အသံထွက်ဇာတ်လမ်း



ကိုအုံးမောင်က ခရီးဆောင်လက်ဆွဲအိတ်ထဲသို့ အဝတ်အစားများထည့်နေသော မသိန်းနွဲ့ကို စက်ဆုပ်စွာကြည့်ရင်း ပြောလိုက်သည်။

“မင်း ဘယ်တော့မှ ငါ့အိမ်ပြန်မလာနဲ့ ”….

မသိန်းနွဲ့က မှေးစင်းသောမျက်လုံးအစုံဖြင့် ကိုအုံးမောင်ကို မုန်းတီးစွာ ပြန်ကြည့်လိုက်သည်။ မသိန်းနွဲ့၏ခေါသောသွားများမှာ မီးရောင်အောက်တွင် မဖုံးနိုင်မဖိနိုင် ပေါ်နေလေသည်။ ကွမ်းစားဖန်များ၍ ကွမ်းချေးတက်နေသော သွားများမှာ နီရဲနေလေသည်။


လင်မယားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးရွံရှာစွာ စိုက်ကြည့်နေကြ၏။
ကိုအုံးမောင်က ဦးစွာ မျက်နှာလွှဲလိုက်သည်။ ‘ဒီသောက်ရုပ်ဆိုးမကို ငါ ဘာလို့ယူမိပါလိမ့်     ဟုလည်း ဘယ်နှကြိမ်မြောက်မှန်းမသိ..တွေးမိပြန်သည်။


“ တော် ပြန်မလာနဲ့ဆိုတိုင်း ကျုပ်ကနေရမှာလား၊

‘ဒီအိမ်ဟာ တော်တစ်ယောက်ထဲပိုင်တဲ့အိမ်မဟုတ်ဖူး၊ ကျုပ်နဲ့လည်း ဆိုင်တယ်

“ထွီ”.....


ကျုပ်မရှိရင် တော့်ကောင်မကို အိမ်ပေါ်ခေါ်တင်မလို့ မဟုတ်လား၊ ‘ဒီခြံ နဲ့ဝိုင်းဟာ သိန်းငါးဆယ်လောက်တန်နေပြီဆိုတာကျုပ်သိတယ်တော့၊ ‘ဒါလက်ထက်ပွားပစ္စည်း၊ တော် ကျုပ်ကိုကွာချင်ရင် ခြံဝိုင်းဖိုးတစ်ဝက်ခွဲပေးမှရမယ်ကိုအုံးမောင်၊ ဟင်း-ဟင်း …...


မသိန်းနွဲ့က မထီသလိုလေသံမျိုးဖြင့်ပြောသည်။ တောသူမက မြို့ရောက်တော့
ရပိုင်ခွင့်တွေဘာတွေ ပြောတတ်နေပြီ နေနှင့်ဦးပေါ့..ဟု တေးထားလိုက်သည်။


ယနေ့ညနေ ကိုအုံးမောင်အလုပ်ကအပြန်မှာ မသိန်းနွဲ့နှင့်အကြီးအကျယ် ရန်ဖြစ်ရသည်။ ဖြစ်ရတဲ့ကိစ္စက ကိုအုံးမောင်က အပ်ထားတဲ့ငွေ ထဲက အလုပ်တစ်ခုအတွက်ငွေလို၍ ငွေနှစ်သောင်းပြန်တောင်းတော့ မသိန်းနွဲ့က မရှိတော့ဘူးဟုဆိုသည်။ သူ့လက်ထဲမှာ တစ်သောင်းပဲကျန်တော့ တယ်ဟုဆို၏။
ကိုအုံးမောင် လကုန်ပိုင်းကမှ အပ်ထားသောငွေမှာ ခုနစ်သောင်းဖြစ်ပါသည်။


ဘယ်ရောက်ကုန်လဲ၊ မင်း ဘာလုပ်ပစ်လဲ …..
ချဲထိုးပစ်လိုက်တာ …...


“ “ဘာ ””….....


“ကျုပ်လည်း ခုအပတ်ရတဲ့ဂဏန်းလေးက မာတယ်ဆိုပြီး ပုံအောလိုက်တာပဲ၊         
မပေါက်တာတော့မတတ်နိုင်ဘူး ။”

မသိန်းနွဲ့က ထူးခြားမှုမရှိသောအကြောင်းအရာတစ်ခုကို ပြောသလို အေးတိအေးစက်ပင်ပြန်ပြောသည်။ဒီတစ်ပတ်လုံး နှစ်လုံးထီကလည်း မပေါက်ဖူးတော့၊ ဘာဖြစ်နေတယ်  မသိပါဘူး။မသိန်းနွဲ့က အေးအေးပင် ငြီးပြနေသေးသည်။
ကိုအုံးမောင် ဒေါသပေါက်ကွဲရလေပြီ။ ထုံးစံအတိုင်း လင်မယားရန်ဖြစ်ရသည်။ နင်ပဲငဆအော်ဟစ်ဆဲဆိုကြသည်။ ရိုက်နှက်ကန်ကျောက်ကြ သည်။ ဘေးပတ်ဝန်းကျင် အနီးအပါးမှ လူနေအိမ်ခြေမရှိ၍ တော်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ငွေတွေကတော့ ပျောက်ပျက်ဆုံးပါးသွားပြီ။မသိန်းနွဲ့က ချဲပေါက်ရင် တော့်ငွေတွေပြန်ပေးမယ်-ဟုပြောသည်။
ထို့နောက် အိမ်ပေါ်မှဆင်းသွားရန်ပြင်နေခြင်းဖြစ်ပါသည်။ ထုံးစံအတိုင်း.. သူမ ရွာပြန်လိမ့်မည်။ တစ်ပတ်ဆယ်ရက်နေလျှင် မျက်နှာပြောင်တိုက်ကာ ပြန်ရောက်ချလာမည်။ သူမအကျင့်အတိုင်း ချဲထီ နှင့် နှစ်လုံးထီကို အရှိန်မပျက် ဆက်ထိုးလိမ့်ဦးမည်။ ခုနစ်နှစ်တာပေါင်းလာတဲ့ ဒီမိန်းမအကျင့်တွေကို ကိုအုံးမောင်နောကျေနေပြီ။
ကိုအုံးမောင်ကမသိန်းနွဲ့အပေါ်မေတ္တာခန်းနေတာကြာပြီဖြစ်၍အပြီးအပိုင် ကွဲကွာပစ်လိုက်ချင်ပါပြီ။ ‘ဒီမိန်းမက ရပိုင်ခွင့်တွေဘာတွေ တောင်းတတ်နေတော့ ခက်၏။


“ဟီဟီဟီ . . .ဟားဟားဟား . . .
ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .
ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . . ဟီဟီဟီ . . ”. .


ကိုအုံးမောင်က စိတ်တိုနေဆဲမှာ ဘုရားစင်ပေါ်က အရုပ်၏ရယ်သံထွက်လာ၍ ပိုပြီး ဒေါသထွက်သွားလေသည်။


““ဟော- အန်းကုန်းကြီးရယ်နေပြီ၊

အန်းကုန်းဘိုးဘိုးကြီးရယ်ရင် နောက်အပတ်တော့ သေချာပေါက် ပေါက်ပါပြီ၊

နောက်တစ်ပတ် ချဲပေါက်ရင် တော့်ပိုက်ဆံ ပြန်ပေးမယ် ကိုအုံးမောင် . . . . .””


မသိန်းနွဲ့က မကြာခင်က ထိုးနှက်ခံခဲ့ရတာကို မေ့သွားကာ ဘုရားစင် ရှေ့သို့ထသွားလေ၏။


““အန်းကုန်းဘိုးဘိုးကြီး၊ သမီးကို ကယ်တင်ပါဦး၊ လာဘ်လာဘများ ပေးသနားပါဦး ....။

ဘိုးဘိုးကြီး၊ ဒီတစ်ပတ် တစ်လုံးတည်း လွဲသွားတာပါဘုရား......၊

. တစ်လုံးလွဲပြီး.. တစ်လုံးက ပါဝါချိန်းသွားလို့ သမီးချဲမပေါက်ပါဘူးဘုရား.. ..

လာမယ့်အပတ်တော့ ပေါက်ဂဏန်းကို ဒဲ့-အိပ်မက်ပေးတော်မူပါ ။””


မသိန်းနွဲ့က ဘုရားစင်ရှေ့တွင် မတ်တပ်ရပ်ကာ အန်းကုန်းဘိုးတော်ကြီးရုပ်တုရှေ့၌ ဆုတောင်းပတ္ထနာပြုနေလေသည်။ ပြီး.. ဘိုးဘိုးကြီးအရုပ်ကို လှုပ်ရမ်းလိုက်၏။
ပြီး.. ဘိုးဘိုးကြီးအရုပ်ကို လှုပ်ရမ်းလိုက်၏။ဘိုးဘိုးကြီးအရုပ်ထံမှရယ်သံထွက်ပေါ်လာပြန်သည်။


““  ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . ဟာဟာဟာဟာ . . . . ဟီဟီဟီ . . . . . ””


အန်းကုန်းအရုပ်အတွင်းထဲတွင်ဓာတ်ခဲနှစ်လုံးထည့်ကာအသံမြည်အောင်ပြုလုပ်ထားခြင်းဖြစ်၏။ အန်းကုန်းခေါ် ပါးဖောင်းဖောင်း၊ ဗိုက်ပူပူ၊ လူဝကြီးပုံစံ တရုပ်ဘိုးတော်ရုပ်ကို အခေါင်းပွ ပြုလုပ်ထားခြင်းဖြစ်သည်။ အန်းကုန်းကို ငွေကြေးလာဘ်လာဘနှင့် ပျော်ရွှင်ချမ်းမြေ့မှုများ ပေးစွမ်း နိုင်သည့်ဘိုးတော်ဟု ယုံကြည်ကြသည်။ ပျော်ပျော်နေတတ်သောဘိုးတော်အဖြစ် ပီပြင်စေရန် အရုပ်ကို ရယ်သံထည့်၍ တီထွင်ထားခြင်းဖြစ်လေမည်။ အန်းကုန်းကြီးရယ်လျှင် အိမ်လာဘ်ရွှင်မည်၊ ကိုးကွယ်သူ လာဘ်ရမည်ဟု ယုံကြည်ကြ၏။


အတွင်းတွင်ထည့်ထားသော ဓာတ်ခဲကြောင့် လှုပ်လိုက်သည်နှင့် ရယ်မောသံ ထွက်ပေါ်လာတတ်၏။ အရုပ်ကို ကြာကြာလှုပ်နေစေအောင်လည်း အရုပ်အောက်ခြေကို စက်ဝိုင်းလုံးခြမ်းသဏ္ဍာန်ပြုလုပ်ထားသေးသည်။ပစ်တိုင်းထောင်ရုပ်၏အောက်ခြေနှင့် ပုံစံတူသည်။ အရုပ်သည် လှုပ်နေသမျှ ကာလပတ်လုံး ရယ်မောသံ ထွက်ပေါ်နေလေ၏။
လူကလှုပ်မပေးလျှင်လည်း.. သူ့အလိုလို ရယ်မောသံ ထွက်တတ်၏။ တကယ်တော့ အသံမြည်စေသောခလုတ်ကို လေတိုး၍ အသံမြည် လာခြင်းသာဖြစ်သည်။

ဓာတ်ခဲကလည်း ထည့်ထားသည်မဟုတ်ပါလား။ ဘာမှမဆန်းပါချေ။ ‘ဒါကို နားမလည်သော မသိန်းနွဲ့က အန်းကုန်းရုပ်ကို လက်နှင့်မထိပဲ သူ့အလိုလို ရယ်သံထွက်လာလျှင်ပင် ဘိုးဘိုးကြီးကြွလာပြီ၊ အရုပ်ထဲမှာ ဘိုးဘိုးကြီးနာမ်ကိန်းနေပြီ၊ လာဘ်လာဘတွေပေးတော့မယ်၊ ရတော့မယ်လို့ယူဆကာ အားရဝမ်းသာ စီးကရက်ဆက်၊ ရေနွေးကြမ်းဆက်၊ အရုပ်ကိုယပ်ခတ်ပေးနှင့် မအားလပ်အောင်ဖြစ်သွားရတော့သည်။ ယပ်ခတ်ပေးတော့ ယပ်တောင်က လေဟပ်၍ အရုပ်က ရယ်သံထပ်ထွက်သည်။

ဒါကိုပင်ကြည်နူးကျေနပ်လို့မဆုံး၊ ဒီအရုပ်ကိုဝယ်လာပြီးကတည်းက တစ်နေ့လုံး အရုပ်ကိုလှုပ်အောင်လုပ်ကာ မသိန်းနွဲ့က လာဘ်ရအောင် ဆုတောင်းနေတတ်၏။ ချဲပေါက်ပါစေ၊ နှစ်လုံးထီပေါက်ပါစေ- ချဲဂဏန်း၊နှစ်လုံးဂဏန်းပေးပါနှင့် တစာစာတောင်းဆိုနေလေတော့၏။ ကိုအုံးမောင်ကြည့်မရတာ ‘ဒါတွေပဲဖြစ်သည်။ အန်းကုန်းအရုပ် မရောက်ခင်ကတည်းက မသိန်းနွဲ့ကိုးကွယ်နေတဲ့ ဘိုးတော်၊ မယ်တော်၊ နတ်ရုပ်တွေက စင်နှင့်မဆန့်အောင်ရှိနေ၏။ တချို့အရုပ်တွေဆို ဘာရုပ်မှန်းပင် ကိုအုံးမောင်မသိ၊ နတ်လား.. ဘိုးတော်လား မကွဲပြား။ မသိန်းနွဲ့ကိုယ်တိုင်လည်း သိလို့မဟုတ်။ လာဘ်ကောင်းတယ်၊ အကျိုးပေးတယ်ဆိုတာနှင့် စင်ပေါ်တင် ကိုးကွယ်နေခြင်းဖြစ်လေသည်။


ကိုအုံးမောင်က မသိန်းနွဲ့ ဘိုးတော်ရုပ်နှင့်အဖြစ်သည်းနေပုံကို မမြင်ချင်တော့၍ အိမ်အောက်သို့ဆင်းခဲ့လေသည်။အိမ်ရှေ့တွင်လုပ်လက်စဖြစ်သော ရေချိုးကန်လေးကို ဆက်လုပ်နေလိုက်၏။ကိုအုံးမောင်နေသည်က မြို့သစ်ဖြစ်ပါသည်။ မြို့သစ်မှ အင်မတန်သစ်သော မြို့သစ်စစ်စစ်ဖြစ်သည်။ မြေကွက်တွေဖော်ပြီး ချပေးထားတာ လေးငါးနှစ်ပဲရှိသေး၍နေတဲ့သူတောင်သိပ်မရှိသေးသည့်မြို့သစ်ဖြစ်သည်။


ကိုအုံးမောင်သည် ဤမြေကွက်လေးကို ဈေးချောင်ချောင်ဖြင့် ရလိုက်ခြင်းဖြစ်၏။ ဝန်ထမ်းများအတွက်ချပေးသော အပိုင်းဖြစ်၍ ဝန်ထမ်းကွက်သစ်ဟု ခေါ်ကြသည်။ မြေကွက်ရသောဝန်ထမ်းတစ်ဦးက နယ်အပြောင်းတွင် ကိုအုံးမောင်ကို မြေကွက်ချည်းသက်သက် လက်လွှဲရောင်းချခဲ့ခြင်းဖြစ်ပါသည်။ ပေလေးဆယ်ပတ်လည်အကွက်ဖြစ်ပါ၏။ မြို့သစ်ဖြစ်သည့်အားလျော်စွာ အကွက်များရိုက် နေရာချထားပေးပြီးဖြစ်သော်လည်း နေသူသိပ်မရှိသေးပေ။ ကိုအုံးမောင်၏ဘေးနှစ်ဖက်နှင့် နောက်ကျောဖက် တန်းများတွင် အိမ်မဆောက်ကြသေး။ အချောမခင်းရသေးသည့် လမ်းမကြီးခြားလျှက် မျက်စောင်းထိုးလောက်တွင်သာ တစ်အိမ်ရှိသည်။ အများအားဖြင့် ကွက်လပ်အတိုင်းဖြစ်ကြသည်။ တချို့ကမြေကွက်တွေကို ခြံခတ်ထားကြ၏။ လျှပ်စစ်မီးလည်း မရသေး၍ လူနေနည်းပါး နေခြင်းလည်းဖြစ်ပါသည်။  ကိုအုံးမောင်ကတော့  ဒီမြေကွက်ကလေးမဝယ်ခင်က လူနေပြွတ်သိပ်ကျပ်ညပ်သော ရပ်ကွက်ထဲတွင် ကျဉ်းကျဉ်းကျုပ်ကျုပ် အခန်းလေးကိုငှားနေရ၍ မြေကွက်ဝယ်ပြီးသည်နှင့် အိမ်အမြန်ဆောက်ပြီး ပြောင်းနေခဲ့ခြင်းဖြစ်သည်။ ကိုယ်တိုင်ကလဲ ပန်းရံဆရာဖြစ်နေ၍ သုံးပင်နှစ်ခန်း ခြေတံရှည်အိမ်လေးကို တပည့်များအကူအညီနှင့် ဆောက်ခဲ့ခြင်းဖြစ်သည်။


အလုပ်သွားအလုပ်ပြန် ဝေးတာကအပ ဒီအိမ်လေးရောက်မှ ကိုအုံးမောင် စိတ်လက်ချမ်းသာရှိသွားရသည်။ ကိုယ်ပိုင်အိမ်လည်းဖြစ်၊ မြေအပို လေးလည်းရှိ၍ စိတ်ကျေနပ်မိသည်။ နယ်ကတက်လာသူမို့ အများစုပေါင်းနေသော တိုက်ခန်းမျိုးထက် မြေပိုင်နှင့်အိမ်ပိုင်ရှိခြင်းကို ပို၍နှစ်သက်သည်။ကိုယ်ပိုင်ရယ်လို့ ပိုင်ပိုင်နိုင်နိုင် ရှိလှသည်ဟုထင်သည်။ မသိန်းနွဲ့သာလိမ္မာရင် ဘယ်လောက်ပျော်စရာကောင်းလိုက်မတုံး။


ကိုအုံးမောင်က သူ့ဘ၀သူပြန်တွေးနေမိသည်။ သူရွာမှထွက်လာစဉ်က အသက်၁၆နှစ်သာရှိသေးသည်။ အမေဆုံးသည့်နှစ်မှာ အဖေက သူ့ကို ရွာသို့ခေတ္တပြန်လာသည့် အဖေ့သူငယ်ချင်းဦးမောင်လှနှင့် ထည့်လိုက်ခြင်းဖြစ်သည်။ ပညာမတောက်တခေါက်နှင့် ရွာမှာနေလျှင် လယ်သမားကိုင်းသမား ပဲဖြစ်မည်။ မြို့မှာ မြို့အလုပ်ကလေးရှာပေး၊ သင်ပေးပါဆိုကာ သူ့သူငယ်ချင်းကို အပ်လိုက်ခြင်းဖြစ်သည်။
ဦးမောင်လှက ပန်းရံဆရာဖြစ်လေသည်။ ကိုအုံးမောင်ကို မြို့ခေါ်လာကာ သူ့ ပန်းရံအဖွဲ့ထဲမှာလုပ်စေသည်။ နေတော့ ရွာကဘုန်းတော်ကြီး ကျောင်းထိုင်တဲ့ ဘုန်းကြီးကျောင်းမှာပဲနေစေသည်။
ကိုအုံးမောင်သည် အဖေ့ဆန္ဒအတိုင်း အလုပ်ကြိုးစားခဲ့၏။ မြို့မှာ မြို့အလုပ်လုပ်ပြီး တည်တည်မြဲမြဲနေနိုင်အောင်ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။ သူ့ကြိုးစားမှုကြောင့် ဆယ်နှစ်အတွင်းမှာ သူသည် ပန်းရံလုပ်ငန်း၌ ဆရာခေါ်သော အလုပ်ကြပ်အဆင့်သို့ရောက်ခဲ့ရလေသည်။ ဦးမောင်လှက ကိုအုံးမောင်ကို ပန်းရံတစ်ဖွဲ့ သပ်သပ်ဖွဲ့ပေးကာ ဦးဆောင်လုပ်စေခဲ့သည်။ ကိုအုံးမောင်တို့ ကံကောင်းချင်တော့ အချိန်ကာလက နိုင်ငံအနှံ့မှာ လူနေကွက်သစ်တွေတိုးချဲ့၊ တိုက်တာအိမ်ယာတွေအများအပြား ဆောက်လုပ်သည့်အခါမျိုးဖြစ်နေသည်။ ကိုအုံးမောင်၏လုပ်ငန်းကျွမ်းကျင်မှု ကြောင့် အလုပ်အပ်သူတွေ မပြတ်ရှိခဲ့သည်။ ဆောက်လုပ်ရေးကန်ထရိုက်တစ်ဦး၏အောက်တွင် ထိုကန်ထရိုက် လက်ခံထားသမျှတိုက်တွေ၊ အဆောက်အဦးတွေကို ကိုအုံးမောင်က အဆိုင်းနှစ်ဆိုင်းဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ဝင်ငွေလည်း လောက်လောက်လားလားရလာခဲ့၏။


တစ်နှစ်..  သူရွာအပြန်မှာ မသိန်းနွဲ့နှင့် အိမ်ထောင်ကျလာခြင်းဖြစ်သည်။
ယူတုန်းကတော့ သူ့ထက်အသက်လေးနှစ်ငယ်သော မသိန်းနွဲ့ကို တကယ်စုံမက်၍ လက်ထပ်ယူခဲ့ခြင်းဖြစ်ပါသည်။ သည်တုန်းကမသိန်းနွဲ့သည် ခုလောက် ရုပ်မဆိုးသေး။ စက်ဆုပ်ရွံရှာဖွယ်မကောင်းသေး။ ကိုအုံးမောင်မျက်စိထဲတွင် သူရွာမှထွက်သွားစဉ်က ကလေးအရွယ်သာရှိသေးသော သိန်းနွဲ့ကို ဆယ်နှစ်အကြာမှာ ရုတ်တရက်တွေ့လိုက်တော့ အံ့ဩသွားကာ ချစ်ခင်စုံမက်မိလေသည်။

သည်တုန်းက မသိန်းနွဲ့ ခုလောက်မပိန်သေး။ ၀၀ပြည့်ပြည့်နှင့် ဖွံ့ထွားလှပနေသည့်အရွယ်ဖြစ်သည်။ သွား ကတော့ ထိုစဉ်ကတည်းက ခေါပါသည်။ သို့သော် နုငယ်စဉ်က ခန္ဒာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးလေးဆိုတော့ ပါးကလေးကလည်း ဖောင်းကာ သွားခေါသည်က သိပ်မသိသာခဲ့။ သွားကလေးနှစ်ချောင်းရှေ့ထွက်နေတာကပင် သပေါ်လေး သွားပေါ်လေးဆိုပြီး ချစ်စရာကောင်းသည်ထင်ခဲ့သည်။ သူသည်ထိုအခေါက်မှာပင် လူကြီးများကို ပြောဆိုတောင်းရမ်းကာ မသိန်းနွဲ့ကိုလက်ထပ်ယူ၍မြို့ခေါ်လာခြင်းဖြစ်ပါသည်။


ယူခါစကတော့ အပြစ်ပြောစရာသိပ်မရှိသေး။ ပြောစရာအချက်လည်း မတွေ့သေး။ နေရတာကလည်း သူများအိမ်အောက်ထပ်မှာ အခန်းတစ်ခန်း ငှား၍နေရတာဆိုတော့ မြို့ရောက်ခါစ မသိန်းနွဲ့မှာ မျက်စိသူငယ်နှင့်ပင်ရှိနေသေးသည်။ မြို့ရောက်လို့ သုံးနှစ်လောက်အကြာမှာတော့ မသိန်းနွဲ့ပျက်စီး တော့သည်။ ပျက်စီးတယ်ဆိုတာက တခြားတော့မဟုတ်။ ချဲထိုးတတ်လာခြင်းဖြစ်၏။ အိမ်ရှင်မိန်းမကြီးနှင့်အိမ်အတူငှားနေသော မိန်းမက ချဲဝါသနာရှင်တွေမို့ သူတို့ချဲထိုးတာ တစေ့တစောင်းအကဲခတ်ရင်းက မသိန်းနွဲ့    ပါစိတ်ပါလာခြင်းဖြစ်လေသည်။ တော်ရုံလောက်ဆိုလျှင် ကိုအုံးမောင် အပြစ်ဆိုမည်မဟုတ်ပါ။ မသိန်းနွဲ့က ဘိုးတော်တွေဆီသွား၊ အကြားအမြင်တွေဆီသွား၊ နံပါတ်တောင်းတဲ့ အထိပါလာသည်။ ကိုအုံးမောင်ရှာတဲ့ငွေကို စစ်စစ်စီစီစုဆောင်းဖို့၊ သုံးစွဲဖို့ ဦးနှောက်ထဲမှာမရှိ။ ဆယ်ခါ့တစ်ခါလောက် ချဲပေါက်လျှင် အပတ် တိုင်းပေါက်နေသည့်အလား ပြောမဆုံးတော့ပေ။


သူတို့အိမ်ထောင်မှာ သားသမီးမထွန်းခြင်းကလည်း အိမ်ထောင်ရေးမသာယာအောင် ဖန်တီးလာတဲ့အဖြစ်တစ်ခုပင် ဖြစ်လေ၏။ ကိုအုံးမောင်က သားသမီးရချင်သည်။ လိုချင်သည်။ မသိန်းနွဲ့ကလည်း ဘာအတားအဆီးမှလုပ်မထားပါ။ သည်ကြားထဲက မရခြင်းဖြစ်လေ၏။
ဆရာဝန်ထံ သွားစစ်ဆေးတော့ မသိန်းနွဲ့ဖက်ကချွတ်ယွင်းချက်ဆိုတာသိလာရသည်။ သည်ကတည်းက မသိန်းနွဲ့ကို ကိုအုံးမောင် စိတ်ကုန်သွားခြင်းဖြစ်သည်။
လူကလည်း တစ်နေ့ထက်တစ်နေ့ ပိန်လှီလာသည်။ အရင်က “သပေါ်လေး”  အဆင့်သာရှိခဲ့သည့်သွားမှာလူပိန်လာသည်နှင့်အမျှရှေ့ကိုပို၍ငေါထွက်လာသယောင် ထင်ရသည်။ ယခုတော့ မသိန်းနွဲ့၏ခေါသောသွားမှာ ဂဠုန်တစ်ကောင်၏နှုတ်သီးနှင့်ပင် တူနေချေပြီ။ သည်ကြားထဲ ကွမ်းယာ ကိုစားလိုက်သေးရာ သွားတွင် ကွမ်းချိုးများကပ်ကာ ညိုညစ်နေသေးသည်။

မြို့သစ်ကိုပြောင်းလာတော့ မသိန်းနွဲ့၏ချဲရောဂါက ပိုဆိုးလာသည်။
မြို့သစ်မှာ ကိုအုံးမောင်အိမ်နှင့်မနီးမဝေး၌ ကိုအုံးမောင်တို့ရွာမှ မိသားတစ်စုရှိကြသည်။ မြို့သစ်ရောက်လာတော့ ရွာကရင်းနှီးမှုနှင့် မသိန်းနွဲ့က ထိုအိမ်ကို ဝင်ထွက်သွားလာရှိလာသည်။ ဒေါ်စိန်ရီတို့မိသားစုမှာ မသိန်းနွဲ့နှင့်ဆွေမျိုးလည်း မကင်းလှပေ။ ဆိုးတာက ဒေါ်စိန်ရီသည်လည်း ချဲဝါသနာအိုးဖြစ်နေကာ ချဲကို ထမင်းအငတ်ခံထိုးတဲ့အစားထဲက ဖြစ်နေခြင်းပင်။ မြို့သစ်အရောက်တွင် ဒေါ်စိန်ရီနှင့်ပေါင်းကာ ချဲသာမက နှစ်လုံးထီကိုပါ ထိုးတတ်လာတော့သည်။ ချဲက ဆယ့်ငါးရက်တစ်ကြိမ်ထွက်၍ တော်သေးသည်။ နှစ်လုံးက တစ်ပတ်မှာ စနေ၊တနင်္ဂနွေသာနားပြီး ငါးရက်ထွက်သည်။ တစ်နေ့တစ်နေ့ နှစ်လုံးတွက်ရတာနှင့် မသိန်းနွဲ့ ထမင်းဟင်းပင် မချက်အားတော့ပေ။ ကိုအုံးမောင် အလုပ်သွားချိန်ဆိုလျှင် ဒေါ်စိန်ရီ့အိမ်သွားနေတတ်သည်။ ကိုအုံးမောင်အလုပ်ကပြန်လာပြီးမှ သူကပြန်ရောက်လာတတ်၏။ ကိုယ့်အိမ်နှင့်ကိုယ်ဆိုတော့ မသိန်းနွဲ့တစ်ယောက် အသားကုန်လွတ်လပ်ခွင့်ရကာ၊ အိမ်ဦးခန်း၌ လာဘ်ကောင်းပါသည်ဆိုသော ဘိုးတော် မယ်တော်အရုပ်တွေ နတ်ရုပ်တွေ တင်လာတော့သည်။


ကိုအုံးမောင် ကြည့်မရသောအရုပ်ကတော့ အန်းကုန်းဘိုးဘိုးကြီးအရုပ်ဖြစ်သည်။ ကိုအုံးမောင်အမြင်မှာ အရုပ်ဆိုးအကျည်းတန်လှသည်သာ မဟုတ်သေး၊ သံသေးသံကြောင်ဖြင့် အော်ဟစ်ရယ်မောသံကိုပါ ထည့်ထားခြင်းကို နားကြားပြင်းကပ်လှ၏။
မသိန်းနွဲ့က ထိုဘိုးတော်ရုပ်ကို အချိန်ရှိသ၍ လှုပ်..လှုပ်ပြီး ရယ်သံထွက်အောင်လုပ်ကာ ချဲ၊နှစ်လုံးပေါက်အောင် ဆုတောင်းတတ်သေးသည်။ အရုပ်သည်လှုပ်မှ ရယ်သံထွက်လျှင် တော်သေး၏။ ခုတော့ သူ့အလိုလိုနေရင်းလည်း ရယ်ရင်ရယ်နေတတ်သည်။
တစ်ကြိမ်တည်း ရယ်တာလည်းမဟုတ်။ အဆက်မပြတ် အော်ရယ်နေခြင်းဖြစ်သည်။
တစ်ခါတစ်ခါများ ညကြီးထရယ်လျှင် ကိုအုံးမောင် လန့်ပင်နိုး၏။ ည မှောင်မှောင်မှာ ဘိုးတော်ရယ်သံကြီးက ချောက်ချားစရာ၊ အသည်းနှလုံးတုန်စရာအဖြစ် ကိုအုံးမောင်ခံစားရသည်။
ကိုအုံးမောင်က အသံတိတ်သွားအောင် အရုပ်ထဲက”ဓာတ်ခဲကို ထုတ်ပစ်ဖို့လုပ်တော့ မသိန်းနွဲ့က အိပ်ရာကထလာပြီး ကန့်ကွက်သည်။


“ဒါ လာဘ်ကောင်းလို့ ရယ်တာတော့၊ တော်လည်းအလုပ်အကိုင်ကောင်းလိမ့်မယ်၊ ဝင်ငွေကောင်းလိမ့်မယ်၊ မဖြုတ်ပါနဲ့ကိုအုံးမောင်. ”. .
ကိုအုံးမောင်ကိုတားရုံမက ဘိုးတော်ကိုလက်အုပ်ချီကာ ဆုတောင်းလိုက်သေးသည်။


“ဘိုးဘိုးကြီး၊ ရယ်တော်မူပါ၊ အားရပါးရရယ်တော်မူပါ၊ လာဘ်လာဘများလည်း ပေးသနားတော်မူပါ၊

သမီးတော်ကြီး ချဲပေါက်စေရန်လည်း မစတော်မူပါ ဘိုးဘိုးကြီး . ”. .


ဆုတောင်းရင်းဖြင့် အရုပ်ကိုထပ်၍ လှုပ်လိုက်ရာ ညအမှောင်ထုထဲတွင် မသဒီစရာရယ်သံကြီးက ထွက်ပေါ်လာပြန်လေ၏။
““ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . . ဟီဟီဟီ . . . . . ””


ကိုအုံးမောင် ‘ဒီမိန်းမကိုစိတ်ကုန်လှပါပြီ။ ရန်ဖြစ်ရတာလည်း ခဏခဏ၊ရန်ဖြစ်ပြီးတိုင်းလည်း စိတ်ကောက်ပြီး အိမ်ပေါ်ကဆင်းသွားသည်၊ ရွာပြန်သွားသည်၊ တစ်ပတ်ဆယ်ရက်နေတော့ မျက်နှာပြောင်တိုက်ပြီးပြန်ရောက်လာသည်။ ကိုအုံးမောင် သည်းမခံနိုင်တော့၊ ကလေးသားသမီးမျက်နှာထောက်ထားစရာရှိလျှင်လည်း သည်းခံရသေးရဲ့၊ ခုတော့ သိန်းနွဲ့ကို ကိုအုံးမောင် မေတ္တာခန်းနေပြီ။ စိတ်ကုန်နေပြီ။ အပြီးအပိုင် ကွဲပစ်လိုက်ချင်ပြီ။


ကိုအုံးမောင် မသိန်းနွဲ့ကို စိတ်ကုန်၊ မေတ္တာခန်းရသည့်အကြောင်းတွင် ကိုအုံးမောင်၌ မေတ္တာထားစရာ အချစ်သစ်ရရှိနေခြင်းကလည်း တစ်ချက် အပါအဝင်ဖြစ်သည်။
စမ်းစမ်းသည် ကိုအုံးမောင်အလုပ်ထဲက မဆလာသယ်သော အလုပ် သမလေးဖြစ်ပါသည်။   စမ်းစမ်းအသက်က ကိုအုံးမောင်ထက် ၁၂ နှစ်လောက်ငယ်သည်။ စမ်းစမ်းက လုံးကြီးပေါက်လှနှင့်တစ်တစ်ရစ်ရစ်ကလေး။ ချစ်စရာကောင်းလှသည်။ အလုပ်လုပ်သည့်အခါ နေပူဒဏ်ခံနိုင်အောင် မျက်နှာအပြည့် သနပ်ခါးထူထူ လိမ်းထားတတ်၍ စမ်းစမ်းအနားကပ်သည်နှင့် သနပ်ခါးနံ့လေးက မွှေးနေတော့၏။
စမ်းစမ်းနဲ့ ကိုအုံးမောင် သဘောတူမျှကြပြီးဖြစ်သည်။ ဥပုသ်နေ့အလုပ်နားရက်များမှာ ရုပ်ရှင်တွေကြည့်၊ ပန်းခြံတွေလျှောက်လည်နှင့် အသည်း နှလုံးချင်းဖလှယ်ကြပြီးဖြစ်သည်။
စမ်းစမ်းက ကိုအုံးမောင်ကို သူ့ထက်အသက်ကြီးသော အိမ်ထောင်သည် တစ်ယောက်ဖြစ်သော်လည်း မငြိုငြင်ရှာပါ။ စမ်းစမ်းက တစ်ခုပဲ တောင်းဆိုသည်။


““အစမ်း သူများမယားငယ်တော့ မဖြစ်ချင်ဘူးဦးရယ်၊

ဦးမိန်းမကြီး လာရန်လုပ်မှာလဲ အစမ်းကြောက်တယ် .”” .

.စမ်းစမ်းက သနားစဖွယ်ပြောရှာသည်။
မသိန်းနွဲ့ကိုစိတ်ကုန်နေသောကိုအုံးမောင်သည် စမ်းစမ်းနှင့်တစ်အိုးတစ်အိမ်ထူချင်လှပါပြီ။ စမ်းစမ်းသည်မသိန်းနွဲ့ထက်သာသောစိတ်ချမ်းသာမှုများကိုပေးနိုင်လိမ့်မည်ဟု သူကယုံကြည်သည်။ ကိုအုံးမောင်က သူကြုံနေရသည့် မရှူနိုင်မကယ်နိုင်အဖြစ်များကို တွေးရင်း သက်ပြင်းချလိုက်သည်။ သက်ပြင်းနှင့်အတူ မသိန်းနွဲ့အပေါ်မုန်းတီးစိတ်များ ပိုတိုးလာလေ၏။


ကိုအုံးမောင်သည် လုပ်လက်စရေကန်လေးကိုဆက်လုပ်ရင်း မသိန်းနွဲ့နဲ့ ပြတ်ပြတ်စဲစဲဖြစ်အောင် ဘယ်လိုလုပ်ရပါ့မလဲဟုတွေးကာ စိတ်မောနေ၏။ကိုအုံးမောင် ယခုလုပ်နေသည်မှာ အိမ်ရှေ့မှလက်ဆွဲတုံကင်လေးကိုပြုပြင်မွန်းမံနေခြင်းဖြစ်၏။မြို့သစ်မှာရေပေးဝေရေးစံနစ် မရှိသေး၍ကိုယ်ပိုင်အဝီစိတွင်းတူးရသည်။ လက်နှိပ်လျှင်ရေထွက်ကျသောတုံကင် တပ်ဆင်ရသည်။ လျှပ်စစ်မီးရလျှင်တော့ မော်တာဖြင့်မောင်းနိုင်မည်ဖြစ်သည်။ မြေအောက်ရေက သိပ်မဝေးသဖြင့် လက်ဖြင့်နှိပ်ရာတွင်လည်း ကြာကြာမနှိပ်ရ။ သိပ်မပင်ပန်းပဲ ရေထွက်လေ၏။ လင်ကိုယ်မယားနှစ်ယောက်တည်းမို့ ရေကလုံလောက်နေသည်။


ရေတုံကင်၏ရေထွက်ပိုက်အောက်တွင် ယခင်က သံစည်ပိုင်းပြတ်တစ်လုံးခံထားခဲ့သည်။ ကိုအုံးမောင်က ထိုနေရာတွင် အုတ်ကန်ကလေးတည်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် လောလောဆယ်တွင် ရေကျပိုက်ခေါင်းကို ဆန့်ကျင်ဖက်အရပ်သို့ ခေတ္တလှည့်ထားရသည်။ နဂိုနေရာတွင် အုတ်ကန်လေး လုပ်နေသည်မှာ ပြီးလုပေပြီ။ အင်္ဂတေနှင့် အချောသတ်ပေးဖို့ပဲ ကျန်တော့၏။ အုတ်ကန်ပြီးလျှင် အုတ်ကန်နှင့်ကပ်လျှက် ရေကပြင်လေးတစ်ခုလုပ်ရမည်။ အဝတ်ထိုင်ဖွတ်၊ ရေထိုင်ချိုးနိုင်သည့် ရေကပြင်လေးကိုလည်း သံမံတလင်းခင်းဖြင့်လုပ်မည်။ ကိုအုံးမောင်က ကိုယ်တိုင်ပန်းရံဆရာမို့ လိုအပ်သောအုတ်နှင့် အင်္ဂတေများ၊ သဲများဝယ်ထားကာ အလုပ်ပြန်လာသည့် ညနေအချိန်များတွင် တစ်ယောက်ထဲ လုပ်နေခြင်းဖြစ်သည်။ ကိုအုံးမောင်က မသိန်းနွဲ့နှင့်ရန်ဖြစ်ပြီး စိတ်တိုတိုနှင့်ခြံဝင်းထဲသို့ဆင်းခဲ့ကာ လုပ်လက်စအုတ်ကန်ကိုဆက်လုပ်နေလိုက်သည်။ အင်္ဂတေဖျော်ပြီးအုတ်စီပြီးသား လေးပေ ပတ်လည်အုတ်ကန်ကို အချောကိုင်နေခြင်းဖြစ်၏။ သိပ်မကြာလိုက်ချိန်တွင် ပြီးသွားသည်။


အုတ်ကန်အချောသတ်ပြီးချိန်တွင် ကိုအုံးမောင် လူရောစိတ်ပါ အတော်မောသွား၏။
ကိုအုံးမောင်က ရေကပြင်အတွက်ပါ ဆက်လုပ်နေလိုက်သည်။ ရေကပြင်လုပ်မည့်နေရာကို မြေညှိထားလိုက်သည်။မှောင်ရီသန်းသွားပြီဖြစ်၍မြေညှိအပြီးတွင်အလုပ်ကို လက်စသတ်လိုက်၏။ရေတုံကင်ကိုနှိပ်ကာ တစ်ဖက်သို့ရွှေ့ထားသော စည်ပိုင်းပြတ်ထဲကို ရေကျစေလိုက်သည်။ စည်ပိုင်းပြတ်အပြည့်တွင် ထိုရေဖြင့် ချိုးလိုက်၏။
ရေချိုးအပြီး အိမ်ပေါ်ပြန်အတက်တွင် မသိန်းနွဲ့ အိမ်ပေါ်ကဆင်းသွားဖို့ အဝတ်အစားများကို လက်ဆွဲအိတ်ထဲထည့်နေတာ မြင်လိုက်ရခြင်းဖြစ်သည်။


“မင်း ဘယ်တော့မှ ငါ့အိမ်ပြန်မလာနဲ့. ”. . . .
ကိုအုံးမောင်ကပြောတော့ မသိန်းနွဲ့က မထီတရီမျက်နှာပေးဖြင့်ပြန်ကြည့်ကာ-


““ကျုပ်မရှိရင် တော့်ကောင်မကို အိမ်ပေါ်ခေါ်တင်မလို့ မဟုတ်လား၊

‘ဒီခြံနဲ့ဝိုင်းဟာ သိန်းငါးဆယ်လောက်တန်နေပြီဆိုတာကျုပ်သိတယ်တော့၊

‘ဒါလက်ထက်ပွားပစ္စည်း၊ တော် ကျုပ်ကိုကွာချင်ရင် ခြံဝိုင်းဖိုးတစ်ဝက်ခွဲပေးမှရမယ် ကိုအုံးမောင်.”. “ဟင်း- ဟင်း”


မသိန်းနွဲ့က သူနှင့်စမ်းစမ်းအကြောင်းကို သိနေပြီးဖြစ်ပါသည်။ ကိုအုံးမောင်က တောက်တစ်ချက်ခေါက်ရင်း ချိတ်ထားသည့်အင်္ကျီကိုဆွဲ ဝတ်လိုက်သည်။ စက်ဘီးကို အိမ်အောက်သို့ချကာ အပြင်ထွက်ခဲ့သည်။ လမ်းထိပ်အရက်ဆိုင်သို့သွားရန်ဖြစ်ပါ၏။


ကိုအုံးမောင် စက်ဘီးနင်းလာရာ လမ်းထိပ်မှပြန်လာသော ဒေါ်စိန်ရီနှင့် လမ်းတွင်ဆုံလေသည်။


““ဗျိုး... . ဒေါ်စိန်ရီ၊ ခင်ဗျားတူမတော့ ရွာပြန်မလို့လုပ်နေပြန်ပြီဗျို့ .”” . .


ကိုအုံးမောင်က စက်ဘီးကိုဆက်နင်းသွားမလိုလုပ်သော်လည်း ဒေါ်စိန်ရီက-


“ဟဲ့.. ဟဲ့.. နေပါဦး” ဆို၍ စက်ဘီးကိုရပ်လိုက်သည်။


“ဘယ်လိုဖြစ်ကြတာလဲကွယ်၊ မင်းတို့လင်မယားကလဲ...”. . .


“ဒီကောင်မ ချဲထိုးပစ်လိုက်တာ ကျုပ်အပ်ထားတဲ့ပိုက်ဆံတွေ အကုန်ကုန်ပြီလေ၊

အဲဒါ ကျုပ်နဲ့ရန်ဖြစ်လို့ ထုံးစံအတိုင်း အိမ်ပေါ်က ဆင်းမလို့လုပ်နေတာ ပေါ့ . ”. .


“ညှိညှိနှိုင်းနှိုင်းလည်း လုပ်ကြပါကွယ်၊ မင်းတို့လင်မယားကလဲ၊ တစ်ဆိတ်ရှိ အိမ်ပေါ်က ဆင်းဆင်းသွားတာ မကောင်းပါဘူး .”..


“အဲဒါ ခင်ဗျားဆုံးမလေ၊ ချဲထိုးဖို့လည်း ခင်ဗျားပဲမြှောက်ပေးနေတာ မဟုတ်လား”


“အမယ်  ..မင်းမယားကိုက ကဲတာပါ၊ ငါထိုးတာ ဒါလောက်မဟုတ်ဘူးဟဲ့ . ”. .


“တော်ပြီဗျာ၊ ဒီကောင်မ အိမ်ပြန်မလာရင် ကောင်းမယ် ”. . .


ကိုအုံးမောင်က ဒေါ်စိန်ရီရှေ့မှ စက်ဘီးကိုနင်းထွက်လာခဲ့သည်။


ကိုအုံးမောင်အိမ်ပြန်လာတော့ အတော်ပင်ညဥ့်နက်နေပြီ။ သူသည် စိတ်ညစ်ညစ်နှင့် ဘီအီးနှစ်လုံးကုန်အောင်သောက်လာခဲ့၏။ မသိန်းနွဲ့နှင့်မျက်နှာချင်းမဆိုင်ချင်၍ တမင်အချိန်ကုန်ခံကာ ဇိမ်ဆွဲသောက်နေခြင်းဖြစ်သည်။ အိမ်ပေါ်ကိုတက်လိုက်သည်နှင့် မသိန်းနွဲ့၏ကျက်သရေမဲ့စွာ အိပ်စက်နေသည့်မြင်ကွင်းကိုမြင်လိုက်ရသည်။
ကိုအုံးမောင်နှင့်ရန်ဖြစ်ထား၍ အခန်းထဲမှာမအိပ်ပဲ အပြင်ခန်းမှာအိပ်ပျော်နေခြင်းဖြစ်ပါသည်။ ခြင်ထောင်မပါ၍ ခေါင်းရင်းနှင့်ခြေရင်းမှာ ခြင်ဆေးခွေ တစ်ခွေစီထွန်းထားသည်။ မနက် ရွာသွားဖို့အသင့်ပြင်ထားတဲ့လက်ဆွဲအိတ်ကလေးက ဘေးမှာရှိနေ၏။


ပက်လက်ကြီးအိပ်မောကျနေရာ သူမ၏ခေါသောသွားက ဘက်ထရီမီးပွင့်အောက်တွင် မိုးသို့မျှော်နေသည်။ သွားအားလုံးလည်း ကွမ်းချိုးဖြင့် ညိုညစ်နီရဲကာ ပွင့်နေသောအာခေါင်တလျှောက်ပါ နီရဲနေပေ၏။ လူကလည်း အရိုးဂေါက်ဂက်။
ကိုအုံးမောင်က ကြည့်ရင်း ‘ဒီမိန်းမကိုစက်ဆုပ်လာသည်။ ဒီဟာမ သေသွားရင်ကောင်းမှာပဲ။ သူနှင့်စမ်းစမ်းတို့ကြားမှာ ကြီးစွာသောအနှောက်အယှက်က မသိန်းနွဲဖြစ်နေသည်။
ကိုအုံးမောင်သည် စိတ်ရိုင်းတွေဝင်လာ၏။ နဂိုကဖြစ်ပေါ်နေသောမုန်းတီးစိတ်တွင် မသိန်းနွဲ့၏ မနှစ်မြိုစရာရုပ်သွင်ကြီးက သူ့စိတ်ကို ရိုင်းစိုင်း အောင်ပြုလုပ်နေသကဲ့သို့ရှိလေသည်။
ခုနေတုံး အပေါ်ကတစ်ခုခုနဲ့ဖိထားလိုက်ရင် ကောင်မ သေသွားမှာပဲ။ အရက်ရှိန်က သူ့အတွေးကို အကောင်အထည်ဖော်ဖို့ မြှောက်ပေးနေလေ၏။
ကိုအုံးမောင်သည် အခန်းထဲဝင်ကာ ခေါင်းအုံးကိုယူလိုက်သည်။ မသိန်းနွဲ့အပေါ်မှာ စီးမိုးကြည့်လိုက်ပြီး လုပ်သင့်မလုပ်သင့် ချိန်ဆနေမိသည်။ နောက်ဆုံးတော့ မကောင်းသည့်စိတ်သည် သူ့ကိုအနိုင်ပေးလိုက်လေ၏။ သူက ခေါင်းအုံးကို မသိန်းနွဲ့မျက်နှာပေါ်သို့ပစ်ချလိုက်လေသည်။


မသိန်းနွဲ့တစ်ချက်လူးလွန့်သွားသည်။ သူက မြန်မြန်ဆန်ဆန်ပင် မသိန်းနွဲ့၏ မျက်နှာပေါ်တည့်တည့်သို့ တက်ထိုင်ချလိုက်၏။ ပိုင်ပိုင်နိုင်နိုင်ပင် အပေါ်စီးမှဖိ၍ တက်ထိုင်လိုက်ခြင်းဖြစ်သည်။ လက်နှင့်ဖိလျှင်ကြောက်စိတ်ဝင်မှာစိုး၍ ကိုယ်လုံးနှင့်ဖိကာ မျက်နှာလွှဲထားခြင်းဖြစ်သည်။ မသိန်းနွဲ့၏ခြေထောက်များသည် ရုန်းကန်ရင်း လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ ခြေထောက်တစ်ဖက်က ခြင်ဆေးခွေကိုကန်မိကာ ခြင်ဆေး ခွေလွင့်ထွက်သွားလေသည်။တဖြည်းဖြည်း မသိန်းနွဲ့၏ရုန်းကန်မှုက နှေးကွေးလာသည်။
ဆတ်ကနဲ ဆတ်ကနဲ တွန့်ကာ ခဏအကြာတွင် ငြိမ်သက်သွားလေ၏။


ကိုအုံးမောင်က ပို၍သေချာစေရန် နောက်တခဏကြာအောင် တက်ထိုင်ထားသေးသည်။
ခေါင်းအုံးကိုလှပ်၍ကြည့်လိုက်တော့ အသက်မရှိတော့။ မျက်ဖြူလန်ကာပါးစပ်အဟောင်းသားဖြင့် သေဆုံးသွားလေပြီ။ ကိုအုံးမောင်က ဘာဆက်လုပ်ရမလဲစဉ်းစားသည်။ ချက်ချင်းပင်အကြံရကာ အောက်သို့ဆင်းခဲ့၏ ။ ညနေက ရေကပြင်အတွက် သူမြေညှိထားခဲ့သောနေရာကို ကြည့်လိုက်သည်။ မြေညှိပြီးနေရာတွင် အုတ်စီကာ အင်္ဂတေကိုင်လိုက်ရုံနှင့် ရေကပြင်လုပ်ပြီး ဖြစ်လိမ့်မည်။ ကိုအုံးမောင်က ကြာကြာစဉ်းစားမနေတော့ပဲ မြေညှိထားသောနေရာကို ပေါက်တူးတစ်လက်ဖြင့်ပေါက်လိုက်၏။ ဘေးပတ်ဝန်းကျင်တွင် လူနေ အိမ်ခြေမရှိခြင်းက ကိုအုံးမောင်အတွက် အဆင်ပြေနေ၏ ကြောက်စိတ်မဝင်စေရန် အလုပ်ကိုကြုံးလုပ်နေ၏။ မလုပ်လို့ကလည်းမဖြစ်ချေ။ တစ်ညတည်းနှင့်ရေကပြင်ကို အစအဆုံးလက်စသတ်မှ ဖြစ်တော့မည်။ မသိန်းနွဲ့အလောင်းဝင်သာရုံ အကျယ်အဝန်း တူးပြီးသွားလေပြီ။


ကိုအုံးမောင်က အိမ်ပေါ်ပြန်တက်ခဲ့၏။ မသိန်းနွဲ့အလောင်းကြီးကို မချီကာ အိမ်အောက်ဆင်းခဲ့၏။ အလောင်းကို ကျင်းထဲထည့်လိုက်တော့ အံကိုက်ပင်။
သူက ကျင်းထဲရောက်သွားသောမသိန်းနွဲ့အလောင်းကို ငုံ့ကြည့်လိုက်၏။ မြေဖို့ဖို့ပဲလိုတော့သည်။ မြေမဖို့ခင် သတိရလိုက်၍ အိမ်ပေါ်ပြန်တက်ကာ မသိန်းနွဲ့အဆင်သင့်ပြင်ထားသော လက်ဆွဲအိတ်ကိုယူလိုက်သည်။ ကျင်းထဲထည့်လိုက်သည်။
မသိန်းနွဲ့ကိုအိမ်ပေါ်ကဆင်းသွားပြီ၊ ရွာပြန်သွားပြီဟု သတင်းလွှင့်ရမည်။ အိမ်ကအထွက်မှာ ဒေါ်စိန်ရီနှင့်တွေ့လိုက်တာကံကောင်းသွားသည်။ဒေါ်စိန်ရီကိုမသိန်းနွဲ့ရွာပြန်ဖို့ ပြင်ဆင်နေတဲ့အကြောင်းပြောခဲ့မိသည်မဟုတ်လား။ကိုအုံးမောင်က အိမ်ပေါ်ကဆင်းသွားလျှင် ပါရမည့်ပစ္စည်း ကုန်ပြီလားဟု ခေါင်းအေးအေးထားစဉ်းစား၏။ ဖိနပ်ကိုသတိရလိုက်သည်။ တော်ပါသေးရဲ့။မသိန်းနွဲ့ဖိနပ်ကို အိမ်ပေါ်တစ်ဖန် ပြန်တက်ယူကာ ကျင်းထဲထည့်လိုက်သည်။ လုံလောက်ပြီထင်ပါရဲ့။ သူကအချိန်ဆိုင်းမနေတော့ပဲ ကျင်းကိုဖို့လိုက်၏။ ကျင်းအပေါ်မှမြေများကို သေသပ်ကျနစွာဖိသိပ်၏။ ပြီးတော့စိတ်ငြိမ်အောင်အိမ်ပေါ်ပြန်တက်ကာ ဆေးလိပ်တစ်လိပ်မီးညှိသောက်လိုက်၏။ ပြီးပြီ။ အပေါ်ကနေ အုတ်စီပြီး အင်္ဂတေကိုင်ဖို့ပဲလိုတော့သည်။


ကျွမ်းကျင်သော ပန်းရံဆရာကိုအုံးမောင်သည် ညအချိန်မတော်ကြီးတွင် ရေကပြင်အတွက် အုတ်စီခြင်း၊ အင်္ဂတေဖျော်ခြင်း၊ အုတ်စီပြီးသားအပေါ်မှ အင်္ဂတေကိုင်ခြင်းများကို ဇယ်ဆက်သလို တောက်လျှောက်လုပ်သွားခဲ့သည်။ မီးပင်မထွန်းပဲ အိမ်ပေါ်က လျှံကျနေသည့် ဘက်ထရီမီးပွင့်အရောင်အောက်တွင် လုပ်နေခြင်းဖြစ်သည်။ သူ့လက်ရာက သပ်သပ်ရပ်ရပ်။
မနက်သုံးနာရီလောက်မှ အလုပ်တွေအားလုံးပြီးစီးသွား၏။ ကိုအုံးမောင်က လုပ်ပြီးသွားသည့် ရေကပြင်ကို သေချာကြည့်သည်။ ရှုဒေါင့်အမျိုးမျိုးမှကြည့်သည်။ လစ်ကွက်ဟာကွက်မရှိစေရန် သေချာစူးစမ်းသည်။ ကံကောင်းထောက်မစွာ လုပ်စရာတစ်ခုကို သတိရလိုက်၏။ သူတို့ပန်းရံသမားများသည် ရေတွင်း၊ရေကန်၊အုတ်ခုံ၊ရေအိုးစင်..စသည်များပြုလုပ်ပြီးသည့် အခါတိုင်း ပြီးစီးသည့်ရက်စွဲကို ရေးထိုးတတ်သည်။ ကိုအုံးမောင်က ရက်စွဲရေးထိုးရန် ဆုံးဖြတ်လိုက်၏။ ဒီနေ့မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ဖြစ်သည်။ ကိုအုံးမောင်က အမှန်တကယ်ပြီးသည့် ‘ဒီနေ့ရက်စွဲကိုရေးထိုးမည် မဟုတ်ပေ။ လွန်ခဲ့သည့်သုံးရက်ကရက်စွဲကို ရေးထိုးမည်ဖြစ်သည်။ ဒါမှ မသိန်းနွဲ့အိမ်ပေါ်ကဆင်းမသွားခင်ကတည်းက ဤအုတ်ကန်လုပ်ပြီးသည့် သဘောပေါ်လွင်မည်။ အုတ်ကန်နှင့်မသိန်းနွဲ့ပျောက်ဆုံးခြင်းကို ဆက်စပ်စဉ်းစားမိကြမည်မဟုတ်တော့။ ကိုအုံးမောင်သည် ၈၊.၁၂၊ ၀၇ ဆိုသည့်ရက်စွဲကို သံလျှက်ဖြင့် အင်္ဂတေပေါ်မှာ သပ်သပ်ရပ်ရပ် ပုံဖော်လိုက်၏။ ကိုအုံးမောင်က သူ့အကြံညာဏ်များအကွက်စေ့သည့်အတွက် အကျေနပ်ကြီးကျေနပ်နေလေ၏။ အလုပ်အားလုံးပြီးစီးသည့်အခါ၊ ပစ္စည်းပစ္စယများကိုသိမ်းဆည်းပြီး အိမ်ပေါ်ပြန်တက်ခဲ့လေ၏။


ကိုအုံးမောင်အိပ်မပျော်ပါ။ လုပ်ထားသောမကောင်းမှုက သူ့ကိုခြောက်လှန့်နေသည်။ မသိန်းနွဲ့ပဲအိမ်ပေါ်တက်လာသလိုလိုထင်မိသည်။ သူလုပ်ခဲ့ သည့်လုပ်ရပ်ကိုလည်း အိပ်မက်လိုလိုထင်မိသည်။ အိပ်ပျော်တစ်ချက် မပျော်တစ်ချက်ဖြင့် မနက်လင်းခါနီးမှ မှေးကနဲဖြစ်သွားလေသည်။ မနက်ကျတော့ နိုးနေကျအချိန်ထက် ၂ နာရီလောက်နောက်ကျမှ နိုးလာ၏။ သူအိပ်ရာထလေ့အချိန်မှာ ၆ နာရီဖြစ်သည်။ ယခု ရှစ်နာရီထိုးလုပြီ။       လူကတော့ လန်းလန်းဆန်းဆန်းပင်ရှိနေ၏။


ကိုအုံးမောင်က ကပျာကယာထ ရေမိုးချိုးကာ စက်ဘီးလေးကိုအောက်ချပြီး၊ အိမ်သော့ခတ်ထားခဲ့ကာ အလုပ်ခွင်သို့ထွက်ခဲ့လေ၏။ အိမ်မှထွက်လိုက်သည်နှင့် သူ့စိတ်ထဲ၌ လန်းဆန်းနေသည်။ ညကပြုခဲ့သောမကောင်းမှုအတွက် စိတ်စနောင့်စနင်းဖြစ်နေတာမျိုး မရှိတော့။ ကိုအုံးမောင်က ဒေါ်စိန်ရီ့ကိုအိမ်ကို တမင်ဝင်သည်။ ဒေါ်စိန်ရီကို မသိန်းနွဲ့ မနက်အစောကြီး အိမ်ကထွက်သွားပြီဖြစ်ကြောင်း၊ သူ့ကိုပင် နှိုးမထားခဲ့ကြောင်း သဘာဝကျအောင် ဝင်ပြောလိုက်၏။ ရွာကိုထွက်သည့်ကားမှာ မနက်အစောကြီး စီးရသည်မို့ ကိုအုံးမောင်အပြောက သဘာဝကျပါ၏။ အလုပ်ခွင်ထဲတွင်လည်း စိတ်ရွှင်နေသည်။
သူ့အနေဖြင့် အကျဉ်းအကျပ်ကြီးတစ်ခုက လွတ်မြောက်သွားသလိုခံစားရသည်။
စမ်းစမ်းကိုကြည့်၍လည်း လူက အလိုလိုအူမြူးနေသည်။ သူနှင့်စမ်းစမ်း နီးရတော့မည်မဟုတ်လား။ အလွန်ဆုံး ၆ လလောက်အောင့်ထားပြီးလျှင် စမ်းစမ်းကို သူတရားဝင်လက်ထပ်လို့ရပြီ။ နောက်ရက်များတွင် ကိုအုံးမောင်အိမ်မှာသိပ်မနေဖြစ်ချေ။
မသိန်းနွဲ့ကို မြှုပ်ထားသည့် ရေကပြင်အောက်ကို မျက်စိရောက်မိတိုင်း စိတ်ချောက်ချားရ၍ အလုပ်ကပြန်ရောက်လျှင် ရေမိုးချိုးပြီးတာနှင့် အိမ်ကပြန်ထွက်သည်။ အရက်ဆိုင်သွားသည်။ အရက်သောက် ထမင်းပါစားပြီးမှ အိမ်ကိုပြန်၏။


သုံးရက်မြောက်နေ့တွင် အုတ်ကန်ရော၊ ရေကပြင်ပါ အတော်ချောက်သွေ့သွားပြီဖြစ်သည်။ ရေတုံကင်မှာ အိမ်ရှေ့အရိပ်မရှိသည့်နေရာတွင် ရှိသည်မို့ နေ့လည်ခင်းတစ်ခင်းလုံး နေပူနေသည်။ သည်ပုံအတိုင်းဆို ငါးရက်ခြောက်ရက်လောက်ရှိလျှင် အပြီးအစီးချောက်သွေ့သွားနိုင်သည်။
လေးရက်မြောက်နေ့၌ ကိုအုံးမောင် ဒေါ်စိန်ရီ့အိမ်ရှေ့က ဖြတ်သွားရာ ဒေါ်စိန်ရီက လှမ်းခေါ်၏။


“ မောင်အုံးမောင်၊ ငါ့အိမ်မှာ ရွာက မယဉ်လှတို့ရောက်နေတယ်ဟဲ့၊ သိန်းနွဲ့        ရွာပြန်ရောက်မလာဘူးတဲ့”


“ဒီဟာမ ဘယ်သဝေထိုးနေလဲမှမသိတာ”...

.“.ဟဲ့ သိန်းနွဲ့က အဲ့ဒီလို မသွားတတ်ပါဘူး”


ရွာက ဒေါ်ယဉ်လှဆိုသူထွက်လာကာ မသိန်းနွဲ့ရွာပြန်မလာကြောင်းပြောပြန်သည်။


“အရီးလှ ဘယ်နေ့ကထွက်လာတာလဲ .”

.“မနေ့ ကလေ”


“သိန်းနွဲ့ တစ်နေရာရာဝင်နေလို့ဖြစ်ပါလိမ့်မယ်အရီးရယ် ”. . . .


ကိုအုံးမောင်က အဆင်ပြေအောင်ပြောလိုက်သည်။ ကိုအုံးမောင်ဖက်မှာ မသိန်းနွဲ့အိမ်ကထွက်သွားကြောင်း အထောက်အထားအဖြစ် ဒေါ်စိန်ရီ့ကိုပြောထားတာရှိသည်။ ဒီအတိုင်းပဲ ဆက်လိမ်ရပေမည်။ သူလုပ်ထားပုံက ပိပိရိရိရှိ၍ ကိုအုံးမောင်သိပ်မပူပန်မိ။
ခုနစ်ရက်မြောက်နေ့မှာ အုတ်ကန်ရော ရေကပြင်ပါ လုံးဝချောက်သွားလေ၏။
ကိုအုံးမောင်ကတစ်ဖက်သို့လှည့်ထားသော ရေထွက်ပိုက်ပေါက်ကို၊ အုတ်ကန်အသစ်ဖက်သို့ ပြန်လှည့်လိုက်သည်။ စည်းပိုင်းပြတ်ကိုလည်း အိမ်နောက်ဖေးပို့လိုက်သည်။ သည်အတိုင်းကြည့်ရင် အုတ်ကန်နှင့် ရေကပြင်သည် သေသေသပ်သပ်နှင့် ထိုဟာအောက်၌ အလောင်းတစ်လောင်းရှိနေသည်ကို မည်သူကမ စဉ်းစားမိမည် မဟုတ်ပေ။


နောက်တစ်ပတ်အကြာ.. မသိန်းနွဲ့သေပြီး ဆယ့်သုံးရက်မြောက်တွင် ဒေါ်စိန်ရီ အိမ်ကိုရောက်လာ၏။ ကိုအုံးမောင်အလုပ်ဆင်းချိန် ညနေခင်းမှာ ရောက်လာခြင်းဖြစ်သည်။


“မောင်အုံးမောင်ရေ၊ ငါ့သားဖိုးသံလုံးမယဉ်လှတို့အပြန်ရွာလိုက်သွားတာဒီနေ့ပြန်ရောက်လာပြီ၊

သိန်းနွဲ့ရွာပြန်ရောက်မလာဘူးတဲ့ဟယ်၊ သူ့ မိဘတွေလဲ စိတ်ပူနေကြတယ်. ”. . .


ဒေါ်စိန်ရီက အိမ်ပေါ်ထိတက်လာကာ တစ်အိမ်လုံးကိုမျက်လုံးကစားအကဲခတ်ရင်းမှပြောသည်။


““ခင်ဗျားတူမ လင်ငယ်နဲ့ပြေးသလားမှမသိတာ””


“ဟယ်- မောင်အုံးမောင်ရယ်၊ ကြံကြီးစည်ရာ၊ သိန်းနွဲ့ကဒီလိုမိန်းမမျိုး မဟုတ်ပါဘူးဟဲ့”


“သိနိုင်ဘူးလေ၊မြို့ရောက်မှအမျိုးမျိုးအကျင့်ပျက်နေတာ၊

ကျုပ်လကုန်ကမှအပ်ထားတဲ့ငွေ ခုနစ်သောင်းလုံး ကုန်အောင်သုံးပစ်တယ်ဆိုတာသာ ကြည့်တော့၊ ဒီမိန်းမ မရိုးဘူး  ”. . .


““အုံးမောင်ရယ်.. နင်လဲ စုံစမ်းပါအုံးဟဲ့ .”” .

.
ဒေါ်စိန်ရီက အိမ်ပေါ်ကပြန်ဆင်းသွားရင်း ရေတုံကင်နှင့်အုတ်ကန်ကိုတွေ့သွားသည်။


“အမယ်.. တုံကင်က အုတ်ကန်တောင်လုပ်ပြီးနေပါကော”


“ဟုတ်တယ်၊ သိန်းနွဲ့မသွားခင်ကတည်းက လုပ်ပြီးနေတာ ””


မသိန်းနွဲ့သေပြီး ၂၅ရက်အကြာ။ ကိုအုံးမောင်အလုပ်မသွားခင် ရေချိုးဖို့ အိမ်အောက်ကိုဆင်းအလာ.. ရဲများ အိမ်ထဲဝင်လာသည်ကိုတွေ့လိုက်ရ၏။
ကိုအုံးမောင်က ရေချိုးဖို့ပြင်ဆင်နေသည်မို့ အင်္ကျီကိုယ်ချွတ်နှင့် ရေလဲပုဆိုးပိုင်းနှင့်ဖြစ်သည်။ ခြေထောက်မှာလည်း ရေချိုးရာတွင်စီးလေ့ရှိသည့် ခုံဖိနပ်ကို စီးထားသည်။


“ကျွန်တော်တို့နယ်မြေရဲစခန်းကပါ၊ ကိုအုံးမောင်ကို နည်းနည်းမေးမြန်းစရာရှိလို့ပါ .” .


ခေါင်းဆောင်လာသူ ဒုရဲအုပ်က ပြောသည်။


“ဪ- ဟုတ်ကဲ့၊ မေးပါခင်ဗျာ၊ ဘာကိစ္စပါလိမ့် .” . .


ကိုအုံးမောင်က ဣနြေ္ဒမပျက်ပေ၊ မင်သေသည်။


“ကိုအုံးမောင်ဇနီး ပျောက်ဆုံးနေတဲ့ကိစ္စ တိုင်ကြားချက်ရလို့ပါ”


ဒေါ်စိန်ရီ့လက်ချက်ပဲဖြစ်မယ်လို့ ကိုအုံးမောင်တွက်မိလိုက်သည်။  သူ ကျွန်တော်နဲ့ရန်ဖြစ်ပြီးဆင်းသွားတာဗျ၊ ကျွန်တော်အပ်ထားတဲ့ ပိုက်ဆံတွေအကုန်လုံး ချဲထိုးပစ်လို့ရန်ဖြစ်ရတာ၊ အဲဒါလည်း ခဏခဏပါပဲဗျာ၊ ဒီလိုပဲ ဆင်းသွားလိုက် ပြန်လာလိုက်နဲ့ ဒုရဲအုပ်က မသိန်းနွဲ့ အိမ်ပေါ်ကဆင်းသွားတဲ့ရက်ကို မေးသည်။ တခြားလိုအပ်တာတွေကိုပါ မေးမြန်းကာ မှတ်စုစာအုပ်တွင် မှတ်သားနေ၏။


“တာဝန်အရ ကျွန်တော်တို့ ကိုအုံးမောင်အိမ်ကို စစ်ဆေးပါရစေ”


“ရပါတယ်ဗျာ၊ စစ်ပါ၊ စစ်ပါ . .” .


ရဲများက အိမ်အနှံ့လိုက်ကြည့်ကြသည်။ အိမ်ပေါ်မှာလည်းအနှံ့။ မကျယ်ပြန့်လှသည့်အိမ်လေးကို အကြိုအကြားမကျန် လိုက်ရှာသည်။ ထုတ်တန်းပေါ်ပါ မကျန် လိုက်ကြည့်သည်။ လူတစ်ယောက်လုံးပျောက်တာ ဒါတွေလိုက်ကြည့်နေလို့ ဘာထူးမှာလဲ။ ကိုအုံးမောင်က စိတ်ထဲက လှောင်နေ၏။အိမ်ဝင်းထဲမှာလည်း အနှံ့လိုက်ကြည့်ကြ၏။ သစ်ပင်များအောက်နှင့်ခြုံပုတ်များပါမကျန် ဖြဲရှာကြသည်။ စည်ပိုင်းပြတ်ကိုပါမကျန် လှန်ရှာ၏။ မြေကြီးများကို ငုံ့ကြည့်ပြီးစူးစမ်းသည်။ ကိုအုံးမောင်က ရယ်ချင်နေသည်။ ရှာလေ.. ရှာချင်သလောက်ရှာကြစမ်းပါ။ တစ်ခုတော့ကောင်းသည်။ ‘ဒီလိုတရားဝင်ရှာပြီးတော့ ပြီးရောပေါ့။ ကိုယ့်အပေါ်သံသယကင်းရော။ နောင် အေးအေးဆေးဆေးနေလို့ရတော့မည်။
ရဲများက အိမ်တစ်ခုလုံးကို တစ်လက်မမကျန်ရှာပြီးသည့်အခါ ကျေနပ်သွားကြသည်။


“ကျေးဇူးတင်ပါတယ်ကိုအုံးမောင်၊ ကျွန်တော်တို့ပြန်ပါဦးမယ် . .” .


ဒုရဲအုပ်က နှုတ်ဆက်ကာ ပြန်ထွက်သွားသည်။ သူနှင့်ပါလာတဲ့ ရဲသုံးဦးလည်း နောက်မှလိုက်ပါသွားကြ၏။ ကိုအုံးမောင်က ရဲများ တပ်ခေါက်ပြန်သွားပုံကိုကြည့်ပြီး အူရွှင်လာသည်။ သူလုပ်ပုံ ပိရိသည်ကိုလည်း ဂုဏ်ယူမိကာ ထခုန်ချင်စိတ်ပင် ပေါက်လာ၏။ ရဲတွေ ကျေနပ်အောင်ရှာပြီးပြီဆိုတော့ ပြီးပြီပေါ့။ သူတို့ ကိုအုံးမောင်ကို သံသယဖြစ်စရာ ဘာတစ်ခုမှတွေ့ မသွား၊ ကိုအုံးမောင်ကမိမိအောင်မြင်မူကိုအောင်ပွဲခံချင်စိတ်ပေါက်လာသည်။ လူကလည်း အူမြူးနေသည်။သူသည် တခါးဝသို့ရောက်နေပြီဖြစ်သော ရဲများကိုကြည့်ကာ ပြုံးလိုက်သည်။ ပြီးတော့- ရေချိုးရန် ရေကပြင်ပေါ်တက်လိုက်သည်။ အူရွှင်နေသောစိတ်ဖြင့် စီးထားသောခုံဖိနပ်ကို ရေကပြင်ပေါ်တွင် သုံးလေးချက်ဆင့်ကာ ဆောင့်လိုက်၏။ ညာဖက်ခြေဖြင့် အားရပါးရဆောင့်ချလိုက်ခြင်း ဖြစ်သည်။ သူ့အသွင်က စစ်သူကြီးတစ်ပါး စစ်မြေပြင်တွင် အောင်ပွဲရလို့ အောင်ပွဲခံလိုက်သလိုမျိုး။


ထိုစဉ်မှာပဲ.. မမျှော်လင့်သောအဖြစ်က ပေါ်လာလေသည်။
ရုပ်ဝတ္ထုအကောင်အထည်မဟုတ်။ အသံဖြစ်သည်။ ထိုအသံကြောင့် ဝင်းဝရောက်နေသောရဲများက ပြန်လှည့်ကြည့်ကြသည်။ အိမ်ထဲသို့ ပြန်လှည့်လာကြသည်။
ကိုအုံးမောင်က ထိုအသံကိုရပ်ပစ်လိုက်ချင်သည်။ အသံက ရပ်မသွား။ သူရပ်နေရာ ရေကပြင်အောက်မှ အဆက်မပြတ်ထွက်ပေါ်လာနေခြင်းဖြစ်၏။


““ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . . ဟီဟီဟီ . . . . ””.


အသံသည် လှိုဏ်သံကြီးဖြင့်ဩဩကြီး ထွက်ပေါ်လာကာ အသည်းနှလုံးတုန်လှုပ်ဖွယ် မြည်ဟည်းနေလေသည်။


““ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . . ဟီဟီဟီ . . . . .””


ရယ်သံဩဩကြီးက ထွက်လာနေဆဲ။ သူမှားသွားပြီဆိုတာ ကိုအုံးမောင်နားလည်လိုက်သည်။ အသံသည် သူရပ်စေချင်သော်လည်း ရပ်မသွားပါ။


“ဘာလဲ၊ အဲဒါဘာသံလဲ”ဒုရဲအုပ်က မေးလိုက်သည်။


““မဟုတ်ဖူး၊ မဟုတ်ဖူး၊ အဲဒါမဟုတ်ဖူး ””. . .


ကိုအုံးမောင်က သွေးရူးသွေးတန်းငြင်းဆန်သည်။
ခင်ဗျားအဲဒီပေါ်က ခဏဆင်းပါကိုအုံးမောင်၊ ကျွန်တော်တို့ ခဏကြည့်ချင်တယ်
မဟုတ်ဖူးဗျ၊ အဲဒါဘာမှမဟုတ်ဖူး၊ ဘာမှမဟုတ်ဖူး . . ရယ်သံကထွက်လာပြန်သည်။


“ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . . ဟီဟီဟီ . . ”. .


ခင်ဗျားဖယ်ပါ . . .ဒါ-ဒါ  ဘာမှမဟုတ်ပါဘူးဗျာ၊ ကြည့်မနေကြပါနဲ့ ကိုအုံးမောင်စကားကပင် ဝန်ခံသလိုဖြစ်နေတာကို ရဲများက ရိပ်မိသည်။ ဒုရဲအုပ်က သူ့တပည့်များကို မျက်ရိပ်ပြလိုက်၏။
ရဲတစ်ယောက်က ကိုအုံးမောင်ကို လျင်မြန်စွာ လက်ထပ်ခတ်လိုက်လေသည်။ ရေကပြင်ပေါ်မှ ဆွဲချလိုက်သည်။ ရယ်သံက အဆက်မပြတ်ထွက်လာနေဆဲဖြစ်သည်။

“ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . . ဟီဟီဟီ .” . . . .


ဒါဘာလဲ၊ ဘာသံလဲ ရဲများအံ့အားသင့်နေကြသည်။ရေကပြင်ကိုရိုက်ခွဲစမ်းကွာ . .    ဒုရဲအုပ်က အမိန့်ပေးလိုက်သည်။

““မလုပ်နဲ့၊ မကြည့်နဲ့၊ မသိန်းနွဲ့အဲဒီအောက်မှာမရှိဘူး၊

‘ဒီမယ်၊ သိန်းနွဲ့ ထွက်သွားတာက ၁၁-ရက်နေ့ဗျ၊

‘ဒီအုတ်ကန်က ၈-ရက်နေ့ကတည်းက လုပ်ပြီးတာ၊

ကျုပ်ကဗ္ဗည်းထိုးထားတာ ခင်ဗျားတို့မြင်တယ်မှုတ်လား၊

အဲဒီအောက်မှာ သိန်းနွဲ့ မရှိဘူး၊ မကြည့်နဲ့ .”” . .


ဒါကခင်ဗျားအပြောလေ၊ ကဗ္ဗည်းက ခင်ဗျားဘယ်လိုထိုးထိုး ရတာပဲ . .
ရဲသားနှစ်ယောက်က အိမ်ပေါ်မှ သံတံရွင်း၊ ပေါက်တူးများကိုရှာတွေ့လာသည်။ ရေကပြင်ကိုရိုက်ခွဲကြသည်။ ရေကပြင်ကွဲအသွားတွင် မသိန်းနွဲ့အလောင်းကို ပုပ်ပွနေသည့်အနေအထားဖြင့် မြင်လိုက်ကြရ၏။


“ ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . . ဟီဟီဟီ . . ”. . .


မြေကြီးထဲက ရယ်မောသံကထွက်လာပြန်လေ၏။

“““““အား  .””””” . . .  . .


ကိုအုံးမောင် စူးစူးဝါးဝါးအော်လိုက်သည်။ရဲသားက အလောင်းဘေးမှ လက်ဆွဲအိတ်ကိုကောက်ယူလိုက်၏။ဒုရဲအုပ်လက်ထဲထည့်လိုက်သည်။ ဒုရဲအုပ်က လက်ဆွဲအိတ်ဇစ်ကိုဖွင့်ကာ အသံထွက်နေသည့်အရာကို ဆွဲထုတ်လိုက်သည်။


““ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . .ဟီဟီဟီ . . .”” . .


ဒုရဲအုပ်လက်ထဲတွင်ပါလာသည်အထိ အန်းကုန်းဘိုးဘိုးကြီးအရုပ်က အဆက်မပြတ်ရယ်မောနေဆဲပင်-


““ဟီဟီဟီ . . .ဟားဟားဟား . . .

ဟိုးဟိုးဟိုးဟိုး . . . ဟက်ဟက်ဟက် . . .

ခစ်ခစ်ခစ် . . . . ဟာဟာဟာဟာ . . . . ဟီဟီဟီ . . . ””. .




ဆောင်းလုလင်

0 comments: