စားမယ် ဝါးမယ်


A hungry man is an angry man.
(English Proverb)

ဒီခေါင်းစဉ် ပေးကတည်းက အစားအသောက်အကြောင်း ရေးတော့မယ်ဆိုတာ ရိပ်မိလောက်ပါရဲ့။ ဟုတ်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်တဲ့ ကြားဖူးနားဝ ထွေလီကာလီလေးတွေအကြောင်း ပြောချင်လို့ပါ။ ဟင်းချက်နည်းတော့ မပြောပြနိုင်ပါဘူး။ (ကိုယ်တိုင်လည်း ဘာဆိုဘာမှ မချက်တတ်လို့ပါ)

မြန်မာစကားမှာ “အစား” ဆိုပြီး ရှိသလို “အစာ” ဆိုပြီးလည်း ရှိပါတယ်။ နှစ်ခုလုံးကို တွဲပြီး “အစားအစာ” လို့လည်း သုံးတတ်ပါသေးတယ်။ အစားအစာကို တောင့်တငတ်မွတ်တာကိုကျ “ဆာသည်” လို့ ဆိုပြန်တယ်။ ဒီတော့... “အစာကိုဆာသည်” လို့ ဆိုရမှာပေါ့။ အင်္ဂလိပ်လိုကျတော့ Hungry, Starve စသည်ဖြင့် သုံးကြပြန်တယ်။

“Hunger is the best appetite ၊ ဆာလောင်ခြင်းဟာ အကောင်းဆုံးသော စားချင်စိတ်ပါပဲ” ဆိုတဲ့ စကားရှိတယ်။ အဲဒါဟာ အထိုက်အလျောက်တော့ မှန်မယ်လို့ထင်တယ်။ “One man’s meat is another man’s poison ၊ တစ်ယောက်ရဲ့ အစာဟာ တစ်ယောက်အတွက် အဆိပ်ပါ” ဆိုတဲ့ စကားလည်းရှိတယ်။ ဟုတ်လောက်ပါတယ်။ မြန်မာတွေစားလေ့ရှိတဲ့ ဒညင်းသီး၊ ငါးပိ စတာတွေကို အနောက်တိုင်းက လူတွေက အနံ့ရရုံနဲ့တင် ထွက်ပြေးကြတာ တွေ့ဖူးပါတယ်။ အဲလိုပါပဲ အနောက်တိုင်းက ခမ်းခမ်းနားနားပါတီတွေမှာ အမဲသားအစိမ်းတွေကို ဒီတိုင်းချည်း အစိမ်းချကျွေးတာမျိုး ကြုံဖူးပါတယ်။ လှီးလိုက်ရင်တောင် သွေးတွေက စီးကျလာသေးတဲ့ အသားတွေကို ဘယ်လိုကြိုက်တာလဲမသိဘူးဗျာ။ ကျွန်တော်တော့ မြင်ရုံနဲ့တင်လန့်တာမို့ အဲဒီစားပွဲနားကနေ ခပ်ခွာခွာလေး နေခဲ့ပါတယ်။

အဲဒါနဲ့ စကားစပ်လို့ အင်္ဂလိပ်စာသင်တုန်းက မှတ်သားဖူးတဲ့ ဟင်းချက်တဲ့ အဆင့်တွေကို သတိရမိပါတယ်။

Raw > Rare > Medium Rare > Medium > Medium Well Done > Well Done > Overcooked/ Overdone

အထက်ကအဆင့်တွေအတိုင်းပါပဲ။ အစိမ်းကနေ နောက်ဆုံး တူးခြစ်သွားတဲ့အထိပေါ့။ ခုနကပြောတဲ့ ပါတီက အသားတုံးကြီးကတော့ Raw သို့မဟုတ် Rare အဆင့်လောက်ပဲ ချက်ထားပုံ ရမယ်လို့ ထင်ပါတယ်။

လူတွေဟာ အတော်လေးကို တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေပါ။ အသား၊ ငါး စတာတွေကို ဒီတိုင်း အစိမ်းမစားတော့ပဲ နည်းလမ်းအဖုံဖုံနဲ့ ပြင်ဆင်ပြီး စားသုံးပါတယ်။ ချက်တယ်၊ ပြုတ်တယ်၊ ကြော်တယ်၊ ပေါင်းတယ်၊ ဖုတ်တယ်၊ ကင်တယ် စသည်ဖြင့် စုံလို့ပါပဲ။ ခုနောက်ပိုင်းမှာ မိုက်ခရိုဝေ့ဖ်စက်တွေနဲ့လည်း ချက်ပြုတ်ပြီး စားပြန်သေးတယ်။ အသီးအရွက်တွေကျတော့ ဒီတိုင်းစားလို့ တမျိုး၊ သုပ်စားလို့တဖုံ၊ အချဉ်ဖောက်လို့ တသွယ် နည်းလမ်းအစုံအလင်နဲ့ကို စားသုံးပါတယ်။ ဒါကြောင့်လည်း လူတွေဟာ တိရစ္ဆာန်တွေရဲ့ အထက်မှာ ရှိနေတာဖြစ်ပါတယ်။ (နောင်အနာဂတ်မှာ ခုမပေါ်ဖူးသေးတဲ့ ဘယ်လိုနည်းတွေနဲ့ ချက်ကြမယ် မသိပါဘူး)

အထက်တန်းတုန်းက ဇီဝဗေဒဘာသာမှာ Feeding Behavior ဆိုတဲ့ စားသောက်ပုံ နည်းလမ်းကိုလိုက်ပြီး သက်ရှိသတ္တဝါတွေကို အမျိုးအစားခွဲတာ သင်ရဖူးပါတယ်။


  • Carnivore = အသားစား သတ္တဝါ
  • Herbivore = အရွက်စား သတ္တဝါ
  • Omnivore = အစုံစားသတ္တဝါ
  • Fungivore = မှိုစသည်စား သတ္တဝါ
  • Bacterivore = ဘက်တီးရီယားစား သတ္တဝါ


စသည်ဖြင့် ကြားဖူးကြမှာပါ။ လူအများစုကိုတော့ အစုံစားသတ္တဝါ Omnivore အဖြစ်သတ်မှတ်ပါတယ်။ Vegetarian ဆိုတဲ့ သက်သက်လွတ်စားတဲ့သူတွေကတော့ Herbivore အုပ်စုထဲထည့်ရမှာ ဖြစ်ပါတယ်။

လူတွေ အစုံစားတာက အတော်လေးကို စုံတာပါ။ တလောက သူငယ်ချင်းတစ်ယောက် မေးလ်ကနေ ပို့လိုက်တာမှာ ဝတ်စုံဖြူတွေနဲ့ လူသားစားတဲ့ ထိုင်း (ယိုးဒယား) နိုင်ငံက အဖွဲ့တစ်ခုအကြောင်းကို ဖတ်ရပါတယ်။ (အရသာ ဘယ်လိုနေတယ် ဆိုတာတော့ သူတို့တွေ မေးကြည့်မှပဲ သိမှာ) ထိုင်ဝမ်၊ ဟောင်ကောင် စတဲ့နိုင်ငံတွေမှာ ကြက်အကောင်ပေါက်လေးတွေပါတဲ့ ဥတွေကို ချက်ပြီးစားတာ သတင်းတွေမှာ တွေ့ဖူးပါတယ်။ ဥကို ခွဲလိုက်တာမှာ အမွှေးတွေတောင် ရှိသေးတဲ့ အဲဒီကြက်အသေလေးတွေကို ဘယ်လိုအရသာ၊ ဘယ်လိုအတွေးတွေနဲ့ ခံစားပြီး စားသလဲတော့ မသိပါဘူး။ (အားရှိတယ်လို့တော့ ဆိုကြတာပဲ)

တရုတ်အိုလံပစ် ပြိုင်ပွဲတုန်းက စားသောက်တန်းတွေမှာ ပုရစ်ကျော်၊ ပိုးကောင်ကျော်တွေသာမက၊ ကင်းမြီးကောက်တွေ၊ ပင့်ကူကျော်တွေပါ တွေ့ရပါတယ်။ ကမ္ဘာဒီးယားနိုင်ငံမှာလည်း ပင့်ကူကျော်တွေ ရောင်းတာ တွေ့ဖူးပါတယ်။ စားတဲ့သူတွေတော့ ဘယ်လို သတ္တိတွေနဲ့ စားကြတယ် မသိဘူး။ ကျွန်တော်ကတော့ မြင်ယုံနဲ့တင် ကျောချမ်းမိပါတယ်ဗျာ။

ဗီယက်နမ်၊ တရုတ်တွေက ခွေးသားချက်စားတတ်ပါတယ်။ အထူးသဖြင့် အေးတဲ့ဒေသတွေမှာပါ။ ကျွန်တော်လည်း ငယ်ငယ်က အဖိုးစာဖိုမှူးကြီးက ဘုံကျောင်းက အလကားယူလာလို့ စားဖူးပါတယ်။ စားကောင်းသားဗျ။ ပူတော့အတော်ပူတယ်။ ဒါကြောင့် အေးတဲ့ရာသီဥတုတွေမှာ စားတာဖြစ်မယ်။ အရသာကတော့ ဝက်သားနဲ့ သိပ်မကွာလှပါဘူး။

ဝက်သားဆိုလို့ မြန်မာတွေ ပြောပြောနေတဲ့ စာချိုးလေးတွေကို သတိရမိတယ်... “အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်” ဆိုတာပါ။ ကျွန်တော့် မိတ်ဆွေတစ်ယောက်က... “အသောက်မှာ အရက်” ဆိုတာပါ ထည့်လို့ ပြောပါတယ်။ “မြန်မာစာအဖွဲ့က လက်ခံရင် ထည့်ကြတာပေါ့ဗျာ” လို့ ကျွန်တော် ပြန်ပြောဖူးတယ်။

နောက်ထပ် သတိရမိတာက “ပုစွန်အကွေး၊ ငါးအနွေး” ဆိုတာပါ။ ဟင်းချက်တဲ့အခါ ပုစွန်က ကွေးသွားရင် ကျက်တယ်လို့ သတ်မှတ်ပြီး၊ ငါးကတော့ နွေးရင် ကျက်တယ်လို့ သတ်မှတ်တာကို ဆိုလိုတာပါ။ အဲဒါ ကျွန်တော့်ရဲ့ ဆရာသမားတစ်ယောက်က... “ဂဏန်း မျက်ပြူးကြောင်” လို့ထပ်တိုးပြီး ပြောပါတယ်။ ဂဏန်းကိုချက်လို့ မျက်စိပြူးလာရင် ကျက်ပြီဆိုပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ “ဂဏန်းနီရောင်ပြေး” လို့လည်း ကြားဖူးတယ်။ (အိမ်ရှင်မတွေ၊ အိမ်ရှင်မ အလောင်းအလျာလေးတွေက ပိုသိမှာပါ။)

နိပါတ်တော် ထဲမှာတော့ အစားအသောက်နဲ့ ပတ်သက်ပြီးထင်ရှားတာက ဝေသန္တရာ ဇာတ်တော်ထဲက ဇူစကာပုဏ္ဏားပါ။ “လှူတာအကုန်စား၊ ဇူစကာပုဏ္ဏား” လို့တောင်ပြောစမတ်တွင်ရလောက်အောင် အစားသောင်းကျန်းတဲ့သူပါ။ အစားကြောင့်ပဲ ဒုက္ခရောက်သွားရသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း “အစားမတော်တစ်လုတ်” ... “တန်ဆေး လွန်ဘေး” စသည်ဖြင့် ဆိုကြတာဖြစ်ပါလိမ့်မယ်။ “အဆီစားလို့ အသားမဖြစ်” ဆိုတဲ့ စကားလည်းရှိတယ်။ ဟန်သစ်ငြိမ်တို့လို ဝါးခြမ်းပြားကိုယ်ခန္ဓာတွေကို ပြောတာပါ။ အဆီတွေ စားပေမဲ့လည်း အသားမဖြစ်တာမျိုးပေါ့ဗျာ။

အစားရဲ့ ဆိုးကျိုးတွေရှိပေမယ့် အစားကို မစားဘဲနေလို့လည်း ဖြစ်မှ မဖြစ်နိုင်တာပါပဲ။ “ဆာလောင်မှုဆိုတာ ကုလို့မဆုံးတဲ့ ရောဂါပါပဲ” လို့ ဘုန်းတော်ကြီးတစ်ပါးက ဆိုပါတယ်။ ဟုတ်ပါတယ်။ နေ့တိုင်း ဆာလောင်မှုကို ကုနေရတာဟာဖြင့် မွေးကတည်းပါပဲ။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုတဲ့စကားလည်း ရှိပါသေးတယ်။ “ကံ၊ စိတ်၊ ဥတု၊ အဟာရ” ဆိုတဲ့ စကားမှာပါတဲ့ အဟာရ ဆိုတာကလည်း အစားအစာကို ဆိုလိုတာပါပဲ။ “အစားကို ကုန်အောင်စား၊ စကားကို ကုန်အောင်မပြောနဲ့” ဆိုတဲ့ စကားကတော့ အစားဘက်ကို ထောက်ခံတဲ့ စကားပါပဲ။ (ငတ်ကြီးကျသူများ လက်ခုပ်တီးပါ)

အစားအသောက်အကြောင်း ကောင်းကောင်းသိတဲ့၊ အရသာကို ကောင်းကောင်းနားလည်တဲ့ အစားဘုရင်တွေကို Gourmet လို့ အင်္ဂလိပ်လို ခေါ်ပါတယ်။ အသံထွက်က (ဂူအာမေး) လို့ ထွက်ရပါတယ်။ ပြင်သစ်စကားလုံးဖြစ်တာကြောင့် Buffet (ဘူဖေး) Parquet (ပါကေး) အဲဒါမျိုးတွေလိုပဲ အသံထွက်ရပါတယ်။ ကမ္ဘာကျော် အစားအသောက်ကုမ္ပဏီတွေ၊ ဘီယာ၊ အအေးကုမ္ပဏီတွေမှာ အဲလိုလူတွေ ရှိပါတယ်။ အစားအသောက်အသစ်တွေ စမ်းသပ်ထုတ်လုပ်ပြီးတဲ့အခါ အဲဒီလူတွေက အရင်ဆုံး မြည်းစမ်းပြီး ကောင်းမကောင်း မှတ်ချက်ပေးရသတဲ့။

နောက်ထပ် ဝေါဟာရတစ်ခုက Glutton ဆိုတာပါ။ အစားသောင်းကျန်းတဲ့သူ၊ အစားချန်ပီယံတွေကို ခေါ်တာပါ။ မြန်မာလို “အငတ်ကြီးတွေ” ပေါ့ဗျာ။ အဲဒီလို အငတ်တွေအတွက် World Glutton Contest ဆိုပြီး ကမ္ဘာ့ အစားပြိုင်ပွဲကြီးကို နှစ်စဉ်ကျင်းပတာ တီဗွီအစီအစဉ်တွေမှာ တွေ့ဖူးပါတယ်။ ဘီယာသောက်ပြိုင်ပွဲတွေကတော့ နိုင်ငံတကာမှာ မကြာခဏကျင်းပနေကြပါ။

ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ နာမည်ကျော် စားစရာကတော့ အများသိပြီးသားဖြစ်တဲ့ မုန့်ဟင်းခါပါ။ အဲဒါကို နိုင်ငံခြားသားတစ်ယောက်က ဘာအဓိပ္ပာယ်လဲလို့ မေးတော့ ကျွန်တော် အတော် ဦးနှောက်စားသွားပါတယ်။ တိုက်ရိုက်ပြန်မယ်ဆိုရင်... A snack with bitter curry လို့ ပြန်ရမှာပေါ့။ သူ့ကိုတော့ “No meaning, Just the name” လို့ပဲ ပြောလိုက်ပါတယ်။ ထိုင်း (ယိုးဒယား) နိုင်ငံကို ရောက်တော့ သူတို့မှာ မုန့်ဟင်းခါလိုမျိုး ရှိပါတယ်။  “ခနုမ်ကျင်း” လို့ ခေါ်ပါတယ်။ သူတို့မှာက ဟင်းရည်က သုံးလေးမျိုး ရနိုင်ပါတယ်။ ငါးနဲ့၊ ဝက်သားနဲ့၊ အသားလုံးနဲ့ စသည်ဖြင့် ရှိပါတယ်။ “ခနုမ်” ဆိုတာ မုန့်လို့ ဆိုလိုပြီး “ကျင်း” ဆိုတာက တရုတ်ပြည်ကို ဆိုလိုတာပါ။ တရုတ်ပြည်က လာတဲ့ မုန့်လို့ ဆိုလိုတာပါ။

တစ်ရက် ထိုင်းတွေ၊ ကမ္ဘောဒီးယားတွေနဲ့ အဲဒီ ခနုမ်ကျင်းကို သွားစားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ “ကကြီးကောင်” လို့ ခေါ်တဲ့ ကမ္ဘောဒီးယားက တကယ်တမ်းဆို အဲဒီစားစရာဟာ သူတို့ နိုင်ငံက စတင်ခဲ့တာ ဖြစ်တာကြောင့် “ခနုမ်ကျင်း” လို့ ခေါ်တာဟာ သဘာဝမကျကြောင်း ပြောပါတယ်။ သူက... “ခနုမ်ခမာ” လို့ ခေါ်ချင်ပုံ ရပါတယ်။ (ခမာဆိုတာ ကမ္ဘောဒီးယား လူမျိုးကို ခေါ်တာပါ)

စကားစပ်လို့ ပြောရရင် အဲဒီ ကကြီးတွေဟာ အစားအသောက်နဲ့ ပတ်သက်ပြီး အတော့်ကို ဇီဇာကြောင် သွေးကြီးတဲ့သူတွေပါ။ ယိုးဒယားဆိုင်တွေမှာ ဘာသွားစားစား အဲဒီအစားအစာဟာဖြင့် သူတို့ဆီမှာ ရှိကြောင်း သူတို့ နိုင်ငံကဟာက အရသာ ပိုကောင်းကြောင်း အမြဲလိုလို ပြောပါတယ်။ ကြာတော့ ကျွန်တော်လည်း နားကြားပြင်းကတ်လှတာကြောင့် “အဲဒါဆိုရင်လည်း နေ့လည်စာ စားချိန်ကျရင် မင်းနိုင်ငံမှာ သွားပြန်စားချေကွာ။ ဒီက မကောင်းတဲ့ဟာတွေ စားမနေနဲ့ကွာ” လို့ ဘုတောဖူးပါတယ်။

တကယ်တမ်းပြောရင် ယိုးဒယား မုန့်တွေ အတော်များများ ကျွန်တော်တို့ဆီမှာလည်း ရှိပါတယ်။ တစ်ခုထူးခြားတာက သူတို့ မုန့်တွေက ပိုချိုပြီး အနုပညာပိုဆန်သလို အမျိုးအစားလည်း စုံပါတယ်။ သူတို့တွေ “ကုလားမဲ” လို့ ခေါ်တဲ့ မုန့်က ကျွန်တော်တို့ဆီက “မုန့်ကုလားမဲ” နဲ့ အတူတူပါပဲ။ မတူတာက သူတို့က သကြားလုံးတွေအရွယ် အတုံးလေးတွေ လုပ်ပြီး ပလတ်စတစ်နဲ့ ထုပ်ပြီးရောင်းတာပါ။ အရောင်ကလည်း အမဲရောင် တစ်ခုတည်း မဟုတ်ပါဘူး။ အနီ၊ အဝါ၊ အစိမ်း စသည်ဖြင့် အရသာကို လိုက်ပြီး ကွာပါတယ်။

ကျွန်တော်တို့ နိုင်ငံက အရှေ့နဲ့ အနောက်မှာ ကုလားနဲ့ တရုတ်နှစ်နိုင်ငံက ညှပ်ထားလေတော့ စားစရာတွေကလည်း သူတို့တွေဆီက အတော်လေးကို ဖြတ်ကျော်ရောက်ရှိပါတယ်။ “အီကြာကွေး” ဆိုတဲ့ တရုတ်စားစရာက မကွေးဘဲ ဖြောင့်နေပါတယ်။ “တိုရှည်” (မြန်မာအတွေးနဲ့ ကတ်သီးကတ်သတ်ပြန်ရင် Short and Long ပေါ့) ဆိုတဲ့ ကုလားစာက အပြားကြီးဖြစ်ပါတယ်။ “ပူရီ” ဆိုတဲ့ စားစရာက မြန်မာလိုဆိုရင် ရေခဲရေသည်ကိုပဲ ဂုဏ်ပြုထားသလားထင်ရပါတယ်။ (ပူတဲ့အခါ ရောင်းအားကောင်းလို့ ရေခဲရေသည်တွေ ရယ်ကြတယ်လေဗျာ။)

ရှိပါသေးတယ် “နံပြား” တဲ့။ ဘိုလို ပြန်လိုက်ရင်ဖြင့် “Stinky Plate” ဆိုပြီး ဖြစ်တော့မယ်။ “ဒန်ပေါက်” ဆိုတာကလည်း ဘယ်က ဆင်းသက်လာလို့ ဘယ်သူပေးခဲ့တဲ့ နာမည်မှန်းမသိပါဘူး။ ကုလားတွေက “Biryani” လို့ ခေါ်တာပါ။ အရင်တုန်းက မြန်မာပြည်မှာ စရောင်းတဲ့ ကုလားတွေက ဒန်အိုးအပေါက်နဲ့ ချက်ခဲ့လို့ ဖြစ်မှာပဲလို့ ကိုယ့်ဘာသာ အတင်းမှတ်ချက်ချလိုက်တယ်။ တခါ တရုတ်ပြည်မှာ မရှိတဲ့ မြန်မာတရုတ်စာ “ကြေးအိုး” ဆိုတာ။ သူလည်း ကုလားတွေက ဒန်အိုးနဲ့ ချက်တယ်ဆိုတော့ ငါတို့လည်း ကြေးအိုးနဲ့ ချက်ရောင်းရအောင်ဆိုပြီး ထွင်လိုက်တာလား မသိဘူး။

ဘုရားပွဲဈေးတွေမှာ ရောင်းတတ်တဲ့ “မုန့်လေပွေ” ဆိုတဲ့ မုန့်က နာမည်ကြမ်းသလောက် မုန့်က လေထိမခံတဲ့ မုန့်ပါ။ “မုန့်လင်မယား” ဆိုတာ ရှိပါတယ်။ အဲဒါကို ငုံးဥထည့်ပြီး လုပ်တဲ့အခါကျတော့ တစ်ခြမ်းတည်း လုပ်ပါတယ်။ အဲဒါကိုတော့ “မုန့်တစ်ခုလပ်” တို့ “မုန့်တစ်လင်ကွာ” တို့ စသဖြင့် မခေါ်ကြပြန်ပါဘူး။ ဦးနှောက်နဲ့ တူတဲ့ မုန့်ကိုကျတော့ “မုန့်ဦးနှောက်”... ကြာစေ့နဲ့ တူတဲ့ မုန့်ကိုကျတော့ “မုန့်ကြာစေ့”... နောက်... “မုန့်လိပ်ပြာ” ... “မုန့်လက်ညှိုး” ... “လမုန့်” စသည်ဖြင့် ဆင်တူရာပုံစံကို စွဲပြီး ပေးတာမျိုးလည်း ရှိပြန်တယ်။

“ပေါင်မုန့်” ဆိုတာဟာလည်း ကိုယ်အင်္ဂါထဲက “ပေါင်” နဲ့ ဆင်လို့ ပေါင်မုန့်လို့များ ပေးသလား မသိပါဘူး။ ကော်ရည်ကို ပြန့်အောင် လုပ်ရတဲ့ အဖတ်တွေနဲ့ လိပ်ပြီး ကြော်တဲ့စားစရာကို “ကော်ပြန့်လိပ်ကြော်” လို့ ခေါ်ပါတယ်။ ဖတ်ဖူးတဲ့ ကဗျာတစ်ပုဒ်ရှိတယ် ကြီးပွားရေး မဂ္ဂဇင်းမှာ ပါတယ်ထင်တာပါပဲ။ ဘယ်သူရေးတယ်တော့ မမှတ်မိတော့ပါဘူး။ ကဗျာက တိုတိုလေးပါ။ ခေါင်းစဉ်က “ဝက်အူချောင်း” တဲ့။

“ဝက်အူချောင်း”
အကာကို ခေါ်သလား
အစာကို ခေါ်သလား
စားနေရင်းနဲ့ စဉ်းစား
တစ်ခုခုတော့မှား။

သူ့ကဗျာ ဖတ်ပြီးတော့မှ ကျွန်တော်လည်း စဉ်းစားမိတယ်။ တကယ်က ဆိတ်အူထဲမှာ ဝက်သားတွေ သွတ်ထည့်ထားတာကို ဝက်အူချောင်းလို့ ခေါ်တယ်ဆိုတာ။ ငါးအူချောင်း၊ ကြက်အူချောင်း စတာတွေလည်း ဒီတိုင်းပါပဲ။ နောက်ဆုံးတော့ ကိုယ့်ဘာသာ အတင်းကောက်ချက်ချလိုက်တယ်။ “ဝက်အူချောင်း” ဆိုတာဟာ... “ဝက်သားသွတ်ထားသော ဆိတ်အူချောင်း” ဆိုတာကို ခေါ်ရတာ ရှည်လို့ ဖြတ်ပြီး ခေါ်လိုက်တာ ဖြစ်မယ်လို့။ ဟုတ်မဟုတ်တော့ မသိဘူး။

“စားရကံကြုံလို့ မုတ်ဆိတ်ပျားဆွဲ”... “စားရမှာကလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာကလည်း အဆီတဝင်းဝင်း” ဆိုတဲ့ စကားတွေကို ကြားဖူးကြမှာပါ။ “စားရဝမ်းသာ၊ စေပါဝမ်းနည်း” ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။ အစားအသောက်များ စားရသည့်အခါ ဝမ်းသာပြီး၊ အလုပ်လုပ်ရန်ခိုင်းစေပါသောအခါ ဝမ်းနည်းသောသူများကို ဆိုလိုခြင်း ဖြစ်ပါသည်။ “မစားရအညှော်ခံ” ... “မစားရ ဝခမန်း”... “မစားရက်လောက်တက်” ... “မစားရသည့်အမဲ သဲနှင့်ပက်”... “မစားရတပူပူ စားရတဆူဆူ” စတဲ့ အစားနဲ့ မကင်းတဲ့ စကားပုံတွေကလည်း မြန်မာမှုနယ်ပယ်မှာ အများအပြား တွင်ကျယ်လို့ နေပါတယ်။

“ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဆိုသော စကားကလည်း အစားအသောက်၏ အရေးပါပုံကို ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။ အများကြီးစားလိုသောသူကို နည်းနည်းပဲ ကျွေးသောအခါမှာ... “ဆင့်ပါးစပ် နှမ်းပက်သလိုပဲ” ဟု ပြောတတ်ကြပြန်သည်။ အစားအသောက်ကြောင့် မလွှဲသာဘဲ လုပ်ရသည်ကို... “ငါ့ဝမ်းပူဆာ မနေသာလို့ လုပ်ရပြန်ပြီ” လို့လည်း ပြောတတ်ကြပြန်သည်။

အင်္ဂလိပ်စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာလေး ပြန်မျှချင်ပါတယ်။

There is no nut in doughnut.
There is no ham in hamburger.
There is no dog in hotdog.
There is no sand in sandwich.

Ham ဆိုတာ ဝက်ပေါင်ခြောက်ကို ခေါ်တာပါ။ ဟိုရှေးတုန်းကတော့ ဝက်ပေါင်ချောက်နဲ့ လုပ်ခဲ့လို့ ခေါ်တာ မဟုတ်ပါဘူး။ Hamburger ဆိုတဲ့ စားစရာဟာ Germany နိုင်ငံ Hamburg မြို့ကနေ ပထမဆုံး လုပ်ရောင်းခဲ့လို့ခေါ်တာပါတဲ့။

အစားအသောက်နဲ့ပတ်သက်လို့ သမိုင်းမှာ ရာဇဝင်တွင်တဲ့သူက သူ့သခင် ငါးစီးရှင်ကျော်စွာက ခိုင်းလို့ စစ်ကိုင်းမင်း အသင်္ခယာစောယွမ်းကို လုပ်ကြံဖို့သွားတဲ့ ငခင်ညိုပါ။ တောထဲမှာ သုံးရက်ပုန်းနေရတာကြောင့် ထမင်းငတ်လို့ နန်းတော်ထဲက ရွှေစလောင်းနဲ့ နတ်တင်ထားတာကို စားလိုက်တဲ့ဖြစ်ရပ်ကို သိပြီးဖြစ်မှာပါ။ ထမင်းစားပြီးကာမှ ထမင်းရှင်ကို သတ်လျှင် အလွန်ပင် အပြစ်ကြီးလတ္တံ့ဆိုပြီး စစ်ကိုင်းမင်းကို မသတ်ဘဲ ဓားကြီးသာ ပြန်ယူလာတဲ့ ဖြစ်အင်ပါ။ ငါးစီးရှင်ကျော်စွာကလည်း “ထမင်းရှင်ကို ဒီလောက်တောင်မှတ်ရင်ဖြင့် ငါ့လိုသခင်ရဲ့ ကျေးဇူးဆိုလျှင် ဆိုဖွယ်ရာမရှိ” ဆိုပြီး ခွင့်လွှတ်တော်မူသတဲ့။

သူတို့အတွေးနဲ့ သူတို့တော့ ဟုတ်နေတာပါပဲ။ သူ့ဘာသာ ငတ်ကြီးကျလို့ ထမင်းစားပြီးကာမှ ဘုရင်ခိုင်းတဲ့ အလုပ်ကို မလုပ်ဘဲ ဓားကြီးယူပြီး ပြန်လာတဲ့သူကို ဘုရင်ကလည်း ခွင့်လွှတ်သတဲ့ဗျာ။ တခြားအခိုင်းအစေတွေပါ လိုက်လုပ်ကုန်မှဖြင့် မခက်ချေဘူးလား။ (ကျွန်တော့်အတွေးပါ)

ခုလောက်ဆိုရင်ဖြင့် “စားကြမယ်ဟေ့ကောင်းကောင်း” အစီအစဉ်လေးကို အဆုံးသတ်ဖို့ အချိန်တန်ပါပြီမို့ ဒီတင်ပဲ ရပ်နားခွင့်ပြုပါရှင်... အဲ... ဗျာ။ တကယ်လို့ အစားကောင်း အသောက်ကောင်းလေးများ အလှူဒါန ပြုချင်သူများရှိပါလျှင် စေတနာရှေ့ထား သတင်းကောင်းလေးများ ပါးကြပါရန် မေတ္တာရပ်ခံ လိုပါသည်ခင်ဗျား။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

0 comments: