ကိုယ့်ခေတ်နဲ့ကိုယ်

လွန်ခဲ့သည့်ရက်ပိုင်းက ကျွန်တော့်ထံကို စာတိုက်မှ စာတစ်စောင်ရောက်လာခဲ့သည်။ စာရေးသူက ကျွန်တော့်အကို ဖြစ်သည်။
သူ ကျွန်တော့်ကို စာပို့မည်ဟု ပြောတုန်းက ကျွန်တော်မယုံခဲ့ပါ။ နောက်ပြောင်သည်ဟုသာ ထင်မြင်ခဲ့သည်။ သို့သော် တစ်ကယ်ပို့လာခဲ့သည်။ ထိုသို့ပို့ဖြစ်သည့် အကြောင်းရင်းကလည်း ရှိခဲ့သည်။ တစ်ရက် ကျွန်တော့်အကိုနှင့် ဖုန်းပြောဖြစ်ရင်း ကျွန်တော်က အင်တာနက်တွင် ဝါသနာအလျှောက် စာတိုပေစများ ရေးကြောင်း၊ အားပေးသူမိတ်ဆွေများလည်း အသင့်အတင့်ရှိကြောင်း ပြောပြသည့်အခါ သူက

“ ငါလည်း ငယ်ငယ်က ဝါသနာပါတယ်ကွ။ ကျောင်းမှာတုန်းကဆို ကဗျာတွေ စာတွေရေးပြီး ကောင်မလေးတွေကို ပေးနေကျပေါ့ကွာ။ ခုတော့ မရေးဖြစ်တာကြာပါပြီ။ ငါ အားရင် ငါ့အဖြစ်အပျက် တစ်ချို့ကို မင်းဆီ စာရေးပြီးပို့ပေးအုံးမယ်။ မင်းသုံးချင်သုံးလို့ရတာပေါ့။” 

ဝါသနာရှင်တစ်ယောက်နှင့် တိုးပြီဆိုပြီး ကျွန်တော် ပြုံးမိခဲ့သေးသည်။ တကယ်ရောက်လာလိမ့်မည်တော့ မထင်ခဲ့။ ခုတော့ လေယာဉ်တံဆိပ်ပုံ စာအိတ်နှင့်ရောက်လာခဲ့လေပြီ။ သူ့စာအိတ်က မထူမပါး။ စာထဲတွင်ပါသည့် အကြောင်းအရာများကို ဖတ်ကြည့်သည်။ သတိရကြောင်းနှင့် ကျန်းမာရေးဂရုစိုက်ဖို့ နိဒါန်းချီထားကာ သူ၏ အဖြစ်အပျက်ကို တဖွဲ့တနွဲ့ရေးထားသည့် စာဖြစ်သည်။ အဖြစ်အပျက်များက ထူးဆန်းလှသည်မဟုတ်။ လူငယ်တစ်ယောက် တွေ့ကြုံခံစားခဲ့ရသည့် အဖြစ်တစ်ခုမျှသာ။ သို့သော် ထိုအဖြစ်အပျက်တို့က တိမ်မြုပ်သွားသော ခေတ်တစ်ခုကို ကိုယ်စားပြုနိင်မည်ထင်၍ ပြန်လည်ဖော်ပြပါသည်။

~~~~~~~~~~~~~~~~~~~
ကြည်လင်သာယာနေသော အပြာရောင် ကောင်းကင်နောက်ခံမှာ ဖြူလွှလွှတိမ်တိုက်များ မျောလွင့်နေသည့် အရိပ်များက ကန်ရေပြင်ထဲတွင် ထင်ဟပ်နေသည်။ ကောင်းကင်ကို မော့ကြည့်ပြီးနောက် လက်ကနာရီကို တစ်ချက်ကြည့်မိ၏။ ၄း၃၅ ။ မကြာခင် “ဖြူ” ရောက်လာတော့မည်။ ပုံမှန်ချိန်းဆိုသည်ထက် ၁၀ မိနစ်ခန့်နောက်ကျ၍ လာတတ်သည်မှာ ဖြူ့၏ သဘာဝဖြစ်မည်ထင်သည်။ ရှိပါစေ။ သူက မိန်းခလေးမဟုတ်လား။ နောက်ကျခွင့်ရှိပါသည်။

ကျနော်နှင့်ဖြူ ချစ်သူဖြစ်ကြသည်မှာ တစ်လကျော်ခန့်သာ ရှိသေးသည်။ သူမ၏ အချစ်ကိုရဖို့ မေတ္တာစာလွှာများ အကြိမ်ကြိမ်ပါးခဲ့ရပါသည်။ အရိပ်တစ်ခုလို ဖြူ့ နောက်မှတစ်ကောက်ကောက် လိုက်ခဲ့ရသည်။ လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင် ဘဝဖြင့် ဂစ်တာသံ တဒင်ဒင် တဒေါင်ဒေါင် ပေးခဲ့ရပါသည်။ ထိုသို့ ကြိုးစားခဲ့ရသည်က တနှစ်ကျော် ကြာမြင့်ခဲ့သည်။ ပြီးခဲ့သည့်လ ကမှ ဖြူ့၏ အချစ်ကို ပြန်ရခဲ့ခြင်းဖြစ်သည်။

ထိုနေ့တွင် ပန်းများအားလုံးပွင့်ကာ ထိုညတွင် ကြယ်များအားလုံး ထွန်းလင်းတောက်ပနေကြသည်ဟု ခံစားရသည်။  ရှူရှိုက်မိသော လေညှင်းလေးက လတ်ဆတ်နေခဲ့သည်။ ကြည့်လေရာတိုင်းက ကြည်နူးတက်ကြွဖွယ်ရာ ဖြစ်နေသည်။ ဖြူ့ကိုစောင့်ရင်း အဖြေရခဲ့သောနေ့ကို ပြန်တွေးမိသည်မှာ ရင်ထဲတွင် အနည်းငယ် ဖိုလှိုက်လာမိသည်။ ဖြူက ဖမ်းစားနိင်လွန်းသူဖြစ်သည်။ ဆံပင်ရှည်ရှည်များ ဘေးသို့ကျပြီး ခေါင်းလေးငုံ့ကာ တီးတိုဆိုဟန်သည် အိပ်မပျော်သော ညတိုင်းအတွက် တစ်ခုထဲသော မြင်ယောင်မိသည့် ပုံရိပ်ဖြစ်နေသည်။

ဖြူရေ...
သတိရခြင်းတွေ လောင်မြိုက်
ဒီညက ပိုမှောင်မိုက်လွန်းပါတယ်။
ဖြစ်နိင်မယ်ဆိုရင်
စွဲလမ်းခြင်းကိုတောင်ပံတပ်
အိမ်မက်ကို ဇက်ကြိုးဆွဲပြီး
မင်း နှလုံးသားထဲ ပျံဝဲချင်တယ်။

ဖြူ့ကို သတိရတိုင်း ကဗျာလေးများစွာဖြင့် သတိတရညများကို ထုဆစ်ခဲ့ဖူးသည်။ ကျနော် ဖြူ့ကို မြတ်မြတ်နိုးနိုးချစ်မိသည်။ တစ်သက်တာအတွက် ရည်ရွည်ထားသည်။ အတွေးတစ်စကို ရပ်ပြီး လက်မှ နာရီကို ထပ်ကြည့်မိသည်။ ၄း၄၀ ရှိပြီ။ ဖြူရောက်လာတော့မည်။ သည်နေ့က အရင်အကြိမ်စောင့်စားရသည်များထက် ပိုရင်ခုန်နေမိသည်။ ပြီးခဲ့သည့်အကြိမ် တွေ့ဆုံစဉ်က ဖြူ့ဆီမှ အခွင့်အရေး တစ်ခု တောင်းဆိုခဲ့သည်။ ဖြူက အနည်းငယ် စဉ်းစားပြီး နောက်တစ်ခေါက်တွေ့လျှင် ကျနော် တောင်းသည့်အရာကို ပေးမည်ဟု ကတိပြုခဲ့သည်။ ထို့ကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိခြင်းဖြစ်သည်။

ခပ်လှမ်းလှမ်းမှ လမ်းလျှောက်လာသော ဖြူ့ကိုတွေ့လိုက်ရ၏။ လေညင်းများက ပွေ့ဖက်ကျီဆယ်ဟန် တူသည်။ ဖြူ့ဆံနွယ်များ လေထဲသို့ လွင့်နေသည်။ ထိုလေညင်းကို မကျေနပ်မိ။ ကျနော့်ထက်အရင် ဖြူ့ဆံနွယ်များကို ပွေ့ဖက်လိုက်၍ဖြစ်သည်။ ခပ်သွက်သွက်လျှောက်ကာ ဖြူ့ကို သွားကြိုလိုက်သည်။ ဖြူ့လက်နွေးနွေးလေးကို ဆုပ်ကိုင်၍ ကန်ဘောင်ဘေးမှ ခုံတန်းစီ တွဲလျှောက်လာခဲ့သည်။

ဖြူက သူ့ရုံးမှ စောစောထွက်၍ လာခဲ့ခြင်းဖြစ်သည်။ ကျနော်နှင့် ဖြူ ဤသို့ နီးနီးကပ်ကပ်တွေ့ရသည်က ယခုအကြိမ်ပါမှ သုံးကြိမ်သာရှိသေးသည်။ တင်းကျပ်သော သူ့မိဘများ၏ စည်းကမ်းအောက်တွင် နေရသော ဖြူ့အတွက် ကျနော်နှင့်တွေ့ဆုံရန်မှာ ယခုကဲ့သို့ ရုံးမှအချိန်အနည်းငယ် စောဆင်းသည့် နည်းလမ်းသာ ရှိသည်။ သို့သော်လည်း တွေ့ဆုံချိန်က ခဏလေးသာ ဖြစ်သည်။

“ဖြူ  .. ပင်ပန်းနေပြီလား”
“ မပင်ပန်းပါဘူး.. အကိုစောင့်နေရတာ ကြာပြီလား ”
“ မကြာသေးပါဘူး... ဖြူ့အကြောင်းတွေးရင် စောင့်နေတာလေ ”
“ ဖြူ့အကြောင်းဘာတွေတွေးလဲ ပြောပြ”

ဖြူ့ဆံနွယ်လေးများကို လက်ဖြင့်ပွေ့ယူကာ ပြန်ဖြေသည်။

“ ဖြူ့အချစ်ရဖို့ ကြိုးစားခဲ့တာတွေ၊ ညတိုင်းဖြူ့ကို သတိရတာတွေပေါ့”
ဖြူက ကျနော့်ပုခုံးတွင် ခေါင်းလေးမှီလာသည်။ ဖြူ့ပုခုံးလေးကို အလိုက်သင့်ဖက်ရင်း တီးတိုးစကားများ ဆိုနေမိသည်။
“ ဖြူ ”
ခေါ်သံကြောင့် မော့ကြည့်လာသည်။

“ ကိုယ်တောင်းထားတာ ပေးမယ်ဆို။ ပေးမှာလား ”
“ အင်း”

ဖြူက ရှက်ပြုံးလေးပြုံးရင်း ပြန်ဖြေသည်။ ထို့နောက် သူ့အိတ်လေးကို ဖွင့်ကာ ရှာဖွေရင်း မော့ကြည့်သည်။

“ အကိုကလည်း အခုလိုတွေ့နေရတာကို အဲဒါတွေ တောင်းဖို့လိုသေးလို့လား ”
“ မတွေ့ရတဲ့ နေ့တွေ အတွက်ပေါ့ဖြူရယ်။ ဘာလဲ ကိုယ့်ကို မပေးချင်လို့လား”
“ အဲဒီလို မဟုတ်ပါဘူး။ အကိုလိုချင်ရင် ဖြူပေးမှာပေါ့  ”
“ရော့... အကို့အတွက် ”

ဖြူလှမ်းပေးသော ဓါတ်ပုံလေးကို ကြည့်လိုက်သည်။ ဓါတ်ပုံက ခပ်သေးသေးဖြစ်သည်။ ကိုယ်လုံးပြည့်ပုံ မဟုတ်။ ဓါတ်ပုံထဲတွင် အဝါရောင်အင်္ကျီလေးဖြင့်  ဆံနွယ်ရှည်များ ဘေးချထားသော  ဖြူက လှပလွန်းနေသည်။ ပြုံးထားသော အပြုံးလေးက ရင်ကိုချမ်းမြေ့သွားစေသည်။ 

“ အကိုတစ်ယောက်ထဲ ကြည့်နော်။ သူငယ်ချင်းတွေကို လျှောက်မပြရဘူး”
“အင်းပါ ဖြူရဲ့ ကိုယ့်ရဲ့ဖြူကို တခြားသူတွေ ကြည့်မှာလည်း ကိုယ်မကြိုက်ပါဘူး။ စိတ်ချနော်”
“ပုံအနောက်မှာ စာရေးထားပေးတယ်”

ဓါတ်ပုံကို တခြားတစ်ဖက်လှန်၍ကြည့်သည့်အခါ

အကို
သတိရတိုင်း ထုတ်ကြည့်နော်
ချစ်တဲ့ဖြူ

ဖြူပေးသည့် အရာသည် ကျနော့်အတွက် ပြီးပြည့်စုံသည့် လက်ဆောင်ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်စိတ်ချခြင်း နမိတ်ပုံလည်းဖြစ်မည်။ သတိရသည့်ညတိုင်းအတွက် ဖြေသိမ့်စရာ ဆေးတစ်ခွက်လည်း ဖြစ်မည်။
“ ကျေးဇူးတင်တယ်ဖြူ.. ကိုယ်မြတ်မြတ်နိုးနိုး သိမ်းထားပါ့မယ်”

ဓါတ်ပုံလေးကို ကျနော့် ပိုက်ဆံအိတ် အတွင်းအိတ်ထဲ ထည့်လိုက်သည်။ ပိုက်ဆံအိတ်ဖွင့်တိုင်း ဖြူ့မျက်နာလေးကို မြင်နေရတော့မည့် အတွေးကြောင့် ကြည်နူးနေမိသည်။ ဖြူက ပြုံးပြုံးလေး ကြည့်နေလေသည်။
ထိုနေ့က အိမ်ပြန်လမ်းတစ်လျှောက်တွင် ယခင်အကြိမ် ခွဲခွာရသည်များနှင့် မတူသော စိတ်ခံစားချက်တို့က ဖွဖွလေး ဖြစ်ပေါ်နေသည်။ လုံခြုံသည်လား ၊ နွေးထွေးသည်လား ၊ ဘေးတွေ လက်တွဲဖော် ရှိနေသည်လား ရေရေရာရာ ခွဲမရသည့် စိတ်ခံစားချက်လေးက ဝင်သက်ထွက်သက်နှင့်အတူ မထင်မရှား ရှိနေခဲ့သည်။  လမ်းလျှောက်ရင်း ပိုက်ဆံအိတ်လေးကို ဖိစမ်းလိုက်သည်။ နွေးထွေးသော ခံစားချက်ဖြင့် ကျနော် ကြည်နူးမိလေသည်။

~~~~~~~~~~~~~~~~~~~~

(ညီရေ ... ဒီအကြောင်းအရာလေးက မင်းဆီကို ငါ့အဖြစ်အပျက်တစ်ချို့ ရေးမယ်ဆိုပြီး စဉ်းစားကြည့်တော့ သတိရမိတဲ့ အဖြစ်လေး တစ်ခုပေါ့။ ကြာခဲ့ပါပြီကွာ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်က အဖြစ်လေးပါ။ ဒါပေမယ့် ငါတော့ တခါတလေ သတိရမိနေသေးတယ်ဟေ့။ မင်းသုံးချင်လည်းသုံးပေါ့ညီရာ။ မင်းနဲ့ဆုံမှပဲ ငါ့လို ခံစားချက်မျိုး မင်းရော ဖြစ်ဖူးလား မေးကြည့်အုံးမယ်ကွာ။ နောက်များမှ စာထပ်ပို့မယ်။ ကျန်းမာရေးဂရုစိုက်ပါညီ။ )

ကျွန်တော့် အကိုဖြစ်သူ၏ စာကို ဖတ်ပြီးသွားတော့ သနားရမလို ကြည်နူးရမလို ဖြစ်မိသည်။ ဘာမျှမဟုတ်သည့် အကြောင်းအရာလေးကို တဖွဲ့တနွဲ့ ရေးဖွဲ့ထားရသည့် သူ့စိတ်ခံစားချက်ကို ကျွန်တော် နားလည်မိသည် ထင်သည်။ နယ်မြို့လေးတွင် နေထိုင်ကာ ပုံမှန်ဘဝဖြင့်သာ ဖြတ်သန်းနေသော ကျွန်တော့်အကို ကို ရိုးလွန်းသူ ခေတ်မမှီ သူဟူ၍ မစွပ်စွဲရက်တော့ပါ။

ချစ်သူဖြစ်ပြီးတာတောင် ဓါတ်ပုံရဖို့ တကူးတက စိတ်လှုပ်ရှား တောင်းခံနေရသူ အကို့အတွက် ယခုခေတ် အင်တာနက်ကမ္ဘာတွင် ကလစ်တစ်ချက်နှိပ်ရုံဖြင့် မိမိချစ်သူ ၊ ဒါမှမဟုတ် တိတ်တခိုးစွဲလမ်းရသူ၏ ဓါတ်ပုံပေါင်းများစွာကို မိနစ်ပိုင်းအတွင်း ရယူနိင်ကြောင်း၊ တစ်ခါတရံ ကော့ ၊ ကန် ၊ လန် ၊ ကား ပုံများပင် ရနိင်ကြောင်းကို ကျွန်တော် သူ့ကို ပြောပြဖြစ်မည်မဟုတ်ပါ။ ခေတ်၏ လှိုင်းတံပိုးများ ဖုံးလွှမ်းမှုမှ လွတ်ကင်းနေသေးသည့် ကျွန်တော့်အကိုကဲ့သို့ပင် ခံစားချက်ကို အလေးထားသူများလည်း ရှိပေလိမ့်ဦးမည်။ ကျွန်တော်တို့ကတော့ ကိုယ့်ခေတ်နဲ့ကိုယ် ဆက်လက်စီးမျောနေဦးမည်သာ။

။............................................................။

(အတွေးတစ်ခုကို ဇာတ်ကောင်များ ထည့်သွင်း၍ ဇာတ်လမ်းဖွဲ့တည်ထားခြင်းဖြစ်ပါသည်။)


မြစ်ကျိုးအင်း

0 comments: