အမှားများနှင့် ခလုတ်တိုက်မိခြင်း



ကျွန်တော် သည် `မှားတဲ့ အခါလဲ မှားပေမပေါ့´ ဟူသော စကားကို ပေါ့ပေါ့ပါးပါး အပြောင်အပျက်သဘောနှင့် လွတ်လပ်စွာ ပြောခဲ့ဖူးသလို ဘ၀ကြီးနဲ့ ချီသော သက်ပြင်းမောကြီးများ အထပ်ထပ် အခါခါချ၍ လေးပင်ချိနဲ့စွာလဲ ပြောခဲ့ဖူးပါသည်။
ဆိုလိုချင်တာက ကျွန်တော်သည် မကြာခဏ အတွေး အမှားများ၊ စကားအမှားများ၊ ဆုံးဖြတ်ချက် အမှားများ ကို တွေးခေါ် ပြောဆို ပြုလုပ်တတ်သည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ မှားယွင်းမှု၊ လွဲချော်မှုတို့သည် ကျွန်တော်နှင့် သူစိမ်းဆန်မနေခဲ့ခြင်းသည် ကျွန်တော့် အားနည်းချက်တစ်ခု ဖြစ်နေလိမ့်မည်ဟု တွေးတောမိပါသည်။

တစ်ချို့ အမှားများသည် အထက်တွင် ကျွန်တော် ပြောခဲ့သော `မှားတဲ့ အခါလဲ မှားပေမပေါ့´ ဆိုသည့်စကားကို တိုးတိုး ငြီးတွားလိုက်လျှင် ပြီးဆုံးပျောက်ကွယ်သွားလေ့ ရှိသည်။ ထိုမျှနှင့် မပြီးဘူး ဆိုလျှင်တောင် ခဏတာ လှောင်ရယ်စရာတစ်ခု သို့မဟုတ် ပြုံးစရာ လွဲချော်မှုတစ်ခု ဖြစ်သွားတတ်ပါသည်။ မှန်ပါသည်။ ထိုအမှားများကို `အလွဲလေးတွေ´ ဟု တင်စားခေါ်ဝေါ်တတ်ကြပါသည်။ အချို့ အမှားများသည် နောင်တစ်ကြိမ် မှန်သွားလျှင် ထိုအမှားကို ချေဖျက်နိုင်သွားလေ့ရှိသည်။ နောင်တွင် တခုတ်တရ ပြန်ပြောင်းပြောပြစရာ၊ အခြားသူတို့ ဆင်ခြင်နိုင်ရန် ပြန်လည် လမ်းညွှန်နိုင်သောအရာ၊ သို့မှ မဟုတ်လျှင် ပြန်တွေးရယ်စရာ ဟာသတစ်ပုဒ် ဖြစ်သွားတတ်ပါသည်။ `အဆိုးထဲက အကောင်းပေါ့´ ဟု သက်ပြင်းချ ဖြေသိမ့်၍ သင်ခန်းစာယူစရာ အကောင်းဆုံး အမှားများဖြစ်ပါသည်။
အချို့ အမှားများ ကတော့ ပြန်ပြင်၍ မရတော့သော၊ ဖျောက်ဖျက် ပြင်ဆင်ရန် မဖြစ်နိုင်တော့သော၊ အသက်နှင့်ထပ်တူ ထာဝရတည်မြဲနေတော့မည် ဖြစ်သော အမှားကြီးများ ဖြစ်နေတတ်သည်။ ထိုအမှားများသည် ဘ၀တစ်လျှောက်လုံး နောက်ကျောတွင် အရိပ်မဲကြီးများအဖြစ်နှင့် တွယ်ကပ်လိုက်ပါနေတတ်သည်။ ပြန်ပြောင်းတွေးမိတိုင်း တစ်ကိုယ်လုံး စိမ့်ဝင် သိမ်ငယ်သွားအောင် ခြောက်လှန့်တတ်သည်။ ထိုအမှားများသည် လူတစ်ယောက်၏ တက်နေသော အညွန့်တစ်လူလူကို ရိုက်ချိုး ဖျက်ဆီး ပစ်နိုင်သော အစွမ်း ရှိသည်။ လူမှုဆက်ဆံရေးနယ်ပယ်တွင် ဆွံ့အ ညှိုးငယ်စေသော အစွမ်းရှိသည်။ ရည်မှန်းချက်ပန်းတိုင်တို့ကို ချေမွ ဖျက်ဆီး ပစ်နိုင်သော စွမ်းအားများ ရှိနေတတ်သည်။ ပြုသင့်သည်ကို မပြုမိ၊ မပြုသင့်သည်ကို ပြုမိသည့်အတွက် အချိန်လွန်မှ ပူပန်ခြင်း တည်းဟူသော `နောင်တ´ ကို ပိုက်ထွေး ပူဆွေး ငိုကြွေးရုံအပြင် မည်သို့မျှ ပြုလုပ်ပြင်ဆင်၍ မရနိုင်တော့သော အမှားကြီးများပင် ဖြစ်ပါသည်။

သင် မှားယွင်း လွဲချော်သော အတွေးမျိုး တွေးခဲ့ဖူးပါသလား။ `နှုတ်၍ မရ´ ဟု လူပြောသူပြောများသော စကားအကျွံ (စကားအမှား) တို့ကို ပြောဆိုခဲ့ဖူးပါသလား။ ရည်ရွယ်မျှော်လင့်ထားသည်နှင့် ဆန့်ကျင်သော ခြေလှမ်း၊ မှားယွင်းသော ကိစ္စများကို ပြုလုပ် ဆောင်ရွက်ခဲ့ဖူးပါသလား။ `လူပဲ၊ အမှားနဲ့ ဘယ်ကင်းပါ့မလဲ´ ဟူသော စကားကို ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ပြောဆို ခဲ့ဖူးပါသလား။ ကျွန်တော် အမျိုးမျိုးသော အမှားများစွာနှင့် ကြုံကြိုက် ဆုံတွေ့ခဲ့ရဖူးပါသည်။ ကျွန်တော် လျှောက်သောလမ်း၊ ကျွန်တော် သွားသော ခရီးတွင် ကြုံတွေ့ခဲ့ရသော `သွားပါများ၍ ခလုတ်တိုက်ခဲ့ရခြင်းများ´ ကို ပြန်ပြောင်း တွေးတော ဆင်ခြင်ခြင်းသည်ပင်လျှင် ကျွန်တော့်ဘ၀ စာအုပ်စင်တွင် ကျွန်တော့် အတွက် သင်ခန်းစာ များအဖြစ် ပြဌာန်းပုံနှိပ်ထားခြင်း ဖြစ်ပါတော့သည်။


ကျွန်တော်သည် လူမှန်းသိတတ်စအရွယ် ငယ်ငယ်ကတည်းက `ကမ္ဘာကြီးသည် လုံးဝန်းသော သဘော ရှိသည်´ ဟူသော အဆိုကို လက်ခံခဲ့သူ ဖြစ်ပါသည်။ ကမ္ဘာလုံးလုံးကြီး တွင် ကျွန်တော်နေထိုင်သည်ကိုလဲ လက်ခံယုံကြည်ခဲ့ပါသည်။ သို့သော် ထိုစဉ်က ကျွန်တော် ယုံကြည်လက်ခံထားသော `ကမ္ဘာကြီးတွင် နေထိုင်မှု´ ကို ပြောပြလိုပါသည်။ ကျွန်တော်တို့ လူသားများသည် ကမ္ဘာကြီးထဲတွင် နေထိုင်ကြသည်။ ကမ္ဘာလုံးလုံးကြီး၏ အတွင်းထဲတွင် ကျွန်တော်တို့ ခြေချရပ်တည်နေသော မြေပြင်ကြီးကို ထည့်ထားသည်။ ထိုမြေပြင်ကြီးသည် ကမ္ဘာလုံးလုံးကြီး၏အတွင်း အလယ်တည့်တည့်တွင် ကန့်လန့် တင်ထားသကဲ့သို့ ရှိသည်။ ထိုမြေကြီးပေါ်တွင် ကျွန်တော်တို့ ရပ်တည်ကြသည်။ ထို မြေပြင်၏ အောက်ဖက်တွင် ရေများရှိသည်။ မြေပြင်ကို ဖောက်ပြီး တူးလိုက်လျှင် ရေရလိမ့်မည်။ ကျွန်တော်တို့ နေ့စဉ် မော့ကြည့်၍ မြင်နေရသော ကောင်းကင်သည် ကမ္ဘာလုံးလုံးကြီး၏ အပေါ်ဖက်ခြမ်းဖြစ်သည်။ လ နှင့် နေ သည် နှစ်ခု မဟုတ်ပါ။ ကမ္ဘာ့အပေါ်ခြမ်းတွင် ကပ်နေသော တစ်ခုတည်းသောအရာဖြစ်သည်။ ညဖက်တွင် နေ သည် လ အဖြစ် ပြောင်းလဲသွားသည်။ မိုးကုတ်စက်ဝိုင်းသည် ကမ္ဘာကြီး၏ အပေါ်ခြမ်း (ကောင်းကင်) နှင့် အလယ်တွင် တင်ထားသော မြေကြီး ထိတွေ့ရနေရာဖြစ်သည်။ မိုးကုတ်စက်ဝိုင်းနေရာမှ ကမ္ဘာကြီး၏ အပေါ်ခြမ်း (ကောင်းကင်)ကို လှီးထုတ်လိုက်လျှင် အောက်တွင် ရေများထည့်ထားသော ဒယ်အိုးကြီးကို မြေကြီးဖြင့် အုပ်ထားသည်နှင့် အလားသဏ္ဍာန်တူသော ကမ္ဘာကြီး၏ အောက်ဖက်ခြမ်းကို ရရှိပေမည်။ `ငရဲပြည်´ ဟူသော နေရာသည်လဲ မည်သည့်နေရာတွင် ရှိနေသည်ဟု မခန့်မှန်းတတ်သော်လဲ ထိုအောက်ဖက်ခြမ်းထဲတွင် ရှိနေနိုင်သည် ဟု ကျွန်တော် ယုံကြည်ခဲ့ပါသည်။

ကျွန်တော် ပြောခဲ့သည်များကို ဖတ်၍ စူးစမ်းလေ့လာခဲ့သော ပညာရှင်တို့အား သံသယ ဖြစ်မသွားပါနှင့်။ ကျွန်တော့် တွေးထင်မှုတို့ကိုလဲ `ဖြစ်နိုင်သည်´ ဟု လိုက်ပြီး မစဉ်းစားပါနှင့်။ ထိုတွေးထင်မှုသည် ကျွန်တော် မှတ်မှတ် ရရ ရှိခဲ့သော အမှားတွေထဲက အစောဆုံး အမှား ဖြစ်ပါသည်။ လွမ်းဆွတ်ဖွယ် ကလေးဘ၀၏ အစောဆုံးအတွေးကလေးတစ်ခုဖြစ်၍ ရှည်လျားစွာ ရေးလိုက်မိခြင်းသာ ဖြစ်ပါသည်။ နောင်အခါ ကမ္ဘာ့ ပထ၀ီ သင်ရ၍ ကျွန်တော့်မှားယွင်းမှုကို ကျွန်တော်ကိုယ်တိုင်သိလိုက်ရချိန်တွင် မနေတတ်မထိုင်တတ် အောင် ရှက်သွားသော ကျွန်တော့် မျက်နှာကို ခေါ်ပြ၍ရလျှင် ပြချင်ပါသည်။

မြန်မာဖတ်စာမှ `ဦးပေါင်းကျားနှင့် မြင်းကျားရှင်´ ကို မသင်ရခင် ထိုခေါင်းစဉ်ကို ကြားဖူးစဉ်က `ဦးပေါင်းကျား´ က လူတစ်ယောက်၊ `မြင်းကျားရှင်´က လူတစ်ယောက်ဟု တွေးထင်မိဖူးပါသည်။ လကမ္ဘာသို့ သွားသောသူများသည် ပီနံအိတ်ကြီးများကို လေမှုတ်၍ စွပ်သွားကြသည်ဟု ထင်ခဲ့ဖူးပါသည်။ ထိုသို့ အလားတူ အတွေးမှားများကို ကလေးအတွေးဖြင့် တွေးတောခဲ့ဖူးပါသည်။ ဘ၀တွင် အမှတ်တရ ဖြစ်နေသော အတွေးမှားလေးများသည် ပြန်ပြောင်းတွေးမိလေ ပြုံးမိလေ မို့ ကြည်နူးစရာ အမှားကလေးများဖြစ်သည်။ နောင်တွင် အချို့ အမှားများသည် ဤသို့ ကြည်နူးလွမ်းဆွတ်ဖွယ် မကောင်းကြောင်းကို  ကျွန်တော် တစ်ဖြည်းဖြည်း သိလာပါသည်။



ကျွန်တော် မူလတန်းနှင့် အလယ်တန်း အစောပိုင်း (ငါးတန်း၊ ခြေက်တန်း) အရွယ်က နွေရာသီ ကျောင်းပိတ်ရက်တိုင်း မေမေနှင့် ဖေဖေက ပြင်ဦးလွင်၊ မန္တလေး စသည့်နေရာများသို့ လေ့လာရေးခရီးများ လိုက်ပို့ခဲ့ဖူးပါသည်။ ခရီးသွားလျှင် ရှိစုမဲ့စုကလေးများဖြင့် ကျွန်တော်နှင့် ညီမလေး အတွက် ရည်ရွယ်၍ ၀ယ်ထားသော ရွှေထည်များကို ထုတ်၍ ဆင်တတ်ပါသည်။ နွေကာလ တစ်ရာသီတွင် စစ်ကိုင်းသို့ ဘုရားဖူးသွားစဉ်က ကျွန်တော့်လက်မှာ ရွှေဟန်းချိန်း တစ်ခု ရှိနေခဲ့သည်။ ဘာရယ်မဟုတ်၊ ကလေးသဘာဝ ထိုဟန်းချိန်းလေး လက်မှာ ရှိနေတာကို ကျေနပ်သည်။
ညဖက် တည်းခိုသည့်နေရာတွင် မေမေက `ဟန်းချိန်းလေး ချွတ်အိပ်ပါ သားရယ်´ ဟု ပြောစဉ်က ကျွန်တော် ချွတ်၍ ဖေဖေ့အိတ်ထဲ ထည့်ထားလိုက်ပြီး မေမေ့ အလစ်တွင် ကျွန်တော် ပြန်ဝတ်အိပ်သည်။ မနက်မိုးလင်းတော့ ကျွန်တော့် လက်မှာ ဟန်းချိန်း မရှိတော့ပါ။ အအိပ်ကြမ်းသော ကျွန်တော့် လှုပ်ရှားမှုကြောင့် ချောင်၍ ပြုတ်ကျနေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ မည်သူမျှ ခိုးယူခဲ့တာ မဖြစ်နိုင်သော်လည်း ချောင်ကြိုချောင်ကြား ကပ်နေဟန်တူသော ထိုဟန်းချိန်းကို ပြန်ရှာ၍ မတွေ့တော့ပါ။ မေမေဆူတာ ခံရသည်ကို နာကြည်းခြင်းမရှိခဲ့သော်လည်း ထိုအချိန်မှ စ၍ ယနေ့အထိ ကျွန်တော့် ကန့်သတ်ချက်နှင့်ကျွန်တော် `ရွှေ လုံးဝ မ၀တ်တော့´ ဟု ဆုံးဖြတ်ခဲ့လိုက်ပါသည်။ ထိုဟန်းချိန်းကလေးသာ မပျောက်ခဲ့လျှင် ကျွန်တော်တို့ မိသားစု စီးပွားရေး ကျဆင်းချိန်တွင် တစ်ထောင့်တစ်နေရာမှ အသုံးတည့်ကောင်း တည့်နိုင်ပါသည်။ ညီမလေး ကျောင်းစရိတ်၊ သို့မဟုတ် ကျွန်တော့် အဆောင်နေစရိတ်၊ သို့မဟုတ် ဖေဖေနှင့် မေမေတို့၏ သွားစရိတ်၊ လာစရိတ်၊ စားစရိတ်၊ သောက်စရိတ် တစ်ခုခုကို ဖာထေးနိုင်ခဲ့လိမ့်မည်။ ထိုအမှားတစ်ခုသည် အထက်တွင် မှားခဲ့သော ကမ္ဘာလုံးအမှားကဲ့သို့ ရယ်စရာတစ်ခု ထက် ပိုခဲ့ပြီး သတိထားဆင်ခြင်စရာတစ်ခု ဖြစ်ခဲ့ရပါသည်။ သို့သော် ကြာတော့လဲ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားခဲ့ရသည်။ ရွှေထည် ကိုတော့ ယနေ့အထိ လုံးဝ မ၀တ်ဖြစ်တော့ပါ။

အရွယ်မရောက်မီ ဆိုင်ကယ်စီးချင်ခဲ့သော ကျွန်တော့်ကို ဖေဖေ တားသည့်ကြားမှ ဆိုင်ကယ်စီးသင်ခဲ့သည်။ ထိုမှားယွင်း တောင့်တမှုကြောင့်ပင် သင်စအချိန်မှာ မနိုင်မနင်း အက်ဆိဒင့် အကြီးအကျယ် ဖြစ်ခဲ့ရပါသည်။ ဆေးလိပ်ဖွာရှိုက်ခြင်းသည် စိတ်ဖြေသိမ့်စရာ စိတ်မောပြေစရာ ကောင်းသည်ဟူသော အယူအဆ လွဲမှားမှုကြောင့် ဆေးလိပ်စွဲလန်းခဲ့ဖူးပါသည်။ ကျွန်တော် ဘယ်လောက်စားစား ၀မလာခြင်း၊ ပိန်လှီသော လူဖလံလေး ဖြစ်နေခြင်းမှာ ထို ဆေးလိပ်စွဲလန်းမှုကြောင့်ပင် ထင်ပါသည်။


ကျွန်တော့် ဘ၀ တစ်ဆစ်ချိုး လို့ပဲ အများ ပြောသလို ပြောရရင် ကျွန်တော် ဆယ်တန်းနှစ် ကပေါ့။ ကျွန်တော်က အဆင့် (၁)၊ (၂) နေရာတွေ မှာ အမြဲမရှိနေသော်လည်း စာတော်ခဲ့ပါသည်။ နောက် အပျင်းကြီးပါသည်။ ထို့ကြောင့်ပင် အပျင်းကြီးသော လူတော်လေး အဖြစ် နာမည် ကြီးပါသည်။ အမှန်အတိုင်းပြောရလျှင် ထိုစဉ်က ကျွန်တော်သည် ကိုယ့်ကိုကိုယ် စိတ်ကြီးဝင် နေသော လူငယ်လေး တစ်ဦး ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေသော ကျောင်းသားလေး တစ်ဦးဖြစ်ပါသည်။ နှစ်စဉ် ဆုတွေ ဆွတ်ခူး ရယူခဲ့သော ကျွန်တော့်ကို ကျွန်တော့် ဖေဖေနှင့် မေမေ က အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့ကြပါလိမ့်မည်။ ဘော်ဒါဆောင်မှ ကျွန်တော့်ကို လက်သပ်မွေးခဲ့သော ဆရာက ကျွန်တော့် အောင်ချက်ကို ပိုပိုသာသာ မှန်းမျှော်ခဲ့ပါလိမ့်မည်။ ကျောင်းမှ ဆရာတွေ ဆရာမတွေ ကရော ကျွန်တော့်ကို အရိပ်တကြည့်ကြည့် နေခဲ့ကြပါလိမ့်မည်။ ဘော်ဒါဆောင် နေနိုင်သော ကျွန်တော့် ယုံကြည်မှုကြောင့် ကျောင်းချိန်များတွင် ကျွန်တော် အမြဲ ကျောင်းလစ်ခြင်း၊ ဂိမ်းကစားခြင်းတို့ကိုသာ မှားယွင်းစွာ ပြုလုပ်ခဲ့ပါသည်။ ကျောင်းခေါ်ကြိမ် မမှန်၍ မိဘအခေါ် ခံရချိန်မှာလဲ ကျွန်တော် စိုးရွံ့မှု နည်းနည်းမျှ ရှိမနေ။ ကျောင်းလစ်၊ ရန်ဖြစ်ပြီး ရုံးခန်းသို့ တစ်ခေါက် ရောက်စဉ် ကျွန်တော့်ကို ကျောင်းတက်ခွင့် ပိတ်ပင်ပြီး စာမေးပွဲသာ လာဖြေတော့ရန် ကျောင်းမှ ဒဏ်ခတ်ခံခဲ့ရပါသည်။ စာမေးပွဲဖြေရန် (၂) လ ခန့်သာ လိုတော့ချိန်မို့ စိတ်ဖိစီးမှု ဒဏ်များကြောင့် ဆယ်တန်းစာမေးပွဲကြီးတွင် ကျွန်တော်ကိုယ်တိုင်၊ ကျွန်တော့် မိဘ နှင့် ကျွန်တော့် ဆရာ တို့ မျှော်လင့်ထားသည့် ရလာဒ် နှင့် တက်တက် စင်အောင် လွဲပြီး ဂုဏ်ထူးအနည်းငယ်ဖြင့်သာ အောင်မြင်ခဲ့သည်။ ကျွန်တော့် ဘ၀တွင် နောက်တစ်ကြိမ် ပြန်လည်တည်ဆောက်ခွင့် မရတော့သော အောင်မြင်မှု အတွက် နောင်တ ရခဲ့ပါသည်။

ကျွန်တော့်ကို မျှော်လင့်ထားသော ဖေဖေနှင့် မေမေ၏ မျက်နှာ လူပုံအလယ်မှာ မ၀င့်ကြွားနိုင်ကြတော့ပါ။ ကျွန်တော်သည်လည်း ကျွန်တော့်ကိုယ် ကျွန်တော် စိတ်ကြီးဝင်ခြင်း အမှုကို ကြောက်ရွံ့ထိတ်လန့်စွာ ဆင်ခြင် ဖျောက်ဖျက်ပစ်ရုံမှတပါး ဤ ရလာဒ်ကို ပြန်ပြင်၍ မရနိုင်တော့။ စိတ်ကြီးဝင်တတ်သော အကျင့် တဖြည်းဖြည်း ကွယ်ပျောက်၍ အလွန်အကျွံ စိတ်ဓါတ်ကျဆင်းကာ ယုံကြည်ချက်များ တဖြည်းဖြည်း ယိုင်နဲ့ပျက်စီးခဲ့ရသည်။

နောက်ပိုင်း တက္ကသိုလ်သို့ ရောက်ချိန်တွင် ထပ်၍ လွဲချော်မှုများနှင့် ကြုံရသောအခါ ဖေဖေနှင့် မေမေ ကျွန်တော့် ဂုဏ်ပုဒ်များ၊ ကျွန်တော့် ကောင်းသတင်းများကို အာပေါင် အာရင်းသန်သန် မပြောနိုင်တော့ပါ။ ကျွန်တော်သည် လူပေလူတေလေးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ စိတ်လေခြင်းဟူသော ခေါင်းစဉ်အောက်မှာ ကျွန်တော် မြောင်းထဲရောက်သွားသည်။ ပြန်စိုက်လျော်ရန် မတတ်နိုင်သော အဖိုးတန် ပစ္စည်းတစ်ခု ကိုယ့်ကြောင့် ပျက်စီးသွားသကဲ့သို့ `တန်ဖိုးကြီးသော မှားယွင်းမှုများ´ ဖြစ်သည်။

ကျွန်တော့် ပျက်စီးယိုယွင်းမှုများ နလန်မထူနိုင်တော့ချိန်မှ စဉ်းစားတွေးခေါ်နိုင်စွမ်းတို့ကို တစ်ဖြည်းဖြည်းချင်း ပြန်လည် မွေးမြူရင်း ကျွန်တော့်ဘ၀ ကို ကျွန်တော် ပြန်လည်ထူထောင်ရန် ပြင်ဆင်ရပါတော့သည်။ ကိုယ့်အမှားတွေကို မြင်တတ်လာပြီ၊ ဆင်ခြင်တတ်လာပြီ၊ ပြုပြင်ပြောင်းလဲ တတ်လာပြီ ဆိုသော အချိန်သို့ ရောက်ရှိလာမှ ကျွန်တော် လမ်းကြောင်းတစ်ခုပေါ်ကို ပြန်လည် ခြေချနိုင်ခဲ့ပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် `စိတ်ဓါတ်ကျဆင်းနေသူတစ်ယောက်´ မှ `မိမိ စိတ်ဓါတ်ကို မိမိကိုယ်တိုင် ပုံသွင်း တည်ဆောက်နိုင်သူတစ်ယောက်´ ဖြစ်နေခဲ့ပါပြီ။ `စိတ်ကြီးဝင်သူ တစ်ယောက်´ အဖြစ်မှ `ကိုယ့်ကိုကိုယ် ယုံကြည်မှု´ ဆိုသော အရာတစ်ခုကို ပြောင်းလဲ မွေးမြူနိုင်ခဲ့ပါပြီ။


လူမှုဆက်ဆံရေးနယ်ပယ်သို့ ဖြည်းဖြည်းချင်း ရောက်လာချိန်တွင် ကျွန်တော့် ဖိနပ်ထိပ်လေး တွေ ပါးနေပြီဖြစ်သည်။ ကျွန်တော်သည် အမှားများစွာနှင့် ခလုတ်တိုက် ငြိစွန်းခဲ့ပြီးပြီ။ ရှက်ရွံ့ဖွယ်ကောင်းလှသော အမှားများကိုလဲ အကြိမ်ကြိမ် ကြုံခဲ့ပြီးနေပြီဖြစ်သည်။ ယခုလဲ လူမှုဆက်ဆံရေး နယ်ပယ်မှ အမှားများနှင့် ထပ်မံကြုံတွေ့နေပါသေးသည်။ သို့သော် လူများနှင့် နေရလေ၊ ပိုဂရုစိုက်ရလေ ဖြစ်ကြောင်း ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက် ခဲ့ပြီး ဖြစ်ပါသည်။ ရှေ့က အမှားများက ကျွန်တော့်ကို သင်ပြ လမ်းညွှန်ပေးထားပြီး ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော့် ဘ၀ မှတ်စုတွင် မင်နီ ရဲရဲနှင့် ကြက်ခြေခတ် သင်္ကေတ များစွာ ရှိနေခဲ့ခြင်းသည် ကျွန်တော့် အားနည်းချက် တစ်ခု ဖြစ်နေလိမ့်မည်ဟု ကျွန်တော် တွေးထင်ထားခဲ့တာ မှားယွင်းကြောင်း ထပ်မံ တွေ့ရှိလိုက်ပြန်သည်။
အမှန်တော့ တစ်ချိန်က ကျွန်တော့် အမှားများသည် ရှေ့ဆက်လှမ်းမည့် ခြေလှမ်းများစွာအတွက် ကျွန်တော် ပိုင်ဆိုင်ထားသော အားသာချက်များသာ ဖြစ်ပါသည်။ ရှောင်ဖယ် ကွေကွင်း သွားသင့်သော နေရာများကို ထိုအမှားများက သတိပေးလိမ့်မည်။ မသွားသင့်သော လမ်းကို ထိုအမှားများက တားဆီးပေးလိမ့်မည်။ သွားသင့်သွားထိုက်သော လမ်းကို ထိုအမှားများက လမ်းညွှန်ပြလိမ့်မည်။ ထိုအမှားများကပင် ကျွန်တော်ရောက်ရှိမည့် ရည်ရွယ်ချက်၊ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်အောင် ထွန်းလင်းတောက်ပ ပေးသော မီးရှူးတန်ဆောင်များ ဖြစ်နေပေလိမ့်မည်။

အကယ်၍ ကျွန်တော်သာ ကျွန်တော့် အမှားများကို မေ့မေ့ပျောက်ပျောက် ထားပစ်ခဲ့ပါလျှင် ထိုအချိန်က အမှားမျိုးကို ယခု ထပ်မှားကောင်း မှားနေပါလိမ့်မည်။ သိသိနှင့်လည်း မှားနိုင်သလို မသိပဲလဲ မှားနိုင်သည်။ မည်သို့ပင် ဖြစ်စေ အမှားအယွင်း တစ်ခုတည်းကို အကြိမ်ကြိမ် မှားခြင်းမှာ အလွန်ပင် ရုပ်ဆိုးသည်ဟု ကျွန်တော်ယူဆသောကြောင့် ဆင်ခြင်သုံးသပ်ပြုပြင်ခြင်း ဖြင့် အချိန်တိုင်း အချိန်တိုင်းတွင် အမှားများကို အနိုင်ယူလျက်ရှိပါသည်။
`မည်သို့ပင်ဖြစ်စေ ယနေ့ မားမားမတ်မတ် ရပ်နေသော ကျွန်တော်သည် ဤနေရာတွင် မနေ့က ခလုတ်တိုက် လဲကျခဲ့ဖူးပါသည်။´




လေးစားလျက်
လက်ဝဲ

0 comments: