ပွင့် အကြောင်းပေါ့။
သားသား နာမယ်က အီရှန်ပါ။ အပြည့်အစုံတော့ အီရှန် အ၀ါစသီ ပေါ့။ သားရဲ့ အသက်က (၈) နှစ်ပါ။ သားမှာ စီးပွားရေးအရ အောင်မြင်နေတဲ့ ဖေဖေရယ်၊ သားကို အရမ်းချစ်တဲ့ မေမေရယ်၊ အရမ်း ထူးချွန်တဲ့ အကိုတစ်ယောက်ရယ်ရှိတယ်။ သားက အိန္ဒိယနိုင်ငံ ပြည်နယ်တစ်ခုရဲ့ အခြေခံပညာသင်ကျောင်းမှာ တတိယတန်း (Third Grade)  မှာ ပညာသင်နေပါတယ်။ မိသားစုထဲမှာတော့ သားက သိုးမည်းတစ်ကောင်ပါ။  အားလုံးက သတ်မှတ်ထားတာက အကျင့်မကောင်းဘူး။ အရှက်မရှိတဲ့ ကလေး တဲ့။ ပါတ်ဝန်းကျင်က သားကိုသတ်မှတ်တဲ့ ပညတ်ချက်တွေပေါ့။
လစဉ် စာမေးပွဲတွေကျတယ်။ အိမ်နီးချင်းကလေးတွေနဲ့ ရန်ဖြစ်တယ်။ အိမ်စာတွေ ပြီးအောင် မလုပ်နိုင်ဘူး။ သားရဲ့ ကျောင်းစာအုပ်တွေ အားလုံးမှာ မှင်နီရာတွေ အပြည့်နဲ့။ ဘာတွေပဲ သင်သင် သား ဘာမှ မမှတ်မိဘူး။ သား မလုပ်နိုင်တာကို နေ့စဉ်လုပ်နေရတယ်။ ကြာလာတော့ အဲဒီအရာတွေကို သား မလုပ်ချင်တော့ဘူး။ ခွင့်တိုင်စာ အတုကို ကိုကို ကို ရေးခိုင်းပြီး ကျောင်းလစ်တတ်လာတယ်။
လစဉ် ပညာရေး တိုးတတ်မှု့ မှတ်တမ်းတွေ အိမ်က မသိအောင်ဖြဲစုတ်ခဲ့တယ်။ အဲဒီလို လုပ်ခဲ့တာတွေအတွက် ဖေဖေ နဲ့ မေမေဟာ ကျောင်းအုပ်ဆရာမကြီး၊ အတန်းပိုင်ဆရာမတွေနဲ့ ကျောင်းမှာ လာတွေ့ရတယ်။ သားမှာ ပြစ်ချက်တွေ အများကြီးပေါ့။ သူတို့က ပြောကြတယ်။ သားက ပုံမှန်ထက် ဥာဏ်ရည်နိမ့်တယ်။ ဥာဏ်ရည် မမှီဘူး။ လိုက် မလုပ်နိုင်ဘူး။ အဲဒီအတွက် ဒီ တစ်နှစ်စောင့်ကြည့်ပြီး ဒီနှစ်မှာ ဆက်ကျနေဦးမယ်ဆိုရင် ကျောင်းထုတ်ပစ်ရတော့မယ်တဲ့လေ။
စိတ်ဆိုး ဒေါသထွက်နေတဲ့ ဖေဖေဟာ ပညာရေး နှစ်လယ်လောက်မှာပဲ သားကို … သားတို့ အိမ်နဲ့ ဝေးတဲ့ … ပုဂ္ဂလိက ဘော်ဒါဆောင်တစ်ခုမှာ ကျောင်းအိပ်ကျောင်းစား သွားထားဖို့ စီစဉ်တော့တယ်။ သား .. မသွားချင်ဘူး။ သား အိမ်နဲ့ ဘယ်လို လုပ်ခွဲနိုင်မှာလည်း။ သား အတွက် စိတ်ထိခိုက်ကြေကွဲစရာနေ့ရက်တွေပါပဲ။ သားကို အိမ်နဲ့ အဝေးကြီးမှာ ထားပြီး သူတို့ပြန်သွားကြတယ်။ တင်းကြပ်တဲ့ အဆောင်စည်းကမ်းတွေနဲ့ အိမ်ကိုလွမ်းတဲ့စိတ်ကြားမှာ သားအတွက် အားကိုးစရာမရှိ၊ ခြောက်ခြားစိတ်တွေနဲ့ အားငယ်ခဲ့ရပါတယ်။ ညအိပ်ချိန်တိုင်း တိတ်တခိုး ငိုကြွေးနေခဲ့ရတဲ့ သား အဖြစ်ကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးလေ။ သားကို သူတို့ ပစ်ထားခဲ့ကြတယ်။
ဒီ ကျောင်းမှာလည်း .. သား ဘာမှ လိုက်မလုပ်နိုင်ခဲ့ပါဘူး။ တခြားသူတွေ အတွက် လွယ်တဲ့ အရာတွေက သားအတွက်ကျမှ ဘာလို့ ခက်ခဲနေရတာလည်း။ သင်္ချာ၊ အင်္ဂလိပ်၊ ဟင်ဒီ စာပေ ဆရာတွေ ရဲ့ အပစ်ပေးခြင်းကို အချိန်တိုင်း ခံနေရတာပါပဲ။ စိတ်ပျက်အားငယ်ခြင်းတွေကို အဖော်လုပ်ရင်းနဲ့ ကြာလာတော့ ကိုယ့် ကို ကိုယ် သိမ်ငယ်လာတော့တယ်။ သား .. ဒီ ကမ္ဘာကြီးနဲ့ … လူတွေနဲ့ အဝေးဆုံးကို ထွက်သွားချင်လာမိတယ်။ သား .. အသက်ဆက် မရှင်ချင်တော့ဘူး။

__________ +++ ___________

Namaste ! (မင်္ဂလာပါ) ကျနော် နာမယ်က ရှန်ကာ နိကွမ်ဘ် ပါ။ ကျနော်က “Tulips” ဆိုပြီး အမည်ရတဲ့ ကျောင်းလေးမှာ ကိုယ်လက် အင်္ဂါချို့တဲ့နေတဲ့ကလေးတွေ၊ မွေးစထဲက ဥာဏ်ရည်နိမ့်ကျနေတဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ စေတနာ ၀န်ထမ်း အလုပ် လုပ်ပါတယ်။ တနေ့တော့ အဆင့်မြင့် Private ဘော်ဒါ တစ်ခုမှာ ကလေးတွေကို အနုပညာနဲ့ ပါတ်သတ်တဲ့ ဘာသာရပ် တစ်ခုကို သင်ကြားပေးဖို့ ကမ်းလှမ်းခံရပါတယ်။ အဲဒီကျောင်း ပညာရေး ရဲ့ ရည်ရွယ်ချက်က ကလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်ရမယ်။ အောင်မြင်ရမယ်။ အနာဂါတ်ကို စိန်ခေါ်နိုင်ရမယ်တဲ့။ အဲဒီရည်ရွယ်ချက်တွေနဲ့ ကလေးတွေရဲ့ ပညာရေးကို စနစ်တကျပုံသွင်း ပျိုးထောင်ပေးကြပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ စိတ်ထဲက ဖြစ်ချင်တဲ့ ကိုယ်ပိုင်ဆန္ဒတွေဟာ အဲဒီပုံသွင်းမှု့တွေအောက်မှာ ငုပ်လျှိုးကွယ်ပျောက်ခဲ့ရတယ်ပေါ့။ Obedient, Discipline စတဲ့ အရာတွေနဲ့ ကလေးတွေရဲ့ ပညာရေးကို တင်းကြပ်စွာ ဘောင်ခတ်ထားကြတယ်လေ။
ကျနော် စာသင်ရတဲ့ အခန်းထဲက ကလေးတွေက ထက်မြက်ကြပါတယ်။ အဲဒီ ကလေးတွေထဲကမှ ထူးထူးခြားခြား အီရှန် လို့ ခေါ်တဲ့ ကလေးလေး တစ်ယောက်ကို ကျနော် သတိပြုမိတယ်။ သူဟာ တခြားကလေးတွေနဲ့ မတူဘူး။ စာသင်ခန်းထဲမှာ အမြဲလိုလို ခေါင်းငုံ့ထားတတ်ပြီး၊ တခြား ဆရာတွေ အချိန်တွေမှာလည်း အမြဲလိုလို အပစ်ပေးခံရတာ ကျနော် သတိထားမိတယ်။ ဒီကလေးရဲ့ အကြောင်းကို ကျနော်စိတ်ဝင်စားမိတယ်။ သူ့ ရဲ့ မျက်ဝန်းထဲမှာ ကြောက်ရွံ့စိတ်တွေ၊ ၀မ်းနည်း အားငယ်ရိပ်တွေ၊ နိမ့်ကျ သိမ်ငယ်မှု့တွေက အရွယ်နဲ့ မလိုက်အောင် ဖိစီးနေရာယူထားတယ်။ သူ့ကို ကြည့်ရင်း ငယ်ဘ၀က ကျနော့် ပုံရိပ်တွေကိုပြန်မြင်နေရသလို ခံစားရတယ်။ အဲဒီကလေးရဲ့သိမ်ငယ်စိတ်တွေကို ကျနော် ဘယ်လို ဖျောက်ပေးနိုင်မလည်း၊ သူ့ရဲ့ စိတ်ဒါဏ်ရာတွေကို ကျနော် ဘယ်လိုကုပေးနိုင်မလည်း၊ သူ့ ရဲ့ အရည်အသွေး၊ အစွမ်းအစတွေကို ကျနော်ဘယ်လို ဖော်ထုတ်ပေးနိုင်မလည်း ….
သူ့ရဲ့ မှတ်စုစာအုပ်တွေကို ကျနော် အသေးစိတ်လေ့လာပါတယ်။ အဲဒါတင် မကပါဘူး။ သူ့ မိသားစုအိမ်ကို ကျနော် လိုက်သွားပြီး သူ ကျောင်းတတ်တုန်းက မှတ်စုတွေ၊ သူ ဆွဲခဲ့တဲ့ပန်းချီကားတွေကို လေ့လာကြည့်တော့ .. ဒီ ကလေးဟာ ပါရမီရှိတဲ့ ဥာဏ်ရည်မီတဲ့ ကလေးတစ်ယောက်ဆိုတာ ကျနော်သိခဲ့ရတယ်။ သူဆွဲထားတဲ့ ပန်းချီကားတွေဟာ သူ့ အသက်အရွယ်နဲ့ မလိုက်အောင် ထူးချွန်လွန်းပါတယ်။ သူ့ စိတ်ခံစားမှု့တွေကို ဆွဲထားတဲ့ သူ့ မိသားစု ပုံရိပ်လေး ကို ကြည့်ရင်း ကျနော် နာကျင်ရပါတယ်။ သူဆွဲထားတဲ့ တစ်ချို့ပုံတွေဟာ ဘောင်အပြင်ဘက် ထွက်တွေးနည်း(out of the box thinking) နဲ့ ပုံဖော်ထားတာတွေတောင် ရှိပါတယ်။
သူဟာ ပြောမရ၊ ဆိုမရ၊ စာ လိုက်မလုပ်တဲ့၊ လူကြီးတွေစကားနားမထောင် တဲ့ ကလေးတဲ့။ ဘာလို့ ဒီလို ဖြစ်နေရတာလည်း။  သူ့ အဖေကတော့ ပြောပါတယ် ဒါဟာ အကျင့်မကောင်းတဲ့ ရောဂါပေါ့တဲ့။ ကျနော် နားလည် လိုက်ပါပြီ။ ဒါဟာ ကလေးရဲ့ မကောင်းတဲ့ ဗီဇတစ်ခု မဟုတ်ဘူးဆိုတာကို။ ကျနော် ပြန်ပြောလိုက်ပါတယ်။ ဒါတွေက ရောဂါ မဟုတ်ဘူး။ ရောဂါ လက္ခဏာတွေပါ။ သူ့မှာ တကယ်ဖြစ်နေတာက …
သူ့ကို ကျနော် တို့ ဒီအတိုင်း ပစ်ထားမယ်ဆိုရင် တန်ဖိုးရှိတဲ့ ကလေးတစ်ယောက်ကို ကျနော်တို့ ဆုံးရှုံးရပါတော့မယ်။ ကျနော် ဒီကလေးကို ကုစားပေးနိုင်မလား။ သူ့ ကို အဲဒီလို ကုသပေးနိုင်ဖို့ အချိန်မီသေးလား။ ကျနော် အစွမ်းကုန် ကြိုးစားကြည့်ချင်ပါတယ်။အဲဒီလိုဆုံးဖြတ်ပြီးတဲ့နောက်မှာ ကျနော်ဟာ ….

__________ +++ ___________

Like Stars on Earth (Taree Zameen Par) ဆိုတဲ့ အိန္ဒိယရုပ်ရှင် ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင် (၂) နေရာက နေ ရေးသားလိုက်တာပါ။ (၂၀၀၇) ခုနှစ်ထဲက ထွက်ခဲ့တဲ့ ဒီ ရုပ်ရှင်ကို ဘာလို့ စောစောက မကြည့်ဖြစ်ခဲ့တာပါလိမ့်လို့ တွေးမိတယ်။ Bollywood ရုပ်ရှင်တွေဟာ ဟိုးအရင်က သစ္စာရှင် မြွေမင်းသမီး၊ နို့ကြွေး၊ ဆင်လိမ္မာ ၊ သျှီဝ၊ မဟာ ပိန္နဲ စတဲ့ ဇာတ်လမ်းတွေ ပေါ်ထွက်လာပြီး အခုနောက်ပိုင်းမှာ အနောက်ဥရောပ နဲ့ အမေရိက နိုင်ငံတွေမှာ အရိုက်များတဲ့ ဗလတောင့်တောင့် မင်းသား၊ ဘော်ဒီလှလှမင်းသမီး၊ လူကြမ်းတစ်အုပ်နဲ့ ဖိုက်တင်ခန်းတွေထဲက မူကွဲထွက်လာတဲ့ ဇာတ်ကွက်မျိုး 3 idiots နဲ့ ဒီ ဇာတ်လမ်းလေးပဲ ကြည့်ဖူးပါတယ်။ ဒီဇာတ်လမ်းထဲကို Aamir Khan က ရိုက်ကူးခဲ့ပြီး ဆရာဖြစ်သူ Nikumh အဖြစ် သူ ကိုယ်တိုင်ပဲ သရုပ်ဆောင်ထားပါတယ်။ Aamir Khan ဆိုတာ 3 Idiots ထဲက Genius ကျောင်းသား Rancho  ဖြစ်တယ်ဆိုရင် အားလုံး မျက်စိထဲ မြင်ကြမယ် ထင်ပါတယ်။
ကိုယ် သဘောကျတာ တစ်ခုကြည့်ရလို့ အခြားသူတွေလည်း သေချာပေါက် ကြိုက်နှစ်သက်လိမ့်မယ် အထင်နဲ့ ညွှန်းတာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ကြည့်တဲ့သူတိုင်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ မိဘ နဲ့ သားသမီးကြား ယှက်နွယ်မှု့၊ ဆရာ နဲ့ တပည့်ကြား သံယောဇဉ်တွေ နဲ့ ပြည့်ဝတဲ့ ဖန်တီးမှု့ကောင်းတစ်ခုကို ပရိသတ်ထံ ချပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။  ပြီးတော့ သားသမီးတွေရဲ့ ဘ၀ ကို မိဘတွေ ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ပဲ တည်ဆောက်တော့မှာလား၊ သားသမီးကို ချစ်တဲ့ မိဘတွေရဲ့ အချစ်နဲ့ ဂရုစိုက်မှု့ (Caring) ဆိုတာ ကလေးတွေအတွက် တခါတရံ ဖိစီးလေးလံစေတတ်တဲ့ အရာမျိုးတွေလား၊ အဲဒီအရာတွေကြောင့်ပဲ ကလေးတွေရဲ့ ငယ်ဘ၀ အိပ်မက် (Childhood Dreams) တွေဟာ ပျောက်ကွယ်သွားနိုင်သလား၊ ဆရာတွေဖြစ်စေချင်တဲ့ တပည့်တွေ ရဲ့ ပညာရေးက ဘယ်လိုမျိုးလည်း စတဲ့ မေးခွန်းလေးတွေ ဖြစ်ပေါ်လာစေပါတယ်။
ဒါရိုက်တာ Aamir Khan ရဲ့ ပြောင်မြောက်တဲ့ ဖန်တီးမှု့ တစ်ခုအဖြစ် ရှု့မြင်ပါတယ်။ စကားမပြောဘဲ မျက်နှာရိပ် မျက်နှာကဲ နဲ့ သရုပ်ဆောင်တဲ့ အခန်းတွေ၊ ၀မ်းနည်းစိတ်နဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး မျက်ရည်တွေ တပေါက်ပေါက် ကျနေတဲ့ ကလေး တစ်ယောက်ကို ကြည့်ရင်း ရင်ထဲမှာ သနား ဂရုဏာသက်တဲ့ စိတ်နဲ့ မျက်ရစ်ရည်ဝဲလာရတဲ့ ဇတ်ကွက်တွေ၊  ကလေးတွေကို နာကျင်အောင် ရိုက်နှက်စရာ မလိုဘူး၊ ဆောလမွန်ကျွန်းက သစ်ပင်တွေကို လူတွေ ကျိန်စာ တိုက်သလို ပါးစပ်က နစ်နစ်နာနာ ဆဲလိုက်ရုံနဲ့ သူတို့ ဘ၀ အညွန့်တုံးသွားနိုင်ပါတယ် လို့ ပြောတဲ့မှတ်ချက်တွေ၊  ငါတို့ သားသမီးတွေကို တော်စေ တတ်စေချင်ကြတယ်။ ဒါပေမဲ့ သူတို့က ပြိုင်မြင်းတွေ မဟုတ်ဘူးဆိုတဲ့ Dialogue တွေ … ဒါတွေ အားလုံးက ကြည့်သူတွေရဲ့ စိတ်ထဲမှာ စွဲထင်နေစေမှာပါ။
ကျနော်တို့တွေအားလုံးဟာ တစ်ချိန်မှာ သားသမီးလေးတွေရဲ့ လက်ဦးဆရာ ဖြစ်လာမှာ အမှန်ပါပဲ။ အဲဒီလို အချိန်မှာ ကိုယ့် သားသမီးတွေကို ကိုယ် ဖြစ်စေချင်တဲ့ အတိုင်း ပုံသွင်းမှာလား၊ ကိုယ့်ဆန္ဒတွေအတိုင်း သူတို့ဖြစ်မလာခဲ့တာနဲ့ သူတို့ အပေါ် မကောင်းဆိုးဝါး (Demon) တစ်ယောက်လို သတ်မှတ် ဆက်ဆံတော့မှာလား၊ သူတို့ လိုအပ်တာ ဖြည့်ဆီးပေးနေရုံနဲ့ စစ်မှန်တဲ့ ဂရုစိုက်မှု့လို့ ခေါ်နိုင်သလား၊  မိဘတွေရဲ့ အချစ် နဲ့ စစ်မှန်တဲ့ ဂရုစိုက်မှု့ (Real care) ဆိုတာဘာလည်း .. အဲဒီ အတွေးစတွေရဲ့ အဖြေတစ်ချို့ကို Like Stars on Earth ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်ရင်း ဆင့်ပွားခံစားကြည့်စေချင်ကြောင်းပါခင်ဗျာ … ။

ဝဏ္ဏသန်းထွန်း

0 comments: