ဟိုအကြောင်း သည်အကြောင်း
နေ့ တွေကတိတ်ဆိတ်လွန်းတယ် ၊
မနက်ခင်းကလဲ ဖျားနေရဲ့ ၊ အတွေးသက်သက် စီးကရက်တွေ
လေစားလွန်းတယ် ၊
ဖောက်ပြန်မှုထဲက ဒိဌိကို မဖယ်နိုင်သေးတဲ့ 
မနုသပင်လယ်ထဲမျော မောတယ် ။
စိတ်မှန်းနဲ့ လွမ်း  ခမ်းပစ်လိုက်ရတဲ့   သံယောဇဉ်အကြွင်းအကျန်လေးကို လွမ်းရဲ့ ၊
ငြိမ်ဝပ်ဝပ် မီးငြိမ်းတောင်ဟာ  ငါ
ငဆွံ့  တကောင်လို ဂူထဲအသားကျသွား နေတတ်ခဲ့ပြီ ၊
ပင်လယ်တွေအော်နေတယ်
ငါ့ကိုခေါ်ကြပါ ၊ ငါ့ကိုသယ်ဆောင်ကြပါလေ ။
အတွေးတွေ လှောင်နေတုန်း စိတ်ကိုလဲ ချွန်းမတို့ နဲ့  ၊
ညီမလေးရေ ..
ငါ့အသံအိုးထဲ စကားလုံးတွေပြည့်ကျပ်နေလို့ ပါ
ခန္စာဥာဏ်ရောက်စေဘို့   ငါ့အမှောင်ကို မီးထွန်းပေးပါ ၊
ဘယ်လမ်းကလျှောက်လျှောက် လမ်းကတော့ဆုံးမှာပဲ ၊
အတွေးနဲ့  ယက်တဲ့ ပလိုင်းတလုံးထဲ
ဒဏ်ရာဖင်စီခံအတိုတွေ သိပ်များတယ် ၊
အငွေ့ ပျောက် ရှိုက်သွင်းလိုက်ရတဲ့  မာယာအငွေ့ တွေ က ကလူသလိုလို ၊ မြူသလိုလို
လာမခြောက်ကြနဲ့  …   မရတော့ဘူး …
ဟန်ဆောင်ကကြိုးထဲ မပျော်တော့တာကြာပီလေ … ။
ပြန်တွေးတိုင်း ငါ့ရင်တွေခုန်နေတုန်းပါပဲ  ညီမလေးရယ် ၊
တစ္ဆေတွေ ငါ့ကို လိုက်ဖမ်းတုန်းက ရက်တွေဟာ
ဒီနေ့ တွေလိုမဟုတ်ဘူး …
မှောင်ပြီးတော့ နက်တယ်  ၊ ဖွေးပီးထက်တဲ့ အစွယ်တွေနဲ့ 
ငါတို့ ယုံကြည်ချက်တွေကို ကိုက်ဘို့  ၊ မြိုဘို့ 
အကြိုးစားခံရဘူးတယ်ကွယ် ၊
သင်ပုန်းချေစို့ တော့ မပြောပါနဲ့  မေမေ …
ဘယ်သူပြုလုပ်သူ ၊ ဘယ်သူအပြုလုပ်ခံရသူ
ဒါတွေတော့ ရှင်းလင်းဘို့ လိုမယ်
မဟုတ်တဲ့ အရာတွေ ငြင်းရဲဘို့  ကျနော်ကောင်းကင်မှာ မေမေဟာ ဓူဝံကြယ်တစင်း..
မေမေ နုတ်ဆိတ်နေတာလား ၊  ဆို့ နစ်နေတာလား  ၊
မေမေ့ ရိုးရာအထည်လေး ပျက်စီးသွားမှာ စိုးရွံ့ နေတာလား ၊
ဟင် …မေမေ ကျနော်ကြောင့် ငိုနေတာလား …
ခွင့်လွှတ်ပါမေမေ ….
လူမိုက်တယောက်ကို မေမေမချစ်မှာ စိုးတယ်လေ ။
ဒီလိုပါပဲ ညီမလေး …
ငါကလဲ ငါသန်ရာငါပြော  ၊ သမိုင်းထဲမှာ လက်ခဲ့ တဲ့  ကြယ်အမှုန်လေးဖြစ်ခဲ့ဘူးတယ် ၊
နှလုံးသွေးတွေ စွေးစွေးနီဘူးတယ် ၊
ငါတို့ ဆောက်တဲ့ အဆောက်အအုံထဲ အုတ်လေးတချပ်
သဲလေးတပွင့်ဟာ ငါ။
သံမဏိတုံးကြီးကို တူနဲ့  “ဒေါင်” ခနဲ ထုခဲ့တာ ငါ ။
အဲ့ဒီတုန်းက လမ်းတွေဟာ သိပ်မှောင်တယ် ညီမလေးရယ်
တချို့ လဲ နဲနဲခက်တယ်လို့  ထင်ကြတယ် ၊
အမိုက်တွင်းကို တူးကြတယ် ၊  တချို့ ကဘယ်လို ၊ တချို့ ကဘယ်သူ
ဒါတွေတော့ ငါမသိဘူး ၊  ကိုယ့်သက္ကာရ ကိုယ်ထုဆစ်
ယုံကြည်ရာကို လျှောက်ခဲ့ကြတာပဲ ။
ထသွားထလာအတွေးတွေ နဲ့  တကိုယ်ရေ အိမ်အလွမ်းတွေအကြောင်း၊
အမှောင်ထဲ စုန်းစုန်းမြှပ်ခံလိုက်ရတဲ့  ငါတို့ သူငယ်ချင်းတွေအကြောင်း
ဝပ်ကျင်းထဲက ချောင်းချောင်းကြည့်ခဲ့ ရတဲ့ ငါ့ ညတွေအကြောင်း
သူဟာဘာလဲ ၊ ငါကရောဘာလဲ ဆိုတဲ့ အတွေးတွေအကြောင်း
ဟင်းအမယ်စုံတဲ့  သောကထမင်းဝိုင်းလို  ငါခဏခဏ အံကြိတ်
တိတ်တိတ်လေး ဆွေးခဲ့ ရဘူးတယ် ။
အဲဒီတုန်းက ငါတို့ အိမ်မက် အပိုဒ်(၁၃) ဟာ အရိုးမဲ့ တဲ့ ဓါးတစင်း ၊
မဲမဲမြင်ရာ ငါခုတ်တုန်းက ငါ့လက်တွေလဲ  ပြက်ရှခဲ့တယ် ၊
ငါ့ကျောင်းလွယ်အိတ်လေးထဲက အိမ်မက်တွေလဲ အပိုင်းပိုင်းပြက်တယ် ၊
ဒဏ်ရာတွေ   ချခင်းပြနေတာမဟုတ်ပါဘူး  ၊
ငါတို့  ရာသီထဲက လောကဓံဟာ သိပ် အထိအရှများလွန်းတာကို သိစေရုံပါ  ။
ညီမလေးရေ …
အသံကြားရာနားစွင့် ၊ မြင်ရာကိုကြည့်ငေး အတွေးတွေလဲ ခဏဗြောင်းဆန်သွားတယ်
ငါ့သန်ရာ ငါပြော ၊ သူစိမ်းတွေကြားထဲ ငါမမျှောချင်တော့ဘူး ..
၊ ခရီးဆောင်အိတ်လေး ငါလွယ်သွားတုန်းက  အဖေကငါ့ကိုလွမ်းတယ် ၊
ညီမလေးက ငါ့ကိုနမ်းတာ ၊
အဲ့ဒီနေ့ လေး သတိရလို့  ငါပြန်ခဲ့ပြီ ။
ဒါပါပဲ ညီမလေး …
သံသရာဆိုတာ လည်နေတဲ့ 
လှည်းဘီးဝန်ရိုးတခု ဆိုတာ နင့်မှတ်စုထဲ ထည့်မှတ်ထားပါ။
ကမ္ဘာကလဲ အချိန်တိုင်းလည်နေတာပဲ
ဒါပေမဲ့  …
ခုထိတော့  ငါ့မှာ နေ့ ညမကွဲသေးဘူး ……  ။
လင်းနောင်
0 comments: