သုတေသန နှင့် ကိုယ်တွေ့




သုတေသန နှင့် ကိုယ်တွေ့
ကိုယ်တွေ့ဆိုတာ လူတိုင်းမှာ ရှိတယ်။ ကိုယ်တိုင် တွေ့ကြုံခံစားတာရေးရင် ကိုယ်ရေး အတ္ထုပ္ပတ္တိ ခေါ်တယ်။ တကယ့် အဖြစ်အပျက်မျိုးကို အခြေခံတဲ့ စာအုပ်တွေ၊ ရုပ်ရှင်တွေလဲ အများကြီး။ နောက်ပြီး ကိုယ်တိုင်တွေ့ပါတယ်၊ မြင်ပါတယ်လို့ တရာရုံးမှာ သက်သေထွက်တာမျိုးလဲ အတူတူဘဲ။ ခရစ်ယာန်ဘာသာမှာ (တက်စတီမိုနီ) လုပ်တာမျိုးရှိတယ်။ ဒါတွေက တဦးချင်းစီရဲ့ ကိုယ်တွေ့ သက်သက်ဖြစ်နေလို့ “ဟုတ်တယ်-မှန်တယ်” ဆိုတာကို ကျမ်းကျိန်တာတို့၊ ကျမ်းစာအုပ်တို့နဲ့ “အမှန်ခိုင်းတာမျိုး” ဖြစ်ပါတယ်။

ဆေးပညာရပ်က သိပ္ပံဖြစ်တာမို့ စမ်းသပ်မှုတွေ၊ သီအိုရီတွေ၊ သုတေသနတွေဟာ အခြေခံလဲ ဖြစ်တယ်၊ မှန်-မမှန်ရဲ့ “ပေတံ” လဲ ဖြစ်တယ်။ အတွေ့အကြုံဆိုတာကတော့ အနှစ်နှစ် အလလက ကိုယ်တိုင် တွေ့ရ-ကြုံရတာတွေ။ ကျမ်းမတိုက်ဘဲ ရေးကြ-ပြောကြတယ်။ “လက်မခံလဲ ဗွေမယူတာမျိုး”။

သုတေသနပေမဲ့ ဗွေယူချင်စရာတွေ ရှိတယ်။ ဆိုပါစို့ တလောက “ငရုပ်သီး စားရင် (ကယ်လိုရီ) သုံးပြစ်တာမို့ အလေးချိန် လျော့စေတယ်” တဲ့။ နောက်တဖက်ကကြည့်ရင် အစပ်တို့ ဟင်းခပ်အမွှေးအကြိုင်တို့မှာ အာဟာရတန်ဘိုးဆိုတာ မည်ကာမတ္တသာ ပါပေမဲ့၊ စားချင်စိတ်ကို ဆွပေး-ခြူပေးနိုင်လို့ စားဝင်စေတယ်။ စားတော့ ဝတာပေါ့။ ဘာကို ယူမလဲ။

လူမှုရေးသိပ္ပံ ပညာရှင်တွေကနေ ဂဃနဏ လေ့လာပြီး၊ သီအိုရီဖြစ်ဖြစ်၊ ကောက်ချက်ဆွဲတာဖြစ်ဖြစ် လုပ်တယ်။ ပါမောက္ခ တဦးကနေ အဲလိုလုပ်ပြီး၊ ရေးလိုက်တာဟာ အမြဲတန်း မမှန်နိုင်ဘူး။ သူအတွက် မခက်ဘူး။ မှားသွားရင် နောက်တခါ ဂဃနဏ လေ့လာပြန်ပြီးသကာလ၊ စာတအုပ် ထပ်ထုတ်လိုက်ရုံဘဲ။ နိုင်ငံရေးသမားကိုတော့ တခါလွဲသွားရင် “မြောင်းထဲ ရောက်သွားပြီ” လို့ ပြောတတ်ကြတယ်။

ဆေးပညာမှာ “တနေရာနဲ့ တနေရာ ဘယ်ဟာမှ မတူပါလား” ဆိုတာ ပြောချင်တယ်။ ဗမာပြည်မှာ ဘာတွေ ပေါလဲ။ မြွေ ပေါတယ်။ ငှက်ဖျားများတယ်။ ဘာတွေရှားလဲ ဆေးကောင်းရှားတယ်။ စားကောင်းသောက်ဘွယ် ဝယ်နိုင်သူမများဘူး။ တခြားတိုင်းပြည်တွေမှာ ဗမာမြွေ မရှိလို့၊ မြွေဆေးကို ဗမာပြည်မှာထုတ်မှ ထိရောက်ပါတယ်။ သူများဆီမှာ 3D computer graphics လုပ်နေကြချိန်၊ ကျွန်တော်တို့ဆီမှာ ရှိတဲ့ 3D ဆိုတာက (TB, Malaria, HIV-AIDS) ရောဂါကြီး သုံးမျိုး။ အသံထွက်ဘဲ တူတယ်။ အနောက်နိုင်ငံတွေမှာ ဆရာဝန်တွေကို TB အကြောင်း သိပ်သင်မပေးကြတော့ဘူးတဲ့။ မြန်မာပြည်က ဆေးကျောင်းသားများ သိပ်ကံမကောင်းကြပါ၊ ရောဂါတခု ပိုသင်နေကြရရှာတယ်။

ချင်းတွင်းမြစ်ဝှမ်းမှာ တာဝန်ကျခဲ့တာများလို့ ဒီဒေသမှာ ဘာတွေပေါပြီး၊ ဘာတွေရှားလဲ သိတယ်။ ခုတော့ မြန်မာပြည် အနောက်ခြမ်းနဲ့ မြောက်ခြမ်းက လာတဲ့လူတွေကို ဆေးကုပေးရပြန်တော့ အသိသစ်တွေ တိုးလို့လာပါတယ်။ ရောဂါတွေ၊ ဝေဒနာတွေ။ ဖြစ်နေကြတာတွေနဲ့ ဖြစ်ကြအုံးမှာတွေ။

ရောဂါဘယတွေကလဲ နေရာမတူရင် ကွဲပြားကြတာဘဲ။ ကံ နဲ့ စိတ် ကို အသာထား၊ ဥတု နဲ့ အာဟာရမှာ ကွာခြား သွားကြလို့ဘဲ။ ရောဂါပိုးအမျိုးမျိုးတွေကလဲ လူနဲ့ သိပ်တူကြတာ။ ရေကြည်ရာ မြက်နုရာ သိပ်ရှာတတ်ကြတာကလား။ ဒါပေမဲ့ ပိုးတွေ၊ အကောင်တွေဟာ လူတွေလို ဗီဇာမလိုဘဲ ဟိုနိုင်ငံ၊ ဒီနိုင်ငံကို ကူးခွင့် ရှိတယ်။ ဒီပြည်-ပြည်နယ်တွေက စကားမတတ်လဲ စားဖို့သောက်ဖို့မခက်ဘူး။ ယဉ်ကျေးမှု မတူတာ အပထား၊ တွေ့တဲ့သူနဲ့ ညားလို့ရတယ်။ ဘာသာရေး ဘေးချိတ်။ ဥပုသ်၊ တနင်္ဂနွေ၊ သောကြာ ဘာမှလိုတာ မဟုတ်ပါ။ ဒါကြောင့်လဲ ကနေ့ခေတ်မှာ အသားအရောင်၊ လိင်၊ ဘာသာရေး၊ လူမျိုးရေး၊ ခွဲခြားတာမှန်သမျှ တိုက်ဖျက်ရေးဟာ နားမခံနိုင်အောင် ကျယ်လောင်လှတယ်။ သူတို့တတွေဘဲ အတူနေကြတယ်၊ ယူကြတယ်၊ နောက် ဆဲကြတယ်၊ ကွဲကြတယ်။ ဒီတော့ လူ့သဘာဝကနေ ပိုးမွှားသဘာဝဆီ ဦးတည်နေပါသလား။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှာရှိတဲ့ ကျန်းမာရေး ပြဿနာတွေလည်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နာဂတောင်တန်းက လူတွေမှာလဲ ရှိကြတယ်။ သွေးအားနည်းတာ၊ ဗီတာမင်နည်းတာတွေ တူတယ်။ စိတ်သောကတွေ တူတယ်။ လိင်ကနေ ကူးစက်ရောဂါတွေ တူတယ်။ ဝမ်းလျော-ဝမ်းပျက် တူတယ်။

မတူတာတွေလည်း ရှိပါသေးတယ်။ သူတို့ဆီမှာ အဆိပ်ပါတဲ့မြွေ မရှိဘူး။ မွေးစကလေး မေးခိုင်ရောဂါ၊ အရင်က မကြာမကြာ တွေ့ခဲ့တယ်။ ဒုက္ခသည်ဆေးခန်းမှာ လာမွေးတဲ့ကလေး ၂၅၇ ယောက်မှာ မေးခိုင်တဲ့ကလေး တရွေးသားမှ မတွေ့ပါ။ အထဲတုံးက သားဦးမွေးပြီးရင် မအေမှာ နို့နာပေါက်တာ ၃ ယောက်၊ ၁ ယောက်လောက်အထိ ကုပေးခဲ့ရတယ်။ အခု အားလုံးပေါင်းမှ ၃ ယောက်ထက် ပိုမတွေ့သေးဘူး။

အထဲတုံးက မုတ္တ နဲ့ အူကျ ဆိုတာ ပေါသလား မမေးနဲ့။ ဆရာဝန်ဖြစ်စတွေ လက်တွေ့သင်ဘို့ အကောင်းဆုံး ရောဂါတွေဘဲ။ အစာအိမ်ပေါက်တာ ခဏခဏ ခွဲပေးရတယ်။ အခု ရှာမှရှား။ အူအတက်လည်း အထဲမှာများပေမဲ့ အခု ၂ ယောက်စ၊ ၃ ယောက်စသာ ရှိတယ်။ အထဲမှာ ယောက်ျားလေး ငယ်ငယ်တွေ ဆီးအိမ် ကျောက်တည်တာ အတော်များတယ်။ ဒီမှာ တခါမှ မလာသေးဘူး။ ဆန်းတာက ယောက်ျားလေးတွေမှာ ပန်းငုံတာနဲ့ မွေးလာတဲ့မိန်းကလေး မွေးလမ်းပေါက်မပါတာ ချင်းလူနာတွေထဲမှာ အတော်ကို များတယ်။

သုတေသနတွေကို ခေါင်းစဉ်သာ ဖတ်ပြီး၊ မှတ်ယူကြရင် မှားမယ်။ မီဒီယာသတင်းသမားတွေဆိုတာက ဖတ်တဲ့လူကို ဖမ်းစားဘို့သာ အဓိကမို့ မျက်လုံးကျယ်၊ ပါးစပ်ဟစေအောင်သာ သုတေသနသတင်းကို ခေါင်းစဉ်နဲ့ ဆွဲဆောင် တတ်ကြတယ်။ စာတမ်းတခုလုံး မဖတ်ရင် တခါတလေ သုတေသနဆိုလိုချက် ပျက်ရော။ “ကောက်ချက်ကို ခုန်ချသလို ဒရောသောပါး မလုပ်အပ်ဘူး။” လို့ဆိုတယ် မဟုတ်ပါလား။

- “ဗီတာမင် B သည် နှလုံးရောဂါကို သက်သာစေသည်။”
- “ဗီတာမင် E သည် အရက်မသောက်သူများတွင်ဖြစ်သော အသဲအဆီများရောဂါ ကုသရန် အလားအလာကောင်း။”
- “ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် D များများပေးခြင်းဖြင့် အချိန်စော မွေးခြင်းမှ တားဆီးနိုင်။”
- “ပန်းနာရှိသည့်ကလေးများ ဗီတာမင် D နည်းခြင်းနှင့် ဆက်စပ်နေသည်။”
- “ဗီတာမင် D သည် ခုခံအားကြောင့်ဖြစ်ရသည့် ရောဂါများအတွက်လည်း ကောင်းသည်။”

ဗီတာမင်တွေကို အမြဲအကောင်းတွေချည်းလို့ ထင်ကြ၊ သတ်မှတ်တြတယ်။ (အေ) များသွားရင်တော့ မကောင်းပြန်ဘူး။ (စီ) ကို များများ ပေးတာ ဘာမှ မဖြစ်ဘူးလို့ အစဉ်တစိုက် နားလည်ထားရာကနေ တနေ့ကဘဲ “ဗီတာမင် C နှင့် E များစွာ ပေးခြင်းသည် ကင်ဆာဖြစ်စေနိုင်။” လို့ သုတေသနတခု ထွက်လာပြန်တယ်။

သုတေသနဆိုတာ များများကို လုပ်နိုင်လေလေ အမှန်နဲ့ နီးစပ်လေ ဖြစ်တယ်။ ဒါတောင် ဘယ်သူတွေကို ဘယ်နေရာမှာ ဘယ်တုံးက ဘယ်လောက်များများကို သုတေသနလုပ်သလဲ လိုသေးတယ်။ ဥပမာ ယမုန်နာဆေးခန်းလေးမှာ ကလေးဖွါးတာကို စာရင်းချကြည့်ရအောင်။
• မွေးလူနာ ၅ဝ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄ဝ% နဲ့ မိန်းကလေး ၆ဝ%၊
• မွေးလူနာ ၁ဝဝ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄၃% နဲ့ မိန်းကလေး ၅၇%၊
• မွေးလူနာ ၂၅၇ ယောက်ထဲကနေတွက်ရင် ယောက်ျားလေး ၄၇့၇% နဲ့ မိန်းကလေး ၅၂့၃%၊

ဒီကိန်းဂဏန်းတွေက မြန်မာနိုင်ငံသားအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောလို့ မရဘူး။ ကျွန်တော့် လူနာတွေရဲ့ ၉ဝ% ဟာ ချင်းလူမျိုးတွေမို့ ချင်းတွေဆိုရင် ဒါမှန်တယ်လို့ ပြောတာလဲ တစိတ်တပိုင်းသာ မှန်သေးပြန်တယ်။ ဒေလီမှာနေကြရတဲ့ ချင်းလူမျိုးတွေဟာ ချင်းတောင်မှာ နေကြရတုန်းကလို၊ နေရ၊ စားရတာ မတူပြန်လို့၊ စိတ်နဲ့ ရုပ်ပေါ်အပေါ်မှာရော ကျန်းမာရေးစောင့်ရှောက်မှု ရတာတွေမှာပါ မတူကြတော့ပါ။

ချုပ်လိုက်ရင် သုတေသန ဆိုတိုင်းလည်း ကိုင်းရှိုင်းဘို့ ဆန္ဒမစောပါနဲ့၊ များ-များလာတဲ့ အတွေ့အကြုံတွေကိုလည်း အားကိုးပါ။ တိတိကျကျသုတေသန ဆိုတာနဲ့ အနှစ်နှစ်အလလ ကိုယ်တွေ့တွေ ပေါင်းစပ်နိုင်ရမယ်။ နောက်ပြီး သုတေသနတွေကိုလည်း သတင်းရောင်းစားတာထက်မက အလေးအနက် နားလည်ကြရပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

0 comments: