မမေ့နိုင်တဲ့ အစွဲ နောင်တနဲ့တော့ မလဲချင်


အသက်နဲ့ ထပ်တူချစ်မြတ်နိုးရသော ဆိုတာ ဒီကမ္ဘာပေါ်မှာရှိနိုင်ပါ့မလား ။ ကျွန်မအတွက်တော့ တကယ်ပဲ ခံစားခဲ့ရပါပြီ။ ကြုံရတဲ့ အချိန်မှာ ဘယ်လို ဖြေဆည်လို့မှမရနိုင်ဘူးဆိုတာ ခံစားသိနဲ့ သိလိုက်ရပါပြီ ။ မိမိမြတ်နိုးရတဲ့ ကျေးဇူးရှင်သခင်မှာ ဒဏ်ရာအနာတရ ဖြစ်ခဲ့ပြီဆိုတာကို သခင့်ရဲ့ အသံနဲ့အတူ တုန်ရီယိမ်းယိုင်သွားတဲ့ ကိုယ်ခန္ဓာကိုအတွေ့လိုက်မှာ မိမိရပ်တန့်နေရာ မြေကြီးကျွံကျသွားလေသလားလို့ ထင်လိုက်ရပါတယ်။ မိမိအနေနဲ့ ဖေးကူရုံကလွဲလို့ ဘာမှ မတတ်နိုင်တဲ့ အခါ ဖြစ်ရလေရယ်လို့သာ အာရုံပြုခဲ့မိပါတော့တယ် ။ ဘယ်လိုကံကြမ္မာလေလဲကွယ် ...။

သခင်ကတော့ သတိကို ထိန်းချုပ်ပြီး ရန်သူရှိနေသေးတဲ့ နေရာမှာ မနေကြဖို့ ၊ ရန်သူကို ရှာဖွေကြဖို့ ၊ သူ့ကိုထားရစ်ခဲ့ဖို့ ချက်ခြင်းစီမံနေပါပြီ ။ ပြောဆိုညွှန်ကြားနေပါပြီ ။ ပါရမီ အထပ်ထပ်မှာ သတိက ထပ်ချပ်ပါနေတဲ့ အများရဲ့ ခေါင်းဆောင်ပီသသူပဲလေ ။ အများအန္တရာယ်ကင်းဝေးအောင် ၊ ငြိမ်းချမ်းကြအောင် ရင်ထဲမှာသတိမလစ်ပဲ ကြံဆလမ်းညွှန်လေသူပဲလေ။ ကျွန်မကိုလည်းမြတ်နိုးရသူဖြစ်ပေမယ့် အန္တရာယ်က ရှောင်နိုင်ဖို့ကိုသာ သေချာစွာပြောဆိုညွှန်ကြားခဲ့ပါတယ်။ ယိမ်းယိုင်နေတဲ့ ကိုယ်ခန္ဓာကို ဖေးကူထားချင်ပေမယ့် သခင်ရဲ့ ဆန္ဒကိုတော့ အမြဲယုံကြည် မကျော်လွန်တတ်သူမို့ သခင့်အလိုအတိုင်းသာဖြစ်စေဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ မွေးညင်းဖျားအထိ တုန်ရီချည့်နဲ့နေတဲ့ စိတ်နဲ့ သတိပင်မကပ်နိုင်ပဲ သခင့်အနားက ခွာခဲ့မိပါတယ် ။ ဒါပေမယ့် မသိစိတ်ကလည်းဘယ်လိုမှ ပစ်မထားသင့်ဘူးဆိုတာကို အရိုးစွဲအောင် သိနေပါတယ် ။ အဝေးဆီသို့ မရွေ့နိုင်ပဲ သခင့်ကို လှမ်းမြင် ကြားနာနိုင်တဲ့ သစ်ရိပ်အကွယ်မှာ ပတ်ဝန်းကျင် အခြေအနေတွေကို သတိထားရင်း ရပ်တန့်နေမိလိုက်ပါတယ် ။ အခြားသူတွေကတော့ သခင့်အတွက် လှုပ်ရှားသွားလာနေကြတာ ယောက်ရက်ခတ်နေကြပါပြီ ။ သူတို့ကိုးစားတဲ့ သခင့်အတွက် တာဝန်ထမ်းဆောင်နေကြတာပါ ။
ကျွန်မရဲ့ မျက်လုံးထဲမှာ သခင်က တစ်စုံတစ်ဦးကို စကားတွေပြောနေသလို ထင်လိုက်မိတဲ့အခါ နားရွက်ကိုချီလည်ကိုဆန့်လို့ သတိကိုမြှင့်တင်မိနေပါတယ်။ အို ... ထူးခြားလှပါပေ့။ သခင့်ရန်သူကိုသခင်က စိတ်လက်ရှည်စွာ မေးနေတာပါလား။ လုပ်ကြံသူက သူ့မှာ အပြစ်ကလေးမြူမှုန်လောက်သာရှိကြောင်း၊ ခွင့်လွှတ်ဖို့အကြောင်းတွေကို တစ်ပါးသူတွေအပေါ် အပြစ်တွေပုံချလို့ ကောက်ကျစ်စွာ ပြောဆိုနေတာကို သိလိုက်ရပါတယ်။ ကျွန်မရဲ့ အသွေးအသားတွေ ဗလောင်ဆူပွက် တစ်ခဲနက်ပဲ ရန်သူကို အပြတ်ရှင်းလိုက်ချင်ပါရဲ့။ ဒါပေမယ့် သခင့်စကားကို မပယ်ရှားနိုင်ခဲ့ပါဘူးလေ။ သခင်က ချင့်ထောက်မျှော်တွေးလို့ ခွင့်လွှတ်ပေးခဲ့ပါပြီ ။ သူ့အရိုးတော်ကို ရယူလိုသူအတွက် အသက်ကို ကြည်ဖြူစွာအပ်နှံလို့ ရန်ကြွေး မတုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါပြီ ။ ကျွန်မမှာတော့ သူတော်ကောင်းသခင်ရဲ့ အပြစ်ကို ခွင့်လွှတ် သည်းခံမှုတရားကို အမြင့်ဆုံးမြှင့်နိုင်တဲ့ စိတ်ထားကို နားလည်နေနိုင်ခဲ့ပါတယ် ။ အင်ကြင်းခိုင်တို့ခြောက်သွေ့ခဲ့ပေမယ့် မေတ္တာတရားဆိုတာ ခြောက်သွေ့သွားတတ်တဲ့အရာမှ မဟုတ်တာပဲလေ ။

ဒါပေမယ့် သူယုတ်တို့ရဲ့ စရိုက်ကတော့ ထင်းထင်းကြီးပေါ်လာပါတော့တယ်။ လွှကြီးကိုင်ထားတဲ့ သူဟာ သခင့်ကိုယ်ပေါ်ကို ရန်ဖက်ချင်းကဲ့သို့ တက်နေပါတယ်။ လောဘဇော မွှန်နေတဲ့အခါ လျှောကျနေ တာမို့ သခင်ကပဲ ညွှတ်တွားပေးလိုက်ပါတယ် ။ တစ်ပါးသူမနွမ်းနယ်ဖို့ အဓိကထားတတ်တဲ့ သခင်ရဲ့ စေတနာပါ ။ သခင့်ကိုယ်ပေါ်ကို ရောက်နေတဲ့သူဟာ သခင့်အရိုးတော်ကို အာစကနေဖြတ်တိုက်နေပါတော့တယ်။ ကန်တွေ ချောင်းတွေကျိုးကျသလို သခင့်အာခံတွင်းကနေ သွေးတွေ သွေးတွေ။ အို...မမြင်ရက်နိုင်အောင်ပါ။ မေတ္တာ စေတနာကြီးသူကိုမှ လုပ်ရက်လေခြင်းရယ်လို့ တုန်ရီနေအောင် ဒေါသတွေဖြစ်လာရတာက ကျွန်မပါ ။ ရန်သူကို ရန်သူလိုပဲ အပြစ်ကြွေးတွေကို နင်းခြေအရယူလိုက်ချင်ပါတယ် ။ ဒါပေမယ့် ကိုယ့်မျိုးနွယ်ရဲ့ ခေါင်းဆောင် ၊ မိမိရဲက မြတ်နိုးရသူက ဆုံးမသွန်သင်ထားတာတွေကို မသိနားမလည်မလုပ်ချင်တော့ပါ ။ သခင့်က ပါရမီဖြည့်နေတာ ။ ဒါကိုနှောက်ယှက်ရာကျပါလိမ့်မယ် ။ ဒီလိုတွေးမိတဲ့အခါ မမြင်ရက်နိုင်တာမို့ မျက်လုံးကို စုံမှိတ်လိုက်ရပါတော့တယ် ။ မျက်ရည်တွေက မြစ်နှစ်သွယ်အလား စီးဆင်းသွားကြပါပြီ ။

ဗုန်း ဗုန်း ဆိုတဲ့ အသံကိုကြားလိုက်ရတော့မှပဲ မျက်လုံးတွေကို ဖွင့်ကြည့်မိပါတော့တယ် ။ သခင့်ရဲ့ အရိုးတော်တွေ မြေမှာ ခနေကြပါပြီ ။ သခင်ကိုယ်တိုင် ဖြတ်တောက်ပေးလိုက်ကြောင်းကိုလည်း သခင့်ထံက လွှကြီးကို မြင်လို့ သဘောပေါက်ခဲ့ရပါတယ် ။ ယုတ်ညံ့သူတို့ မရထိုက်တဲ့ ရတနာကို သခင်ကိုယ်တိုင်ပေးလှူလိုက်တာပါလား ။ အလိုရှိသူကို အသာအယာခေါ်လို့ အရိုးတော်တွေကို အပ်နှံပြီး သခင်က အမှာ စကားတွေပြောနေပါပြီ။ သူလာခဲ့လမ်းကို ( ၇ ) ရက်အတွင်းရောက်နိုင်အောင်လမ်းညွှန်ပေးသလို၊ အန္တရာယ်ကင်းဖို့လည်း ပရိတ်တော်တွေမန်းလို့ ပေးနေပါတယ်။ မိမိရဲ့ အသက်ကို ရန်ပြုသူအတွက် ဘေးဆီး ရန်ကာပေးဖို့ သတိထားပြီး မေတ္တာ စေတနာကိုပြုပေးနေတာပါလား။ အလို ... သခင့်စကားထဲမှာ ညီမတော်အတွက် အရိုးတော်ကို သုံးဖို့ ကိုယ်တိုင် ဖြတ်လှူပေးကြောင်း။ နန်းဆောင်အလယ်မှာ ၀မ်းသာအားရ ပျော်ရွှင် ငြိမ်းချမ်းစွာ စံမြန်းနေနိုင်ပါစေကြောင်းတွေ ပါဝင်လာတာကို ကြားလိုက်ရတော့မှပဲ လူသားအဖြစ်သို့ ရောက်ခဲ့တာတောင် ဒေါသရန်ငြိုး ဖွဲ့လေရက်တဲ့သူဟာ ၀န်တိုမှုကြောင့် ကွယ်လွန်သွားရှာတဲ့  မြတ်နိုးရသူ ညီမတော် ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဘယ်လိုပင် တပါးသူက မေတ္တပျက်ပါစေ ၊ ဒုက္ခပေးပါစေ စေတနာမေတ္တာကို တစ်ရွေးသားမျှ အလျှော့မခံတဲ့ သူတော်ကောင်းကြီး သခင် ဆဒ္ဒန်ဆင်မင်းကိုဦးညွှတ်ကာ ကန်တော့နေမိပါတော့တယ် ။

ရန်သူတော်ကတော့ အရိုးတော်များကို ထမ်းကာ ၀မ်းသာအားရထွက်ခွာခဲ့ပါပြီ။ သခင်က ဝေဒနာတွေကို ပညာဖြင့်သိမ်းဆည်းထားသော်လည်း ကိုယ်ခန္ဓာက ငြှိုးနွမ်းခွေယိုင်လို့ မြေစိုင်ကိုလဲပြိုကာ အသက်တော်ထွက်ခဲ့ရပါပြီ ။ သူတော်ကောင်းဟာ မသူတော်တွေရဲ့ လက်ချက်နဲ့ ပျက်စီးရတဲ့ သာဓကပါ ။ ကျန်ရစ်ရသူတွေအတွက် ဘယ်လိုမှ မေ့လို့ မရနိုင်တဲ့ ဖြစ်ရပ်ပါ ။ ဒါပေမယ့် သခင့်အလိုတော်အတိုင်း ရန်ကို ရန်ချင်း မတုံ့နှင်းပဲ အများအတွက် စိတ်ရင်းစေတနာကို မကွာမထပ်အောင် ပညာသတိနဲ့ ထမ်းပိုးလို့ သံသရာခရီးကို ဆက်နေရအုံးမှာမို့ အလောင်းတော်ကို ရိုသေစွာ ရှိခိုးဦးခိုက်ရင်း သဂြိုလ်ခြင်းအမှုကို ပြုရပါတော့တယ် ။ ဖျက်ဆီးသူတွေကို ခွင့်လွှတ်နိုင်ပေမယ့် မေ့လို့မရတဲ့ မှတ်တိုင်တော့ စိုက်ထူထားရမှာပါ ။
သံသရာပုံဆောင် အံစာတုံးကို ဖြန့်လွှတ်ချလိုက်ပါပြီ ။
ပါရမီဖြည့်သူဆိုတဲ့ တစ်မျက်နှာလေး ပွင့်ပါစေလို့ ဆုတောင်းရင်း ... ။

( ဆရာကြီး စလေ ဦးပုညဖွဲ့ဆိုသော ဆဒ္ဒန်ဆင်မင်းဝတ္ထုရဲ့ အရွက်ကလေးတစ်ရွက် အဖြစ်  ဆက်စပ်ပုံဖော်ထားတာပဲ ဖြစ်ပါတယ် ။ )

ငြိမ်းစိုးဦး

သိတတ်လို့ တတ်သိပြီး  သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...

0 comments: