စကြာဝဠာကြီးတစ်ခုလုံးရဲ့ နောက်ဆုံးသော သံမဏိနှင်းဆီ

















ဘယ်လိုခေါင်းစဉ်နဲ့မဆိုပေါ့ ကိုယ့်အဝိဇ္ဇာနဲ့ကိုယ် သိုသိုသိပ်သိပ်ငွေ့လောင်နေရတာဖြစ်စေ

မီးကျည်ခဲဆမ်းထားတဲ့ ကောင်းကင်အောက်မှာ အသားစိုင်တစ်ခုလုံး ဖျစ်ဖျစ်မြည်နေတာဖြစ်စေ

ဘယ်လိုနိဒါန်းမျိုးနဲ့မှ အမှန်တရားကို မတော်လှန်မိဖို့ မှာချင်တယ်

အဲဒီ သံမဏိနှင်းဆီဟာ သူ့တစ်သက်တာလုံး မှန်ကွဲစတွေနဲ့ခင်းကျင်းထားတဲ့လမ်းပေါ်ကနေ

အမှောင်မျိုခံထားရတဲ့ ဘဝတွေအတွက်

အမှန်တရားမီးအိမ်ကို သူ့ဘဝ သူ့ခန္ဓာနဲ့ လောင်မြိုက်လင်းချင်းစေခဲ့တာဖြစ်တယ်

ငါတို့ ခံတွင်းထဲက အဆိပ်ခတ်ခံထားရတဲ့ ဆာလောင်မှုဆိုတာ သူ့ရင်နဲ့ထွန်းညှိပစ်လိုက်မှ

ရဲရဲပွင့်လာခဲ့ရတဲ့ နေ့စဉ်သတင်းစာ

အခု ရဲရဲဝံ့ဝံ့ ကိုယ့်စိတ်ကလေး ကိုယ်ခြုံပြီး ငါတို့ လျှောက်နေရတဲ့ လမ်း .....

ဘယ်လိုဆူးတစ်ချောင်းမှ ထပ်ထွက်မလာနိုင်အောင်

သူ့အသားစိုင်တွေနဲ့ သေသေသပ်သပ်ခင်းထားတာကိုကြည့်

စကြာဝဠာတစ်ခုလုံးရဲ့ အမိုက်တရားကို အမှန်တရားဒိုင်းတစ်လက်ထဲနဲ့ အိနြေ္ဒမပျက်

လင်းလက်စေခဲ့တာကိုကြည့်

သူ့အကျဉ်းသားဘဝမှာ ငါတို့ ထမင်းစားမပျက်ခဲ့ကြတာကို မမေ့နဲ့ စီးပွားရှာမပျက်ခဲ့ကြတာကို မမေ့နဲ့

သူ့အတွက် ကဗျာတစ်ပုဒ် မရေးဖြစ်ခဲ့ပေမယ့် ကိုယ့်မိသားစုအတွက် ကိုယ်စီကိုယ်ငှ

ဝတ္တရားမပျက်ခဲ့ကြတာကို မမေ့နဲ့

သူ့ကျန်းမာရေးအတွက် သတင်းမေးဖို့တောင် အပင်းဆို့ခံထားခဲ့ရတဲ့ ငါတို့နူတ်ခမ်းကို

သူ့ဘဝလှောင်အိမ်ကြီးထဲကနေ သံတိုင်တွေ အမျိုခံပြီး လင်းပွင့်လာစေခဲ့တာကို မမေ့နဲ့

သူ့ကြောင့် လင်းပွင့်ခဲ့ရတဲ့ နူတ်ခမ်းတွေနဲ့ သူ့ခြေဖဝါးအောက်က မြေတစ်မှုန်စာကိုတောင် မပစ်မှားမိစေနဲ့

ငါတို့ဘဝတွေအပေါ် စိတ်တစ်ခုလုံး ဝကွက်အပ်ထားတဲ့ အဲဒီ စကြာဝဠာမီးအိမ်ကြီးကို

ဘယ်လိုဆေးလိပ်မီးမျိုးနဲ့မှ ခြေရာမတိုင်းမိစေနဲ့

အဲဒီတော်ဝင်နှင်းဆီက ခေတ်ကြီးတစ်ခုလုံးကို တင်ဆောင်ပြီး သွေးပြောင်းပြန်စီးပစ်ခဲ့တာကို မမေ့နဲ့

ငါတို့တန်ဖိုးထားနေတဲ့ ချစ်ခြင်းတရားဆိုတာ ငါတို့သားသမီးကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်တဲ့ အချစ်မျိုး

သူ့ရင်နဲ့ခတ်ပြီးထွင်းထားတဲ့ မေတ္တာတရားက အမိုက်တရားမှန်သမျှကို စုန်းစုန်းချုပ်စေမယ့်

သံသရာတစ်ဆုံးနေမဝင်နိုင်တဲ့ အလင်း

ငါတို့အပေါ် ကျရောက်ခံစားနေရတဲ့ ဒုက္ခဆိုတာ တစ်ကိုယ်စာ လောင်မြိုက်နေတဲ့ မီးတစ်စ

သူ ထမ်းရွက်ထားရတဲ့ ဒုက္ခဆိုတာက ခေတ်အဆက်ဆက်ကတည်းက အလျှံတညီးညီးစွဲလောင်လာခဲ့တဲ့ ကမ္ဘာဦးမီး

ကြယ်တွေ ဖွေးဖွေးလှုပ်နေတဲ့ ကောင်းကင်အောက်ကနေ သရဖူတက်ခူးလာခဲ့သူ မဟုတ်ဘူး

လရောင်ဆမ်းထားတဲ့ ပန်းခင်းထဲကနေ ရနံ့ခူးယူလာခဲ့သူ မဟုတ်ဘူး

ရာဇဝင်အဆက်ဆက်ရဲ့ နက္ခတ်ဆိုးတွေကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်လာခဲ့တဲ့

စစ်ဘီလူးတွေလက်ထဲကနေ

ဝီရနှင်းတွေ ရွှဲရွှဲစိုနေတဲ့ မေတ္တာတရားနဲ့ ရာဇဝင်တွေကို အကြိမ်ကြိမ်ဖူးပွင့်စေခဲ့တဲ့သူ

ငါတို့အပေါ်မှာ အကြည့်တစ်ဝက်စာလောက်တောင် ဒေါသမဖိတ်စင်ခဲ့ဖူးတဲ့

အဲဒီမေတ္တာဘဏ်တိုက်ကြီးအပေါ်

ငါတို့သတ္တိ / ဒေါသ ဆိုတာကြီးကို သွားမပြမိစေနဲ့

သူဟာ ခေတ်ရဲ့ အမှန်တရား သူဟာ ခေတ်ရဲ့မိခင် သူဟာ ခေတ်ရဲ့ အလင်းရောင်

သူဟာ ဘယ်တော့မှ ငါတို့ထပ်မရနိုင်တော့မယ့်

တစ်ခုတည်းသောစကြာဝဠာရဲ့ဘုရားချီးမြှင့်ခဲ့တဲ့ နောက်ဆုံးသော မီးအိမ်။



ညီလင်းနိုင်

0 comments: