အထီးကျန် ဂမုန်းပင်



ဓာတ်ပုံ ကိုသက် (လောစ့်အိန်ဂျလိစ် )


မနက်မိုးလင်းတိုင်း ပထမဆုံး လုပ်နေကျ ဖြစ်သော သူ၏ အလုပ်တစ်ခုမှာ ကုတင်ဘေး ပြတင်းပေါက် ဘောင်ပေါ်မှာ တင်ထားသည့် ဂမုန်းပင်လေးကို ရေလောင်း၊ မြေဆွပေးခြင်းဖြစ်သည်။ သစ်ပင်စိုက်ခြင်းကို ၀ါသနာ အထူးတလည် မပါသော်လည်း သူငယ်ချင်းတစ်ဦးထံမှ လက်ဆောင်ရထားသော ထို ဂမုန်းပင်လေးကို ပြုစုစောင့်ရှောက်နေရတာကို ကျနော် အလွန်နှစ်သက်ပါသည်။ ဂမုန်းပင်လေးကို အမည်နာမ သူမသိ၊ ရိုးတံရှည်ရှည်၊ အရွက်ဖားဖားပေါ်မှာ အ၀ါရောင် အစက်ကလေးတွေနှင့် အရမ်းကို လှပါသည်။ အခုချိန်ထိ ၀တ္တရားမပျက်မကွက် သူလုပ်လာခဲ့သော အလုပ်မှာ … မနက် အိပ်ရာနိုးနိုးချင်း တစ်ကြိမ်၊ ညနေခင်း အလုပ်မှ အပြန် ရေမချိုးမီ တစ်ကြိမ် ထို ဂမုန်းပင်လေးကို ရေလောင်း၊ မြေဆွပေးခြင်း အလုပ်သာ ဖြစ်ပါလိမ့်မည်။


____________________________ +++___________________________

"အမှတ်တမဲ့သည် ... အမှတ်တရများစွာတို့၏ အစ ဖြစ်သည်။"
____________________________ +++___________________________
ထိုနေ့က မိုးအနည်းငယ် အုံဆိုင်းနေခဲ့သဖြင့် ပါတ်ဝန်းကျင် တစ်ခုလုံး အနည်းငယ် မှောင်ရိပ်ကျနေခဲ့သလိုလို …

အလုပ်သွားနေကျမြေနီရောင် လမ်းလေးပေါ်မှာ အမှတ်မထင် ပုံတော်ဖိနပ် ခပ်ထူထူ စီးထားခဲ့သော ခြေဖဖိုး ဖြူဖြူလေး တစ်စုံ၊ လုံခြည်နက်ပြာလေး နှင့် လိုက်ဖက်စွာ နက်ပြာရောင် အကျီပေါ်မှာ FEED ME ဟူသော စာသားနှင့် ကာတွန်းပုံလေး ပါသော အကျီင်္လေးနှင့် .. ထမင်းချိုင့်၊ ထီး၊ စာအုပ်တစ်ချို့၊ ဖိုင်တွဲ တစ်ချို့ ပါဝင်သော ဆွဲခြင်းလေးကို ဆွဲရင်း … သူမ ကို စတင်တွေ့ရှိခဲ့သည်။  သူနေသော အဆောင်နှင့် မလှမ်းမကမ်းရှိ ၀န်ထမ်းအိမ်ရာတွင် နေသော သူမကို သူ သတိမထားမိခဲ့ .. အဲ့လိုပဲ မြေနီရောင် လမ်းလေးပေါ်မှ သူမလျှောက်လှမ်းလာသော ခြေတစ်စုံသည်လည်း သူ့ နှလုံးသား တည့်တည့်သို့ ဖြစ်ကြောင်း  သတိမမူမိနိုင်ခဲ့။
မျက်စိထဲ အချိန်တိုင်း သူ့ကိုမြင်နေတာ၊ သူ့ အကြောင်းတွေးမိလိုက်တိုင်း ကြည်နူးနေတာ ၊ ရင်ခုန်နေမိတတ်တာ .. စတဲ့ အချက်အလက်တွေကို အခြေခံပြီး သူမ ကို  ချစ်နေမိပြီ ဆိုတဲ့ အဖြေကို ကောက်ချက် ချလိုက်မိသည်။ အလုပ်ကို စောစီးစွာ သွားလေ့မရှိသော ကျနော့် အတွက် သူမ မလာမီ အဲဒီလမ်းလေး ဘေးက လက်ဘက်ရည်ဆိုင်မှာ ၀င်ထိုင်ရင်း .. သူမ ဖြတ်သွား ဖြတ်လာလုပ်တိုင်း စောင့်ကြည့်နေခဲ့ရသည်ကို ပျော်ရွှင် ကျေနပ်လာတတ်သည်။
သူမ ကို မတွေ့လိုက်ရသည့် နေ့တိုင်း သူ့ စိတ်တွေ မကြည်သလို၊ တစ်နေ့ကုန် ဘာလုပ်လုပ် စိတ်မပါနိုင်ခဲ့ …….။
သူမ နှင့် မျက်ဝန်းအကြည့်လေး တစ်ချက်ဆုံလိုက်ရတိုင်း .." နှလုံးဘ၀င်လေဟပ်သလို လှုပ်ရှားကာ .. အသည်းဘ၀င်မှာ .. အချစ်ရဲ့ သဘော .. " ဆိုတဲ့ သီချင်းကို သူ သတိရမိသည်။  အကြည့်ချင်းဆုံလိုက်တိုင်း သူမ သွားစွယ်လေးတွေ ပေါ်အောင် လက်ကနဲ ပြုံးလိုက်သည်လား၊ ဒါမှ မဟုတ် သူ့ စိတ်က ထင်လိုက်သည်လား ..  မကွဲပြားခဲ့ပါ။

“နာမယ် ဘယ်လိုခေါ်လည်း မသိဘူး။ စ တွေ့တွေ့ခြင်းနေ့ထဲက ကျနော် စိတ်ဝင်စားနေတာ၊ ဘယ်လို မိတ်ဆက်ရမလည်း မသိဘူး၊ ကျနော့် နာမယ် ……… ပါ။”

သူမနောက်က လိုက်ရင်း .. ထို စကားတွေကို ကမူးရှုးထိုးပြောမိတော့ သူမ ပြုံးသည်။

“ကျမ မျော်လင့်ထားတာထက် …မြန်မြန်မိတ်ဆက်လာတာပဲ၊ နာမယ်မေး၊ မိတ်ဆက်၊ ပြီးရင်တော့ ရည်းစား စကားပြောတော့မယ်ပေါ့”
ရိုးရှင်းပွင့်လင်းလွန်းသော စကားတစ်ချို့ ကြောင့် သူ ဘာဆက်ပြောရမှန်းမသိ၊
“အဲ .. အချိန်ရရင် စကားနည်းနည်းလောက် ပြောရအောင်လေ .. ဒီနားက လက်ဘက်ရည်ဆိုင်မှာ Breakfast တစ်ခုခု စားပါလား”

“ ဖယ်ရီမလာခင်ထိတော့ အချိန်ရပါတယ်၊ ဖယ်ရီလာရင်တော့ သွားရမယ်”
ကျနော် ရဲ့ ရိုးရှင်းစွာ ဗြောင်ကျကျ ၀င်ရောနှောမှု့ဟာ သူမဘက်က နွေးထွေးသော တုန့်ပြန်မှု့ကြောင့် … အတန်အသင့် အောင်မြင်သည်ဟု ပြောရမည်။

နောက်ရက်တွေမှာ သူမ ကို လာကြိုသည့် ဖယ်ရီမလာခင်ထိ စကားပြောခွင့်ရသည်။  လက်ဘက်ရည်ဆိုင်လေးမှာ အချိန်ရရင် ရသလို မနက်စာ စားရင်း သူမနှင့် အတူထိုင်ခွင့်ရသည်။ ထူးခြားသည်က သူမသည် ကျနော် ကျွေးသော မုန့်ဟင်းခါးလေးတစ်ပွဲမျှကိုပင် မစားခဲ့ခြင်းပါ။ ဒါဟာ မိန်းကလေး တစ်ယောက်ရဲ့ မာနလား။ မတွေးတတ်ပါ။
အချိန်သိပ်မကြာခင်မှာပဲ .. ကျနော် ရင်ထဲက စကားတွေ သူမကို ပြောဖြစ်ခဲ့သည်။ သူမ အံ့သြဟန် မပြခဲ့ပါ။ သူမပြန်ပြောခဲ့ရသော စကားများအတွက် အံ့သြခဲ့ရသည်က သူ သာလျှင် ဖြစ်ခဲ့ရသည်။
“ရင်ထဲမှာ ရှိပြီးသား အဖြေတစ်ခုအတွက် အချိန်ပေးပြီး စဉ်းစားဖို့ မလိုပါဘူး။ ကျမ ကို ရှင့်ထက် အရင် ပိုးပန်းတဲ့သူတွေ ရှိခဲ့တာပါ။ ကျမ ဘာမှ မခံစားရခဲ့ရဘူး။ ရှင် နဲ့ တွေတဲ့အချိန်မှာတော့ အရင်က မခံစားခဲ့ရဖူးတဲ့ ခံစားချက်မျိုးတွေဖြစ်ခဲ့တာ အမှန်ပဲ၊ အလုပ်ထဲမှာထိ .. သင်တန်းမှာထိ ရှင့်အကြောင်းတွေ တွေးနေမိတယ်။ အဲဒါ ကျမဘ၀အတွက် ပထမဆုံးခံစားချက်ပဲ၊ ရှင့် မေတ္တာကို ကျမ လက်ခံပါတယ်”

____________________________ +++___________________________
ငြင်သာတဲ့ နမ်းရှိုက်ခွင့်လေးတချက်တော့
အမှန်မထင် ပြန်ရခဲ့ဖူးပါရဲ့ …
အဲဒီ အနမ်းတချက်မှာ ..ဂွမ်းစ တခုလို
လမင်းဆီကို ဦးတည်နေတဲ့ ငါ
တိမ်တွေရဲ့ ခါ ချခြင်းကို ခံလိုက်ရတယ်။
____________________________ +++___________________________

ချစ်သူ သက်တမ်း တစ်လျှောက်လုံးမှာ သူမ သင်တန်းချိန်၊ အလုပ်ချိန်များမှ လွဲ၍ ကျန်သည့် အချိန်များမှသူမ နှင့် တွေ့ခွင့်ရသည်။ သင်တန်းချိန်၊ အလုပ်ချိန်များတွင် ဖုန်းခေါ်ခွင့်ပင် မရခဲ့။ သို့သော် ချစ်သူသက်တမ်း တစ်လပြည့်သော နေ့များတွင်မှု အလုပ်ဘယ်လောက်ရှုပ်ရှုပ် အလုပ်ပေါ်တွင် ဇွဲရှိသော၊ သင်တန်း ပျက်ရက် မရှိတတ်သော သူမသည် ရှိသမျှ အလုပ်များ သင်တန်းများကို ပစ်၍ သူ့ကို အချိန်ပေးတတ်သည်။
သူမ နှင့် ကျနော် ဆုံနေကျ တရုတ်စကားပင် အောက်က ခုံမှာထိုင်ရင်း .. ရှေ့လျှောက် ဘ၀အတွက် စကားတွေပြောဖြစ်တော့ သူ့ ဘက်ကတော့ အားတတ်သရော၊ သူမကတော့ အမြဲ ပြုံး၍ နားထောင်နေတတ်သည်။ (သူမပြုံးလျှင် သွားစွယ်လေးပေါ်လာတတ်ပြီး ၊ ထို သွားစွယ်လေးများကို ကျနော် အမြဲ ဂရုတစိုက် ငေးနေခဲ့ရဖူးသည်။)
“ကဲ .. စကားတွေ ပြောလို့ မောသွားပြီလား ကိုယ်တော်၊ ရှင့်မှာ ဒိုင်ယာရီ စာအုပ်ရှိတယ်မှတ်လား၊ ရော့ .. ဒီ စကားပွင့်လေးကို ယူသွား၊ ဒီနေ့ ရက်စွဲနဲ့ ဒိုင်ယာရီထဲမှာ ညှပ်ထားလိုက်”
ခုံတန်းလျားပေါ် ကြွေကျလာသည့် ပန်းပွင့်လေးကို ကောက်ပြီး ထိုကဲ့သို့ ထူးဆန်းစွာ ဆိုလာသည့် သူမ ကို သူ အံ့သြနေမိသည်။

"ဘာအတွက်လည်းဆိုတော့ … ဒီနေ့လို နေ့တိုင်းက ရှင်နဲ့ကျမ ရဲ့ ချစ်သူနှစ်ပါတ်လည်နေ့ဆိုတာ အမြဲ သတိရနေစေချင်လို့လေ"
သူမသည် သူပေးသော အမှတ်တရ လက်ဆောင်များကိုမူ လှပစွာ ငြင်းပါယ်နိုင်ခဲ့သည်။
“ကျမ ဘာမှ မလိုချင်ဘူး၊ ရှင် .. Pink ရဲ့ Just Like a Pill သီချင်း သိတယ်မှတ်လား။ You are just like a pill, instead of making me better, you keep making me ill ဆိုတာလေ .. ရှင်ပေးတဲ့ လက်ဆောင်တွေက ကျမ ကို အလွမ်းပြေစေမှာ မဟုတ်ဘူး။ ပိုပြီး သတိရ၊ အမှတ်ရတာမျိုး ဖြစ်ပြီး ကျမအတွက် ပိုပြီး လွမ်းဖျားလွမ်းနာ ကျစေလိမ့်မယ်။ ကျမ ဘာမှ မလိုချင်ဘူး”
____________________________ +++___________________________
"အိပ်မက်တွေကို အသက်သွင်း ရင်း ..
နေ့သစ်တွေ ချစ်ခြင်းရဲ့ အလင်းတွေနဲ့ ပက်ဖြန်းခဲ့ပေမဲ့
ငါရဲ့ မနက်ဖြန်တွေ မှောင်မိုက်နေတုန်းပါပဲ။"
____________________________ +++___________________________

“ကျမ ဒီ Level – 3ဖြေပြီးရင် (--------) ကို သွားဖို့ အားလုံး စီစဉ်ပြီးပီ။ အဲမှာ အလုပ်လုပ်ရင်း ကျောင်းဆက် တတ်မယ်။ တစ်ကယ်က MBA ပါ ဆက်တတ်ချင်တာ၊ အခြေအနေအရပဲ။ တက်ဖြစ်ချင်မှလည်း တက်ဖြစ်မယ်။  ဘယ်လောက် ကြာမှာလည်းဆိုတာတော့ မပြောနိုင်သေးဘူး။ မြန်မာနိုင်ငံကိုတော့ ပြန်လာမှာပါ။”
ထို စကားလုံးများအား သွေးအေး တည်ငြိမ်စွာ ပြောဆိုနေသော မိန်းမသည် ကျနော် အလွန်ချစ်ခဲ့သော၊ ကျနော့်ကို အလွန်ချစ်ခဲ့သော မိန်းမတစ်ယောက် တဲ့လား၊ ပို၍ နာကျည်းစရာ ကောင်းသည်မှာ သူမ မျက်ဝန်းထဲတွင် မည်သည့် ၀မ်းနည်း နာကျင်ရိပ်တွေမှ စွန်းထင်းမနေခြင်းပင်။ သွားစွယ်တွေ ပေါ်အောင် ပြုံးတတ်သော နှုတ်ခမ်းတစ်စုံကိုတော့ တင်းတင်း စေ့ထားသည်။
“ ဘာ အတွက်လည်း၊ မင်းက ငွေမက်တဲ့ မိန်းကလေး တစ်ယောက် မဟုတ်ဘူးဆိုတာတော့ ငါသိတယ်။ လောဘကြီးပြီး ငွေနောက်လိုက်တဲ့ မိန်းမ မဟုတ်ဘူး။ ဒါဆို ဘာအတွက် သွားချင်ရတာလည်း၊ ငါတို့ လက်ထပ်ပြီးရင် ငါ့ ၀င်ငွေ၊ မင်း ၀င်ငွေနဲ့ ငါတို့ အေးအေးချမ်းချမ်း ရပ်တည်နေနိုင်တာပဲ”

မေးခွန်းများပါသော ကျနော့်စကားများအတွက် သူမတွင် အဖြေများ အဆင်သင့်ရှိနေခဲ့ပုံရသည်။

“ဟုတ်တယ်၊ ငွေ မမက်ဘူး၊ ဒါပေမဲ့ သင်ယူချင်စိတ် တွေ၊ လေ့လာဆည်းပူးလိုစိတ်တွေ ပြည့်နှက်နေတဲ့ ကျမ ဆန္ဒတွေကို ကြိုးစားဖြည့်ဆီးချင်သေးတယ်။ ထက်မြက်တဲ့ လူတစ်ယောက် အဖြစ် လောကကြီးမှာ ရပ်တည်ချင်သေးတယ်။ အခွင့်အရေးက နှစ်ခါ တံခါး မခေါက်တတ်ဘူးဆိုတာ ရှင်လည်း သိပါတယ်။ Opportunity knocks လေ .. ကျမ ဘ၀အတွက်၊ ရှင့်ကို ခွင့်လွှတ်နားလည်ပေးဖို့ မတောင်းဆိုပါဘူး၊ ကျမ ဆုံးဖြတ်ပြီးသား ကိစ္စ တစ်ခုအတွက် အသိပေးတာပါ”

သြော် .. အခုတော့ အရာရာက လှပစွာ ပြီးဆုံးသွားခဲ့ပြီပေါ့။ ပူနွေးသော လေသည် … ကျနော့်ရင်ထဲက အပူမီးတွေကို အားကောင်းလာအောင် တိုက်ခတ်ပေးသည့် အလား .. သူ နှင့် ကျနော့်အကြား လှပစွာ ကျီစယ်သွားသည်။ ကန်ရေပြင်ကိုဖြတ်တိုက်လာသော လေကြောင့် တဖျပ်ဖျက် လွှင့်နေသော ဆံနွယ်စတို့သည် လက်ပြနှုတ်ဆက်နေသည့် အလား ...။ တစ်နိုင်ငံထဲတွင် နှစ်ယောက်အတူ ရှိနေနိုင်သည့် အချိန်များမှာပင် သူ နဲ့ ကျနော်ဆုံတွေ့ဖို့ အတော်လေး ခက်ခဲသည့် အနေအထားတစ်ခုမှာ စံတော်ချိန်မတူ၊ ဘ၀အတွက် များစွာ လှုပ်ရှားရုန်းကန်မှ တော်ကာကျသည့် ပါတ်ဝန်းကျင် အသစ်တစ်ခုသို့ သူမက ထွက်သွားတော့မည်ပေါ့။ Long Distance Relationship တွေကို ကျနော်မုန်းသည်။

“ကောင်းပြီလေ …ငါ့မှာ တားမြစ်ပိုင်ခွင့် မရှိပါဘူး။ ငါ အခုမှ အရာရာ ကို နားလည်လိုက်တာ … မင်းကို ငါ ချစ်ရေးဆိုခဲ့တုန်းက … မင်းငါ့ကို ချစ်ပါတယ်လို့ ပြန် မဖြေခဲ့ဘူး၊ ငါ့ မေတ္တာ ကို လက်ခံပါတယ် လို့ပဲ မင်း ပြန်ပြောခဲ့တာ၊ အခုမှ ငါ သိတော့တယ်၊ ငါ နဲ့ ခွဲရဖို့ မင်းဘက်က အမြဲ အဆင်သင့် ဖြစ်နေခဲ့တာပဲ။ မင်းငါ့ကို မှ မချစ်ခဲ့တာ .. ဟုတ်တယ် .. မင်း ငါ့ကို မချစ်ခဲ့ဘူးလေ …”

အရူး တစ်ယောက်လို တတွတ်တွတ်ရေရွတ်နေသော သူ့ကို ဆတ်ကနဲ မော့ကြည့်လာသော သူမ မျက်ဝန်းအစုံတွင် မည်သည့်အရောင်မျှ စွန်းထင်းမနေခဲ့ပါ။ သူမ မျက်နှာက သွေးကြောမျှင်လေးတွေ ရဲတွတ်နေပြီး တင်းတင်းစေ့နေသော နှုတ်ခမ်း အစုံက တဆတ်ဆတ် တုန်ရီနေတာကိုတော့ သတိထားမိခဲ့သည်။
“တခါထဲ နှုတ်ဆက်ခဲ့မယ်၊ မင်း မျှော်လင့်ထားတဲ့ ဘ၀မျိုးကို ပိုင်ဆိုင်နိုင်ပါစေ၊ လေယဉ်ကွင်း ဆင်းတဲ့နေ့ ငါ လိုက်ပို့ ဖြစ်မယ် မထင်ဘူး”

ကန်းဘောင်မှာ လမ်းလျှောက်တိုင်း .. "ရှင်က ခြေလှမ်းကျဲကြီးနဲ့ အရမ်းလမ်းလျှောက် မြန်တာပဲ၊ ကျမ ကို စောင့်ပါဦး" ဟု အမြဲပြောကာ စောင့် ခေါ်ခိုင်းတတ်သည့် သူမက ကျနော့်ကို ထားကာ ဟိုးအဝေးကို သွားဖို့ ဆုံးဖြတ်ခဲ့ပြီးပီပဲ။
သူမ ကို စတင် ချစ်မိခဲ့သော၊ သူမ အချစ်ကို ရဖို့ စတင် ကြိုးပမ်းခဲ့ဖူးသော၊ ချစ်ရေးဆိုခဲ့သော၊ ကျနော်ကိုယ်တိုင်ပင် သူမကို စတင် လမ်းခွဲလိုက်ပါသည်။

____________________________ +++___________________________
"မျော်လင့်ခြင်းက ...အလွမ်းပါးပါးကို မှုတ်ထုတ်ပြီး...
အထီးကျန်မြေမှာ...အလံတ၀က်ကို မရဲတရဲလွှင့် နေဆဲ ...."
____________________________ +++___________________________

ကန်ရေပြင်ကို ခဲလုံးသေးသေးလေး တစ်လုံးကျသည်ဖြစ်စေ၊ ခဲလုံး ကြီးကြီး တစ်လုံးကျသည် ဖြစ်စေ .. တဒင်္ဂ ရေပွက်များနှင့် အတူ ခဏတော့ ဂယက်ရိုက်ခဲ့ရသည်ပဲ မဟုတ်လား။ ပြန်လည် တည်ငြိမ်သွားတဲ့ ကန်ရေပြင်က အပေါ်ယံ မျက်နှာပြင်မှာပါ။ ရေကန်ကြမ်းပြင်အောက်မှာတော့ ဘယ်တော့မှပြန်ပေါ်မလာနိုင်တော့မဲ့ ခဲ တစ်လုံးရှိနေသည် ဆိုတာကို ဘယ်သူမှ ဆက်တွေးဖြစ်ကြမယ် မထင်ပါ။ အဲဒီလိုပဲ မြေနီရောင် လမ်းလေးပေါ်က၊ တရုတ်စံကားပင်အောက်က၊  ခုံတန်းလျားလေးက၊ လမ်းလျှောက်နေကျ ကန်ဘောင်ပါတ်ဝန်းကျင်လေးက .. ဇာတ်လမ်းလေးတစ်ခုဟာလည်း ...... ဟိုး ရေအောက်ကြမ်းပြင်က ခဲလုံးတစ်လုံးလို အနည်ထိုင်ခဲ့ပါပြီ။

____________________________ +++___________________________

ရေမလောင်းဖြစ်တာ ကြာပြီဖြစ်သောကြောင့် ခေါင်းရင်းမြေအိုးလေးထဲက ဂမုန်းပင်လေး .. ညိုးနွမ်းခြောက်သွေ့နေပြီ၊ အရွက် တစ်ချို့ ၀ါလို့ တွဲရရွဲ ကျနေသည်။ မြေကြီးတွေ ပြန်ဆွဖို့လည်း လိုမည်။ မနက်ဖြန် အလုပ်မသွားခင် ပန်းအိုးလေးကို မြေဆွပြီး ရေသေချာလောင်းသွားရမည်။

“ဂမုန်းပင်လေးရေ … မင်းကို ငါ ပြန် ဂရုစိုက်တော့မယ်”



ဝဏ္ဍသန်းထွန်း

0 comments: