သွေး အုပ်စုများ၏ ဖြတ်သန်း လာရသော သမိုင်းကြောင်းနှင့် လက်ရှိ အခြေအနေ (၁)



သွေးသည် သဘာဝ မှ ပေးထားသော အားဖြစ်သည်။ အသက်ရှင်သန်မှုအတွက် အဓိက လိုအပ်သော အရာများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ သွေးမရှိလျှင် အသက်ရှင်နိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သွေးသည် အသက်၊ အသက်သည် သွေးဟု ဆိုကြသည်။
သာမန်မျက်စိဖြင့် မမြင်နိုင်သော သေးငယ်သည့် သွေးတစ်စက်တွင် မျိုးရိုးဗီဇဆိုင်ရာ လျှို့ဝှက်သင်္ကေတများ ပါဝင်နေသည်။ ဒီအန်အေ (DNA) ဟုခေါ်သော မျိုးရိုးဗီဇ သင်္ကေတသည် အကောင်း ပကတိရှိနေပြီး လူ့ခန္ဓာကိုယ်ထဲတွင် အဆုံးအစ မထင် ပုံတူပွား နေခဲ့သည်။

လူသားတို့၏ သွေးထဲတွင်လည်း မျိုးရိုးဗီဇဆိုင်ရာ မှတ်တမ်းများ အတိုင်းအဆမဲ့ ပါဝင်နေသည်။ အဆုံးအစ မထင်သော ဘိုးဘွားဘီဘင်တို့ထံမှ မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော မှတ်တမ်းများဖြစ်သည်။ သိပ္ပံပညာရှင်များက ယနေ့ထက်တိုင် ၄င်းလျှို့ဝှက်မှတ်တမ်းများကို သိမြင် နားလည်နိုင်အောင် ကြိုးစား အားထုတ်ရာတွင် အခြေအနေ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သွေးထဲတွင်ရှိသော လျှို့ဝှက် သင်္ကေတများကိုလည်း သိမြင် နားလည်အောင် ကြိုးစားလာရင်း လူ့ဘ၀တွင် သွေး၏ အရေးပါပုံနှင့် ထူးခြား ဆန်းကြယ်ပုံကို အတော်အသင့် အဓိပ္ပါယ် ဖော်နိုင်လာခဲ့သည်။ သွေးအုပ်စုများကို သိနားလည်လာရင်း သွေးအုပ်စုတို့သည် လူသားတို့ ဘ၀ကိုမည်သို့ ခြယ်လှယ်နေသည်ကို သိရှိလာခဲ့ကြသည်။ သွေးသည် မျက်စိဖြင့်ကြည့်ပါက အနီရောင် အရည်သာဖြစ်သည်။ အဏုကြည့်မှတ်ပြောင်း အောက်တွင်ကြည့်မှသာ မတူညီသည့် ပစ္စည်းများစွာ သွေးထဲတွင် စုပေါင်းပါဝင်ကြောင်း တွေ့ရှိရပေမည်။ သွေးထဲရှိ သွေးနီဥများတွင် Hemoglobin ခေါ် သံဓါတ်ပါဝင်သည့် ထူးခြားသည် ပစ္စည်းတခုက Oxygen ကို သယ်ဆောင်သည်။ ထို့ပြင် ၄င်းသည် သွေး၏ အရောင်ကို သံချေးရောင် ဖြစ်စေသည်။

သွေးနီဥများ ရှိသကဲ့သို့ သွေးဖြူဥများလည်း ရှိသည်။ ၄င်း သွေးဖြူဥများသည် သွေးနီဥများလောက် မများသော်လည်း ရောဂါဘယဘေးမှ ကာကွယ်ပေးနိုင်သည့် ကာကွယ်ရေးတပ်ဖွဲ့ များဖြစ်ကြသည်။ သွေးဖြူဥများအပြင် အသားစ (Tissue) များဆီသို့ အာဟာရများ ပို့ဆောင်ပေးသော Protein များ၊ သွေးခဲစေသော သွေးခဲပစ္စည်းများ နှင့် သွေးရည်ကြည်များ တို့သည် သွေးဟုခေါ်သော အသက်ရှင်သန်မှုနှင့် သက်ဆိုင်သည့် ရှုပ်ထွေးပွေလီသော အရည်၏ အစိတ်အပိုင်းများဖြစ်ကြသည်။ ထိုမျှ ရှုပ်ထွေးပွေလီသော အရေးကြီးသော သွေး သည် လူသားတို့ မွေးဖွားခြင်း ၏ဆန်းကြယ်မှု၊ ရောဂါဘယများ၏ ခြိမ်းခြောက်မှု ၊ စစ်ပွဲများနှင့် ရုတ်တရက် သေဆုံးမှုကို ဖြစ်စေသည့် မူလပထမ တွန်းအား ဖြစ်သည်။ လူသားတို့၏ ယဉ်ကျေးမှု ဘ၀ကြီး တစ်ခုလုံးသည် သွေးသားဆက်စပ်မှု အပေါ်အခြေတည်၍ တည်ဆောက်ထားသည်။ လူမျိုးနွယ်စုများ ၊ ဆွေမျိုးစုများ ၊ မင်းဆက်များတို့သည် သွေးအပေါ်တွင် အခြေတည် ဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင် လူ့သမိုင်းကာလတစ်လျှောက် ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသား အဖြစ် ကာလရှည်ကြာ ရှိနေခဲ့သည်မှာလဲ သွေးပင်ဖြစ်သည်။ ရှေးခေတ်က သွေးစည်းညီညွတ်မှုနှင့် သစ္စာရှိမှုကို သက်သေပြုရန် လက်မောင်း သွေးဖောက်ပြီး သစ္စာဆိုကာ သွေးသောက် ညီအစ်ကို ဖွဲ့ခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ခန့် ကာလမှ စ၍ ဘိုးဘွားဘီဘင်များ၏ အုပ်စုဖွဲ့ နေထိုင်မှုများနှင့် ရွေ့လျားပြောင်းလဲမှုများကို ခြေရာခံ ဖော်ထုတ်နိုင်မည့် သွေးအုပ်စု (သို့) သွေးအမျိုးအစား စသည့် ဇီဝဆိုင်ရာ အမှတ်အသား များကို ရှာဖွေတွေ့ရှိပြီး အသုံးပြု နိုင်လာခဲ့ကြသည်။ ဘိုးဘွား ဘီဘင်များသည် အမြဲမပြတ် ပြောင်းလဲနေသော ရာသီဥတု၊ ရောဂါပိုးမွှား၊ အစားအစာ အာဟာရတို့ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြသည်။ ၄င်း စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း သွေးအုပ်စုများသည် အမျိုးအစားများ ကွဲပြားခဲ့ကြသည်။ ထိုကဲသို့ကွဲပြားမှုများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု အမျိုးမျိုးကို လိုက်လျောညီထွေ နေထိုင်အသက်ရှင် နိုင်သည့် လူသား အရည်အသွေးနှင့် လုံးဝဆက်စပ် နေသည်ဟု ကောက်ချက် ဆွဲနိုင်ခဲ့သည်။ ၄င်းစိန်ခေါ်မှု အများစုသည် အစာချေစနစ် (Digestive System) နှင့် ရောဂါကို ခုခံကာကွယ်သောစနစ်(Immune system) ကို အဓိက ပစ်မှတ်ထား ထိုးဖောက် ၀င်ရောက်သည်။ ၄င်း စနစ် ၂ ခုသည် လူသားတို့၏ အသက်ရှင်နေထိုင်မှုနှင့် လည်း တိုက်ရိုက်ဆက်စပ်နေသည်။ လူသား မျိုးနွယ်စုတို့၏ အသက်ရှင်သန်မှု သမိုင်းကြောင်းအရ မည်သည့် နေရာတွင် အခြေချနေထိုင်ခဲ့သည်၊ မည်သည်တို့ကို စားသောက် ရှင်သန်ခဲ့သည် တို့ကို လေ့လာခဲ့ရာ လူတို့၏ ဇာတ်လမ်းသည် အသက်ရှင်သန်နေထိုင်နိုင်ရန် အစာရှာဖွေခြင်းနှင့် စတင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ငါးသိန်းခန့် (သို့) ထို့ထက်ပိုစောသောအချိန် ဥရောပဒေသနှင့် အာရှကုန်းမြေတွင် ကျောက်ခေတ် လူသားများ စတင်အခြေချခဲ့ကြသည်ကို လေ့လာတွေ့ရှိခန့်မှန်းနိုင်ခဲ့သည်။ အချို့အဆိုအရ သမိုင်းမတင်မီကာလတွင် လူသားတို့သည် အာဖရိကဒေသ၌ သန္ဓေတည်ခဲ့ပြီး ထိုမှတစ်ဆင့် ဆင့်ကဲဖြစ်ပေါ်သည်ဟုလည်းဆိုကြသည်။ သမိုင်းမတင်မီခေတ်တွင် လူသားတို့သည် ရောဂါကူးစက်မှု၊ ကပ်ပါးကောင်များ၏အန္တရာယ်၊ တိရစ္ဆာန်များ၏ တိုက်ခိုက်မှု၊ အရိုးကျိုးမှု၊ မီးလောင်မှု စသည့် ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ဘ၀မှာ ကြမ်းတမ်း၊ ဆိုးဝါး တိုတောင်းခဲ့သည်။ ဥရောပဒေသတွင် ကျောက်ခေတ်လူသားများသည် အပင်ရိုင်းများကို အစိမ်းစားခဲ့ကြသည်။ သားရဲတိရစ္ဆာန်ချင်း တိုက်ခိုက်သတ်ဖြတ်၍ ကျန်ခဲ့သော အသေကောင်များကို စားခဲ့ကြသည်။ ရောဂါကူးစက်ခြင်း၊ ကပ်ပါးကောင်များ၏ အန္တရာယ်ပြုခြင်း စသည့် အခြေအနေတို့ကို ကြုံခဲ့ရသည့်အတွက် ဥရောပ ကျောက်ခေတ်လူသားတို့သည် မုဆိုးထက် သားကောင် ဖြစ်ခဲ့ရသည်။
လူသားတို့သည် ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ခဲ့ကြသည်။ ပြောင်းလဲလာသော ပတ်ဝန်းကျင်၊ အစားအစာ တို့နှင့် လိုက်လျောညီထွေနေထိုင် အသက်ရှင်ဖို့သာရှိသည်။ အစားအသောက်ပုံစံသစ်သည် နေရာဒေသသစ်တွင် အသက်ရှင်သန်နိုင်ဖို့ လိုအပ်သော ကိုယ်ခံအားစနစ်နှင့် အစာရေမျိုစနစ်တို့ကို သဟဇာတဖြစ်ဖြစ် အသားကျအောင် လှုံ့ဆော်ပေးသည်။ ဤအပြောင်းအလဲများကို အကြောင်းပြု၍ သွေးအုပ်စုမျုားသည် လူသားဖွံ့ဖြိုး တိုးတက်မှု၏ အဓိကကျသော အပြောင်းအလဲများကို ရင်ဆိုင်ကျော်ဖြတ်ရင်း သွေးအုပ်စုမျိုးများ ကွဲပြားခဲ့ရသည်။

အထင်ရှားဆုံးသော သွေးအုပ်စုမျိုးများမှာ - O , A , B နှင့် AB သွေးအုပ်စုတို့ဖြစ်ကြသည်။ သွေးအုပ်စုမျိုးများ စတင်ဖြစ်ပေါ်ခြင်းကို လေ့လာရာမှ သွေးအုပ်စုမျိုးများ သည် အိုသွေးအုပ်စု ၊ အိုသွေး မှ အေသွေးအုပ်စု ၊ အေသွေး မှ ဘီသွေးအုပ်စု နှင့် နောက်ဆုံး အေဘီသွေးအုပ်စု အဖြစ်တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲလာသည်ဟု ခန့်မှန်း ကောက်ချက်ချထားကြသည်။ ၄င်းခန့်မှန်း ကောက်ချက်များအရ သွေး အုပ်စု အားလုံး ၏ မူရင်း အစ သို့မဟုတ် အစောဆုံးပေါ်သော သွေးအုပ်စု မှာ အိုသွေး ဖြစ်သည်ဟုဆိုသည်။၎င်း အိုမင်းလှပြီဖြစ်သော အိုသွေး အကြောင်း သမိုင်းကောက်ချက် ချရသည်ရှိသော် BC 400 000 ခန့်တွင် ခရိုမက်နွန်-CroMagnon ( သမိုင်းမတင်မီ ခေတ်က ဥရောပတိုက်တွင် နေထိုင်သော ကော့ကေးဆွိုက်မျိုးနွယ်လူသား ဖြစ်သည်။ ကော့ကေးဆွိုက် -Caucasoid ဆိုသည်မှာ ဥရောပ၊ အာဖရိက၊ အိန္ဒိယနှင့် အရှေ့ဖျားဒေသတို့တွင် နေထိုင်ခဲ့သည့် ရပ်အမောင်းကောင်းပြီး ဆံပင်ဖြောင့်သော လူမျိုးများဖြစ်သည်ဟု ဆိုသည်။ ) ဘိုးဘွား ဘီဘင်များ ပေါ်ပေါက်လာသည်။
ထိုသူတို့သည် လူသားမျိုးနွယ်စုတို့ကို အစားအစာ ကွင်းဆက်၏ ထိပ်ဆုံး ရောက်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာမြေပေါ်တွင် အန္တရယ် အပေးဆုံး မုဆိုးများ ဖြစ်စေခဲ့သည်။ သူတို့သည် အစုအဖွဲ့နှင့် အမဲလိုက်ခဲ့ကြပြီး အချိန်တိုအတွင်း လက်နက်များ ပြုလုပ် အသုံးပြုလာခဲ့သည်။ ထို့ကြောင့် ၄င်းတို့သည် သဘာဝအလျောက် ပိုင်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများထက် သာလွန်သော စွမ်းဆောင်ရည်နှင့် အားသားမှုများကို လက်နက်များ အသုံးပြုခြင်းဖြင့် ရရှိခဲ့ကြသည်။ ကျွမ်းကျင်လိမ္မာ ပါးနပ်သော မုဆိုး များ အဖြစ် လူသားတို့သည် သတ္တ၀ါကြီးများကိုအနိုင်ယူပြီး အသက်ရှင်သန်မှုနှင့် စားဝတ်နေရေးကို ဖန်တီးခဲ့ကြသည်။ ပြိုင်ဘက်ကင်း မုဆိုးများ ဖြစ်လာသော လူတို့တွင် လူဦးရေး တဖြည်းဖြည်း တိုးတက်များပြားလာပြီး လူဦးရေပေါက်ကွဲမှု အသွင်ဖြစ်ပေါ်လာခဲ့သည်။ ခရိုမက်နွန်တို့ သည် မုဆိုးများ ဖြစ်သည့်အလျောက် သူတို့အတွက် အသားဓါတ်သည် သာလျှင် အကောင်းဆုံး အာဟာရ လောင်စာဖြစ်ခဲ့သည်။ ထိုအခြေအနေ တွင် သွေးအုပ်စု အို သည် ၄င်း ၏ အစာချေဖျက်ခြင်းနှင့် ဆိုင်သော အရည်အသွေးကို အပြည့်အ၀ သက်သေပြနိုင်ခဲ့သည်။

လူသားတို့သည် အစားအစာ ဖြစ်သော အသားအတွက် အာသာငမ်းငမ်း ဖြစ်ခဲ့ကြပြီးနောက် သားကောင်များကို ဖမ်းဆီး သတ်ဖြတ်ရင်း သားကောင်များ ရှားပါးလာသည်။ ထိုအချိန်တွင် လူဦးရေ ပေါက်ကွဲမှုသည်လည်း အဆမတန် ဖြစ်ပေါ်လာသဖြင့် ကျွေးမွေးရမည့်သူ များလာသောကြောင့် အစားအစာဖြစ်သော အသားကို ရလိုမှုအတွက် လူသားတို့သည် အပြင်းအထန် ပြိုင်ဆိုင်လာကြသည်။ လူသား မုဆိုးတို့သည် နယ်မြေများ သတ်မှတ်ပိုင်းခြားကာ သူ့နယ်ကိုယ့်နယ် သတ်မှတ်ခဲ့ပြီးနယ်ကျော် ၀င်ရောက်လာသူမှန်သမျှကို တိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ အမဲလိုက်ရန် ကောင်းသော နေရာများ ရှားပါးလာသဖြင့် လူသားတို့သည် နယ်ပယ်သစ်များကို ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် ပြိုင်ဘက်ကင်း မုဆိုးများ ဖြစ်သော လူသားတို့အတွက် အန္တရာယ် အပြုနိုင်ဆုံးသော သူများမှာ လူသားတို့ပင် ဖြစ်ခဲ့သည်။
BC 30 000 ခန့်တွင် လူသားတို့သည် အမဲလိုက်ရန် နယ်မြေများ ချဲ့ထွင်ရင်းဖြင့် အမဲလိုက်ရန် အလွန်ကောင်းသော အာဖရိက ဆာဟာရ ဒေသတွင် ခြောက်ကပ်လာခဲ့သည်။ ယခင် ရေခဲနေသော ကမ္ဘာ့မြောက်ခြမ်း ဒေသများသည် တဖြည်းဖြည်း ပူနွေးလာသည့် အတွက် လူသားတို့သည် အာဖရိကဒေသမှ အာရှနှင့် ဥရောပဆီသို့ ပြောင်းရွေ့  အခြေချခဲ့ကြသည်။ ထိုပြောင်းရွေ့ အခြေချမှုများသည် ကမ္ဘာမြေပေါ်တွင် အိုသွေး အုပ်စုဝင် လူများကို အခြေခံလူ့အဖွဲ့အစု ကြီး အဖြစ် စတင် အခြေတည် ဖြစ်ပေါ်လာစေခဲ့သည်။ ယနေ့အထိလည်း ကမ္ဘာ့လူဦးရေ အများစုမှ အိုသွေးများ ဖြစ်နေဆဲပင်ဖြစ်သည်။
BC 20 000 ခန့်တွင် ခရိုမက်နွန် လူသားတို့သည် ဥရောပနှင့် အာရှဒေသများတွင် လုံးလုံးလျားလျား အခြေချ နေထိုင်ခဲ့ကြသည်။ အမဲလိုက်ရန်ခက်ခဲလာချိန်တွင် အခြားအစားအစာများကို တွေ့ရှိခဲ့ကြခြင်းဖြင့် လူသားတို့သည် အခြေအနေသစ် တစ်ခုဖြစ်သော အစုံစားသတ္တ၀ါ အဖြစ် ရောက်ရှိလာခဲ့ကြသည်။ ကမ်းရိုးတန်း တစ်လျှောက် တွင် ထူထပ်သိပ်သည်းစွာ အခြေချနေထိုင်ခဲ့သည်။ ငါးနှင့် ရေထွက် အစားအစာ ပေါသော မြစ်၊ ချောင်း၊ အင်း၊ အိုင်များအနီးအနားတွင် အခြေချ နေထိုင်သူများပြားခဲ့သည်။
BC 10 000 ခန့်တွင် အန္တာတိကတိုက်မှ လွဲ၍ ကမ္ဘာ့ကုန်းမြေ ဒေသတစ်ခုလုံးနီးပါးတွင် လူသားတို့ အခြေချ နေထိုင်ခဲ့ကြသည်။ ထိုကဲ့ သို့ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့ အခြေချရင်း ကမ္ဘာဦး လူသားတို့သည် အရေပြားဖြူဖျော့ဖျော့၊ ပေါ့ပါးသော အရိုးဖွဲ့စည်းမှု၊ ဖြောင့်စင်းသော ဆံပင်တို့ကို ပိုင်ဆိုင်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ လူသားတို့သည် နေထိုင်ရာ နေရာဒေသကိုလိုက်၍ လိုက်လျောညီထွေဖြစ်စေရန် သဘာဝအလျောက် ပြောင်းလဲလာခဲ့ကြသည်။ မြောက်ဘက်သို့ပြောင်းရွေ့ အခြေချခဲ့သော လူသားတို့သည် မဲနက်သော အရေပြားထက်နှင်းကိုက်နာကို ပိုမိုခံနိုင်ရည်ရှိစေမည့် ဖြူဖျော့ဖျော့ အရေပြားကို ပိုင်ဆိုင် လာခဲ့ကြသည်။ ဖြူဖျော့ဖျော့ အရေပြားသည် ညတာရှည်၍ နေ့တာတိုသော ဒေသများတွင် ဗီတာမင် ဒီ (Vitamin D) ကိုချေဖျက်နိုင်ရန် ပံ့ပိုးပေးခဲ့သည်။
သို့သော်လည်း လူဦးရေပေါက်ကွဲမှုသည် ဆက်လက်ဖြစ်ပေါ်နေပြီး အမဲကောင်များ ရှားပါးလာသော အချိန်တွင် အစားအစာရရှိရေးအတွက် လူသားအချင်းချင်း တိုက်ခိုက်ပြိုင်ဆိုင်မှုများ တိုးတက် များပြားလာခဲ့ပြီး နေရာဒေသများ သတ်မှတ်နေထိုင်ကာ ပြောင်းရွေ့ အခြေချမှုများကို အဆုံးသတ် သွားစေခဲ့သည်။ သို့သော်လည်း BC 250 000 မှ BC 150 000 အတွင်း လူသားတို့သည် နေရာပြောင်းရွေ့ရင်း အရှေ့  အလယ်ပိုင်းဒေသ နှင့် အာရှ ဒေသများ တွင်သဘာဝပတ်ဝန်းကျင် ကို ရင်ဆိုင် အံတုရင်း အသက်ရှင်သန်နိုင်အောင် ကြိုးစားခြင်းဖြင့် အေသွေးအုပ်စု များစတင် ပေါ်ပေါက်လာခဲ့သည် ဟု ယူဆခဲ့ကြသည်။ ခရိုမက်နွန် မုဆိုးများ လွှမ်းမိုးသော ကျောက်ခေတ် နှောင်းပိုင်းကာလ ၊ အထွဋ်အထိပ် အခြေအနေ တွင် အေသွေးအုပ်စု သို့မဟုတ် လယ်သမား သွေးအုပ်စု ပေါ်ပေါက်လာသည်ဟု ယူဆခဲ့ကြသည်။
လူသားတို့၏ ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ အမဲလိုက်၍ အသက်မွေးရာမှ တဖြည်းဖြည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပေါ်ပေါက်လာခဲ့ပြီး လူသားတို့၏ ဘ၀ အရာရာသည် ပြောင်းလဲလာခဲ့သည်။လူသားတို့သည် အမဲလိုက်အသက်မွေးခြင်းကို ပယ်စွန့်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ နေထိုင်သော လူများအဖြစ် အမြဲတမ်း နေထိုင်မှုပုံစံကို ပထမဆုံး စတင် တည်ထောင်သည်။ ခရိုမက်နွန် တို့နှင့် မတူညီသော နေထိုင်မှုပုံစံနှင့် စားသောက်မှု ပုံစံပြောင်းလဲခြင်း၊ အဓိကကျသော ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်း တို့ကြောင့် ကျောက်ခေတ်နှောင်းပိုင်း လူသားတို့၏ ရောဂါ ခုခံကာကွယ်ရေးစနစ်နှင့် အစာချေစနစ်တို့သည် လုံးဝနီးပါးပြောင်းလဲခဲ့သည်။ လူသားတို့သည်စိုက်ပျိုးသီးနှံနှင့် ဆက်စပ်လျက်ရှိသော အစားအစာ များကိုစားသောက်ပြီးသည့်အခါ အစာခြေ အင်္ဂါစနစ်က ချေဖျက်နိုင်ပြီး ဖြစ်လာသည့်အာဟာရကို စုပ်ယူကာ အစားအသောက်ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း သွေးအုပ်စု အေ ပေါ်ပေါက်လာခဲ့သည်။

လယ်ယာစိုက်ပျိုး မွေးမြူရေးကျေးရွာများအဖြစ် အမြဲတမ်း အခြေချနေထိုင် လာသောအခါ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ခရိုမက်နွန် မုဆိုးဘ၀က စုပေါင်းလုပ်ဆောင်မှု အရည်အသွေးများကို စုပေါင်းနေထိုင်ရသော ယခင်နှင့်ခြားနားသည့် အခြေအနေသစ် လူ့အဖွဲ့အစည်း ပုံစံသစ်တွင်ကောင်းမွန်စွာ အသုံးချနိုင်ခဲ့သည်။ တစ်ဦးတစ်ယောက်စီ၏ ကျွမ်းကျင်မှုကို အခြေတည်သည့် အပြန်အလှန် အမှီသဟဲ ပြုမှုစနစ်ကို ရုပ်လုံး ပေါ်လာစေခဲ့သည်။ ( ဥပမာ အားဖြင့် ဆန်စက်ပိုင်ရှင်သည် သူ့စက်တွင် စပါးလာ ကြိတ်ခွဲစေရန် လယ်သမားများကို အားကိုးနေရသကဲ့ သို့ လယ်သမားများ သည်လည်း စပါးများကို ကြိတ်ခွဲရန် အတွက် ဆန်စက် ပိုင်ရှင်ကို အားကိုးနေရသည်။ လူအများနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်း၊ အစီအစဉ်ချ လုပ်ကိုင်ရခြင်း တို့သည် တိုးတက် ဖြစ်ထွန်းလာကြသည်။
အေသွေးအုပ်စုတို့၏ မျိုးရိုးဗီဇသည် အစောပိုင်းကာလ လယ်ယာစိုက်ပျိုးသော လူ့အဖွဲ့အစည်းတွင် စတင် ဖွံ့ဖြိုးခဲ့သည်။ အိုသွေးမှ အေသွေးသို့ ပြောင်းလဲသော မျိုးရိုးဗီဇသည် အလျင်အမြန် ပြောင်းလဲစေခြင်းမှာ အသက်ရှင်သန်မှုနှင့် ဆက်စပ်နေသည်။ ယခင်နှင့် မတူ ပိုမိုထူထပ် သိပ်သည်းလာသော ပတ်ဝန်းကျင်၊ ပြောင်းလဲလာသော အစာအာဟာရ၊ သဘာဝနှင့် ပိုးမွှားများ တိုက်ခိုက်မှုဒဏ် စသည်တို့ကို ခံစားရင်း လူနေထူထပ်သော လူ့အဖွဲ့အစည်းတွင် လိုက်လျောညီထွေ နေသားတကျ အသက်ရှင် သန်နိုင်ရေးအတွက် ပြောင်းလဲလာခြင်း ဖြစ်သည်။

 ထို့ကြောင့် အေသွေး အုပ်စုဝင်များသည် လူနေထူထပ်သော ဒေသများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါများကို ပိုမိုခံနိုင်ရည်ရှိသည် မြို့ပြနှင့် စက်မှု ဖွံဖြိုးသော လူ့အဖွဲ့ အစည်းများသည် အေသွေးအုပ်စုများ အဖြစ် အလျင်အမြန် ပြောင်းလဲလာသည်။ ယနေ့ ခေတ်တွင် ပလိပ်ရောဂါ၊ ၀မ်းရောဂါ နှင့် ကျောက်ရောဂါ ကပ်ဘေးများမှ အသက်ရှင် ကျန်ရစ်သူများတွင် အေသွေး အုပ်စုဝင်များသည် အိုသွေးတို့ထက် ပိုများခဲ့သည်။ နောက်ဆုံးတွင် အေသွေးအုပ်စုတို့၏ မျိုးရိုးဗီဇသည် အင်ဒို ဥရောပသားများမှ တဆင့် အာရှနှင့် အရှေ့ အလယ်ပိုင်းဒေသကို ကျော်လွန်ကာ အနောက်ဥရောပဒေသ အထိ ပြန့်နှံ့ခဲ့သည်။ အင်ဒိုဥရောပသားများသည် ကျောက်ခေတ်နှောင်းပိုင်း မတိုင်မီကာလ အထိ အမြောက်အများရှိနေခဲ့ပြီး ရုရှအလယ်ပိုင်း၏ တောင်ဘက်ပိုင်းတွင် မူလက အခြေချခဲ့သည်။ ထိုမှနောက်တွင် BC2500 မှ BC 2000 အတွင်း အာရှဒေသ၏ အနောက်တောင်ဘက်သို့ ပြောင်းရွေ့အခြေချကာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံတွင် နေထိုင်သော လူမျိုးများ ဖြစ်လာသည်ဟု ခန့်မှန်းရသည်။
အင်ဒို ဥရောပသားများ၏ ၀င်ရောက်လာမှုကြောင့် အစားအသောက် တော်လှန်ရေးကို ဖြစ်စေခဲ့သည်။ ကျောက်ခေတ်ဦးပိုင်းကာလ မုဆိုးများ၏ သမားရိုးကျရောဂါ ခုခံကာကွယ်ရေးစနစ်နှင့် အစာချေစနစ်များကို အစားအသောက် အသစ်များ ၊ ပတ်ဝန်းကျင်နေထိုင်မှု အမူအကျင့် အသစ်များနှင့် မိတ်ဆက်ပေးပြီး ပြောင်းလဲစေခဲ့သည်။ ဥရောပသား များတွင် ယနေ့အထိ အေသွေး အမျိုးအစားသည် ရာခိုင်နှုန်း အမြင့်ဆုံး ရှိနေဆဲဖြစ်သည်။ မက်ဆီဒိုးနီးယား၊ စပိန် ၊ တူရကီနှင့် ဘော်လကန်ဒေသများတွင် အေသွေးအုပ်စုဝင်များကို ပိုမိုတွေ့ရှိရသည်။ BC 150 000 နှင့် BC 100 000 အချိန်ကာလအတွင်း ဘီသွေးအုပ်စုသည် ရာသီဥတု အပြောင်းအလဲများကို တုံ့ပြန်ရာမှ ယခု ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဖြစ်သော ဟိမ၀န္တာတောင်တန်း၏ ကုန်းမြင့်ပိုင်းဒေသတွင် စတင် ဖွံ့ဖြိုးခဲ့သည်ဟု ယူဆရသည်။ ပထမဆုံး စတင် ပေါ်ပေါက်ခဲ့သော နေရာများမှာ ကော့ကေးရှန်နှင့် မွန်ဂိုလီးယန်းလူမျိုးများ ပေါင်းစပ်နေထိုင်သော အာရှဒေသ၏ ယူရယ်ဒေသ သို့ အိန္ဒိယ ဟုယူဆခဲ့ကြသည်။ မွန်ဂိုလီးယန်းတို့သည် အာရှတိုက် တစ်ခုလုံးကို တိုက်ခိုက်ခဲ့သဖြင့် ဘီသွေးအုပ်စုသည် အာရှတိုက်တစ်ခုလုံးတွင် ခိုင်ခိုင်မာမာ အခြေပြုခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။ 

Dr.ဇီဝက (ဆေးလောက)
ကိုးကား~
(၁) Eat Right for Your Type By Dr. Peter J.D` Adamo
(၂) သွေးအုပ်စု အလိုက် နေထိုင်စားသောက်မှုအတတ်ပညာ(ဒေါက်တာ ရန်မျိုးသိန်း )
(၃) Fwd Mail များ

0 comments: