ကျွန်တော်၊ ခင်ဗျား၊ သူ၊ အားလုံး အတူတူပါဘဲ…


အား !

အားရပါးရ အော်ဟစ်ခွင့်လေး တစ်ကြိမ်လောက် ဖြစ်ဖြစ် ရချင် စမ်းပါဘိ။
ခုတော့ သူ့မှာ အော်ဟစ်ခွင့်မရ။ အော်ဟစ်နိုင်စွမ်း မရှိ။ ဒီ..အေးစိမ့် မဲမှောင်နေတဲ့ ငရဲခန်းက လွတ်မြောက်ချင်လှပြီ။ ဖိအား၊ အမှောင်၊ အေးစက်ခြင်းမှ လွဲပြီး ဘာမှ မရှိတဲ့နေရာမှာ သူ့ဘဝကို အဆုံးသတ် မခံနိုင်။ သူ လွတ်မြောက်ရမည်။ ဒီ့အတွက် သူကြိုးစားရမည်။ သူအတောင့်တဆုံး အလိုလားဆုံးက လက်ရှိ အခြေအနေနဲ့ လုံးဝ ဆန့်ကျင်ရာ။ လွတ်လပ်ခြင်း၊ အလင်းရောင်၊ နွေးထွေးမှု၊ ....ဒါတွေအားလုံးကို ရရှိပိုင်ဆိုင်နိုင်ဖို့ သူကြိုးစားရမည်။ သူ လွတ်မြောက်ရမည်ဟု ခိုင်ခိုင်မာမာ ....   ။


သူ့ခန္ဓာကိုယ် ယဲ့ယဲ့လေးမှာ ရှိသမျှ ခွန်အားတွေ အကုန်စိုက်ထုတ်ပြီး တစ်ချက် လွန့်ကြည့်လိုက်သည်။ ဖိညှပ်ထားလေသမျှ ကျောက်ဆိုင်ကျောက်ခဲ၊ သစ်မြစ်သစ်ဆုံများက မာကြောလွန်းပေစွ။ အရာ အထောင်အသောင်းသော သူ့ရှေ့မှ လွတ်မြောက်သွားသူ တို့၏ လှပသော အနာဂါတ်ကို မြင်ယောင်ကြည့်လိုက်သည်။ ပြီးပြည့်စုံသော လွတ်မြောက်ခြင်းကို ပိုင်ဆိုင်နေကြပေမည် မလွဲ။ သူလည်း ကြိုးစားရမည်။ သူလည်း လွတ်မြောက်ရမည်။ ကြုံတွေ့လာရမည့် အခက်အခဲများ အားလုံးကို သူဖြတ်ကျော်နိုင်ရမည်ဟု ခိုင်ခိုင်မာမာ ....  ....  .... ။

သူ အကြိမ်ကြိမ် ကြိုးစားပြီးနောက် ....   ....။ လွတ်မြောက်ပြီ။ သူ့ ခန္ဓာကိုယ်ကို ဖိညှပ်ထားလေသမျှ အတားအဆီး အားလုံးမှ လွတ်မြောက်လာခဲ့ပြီ။ မဆုံးသေး။ ခုမှ အစပင် ရှိသေးသည်။ သူရည်ရွယ်သော လွတ်လပ်ခြင်း၊ အလင်းရောင် နှင့် နွေးထွေးမှုများကို ထိတွေ့ခွင့်ရရန် မိုင်ချီ ခရီးဆက်ရဦးမည်။ ရှေ့ဆက်ရမည့် ခရီးကား ပို၍ ခက်ခဲသော ခရီး၊ ပို၍ ကြမ်းတမ်းသော ခရီး။ သူ့အသက်နှင့် ခန္ဓာမြဲလျှက် လိုရာ ခရီးရောက်မည်၊ မရောက်မည် မသေချာ။ သို့သော် ....သူ စမိသည့်ခရီး ဆုံးအောင် လျှောက်ရပေမည်။ သူအောင်မြင်ရမည်ဟု ခိုင်ခိုင်မာမာ ...  ...  ... ။

ပင်ပန်းလွန်းပေစွ။ လွန့်ကာလူးကာ ဖြတ်သန်းခဲ့ရသည့် လမ်း။ ခုချိန်ထိ အလင်းရောင်စို့စို့ မမြင်ရသေး။ ဖိအားများမှ မလွတ်မြောက်နိုင်သေး။ သူုလိုချင်သည့် နွေးထွေးမှုကား အလွန်ဝေးကွာသော အရပ်မှာ။ ဝေလွန်းလှ၏။ သို့သော် ... ရှိနေသည်ကား အသေအချာ။ ဆက် ...။ စမိသည့်လမ်း။ နောက်ပြန် လှည့်ခွင့်မရှိ။ ရှေ့သို့သာ။ ခရီးဆုံးသို့ သူ ရောက်ရမည်ဟု ခိုင်ခိုင်မာမာ ...  ...  ... ။

လိမ့်ကာလူးကာ၊ ကွေ့ကာဝိုက်ကာဖြင့် ဖြတ်သန်း လာခဲ့ရသည့် သူ့မိုင်ရှည် ခရီးကြမ်းကား ပန်းတိုင်နှင့် အတန် နီးကပ်လာခဲ့ပြီ။ ဖိအားတို့ သိသိသာလျော့ကျ။ အလင်းရောင် ပြာရီဝိုးတဝါး  မြင်စပြုပြီ။ နွေးထွေးမှုကိုဖြင့် မခံစားရသေး။ ရှေ့ခရီးကား တစ်မိုင်ခန့်သာ။ ထိုတစ်မိုင်ခန့် ခရီးကိုပင် သူ့ အသက်နှင့်ခန္ဓာ တွဲလျှက် မြဲမည်၊မမြဲမည် မသေချာ။ သို့သော် အလူးလူး အလိမ့်လိမ့်ဖြင့် ရှေ့ဆက်လှမ်း ...။

ရှေ့ခရီး .....   .....
မိုင်ဝက်ခန့် သာ ....  ....
နောက် ... နှစ်ဖာလုံခန့် ....  ....
ထို့နောက် ...တစ်ဖာလုံခန့် ...  ...
နောက်ဆုံး ... ခရီးဆုံးသို့ ရောက်ခဲ့ပါပြီ။

လွတ်လပ်ခြင်း ...  ...
အလင်းရောင် ...  ...
နွေးထွေးမှု ...  ...
တောင့်တလေသမျှ အရာအားလုံးကို ....




သူ

ထိ

တွေ့

ခွင့်



လိုက် .. .. ..


``ဖျပ်´´

သမုဒ္ဒရာ ကြမ်းပြင်အောက်မှ တိုးထွက် လာရသော ရေပူဖေါင်းလေး တစ်လုံး၏ စွန့်စားခန်း ဤတွင် ပြီးပါပြီ။
ရေမျက်နှာပြင်ပေါ် အရောက်တွင် ``ဖျပ်´´ ကနဲ ကွဲပျက်သွားရသော ရေပူဖေါင်းလေး တစ်လုံး အမှန်တကယ် ရှိခဲ့သည်ကို မိခင် သမုဒ္ဒရာကြီး ကိုယ်တိုင်ပင် မသိလိုက်။ သူ့ စွန့်စားခန်းကို သိလိုက်သူမရှိ။ အသိအမှတ်ပြု ပေးမည့်သူ မရှိ။ သို့သော်  သူ လိုလား တောင့်တလေသမျှကို ``လက်ဖျစ် တစ်တွက်စာလောက်´´ ခံစား သွားခဲ့ရသည်ကား အမှန်။ စွန့်စားသင့် မစွန့်စားသင့်၊ တန်၏ မတန်၏ ဆိုသည်ကိုတော့ ....  .....  ....  ....  ....။
ကိုကြည်နိုင်

0 comments: