ဒိုင်ယာဇီပင်



(၁)
ရုတ်တရက်တော့ နောက်နေသည်ပဲ ထင်မိသည်။
သူတို့နှင့်အတူတောင် လိုက်လံရယ်မောနေခဲ့သည်။ သည်လိုအခြေအနေတွေ ရှိနိုင်တယ်ဟူ၍လည်း ကြိုတင် မမှန်းဆခဲ့..။ ပြီးတော့. .သူ့အပေါ် အပြီးတိုင် ယုံကြည်ထားခြင်းလည်းပါသည်။
သို့တိုင်..အဖြစ်အပျက်အားလုံးက တက်တက်စင်အောင် လွဲမှားခဲ့ပြီ။ကံတရားက အမှန်တရားကို သူတို့ကြားသို့ လှပသေသပ်စွာ ချပြခဲ့သည်လား။ စုတ်ချက်ကြမ်းသော ပန်းချီကား တစ်ချပ်နှယ်....
* * * *
(၂)
ဝတ်လွှာငယ်သည် အထီးကျန်ခြင်းကို မွေ့လျော်ကာ ၀န်းကျင်နှင့် စိမ်းသက်သက် နေတတ်ခဲ့သည်ဆိုပေမယ့် ကြောက်ရွံ့ တုန်လှုပ် တတ်သည့် ယုန်သူငယ်မလေး မဟုတ်ခဲ့။ တွေဝေငေးမောနေသော ၀တ်လွှာငယ်၏ အာရုံထဲဝယ် ထက်မြက်စူးရှသည့် အနုပညာ တွေ ကိန်းအောင်းနေတတ်သည်။ လှပသော အနာဂတ်တစ်ခုသည် ၀တ်လွှာငယ်၏ ရင်ထဲ၌ အမြဲကိန်းဝပ်နေသည်။ ပညာ. . ဘ၀ . . .အနုပညာ ဘယ်လောက်တိကျမှန်ကန်တဲ့ အစီအစဉ်တစ်ခုလဲ.....။
သူက ၀တ်လွှာငယ်၏ ပထမဆုံးသူငယ်ချင်း ဖြစ်သည်။ ပထမဆုံး မိတ်ဆွေဖြစ်သည်။ နောက် ပထမဆုံး........။ သူနှင့် စတင်သိကျွမ်းခဲ့ရခြင်းသည် ခင်မင်ရှုင်းနှီးနှစ်လိုစွာ ပြုံးပြတတ်သော သွားစွယ်လေးများကြောင့် ဖြစ်သည်။ ဒုတိယ အနုပညာဆန် လှသော လက်ချောင်းသွယ်သွယ်များ.....။ တတိယ အေးဆေးတည်ငြိမ်စွာ စကားပြောဆိုတတ်မှု။
အပေါင်းအသင်းမရှိ၍ အေးစက်စက်ဆန်လှသော ၀တ်လွှာငယ်ကို သူကနွေးထွေးစွာ လှုပ်နိုးစေခဲ့သည်ပဲ ။ တိုက်ဆိုင်လှစွာ ၀တ်လွှာငယ်၏အိမ်မက်တွေကို သူကအခိုင်အမာ လက်ခံအားပေးခဲ့သည်။ ၀တ်လွှာငယ်၏ အနုပညာကို ရဲရဲရင့်ရင့်ခံစား နားလည်ပေးခဲ့သည်။ သည်တစ်ချက်နှင့်ပင် သူသည်ဝတ်လွှာငယ်၏အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်ဖြစ် လာ ခဲ့သည်။
တိုတောင်းသော အချိန်ကာလအတွင်း၌ပင် သူနှင့်ဝတ်လွှာငယ်သည် အရင်းနှီးဆုံး၊ အနွေးထွေးဆုံး မိတ်ဆွေများ အဖြစ် သို့ ရောက်ရှိသွားခဲ့သည်။ ၀တ်လွှာငယ်ထက် လေးနှစ်ခန့်ကြီးသော၊ မကြာသေးမီကမှ ဘွဲ့တစ်ခုရရှိထားသော သူသည် ပထမနှစ် ကျောင်းသူ ၀တ်လွှာငယ်ရှိရာသို့ နေ့စဉ်လိုလိုရောက်ရှိခဲ့သည်။ သူလာတိုင်း အကြောင်းအရာ သစ် တစ်ရပ်ကတော့ ပါလာ မြဲဖြစ်သည်။
ခေတ်ပေါ်ကဗျာ၊ ခေတ်ပေါ်ဝတ္တုတို၊ မဂ္ဂဇင်းများ၏စံနှင့် သဘောတရား၊ ၀တ်လွှာငယ်၏ အနုပညာအပေါ်ဝေဖန် သုံးသပ်ချက်. .။ တစ်မျိုးနှင့် တစ်မျိုး အကြောင်းအရာ မတူညီစွာ စိတ်ဝင်စားဖွယ် ပြောဆိုတတ်ခဲ့မှုတို့သည် ၀တ်လွှာငယ် ကို ညှို့ငင်နိုင်ခဲ့သည်။
ထိုစဉ်ကတော့ တောင့်တခဲ့ရသော အဖော်သည် သူဟုပင် တထစ်ကျ ယုံကြည်လက်ခံထားခဲ့သည်။
* * * *
(၃)
လုပ်ရက်သည်ဟူ၍ တွေးတောရမည်လား။ သူနှင့် ၀တ်လွှာငယ်ဟာ တစ်လျှောက်လုံး ဖြူစင်ရိုးသားသော အရင်းနှီးဆုံး မိတ်ဆွေ ဖြစ်ခဲ့သည်ပဲကွယ်။ ရံဖန်ရံခါ ရီဝေသိမ်မွေ့စွာ ငေးကြည့်တတ်သော သူ့မျက်ဝန်းတွေကိုတော့ ၀တ်လွှာငယ် အပြစ်တင်ချင်သည်။ ဒါကို ရိုးသားမှုလို့ သူကျိန်ဆိုပြီး ပြောဝံ့ရဲ့လား။
သူ့ကို ငေးမောတတ်သော ၀တ်လွှာငယ်၏ မျက်ဝန်းတွေကော. . .။ ဒါကိုလည်း မဖုံးကွယ်ချင်တော့ပြီ။ ယခုအချိန် ၌ ၀တ်လွှာငယ် ပြင်းပြင်းပြပြခံစားရမှုတို့သည် ၀မ်းနည်းမှု၊ နာကျင်မှု၊ နောက်. . . .ရှက်ရွံ့မှု..။
သို့သော် အေးစက်စက်ဆန်သူပီသစွာ ၀တ်လွှာငယ် ဟန်ဆောင်ကောင်းခဲ့သည်။ အပြုံးတစ်ပွင့်ကို ဖောဖော သီသီပင် နှုတ်ခမ်းဖျားဝယ် တပ်ဆင်ထားခဲ့သည်။ သူရှေ့၊ သူငယ်ချင်းများ၏ ရှေ့ဝယ် ရယ်ရယ်မောမောပင် နောက်ပြောင် ပြောဆို နေခဲ့ သည်။
အံ့သြဖွယ်ကောင်းလှစွာ သူကလည်းတစ်စက်ကလေးမှ မျက်နှာတစ်ချက်မပျက်။ သူကိုယ်တိုင်ပင် ရယ်မော နောက်ပြာင် နေသည်။ သူရောဟန်ဆောင်ကောင်းခဲ့သည်လား။ ဒါမှမဟုတ် ဟန်ဆောင်ဖို့မလိုအပ်ခဲ့လောက်အောင် သမားရိုးကျအဖြစ်အပျက် တစ်ခုဖြစ်ခဲ့သည်လား။
သူငယ်ချင်းအားလုံး ပြန်ရန်ပြင်ဆင်ချိန်၌ သူ့မျက်လုံးများသည် ၀တ်လွှာငယ်ထံသို့ ဖျတ်ကနဲရောက်ရှိလာသည်။ မဆိုစလောက် ကလေးပါပဲ။ သည်အခိုက်တန့် တဒင်္ဂကလေးမှာ ၀တ်လွှာငယ် မြင်လိုက်ရသည်က. . . .။
အို. . . . . .အရာအားလုံးတောက်လျှောက်မှားယွင်းခဲ့ပြီ။
* * * *
(၄)
သူနှင့်ဝတ်လွှာငယ်သည် ချစ်သူတွေ မဟုတ်ခဲ့ပါ။
ဝတ်လွှာငယ်နှင့် သူ့ကြားတွင် (အချစ်) ဆိုသော စကားလုံးကို ယောင်ယောင်မျှပင် မသုံးစွဲခဲ့။ ၀တ်လွှာငယ်နှင့် သူသည် အပြန်အလှန် နားလည်မှုပေးနိုင်ခဲ့ကြသော မိတ်ဆွေများပင်ဖြစ်သည်။ အပြင်ပန်းမာသယောင်နှင့် အတွင်းစိတ် ပျော့ပျောင်းလွယ် လှသော ၀တ်လွှာငယ်ကို အစဉ်ဖေးမခဲ့သူက သူ ဖြစ်သည်။
ဝတ်လွှာငယ်၏ အိမ်မက်တွေကို အမြဲရှင်သန်နေအောင် ရဲရင့်စေခဲ့သူက သူ ဖြစ်သည်။ ခါတရံ ဘ၀အခက်အခဲ၊ အလုပ်အကိုင် အဆင်မပြေမှုတို့ဖြင့် ညှိုးမှိန်ဖျော့တော့နေသော သူ့သွင်ပြင်ကို မြင်မိလျှင် ရင်၌ဖြစ်တည်သော ကရုဏာ အင်အားဖြင့် စကားနည်း လှသော နှုတ်ခမ်းမှ စကားများစွာပွင့်အံကျလာသည်မှာ ၀တ်လွှာငယ်ဖြစ်သည်။
ဝတ်လွှာငယ်တို့သည် ပန်းခြံရိပ်သို့မသွားခဲ့ဖူးပါ။ ကန်ဘေးသို့လည်း မလှမ်းခဲ့ဖူးပါ။ ယုတ်စွအဆုံး ဘုရားသို့တောင် အတူတကွ မသွားခဲ့ဖူးသည်ပဲ။ (အလုပ်သွားရင်း လမ်းကြုံလို့ဝင်တတ်တာ)ဟူသောအကြောင်းပြချက်ဖြင့် ၀တ်လွှာငယ်၏ ကျောင်းသို့လာ သည် မှလွဲ၍ ဒီ့ထက်ပိုသော၊ ရင်းနှီးနွေးထွေးသော ဆက်ဆံမှုမျိုး ၀တ်လွှာငယ်တို့ကြားတွင် မရှိခဲ့ဖူးပါ။
ဒါဆို ဘာတွေမှားယွင်းခဲ့သည်လဲ. . . .။
သေချာတာကတော့ အဇ္ဈတ္တပင်ဖြစ်သည်။
* * * *
(၅)
”၀တ်လွှာငယ်”
တည်ငြိမ်သော သူ့ခေါ်သံအောက်တွင် ခံစားမှုအားလုံးဥပေက္ခာပြုကာ ၀တ်လွှာငယ်လည်း အေးဆေးတည်ငြိမ်စေရသည်။ သူကမ်း ပေးသော ဓာတ်ပုံကို လှမ်းယူမိခိုက် ရင်ကမျက်ကနဲတော့ နာကျင်ချင်သည်။
”ကျွန်တော့်အမျိုးသမီးနဲ့ သားပုံပေါ့”
”သြော် အင်း ကလေးက ချစ်စရာလေးပဲ၊ ဒီက အစ်မကလည်းချောတယ်နော်။ ဒါနဲ့ ကျွန်မတို့ဒီအကြောင်းကို တစ်ခါမှစကား မစပ်မိကြဘူး”
ဝတ်လွှာငယ်၏ စကားအဆုံးသူက အိမ်မက်မက်နေရာမှ လန့်နိုးသလို ကယောင်ကတမ်းဝင်ဖြေသည်။
”အင်း. . . .ဟုတ်တယ်နော်. . . . .စကားမစပ်မိကြဘူး”
ထို့နောက် သူပြန်လည်ငြိမ်သက်သွားသည်။
”ကလေးက ဘယ်လောက်ရပြီလဲ”
”တစ်နှစ်ပြည့်တော့မယ်”
”ထွားသားနော်”
”အင်း”
သူမတို့အကြား တိတ်ဆိတ်ငြိမ်သက်မှုကို ၀တ်လွှာငယ် သည်းမခံနိုင်တော့။ ဒီနေ့မှပြောစရာစကားက သည်လောက်ရှား ပါး နေသည်လား။ ယခင်နေ့များနှင့်ဆန့်ကျင်စွာ ငိုင်တွေငြိမ်သက်လှသော သူ့အသွင်သည် အားစရာ မကောင်းလှချေ။ ရယ်သံ တစ်ခုကို သိသိသာသာပင်ဖန်တီးလျှက် ၀တ်လွှာငယ် ပေါ့ပါးစွာ ရယ်မောလိုက်သည်။
”ကိုလင်းနိုင်က ကျွန်မဆီ လာလည်ပြီး ကျောက်ရုပ်လုပ်နေတာကိုး
”ဟင်. . . .အင်း. . . .ဟုတ်တယ်။ အဲဒီ့လိုဖြစ်နေပြီ။ ဆောရီးဗျာ။ ကျွန်တော် နည်းနည်းခေါင်းကိုက်နေတာနဲ့.”
သူက အသက်မပါသလို လိုက်ပြောရင်း ခြောက်ကပ်ကပ်ရယ်သည်။ သည့်နောက် ပြန်လည်တိတ်ဆိတ်သွားသော စကား ၀ိုင်းကို ၀တ်လွှာငယ်ကိုယ်တိုင် ထပ်မံမလှုပ်နိုးနိုင်တော့ပါ။
အချိန်များစွာ ကြာမြင့်ပြီးသည့်အခါမှ သူ့ထံကနေ
”ကျွန်တော်ပြန်ဦးမယ်”
ဝတ်လွှာငယ် ခေါင်းတစ်ချက်ဆတ်လိုက်ရုံမှအပ မည်သည့်စကားမှပြန်မပြောဖြစ်။ စင်စစ် ၀တ်လွှာငယ်ကိုယ်တိုင်ကော ငိုင်တွေငြိမ်သက်နေရသည်ပဲလေ။
စာသင်ခန်းပြင်ပသို့ အကြည့်ရောက်မိစဉ် နေသည်ခြစ်ခြစ်တောက်ပူနေသည်။ လေတစ်ချက် ဝေ့ကနဲ တိုက်ခတ် သွားသော်လည်း မအေးမြ။ ပူပြင်းသော နေရောင်ကို ဖြတ်သန်းလာရသောလေသည် လေပူဖြစ်နေသည်။ ရင်ထဲ၌ စကား တစ်ခွန်း ရေရွတ်မိသည်။ နှုတ်ဖျားမှ ထွက်ဟကျမလာသဖြင့် ဘေးမှသူငယ်ချင်းများ မသိလိုက်။
ထို့ပြင် ၀တ်လွှာငယ်ကိုယ်တိုင်လည်း ဘာစကားမှန်း သေချာမသိ။
* * * *
(၆)
နောက်နေ့များ၌ သူရောက်မလာခဲ့။
နှုတ်ခမ်းကို တွန့်ရုံပြုံးရင်း ရေရွတ်လိုက်သည်။
”လိပ်ပြာမသန့်သူရဲ့သွားရာလမ်းဟာ ဒါပဲ”
ရေရွတ်သော ၀တ်လွှာငယ်ကိုယ်တိုင် မလုံခြုံသလို။ တစ်ခုခုတော့လွဲမှားနေခဲ့ပြီကွယ်။ ညဦးပိုင်းက ရေးသားလာခဲ့သော ၀တ္တုတစ်ပုဒ်သည် ဖတ်ရှုပေးမည့်သူ ကင်းမဲ့စွာ လွယ်အိတ်ထဲငြိမ်သက်နေသည်။
”ကိုလင်းနိုင်သို့စာပေလက်ဆောင်”ဟုရေးထိုးထားသော အပျော်တမ်းထုတ်ဝေသည့် ကဗျာစာအုပ်ငယ်သည် ပေးပို့ရန် နေရာမရှိဘဲ ဖြစ်နေသည်။မကြာသေးခင်ကမှ ဖတ်ရှုလာခဲ့သော လူငယ်ကဗျာဆရာတစ်ယောက်နှင့် အင်တာဗျူးဆောင်း ပါး အကြောင်းကို တစ်စုံ တစ်ယောက်အား ဆွေးနွေးပြောပြချင်စိတ်တို့သည် ရင်၌ရုန်းထိုးလှုပ်ရှားနေသည်။
ဒီနှစ်နွေဟာ ပိုမိုပူပြင်းလှသည်ကွယ်။
ကင်တင်းအသွား ခြေအလှမ်း၌ လာနေကျ အဖော်ကိုသတိရသည်။ နှစ်များစွာ တစ်ယောက်တည်း သွားလာ နေတတ်သော အကျင့်တို့သည် လပိုင်းမျှသောကာလနှင့်ပင် ကောင်းကောင်းပျက်စီးခဲ့သည်ပဲ။ လှမ်းနေကျ ခြေလှမ်း တို့ သည်ပင် မကြာခဏ လွဲမှားချင်သလိုလို။
ရင်သည် လစ်ဟာမှုဖြင့် အေးစိမ့်နေသည်။
မျက်မှန်းတမ်းမိနေသော ကောင်မလေးတစ်ယောက်ကို ဇွတ်ရယ်ပြကာမိတ်ဖွဲ့လိုက်ရသည်။ ကောင်မလေးက ကြောင်အမ်းအမ်း။
”ကင်တင်းသွားမလို့လား။ တို့လည်း သွားမလို့။ လာအတူသွားကြမယ်နော်”
”ရှင် သြော် ဟုတ်ကဲ့ ရပါတယ်”
စာကြည့်တိုက်ရှေ့ဖြတ်မိစဉ် ငှားထားသောစာအုပ်တို့ကို သတိရသည်။ စာဖတ်ရဦးမည်။ နောက် စာရေးရဦးမည်။ နောက်ဆုံးတော့ ၀တ်လွှာငယ်ဟာ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပဲ။ လေပြည်ကဝေ့ကနဲ တိုက်ခတ်သွားသည်။ အေးစက်စက်. . . . . . .။
* * * *
(၇)
လရောင်သဲ့သဲ့သည် အခန်းတွင်းခပ်နွဲ့နွဲ့ကျရောက်နေသည်။
စားပွဲပေါ်မှ စာကြည့်မီးသီးမှိန်ဖျဖျမှတပါး ပကတိ တိတ်ဆိတ်မှောင်မိုက်လျှက်။
ကုလားထိုင်ပေါ်မှ ပါးလှပ်လှပ်သဏ္ဌာန်သည် မလှုပ်မယှက် အနေအထားဖြင့် စားပွဲခုံပေါ်ရှိစာရွက်ဖြူလွလွကို ငေး စိုက်ကြည့်နေသည်။ မသဲမကွဲမီးရောင်အောက်ဝယ် သူမမျက်လုံးများ တောက်ပြာင်စူးရှနေသည်။ တင်းတင်းစေ့ထား သော နှုတ်ခမ်းလွှာတို့သည် ပိုမိုပါးလျသွားသယောင်. . . .ထိုစာရွက်ကို ဖွင့်ဖတ်ဖို့ ၀န်လေးနေသည်။
ဒါတွေဟာ တစ္ဆေတစ်ကောင်လိုပဲ။
သိပ်ကြောက်စရာ ကောင်းတယ်။
ဝတ်လွှာငယ်
ကျွန်တော် ဒီစာကို ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ်ရေးလိုက်ပါတယ်.။ ကျွန်တော် အခုကချင်ပြည်နယ် ရောက်နေ ပါပြီ။ နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့တဲ့အတွက် ခွင့်လွှတ်ပါ။ ကျွန်တော် ဒီစာကိုရေးရတာလည်း ကျွန်တော့်ဘ၀ရဲ့ အမှန် တရား တစ်ခုကို ၀တ်လွှာငယ်ဆီမှာ ဖွင့်ဟ၀န်ခံခဲ့ချင်လို့ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်မကင်းဘူးလို့ ခံစားရတယ်။ ၀တ်လွှာင
ယ် ကို အားနာတယ် ။ဒါပေမယ့် ကျွန်တော်ပြောခဲ့ပါရစေ။ ကျွန်တော်တို့တတွေဟာ ဘယ်သောအခါမှ ပြန်လည် ဆုံတွေ့တော့မှာ မဟုတ်တဲ့အတွက် ကျွန်တော့်ရင်ထဲက စကားတစ်ခွန်းကို ပြောခဲ့ချင်ပါတယ်။ကျွန်တော် ၀တ်လွှာငယ်ကို. . .
စာရွက်သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ဟင့်အင်း မလိုအပ်တော့ဘူးလေကွယ်။
ကုတင်ပေါ် အရုပ်ကြိုးပျက် လှဲချလိုက်သည်။ ရင်ကို တစ်စုံတစ်ခုက ဆုပ်ကိုင်ချေမွထားသလို။
မိုင်ပေါင်းထောင်ချီ ပြေးလွှားလာရသူလို တလှိုက်လှိုက်မော။
ရင်သည် တနင့်နင့် ကြေမွနေသည်။
ကြည့်စမ်း. . .သန်းခေါင်ကျော်နေပြီ။ အိပ်မှ ဖြစ်တော့မယ်။ မျက်စိဇွတ်မှိတ်သော် ခေါင်းက တစစ်စစ်ကိုက်။
ဒီညတော့ ဆေးသောက်အိပ်မှ ဖြစ်မယ်။
* * * *
(၈)
ဒိုင်ယာဇီပင် ဆေးတစ်ပြားပျော်ဝင်လောက်သည့် အချိန်ရောက်သည့်တိုင် အိပ်၍မပျော်။
ဆေး၏ အိပ်စေသည့် အစွမ်းသတ္တိနှင့် လူ၏ မအိပ်ချင်သည့်ဆန္ဒတို့ကြားဝယ် အသိအာရုံသည် ရီဝေေ၀ဖြစ်နေသည်။ 

ရွှေအိမ်စည်မေ

0 comments: