ကမ္ဘာမြေ ငြိမ်းချမ်းပါစေ

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
သြဂက်(စ်)လ ဟာ ဒီမြေကို အပြောင်းအလဲတွေ ဝမ်းနည်းခြင်း နိမိတ်ပုံတွေကို ဖော်ဆောင်တဲ့လလို့ ပြောရင် မှားမယ် မထင်ဘူး။

၈ ဂဏန်းကြီးစိုးတဲ့ သြဂက်စ်လမှာ ဂျပန်နိုင်ငံမှာ ဒီလရောက်ပြီဆို ဂျပန်ပြည်သူ၊ ပြည်သားတွေ အတွက် ဘယ်တော့မှ မေ့လို့မရနိုင် ဖျောက်ဖျက်လို့ မရနိုင်ခဲ့တဲ့ အတိတ်ကြမ္မာ ဆိုးကြီးတခုက အရိပ်လို ကပ်လိုက်ခြင်း ခံနေရတယ်လို့ ဂျပန်တွေ ယုံကြည်နေကြတုန်းပဲဖြစ်ပါသည်။


ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးနဲ့ အရက်စက်ဆုံး အဏုမြူဗုံး ပေါက်ကွဲမူဒဏ်ကို ခံခဲ့ရလို့ ဟီရိုရှိမားမြို့နဲ့ နဂစကီ မြို့နှစ်မြို့ပြာပုံဘဝ ရောက်ခဲ့ရတဲ့ သမိုင်းဝင်လဖြစ်နေသလို၊ ရက်စက်မှု ကမ်းကုန်ပြီး စစ်သွေးကြွနေတဲ့ ဂျပန် ဖက်ဆစ်စနစ်ကို အမြစ်ဖြတ် ချေမှုန်းခံခဲ့ရတဲ့ အချိန်အခါ ဖြစ်နေလို့ပါဘဲ။
PHoto : AP
Enola Gayလေယဉ်မှူး Paul Tibbetsနှင့် Boat's carလေယာဉ်မှူး Charles Donald Albury

၁၉၄၅ခုနှစ် သြဂတ်စ်လ (၆)ရက် ဖက်ဆစ်ဝင်ရိုးတန်း မဟာမိတ်နိုင်ငံတွေ လက်နက်ချ အညံ့ခံပြီးသော်လည်း အမျိုးသားရေး စိတ်ဓာတ် မာန်တက်ကြွကာ စစ်သွေးကြွနေတဲ့ နေမင်းသူရိယ အမျိုးအနွယ်ရယ်လို့ ဂုဏ်ယူဝံ့ကြွားပြီး စစ်အဆိပ် မာန်တက်နေတဲ့ ဂျပန်နိုင်ငံဆီကို အမေရိကန် လေယာဉ်မှူး ပေါလ်တိဘက် Paul Tibbets မောင်းနှင်လာတဲ့ ဘီ၂၉ အမျိုးအစား တိုက်လေယာဉ် အန်နိုလာဂေးလ် (Enola Gay) အမည်ရ လေယာဉ်ဟာ ဦးတည် မောင်းနှင်လာနေတယ်။ အထူးတာဝန် ပေးချက်အရ သူလေယာဉ်နဲ့အတူ သယ်ဆောင်လာတာ ကတော့ ပေါက်ကွဲအား ပြင်းထန်ပြီး ဘီလူးတစ်ကောင်ကဲ့သို့ ကြမ်းကျုပ် ရက်စက်မှုတွေနဲ့ မြို့ကိုဝါးမြိုမယ့် လစ်တဲလ်ဘွိုင်း Little Boy အမည်ရတဲ့ အဏုမြူဗုံး တလုံးပါ။

သြဂတ်စ်လ (၆)ရက် နံနက် ၈ နာရီ ၁၅ မိနစ် အချိန်မှာ ဟီရိုရှိမားမြို့ အပေါ်ကို တီအင်တီ ယမ်းအား တန်ခြေ ၂၀၀၀၀ ရှိတဲ့ ဗုံးကိုကြဲချလိုက်သည်။ ပစ်လွှတ်ချလိုက်တဲ့ ဗုံးဟာ အမြင့်ပေ ၆၀၂ ပေ အမြင့်မှာတင် ပေါက်ကွဲသွားခဲ့ပြီး အရှိန်အဟုန်ပြင်းထန်စွာနဲ့ မြို့တစ်မြို့လုံးကို စက္ကန့်၊ မိနစ်ပိုင်း အတွင်းမှာကို ဝါးမြို ဖျက်ဆီး ပစ်လိုက်တော့သည်။
မှိုပွင့်သဏ္ဍာန် မီးခုံးလုံးကြီး တက်လာပြီးတဲ့နောက် ကောင်းကင်တစ်ခုလုံး မဲမှောင်ကျသွား တော့သည်။ ဗုံးဒဏ်ကြောင့် တိမ်တွေပြိုကွဲပြီး ရွာသွန်းလာတဲ့ မိုးရေစက်တွေတောင် မိုးမည်းတွေ ဖြစ်သွားတဲ့အထိ အဆောက်အဦးတွေပြာပုံဘဝ ရောက်သွားခဲ့သလို ဂျပန်ပြည်သူ တစ်သိန်း လေးသောင်းကျော် (၁၄၀၀၀) သေဆုံးသွားခဲ့ ရသလို အဏုမြူဗုံး ဒဏ်ကြောင့် မသေမရှင်ဖြစ်နေသူတွေ၊ အဏုမြု ဓါတ်ရောင်ခြည် သင့်ပြီး ဝေဒနာတွေ ခံစားနေရ သူတွေရဲ့ ငိုညည်းသံတွေ သွေးပျက်နေတဲ့ မြို့ရဲ့ အနိဋ္ဌာန်ရုံတွေက ကြောက်မက်ဖွယ်ရာ အတိနဲ့ ပြည့်နှက်နေခဲ့ပြန်သည်။

ဒဏ်ရာအနာတရဖြစ်နေသူတွေ အတွက် ဆေးကုသပေးဖို့ အရေးပေါ် အခြေအနေ ဖြစ်နေချိန်မျိုးမှာ အဲဒီမြို့မှာ တာဝန် ထမ်းဆောင်နေတဲ့ ဆရာဝန် ၉၀ရာခိုင်းနှုန်းနဲ့ သူနာပြု ၉၃ ရာခိုင်နှုန်းလောက်ဟာ ဗုံးဒဏ်ကြောင့် သေကြေ ပျက်စီးခဲ့ရတာမို့ ပြိုပျက်နေတဲ့ ဆေးရုံအဆောက်အဦး တွေဟာ သုသာန် တစပြင်လို့ ဖြစ်နေခဲ့ရသည်။

အဲဒီနှစ် အတွင်းမှာဘဲ ဒဏ်ရာကြောင့် သေဆုံး သွားသူတွေပါ ရေတွက်လိုက်ရင် ဂျပန်ပြည်သူ ၂၀၀၀၀၀ (နှစ်သိန်းကျော်) သေဆုံးသွားခဲ့ရပါသည်။ ဗုံးဒဏ်ကြောင့် ပြိုပျက်နေတဲ့ နဂစကီက ဘုရားကျောင်း နောက် သုံးရက်အကြာမှာ လက်နက်ချ အညံ့ခံဖို့ ဝန်လေး ခေါင်းမာနေနေတဲ့ ဂျပန်အတွက် ဘီ ၂၉  အကြီးစား ဗုံးတင်လေယဉ် (Boat's car)ကို တွဲဘက် လေယာဉ်မှူးဖြစ်တဲ့ Charles Donald Albury ကို အထူးတာဝန် ပေးလို့ လွန်ခဲ့တဲ့ သုံးရက်ကြာ ကမှ ဟီရိုရှိမားကို ဗုံးကြဲချခဲ့တဲ့ Paul က လိုအပ်တာတွေ ကူညီ လမ်းညွန်ပေးခဲ့သည်။

၁၉၄၅ခုနှစ်၊ သြဂတ်စ်လ၊ ၉ရက်နေ့ မှာ ဂျပန်ရဲ့ ဒုတိယအကြီးဆုံး ကျွန်းစုထဲက မြောက်ဘက် ကျုးရှုးကျွန်း ဘက်မှာ ရှိတဲ့ ခိုခုရ (Kokuya) မြို့ဆီကို ဦးတည်ပျံသန်းခဲ့ပြီး Fat man အမည်ရတဲ့ အဏုမြုဗုံးကို ကျဲဖို့ ဝေဟင်ကနေ ပျံသန်း လာခဲ့ပေမယ့် ဗုံးကြဲတာကို ဗွီဒီယို မှတ်တမ်းတင်ဖို့ တိမ်ထူထပ်နေတာမို့ မကြဲဖြစ်ဘဲ ဦးတည်ရာ ရွေ့ပြောင်းလို့ နဂစကီမြို့ ဆီကို ပျံသန်းလို့နေသည်။ အဲဒီနေရာဒေသမှာ တိမ်ကင်းစင်နေပြီး ရာသီဥတု အခြေအနေ ကောင်းတာကြောင့် အဏုမြူဗုံးးကို နံနက် ၁၁နာရီ၂မိနစ်အချိန် ကြဲချခဲ့ရာမှာ ဗုံးဒဏ်ကြောင့် ချက်ခြင်း သေဆုံးသွားခဲ့သူ လေးသောင်းခန့် (၄,၀၀၀၀) ရှိခဲ့သလို၊ ဗုံးဒဏ်ကြောင့် ဝေဒနာ ခံစားရပြီးမှ သေဆုံးခဲ့ရသူ သုံးသောင်း၊ ငါးထောင်(၃,၅၀၀၀) ခန့်ရှိပြီး စုစုပေါင်း ရှစ်သောင်း(၈,၀၀၀၀)ခန့် သေကျေ ပျက်စီးခဲ့ကြရ ပြန်သည်။

အဏုမြူ ရောင်ခြည်သင့်ပြီး မီးလောင်ခံရကာ မသေမရှင် ဖြစ်နေသူတွေ၊ ခန္ဓာကိုယ်အတွင်း ပိုင်းအထိ ဓါတ်ရောင်ခြည် လှိုက်လောင်စားပြီး ကင်ဆာရောဂါဖြစ်သူတွေ၊ မျက်စိ ကွယ်သွားသူတွေ၊ မသန်မစွမ်း ဖြစ်သွားသူတွေ၊ ကိုယ်အရေပြား မကောင်းတဲ့ ရောဂါသည်တွေ အမြောက်အများ ပေါ်ထွက်လာခဲ့ပြီး ယနေ့အချိန် အထိ အဏုမြူ ဓါတ်သင့်လို့ မျိုးဆက်အလိုက် ခံစားနေရတဲ့ ဝေဒနာသည်တွေ အများအပြား ရှိနေသေးတာကို စိတ်မကောင်းစွာ တွေ့မြင်နေရမှာ ဖြစ်သလို အဲဒီ ဝေဒနာရှင်တွေကို ဟိဘကုရှ (hibakusha) လို့ ခေါ်ပြီး ဂျပန်နိုင်ငံ မြို့သစ်ပြန်လည် တည်ဆောက်တဲ့ အခါမှာ ဒီဝေဒနာရှင်တွေ အတွက် အဓိက ထည့်စဉ်းစားခဲ့တာမို့ ယနေ့ ဂျပန်နိုင်ငံရဲ့ ရထားဘူတာရုံတွေ၊ ကားဂိတ်တွေ၊ လူကူး မျဉ်းကျားတွေမှာ မျက်မမြင်တွေနဲ့ ဒုက္ခသည်တွေ အတွက် ထားပေးထားတဲ့ သင်္ကေတ လှမ်းလျှောက် အဝါရောင်တုံးလေးတွေ၊ မီးပွိုင့် ခလုပ်လေးတွေ၊ စက်လှေကား တွေနဲ့ အများသုံးအိမ်သာတွေမှာ ဒုက္ခိတတွေအတွက် သီးသန့် နေရာတွေထားရှိပေးထားတာကို ဂျပန်နိုင်ငံ တနိုင်ငံလုံးမှာ နေရာ အနှံအပြားမှာ သတိထားကြည့်ရင် တွေ့မြင်ကြရမှာပါ။
အဏုမြုဗုံးဒဏ်ကြောင့် သူတို့ အနာဂတ်တွေ ပျောက်ကွယ်ခဲ့ရတဲ့ ဒုက္ခသည်တွေ

စစ်သွေး စစ်မာန်တက်နေတဲ့ ဂျပန် ဖက်ဆစ်တွေဟာ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ၁၉၄၁ခုနှစ် ဒီဇင်ဘာလ၊ ၇ ရက်နေ့ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ အမေရိကန် ရေတပ်အခြေစိုက် စခန်းတစ်ခုဖြစ်တဲ့ ပုလဲဆိပ်ကမ်းကို ဂျပန်ဇီးရိုး တိုက်လေယာဉ်တွေက ဘုရားသခင်ရဲ့လေ (ခမိခဇေး) အမည်နဲ့ စတင် တိုက်ခိုက်ရာမှာ ပုလဲဆိပ်ကမ်း တခုလုံး ပျက်စီးသွားခဲ့ ရသလို လူ နှစ်ထောင်လေးရာနှစ်ဦး (၂၄၀၂)ဦး သေဆုံးပြီး၊ တစ်ထောင်နှစ်ရာ ရှစ်ဆယ့်နှစ်ဦး(၁၂၈၂) ဒဏ်ရာရရှိခဲ့ကြသည်။

ရန်စမိတဲ့ ဂျပန်ဖက်ဆစ်ကို ၁၉၄၂ခုနှစ်၊ ဧပြီလ၊ ၁၈ရက်မှာ အမေရိကန်က ပြန်လည် လက်တုံ့ပြန်ခဲ့ရာမှာ ဂျပန်နိုင်ငံရဲ့ နေရာ အနှံ့အပြားဟာ စစ်တလင်းပြင် ဖြစ်ခဲ့ရပြီး ဘုရင်နန်းစိုက်ရာ တိုကျိုကို မြို့ဖျက် ဗုံးဖြင့် တိုက်ခိုက်ရာမှာဘဲ ကိုးသောင်းခုနှစ်ထောင် (၉,၇၀၀၀)သော ဂျပန်ပြည်သူတွေ သေကြေ ပျက်စီးခဲ့ရပြီး တစ်သိန်း နှစ်သောင်းငါးထောင် (၁၂၅,၀၀၀)ကျော် ဒဏ်ရာရရှိခဲ့ပြီး အိမ်ခြေ၊ အဆောက်အဦး နှစ်သိန်းရှစ်သောင်း ခြောက်ထောင်သုံးရာ ငါးဆယ်ရှစ် (၂၈၆,၃၅၈) ပျက်ဆီးခဲ့ရသည်။ သန်းပေါင်း များစွာသော ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြရသည်။

စစ်သွေး စစ်မာန်ကြွနေတဲ့ ဂျပန် ဖက်ဆစ်စနစ်တွေက လက်နက်ချ အညံ့မခံခဲ့လို့ နောက်ဆုံးမှာ ဟီရိုရှိမားနဲ့ နဂစကီမြို့ နှစ်မြို့စလုံး ပြာပုံဘဝ ရောက်ခဲ့ရပြီး ဂျပန်ဘုရင် ဟိရိုဟိတို (Hirohito) က ၁၉၄၅ခုနှစ် သြဂက်စ်လ ၁၅ ရက်နေ့မှာ တရားဝင် လက်နက်ချ အညံ့ခဲ့ပြီး ဖက်ဆစ်စနစ်ဆိုး ဤဂျပန့်မြေမှာ အမြစ်ပြတ် သေဆုံးခဲ့ရသည်။

၁၉၃၉ခုနှစ်၊ စက်တင်ဘာလမှ စတင်ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ဟာ ၁၉၄၅ ခုနှစ် စက်တင်ဘာလမှာ အဆုံးသတ်ခဲ့ပြီး၊ခြောက်နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ကြောင့် နိုင်ငံ အနှံအပြားမှာ ရှိတဲ့ ပြည်သူတွေ သေကြေ ပျက်စီးခဲ့ရသည်။ မိကွဲ ဖကွဲ ဘဝတွေနဲ့ အိုးမဲ့အိမ်မဲ့ ဘဝတွေ ၊ အဖြစ်ဆိုး စနစ်ဆိုးတွေရဲ့ လက်အောက်မှာ ဒုက္ခသည် ပင်လယ်ဝေလို့ အရင်းစစ်တော့လည်း ကောင်းကျိုး မရှိတာတွေကို လက်တွေ့ သင်ခန်းစာတွေ အဖြစ် သမိုင်းကပြောနေတာကို ကြည့်ခြင်းအားဖြင့် သိမြင်ကြရမှာမို့ ယနေ့ခေတ် ယဉ်ကျေးတဲ့ လူ့ဝန်းကျင်မှာ စစ်လိုလားသူတွေ စစ်သွေးကြွ နေသူတွေအတွက် အမိုက်မှောင်တွေ ကင်းစင်လို့ အမြင်တွေမှာ အလင်းရရှိ ကြစေချင်သည်။
ဂျပန်ဘုရင် ဟိရိုဟိတို

ဒုတိယ ကမ္ဘာစစ်အပြီး ပြာပုံဘဝ ရောက်ခဲ့တဲ ဂျပန်ဟာ ယနေ့ တိုးတက်ထွန်းကား လာတာနဲ့အမျှ အတိတ်က အမှားတွေကို နောင်တရလို့ နောက် တကြိမ်မမှားဖို့ ဟီရိုရှိမားနဲ့ နဂစကီက သက်သေပြနေတာမို့ ဂျပန် လူမျိုးတွေဟာ စစ်ကို တော်တော်ရွံ့မုန်း ကြောက်ရွံ့သွားခဲ့ ကြသလို စစ်နဲ့ပတ်သက်လို့ မေးမိရင်လည်း ယနေ့ခေတ် လူငယ်တွေက ခါးခါးသီးသီး ဖြစ်နေကြတာဟာ စစ်ရဲ့ဆိုးကျိုးကို ခံစားသိမြင်ခဲ့ ကြတာမို့လို့ ဘဲပြောရမှာ ဖြစ်ပါသည်။
"ငါတို့ အဘွားတွေ၊ အဘိုးတွေ လက်ထက်က ယောကျာင်္းမှန်ရင် စစ်ထဲဝင်ရတယ်၊ ပြည်ပ ထွက်တိုက်ကြရတယ်၊
ကျန်ခဲ့တဲ့ ဇနီးမယားတွေက လက်နက်ထုတ်ရာတွေမှာ ပါဝင် လုပ်ကိုင်ပေးရတယ်၊
သားသမီးတွေက ပညာမသင် နိုင်ခဲ့ကြဘူး၊
နောက်ဆုံး မိကွဲဖကွဲတွေ ဘဝနဲ့ သေကွဲ၊ ရှင်ကွဲကွဲခဲ့ရတယ်၊
စစ်ဆိုတာ ဘယ်မှာလည်း ကောင်းတာ?
အရင်က ဂျပန်ဟာ မှားခဲ့တယ်၊ အဲဒီအမှားမျိုးတွေ နောက်တကြိမ် မမှားမိစေဖို့ ငါတို့ ကျိုးစားရမယ်၊
ငါတို့ အေးချမ်းမူနဲ့ နိုင်ငံတိုးတက်ရေးကိုဘဲ စိတ်ဝင်စားတယ်”
လို့ မိတ်ဆွေဖြစ်သူ ဂျပန်တစ်ယောက်က စကားစပ်မိလို့ ပြောပြခဲ့ဖူးတယ်။
၃နှစ်သားကလေးငယ်လေးကပျော်ရွှင်စွာ စက်ဘီးစီးဆော့လို့ အဏုမြုဗုံးပေါက်ကွဲခံရအပြီးမှတော့ ကလေးငယ်လေးမရှိတော့ဘူး သူ့စက်ဘီးကလေးသာ(အဏုမြုဗုံးပြတိုက်တွင်ပြသထား)

၂၀၁၂ ခုနှစ်၊ သြဂက်(စ်)လ၊ ဆိုရင် ဟီရိုရှိမား နဲ့ နဂစကီမြို့ အဏုမြုဗုံး ပေါက်ကွဲခံရတာ ၆၇နှစ် တင်းတင်း ပြည့်ခဲ့ပြီဖြစ်ပါတယ်၊ သြဂက်(စ်)လ ၆ရက်နေ့မှာ ဟီရိုရှိမား နဲ့ နဂစကီမြို့ အဏုမြုဗုံး ပေါက်ကွဲခံရတာ ၆၇ နှစ်ပြည့် အထိမ်းအမှတ် ပွဲတော်ကို ဟီရိုရှိမား ငြိမ်းချမ်းရေး အမှတ်တရပန်းခြံ လို့ခေါ်တဲ့ (heiwa kinen kōen) မှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပကြအုံးမှာဖြစ်ပါသည်။

နှစ်စဉ် အစဉ်အလာဖြစ်တဲ့ စစ်နဲ့ နျူကလီးယား (အဏုမြု) ဆန့်ကျင်ရေး လှုပ်ရှားမူတွေကို လုပ်ဆောင်ပြီး အဏုမြုဗုံး ဒဏ်ကြောင့် သေဆုံးသွားသူတွေ အတွက် ဆုတောင်း ဝတ်ပြုမူတွေကိုလုပ်ဆောင်ရင်း ညနေဖက်မှာတော့ ဟီရိုရှိမားမြစ် အတွင်း စက္ကူ မီးပုံးလေးတွေကို မျှောလွှတ်ရင်း သေဆုံးသွားတဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းအေးစေဖို့ ဆုတောင်းမူတွေ လုပ်ဆောင်ကြမှာဖြစ်ပါတယ်။ ပန်းခြံအတွင်းက အဏုမြုဗုံး ပြတိုက်အတွင်းမှာတော့ အဏုမြုဗုံး ကျဲချခံရစဉ်က ပုံတွေ ဗုံးကျဲခံရပြီး ကျန်ရစ်ခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ မြင်တွေ့ရမှာဖြစ်သလို ဆက်မကြည့်ဝံ့ ရဲတော့ လောက်အောင်ကို ရင်ထဲမှာ ဆို့နင့်နေတဲ့ ခံစားမူတွေကို ပြတိုက်လာသူတိုင်း ခံစားကြရမှာပါ ။
စာရေးသူ လွန်ခဲ့တဲ့ နှစ်တွေက ရောက်ရှိခဲ့စဉ်ကပြတိုက်အတွင်း တွေ့ဆုံခဲ့ရတဲ့ အသက်၈၀ကျော် အဘိုးအိုရဲ့ ပုံရိပ်ကို ပြန်မြင်ယောင်ရင်း သူပြောခဲ့တဲ့ စကားတွေကို အမှတ်ရနေမိတယ်။ စစ်အတွင်းက ဂျပန်စစ်တပ်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အဖိုးအို က

“ဟီရိုရှိးမား ကို အဏုမြုဗုံး ကြဲချလိုက်တဲ့ အချိန်မှာ အဲဒီမြို့အနီးမှာ ငါတို့ စစ်သင်တန်း တက်နေတဲ့အချိန်ပေါ့.....၊
ကောင်းကင်က မီးခိုးလုံးကြီးတွေ လိပ်တက် လာနေတာ မြင်နေရတယ်၊
အားလုံး သေကြေ ပျက်စီးခဲ့ရတယ် သုံးရက်လောက် မျက်စီက ဘာမှမမြင်ရဘူး၊
အကန်းလိုဘဲ ဖြစ်ခဲ့ရတယ်၊
ငါ့ အမျိုးသမီးနဲ့ ၅နှစ်အရွယ် လူမမယ်သမီးလေးတို့ စစ်အတွင်းမှာ သေဆုံးခဲ့ရတယ်၊
စစ်ဆိုတာကို မုန်းသွားတယ်။
ဒါကြောင့် စစ်ပြီးတော့ လယ်ယာဘဲ လုပ်စားပြီး ဘဝကိုအေးချမ်းစွာ တည်ဆောက်ချင်ခဲ့မိတယ်၊"
အဘိုးအိုရဲ့ မျက်ဝန်းတွေက ဟိုး အဝေးဆီကို မျော်ငေးကြည့်ရင်း မျက်ဝန်းအိမ်က မျက်ရည်စတွေနဲ့ စိုစွတ်နေတော့သည်။
Photo : Flickr
အဏုမြုဗုံးဒဏ်ကြောင့် သေဆုံးသွားသူတွေအတွက် ဆုတောင်းပွဲနှစ်ပတ်လည် အခမ်းအနား(heiwa kinenပန်းခြံ အဲဒီပန်းခြံအတွင်းမှာ သေဆုံးသူတွေရဲ့ အရိုးတွေက ယနေ့အထိ မြောက်များစွာရှိနေသေးတယ်။

ယနေ့ ဂျပန်ဟာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား လက်နက်နဲ့ ခြိမ်းခြောက်နေရတာကို ခံနေရတာနဲ့ ပတ်သက်လို့ ဂျပန်ဟာ စိုးရိမ်ထိတ်လန့်မှု ကြီးနေတာတွေဟာ တခါသေဖူး ပျဉ်းဖိုး နားလည်ဆိုသလို စစ်ကို မလိုလားဘဲ နိုင်ငံ တိုးတက်ရေးကိုဘဲ လုပ်ဆောင်ချင်တာ အားလုံးရဲ့ ဆန္ဒဖြစ်နေတာမို့ နျူကလီးယား လက်နက် ပိုင်ဆိုင်နေကြတဲ့ နိုင်ငံတွေ နျူကလီးယား လက်နက်ကို ထုတ်လုပ်ဖို့ ကြိုးစားနေတဲ့ နိုင်ငံတွေရဲ့ လုပ်ဆောင်နေမူတွေဟာ မိမိအတ္တ အကျိုးတွေအတွက်ပြည်သူတွေရဲ့ အသက်စည်းစိမ်ဥစ္စာ မြောက်များစွာ ဆုံးရှုံးရမယ့်အရေး မျှော်ကိုးလို့သာ တွေးတော ကြစေချင်သလို သာယာလှပ ငြိမ်းချမ်းစိမ်းလန်းနေတဲ့ ကမ္ဘာမြေ ငြိမ်းချမ်းရေး အတွက် နျူကလီးယားနဲ့ အဏုမြူလက်နက်ထုတ်လုပ်နေကြတာကို ဒီကမ္ဘာမြေက ပပျောက်စေဖို့ ကမ္ဘာမြေပေါ်မှာ နေထိုင်နေကြတဲ့ လူအယောက်စီတိုင်းက ဆန့်ကျင် ကန့်ကွက်ကြပါလို့သာ တိုက်တွန်း လိုက်ပါရစေ။               ။

ကမ္ဘာမြေ ငြိမ်းချမ်းပါစေ
ကမာနီလာ
ယခု ဆောင်းပါးဟာ ၂၀၀၉ခုနှစ်သြဂတ်စ်လ၊ ၆ရက်နေ့ထုတ် အထူးထုတ် Popular NEWS ဂျာနယ်No 27 Vol 1 မှာ ကလောင်အမည် ကိုနိုင်  " ကမ္ဘာမြေငြိမ်းချမ်းပါစေ" ဆောင်းပါးခေါင်းစဉ်ဖြင့် ဖော်ပြပြီးဖြစ်ပါသည်။
ဝန်ခံချက်။ ၊
ဓာတ်ပုံတချို့ဟာ အင်တာနက်က ရယူထားတာဖြစ်ပါတယ်။

ကိုးကား။ ။ ja.wikipedia.org , BBC NEWS, NHK JapanNEWESနှင့် "ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန် " ,စာအုပ်မျာ့းမှ ထုတ်နှုတ်ကိုးကားသည်။

0 comments: