လှိုင်မြစ်ကမ်း၌ ဂျီအီးဟာဗေးနှင့် တွေ့ဆုံခြင်း




ပင်လယ်ဝဲ
သဲသောင်ခုံက… သဲတွေဟာ
ငှက်သမ္ဗာန်တွေနဲ့ မောကြီးပန်းကြီး ရေကူးလာပြီး
ဟောဒီ မဟာရန်ကုန်တော်ကြီးမှာ
ကန်ထရိုက်တိုက်တွေအဖြစ် ဟန်ရေးပြကြတယ် ။

ဧရာမ သင်္ဘောကြီးတွေကတော့
မဟာသမုဒ္ဒရာကြီးထဲက ဘွားကနဲပေါ်လာပြီး
ရန်ကုန်မြစ်ဝရောက်တဲ့အခါ
ခပ်ကုပ်ကုပ် ခပ်မှောင်မှောင်
သူခိုးတကောင်လို ချွတ်နင်းကြတယ် ။

` လှေကလေးကိုလှော်မည် ` ၀တ္တူထဲမှာ
ကဗျာဆရာ မောင်လေးအောင်ကို ပျော်ပါးဘို့
မြူဆွယ်ခဲ့ရာမှာ မအောင်မြင်ခဲ့ရှာတဲ့  
ပြည့်တန်ဆာမလေးကလည်း
ဒလဆိပ်ကမ်းမှာ ရေခဲရေရောင်းလို့ ။

တခါတုန်းကတော့ ….
လန်ဒန် သိမ်းမြစ်ကမ်းပါးမှာ
ဂျီအီးဟာဗေး ဆိုတဲ့ သမိုင်းပညာရှင်ကြီးက
သူ့တပည့် အိုင်စီအက်စ် ဦးချမ်းသာ ကို
ဟောဒီလို ပြောခဲ့ပါသတဲ့ …..
“ မင်းတို့ မြန်မာလူမျိုးဟာ …
အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ
ဥာဏ်အတော်ဆုံး၊ သတ္တိအကောင်းဆုံးဘဲ
ဒါပေမယ့် … မင်းတို့လူမျိုးက
အချင်းချင်း မညီညွတ်ချင်ဘူး
တယောက်ကို တယောက်က မနာလိုချင်ဘူး
တစ်ဦးကိုတစ်ဦးက ကုန်းချောချင်တယ်
အဲဒါကြောင့် … မင်းတို့ဟာ
တိုးတက်သင့်သလောက် မတိုးတက်ဘူး ”

ကျွန်တော်အိုင်စီအက်စ်
ဦးချမ်းသာ(စာ-၂၃၄)

ဗိုလ်တထောင်စေတီ
ရွှေရည်ဝင်းပ၊ ပြည်တော်ပြန်ဘုရား
တရားပုတီးစိပ်၊ လရိပ်ကြယ်ရိပ်
ဖိတ်ဖိတ်လင်းလင်း၊ တောက်ပဆီမီးတိုင်
မြိုင်ဆိုင်မွှေးမြ …
ညတွေက … နေ့တွေဆီချဉ်းကပ်ဆဲ
မှုန်တရီ မှောင်တ၀ါးမှာ
ချစ်သူနဲ့ လက်တွဲပြီး
လှိုင်မြစ်ကမ်းက ပြန်ခဲ့တယ် ။

စိုးမြင်းသိန်း
ရွှေမော်ကွန်းမဂ္ဂဇင်း အမှတ်-၆
၉၇၊ အောက်တိုဘာ

မှတ်ချက်
ဒီဇိုင်းပုံက မဂ္ဂဇင်းစာမျက်နှာမှာအသုံးပြုခဲ့တဲ့အတိုင်းကို ဓာတ်ပုံရိုက်ပြီး ကာလာနည်းနည်းအရောင်တင်ထားပြီး သုံးထားတာပါ။

0 comments: