ကမ္ဘာအရပ်ရပ်သို့ဗုဒ္ဒသာသနာ ပြန့်ပွားပုံ (အပိုင်း ၁)

















 သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓသာသနာစတင်ပြန့်ပွားပုံ
သာသနာနှစ် ၂၃၅-နှစ်၊ တတိယအကြိမ် သံဂါယနာတင်ပွဲအပြီးတွင်ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့ များစေလွှတ်ခဲ့ရာ သီဟိုဠ်ကျွန်းသို့ အရှင်မဟိန္ဒမထေရ်ဦးဆောင်သောသံဃာငါးပါးအဖွဲ့ကို စေလွှတ်ခဲ့သည်။ ထိုအချိန်မှစတင်ကာ ဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားခဲ့လေသည်။

ထို့နောက် မကြာမီအချိန်အတွင်း သီဟိုဠ်သူအမျိုးသမီးတို့အား ဘိက္ခုနီ (ရဟန်းမ)ပြုလုပ်ပေးရန် အတွက်သံဃမိတ္တာ ထေရီမကိုလည်း သီဟိုဠ်ကျွန်းသို့ စေလွှတ်ခဲ့သည်။ ထေရီမသည် ဗုဒ္ဓဂယာ မဟာဗောဓိပင်မှပွားယူအပ်သော မူရင်းဗောဓိပင်၏ တောင်ကိုင်းကို တစ်ပါတည်း ပင့်ဆောင်ယူသွားခဲ့ရာ ယခုတိုင်အောင်အနုရာဓမြို့တွင် ရှင်သန်လျက်ရှိပေသည်။
ထိုအချိန်တွင် သီရိလင်္ကာ၌ ဒေ၀ါနံပိယတိဿမင်းအုပ်ချုပ်နေချိန်ဖြစ်သည်။ ထိုမင်းသည် သာသနာ၌ လွန်စွာသက်ဝင် ယုံကြည်၍ သံဃာတော်များသီတင်းသုံးရန်မဟာဝိဟာရမည်သော ကျောင်းတိုက်ကြီးကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ နောင်နှစ် ပေါင်း ၁၀၀-ခန့်အကြာတွင် ဒုဋ္ဌဂါမဏိအမည်ရှိမင်းက အနုရာဓမြို့၌ မဟာစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်။ထို့နောက် ခရစ်မပေါ်မီ ၁-ရာစုတွင် ၀ဋ္ဋဂါမဏိမင်းကြီးက အဘယဂိရိ အမည်ရှိသော ကျောင်းတိုက်ကြီးနှင့်အဘယစေတီတော်ကို တည်ထား ခဲ့သည်။ ခရစ်နှစ် ၄-ရာစု တွင် မဟာသေနမင်းက ဇေတ၀န်ကျောင်းတိုက်ကြီးနှင့်ဇေတ၀နစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ သည်။
အဘယဂိရိသံဃာများသည် မူလက မဟာဝိဟာရသံဃာများနှင့်အယူအဆ တူညီစွာ တစ်လုံး တစ်စည်းတည်း ရှိခဲ့ကြ သော်လည်း မကြာမီပင် အယူအဆကွဲပြားကြ၍ ဂိုဏ်းသီးခြားခွဲထွက်ခဲ့ကြသည်။ အဘယဂိရိ သံဃာများသည် မဟာယာနဂိုဏ်း အချို့၏ စာပေများကို အလေးထား သင်ယူခဲ့ကြပြီးဂိုဏ်းကွဲ ကိစ္စလည်း အငြင်းပွားရမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်ကားပြည်တွင်း မငြိမ်မသက်မှုများနှင့်ကြုံတွေ့နေရချိန်လည်းဖြစ်သည်။ ထို့ကြောင့် သာသနာတော်၏ ရှေ့ရေးကို မျှော်တွေးဆင်ခြင်မိကြသော မဟာဝိဟာရသံဃာဂိုဏ်းသားများသည် ပိဋကတ်တော်များကိုပေထက် အက္ခရာတင်၍ စတုတ္ထ သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုသံဂါယနာမတင်မီ အချိန်အထိ ပိဋကတ် တော်များကိုနှုတ်ဖြင့်သာ အာဂုံဆောင် စောင့်ရှောက်ခဲ့၍ အဆိုပါ သံဂါယနာတင်ပွဲသည် ဗုဒ္ဓစာပေသမိုင်းတွင်ပထမဆုံး အက္ခရာတင်နိုင်ခြင်းဟူသော သမိုင်းအပြောင်းအလဲ မှတ်တိုင်တစ်ခု လည်း ဖြစ်ခဲ့သည်။
ယခုအချိန်တွင်မူ သီရိလင်္ကာနိုင်ငံတွင် မဟာဝိဟာရဂိုဏ်း၊အဘယဂိရိဂိုဏ်း၊ ဇေတ၀န၀ါသီဂိုဏ်း ဟူသောသံဃဂိုဏ်းကြီး များ ကွယ်ပျောက်ခဲ့ပြီး ရာမညဂိုဏ်း၊ အမရပူရဂိုဏ်း၊ သျှာမ်းဂိုဏ်းများစည်ပင်ပြန့်ပွားနေ သည်။ သီရိလင်္ကာနိုင်ငံ၌ တိုင်းတစ်ပါးသား ကိုလိုနီနယ်ချဲ့များ ၀င်ရောက်အုပ်ချုပ်ပြီးဘာသာရေးထိုးနှက်ချက် များကြောင့်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များ ကျ ရောက်ခြင်းကြောင့်လည်းကောင်းဗုဒ္ဓသာသနာတော် မှေးမှိန်အားနည်းရသည့် အချိန်များလည်း ရှိခဲ့သည်။ ထိုကဲ့သို့သော အချိန် ကာလများတွင်မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဘာသာရေးအကူအညီများ ရယူခဲ့ပြီး သာသနာတော်ကိုအားဖြည့်ခဲ့ရသည်။ ယခုခတ်ဂိုဏ်းများ သည် အဆိုပါ ဘာသာရေးကူညီမှု၏ အသီးအပွင့်များဖြစ်သည်။ရာမညဂိုဏ်းနှင့် အမရပူရဂိုဏ်းသည် မြန်မာနိုင်ငံမှ ဆင်းသက်ခဲ့ပြီး သျှာမ်းဂိုဏ်းသည်ထိုင်းနိုင်ငံမှ ဆင်းသက်ပြန့်ပွားခဲ့ပါသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီ က မြန်မာနိုင်ငံမှပြန့်ပွားခဲ့သော ရွှေကျင်ဂိုဏ်းတစ်ဂိုဏ်း ရှိခဲ့သော်လည်း ယခုအခါ ဂိုဏ်းဆက်ခံသည့် တပည့်များ၏ အားနည်းမှုကြောင့်ထင်ရှားခြင်း မရှိ တော့ပေ။
ရှေးခေတ်က သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓသာသနာပြန့်ပွားရာဗဟိုဌာနကြီးဖြစ်ခဲ့သည်။မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယားနိုင်ငံတို့သည် ပိဋကတ်ကျမ်းစာများကိုသီရိလင်္ကာနိုင်ငံမှ ရရှိခဲ့ကြခြင်း ဖြစ်သည်။ သီဟိုဠ်ခေတ် ကျမ်းတတ်အကျော် ဆရာတော်ကြီးများသည်အဋ္ဌကထာ၊ ဋီကာ စသောကျမ်းပေါင်း များစွာတို့ကို ပါဠိဘာသာဖြင့် ရေးသားပြုစုခဲ့ကြရာ ထိုကျမ်းဂန် တို့ကိုထေရ၀ါဒနိုင်ငံများ၌ ယနေ့တိုင်အောင် လေးလေးစားစား သင်ကြား လေ့လာလျက် ရှိကြပေသည်။

ထိုင်းနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
ထိုင်းနိုင်ငံ၌ ရှေးဦးစွာနေထိုင်ခဲ့ကြသော လူမျိုးများသည် ထိုင်းလူမျိုးများ မဟုတ်ကြပေ။ မွန်လူမျိုးများ ဖြစ်ကြသည်။ ထိုင်း လူမျိုးများမှာ တရုတ်ပြည်၊ အနောက်တောင်ပိုင်းမှ ယခုထိုင်းနိုင်ငံ ဟု ခေါ်သော ဒေသသို့ ခရစ်နှစ် ၁၁-ရာစုနှင့် ၁၂-ရာစု အတွင်း၌ တဖြည်းဖြည်း ပြောင်းဝင်လာသော လူမျိုးစုများသာ ဖြစ်လေသည်။
ထိုင်းနိုင်ငံ၏ ရှေးဦးလူမျိုးများဖြစ်သော မွန်တို့သည် ယခုခေတ် ဗန်ကောက်မြို့တော်၏ အနောက်ဘက် မိုင် ၃၀ ခန့်ဝေးသော နခုန့်ပထုမ်ဒေသ၌ စတင်နေထိုင်ကြပြီး အရှေ့ဘက်နှင့် မြောက်ဘက်အရပ်ဒေသများသို့ တဖြည်းဖြည်းပြန့်နှံ့ နေထိုင်ခဲ့ကြသည်။ နခုန့်ပထုမ်ဆိုသည်မှာ နဂရ+ပထမ ပင်ဖြစ်၍ ပထမဦးဆုံးတည်ထောင် သောမြို့ဟု ဆိုလိုသည်။ နခုန့်ပထုမ်ဒေသသည် တတိယ သင်္ဂါယနာ တင်အပြီး အသောကမင်းကြီး သာသနာပြု များစေလွှတ်ခဲ့သော ကိုးတိုင်းကိုးဌာနတွင် သုဝဏ္ဏဘူမိအရပ်၌ ပါဝင်သည် ဟုဆိုသည်။ ယင်းအယူအဆအရ ဆိုသော် သာသနာနှစ် ၂၅၀-နှစ်ခန့်ကပင် ယင်းဒေသ၌ ဗုဒ္ဓသာသနာတော် ရောက်ရှိပြန့်ပွားနေပြီ ဟု ဆိုရပေ မည်။ သို့သော်လည်း ခိုင်မာသော အထောက်အထားများကိုမူ မတွေ့ရသေးပေ။
ထိုဒေသ၌ ရှေးဟောင်းပစ္စည်းများဖြစ်သည့် အိန်္ဒိယပြည်၊ ဂုတ္တခေတ် ဘုရားရုပ်တုများ၊ စဥ့်ထွင်းများ၊ ဓမ္မစကြာပုံတော်များကို တူးဖော်တွေ့ရှိခဲ့ရသည်။ ယင်းအထောက်အထားများအရ ခရစ်နှစ် ၁ ရာစု၊၂ ရာစုခန့်မှာ ပင် ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိနေပြီ ဟု ယူဆရသည်။ ထိုဗုဒ္ဓဘာသာဝင်မွန်လူမျိုးတို့သည် ယခု ထိုင်း နိုင်ငံ ဟု ခေါ်သော ဒွါရာဝတီပြည်၌ ခရစ်နှစ် ၁၁-ရာစုအထိ ယဉ်ကျေးမှုအဆင့်မြင့်မားသော ဒေသခံလူမျိုးများ အဖြစ်ဖြင့် နေထိုင်ခဲ့ကြလေသည်။
ခရစ်နှစ် ၈ ရာစု၌မူ အရှေ့ဘက် ဖူနန် (ကမ္ဗောဇ) နိုင်ငံမှ ခမာလူမျိုးတို့သည် အနောက်ဘက်မွန်နိုင်ငံ သို့ တဖြည်းဖြည်း တိုးဝင်ကာ ရောနှောနေထိုင်ခဲ့ကြသည်။ ထိုစဉ်က ခမာတို့သည် မဟာယာနဗုဒ္ဓဘာသာနှင့် ဗြာဟ္မဏဘာသာ (ဟိန္ဒူဘာသာ) ကို ကိုးကွယ်ခဲ့ကြသည်။ ခရစ်နှစ် ၉-ရာစုမှစတင်ကာ ခမာယဉ်ကျေးမှုပိုမို အားကောင်းလာရာ မွန်တို့အပေါ် လွှမ်းမိုးခဲ့သည်။ ခရစ်နှစ် ၁၁-ရာစု နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ မွန်ယဉ်ကျေးမှု တိမ်ကောလာပြီး မွန်တို့သည်လည်း အနောက်ဘက်သို့ ရွှေ့ပြောင်းနေထိုင် ခဲ့ကြလေသည်။
ထိုင်းလူမျိုးတို့သည် ခရစ်နှစ် ၁၁ ရာစုတွင် ကမ္ဗောဇနိုင်ငံသို့ ရောက်ရှိလာကြပြီး ခမာတို့၏အောက်၌ပင် နေထိုင်ခဲ့ကြသည်။ အုပ်စိုးသူ ခမာတို့ကိုးကွယ်သော ဘာသာတို့ကိုပင် ကိုးကွယ်ခဲ့ကြသည်။ ခမာတို့၏ဘာသာ များသည် ထိုင်းလူမျိုးတို့၏ ဘာသာ စကား၊ စာပေယဉ်ကျေးမှုများအပေါ်သို့ပင် အင်အားကြီးစွာ လွှမ်းမိုးခဲ့သဖြင့် ယခုတိုင် ထိုင်းတို့၏ ဓလေ့ထုံးစံနှင့် ပွဲလမ်းသဘင် အခမ်းအနားတို့၌ မဟာယာနနှင့် ဟိန္ဒူဘာသာအရိပ်အငွေ့ များကို တွေ့ရှိနေရသေးသည်။
ခရစ်နှစ် ၁၃-ရာစုအလယ်ပိုင်းတွင် ထိုင်းတို့သည် တဖြည်းဖြည်းအင်အားစုဆောင်း၍ ခမာတို့ကိုတိုက် ထုတ်လိုက်ကြပြီးမြောက်ပိုင်း၌ လန္နာ ( Lanna ) နိုင်ငံကိုလည်းကောင်း၊ အလယ်ပိုင်း၌ ဆူခေါထိုင်း (Sukhothai) နိုင်ငံကိုလည်းကောင်း တည် ထောင်လိုက်ကြသည်။ ဤလန္နာနှင့် ဆူခေါထိုင်း နှစ်နိုင်ငံသည် ထိုင်း နိုင်ငံ၏ အစပင်ဖြစ်သည်။ ထိုအချိန်မှစတင်ကာ ထိုင်းနိုင်ငံဟု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
နိုင်ငံငယ်များတည်ထောင်ပြီးချိန်၌ သဒ္ဓါတရားနှင့် ပြည့်စုံသော ထိုင်းဘုရင်တို့သည် သီရိလင်္ကာသို့ ရဟန်းတော်များကို စေလွှတ်၍ ပညာသင်ယူစေခြင်း၊ သီရိလင်္ကာမှ ပညာတတ်ရဟန်းတော်များကို ထိုင်းနိုင်ငံသို့ ပင့်ဆောင်ခြင်း စသည်ဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့ကြရာ ယခင် ကိုးကွယ်ခဲ့သော မဟာယာနနှင့် ဟိန္ဒူဘာသာတို့ တဖြည်းဖြည်း အားနည်းကွယ်ပျောက်သွားခဲ့သည်။ ထေရ၀ါဒဗုဒ္ဓဘာသာသည်သာလျှင် ယခုအချိန်အထိ စည်ပင်ပြန့်ပွားနေပြီး နိုင်ငံတော်ဘာသာ အဖြစ်သို့ပင် ရောက်ရှိနေပေပြီ ဖြစ်သည်။
ခရစ်နှစ် ၁၉-ရာစု အလယ်ပိုင်းတွင် အုပ်စိုးသော ပဉ္စမရာမမင်းဆက်ဖြစ်သည့် မောင်းကွတ် (Mongkut) ဘုရင်သည် ဘုန်းတန်ခိုးကြီးမား၍ ဘာသာတရားကိုလည်း အလွန်ကြည်ညိုကိုင်းရှိုင်းသည်။ ကိုယ်တော်တိုင် ၂၇-နှစ်တိုင်တိုင် မွန်ဆရာတော်ကြီး ထံ ရဟန်းဝတ်ဖြင့်နေပြီးမှ မင်းပြုခဲ့သည်။ သာသနာတော် သန့်ရှင်းစေရန် နှင့် ၀ိနည်းစည်းကမ်း တင်းတင်းကြပ်ကြပ် လိုက်နာ ကျင့်ကြံစေရန် ရည်သန်၍ ထမယုတ် (ခ) ဓမ္မဂုတ်္တိဂိုဏ်းကို စတင် တည်ထောင်ခဲ့သည်။ ထိုအချိန်မှစတင်ကာ ဗုဒ္ဓသာသနာတော်၌ မဟာနိကိုင် (မဟာနိကာယဂိုဏ်း)၊ ထမယုတ်ဂိုဏ်းဟူ၍ သံဃာဂိုဏ်း ၂ ဂိုဏ်းဖြစ်ပေါ်လာပေသည်။

ကမ္ဗောဒီးယားနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ
အင်ဒိုချိုင်းနားကျွန်းဆွယ်သည် ခရစ်နှစ် အစပိုင်းခန့်ကပင် အိန္ဒိယကုန်သည်များ ကူသန်းသွားလာရာ ဒေသဖြစ်ခဲ့သည်။ အိန္ဒိယကုန်သည်တို့သည် ဘာသာရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကိုပါ ယူဆောင်လာခဲ့ကြ ရာ ရှေးက ဖူနန် ဟု ခေါ်ခဲ့သော ကမ္ဗောဒီးယား (ကန်ပူးရှား) နိုင်ငံသည် စောစီးစွာပင် ဟိန္ဒူဘာသာ၊ ဟိန္ဒူယဉ် ကျေးမှုပြန့်နှံ့ရာ နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။
ခရစ်နှစ် ၄-ရာစုတွင် ကမ္ဗောဒီးယား၌ အုပ်စိုးသော ခမာဘုရင်တို့သည် ဟိန္ဒူဘာသာဝင်များဖြစ်လာ ကြသည်။ အိန္ဒိယနိုင်ငံ သဗ္ဗတ္ထိဝါဒဂိုဏ်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူ အနည်းအပါးရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။ တရုတ်သမိုင်းနှင့် သက္ကတဘာသာ ကျောက်စာများ အဆိုအရ ခရစ်နှစ် ၅-ရာစုနှစ်၌ ဟိန္ဒူဘာသာ နှင့်အတူ မဟာယာနဗုဒ္ဓဘာသာလည်း ပြန့်နှံ့ခဲ့ကြောင်း သိရှိရလေ သည်။
သီဝနတ်ဘုရားကို ကိုးကွယ်သော ဟိန္ဒူဗြာဟ္မဏယဉ်ကျေးမှုသည် ခရစ် ၆-ရာစုမှ ၁၀-ရာစုအထိ ကမ္ဗောဒီးယား၌ အင်အား ကြီးမားစွာ စည်ပင်ပြန့်ပွားထွန်းကားခဲ့သည်။ ၉-ရာစု ဟိန္ဒူဝါဒီ ခမာဘုရင်များသည် ကြီးမားခန့်ငြားသော ဟိန္ဒူဘုရားကျောင်းများကို တည်ဆောက်ခဲ့ကြသည်။ ကမ္ဘာကျော် အန်ကောဝပ်ကျောင်း ကြီးမှာ ထိုခေတ်၌ တည်ဆောက်ခဲ့သည့် သိဝနတ်ဘုရားကျောင်းကြီးဖြစ်လေသည်။ ၁၃-ရာစုနှစ်တွင် ခမာတို့ ဟိန္ဒူဘာသာကိုစွန့်၍ ထေရ၀ါဒဗုဒ္ဓဘာသာကိုပြောင်းလဲကိုးကွယ်ကြသောအခါမှသာ ဗုဒ္ဓဆင်းတုတော်များ ကိန်းဝပ်ရာ ဗုဒ္ဓဘာသာဘုရားကျောင်းတော်ကြီး ဖြစ်လာခဲ့လေသည်။
ထိုခေတ်၌ ခမာတို့သည် ဟိန္ဒူဘာသာကို ပဓာနထား၍ ကိုးကွယ်ကြသော်လည်း မဟာယာန ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ် ထောက်ပံ့ကြသည်။ မဟာယာနဗုဒ္ဓဘာသာသည် ဘုရင်တို့၏ ပူဇော် ထောက်ပံ့မှုကို အထိုက်အလျောက် ရရှိခဲ့လေသည်။ ခရစ်နှစ် ၁၁-ရာစု၌ အချို့သော ဘုရင်များသည် ဗုဒ္ဓဘာသာကို ပို၍ကြည်ညိုလာကြပြီး တိုးတက်ရေးကို အလေးပေးဆောင်ရွက် လာကြ သည်။ သို့သော် ထိုအချိန်၌ရှိသော ဗုဒ္ဓဘာသာမှာ မဟာယာနဗုဒ္ဓဘာသာသာလျှင်ဖြစ်ခဲ့၏။ အချို့သော ဘုရင်များမှာမူ ဘာသာ နှစ်ခုလုံးကို ရောနှောကိုးကွယ်နေခဲ့ကြသည်။
ခရစ်နှစ် ၁၂-ရာစု၌မူမြန်မာပြည်မှ ရဟန်းတော်တစ်ပါးသည် ကမ္ဗောဒီးယားသို့ကြွရောက်၍ထေရ၀ါဒ ဗုဒ္ဓဘာသာတရား တော်များကို ဟောပြောဖြန့်ဖြူးခဲ့သည်။ ခမာဘုရင်တို့ များစွာနှစ်ခြိုက်ကြည်ညိုကြ၍ အား ပေးထောက်ပံ့လာကြသည်။ ထိုအချိန် မှစ၍ တဖြည်းဖြည်း ထေရ၀ါဒဗုဒ်္ဓဘာသာ ယုံကြည်ကိုးကွယ်သူများ များ ပြားလာခဲ့ကာ ၁၃-ရာစုအကုန်ခန့်တွင် ဟိန္ဒူဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့ ကွယ်ပျောက်သွားခဲ့သည်။ ထိုအချိန်မှစ၍ ယနေ့အထိ ထေရ၀ါဒဗုဒ္ဓဘာသာသည်သာလျှင် စည်ပင်ပြန့် ပွားထွန်းကားလျက်ရှိလေသည်။ ခရစ်နှစ် ၁၄-ရာစုမှစ၍ သီရိလင်္ကာဗုဒ္ဓဘာသာနှင့် ကမ္ဗောဒီးယားတို့ ဆက်သွယ်မိကြသောအခါ ကမ္ဗောဒီးယား ၌ ထေရ၀ါဒဘာသာ ရောင်ရှိန်ထွန်းပြောင်လာသည်။ ထိုင်းဗုဒ္ဓဘာသာ၏ သြဇာအရှိန်အ၀ါလည်း ကမ္ဗောဒီးယား ၌ အမြဲတစေ ပြန့်နှံ့လျက်ရှိနေခဲ့သည်။

ဘိက္ခုသကျလောက
(“ မှီငြမ်း။ ။ ဗုဒ္ဓဒေသနာ ပြန့်ပွားရေးပညာဌာန ပို့ချချက်များ
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ( ရန်ကုန် )နှင့် အခြားစာစုများ ”)

0 comments: