ခြင်္သေ့ကျွန်းသူ

(၁)

လွန်ခဲ့သောတနှစ်က ချစ်သောမြို့ကလေးဆီ ရင်ငွေ့လှူံရန် သူမ ပြန်ခဲ့သည်။ မြေနီလမ်းကလေးပေါ် ရည်ရွယ်ချက်မဲ့ ခြေဦးတည့်ရာသွားနေရင်းက မြို့ကလေး၏ အတန်အသင့် ပြောင်းလဲနေသော လူနေမှု အငွေ့အသက်တို့ကို လိုလိုချင်ချင် ရှိုက်မောနေဖြစ်ခဲ့သေးသည်။ လေပြေညှင်းတို့ ဝေ့ဝေ့၀ဲဝဲ လွှမ်းခြုံ ထားခြင်းခံရသော မြို့ကလေး၏ညနေခင်းသည်ပင် တလွှားလွှား တလွင့်လွင့် ရှိနေသယောင်။
“ခြင်္သေ့ကျွန်းသူကြီး အလည်ပြန်လာတာလား” ခပ်ထေ့ထေ့ ကိုစည့်အသံ။ ခပ်လှောင်လှောင် ကိုစည့်မျက်ဝန်းထဲက အရောင်တွေ။ နာကျင်မှူတို့နှင့် ချိန်စက်လျှက် သူမ ဘယ်လိုနှလုံးသားမျိုးနှင့်မှ မမေ့ခဲ့နိုင်ပါ။ “ကလေးတွေရော နေကောင်းတယ်နော်၊ စည်သူ့ အမျိုးသမီးရော ကျန်းမာတယ် မဟုတ်လား” ဒါ သူမဘက်က အကောင်းဆုံး အားထုတ်မှူပါပဲ။ တစ်စက်ကလေးမှ မျက်စေ့မျက်နှာ မပျက် ပြုံးယောင် ယောင် ဖြစ်နေခဲ့သေးသည်တောင် ထင်မိပါရဲ့…။ ခပ်သွယ်သွယ်ကိုစည့်မျက်နှာက ပိုလို့ပင် ပါးလျစွာ၊ ရှည်သော ကိုစည့်အရပ်ကို ရှိရင်းစွဲထက် မြင့်မားစေတာကြောင့် သူမကိုယ်တိုင် မြေကြီးနှင့်ကပ်လျက် ရပ်နေသလို ခံစားခဲ့ရလေသည်။
အို…ကိုစည့်အနားမှာရှိချိန်တိုင်း သူမ သေးငယ်သိမ်ဝပ်စွာ ခံစားရမြဲ ပါလေ။ မေးလိုက်စမ်းပါစေ စိတ်ကတောင်းဆိုခဲ့လျှက် သူမဖြေဆိုချင်သော မေးခွန်းတစ်ခုကိုမူ ကိုစည် မမေးခဲ့ပါ။ ကျောခိုင်းလှည့်ထွက်ချိန်ကျမှ ကိုစည့်မျက်နှာကို ရှေ့တည့်တည့်ထားကာ စိတ်ထဲက အားပါးတရ ရေရွတ် မိသည်။ “အင်း ကျွန်မ ငြိမ်းသုခင် ခုထိ တစ်ယောက်ထဲပါပဲတဲ့ ရှင်” ကိုစည် ကြားနိုင်မည်မဟုတ်သော် လည်း သူမကတော့ ခုလို စိတ်ထဲကပြောခွင့်ရတာကိုပင် နှစ်လိုအားရ ရှိလှစွာ။ သူမတို့က စကားလုံးမဲ့ ကြားသိနိုင်ကြသူတွေ။ တစ်ချိန်တုန်းက ဆိုပါတော့လေ။ တစ်ချိန်တုန်းဆီကပေါ့…၊ ကိုယ့်မြေ ကိုယ့်ရေကို ရေကြည်မြက်နုအောင် လုံ့လမပြုဘဲ ရေကြည်မြက်နု ပြီးသားမြေ အသင့်ရှိရာကို ထွက်သွားကြသူတွေ၊ တတ်ထားတဲ့ပညာတွေနဲ့ တိုင်းတစ်ပါးကို အလုပ်အကျွေး ပြုသူတွေရယ်လို့ ညံနေတဲ့အသံတွေရဲ့ အထဲမှာမှ ကိုစည့်အသံက လိုအပ်တာထက် ပိုမိုကျယ်လောင် လွန်းခဲ့တာ။ ချစ်သောသူထံမှ အသံ၏အလျှင်သည် သူမရင်ခွင်တစ်ခုလုံးကို ကြေမွပြာကျစေတတ်ကြောင်း သိရှိခွင့်ရခဲ့သော အချိန်ပါပေ။ လူတွေရဲ့လုပ်အားတန်ဘိုးတွေပဲ လျော့ကျလာသည်လား၊
အဖေတို့ အမေတို့ခေတ်တုန်းက အဖေ့လုပ်စာ နှင့် တစ်မိသားစုလုံး မှီခိုစားသောက်နိုင်ခဲ့ရာက ခုတော့ ဘွဲ့ရပညာတတ် သူမရှာစာက ကိုယ့်တစ်ဝမ်းတစ်ခါး စာတောင် မလောက်ငှချင်။ အဖေ အလုပ်အနားယူသွားချိန်မှစကာ မိသားစုတာဝန်ဟူသည်ကို သူမ စာလုံး မှန်အောင်ပေါင်းတတ်ဖို့ ပခုံးခိုင်အောင် ကြိုးစားခဲ့ရသည်။ သည်နေရာမှာ ကိုယ့်ဝမ်းနာကိုယ်သာသိ ဆိုသော ခေါက်ရိုးကျ စကားအဟောင်းကြီးကိုပဲ ဆွဲထုတ်လာပြရတော့မည်ပင်။ မိသားစုဝမ်းရေးသည် သူမ၏ အချစ်ရေးရှေ့မှာ ရှိခဲ့ရုံမျှမက မားမားရပ်ကာ တံတိုင်းသဖွယ်ခြားနားခဲ့ရာ သူမအလိုအပ်ဆုံး ချစ်သူ၏နားလည်မှူအစား ခါးခါးသည်းသည်း အမြင်များ၊ စကားများနှင့် ခပ်ပြင်းပြင်း ရိုက်ခတ်ခြင်းများသာ ရရှိခဲ့လေတာ။ သူမတစ်ကိုယ်လုံး ဟန်မဆောင်နိုင်စွာ အပြိုပြို အလဲလဲနှင့်ရယ်။ တင်းထားသော စိတ်ခွန်အား၊ ပင့်တင်ထားသော မာန်တို့သည် မျှော်လင့်ထားသည်ထက် ပိုသော စိတ်ဖိအား၊ အလုပ်ခွင်စိမ်ခေါ်မှူတို့နှင့် အားစမ်းပါများသော် လဲပြိုလုလု အနေအထားသို့ မကြာခဏ ရောက်သွားတတ်ပြီး ကြာလာသည့်တိုင် အသားမကျသည့်ပြင် တစ်ခါတစ်ရံ အရှုံးပင် ပေးချင်ချင် ဖြစ်ရသည်။
“မောင်စည်သူ့မိန်းမ သမီးလေး မွေးတယ်၊ မောင်စည်သူဆိုတာ သားဦးအရူးဆိုတာလို တုန်နေတာပဲ” ဖုန်းထဲမှ တစ်ဆင့်ဖြစ်၍သာ အမေ့စကား၌ စီးဆင်းသွားခဲ့သော မျက်ရည်မြစ်နှစ်စင်းကို အမေ မသိ မမြင်နိုင်။ သူမ နှစ်ခါ မရှုံးချင်ပါ။ အချိန်တို့ ရွေ့လျားသည်နှင့်အမျှ သူမ၏ နေ့စဉ်လည်ပတ်မှူများ အပ်ကြောင်းထပ်ခြင်းမှာ သူမ၏မျက်ရည်တို့ သွေ့ခြောက်၏။ အိမ်လွမ်းနာကျလျှက် ရုန်းမထွက်နိုင်သေးသော အဖြစ်များ၌ သူမ၏ နှလုံးသားတို့ အေးစက်ကြကုန်၏။ သည့်အပြင် ဟန်ဆောင်ပြုံးရခြင်း၌ သူမ မွေ့လာခဲ့သည်။ လူအများနှင့် ပေါင်းသင်း ဆက်ဆံရခြင်းတည်းဟူသော ပညာအတတ် တစ်ဘက်ကမ်းခတ်လျှက် သူမကိုယ်တိုင် မသိနိုင်သော ငြိမ်းသုခင် နောက်တစ်ယောက်အား သူမကိုယ်တိုင် ဖန်ဆင်းခဲ့မိလေသည်။သွားရေးလာရေး ဆက်သွယ်ရေးတို့ အဆင်တပြေရှိမှူ၊ ကြေးမများတတ်သော သူမအတွက် စားရေး သောက်ရေး၌ အသင့်စားသုံးဖွယ်များ ရွေးချယ်နိုင်မှူ၊ ဗာကျူရယ်ကမ္ဘာမှာ မိတ်ဆွေများနှင့် ရင်းနှီးနွေးထွေး နိုင်မှူ၊ မိန်းကလေးတစ်ယောက်အတွက် အတန်အသင့် လုံခြုံမှူ၊ ခေတ်မီဆန်းပြားသော အဆင်သင့်ယန္တရား များ၏ အကူအညီတွေထဲမှာ သူမ နေပျော်လာတော့သည်။ အနည်းဆုံးတော့ နေပျော်လာသည် ထင်မိ သည်။ ကိုစည်ပြောခဲ့သလို သူမ တကယ်ပဲ ခြင်္သေ့ကျွန်းသူအစစ် ဖြစ်လေပြီ။

(၂)

“ငါ ပြောပြမယ် ငါတို့အားလုံးက နိုင်ငံခြားသားတွေ၊ တစ်နေ့ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ကြရမှာပဲ၊ ဒါပေမဲ့ မေးစရာ ရှိတယ် ဘယ်နေ့လဲ၊ ဘယ်တော့ပြန်မှာလဲ၊ ဒေါ်လာ တစ်သိန်းစုမိရင်ပြန်မှာလား၊နှစ်သိန်းစုမိရင် လား၊ တစ်သိန်းရတော့ နှစ်သိန်း၊ ဟော…နှစ်သိန်းစုမိပြန်ရင် သုံးသိန်းဆိုတော့ကာ ဘယ်တော့ အဆုံး သတ်မှာလဲ၊ ဘယ်တော့ တကယ်ပြန်မှာလဲ နင် စဉ်းစား၊ ဆုံးဖြတ်ပြီး အဆုံးသတ်ပေးရမှာက ကိုယ်တိုင်ပဲ၊ ငါကတော့ နောက် နှစ်နှစ်လောက်ဆို ပြန်တော့မယ်။ ပုံမှန် ရိုးရှင်းအေးချမ်းပြီး နေထိုင်စားသောက်နေနိုင်ရင် တော်ပြီ။ ဒီမှာ အကုန် ရနိုင်ပါတယ် ဒါပေမဲ့ မိသားစုရဲ့ နွေးထွေးမှူမျိုး ငါ မရနိုင်ဘူး။ ဘ၀ကြီးက တိုတိုလေး ပါဟာ၊ မသေခင် ချစ်သူတွေအနားမှာနေဖို့ အချိန်တစ်ချိန် ပေးသင့်တယ်” တစ်နေ့ ရုံးစားသောက်ဆိုင်မှာ နေ့လည်စာစားကြစဉ်က အိန္ဒိယမှ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေတစ်ယောက်ပြောခဲ့သော စကား၊ သူမကိုယ်တိုင် အကြိမ်ကြိမ်တွေးမိလျှက် တွေးမိလိုက်တိုင်းလည်း ထွက်ပေါက်မဲ့စွာ အဖြေရေရေရာရာ မရှိသေးသောစကား ဖြစ်လေသည်။
သူမ ဘယ်တော့ ပြန်မှာလဲဆိုတာထက် ဘယ်တော့ တစ်ကယ်ပြန်ဖြစ်မှာလဲဟုသာ မေးသင့်တော့သော မေးခွန်းပင်။ အသက်နှစ်ဆယ်ကျော် ငယ်နုစဉ်ကတည်းကခြင်္သေ့ကျွန်းဟု သညာပြုကြသော ဤကျွန်းမြို့ သေးသေးလေးသို့ သူမ လာရောက်ခဲ့သည်မှာ ခုဆိုလျှင် ဆယ်စုနှစ် တစ်စုစာမက ကုန်လွန်၍သွားခဲ့ပြီ။ သူမ၏ ပျိုရွယ်ခြင်းနှင့် အကောင်းဆုံးသောအလုပ်အကျွေးတို့ကို သည်ကျွန်းလေးပေါ်မှာမြှုတ်နှံကုန်ဆုံး စေခဲ့ပြီးပြီ။ ထိုရက်များအတွင်း ဖတ်ခဲ့ဖူးသော စာအုပ်လေးတစ်အုပ်အား ပြင်းပြင်းထန်ထန် အမှတ်ရမိနေလျှက်က ဘယ်တော့လဲ… ဆိုသည့်မေးခွန်းအားနှုတ်မှ အကြိမ်ကြိမ်ရေရွတ်နေမိပြန်လေသည်။စာအုပ်ကလေးထဲက အိမ်ကြီးတစ်အိမ်မှာ အိမ်ဖော်ကောင်မလေးဟာ အိမ်ကြီးရှင်မရဲ့ လောကစည်းစိမ်ကို အင်မတန် အားကျနေမိသည် တဲ့။ အိမ်ရှင်မ အလစ်မှာ မွှေးပွကော်ဇောကြီးနဲ့ ခြေဖ၀ါးရဲ့ အိအိစက်စက် အထိအတွေ့ကို ခဏခဏ နင်းစမ်းကြည့်နေမိသလို၊ အိမ်ရှင်မ စားတတ်တဲ့ ရေခဲသေတ္တာထဲက အေးစိမ့် နေတဲ့ စထရော်ဘယ်ရီသီး နီနီရဲရဲကြီးတွေကို နွားနို့နဲ့ ဖျော်သောက်တာကိုလည်း သဘောကျ၊ အိမ်ကြီး၏ အရောင်အ၀ါ ခမ်းနားမှူတွေကိုလည်း တိုးတိတ်နှစ်သက်နေမိတော့သည်။
တစ်နေ့မှာ အိမ်ရှင်အမျိုးသား၏ အနိုင်ကျင့်စော်ကားခြင်းခံရပြီး ကိုယ်ဝန်ရလာသော ထိုအိမ်ဖော် ကောင်မလေးကို အိမ်ကြီးပေါ်ကနေ ကလေးမွေးစားရိတ်ပေးပြီး နှင်ထုတ်ခံလိုက်ရသည်။ သည်လိုနဲ့ မွေးလာတဲ့ သားကလေးနဲ့ အတူ ဘ၀ကိုရုန်းကန်ရင်း နှစ်တွေ အတော်ကြာလာခဲ့ရာက တစ်နေ့မှာ အိမ်ကြီးရှင်မ ဆုံးပါးသွားတဲ့ အိမ်ရှင်အမျိုးသားဟာ သတင်းစုံစမ်းရင်း သူတို့သားအမိရှိရာ ဆိုက်ဆိုက် မြိုက်မြိုက်အရောက်သွားပြီး အိမ်ကြီးရှိရာကို ပြန်လည်ခေါ်ဆောင်သွားခဲ့သော ဇာတ်လမ်းပင်။ ပေးချင်သော ဇာတ်အနှစ်က အခုမှ ရောက်သည်။ နှစ်ပေါင်းအတော်ကြာဝေးခဲ့ပြီးမှ ယခု သူကိုယ်တိုင် အိမ်ရှင်မအဖြစ်နှင့် အိမ်ကြီးဆီ ပြန်သွားရတော့မည်။ အနှစ်နှစ်အလလက မက်ခဲ့သော မျှော်လင့်ချက် အိပ်မက်တို့ လက်တွေ့ဖြစ်ခဲ့ပြီ။ တစ်ကယ်တမ်း အိမ်ကြီးဆီ ပြန်ရောက်လာသောအခါတွင် အိမ်ဖော်မကလေးဖြစ်စဉ်က သူ ခံစားထိတွေ့ ခဲ့ရသော ကော်ဇော၏အတွေ့သည် ယခု သူ့ခြေဖ၀ါးအောက်မှာ ခြားနား၍ သွားခဲ့ပြီ။ မွဲသော မျက်စေ့အောက်၌ အိမ်ကြီး၏ အရောင်အ၀ါသည်လည်း ခပ်မွဲမွဲသွေ့ခြောက်လျှက် သောက်ချင်လွန်းလှသည်ဆို၍ သားကိုယ်တိုင်ဖျော်တိုက်သော နို့စထရော်ဘယ်ရီသည်ပင် လျှာဖျား၌ အရသာကင်းမဲ့နေတော့သည်။ ကာယ ကိုယ်၌ အထိအတွေ့သည်လည်းကောင်း၊ ဇိဝှာ လျှာဖျားအရသာ၌ လည်းကောင်း၊ ဃာန အနံ့အသက်တို့ အပေါ်၌သော်လည်းကောင်း၊ စက္ခုသောတ အမြင် အကြားတို့၌သော်လည်းကောင်း လောကီအမှတ်သညာတို့ လျော့ပါး၍ သွားခဲ့ပြီ။ အချိန်သည် အာရုံငါးပါး၏ ထိတွေ့ခံစားနိုင်စွမ်းတို့အား ယူငင်၍ သွားခဲ့လေပြီတည်း။

(၃)

ရှာလိုက်ကြ ဖွေလိုက်ကြ၊ကောင်းကောင်းနေ၊ကောင်းကောင်းစား ဒါသည်ပဲ လောကစည်းစိမ်ဟူသည်ကို သူမကိုယ်တိုင် သံသယဖြစ်ချင်သည်။ အစိုးမရသော ရှင်သန်နေထိုင်ချိန်သည် မည်သည့်အရာကိုမှ အာမခံချက် မပေး။ တစ်နေ့တစ်နေ့ အလုပ်လုပ်ချိန်နှင့် အိပ်ချိန်တို့ကို ဖယ်လိုက်လျှင် ချစ်ခင်သူများနှင့် အတူ၊ မိသားစုနှင့်အတူနေချိန်သည် ဘယ်နှစ်နာရီများ ရှိနေနိုင်ပါမည်လဲ။ လူတို့၏သက်တမ်းကိုပြန်လည်နောက်ရွေ့ မရနိုင်သည့် အချိန်ဆိုသော သက်မဲ့ယူနစ်နှင့် တိုင်းတာသည်။ အချိန်တွေကို သူမ မပိုင်သော်လည်း အချိန်၏တန်ဘိုးကိုတော့ဖြင့် သူမကိုယ်တိုင် ပြဌာန်းနိုင်ခွင့် ရှိရဦးမည်။ ဘယ် တော့ များ လဲ ကွယ်……
ချစ်ကြည်အေး

0 comments: