ပိုးဖလံ



အို.. ငွေရောင်မြစ်ကြီးက လှလိုက်တာနော် မေမေရယ်
လှေဦးက ရေပြင်ကို ထိုးခွဲသွားတဲ့အသံဟာ တသွင်သွင်စီးဆင်းလို့နေတဲ့ မြစ်ရေစီးသံကို မဖုံးလွှမ်းနိုင်ပါဘူးလို့ သမီးမပြောဘူးလား။ အခုပဲကြည့်.. ဇင်ယော်လေးတွေ တောင်ပံခတ်သံတဖျတ်ဖျတ်အောက်မှာတောင် မြစ်ရေစီးသံ ငြိမ့်ငြိမ့်လေးကို မေမေ ကြားနေရသေးတယ်လေ။
အို.. လေတွေ သိပ်ကြမ်းတာပဲနော်။ ငှက်လေးတွေတောင် လန့်ပြီး ဟိုးအဝေးကြီး ပြေးကုန်ပြီ။ မြစ်ရင်ခွင်မှာလည်း လှိုင်းတွေထန်လာလိုက်တာ.. လှေလေးတောင် လူးလွန့်လို့။ လှေနံရံကို မြဲမြဲကိုင်ဆုပ်ထားနော် မေမေ။ မဟုတ်ရင်လည်း သမီး လက်မောင်းကို လာတွဲထား။ မေမေ ရေထဲပြုတ်ကျနေဦးမယ်။ သိပါတယ် မေမေရယ်.. မေမေရေကူးတတ်တယ်ဆိုတာကို။ ဒါပေမယ့် ရေအရှင်မှာ မေမေ ရေကူးဖူးတာမှ မဟုတ်ဘဲ။
အိုအို.. လှေမှောက်ပြီ။ မေမေရေ.. မေမေ.. ညာဘက်ကမ်းကို ရောက်အောင်ကူး မေမေရေ။ သမီးတို့ရောက်နေတဲ့နေရာက ညာဘက်က သောင်တွေနဲ့ ပိုနီးတယ်။ လာ မေမေ။ သမီးတို့ အတူတူ ကူးကြမယ်။ အို.. မေမေ မောနေပြီလား။ သမီးကို ကိုင်ထားပြီး ကိုယ်ကို ဖော့ထား။ အသာမှိန်းပြီး လိုက်ခဲ့နော် မေမေ။ ဟင်.. မေမေ ဘယ်ရောက်သွားတာလဲ။
ဟာ.. ငါးကြီးတွေ.. ငါးကြီးတွေ.. မလာပါနဲ့။ ဟင့်အင်း မေမေ့ကို မကိုက်ပါနဲ့။ ရှုး ရှုး သွားကြပါ။ သွားကြစမ်းပါ။ မေမေရေ.. ဒီဘက်ကို လာပါ။ အို.. ရေလှိုင်းတွေက သမီးကို အဝေးဆီ တွန်းထုတ်နေတယ်။ မေမေ ကျန်ခဲ့ပြီ။ ဘယ်လိုဖြစ်ပြီး သမီးတစ်ယောက်တည်း သောင်ပေါ် ရောက်လာတာလဲ။ မေမေရော.. မေမေ မရှိတော့ဘူး။ မေမေ့ကို ငါးကြီးတွေက စားသွားကြပြီ။ မြစ်ရေပြင်ကြီးမှာလည်း သွေးချင်းချင်းနီလို့။
မေမေရေ …
မေမေရေ ..
မေမေရေ . ။
v v v
ဇွန်လ ၁၃ရက် ၁၉၈၀ခုနှစ်
သောကြာနေ့
ပြက္ခဒိန်ကို ကြည့်ရင်း ကြည့်ရင်း မျက်ရည်တွေကြောင့် ဝေဝါးလာတယ်။
အဲတာဟာ အိပ်မက်ပါလို့ ညို့ကိုညို ပြောနေမိတာ ဘယ်နှစ်ကြိမ်ရှိသွားပြီလဲ။ ညို ဘာဖြစ်နေသလဲ။ ဘာကို ညို ကြောက်နေတာလဲ။ ဘာဖြစ်လို့ အဲသည် အိပ်မက်ကိုမှ မမေ့နိုင်အောင် ဖြစ်နေရတာလဲ။ တမနက်ခင်းလုံး ညို ငိုနေခဲ့တာပါ။ မနက်စာစားပြီးကတည်းက နေလို့သိပ်မကောင်းဘူးဆိုပြီး ညို့အခန်းဆီ ပြန်လာပြီး ငိုနေခဲ့တာ။
ဖေဖေကတော့ ကျောင်းမသွားခင် ညို့ကို တစ်ခါလာကြည့်သွားသေးတယ်။ ဖေဖေကျောင်းသွားပြီးတော့ တစ်အိမ်လုံးက တိတ်ဆိတ်နေတယ်။ မေမေကတော့ တမနက်ခင်းလုံး ညို ငြိမ်နေတာကို သိဟန်တောင် မတူပါဘူး။ ဒါမှမဟုတ် ညို အိမ်မှာ ရှိနေတာကိုတောင် သိချင်မှ သိမှာ။ မေမေက ဘယ်သိမှာလဲ။ မေမေ့ အာရုံတွေက .. ။
v v v
ဘယ်အချိန်ကတည်းက မေမေ့ အာရုံတွေဟာ ဖေဖေနဲ့ ညို့ဆီကနေ ဝေးရာကို ရောက်နေခဲ့တာလဲ။ ညို့ မျက်စိထဲမှာ မေမေ ခေါ်လာတဲ့ အဲသည်ကောင်လေးကို မြင်ယောင်လာတယ်။
သူလေးခမျာ အသားလေးဖြူသလောက် ဆံပင်လေးတွေက နီကြောင်ကြောင်။ မျက်လုံးလေးက ကလယ်ကလယ်။ ညိုနဲ့ ဖေဖေ့ကို မဝံ့မရဲ ကြည့်နေတယ်။ သူ့ကိုယ်မှာ ဝတ်ထားတဲ့ စပို့ရှပ်လေးကတော့ အသစ်စက်စက်။ မေမေ ဝယ်ဆင်လာခဲ့တာ ဖြစ်မယ်။
“သား လာ ရှေ့တိုး။ ဒါက ဖေဖေ၊ ဒါက မမ။”
“ဒီကလေးကို ကျွန်မ မွေးစားမလို့ ခေါ်လာတာ ဆရာကြီး။ သူလေးခမျာ မိဘမဲ့။ ဘုန်းကြီးကျောင်းမှာ ကပ်နေနေရတာ။ မြင်မြင်ချင်း သံယောဇဉ် ဖြစ်မိလို့ အိမ်ကိုခေါ်လာတာပဲ။”
မေမေ့စကားကို တသွေမတိမ်း နားထောင်လေ့ရှိတဲ့ ဖေဖေက ဒီတစ်ခါမှာလည်း မေမေ့ဆန္ဒကို မငြင်းခဲ့ပါဘူး။
“ညို.. ဒါ သမီးရဲ့ မောင်လေး ဖြစ်သွားပြီနော်။ ချစ်ချစ်ခင်ခင် နေရမယ် ကြားလား။”
အဲသည်တုန်းက ဖေဖေ့မျက်နှာ ကွက်ခနဲ ပျက်သွားတာ ညို မြင်လိုက်ပါတယ်။ ညို့တစ်သက်မှာ ဖေဖေ့မျက်နှာ ညိုတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပါပဲ။
အဲသည်တုန်းက ညို့အသက် ၁၃နှစ်။ အဌမတန်းကျောင်းသူ။ ဖေဖေက ညိုတို့ ကျောင်းမှာ ကျောင်းဆရာ။ အဌမတန်းမှာ သင်္ချာဘာသာ ပြတယ်။ ညိုက အိမ်မှာဆို ဖေဖေ့သမီး၊ ကျောင်းမှာဆို ဖေဖေ့ရဲ့တပည့်။
အဲသည့်နေ့ မုန့်စားဆင်းချိန်မှာ ဖေဖေက ညို့ကို လာရှာတယ်။ ကျောင်းမှာဆို ဖေဖေက ညို့ကို လာရှာလေ့မရှိတာမို့ နည်းနည်းလေးတော့ အံ့အားသင့်ခဲ့မိတယ်။
“သမီး.. ဟိုကောင်လေးကို တရင်းတနှီး ဆက်ဆံစရာ မလိုဘူးနော်။ သူက ငယ်တယ်ဆိုပေမယ့် သမီးတို့ချင်းကွာလှမှ တစ်နှစ်၊နှစ်နှစ်ပေါ့။ နောက်တစ်နှစ်၊နှစ်နှစ်ဆို သူက သမီးထက် လူကောင် ထွားလာဦးမှာ။ ဖေဖေ ဘာဆိုလိုချင်သလဲ သမီး သဘောပေါက်တယ် မဟုတ်လား။”
ညိုလေ ဖေဖေ့ကို တအားလည်း ချစ်သွားတယ်။ သနားလည်း သနားသွားတယ်။ ဖေဖေက မေမေတောင် စိတ်ပူရကောင်းမှန်း မသိတဲ့ ညို အရွယ်ရောက်စပြုနေတဲ့အဖြစ်ကို ပူပန်ပေးရှာတာကိုး။ ဒါပေမယ့် ဒီစကားတွေကို မေမေ့ရှေ့မှာ မပြောရဲတဲ့ ဖေဖေ့ကိုတော့ ညို တကယ်ပဲ သနားနေမိခဲ့ပါတယ်။
ဖေဖေတို့ကို လူကြီးချင်း ပေးစားလို့ ယူကြတာလားဟင်လို့ ညို ငယ်ငယ်က စပ်စပ်စုစု မေးခဲ့ဖူးတော့.. ဘယ်ကလာ သမီးရဲ့။ ဖေဖေတို့ချင်း ချစ်လို့ ယူတာပါတဲ့။ ဖေဖေ ပြောလို့သာ ညို ယုံခဲ့ရတာပါ။ ညို မြင်တွေ့ရသလောက်တော့ မေမေက ဖေဖေ့ကို ချစ်ဟန် မတူပါဘူး။ မေမေက ဖေဖေ့ကို အမြဲတမ်း အနိုင်ယူခဲ့တာပါ။ ပြီးတော့ ဖေဖေနဲ့ မေမေက အကျင့်စရိုက်၊ ဝါသနာ၊ ရပ်တည်မှု အရာအားလုံးမှာ ဆန့်ကျင့်ဖက်ချည်းပဲ။
ဖေဖေတို့က ကျောင်းဆရာမျိုးရိုး။ ဖေဖေ့ ဖခင်ကစလို့ ဖေဖေတို့ ညီအစ်ကိုတွေအကုန်လုံးက ကျောင်းဆရာတွေချည်းပဲ။ ဖေဖေက အမြဲတမ်း အေးအေးချမ်းချမ်း နေတတ်သူတစ်ယောက်။ တစ်ယောက်ယောက်ကို ဖေဖေ စိတ်ဆိုးစိတ်တိုနေတယ်ဆိုတာ ညို လုံးဝ မကြားဖူး၊မမြင်ဖူးခဲ့ဘူး။ ပြီးတော့ ဖေဖေက သူ့တပည့်တွေကိုတောင် နာမည်ရှေ့မှာ ကိုတို့ မတို့ တပ်ခေါ်တဲ့ အထိ သိမ်မွေ့တဲ့သူ။ နောက်ဆုံး ဖေဖေက ကျောင်းကိုတောင် ကိုယ်ပိုင်ကားယူသွားတတ်သူ မဟုတ်ဘူး။ စက်ဘီးလေးနင်းပြီးသွားလေ့ရှိတာ။ အဲသည်လောက်ထိ ရိုးစင်းတဲ့သူ။
မေမေကတော့ ဖေဖေ့ရဲ့ ဆန်ကျင့်ဖက်ပါ။ ကုန်သည်မျိုးရိုးကနေ ဆင်းသက်လာသူဆိုတော့ မွေးကတည်းက ရွှေပေါ်မြတင်နေလာရသူ။ သူကိုယ်တိုင် စီးပွားရှာတဲ့အခါမှာလည်း ဘာမဆို ဖြစ်ထွန်းအောင် လုပ်နိုင်တယ်။ တကယ်တော့ ဖေဖေ့ကျောင်းလခဆိုတာ ဘယ်လောက်မှ ရှိတာမဟုတ်ပါဘူး။ မေမေ့စကားနဲ့ဆို အိမ်ဈေးဖိုး တစ်ပတ်စာတောင် မရှိချင်ဘူးတဲ့။ ညိုတို့ရဲ့ နှစ်ထပ်တိုက်၊ တစ်စီးပြီးတစ်စီး မေမေလဲစီးနေတဲ့ နောက်ဆုံးပေါ်ကားသစ်၊ အကျီင်္အရောင်နဲ့ တိုက်ပြီးဝတ်တဲ့ မေမေ့ လက်ဝတ်လက်စားတွေ… ဒါတွေ အကုန်လုံးက မေမေ့စီးပွားရေးကနေ ဖြစ်ထွန်းလာတာပါ။
ပြီးတော့ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင် မေမေက သိပ်ပြီး ဟော့တယ်။ စီးကရက်ကို လက်ကြားက မချတဲ့သူ။ ခွာချွန်ချွန် ဒေါက်မြင့်ဖိနပ်လေးတွေကိုချည်း စီးလေ့ရှိသူ။ ဆံထုံးမထုံးဘဲ ဆံပင်အဖျားလေးတွေ ကောက်ပြီး လိပ်ထားတတ်တဲ့သူ။ မေမေ့ကို သူတို့အပေါင်းအသင်းတွေအားလုံးက ချိုပြုံးလို့ စကြတယ်။ မေမေ့ပုံစံက တီဗွီမှာ သိပ်ပြီးခေတ်စားတဲ့ ချိုပြုံးစတိုင်ကိုး။
မေမေက ဖေဖေ့ကို ရိုရိုသေသေ ဆက်ဆံတာဆိုလို့ ဆရာကြီးဆိုတဲ့ အခေါ်အဝေါ် တစ်ခုပဲ ရှိတယ်။ ကျန်တာတွေ အကုန်လုံးတော့ မေမေ ပြီးသမျှ ဖေဖေက ပြီးလိုက်ရတာချည်းပဲ။ ဘာမဆို မေမေက သူ လုပ်ချင်တာ လုပ်တာချည်းပါပဲ။ တစ်ခုခုဆို မေမေက ဖေဖေ့ကို တိုင်ပင်တာ မဟုတ်ဘဲ အသိပေးတတ်တာလောက်ပဲ ရှိတယ်ဆိုတာကိုလည်း ညို ကြီးလာလေလေ ပိုပြီး သိနားလည်လာရလေလေ။ အခုလို ကလေးတစ်ယောက် မွေးစားဖို့ ဖေဖေ့ကို လုံးဝ မတိုင်ပင်ဘဲ ခေါ်ချလာတဲ့ ကိစ္စမျိုးကိုပဲ ကြည့်ပေါ့။
v v v
ညို့ကို သမီးလို့ မခေါ်ဘဲ ညိုလို့ပဲ ခေါ်တတ်တဲ့ မေမေက သူ့ကိုတော့ သား လို့ ခေါ်တယ်။ သား သားနဲ့ ပါးစပ်ဖျားကကို မချဘူး။ သူ့စီးပွားရေးတွေ ကူညီမယ့်သား၊ သူ့ခြေရာနင်းမယ့်သား၊ သူ့အတွက် အားဖြစ်မယ့်သားတဲ့။ ညို့ကိုတော့ ဖေဖေ့သမီး၊ ဖေဖေ့ ခြေရာနင်းမယ့် ဖေဖေ့ လမ်းစဉ်လိုက်မယ့် သမီးတဲ့။
ညိုက မေမေအားကိုးရမယ့် သမီး မဟုတ်ခဲ့တာ မှန်ပါတယ်။ မေမေလုပ်ငန်းကို ညိုမှ စိတ်မဝင်စားဘဲ။ ဈေးချိုထဲက မေမေ့အထည်ဆိုင်မှာ နေ့ဝက်ကျိုးအောင်တောင် ညိုမထိုင်နိုင်ခဲ့ပါဘူး။ ညိုက ပညာတတ်တစ်ယောက် ဖြစ်ချင်ခဲ့တာ။ ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုသူတစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာ။ ဒါကြောင့်လည်း မေမေက သူ့သားဆိုတဲ့ကောင်လေးနဲ့ လက်တွဲညီနေချိန်မှာ ညိုက ဆေးကျောင်းရောက်သွားခဲ့တာပေါ့။
ညို ဆေးကျောင်းဝင်တော့ ဝမ်းအသာဆုံးက ဖေဖေပါ။ မေမေက ညို့ကို စိန်တစ်ဆင်စာ ဝယ်ပေးတယ်။ နောက်ပြီး ကျောင်းသွားရင်စီးဖို့ ဆိုင်ကယ်တစ်စင်းဝယ်ပေးတယ်။ ကျောင်းမှာ ဘယ်မိန်းကလေး ဆိုင်ကယ်စီးလို့လဲ။ ယောက်ျားလေးတွေပဲ စီးကြမှာပေါ့။ ညို ကျောင်းကို စက်ဘီးနဲ့ပဲ သွားတယ်။ ဖေဖေရဲ့ အမှတ်တရလက်ဆောင် ပက်ကားဖောင်တိန်လေးကိုတော့ မြတ်မြတ်နိုးနိုး သုံးစွဲဖြစ်တယ်။ ဖေဖေက ညို့အကြိုက် ခရမ်းရောင်မင်အိုးလေးတစ်ဗူးပါ တစ်ပါတည်း ပေးတာ။
အဲဒီကောင်လေးကတော့ ဘုန်းကြီးကျောင်းထွက်မို့ အတန်းပညာ ဆက်မတက်ခဲ့ဘူး။ အိမ်ရောက်လာကတည်းက မေမေ သွားလေရာ လိုက်တာပဲ။ တနေကုန် မေမေနဲ့ ဆိုင်ထိုင်တယ်။ ညဘက်တွေ မေမေနဲ့အတူတူ စာရင်းလုပ်တယ်။ မေမေ နယ်တွေဆင်းရင်လည်း သူ ပါတာပဲ။ ဖေဖေ ပြောခဲ့သလိုပဲ။ အခုဆိုရင် အဲဒီကောင်လေးက လူကြီးတစ်ယောက်လိုမျိုး လူကောင်က ထွားလာခဲ့ပြီ။ အသက်၁၈နှစ်ကျော်ဆိုပေမယ့် သူ့မျက်နှာနဲ့ ကိုယ်ဟန်က အသက်ထက် ပိုပြီး ရင့်ရော်နေတယ်။
သူရောက်မလာခင်တုန်းက အပေါ်ထပ်မှာ ညိုတစ်ယောက်တည်း နေတယ်။ အိပ်ခန်းနှစ်ခန်းရှိပေမယ့် ဝရံတာနဲ့ကပ်လျက်က အခန်းကို ညိုယူထားတယ်။ နောက်တစ်ခန်းကတော့ အလွတ်။ အောက်ခန်းက အိပ်ခန်းနှစ်ခန်းမှာ ဖေဖေနဲ့ မေမေက တစ်ခန်းစီနေကြတယ်။ ဟိုကောင်လေး ရောက်လာတော့ မေမေကလည်း အခန်းမပြောင်းချင်၊ ဟိုကောင်လေးကိုလည်း အပေါ်ထပ်မှာ မထားချင်တဲ့ ဖေဖေက သူ့အခန်းကို ပေးလိုက်ပြီး အပေါ်ထပ်မှာ လွတ်နေတဲ့ နောက်တစ်ခန်းမှာ ပြောင်းနေတယ်။
ညည အပေါ်ထပ်က စာကြည့်ခန်းမှာ ညို ညဉ့်နက်အောင် စာကျက်လို့ ဖေဖေက စောင့်ပေးနေတဲ့အချိန်ဆို သူတို့နှစ်ယောက်ကလည်း အောက်ထပ်က ဧည့်ခန်းထဲမှာ ရုပ်ရှင်ကြည့်နေကြတာပဲ။ တဖြည်းဖြည်းနဲ့ ညိုတို့ မိသားစုမှာ နှစ်ဖွဲ့ကွဲလာတယ်လို့ ညို ခံစားလာရတယ်။ ဖေဖေကတော့ ဘာမှ မဖြစ်သလိုပဲ။ အစကတည်းကလည်း ဖေဖေနဲ့ မေမေက သည်လိုပါပဲလေ။ ဒါပေမယ့် ညိုနဲ့မေမေကတော့ တဖြည်းဖြည်းနဲ့ စိမ်းလာသလိုပဲ။ ဘာမှားနေလဲ ညို မသိဘူး။ တစ်ခုခု မှားနေတာတော့ သေချာတယ်။
v v v
မထင်မှတ်ထားတဲ့ မြင်ကွင်းကို ရုတ်တရက် မြင်တွေ့လိုက်ရတော့ ညို လန့်ဖျပ်ပြီး အော်လိုက်မိတယ်။ ညို့ကိုဆိုရင် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတတ်တဲ့ ဖေဖေက ညိုအော်သံကြောင့် အောက်ထပ်ကို ပြေးဆင်းလာတော့တယ်။ အဲဒီမှာ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးသွားတော့တာပဲ။
ညိုတစ်ယောက်လုံး အောက်ထပ်ကို ဆင်းလာတာကိုတောင် သတိမထားမိလောက်အောင် မေမေရယ်၊သူရယ်ကို မီးတွေက ဝါးမြိုထားတယ်။ မီးတွေ မီးတွေ.. ပူလိုက်တာမှ ညို့ကိုရော၊ ရိုးသားအေးဆေးတဲ့ ညို့ဖေဖေကိုရောပါ ဝါးမြိုလိုက်တဲ့ မီးတွေ။ ညို့အရှက်၊ ဖေဖေ့အရှက်၊ ဖေဖေ့သိက္ခာ၊ မာနနဲ့ ကိုယ်ကျင့်တရား အားလုံးကို ဝါးမြိုလိုက်တဲ့ မီးတွေ။
အံ့သြလွန်းလို့ မှင်သက်နေခဲ့တဲ့ ညို.. အိပ်ခန်းထဲကို ဘယ်လို ပြန်ရောက်လာခဲ့တာလဲ။ ညို ကောင်းကောင်း မမှတ်မိခဲ့ဘူး။ ညတုန်းက ဘာတွေ ဆက်ဖြစ်ကြလဲ။ ဘယ်လိုလုပ် မိုးလင်းသွားခဲ့သလဲ။ မေမေကော.. ။
ညို အောက်ထပ်ကို အပြေးလေးဆင်းသွားမိတယ်။ ဧည့်ခန်းထဲမှာ တရားစာအုပ်ဖတ်နေတဲ့ ဖေဖေ့ကို တွေ့ရတယ်။ အို.. ဖေဖေ ကျောင်းမသွားဘူး။ ညို့မျက်ဝန်းတွေမှာ မျက်ရည်တွေက ချက်ချင်းဝဲတက်လာကြတယ်။ ဖေဖေ့ဆီ ပြေးသွားလိုက်တယ်။ ဖေဖေ့ဘေးမှာ ထိုင်ပြီး ညို အားပါးတရ ရှိုက်ငိုမိတော့တာပဲ။
“သမီးရယ်.. အရာရာကို ကံစီမံတာပါ။ ပြီးတော့ မဖြစ်သင့်တာတွေ ဖြစ်လာရတာ ဝဋ်ကြွေးတွေပါပဲ သမီး။ ဖေဖေတောင် ဘာမှ မဖြစ်တာ သမီးလည်း မငိုပါနဲ့တော့ကွယ်။”
ဖေဖေ့အသံက ပကတိအေးချမ်းလို့နေတယ်။
“ဖေဖေ.. မေမေက ရက်စက်တယ်နော်။ မေမေ့ကို စိတ်မဆိုးဘူးလားဟင်။.. သမီးလေ သူတို့နှစ်ယောက်စလုံးကို သိပ်စိတ်ဆိုးတယ်”
“သမီးရယ်… ပြုသူအသစ် ဖြစ်သူအဟောင်းလို့ ဖေဖေ သမီးကို မကြာမကြာ ဆုံးမခဲ့ဖူးတယ် မဟုတ်လား။ အခုလည်း အဲဒီတရားသဘောလေးကိုပဲ ဖေဖေ နှလုံးသွင်းနေပါတယ်။”
ဖေဖေ့ကို ကြည့်ပြီး ညို့ရင်ထဲမှာ မချိလိုက်တာ။ မေမေဟာ သူ့အပေါ်မှာ မေတ္တာတရားတွေနဲ့သာ ဆက်ဆံခဲ့တဲ့ ဖေဖေ့ကို အရိုင်းပျဆုံး စော်ကားလိုက်ခဲ့ပြီ။ မေမေ့ရဲ့ လှပမှု၊ နုပျိုမှု၊ ခေတ်ဆန်မှုတွေက မေမေ့ကို လောင်တိုက်သွင်းခဲ့တာများလား။
အဲဒီနေ့က ညိုလည်း ကျောင်းမတက်ဖြစ်ဘူး။ ဖေဖေရယ် ညိုရယ် စကားတွေအများကြီး ထိုင်ပြောခဲ့ကြတယ်။
“သမီး.. သူတို့ကိစ္စကို ဖေဖေသိနေတာ ကြာပါပြီ။ ဖြစ်ပြီးတာတွေ ရှိပါစေတော့၊ ရှေ့ဆက်တော့ မတိုးပါနဲ့လို့ ဖေဖေ အတန်တန် သတိပေးခဲ့တယ်။ ဒါပေမယ့်ပေါ့ သမီးရယ် .. ။ သူတို့တွေက မီးထဲမှာမှ ပျော်နေကြသူတွေကိုး။ ဒီတော့ မဆင်ခြင်ဘူး။ ရှေ့ဆက်တိုးတယ်။ ဖေဖေက အသံကျယ်ကျယ်လုပ်လိုက်ရင် သူတို့နှစ်ယောက်က ဘာကိုမှ စဉ်းစားဆင်ခြင်နေတော့မှာ မဟုတ်ဘူး။ လုပ်ချင်တာကို ဇွတ်လုပ်ပစ်လိုက်ကြမယ့် အခြေအနေ။ ဘယ်သူ့မျက်နှာမှ ငဲ့မှာမဟုတ်ဘူးဆိုတာကို ဖေဖေ သိလိုက်ပြီးနောက် စိတ်လျော့လိုက်တော့တယ်။”
“သမီးဖြစ်သူတောင် ဆရာဝန်ဖြစ်ခါနီးတော့မှ မိန်းမက နောက်ယောက်ျားနဲ့ ဖောက်ပြန်နေလို့ ကွဲလိုက်ကြတယ်ဆိုတာမျိုး ဖေဖေ အဖြစ်မခံနိုင်ဘူး သမီး။ သမီးလေးရဲ့ ဂုဏ်သိက္ခာ၊ ဖေဖေ့ရဲ့အရှက် .. အို ဒီကိစ္စတွေက လူမသိလေ ကောင်းလေပါပဲ သမီး။ ဖေဖေ့ဘာသာ အိမ်မှာ ခွေးဖြစ်နေဖြစ်နေ.. ။”
ပြောရင်းပြောရင်း ဖေဖေ့မျက်နှာက နီရဲလာတယ်။
“ပြီးတော့ သမီး.. မကောင်းမှုမှာ မွေ့လျော်နေသေူကို အပြစ်တွေကနေ ခွင့်လွှတ်နားလည်ပေးလိုက်ရုံနဲ့ သူဟာ အမြင်မှန်ရပြီး လိမ်လိမ်မာမာ နေပါတော့မယ်၊ မမိုက်တော့ပါဘူးဆိုပြီး ဝန်ချတောင်းပန်တတ်တာ၊ ပြုပြင်သွားတာတွေဟာအပြင်လောကမှာ ရှိခဲပါတယ် သမီးရယ်။ ”
“သူတို့အကြောင်းတွေကို ဖေဖေ သိလိုက်ပြီးကတည်းက ဖေဖေ့ဘဝမှာ သမီးမေမေ မရှိတော့ဘူး။ သူ့ကို ဖေဖေ ဥပေက္ခာ ပြုလိုက်ပြီ။ ဖေဖေ့ဘဝမှာ သမီးတစ်ယောက်တည်းပဲ ရှိတယ်။ သမီးမေမေနဲ့ ပတ်သတ်ပြီး ဘာမဆိုသည်းခံနိုင်စေတဲ့ စွမ်းအား၊ လျစ်လျူရှုနိုင်တဲ့စိတ်ဓါတ်ကို သမီးလေးက ပေးထားတာပါ။ သူတို့တွေရဲ့ အမှားက သမီးလေးဘဝတစ်လျှောက်မှာ အရိပ်ဆိုးတစ်ခုလိုလိုက်နေမှာ ဖေဖေ မဖြစ်ချင်ဆုံးပဲ။ အဲသည်လိုဖြစ်လာခဲ့ရင်တော့ သူတို့နှစ်ယောက်စလုံးကို ဖေဖေသတ်ပစ်မှာ။”
ဖေဖေ့စကားကြောင့် ညို ကြက်သီးထသွားခဲ့ရတယ်။
ညနေစောင်းတော့ မေမေ ဈေးကပြန်လာတယ်။ ဟိုကောင်လေးက မေမေ့ရဲ့ နောက်မှာ ကုပ်ကုပ်ကလေး ရပ်လို့။
“သားအဖနှစ်ယောက် အိမ်ကို အစောကြီး ပြန်ရောက်နေကြတာလား။”
မေမေက ဟန်မပျက် နှုတ်ဆက်တယ်။ ညတုန်းက ဘာမှမဖြစ်ထားသလို ပုံစံနဲ့။ ဖေဖေမို့ မေမေ့ကို ပြုံးကြည့်နေနိုင်တယ်။ သည်းခံနိုင်စွမ်းကြီးလိုက်တာ ဖေဖေရယ် .. ။
ညိုတော့ မေမေ့ကို စိတ်ဆိုးလွန်းလို့ အသားတွေ တဆတ်ဆတ်တုန်လာခဲ့တာ။
မေမေတို့နှစ်ယောက် ထမင်းစားခန်းထဲ ဝင်သွားတော့ ဖေဖေက ညို့ပုခုံးကို အသာလေး လာကိုင်တယ်။ စာကျက်ဖို့ စိတ်မပါတဲ့ညို့ကို စာကြည့်စားပွဲရှေ့ အတင်းခေါ်သွားတယ်။
“နှစ်ခါအရှုံးမခံနဲ့ သမီး။ လာ.. ဖေဖေတို့ ကိုယ်လုပ်စရာ ရှိတာကို လုပ်ကြစို့။”
ဖေဖေ့စကားကြောင့် ညို အားတင်းလိုက်တယ်။ အနီးဆုံးက စာအုပ်တစ်အုပ်ကို လှမ်းယူလိုက်ပြီး အသာဖွင့်ဖတ်နေလိုက်တယ်။
Pathology အကြောင်း အသေးစိတ် ရှင်းပြထားတဲ့ နေရာမို့ ညို အာရုံစိုက်ပြီး ဖတ်နေတုန်း အောက်ထပ်ကနေ မေမေတို့ရဲ့ ရယ်သံတွေက အပေါ်ထပ်က ညိုတို့ဆီကို လွင့်ပျံလာခဲ့တယ်။
အဲဒီကတည်းကပါပဲ..။ မေမေနဲ့ ပတ်သတ်ပြီး ညို စိတ်လျော့လိုက်တော့တယ်။ မေမေကလည်း ညိုနဲ့ စိမ်းသထက် စိမ်းသွားတော့တယ်။
v v v
အခုပဲကြည့်လေ.. ဈေးပိတ်ရက်မို့ မေမေတို့နှစ်ယောက်စလုံး အိမ်မှာ ရှိနေတာတောင် ညို ကျောင်းမတက်တာကို မေမေ မသိဘူး။ ဝမ်းနည်းပမ်းနည်းနဲ့ အိပ်ရာပေါ်ကို လှဲချလိုက်တယ်။
မေမေနဲ့ ပတ်သတ်ပြီး ညတုန်းက မက်ခဲ့တဲ့ အိပ်မက်ကို ပြန်စဉ်းစားမိတော့ ညို ကိုးတန်းကျောင်းသူဘဝတုန်းက ဖေဖေနဲ့ ပတ်သတ်ပြီး မက်ခဲ့ဖူးတဲ့ အိပ်မက်လေးကို သတိရမိတယ်။
အဲဒီတုန်းက ဖေဖေက နှလုံးရောဂါ အသည်းအသန်ဖြစ်ပြီး ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေရချိန်။ ခွဲစိတ်မှု အောင်မြင်ဖို့က ၅၀ရာခိုင်နှုန်းပဲ ဆိုတော့ ညို့မှာ ငိုပဲငိုနေရတဲ့အချိန်ပေါ့။ ခွဲခန်းထဲက ပြန်ထွက်လာမယ့် ဖေဖေ့ကို စောင့်နေရင်း မှေးကနဲ အိပ်ပျော်သွားတော့ ညို အိပ်မက်မက်ခဲ့တယ်။
အိပ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ အဘိုးအိုတစ်ဦးက ငိုနေတဲ့ ညို့ဘေးမှာ လာထိုင်တယ်။ “မငိုနဲ့တော့ သမီးလေး။ သမီးလေး ဖေဖေလို သူကောင်းတစ်ယောက်ကို ဘယ်သူမှ သမီးလေးဆီကနေ ယူမသွားနိုင်ပါဘူး။ တိတ်တော့နော်”တဲ့။ ပြီးတော့ လက်ကိုင်ပုဝါအဖြူလေးတစ်ထည် ကမ်းပေးပြီး ညို့ဘေးနားကနေ ထွက်သွားခဲ့တယ်။
အိပ်မက်ထဲက အဘိုးပြောခဲ့သလိုပါပဲ။ ဖေဖေ့ကို ဘယ်သူကမှ ညို့ဆီကနေ လုမယူနိုင်ခဲ့ပါဘူး။ ဖေဖေဟာ ကျန်းကျန်းမာမာနဲ့ ညို့ဘဝထဲကို ပြန်ရောက်လာခဲ့ပါတယ်။
အဲဒီနောက်ကစပြီး အိပ်မက်တွေနဲ့ပတ်သတ်လာရင် ညိုမှာ အစွဲအလန်းလေးတစ်ခုက မသိမသာဖြစ်လာခဲ့တော့တာပဲ။ အိပ်မက်ကနေ အတိတ်တွေ နိမိတ်တွေ ကောက်လေ့ရှိတဲ့ ညို့အစွဲကို ဖေဖေက ကြိုးစားပြီး ဖျောက်ပေးခဲ့တယ်။ အဲဒီအကျင့်ဆိုးကြီး ပျောက်လုလု ဖြစ်ချိန်မှာမှ မေမေနဲ့ ပတ်သတ်ပြီး သည်လိုအိပ်မက်မျိုး မက်လိုက်ရတော့ ညို့ရင်ထဲမှာ သိပ်ပြီး ပူလောင်ရတယ်။ တင်စားရမယ်ဆိုရင်လေ ညို့ရင်ထဲမှာ နေဆယ်စင်း တစ်ပြိုင်နက်တည်း တောက်လောင်နေသလိုပါပဲ။
ကာမေသုမိစ္ဆာစာရကံရဲ့ အပြစ်တွေကို တစ်လှည့်၊ မှားမှန်းသိရက်နဲ့ ဆက်မိုက်နေတဲ့ မေမေ့ကိုတစ်လှည့် ပြန်မြင်ယောင်မိရင်း မျက်ရည်ပူတွေသာ စီးကျနေတော့တယ်။
အဲသည်အချိန်မှာပဲ တိတ်ဆိတ်မှုကို ဖြိုခွင်းပေးတဲ့၊ ညို ကြားချင်နေတဲ့ မေမေ့အသံလေးကို ကြားလိုက်ရပါတယ်။
“ကောင်လေးရေ.. နေ့လည်စာစားကြမယ်ဟေ့။ သားကြိုက်တတ်တဲ့ ဆိတ်ကလီစာဆီပြန်လေးနဲ့လေ”
လေးစားခြင်းဖြင့်
မြတ်ပန်းနွယ်

0 comments: