ပွေ့ဖက်ခြင်း တေး


တောင်ဝှေးလို အရာမျိုးလေးနဲ့ တတောက်တောက် လျှောက်သွားနေတဲ့ အဘွားအိုကို မြင်တိုင်း အခမဲ့ ပွေ့ဖက်ပေးခြင်း (free hug) ဆိုတဲ့ ဝေါဟာရလေးဟာ ရင်ထဲမှာ ခေါက်တုံ့ခေါက်ပြန် ဖြတ်သန်းနေခဲ့။ အခမဲ့ ပွေ့ဖက်ပေးခြင်းတဲ့ …..။

ဒီစကားလုံးကို ၂၀၀၈ ခုနှစ်ကမှ စတင်သိကျွမ်းခဲ့ပေမယ့် သြစတေးလျ လူမျိုး ဝမ်န်မင်န်း (Juan Mann) က ၂၀၀၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တည်းက အခမဲ့အကြင်နာ ပေးနည်းကို စတင်ခဲ့တာရယ်။


ဒါပေမယ့် အခမဲ့ပွေ့ဖက်ပေးခြင်း ဆိုတာ ပျော်စရာနည်း တစ်ခုလိုသာ ကျွန်မ သတ်မှတ်ခဲ့မိတာ။ ကျင်လည်ရာ ဒီကျွန်းကလေးမှာလည်း အကြင်နာ မျှဝေသူတွေ ရှိကြောင်း သိပေမယ့် ထိတွေ့ခွင့် မရခဲ့တာမို့ အလှမ်း ဝေးနေဆဲပေမယ့် ခုတော့ ဒီစကားလုံးလေးဟာ အဘွားအို အရိပ်လေးနဲ့ အတူတူ ရင်ထဲ မကြာခဏ ဝင်လာခဲ့ပြီ။ ဘဝ နေဝင်ချိန်ကောင်းပုံရတဲ့ အဘွားက ဘာဖြစ်လို့ ကိုယ့်အိမ်မှာ အခန့်သား မနေတာလဲ။ အထီးကျန်လို့ များလား။ အတွေးတွေ ပလုံစီကာ မျက်ခြေမပြတ် စောင့်ကြည့်နေမိမြဲ။

ဒီကျွန်းလေးမှာ အားလပ်ရက်တွေဆို အဖော်မဲ့ သက်ကြီးရွယ်အိုတွေဆီ အိမ်တိုင်ယာရောက် သွားကာ စကားနားထောင်ပေးတဲ့ စေတနာကြီးသူများ ရှိတာတော့ ကြားဖူးရဲ့။ ဒါပေမယ့် အဘွားအိုကို ပန်းခြံလေးထဲမှာ ၊ခုံတန်းလျားမှာ ၊ ဈေးဆိုင်တန်းမှာ အချိန်တိုင်းတွေ့နေရ။ တစ်ဦးတည်း။ အဘွားနဲ့ စကားပြောချင်လည်း ဘာသာ စကားကွဲတော့ နှုတ်ဆိတ်နေရသလို အနီးရောက်တော့လည်း ဘာရယ်ကြောင့်မှန်းမသိ ပြုံးပြဖို့ တွန့်ဆုတ်နေမိပြန်။

ငါ့နှလုံးသားတွေ အေးခဲ မာကျောနေပြီထင်ရဲ့လို့ သုံးသပ်ချက် ချထားမိလည်း ယတိပြတ်တော့ လျစ်လျူ မရှုနိုင်သေးပါပဲ။ မမြင်ပြန်ရင်လည်း အဘွားကို မျက်စိတစ်ဆုံး လိုက်ရှာနေမိမြဲ။

တုန်ချိချိနဲ့ လျောက်သွားနေတဲ့ အဘွားအိုကိုမြင်တိုင်း “ အဘွား အထီးကျန်နေလို့လား... လျှောက်မသွားနဲ့လေ ...မမောဘူးလား...”လို့ ဂရုတစိုက် ဆိုကာ ပိန်ပါးကပ်နေတဲ့ ကိုယ်လေးကို ပွေ့ဖက်ကာ ခဏ ရပ်နားစေချင်မိပြန်။

စက္ကန့်နှစ်ဆယ်လောက်ဖက်ထားရင် ချည်နှောင်ဟော်မုန်းဆိုတဲ့ oxytocin ကို တိုးပွားစေပြီး နှလုံးရောဂါ ဖြစ်ပွားမှု၊ သွေးခုန်နှုန်းဖိအား၊ အမျိုးသမီးတွေအတွက် စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ cortisol ကို လျော့ကျစေတယ်လို့ ဆိုတာမို့ ဒီလို ခဏခဏ ဖက်ပွေ့ခံရရင် အဘွား ကျန်းမာ ပျော်ရွှင်လာမှာပဲလို့ ယုံမိလည်း ကျွန်မရဲ့ စိတ်ကူးတွေ ဆွံ့နေဆဲရယ်။

ပေါင်းသင်း ဆက်ဆံရေး ညံ့ဖျင်းသူ၊ ဖက်ပွေ့ခြင်းနဲ့ မရင်းနှီးတဲ့ မိသားစုက ရှင်သန်လာခဲ့သူမို့ စတင်ပြောင်းလဲချိန်ဟာ လိုအပ်သည်ထက် ကြာလွန်းခဲ့ပြီ။ ဒါပေမယ့် ကံထောက်မတဲ့ တနေ့အခိုက်တော့ ဓာတ်လှေကားအနားမှာ အဘွားနဲ့ ကျွန်မနှစ်ဦးတည်း ဆုံမိပေါ့။ မျက်နှာညှိုးညှိုးနဲ့ တရွေ့ရွေ့အနားရောက်လာတဲ့ အဘွားကို ဖေးမ တွဲခေါ်လိုက်ချင်လည်း အဘွားက ကြည်ဖြူပါ့မလား။ သင်္ကာကင်းနိုင်ပါ့မလား။ မိုးရေစိုစွတ်နေတဲ့ အဘွားရဲ့ အင်္ကျီဖျားလေးကို ကြည့်ရင်းမှာပင် ဘာရယ်မဆိုနိုင်ဘဲ ဝမ်းနည်းလာကာ အဘွားရဲ့ သေးသေးသွယ်သွယ်လက်ကလေးကို ဆုပ်ကိုင်လို့ အားပေးချင်ခဲ့။

ဒါပေမယ့် ဖြစ်ချင်မှုအထွေထွေဟာ အတွေးအာရုံမှာတင် အငွေ့ပျံသွားပြန်ကာ အဘွားကို ပြုံးပြနိုင်အောင်ပဲ ကြိုးစားတော့ အဘွားက ကြောင်အစွာသာ ပြန်ကြည့်နေခဲ့... အပြုံးတစ်ခုကို ချက်ချင်း ရောင်မပြန်နိုင်လောက်အောင် အေးစက်ခါးသီးခြင်းမှာ အဘွား ဘယ်လောက်ကြာကြာ နစ်နေခဲ့တာလဲ။ ကျွန်မ အံ့သြ ကြေကွဲနေမိရဲ့။

အဘွားကို ခဏလောက် ထွေးပွေ့ထားချင်တယ် ။ ခက်တာပဲနော်။ free hug ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကိုင်လို့ အဘွားတစ်ဦးတည်း မြင်အောင် ပြသချင်လည်း အဘွားက နားလည်မှာ မဟုတ်ဘူးရယ်။ အဘွားရဲ့ ဒဏ်ရာတွေကို ဖြေလျော့ပေးနိုင်မယ့် ခဏတာ ရင်ဖွင့်စရာ၊ နားလည် စာနာပေးနိုင်မယ့် ရင်ခွင်တစ်ခု ကျွန်မ မဖြစ်နိုင်တော့ဘူးလား။

ဖက်ပွေ့နေစဉ်ခဏမှာ အဘွားက ကျွန်မဖြစ်နိုင်သလို ကျွန်မကလည်း အဘွားဖြစ်သွားမယ်။ ဒီလို အတွေးတွေ ယောက်ယက်ခတ် နေစဉ်မှာ အံ့စရာကောင်းလောက်အောင် အဘွားက ကြည်ကြည်လင်လင် ပြန်ပြုံးခဲ့တာ။

ရင်ခွင်ထဲ နွေးထွေး ဆွတ်ပျံ့သွားတာ မယုံကြည်နိုင်လောက်အောင်။ ရယ်မောစကား စမယ်ကြံဆဲ ဓာတ်လှေကားတံခါး ပွင့်သွားကာ အဘွား ထွက်ခွာသွားခဲ့ နှုတ်ဆက်စကား မစနိုင်သေးခင်မှာတင် တံခါးပြန်ပိတ်သွား။ အဘွားရဲ့ ယိုင်နဲ့နဲ့ ခန္ဓာလေးဝေးသွားတာကို ကြည့်ရင်း နှောင့်နှေးတွေဝေမှုတွေနဲ့ ကျွန်မ ခပ်တောင့်တောင့် ရပ်နေခဲ့ပေါ့။

အချိန်အခါကို ဖန်တီးမယူဘဲ အသင့်စောင့်စားချင်တဲ့ မိုက်မဲမှုတွေနဲ့.... ရှိပါစေတော့ ....ရင်ဘတ် ပတ်ကြားအက်မှာ နောင်တ ခါးခါးနဲ့သာ အသားကျနေတာလည်း ကြာခဲ့ပါပြီလေ။ ဒီလိုနဲ့ပေါ့ … နွေးထွေးတဲ့ ရင်ခွင် နှစ်သိမ့်ကြင်နာတဲ့ ထွေးပွေ့မှုတွေ ဆီက ကျွန်မတို့ ဝေးနေကြဆဲရယ်။ …။

မယ်ကိုး

0 comments: